နတ်ဘုရားတို့ပျောက်ဆုံးခြင်းသံစဉ်
Vol. 016 Ch. 1515
ထိုက်ရွှမ်တောင်ထိပ် နန်းတော်အထက်တွင် အရှင်ထိုက်ရွှမ်သည် မဟာလမ်းစဉ်အလင်းများဖြင့် လွမ်းခြုံလျှက် ထိုင်နေချေသည်။
သူ့ခန္ဓာကိုယ်သည် ကောင်းကင်ကိုးလွှာနှင့် ဆက်သွယ်ထားဟန်ရသည်။ အဆုံးအစမဲ့သော လေဟာနယ်ထဲတွင် လမ်းစဉ်သည် ခန္ဓာကိုယ်နှင့် ချိတ်ဆက်ကာ အချို့သော အံ့ဖွယ်ထူးခြားမှုများအား ဖြစ်ပေါ်စေ၏။ လမ်းစဉ်၏သင်္ကေတသည်လည်း ထိုက်ရွှမ်တောင်ကို ဖုံးလွှမ်းသော ပင်လယ်ကြီးအလား အဆုံးအစမဲ့သော ရောင်ခြည်တော်များကို ထုတ်လွှတ်ပေသည်။
ထိုက်ရွှမ်တောင်နှင့်အနီးတဝိုက်မှ လူတိုင်းသည် အရှင်ထိုက်ရွှမ်ပေးသော အရှိန်အဝါတန်ခိုးအား ခံစားမိကြ၏။ ထိုသို့ အံ့မခန်း တန်ခိုးအဆင့်ကား မရေမတွက်နိုင်သော လူများအတွက် အိပ်မက်ထဲ၌သာ ရှိပေသည်။ ရန်ဟောင်များသည်ပင် လေးစားအားကျသော အကြည့်များဖြင့် ထိုက်ရွှမ်တောင်အရပ်ရှိရာသို့ ကြည့်ကြရ၏။
သည်ခြေလှမ်းကို ကျော်ဖြတ်ပြီးလျှင် အရှင်ထိုက်ရွှမ်ကား အထက်ကောင်းကင်များ၌ပင် ဆရာကြီးတစ်ဆူဖြစ်ပေပြီ။ ဘုံသုံးထောင်၌ ထိပ်သီးတစ်ဦး ဖြစ်ပေပြီ။
ဘုံသုံးထောင်၌ ထင်ရှားသူများ အများအပြားရှိသော်လည်း သည်ခြေလှမ်းအား ကျော်ဖြတ်ပြီးသူမှာ အနည်းစုသာ ရှိပေသည်။
အထက်ကောင်းကင်များ၌ ထိုသို့သော ပုဂ္ဂိုလ်ထူးများ မည်ရွေ့မည်မျှရှိသည်ကို ရီဖူရှင်း မသိသော်လည်း ကောင်းကင်အာဏာစက်ဘုံတွင်ကား ဂူထျန်းရှင်းသည် ထိုအဆင့်၌ ရှိ၏။ ကောင်းကင်အာဏာစက်ပြည်ထောင်မှ ဘုရင်ဟောင်းကြီးသည်လည်း ထိုအဆင့်သို့ နီးကပ်ခဲ့ချေသည်။
ထို့ကြောင့် အရှင်ထိုက်ရွှမ်၏အဆင့်တက်မှုက မည်မျှ အရေးပါကြောင်း သူသိသည်။ ထို့ကြောင့်ပင် ရှီလင်နန်းမြို့တော်မှ လာရောက်ကာ အရှင်ထိုက်ရွှမ်အား အနှောင့်အယှက်ပြုခဲ့ခြင်းဖြစ်ပေသည်။
အင်အားကြီးရွှေရောင်နန်ပြည်ထောင်သည်ပင် သူတို့၏အတော်ဆုံးမင်းသားဖြစ်သူ ကိုက်ရှီအား အရှင်ထိုက်ရွှမ်၏တပည့်ဖြစ်စေလိုခဲ့သည်။
နတ်ဂီတနန်းတော်မှ နန်းတော်သခင်ကား ထွက်သွားခြင်းမရှိသေးသလို ရွှေရောင်နတ်ပြည်ထောင်စစ်သူကြီးလည်း မထွက်သွားသေးပေ။ တခြားသော အင်အားစုများသည်လည်း အရှင်ထိုက်ရွှမ်အဆင့်တက်ခြင်းကို စောင့်ကြည့်နေကြ၏။
ထို့အတူ အချိန်နှင့်အမျှ တခြားသော နာမည်ကျော် အင်အားစုများ၊ လူပုဂ္ဂိုလ်များသည်လည်း ထိုက်ရွှမ်တောင်ကို ရောက်လာကြကာ မြင်ရခဲသော မြင်ကွင်းအား ကြည့်ရှုကြပေသည်။ အချို့ကား လူကိုယ်တိုင်လာရောက်ကာ အချို့ကား ထိုက်ရွှမ်မြို့မှနေ၍ နတ်ဘုရားအာရုံကို စေလွှတ်ကြည့်ရှုကြ၏။
အထက်ကောင်းကင်ဘုံတွင် သည်ကဲ့သို့ အဆင့်တက်ခြင်းကား တစ်ခေါတ်မှာတစ်ခါ မြင်ရခဲ၏။
လမ်းစဉ်သင်္ကေတ၏အလင်းသည် ပိုမိုစူးရှလာခဲ့ကာ သူ၏ပြင်းအားမှာလည်း ဆထက်တိုးလာချေသည်။ ရီဖူရှင်းနှင့် တခြားသော ထိုက်ရွှမ်တောင်တပည့်များသည်လည်း မြေပြင်တွင်ထိုင်ကာ အရှင်ထိုက်ရွှမ်၏အဆင့်တက်ခြင်းမှ သိမြင်နားလည်ခြင်းများ ရရှိရန် ကြိုးပမ်းကြ၏။ ဤသို့ အခွင့်အရေးကား ရှားပါးပါဘိ။
ရီဖူရှင်း၏စိတ်အသိသည် လမ်းစဉ်သင်္ကေတနှင့် ရောစပ်သွားကာ ကောင်းကင်နှင့်မြေပြင်အနှံ့ မြေလွင့်နေသည်။ တဖြည်းဖြည်းဖြင့် သူသည် သဘာဝတရား၏ဖန်တီးမှုစွမ်းအားကို ခံစားရလာသည်။ ထို့အတူ ထူးခြားသော ခံစားချက်တစ်ခု၊ လမ်းစဉ်ကို ထိန်ချုပ်နိုင်စွမ်းသော တစ်စုံတစ်ခုအား သူဆုပ်ကိုင်တော့မလို ခံစားချက်သည်လည်း ပိုမိုအားကောင်းလာ၏။ လွတ်လပ်ခြင်း၏သဘောတရားသည် ပိုမိုတိုးပွားလာခဲ့ကာ ဝေးခြင်းနီးခြင်းကို ပဓာနမထားဘဲ သူ့လက်ထဲ၌ ရှိနေသကဲ့သို့ ခံစားချက်အား ပေးစွမ်းသည်။
မျက်လုံးတစ်မှိတ်အတွင်း ရက်များစွာ ကုန်လွန်သွားခဲ့သော်လည်း ထိုက်ရွှမ်တောင်မှ လူများကား အချိန်ကာလကို မေ့လျော့နေကြဆဲ။ အများအပြားမှာ ကျင့်ကြံခြင်းမှ နိုးထကာ အရှင်ထိုက်ရွှမ်ကို ကြည့်နေကြသည်။
သူ ယခုထိ အဆင့်မတက်သေးသည်လား။
ယခု နတ်ဘုရားအလင်းသည် ကောင်းကင်ကိုးလွှာကို ရောက်ရှိကာ လမ်းစဉ်သည် ကောင်းကင်နှင့်မြေကြီးကား၌ စီးဆင်း၏။ သို့တိုင်အောင် အရှင်ထိုက်ရွှမ် ထိုအကန့်အသတ်အား မကျော်လွန်ရသေး။
သူ့တပည့်လေးယောက်သည်ကား အရှင်ထိုက်ရွှမ်၏လုံခြုံရေးအတွက် အထူးဂရုပြု စောင့်ကြပ်နေကြ၏။
“ကြည့်ရတာ ဒီအဆင့်က တော်တော်ခက်ပုံပဲ”
ရီဖူရှင်းနှင့် သိပ်မဝေးသောနေရာမှ ဝမ်ရှိုးရီက မှတ်ချက်ချသည်။ ဓားချောက်နက်မှ တပည့်တစ်ဦးအနေဖြင့် သူသည် အရှင်ထိုက်ရွှမ်အဆင့်တက်ရန် လိုလားပေသည်။
သို့သော်လည်း ထိုအဆင့်ကား ချိုးဖျက်ရန် ခက်ခဲဟန်ရ၏။
“မိစ္ဆာအိုကြီးလော့က ဒီကိုလာပြီး နှောင့်ယှက်ရဲတယ်ဆိုကတည်းက ဒီအဆင့်ဟာ ချိုးဖျက်ဖို့ခက်တယ်ဆိုတာ သူသိလို့ပဲ။ ဒါပေမဲ့ သူမထင်ထားခဲ့တာက ဆရာကြီးဟာ အဆင့်မတက်ခင်ကတည်းက အသွင်ပြောင်းပြီးဖြစ်လို့ သူ့ကို တစ်ချက်တည်းနဲ့ အနိုင်ယူခဲ့တာကိုပဲ”
လော့ယွဲ့က လေးနက်သော အမူအရာဖြင့် ပြောသည် “ဒါက ခက်ခဲတယ်ဆိုပေမဲ့ ဆရာကြီး အဆင့်တက်မယ်လို့ ယုံကြည်တယ်”
“ဓားကောင်းတစ်လက်ရဖို့ နှစ်တစ်ထောင်ကြာတယ်ဆိုရိုးစကားရှိတာပဲ။ အရှင်ထိုက်ရွှမ်ဟာ ဂိုဏ်းတွေ၊ နိုင်ငံတွေ မထူထောင်ဘဲ တပည့်တွေကိုပဲ သင်ကြားမွေးထုတ်ပြီး အေးအေးချမ်းချမ်း ကျင့်ကြံခဲ့တယ်။ သူဟာ သန့်စင်မှန်ကန်တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ” ဝမ်ရှိုးရီက ခေါင်းတဆတ်ဆတ်ညှိတ်ကာ ပြောသည်။
“စီနီယာအစ်ကို… ထိုက်ရွှမ်တောင်မှာ အရမ်းကို ထူးချွန်တဲ့ဓားသမားတစ်ဦးတစ်လေရှိလား” လော့ယွဲ့က ကောက်ကာငင်ကာ မေးသည်။
“ညီမမေးတာ ဒီမတိုင်ခင် တိုက်ပွဲက တစ်ယောက်ကိုမလား” ဝမ်ရှိုးရီက သူမ၏သဘောကို ချက်ချင်းနားလည်ကာ ခေါင်းယမ်းသည် “ငါက ဓားချောက်နက်မှာ လေ့ကျင့်ပြီးတော့ ငါ့ဓားပညာကိုလည်း ယုံကြည်မှုရှိတယ်။ ငါ့ရဲ့ တစ်ဒင်္ဂဓားသိုင်း ဒုတိယအဆင့်ဟာလည်း အရမ်းကို ကောင်းမွန်တယ်။ ဒါပေမဲ့ အဲဒီဓား ထွက်ပေါ်လာတဲ့အချိန်မှာ ငါဟာ ရေတွင်းထဲက ဖားသူငယ်ဖြစ်မှန်း သိနားလည်လိုက်တယ်။ အဲဒီဓားကို ထိန်းချုပ်တဲ့လူရဲ့ ပညာရည်က ငါ့ထက် အဆများစွာ သာလွန်တယ်။ ငါဟာ ဓားချောက်နက်မှာ လေ့ကျင့်ပေမယ့် အဲလိုဓားသမားရှိတာကိုတော့ တကယ်မသိဘူး။ ဒါမှမဟုတ် တစ်စုံတစ်ယောက်က သူ့ပညာစွမ်းရည်ကို ထိန်ချန်ထားတာလည်း ဖြစ်နိုင်တာပဲ”
“စီနီယာအစ်ကို… ဒါက ဖြစ်နိုင်တယ်ထင်လား” လော့ယွဲ့က ဝမ်ရှိုးရီကို မေးသည်။
“ဘာလို့မဖြစ်နိုင်ရမှာလဲ” ဝမ်ရှိုးရီက အခိုင်အမာပြောသည် “အရှင်ထိုက်ရွှမ်က ထိုက်ရွှမ်တောင်တပည့်တစ်ယောက် တမင်ကွယ်ဝှက်ထားချင်တာလည်း ဖြစ်နိုင်တာပဲ”
အရှင်ထိုက်ရွှမ်က ထိုသူသည် ထိုက်ရွှမ်တောင်မှ ရှန့်ထိုတစ်ဦးဟုဆိုပါက ထိုအချက်က မှန်ကန်ရပေမည်။
“ညီမ အတွေးများသွားပြီ” လော့ယွဲ့က ခေါင်းယမ်းသည်။ သူမက အရှင်ထိုက်ရွှမ်၏သဘောကိုပင် မေးခွန်းထုတ်မိခဲ့သေး၏။ အကြောင်းကား ထိုဓားသမားကို အလွန်စိတ်ဝင်စားလွန်းနေ၍ဖြစ်ပေသည်။
ဓားချောက်နက်တွင် ဖုံးကွယ်ထားသော တပည့်အချို့ရှိနိုင်ပေသည်။
ထိုအခိုက်တွင် လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်လာခဲ့၏။ ကောင်းကင်ကိုးလွှာမှ မရေမတွက်နိုင်သော နတ်ဘုရားအလင်းများသည် အရှင်ထိုက်ရွှမ်ရှိရာသို့ စီးဆင်းကြကုန်၏။ ထိုအလင်းများသည် သူ၏ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားကာ သူ့အား ရောင်စုံခန္ဓာကိုယ်အသွင်သို့ ထင်မြင်စေ၏။
ကြီးမားသော ဖိအားသည်လည်း နန်းတော်တစ်ခုလုံးကို ဖုံးလွှမ်းနေသည်။ အရှင်ထိုက်ရွှမ်၏မျက်လုံးအစုံသည် ရုတ်တရက်ပွင့်လာခဲ့ကာ ကောင်းကင်သို့ ကြည့်လိုက်၏။ ၎င်းအကြည့်သည် လေထုကို ဖောက်ထွင်းကာ လောကအပြင်သို့တိုင် ရောက်သွားဟန်ရသည်။
“ကောင်းကင်လမ်းစဉ်ဟာ မပြည့်စုံပေဘူး” ဝေးလံသောအရပ်မှ ခရီးနှင်လာဟန်ရသော ထူးဆန်းသောအသံကြီးသည် လေးနက်သော သက်ပြင်းရှိုက်ဟန်ဖြင့် ဆိုသည်။ ထိုအသံကား နတ်ဘုရားတို့ သက်ပြင်းချသံအလား…။
ထိုအသံက မရေမတွက်နိုင်သောလူတို့အား ဝမ်းနည်းပူဆွေးမှု အငွေ့အသက်များအား ခံစားရစေသည်။
ကောင်းကင်လမ်းစဉ်ကား ပြီးပြည့်စုံခြင်းမရှိ…။
ပုဂ္ဂိုလ်ကြီးများသည်လည်း ကောင်းကင်ကို ကြည့်လိုက်ကြ၏။ ကောင်းကင်လမ်းစဉ် မပြည့်စုံသည်ကို သူတို့လည်း သိကြပေသည်။
ထိုက်ရွှမ်တောင်ထိပ်တွင် အရှင်ထိုက်ရွှမ်သည် ကု့ချင်းတစ်လက်ကို ထုတ်ကာ ကြိုးများအား လက်ဖြင့် ထိခတ်လိုက်၏။ ချက်ချင်းပင် ဂီတသံစဉ်သည် လေထုကို ပျံ့လွင့်သွားကာ မရေမတွက်နိုင်သော လူများ၏နားစည်ကို ရိုက်ခတ်၏။
သံစဉ်ကား မဟာလမ်းစဉ်၏ဂီတသံဖြစ်ပေသည်။ ဂီတသံနှင့်အတူ လူအများတို့သည် ဝမ်းနည်းခြင်း၊ ပူဆွေးသောကရောက်ခြင်းနှင့် ကြီးစွာသော နောင်တတရားများအား ခံစားကြရသည်။
“မဟာလမ်းစဉ်၏ပျောက်ဆုံးခြင်းအသံ၊ နတ်ဘုရားတို့၏ပျောက်ဆုံးခြင်းသံစဉ်” နတ်ဂီတနန်းတော်သခင်၏မျက်လုံးများက စူးရှသွားသည်။ သူက ဂီတသံစဉ်တိုင်းအား နားထောင်ကာ သူ့မှတ်ဉာဏ်ထဲ၌ သိုလှောင်ရန် ကြိုးစားသည်။
“သေသေချာချာနားထောင်” သူက ဘေးမှ ရှန့်ရှောင်းနန်းတော်တပည့်သားများအား ပြောသည်။ သည်သံစဉ်ကား ကောင်းကင်သံစဉ်ဆယ်ခုထဲမှ တစ်ခုဖြစ်ပေသည်။ အစစ်အမှန် နတ်ဘုရားသံစဉ်ဟုဆိုလျှင်လည်း မှားအံ့မထင်။
ကောလာဟလများအရ ထိုက်ရွှမ်တောင်၏အထွတ်အမြတ်ဓားပညာရပ်ဖြစ်သော တစ်ဒင်္ဂဓားသိုင်းသည် နတ်ဘုရားတို့၏ပျောက်ဆုံးခြင်းသံစဉ်နှင့် ဓားပညာတို့ပေါင်းစပ်ထားခြင်းဟုပင် ဆိုကြသည်။
ယခု အရှင်ထိုက်ရွှမ်သည် နတ်ဘုရားတို့ပျောက်ဆုံးခြင်းသံစဉ်အား ထိုက်ရွှမ်တောင်၌ တီးခတ်၏။ သူသည် နတ်ဂီတနန်းတော်သခင်ဖြစ်သော်လည်း သည်သံစဉ်အား မှတ်ဉာဏ်ထဲ၌ အသေအချာမှတ်သားထားလိုပေသည်။
ထိုအခိုက်တွင် ရီဖူရှင်းသည်လည်း ထူးဆန်းသော အနေအထား၌ ရှိနေ၏။ သူကား မိမိကိုယ်ကိုပင် မေ့လျော့သွားဟန်ရကာ နတ်ဘုရားသံစဉ်ထဲ၌ နစ်မြောနေပေသည်။
သည်သံစဉ်သည် အဆုံးအစမဲ့သော နောင်တရားနှင့် ဝမ်းနည်းခြင်းတို့ ပါဝင်သည်။ ၎င်းက ကျင့်ကြံခြင်း၏ဝမ်းနည်းပူဆွေးမှုများအား ဖွင့်ဟနေဟန်ရသည်။ တစ်သက်တာလုံး ကျင့်ကြံခြင်း၌ ပျော်မွေ့ရာတွင် သူ့အနေဖြင့် ရွေးချယ်ရာမဲ့စွာဖြင့် နာကျင်ခြင်း၊ ပူဆွေးခြင်းများဖြင့် လမ်းစဉ်ကို ငြင်းဆန်ရ၏။ ထို့အတွက် နောင်တ တရားများ ရှိခဲ့ပေသည်။
ထိုသံစဉ်ကို နားဆင်ရာတွင် များစွာသော ကျင့်ကြံသူများသည် မူလက စိတ်ဓာတ်ပြတ်သားခိုင်မာခြင်းမရှိခဲ့သော်လည်း ယခုတွင် စိတ်အားထက်သန်လာကြ၏။ ထိုအခိုက်တွင် သူတို့သည် နောင်အနာဂတ်၌ ပိုမိုကြိုးစားလိုသော စိတ်ဆန္ဒများဖြစ်လာကြ၏။
လမ်းစဉ်သည် ပြောင်းပြန်စီးဆင်းလျှင် သူတို့ခန္ဓာကိုယ်အတွင်းမှ စိတ်ဆန္ဒသည် ကစဉ့်ကလျားဖြစ်ကာ ခန္ဓာကိုယ်မှ ထိန်းချုပ်မှုကင်းမဲ့စွာဖြင့် လွတ်မြောက်ကြ၏။
လူအချို့တို့၏မျက်လုံးများမှာ သွေးနီရောင်လွှမ်းလာချေသည်။ သူတို့သည် ထိုအခိုက်တွင် အထိန်းအကွပ်မဲ့သော အခြေအနေသို့ ရောက်လာကြ၏။ အချို့ကား သူတို့၏ကိုယ်ပင်ကျင့်ကြံခြင်းအုတ်မြစ် ထိခိုက်ခြင်းကို ခံစားလာကြရ၏။
“ဂီတရဲ့ ထိန်းချုပ်မှုကို မခံကြနဲ့” တစ်ယောက်က သတိပေးသည်။ ရီဖူရှင်းသည်လည်း တူညီသော ခံစားချက်ကို ရလာသည်။ ဤသို့သော သံစဉ်ကို ဖန်တီးခဲ့သူမှာ မည်သို့သော တည်ရှိမှုမျိုး ဖြစ်မည်နည်း။
ကောင်းကင်တွင် မဟာလမ်းစဉ်၏အသိသည် ပြင်းထန်စွာ စီးဆင်းနေ၏။ သံစဉ်၏အဖော်ပြုမှုနှင့်အတူ အရှင်ထိုက်ရွှမ်၏ကိုယ်တွင်းမှ ပေါက်ကွဲသံများ အဆက်မပြတ် ကြားလာကြရသည်။
ကု့ချင်းသံသည်လည်း လေထဲပျံ့လွင့်ကာ မဟာလမ်းစဉ်၏ကံကြမ္မာကို ဆန့်ကျင်ဖီဆန်လျှက် ယှဉ်ပြိုင်ရန် ကြိုးစားနေပုံရသည်။ ကောင်းကင်နှင့်မြေပြင်အကြား မြစ်ပြင်ရှည်တစ်ခုစီးဆင်းခြင်းက အရှင်ထိုက်ရွှမ်အား တုန်ခါစေ၏။ ထို့အတူ ထိုက်ရွှမ်ဒေသတစ်ခုလုံးမှ လူတိုင်းသည်လည်း တုန်ခါ၏။
နောက်ဆုံးသော တီးလုံးအရောက်တွင် နတ်ဘုရားအလင်းသည် ကောင်းကင်ကိုးလွှာအား ထွင်းဖောက်သွား၏။ အရှင်ထိုက်ရွှမ်က ထရပ်လျှင် သူ့အဝတ်စသည် လေထဲ ပြင်းထန်စွာ လူးလွင့်ကြလေသည်။ လမ်းစဉ်၏အသိသည် သူ့အား ရိုက်ခတ်၏။ ထိုအခိုက်တွင် သူကား လူသားတို့နှင့်လားလားမျှမသက်ဆိုင်သော ကြီးမြတ်သော ဂုဏ်သရေတော်ကို ပေးစွမ်းလေသည်။
ထိုအခိုက်တွင် ထိုက်ရွှမ်တောင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီးမှ ကောင်းကင်နှင့်မြေပြင်အကြားမှ လှုပ်ခတ်မှုများအားလုံး စတင်ငြိမ်သက်ကြလေသည်။
“အောင်မြင်ပြီလား” ထိုက်ရွှမ်တောင်မှ တပည့်များက အရပ်မျက်နှာတစ်ခုတည်းအား မျက်နှာမူလျှက် ရေရွက်ကြသည်။
ထိုအခိုက်တွင် အရပ်မျက်နှာမျိုးစုံမှ ပုဂ္ဂိုလ်ထူးများ၊ ရန်ဟောင်များနှင့် အင်မော်တယ်များ ရောက်လာကြသည်။ သူတို့အထဲတွင် ဧကရီများလည်း ပါဝင်ပေသည်။
“အရှင်ထိုက်ရွှမ်ကို ဂုဏ်ပြုပါတယ်” နတ်ဂီတသံစဉ်နန်းတော်သခင်က ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ကာ ပြောသည်။
“ဂုဏ်ပြုပါတယ်” လူအများအပြားက လေထဲကို တက်ကာ ထိုက်ရွှမ်နန်းတော်အား ဦးညွတ်လျှက် ဆိုကြ၏။ ရောက်လာသူများအားလုံးမှာ အထက်ကောင်းကင်၌ နာမည်ကျော်ဇောထင်ရှားသူများဖြစ်ကြပေသည်။
ထိုက်ရွှမ်တောင်မှ လူများအားလုံးက ထိုမြင်ကွင်းကို ကြည့်ကာ အလွန်စိတ်လှုပ်ရှားကြသည်။ အောင်မြင်ခဲ့သည်များလား။
“အရှင်ကို ဂုဏ်ပြုပါတယ်” ထိုက်ရွှမ်တောင်တပည့်များက သူ့အား ဦးညွတ်ကာ ဂါရဝပြုကြသည်။
ရွှေရောင်နတ်ပြည်ထောင်မှ စစ်သူကြီးသည်လည်း အရှင်ထိုက်ရွှမ်အား ကြည့်သည်။ သူ့မျက်လုံးများက ရှုပ်ထွေးသော ခံစားချက်များရှိနေ၏။ အရှင်ထိုက်ရွှမ်သည် ထိုအခိုက်တွင် သူ့ထက် အဆမတန်မြင့်သော အဆင့်တစ်ခုသို့ တက်လှမ်းသွားခဲ့ကာ ယခုကား သူသည် အရှင်ထိုက်ရွှမ်ကို တန်းတူပြောဆိုရန် အရည်အချင်းမရှိတော့။ သူ့အနေဖြင့် အရှင်ထိုက်ရွှမ်ကို အကြီးအကဲတစ်ဦးအား ဆက်ဆံသလို လေးစားမှုအား ပြသရပေတော့မည်။
သူ့ဘေးမှ ကိုက်ရှီ၏မျက်လုံးများသည် ရွှေရောင်အလင်းများဖြင့် စူးရှနေသည်။ သူ အမှန်တကယ် အဆင့်တက်သွားသည်လား။
ရီဖူရှင်းသည် ထိုမြင်ကွင်းအား တိတ်ဆိတ်စွာ ကြည့်နေသည်။
သူက အရှင်ထိုက်ရွှမ်အားကြည့်လိုက်၏။ ယနေ့တွင်ကား အရှင်ထိုက်ရွှမ်သည် အထက်ကောင်းကင်၌ပင် ပုဂ္ဂိုလ်ထူးကြီးများနှင့် တန်းတူသော အဆင့်တစ်ခုသို့ ရောက်သွားခဲ့ပြီ ဖြစ်လေသည်။
***