အဆင့်ချိုးဖြတ်ခြင်း! အခြေတည်ဝိညာဉ် အလယ်ပိုင်းအဆင့်သို့!
Vol. 10 Ch. 146
“ဟုတ်ကဲ့။” စုချီမန်နဲ့ ရှန်ကွမ်းဝမ်ကောတို့ တစ်ပြိုင်နက် ခေါင်းညိတ်ပြီး အတူတူ ထွက်သွားကြတယ်။ သူတို့ ချီမင်ရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားပြီးခြံဝင်းထဲကို ရောက်သွားကြတယ်။
“နတ်ဆိုးအိုကြီး!” စုချီမန်က အော်လိုက်တယ်။
“ငါးရှဉ့်အိုကြီး!” ရှန်ကွမ်းဝမ်ကောက စူးစိုက်ကြည့်ရင်း ပြန်အော်တယ်။
“ဒါကိုယူလိုက်။”
“မျောက် မှလမင်းကိုဖမ်းယူခြင်း။”
“နဂါးအမွှာလွန်ဆွဲကွက်။”
“ကြံ့လက်ချောင်း။”
“အား!!”
“နတ်ဆိုးအိုကြီး မင်းကတရားမျှတမှုမရှိဘူး!”
“မင်းနဲ့ချရတာ တရားမျှတမှုမလိုဘူးကွ။”
“ငါ့အကွက်ကိုကြည့်ထား၊ မျောက်မက်မွန်သီးခိုး...”
“…”
ခြံဝင်းထဲမှာ အသက် ၁၀၀,၀၀၀ နီးပါးလောက်ရှိနေကြတဲ့ ဒီအဘိုးကြီးနှစ်ယောက်ကလူမိုက်နှစ်ယောက်လိုပဲ အနီးကပ်ချနေကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ဆံပင်ဆွဲ၊ နားရွက်ဆွဲ၊ ပေါင်ကြားကိုဆွဲ၊ ဖင်ကိုတောင် လှမ်းထိုးနေကြသေးတယ်။
ကြည့်တာတောင် မျက်စိရှက်စရာကောင်းတယ်..
“ငါလည်း ဘာပြောရမှန်းတောင် မသိတော့ဘူး။”
ချီမင်လည်း ဒါကို သတိထားမိပြီး သူ့နဖူးမှာအနက် ရောင်မျဉ်းတွေဖုံးသွားတယ်။(နဖူးတွန့်ချိုးတာကိုပြောချင်တာ)
တကယ်တော့ ဒီအဘိုးကြီးနှစ်ယောက်က တကယ်ပဲ နှစ်သောင်းချီ အသက်ရှင်ခဲ့ကြတာလားလို့ သူတွေးမိတယ်။ ဘာလို့ ဦးနှောက်မပြည့်တဲ့ လူရှုပ်အဘိုးကြီးတွေကျနေတာလဲ။ တကယ်ကို ပြောစရာစကားမရှိတော့ဘူး။
ချီမင်ကတော့ ဒီနှစ်ယောက်ကြားက ရန်ပွဲထဲ ပါဝင်ဖို့ အစီအစဉ်မရှိဘူး။ သူတို့နှစ်ယောက်ထဲမှာ တစ်ယောက်က အိမ်တော်စိတ်ဝိညာဉ်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ကျင့်ကြံမှုအဆင့်ကို စည်းခတ်ခံထားရတော့ သူ့စွမ်းအားကို ထုတ်သုံးလို့မရဘူး။
ထားလိုက်တော့၊ သူတို့ဘာသာ ချကြပါစေ။
ဘာပဲဖြစ်ဖြစ် သူတို့က ဒဏ်ရာရမှာ မဟုတ်ဘူး။
သူတို့ဘာသာ ရှက်ဖို့ကောင်းအောင် လုပ်နေကြတယ်။
သူတို့ကိုယ်တိုင် ရှက်စိတ်မရှိမှတော့ ချီမင်လည်း ဂရုမစိုက်တော့ဘူး။
တကယ်တော့...
ချီမင်နားလည်ထားတဲ့ ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်တွေထဲမှာ အလားတူ လျှို့ဝှက်နက်နဲနည်းစနစ်တွေ ပါတယ်။ ကောင်းကင်စူးစမ်းခြင်း၊ အနာဂတ်အာရုံ၊ ဓာတ်ငါးပါးလွတ်မြောက်ခြင်း နဲ့လျှို့ဝှက်တံခါးခြောက်ခုဆိုတာတွေရှိတယ်။
ဒါတွေက ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က ချီမင်ကို ပေးခဲ့တဲ့ အသေးစားအံ့ဖွယ်စွမ်းအား သုံးခုနဲ့ လုံးဝထပ်တူကျတယ်။
အဲ့ဒါတွေက လျှို့ဝှက်နက်နဲတံခါး နိမိတ်ဖတ်ခြင်း၊ ဓာတ်ငါးပါးစက်ဝန်း၊ ပြီးတော့ ပါ့ကွား ယင်ယန် အံ့ဖွယ်စွမ်းအားတွေဖြစ်တယ်။
ချီမင်က ဒီအသေးစား အံ့ဖွယ်စွမ်းအားနည်းစနစ်သုံးခုကို အလိုအလျောက်ကျင့်ကြံခြင်းနေရာထဲ ထည့်ပြီး ကျင့်ကြံနေတုန်းဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒီအ သေးစားအံ့ဖွယ်စွမ်းအားနည်းစနစ်သုံးခုရဲ့ စွမ်းအားက မနည်းဘူး၊ ပြီးတော့ ကျွမ်းကျင်ဖို့လည်း ပိုလွယ်တယ်။
အရေးအကြီးဆုံးကတော့...
ဒီအံ့ဖွယ်စွမ်းအား နည်းစနစ်တွေကို ပေါင်းစပ်လိုက်ရင်ပိုပြီးအသုံးဝင်လာတယ်။
နည်းစနစ်များလေ ဖိအားနည်းလေဖြစ်တယ်။
နောက်ပိုင်းအချိန်တွေမှာ ချီမင်က အခြေခံအားဖြင့် ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်မှာပဲ ကျင့်ကြံရင်း အချိန်ကုန်ဆုံးခဲ့တယ်။ အားတဲ့အခါမျိုးဆိုရင် အမွေအနှစ်ခန်းမကိုသွားပြီး စာအုပ်တွေဖတ်တယ်။ တိမ်စိမ်းတောင်ထွတ်ကိုလည်း ပြန်ပြီး အကြီးအကဲဖုန်း၊ စီနီယာအစ်မလုချင်းယန်တို့နဲ့ တခြားသူတွေကို သွားတွေ့တတ်တယ်။
ဒါ့အပြင် ရှောင်ဖန်းနဲ့ ယွမ်ဖုန်းတို့ တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့်တွေ ဖြစ်လာပြီး သူတို့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ စွမ်းအားတွေက တဖြည်းဖြည်း တိုးတက်လာတယ်။ စီနီယာအစ်မလုချင်းယန်က အဆင့်ချိုးဖြတ်ပြီး သူ့ကိုယ်တိုင် တည်ဆောက်နိုင်ခဲ့လို့ ဗလာနယ်စွန့်ခွာခြင်း အစောပိုင်းအဆင့်ကို ရောက်ရှိသွားပြီ။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကလည်း ဖြည်းဖြည်းချင်း တက်နေတယ်။
သူ့စီနီယာအစ်မရဲ့ အရည်အချင်းက သာမန်ပဲ၊ ရှောင်ဖန်းနဲ့ ယွမ်ဖုန်းတို့ကိုတောင် မယှဉ်နိုင်ဘူး။ မဟုတ်ရင် ဖုန်းဇီမုက အဲ့ဒီတုန်းက စီနီယာအစ်မကို အမည်ခံတပည့်အဖြစ်ပဲ လက်ခံခဲ့မှာ မဟုတ်ဘူး။
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲကလည်း အကြိမ်တော်တော်များများ ကျင်းပပြီးသွားပြီ။
အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးသွားတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်နှစ်ကြာသွားတယ်။
တင်း!
“လျှို့ဝှက်နက်နဲတံခါး နိမိတ်ဖတ်အံ့ဖွယ်စွမ်းအားကို အဆတစ်သန်း မြှင့်တင်မှုနဲ့ တစ်နှစ်ကြာ ကျင့်ကြံပြီးသွားပါပြီ။ အသေးစားအောင်မြင်မှုအဆင့်နဲ့ အကြီးစားအောင်မြင်မှုအဆင့်ကို ကျော်ဖြတ်ပြီး ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားပါပြီ။”
အသိပေးချက်တစ်ခု ပေါ်လာတယ်။
ချီမင်ကပြိုင်ဘက်ကင်း နက်နဲတဲ့အခြေအနေထဲကို ရောက်သွားတယ်။ သူက လျှို့ဝှက်နက်နဲတံခါး နိမိတ်ဖတ်အံ့ဖွယ်စွမ်းအားနည်းစနစ်ရဲ့ နက်နဲမှုတွေကို သဘောပေါက်နားလည်ရင်း တဖြည်းဖြည်းနဲ့ ကျွမ်းကျင်ပိုင်နိုင်သွားတယ်။
အရမ်းကိုတိုတောင်းတဲ့ အချိန်အတွင်းမှာပဲ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားတယ်။
အသေးစားအံ့ဖွယ်စွမ်းအားရဲ့ အဆင့်ကသိုင်းနည်းစနစ်ကျွမ်းကျင်အဆင့်နဲ့ မတူဘူး။
ပြီးပြည့်စုံခြင်းအဆင့်အပေါ်မှာ နက်နဲခြင်းအဆင့် ဆိုတာလည်း ရှိသေးတယ်။ နက်နဲခြင်းအဆင့်ကို ရောက်သွားရင် အသေးစားအံ့ဖွယ်စွမ်းအားနည်းစနစ်ရဲ့နက်နဲမှုတွေကို ရပြီး ပိုပြီးသန်မာတဲ့ အံ့ဩဖို့ ကောင်းတဲ့စွမ်းအားကို ပိုင်ဆိုင်နိုင်တယ်။
ချီမင်ရဲ့ လက်ရှိကျင့်ကြံမှုအဆင့်က အသေးစားအံ့ဖွယ်စွမ်းအားကို ပြီးပြည့်စုံခြင်းအဆင့်အထိပဲ တိုးမြှင့်ပေးနိုင်သေးတယ်။
ဒါက အကန့်အသတ်ပဲ။
“ကောင်းပြီ။”
ချီမင်ရဲ့ နှုတ်ခမ်းထောင့်တွေက ကွေးတက်သွားတယ်။ လျှို့ဝှက်နက်နဲတံခါးနိမိတ်ဖတ်အံ့ဖွယ်စွမ်းအားနည်းစနစ်ကို ကျွမ်းကျင်သွားတာက သူ့မှာ နောက်ထပ် အစွမ်းထက်တဲ့ အံ့ဖွယ်စွမ်းအားတစ်ခု တိုးလာတယ်ဆိုတဲ့သဘောဖြစ်တယ်။ဒါက ကောင်းတဲ့ကိစ္စတစ်ခုပေ။
မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်ထပ်တစ်နှစ် ကြာသွားတယ်။
တင်း!
“ဓာတ်ငါးပါးစက်ဝန်း အံ့ဖွယ်စွမ်းအားကို အဆတစ်သန်း မြှင့်တင်မှုနဲ့ တစ်နှစ်ကြာ ကျင့်ကြံပြီးသွားပါပြီ။ အသေးစားအောင်မြင်မှုအဆင့်နဲ့ အကြီးစားအောင်မြင်မှုအဆင့်ကို ကျော်ဖြတ်ပြီး ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားပါပြီ။”
အသိပေးချက်တစ်ခု ပေါ်လာတယ်။
စိတ်ကူးတစ်ချက်နဲ့ ချီမင်က အံ့ဩဖို့ကောင်းတဲ့သဘောပေါက်နားလည်မှုအခြေအနေထဲကို ထပ်ရောက်သွားပြန်တယ်။ သူက ထူးဆန်းတဲ့အခြေအနေအောက်မှာ ဓာတ်ငါးပါးစက်ဝန်း အံ့ဖွယ်စွမ်းအားကို အလျင်အမြန် သဘောပေါက်နားလည်ပြီး ကျင့်ကြံလိုက်တယ်။ တဖြည်းဖြည်းနဲ့ ဖမ်းဆုပ်မိပြီး နားလည်သဘောပေါက်သွားတယ်...
မကြာခင်မှာပဲ သူက ဓာတ်ငါးပါးစက်ဝန်း အံ့ဖွယ်စွမ်းအားကို လုံးဝကျွမ်းကျင်သွားပြီး ပြီးပြည့်စုံခြင်းအဆင့်ကိုရောက်သွားတယ်။
“နောက်တစ်ခု ကျွမ်းကျင်သွားပြန်ပြီ။”
ချီမင်ရဲ့ စိတ်အခြေနေပိုကောင်းလာတယ်။
သူက နေ့တိုင်း အလိုအလျောက်ကျင့်ကြံခြင်းစနစ် နဲ့ ကျင့်ကြံတယ်။
သူ့ရဲ့ခွန်အားက နေ့တိုင်းတိုးတက်နေတယ်။
ပျင်းစရာကောင်းပေမယ့် သူပျော်တယ်။
ချီမင်က ဝိညာဉ်စားဖိုမှူးတစ်ယောက်ရဲ့ ကျွမ်းကျင်မှုတွေကိုလည်း အထူးလေ့လာပြီး ဝိညာဉ်စာဖိုမှုးတစ်ယောက်ဖြစ်လာတယ်။ ဝိညာဉ်အစားအစာ ချက်ပြုတ်နည်းပေါင်းများစွာကို လေ့လာပြီး ကမ္ဘာမြေပေါ်က သူ့မှတ်ဉာဏ်တွေအတိုင်းရဲရဲဝံ့ဝံ့နဲ့တီထွင်မှုတွေလုပ်ခဲ့သေးတယ်။
သူက အခြေတည်ဝိညာဉ်အဆင့်ကို ရောက်နေပြီဆိုတော့ အစားရှောင်လို့ရတာ ကြာပြီ။ အစားလုံးဝစားစရာမလိုတော့ဘူး၊ ဒါပေမဲ့ အရသာရှိတဲ့ အစားအစာတွေကို မြည်းစမ်းရတဲ့ သူ့ဝါသနာကိုတော့ မစွန့်လွှတ်ချင်ဘူး။
ကျင့်ကြံခြင်းလောကက ပါဝင်ပစ္စည်းတွေအားလုံးက ဝိညာဉ်စွမ်းအင်တွေနဲ့ ပြည့်နှက်နေပြီး အရသာအမျိုးမျိုးရှိတယ်။ သက်ဆိုင်ရာ ချက်ပြုတ်နည်းနဲ့ ချက်ထားတဲ့ အရသာရှိတဲ့ အစားအစာတွေက တကယ့်ကို စွဲလမ်းစေတယ်။
ဒါကြောင့် ချီမင်က နှလုံးထဲမှာတော့အစားအသောက်သမားတစ်ယောက်ဖြစ်တယ်။
အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးသွားတယ်။
မသိလိုက်မသိဘာသာနဲ့ ဆယ်နှစ်ကြာသွားတယ်။
ဒီနေ့မှာ။
တင်း!
“သန့်စင်ခြင်းသုံးပါး တာအိုကျမ်းကို အဆတစ်သန်း မြှင့်တင်မှုနဲ့ ဆယ်နှစ်ကြာ ကျင့်ကြံပြီးသွားပါပြီ။ ဂုဏ်ယူပါတယ် လက်ခံသူ။ သင်ဟာ ပိုနက်ရှိုင်းတဲ့ မဟာတာအိုစစ်မှန်ရည်ရွယ်ချက်နဲ့ တာအိုရဲ့ နက်နဲမှုတွေကို သဘောပေါက်နားလည်သွားပြီး ကျောက်စိမ်းသန့်စင်၊ အထွတ်အထိပ်သန့်စင်ပြီးတော့ မဟာသန့်စင်စစ်မှန်ရည်ရွယ်ချက်တွေကိုဆုပ်ကိုင်နိုင်သွားပါပြီ။ မဟာတာအိုစစ်မှန်အမှတ်အသားတွေက အခြေတည်ဝိညာဉ်ပေါ်မှာ ထွင်းထုပြီးသွားလို့ သင့်ရဲ့ကျင့်ကြံမှုက အခြေတည်ဝိညာဉ်အလယ်ပိုင်းအဆင့်သို့တိုးတက်သွားပါပြီ။”
အသိပေးချက်တစ်ခု ပေါ်လာတယ်။
“ငါ့ကျင့်ကြံမှုအဆင့်ချိုးဖြတ်သွားပြီ။” ချီမင်က ပြောလိုက်တယ်။
ချီမင်က အခြေအနေတစ်ခုထဲ ရောက်သွားတယ်။ သန့်စင်ခြင်းသုံးပါး တာအိုကျမ်းက လည်ပတ်နေပြီး ဓမ္မစွမ်းအင်တွေက တိုးပွားလာတယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ များပြားတဲ့ ဝိညာဉ်စွမ်းအင်တွေက ချီမင်ရဲ့ခန္ဓာကိုယ်ထဲကို စီးဝင်လာပြီး အခြေတည်ဝိညာဉ်ဓမ္မစွမ်းအင်အဖြစ် ပြောင်းလဲသွားတယ်။
မမြင်နိုင်တဲ့ မဟာတာအိုစစ်မှန်အမှတ်အသားတွေက သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်ပေါ်မှာ ပေါ်လာတယ်။
သူ့ရဲ့ ကျင့်ကြံမှုအဆင့် တိုးတက်သွားတယ်။
သူ့ရဲ့ခွန်အားကလည်း သဘာဝအတိုင်း အကြီးအကျယ် တိုးတက်သွားတယ်။
အခြေတည်ဝိညာဉ်အစောပိုင်းအဆင့်တုန်းက သူ့ရဲ့ဒန်တျန်းထဲက ဓမ္မစွမ်းအင်တွေက ကန်တစ်ခုစာလောက်ပဲ ရှိခဲ့တယ်။ အခြေတည်ဝိညာဉ်အလယ်ပိုင်းအဆင့်ကို ချိုးဖြတ်သွားပြီးတော့ ဓမ္မစွမ်းအင်ကန်ကြီးကနေ အဆုံးမရှိ လှိုင်းထနေတဲ့ဓမ္မစွမ်းအင်မြစ်ကြီးအဖြစ် ကျယ်ပြန့်သွားတယ်။
အဓိကခြံဝင်းအပြင်ဘက်မှာ။
“သခင်လေးရဲ့ ကျင့်ကြံမှုအဆင့်ချိုးဖြတ်သွားပြီပဲ။”
ရှန်ကွမ်းဝမ်ကောက ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်အပြင်ဘက်မှာ ရောက်နေတယ်၊ “ဆယ်နှစ်အတွင်းမှာ ကျင့်ကြံမှုအဆင့်က အခြေတည်ဝိညာဉ်အစောပိုင်းအဆင့်ကနေ အခြေတည်ဝိညာဉ်အလယ်ပိုင်းအဆင့်ကိုချိုးဖြတ်သွားတယ်။ ဒီလိုဆိုကျင့်ကြံမှုတိုးတက်နှုန်းက သိပ်မမြန်ပေမယ့် မနှေးဘူးလို့တော့ ပြောရမှာပဲ။”
“ဂုဏ်ယူပါတယ် သခင်လေး။”
ခြံဝင်းထဲမှာတော့ အိမ်တော်စိတ်ဝိညာဉ် စုချီမန်က အရိုအသေပေးလိုက်တယ်။
တင်း!
“ရှားပါးဝိညာဉ်သားရဲ: ဦးချိုမဲ့နဂါးနက် ဟာ အဆတစ်သန်း မြှင့်တင်မှုနဲ့ ဆယ်နှစ်ကြာ ကျင့်ကြံခဲ့ပြီး သူ့ရဲ့ကျင့်ကြံမှုအဆင့်က ဆက်တိုက်တိုးတက်လာကာ အံ့ဖွယ်စွမ်းအားအတော်များများကို ဖမ်းဆုပ်နိုင်သွားပါတယ်။ သူ့ရဲ့ကျင့်ကြံမှုအဆင့်က ဗလာနယ်စွန့်ခွာခြင်းနှောင်းပိုင်းအဆင့်ကနေ ဝိညာဉ်ဖွဲ့တည်ခြင်းနှောင်းပိုင်းအဆင့်ကို တိုးတက်သွားပါပြီ။”
အသိပေးချက်တစ်ခု ပေါ်လာတယ်။
အမှောင်မီးလျှံရဲ့ ကျင့်ကြံမှုအဆင့်က အကြီးအကျယ် တိုးတက်သွားတယ်။
ဦးချိုမဲ့နဂါးနက်၊ အမှောင်မီးလျှံ တစ်ကောင်တည်းတင် မဟုတ်ဘူး။
အမှောင်နတ်ဆိုးလင်းနို့နဲ့ ရေခဲနတ်ဆိုးမတို့လည်းတိုးတက်သွားတယ်။ တကယ်တော့ သူတို့က အရင်ကတည်းက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေကြပြီး သူတို့ရဲ့ကျင့်ကြံမှုအဆင့်က ဗလာနယ်စွန့်ခွာခြင်းနှောင်းပိုင်းအဆင့်ကို ရောက်နေတာ ကြာပြီ။
ဝိညာဉ်သားရဲ လေးကောင်ထဲမှာ ဟော့ချန်ချင်း တစ်ကောင်ပဲ အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်မှာ ရှိနေသေးတယ်။
တင်း!
“ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကို အဆတစ်သန်း မြှင့်တင်မှုနဲ့ ဆယ်နှစ်ကြာ ကျင့်ကြံပြီးသွားပါပြီ။ ဂုဏ်ယူပါတယ် လက်ခံသူ။ သင်ဟာ ကောင်းကင်ကြယ်တာရာ အံ့ဖွယ်စွမ်းအားရဲ့ ပိုနက်ရှိုင်းတဲ့ လျှို့ဝှက်ချက်တွေကို သဘောပေါက်နားလည်သွားပြီး ဝင်ခွင့်အဆင့်ကနေ အသေးစားအောင်မြင်မှုအဆင့်ကို ရောက်ရှိသွားပါပြီ။ ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်က ပိုပြီးတော့ သန်မာလာပါပြီ။”
အသိပေးချက်တစ်ခု ပေါ်လာတယ်။
နောက်တစ်ခဏမှာပဲ ချီမင်ရဲ့ အသိစိတ်က နက်နဲတဲ့အခြေအနေတစ်ခုထဲ ရောက်သွားတယ်။ ဒီအခြေအနေထဲမှာ သူက ရှုပ်ထွေးနက်နဲတဲ့ ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကို အဆက်မပြတ် သဘောပေါက်နားလည်နေပြီး အံ့ဖွယ်စွမ်းအားရဲ့ ပြောင်းလဲမှုတွေကို သဘောပေါက်ရင်း သူ့ရဲ့နက်နဲမှုတွေကို နားလည်နေတယ်။
နောက်ဆုံးတော့ အချိန်အကြာကြီး သဘောပေါက်နားလည်ပြီးတဲ့နောက်မှာ။
သူ အောင်မြင်မှုတစ်ခု ရလိုက်တယ်။
သူ အသေးစားအောင်မြင်မှုအဆင့်ကို ရောက်သွားတယ်။
ဒီလိုနဲ့ ချီမင် ကျွမ်းကျင်ထားတဲ့ လျှို့ဝှက်နက်နဲနည်းစနစ်တွေနဲ့ အံ့ဖွယ်စွမ်းအားတွေရဲ့ အစွမ်းက အဆင့်တစ်ခုထက်မက တိုးတက်သွားတယ်။
သူ့ရဲ့ခွန်အားက အကြီးအကျယ် တိုးတက်သွားတယ်။
တင်း!
“လက်ခံသူရဲ့ ကျင့်ကြံမှုအဆင့်က အခြေတည်ဝိညာဉ်အလယ်ပိုင်းအဆင့်ကို တိုးတက်သွားတာကို စစ်ဆေးရပါတယ်။ အခြေတည်ဝိညာဉ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း၊ ဧကရာဇ် တားမြစ်သင်္ချိုင်းရဲ့အစွန်အဖျားကို ရှင်းလင်းတဲ့ ဆုလာဘ်တွေက အကြီးအကျယ် လျော့နည်းသွားပါပြီ။ အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး (၁၀)သန်း သုံးပြီး ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်နိုင်ပါပြီ။”
အသိပေးချက်တစ်ခု ပေါ်လာတယ်။
“အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး (၁၀)သန်း ဖြည့်ပြီး ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်လိုက်မယ်။” ချီမင်က ပြောလိုက်တယ်။
တင်း!
“ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။”
“သင်ဟာ အခြေတည်ဝိညာဉ်အလယ်ပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း: ရှူတောင် အင်မော်တယ်တက်လှမ်းခြင်းသို့ဝင်ရောက်နိုင်ပါပြီ။”
အသိပေးချက်တစ်ခု ပေါ်လာတယ်။
“ဝင်မယ်။” ချီမင်က ပြောလိုက်တယ်။
ဂိမ်းမြင်ကွင်းက ပေါ်လာတယ်။ အရမ်းကို လက်တွေ့ကျပြီး တကယ်ရောက်နေသလိုထင်ရတယ်။ချီမင်က ဒီဂိမ်းမြင်ကွင်းကို မြင်လိုက်ရတော့ ရင်းနှီးနေသလို ခံစားလိုက်ရတယ်။
ဒါကြောင့်ကိုး...
ဒါက ရှူတောင်ပဲ။
သူတို့ ရှူတောင် ရှေးဟောင်းလမ်း၊ ရှူတောင်နတ်ဆိုးဖိနှိပ်စေတီ၊ ပြီးတော့ အရင်ဂိမ်းမြေအောက်စခန်းတွေမှာ ပေါ်ခဲ့တဲ့ ရှူတောင်ဂိုဏ်းချုပ်ကိုတောင် မြင်နေရတယ်။
ဒီဂိမ်းမြေအောက်စခန်းမှာတော့ ချီမင် ပြောင်းလဲသွားတဲ့ ဂိမ်းဇာတ်ကောင်က အရင် ရှူတောင်နတ်ဆိုးဖိနှိပ်စေတီကို ရှင်းလင်းခဲ့တဲ့ ‘ကယ်တင်ရှင်’ ဓားသမားလူငယ်လေးဖြစ်တယ်။
“လူငယ်လေး! မင်းက ကမ္ဘာကြီးကို ကယ်တင်ခဲ့တာပဲ။”
ရှူတောင်ဂိုဏ်းချုပ်က လျှောက်လာပြီး ချီမင်ကို လက်သီးဆုပ်ပြီး အရိုအသေပေးလိုက်တယ်။ သူ့ရဲ့လေသံက အရမ်းကိုလေးစားနေပြီး ပြောလိုက်တယ်၊ “မင်းက အန္တရာယ်ကို ဂရုမစိုက်ဘဲ အန္တရာယ်ထဲ ဝင်ရောက်တယ်။ ပြီးတော့ရှူတောင်နတ်ဆိုးဖိနှိပ်စေတီထဲက နတ်ဆိုးပေါင်းများစွာကို ချေမှုန်းပြီး နတ်ဆိုးဖိနှိပ်စေတီရဲ့ နတ်ဆိုးစွမ်းအင်တွေကို ဖိနှိပ်ခဲ့တယ်။”
“မင်းက ဒီကမ္ဘာပေါ်က လူတွေကို ကယ်တင်ခဲ့တာပဲ။”
“လေးစားရပါသော ကယ်တင်ရှင်။”
“ရှူတောင် ဓားအင်မော်တယ်နန်းတော်ကိုမင်းအတွက်ဖွင့်လှစ်လိုက်ပါပြီ။ မင်းက ရှူတောင်အင်မော်တယ်တက်လှမ်းစင်မြင့်ကနေတစ်ဆင့် ရှူတောင်ဓားအင်မော်တယ်နန်းတော်ထဲသို့ ဝင်ခွင့်ရပါလိမ့်မယ်။ သွားလို့ရပါပြီ၊ လေးစားရပါသော ကယ်တင်ရှင်။”
ရှူတောင်ဂိုဏ်းချုပ် စကားဆုံးတာနဲ့ပဲ။
ချီမင်က ခေါင်းမော့ကြည့်လိုက်တယ်။
ကောင်းကင်မှာ ခမ်းနားထည်ဝါတဲ့ အင်မော်တယ်နန်း တော်တစ်ခု ပေါ်လာတယ်။ အင်မော်တယ်ဓားကိုးလက်က အင်မော်တယ်နန်း တော်ကို ဝန်းရံပြီး ရပ်နေကြတာက အရမ်းကြောက်စရာကောင်းတဲ့ ဓားအစီအရင်တစ်ခုတည်ဆောက်နေတာနဲ့တူတယ်။
တိမ်တိုက်တွေလို လှေကားထစ်တွေက ရှူတောင်ဓားအင်မော်တယ်နန်းတော်ကနေ ပျံ့နှံ့ထွက်လာတယ်။
အဲ့ဒါက ရှူတောင်ရဲ့ နတ်ဆိုးဖိနှိပ်စေတီ ထိပ်မှာ ကျရောက်နေတယ်။
“သွားတော့။” ရှူတောင်ဂိုဏ်းချုပ်က ဆက်ပြောတယ်။
“ကောင်းပြီ။”
ဝှစ်!
ချီမင် ပြောင်းလဲသွားတဲ့ ဂိမ်းဇာတ်ကောင်က ခုန်တက်လိုက်ပြီး ရှူတောင်နတ်ဆိုးဖိနှိပ်စေတီကို ကျော်ဖြတ်သွားတယ်။ သူက အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်ပေါ် တက်လှမ်းပြီး ပထမဆုံးလှေကားထစ်မှာ ရပ်လိုက်တယ်။
စုစုပေါင်း လှေကားထစ် ၁၀၈ ထစ် ရှိတယ်။
နောက်တစ်ခုကတော့ ချီမင်က လှေကားထစ် ၁၀၈ ထစ် လျှောက်ပြီး ဒီ ရှူတောင် အင်မော်တယ်တက်လှမ်းစင်မြင့်ရဲ့ ထိပ်ဆုံးကို ရောက်အောင်သွားရမယ်။ ဒါပေမဲ့ ဒီအတောအတွင်းမှာ အမျိုးမျိုးသော ထင်ယောင်ထင်မှားတွေနဲ့ တိုက်ခိုက်မှုတွေကို ကြုံတွေ့ရလိမ့်မယ်။
အားလုံးကို ကျော်ဖြတ်နိုင်သရွေ့ ဒီဂိမ်းမြေအောက်စခန်းကို အောင်မြင်လိမ့်မယ်။
ချီမင် ပြောင်းလဲသွားတဲ့ ဂိမ်းဇာတ်ကောင်က အဆင့်တက်ဖို့ စတင်နေပြီ။
ထင်ယောင်ထင်မှားတွေ ပေါ်လာတာနဲ့ မြင်ကွင်းက ပြောင်းလဲသွားတယ်။
ချီမင်က ဖုတ်ကောင်ပင်လယ်ကြီးနဲ့ ရင်ဆိုင်နေရတယ်။
“အသင်္ချေ ဓား ချေမှုန်းခြင်း။”
ချွင်! ချွင်! ချွင်!
ချီမင်က သူ့ရဲ့ညာလက်ကို ဝှေ့ယမ်းပြီး ဓားနဲ့ ခုတ်ပိုင်းချလိုက်တယ်။ အဲ့ဒါက ဓားချီပေါင်း တစ်သောင်းကျော်အဖြစ် ပြောင်းလဲသွားပြီး ဓားချီမြစ်တစ်စင်းလိုပဲဖုတ်ကောင်လှိုင်းတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တယ်။
ဝှစ်!
ချီမင်က ဂိမ်းမျက်နှာပြင်ကို ပိတ်လိုက်တယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်နေ့ရောက်လာတယ်။
တင်း!
“သင်ဟာ ‘ရှူတောင်အင်မော်တယ်တက်လှမ်းခြင်း’ ဂိမ်းမြေအောက်စခန်းကို တစ်ရက်ကြာ အလိုအလျောက်ကျင့်ကြံခြင်းလုပ်ခဲ့ပါတယ်။ သင်တစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။ သင် အမွေအနှစ်သလင်းကျောက်ထိုက်ချီဓားတာအိုကျမ်း၊ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး (၁၀)သန်းရရှိပါတယ်။”
အသိပေးချက်တစ်ခု ပေါ်လာတယ်။
ပစ္စည်း: အမွေအနှစ်သလင်းကျောက်ထိုက်ချီဓားတာအိုကျမ်း။
ဖော်ပြချက်: ‘ရှူတောင်အင်မော်တယ်တက်လှမ်းခြင်း’ ဂိမ်းမြေအောက်စခန်းက ထုတ်လုပ်တဲ့ အမွေအနှစ်သလင်းကျောက် ဖြစ်ပါတယ်။ ယင်ယန်ဓားတာအိုကို ကျင့်ကြံတဲ့ ဝိညာဉ်သားရဲတွေအတွက် သင့်တော်ပါတယ်။ ဝိညာဉ်သားရဲတွေရဲ့ ကြီးထွားမှုနဲ့ အလားအလာကို တိုးမြှင့်ပေးနိုင်ပါတယ်။
“မဆိုးဘူးပဲ။”
ချီမင်ရဲ့ မျက်လုံးတွေက လင်းလက်သွားတယ်၊ “ဒီ အမွေအနှစ်သလင်းကျောက်က ဟော့ချန်ချင်းအတွက် အရမ်းသင့်တော်တယ်။”