လီမီး နည်းစနစ် အသေးစားအဆင့် အောင်မြင်ပြီးမြောက်ခြင်း၊ မသေမျိုး နယ်ပယ်ရှိ အရာအားလုံးကို လောင်မြိုက်ခြင်း!
Vol. 7 Ch. 89
စုရှင်းသည် ယခင် သရုပ်ပြခြင်းများတွင် သတင်း အချက်အလက် အပိုင်းအစ အတော်များများကို တွေ့ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။
ထိုအချိန်တွင် လောထျန်း အစည်းအဝေး အကျဥ်းခန်းသည် ပိတ်ထားပြီး ဖြစ်သောကြောင့် သင် ကံမကောင်းခဲ့ပေ။
သို့သော် တကယ့် ကမ္ဘာတွင် လောထျန်း အစည်းအဝေး အကျဉ်းခန်း ပိတ်သိမ်းရန် သုံးနှစ်အောက် ကျန်ရှိသေးသည်။ ဆိုလိုသည်မှာ စုရှင်းသည် ၎င်းကို စူးစမ်းလေ့လာရန် အချိန်များစွာ ရရှိနေသေးသည်။
ကမ္ဘာပျက်သုဉ်းခြင်း ပုံတူကို စူးစမ်းလေ့လာခြင်းနှင့် ပတ်သက်၍ စုရှင်းသည် စိတ်ဝင်စားခဲ့သော်လည်း ယင်းတွင် အန္တရာယ်များ ပါဝင်နေသည်။
စုရှင်း၏ သတိကြီးသော (အပြစ်အနာအဆာအထိ) အကျင့်ကို ထောက်ရှု၍ သူသည် အပြင်သို့ မထွက်ခွာမီ သူ၏ အင်အား တိုးတက်လာသည်အထိ စောင့်ဆိုင်းရခြင်းကို ပိုနှစ်သက်ခဲ့သည်။
“ငါက သန္ဓေတည် ဝိညာဉ်အဆင့် အကြီးမြတ်ဆုံး အဆင့် ဒါမှမဟုတ် မူလ မသေမျိုး နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်ပြီးမှ စူးစမ်းလေ့လာတာက ပိုလုံခြုံနိုင်မလား။ ဘာပဲဖြစ်ဖြစ် ဆင်းသက်ဂိုဏ်းထဲမှာ လက်ရှိ ရရှိနိုင်တဲ့ အရင်းအမြစ်တွေက ငါ့ရဲ့ အင်အားကို မြှင့်တင်ဖို့ လုံလောက်တယ်လေ…”
ဤအတွေးဖြင့် စုရှင်းသည် သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။
[ဆယ့်ခြောက်နှစ်မြောက်တွင် သင်သည် အိမ်တွင်း၌သာ နေ့စဉ်နှင့်အမျှ နေထိုင်ကာ လီမီးနည်းစနစ်ကို ကျင့်ကြံခဲ့ရာ ၎င်း၏ လေ့ကျင့်မှုသည် လျင်မြန်စွာ တိုးတက်ခဲ့သည်။]
[ဆယ့်ခုနစ်နှစ်မြောက်တွင် သင်သည် လီမီးနည်းစနစ် ကျွမ်းကျင်မှုကို နောက်တစ်ဆင့်သို့ မြှင့်တင်နိုင်ခဲ့ပြီး လီမီးနည်းစနစ်၏ အသေးစား အောင်မြင်မှု အဆင့်သို့ မဝေးတော့ကြောင်း သင်သိရှိသဖြင့် သင့်စိတ်ထဲတွင် ကျေနပ်မှုများ ပြည့်နှက်လာသည်။]
[ဆယ့်ရှစ်နှစ်မြောက်တွင် သင်သည် ပိုမိုတိုးတက်လာပြီး လီမီးနည်းစနစ်ကို လွယ်ကူစွာ အမိန့်ပေးနိုင်ကာ ရွှေစစ်စစ် ပစ္စည်းများပင် ၎င်း၏ ပြင်းထန်သော အပူရှိန်အောက်တွင် အရည်ပျော်နိုင်ပြီ ဖြစ်သည်။ သို့သော် လီမီးနည်းစနစ်သည် လောကီ အရာအားလုံးကို မီးရှို့ဖျက်ဆီးနိုင်ဖို့ရန် အတွက် များစွာ တိုးတက်ရန် လိုအပ်ကြောင်း သင်သိသည်။]
[ဆယ့်ကိုးနှစ်မြောက်တွင် လီမီးနည်းစနစ်၏ စွမ်းအားသည် သင့်ကိုယ် သင်ပင် အံ့အားသင့်စေသည့် အဆင့်သို့ ရောက်ရှိခဲ့သည်။ လက်ဝါးအရွယ် ရွှေတုံးသည် လီမီးနှင့် ထိတွေ့သည်နှင့် တစ်ပြိုင်နက် ချက်ချင်း အရည်ပျော်သွားသည်။ အလွန် မြင့်မားသော အရည်ပျော်မှတ် ရှိသည့် အဖြိုက်နက် သတ္တုပင်လျှင် လီမီးနှင့် ထိတွေ့လိုက်သည်နှင့် စက္ကန့်ပိုင်းအတွင်း အရည်ပျော်သွားပါလိမ့်မည်။]
[နှစ်ဆယ် နှစ်မြောက်တွင် သင်သည် ပထမအဆင့် ထူးခြားသတ္တုကို လီမီးအောက်တွင် ထား၍ မီးရှို့လိုက်ရာ စက္ကန့်ပိုင်း အတွင်းပင် သတ္တုသည် အရည်ပျော်ကျသွားသည်။]
[ထိုအချိန်တွင် သင်သည် လီမီး နည်းစနစ်ကို ကျွမ်းကျင်စွာ တတ်မြောက်မှုသည် အငယ်တန်းအဆင့် အောင်မြင်မှုသို့ ရောက်ရှိသွားကြောင်း သင် နားလည်လိုက်သည်။]
[နှစ်ဆယ့်တစ်နှစ်တွင် ကမ္ဘာပျက်သုဉ်းခြင်း မရောက်လာသေးဘဲ နတ်ဆိုးများသည်လည်း မဆင်းသက်လာသေးပါ။ သို့သော် မိစ္ဆာနှိမ်နှင်းရေး စခန်းရှိ အခြေအနေမှာ တဖြည်းဖြည်း ပိုမို ဆိုးရွားလာခဲ့သည်။]
[နှစ်ပေါင်းများစွာ ကြာအောင် အဆုံးမရှိသည့် မိစ္ဆာသားရဲများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသောကြောင့် မိစ္ဆာနှိမ်နင်းရေး စခန်းရှိ ဂရန်းမာစတာအဆင့် ကျွမ်းကျင်ပညာရှင် ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး ကောင်းကင်ဘုံ ဘုရင်အဆင့် စွမ်းအားရှင် အများအပြားလည်း ကျဆုံးခဲ့သည်။ လူသားမျိုးနွယ်သည် ကြာကြာ တောင့်ခံနိုင်တော့မည် မဟုတ်ကြောင်း သင် နားလည်ခဲ့သည်။]
[သင်သည် ကျန်ရှိသောအချိန်ကို အကောင်းဆုံး အသုံးချကာ ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။]
[နှစ်ဆယ့်နှစ် နှစ်တွင် သင်သည် ဝိညာဉ် စုစည်းဆေးများကို စတင် ဖော်စပ်ခဲ့သည်။ လီမီး နည်းပညာတွင် အငယ်တန်းအဆင့် အောင်မြင်မှုသို့ ရောက်ရှိခဲ့သောကြောင့် အလယ်အလတ်အဆင့် ဆေးများကို ဖော်စပ်ရန် ယခင်ကကဲ့သို့ မခက်ခဲတော့ပေ။]
[ဝိညာဉ်စုစည်းဆေး ရာနှင့်ချီ ဖော်စပ်ရန် တစ်နှစ် ကြာခဲ့သည်။ ၎င်းတို့အနက် အောင်မြင်သော ဆေးလုံးပေါင်း တစ်ရာနီးပါး ရှိပြီး အနည်းငယ်သာ အရည်အသွေး နိမ့်သည်။ ဝိညာဉ် စုစည်းဆေး ဖော်စပ်ခြင်း၏ အခြေခံများကို သင်နားလည်ပြီ ဖြစ်ကြောင်း သင် သိခဲ့သည်။]
[သာမန် အရည်အသွေးရှိသော ဝိညာဉ် စုစည်းဆေး အနည်းငယ်ကို သောက်သုံးပြီး ရက်ပိုင်းအတွင်း သင်၏ ဝိညာဉ်အာရုံသည် ဆယ်ပေအထိ တိုးလာခဲ့သည်။ ဝိညာဉ် စုစည်းဆေးများ၏ အစွမ်းထက်မှုကို သင်အံ့ဩမိသည်။ တစ်ခုတည်းသော အားနည်းချက်မှာ ထိုသို့သော ဆေးများ၏ အာနိသင်သည် မကြာခဏ အသုံးပြုပြီးနောက် တဖြည်းဖြည်း လျော့နည်းသွားမည် ဖြစ်ပြီး လူတစ်ဦး၏ ဝိညာဉ်အာရုံသည် အဆုံးမရှိ တိုးပွားနိုင်မည်မဟုတ်ပေ။]
[နှစ်ဆယ့်သုံးနှစ်တွင် အလွန် အင်အားကြီးမားသော တိုင်းတစ်ပါးမှ သားရဲ အများအပြားက မိစ္ဆာနှိမ်နင်းရေး စခန်းကို စုပေါင်း၍ တိုက်ခိုက်ခဲ့ရာ တစ်ညတည်းနှင့်ပင် ဆုံးရှုံးမှုများ အလွန်အမင်း ဖြစ်ပေါ်ခဲ့သည်။ သင်၏ ဆွေမျိုးသားချင်းများ သိန်းနှင့်ချီ သေဆုံးခဲ့ပြီး မိစ္ဆာနှိမ်နင်းရေး စခန်းသည်လည်း တစ်ရက်တည်းနှင့် ပြိုကျသွားသည်။ မသေဘဲ လွတ်မြောက်လာသည့် မသေမျိုး ဧကရာဇ်အဆင့် ကျွမ်းကျင်ပညာရှင် အနည်းငယ်သာ ကျန်ရစ်ခဲ့သည်။]
[မိစ္ဆာနှိမ်နင်းရေး စခန်း ကျဆုံးသွားသည်နှင့် လူသားမျိုးနွယ် ပျက်စီးခြင်းသည် ရက်ပိုင်းအတွင်း ဖြစ်လာတော့မည် ဖြစ်ကြောင်း သင် နားလည်လိုက်သည်။ ထို့ကြောင့် မူလ မသေမျိုးဆေးကို သုံးစွဲကာ မူလ မသေမျိုး နယ်ပယ်သို့ တက်လှမ်းရန် သင် ပြင်ဆင်ခဲ့သည်။]
[လွန်ခဲ့သော နှစ်နှစ်ဆယ်က သင်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သော်လည်း နှစ်ပေါင်းများစွာ ကြာအောင် သင်သည် ဆေးဖော်စပ်ခြင်းနှင့် သင်၏ လီမီးနည်းပညာကို တိုးတက်အောင် လုပ်ဆောင်ရာတွင် အလုပ်များနေခဲ့ပြီး သင်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို မြှင့်တင်ရန် အနည်းငယ် လစ်လျူရှုခဲ့သောကြောင့် မူလ မသေမျိုး နယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်မည် ဟုတ်မဟုတ် မသေချာဘဲ သင်၏ စိတ်နှလုံးထဲတွင် ယုံကြည်မှု အားနည်းနေခဲ့သည်။]
[သင်သည် အနည်းငယ် အားပျော့သော မူလ မသေမျိုးဆေးကို ထုတ်ယူလိုက်ပြီး ခဏမျှ တုံ့ဆိုင်းပြီးနောက် ၎င်းကို သောက်လိုက်သည်။]
[မူလ မသေမျိုးဆေး အစာအိမ်ထဲသို့ ရောက်သည်နှင့် သင်၏ ခန္ဓာကိုယ်အတွင်း နွေးထွေးသော စီးဆင်းမှုကို ဖြစ်ပေါ်စေသည်။ ယင်းသည် စွမ်းအင်ကို အဆက်မပြတ် ထုတ်လွှတ်ကာ သင်၏ အရေပြားကို အားဖြည့်ပေးသည်။ သင်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပိုမို သန်မာလာသည်ဟု ခံစားရပြီး အချို့သော ကန့်သတ်ချက်ကိုပင် ချိုးဖောက်တော့မည့်ပုံ ခံစားရသောကြောင့် သင်၏ စိတ်နှလုံးထဲတွင် အံ့သြဝမ်းသာ ဖြစ်နေခဲ့သည်။]
[သင်သည် နောက်ဆုံးတွင် မူလ မသေမျိုး နယ်ပယ်သို့ တိုးတက်တော့မည်ဟု ထင်နေစဉ်မှာပင် သင့် ခန္ဓာကိုယ် အတွင်းရှိ နွေးထွေးသော စီးဆင်းမှုသည် ရုတ်တရက် မတည်မငြိမ် ဖြစ်လာပြီး စွမ်းအင်သည် ပြင်းထန်စွာ တိုးချဲ့လာခဲ့သည်။ ကြီးမားသော စွမ်းအင်သည် သင့် အရေပြား၏ ခံနိုင်ရည်ထက် ကျော်လွန်သွားကာ ရင်းနှီးသော ရှေ့ပြေးနိမိတ် တစ်ခု သင်၏ စိတ်နှလုံးထဲတွင် ပေါ်လာခဲ့သည်။]
[သင်၏ ခန္ဓာကိုယ်သည် မခံမရပ်နိုင်လောက်အောင် ပူလာပြီး သင်၏ မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ် အစရှိသော အပေါက်ခုနစ်ပေါက်မှ သွေးများ စီးထွက်လာကာ တစ်ကိုယ်လုံး နီရဲလာခဲ့သည်။ ကျယ်လောင်သော အသံနှင့်အတူ သင်၏ ခန္ဓာကိုယ်သည် လေထဲတွင် သွေးနှင့် အသားစိုင်များအဖြစ် ပေါက်ကွဲသွားခဲ့သည်။]
[ဒင်၊ သင်သေဆုံးသွားပါပြီ!]
[သင်၏ ‘ သေခြင်းတရားကို အန်တုသော မျက်လုံးများ’ စွမ်းရည်သည် အသက်ဝင်လာပြီး သင်၏ မျက်လုံးများသည် မြေကြီးပေါ်တွင် ပြန့်ကျဲနေသော သွေးနှင့်အသားစိုင်များကို ငေးကြည့်နေခဲ့သည်။]
[ဒင်၊ ဤသရုပ်ပြခြင်းသည် ပြီးဆုံးသွားပါပြီ!]
ဤအရာအားလုံးကို ဖတ်ပြီးနောက် စုရှင်းသည် ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်ကို ခံစားရပြီး ဒေါသတကြီး ညည်းညူလိုက်သည်။
“ဒါ ဘာဖြစ်တာလဲ၊ နောက်တစ်ခါလား။ ဒါ ဘယ်တော့မှ ပြီးမှာလဲ… ဆေးဖော်စပ်သူ တစ်ယောက်အနေနဲ့ ငါကိုယ်တိုင် ဖော်စပ်ထားတဲ့ ဆေးတွေကြောင့် သေရတာလား”
“ ‘ပထမဆုံး စာပေမှာ သုံးနှစ်ကြာတဲ့ထိ မအောင်မြင်ဘူး။ ပြီးတော့ စစ်ပညာမှာ လေ့ကျင့်နေတုန်း ကျရှုံးပြီး နှင်ထုတ်ခံရတယ်။ နောက်ဆုံး ဆေးပညာမှာ နည်းနည်း အောင်မြင်လာလို့ ဆေးကောင်းတစ်လက် ဖော်စပ်ပြီး သောက်လိုက်ပါတယ် သေသွားတယ်’ ဒါတွေ အကုန်လုံးက မသေမချင်း ထပ်ဖြစ်နေမှာလား?”
စုရှင်း၏ နဖူးတွင် အရေးအကြာင်းများ ပေါ်နေသည်မှာ အစက သူသည် မူလ မသေမျိုး နယ်ပယ်သို့ တိုးတက်ရန် အတော်အတန် ယုံကြည်မှု ရှိနေခဲ့သောကြောင့် ဖြစ်သည်။ အထူးသဖြင့် ယခုတစ်ကြိမ်တွင် သူသည် မွေးရာပါ နတ်စွမ်းအင်နှင့် အစားမက်သူ ဘုရင်ဟူသော စွမ်းရည် နှစ်ခုကို ပိုင်ဆိုင်ထားသောကြောင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် ပျမ်းမျှ ကိုယ်ခန္ဓာ ကျင့်ကြံသူ တစ်ဦးထက် များစွာ သန်မာမည်မှာ သေချာသည်။ သို့သော် အဘယ်ကြောင့် သူသည် ခန္ဓာကိုယ် အတွင်းမှ ပေါက်ကွဲကာ သေဆုံးရသနည်း?
“ဒီလိုဆိုရင် မူလ မသေမျိုး နယ်ပယ်နဲ့ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်ကြားက ရုပ်ပိုင်းဆိုင်ရာ ခွန်အား ကွာခြားချက်က တကယ်ပဲ ဒီလောက် ကြီးမားတာလား။ မူလ မသေမျိုး ဆေးတွေက မူလ မသေမျိုး နယ်ပယ်က ကျင့်ကြံသူတွေရဲ့ ကျင့်ကြံမှု အဆင့်ကို မြှင့်တင်ဖို့ ရည်ရွယ်ထားတာ ဆိုတော့ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်က လူတစ်ယောက် အတွက် ဒါက အရမ်း များလွန်းနေလို့လား?”
ခဏလောက် စဉ်းစားပြီးနောက် စုရှင်းသည် သူ့ဘာသာသူ ရေရွတ်လိုက်သည်။
“ကောင်းချီးမြေတွေမှာက ဝိညာဉ်စွမ်းအင်က မလုံလောက်ဘူး။ မကြာမီ ကာလအတွင်း သန္ဓေတည် ဝိညာဉ်အဆင့် ပြီးပြည့်စုံခြင်း ဒါမှမဟုတ် နတ်ဘုရား အသွင်ပြောင်းခြင်း အဆင့်ကို တိုးတက်ဖို့က မဖြစ်နိုင်…ပိုပြီး သန်မာလာစေဖို့ ဝိဉာဉ်အာရုံနဲ့ ခန္ဓာကိုယ် ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်ခြင်းကသာ တစ်ခုတည်းသော ရွေးချယ်မှုဘဲ”
“ဒီတစ်ခါ မူလ မသေမျိုးဆေး သောက်လို့ သေသွားတာနဲ့ နောက်တစ်ခါမှလည်း သေမယ်လို့ ပြောလို့မှ မရတာ…ဘယ်လိုဖြစ်ဖြစ် ဒီသရုပ်ပြခြင်းထဲမှာ လီမီး နည်းစနစ်ကို အချိန် အများကြီးသုံးပြီး လေ့လာခဲ့တာဘဲ။ အစားမက်သူ ဘုရင် စွမ်းရည်ကိုပါ ထည့်တွက်လိုက်ရင် နောက်သရုပ်ပြခြင်းမှာ ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ပိုပြီး မြှင့်တင်နိုင်လောက် မလား?”
အတွေးများဖြင့် နစ်မျောနေသော စုရှင်းသည် ကိုယ်ခန္ဓာ ကျင့်ကြံခြင်း၏ တိုက်ခိုက်နိုင်စွမ်းသည် ဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်းထက် သုံးဆ ပိုမို အားကောင်းကြောင်း သိခဲ့သည်။
“ဒီ သရုပ်ပြခြင်းထဲမှာ ကမ္ဘာ ပျက်သုဉ်းမယ့် အချိန်က နောက်ထပ် သုံးနှစ်တောင် တိုးသွားတယ် ဆိုတာက အတော်လေးတော့ အံ့အားသင့်စရာ ကောင်းတယ်။ ဒီအတိုင်းဆိုရင် သရုပ်ပြခြင်း တစ်ခုစီက ကျင့်ကြံဖို့ နှစ်၂၀ကျော် ပေးတာနဲ့ ညီမျှတယ်ဆိုတော့ ငါ့ရဲ့ ထိရောက်မှုကိုလည်း နှစ်ဆ တိုးစေတယ်…”
“ဧရာမ သားရဲတွေ ရောက်ရှိလာမယ့် အချိန်ကို သုံးနှစ် ရွှေ့ဆိုင်းနိုင်ခဲ့တဲ့ အကြောင်းရင်းက လူသားမျိုးနွယ်ရဲ့ အင်အား တိုးလာတာအပြင် ဆင်းသက်ဂိုဏ်းကို ချေမှုန်းနိုင်ခဲ့တာနဲ့လည်း ဆက်စပ်မှု ရှိနိုင်တယ်။ ပြောရမယ်ဆိုရင် ဆင်းသက်ဂိုဏ်းက တိုင်းတစ်ပါးသားတွေရဲ့ လက်သည်းတွေနဲ့ တူတယ်။ အဲဒါကို ချေမှုန်းခြင်းအားဖြင့် ငါတို့က တိုင်းတစ်ပါးသားတွေရဲ့ တကယ့်ကမ္ဘာအပေါ် သက်ရောက်မှုကို သွယ်ဝိုက်ပြီး အားနည်းစေတာဘဲ”
စုရှင်းသည် နောက်လာမည့် အရာများတွင် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် ဤသရုပ်ပြခြင်းကို အကျဉ်းချုပ်ခဲ့သည်။
“နောက်ဆုံးအနေနဲ့ ကျင့်ကြံမှုနဲ့ ဆက်စပ်တဲ့ အဖြစ်အပျက်တွေကို စူးစမ်းလေ့လာဖို့ အတွက် အချိန်ဇယားဆွဲဖို့လည်း လိုတယ်။ ငါ မူလ မသေမျိုး နယ်ပယ်ကို တိုးတက်ပြီးရင်တော့ တစ်ခါလောက် စမ်းကြည့်လို့ရမှာဘဲ”
ဘယ်အချက်မှ ကျန်ခဲ့ခြင်း မရှိကြောင်း သုံးကြိမ်တိုင်တိုင် သေချာအောင် စစ်ဆေးပြီးနောက် စုရှင်းသည် ဤသရုပ်ပြခြင်း၏ ဆုလာဘ်များဆီသို့ အာရုံစိုက်လိုက်သည်။
[အစားမက်သူ ဘုရင်]: အပြာရောင် စွမ်းရည်၊ စွမ်းအင်မှတ် ၁၀၀,၀၀၀ တန်ဖိုး ရှိသည်။
[ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း နယ်ပယ်၏ ပြီးပြည့်စုံခြင်း]: ကိုယ်ခန္ဓာ ကျင့်ကြံမှု အဆင့်၊ စွမ်းအင်မှတ် ၁၀၀,၀၀၀ တန်ဖိုး ရှိသည်။
[နှစ်ဆယ့်သုံးနှစ်ကြာ ဆေးဖော်စပ်ခြင်း အတွေ့အကြုံ]: မူလ မသေမျိုးဆေး အဆင့်နိမ့် (အသေးစား အောင်မြင်မှု) အပါအဝင် ဆေးဖော်စပ်ခြင်းဆိုင်ရာ အသိပညာများ၊ စွမ်းအင် ၅၀၀,၀၀၀ တန်ဖိုး ရှိသည်။
[ဝိညာဉ်အာရုံ ရှစ်ဆယ်ကျန်း (အာရုံငါးပါး နယ်ပယ်)]: ဤနယ်ပယ်တွင် ဝိညာဉ်အာရုံသည် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာနှင့် အထိအတွေ့ဟူသော အာရုံငါးပါးကဲ့သို့ဖြစ်ပြီး ရှစ်ဆယ်ကျန်းအတွင်းရှိ လေတိုက်သံနှင့် မြက်ပင်တစ်ပင်၏ လှုပ်ရှားမှုကိုပင် သိရှိနိုင်စွမ်း ရှိသည်၊ သရုပ်ပြခြင်း စွမ်းအင် ၃၀၀,၀၀၀ တန်ဖိုး ရှိသည်။
[လီမီးနည်းပညာ (အငယ်တန်းအဆင့် အောင်မြင်မှု)]: ဒဏ္ဍာရီလာ သတ္တဝါ ဇာမဏီငှက်ကို လေ့လာပြီး အင်အားကြီးမားသော သတ္တဝါများ ဖန်တီးထားသည့် နတ်ဘုရား လက်နက်တစ်ခု ဖြစ်သည်။ နူးညံ့သိမ်မွေ့နိုင်သလို အလွန်လည်း ကြမ်းတမ်းနိုင်သည်။ သမုဒ္ဒရာများကို ဆူပွက်စေနိုင်သော စွမ်းရည်နှင့် ဆေးဖော်စပ်ရာတွင် အသုံးဝင်မှုတို့ကြောင့် ကျင့်ကြံမှု ကမ္ဘာတွင် ရှားပါးပြီး တောင့်တအပ်သော နတ်ဘုရား လက်နက် တစ်ခု ဖြစ်သည်။ အငယ်တန်း အောင်မြင်မှု အဆင့်ရှိ အသိပညာများ၊ စွမ်းအင်မှတ် ၁,၀၀၀,၀၀၀ တန်ဖိုး ရှိသည်။
ဆုလာဘ်များကို မြင်သောအခါ စုရှင်းသည် စဉ်းစားသွားသည်။
“အစားမက်သူ စွမ်းရည်ကို ငါရွေးချယ်ရမယ် ဆိုတာတော့ သေချာတယ်၊ ဘာပဲဖြစ်ဖြစ် ဒါက ငါ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်ရဲ့ အမြင့်ဆုံး အဆင့်ကို မြှင့်တင်ပေးတာနဲ့ အတူတူပဲ ဆိုတော့ တကယ်ကို ရှားပါးတဲ့ စွမ်းရည်”
“ဆေးဖော်စပ်ခြင်း အတွေ့အကြုံနဲ့ အငယ်တန်း အောင်မြင်မှု အဆင့်ရှိ လီမီးနည်းပညာအတွက်က…”
များစွာ မဆိုင်းမတွဘဲ စုရှင်းသည် တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။
“ငါ အစားမက်သူ ဘုရင် စွမ်းရည်နဲ့ အငယ်တန်း အောင်မြင်မှု အဆင့်ရှိ လီမီးနည်းပညာကို ရွေးမယ်!”
နောက်ဆုံး ကျန်သည့် အရာမှာ ကုန်ကျစရိတ် ကိစ္စသာ ဖြစ်သည်။ စုရှင်းသည် လီမီး နည်းပညာ အငယ်တန်း အောင်မြင်မှု အဆင့်သို့ ရောက်ရှိရန် နှစ်နှစ်ဆယ်နီးပါး ကြာခဲ့သည်။ ယခုတစ်ကြိမ်တွင် ၎င်းကို မရွေးချယ်ပါက နောက်တစ်ကြိမ် သရုပ်ပြခြင်းတွင် ဤအရာ အတွက် အချိန်ကုန်ခံရမည် ဖြစ်သောကြောင့် တစ်ခါတည်း တန်း ရွေးချယ်လိုက်ခြင်းက ပိုကောင်းသည်။
ထို့အပြင် အငယ်တန်း အောင်မြင်မှု အဆင့်ရှိ လီမီးနည်းပညာဖြင့် စုရှင်းသည် ဆေးအသစ်များကို လေ့လာရန် ပိုမို လွယ်ကူလာမည် ဖြစ်သည်။
သရုပ်ပြစက်၏ အချက်ပြသံသည် စုရှင်း၏ နားထဲတွင် ပေါ်လာသည်။
[သင်၏ စွမ်းရည် နေရာလွတ်များ ပြည့်နေပြီ ဖြစ်သည်။ နောက်ထပ် စွမ်းရည် နေရာလွတ် တစ်ခု တိုးချဲ့ရန် သရုပ်ပြခြင်း စွမ်းအင် ၁၀,၀၀၀ သုံးစွဲနိုင်ပါသည် သို့မဟုတ် သီးခြား စွမ်းရည်တစ်ခုကို အစားထိုးရန် စွမ်းအင် ၁၀၀,၀၀၀ သုံးစွဲနိုင်သည်!]
“ဘယ်လိုဖြစ်တာလဲ၊ စွမ်းရည် နေရာလွတ်တစ်ခု တိုးချဲ့ဖို့ စွမ်းအင် ၁၀,၀၀၀ ပဲ ကုန်ကျပြီး သီးခြား အစားထိုးဖို့ကျတော့ စွမ်းအင် ၁၀၀,၀၀၀ တောင် လိုအပ်တယ်ဆိုတော့ ဒါကြီးက သိသာနေတဲ့ ရွေးချယ်မှုကြီး မဟုတ်ဘူးလား။”
စုရှင်းသည် မျက်လုံးများကို လှန်ကြည့်ကာ ရေရွတ်လိုက်သည်။
“နောက်ထပ် စွမ်းရည် နေရာလွတ် တစ်ခု တိုးချဲ့ဖို့ ရွေးမယ်!”
[နောက်ထပ် စွမ်းရည် နေရာလွတိတစ်ခု ရရှိသွားသည့် အတွက် ဂုဏ်ယူပါတယ်၊ စွမ်းအင်မှတ် ၁၀,၀၀၀ သုံးစွဲပြီး သင့်တွင် သရုပ်ပြ စွမ်းအင် ၁,၄၉၁,၈၈၈ မှတ် ကျန်ရှိပါသည်]
[အပြာရောင် စွမ်းရည် အစားမက်သည့် ဘုရင်ကို ရွေးချယ်တဲ့အတွက် ဂုဏ်ယူပါတယ်၊ စွမ်းအင်မှတ် ၁၀၀,၀၀၀ သုံးစွဲပြီး သင့်တွင် စွမ်းအင် ၁,၃၉၁,၈၈၈ မှတ် ကျန်ပါသည်]
[လီမီးနည်းပညာ (အငယ်တန်း အောင်မြင်မှု) ကို ရွေးချယ်တဲ့အတွက် ဂုဏ်ယူပါတယ်၊ စွမ်းအင်မှတ် ၁,၀၀၀,၀၀၀ သုံးစွဲပြီး သင့်တွင် စွမ်းအင် ၃၉၁,၈၈၈ မှတ် ကျန်ရှိပါသည်]
စုရှင်း၏ နားထဲတွင် အချက်ပြသံ ပေါ်လာသည်နှင့် တစ်ပြိုင်နက် နက်နဲသော စွမ်းအင်နှစ်ခုသည် စုရှင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။
ပထမဦးစွာ စုရှင်းသည် လီမီး နည်းပညာကို လေ့ကျင့်ခဲ့သော အတိတ်မှ မှာတ်ဉာဏ်များစွာ သူ၏စိတ်ထဲတွင် ပေါ်လာသည်ဟု ခံစားလိုက်ရသည်။
၎င်းတို့သည် သရုပ်ပြခြင်း အတွင်း လွန်ခဲ့သော နှစ်နှစ်ဆယ်က မြင်ကွင်းများ ဖြစ်ပြီး သူသည် နေ့စဉ်နှင့်အမျှ လီမီးနည်းပညာကို ကြိုးစားပမ်းစား လေ့ကျင့်ခဲ့သည်။
မှတ်ဉာဏ်များကို မှတ်သားပြီးနောက် စုရှင်းသည် သူ၏ လီမီးနည်းပညာတွင် လျှို့ဝှက်ဆန်းကြယ်သော ပြောင်းလဲမှုအချို့ ဖြစ်ပေါ်လာသည်ဟု ခံစားလိုက်ရသည်။
စိတ်ထဲ တွေးလိုက်သည်နှင့် စုရှင်း၏ လက်ထဲတွင် လက်ဝါးလောက် ရှိသော မီးတောက်တစ်ခု ပေါ်လာသည်။ ယခင်က အရောင် ဖျော့တော့သော အနီရောင် လီမီးနှင့် နှိုင်းယှဉ်ပါက အငယ်တန်း အောင်မြင်မှု အဆင့်ရှိ လီမီးနည်းပညာသည် ပိုမိုနက်နဲပြီး တောက်ပကာ မီးတောက်မှ ပြင်းထန်သော အပူရှိန်များ ထွက်ပေါ်နေသည်။
စုရှင်းသည် သူ၏ သိုလှောင်လက်စွပ်မှ အပြာရောင် အဆင့်ရှိ ကိရိယာတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုကဲ့သို့သော ကိရိယာသည် ခိုင်ခံ့ပြီး ရွှေအဆင့်ရှိ ကျွမ်းကျင်ပညာရှင်များပင် အလွယ်တကူ ဖျက်ဆီးနိုင်မည် မဟုတ်ပေ။
စိတ်ထဲက တွေးလိုက်သည်နှင့် လီမီးသည် အပြာရောင် ကိရိယာကို ထိလိုက်ကာ စက္ကန့်အနည်းငယ်အတွင်းမှာပင် အပြာရောင်အဆင့်ရှိ ရင်ဘတ်ပြားသည် အရည်ပျော်သွားသည်။
“ဟ ဒီလီမီးရဲ့ အစွမ်းက ငါထင်ထားတာထက် ပိုကြီးတာဘဲ…”
စိတ်လှုပ်ရှားနေသော စုရှင်းသည် လီမီးကို တိုက်ခိုက်သည့် နည်းလမ်းအဖြစ် အသုံးပြုမည်ဆိုပါက မာစတာအဆင့် ရှိသူများပင် ချက်ချင်း သေဆုံးနိုင်ပြီး ဂရန်းမာစတာအဆင့်ရှိ ကျင့်ကြံသူများပင် ၎င်းတို့၏ အသားအရေသည် ခံနိုင်မည် မဟုတ်ဟု တွေးလိုက်သည်။
“နောက်ဆုံးတော့ ငါ့မှာ တော်တော်ကောင်းတဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေ ရလာပြီ!”
စုရှင်းသည် စိတ်လှုပ်ရှားသွားသည်။ လီမီးနည်းပညာသည် နတ်ဘုရား လက်နက်အဆင့်သို့ မရောက်သေးသော်လည်း အားကောင်းသော တိုက်ခိုက်ရေး နည်းလမ်းတစ်ခုအဖြစ် သေချာပေါက် သတ်မှတ်နိုင်သည်။ ကျင့်ကြံသူ တစ်ဦး၏ စွမ်းရည်များနှင့် နှိုင်းယှဉ်ပါက ၎င်းသည် အနည်းဆုံး S-အဆင့် စွမ်းရည်တစ်ခု ဖြစ်မည်မှာ သေချာသည် မဟုတ်ပါလား။
လီမီးနည်းပညာကို ရရှိထားသော သန္ဓေတည် ဝိညာဉ်အဆင့်သို့ ဝင်ရောက်စ ပြုနေသည့် စုရှင်းသည် ဂရန်းမာစတာ အဆင့်ရှိသူများ ကြားတွင် မည်သူမျှ မယှဉ်နိုင်ဟု သတ်မှတ်နိုင်သည်။ သူ၏ ကိုယ်ခန္ဓာ ကျင့်ကြံမှု အဆင့်သည် မူလ မသေမျိုး နယ်ပယ်သို့ တိုးတက်လာပါက ဂရန်းမာစတာနှင့် ကောင်းကင်ဘုံ ဘုရင်အဆင့်ကြားတွင် ကြီးမားသော ကွာခြားချက် ရှိသော်လည်း သာမန် ကောင်းကင်ဘုံ ဘုရင်အဆင့်ရှိ ကျင့်ကြံသူများပင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။
“ဒီအပြာရောင် ကိရိယာကို မဖြုန်းတီးသင့်ဘူး၊ ဒါတွေအားလုံးက စွမ်းအင်တွေပဲကို!”
စုရှင်းသည် သူ့ဘာသာသူ ရေရွတ်လိုက်သည်။ ဘာမှ မဖြုန်းတီးဘဲ ချွေတာမည် ဟူသော မူကို စွဲကိုင်ကာ သူသည် အရည်ပျော်သွားသော အပြာရောင် ကိရိယာကို စွမ်းအင်အဖြစ် စုပ်ယူလိုက်သည်။ ထိုအခါ သရုပ်ပြခြင်း စွမ်းအင် အမှတ်လေးရာ တိုးလာခဲ့သည်။
စုရှင်းသည် သူ၏ လက်ဝါးထဲရှိ လီမီးကို ကြည့်ပြီး အခြားလက်ဖြင့် ထိကြည့်လိုက်သည်။ သူ၏ လက်ချောင်းထိပ်များတွင် နူးညံ့သော နွေးထွေးမှုကိုသာ ခံစားရကာ နာကျင်မှု လုံးဝမရှိပေ။
“ဝိုး ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်တဲ့ မီးတောက်လဲ။ အရမ်း ကြီးမားတဲ့ အစွမ်းရှိပေမယ့် သူ့သခင်ကိုကျ ဘာမှ မထိခိုက်ဘူး”
စုရှင်းသည် သက်ပြင်းချကာ ကလေးတစ်ယောက်က အရုပ်အသစ်နှင့် ကစားသကဲ့သို့ လီမီးနှင့် ဆော့ကစားနေပြီး ခဏအကြာတွင်မူ မသိမ်းချင် သိမ်းချင်ဖြင့် သိမ်းလိုက်သည်။
“ဒါပေမယ့် ဒီအငယ်တန်း အောင်မြင်မှု အဆင့်ရှိ လီမီးက တကယ်ကို ဝိညာဉ်စွမ်းအင် အများကြီး သုံးတာပဲ။ နာရီဝက်အတွင်းကို ငါ့ရဲ့ ဝိညာဉ်စွမ်းအင် ဆယ်ပုံတစ်ပုံ ကုန်သွားပြီ… ပြီးတော့ ဒါက လီမီးနည်းပညာရဲ့ အစွမ်း အပြည့်ကိုတောင် မထုတ်လွှတ်ရသေးဘူး။ အစွမ်းအပြည့်သာ ထုတ်လွှတ်မယ်ဆိုရင် ဝိညာဉ်စွမ်းအင် သုံးစွဲမှုက ခံနိုင်ရည်ရှိမှာ မဟုတ်လောက်ဘူး!”
စုရှင်းသည် စေ့စေ့စပ်စပ် စဉ်းစားနေသည်။ သာမန် မှော်ပညာတစ်ခုဆိုလျှင် သူသည် ဝိညာဉ်စွမ်းအင် မကုန်ဘဲ တစ်နေကုန် သုံးနိုင်သော်လည်း လီမီး နည်းပညာသည် ထူးခြားသော မူလဇာစ်မြစ်နှင့် ကြီးမားသော အစွမ်းရှိသောကြောင့် စွမ်းအင်ပိုမို သုံးစွဲမည်မှာ သဘာဝပင်။
“ဒါပေမယ့် ဒါက တန်ပါတယ်။ လီမီး နည်းပညာနဲ့ဆိုရင် ငါ့ကိုယ်ငါ ကာကွယ်နိုင်ရုံတင် မကဘူး၊ သရုပ်ပြခြင်းထဲမှာ အဆင့်မြင့် ဆေးတွေကိုလည်း ဖော်စပ်နိုင်တယ်”
ထိုအခါမှ စုရှင်းသည် ဗိုက်ဆာနေကြောင်း၊ သူ၏ အစာအိမ်သည် အဆက်မပြတ် ဆန္ဒပြနေကြောင်း သတိပြုမိသည်။
“ကျွတ် ကျွတ်၊ ဒီအစားမက်သည့် ဘုရင်က တကယ်ကို အစားအသောက် ကြိုက်တဲ့ စွမ်းရည်ပဲ! ငါ့အိမ်မှာ မြေဧက အနည်းငယ်လောက်သာ မရှိရင် တကယ်ကို စားဖို့ တတ်နိုင်မှာ မဟုတ်ဘူး!”
…