← Chapters

အခန်း (၁၁-၂၀)

Vol. 7 Ch. 11-20

အခန်း (၁၁-၂၀)

Vol. 7 Ch. 11-20

Vol 7 အခန်း ၁၁။ စိုင်စ်နယ်မြေကြီး၏ မှော်စက်မှုညီလာခံ

သက္ကရာဇ် ၃၈၉၃ခုနှစ်၏ အောက်တိုဘာလမှာလည်း ယခင်နှစ်များနှင့် မခြားပေ။ နယ်မြေကြီး၏ တောင်ပိုင်းရှိ ဘန်တာမြို့တော်၌ နွေရာသီ၏ အပူရှိန် အနည်းငယ်သာ ကျန်ရစ်တော့ပြီး အစောပိုင်း ဆောင်းဦးရာသီ၏ ချမ်းစိမ့်မှုက ဝင်ရောက်လာကာ မြို့တော်၏ ရာသီဥတုကို အတော်လေး သာယာစေသည်။

ဤတောက်ပပြီး လန်းဆန်းဖွယ် ဆောင်းဦးနေ့ရက်များမှာ လူများအတွက်‌ တွေ့ဆုံပွဲများ ကျင်းပဖို့ သဘာဝကျစွာပင် သင့်တော်လှသည်။

နယ်မြေကြီး၌ ဆောင်းဦးရာသီတွင် မိသားစုအလိုက် သွားတတ်ကြသော နေရာများစွာရှိပြီး ၎င်းတို့မှာ ထိုနေရာများတွင် အနီ၊ အဝါရောင်သို့ ပြောင်းသွားကြသည့် အရွက်စိမ်းများရှိရာ မြင်ကွင်းကို ကြည့်ရှုတတ်ကြသည်။

ဘန်တာမြို့တော်သားများအတွက် ဤသည်က မြို့တော်တဝှမ်း နှစ်စဉ် စက်ဘီးပြိုင်ပွဲကျင်းပဖို့ အချိန်ဖြစ်ပြီး ၎င်းမှာ ဘန်တာမြို့တော်အတွက် ပွဲတော်တစ်ခု ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပြီပင်။

လူများစွာက စက်ဘီးပြိုင်ပွဲများကို နှစ်ခြိုက်ကြပြီး လေ့ကျင့်ဖို့ အချိန်အနည်းငယ်မျှ ဖယ်ထားကာ ပြိုင်ပွဲ၌ ရလာဒ်ကောင်းများ ရဖို့ကြိုးစားတတ်ကြသည်။

ဤနှစ်မှာ ဆယ်နှစ်ပြည့်နှစ်ပတ်လည်ဟု သိရသည်၊ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ ဤပြိုင်ပွဲ၏ ဆုလာဘ်ကို ကြီးမားစွာ တိုးမြှင့်ခဲ့သည်။

“ဘန်တာတိုင်းမ်စ်” အရ ဤနှစ် စက်ဘီးပြိုင်ပွဲ၏ ချန်ပီယံဖြစ်လာမည့်သူမှာ တစ်ဦးတည်းနှင့် ရွှေဒင်္ဂါးတစ်ထောင်ရရှိမည်ဖြစ်သည်!

ဘန်တာမြို့တော်၏ ပျမ်းမျှလစာမှာ အချိန်ကြာလေ တိုးလာလေဖြစ်သော်လည်း ရွှေဒင်္ဂါးတစ်ထောင်က အင်မတန် စွဲမက်လောက်ဖွယ် ဆုကြေးဖြစ်နေဆဲပင်။

ထို့အပြင် ၎င်းတို့ မရနိုင်ပါလျှင်တောင် ဒုတိယဆုမှာ ရွှေဒင်္ဂါး ငါးရာဖြစ်ကာ တတိယမှာ ရွှေဒင်္ဂါးသုံးရာဖြစ်သည်။

စတုတ္ထမှ ဒဿမနေရာတို့သည်ပင် ရွှေဒင်္ဂါး တစ်ရာဖြစ်ပြီး အဆင့် ၁၁မှ ၁၀၀အထိကမူ နှစ်သိမ့်ဆု ရွှေဒင်္ဂါး နှစ်ဆယ်ကို ရရှိမည်ဖြစ်၏။

၎င်းတို့မှာ ထိပ်ဆုံးအဆင့်တစ်ဆယ်ကို မရနိုင်ပါလျှင်တောင် အဆင့်၁၀၀အတွင်း ဆုကြေး ရွှေဒင်္ဂါးနှစ်ဆယ်မှာ လူအများစုအတွက် တစ်လ, လုပ်အားခနှင့် ညီမျှနေသည်မဟုတ်ပါလား?

ဘန်တာမြို့တော်သားများ Frestech စက်ဘီးပြိုင်ပွဲကို စိတ်လှုပ်ရှားနေစဉ်တွင် ဘန်တာမြို့တော်ရှိ အခြားပွဲကို စိတ်လှုပ်ရှားနေသူတစ်စုလည်းရှိသည်။

စိုင်စ်နယ်မြေကြီး၏ မှော်စက်မှုညီလာခံ။ ၎င်းက ထူးဆန်းသည့် နာမည်တစ်ခုဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်းက မှော်စက်လုပ်ငန်းအတွက် ကျင်းပသည့် စုဝေးမှုတစ်ခုပင်။

ဖိတ်ကြားခံရသူများမှာ နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့် ကုမ္ပဏီအသီးသီးမှ ကိုယ်စားလှယ်များဖြစ်သည်။ ဆွေးနွေးညှိနှိုင်းကြမည့်အရာမှာ အခြားမဟုတ်ဘဲ မှော်စက်လုပ်ငန်းနှင့် ဆက်စပ်နေသည်။

Frestech ကုန်သည်ကြီးများအသင်းသည် လွန်ခဲ့သည့်ငါးနှစ်ခန့်က ဤညီလာခံကို ပထမဆုံးအကြိမ် လက်ခံကျင်းပသည့်အခါ နိုင်ငံပေါင်း ဆယ်နိုင်ငံနှင့် ကုမ္ပဏီနှစ်ဆယ်အောက်ကို ဖိတ်ကြားခဲ့သည်။ အခြားကုမ္ပဏီများဟာ ဤညီလာခံက ဘာဆိုသည်ကို မသိသည့်အတွက် ၎င်းတို့က အရေးမကြီးပါချေ။။

လေးနှစ်ကြာပြီးနောက်၊ Frestech ကုန်သည်ကြီးများအသင်းသည် ဤညီလာခံမှတစ်ဆင့် မှော်စက်လုပ်ငန်းနှင့်ပတ်သက်သည့် အရေးကြီးသောအချက်အချို့ကို ကြေညာမည်ဖြစ်ကြောင်း နယ်မြေကြီးရှိ နိုင်ငံများနှင့် ကုမ္ပဏီများအားလုံးကို အသိပေးခဲ့သည်။ ဤညီလာခံကို ရောက်လာသည့် ကိုယ်စားလှယ်တွေနှင့်လည်း ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးကြမှာဖြစ်ရာ နိုင်ငံနှင့် ကုမ္ပဏီများအားလုံးက ဤညီလာခံသို့ ကိုယ်စားလှယ်များအား စေလွှတ်စေချင်နေသည်။

သို့သော်လည်း Frestech ကုန်သည်ကြီးများအသင်း၌ နှစ်စဉ်ပါဝင်သူအရေအတွက် တိုးလာသော်လည်း ကန့်သတ်ချက်ရှိနေဆဲဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းမှ ဖိတ်ကြားခံရခြင်းသည် လူတစ်ဦး၏ကျွမ်းကျင်မှုအပေါ် မူတည်ပါ၏။

ထို့ကြောင့် ယခုအချိန်တွင် ဤညီလာခံသို့ ဖိတ်ကြားခြင်းခံရခြင်းသည် နိုင်ငံအားလုံးနှင့် နယ်မြေကြီးရှိ မှော်စက်ကုမ္ပဏီများအားလုံး၏ အိပ်မက်ဖြစ်လာခဲ့သည်။

ဖိတ်ကြားခြင်းမခံရသော နိုင်ငံများနှင့် ကုမ္ပဏီများသည် ၎င်းတို့၏ ကိုယ်စားလှယ်များကို ဘန်တာမြို့တော်သို့ စေလွှတ်ပြီး အခြားသော ကိုယ်စားလှယ်အချို့နှင့် သိရှိကာ အခွင့်အလမ်းများ ရရှိနိုင်ရန် မျှော်လင့်နေကြသည်။

လုပ်ထုံးလုပ်နည်းအပေါ် အခြေခံ၍ ညီလာခံကို အောက်တိုဘာလ ၃ရက်မှ ဆယ်ရက်နေ့အထိ တစ်ပတ်လုံးကြာအောင် ကျင်းပခဲ့ပြီး Frestech စက်ဘီးပြိုင်ပွဲ မစတင်မီတွင် ပြီးဆုံးခဲ့သည်။

ထို့ကြောင့် အောက်တိုဘာလရောက်သည်နှင့် ဘန်တာမြို့ဟာ နိုင်ငံအသီးသီးက လူများနှင့် ပြည့်နှက်နေခြင်းဖြစ်လိမ့်မည်။ အလွန်ချမ်းသာသော ဤဘန်တာမြို့သည် ပို၍သက်ဝင်လှုပ်ရှားလာမည်ဖြစ်သည်။

အမ်ရစ်ကုန်သည်ကြီးများအသင်း ဦးဆောင်သော ကုမ္ပဏီအများအပြားသည် မြို့သစ်အပိုင်းတွင် အနည်းဆုံး အထပ်ခုနစ်ထပ်မြင့်သော ဟိုတယ် ၁၃ လုံး ဆောက်လုပ်ထားပြီးဖြစ်သော်လည်း၊ အနယ်နယ် အရပ်ရပ်ကလာသည့် ဧည့်သည်များဖြင့် ပြည့်နေကာ အခန်းတစ်ခန်းကို ငွေနှစ်ဆပေးလျှင်တောင် မရပါချေ။

ထို့ကြောင့် နိုင်ငံသားများသည် ပြဿနာအများစုကို ဖြေရှင်းပေးသည့်အနေဖြင့် သာမာန်အိမ်တွင် ဤဧည့်သည်များကို နှစ်တိုင်း တည်းခိုခွင့်ပေးသည်။

သို့သော်လည်း စိုင်စ်နယ်မြေကြီး၏ မှော်စက်မှုညီလာခံကြောင့် နှစ်စဉ်လာရောက်သူ အများအပြားကို မကိုင်တွယ်နိုင်သေးပေ။ ဤနှစ် ဤအချိန်သို့ရောက်သောအခါ၊ ဘန်တာမြို့တော်၏ မြို့စားအိမ်တော်သည် မဖွံ့ဖြိုးသေးသော မြို့ အရှေ့မြောက်ဘက်တွင် နေရာအသစ်တစ်ခုကို ဖယ်ထားကာ ရိုးရှင်းသော အစီအစဉ်အချို့ကို တည်ဆောက်ခဲ့သည်။

၎င်းက ဤပြဿနာကို ယာယီသာ ဖြေရှင်းနိုင်သည်ဟု ဆိုနိုင်သည်။ ညီလာခံကို တစ်နှစ်ထက်တစ်နှစ် တိုးချဲ့လာသည်နှင့်အမျှ တက်ရောက်လာသူတွေ ပိုများလာမည်သာ။

၎င်းတို့က ဒီနှစ်မှာ ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း နောက်နှစ်၌ ပြေလည်နိုင်မည်ဟု မဆိုလိုပါချေ။

"ဥက္ကဌရှု ၊ နှစ်တိုင်း ဒီလိုအချိန်မျိုးရောက်ရင် မင်းကို ကျေးဇူးတင်ရမလား ညည်းညူရမလားတောင် မသိတော့ဘူး......"

လက်ရှိ ဘန်တာမြို့တော်၏ မြို့စားကောင့်ထ်ဆယ်လင်းသည် လက်ဖက်ရည်သောက်ရင်း သူ့ရှေ့တွင် အေးအေးလူလူ ထိုင်နေသော ရှုယီကို ကြည့်ရင်း ခါးသီးသော အပြုံးဖြင့် ခေါင်းယမ်းသည်။

“ကျုပ်တို့ ဘန်တာမြို့တော်ရဲ့ သာယာဝပြောမှုကို အထောက်အကူဖြစ်စေမယ့်သူတွေ အများကြီးရှိပေမယ့်၊ နှစ်တိုင်း ဒီလိုအချိန်တွေရောက်လာတဲ့အခါ ဧည့်သည်တွေနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာကို စဉ်းစားဖို့ ဦးနှောက်ကို လှောင်ထားရတယ်။ တကယ်ကို ခေါင်းကိုက်နေတာ။"

ရှုယီက သူ့လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ဖျတ်ခနဲ ပြုံးပြကာ ဆိုသည်၊ "အရှင်၊ ဒါက ဘန်တာမြို့တော်ရဲ့ ဂုဏ်အသရေပဲလေ။ ဘန်တာမြို့တော်ကလွဲလို့ ဒီလိုလူတွေ ဝိုင်းအုံလာနိုင်တဲ့ တခြားမြို့တွေ ရှိဦးမလား စဉ်းစားကြည့်ပါဦး။"

ကောင့်ထ် ဆယ်လင်းက သိသိသာသာပင် မစဉ်းစားဘဲ ပြောလိုက်သည်၊ "ညီလာခံကို အစကတည်းက တခြားနေရာမှာ ထားထားမယ်ဆိုရင် ဒီလိုစိုးရိမ်စရာတွေ မရှိဘူးလို့ ကျုပ်အာမခံနိုင်တယ်"

“နောက်နှစ်မှာ နေရာကိုပြောင်းမယ်ဆိုရင်ရော? ” ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ပြောသည် ။ “ဘာပဲဖြစ်ဖြစ် ဒီအကြောင်း ပြောဖူးတဲ့သူတွေ အများကြီးရှိတယ်။ ဘန်တာမြို့တော်က သူတို့နိုင်ငံတွေနဲ့ ဝေးလွန်းလို့ အဆင်မပြေနိုင်တာကြောင့် ညီလာခံကျင်းပမယ့်နေရာကို ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်နေကြတာ။"

“မေ့ထားလိုက်တာပေါ့……” ကောင့်ထ် ဆယ်လင်းက သူ့လက်ကို အမြန်ဝှေ့ယမ်းပြီး အပြုံးဖြင့် ပြောသည် ။ " ဒုက္ခများပေမယ့် ကျုပ်တို့ ဘန်တာမြို့တော်ရဲ့ အကျိုးကျေးဇူးတွေနဲ့ ယှဉ်ရင် ဒီဒုက္ခက ဘာမှ အရေးမပါ,ပါဘူး။"

"တကယ်အဲ့လိုထင်လား" ရှုယီသည် ကောင့်ထ် ဆယ်လင်းကိုမျက်လုံးများ မှေးစင်းလျက် ကြည့်လိုက်၏။

“အင်း! ထင်တယ်!" ကောင့်ထ် ဆယ်လင်းသည် အလွန်စိတ်ရင်းမှန်ဖြင့် ခေါင်းညိတ်ပြသည်။

တကယ့်ဟာသပဲ။ Frestech ကုန်သည်ကြီးများအသင်းသာ နေရာအမှန်တကယ်ပြောင်းလဲခဲ့ပါက ညီလာခံအတွင်း ကြီးမားသောအမှာစာများအပေါ် အားကိုးနေရသော ဘန်တာမြို့တော်၏ မှော်စက်ကုမ္ပဏီများက ဘာလုပ် နေရတော့မည်နည်း။

အကယ်၍ ၎င်းတို့သာ ဤညီလာခံကို ဆုံးရှုံးခဲ့ပါက၊ ဘန်တာမြို့တော်သည် နှစ်စဉ်အခွန်ဝင်ငွေဖြင့် အနည်းဆုံး ရွှေဒင်္ဂါးတစ်သန်းဆုံးရှုံးမည်ဖြစ်သည်။

ရှုယီသည် ကောင့်ထ် ဆယ်လင်း၏ မျက်နှာကိုကြည့်ကာ သက်ပြင်းတစ်ချက်ချရင်း ရုတ်တရက် ခေါင်းယမ်းလိုက်သည်။

“တကယ်တမ်း ရိုးရိုးသားသားပြောရရင် သခင် ကောင့်ထ်၊ ခင်ဗျား မပြောခဲ့ရင်တောင် ဒီညီလာခံကျင်းပမယ့်နေရာကို နောက်နှစ်မှာ ပြောင်းရလိမ့်မယ်။”

"ဟမ်?" ကောင့်ထ် ဆယ်လင်းက အံ့အားသင့်သွားပြီး မေးလိုက်၏၊ "ဘာလို့လဲ။ ဥက္ကဋ္ဌ ရှု၊ ကျုပ်တို့ ဘန်တာမြို့တော်မှာ တစ်ခုခု မှားနေလို့လား။ နေရာကို ဘာကြောင့် ပြောင်းချင်တာလဲ။ ကျုပ်ရဲ့ အခုမက မကျေနပ်ချက်တွေဟာ ဟာသသက်သက်ပဲ၊ အထင်မလွဲပါနဲ့!"

"မဟုတ်ဘူး၊ အဲဒါက ခင်ဗျားနဲ့မဆိုင်ပါဘူး၊ ဘန်တာမြို့တော်မှာ ဘာပြဿနာမှမရှိဘူး။ အကြောင်းကတော့ နည်းနည်းတော့ ပြောင်းလဲသင့်တယ်ထင်လို့…” ရှုယီက လေးလေးနက်နက် အကြည့်ဖြင့်ပြော၏၊ "ပထမတော့ ဒီညီလာခံကို ကျွန်တော် ကျင်းပတုန်းက စိုင်စ်မြို့နယ်ကြီးမှာရှိတဲ့ မှော်စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဖို့ပဲ၊ ဒါကြောင့် အမြဲတမ်း တစ်နေရာတည်းမှာ ခြေကုပ်ယူထားရတာ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ဘန်တာမြို့တော်မှာ ဘာကြောင့်ကျင်းပခဲ့တာလဲဆိုတာကို သခင် ကောင့်ထ် သိလောက်မယ်ထင်ပါတယ်"

ကောင့်ထ် ဆယ်လင်းသည် အနည်းငယ် နှုတ်ဆိတ်နေပြီး သက်ပြင်းချလိုက်၏၊ "ကျုပ် နားလည်ပါတယ်၊ ဥက္ကဋ္ဌ ရှုက အတွေးအခေါ်ကောင်းတဲ့ လူတစ်ယောက်ပါ"

“မှန်ပါတယ်၊ ဘန်တာမြို့တော်က ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို စတင်တည်ထောင်ခဲ့တဲ့နေရာမို့ ကျုပ်နှလုံးသားထဲမှာ အထူးနေရာတစ်ခုရှိပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဒီနေရာမှာ ညီလာခံကျင်းပဖို့ ဆုံးဖြတ်တော့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနှင့် မနီးတဲ့နေရာဖြစ်နေတာက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ လူတိုင်းနှင့် ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း ပြသဖို့အပြင်ကို အဓိက အနေနဲ့ကတော့ ဒီနေရာနဲ့ပတ်သက်ပြီး အထူးသဘောထားရှိလို့ပါပဲ။”

"ဒါဆို...ဒီမှာပဲ အမြဲတမ်း ခြေကုပ်ယူလို့မရနိုင်ဘူးပေါ့?"

"မရနိုင်ပါဘူး၊ ဒါပေမယ့် ဒါက အကောင်းဆုံးရွေးချယ်မှုတော့ မဟုတ်ပါဘူး။" ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။

ကောင့်ထ် ဆယ်လင်းက မျက်ခုံးကို အနည်းငယ်တွန့်ချိုးလိုက်ပြီး မေးလေ၏၊ "ဘုရင်မကြီးကရော ဒါကို သိလား"

"ကျုပ် ဒီအကြောင်း သူ့ကို အရင်ပြောပြခဲ့တယ်"

“ဒါဆို ဘုရင်မကြီး…”

"ခင်ဗျားကို အမိန့်ပေးထားတာ မရှိဘူးလား။"

ကောင့်ထ် ဆယ်လင်းသည် သက်ပြင်းတစ်ချက်ချပြီးနောက် အမူအရာ ပုံမှန်ပြန်ဖြစ်သွားသည် ။

"ကောင်းပါပြီ၊ ဒါက ဥက္ကဌရှုရဲ့ ဆုံးဖြတ်ချက်မို့ ကျုပ်မှာပြောစရာမရှိပါဘူး။ ဒါပေမယ့် ဥက္ကဌရှု၊ နောက်နှစ်ညီလာခံ ဘယ်မှာကျင်းပမယ်ဆိုတာကို ကြိုပြောနိုင်မလား။"

"မမျှော်လင့်ထားတဲ့အရာတွေသာ ဖြစ်မလာရင်၊ ဝင်မ်ဘယ်လ်ဒန် မြို့တော်မှာဖြစ်လောက်တယ်။"

"ကန်ဒရာအင်ပါယာရဲ့ မြို့တော် ဝင်မ်ဘယ်လ်ဒန် မြို့တော်လား? ကျုပ်က မာလိုအင်ပါယာရဲ့ မြို့တော် အိန်ဂျလို မြို့တော်ဖြစ်လိမ့်မယ်လို့ထင်ခဲ့တာ။”

“အဲဒါက နောက်နှစ်လောက်မှ ဖြစ်လိမ့်မယ်။”

ကောင့်ထ် ဆယ်လင်းသည် ထိုအကြောင်းကို တွေးပြီး စကားပြောခါနီးတွင် တံခါးခေါက်သံကြားလိုက်ရသည်။

ကောင့်ထ် ဆယ်လင်းလည်း မနေနိုင်အောင် မျက်မှောင်ကုပ်လိုက်၏။ သူသည် ဥက္ကဋ္ဌ ရှု နှင့် သီးသန့်စကားပြောဆိုနေမည်ဖြစ်သဖြင့် မည်သူမျှ နှောက်ယှက်ရန် ခွင့်မပြုကြောင်း လူတိုင်းကို ပြောခဲ့သည်။

သို့သော် ဤအချိန်မှာ တစ်စုံတစ်ယောက်ရောက်လာပါက ၎င်းမှာ အရေးကြီးသည်ပ အရာတစ်ခုအတွက် ဖြစ်လိမ့်မည်ဟု တွေးမိလိုက်၏။

၎င်းကိုတွေးပြီး သူက ရှုယီကို စူးစမ်းလိုစွာ ဦးဆုံးကြည့်လိုက်သည်။ ရှုယီ ခေါင်းညိတ်ပြသည်ကို မြင်သော် သူက ကျယ်လောင်သည့် အသံဖြင့် ပြောလိုက်ပါ၏၊ "ဝင်လာခဲ့ပါ"

တံခါးပွင့်လာပြီး မြို့စားအိမ်တော်၏မန်နေဂျာ ချီဇန့် မှ Frestech ကုန်သည်ကြီးများအသင်း၏ ယူနီဖောင်းဝတ်ဆင်ထားသူ နတ်သူငယ်တစ်ဦးကို ဦးဆောင်ကာ ဝင်လာခဲ့သည်။

ထိုလူကို မြင်လိုက်သော် ရှုယီ အနည်းငယ် အံ့သြသွားကာ မေးလေ၏၊ "စင်ဒီ၊ တစ်ခုခုဖြစ်သွားလို့လား"

စင်ဒီ အမည်ရှိ နတ်သူငယ် အမျိုးသမီးသည် ကောင့်ထ် ဆယ်လင်းကို ဦးတစ်ချက်ညွှတ်ကာ ရှုယီ အနားသို့ အမြန်သွား၍ အိတ်ထဲမှ စာရွက်စာတမ်းတစ်ခုကို ထုတ်ယူကာ ပေးလိုက်သည်။

“ဥက္ကဋ္ဌ၊ ဒါက ခုနက ထွက်လာတဲ့ အစီရင်ခံစာပါ၊ ကျေးဇူးပြုပြီး ကြည့်ပေးပါဦး”

ရှုယီသည် စာရွက်စာတမ်းကို သံသယဝင်ကာ အကြိမ်အနည်းငယ်ဖတ်ပြီးနောက် မျက်ခုံးကို ကုပ်ထားမိသည်။

သို့သော် ဖတ်ပြီးသည့်အခါ သူ့အမူအရာက ပုံမှန်ပြန်ဖြစ်သွားပါ၏။

"မြို့စားမင်း။" ရှုယီက ကောင့်ထ် ဆယ်လင်းထံကို လှည့်ပြီး ဆိုလေ၏၊ "ယာ့ရှ်နယ်မြေကိုလည်း ဒီတစ်ခါ ညီလာခံကို ဖိတ်ကြားထားပုံပဲ ဟုတ်တယ်မလား?"

ကောင့်ထ် ဆယ်လင်းအံ့သြသွားသည်။ သူသည် စားပွဲမှ စာရွက်ကိုယူ၍ ခေါင်းညိတ်ကာ ဖြေလိုက်ပါ၏ “ဟုတ်တယ်၊ ယာ့ရှ်နယ်မြေကို တကယ်ပဲဖိတ်ခေါ်ထားတော့ သူတို့က လူခုနစ်ယောက်ပါတဲ့ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့တယ်”

“ကောင်းပြီလေ။ သူတို့ကို ညီလာခံမှာ ပါဝင်ခွင့်ဆုံးရှုံးသွားကြောင်း အသိပေးဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက သူတို့ ယာ့ရှ်နယ်မြေနဲ့ ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ဖြတ်တောက်ပါမယ်လို့။”

"ဟမ်?" ကောင့်ထ် ဆယ်လင်းသည် ရှုယီကို အံ့သြနေဟန် အကြည့်ဖြင့် ကြည့်ကာ ဘာဖြစ်နေသည်ကို မသိတော့ပါချေ။

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၁၂။ သေဒဏ်ချမှတ်ခြင်း

ဤနှစ် စိုင်စ်နယ်မြေကြီး၏ မှော်စက်မှုညီလာခံမှာ နယ်မြေကြီး၏ နိုင်ငံများအားလုံး၊ နယ်မြေကြီးရှိ လူတိုင်းက အာရုံစိုက်နေကြသည့် ပွဲဖြစ်သည်။

ကြေငြာထားသည့် စာရင်းအရ Frestech ကုန်သည်ကြီးများအသင်းမှ ဖိတ်ကြားထားသည့် နိုင်ငံ ၅၇နိုင်ငံနှင့် ကုမ္ပဏီ ၂၆ခုရှိသည်။ ၎င်းနှင့်တင် တက်ရောက်လာသည့် လူပေါင်း ၂၀၀၀ကျော်ရှိပါ၏။

Frestech ကုန်သည်ကြီးများအသင်း၏ ဖိတ်ကြားမှုကို မရခဲ့သူများနှင့် စာရင်းထဲ မပါလာသည်က ထိုအရေအတွက်ကိုပင် ကျော်လွန်နေသည်။

တစ်ချိန်တည်းမှာပင် သတင်းစာအသီးသီးမှ သတင်းထောက်များအား ဤညီလာခံကို သတင်းယူရန် စေလွှတ်ထားသောကြောင့် လူတိုင်း၏မျက်လုံးများသည် ဤပွဲနှင့်ပတ်သက်ပြီး ဝိုင်းမဖွဲ့ဘဲမနေနိုင်ပေ။

ဤအာရုံစူးစိုက်မှုနှင့်အတူ၊ ညီလာခံမစတင်မီတစ်ရက်အလိုတွင် Frestech ကုန်သည်ကြီးများအသင်းမှ လူတိုင်း၏အာရုံကို လျင်မြန်စွာပျံ့နှံ့စေသည့်အရာတစ်ခုကို ကြေညာခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်း၏ စည်းလုံးရေးကော်မတီမှ ယာ့ရှ်နယ်မြေသည် တက်ရောက်ခွင့်ဆုံးရှုံးသွားကြောင်း ကြေငြာခဲ့သည်။ တစ်ချိန်တည်းတွင်၊ ယာ့ရှ်နယ်မြေသည် Frestech ကုန်သည်ကြီးများအသင်းမှကျင်းပသည့် မည်သည့်ညီလာခံသို့မဆို တက်ရောက်ရန်အခွင့်အရေးအားလုံးကို ဆုံးရှုံးလိမ့်မည်။

အဤသတင်း ပြန့်သွားသည့်အခါ ချက်ချင်းဆိုသလို ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။

စိုင်စ်နယ်မြေကြီး၏ မှော်စက်မှုညီလာခံသည် ငါးနှစ်မြောက်ရှိနေပြီဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်းသည် ဤညီလာခံနှင့်အတူ မှော်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်လိုကာ မှော်စက်လုပ်ငန်းတွင် ပါဝင်ရန် စိတ်ပါဝင်စားသော မည်သည့်နိုင်ငံ သို့မဟုတ် ကုမ္ပဏီကိုမဆို ကြိုဆိုရန် မျှော်လင့်လျက် နှစ်စဉ် ကိုယ်စားလှယ် ပိုများလာစေရန် ဖိတ်ခေါ်ခဲ့သည်။

ဤရည်မှန်းချက်ဖြင့် ပါဝင်သူ ပိုများလာပြီး ညီလာခံ၏ အတိုင်းအတာသည်လည်း သဘာဝအတိုင်း ကြီးမားလာမည်ဖြစ်ရာ အရာရာ တိုးတက်နေပြီဟု ပြောလို့ရပါ၏။

သို့သော်လည်း ယခုနှစ်တွင် Frestech ကုန်သည်ကြီးများအသင်းဟာ တိုက်ရိုက်ပါဝင်ခွင့်ကို နိုင်ငံတစ်နိုင်ငံထံမှ ရုပ်သိမ်းခဲ့ကြောင်းကြေငြာခဲ့ပြီး ဤတိုင်းပြည်မှာ ပါဝင်ခွင့်ပင်မရှိတော့ဟု စီရင်ချက်ချခြင်းက အံ့သြစရာပါပင်။

ယာ့ရှ်နယ်မြေသည် သေးငယ်သောနယ်မြေတစ်ခုသာဖြစ်သော်လည်း ၎င်းသည် မည်သို့ပင်ဖြစ်စေ နိုင်ငံတစ်နိုင်ငံဖြစ်နေဆဲဖြစ်သည်။

ယင်းမတိုင်မီတွင်၊ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌ ရှုယီသည် နယ်မြေကြီးရှိ နိုင်ငံများ၏ အယူအဆဟောင်းများကို ဖယ်ရှားပြီး မှော်စက်မှုနယ်ပယ်သစ်တွင် တက်ကြွစွာပါဝင်နိုင်မည်ဟု မျှော်လင့်ကြောင်း အခိုင်အမာထုတ်ဖော်ပြောကြားခဲ့သည်။ ဤစက်မှုလုပ်ငန်းအသစ်ကို အသုံးပြု၍ ၎င်းတို့၏နိုင်ငံသားများ၏ ဘဝတိုးတက်စေရေးကို ရှာတွေ့နိုင်စေသည်။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းသည် မည်သည့်နိုင်ငံကိုမျှ ခွဲခြားဆက်ဆံခြင်းမရှိဘဲ ပူးပေါင်းဆောင်ရွက်လိုသော မည်သည့်နိုင်ငံကိုမဆို အပြုသဘောဆောင်သော သဘောထားရှိခဲ့သည်။

ဒါဆို Frestech ကုန်သည်ကြီးများအသင်းက ဘာကြောင့် ယာ့ရှ်နယ်မြေကို သေဒဏ်ပေးလိုက်တာလဲ။

မှန်ပါသည်၊ လူအများစုအတွက်၊ Frestech ကုန်သည်ကြီးများအသင်းမှ ဤထုတ်ပြန်ချက်သည် ယာ့ရှ်နယ်မြေအတွက် သေဒဏ်စီရင်ချက်ဖြစ်ပြီး ၎င်းသည် ချဲ့ကားခြင်းမဟုတ်ပါ။

လွန်ခဲ့သည့်ငါးနှစ် ခေါင်းဆောင်မှော်ပညာရှင် လီဗင်ဟက်စ်ကိုသည် Frestech ကုန်သည်ကြီးများအသင်းကို တိုက်ခိုက်ရာတွင် ကျဆုံးခဲ့ကတည်းက၊ နိုင်ငံအားလုံးနှင့် စိုင်စ်နယ်မြေကြီးမှလူများအားလုံး မှော်စက်လုပ်ငန်း၏ သြဇာလွှမ်းမိုးမှုနှင့်ပတ်သက်၍ သံသယမရှိခဲ့ကြပေ။ ၎င်းတို့သည် မှော်စက်လုပ်ငန်းကို တည်ထောင်ရန် တက်ကြွစွာ ရင်းနှီးမြုပ်နှံလာကြသည်။

ကန်ဒရာ အင်ပါယာနှင့် မာလို၏ အင်ပါယာတို့ပင်လျှင် အမျိုးမျိုးသောပရောဂျက်များတွင် ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်ရန် ကိုယ်တိုင်အစပျိုးလာကာ, ထို့နောက် Frestech ကုန်သည်ကြီးများအသင်းထံ လာရောက်၍ ၎င်းတို့၏တင်းမာမှုများကို လျှော့ချခဲ့သည်။

နှစ်အတော်ကြာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက်၊ နိုင်ငံအားလုံးသည် မှော်စက်လုပ်ငန်းမှ ဖြစ်ပေါ်လာသော အပြောင်းအလဲများကို အပြည့်အဝ သဘောပေါက်ခဲ့ကြသည်။

မှော်စက်လုပ်ငန်းသည် နယ်မြေကြီးတွင် အရေးကြီးဆုံးအရာဖြစ်နေပြီဟု လူတိုင်းက သေချာပေါက်သိသည်။ မပတ်သက်သော နိုင်ငံများရှိလျှင် နောက်ကျကျန်ခဲ့ပြီး ပျက်သုဉ်းသွားမည်ဖြစ်သည်။

ဤနှစ်များတွင် နိုင်ငံအားလုံးသည် Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်ဆံရေးတည်ဆောက်ရန် တတ်နိုင်သမျှ လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့၏ကိုယ်ပိုင် မှော်စက် စက်မှုလုပ်ငန်းကို တီထွင်ဖန်တီးနေသည့် Frestech ကုန်သည်ကြီးများအသင်းထံမှ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ ရရှိမည်ဟု မျှော်လင့်ခဲ့ကြသည်။

သို့သော် ယခုအချိန်တွင်၊ Frestech ကုန်သည်ကြီးများအသင်းမှ သည် ဤအရေးကြီးသောနယ်မြေတွင် ပါဝင်ခွင့်ဆုံးရှုံးသွားကြောင်း ကြေငြာခဲ့ပြီး၊ ယင်းမှာ ၎င်းတို့၏ မှော်စက်နယ်ပယ် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းဆုံးရှုံးသွားပြီဖြစ်သည်။

ထိုနယ်မြေငယ်အတွက် စောင့်ဆိုင်းနေသည့် ကံကြမ္မာမှာ သေခြင်းသာဖြစ်သည်။

ဒါပေမယ့် ဒါက ဘာလို့လဲ?

Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုသည်အမြဲတမ်းခိုင်မာသောရပ်တည်ချက်ရှိသော်လည်း၊ သူဟာ မှော်စက်လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် များစွာ ပံ့ပိုးပေးခဲ့ပြီး အခြားနိုင်ငံများကို အကူအညီပေးဖို့ အမြဲတမ်း ဆန္ဒရှိခဲ့သည်။ သူသည် မည်သည့်နိုင်ငံ သို့မဟုတ် ကုမ္ပဏီများကိုမျှ ခွဲခြားဆက်ဆံခြင်း မရှိခဲ့ရာ အဘယ်ကြောင့် ယာ့ရှ်နယ်မြေကဲ့သို့သော နယ်မြေလေးကို ပစ်မှတ်ထားရသနည်း။

ထိုနေ့တွင်ပင် ထုတ်ဝေလာသော “ဘန်တာတိုင်းမ်စ်” မှ ပြည်သူတို့၏ မေးခွန်းများကို ရှင်းပြခဲ့သည်။

ယာ့ရှ်နယ်မြေအား ညီလာခံမှ ထုတ်ပယ်ခြင်းမှာ သတင်းကြီးဖြစ်သည်၊ ထို့ကြောင့် "ဘန်တာတိုင်းမ်စ်" သည် ၎င်းတို့၏ ခေါင်းစီးသတင်းများကို သဘာဝအတိုင်း အခြေခံထားမည်ဖြစ်သည်။

"ဘန်တာတိုင်းမ်စ်"မှ အချက်အလက်များအရ၊ ယာ့ရှ်နယ်မြေမှာ Frestech ကုန်သည်ကြီးများအသင်းမှ ဝန်ထမ်းနှစ်ဦးကို ပြန်ပေးဆွဲရန် လူများကို လျှို့ဝှက်စေလွှတ်ခဲ့စခြင်းကြောင့် Frestech ကုန်သည်ကြီးများအသင်းမှ ဤကဲ့သို့ ဆက်ဆံခြင်းခံခဲ့ရကြောင်းဆိုထားပြီး ၎င်းတို့ထဲက တစ်ယောက်မှာ သုတေသနပညာရှင်လည်းဖြစ်သည်။ ၎င်းတို့မှာ ထိုလူကို သူတို့အတွက် သုတေသနလုပ်ခိုင်းလိုရုံသာမက ထိုသူထံ၌ရှိသည့် မှော်စက်ဆိုင်ရာ ပစ္စည်းများစွာကိုလည်း ရယူလိုကြသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုသည် ဤကိစ္စကို ဒေါသတကြီး ဖြစ်သွားပြီး ယာ့ရှ်နယ်မြေကို ချက်ချင်း ထုတ်ပယ်လိုက်သည်။ ယာ့ရှ်နယ်မြေသည် ညီလာခံတွင် ပါဝင်ခွင့် ဆုံးရှုံးရုံသာမက Frestech ကုန်သည်ကြီးများအသင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှ ဖြတ်တောက်ခြင်းခံခဲ့ရသည်။

Frestech ကုန်သည်ကြီးများအသင်း သည် ဤကိစ္စနှင့် ပတ်သက်၍ ယာ့ရှ်နယ်မြေကို စုံစမ်းပိုင်ခွင့်ရှိသည်ဟုပင် ရှုယီ က ပြောကြားခဲ့သည်။

ဆိုလိုသည်မှာ Frestech ကုန်သည်ကြီးများအသင်းသည် ယာ့ရှ်နယ်မြေ ကို စစ်ရေးအရ အရေးယူနိုင်သည်ဟု ဆိုလိုခြင်းဖြစ်နိုင်သည်။

ဤသတင်း၏အဆုံးတွင်၊ "ဘန်တာတိုင်းမ်စ်" သည် ယာ့ရှ်နယ်မြေအနေနှင့် မိမိကိုယ်ကိုသာအပြစ်တင်နိုင်ကြောင်းဖော်ပြခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်း၏ တုံ့ပြန်မှုများကိုမူ နားလည်နိုင်ပါ၏။ ၎င်းတို့၏ ဝန်ထမ်းများကို ဆန့်ကျင်ဖို့ သို့မဟုတ် နည်းပညာကို ခိုးယူဖို့ ဘယ်သူမှ မစဉ်းစားသင့်ပေ၊ Frestech ကုန်သည်ကြီးများအသင်းက ၎င်းကို လက်တုံ့ပြန်မည်မှာ သေချာပါ၏။

ဤဆောင်းပါးကို ဖတ်ပြီးနောက် လူတိုင်းသည် ဤအကြောင်းအရာ၏ အကြောင်းရင်းကို နားလည်လာကြသည်။

ယာ့ရှ်နယ်မြေ လုပ်ခဲ့သည့်အရာကို လူအများစုက တူညီသညည့် တုံ့ပြန်မှု ရှိခဲ့ပါ၏။

ယာ့ရှ်နယ်မြေမှာ အလွန်မိုက်မဲခဲ့သည် ။

၎င်းတို့သည် နယ်မြေငယ်မျှသာဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းမှ ဝန်ထမ်းများကို ပြန်ပေးဆွဲရန် သတ္တိရှိခဲ့ကြသည်။ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုသည် အမြဲတမ်း ပြင်းထန်စွာ ပြုမူသည်ကို သူတို့မသိကြလို့လား။

မန်နာမှော်တိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းကို တိုက်ခိုက်ရန် ခေါင်းဆောင်မှော်ပညာရှင် နှစ်ဦးအား စေလွှတ်စဉ်က ပင်မအခြေစိုက်စခန်းသည် များစွာသောဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ခေါင်းဆောင်မှော်ပညာရှင် လီဗင်ဟက်စ်ကိုလည်းကျဆုံးသွားခဲ့သည်။

ထို့နောက် Frestech ကုန်သည်ကြီးများအသင်းသည် မန်နာမှော်တိုင်းပြည်ကို ပြင်းထန်စွာ တန်ပြန်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့၏ တပ်များအားလုံးကို သုတ်သင်ရန် သုံးလသာ ကြာမြင့်ခဲ့သည်။ ထိုအခါ မန်နာမှော်တိုင်းပြည်သည် တတိယအားအကောင်းဆုံးနိုင်ငံမှ သာမန်နိုင်ငံတစ်ခုသို့ ပြောင်းလဲသွားခဲ့သည်။

၎င်းတို့၏ ဂုဏ်ယူဖွယ်ဖြစ်သည့် မန်နာမှော်တိုင်းပြည်၏ ဂုဏ်သရေတပ်ရင်းသည် Frestech ကုန်သည်ကြီးများအသင်းအား တစ်ခါမျှ အနိင်မရနိုင်ခဲ့ပေ။ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များကို အနိုင်ယူရန်တစ်ခုတည်းသောအခွင့်အလမ်းမှာ ခေါင်းဆောင်မှော်ပညာရှင် လေးယောက်ဖြစ်သော်လည်း လီဗင်ဟက်စ်ကို ကျဆုံးပြီးနောက် မတိုက်ခိုက်ရန်ရွေးချယ်ခဲ့သည်။

နောက်ဆုံးတွင်၊ မန်နာမှော်တိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များနှင့် ရင်ဆိုင်ရာတွင် လက်နက်ချရန်နှင့် ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းမှုများအတွက် ရွေးချယ်ဖို့မှလွဲ၍ မရှိတော့ပေ။

မန်နာမှော်တိုင်းပြည်မှာ Frestech ကုန်သည်ကြီးများအသင်း၏ ရင်းနှီးမြှုပ်နှံမှုများ၊ မှော်ပညာရှင်ပမာဏများပြားမှုနှင့် သတ္တုတွင်းထွက်တို့ကြောင့် အဖွံ့ဖြိုးဆုံး မှော်စက်မှုနယ်ပယ်ဖြစ်လာခဲ့သော်လည်း ၎င်းတို့မှာ အင်ပါယာနှစ်ခု အောက် တတိယ အားအကောင်းဆုံး နိုင်ငံ ဖြစ်ခဲ့စဉ်ကနှင့် ယှဉ်လျှင် များစွာ လိုအပ်နေသေးသည်။

Frestech ကုန်သည်ကြီးများအသင်းသည် လွန်ခဲ့သော ငါးနှစ်က မန်နာမှော်တိုင်းပြည်ကို တိုက်ခိုက်ရန် ဆန္ဒရှိသောကြောင့် ယာ့ရှ်နယ်မြေကဲ့သို့ သေးငယ်သော နိုင်ငံကို ဆိုလျှင် ဖော်ပြရန်ပင် မလိုအပ်ပေ။

Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏ အစောင့်များကို စေလွှတ်ရန် ဆန္ဒရှိနေသရွေ့ ယာ့ရှ်နယ်မြေကို အလွယ်တကူ ဖျက်ဆီးမည်ဆိုပါက လူတိုင်းအတွက် အံ့သြစရာ မရှိပေ။

ထို့ကြောင့် ဤဆောင်းပါးကိုမြင်ပြီးနောက် လူတိုင်းသည် ယာ့ရှ်နယ်မြေအား ၎င်းတို့၏နှလုံးသားထဲတွင် သေဒဏ်ပေးထားပြီးဖြစ်သည်။

ဟုတ်ပါ၏၊ တချို့လူတွေက ဤရလဒ်ကို လက်မခံချင်ကြပေ။

၎င်းကို လက်မခံချင်ဆုံးသူတွေက ဤညီလာခံအတွက် ယာ့ရှ်နယ်မြေ၏ ကိုယ်စားလှယ်ခေါင်းဆောင်ဖြစ်ပြီး ဒု့ခ် ယာ့ရှ်၏ ညီဖြစ်သူ ကောင့်ထ် ဘရိုင်မင်ဟမ် လည်းဖြစ်ပါ၏။

“စီအီးအိုခမ်နက်ဒ်၊ ကူညီပေးပါဦး။ ဥက္ကဌရှုကို တွေ့ခွင့်ရမလား။ ဒါတွေအားလုံးက နားလည်မှုလွဲနေတာလို့ သူ့ကိုရှင်းပြချင်ပါတယ်။ တကယ်ကို နားလည်မှုလွဲနေတာပဲ!" ကောင့်ခ် ဘရိုင်မင်ဟမ်သည် ခမ်နက်ဒ်ကို စိုးရိမ်သောအကြည့်ဖြင့် ကြည့်ကာ သူ့အသံမှာ အော်မိလုနီးပါးဖြစ်လျက် သူ့ကို တောင်းပန်နေသည်။

သူဟာ ယာ့ရှ်နယ်မြေ၏ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အနေဖြင့် မနက်ဖြန်ညီလာခံအတွက် သေချာပြင်ဆင်ထားပြီး ယင်းအခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ဤညီလာခံသို့ ရောက်ရှိလာသော အခြားအရေးကြီးသူများနှင့် တွေ့ဆုံရန် စီစဉ်ထားခဲ့သည်။ အရေးကြီးဆုံးအရာမှာ ယာ့ရှ်နယ်မြေ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသောအခြေခံအုတ်မြစ်ကိုတည်ဆောက်ရန် Frestech ကုန်သည်များနှင့် ပိုမိုကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ရန်ဖြစ်သည်။

ညီလာခံကျင်းပရေး ကော်မတီထံမှ တရားဝင်အကြောင်းကြားစာ ရရှိမည်ဟု မထင်ထားခဲ့ဘဲ ညီလာခံတွင် ပါဝင်ခွင့် ဆုံးရှုံးသွားကြောင်း ပြောခဲ့သည်။

ထို့နောက် “ဘန်တာတိုင်းမ်စ်” မှ ဇာတ်လမ်းတစ်ခုလုံးကို သူသိရှိပြီးနောက်၊ သူပထမဆုံးလုပ်ခဲ့သည့်အရာမှာ ရှုယီကိုရှင်းပြရန် ရှာဖွေခြင်းဖြစ်သည်။

သို့ပေမယ့် ရှုယီက သူ့ကို မတွေ့ချင်သောကြောင့် ခမ်နက်ဒ် ကိုသာ တောင်းဆိုနိုင်သည်။

"နားလည်မှုလွဲနေတာလား?" ခမ်နက်ဒ် သည် အသာ နှာမှုတ်လိုက်ပြီး သူ့လက်ထဲရှိ အစီရင်ခံစာတစ်စောင်ကို ပြလိုက်၏၊ "ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် အစီရင်ခံစာကို ကျုပ် အခုလေးတင် လက်ခံရရှိပြီးပြီ၊ ကုမ္ပဏီက ဝန်ထမ်းနှစ်ယောက်ကို ဘယ်လိုဖမ်းဆီးခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။အခု ခင်ဗျားက ကျုပ်ကို နားလည်မှုလွဲနေတယ်လို့ ပြောတာလား။ ကျုပ်ကို ကလေးလို့ထင်နေလား?"

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျုပ် ခင်ဗျားကို မစော်ကားဝံ့ဘူးဆိုတာ သေချာပါတယ်။" ကောင့်ထ်ဘရိုင်မင်ဟမ်က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး၊ "ဒါပေမယ့် ဒါက တကယ်ကို နားလည်မှုလွဲနေတာပဲ! ဆရာ ခမ်နက်ဒ်၊ စဉ်းစားကြည့်ပါ၊ ကျုပ်တို့ ယာ့ရှ်နယ်မြေက သေးငယ်တဲ့ နယ်မြေလေး တစ်ခုသာသာပါပဲ၊ Frestech ကုန်သည်ကြီးများအသင်းက‌ ဝန်ထမ်းတွေကို ပြန်ပေးဆွဲဖို့ ကျုပ်တို့ ဘယ်လိုများ ရဲရင့်နိုင်မှာတဲ့လဲ။ ပြီးတော့ ကျုပ်တို့က Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ရှင်းရှင်းလင်းလင်းပြသဖို့ ဒီညီလာခံကို ကိုယ်စားလှယ်တစ်ဦးကိုတောင် စေလွှတ်ခဲ့တာလေ၊ ဒါကြောင့် ဒီဇာတ်ကွက်တွေကို ကျွန်တော်တို့ ဘယ်လိုအသုံးပြုနိုင်မှာလဲ။ ဒါက အဓိပ္ပာယ်မရှိဘူးလို့ မထင်ဘူးလား?"

"အပြင်ပန်း အသွင်အပြင်တစ်ခုနဲ့ အောက်ခြေက အသွင်အပြင် ကွဲပြားတယ်တဲ့၊ ဒါက ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။" ခမ်နက်ဒ် က အေးစက်စွာပြောသည်။

“မဟုတ်ပါဘူး! မဟုတ်တာသေချာတယ်!" ကောင့်ထ် ဘရိုင်မင်ဟမ် က သူ့လက်ကို မြှောက်လိုက်ပြီး ကျယ်လောင်စွာဆိုသည်၊ "ဆရာ ခမ်နက်ဒ်၊ နတ်ဘုရားတွေကိုတိုင်တည်ပြီး ကျိန်ဆိုနိုင်ပါတယ်၊ ဒါက ကျုပ်အစ်ကိုကြီးနဲ့ လုံးဝ မသက်ဆိုင်ဘူးပါဘူး။ ဒါက ကျုပ်တို့နယ်မြေက အကြံအစည်ရှိတဲ့ ဗီလိန်တချို့ လျှို့ဝှက်လုပ်ဆောင်တာသေချာတယ်။ ကျုပ်အစ်ကိုကြီးနဲ့ ကျုပ် ဒါကို လုံးဝသတိမထားမိခဲ့ဘူး!"

"ဟုတ်လား?" ခမ်နက်ဒ်က သူ့ကိုကြည့်ကာ ခေါင်းယမ်းသည် "ဒါပေမယ့် ဒါက ကျုပ်နဲ့ ဘာဆိုင်လဲ။ ကျုပ်တို့ကုမ္ပဏီရဲ့ဝန်ထမ်းတွေကို ခင်ဗျားတို့ရဲ့နယ်မြေသားတွေက ပြန်ပေးဆွဲပြီး အသက်အန္တရာယ်တောင် ခြိမ်းခြောက်ခဲ့တာကို ကျုပ်သိတယ်။ ဥက္ကဌက အရမ်းစိတ်ဆိုးနေတော့ တန်ကြေးပေးရလိမ့်မယ်”

ခမ်နက်ဒ် ၏ ကြမ်းတမ်းသော စကားကိုကြားတော့ ကောင့်ထ် ဘရိုင်မင်ဟမ် သည် စိတ်ပူရုံ၍ စိတ်ဓာတ်ကျရုံသာမက အံ့ဩသွားခဲ့သည်။ ခမ်နက်ဒ် ကိုကြည့်ရင်း သူ့မျက်လုံးများ ပြူးကျယ်သွား၏။

"ဆရာ ခမ်နက်ဒ် ၊ မ ……မဟုတ်မှ ဥက္ကဌရှု ၊ သူ့အဓိပ္ပါယ်က …… "

ခမ်နက်ဒ် က သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလေ၏၊ “ဥက္ကဌရဲ့ အဓိပ္ပါယ်က အရမ်းရှင်းပါတယ်။ ကျုပ်တို့ ကုမ္ပဏီက ယာ့ရှ်နယ်မြေကို လက်တုံ့ပြန်ဖို့ အခွင့်အရေးကို ရရှိထားပြီး ကျုပ်တို့ ဘယ်လို လက်တုံ့ပြန်မယ်ဆိုတာကတော့..... ခင်ဗျားတို့ ယာ့ရှ်နယ်မြေရဲ့ လုပ်ဆောင်မှုအပေါ်မှာပဲ မူတည်လိမ့်မယ်......"

ခမ်နက်ဒ်၏မျက်နှာပေါ်ရှိ နက်နဲ၍ အဓိပ္ပါယ်ရှိသော အသွင်အပြင်ကို ကြည့်လိုက်တော့ ကောင့်ထ် ဘရိုင်မင်ဟမ် သည် သူ့မျက်နှာပေါ်ရှိ အမူအရာ တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူကာ အနည်းငယ် စဉ်းစားလိုက်မိသည်။ သူက ခမ်နက်ဒ် ကို ဦးညွှတ်၍ မေးလိုက်၏၊ "ဒါဆို ...... ဒီနားလည်မှုလွဲနေတာကို ဥက္ကဌရှုကို ကျုပ် ကိုယ်တိုင်ရှင်းပြလို့ရမလား"

"ဥက္ကဌက အလုပ်များနေတယ်" ခမ်နက်ဒ် က ပေါ့ပေါ့ပါးပါး ပြန်ဖြေ၏။

ကောင့်ထ် ဘရိုင်မင်ဟမ် က စဉ်းစား၍ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ ဆရာ ခမ်နက်ဒ်၊ ကျေးဇူးပြုပြီး ဥက္ကဌရှုနဲ့ ဒီကိစ္စကို ဆွေးနွေးဖို့ ဒု့ခ်ဆီ ပြန်သွားလိုက်ပါမယ်။ ဥက္ကဌရှုကျေနပ်မယ့် အဖြေကို ကျိန်းသေပေးပါ့မယ်။”

ခမ်နက်ဒ် သည် ကောင့်ထ် ဘရိုင်မင်ဟမ် မှ ထွက်ခွာသွားသည်ကို ကြည့်၍ ခေါင်းညိတ်လိုက်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၁၃။ အအောင်မြင်ဆုံးသော စီးပွားပေါင်းစည်းရေး

ကောင့်ထ် ဘရိုင်မင်ဟမ်က မှော်ဆလွန်းထဲသို့ ဝင်ရောက်သွားသည်ကို ပြတင်းမှနေ၍ ကြည့်ပြီးနောက် ခမ်နက်ဒ်မှာ လက်ထဲရှိ အစီရင်ခံစာကိုယူ၍ မြိုစားအိမ်တော်က ညီလာခံ၏ အစုအဖွဲ့ကော်မတီများအတွက် အထူးတလည်ပြင်ဆင်ပေးထားသော အခန်းသို့ လာခဲ့လိုက်သည်။

အင်မတန် သာမန်ဖြစ်လှဟန်ရှိသည့် တံခါးများကို ဖွင့်လိုက်ချိန်တ္င် သူဟာ ရှုယီက ခေါင်းငုံ့လျက် စာရွက်စာတမ်းအချို့ကိုကြည့်ရင်း ထိုင်နေသည်ကို မြင်လိုက်ရသည်။

ရှုယီ၏ အတွင်းရေးမှူးအသစ် နတ်သူငယ်မလေး စင်ဒီမှာ လက်ထဲ အခြားစာရွက်စာတမ်းများကိုကိုင်လျက် နံဘေး၌ ရှိနေသည်။

"မင်း ယာ့ရှ်နယ်မြေက လူတွေကို ပြန်လွှတ်ခဲ့တာလား?" ရှုယီက မော့ပင်မကြည့်ဘဲ ထိုသို့မေးလာသည်။

"အင်း ကောင့်ထ် ဘရိုင်မင်ဟမ်က အခုပဲ ထွက်သွားတယ်" ခမ်နက်ဒ်က ပြန်ဖြေလိုက်ပြီးနောက် စာရွက်စာတမ်းများကို လွှဲပေးလိုက်သည်၊ "သူက ပြန်ရောက်တဲ့အခါကျရင် ဒု့ခ် ယာ့ရှ်ကို ပြောပြီး ဥက္ကဌ စိတ်ကျေနပ်စေမယ့် အဖြေပေးမယ့်လို့ ပြောခဲ့ပါတယ်။"

"ကြည့်ရတာ သူက အဲ့လောက် မတုံးအနေသလိုပဲ" ရှုယီက အသာပြံး၍ မော့ကြည့်လာသည်၊ "ရိုးရိုးသားသားပြောရရင် ငါ့အနေနဲ့ သူတို့ကို ခြောက်လှန့်ဖို့အတွက် ယာ့ရှ် နယ်မြေကို ပြန်တုံပြန်ဖို့ အခွင့်အရေးရှိတယ်။ ယာ့ရှ်နယ်မြေနဲ့ ငါတို့ကြားမှာ တခြားနိုင်ငံတွေက အများကြီး ခံနေတော့ သူတို့ကို တိုက်ခိုက်ဖို့ အဲ့လောက်အဝေးကြီး သွားဖို့က ဘာအကျိုးအမြတ်မှမရှိဘူး။"

"ကျွန်တော်နားလည်ပါတယ်။" ခမ်နက်ဒ်ကလည်း ပြုံးလိုက်သည်၊ "ဒီတစ်ကြိမ်က ကျွန်တော်တို့အပေါ် အဲ့လိုအတွေးတွေရှိတဲ့ လူတွေကို သတိပေးရုံသပ်သပ်ပဲလေ။ ဒါပေမယ့် ဥက္ကဌ၊ ဒီကိစ္စကနေတဆင့် ကျွန်တော်တို့အနေနဲ့ တစ်ခုခုအပေါ် အာရုံစိုက်ထားရမယ်လို့ ခံစားရတယ်။ ဒီအစီရင်ခံမှုကို ရပြီး‌တဲ့နောက်မှာ ကျွန်တော် အကြမ်းဖျင်း စာရင်းတချို့ လုပ်ခဲ့သေးတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း နုတ်ထွက်သွားတဲ့ သုတေသနပညာရှင်အရေအတွက်က သိသိသာသာကို တိုးလာတယ်။ အရင်နှစ်ကတင် နုတ်ထွက်သွားတဲ့ သုတေသနပညာရှင် ၃၇ယောက်ရှိခဲ့တယ်။"

"မှော်သုတေသနဌာနမှာ သုတေသနပညာရှင် ဘယ်လောက်ရှိလဲ?" ရှုယီက မေးသည်။

"စုစုပေါင်း ၁၃၇၄ယောက်" ခမ်နက်ဒ်က ပြန်ဖြေ၏။

"ဒါဆို ဒီ၃၇ယောက်ရဲ့ အချိုးက အဲ့လောက် မမြင့်သေးပါဘူး။" ရှုယီက လက်မြှောက်၍ ခမ်နက်ဒ်ကို ဖြတ်ပြောလိုက်သည်၊ "မင်း ဘာပြောချင်လဲဆိုတာ ငါသိပါတယ်။ မင်းက ငါတို့ ကုမ္ပဏီအနေနဲ့ သုတေသနပညာရှင်တွေကို ဆုံးရှုံးရတဲ့ ပြင်းထန်တဲ့အခြေနေကို စိုးရိမ်နေတာ၊ ဒါပေမယ့် လက်တွေ့မှာတော့ ဒီဖြစ်နိုင်ချေက အဲ့လောက်မများဘဲ အရမ်းကို သေးငယ်တယ်။ ဒါက... တခြားနိုင်ငံတွေနဲ့ ကုမ္ပဏီတွေအနေနဲ့ မှော်စက်မှုနယ်ပယ်ရဲ့ စစ်မှန်တဲ့ဆန်းကြယ်မှုကို မမြင်ကြသေးလို့ ငါတို့ကုမ္ပဏီရဲ့ အရမ်းကိုမှ အဖိုးတန်တဲ့ သုတေသနဝန်ထမ်းတွေကို အရေးမထားတော့ ငါ့ကိုတောင် အရမ်းစိတ်ပျက်စေသေးတယ်။"

"မဟုတ်ဘူး၊ သူတို့ သေချာပေါက် အရေးထားတာပေါ့၊ မဟုတ်ရင် သူတို့ ဒီတစ်ခေါက် ကျွန်တော်တို့ရဲ့ သုတေသနပညာရှင်တွေကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့မှာမဟုတ်လောက်ဘူး။" ခမ်နက်ဒ်က ငြင်းဆန်လေသည်။

"ဟုတ်ပြီလေ၊ သူတို့ ဒါကို အရေးထားရင်တောင် မလုံလောက်သေးဘူး။" ရှုယီက မေးကိုသပ်၍ ခဏမျှ စဉ်းစားပြီးနောက်၌ ခေါင်းတစ်ချက်ငြိမ့်သည်၊ "အင်း နောက်ရက်အနည်းငယ်ကြာဦးမယ့် ညီလာခံမှာ ငါ ဒီကိစ္စတွေကို အဓိက ထားရမယ်။"

ခမ်နက်ဒ်မှာ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ချေ၊ "ဥက္ကဌ ၊ ဥက္ကဌက တခြားကုမ္ပဏီတွေကို ကျွန်တော်တို့ရဲ့ သုတေသနပညာရှင်တွေကို ပြန်ပေးဆွဲအောင် သတိပေးမလို့လား?"

"မဟုတ်တာ၊ ဒါကတော့ မဖြစ်နိုင်ဘူးပေါ့။" ရှုယီမှာ စဉ်းစားပြီးနောက် စင်ဒီဘက်သို့ လှည့်လိုက်၏၊ "စင်ဒီ ဒါကို မှတ်တမ်းတင်ထားပါဦး။ မှော်သုတေသနဌာနကို မှော်အချက်ပြကိရိယာတစ်ခု ဖန်တီးဖို့ စစ်တပ်မှော်စက်မှု‌ဖွံ့ဖြိုးရေးဌာနနဲ့ အလုပ်လုပ်ခွင့်ပြုပြီး တစ်နေရာကို သုတေသီတစ်ယောက်စီပေးလိုက်ပါ။ ငါ့အနေနဲ့ ငါတို့ ကုမ္ပဏီရဲ့ သုတေသနပညာရှင်တွေက ပြဿနာတစ်ခုခုကြုံရင် တတ်နိုင်သမျှ မြန်မြန် အစီရင်ခံနိုင်ဖို့ အာမခံချင်တယ်၊ ဒါမှ တတ်နိုင်သမျှ မြန်မြန် ကယ်ဆယ်ရေးလုပ်နိုင်မှာ"

"ဟုတ်ကဲ့" စင်ဒီက မှတ်စုစာအုပ်ကို ထုတ်၍ စကားလုံးတစ်လုံးမှ မလွဲဘဲ သူ၏ အမိန့်အတိအကျကို ချရေးလိုက်သည်။

"ဒါ့အပြင်၊ ခမ်နက်ဒ်... ငါတို့ ကုမ္ပဏီရဲ့ အစောင့်တွေကို ဖြန့်ချိဖို့ အစီစဉ်အတွက် မင်းမြန်မြန်လုပ်မှ ရမယ်။ ဒီတစ်ကြိမ် ဝင်းန်နီနဲ့ ဂျိုရှူအာတို့က ကံကောင်းလို့ လက်နက်တပ်ဆင်ထားတဲ့ မှော်‌လေသင်္ဘောတစ်စီးက ဖြတ်သွားရင်း ကယ်ဆယ်ရေးအချက်ပြကို ရခဲ့တာမို့ အချိန်မီ ကယ်ဆယ်နိုင်ခဲ့တာ။ ဒါကသာ တစ်နေရာရာမှာဆိုရင် သူတို့ အဲ့လောက် ကံကောင်းနေမှာမဟုတ်သလို သူတို့ကို ထပ်မတွေ့ရတော့တာတောင် ဖြစ်နိုင်တယ်။"

"အင်း... ဒါက တကယ်ကို ပြဿနာကြီးတစ်ခုပဲ" ခမ်နက်ဒ်က မျက်မှောင်ကုပ်၍ စဉ်းစားပြီးနောက် ခက်ခဲသည့်အသံဖြင့်ဆိုလာသည်၊ "ဒါပေမယ့် ဥက္ကဌ ကျွန်တော်တို့အနေနဲ့ ပူးပေါင်းထားတဲ့ နိုငငံတွေမှာ ကင်းလှည့်ဖို့ အစောင့်တွေပို့ထားလို့ရပေမယ့်လည်း မာလိုအင်ပါယာနဲ့ ကန်ဒရာအင်ပါယာတို့လို နိုင်ငံကြီးတွေအတွက်တော့ သေချာပေါက် သူတို့ ထိန်းချုပ်လို့မရနိုင်မယ့် စစ်တပ်တစ်ခုကို အဲ့နေရာမှာ စခန်းချဖို့ လက်သင့်မခံလောက်ဘူး။"

"ဒါကြောင့် ငါမင်းကို အရင်ဆုံး နိုင်ငံတွေနဲ့ ဒေသအသီးသီးကို ရေတွက်စေချင်တာ၊ ဒါဆိုရင် ပိုပြီးကျယ်ပြန့်တဲ့ အစီစဉ်နဲ့ စလို့ရပြီ။ ဒါပေါ့... ဒါကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက မှော်အချက်ပြရဲ့ အကွာအဝေးကို တိုးမြှင့်ဖို့ ဆိုပေမယ့် ဒါက ငါတို့ နည်းပညာနဲ့ ပတ်သက်တဲ့ ပြဿနာဖြစ်လို့ မြန်မြန် ဖြေရှင်းလို့ မရနိုင်ဘူး..." ရှုယီမှာ ထိုအကြောင်းစဉ်းစားလိုက်ပြီး လက်သာယမ်းလိုက်နိုင်သည်၊ "ထားပါတော့၊ အခု ဘာလုပ်ဖို့လိုတယ်ဆိုတာကိုပဲ စိတ်ပူပြီး ဖြည်းဖြည်းချင်း အားလုံးကို ကိုင်တွယ်ကြမယ်။"

"အင်း။ ဒါဆို ဥက္ကဌ ယာ့ရှ်တိုင်းပြည်အတွက်ရော ဘယ်လိုစဉ်းစားထားလဲ?" ခမ်နက်ဒ်က မေး၏၊ "ယာ့ရှ်တိုင်းပြည်ကို ဘယ်လိုတန်ကြေးပေးစေချင်လဲ? ကျွန်တော်သူတို့ကို ဘယ်လိုပြန်ဖြေသင့်လဲ?"

"သုံးချက်ကို မှတ်ထား" ရှုယီက လက်သုံးချောင်းထောင်လိုက်၏၊ "ပထမဆုံး ငါ့အနေနဲ့ ယာ့ရှ်နယ်မြေကို သင့်တင့်တဲပ ရပ်တည်ချက်တစ်ခု ရှေ့တန်းတင်လာစေချင်တယ်။ မင်းက ဒါကို ငါ့ထက်ပိုသိမှာပါ။ ဒုတိယက၊ လျော်ကြေးအတိအကျအနေနဲ့ တစ်ပိုင်းကို ဝင်းန်နီနဲ့ ဂျိုရှူအာအတွက် တစ်ပိုင်းကို ကုမ္ပဏီအတွက် ခွဲလိုက်။ တတိယက ရှေ့လျှောက် ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို အခြေနေအလိုက် အစီစဉ်တွေပြောင်းလို့ရတယ်၊ အလျင်လိုဖို့မလိုဘူး။"

"ကောင်းပါပြီ" ခမ်နက်ဒ်က ခေါင်းငြိမ့်၍ ၎င်းကို မှတ်တမ်းတင်လိုက်သည်။

သူ့အား ထိုသို့ပြောပြီးနောက် ရှုယီမှာ တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။

ခမ်နက်ဒ်မှာ ခဏမျှ စိတ်ရှည်ရှည်စောင့်နေပြီးနောက် ရှုယီက ရုတ်တရတ် စားပွဲကို ထိ၍ ခမ်နက်ဒ်ကို မေးသလိုပုံလည်းရကာ မိမိကိုယ်ကို ပြောပုံလည်းရသည့် တစ်ခုခုကို ပြောလာသည်။

……..

"ပြောပါဦး... ယာ့ရှ်နယ်မြေလို နယ်မြေအသေးစားလေးကတောင် ဒီလို စွန့်စားရဲနေရင်။ ဒီညီလာခံမှာ ငါ နည်းနည်းလောက်ပိုပြီး သဘောထားကြီးပြသင့်လား..."

ခမ်နက်ဒ်နှင့် စင်ဒီတို့မှာ တစ်ဦးကို တစ်ဦးကြည့်၍ ဘာပြောရမှန်းမသိကြတော့ပေ။

တစ်ပတ်ကြာပြီးနောက် ပဉ္စမအကြိမ်မြောက် စိုင်စ်နယ်မြေကြီးမှော်စက်မှုညီလာခံမှာ အောင်အောင်မြင်မြင်ပြီးဆုံးသွားခဲ့ပါ၏။

ဤတစ်ကြိမ် ညီလာခံမှာ သံသယဝင်စရာမလိုအောင် အောင်မြင်သည့် စီးပွားရေးပူးပေါင်းမှုဖြစ်ခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် အချက်အလက်များအရ ဤညီလာခံတွင် နိုင်ငံများနှင့် ကုမ္ပဏီများထံမှ ကိုယ်စားလှယ်အသီးသီးတို့ အချင်းချင်းဆွေးနွေးကြပြီးနောက်၌ သဘောတူညီမှု အကြီးအသေး လေးထောင်ကျော်ရှိခဲ့သည်။ မှာယူမှုအသီးသီး၏ တန်ဖိုးမှာ အံ့အားသင့်ဖွယ် ရွှေဒင်္ဂါး တစ်ကုဋေနှင့် သန်းခြောက်ရာကို ကျော်လွန်သွားပြီး သဘောတူညီမှုများ၏ တန်ဖိုးမှာ ခန့်မှန်းခြေ ရွှေဒင်္ဂါး လေးကုဋေကျော်ပေသည်။

နယ်မြေကြီး၏ သမိုင်းတွင် ယခင်က ဤသို့သော စီးပွားရေးပေါင်းစည်းမှုများ ရှိခဲ့ပါသော်လည်း ဤမျှ နိုင်ငံများနှင့် ကုမ္ပဏီများစွာ ပါဝင်ခဲ့ခြင်းမရှိသလို ထိုသို့ အံ့အားသင့်ဖွယ် စီးပွားရေးသဘောတူညီမှုများလည်း ပါဝင်ခြင်းမရှိခဲ့ပါချေ။

ယမန်နှစ် ညီလာခံ ပြီးဆုံးသောအခါ သဘောတူညီချက်များ၏ တန်ဖိုးမှာ ရွှေဒင်္ဂါး သန်းငါးရာခန့်သာ ရှိခဲ့သည်။ တစ်နှစ်အကြာတွင် ဤ တန်ဖိုးက ဆယ်ဆကျော်တိုးလာသည်။

ဤအချက်တစ်ခုတည်းကို အခြေခံ၍ Frestech ကုန်သည်ကြီးများအသင်းမှ ကျင်းပသော ဤ မှော်စက်မှုညီလာခံသည် မည်မျှအားကောင်းသည့် စီးပွားရေးပေါင်းစည်းမှုဖြစ်ကြောင်းကို လူတိုင်းနားလည်သဘောပေါက်ခဲ့သည်။

ထို့အပြင်၊ အခြားရှုထောင့်မှလည်း Frestech ကုန်သည်ကြီးများအသင်း ဦးဆောင်သော မှော်စက်လုပ်ငန်းတွင် ဖုံးကွယ်ထားသည့် ဧရာမအလားအလာကို ပြသခဲ့သည်။

ညီလာခံနှင့်ပတ်သက်သည့် အချက်အလက်အားလုံးကို သတင်းစာများမှတစ်ဆင့် ကြေညာပြီးနောက်၊ နယ်မြေကြီးတွင် ပေါ်လာသည့် မှော်စက်ဆိုင်ရာ ကုမ္ပဏီများ မရေမတွက်နိုင်အောင် ပေါ်ထွက်လာခဲ့သည်။

နယ်မြေကြီးရှိ နံပါတ်တစ်ကုမ္ပဏီဟု ယူဆရသည့် ခီမဲရာကုန်သည်ကြီးများအသင်းပင်လျှင် ကန်ဒရာအင်ပါယာရှိ မှော်စက်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမည်ဟု ကြေညာခဲ့ရာ ခီမဲရာကုန်သည်ကြီးများအသင်းသည်ပင် နောက်ဆုံးတွင် လူကြိုက်အများဆုံး မှော်စက်မှုလုပ်ငန်းသို့ ဝင်ရောက်ရန် မနေနိုင်ခဲ့သည်ကို ၎င်းက ကိုယ်စားပြုနေသည်။

ဤညီလာခံ၌ ပါဝင်ခဲ့ကြသည့် နိုင်ငံများနှင့် ကုမ္ပဏီများအတွက် အကြီးမားဆုံး ရိတ်သိမ်းမှုမှာ ၎င်းတို့လုပ်ထားသည့် သဘောတူညီချက်တွေ မဟုတ်ဘဲ၊ ညီလာခံ၌ Frestech ကုန်သည်ကြီးများအသင်းကြေငြာခဲ့သော အစီစဉ်များဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုမှ Frestech ကုန်သည်ကြီးများအသင်းသည် လာမည့်နှစ်,နှစ်အတွင်း မှော်စက်နည်းပညာစီးရီးများကို ထုတ်ပေးမည်ဖြစ်ကြောင်း ကုမ္ပဏီကိုယ်စားကြေငြာခဲ့သည်။ ၎င်းတွင် နိုင်ငံများနှင့် ကုမ္ပဏီများစွာ လိုချင်သည့် စိုက်ပျိုးရေးမှော်စက်များအပြင် ထုတ်လုပ်ရေးမှော်စက်များလည်း ပါ၀င်သည်။

Frestech ကုန်သည်ကြီးများအသင်းမှ အဆိုပါနည်းပညာနှစ်မျိုးအတွက် စျေးနှုန်းကို လူသိရှင်ကြားကြေညာမည်ဖြစ်ပြီး မည်သည့်နိုင်ငံ၊ ကုမ္ပဏီ သို့မဟုတ် တစ်ဦးချင်းမှ ၎င်းတို့ကို ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ရှုယီက ကတိပြုခဲ့သည်။

ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းသည် ရှေးထုံးတမ်းစဉ်လာများကို လိုက်နာပြီး ဤနည်းပညာကို ဝယ်ယူသူတိုင်းအတွက် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သေချာစေခဲ့သည်၊ သို့မှသာ ၎င်းတို့သည် ဤစိုက်ပျိုးရေးမှော်စက်များနှင့် ထုတ်လုပ်ရေးမှော်စက်များကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။

ဟုတ်ပါ၏၊ အတိတ်က ဖြစ်ရပ်များကို အခြေခံပြီးဆိုရလျှင် Frestech ကုန်သည်ကြီးများအသင်းမှ ရောင်းချသည့် နည်းပညာဟာ အနိမ့်ဆုံးနည်းပညာသာဖြစ်ပြီး အဆင့်မြင့်နည်းပညာကို ရောင်းချမည် မဟုတ်ပါချေ။

ရှုယီက အခြားနိုင်ငံများနှင့် ကုမ္ပဏီများသည် သုတေသနတွင် ရင်းနှီးမြှုပ်နှံချင်လာပြီး ၎င်းတို့၏ ကိုယ်ပိုင်နည်းပညာကို တီထွင်နိုင်စေဖို့ ဤကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လူတိုင်း၏ မျှဝေ၍ သုတေသနပြုခြင်းဖြင့်၊ မှော်စက်လုပ်ငန်းသည် စိုင်စ်နယ်မြေတွင် ပိုအားကောင်းလာမည်ဖြစ်သည်။

ရှုယီ၏ ကြေငြာချက်ကို ကြားသောအခါ ရှုတ်ချ၍ ဟစ်အော်နေသူများလည်း အများအပြားရှိခဲ့သည်။

ဖီ! လူတိုင်းက ဘာကို သုတေသနလုပ်ဖို့ ကြိုးစားနေကြတာဖြစ်မှာလဲ။ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက အဆင့်မြင့်နည်းပညာကို ထုတ်ပေးရင် တခြားသူတွေ လိုက်မှီလာမှာ ကြောက်တာတာမဟုတ်ဘူးလား၊ မဟုတ်ရင် မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက ထုတ်ကုန်တွေကို ရောင်းနိုင်မှာမဟုတ်လို့လေ?

ဒါက အပြိုင်အဆိုင်စီးပွားရေးလုပ်ငန်းရဲ့ အခြေခံအကျဆုံး အုတ်မြစ်ဖြစ်ပေမယ့် ဒီကောင် ရှုယီက ဒါကို တကယ်ပဲ ရွံရှာစရာကောင်းပြီး ခမ်းနားနေသလိုပုံစံနဲ့ ပြောနေတာပဲ။

သို့သော် ၎င်းတို့ မည်သို့တွေးနေပါစေ အားလုံးက ရှုယီ၏ ဆုံးဖြတ်ချက်အတွက် ကျယ်လောင်စွာ အော်ဟစ်အားပေးခဲ့ကြပါ၏။

နောက်ဆုံးတွင် Frestech ကုန်သည်ကြီးများအသင်း၌သာ မှော်စက်နည်းပညာ အများဆုံးရှိခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းက ၎င်းကို မမျှဝေပါက၊ အခြားနိုင်ငံများနှင့် ကုမ္ပဏီများသည် ၎င်းကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စိတ်ကူးပင်မယဉ်နိုင်လောက်သော အချိန်၊ စွမ်းအင်နှင့် ရန်ပုံငွေများကို သုံးစွဲရမည်သာဖြစ်သည်။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းထံမှ ဤနည်းပညာကို စျေးသက်သက်သာသာနှင့် ဝယ်ယူ၍မရနိုင်လျှင်တောင် ကုန်ကျစရိတ်က အများကြီး ပိုသက်သာပါသေး၏။

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၁၄။ ခေါင်းဆောင်မှော်ပညာရှင် ပူးပေါင်းလာခြင်း

အရပ်သုံးမှော်စက်နည်းပညာကို လွှဲပြောင်းခြင်းအပြင် လူတိုင်း ဂရုအစိုက်ဆုံးမှာ ရှုယီမှ Frestech ကုန်သည်ကြီးများအသင်းကိုယ်စား စစ်ဘက်သုံးမှော်စက်နည်းပညာကို ထုတ်ပေးမည့် အကြောင်း ကြေငြာခြင်းဖြစ်သည်။

သို့သော်လည်း စစ်ဘက်သုံးမှော်စက်များနှင့် ပတ်သက်လာလျှင် ရှုယီ၏ ကြေငြာချက်မှာ အရပ်သုံးမှော်စက်ကဲ့သို့ သဘောထားကြီးမနေပေ။

Frestech ကုန်သည်ကြီးများအသင်း လွန်ခဲ့သော ၇နှစ်က ချမှတ်ခဲ့သော ဗျူဟာမြောက် ပူးပေါင်းရေးအစီစဉ်များအရ Frestech ကုန်သည်ကြီးများအသင်းမှ စစ်ဘက်သုံးမှော်စက်များကို နိုင်ငံများသို့သာ ထုတ်ပေးမည်ဖြစ်ပြီး ထုတ်သုံးနိုင်မည့်နေရာကိုလည်း အကန့်အသတ်ထား,ထားကာ အမျိုးအစားအဖြစ်ခွဲခြားထားပါ၏။

နိုင်ငံတစ်နိုင်ငံ၏ စစ်ဘက်သုံးမှော်စက်နယ်ပယ်က အဆင့်တစ်ခုကို ရောက်နေကာ Frestech ကုန်သည်ကြီးများအသင်း၏ အဆင့်သတ်မှတ်မှုကိုလည်းရထားမှသာ သင့်တော်သည့် စစ်ဘက်သုံးမှော်စက်နည်းပညာကို ရမည်ဖြစ်သည်။

သို့သော်လည်း ဤညီလာခံတွင် Frestech ကုန်သည်ကြီးများအသင်းမှာ တတိယအဆင့် စစ်ဘက်သုံးမှော်စက်မှုနယ်ပယ်ရှိသည့် နိုင်ငံသုံးနိုင်ငံကို ကြေငြာခဲ့သဖြင့် Frestech ကုန်သည်ကြီးများအသင်းမှာ မှော်အမြောက်ငယ်များ၊ ၇၅မီလီမီတာရှိ မှော်အမြောက်ဆန်များ၊ အဆင့်နိမ့် မှော်အကာအရံများနှင့် အခြားစစ်ဘက်သုံးမှော်စက်များကို ၎င်းတို့ထံ ဖွင့်လှစ်ပေးမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့မှာလည်း ထိုနိုင်ငံသုံးနိုင်ငံကို အဆင့်မြင့် စစ်ဘက်သုံးမှော်စက်များကို စတင်ရောင်းချမည်ဖြစ်ပြီး ထိုနိုင်ငံသုံးနိုင်ငံအား ၎င်းတို့၏ စစ်ဘက်သုံးမှော်စက်များနှင့် ပတ်သက်၍ လိုက်လျောညီထွေဖြစ်ရန် ကူညီမည်ဖြစ်၏။

၎င်းကို ကြေငြာစဉ်တွင် Frestech ကုန်သည်ကြီးများအသင်းမှာ ရူဒ်ဆန် တိုင်းပြည်ကိုသာ အမည်ဖြင့်ကြေငြာခဲ့ပြီး အခြား ၂နိုင်ငံကို မကြေငြာခဲ့ပေ။

Frestech ကုန်သည်ကြီးများအသင်းက အဆိုပါနိုင်ငံနှစ်ခုအား ယင်းကို မျှဝေခြင်းမပြုရန် တောင်းဆိုခဲ့သော်လည်း အခြားသူများ နားထဲရောက်သွားသောအခါတွင် အမျိုးမျိုးသော မှန်းဆမှုများရှိခဲ့သည်။

ခွန်အားများစွာပြသပြီးနောက်၊ စစ်မှော်စက်များပါသော စစ်တပ်တစ်ခုရှေ့တွင် သာမန်စစ်တပ်သည် တစ်ချက်မျှ မတိုက်နိုင်ပေ။ ထို့ကြောင့် နိုင်ငံများ၏ စစ်တပ်သည် စစ်ဘက်သုံး မှော်စက်များ တပ်ဆင်ထားသောအခါ ၎င်းတို့၏ တိုက်ပွဲ အင်အားလည်းတိုးလာမည် ဖြစ်သည်။ ယခင်က လူတိုင်း လျစ်လျူရှုထားသည့် နိုင်ငံငယ်လေးကိုပင် အားကောင်းလှသည့် စစ်တပ်အင်အားတစ်ခု ရှိလာအောင်ပင် လုပ်ပေးနိုင်ခဲ့ပါ၏။

ထို့ကြောင့် ရူဒ်ဆန် တိုင်းပြည်မှလွဲ၍ မည်သည့်နိုင်ငံများတွင် ဤစစ်တပ်မှော်စက်နည်းပညာများ ရှိသေးသည်ဆိုသော အချက်သည် အလွန်အရေးကြီးပါ၏။

အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ သိပြီးပါလျှင် ထိုနိုင်ငံနှစ်ခုကို မည်သို့ ဆက်ဆံရမလဲဆိုသည်အား ချိန်ညှိလို့ရပါ၏။

မဟုတ်ပါက တစ်ဖက်က ပိုအားကောင်းလာသည်ဆိုလျှင် နောင်တရဖို့ အရမ်းနောက်ကျသွားလိမ့်မည်။

ရူဒ်ဆန် တိုင်းပြည်မှာ ကန်ဒရာအင်ပါယာက ၎င်းတို့ထံ ကျူးကျော်ဝင်ရောက်ခြင်းအား ကာကွယ်ရန် ဤအချက်ကို လူအများအား ရှင်းလင်းစွာကြေငြာဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

၎င်းကို မကြေညာသည့် အခြားနိုင်ငံနှစ်ခုက ၎င်းတို့၏ ရည်မှန်းချက်တွေကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါ၏။

သို့သော် ၎င်းက သိပ်လျှို့ဝှက်သည့် အရာတော့ မဟုတ်ပါချေ။ Frestech ကုန်သည်ကြီးများအသင်းမှ တတိယအဆင့် မှော်စက်လုပ်ငန်းကို အကဲဖြတ်ရန်အတွက် လူများထံမှ ဖုံးကွယ်ဖို့ ခက်ခဲသော အရာများစွာ လိုအပ်သည်။

စစ်တပ်သုံး မှော်စက်နည်းပညာအပြင် အဆင့်မြင့် စစ်ဘက်သုံး မှော်စက်များကို လိုချင်ပါက ဖုံးကွယ်ရန် အလွန်ခဲယဉ်းပေလိမ့်မည်။

၎င်းတို့၏ စုံစမ်းစစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်နေသရွေ့ ၎င်းတို့သည် မည်သည့်နိုင်ငံဖြစ်သည်ကို သိရှိရန် ခက်ခဲမည်မဟုတ်ပေ။

ထို့အပြင်၊ Frestech ကုန်သည်ကြီးများအသင်းမှ ဤညီလာခံတွင် ၎င်းကိုကြေငြာခြင်းသည် အခြားနိုင်ငံများအားသတိပေးခြင်းဖြစ်ကြောင်း သိသာသည်။

၎င်းတို့၏ ကိုယ်ပိုင် မှော်စက်လုပ်ငန်း တိုးမြှင့်ရန် Frestech ကုန်သည်ကြီးများအသင်း၏ အစီအစဉ်များကို မလိုက်နာပါက အခြားနိုင်ငံများ၏ နောက်၌ ကျန်ရစ်ခဲ့နိုင်သည်။

၎င်း၏ အကျိုးဆက်ကိုမူ ခန့်မှန်းရခက်လိမ့်မည်။

ဤသို့ဖြင့် ပဉ္စမအကြိမ်မြောက် စိုင်စ်နယ်မြေကြီး မှော်စက်မှုညီလာခံပြီးသွားချိန်တွင် နယ်မြေကြီးတစ်ခုလုံး ပြန်လည်အသက်ဝင်လာခဲ့ပါ၏။

ညီလာခံတွင် ပြုလုပ်ခဲ့သည့် သဘောတူညီချက်တွေအတွက် ဖြစ်စေ၊ ၎င်းတို့၏ ကိုယ်ပိုင် ရှင်သန်မှုအတွက် ဖြစ်စေ၊ နယ်မြေကြီးရှိ နိုင်ငံများနှင့် ကုမ္ပဏီတွေအားလုံးက မှော်စက်မှုလုပ်ငန်းထဲကို စတင်ပြီး ရင်းနှီးမြုပ်နှံလာကြသည်။

ခေါင်းဆောင် မှော်ပညာရှင် လီဗင်ဟက်စ်ကို ကျဆုံးကြောင်း နယ်မြေကြီးတစ်ခုလုံးကို ပျံ့နှံ့ပြီး နှစ်များစွာကြာအောင် မှော်စက်လုပ်ငန်းသည် ဆူပူအုံကြွမှုကို ဖန်တီးခဲ့သည်။

၎င်းကို တွေးရင်း ရှုယီက ခေါင်းဆောင်မှော်ပညာရှင် လီဗင်ဟက်စ်ကို,ကို တိတ်တဆိတ် ကျေးဇူးတင်မနေနိုင်ခဲ့ပေ။

အကယ်၍ သူနှင့် ခေါင်းဆောင်မှော်ပညာရှင် ဆာရန်ဒါလ်ကလေးတို့သာ Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းကို တိုက်ခိုက်ခြင်းမပြုခဲ့သလို၊ သူသတ်မှတ်ထားသော ထောင်ချောက်ထဲသို့ မကျသွားပါက စိုင်စ်နယ်မြေကြီးမှ လူများသည် မှော်စက်လုပ်ငန်းတွင် လျင်မြန်စွာရင်းနှီးမြှုပ်နှံပြီး မှော်စက်လုပ်ငန်း၏ ကြီးမားသောသြဇာလွှမ်းမိုးမှုကို အသိအမှတ်ပြုခြင်းက ရှိလာဦးမည်မဟုတ်ပေ။

၎င်းကို တွေးရင်း ရှုယီက သူ့ဘေးမှာ ရပ်နေသည့် ခေါင်းဆောင်မှော်ပညာရှင် ဆာရန်ဒါလ်ကလေးကို ခံစားချက် မပါဘဲ ကြည့်လိုက်သည်။

အကယ်၍ ဤ ခေါင်းဆောင်မှော်ပညာရှင်ဆာရန်ဒါလ်ကလေးပါ လွန်ခဲ့သော ငါးနှစ်ခန့်ကပင် ကျဆုံးခဲ့လျှင် နယ်မြေကြီးမှလူများ ပို၍ပင် တုန်လှုပ်သွားလိမ့်မည် ။

ရှုယီ၏ မျက်လုံးများထဲရှိ မကောင်းသောဆန္ဒကို မြင်လိုက်သော ဆာရန်ဒါလ်ကလေးသည် လှုပ်ရှားမှုကိုရပ်ပြီး ရှုယီ အား ရှုတ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်ရာ ထူးဆန်းသောအကြည့်ကို မြင်လိုက်ရသည်။

"ဥက္ကဋ္ဌ ရှု၊ ကျုပ် တစ်ခုခုမှားနေလို့လား။" ဆာရန်ဒါလ်ကလေးက မနေနိုင်ဘဲ မေးလိုက်၏။

“အင်း… ဘာမှမဟုတ်ပါဘူး” ရှုယီသည် ရယ်မောလျက် အကြောင်းအရာကို ခပ်မြန်မြန် ပြောင်းလိုက်သည်။ "ခေါင်းဆောင်မှော်ပညာရှင် ကလေး၊ ကျုပ်အရမ်းသိချင်နေတာ၊ ခင်ဗျားတို့ မန်နာမှော်တိုင်းပြည်မှာ အခွင့်အရေးကောင်းတွေရှိတယ်၊ ဒါကို ဘာလို့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်သုတေသနဌာနမှာ ပါဝင်ဖို့ ရွေးချယ်ခဲ့တာလဲ။"

ဆာရန်ဒါလ်ကလေးသည် ရှုယီမှ ကြီးမှူးကျင်းပသော မှော်စက်မှုညီလာခံကို တက်ရောက်ခဲ့ပြီး သူ ပင်မအခြေစိုက်စခန်းသို့ပြန်ရောက်ပြီးနောက် ငါးရက်အကြာတွင် ရုတ်တရက် ဤနေရာတွင်ပေါ်လာခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းသည် သူ့ကို သတိပြုမိသောအခါ စိတ်ပူသွားပြီး လွန်ခဲ့သောငါးနှစ်က ထွက်ပြေးခဲ့သော ဤ ခေါင်းဆောင်မှော်ပညာရှင်သည် လွန်ခဲ့သောငါးနှစ်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အတွက် လက်စားချေရန် ပြန်လာခြင်းဖြစ်မည်ကို စိုးရိမ်ခဲ့သည်။

ဆာရန်ဒါလ်ကလေးဟာ ရန်ငြိုးမထားရုံသာမက လူတိုင်း၏ အထင်ကို ဆန့်ကျင်ပြီး မှော်စက်များကိုလေ့လာဖို့အတွက် မှော်ပညာသုတေသနဌာနတွက် ပါဝင်ချင်ကြောင်း ပြောလာခဲ့ပါ၏။

ဤအစီရင်ခံစာကိုရရှိပြီးနောက် ရှုယီသည် ဆာရန်ဒါလ်ကလေးနှင့်တွေ့ဆုံခဲ့သည်။ ၎င်းနှင့်တွေ့ဆုံဆွေးနွေးရာတွင် သူ၏ ရိုးသားမှုကို ခံစားခဲ့ရသောကြောင့် ပို၍ပင်ထူးဆန်းသလို ခံစားခဲ့ရသည်။

သူသည် လေးစားထိုက်သော ခေါင်းဆောင်မှော်ပညာရှင် ဖြစ်သည်။

သူသည် Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းကို ခေါင်းဆောင်မှော်ပညာရှင် လီဗင်ဟက်စ်ကိုနှင့်အတူ လွန်ခဲ့သောငါးနှစ်က တိုက်ခိုက်ခဲ့လျှင်တောင်မှ အဆုံးတွင် ခေါင်းဆောင်မှော်ပညာရှင် ဖြစ်နေဆဲဖြစ်သည်။ သူသည် သာမာန်လူ သို့မဟုတ် သာမန်မှော်ပညာရှင်များနှင့် နှိုင်းယှဉ်နိုင်သော လူတစ်ယောက်မဟုတ်ပေ။

ရှုယီ၏ အမြင်အရ၊ သူသည် သုတေသနပညာရှင်အဖြစ် Frestech ကုန်သည်ကြီးများအသင်းတွင် ပါ၀င်ရန် နောက်ထပ် ခေါင်းဆောင်မှော်ပညာရှင်တစ်ဦးကို အလိုရှိသော်လည်း ဆန့်ကျင်ဘက်ရှုထောင့်မှကြည့်လျှင် သူသည် အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့သည်။

ဤငါးနှစ်အတွင်း ခေါင်းဆောင်မှော်ပညာရှင် ကလေး၏ အမြင်များပြောင်းလဲသွားပြီး မှော်စက်များကိုလေ့လာလိုလျှင်ပင် သူဟာ မန်နာမှော်တိုင်းပြည်တွင် ဆက်နေမည်ဖြစ်သည်။ သီအိုရီအရ သူ့ရန်သူဖြစ်သင့်သော Frestech ကုန်သည်ကြီးများအသင်းသို့ လာရန် မလိုအပ်ပေ။

"ဥက္ကဌရှု၊ မင်းဘယ်လိုထင်လဲ......ကျုပ်သာ မန်နာမှော်တိုင်းပြည်မှာနေရင် မန်နာမှော်တိုင်းပြည်ရဲ့ မှော်စက်နည်းပညာ ဒါမှမဟုတ် တိတိကျကျပြောရရင်၊ စစ်တပ်သုံး မှော်စက်နည်းပညာက မင်းတို့ Frestech ကုန်သည်ကြီးများအသင်းထက် သာလွန်အောင်လုပ်ဖို့ ဘယ်လောက်လိုဦးမှညလဲ ။" ခေါင်းဆောင်မှော်ပညာရှင်ကလေး က မေး၏။

……

“ဒါက……” ရှုယီက ပခုံးတွန့်ကာ လက်နှစ်ဖက်ကို ဖြန့်၍ ပြောလိုက်၏၊ “ဒါကို ကျွန်တော် အာမ,မခံနိုင်ဘူး၊ ဒါပေမယ့် အနည်းဆုံး ဆယ်စုနှစ်များစွာ ကြာမယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ခင်ဗျား လိုက်မီနိုင်မှာ မဟုတ်သေးဘူး”

"ဒီနှစ်ဆို ငါ့အသက်ခုနစ်ဆယ့်သုံးနှစ်ရှိပြီ၊ ငါ ဘယ်လောက်ကြာအောင် အသက်ရှင်နိုင်ဦးမယ် ထင်လဲ" ခေါင်းဆောင်မှော်ပညာရှင်ကလေး က မေး၏။

"ခုနှစ်ဆယ့်သုံး?" ရှုယီ ရေရွတ်လိုက်သည်။ ဤ ခေါင်းဆောင်မှော်ပညာရှင်ကလေး သည် အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ဝန်းကျင်ခန့်သာရှိမည်ဟု သူထင်ခဲ့သည်၊ သူသည်လည်း ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာနှင့် အသက်တူမည်ဟု မထင်ခဲ့ပေ။

မဟာ မှော်ပညာရှင် ဖြစ်လာပြီးနောက် လူတစ်ယောက်၏ သက်တမ်းသည် အမှန်တကယ် တိုးလာပုံရသည်။ ခေါင်းဆောင်မှော်ပညာရှင် ဖြစ်လာသည်ကပင် ဒီလောက်အများကြီး တိုးလာနိုင်ရာ ၊ ၎င်းက တကယ်ကို ရယ်စရာတော့ မဟုတ်ပါချေ။

“ ခေါင်းဆောင်မှော်ပညာရှင် အများစုက အနှစ်တစ်ရာထိ အသက်ရှင်နေနိုင်တဲ့အတွက် ချွင်းချက်မဖြစ်လောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒီလိုမျိုး နောက်ထပ်အနှစ်သုံးဆယ်လောက်နေဖို့က ပြဿနာမဖြစ်လောက်ပါဘူး။” ရှုယီက ခဏလောက် စဉ်းစား၍ ပြန်ဖြေလိုက်သည်။

"ဒါဆို အဲဒီအနှစ်သုံးဆယ်မှာ မန်နာမှော်တိုင်းပြည်အနေနဲ့ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းကို ကျော်သွားအောင်လုပ်ဖို့ လုံလောက်မယ်လို့ ထင်လား။" ခေါင်းဆောင်မှော်ပညာရှင်ကလေး က ထပ်မေး၏။

“မဖြစ်နိုင်ဘူး။” ရှုယီက ချက်ချင်း ခေါင်းယမ်းလိုက်ပြီး "မှော်စက်လုပ်ငန်းတစ်ခုရဲ့ အခြေခံအုတ်မြစ်က တဖြည်းဖြည်း စုဆောင်းထားဖို့ လိုတယ်၊ နည်းပညာက စမ်းသပ်မှုကနေ တိုးတက်လာဖို့ လိုတယ်။ ဒါကြောင့် ကျွန်တော်တို့ ကုမ္ပဏီက မန်နာမှော်တိုင်းပြည်ကို ကျွန်တော်တို့ရဲ့ နည်းပညာဆိုင်ရာ အချက်အလက် အားလုံးကို ပေးရင်တောင် မန်နာမှော်တိုင်းပြည် အနေနဲ့ ဒါကိုနားလည်ဖို့အချိန် နည်းနည်းငယ်လိုအပ်တယ်။ ကျွန်တော်တို့ရဲ့ ကုမ္ပဏီကို ကျော်တက်ဖို့အတွက်ကတော့ ဖြစ်နိုင်ဖို့ မျိုးဆက်ပေါင်းများစွာ ကြိုးစားရဦးမယ်။”

"ဒါဆို ငါ မန်နာမှော်တိုင်းပြည်မှာရှိနေရင် ငါ့တစ်သက်လုံး မင်းကိုအနိုင်ယူဖို့ အခွင့်အရေးမရှိဘူးပဲ" ခေါင်းဆောင်မှော်ပညာရှင်ကလေး က သက်ပြင်းချလိုက်ပါ၏။

ရှုယီက အံ့သြသွားကာ "ကျွန်တော့်ကို အနိုင်ယူမှာလား။ ခေါင်းဆောင်မှော်ပညာရှင်ကလေး ခင်ဗျားက ကျွန်တော့်ကို အနိုင်ယူချင်နေတာလား။ ခေါင်းဆောင်မှော်ပညာရှင် တစ်ယောက်အနေနဲ့ ခင်ဗျားရဲ့ခွန်အားနဲ့ဆိုရင် ဒါက အရမ်းလွယ်လောက်ပါတယ်။"

“လွန်ခဲ့တဲ့ ငါးနှစ်လောက်က လီဗင်နဲ့ ငါလည်း ဒီလိုထင်ခဲ့တာပဲ၊ ဒါပေမယ့် လီဗင်က ကျဆုံးသွားခဲ့ပြီး ငါကတော့ ထွက်ပြေးနိုင်ခဲ့တယ်။ အခု နောက်ငါးနှစ်ကြာပြီဆုိတော့...." ခေါင်းဆောင်မှော်ပညာရှင် ကလေး က ရှုယီကို နက်နက်နဲနဲ စေ့စေ့ကြည့်ပြီး သူ့အမူအရာက ပိုရှုပ်ထွေးလာကာ၊ "ဥက္ကဋ္ဌ ရှု၊ ငါသာမမှားရင် မင်း အခုအချိန်မှာ ကြယ်ငါးပွင့် မဟာမှော်ပညာရှင် ဖြစ်နေလောက်တယ်၊ ခေါင်းဆောင်မှော်ပညာရှင် ဖြစ်လာဖို့ ခြေတစ်လှမ်းလောက်ပဲ ဝေးနေတာ မဟုတ်လား"

ရှုယီက ရယ်ရင်း ဖြေလိုက်၏၊ "ကျွန်တော့် အဆင့်ကို အကဲဖြတ်ဖို့ မှော်ပညာရှင်များအဖွဲ့အစည်းကို မသွားရသေးဘူး၊ ဒါကြောင့် အခု ကျွန်တော့်ရဲ့ အစွမ်းအစကို ကျွန်တော်မသိဘူး"

"မှော်ပညာရှင်များအဖွဲ့အစည်း? ဟမ့်!” ခေါင်းဆောင်မှော်ပညာရှင်ကလေး သည် အထင်အမြင်သေးစွာ နှာမှုတ်လိုက်၏၊ “အဲ့ကောင်တွေက ခေါင်းဆောင်မှော်ပညာရှင်တွေကို အကဲဖြတ်ဖို့ အရည်အချင်းပြည့်မီလို့လား။ မင်းရဲ့ခွန်အားကို ငါခံစားနိုင်တယ်၊ ဒါကြောင့် မင်းမှာ ဒီခွန်အားရှိနေပြီ။"

ရှုယီသည် သူ့လက်များကို ကူကယ်ရာမဲ့စွာ ဖြန့်လိုက်၏ "ဟုတ်ပါပြီ၊ ကျွန်တော့်မှာ ကြယ်ငါးပွင့် မဟာမှော်ပညာရှင် တစ်ယောက်ရဲ့ စွမ်းအားရှိတယ်လို့ ခင်ဗျားပြောရင် ကျွန်တော့်မှာရှိနေလို့ပဲ။ ဒါပေမယ့် ဒါက ခင်ဗျား ကျွန်တော့်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူးလို့ ပြောနေတာနဲ့ မဆိုင်ပါဘူး။

“ဟုတ်တယ် အဲဒါက ဆက်စပ်နေတာပေါ့။” ခေါင်းဆောင်မှော်ပညာရှင်ကလေး က ပြောသည်၊ “လွန်ခဲ့တဲ့ငါးနှစ်လောက်က လီဗင်ကို သတ်ဖို့ မင်း ဘယ်နည်းလမ်းကို သုံးခဲ့တယ်ဆိုတာတော့ ငါမသိဘူး၊ ဒါပေမယ့် ငါက လီဗင်ထက် ပိုအား မကောင်းဘူးဆိုတာ သေချာတယ်။ ငါသာဆိုရင် ငါလည်း အဆုံးမှာ သေသွားနိုင်တယ်။ ငါးနှစ်ကြာပြီးနောက်မှာ၊ မင်းက ပိုအားကောင်းလာရုံတာတင်မကဘဲ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ သုတေသနကလည်း အဲ့အချိန်ကစပြီး ပိုတိုးတက်လာတယ်။ ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ ငါတိုးတက်မှုမရှိခဲ့ဘူး၊ ဒါကြောင့် မင်းကိုငါအနိုင်ယူနိုင်တဲ့အခွင့်အရေးမရှိတော့ဘူး။"

"ဒီတော့?" ရှုယီက ၎င်းကို ရယ်ရသလိုခံစား၍ မေးလိုက်သည်။

"ဒီတော့ မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းထဲဝင်ချင်တယ်၊ မင်းလွန်ခဲ့တဲ့ငါးနှစ်လောက်က လီဗင်ကိုသတ်ခဲ့တဲ့ အရာတွေကို လေ့လာပြီး မင်းကိုအနိုင်ယူဖို့ အာရုံစိုက်ချင်တယ်!" ခေါင်းဆောင်မှော်ပညာရှင်ကလေး သည် ရှုယီ၏ မျက်လုံးများကိုကြည့်ကာ လေးလေးနက်နက်ဖြင့် ပြောလာသည်။

ရှုယီလည်း အဝေးကို အကြည့်မလွှဲဘဲ သူ့အကြည့်နှင့် ထိပ်တိုက်ဆုံကာ ဖျတ်ခနဲ ပြုံးလိုက်သည်။

"ဆိုလိုတာက ခေါင်းဆောင်မှော်ပညာရှင်တွေကို သတ်ဖို့အသုံးပြုတဲ့စွမ်းအားကို ရှာဖွေဖို့အတွက် Frestech ကုန်သည်ကြီးများအသင်းကို ဝင်ရောက်ချင်တာပေါ့။ ဒါဆို ခင်ဗျားက ကျွန်တော့်ကို အနိုင်ယူဖို့ ဒီသုတေသနကို သုံးချင်နေတာလား…၊ ကျွန်တော့်ကို အနိုင်ယူဖို့ပဲလား ဒါမှမဟုတ် သတ်ပစ်မှာလား။”

“မင်းကို သတ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ လီဗင်က ငါ့သူငယ်ချင်းမဟုတ်သလို မင်းကို ရန်ငြိုးထားတာမျိုးလည်း မရှိဘူး။ ငါ မင်းကို အနိုင်ယူချင်ရုံပဲ....." ခေါင်းဆောင်မှော်ပညာရှင်ကလေး က ခေါင်းယမ်းကာ ဆိုသည်။

"ကောင်းပြီ၊ ခင်ဗျား ကျွန်တော့်ကို အနိုင်ယူချင်တယ်လို့ပံ စဉ်းစားကြည့်ရအောင်။ ဒါပေမယ့် ခေါင်းဆောင်မှော်ပညာရှင်ကလေး ၊ ကျွန်တော်က ကုမ္ပဏီရဲ့ မြင့်မားတဲ့ လျှို့ဝှက်ချက်တွေကို ခင်ဗျားလို အစွမ်းထက်တဲ့ ခေါင်းဆောင်မှော်ပညာရှင် တစ်ယောက်ကို ဆုပ်ကိုင်နိုင်ဖို့ ခွင့်ပြုမယ်ထင်လို့လား? ပြီးတော့ ခင်ဗျား ကျွန်တော့်ကိုမသတ်ဘူးလို့ပြောပေမဲ့ ခင်ဗျားကို ယုံမယ်လို့ထင်လား" ရှုယီက မေးသည်။

ခေါင်းဆောင်မှော်ပညာရှင်ကလေး နှင့် ရှုယီတို့သည် တစ်ယောက်ကိုတစ်ယောက် တိတ်တဆိတ်ကြည့်နေကြပြီး သူဟာ ဆုံးဖြတ်ထားဟန် အသာခေါင်းငြိမ့်လာသည်။

"မင်းလုပ်လိမ့်မယ်။ ရှုယီ မင်းက အရူးတစ်ယောက်လို့ ငါမြင်တယ်။"

ရှုယီက အနည်းငယ် တိတ်ဆိတ်‌သွားပြီးမှ ရယ်မောလိုက်ပါ၏။

"ကောင်းပါပြီ၊ ခေါင်းဆောင်မှော်ပညာရှင်ကလေး၊ ခင်ဗျား အနိုင်ရသွားပြီ။"

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၁၅။ ကောင်းကျိုးများနှင့် ဆိုးကျိုးများ

ရှုယီသည် ဆာရန်ဒါက‌လေးကို လုံးဝယုံကြည်သည်ဟု ဆိုပါက၊ ၎င်းက ဟာသတစ်ခု ဖြစ်မှာ သေချာပါ၏။

နောက်ဆုံးတွင်၊ ဤသူသည် လီဗင်ဟက်စ်ကိုနှင့်အတူ Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အခြေစိုက်စခန်းကိုတိုက်ခိုက်ခဲ့သူဖြစ်သည်။ သူသည် ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာကို တစ်ချိန်လုံး တိုက်ခိုက်ခဲ့ကာ လီဗင်ဟက်စ်ကို ကျဆုံးပြီးနောက် ထွက်ပြေးခဲ့ကာ Frestech ကုန်သည်ကြီးများအသင်းကို ကြီးကြီးမားမား ထိခိုက်မှု မဖြစ်စေခဲ့သော်လည်း သူသည် Frestech ကုန်သည်ကြီးများအသင်းအတွက် အချို့လူများ၏ အမြင်၌ ရန်သူအဖြစ်ယူဆခံရကာ သံသယဝင်လာစေနိုင်သည်။

ခေါင်းဆောင်မှော်ပညာရှင်အဆင့်ရှိ အင်အားကြီးမားသောရန်သူနှင့် ရင်ဆိုင်ရသောအခါတွင် ၎င်းတို့က သူ့ကို စောင့်ကြည့်မနေသည်ပင် ရှုပ်ထွေးနေပြီဖြစ်သော်လည်း ရှုယီကမူ မှော်သုတေသနဌာနတွင် ပါဝင်ရန် တောင်းဆိုမှုကို လက်ခံခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းမှ လူတိုင်းကမူ၊ ၎င်းကို ရူးနှမ်းသည်ဟုသာ ယူဆခဲ့သည်။

ခေါင်းဆောင်မှော်ပညာရှင်ကလေး သည် Frestech ကုန်သည်ကြီးများအသင်းအတွက် စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်နေသည့် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာနှင့်တူလိမ့်မည်ဟု ရှုယီကလည်း မယုံပါပေ။

သူဟာလည်း အခြားသူများကဲ့သို့ ခေါင်းဆောင်မှော်ပညာရှင် ကလေးနှင့်ပတ်သက်၍ စိုးရိမ်ကာ သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းထဲ စိမ့်ဝင်ဖို့ကြိုးစား၍ အရေးကြီးသည့် မှော်စက်မှုနည်းပညာများကို ယူဆောင်ပြီး Frestech ကုန်သည်ကြီးများအသင်းနှင့် ရင်ဆိုင်ရန် အသုံးပြုမည်အား စိုးရိမ်မိပါ၏။

သို့သော် စဉ်းစားပြီး‌နောက်တွင် ရှုယီဟာ ၎င်းကို သဘောတူလိုက်ဆဲပါပင်။

ရှုယီအတွက် ခေါင်းဆောင်မှော်ပညာရှင်ကလေး ကို Frestech ကုန်သည်ကြီးများအသင်းထဲသို့ ခေါ်ဆောင်ခြင်း‌နောက်ကွယ်၌ လျှို့ဝှက်ပြဿနာများ ရှိနေသည်မှာမှာ သေချာကာ Frestech ကုန်သည်ကြီးများအသင်း အတွက် အဆင့်မြင့်နည်းပညာ ပေါက်ကြားမှုကိုတောင် ဖြစ်စေနိုင်ပါသော်လည်း ၎င်းကို ရှောင်လွှဲလို့ ရနိုင်ပြီး တကယ်ဖြစ်လာလျှင် လက်ခံနိုင်လောက်သည့် အကွာအဝေးထဲ၌ ရှိနေပါ၏။

Frestech ကုန်သည်ကြီးများအသင်းသို့ ဝင်ရောက်လာမည့် ခေါင်းဆောင်မှော်ပညာရှင်ကလေး ယူဆောင်လာမည့် အကျိုးကျေးဇူးများနှင့် နှိုင်းယှဉ်ပါက အန္တရာယ်များနှင့် ဆုံးရှုံးမှုက နည်းပါးပါသည်။

ခေါင်းဆောင်မှော်ပညာရှင်ကလေးက ဘာအကျိုးအမြတ်တွေယူလာမှာလဲ?

ပထမဆုံး Frestech ကုန်သည်ကြီးများအသင်းတွင် ယခင်က ခေါင်းဆောင်မှော်ပညာကမ်မီလာ ရှိနှင့်ပြီးဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်း၌ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ အလုပ်လုပ်ခြင်းက သူ၏ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ဖြစ်သည်ဟု လူတိုင်းထင်ကြသည်။ Frestech ကုန်သည်ကြီးများအသင်းက သူ့လို ခေါင်းဆောင်မှော်ပညာရှင်ကို လုံလုံလောက်လောက် ဆွဲဆောင်နေခြင်းကြောင့် မဟုတ်ဟုပင်။

ယခု ခေါင်းဆောင်မှော်ပညာရှင်ကလေး သည် Frestech ကုန်သည်ကြီးများအသင်းတွင် အလုပ်လုပ်ရန်ရွေးချယ်ထားသောကြောင့် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ခေါင်းဆောင်မှော်ပညာရှင်ကို ၎င်းတို့ကိုယ်တိုင် ပူးပေါင်းရန် ဆွဲဆောင်နိုင်သည်ဟု ဆို၍ရသည်။

Frestech ကုန်သည်ကြီးများအသင်းသည် နယ်မြေကြီးတွင် ကျော်ကြားနေသည်မှာ သံသယမရှိသော်လည်း မည်သို့ဖြစ်‌စေ Frestech ကုန်သည်ကြီးများအသင်းကို တည်ထောင်လာခဲ့သည်မှာ ဆယ်နှစ်သာ ရှိသေးပြီး စတက်တိန်းနယ်မြေကဲ့သို့သော နိုင်ငံငယ်လေးတွင် အခြေစိုက်သောကြောင့်၊ ၎င်းတို့ ဘယ်လောက်ပဲ နာမည်ကြီးနေပါစေ Frestech ကုန်သည်ကြီးများအသင်းသည် နယ်မြေကြီးရှိ သက်တမ်းကြာ ကုမ္ပဏီများနှင့် နှိုင်းယှဉ်လျှင် အားနည်းသည်ဟု လူတိုင်းက ထင်ကြသည်။

ယခု ခေါင်းဆောင်မှော်ပညာရှင်ကလေး သည် ၎င်းတို့နှင့်ပူးပေါင်းလိုက်သောကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ ခံစားချက်သည် အဆင့်တစ်ခုတည်းသာ တက်သွားမည်မဟုတ်ပေ။

စိုင်စ်နယ်မြေကြီး၏ သမိုင်းတွင် ယခင်က ကုမ္ပဏီများအတွက် အလုပ်လုပ်ခဲ့သော ခေါင်းဆောင်မှော်ပညာရှင်များ ရှိခဲ့သော်လည်း၊ အမည်အရသာဖြစ်ပြီး ၎င်းတို့လုပ်ခဲ့သည့် ကုမ္ပဏီများက နယ်မြေကြီး၏ ထိပ်တန်းကုမ္ပဏီများသာဖြစ်သည်။

ခေါင်းဆောင်မှော်ပညာရှင်ကလေး သည် Frestech ကုန်သည်ကြီးများအသင်းတွင် အမည်အရသာမကဘဲ အခြားသော ခေါင်းဆောင်မှော်ပညာရှင်များထက် များစွာသာလွန်ကာ မှော်သုတေသနဌာနအတွက် အမှန်တကယ် လုပ်ဆောင်သွားမည်ဖြစ်သည်။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းတွင်ရှိသော ကျောထောက်နောက်ခံကို လွန်စွာတိုးမြင့်စေမည်ဖြစ်သည်။

ဒုတိယ အနေနှင့်၊ ခေါင်းဆောင်မှော်ပညာရှင်ကလေး သည် Frestech ကုန်သည်ကြီးများအသင်းသို့ ယူဆောင်လာမည့်ကျော်ကြားမှုကိုမဆိုထားနှင့် ခေါင်းဆောင်မှော်ပညာရှင်ကလေး ကိုယ်တိုင်ကပင် ရှုယီ၏ အမြင်တွင် အလွန်ရှားပါးသောပါရမီရှင်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏ မှော်စက် အများစုအတွက် သာမန်အဆင့်နိမ့်မှော်ပညာများကို လေ့လာရန်သာ လိုအပ်သော်လည်း ၎င်းသည် သာမန်အရပ်သားသုံး မှော်စက်များအတွက်သာ ဖြစ်သည်။ မှော်စက်လုပ်ငန်းကို လူကြိုက်များစေရန်အတွက် သုတေသနတွင် သာမန်မှော်ပညာရှင်များအား ပါဝင်ခွင့်ပြုရန် ဤအဆင့်နိမ့် မှော်စက်များကိုသာ ရွေးချယ်နိုင်ခဲ့သည်။

သို့သော် မှော်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အဆင့်မြင့်နည်းပညာလိုအပ်ချက်ကို ရှောင်လွှဲ၍မရနိုင်ကြောင်း ရှုယီ ရှင်းရှင်းလင်းလင်းသိသည်။

ယင်းမတိုင်မီက Frestech ကုန်သည်ကြီးများအသင်းတွင် ရှုယီ၊ ဂျူနာ နှင့် တယ်လုချီ တို့ဟူသည် မဟာမှော်ပညာရှင် သုံးဦးရှိခဲ့ပြီး ခေါင်းဆောင်မှော်ပညာရှင်အဆင့်ရှိ ကမ်မီလာ၏ ပံ့ပိုးကူညီမှုကြောင့် အဆင့်မြင့် မှော်စက် သုတေသနတွင် အောင်မြင်မှုအချို့ ရနိုင်ခဲ့သော်လည်း၊ ဤအရာသည် ရှုယီအတွက် မလုံလောက်တော့ပေ။

အကြီးမားဆုံး ကွာဟခြင်းမှာ မှော်ပညာ သုတေသနပြုခြင်းနှင့် ပတ်သက်လာလျှင် ရှုယီနှင့် အခြားသော မဟာမှော်ပညာရှင် နှစ်ယောက်ပင် မပါဝင်နိုင်သည့်အရာများရှိသောကြောင့် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာသည် သူ့ဘာသာသူ အရာအားလုံးကို လုပ်ဆောင်ရတော့သည်။

ယခု ခေါင်းဆောင်မှော်ပညာရှင်ကလေး ပါဝင်လာသောအခါတွင် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာနှင့် အဆင့်တူသော အခြားသုတေသီတစ်ဦးရှိလာမည်ဖြစ်သည်။

အကယ်၍ ၎င်းတို့နှစ်ဦးသာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ပါက Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏ အဆင့်မြင့် မှော်စက်သုတေသနတွင် ကြီးမားသော အောင်မြင်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။

"ဒါပေမယ့် ခေါင်းဆောင်မှော်ပညာရှင်ကလေး က ဒီအဆင့်မြင့်နည်းပညာတွေကို ကျွမ်းကျင်ပြီးရင် မန်နာမှော်တိုင်းပြည်ဆီ အချက်အလက်တွေကို ပြန်ယူသွားမှာ ရှင် တကယ် စိတ်မပူဘူးလား။" အကြီး အီလူရှာ က ရှုယီကို မျက်မှောင် ဖွဖွကုပ်ကုကြည့်လာသည်။

"တကယ် စိတ်မပူဘူးလို့ ပြောရင် ယုံမှာလား။" ရှုယီက ပြုံးပြီး ပြန်မေးလိုက်သည်။

အကြီးအကဲ အီလူရှာ သည် ၎င်းကို အလေးအနက်တွေး၍ သက်ပြင်းတစ်ချက်ချကာ ခေါင်းယမ်းလိုက်သည်၊ "ကျွန်မသိဘူး။ ရှင်တို့ လူသားတွေရဲ့ အတွေးတွေက ရှုပ်ထွေးနေပြီကို ဥက္ကဌရှုရဲ့ အတွေးတွေက ပိုတောင် ရှုပ်ထွေးနေသေးတယ်၊ ရှင်ဘာတွေတွေးနေလဲဆိုတာ ကျွန်မ မှန်းဆလို့ မရဘူး။"

ရှုယီက မနေနိုင်အောင်ရယ်မောလျက် သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်၊ "အကြီးအကဲ အီလူရှာ၊ ခင်ဗျား ဒီလောက်ကြီးလေးနက်နေဖို့ မလိုပါဘူး၊ ကျွန်တော်က နောက်နေတာပါ။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ဒီကိစ္စကို ကျွန်တော်တကယ် စိတ်မပူဘူး။”

"ဘာလို့လဲ?" အကြီးအကဲ အီလူရှာ သည် အလွန်စိတ်ရှုပ်ထွေးသွားသည်၊ “နည်းပညာဆိုတာ စက်မှုလုပ်ငန်းရဲ့ အခြေခံအုတ်မြစ်ဖြစ်တာကို ရှင်ပဲ အမြဲအလေးပေးနေတာမဟုတ်ဘူးလား။ Frestech ကုန်သည်ကြီးများအသင်းမှာ ဒီအားသာချက်ရှိတာကလည်း ရှင် ခေါင်းဆောင်နေတာလို့ ရှင်အလေးပေးပြောခဲ့တာမဟုတ်လား။ အကယ်၍ ခေါင်းဆောင်မှော်ပညာရှင်ကလေး သာ အရေးကြီးဆုံးနဲ့ အဆင့်အမြင့်ဆုံးနည်းပညာကို ပေါက်ကြားစေခဲ့ရင်၊ ဒါက ရှင်တို့ ကုမ္ပဏီအတွက် ကြီးလေးတဲ့ ထိုးနှက်ချက် ဖြစ်လာမှာ မဟုတ်ဘူးလား။"

“စဉ်းစားကြည့်ပါဦး… ကျွန်တော်တို့ကုမ္ပဏီမှာ မှော်စက်နည်းပညာ အမျိုးအစား ဘယ်နှမျိုးလောက်ရှိလဲ” ရှုယီက ပြုံး၍ မေးသည်။

အကြီးအကဲ အီလူရှာ က အနည်းငယ် အံ့ဩသွားပြီးမှ ခေါင်းယမ်းလိုက်သည်၊ “ဒါကိုတော့ ကျွန်မ,မသိဘူး”

"ဒါဆို မေးခွန်းပြောင်းကြည့်ရအောင်။ အကြီးအကဲ အီလူရှာ၊ ခင်ဗျားရဲ့ ညတေးသံမျိုးနွယ်စုက လက်ရှိ ဆုပ်ကိုင်ထားတဲ့ ထူးခြားတဲ့ နည်းပညာ အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ။"

“ဒါက……” အကြီးအကဲ အီလူရှာ က ၎င်းကို ခဏလောက်စဉ်းစားလိုက်ကာ “အရင်က မတွက်ကြည့်ဖူးပေမယ့် တစ်ရာကျော်လောက်ရှိလောက်တယ်”

"ဒါဆို တခြားလူက ခင်ဗျားတို့ ညတေးသံမျိုးနွယ်စု ထဲကို ရောက်လာပြီးပြီး အချိန်တစ်ခုကြာသွားရင် နည်းပညာ အမျိုးအစားပေါင်း တစ်ရာကျော်ကို ဆုပ်ကိုင်နိုင်မယ်လို့ ထင်လား။"

"ဒါက မဖြစ်နိုင်တာတော့ ဟုတ်ပါတယ်။" အကြီးအကဲ အီလူရှာ ခေါင်းယမ်းလိုက်သည်၊ “နည်းပညာအပိုင်းတစ်ခုစီမှာ ကျွန်မတို့ ညတေးသံမျိုးနွယ်စုက နတ်သူငယ်တွေ အားလုံးကြားထဲမှာပဲ သိကြပြီး ကျွန်မတို့ နှစ်ပေါင်းများစွာ သုတေသနပြုခဲ့တဲ့ မှော်ပညာဗဟုသုတတွေနဲ့ပဲ ပြည့်နှက်နေတာ။ တစ်ခုချင်းစီမှာ ကျွန်မတို့ မျိုးနွယ်စုများစွာရဲ့ သွေးနဲ့ ချွေးတွေပါရှိတယ်။ အားလုံးကို ပေးလိုက်ရင်တောင် သူတစ်ယောက်တည်း နားလည်ဖို့ မဖြစ်နိုင်ဘူး”

“ဆိုလိုတာက……” ရှုယီက သူ့လက်ကို ဖြန့်လိုက်သည် “ကျွန်တော်တို့ ကုမ္ပဏီရဲ့ မှော်စက်နည်းပညာက ခင်ဗျားတို့ရဲ့ ညတေးသံမျိုးနွယ်စုထက် အဆပေါင်းများစွာ သာလွန်နေပြီး အမျိုးအစားတစ်ခုစီအတွက် အချက်အလက်တွေက အခန်းပေါင်းများစွာကို ပြည့်စေနိုင်တယ်။ ကျွန်တော် အဲဒါတွေကို ခေါင်းဆောင်မှော်ပညာရှင်ကလေး ကို ပြလိုက်ရင်တောင် ဒီလောက်အများကြီးကို သူ နားလည်နိုင်မှညလား။ နောက်ပြီး သူ့လက်ရှိအဆင့်နဲ့ဆို သူနားလည်နိုင်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ပြသနာရှိတယ်……”

"သူက ခေါင်းဆောင်မှော်ပညာရှင်၊ ဘာလို့ နားမလည်နိုင်မှာလဲ" အကြီးအကဲ အီလူရှာ က မနေနိုင်အောင် ငြင်းလိုက်သည်။

ရှုယီကမူ ဘာမှ မပြောဘဲ ပြုံးလိုက်၏။

အကြီးအကဲ အီလူရှာ သည် အနည်းငယ် စဉ်းစားလိုက်ပြီးနောက် အာရုံများ ပြန်ရလာသည်။

ခေါင်းဆောင်မှော်ပညာရှင်များဟူသည် မှော်ပညာရှင်များ၏ အထွတ်အထိပ်ဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များသည် မှော်ပညာနှင့်သာ သက်ဆိုင်ရုံမက ၎င်းတို့သည် စက်နှင့် မှော်ပညာတို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ နှစ်ပေါင်းများစွာ အောင်မြင်မှုများနှင့် ဖွံ့ဖြိုးတိုးတက်လာပြီးနောက်၊ မှော်စက်သီအိုရီသည် သာမန်မှော်သီအိုရီနှင့် သီးခြားအကြောင်းအရာတစ်ခု ဖြစ်လာနေပြီဖြစ်သည်။

ခေါင်းဆောင်မှော်ပညာရှင် ကလေး က မှော်သီအိုရီ၏ အထွတ်အထိပ်မှာ ရှိနေပါလျှင်တောင်မှ မှော်စက်တွေနှင့် ရင်းနှီးမည်ဟု မဆိုလိုပါချေ။

အကြီးအကဲ အီလူရှာ သည်လည်း မဟာမှော်ပညာတစ်ဦးဖြစ်ကာ Frestech ကုန်သည်ကြီးများအသင်းနှင့် နှစ်အတော်ကြာ ရင်းနှီးခဲ့ပြီးနောက် ၎င်းကို လူအများစုထက် ပိုသိသည်။

သူမဆိုလျှင်ပင် ရှုယီသည် Frestech ကုန်သည်ကြီးများအသင်း၏ သုတေသနအချက်အလက်အချို့ကို သူမအတွက် ထုတ်ပေးခဲ့မည်ဆိုလျှင်တောင် သူမ နားမလည်နိုင်ပေ။

၎င်းက ရှုယီကို စိတ်လှုပ်ရှားစေသည့် အချက်ပါပင်။ မှော်စက် သုတေသန တိုးတက်လာသည်နှင့်အမျှ အမျိုးမျိုးသော မှော်စက် အမျိုးအစားအားလုံးတွင် အပိုင်းခွဲများ ပိုများလာပြီး ပို၍ပင် ထူးထူးခြားခြား ရှိလာသည်။

နောက်ဆုံးတွင်၊ ၎င်းသည် ကမ္ဘာမြေကြီးနှင့် တူညီသောစက်မှုလုပ်ငန်းကဲ့သို့ ဖြစ်လာနိုင်ဖွယ်ရှိသည်။

အထူးပြုထားသော သုတေသီများသည် အရည်အချင်းရှိလျှင်ပင် ၎င်းတို့၏ ကိုယ်ပိုင်သုတေသနကို ကန့်သတ်ထားဆဲဖြစ်သည်။ ၎င်းတို့ဟာ ၎င်းတို့ကိုယ်ပိုင်မဟုတ်သည့် အခြားနယ်ပယ်တွေနှင့် ပတ်သက်လာလျှင် အပေါ်ယံဗဟုသုတများသာ ရှိလိမ့်မည်။

“ဒါပေမယ့်…… ရှင် သူ့ကို မှော်သုတေသနဌာနထဲ ဝင်ခွင့်ပြုလိုက်တဲ့အတွက် အချက်အလက်တွေနဲ့ ထိစပ်လာနိုင်တယ်။ မင်းက သူ့ကို အပေါ်ယံတွေ လုပ်ခိုင်းလို့ မရဘူး မဟုတ်လား" အကြီးအကဲ အီလူရှာ က မေး၏။

"ဟုတ်တယ်၊ သူက ခေါင်းဆောင်မှော်ပညာရှင်လေ၊ သူက မှော်သုတေသနရဲ့ ထိပ်တန်းပဲ၊ သူ့ကို အပေါ်ယံ တစ်ခုခုကို ဘယ်လိုလုပ်ခိုင်းရမှာလဲ" ရှုယီက စိတ်လှုပ်ရှားသည့် အသံဖြင့် ပြောသည် ။ “ကျွန်တော် စဉ်းစားထားပြီးသားပါ၊ သူ့အခြေခံအုတ်မြစ်ကို အရင်တည်ဆောက်ဖို့ သူ့ကို တစ်နှစ်ခွဲလောက် အချိန်ပေးမယ်။ သူ အခြေခံမှော်ပညာဆိုင်ရာ ဗဟုသုတအချို့ကို ပြုစုပျိုးထောင်ပြီးတဲ့အခါကျရင်၊ ကျွန်တော် တွေးထားပြီးဖြစ်တဲ့ အဆင့်မြင့်ပရောဂျက်တွေကို သင်ယူခိုင်းမယ်။ အင်း၊ ကျွန်တော် ဒီအတွက် အလုပ်လုပ်နေတဲ့လူတွေကို လိုချင်နေပြီ၊ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက အရမ်းအလုပ်ရှုပ်နေလို့ သနားစရာပဲ။ အချကျွန်တော်တို့မှည ခေါင်းဆောင်မှော်ပညာရှင် ကလေး ရှိလာတဲ့ အတွက် ဒါက ပိုလွယ်ကူသွားလိမ့်မယ်၊ ဟားဟား……”

ရှုယီက ရိုင်းပြသောပုံစံဖြင့် ရယ်မောသည်ကိုမြင်တော့ အကြီးအကဲ အီလူရှာ သည် ပြောစရာမဲ့စွာ ခေါင်းခါလိုက်သည်။

သူမသည် ရှုယီကို ဆယ်နှစ်ကျော်ကြာအောင် သိခဲ့ပြီးဖြစ်သော်လည်း ရှုယီ၏ အတွေးများကို ယခုထိ နားမလည်နိုင်သေးကြောင်း တွေ့ရှိခဲ့သည်။

လူသားတွေဟာ နတ်သူငယ်တွေထက် ပို၍ ရှုပ်ထွေးသော်လည်း ရှုယီက သာမန်လူသားတွေထက်တောင် ပိုမိုရှုပ်ထွေးပါ၏။

အကြီးအကဲ အီလူရှာ သည် ရှုယီ တွေးနေသည့်အရာကို နားလည်ရန် ကြိုးစားခြင်းကို စွန့်လွှတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဤလူဟာ နှစ်တွေကြာလာသည်နှင့်အမျှ ဒီလိုရူးသွပ်စရာတွေအားလုံးကို လုပ်ခဲ့သော်လည်း ကြီးကြီးမားမားပြဿနာမျိုး တစ်ခါမှမဖြစ်ဖူးသည့်အတွက် အခြားသူတွေအနေဖြင့် စိတ်ပူစရာမလိုပါချေ။

ညတေးသံမျိုးနွယ်စု၏ အကြီးအကဲ အနေဖြင့်၊ သူမသည် မိမိလူမျိုးအတွက် ဦးစွာ စိတ်ပူသင့်သည်။

"ဥက္ကဌရှု၊ စီးပွားရေးကိစ္စ ဆွေးနွေးရအောင်။ ပင်လယ်ပြင်ခရီးအတွက် လူအင်အား ပြင်ဆင်မှုကိစ္စနဲ့ ပတ်သက်ပြီးတော့ စဉ်းစားပြီးပြီလား။”

Vol 7, အခန်း ၁၆။ ပင်လယ်ပြင် စူးစမ်းရှာဖွေခြင်းခေတ်

ထိုမေးခွန်းကိုကြားသော် ရှုယီ၏ အပြုံးက ပျောက်ကွယ်သွားသည်။ သူဟာ ခဏလောက်စဉ်းစားပြီးမှ ပြန်ဖြေလိုက်၏၊ “အခြေခံက သတ်မှတ်ပြီးသားပါ။ အကြီးအကဲ အီလူရှာ၊ ခင်ဗျား ဘေးကလူတွေကို ရွေးချယ်ဖို့ ဂရုစိုက်ပြီးပြီလား။"

“အင်း၊ ကျွန်မတော့ လူဆယ်ယောက်ပါတဲ့ အဖွဲ့လေးကို ရွေးပြီးပြီ။ အချိန်ကျလာတဲ့အခါ ရှင်နဲ့အတူ လိုက်လာကြလိမ့်မယ်၊ ရှင် သူတို့အတွက် စီစဉ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်။"

"ဒါဆို လွယ်ပါတယ်၊ သူတို့ကို ခေါ်ပြီး နာဗီလ် ကို သွားတွေ့ဖို့ ပြောလိုက်မယ်။ နာဗီလ် က ဒီပင်လယ်ရှာဖွေရေးရဲ့ ခေါင်းဆောင်မို့လို့ အရာအားလုံးကို ကိုင်တွယ်လိမ့်မယ်။”

“ကောင်းပါပြီ။” အကြီးအကဲ အီလူရှာ က ရှုယီအား အပြုံးဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည် ။ "ဥက္ကဌရှု၊ ကျွန်မတို့ရဲ့ ညတေးသံမျိုးနွယ်စုက ဒီနှစ်တွေတစ်လျှောက်လုံး ရှင့်ရဲ့အကူအညီကို လက်ခံရရှိထားပြီး အရာအားလုံးအတွက် ရှင့်ကို ကျွန်မတို့ပြန်မဆပ်နိုင်သေးဘူး၊ ဒါကြောင့် နည်းနည်းတော့ ရှက်စရာကောင်းတယ်။"

ရှုယီသည် မယုံနိုင်စွာ မျက်လုံးများ ပြူးကျယ်သွားကာ အံ့သြသွားသည်။ သူဟာ အကြီးအကဲ အီလူရှာ ကိုကြည့်လိုက်ပြီးနောက် ခဏမျှ ဂရုတစိုက်စူးစမ်းလိုက်သည်။

အကြီးအကဲ အီလူရှာ က သူဟာ သူမအား ဤကဲ့သို့ ထူးဆန်းစွာ ကြည့်နေခြင်းကို ခံစားလိုက်ရပြီး မနေနိုင်အောင် မေးလိုက်၏၊ "ဥက္ကဌရှု၊ ကျွန်မ တစ်ခုခုမှားနေလို့လား"

“မဟုတ်ဘူး……မမှားပါဘူး……ဒီတိုင်း……” ရှုယီ၏ အမူအရာက အလွန်ထူးဆန်းသွားသည်၊ "အကြီးအကဲ အီလူရှာ၊ ဒါက ကျုပ်တို့လူသားတွေကြားမှာဆို လောကွတ်စကားတွေပဲ ဆိုပေမယ့် ခင်ဗျားပြောလာတော့ နည်းနည်း ထူးဆန်းတယ်လို့ တကယ်ခံစားရတယ်......"

"လောကွတ်စကားတွေလား?" အကြီးအကဲ အီလူရှာ က ခေါင်းကို ခါလိုက်ကာ “ဒါက လောကွတ်စကားတွေ မဟုတ်ပါဘူး၊ ကျွန်မရင်ထဲကက ထွက်လာတဲ့ စကားတွေပါပဲ။ ကျွန်မတို့ နတ်သူငယ် မျိုးနွယ်တွေက ဟန်ချက်ညီညီနဲ့သဘာဝကို ထောက်ခံသူတွေဖြစ်တာကြောင့်၊ ကျွန်မတို့သာ တစ်ယောက်ယောက်ရဲ့ ကျေးဇူးကို ပြန်မဆပ်နိုင်ဘဲ ဆက်ပြီး ခံယူမယ်ဆို၊ ဒါက ကျွန်မတို့ကို အရမ်း နေရခက်လာစေတယ်။"

ရှုယီသည် ကူရာမဲ့စွာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "ကောင်းပြီ၊ အကြီးအကဲ အီလူရှာ၊ ခင်ဗျား ဒီလိုလေးနက်မှုရှိတာက ပိုကောင်းပါတယ်။ ဒါကို ခင်ဗျားနဲ့ ဆွေးနွေးခဲ့တာ ကြာပြီ၊ ခင်ဗျားတို့ ညတေးသံမျိုးနွယ်စုကို မှော်စက်လုပ်ငန်းမှာ နတ်သူငယ်တွေပါ ပူးပေါင်းလာပြီး ကူညီဖို့ ရွေးချယ်ခဲ့တာ။ ဒီနှစ်တွေ အားလုံးပြီးတဲ့နောက်၊ ခင်ဗျားတို့လည်း အတော်ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးလာခဲ့ပြီး မှော်စက်လုပ်ငန်းရဲ့ အစားထိုးမရနိုင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့တယ်။ ကျွန်တော့် အတွက်တော့ ဒီဟာက တင် လုံလောက်နေပါပြီ။ တခြား ပေးဆပ်မှု နဲ့ ပတ်သက်ပြီး ခင်ဗျား ကျွန်တော့်မှာ တစ်ခုခု ချို့တဲ့နေတယ် ထင်လို့လား"

အကြီးအကဲအီလူရှာ က ခေါင်းစောင်းလိုက်ပြီးနောက် ကူကယ်ရာမဲ့ကာ ခေါင်းယမ်းသည်၊ “ရှင့်မှာ ကျွန်မတို့မှာ ရှိတဲ့အရာတွေ ရှိနေပြီးသား၊ အဲဒါကပဲ ရှင့်ကို ကျွန်မတို့ ဘယ်လိုမှ ပြန်ဆပ်နိုင်မှာလဲဆိုတဲ့ အဓိက မေးခွန်းပဲ။”

"ကောင်းပြီ ဒီအကြောင်း မပြောပါနဲ့တော့။" ရှုယီသည် အပြုံးဖြင့် လက်ကို ဝှေ့ယမ်းကာ ဤအကြောင်းအရာကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် နတ်သူငယ်များ၏ ခေါင်းမာသော သဘောသဘာဝကို ရှင်းရှင်းလင်းလင်း သိထားပြီး ၎င်းကို အကြီးအကဲ အီလူရှာ နှင့် အမှန်တကယ် ဆက်လက် ဆွေးနွေးနေပါက၊ သူမတွင် အကြံအစည် တစ်မျိုးမျိုး ရှိပေမည်။

"တကယ်လို့ ကျွန်တော်တို့ ဒီကိစ္စကို ပြောဖို့လိုရင် ဒီတခေါက် ပင်လယ်ပြင်ရှာဖွေရေးခရီးစဉ်မှာ ဒီ နတ်သူငယ်တွေကို စေလွှတ်ဖို့ ဘာကြောင့် တောင်းဆိုနေရတာလဲဆိုတာ ကျုပ်သိချင်တယ်။" ရှုယီက ၎င်းကို တွေးပြီး ပြောလိုက်၏၊ “ဒါက ကျွန်တော်တို့ ကုမ္ပဏီရဲ့ ပထမဆုံး စူးစမ်းလေ့လာရေး ခရီးစဉ်ဖြစ်ပြီး မသိသေးတဲ့ အန္တရာယ်တွေ အများကြီးရှိတယ်။ လူတွေကို အလျင်စလို လွှတ်လိုက်ရင် သူတို့ လမ်းပျောက်သွားနိုင်တယ်။”

ဤအချိန်အတွင်း ရှုယီ တွေးနေခဲ့သောမေးခွန်းမှာ ၎င်းပင်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းသည် ပင်လယ်နက်ပိုင်းရှာဖွေရေး သင်္ဘောစုကို စေလွှတ်ရန် စီစဉ်နေကြောင်း သိရှိပြီးနောက်၊ အကြီးအကဲ အီလူရှာ သာမကဘဲ အကြီးအကဲ လီဆန်ယာ နှင့် အကြီးအကဲ အွန်ဒင်း တို့ပင်လျှင် လရိပ်မျိုးနွယ်စုနှင့် အဇ်ရှာရာ မျိုးနွယ်စုတို့မှ လူများကို အသီးသီး စေလွှတ်လိုကြောင်း ပြောကြားခဲ့ကြသည်။

ရှုယီက ၎င်းကို အင်မတန်သိချင်နေခဲ့ပါ၏။ ဤ နတ်သူငယ် မျိုးနွယ်စုသုံးစုသည် အဘယ်ကြောင့် ရေနက်ပိုင်းရှာဖွေရေးတွင် စိတ်ဝင်စားကြသည်ကို သူမသိပါချေ။

အကယ်၍ ၎င်းမှာ ရှုယီ ဤပင်လယ်နက်ပိုင်းရှာဖွေရေးသင်္ဘောစုကို စီစဉ်ရန် ဆုံးဖြတ်ခဲ့သည်ကို ကြားသိပြီးနောက် ရက်အတော်ကြာသည်အထိ အိပ်မပျော်နိုင်သည့် သွေးနှော လုမီ ဖြစ်ခဲ့ပါက၊ အခြားနယ်မြေတစ်ခုသို့ သွားသည်ဟု ကောလာဟလသတင်းများထွက်ပေါ်နေခဲ့သော သူမ၏ မျိုးနွယ်စုများကို ရှာတွေ့ရန် သူမဟာ အမြဲမျှော်လင့်နေခဲ့သောကြောင့် အဓိပ္ပါယ်ရှိပေသည်။

သို့ပေမယ့် နတ်သူငယ်များဟာ စိုင်စ်နယ်မြေကြီးက ထွက်သွားသည့် မျိုးနွယ်စုတစ်ခု မဟုတ်ပါချေ၊ ထို့ကြောင့် ၎င်းတို့က အဘယ့်ကြောင့် အင်မတန် စိတ်အားထက်သန်နေရပါသနည်း။

"ကျွန်မတို့ တစ်ခုခုကို အတည်ပြုချင်တာပါ။" အကြီးအကဲ အီလူရှာ က ဤမရေရာသော အဖြေကိုသာ ပေးပြီး ပြုံးပြလာရာ သေချာ မရှင်းပြလိုကြောင်း သိသာသည်။

ရှုယီက မျက်မှောင်ကုပ်လိုက်မိသည်။ အကြီးအကဲ အီလူရှာ သည် ဤအကြောင်းကို မပြောချင်ပါက သူမည်ကဲ့သို့ မေးသည်ဖြစ်စေ အဖြေရမည်မဟုတ်ကြောင်း သူသိသည်၊ ထို့ကြောင့် သူလက်လျှော့လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ၊ ပင်လယ်ပြင်ရှာဖွေရေးသင်္ဘောစုတွင် အစောင့်သင်္ဘော ဆယ့်ငါးစင်းပါပြီး အကြီးစားသယ်ယူပို့ဆောင်ရေး မှော်သင်္ဘောငါးစင်း ပါရှိသောကြောင့် နတ်သူငယ် ဒါဇင်ခန့် ထပ်ပိုလာခြင်းသည် မည်သည့်အရာကိုမျှ ထိခိုက်မည်မဟုတ်ပေ။

ယင်းနှင့် နှိုင်းယှဉ်ပါက ရှုယီသည် ပင်လယ်နက်ပိုင်း စူးစမ်းလေ့လာရေး ခရီးစဉ်ကို များစွာ အရေးထားသည်။

စိုင်စ်နယ်မြေကြီး၌ ကောလဟာလများစွာ ရှိခဲ့ပြီး သူ့ခြေရှိ ဂြိုဟ်ဟာ နယ်မြေကြီးတစ်ခုတည်းသာမဟုတ်ဘဲ အခြားနယ်မြေကြီးများလည်း ရှိလောက်သည်ဆိုတာ သေချာပါ၏။

(စိုင်စ်နယ်မြေကြီး = စိုင်စ်တိုက်ကြီး, အာရှတိုက်တို့၊ အမေရိကတိုက်တို့လိုမျိုးပါ)

အကယ်၍ ရှုယီသည် ဤနယ်မြေကြီးများကို ရှာတွေ့နိုင်လျှင် ဤကမ္ဘာနှင့် ပတ်သက်၍ သူ၏ နားလည်မှုကို ပိုမိုတိုးတက်စေမည်ဖြစ်သည်။

စူးစမ်းရှာဖွေရန် လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ပို၍အဓိပ္ပါယ်ရှိသော အရာမှာ မြေယာများ ပိုရှိခြင်းက အရင်းအမြစ်များ ပိုမို ရှိသည့် အဓိပ္ပာယ်ဖြစ်သလို သူ၏ မှော်စက်လုပ်ငန်းထဲသို့ ဆွဲသွင်းနိုင်သည့် လူဦးရေလည်း ပိုများလာမည်ဖြစ်သည်။

ပြီးပြည့်စုံသော မှော်စက်လုပ်ငန်းကို တည်ဆောက်ခြင်းသည် အချိန်ယူရုံသာမက လူအင်အားလည်း များစွာလိုအပ်သည်။

ပါဝင်ပတ်သက်သူ များများရနိုင်လျှင် သဘာဝအတိုင်း လျင်မြန်စွာ ဖွံ့ဖြိုးလာမည်ဖြစ်သည်။

၎င်းထက် ပိုလက်တွေ့ကျသည့် ရှုထောင့်ကနေ စဉ်းစားရပါလျှင် စိုင်စ်နယ်မြေကြီးသည် အနည်းနှင့်အများ တည်ငြိမ်နေပြီး နယ်မြေများကို နိုင်ငံအသီးသီးမှ သိမ်းယူထားသောကြောင့် အရင်းအမြစ်များကို ၎င်းတို့က ထိန်းချုပ်ထားသည်။

Frestech ကုန်သည်ကြီးများအသင်းသည် အဆိုပါနိုင်ငံအများစုနှင့် ကောင်းမွန်သောပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးတည်ဆောက်ရန်အတွက် မှော်စက်လုပ်ငန်းတွင် ၎င်းတို့၏အားသာချက်ရှိသော အဆင့်ကို မှီခိုအားထားနေပြီး ၎င်းတို့၏ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရန် အရင်းအမြစ်များစွာကို ရရှိနိုင်စေပါသော်လည်း..

ဤအရင်းအမြစ်များကို ကိုယ်တိုင် မထိန်းချုပ်နိုင်ပါက အဆုံးတွင် ၎င်းတို့သည်လည်း ယုံကြည်စိတ်ချရမည်မဟုတ်ပေ။

Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့အား တိုက်ခိုက်လိုသည့် နိုင်ငံမရှိလောက်အောင် အားကောင်းနေစဉ်တွင် ရှုယီသည် အရင်းအမြစ်များနှင့် မြေနေရာများ ပိုမိုရရှိရန် ဆက်တိုက်စစ်ကြေညာခိုင်းသည့် ယခင်က ဆယ်ဗီနီ အကြံပြုထားသည့်အတိုင်း လုပ်ဆောင်နိုင်ပါသော်လည်း ၎င်းကအခြားနိုင်ငံများကို တိုက်ခိုက်ရန် ၎င်းတို့အတွက် မလုံလောက်ပါ။

နောက်ဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းသည် ကုမ္ပဏီတစ်ခုသာဖြစ်ပြီး နိုင်ငံတစ်ခုမဟုတ်ပါချေ။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်အကြပ်များအတွက် နိုင်ငံတစ်ခု၏ စစ်တပ်ကိုသုတ်သင်ရန် မခဲယဉ်းသော်လည်း တိုင်းပြည်တစ်ခုလုံးကို လုံးဝသိမ်းပိုက်ရန်မှာ မဖြစ်နိုင်သောအရာဖြစ်သည်။

ထို့ကြောင့် ဤအခြေအနေမျိုးတွင် မြေများကို စူးစမ်းရှာဖွေခြင်းနှင့် အရင်းအမြစ်များကို ရှာဖွေခြင်းသည် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။

တကယ်တမ်း ရှုယီဟာ လုမီ ကို ပထမဆုံးစတွေ့တုန်းကတည်းက ဤအကြံအစည်ရှိပြီးသားဖြစ်ပြီး ဤကမ္ဘာတွင် ဤနယ်မြေကြီးတစ်ခုတည်းသာ ရှိခြင်း မဟုတ်သည်ကို အတည်ပြုခဲ့ပါ၏။ သို့ပေမယ့် သူ့အနေနှင့် ပင်လယ်ပြင်ကိုတရားဝင်စူးစမ်းလေ့လာနိုင်စေဖို့အတွက် ရေတပ်သင်္ဘောတစ်စင်းကို ပြင်ဆင်နိုင်ရန် နှစ်အတော်ကြာ အချိန်ယူပြင်ဆင်ခဲ့ရပါ၏။

သူ့ကိုယ်သူ မထိန်းနိုင်လောက်အောင် စိတ်လှုပ်ရှားနေသည့် လုမီ တစ်ဦးတည်းတင်မဟုတ်ဘဲ ရှုယီလည်း စိတ်လှုပ်ရှားနေပါ၏။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် ပင်လယ်ပြင် စူးစမ်းရှာဖွေရေးခေတ်ကို ဖွင့်လှစ်ခြင်းနှင့် ညီမျှသောကြောင့်ဖြစ်သည်။

….

နှစ်တစ်ဝက်ကြာ ပြင်ဆင်မှုများပြီးနောက် တစ်လခွဲအကြာတွင် Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုသည် နောက်ဆုံးတွင် ရွက်လွှင့်လာခဲ့သည်။

ထိုကဲ့သို့ အဓိပ္ပါယ်ရှိသော ကိစ္စအတွက် စိုင်စ်နယ်မြေကြီးရှိ သတင်းစာတိုက်ကြီးများအားလုံးမှာ အသေးစိတ် ဆောင်းပါးများကို ရေးသားခဲ့ကြသည်။

သတင်းစာအားလုံးက ၎င်းကိစ္စနှင့် ပတ်သက်ပြီး တူညီသည့် ထိတ်လန့်စရာ ရှုမြင်ချက်တွေ ရှိခဲ့ပါ၏။

Frestech ကုန်သည်ကြီးများအသင်း၏ ယခုအကြိမ် ပင်လယ်ပြင် စူးစမ်းလေ့လာရေး ခရီးစဉ်သည် စိုင်စ်နယ်မြေကြီး၏ သမိုင်းကြောင်းကို ပြောင်းလဲစေမည့် ကြီးမားသော ကိစ္စတစ်ခု ဖြစ်နိုင်သည်။

ယင်းမတိုင်မီက၊ စိုင်စ်နယ်မြေကြီးတွင် အခြားနယ်မြေကြီးတစ်ခုရှိနေသည်ဟု ကောလာဟလများထွက်ပေါ်ခဲ့သော်လည်း မည်သည့်အခါကမှ အတည်ပြုနိုင်ခြင်းမရှိခဲ့သေးပေ။

Frestech ကုန်သည်ကြီးများအသင်း၏ ပင်လယ်ပြင် စူးစမ်းရှာဖွေရေးသင်္ဘောစုသာ အခြားနယ်မြေကြီးတစ်ခုကို အမှန်တကယ်ရှာဖွေနိုင်ခဲ့ပြီး ဤအချက်ကို သက်သေပြနိုင်ခဲ့ပါက စိုင်စ်နယ်မြေကြီးရှိ လူတိုင်း၏ လောကအမြင်ကို ပြောင်းလဲစေမည်ဖြစ်သည်။

ယင်းမတိုင်မီက၊ စိုင်စ်နယ်မြေကြီးမှလူများ အားလုံးသည် ဤကမ္ဘာပေါ်တွင် နယ်မြေကြီးတစ်ခုသာရှိပြီး အဆုံးမရှိသောပင်လယ်များဝန်းရံထားသည်ဟု ထင်မြင်ယူဆခဲ့ကြသည်။

အဆုံးမဲ့ပင်လယ်ပြင်တွင် ကျွန်းအချို့ရှိလျှင်ပင်၊ စိုင်စ်နယ်မြေကြီးနှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် ဖော်ပြရန်မထိုက်တန်ပေ။ ထို့ကြောင့် စိုင်စ်နယ်မြေကြီးကို ဤကမ္ဘာ၏ ဗဟိုချက်အဖြစ် သတ်မှတ်ခဲ့ကြသည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ ပင်လယ်ပြင် စူးစမ်းရှာဖွေရေးသင်္ဘောစုသာ အခြားနယ်မြေကြီးတစ်ခုကို တွေ့ရှိပါက၊ စိုင်စ်နယ်မြေကြီးသည် တစ်ခုတည်းသော နယ်မြေကြီးမဟုတ်ဘဲ ဤကမ္ဘာ၏ ဗဟိုချက်မဟုတ်ဟု ဆိုလိုခြင်းမဟုတ်ပါလား။

ထိုဖြစ်နိုင်ခြေကို ရင်ဆိုင်နေရသည့် လူတွေက မျှော်လင့်ပြီး စိုးရိမ်နေကြ၏။

၎င်းတို့မှာ အခြားနယ်မြေကြီးကို ရှာလိုနေသည်ဖြစ်ရာ ထိုနယ်မြေကြီး၌ တည်ရှိနေသော ဒဏ္ဍာရီလာ မျိုးနွယ်များနှင့် ဤနယ်မြေကြီး၌ ပျောက်ကွယ်သွားသော သွေးနှောများကို ရှာနိုင်ရန် မျှော်လင့်နေကြသည်။

စိုင်စ်နယ်မြေကြီးသည် ကမ္ဘာ၏ ဗဟိုမဟုတ်သောကြောင့်၊ ကမ္ဘာ၏ဗဟိုချက်သည် အဘယ်၌ရှိမည်နည်း။

Frestech ကုန်သည်ကြီးများအသင်း၏ ပင်လယ်ပြင် စူးစမ်းရှာဖွေရေးသင်္ဘောစုသည် မရေမတွက်နိုင်သောလူများ၏ အာရုံစိုက်မှုနှင့်အတူ Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းမှ ထွက်ခွာသွားကာ အဆုံးမရှိသော အနောက်ဘက် ပင်လယ်ပြင်ဆီသို့ ဦးတည်သွားသည်။

ရှုယီ၏ နှစ်ပေါင်းများစွာ လေ့လာစောင့်ကြည့်မှုများနှင့် တွက်ချက်မှုများအရ စိုင်စ်နယ်မြေကြီးအထက် ကောင်းကင်ယံရှိ ကြယ်များသည် ကမ္ဘာပေါ်ရှိ ကြယ်များနှင့် အတူတူပင်ဖြစ်ကြောင်း ပြောနိုင်သည်၊ ထို့အပြင် ဂြိုဟ်၏ အချင်းဝက်သည် တူညီသောကြောင့် ကမ္ဘာမြေမှ အခြေခံ ပထဝီဝင် အသိပညာကို ဤနေရာတွင် အသုံးချနိုင်သည်။

တစ်နေ့လျှင် ကီလိုမီတာ ငါးရာကျော် အရှိန်ဖြင့်သွားပါက အရာရာ ချောမွေ့နေလျှင် ကမ္ဘာကိုပတ်ရန် အချိန်သုံးလသာ လိုလိမ့်မည်ဖြစ်သည် ။

ဟုတ်ပါ၏၊ ဤခရီးက ထိုမျှလောက်ချောမွေ့မည်မဟုတ်ပေ၊ ထို့ကြောင့် ရှုယီက ၎င်းတို့ကို တစ်နှစ်လောက် ခန့်မှန်းပေးလိုက်၏။

သို့ပေမယ့် ရှုယီက ၎င်းတို့ကို ယုံကြည်မှုမရှိဘူးဟု ဆိုလိုခြင်းမဟုတမဘဲ၊ ဤခရီးက အောင်မြင်မည်ဟု သူအရမ်းယုံကြည်ပေသည်။

နောက်ဆုံးတွင်၊ *မဂျယ်လန်သည် ကမ္ဘာမြေကြီးပေါ်၌ သူ၏ ပထမဆုံးခရီးစဥ်အတွက် ထွက်ခွာလာစဉ်က သူသည် ဟောင်းနွမ်းနေသော သစ်သားလှေတစ်စင်းပေါ်တွင်သာ ရှိနေခဲ့ပြီး ဤပင်လယ်ပြင် ရှာဖွေရေးသင်္ဘောစုထက် များစွာဆိုးရွားသည်။

* (မဂျယ်လန် = Ferdinand Magellan, ကမ္ဘာ့ ပထမဆုံး ကမ္ဘာပတ် ရွက်လွှင့်ခဲ့သူ)

မဂျယ်လန်သည်ပင် လှေဖြင့် ၎င်းကို လုပ်နိုင်သည်ဖြစ်ရာ ဤခရီးသည် ချောမွေ့စွာ မသွားနိုင်ရန် မဖြစ်နိုင်ပေ။

သူ့တစ်ခုတည်းသော စိတ်ပူသည့်အရာမှာ အခြားနယ်မြေကြီးကို ရှာတွေ့ခဲ့မည်ဆိုပါလျှင် ထိုနေရာမှာ စောင့်နေသည့် မတော်တဆမှုတွေ ရှိကောင်းရှိနိုင်ပါ၏။

သို့သော် ရှုယီသည် မိုးကုတ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားသော သင်္ဘောစုကို ကြည့်ရင်း ထိုစိုးရိမ်မှုများကို သူ့စိတ်ထဲသို့ ပြန်ထည့်လိုက်သည်။

သင်္ဘောစုက ရွက်လွှင့်နေပြီဖြစ်ရာ ဤကိစ္စကို သူဘာမှ မလုပ်နိုင်ပေ။

ယင်းအစား၊ သူအာရုံစိုက်သင့်သည့်အရာမှာ လာမည့် မှော်စက်စံနှုန်းသတ်မှတ်ခြင်း ညီလာခံ ဖြစ်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၁၇။ မှော်ပညာရှင်များအဖွဲ့အစည်းရုံးချုပ်က ထပ်ပြီး မတောင့်ခံနိုင်တော့ဘူး

၎င်းကို Frestech ကုန်သည်ကြီးများအသင်းမှ ကျင်းပပြီး မှော်စက်လုပ်ငန်းနှင့် ဆက်စပ်နေသော်လည်း၊ ၎င်းသည် စိုင်စ်နယ်မြေကြီး၏ မှော်စက်မှုညီလာခံနှင့် လုံးဝကွဲပြားသည်။

မှော်စက်မှုညီလာခံတွင် တက်ရောက်ခဲ့ကြသော နိုင်ငံများနှင့် ကုမ္ပဏီများမှာ မှော်စက်လုပ်ငန်းအကြောင်း ဆွေးနွေးကြမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် အချို့သော ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များ ရရှိကာ စီးပွားရေးဘက်တွင် အဓိက အာရုံစိုက်ထားခြင်းဖြစ်သည်။

ဤ မှော်စက်စံသတ်မှတ်ခြင်းညီလာခံတွင် ပါဝင် ယှဉ်ပြိုင်ကြသည့် သူများဟာ နိုင်ငံအသီးသီးက ကိုယ်စားလှယ်များဖြစ်သော်လည်း ၎င်းသည် မှော်စက်လုပ်ငန်း၏ စံချိန်စံညွှန်းများ၊ စက်မှုလုပ်ငန်းဆိုင်ရာ စည်းမျဉ်းများနှင့် စည်းကမ်းများအပြင် သုတေသနပြုမှုနှင့် ပတ်သက်သော ဆွေးနွေးမှုအချို့ကို ပိုမိုအာရုံစိုက်ထားသည်။

မှော်စက်မှုညီလာခံကို အလေးထားသော Frestech ကုန်သည်ကြီးများအသင်းမှ အဆင့်မြင့်အဖွဲ့ဝင်များနှင့် ဆန့်ကျင်ကာ၊ ရှုယီသည် တစ်လအကြာတွင် ကျင်းပသော ဤ မှော်စက်စံသတ်မှတ်ခြင်းညီလာခံကို ပို၍ ဂရုစိုက်သည်။

အဘယ့်ကြောင့်ဆိုသော် ဤညီလာခံတွင် ၎င်းတို့မှာ နယ်မြေကြီးရှိ မှော်စက်မှုနယ်ပယ်၏ စံနှုန်းကို သတ်မှတ်ကာ ၎င်းအား နယ်မြေကြီးရှိ နိုင်ငံများနှင့် မှော်စက်ကုမ္ပဏီများအားလုံးထံ ပြဌာန်း၍ ထိုစံနှုန်းကို လိုက်နာခိုင်းမည်ဖြစ်သည်။

ဟုတ်ပါ၏၊ ဤစံနှုန်းအားလုံးကို Frestech ကုန်သည်ကြီးများအသင်းက ရေးဆွဲထားသည်။ အခြားသော နိုင်ငံများနှင့် ကုမ္ပဏီများသည် စံချိန်စံညွှန်းပြဌာန်းရန် အရည်အချင်းမပြည့်မီသေးပေ။

Frestech ကုန်သည်ကြီးများအသင်းသည် ဤကဲ့သို့ လွှမ်းမိုးထားချိန်တွင် စံနှုန်းများကို ဂရုတစိုက်သတ်မှတ်ရန် လိုအပ်သောကြောင့် ရှုယီသည် ဤညီလာခံကို အလွန်အလေးထားသည်။ ၎င်းသည် စံနှုန်းကွဲပြားမှုကြောင့် လူအင်အား၊ အရင်းအမြစ်များနှင့် အချိန်များစွာကို ဖြုန်းတီးခြင်းမှ ရှောင်ရှားနိုင်ပြီး မှော်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းချုပ်ရန် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။

ထို့အပြင်၊ ဤစည်းမျဉ်းများနှင့်စံနှုန်းများကိုဖွဲ့စည်းသောအခါ Frestech ကုန်သည်ကြီးများအသင်းသည် အရာအားလုံးကိုလက်ဝါးကြီးအုပ်ကာ တစ်ယောက်တည်းသတ်မှတ်ထားခြင်း မဟုတ်ပေ။

တကယ်တမ်း စိုင်စ်နယ်မြေကြီးမှာရှိသည့် နိုင်ငံတိုင်းတွင် ၎င်းတို့၏ကိုယ်ပိုင်အခြေအနေရှိပါ၏။ ထို့ကြောင့် စံချိန်စံညွှန်းတွေကို ပေါင်းစည်းသည့်အခါ မတူညီသော နေရာများ၏ ထူးခြားမှုကို ထည့်သွင်းစဉ်းစားဖို့ လိုပါ၏။

Frestech ကုန်သည်ကြီးများအသင်းမှာ မှော်စက်မှုနယ်ပယ် စီမံခန့်ခွဲရေးကော်မတီကို တည်ထောင်ခဲ့ပြီး၊ စံချိန်စံညွှန်းများကို ဖန်တီးရာတွင် အထူးပြု၍ နယ်မြေကြီးရှိ မှော်စက်လုပ်ငန်းကုမ္ပဏီများအကြား ဆက်ဆံရေးကို ခိုင်မာစေခြင်း ဖြစ်သည်။

၎င်းသည် စိုင်စ်နယ်မြေကြီးတွင် စီးပွားရေးသမဂ္ဂနှင့် မှော်ပညာရှင်များအဖွဲ့အစည်းတို့မှ လုပ်ဆောင်ခဲ့သည့် အရာနှင့်ဆင်တူသည်။ မှော်စက်လုပ်ငန်း၏ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုကြောင့်သာ ဤမှော်စက်လုပ်ငန်းအဖွဲ့အစည်းကို ဖန်တီးပြီးသည်နှင့် အလွန်သြဇာကြီးမားလာခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်း၏ အဆိုပြုချက်တွင်လည်း၊ မှော်စက်လုပ်ငန်းအဖွဲ့အစည်းမှ မှော်စက်လုပ်ငန်းတွင် ပါဝင်သည့် ၀န်ထမ်းအားလုံးအတွက် တိုင်းတာမှုစံနှုန်းအသစ်ကို အဆိုပြုခဲ့သည်။

သာမာန်ကျွမ်းကျင်လုပ်သားတစ်ဦးကို ဥပမာပြရလျှင်၊ ကျွမ်းကျင်နှင့် အထူးပြုအဆင့်ထိမရောက်မီ ပထမမှ ပဉ္စမတန်းအဆင့်ထိ ခွဲထားသည်။

တစ်ချိန်တည်းမှာပင်၊ မှော်စက်လုပ်ငန်းတွင် အထူးဝန်ထမ်းအချို့ရှိခဲ့ပြီး ၎င်းတို့မှာလည်း အဆင့်သတ်မှတ်ခံထားရသော မှော်ပညာရှင်များဖြစ်သည်။

၎င်းမှာ နည်းစနစ်များကို အခြေခံ၍ အဆင့်များခွဲခြားထားသော အလုပ်သမားများနှင့်သာ ကွဲပြား၏။ မှော်ပညာရှင်များကို နှစ်မျိုးနှစ်စား ခွဲခြားထားပြီး တစ်မျိုးမှာ မှော်အစီအရင်များ ရေးဆွဲသည့် မှော်ပညာရှင်များဖြစ်၍ တစ်မျိုးမှာ သုတေသနပြုသည့် မှော်ပညာရှင်များ ဖြစ်သည်။

ထိုနှစ်မျိုးတွင်လည်း အလုပ်သမားများကို အဆင့်ငါးဆင့်ဖြင့် ခွဲခြားထားသည်။ ၎င်းသည် မှော်အစီအရင်များ၏ အဆင့်မည်မျှအထိ ရေးဆွဲနိုင်ပြီး မှော်အစီအရင်များကို မည်မျှကောင်းစွာ ရေးဆွဲနိုင်မည်အပေါ် မူတည်သည်။

သုတေသီများကိုမူ အဆင့်နိမ့်၊ အလယ်အလတ် နှင့် အထက်အဆင့်ဟူ၍ ခွဲခြားထားသည်။ ၎င်းတွင် ပညာရှင်များ၊ ဆရာများ ရှိ၏။ ၎င်းတို့၏ မှော်စက် သုတေသနပြုမှု မည်မျှ လေးနက်မှုအပေါ် အခြေခံ၍ ၎င်းတို့ကို ခွဲခြားထားသည်။

အတိုချုပ်ပြောရလျှင် ဤအဆင့်သတ်မှတ်ချက်သည် ၎င်းတို့၏ ကိုယ်ပိုင်ဝန်ထမ်းများကို အကဲဖြတ်သည့် Frestech ကုန်သည်ကြီးများအသင်းမှ ဆင်းသက်လာသောကြောင့် သွေဖည်မှုများစွာမရှိပေ။

သို့ပေမယ့် ဤအဆင့်သတ်မှတ်မှု ထွက်လာစဉ်က ထူးဆန်းသည့် ဖြစ်စဉ်တစ်ခု ရှိခဲ့ပါ၏။

သင်၏ မှော်အဆင့်က ထိုမျှလောက်မမြင့်ဘူးဆိုပါလျှင်တောင် သင်၏ မှော်စက်လုပ်ငန်း အဆင့်သတ်မှတ်ချက်မှာ မှော်အဆင့်ထက် ပိုမြင့်နိုင်သလို နိမ့်လည်းသွားနိုင်သည်။

စိုင်စ်နယ်မြေကြီးတွင် မှော်စက်လုပ်ငန်းသည် လျင်မြန်စွာ ဖွံ့ဖြိုးလာသောကြောင့်၊ မှော်ပညာရှင်များ အပေါ် လူများ၏ သဘောထားသည် အလွန်ပြောင်းလဲသွားခဲ့သည်။

မတိုင်ခင်က မှော်ပညာရှင်တစ်ဦး သန်မာသလား ဆုံးဖြတ်ဖို့ရန် ၎င်းတို့၏ အဆင့်က မြင့်၊ မမြင့်ကို ကြည့်ရသည်။

မှော်ပညာရှင်များ၏ အဆင့်အတန်း မြင့်မားပါက၊ ထို မှော်ပညာရှင်သည် အဆင့်မြင့် မန္တာန်များကို အသုံးပြုနိုင်ပြီး သဘာဝအတိုင်း ပိုမိုအားကောင်းကာ တစ်ချိန်တည်းတွင် ပို၍ လေးစားခံရမည်ဟု ဆိုလိုသည်။

ယခုမူ မှော်ပညာရှင်သည် လူတို့၏ လေးစားမှုကို ခံလိုလျှင် ၎င်းတို့၏ မှော်စက်လုပ်ငန်း အဆင့်ပေါ်မူတည်နေသည်။

မဟုတ်ပါက မှော်အဆင့်မြင့်ခြင်းကို မည်သည့်နေရာ၌ အသုံးချမည်နည်း?

ခေါင်းဆောင် မှော်ပညာရှင် မဟုတ်ပါလျှင် ၎င်းက မည်သည့်အကျိုးရှိမည်နည်း။

နောက်တဖန်၊ သင်သည် ခေါင်းဆောင်မှော်ပညာရှင်ဖြစ်ခဲ့လျှင်ပင် Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်မှော်စက်များထံမှ ၎င်းတို့ကို ဖယ်ရှားနိုင်နေဆဲဖြစ်သည်။

ထိုသို့ တွေးခေါ်ပုံ ပြောင်းလဲလာသည်နှင့် အမျှ လူများ သဘာဝအတိုင်း ခံယူထားသည့် အရာများမှာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

တစ်ချိန်လုံး ခေါင်းမာနေခဲ့သည့် လူတချို့ဟာ ခေါင်းငုံ့ထားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပါချေ...။

မှော်စက်စံနှုန်းသတ်မှတ်ခြင်းညီလာခံ၏ စတုတ္ထနေ့တွင်၊ နိုင်ငံအသီးသီးအတွက် မတူညီသော စံနှုန်းများကို ကာကွယ်ခြင်း၌ ပါဝင်ခြင်းပြီးဆုံးသည်နှင့်တပြိုင်နက် ရှုယီမှာ အထူးဧည့်သည်တော်တစ်ဦးအား ကြိုဆိုခဲ့သည်။

“ဟေး၊ မဟာမှော်ပညာရှင်ဖာဂူဆန်၊ နှစ်အတော်ကြာခဲ့ပြီပဲ၊ ဒါပေမယ့် ခင်ဗျားက တော်တော် သွက်လက်နေသေးပုံပါပဲ။ တွေ့ရတာ တကယ်ကို ဝမ်းသာပါတယ်။” ရှုယီက မဟာ‌မှော်ပညာရှင် ခရစ်စတိုဖာ ဖာဂူဆန်ကို နှုတ်ဆက်ရင်း ပြုံးလိုက်သည်။

မဟာမှော်ပညာရှင် ဖာဂူဆန်သည် ရှုယီကို ခဏလောက်ကြည့်၍ ခေါင်းယမ်းလျင် ခါးသီးသော အပြုံးကို ထုတ်ပြလိုက်သည်။

လွန်ခဲ့သည့် ငါးနှစ်အကြာက ခေါင်းဆောင်မှော်ပညာရှင် လီဗင်ဟက်စ်ကို၊ Frestech ကုန်သည်ကြီးများအသင်း၏ အခြေစိုက်ဌာန၌ ကျဆုံးခဲ့စဉ်ကတည်းက Frestech ကုန်သည်ကြီးများအသင်းနှင့် အဆက်အသွယ်အားလုံးကို ဖြတ်တောက်ခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်ဖို့ မှော်ပညာရှင်များအားလုံးကို သွေးဆောင်ခဲ့သော မှော်ပညာရှင်များအဖွဲ့အစည်းမှာ တိတ်ဆိတ်နေခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းသည် ဤငါးနှစ်အတွင်း နိုင်ငံတစ်ဝှမ်းလုံးရှိ မှော်စက်လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေရန် ၎င်းတို့၏အားသာချက်များကို အသုံးပြုခဲ့သည်။ သို့သော် မှော်ပညာရှင်များ အဖွဲ့အစည်းက ဘယ်တုန်းကမှ အသံမထွက်ခဲ့ပေ။ သာမာန်ကိစ္စအချို့နှင့် မှော်ပညာရှင်များကို အဆင့်သတ်မှတ်ခြင်းမှလွဲ၍ အခြားမည်သည့်အရာကိုမှ မလုပ်ခဲ့ပေ။

မှော်ပညာရှင်များအဖွဲ့အစည်းသည် ခေါင်းဆောင် မှော်ပညာရှင် လီဗင်ဟက်စ်ကို ကျဆုံးပြီး Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များက မန်နာမှော်တိုင်းပြည်ကို အနိုင်ရခဲ့သောကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ မှော်ပညာရှင်များအဖွဲ့အစည်းမှ ခြိမ်းခြောက်နိုင်သည့် အရာမဟုတ်ကြောင်း အသိအမှတ်လိုက်ခြင်းဖြစ်သည်ဟု လူအများက ထင်ကြေးပေးကြသည်။

ထို့ကြောင့် သူတို့ဟာ ၎င်းတို့၏ အရည်အချင်းများကို ဖုံးကွယ်ဖို့ ရွေးချယ်ခဲ့သည်က အလွန်ပညာရှိသည့် ရွေးချယ်မှုပါပင်။

ယခု ငါးနှစ်ကြာပြီးနောက်၊ Frestech ကုန်သည်ကြီးများအသင်းမှ မှော်စက်လုပ်ငန်းကို တည်ထောင်လိုက်သောအခါ နယ်မြေကြီးပေါ်ရှိ မှော်ပညာရှင်များအဖွဲ့အစည်း၏ ဂုဏ်သိက္ခာ ကျဆင်းသွားသည်။ နိုင်ငံတစ်ခုစီရှိ မှော်ပညာရှင်များအဖွဲ့အစည်း၏ အဖွဲ့ခွဲများကိုပင် ထိန်းချုပ်နိုင်မှု ပျောက်ဆုံးသွားခဲ့သည်။

၎င်း၏ အကြောင်းရင်းမှာ မှော်ပညာရှင်များ မှော်စက်လုပ်ငန်းသို့ ဝင်ရောက်သွားခြင်းအတွက် ရရှိသော ကြီးမားသည့် အကျိုးကျေးဇူးများကြောင့်၊ မှော်ပညာရှင်များအဖွဲ့အစည်း ဌာနချုပ်သည် Frestech ကုန်သည်ကြီးများအသင်းကို အမြဲရန်လိုနေသောကြောင့် မှော်ပညာရှင်များအဖွဲ့အစည်း အနေဖြင့် ဝင်ရောက်စွက်ဖက်ရန် ခက်ခဲသည်။

ထို့ကြောင့် နိုင်ငံများစွာရှိ မှော်ပညာရှင်များအဖွဲ့အစည်း ဌာနခွဲများသည် မှော်စက်ကုမ္ပဏီများနှင့် လျှို့ဝှက်စွာ လုပ်ကိုင်ခဲ့ပြီး မှော်ပညာရှင်များအဖွဲ့အစည်း ရုံးချုပ်၏ အမိန့်များကို လျစ်လျူရှုခဲ့သည်။

ထိုသို့အခြေအနေတွေ ဆက်ဖြစ်လာသည်ကိုမြင်သော် မှော်ပညာရှင်များအဖွဲ့အစည်း ဌာနချုပ်ကောင်စီက နောက်ဆုံးတွင် ဒီတိုင်း မထိုင်နိုင်တော့ပေ။

ယင်းအတိုင်းသာ ဆက်သွားနေပါက စိုင်စ်နယ်မြေကြီးတွင် နှစ်ပေါင်းထောင်ချီကြာ သမိုင်းကြောင်းရှိလာသော မှော်ပညာရှင်များအဖွဲ့အစည်းမှာ ခေတ်ကြောင့် အမှန်တကယ် ချေမှုန်းခံလိုက်မည်ကို သူတို့ သိကြသည်။

မဖယ်ရှားချင်လျှင် အပြောင်းအလဲတွေ လုပ်ရမည်ဖြစ်၏။

ထို့ကြောင့် မဟာမှော်ပညာရှင်ဖာဂူဆန်အား ငါးနှစ်အကြာတွင် ရှုယီကို ထပ်မံတွေ့ဆုံရန် စေလွှတ်ခဲ့သည်။

သို့သော် ရှုယီကိုမြင်သောအခါ၊ မဟာမှော်ပညာရှင်ဖာဂူဆန်သည် လွန်ခဲ့သောငါးနှစ်က ရှုယီနှင့်နှိုင်းယှဉ်၍ တစ်ချက်တစ်ချက်ပြောပြနိုင်သည်၊ လက်ရှိ ရှုယီ၏ မှော်ပညာအဆင့်သည် ခုန်ပျံကျော်လွှားတက်သွားပြီ ဖြစ်၏ ။

လွန်ခဲ့သည့်ငါးနှစ်က ရှုယီဟာ မဟာမှော်ပညာရှင်ဖာဂူဆန်နှင့် အဆင့် တူညီနေပြီး ယခု ရှုယီ ထုတ်လွှတ်လိုက်သည့် အရှိန်အဝါနှင့် ပတ်ဝန်းကျင်ရှိ မှော်စွမ်းအင်အတက်အကျများက သူ၏ မှော်အစွမ်းဟာ နက်နဲသည့်အဆင့်ကို ရောက်ရှိသွားကာ မဟာမှော်ပညာရှင် ဖာဂူဆန်ကို လုံးဝကျော်လွန်သွားပြီ ဖြစ်ကြောင်း ပြသနေ‌သည်။

မဟာမှော်ပညာရှင် ဖာဂူဆန်သည် ဤနေရာသို့မရောက်မီက ရှုယီမှာ ကြယ်ငါးပွင့်မဟာမှော်ပညာရှင်ဖြစ်လာပြီး ခေါင်းဆောင်မှော်ပညာရှင်ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့ကြောင်း ကောလဟာလများ ကြားခဲ့ရသည်။

ရှုယီသည် လွန်ခဲ့သောငါးနှစ်က ကြယ်နှစ်ပွင့်မဟာမှော်ပညာရှင်တစ်ဦးသာဖြစ်သောကြောင့် ထိုအချိန်တွင် သူမယုံခဲ့ပေ။ ငါးနှစ်ကြာပြီးနောက်မှာ သူက ကြယ်ငါးပွင့် မဟာမှော်ပညာရှင် ဖြစ်လာခဲ့တယ်လား ။ ဒါက ချဲ့ကားရာကျလွန်းတယ်။

သို့သော် ယခုမြင်လိုက်ရသည့်အတွက် သူယုံကြည်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။

ထို့ကြောင့် သူသည် ခါးသီးသော အပြုံးတစ်ခုကိုသာ ထုတ်ဖော်နိုင်ခဲ့သည်။

ငါးနှစ်အတွင်း Frestech ကုန်သည်ကြီးများအသင်းသည် မှော်ပညာရှင်များအဖွဲ့အစည်း ရုံးချုပ်မှ ဘာမှမလုပ်နိုင်သည့် အကောင်းကြီးဖြစ်လာခဲ့ရုံသာမက၊ ရှုယီ ပင်လျှင် လူတိုင်း မျှော်ကြည့်ရသည့် ထိပ်တန်းမှော်ပညာရှင် ဖြစ်လာလုနီးပါးပင်။

လက်ရှိ မဟာမှော်ပညာရှင် ဖာဂူဆန်သည် ရှုယီနှင့် ရင်ဆိုင်ရသောအခါတွင် သူ့နောက်တွင် မှော်ပညာရှင်များအဖွဲ့အစည်း ရုံးချုပ်ရှိသောကြောင့် လွန်ခဲ့သောငါးနှစ်ကကဲ့သို့ မထီမဲ့မြင်မပြုနိုင်ပေ။

သူ့မျက်နှာတွင် နှိမ့်ချသောဟန်ကိုပင် ထုတ်ဖော်ပြသခဲ့ရသည် ။

"ဥက္ကဋ္ဌ ရှု၊ ငါးနှစ်ကြာပြီးနောက်မှာ မင်းက ပိုရင့်ကျက်လာခဲ့တာပဲ။" မဟာမှော်ပညာရှင် ဖာဂူဆန်က အပြုံးဖြင့် ပြောလိုက်သည်၊ “မင်း ငါ့ကိုတွေ့ဖို့ ငြင်းမယ်လို့ ထင်ခဲ့တာ၊ ဒါပေမယ့် မင်း ဒီလောက်လွယ်လွယ် သဘောတူလိုက်မယ်လို့ မထင်ခဲ့ဘူး”

"ဘာလို့ငြင်းရမှာလဲ" ရှုယီက ပခုံးတွန့်ကာ"ငါးနှစ်လောက်ကြာပြီးနောက်မှာ ကျွန်တော့်ကိုတွေ့ချင်နေတဲ့ မိတ်ဆွေဟောင်းတစ်ယောက်ရှိတာကို ကျွန်တော်က ဘာလို့ သူ့ကို ငြင်းပယ်ရမှာလဲဗျာ"

မဟာမှော်ပညာရှင် ဖာဂူဆန်က ခြောက်ကပ်စွာ ရယ်မောကာ ခဏရပ်လိုက်ပြီးနောက် ဆက်ပြောသည်။ "ကောင်းပြီ၊ ဥက္ကဌရှုက အချိန်ဖြုန်းတာကို ကြိုက်တဲ့သူမဟုတ်ဘူးဆိုတာ ငါသိတယ်၊ ဒါကြောင့် တိုက်ရိုက်ပဲပြောမယ်။

ဥက္ကဌရှု၊ မနေ့က မင်းတို့ Frestech ကုန်သည်ကြီးများအသင်း အဆိုပြုခဲ့တဲ့ မှော်စက်မှုနယ်ပယ်မှာ ပါဝင်မယ့် မှော်ပညာရှင်တွေအတွက် ကျွမ်းကျင်မှု စမ်းသပ်ပွဲအတွက် ငါ မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်ကနေ အဆိုပြုချက်တစ်ခု တင်ပြချင်တယ်။"

"အိုး?" ရှုယီသည် မဟာမှော်ပညာရှင် ဖာဂူဆန်ကို တစ္ဆေဆန်ဆန် အပြုံးဖြင့် ကြည့်လိုက်သည်။

မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်သည် နောက်ဆုံးတွင် ဘာမှမလုပ်တော့ဘဲ မနေနိုင်တော့ပုံရသည်။

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၁၈။ အကြွင်းမဲ့ အုပ်စိုးခြင်း

"ဥက္ကဌရှု၊ ကျုပ်တို့ရဲ့ မှော်ပညာရှင်များအဖွဲ့အစည်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃၀၀က မှော်ပညာရှင်အဆင့်ကြောင့်နဲ့ တိုးတက်လာခဲ့တယ်။ နှစ်ပေါင်း ၁၃၀၀ ပြီးနောက်မှာ၊ ငါတို့ရဲ့ အတွေ့အကြုံက များစွာရှိပြီး အစွမ်းထက်တဲ့ ပြင်ဆင်မှုတွေလည်း ရှိတဲ့အတွက်ကြောင့် မှော်ပညာရှင်တွေရဲ့ မှော်စက်လုပ်ငန်းကျွမ်းကျင်မှုကို အကဲဖြတ်ဖို့ ငါတို့သာ အတူတကွလုပ်ဆောင်မယ်ဆိုရင် အားထုတ်မှု နည်းနည်းသက်သာမယ်။ အဲ့လိုမထင်ဘူးလား?" မဟာမှော်ပညာရှင် ဖာဂူဆန်က လေးနက်သော အကြည့်ဖြင့် ပြောသည်။

ရှုယီက ပြုံးကာ ခေါင်းခါလိုက်သည်၊ "မဟာမှော်ပညာရှင် ဖာဂူဆန်၊ ခင်ဗျား တစ်ခုခုမှားနေပြီလို့ ထင်တယ်နော်။ မှော်စက်လုပ်ငန်းကျွမ်းကျင်မှု အကဲဖြတ်ခြင်းမှာ မှော်ပညာရှင်တွေ နားလည်ထားတဲ့ ကျွမ်းကျင်မှုကို အဓိက အကဲဖြတ်တာဖြစ်တဲ့အတွက်ကြောင့် ဒီအကဲဖြတ်က မှော်ပညာရှင်များအဖွဲ့အစည်းက မှော်အဆင့်အကဲဖြတ်ခြင်းနှင့် လုံးဝကွဲပြားပါတယ်။"

"ဒါပေမယ့် ဒီမှော်ပညာရှင်တွေ ဆုပ်ကိုင်ထားတဲ့ မှော်အဆင့်နဲ့တော့ ဆိုင်တယ် မဟုတ်ဘူးလား" မဟာမှော်ပညာရှင် ဖာဂူဆန်က ငြင်းဆိုလိုက်သည်။ "ဥက္ကဌရှု၊ ငါတို့ရဲ့ မှော်ပညာရှင်များအဖွဲ့အစည်းမှာ နှစ်ပေါင်းတစ်ထောင်ကျော် အတွေ့အကြုံရှိတယ်ဆိုတာ မင်းယုံကြည်ရမယ်၊ ဒါ့ကြောင့် မှော်ပညာနဲ့ ပတ်သက်တဲ့ အရာတွေကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာပြီး အကဲဖြတ်ရတဲ့နေရာမှာလည်း အတွေ့အကြုံအရမ်းများတယ်။ ငါတို့အတူတူ အလုပ်လုပ်ရင် မင်းအနေနဲ့ အတိကျဆုံး တိုင်းတာမှုတစ်ခုကို ချက်ချင်းရနိုင်မယ်လို့ ငါအာမခံတယ်၊ ဒါကြောင့် မင်း ဖြည်းဖြည်းချင်း ပုံဖော်နေစရာ မလိုတော့ဘူး။"

"ဟင့်အင်း၊ မှော်ပညာရှင်များအဖွဲ့အစည်းက မှော်ပညာကို အထူးပြုထားတာကိုတော့ သဘောတူပါတယ်၊ ဒါပေမယ့် မှော်စက်တွေနဲ့ပတ်သက်တဲ့ အသိပညာမှာတော့ သိပ်မကောင်းဘူး မဟုတ်လား" ရှုယီက မဟာမှော်ပညာရှင် ဖာဂူဆန်ကို သူပေးခဲ့သည့် စာရွက်ကို စားပွဲမှ ကောက်ယူလိုက်ပြီး၊ “ဒါက မှော်အစီအရင်ရဲ့ ကွဲပြားတဲ့ သံမဏိသတ္တုစပ် အမျိုးအစား ၁၃ မျိုးနဲ့ အလုပ်လုပ်ပုံအပေါ် လေ့လာချက်ဖြစ်ပြီး ဒါကို မှော်အစီအရင်ရဲ့ ကျွမ်းကျင်မှုကို ဆုံးဖြတ်ဖို့အတွက် အသုံးပြုတယ်။ ဒါကို... မဟာမှော်ပညာရှင် ဖာဂူဆန်မပြောနဲ့ မှော်ပညာရှင်များအဖွဲ့အစည်း ဌာနချုပ်မှာတောင် နားလည်တဲ့လူ အများအပြား ရှိမှာ မဟုတ်ဘူး လို့ ထင်တယ်။”

"ငါတို့က နားမလည်ဘူးလို့ ပြောတာလား" မဟာမှော်ပညာရှင် ဖာဂူဆန်၏ အမူအရာက အနည်းငယ် ရုပ်ဆိုးလာကာ မျက်မှောင်ကုပ်လိုက်သည်။

မဟာမှော်ပညာရှင်တစ်ယောက်အနေဖြင့် သူဟာ မှော်စက်များကို သုတေသနပြုရာတွင် အတွေ့အကြုံမရှိသော်လည်း မှော်အစီအရင်များနှင့် ပတ်သက်သည့် အရာတစ်ခုကို သူဟာ မည်သို့ နားမလည်ဘဲ ရှိပါမည်နည်း?

သူဟာ မယုံကြည်သဖြင့် ထိုစာရွက်စာတမ်းကို ကောက်ယူကာ သေချာကြည့်လိုက်သည်။

သို့သော် ပထမစာမျက်နှာကို မြင်လိုက်ရပြီးနောက် သူ့မျက်နှာပေါ်ရှိ ဒေါသနှင့် မလိုလားအပ်သော အကြည့်များသည် ရှုပ်ထွေးမှုများအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုမျှ မထူမပါး စာတမ်းကို ဖတ်ပြီးသောအခါ သူ့မျက်နှာထက်၌ အံ့အားသင့်သွားဟန်က လုံးလုံးလျားလျား ဖုံးလွှမ်းသွားသည်။

“ဒါက……” မဟာမှော်ပညာရှင် ဖာဂူဆန်သည် ဘာပြောရမှန်းမသိတော့ဘဲ ထိုစာရွက်စာတမ်းကို သူ့လက်ထဲတွင် ကိုင်ထားလိုက်သည်။

ဤစာတမ်းကို သူတကယ်နားမလည်နိုင်ဘူးဆိုတာ ဝန်ခံရမည်။

သံမဏိသတ္တုစပ်မော်ဒယ်၊ အကြမ်းခံမှု၊ မှော်စီးကူးမှု၊ မှော်ခုခံအားတို့လို ထူးထူးဆန်းဆန်း အခေါ်အဝေါ်များနှင့် အခြား အခေါ်အဝေါ်များကို နားမလည်နိုင်ရုံသာမက သူသိထားသင့်သည့် မှော်အစီအရင်နောက်ကွယ်မှ သက်ရောက်မှုနှင့် နိယာမများကိုပင် သူနားမလည်နိုင်ဖြစ်နေသည်။

၎င်းက သူ့အထင်တွေကို ကျော်လွန်နေသည်။

" မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်က ကျွန်တော်တို့ ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဆန္ဒရှိနေတာကို ဝမ်းသာပါတယ်" မဟာမှော်ပညာရှင် ဖာဂူဆန်၏ မျက်နှာပေါ်ရှိ အမူအရာကို မြင်လိုက်ရသော် ရှုယီက ပြုံးလျက် ပြောလိုက်သည်၊ “ဒါပေမယ့် မဟာမှော်ပညာရှင် ဖာဂူဆန်၊ မှော်ပညာရှင်များအဖွဲ့အစည်း ဌာနချုပ်က တခြားသူတွေကို ပြောပေးပါ၊ မှော်ပညာဟာ မှော်စက်လုပ်ငန်းနဲ့ ဆက်နွယ်နေပေမယ့် လည်း ဒါဟာ နယ်ပယ်အသစ်တစ်ခုပါပဲ။ အဲဒါကို သေချာလေ့လာဖို့ မာနကို မလျှော့နိုင်ဘူး ဆိုရင် ပေါ့ပေါ့ပါးပါး ဝင်နိုင်မယ်လို့ မထင်လိုက်ပါနဲ့လို့။”

ရှုယီ၏ စကားများသည် လုံးဝထိန်းမထားသည်ဖြစ်ရာ မဟာမှော်ပညာရှင် ဖာဂူဆန်၏ မျက်နှာသည် ဖြူဖျော့သွားသော်လည်း ယင်းကို ချေပရန် တစ်စုံတစ်ရာ မပြောနိုင်ပေ။

သူ့လို မဟာမှော်ပညာရှင်တစ်ဦးသည်ပင် ဤသာမန်ပုံစံပေါက်သည့် သုတေသနအစီရင်ခံစာကို နားမလည်နိုင်ပေ။ မှော်ပညာရှင်များ အဖွဲ့အစည်း ရုံးချုပ်ရှိ မှော်စက်လုပ်ငန်းကို အထင်သေးသော အခြားမှော်ပညာရှင်များကိုမူ ပြောရန်မလိုပေ။

ဟုတ်ပါ၏၊ သူဟာ သူ့တာဝန်ကို လွယ်လွယ်နှင့် မစွန့်လွှတ်နိုင်ပါချေ။ ၎င်းကို စဉ်းစားပြီးမှ သူကပြောလေသည်၊ "ကောင်းပြီ၊ ဥက္ကဌရှု၊ ငါတို့မှာ မှော်စက်တွေအကြောင်း လုံလောက်တဲ့ နားလည်မှုမရှိဘူးလို့ ငါဝန်ခံပါတယ်၊ ဒါပေမယ့် ငါတို့ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်နိုင်ခြေတချို့ရှိသေးတယ် ထင်တယ်။ အနည်းဆုံးတော့၊ ငါတို့ရဲ့ မှော်ပညာရှင်များ အဖွဲ့အစည်းမှာ ပြီးပြည့်စုံတဲ့ မှော်အဆင့် အကဲဖြတ်စနစ်တစ်ခု ရှိတယ်လေ။ ဒါကြောင့် မှော်စက်လုပ်ငန်းကျွမ်းကျင်မှု အကဲဖြတ်ဖို့အတွက် ငါတို့လူတွေကို ငှားမယ်ဆိုရင် မင်းတို့ကို လူအင်အားနဲ့ ရန်ပုံငွေအပြင် အချိန်ကိုလည်း သက်သာစေနိုင်တယ်။”

"ဟုတ်ပါတယ်၊ ဒါကို မငြင်းပါဘူး" ရှုယီက ခေါင်းညိတ်လိုက်သည်၊ "ဒါပေမယ့် ကျွန်တော် ဒီလိုပဲ ပြောရမယ်။ ပူးပေါင်းလုပ်ဆောင်ရတာ အဆင်ပြေပါတယ်၊ ဒါပေမယ့် ခင်ဗျားတို့ရဲ့သဘောထားကို လျှော့ပြီး ပြန်မလာခင်မှာ မှော်စက်လုပ်ငန်းအကြောင်း ကောင်းကောင်းလေ့လာထားရမယ်။ ဒါ့အပြင် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက လုံးဝထိန်းချုပ်ထားဖို့ လိုအပ်တယ်။ ဒါကို ခင်ဗျားတို့သဘောတူနိုင်လား။"

“ဒါက……” မဟာမှော်ပညာရှင်ဖာဂူဆန်သည် နောက်တစ်ကြိမ် တုံ့ဆိုင်းသွားပြန်သည်။

ထိုမတိုင်ခင်က မှော်ပညာရှင်များအဖွဲ့အစည်းမှာ အဘယ့်ကြောင့် ဤနယ်မြေကြီး၌ ဤမျှလောက် ဂုဏ်သတင်းကြီးခဲ့သနည်း။

ရှည်လျားသော သမိုင်းကြောင်းရှိခြင်းအပြင် အရေးကြီးဆုံးအချက်မှာ မှော်ပညာရှင်များအဖွဲ့အစည်းသည် မှော်အဆင့်အကဲဖြတ်မှုကို ထိန်းချုပ်ထားရန် နိုင်ငံအားလုံး၏ခွင့်ပြုချက်ရရှိခဲ့သည်။

ထို့ကြောင့် မှော်ပညာရှင်များ ထင်ရှားပေါ်လွင်လိုလျှင် မှော်ပညာရှင်များအဖွဲ့အစည်းသို့သွား၍ အဆင့် ပထမရရှိရန် လိုအပ်သည်။

ဤကဲ့သို့ပင်၊ ၎င်းသည် မှော်ပညာရှင်များအဖွဲ့အစည်းက နယ်မြေကြီးရှိ မှော်ပညာရှင်များအားလုံး၏ ဘဝကို ထိန်းချုပ်ထားခြင်းနှင့် တူညီသောကြောင့် မှော်ပညာရှင်များအဖွဲ့အစည်းကို နားထောင်ရမည်ဖြစ်သည်။

မှော်ပညာရှင်များအဖွဲ့အစည်းသည် Frestech ကုန်သည်ကြီးများအသင်းကို အလွန်ရန်ငြိုးထားရာ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်နယ်ပယ်ကို ဦးဆောင်နေသောကြောင့် ၎င်းတို့နှင့် ဆက်ဆံရေးအားလုံးကို ချိုးဖျက်ရန် မတွန့်ဆုတ်ခဲ့ပေ။ ၎င်းတို့မှာ ၎င်းတို့ကိုယ်၎င်းတို့ မှော်ပညာရှင်များအဖွဲ့အစည်း၏ အကဲဖြတ်မှုမှ သီးခြားအဖွဲ့အစည်းတစ်ခုအဖြစ် ထူထောင်ရန် ကြိုးပမ်းနေခဲ့ကြသည်။

Frestech ကုန်သည်ကြီးများအသင်းသည် မှော်ပညာရှင်များအဖွဲ့အစည်း၏ အခြေခံအုတ်မြစ်ကို တူးထုတ်နေသောကြောင့် မှော်ပညာရှင်များအဖွဲ့အစည်းသည် ဤအရာကို မည်သို့ လျစ်လျူရှုနိုင်ပါမည်နည်း။

သို့သော်၊ မှော်ပညာရှင်များအဖွဲ့အစည်းသည် Frestech ကုန်သည်ကြီးများအသင်းကိုတိုက်ခိုက်ရန် ခေါင်းဆောင်မှော်ပညာရှင်များကို စေလွှတ်သောအခါတွင်ပင် Frestech ကုန်သည်ကြီးများအသင်းကို အနိုင်မယူနိုင်ခဲ့ပေ။ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို ဆုံးရှုံးခဲ့ရသည်။

သို့ဖြစ်၍ လှုပ်ရှားမှုအားလုံးကို ငါးနှစ်ကြာ ရပ်ဋားလိုက်ပြီးနောက်၊ မှော်စက်လုပ်ငန်းကို နယ်မြေကြီးတွင် ရပ်တန့်၍မရနိုင်ကြောင်း မှော်ပညာရှင်များအဖွဲ့အစည်းမှ သိရှိလာသည်။ ဤသို့ဖြင့် Frestech ကုန်သည်ကြီးများအသင်းကို ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုဖို့ ခေါင်းငုံ့ထားရန် မှတပါး ရွေးချယ်စရာမရှိပေ။

အကဲဖြတ်မှုအတွက် Frestech ကုန်သည်ကြီးများအသင်းနှင့် တွဲဖက်လုပ်ဆောင်ရန် အဆိုပြုခြင်းကပင် မှော်ပညာရှင်များအဖွဲ့အစည်း ဌာနချုပ်အနေနှင့် ကြီးမားသောခြေလှမ်းကို ပြန်ဆုတ်ပေးခြင်း ဖြစ်နေပြီဖြစ်သည်။ သို့ရာတွင် ရှုယီက Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် ၎င်းကို လုံးဝ ထိန်းချုပ်ထားဖို့ကိုသာ အဆိုပြုခဲ့သည်။ ၎င်းသည် မှော်ပညာရှင်များအဖွဲ့အစည်း ဌာနချုပ်အား လက်အောက်ငယ်သားအဖြစ် ဆက်ဆံခြင်းနှင့် ညီမျှသောကြောင့် မဟာမှော်ပညာရှင်ဖာဂူဆန်က ၎င်းကို မည်သို့ သဘောတူနိုင်မည်နည်း။

"ဥက္ကဋ္ဌ ရှု၊ ဘယ်သူက ချုပ်ကိုင်မှာလဲဆိုကို အနာဂတ်မှာ ဆွေးနွေးနိုင်တယ်။ ငါတို့အရင်ဆုံး ဆုံးဖြတ်သင့်တာက မင်း ငါတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိလား ဆိုတာပဲ။" မဟာမှော်ပညာရှင်ဖာဂူဆန်သည် ၎င်းကို တိုက်ရိုက်ငြင်းဆိုခြင်းမရှိဘဲ အကြောင်းအရာကို ရှောင်ရှားခဲ့သည်။

"ဆန္ဒရှိပါတယ်၊ ကျွန်တော် အစကတည်းကပြောခဲ့တာပဲ။" ရှုယီက သူ့လက်များကို ဖြန့်၍ အလွန်ယုံကြည်မှုရှိစွာ ပြော‌လေသည်။

“ကောင်းပြီ ဒါဆို မင်းရဲ့ ရပ်တည်ချက်ကို ငါသယ်သွားလိုက်မယ်။ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ ဆိုတာကိုတော့ အနာဂတ်မှာ ဖြည်းဖြည်းချင်း ဆွေးနွေးနိုင်မယ်လို့ ထင်ပါတယ်။” မဟာမှော်ပညာရှင် ဖာဂူဆန်က ခေါင်းငြိမ့်ပြကာ ခေါင်းစဉ်ကို ရုတ်တရက်ပြောင်းလိုက်သည်၊ "ဒါပေမယ့် ဒီမတိုင်ခင်မှာ မင်းငြင်းလို့မရမယ့် နောက်ထပ် ပူးပေါင်းဆောင်ရွက်မှု တောင်းဆိုချင်တာရှိသေးတယ်"

"အိုး? အဲဒီအကြောင်း ပြောပြပါဦး။"

"ဒါက ငါတို့ရဲ့ ဆန္ဒပဲ၊ ကြည့်လိုက်ပါ။" မဟာမှော်ပညာရှင် ဖာဂူဆန်သည် သိသိသာသာကို ပြင်ဆင်ထားသော သူ့အိတ်ထဲမှ စာရွက်ထူကြီးတစ်အုပ်ကို ထုတ်ကာ ပေးလိုက်သည်။

"ဆန္ဒပြုစာ?" ရှုယီ အံ့သြသွားသော်လည်း မနေနိုင်စွာ ပြုံးလိုက်၏။

မှော်ပညာရှင်များအဖွဲ့အစည်းသည် အခြားအဖွဲ့အစည်းတစ်ခုထံ ဆန္ဒပြုစာတစ်စောင် ပေးပို့ခြင်း၊ ၎င်းဖြစ်ပျက်ခဲ့သည့် နောက်ဆုံးအချိန်မှာ နှစ်ရာပေါင်းများစွာပင်ရှိနေပြီ မဟုတ်ပါလား။

ရှုယီသည် မှော်ပညာရှင်များအဖွဲ့အစည်းက Frestech ကုန်သည်ကြီးများအသင်းထံမှ အခြေခံမှော်စက်နည်းပညာအချို့ကို ဝယ်ယူလိုကြောင်းရေးထားသည့်စာကို ရှုယီက စေ့စေ့ကြည့်ရှုရန် ယူလိုက်သည်။ ၎င်းတို့အနေဖြင့် Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့နှင့်အတူ လက်တွဲလုပ်ဆောင်ကာ မှော်ပညာရှင်များအဖွဲ့အစည်း ဖန်တီးဖို့လိုသော မှော်အရင်းအမြစ်အမြောက်အမြားကို အသုံးပြု၍ မှော်စက်များအား သုတေသနလုပ်ရန် အထူးပြုသု‌တေသနဌာနအား တည်ထောင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

Frestech ကုန်သည်ကြီးများအသင်း အခြေခံမှော်စက်နည်းပညာများစွာကို လူသိရှင်ကြားထုတ်ပြန်ထားပြီးဖြစ်သောကြောင့် ပထမဆုံးတောင်းဆိုမှုများနှင့်ပတ်သက်၍ ပြဿနာမရှိပေ။ ထို့ကြောင့် ၎င်းတို့ထံတွင် တွဲလျက် ဖော်ပြထားပြီးသား စျေးနှုန်းပါရှိသည့်အတွက် ပိုက်ဆံရှိရင် မည်သူမဆို ဝယ်လို့ရပါ၏။

သို့ပေမယ့် ဒုတိယတောင်းဆိုချက်ကတော့ ဆွေးနွေးရကျိုးနပ်ပါ၏။

မှန်ပါသည်၊ နယ်မြေကြီးပေါ်ရှိ မှော်ပညာရှင်များအဖွဲ့အစည်း၏ ဂုဏ်ဒြပ်ဟာ ယခင်ကနှင့် မယှဉ်နိုင်သော်လည်း ၎င်းတို့ထံ၌ မှော်အရင်းအမြစ်များ များစွာရှိသည်။

အကယ်၍ Frestech ကုန်သည်ကြီးများအသင်းသည် အထူးပြု သုတေသန ဌာနတစ်ခု တည်ဆောက်ရန် မှော်ပညာရှင်များအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါက၊ နှစ်ဖက်စလုံးက ကြိုးကြိုးစားစားလုပ်ဆောင်သရွေ့ မှော်စက်နည်းပညာကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးပါလိမ့်မည်။

သို့သော် မှော်ပညာရှင်များအဖွဲ့အစည်းသည် မှော်ပညာရှင်များကို မှော်စက်များလေ့လာရန် စိတ်နှလုံးအကြွင်းမဲ့ ရင်းနှီးမြှပ်နှံထားသည်ဟု မတွေးကြောင်း ရှုယီက သူ့ခြေချောင်းကို အသုံးပြုထား၍ပင် ပြောပြနိုင်သည်။

၎င်းတို့၏ အကြီးမားဆုံးဆန္ဒမှာ Frestech ကုန်သည်ကြီးများအသင်းအား နည်းပညာဖြင့် ချေမှုန်းပြီး ၎င်းတို့ ကိုယ်တိုင်ကို အစားထိုးရန်ဖြစ်သည်။

ရှုယီအနေနှင့် Frestech ကုန်သည်ကြီးများအသင်းထက်ကျော်လွန်သည့် အခြား မည်သည့် မှော်စက်အဖွဲ့အစည်းကိုမှ မဆန့်ကျင်ဘဲ၊ ဤသို့ဖြစ်ဖို့ပင် မျှော်လင့်နေခဲ့သည်။

သို့သော် ၎င်းသည် ယခုလက်ရှိ မှော်ပညာရှင်များအဖွဲ့အစည်းဖြစ်သောကြောင့် ၎င်းတို့ကို သူ မယုံကြည်နိုင်တော့ပေ။

သို့ရာတွင် ရှုယီက စဉ်းစားပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်ပြခဲ့ပါ၏။

"ကောင်းပါပြီ၊ ဒီနည်းပညာတွေကို ဝယ်ဖို့က ပြဿနာမဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ကုမ္ပဏီက လက်ရှိမှာမရောင်းချင်သေးတဲ့ တချို့လည်း ရှိတယ်။"

“သေချာပေါက် လုံလောက်အောင် ပေးချေလို့ရပါတယ်။ မဟာမှော်ပညာရှင် ဖာဂူဆန်က ချက်ချင်းပဲ ပြောလာပါ၏။ "ဥက္ကဋ္ဌ ရှု၊ နယ်မြေကြီးမှာရှိတဲ့ ငါတို့ရဲ့ မှော်ပညာရှင်များအဖွဲ့အစည်းရဲ့သမိုင်းနဲ့ ငါတို့မှာ ရန်ပုံငွေရှိတယ် ဆိုတာ မင်းယုံရမယ်။ ဥပမာ ……..”

မဟာမှော်ပညာရှင် ဖာဂူဆန်သည် သူ၏ ရင်ဘတ်ထဲမှ စာအုပ်လေးတစ်အုပ်ကို ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသဖြင့် ရှုယီသည် သူ့မျက်ခုံးကို အနည်းငယ် မနေနိုင်အောင် တွန့်ချိုးလိုက်မိ၏။

ဤလူက အားလုံးကို တစ်ပြိုင်နက်တည်း မပြောဘဲ တစ်ချက်ချင်း ထုတ်ဖော်နေသည်မှာ တကယ်ကို အချိန်ဖြုန်းနေသည်ပင်။

သို့သော် အလေးချိန်အများကြီးမရှိသော ဤစာအုပ်လေးကိုဖွင့်ပြီးနောက်၊ ရှုယီသည် မျက်လုံးနည်းနည်းကျယ်လာပြီး မနေနိုင်အောင် မတ်မတ်ထိုင်လိုက်မိသည်။

ဤစာအုပ်မှာ ဖော်ပြထားသည့်အရာက မှန်ကန်သည်ဆိုလျှင်တော့ တော်တော်လေးကို တန်ဖိုးရှိပါ၏။

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၁၉။ ရိုးသားသော တွဲဖက်

စာအုပ်သည် အလွန်ပါးလွှာပြီး စာမျက်နှာအနည်းငယ်သာရှိကာ မှတ်တမ်းတင်ထားခြင်းမရှိပေ။ အကြောင်းအရာ ဇယားတစ်ခုမှလွဲ၍ ဤနေရာတွင် များပြားလှသော အချက်အလက် မရှိကြောင်း ဆိုရပါမည်။

သို့သော် စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည်ကို မြင်လိုက်ရသဖြင့် ရှုယီသည် ၎င်းကို မနေနိုင်အောင် အာရုံစိုက်လိုက်သည်။

ဤအရာတွင် မှတ်တမ်းတင်ထားသော အရာငါးခုခန့်သာရှိပြီး ပထမသုံးချက်မှာ မှော်ပညာနှင့်ပတ်သက်သည်။

သို့ပေမယ့် ၎င်းဟာ သာမာန် မှော်ပညာ မဟုတ်ပါချေ၊ ၎င်းဟာ ရိုးရှင်းသည့် နိဒါန်းတစ်ခု ဖြစ်ပါ၏၊ သို့မဟုတ် ဒဏ္ဍာရီလို့ပင် သတ်မှတ်နိုင်ပေသည်။

ဥပမာအားဖြင့်၊ ပထမဖော်ပြချက်သည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာခန့်က မီးစွမ်းအား မှော်ပညာကိုလေ့လာနေခဲ့သည့် ထိုမျှကျော်ကြားခြင်းမရှိသော မဟာမှော်ပညာရှင်တစ်ဦးရှိသည်။ သူဟာ ရုတ်တရက် သူ့ ခါးတွင် မှော်သလင်းကျောက်ကို ထည့်ဖို့ စိတ်ကူးရပြီး ဘေးပတ်လည်၌ မီးဒြပ်စင် မှော်စွမ်းအင်ကို ရေးဆွဲ၍ မှော်သလင်းကျောက်နှင့် သူ့ကိုယ်တွင်းရှိ မှော်ပညာကို ပဲ့တင်ထပ်စေခဲ့သည်။

ရလဒ်မှာ…….. ထိုမဟာမှော်ပညာရှင်သည် သူ၏ အစွမ်းထက်သော မှော်စွမ်းအင်ကြောင့် မပေါက်ကွဲခဲ့သော်လည်း၊ သူ၏ မှော်စွမ်းအင်များ ပြတ်တောက်သွားပြီး ပြင်းထန်စွာ ဒဏ်ရာရသွားကာ သူ၏ မှော်ပညာအဆင့် အလွန်ကျဆင်းသွားခဲ့သည်။ အဆုံးတွင် သူသည် အဋ္ဌမအဆင့်မှော်ပညာရှင်အဖြစ်သို့သာ ပြန်လည်ရောက်ရှိနိုင်ခဲ့သည်။

၎င်းကို နောင်တရနေခဲ့သော ထို မဟာမှော်ပညာရှင်မှာ ၎င်းကို မှတ်တမ်းတင်၍ မှော်ပညာရှင်များအဖွဲ့အစည်းထံ မျှဝေကာ မှော်ပညာရှင်များအဖွဲ့အစည်းအနေနှင့် ၎င်းအား ဖြန့်ဝေမည်ဟု မျှော်လင့်ခဲ့သည်၊ ထိုသို့ဆိုလျှင် အခြားမည်သည့် မှော်ပညာရှင်မှ ထိုအမှားကို ပြုလုပ်တော့မည်မဟုတ်ပေ။

ဒုတိယမိတ်ဆက်မှာ နာမည်ကြီးမဟုတ်သော သာမန်မှော်ပညာရှင်တစ်ဦးနှင့် ပတ်သက်သည်။

ဤမှော်ပညာရှင်က လေစွမ်းအားမှော်ပညာကို လေ့လာရခြင်းအား နှစ်သက်ပြီးလေစွမ်းအား မှော်ပညာကို လေ့လာသည့်အခါ အခြားနည်းလမ်းများကို စမ်းကြည့်ရခြင်းအား နှစ်သက်ပါ၏။

သာမာန်မှော်ပညာရှင်တစ်ယောက်က လေစွမ်းအားမှော်ပညာကို ပျံသန်းရာ၌ အသုံးပြုသည့်အခါ၊ ၎င်းတို့အနေဖြင့် ပျံသန်းဖို့ အသုံးမပြုခင် ၎င်းတို့၏ ခန္ဓာကိုယ်ကို ဝန်းရံဖို့အတွက် လေဒြပ်စင်မှော်စွမ်းအင်ကို အသုံးပြုကြရသည်။

သို့သော် ဤမှော်ပညာရှင်သည် မတူညီသော အကြံဉာဏ်နှင့် ကွဲပြားသော နည်းလမ်းကို တွေးဆခဲ့သည်။ သူ ပျံသန်းချိန်တွင် လေဒြပ်စင်မှော်စွမ်းအင်ဖြင့် သူ့ကိုယ်သူ ဝန်းရံထားရုံသာမက သူ့နောက်တွင် လှည့်ပတ်နေသည့် ရေဝဲကို ဖန်တီးဖို့လည်း လေစွမ်းအားမှော်ပညာကို အသုံးပြုခဲ့ပါ၏။

ဤကဲ့သို့ပင် သူသည် သာမန် မှော်ပညာရှင်များထက် များစွာ လျင်မြန်စွာ ပျံသန်းနိုင်ခဲ့သည်။

သို့သော် ၎င်းသည် မှော်စွမ်းအားများစွာကို သုံးစွဲထားသောကြောင့် သူသည် သာမန်မှော်ပညာရှင်များ ပျံသန်း‌နိုင်သလောက်အထိ မပျံသန်းနိုင်ပေ။

တတိယမိတ်ဆက်မှာ ပုံကြမ်းတစ်ခုဖြစ်သည်။

ဤပုံကြမ်းမှ၊ ၎င်းသည် မှော်ပျံသန်းပစ္စည်း တစ်ခုဖြစ်ကြောင်း မြင်နိုင်သည်။

ဘေးရှိ စာပေါ်အခြေခံ၍ ၎င်းသည် မှော်စစ်သင်္ဘောဖြစ်ပုံရသည်။

"ဒီ မှော်စစ်သင်္ဘောက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက နတ်သူငယ်‌တွေ သုံးခဲ့တဲ့ မှော်စစ်သင်္ဘောနဲ့ အတူတူပဲလား" ရှုယီက ပုံကြမ်းကို ညွှတ်ပြ၍ မဟာမှော်ပညာရှင် ဖာဂူဆန်ကို မေးလိုက်သည်။

“မျိုးနွယ်စုစစ်ပွဲအတွင်းမှာ၊ ငါတို့ လူသားမှော်ပညာရှင်တွေက နတ်သူငယ်တွေရဲ့ မှော်စစ်သင်္ဘောကိုတွန်းလှန်ဖို့ ဒီ စစ်သင်္ဘောကို တီထွင်ခဲ့တာ။ ဆင်တူတယ်ထင်ရပေမယ့် ကွဲလွဲမှုနည်းနည်းငယ်ရှိတယ်။” မဟာမှော်ပညာရှင် ဖာဂူဆန်က ပြောသည်။

"ဆိုလိုတာက... မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်မှာ ဒီ မှော်လေသင်္ဘောအတွက် ပစ္စည်းတွေ ရှိနေတာလား?"

"မှန်တယ်။" မဟာမှော်ပညာရှင် ဖာဂူဆန်သည် သူ့မျက်လုံးများတွင် မာနအနည်းငယ်ကို ထုတ်ပြရင်း ခေါင်းညိတ်ပြသည်၊ “ရုံးချုပ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်လောက်က ပုံကြမ်းတစ်ခုတောင် ရှိသေးတယ်။ ဥက္ကဌရှု ၊ မင်း ဒါကို အရမ်းစိတ်ဝင်စားနေတာ မဟုတ်လား "

ရှုယီက သူ့ကိုကြည့်ရင်း ခဏမျှ ရယ်မောလိုက်သည် ။

ဤစာအုပ်တွင်ဖော်ပြထားသော မှော်အမျိုးအစားသုံးမျိုးအတွက်ဆိုလျှင်၊ သူ့အတွက် အရေးမပါဆုံးမှာ မဟာ မှော်ပညာရှင် ဖာဂူဆန် အလွန်ဂုဏ်ယူနေသော မှော်စစ်သင်္ဘော ဖြစ်သည်။ ယင်းအစား သူ့အား လှုံ့ဆော်မှုပေးသည်မှာ အခြားမှော်ပညာနှစ်မျိုးဖြစ်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၂၀။ စစ်မှန်သော တန်ဖိုး

မဟာမှော်ပညာရှင် ဖာဂူဆန်ကို ပြန်လွှတ်လိုက်ပြီးနောက် ရှုယီသည် စားပွဲပေါ်ရှိ မဟာမှော်ပညာရှင်ဖာဂူဆန်ထားခဲ့သည့် စာအုပ်ငယ်ကို ကြည့်လိုက်သည်။ အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် သူဟာ မနေနိုင်အောင် ဝမ်းသာအားရ ရယ်မောလိုက်၏။

မှော်ပညာရှင်များ အဖွဲ့အစည်းဌာနချုပ်ရှိ ငတုံးများသည် ဤစာအုပ်ငယ်တွင် ဝှက်ထားသောအရာများ၏ တန်ဖိုးကို မသိခဲ့ကြပေ။

ဤအရာများ၏ တန်ဖိုးအမှန်ကိုသိပြီး ထိုကဲ့သို့သောစျေးနှုန်းချိုသာစွာဖြင့် Frestech ကုန်သည်ကြီးများအသင်းသို့ရောင်းချပါက၊ သူတို့၏ အူများသည်ပင် နောင်တဖြင့် စိမ်းသွားမည်ဖြစ်သည်။

ဟုတ်ပါ၏၊ သူတို့ကို အပြစ်ပြောလို့ မရပေ။ တကယ်တော့၊ ၎င်းတို့မှာ ကမ္ဘာမြေက ရှုယီကဲ့သို့ ခေတ်မီအသိပညာမရှိသောကြောင့် ၎င်းကို နားမလည်တာ မထူးဆန်းပါချေ။

ဤစာအုပ်ငယ်တွင် စစ်သင်္ဘောသည် တန်ဖိုးအရှိဆုံးအရာဟု ထင်မြင်ခဲ့ကြသော်လည်း ရှုယီအတွက်မူ ၎င်းသည် စာအုပ်ငယ်ရှိ အရာငါးခုလုံးတွင် တန်ဖိုးအနည်းဆုံးအရာဖြစ်သည်။

ယင်းနှင့် နှိုင်းယှဉ်ပါက အခြားပစ္စည်းလေးမျိုးမှ တစ်ခုစီတွင် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့ အရေးတကြီး လိုအပ်နေသည့် မှော်သီအိုရီများ ရှိသည်။

ဥပမာ၊ ပထမဖော်ပြချက်မှ ထိုမဟာမှော်ပညာရှင်သည် မှော်သလင်းကျောက်ထဲသို့ မီးဒြပ်စင်မှော်စွမ်းအင်ကို ထည့်လိုက်သောအခါ ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီး မဟာမှော်ပညာရှင်တစ်ဦးကိုပင် သတ်လုနီးပါးဖြစ်သွားစေသည်။

သို့ပေမယ့် အခြားရှုထောင့်ကနေကြည့်ပါလျှင်၊ သာမန် မီးစွမ်းအား မှော်ပညာပဲဖြစ်ဖြစ်၊ မှော်သလင်းကျောက်ထဲမှာရှိသည့် မှော်ပညာဖြစ်ဖြစ် ပုံမှန်အခြေအနေတွင် မဟာမှော်ပညာရှင်ကို အန္တရာယ်ပြုနိုင်မှာ မဟုတ်ပါပေ။

သို့သော် ၎င်းတို့နှစ်ခုကို ပေါင်းစည်းလိုက်သည့် အခါမှာတော့ ကြောက်စရာကောင်းသည့် အကျိုးသက်ရောက်မှုတွေ ရှိခဲ့ပါ၏။

မီးစွမ်းအားကို သလင်းကျောက်ထဲသို့ ထည့်သွင်းပြီးနောက်၊ ၎င်းသည် စံနှုန်းကို ကျော်လွန်နိုင်ကာ အစွမ်းထက်သော စွမ်းအားတစ်ခု ရှိနေကြောင်း သက်သေပြခဲ့သည်။

ဤစွမ်းအင်ကို မှန်ကန်စွာ လမ်းညွှန်နိုင်လျှင် ၎င်းသည် အလွန်အလားအလာကောင်းသော စွမ်းအင်လမ်းကြောင်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်အများစုသည် မီး သို့မဟုတ် လေစွမ်းအားမှော်အစီအရင်များကို အဓိကအသုံးပြုသည်။

အစပိုင်းတွင် ၎င်းက ပြဿနာမဟုတ်ပေ။

Frestech ကုန်သည်ကြီးများအသင်းသည် မှော်စက်များ ပိုမိုထုတ်လုပ်လာပြီး ပိုမိုကြီးထွားလာခြင်းကြောင့် စွမ်းအားလိုအပ်ချက် ပိုမိုများပြားလာသည်။

မှော်ဆလွန်းနှင့် မှော်လေသင်္ဘောကို ဥပမာယူကြည့်နိုင်သည်။ Frestech ကုန်သည်ကြီးများအသင်း၏ မှော်ဆလွန်းနှင့် မှော်လေသင်္ဘောတို့၏ အမြန်နှုန်းပြည့်မှာ တစ်နာရီလျှင် ကီလိုမီတာ ၁၅၀နှင့် ၂၀၀ အသီးသီးဖြစ်ကြသော်လည်း ၎င်းအား တိုးမြှင့်ခဲ့သည်က တစ်နှစ်ပင် ရှိနေပြီဖြစ်သည်။

ယင်းအတွက် အဓိကအကြောင်းအရင်းမှာ မှော်ဆလွန်းနှင့် မှော်လေသင်္ဘောတို့တွင် သုံးသော၊ မှော်အစီအရင်တို့၏ မဏ္ဍိုင်များကို ကန့်သတ်ထားခြင်းကြောင့် ဖြစ်သည်။

သာမာန် မှော်အစီအရင်တစ်ခုအတွက်၊ မီးဟု သတ်မှတ်ခံရသည်ဖြစ်စေ လေဟု သတ်မှတ်သည်ဖြစ်စေ ၎င်းသည် ထုတ်လုပ်နိုင်သော စွမ်းအားပမာဏကို မှော်အစီအရင်အဆင့်ဖြင့် ကန့်သတ်ထားသည်။ အဆင့်မြင့်လေ စွမ်းအားပိုထွက်လေဖြစ်သည်။

မှော်အစီအရင်၏အဆင့်သည် အလွန်မြင့်သွားပါက ပြဿနာများရှိလာမည်ဖြစ်သည်။ မှော်အစီအရင်များကို ရေးဆွဲရန် တာဝန်ရှိသော မှော်ပညာရှင်များအနေဖြင့် ၎င်း မှော်အစီအရင်အဆင့်သည် ၎င်းတို့၏ မှော်ပညာအဆင့်ကို လွန်လွန်ကဲကဲ ကျော်လွန်သွားမည် ဖြစ်သောကြောင့် ထိုသို့လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ဤအရာကို ထည့်သွင်းစဉ်းစားပါက မှော်သုတေသနဌာနသည် မှော်အစီအရင်များ ရေးဆွဲသောအခါတွင် ၎င်းတို့သည် မှော်အစီအရင်၏အဆင့်ကို တတ်နိုင်သမျှ ထိန်းချုပ်ရန် ကြိုးစားမည်ဖြစ်သည်။ အဆင့်န်ိမ့် မှော်ပညာရှင်များ အနေဖြင့် ၎င်း မှော်အစီအရင်များကို ဆွဲရန် အတတ်နိုင်ဆုံး လွယ်ကူအောင် ကြိုးစားကြလိမ့်မည်။

တစ်ချိန်တည်းမှာပင်၊ မှော်သုတေသနဌာနသည် အဆင့်နိမ့် မှော်အစီအရင်များ၏ စွမ်းအားထွက်နှုန်းကို တိုးမြင့်လာစေရန် ကြိုးစားကြရပြီး ၎င်းတို့သည် အဆင့်မြင့် မှော်အစီအရင်များ၏ အကျိုးသက်ရောက်မှုများအတိုင်း ပုံတူပွားနိုင်စေရန် ကြိုးပမ်းလျက်ရှိသည်။

***

All Chapters