← Chapters

တစ်ဖန်ကျင့်ကြံခြင်း

Vol. 016 Ch. 1514

တစ်ဖန်ကျင့်ကြံခြင်း

Vol. 016 Ch. 1514

ထိုက်ရွှမ်တောင်ပေါ်တွင် မိစ္ဆာအိုကြီးလော့ ရှုံးနိမ့်သွားပြီး မည်သည့် ပြဿနာမှ မရှိတော့ခြင်းက လူတိုင်းကို စိတ်သက်သာရာ ရစေ၏။

အရှင်ထိုက်ရွှမ်က လူအုပ်ကြီးကို ကြည့်ကာ ပြောသည်။ “ဒီနေ့ ထိုက်ရွှမ်တောင်ကို အထက်ကောင်းကင်ဘုံက လူတွေအများကြီး ရောက်လာတာ ဂုဏ်ယူစရာပါပဲ။ ဒါပေမယ့် ကျုပ်က ခဏတော့ ပြန်ပြီး ကျင့်ကြံဖို့ လိုသေးတယ်။ အဲဒါကြောင့် ခင်ဗျားတို့ကို ဧည့်ခံပေးဖို့ အချိန်မရှိသေးဘူး။ အဲဒါကြောင့် ကျုပ်အစား ကျုပ် တပည့်တွေကပဲ ဧည့်သည်တွေကို ဧည့်ခံပါလိမ့်မယ်”

အရှင်ထိုက်ရွှမ်၏ စကားများကို ကြားပြီးနောက် လူတိုင်းက အနည်းငယ် သဘောပေါက်သွားကြသည်။ ကြည့်ရသည်မှာ အရှင်ထိုက်ရွှမ်က အဆင့်တက်ခြင်းကို အပြီးသတ်ရသေးပုံမပေါ်ပေ။ မတတ်သာ၍သာ ကိုယ်တိုင်ထွက်လာကာ မိစ္ဆာအိုကြီးလော့အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပုံရ၏။

ယခု မိစ္ဆာအိုကြီးလော့သည် ရှီလင်နတ်မြို့တော်မှ တန်ခိုးရှင်များကိုခေါ်ကာ ပြန်သွားပြီဖြစ်ရာ အရှင်ထိုက်ရွှမ်က သူ၏ ကျင့်ကြံမှုကို အခြေခိုင်ရန် လုပ်ရပေမည်။

လူတိုင်းက ခေါင်းညိတ်၍ သဘောတူကြ၏။ သူတို့က ဤနေရာသို့ အရှင်ထိုက်ရွှမ် အဆင့်တက်သည်ကို မြင်တွေ့ရန် လာရောက်ကြခြင်း ဖြစ်သည်။ အရှင်ထိုက်ရွှမ် သူတို့အား ကိုယ်တိုင်ဧည့်ခံခြင်းက ထိုမျှလောက် အရေးမပါ။

“အရှင် ပြန်ကျင့်ကြံရမှာ အရေးကြီးကိစ္စပဲ။ ခုနက ဖြစ်ခဲ့တဲ့ ကိစ္စတွေက တုန်လှုပ်စရာဖြစ်ပေမယ့် ကံကောင်းစွာနဲ့ အရှင့်ရဲ့ ဓားစွမ်းရည်က မိစ္ဆာအိုကြီးလော့ကို ရှုံးနိမ့်စေခဲ့တယ်။ ဒါပေမယ့် ဒီကိစ္စမှာ ထိုက်ရွှမ်တောင်က ခုခံမှုအားနည်းနေတယ်ဆိုတာကို ဖော်ပြခဲ့တယ်။ အရှင်က တပည့်လက်မခံတာ နှစ်တွေ အတော်ကြာနေခဲ့ပြီ။ ရိုးရိုးသားသား ပြောရရင် ဒီနေ့မှာရှိနေတဲ့ ထိုက်ရွှမ်တောင်ရဲ့ တပည့်တော်တော်များများက ကျင့်ကြံခြင်းကို သေချာအာရုံစိုက်ကြပုံမရဘူး”

ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုစကားလုံးများကို ကြားသည့်အခါ ထိုက်ရွှမ်တောင်မှ တပည့်များက အကြီးအကျယ် ရှက်ရွံ့မှုကို ခံစားကြရ၏။ သို့သော်လည်း သူတို့သည် ထိုစကားက အမှန်ဖြစ်သည်ကို သိရှိကြပေသည်။ ထိုက်ရွှမ်တောင်၏ တပည့်များသည် ကျင့်ကြံခြင်း တိုးတက်မှု ဆုတ်ယုတ်မှုတို့အား လျစ်လျူရှုထားခဲ့ကြပေသည်။

ဝေဖန်လိုက်သူကား ရွှေရောင်နတ်ပြည်ထောင်မှ စစ်သူကြီးဖြစ်ကာ အဆင့်အတန်းမြင့်၍ အစွမ်းထက်သောသူလည်း ဖြစ်သည်။

လူတိုင်းက သူ၏သဘောကို စူးစမ်းလိုစွာဖြင့် လှမ်းကြည့်လိုက်ကြ၏။

အရှင်ထိုက်ရွှမ်က သူ့ကို ကြည့်လိုက်ပြီး ဆက်လာမည့်စကားများကို စောင့်ဆိုင်းနေဟန်ရှိသည်။

“အရှင့်ရဲ့ ကျင့်ကြံမှုက အခု ပြိုင်ဘက်ကင်းလို့ ဆိုနိုင်တာမို့ ဂိုဏ်းဖြစ်ဖြစ် ကျောင်းဖြစ်ဖြစ် တည်ထောင်သင့်တယ်။” စစ်သူကြီးက ဆက်ပြောလိုက်သည်။ လူတိုင်းက သူ ဆက်ပြောလာမည်ကို အာရုံစိုက်နေကြ၏။ ရွှေရောင်နတ်ပြည်ထောင်မှ စစ်သူကြီးသည် အမှန်တကယ်ပင် အရှင်ထိုက်ရွှမ်အား ဂိုဏ်းနှင့် ကျောင်းတော် တည်ထောင်ရန် ဖျောင်းဖျနေခဲ့သည်။

အရှင်ထိုက်ရွှမ်၏ ခွန်အားဖြင့် သူသည်သာ အချိန်တချို့ ပြန်ကျင့်ကြံနေခဲ့လျှင် သူ၏ ကျင့်ကြံခြင်းက ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိသွားနိုင်ပေသည်။ ဂိုဏ်းနှင့် ကျောင်းတော်သာ တည်ထောင်လိုက်ပါက ထိုအချိန်တွင် အထက်ကောင်းကင်ဘုံ၌ အစွမ်းထက် အင်အားစုအသစ် မွေးဖွားလာလိမ့်မည် ဖြစ်သည်။ ပုံမှန်အားဖြင့် ထိုအခြေအနေမှာ ရွှေရောင်နတ်ပြည်ထောင်အတွက် အကျိုးရှိလိမ့်မည်တော့ မဟုတ်ပေ။ မဟုတ်လျှင် မိစ္ဆာအိုကြီးလော့က ထိုမျှအထိ ကြီးကြီးမားမား ပေးဆပ်ကာ အရှင်ထိုက်ရွှမ် အဆင့်တက်နေသည်ကို လာရောက်နှောက်ယှက်လိမ့်မည် မဟုတ်ပေ။

သူတို့ကြားထဲ၌ ကိုယ်ရေးကိုယ်တာ ရန်ငြိုးများ ရှိနေသည်လည်း ပါဝင်သည်။

သို့သော် ရွှေရောင်နတ်ပြည်ထောင်သည် အရှင်ထိုက်ရွှမ်ကို ကိုယ်ပိုင်ကျောင်း တည်ထောင်ပြီး ဂိုဏ်းဖွဲ့စည်းဖို့ရာ တိုက်တွန်းရန် အကြောင်းပြချက်မရှိပေ။

“ကျုပ်တို့ ပြည်ထောင်ရဲ့ မင်းသားတစ်ဆယ်က အရှင်မင်းကြီးရဲ့ အမွေကို ဆက်ခံထားပေမယ့် သူ့အတွက် ထိုက်တန်တဲ့ဆရာ ရှာမတွေ့သေးဘူး။ အရင်က သူ့ကို ရှန့်ရှောင်းနန်းတော်မှာ ကျင့်ကြံဖို့ ခဏတဖြုတ် ပို့ထားမလို့ အစီအစဉ် ရှိပေမယ့် အရှင်က အဆင့်တက်သွားခဲ့တယ်လေ။ တကယ်လို့များ အရှင်သာ ဆန္ဒရှိရင် သူ့ကို တပည့်အဖြစ် လက်ခံပြီး အရှင့်လက်အောက်မှာ ကျင့်ကြံဖို့ ခွင့်ပြုပေးနိုင်မလား” စစ်သူကြီးက ဆက်ပြောလိုက်သည်။

ရုတ်တရက် လူတိုင်းက သူ၏ အစီအစဉ်ကို နားလည်သွားကြ၏။ ယခု အရှင်ထိုက်ရွှမ်က နောက်တစ်ဆင့်သို့ ဝင်ရောက်သွားပြီဖြစ်ရာ ပြည်ထောင်မှ မင်းသားက သူ၏ တပည့် ဖြစ်လာနိုင်လျှင် နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် အခြေအနေ ဖြစ်ပေသည်။

ရွှေရောင်နတ်ပြည်ထောင်၏ စွမ်းအားများကို အရှင်ဒွန်ဟောင်မှ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ နောက်ခံသည် ထူးကဲသာလွန်ပြီး သူတို့ အင်အားစုတစ်ခုတည်းကပင် အထက်ကောင်းကင်ဘုံ၏ အထွတ်အထိပ်၌ ရပ်တည်နိုင်ပေသည်။ အရှင်ထိုက်ရွှမ်သည် အတိတ်နှင့် ပစ္စုပ္ပန်ကာလမှ အကြောင်းအရာများစွာကို သိရှိနားလည်ထားပေသည်။  သူက ရွှေရောင်နတ်ပြည်ထောင်နှင့်သာ မဟာမိတ်ဖြစ်ခဲ့ပါက ထိုက်ရွှမ်တောင်အတွက် အကျိုးအမြတ်များစွာ ရှိပေလိမ့်မည်။

အရှင်ထိုက်ရွှမ်က ဂိုဏ်းနှင့် ကျောင်းတော် တည်ထောင်ရန် ဆန္ဒရှိပါက ရွှေရောင်နတ်ပြည်ထောင်က ထောက်ပံ့ပေးလိမ့်မည် ဖြစ်သည်။

ထို့ပြင် မင်းသားတစ်ဆယ်ကို သူ၏ တပည့်အဖြစ် လက်ခံရခြင်းမှာလည်း ကြီးစွာသော ဂုဏ်သရေ ဖြစ်လာစေပေလိမ့်မည်။

ကိုက်ရှီကား အတော်ကျော်ကြားသူဖြစ်၏။ သူ၏ အရည်အချင်းကလည်း ထူးချွန်ချေသည်။ ကောလာဟလတို့ အရ ရွှေရောင်နတ်ပြည်ထောင်၏ ဆယ်ယောက်မြောက် မျိုးဆက်ဖြစ်ကာ သူ၏ ပြည်ထောင်က ဆယ်ဆက်ထက်မကပိုမို အားကောင်းလာစေရန် ရည်ရွယ်ပြီး သူ့အမည်ကို ပေးထားခဲ့ခြင်းဟူ၍ပင် ဖြစ်၏။ နာမည်ကိုယ်တိုင်က မောက်မာဝင့်ကြွား၏။ နာမည်အတိုင်း သူကား ထက်မြက်ကာ ဘိုးဘေးတို့အား စိတ်ပျက်စေခြင်းမရှိခဲ့။ သူ့ထက် ကျင့်ကြံဆင့်ပိုမြင့်သည့် အစ်ကိုများကြောင့်သာ မဟုတ်လျှင် သူသည် ရွှေရောင်နတ်ပြည်ထောင်၏ အိမ်ရှေ့စံအဖြစ် အပ်နှင်းခံရနိုင်၏။

အရှင်ထိုက်ရွှမ်သည် နှစ်ပေါင်းများစွာ တပည့်လက်ခံခဲ့ခြင်း မရှိပေ။ သူသာ မင်းသားကိုက်ရှီကို တပည့်အဖြစ်လက်ခံလိုက်ပါက ဝမ်းသာဖွယ်ကိစ္စဖြစ်ပေလိမ့်မည်။ အရှင်ထိုက်ရွှမ်၏ဆုံးဖြတ်ချက် မည်သို့ဖြစ်မည်နည်း။

အရှင်ထိုက်ရွှမ်၏ တပည့်လေးယောက်က သူတို့၏ ဆရာကို ကြည့်လိုက်ကြသည်။ နှစ်ပေါင်းများစွာကပင် ထိုက်ရွှမ်အကြီးအကဲသည် သူ၏ ဆရာအား တပည့်သစ်လက်ခံရန် အကြိမ်ပေါင်းများစွာ အကြံပေးခဲ့သော်လည်း မည်သည့်အခါကမှ အထမမြောက်ခဲ့။

သို့သော် ထိုက်ရွှမ်တောင်မှ တန်ခိုးရှင်များအားလုံးသည် လှုပ်လှုပ်ရှားရှားဖြစ်နေကြ၏။ သူတို့သည် ကျင့်ကြံခြင်းအားနည်းခြင်းအပေါ် ဝေဖန်ခံရခြင်းအတွက် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေသည်ဆိုသော်လည်း ပဉ္စမမြောက်တပည့် ကိစ္စသည်တော့ ထိုက်ရွှမ်တောင်မှ တပည့်များအားလုံးအတွက် မဟာအခွင့်အရေးဖြစ်၏။ ယခု ပြင်ပလူတစ်ဦးကသာ ထိုနေရာကို သိမ်းပိုက်သွားပါက သူတို့အတွက် မဟာအရှက်ရဖွယ်ရကိစ္စဖြစ်သွားပေလိမ့်မည်။

သို့သော် သူတို့ အသိအမှတ်ပြုရမည်မှာ ကိုက်ရှီ၏ အရှိန်အဝါက သူတို့ အားလုံးထက်ပို၍ ကြီးမားချေသည်။ အရှင်ထိုက်ရွှမ် အဆင့်တက်သွားပြီးနောက် ပဉ္စမမြောက်တပည့် နေရာအတွက် ဆက်ခံရန် သူကား အမှန်တကယ် သင့်တော်၏။

အရှင်ထိုက်ရွှမ်က ရွှေရောင်နတ်ပြည်ထောင်မှ စစ်သူကြီးဘေး၌ ရပ်နေသော ကိုက်ရှီကို လှမ်းကြည့်လိုက်သည်။ သူက လူငယ်လေး၏ အနိုင်မခံ အရှုံးမပေးသည့် ထူးကဲသော စိတ်ဓာတ်ကို မြင်တွေ့ခဲ့၏။ သူ၏ ကိုယ်ပေါ်မှ ရွှေရောင်ဝတ်စုံသည် လေမတိုက်ပါဘဲနှင့် လွင့်နေခဲ့သည်။ သူ၏ မျက်လုံးများက ရွှေရောင်သမ်းနေကာ စူးရှသည့် အငွေ့အသက်တို့ လွှမ်း၏။ မည်သူမဆို သူ၏ ခန္ဓာကိုယ်အတွင်းမှ ထူးခြားဆန်းကြယ်သော အသက်ဓာတ်ကို ခံစားမိနိုင်ပေသည်။ တစ်ချက်မျှ ကြည့်ရုံနှင့်ပင် ကိုက်ရှီတွင် ထူးချွန်သည့် အရည်အချင်းရှိကြောင်း ပေါ်လွင်နေပေသည်။

ငယ်ရွယ်ခြင်းနှင့် ရဲရင့်ခြင်းကား နာမည်နှင့်လိုက်ဖက်ပေသည်။

“ကျုပ် တစ်ခါက မင်းတို့အားလုံးသိအောင် ပြောခဲ့ဖူးတယ်။ ကျုပ် နောက်ထပ်တပည့် ထပ်လက်ခံတော့မှာ မဟုတ်ဘူး။ အခုလည်း ကျုပ်ရဲ့ ကတိကို ဖောက်ဖျက်မှာမဟုတ်ဘူး။ မင်းသားက ထူးချွန်ပြီး ပြိုင်ဘက်ကင်းတယ်။ သူက သင့်တော်တဲ့ ဆရာရှာတွေ့ဖို့ ခက်ခဲမှာ မဟုတ်ပါဘူး” အရှင်ထိုက်ရွှမ်၏ တုံ့ပြန်မှုက ထိုက်ရွှမ်တောင်ပေါ်မှ လူများကို နှမြောတသ ဖြစ်သွားစေသည်။

အရှင်ထိုက်ရွှမ်က ကိုက်ရှီကဲ့သို့ ထူးချွန်သည့်သူကိုပင် ငြင်းဆန်ခဲ့လေရာ သူက နောက်ထပ်တပည့် မည်သည့်အခါမှ လက်မခံတော့ရန် ဆုံးဖြတ်ထားသည်မှာ ဖြစ်နိုင်ပေသည်။

“အရှင် အဲဒီတုန်းက သစ္စာဆိုခဲ့တယ်ဆိုတာ ကျုပ်လည်း ကြားမိပါတယ်။ ဒါပေမယ့် အခု ထိုက်ရွှမ်တောင်ရဲ့ အရည်အသွေးက ကျဆင်းနေပြီး ရှီလင်နတ်မြို့တော်က တပည့်တွေကို လုပ်ချင်တိုင်း လုပ်ခွင့်ပေးရတော့မလို ဖြစ်နေတယ်။ အဲဒါကြောင့် အရှင် အတိတ်က ကတိကို ဆက်ပြီး မစောင့်ထိန်းသင့်တော့ပါဘူး”

စစ်သူကြီးက ဆက်၍ တိုက်တွန်း၏။

“ထိုက်ရွှမ်တောင်ရဲ့ တပည့်တွေက စီနီယာ ပြောသလို အသုံးမကျတဲ့ သူတွေချည်း ရှိနေတာ မဟုတ်ပါဘူး” အသံတစ်ခု ထွက်လာသည်။ ပြောလိုက်သူကား ထိုက်ရွှမ်အကြီးအကဲ၏ တပည့် ကျွင်းမူ ဖြစ်သည်။ ယခင်က သူ၏ ဆရာသည် သူ့အား အရှင်ထိုက်ရွှမ် လက်အောက်၌ ကျင့်ကြံရန် ပို့ပေးလိုခဲ့သော်လည်း အရှင်ထိုက်ရွှမ်က သဘောမတူခဲ့ပေ။

ယခု ရွှေရောင်နတ်ပြည်ထောင်မှ လူများက ယဉ်ကျေးမှုမရှိစွာ အကြိမ်ကြိမ်စော်ကားနေသောကြောင့် သူသည် ဆက်လက်သည်းခံနိုင်ဟန်မတူတော့။

စစ်သူကြီးက လှမ်းကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ဘေးရှိ ကိုက်ရှီသည်လည်း ကျွင်းမူကို ကြည့်လိုက်၏။ ထိုမျက်လုံးများမှ ထုတ်လွှတ်နေသော ရွှေရောင်နတ်အလင်းများက အရာအားလုံးကို ထိုးဖောက်နိုင်စွမ်း ရှိပေသည်။

ရုတ်တရက် ကျွင်းမူသည် သူ၏ မျက်လုံးများထဲမှ စူးရှနာကျင်မှုကို ခံစားလိုက်ရသည်။ သူ ကြည့်လိုက်သမျှ နေရာတိုင်းတွင် ပြင်းထန်သည့် ရွှေရောင်အလင်းတို့ရှိနေကာ ၎င်းက သူ့မျက်လုံးများကို အလွန် မသက်မသာ ခံစားရစေ၏။

“မိစ္ဆာအိုကြီးလော့ရဲ့ သား လောယို့မင်တောင်မှ ကျုပ်ရဲ့ လှံစွမ်းရည်ကို မခံနိုင်ခဲ့ဘူး။” ကိုက်ရှီက ပေါ့ပါးစွာ ပြောလိုက်သော်လည်း သူ၏ မျက်လုံးများထဲတွင် အထင်သေးမှုတို့နှင့် ပြည့်နှက်နေခဲ့သည်။ ယခင် လောယို့မင်နှင့် ကျွင်းမူတို့၏ တိုက်ပွဲတွင် ကျွင်းမူအရေးနိမ့်ခဲ့ရာ သူ့စကား၏ဆိုလိုရင်းကို အားလုံး နားလည်နိုင်ပေသည်။

လောယို့မင်၏ ဂုဏ်သတင်းက ကိုက်ရှီနှင့်စာလျှင် အနည်းငယ် မှေးမှိန်ပေသည်။

“ထိုက်ရွှမ်တောင်က တန်ခိုးရှင်တိုင်းက အရည်အချင်းမရှိတာမဟုတ်ဘူး။ လူတိုင်းကိုတောင် ဒဏ်ရာရသွားစေတဲ့ ဓားတစ်လက်ရှိနေတာ မင်းမမြင်ဘူးလား” အရှင်ထိုက်ရွှမ်က အပြုံးနှင့် ပြောလိုက်သည်။ လူတိုင်းက အံ့အားသင့်သွားကြ၏။ ကြည့်ရသည်မှာ ထိုလျှို့ဝှက်ဓားသည် ထိုက်ရွှမ်တောင်ပေါ်မှ ရှန့်ထိုအဆင့် ဓားသမားတစ်ဦး ဖြစ်မည်ထင်သည်။

ထိုလူ မည်သူဖြစ်မည်နည်း။ သူကား အဘယ့်ကြောင့် ထိုမျှ ထူးချွန်ရသနည်း။

ဓားကမ်းပါးမှ တပည့်များက သူတို့၏ ခွန်အားကို ဖုံးကွယ်ထားခြင်း ဖြစ်နိုင်သလား။

လော့ယွဲ့၏သိလိုစိတ်က အပြင်းပြဆုံး ဖြစ်ပေလိမ့်မည်။ ထိုစဉ်က တခြားတစ်ယောက်သည် သူမ၏ဓားကို ငှားကာ သူမကိုယ်တိုင် တိုက်ခိုက်သယောင်ဖြင့် ကူညီခဲ့၏။ ဓားကမ်းပါးတွင် ထိုမျှ အစွမ်းထက်သည့် သူ မည်သည့်အချိန်က ပေါ်ထွက်ခဲ့သနည်း။

“အဲဒီလူငယ်လေးကတော့ အတော်တော်ပါတယ်။ အဲဒါဘယ်သူများလဲ” နတ်ဂီတနန်းတော်သခင်က မေးလိုက်သည်။ လမ်းစဉ်စာလုံး၏ စွမ်းအားနှင့် သဟဇာတဖြစ်ကာ စာလုံးသင်္ကေတအတွင်းမှ လမ်းစဉ်စွမ်းအားများကို ဓားနှင့်ပေါင်းစပ်၍ တစ်ဒင်္ဂနတ်ဓား၏ ဒုတိယအဆင့်ကို ဖော်ထုတ်ခဲ့သည်မှာ ချီးကျူးဖွယ်ရာပင် ဖြစ်သည်။ လမ်းစဉ်အပေါ် သူ၏ ထိုးထွင်းသိမြင်မှုက အလွန် အားကောင်းပြီး သူ၏ အရည်အချင်းကလည်း ထူးချွန်လွန်းပေသည်။

“သူက သူ့ကိုယ်သူ လူသိမခံချင်ဘူး။ အဲဒါကြောင့် နန်းတော်သခင်လည်း ဒီထက်ပိုပြီး တိုက်တွန်းမနေပါနဲ့တော့” အရှင်ထိုက်ရွှမ်က ပြုံးလိုက်သည်။ ဖြစ်နိုင်သည်က အရှင်ထိုက်ရွှမ်သာလျှင် မည်သူက လမ်းစဉ်စာလုံးကို စွဲမှတ်၍ တသားတည်း ဖြစ်စေကာ လမ်းစဉ်စွမ်းအားများထဲ သူ၏ စွမ်းအားများကို ထည့်သွင်းအသုံးပြုခဲ့သည်ကို သိရှိပေလိမ့်မည်။

အခြားသူများက လမ်းစဉ်စာလုံးနှင့် မဆက်သွယ်နိုင်သည့်အတွက် သူတို့က ထိုလူအား မထောက်လှမ်းနိုင်ကြပေ။

ကိုက်ရှီ၏ မျက်လုံးများထဲတွင် ထူးဆန်းသည့် အမူအရာတို့ဖြစ်လာ၏။ ကြည့်ရသည်မှာ အရှင်ထိုက်ရွှမ်က သူ့ကိုယ်သူ မဖော်ပြသော လျှို့ဝှက်ဆန်းကြယ်သည့် တပည့်အပေါ်တွင် အလွန် တန်ဖိုးထားပုံရသည်။ သူ့ကို တပည့်အဖြစ် လက်ခံရန် အရှင်ထိုက်ရွှမ် ငြင်းဆန်ခဲ့သည်မှာ ထိုလူကြောင့် ဖြစ်မည်လား။

ရီဖူရှင်းသည် ထိုဖြစ်ရပ်များအားလုံးကို သိမြင်၏။ ကိုက်ရှီသည် နိုင်လိုမင်းထက်ပြုမူတတ်သော စရိုက်ရှိသူ ဖြစ်ပေလိမ့်မည်။ သူက ထူးချွန်သည့် အရည်အချင်းရှိပြီး ဝံ့ကြွားဖွယ် အမည်ရှိ ရွှေရောင်နတ်ပြည်ထောင်၏ မင်းသားတစ်ပါး ဖြစ်သည်။

ရီဖူရှင်းသည်လည်း အနည်းငယ် အံ့သြနေခဲ့သည်။ အရှင်ထိုက်ရွှမ်က သူ့အတွက် အမှန်တရားကို ဖုံးကွယ်ပြီး သူ့ကို မဖော်ထုတ်ခဲ့သည်အား အံ့အားသင့်နေမိသည်။ ယနေ့အဖြစ်အပျက်က အရှင်ထိုက်ရွှမ်၏ ပင်ကိုယ်စရိုက်ကို ထင်ဟပ်စေခဲ့သည်။ ဆိုရလျှင် သူ့ကို ဖော်ထုတ်လိုက်ခြင်းဖြင့် သူတို့အတွက် အကျိုးရှိနိုင်သော်လည်း အရှင်ထိုက်ရွှမ်က ရီဖူရှင်း၏သဘောဆန္ဒအား အလေးထားပေးခဲ့၏။

“ကောင်းပြီ။ ကျုပ်အခု ပြန်သွားပြီး ကျင့်ကြံသင့်ပြီ။ ထိုက်ရွှမ်တောင်ကို လာတဲ့ ဘယ်သူမဆို ကျုပ်နဲ့အတူ တရားလာထိုင်နိုင်ပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က ပြဿနာ ထပ်ရှာမယ်ဆိုရင် ကျုပ်ကို အဆိုးမဆိုပါနဲ့” အရှင်ထိုက်ရွှမ်၏ လေသံက ချက်ချင်းတင်းမာသွားသည်။ သူက ထိုက်ရွှမ်အကြီးအကဲကို ပြောလိုက်၏။ “ဧည့်သည်တွေကို ဂရုစိုက်လိုက်”

“ဟုတ်ကဲ့ပါ ဆရာ” ထိုက်ရွှမ်အကြီးအကဲက ခေါင်းညိတ်လိုက်ပြီး သူ့ဆရာထွက်သွားသည်ကို ကြည့်လိုက်၏။

အရှင်ထိုက်ရွှမ်က လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်တွင် ရုတ်တရက် ရှေးဟောင်းတောင်ထွတ်များက လေထဲတွင် ပေါ်ပေါက်လာကာ မြေပြင်မှ မြင့်တက်လာသည်။ သူက ထပ်၍ ဝှေ့ယမ်းလိုက်သည့်အခါ ထိုက်ရွှမ်နန်းတော် ပေါ်ပေါက်လာ၏။ သူက ခြေလှမ်းလိုက်ပြီး အထဲသို့ လျှောက်ဝင်သွားကာ ထိုင်လိုက်သည်။ သူသည် လမ်းစဉ်သင်္ကေတကို နားလည်သဘောပေါက်၍ ကျင့်ကြံနေသူ တစ်ယောက်ဖြစ်သည်။

ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီးက အရောင်ပြောင်းသွားပြီး လမ်းစဉ်စွမ်းအားများက အဆုံးမဲ့လေဟာနယ်အတွင်း လှုပ်ရှားလာကာ အဝေးသို့ စီးဆင်းသွားသည်။ လူအများက တည်ငြိမ်လေးနက်စွာ ကြည့်နေကြသည်။ အရှင်ထိုက်ရွှမ်က လောကကြီးအား လေ့လာဆန်းစစ်နိုင်ရန် ထိုစာလုံးသင်္ကေတအား အသုံးပြုနေခြင်း ဖြစ်သည်။

နတ်ဂီတနန်းတော်သခင်က ပြန်မသွားခဲ့သလို ရွှေရောင်နတ်ပြည်ထောင်မှာ တန်ခိုးရှင်များနှင့် အခြားသော အင်အားစုများမှ ကိုယ်စားပြုသူတို့လည်း ရှိနေကြသေး၏။ သူတို့အားလုံးက ရပ်ကာ စောင့်ကြည့်နေကြသည်။ အရှင်ထိုက်ရွှမ်၏ ကျင့်ကြံခြင်းကို လေ့လာဆန်းစစ်ခြင်းကပင်လျှင် သူတို့အတွက် အကျိုးကျေးဇူးများ ရရှိနိုင်ပေသည်။

ကြည့်ရသည်မှာ အရှင်ထိုက်ရွှမ်က အမှန်တကယ် အဆင့်တက်သွားခဲ့ခြင်း ဖြစ်ရပေမည်။

ထိုက်ရွှမ်တောင်ပေါ်မှ ရီဖူရှင်းသည်လည်း လူအုပ်ကြားထဲသို့ ဝင်ရောက်လာကာ အရှင်ထိုက်ရွှမ် ရှိရာသို့ ကြည့်လိုက်သည်။ သူက တေးသံသာစံအိမ်မှာ ရှိနေစဉ်ကထက် ပို၍ နီးကပ်လာသည့်အတွက် အရာအားလုံးကို ရှင်းလင်းစွာ မြင်လာရပေသည်။

လော့ယွဲ့က သူ၏ ဘေး၌ ရှိနေခဲ့သည်။ သူမက ဘေးသို့ ရောက်လာသည့် ရီဖူရှင်းအား တစ်ချက်လှမ်းကြည့်ကာ ပြောလိုက်သည်။ “ခုနက ဘာလို့ ရှင့်ကို မမြင်မိတာလဲ”

“ကျုပ် တေးသံသာစံအိမ်မှာ ကျင့်ကြံနေခဲ့လို့ပါ” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ လော့ယွဲ့၏ အသံက တစ်ခုခု စိတ်မကျေနပ်သည့် အသံမျိုး ဖြစ်နေခဲ့၏။

သို့သော် ရီဖူရှင်းက သံသယကင်းစင်ခြင်းအဆင့်၌သာ ရှိသေးသည်ကို တွေးမိသည့်အခါ လော့ယွဲ့သည် သူက တိုက်ပွဲတွင် ပါဝင်ရန် ပျက်ကွက်ခဲ့သည့်အတွက် သူနှင့် ဖက်ကာ ဒေါသထွက်နေရန် မလိုကြောင်း စဉ်းစားလိုက်သည်။ ထို့အစား သူမက ပြောလိုက်၏။ “ဒီစာလုံးမှာ မဟာလမ်းစဉ်ရဲ့ စစ်မှန်တဲ့ စွမ်းအားတွေ ပါဝင်နေတယ်။ ရှင် အဲဒါကို ရှုမှတ်ဖို့ ကြိုးစားနေတယ်ဆိုရင် သတိတော့ထားရမယ်”

“အင်း..” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

***

All Chapters