← Chapters

အခန်း (၅၁-၆၀)

Vol. 7 Ch. 51-60

အခန်း (၅၁-၆၀)

Vol. 7 Ch. 51-60

Vol 7, အခန်း ၅၁။ ဒဏ္ဍာရီအား အတည်ပြုခြင်း

ငါးရက်ကြာပြီးနောက် အကြီးစားပို့ဆောင်ရေးမှော်‌သင်္ဘော ၅စင်း၊ အစောင့်သင်္ဘော အစင်း ၃၀၊ မှော်လေသင်္ဘော ၁၀စင်း၊ အသေးစား မှော်စက်လှေ အစင်း ၁၀၀နှင့် Frestech ကုန်သည်ကြီးများအသင်း အစောင့် ဦးရေ ၂၀၀၀တို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်ရုံးအပြင်ဘက်ရှိ ဆိပ်ကမ်းမှ ထွက်ခွာသွားကြသည်။

ဤသင်္ဘောစုအား Frestech ကုန်သည်ကြီးများအသင်း၏ သမိုင်းတွင် တည်ဆောက်ခဲ့သမျှ သင်္ဘောစုများအနက် အကြီးမားဆုံးနှင့် လက်နက်အများဆုံး တပ်ဆင်ထားသည့် သင်္ဘောစုဟု သတ်မှတ်နိုင်သည်။

အစောင့် ဦးရေ ၂၀၀၀အပြင် ဌာနတစ်ခုချင်းစီမှ အားဖြည့်မည့် သူများလည်းရှိသည်။ သင်္ဘော၌ လမ်ပူရီတိုင်းပြည်မှ လူ ၃၀၀ရှိပြီး နတ်သူငယ်မျိုးနွယ်စုထံမှ နတ်သူငယ် ၁၅၀ရှိလေရာ အဖွဲ့ဝင်ခန့်ခွဲရေးကို အင်မတန် ရှုပ်ယှက်ခတ်သွားစေသည်။

ဤသင်္ဘောစုအတွက် ၎င်းတို့၏ အဓိက တာဝန်မှာ Frestech ကုန်သည်ကြီးများအသင်း၏ ပင်လယ်ပြင် စူးစမ်းရှာဖွေရေးသင်္ဘောစုထံ ကုန်စည်များ ယူဆောင်သွားပေးကာ လူအင်အား ထပ်ဖြည့်၍ ဒေသတွင်း ဧရိယာကို စုံစမ်းရာ၌ ကူညီရင်း အခြေစိုက်ဌာနတစ်ခု တည်ဆောက်လျက် သင့်တော်သော ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဖန်တီးရန်ဖြစ်သည်။

၎င်းအပြင် သင်္ဘောစုနှင့် အတူပါလာသော လူပိုများထံ၌ မတူညီသည့် တာဝန်များရှိသေးပါ၏။

ဥပမာ လမ်ပူရီတိုင်းပြည်နှင့် နတ်သူငယ်မျိုးနွယ်စု ၃ခုထံမှ ပို့လိုက်သော လူများမှာ မှော်တိမ်တိုက်နယ်မြေကြီးကို စူးစမ်းရမည်ဖြစ်သည်။ အာကာလီ၏ အဖွဲ့လေးကမူ ၎င်းတို့၏ သုတေသနအတွက် နဂါးများနှင့် ပူးပေါင်းနိုင်မလား ကြည့်ရန် ဖြစ်သည်။ အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဆောက်လုပ်ရေးအင်အားမှာ Frestech ကုန်သည်ကြီးများအသင်းအား ရှေ့တန်းကင်းစခန်း တည်ဆောက်ရာတွင် ကူညီရင်း မီးကျောက်ဆောင်ကျွန်း၏ အခြေအနေများကို စုံစမ်းရန်ဖြစ်သည်......

အတိုချုံးပြောရလျှင် ဤသင်္ဘောစုထံ၌ မတူညီသည့် မစ်ရှစ်များစွာ ပါရှိသည်။ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းက ဤသင်္ဘောစုကို စေလွှတ်ချိန်တွင် နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့ကြသော မှော်သင်္ဘောများအနက် တစ်ဝက်ကို အသုံးပြုထားသလို မလုံလောက်ဖြစ်နေသည့် အစောင့်များထဲမှ ၂၀၀၀ကို ဖျစ်ညှစ်ပေးခဲ့ရသည်။ ၎င်းမှာ ဤမစ်ရှင်အား တတ်နိုင်သလောက် ချောမွေ့စေရန်ပင်။

ကက်ဆန်ဒရာ ထောက်ပံ့ပေးထားသည့် အချက်အလက်အရ ဤသင်္ဘောစုမှာ မည်သည့် မတော်တဆမှ မကြုံပါလျှင် တစ်လအတွင်း မီးကျောက်ဆောင်ကျွန်းသို့ ရောက်ရှိ၍ ပင်လယ်ပြင်စူးစမ်းရှာဖွေရေး သင်္ဘောစုနှင့် ဆုံရပေမည်။

ထို့နောက် ၎င်းတို့အနေဖြင့် မီးကျောက်ဆောင်ကျွန်း၌ လတစ်ဝက်ကြာနေပြီးနောက်တွင် မဝေးလှသည့် ကက်ဆန်ဒရာပြောပြထားသော မှော်တိမ်တိုက်နယ်မြေကြီးကို စူးစမ်းရန် လူများ လွှတ်ကြမည်ဖြစ်၏။

၎င်းက အကြိုစူးစမ်းမှုသာ ဖြစ်သောကြောင့် အင်မတန်နက်လှသည်အထိတော့ သွားကြမည်မဟုတ်ပေ။ ၎င်းတို့အနေဖြင့် မှော်တိမ်တိုက်နယ်မြေကြီးအကြောင်းအချို့ကိုသာ လေ့လာမည်ဖြစ်သည်။

ဥပမာ၊ လမ်းပန်းဆက်သွယ်ရေး၊ ရာသီဥတု၊ လူမှုအသိုင်းအဝိုင်းနှင့် အခြားအရာများပင်....

အဓိကအရာမှာ မှော်တိမ်တိုက်နယ်မြေကြီးရှိ အင်အားများခန့်ခွဲထားပုံကို လေ့လာပြီး အနာဂတ်တွင် အခြေချရာ၌ ပိုမိုလွယ်ကူစေရန်ဖြစ်၏။

နဂါးမျိုးနွယ်စုက ၎င်းကို ဂရုမစိုက်သောကြောင့် ၎င်းတို့အနေဖြင့် မည်သည့် သတင်းအချက်အလက်ကိုမှ မထောက်ပံ့နိုင်သလို Frestech ကုန်သည်ကြီးများအသင်းကလည်း ၎င်းတို့ကိုယ်တိုင်သာ စုဆောင်းရပေမည်။

၎င်းတို့ အချက်အလက် စုဆောင်းခြင်းအား အနှောင့်နှေးဆုံးအရာမှာ ကက်ဆန်ဒရာ အပြောအရ မှော်တိမ်တိုက်နယ်မြေကြီးတွင် လူသားများ မရှိခြင်းပင်။ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ လူသားများဖြင့် အဓိက ဖွဲ့စည်းထားသော အဖွဲ့က မှော်တိမ်တိုက်နယ်မြေကြီး၌ ခြေချချိန်တွင် ၎င်းတို့အနေဖြင့် ဒေသခံများ၏ အာရုံကို ဆွဲဆောင်မိမည်ဖြစ်ရာ ၎င်းတို့က မည်သို့ တုံ့ပြန်လာမည်အား ခန့်မှန်းရန် ခက်ခဲပေသည်။

သို့သော် ရှုယီက ထိုအကြောင်းကို မစိုးရိမ်ပေ။

ယခင်က စိုင်စ်နယ်မြေကြီးရှိ နည်းပညာအဆင့်ကို အခြေခံရသော် ကမ္ဘာတစ်ခုတည်းရှိ မှော်တိမ်တိုက်နယ်မြေကြီးသည် များစွာပို၍ကောင်းမည်မဟုတ်ပေ။

မဟုတ်ပါက၊ ကက်ဆန်ဒရာ သည် Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များကို အလွန်ဆန်းသစ်ပြီး ထူးဆန်းသည့်စက်များကို တွေ့ရှိမည်မဟုတ်ပေ။

၎င်းတို့စိုးရိမ်ရမည့် တစ်ခုတည်းသောအရာမှာ ပြင်းထန်သည့် တိုက်ပွဲအင်အားရှိသော မှော်တိမ်တိုက်နယ်မြေကြီး၏ ဒေသန္တရ မျိုးနွယ်စုတစ်ခု ရှိ မရှိကိုပင်။

သို့သော် ကက်ဆန်ဒရာမှာ မှော်တိမ်တိုက်နယ်မြေကြီး၌ ၎င်းတို့ နဂါးမျိုးနွယ်ကို ခြိမ်းခြောက်နိုင်သည့် ဉာဏ်ရည်မြင့် မျိုးနွယ်စု တစ်ခုမှ မရှိဟု ပြောခဲ့သည်။ ထိုသို့သော မျိုးနွယ်မျိုး ရှိပါလျှင်တောင် စစ်ဘက်သုံးမှော်စက်များ များစွာ တပ်ဆင်ထားသည့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များက ၎င်းတို့နှင့် မယှဉ်နိုင်လောက်သည်အထိတော့ အားကောင်းလိမ့်မည်မဟုတ်ပေ။

မှော်တိမ်တိုက်နယ်မြေကြီးအကြောင်းနှင့် ပတ်သက်၍ မည်သည်ကိုမှ မသိသောကြောင့် ၎င်းက မည်မျှကြာမည်ကို မသိရပါချေ။

သို့သော် ရှုယီမှာ လစဉ် လအစတိုင်းတွင် အစီရင်ခံစာများ ပြန်ပို့ရန် သင်္ဘောစု နှစ်ခုကို အမိန့်ပေးထားသည်၊ သို့မှသာ သူ့အနေဖြင့် ယေဘုယျအခြေနေကို နားလည်နိုင်မည်ဖြစ်ပါ၏။

မှန်ပါသည်၊ ၎င်းက ရှုယီအနေနှင့် ၎င်းတို့အား အဝေးမှ ညွန်ကြားပေးနိုင်သည့် အဓိပ္ပာယ်တော့ မဟုတ်ချေ။

ရှုယီအတွက် ထိုအစီရင်ခံစာများကို ရရှိရန် တစ်လလောက်ကြာမည်ဖြစ်သောကြောင့် ဤသတင်းနှင့် ပတ်သက်၍ တိုက်ရိုက် ညွှန်ကြားရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် မှော်တိမ်တိုက်နယ်မြေကြီးရှိ အဓိကကိစ္စအများစုကို ကိုင်တွယ်ရန် သင်္ဘောစုပေါ်ရှိ လူများကိုသာ အားကိုးရပေမည်။

ရှုယီမှာ ၎င်းနှင့်ပတ်သက်၍ စိတ်သက်သာနေခြင်း မရှိသော်လည်း သူဟာ ဤအခြေနေကို ရောက်ရှိရန် တွန်းအားပေးခံခဲ့ရသည်။

ဤကူရာမဲ့ အခြေနေကို စဉ်းစားရင်း သူ့အနေဖြင့် အာကာလီ၏ အဖွဲ့က အရွေ့တစ်ခုကို ပြုလုပ်၍ တတ်နိုင်သမျှမြန်မြန် ခရီးဝေး ဆက်သွယ်ရေးအချက်ပြကို ဖန်တီးနိုင်ဖို့သာ မျှော်လင့်နိုင်သည်။

၎င်းကို စဉ်းစားရင်း ရှုယီမှာ အာကာလီက နဂါးများနှင့် အလုပ်လုပ်ရန် မီးကျောက်ဆောင်ကျွန်းသို့ သူမ၏ အဖွဲ့အား ခေါ်ဆောင်သွားသည်ကို အတန်ငယ် ကျေနပ်မိသည်။

ကက်ဆန်ဒရာက ကြားခံ... အာ ကြားခံဆက်သွယ်ပေးသည့် နဂါးအနေနှင့် နဂါးမျိုးနွယ်စုမှာ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ ငြိမ်းငြိမ်းချမ်းချမ်းဆက်သွယ်ရန် အကြောင်းပြချက် ရလောက်သည်။ ထို့နောက် နဂါးများနှင့်အတူ ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရန် Frestech ကုန်သည်ကြီးများအသင်း၏ ထူးကဲသော မှော်စက်များရှိသောကြောင့် ၎င်းက အာကာလီအနေဖြင့် နဂါးများနှင့် အလုပ်တွဲလုပ်ရာတွင် အင်မတန် အကူအညီဖြစ်လိမ့်မည်။

သို့သော် အာကာလီ၏ သုတေသနက မည်မျှ ချောမွေ့နေပါစေ ဤလက်တီတွဒ်မြင့်လှသည့် ဆက်သွယ်ရေး ကွန်ရက်ကို ထိုမျှ မြန်မြန် တည်ဆောက်ဖို့ မဖြစ်နိုင်ပါချေ။

ထို့ကြောင့် ရှုယီမှာ အခြားရွေးချယ်စရာမရှိပေ။

နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးတွင် ဖြတ်လမ်းမရှိပါ။

သူသည် စက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာသီအိုရီများကို ကမ္ဘာမြေမှ ယူဆောင်လာခဲ့သော်လည်း ၎င်းတို့အားလုံးကို အသုံးပြုပြီးဖြစ်သည်။ နယ်မြေကြီးတွင် မှော်စက်များ မြန်မြန်ဆန်ဆန် တီထွင်နိုင်ဖို့ ဤစက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာ အသိပညာကိုသာ အားကိုးချင်တယ်ဆိုပါလျှင် ၎င်းဟာ စိတ်ကူးယဉ်ခြင်းထက် ဘာမှမပိုပါချေ။

အစပိုင်းတွင်၊ သူသည် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး မှော်စက်လုပ်ငန်းသည် အလွန်လျင်မြန်စွာ ဖွံ့ဖြိုးလာခဲ့ရခြင်းအကြောင်းမှာ သူမပေါ်လာခင်က စိုင်စ်နယ်မြေကြီးသည် ဗလာတစ်ခု ဖြစ်နေသောကြောင့်ဖြစ်သည်။

ဆယ်နှစ်ကြာ ဖွံ့ဖြိုးတိုးတက်မှုနှင့် သုတေသနပြုပြီးနောက်၊ စိုင်စ်နယ်မြေကြီးရှိ မှော်စက်လုပ်ငန်းများသည် တဖြည်းဖြည်း ပိုမိုထူးခြားလာပြီး ကွဲပြားသော အမျိုးအစားခွဲမှုများ ရှိလာသောကြောင့် ပညာရှင် အမျိုးမျိုး ပေါ်ထွက်လာခဲ့သည်။

ရှုယီပင်လျှင် မှော်စက်လုပ်ငန်း၏ ကဏ္ဍတိုင်းနှင့် အကျွမ်းတဝင်မရှိပါပေ။

စက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာ သီအိုရီနှင့် ပတ်သက်လာလျှင် သူဟာ ဗဟုသုတအရှိဆုံးပုဂ္ဂိုလ်အဖြစ် ရှိနေဆဲဖြစ်သော်လည်း မှော်ပညာသို့ ရောက်သောအခါတွင် ယင်းသည် ထိုမျှမရှိမဖြစ်‌, မလိုအပ်ပါချေ။

နောက်ဆုံးတွင်၊ သူသည် အစွမ်းထက်သော ကြယ်ငါးပွင့်မဟာမှော်ပညာရှင်ဖြစ်ခဲ့လျှင်ပင်၊ သူသည် နောက်ဆုံးတွင် ခေါင်းဆောင် မှော်ပညာရှင်မဟုတ်ပေ။ ထိုစစ်မှန်သော ခေါင်းဆောင်မှော်ပညာရှင်ကဲ့သို့သော အထွတ်အထိပ် သုတေသနတွင် သူ မပါဝင်နိုင်ခဲ့ပေ။

သို့သော် အခြေခံအကျဆုံးနှင့် အလိုအပ်ဆုံး မှော်ပညာ သုတေသနအပိုင်းကို ရောက်သွားသည့်အခါတွင် ရှုယီက တခြားမှော်ပညာရှင်တွေအားလုံးကို သာလွန်သွားခဲ့သည်။

လွန်ခဲ့သော ၇နှစ်အကြာက ရှုယီမှာ မှော်ပညာကို အချက်အလက်နှင့် စိစစ်ဖို့ အဆိုပြုခဲ့ကာ လူများ မျက်လုံးထဲ၌ ဆန်းကြယ်သည့် မှော်ပညာကို အချက်အလက်ဖြင့်မောင်းနှင်သည့် လေ့လာရေးဘာသာရပ်တစ်ခုအဖြစ် ပြောင်းလဲခဲ့၏။

ခေါင်းဆောင်မှော်ပညာရှင် ကမ်မီတာနှင့် အလုပ်တွဲလုပ်ခဲ့သော ၂နှစ်တာပြီးသည့်နောက် ရှုယီ လွန်ခဲ့သော ၄နှစ်အကြာက အဆိုပြုခဲ့သည့် မှော်အချက်အလက်စီစစ်ရေးနည်းလမ်း သီအိုရီအားစိုင်စ်နယ်မြေကြီး၏‌ မှော်ပညာရှင်အသိုင်းအဝိုင်းက တရားဝင် လက်ခံခဲ့ကြသည်။

အောင်မြင်သည့် စမ်းသပ်မှုများစွာ ပြီးသည့်နောက် Frestech မှော်ကျောင်းတော်မှာ မည်သည့် မှော်ပညာ ပါရမီမှ ရှိပုံမရသော လူများအား မှော်ပညာသင်ယူနိုင်စေခဲ့သောကြောင့် စိုင်စ်နယ်မြေကြီး၏ မှော်ပညာရှင်များမှာ ဤသီအိုရီဆိုင်ရာ ဗဟုသုတအသစ်ကို တဖြည်းဖြည်းလက်ခံလာခဲ့သည်။

လက်ရှိ စိုင်စ်နယ်မြေကြီးတွင် ဤသီအိုရီအား ချပြခဲ့ခြင်းမှာ မှော်သုတေသနနည်းလမ်းသစ်ကို ဖန်တီးစေခဲ့သည်။

အာကာလီဦးဆောင်သည့် အဖွဲ့လိုပင်၊ ၎င်းတို့မှာ ၎င်းတို့၏ မှော်အချက်ပြသုတေသနနှင့် ပတ်သက်လာပါက အချက်အလက်ကို ကြီးကြီးမားမား အာရုံစိုက်လာကြသည်။ အာကာလီက ခေါင်းဆောင်အနေဖြင့် ဤသုတေသနအဖွဲ့၏ မှော်ပညာရှင်များအားလုံးမှာ ‘မှော်စွမ်းအင်အပြောင်းအလဲအား ခံစားမိခြင်း’ သို့မဟုတ် ‘ဒြပ်စင်မှော်စွမ်းအင်များ ပိုပို၍စုဆောင်းခြင်း’ ကဲ့သို့သော မရေမရာ အယူအဆများအား မှော်ပညာကို လေ့လာချိန်၌ ၎င်းတို့ ကြားထားခဲ့သလို မလုပ်နိုင်ကြပေ။

ဤတစ်ကြိမ်တွင် ၎င်းတို့မှာ နဂါးများနှင့် အလုပ်အတူလုပ်ရန် စီစဉ်နေကြသည်။ အာကာလီမှာ သေချာပေါက် နဂါးစကားလုံးမှော်ပညာ၏ ပို၍ပင် မရေရာသော အယူအဆများကို နားလည်ဖို့ အတော်လေး အားထုတ်ရပေမည်။

"ဒါပေမယ့်... ဒါက ငါ့အတွက် အရေးမကြီးပါဘူးလေ" ရှုယီက ပခုံးတစ်ချက် တွန့်လိုက်သည်။ သူဟာ မိုးကုပ်စက်ဝိုင်းထံ နောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီးနောက် အခန်းထဲ ပြန်လည်ဦးတည်သွားသည်။

သင်္ဘောစုမှာ ထွက်ခွာသွားပြီဖြစ်သလို ဆက်သွယ်ရေးကိုလည်း မတည်ဆောက်ထားခဲ့သဖြင့် သူ့အနေနှင့် ရင်ထဲ၌သာ ၎င်းတို့အား ဆုတောင်းပေးရုံရှိပြီး မည်သည်မှ မတတ်နိုင်ပါချေ။

၎င်းနှင့် ယှဉ်လျှင် သူဟာ စိုင်စ်နယ်မြေကြီး၏ ကိစ္စရပ်များကို ပို၍ အာရုံစိုက်သင့်သည်။

သင်္ဘောစု ထွက်ခွာသွားပြီးနောက် ၃ရက်မြောက်နေ့တွင် ⟨ Frestech မှော်စက်အပတ်စဉ် ⟩မှာ နယ်မြေကြီးရှိ လူတိုင်း၏ အာရုံကို ဆွဲဆောင်ခဲ့သော သတင်းတစ်ခုအား ကြေငြာခဲ့ပါ၏။

ဤသတင်းအား Frestech ကုန်သည်ကြီးများအသင်းရှိ အဓိကသတင်းအဖြစ် အစီရင်ခံထားသော်လည်း ခေါင်းစဉ်နှင့်တင် လူတိုင်းကို ထိတ်လန့်စေဖို့ လုံလောက်သည်။

"Frestech ကုန်သည်ကြီးများအသင်းရဲ့ ဒုတိယ ပင်လယ်ပြင်စူးစမ်းရှာဖွေရေးသင်္ဘောစုကို လွှတ်လိုက်ပါပြီ! ပန်းတိုင်က၊ နယ်မြေကြီးအသစ်ဆီကိုဖြစ်ပါတယ်!"

နယ်မြေကြီးအသစ်!

ဘုရားရေ!

တကယ်ကြီး နယ်မြေကြီးအသစ်ဆိုတာ ရှိတာလား?

Frestech ကုန်သည်ကြီးများအသင်းက တကယ်ကြီး နယ်မြေကြီးအသစ်ကို တွေ့ခဲ့တာလား?

လူများမှာ ဤဆောင်းပါးကို ဖတ်ချိန်တွင် ပို၍ပင် ထိတ်လန့်စရာကို တွေ့ခဲ့ရ၏။

နယ်မြေကြီး အသစ်၏ သတင်းကို ယူဆောင်လာသူမှာ တကယ်ပင် နဂါးတစ်ကောင်ဖြစ်ပေသည်!

ဘုရားရေ!

နဂါးမျိုးနွယ်တဲ့!

ဒဏ္ဍာရီထဲမှာပဲ တည်ရှိခဲ့တဲ့ နဂါးမျိုးနွယ်စုလေ!

Frestech ကုန်သည်ကြီးများအသင်းရဲ့ ပင်လယ်ပြင် စူးစမ်းရှာဖွေရေးသင်္ဘောစုက တကယ်ကြီး နဂါးတစ်ကောင်ဖြစ်နေတယ်တဲ့!

နယ်မြေကြီးအသစ်နှင့် နဂါး၊ ဤစကားစုနှစ်ခုမှာ လူတိုင်း၏ ရင်ကို ထိုးလိုက်သည့် ဓားမြှောင်နှစ်ခုကဲ့သို့ပင်။

ဤအရာနှစ်မျိုးမှာ စိုင်စ်နယ်မြေကြီးရှိ ဒဏ္ဍာရီများ ဖြစ်လာပြီး မည်သူကမှ ၎င်းတို့တည်ရှိခဲ့ကြောင်းကို မယုံကြည်ခဲ့ကြပေ။

သို့သော် ယခုတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ဤအရာနှစ်မျိုးအား တစ်ပြိုင်တည်း အတည်ပြုခဲ့သည်!

လူတိုင်း၏ ပထမဆုံးတုံ့ပြန်မှာမှာ... ၎င်းက ဟာသဟုပင်!

သို့သော်လည်း Frestech ကုန်သည်ကြီးများအသင်းက ဤသို့သော ဟာသမျိုးလုပ်စရာမလိုကြောင်း တွေးမိပြီး Frestech ကုန်သည်ကြီးများအသင်း၏ ပါးစပ်ဟု လူများ ထင်ကြသည့် ⟨ ဘန်တာတိုင်းမ်စ် ⟩၌ ထုတ်ဝေရမည့်အစား ပုံမှန်အားဖြင့် မှန်ကန်သည့် ⟨ Frestech မှော်စက်အပတ်စဉ် ⟩ ၌ ထုတ်ဝေခဲ့သည်ကို မဆိုထားနှင့်၊ ၎င်းက ၎င်းတို့အနေနှင့် လုံးဝ ဟာသလုပ်နေခြင်း မဟုတ်ကြောင်း သက်သေပြနေသည်။

ဒါဆို... ဒါက အမှန်ပေါ့?

ဒါပေမယ့် နဂါးမျိုးနွယ်စုနဲ့ နယ်မြေကြီးအသစ်က တကယ်တည်ရှိတယ်ဆိုရင်တောင် ဖုံးကွယ်ထားတဲ့ ဂယက်တွေက အရမ်းကို များလွန်းတယ်...

ထို့ကြောင့် ဤသတင်းအား ⟨ Frestech မှော်စက်အပတ်စဉ် ⟩၌ တင်ပြလိုက်ချိန်တွင် စိုင်စ်နယ်မြေကြီး၌ လှုပ်ရှားလာကြသော လူပေါင်းများစွာ ရှိလာခဲ့သည်။

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၅၂။ ကမ္ဘာသစ်

အေးစက်သည့် လေပြင်းက တိုက်ခတ်လာရာ မြန်မြန်လှုပ်ရှားနေသည့် ရူဆဲလ်မှာ ချမ်းတုန်သွားသည်။ သူ့အနေနှင့် မနေနိုင်အောင် တုန်ယင်လျက် သူ၏ အဝတ်များထဲ ပို၍ ကျုံ့လိုက်သလို တော်ဝင်နန်းတော်၏ အတွင်းပိုင်းသို့ မြန်မြန် လျှောက်သွားလိုက်ပါ၏။

မီတာရာချီ‌ဝေးသည့် အရှင်မင်းကြီး၏ သီးသန့်စာကြည့်ခန်းကို မြင်သော် ရူဆဲလ်မှာ တိတ်တခိုး သက်ပြင်းချလိုက်မိသည်။

ဤသို့သော အေးစက်သည့် နေ့တွင် သူဟာ သူ၏ အခန်းထဲ၌ နေ၍ မှော်လေပေးစက်၏ နွေးထွေးမှုကို ခံစားကြည့်ချင်ပါ၏။ သူ့အနေနှင့် New Moon ကုန်သည်ကြီးများအသင်းက ထုတ်လုပ်သည့် အသစ်လွင်ဆုံး ⟨စိုင်စ်နယ်မြေကြီးအား ခြုံငုံကြည့်ခြင်း⟩၏ ရှုမြင်ကွင်းများကို ကြည့်ရှုရင်း လက်ဘက်ရည်ပူပူလေးကို သောက်ချင်ပါသော်လည်း ယခုတွင် သူ၏ အိမ်မှ ကီလိုမီတာ ပေါင်းများစွာ ဝေးလှသည့် တော်ဝင်နန်းတော်သို့ လာရောက်ရန် ဖိအားပေးခံခဲ့ရသည်။ သူဟာ ၎င်းကြောင့် တကယ်ကို နာကျင်ခံစားခဲ့ရပါ၏။

Frestech ကုန်သည်ကြီးများအသင်း အနေဖြင့် နွေးထွေးမြန်ဆန်သည့် မှော်ဆလွန်းကို ဖန်တီးခဲ့ခြင်းကြောင့်သာ တော်သေးသည်၊ ထို့ကြောင့်သာ သူ့အနေနှင့် လမ်းမထက်၌ ထိုမျှ အချိန်များများ ကုန်ဆုံးဖို့မလိုသလို ဧကရာဇ်မင်းမြတ်အားလည်း အချိန်ကြာကြာစောင့်ရခြင်းကြောင့် မပျော်မရွှင် မဖြစ်စေတော့ပေ။

သို့သော် တော်ဝင်နန်းတော်သို့ သူဝင်သွားချိန်၌ သူဟာ သုံးစရာ အဆင်ပြေသည့် ကိရိယာမရှိတော့ဘဲ လျှောက်သွားဖို့ရန် သူ့ခြေကိုသာ သူ အားကိုးရတော့သည်။

ကန်ဒရာအင်ပါယာ၏ တော်ဝင်နန်းတော်မှာ နယ်မြေကြီး၌ အကြီးမားဆုံး အဆောက်အဦဖြစ်သည်။ ဧကရာဇ်၏ အာဏာကို ကြွားလုံးထုတ်ရန် တော်ဝင်နန်းတော်ရှိ မည်သည့် နေရာ၌မဆို တစ်နေရာနှင့် တစ်နေရာအကူးတွင် မီတာရာချီ သို့မဟုတ် တစ်ကီလိုမီတာလောက်အထိ အကွာအဝေးရှိပေသည်။ ရူဆဲလ်မှာ အဝင်ဝမှ သူ့အား အခေါ်လွှတ်ခဲ့သည့် ဧကရာဇ်၏ ကိုယ်ပိုင်စာကြည့်ဆောင်သို့ လာရောက်ရန် မိနစ်၂၀တိတိကြာခဲ့ပြီး ၎င်းအား ကျန်းမာရေးအရ လမ်းလျှောက်ခြင်းဟုပင် ခေါ်နိုင်သည်။

၎င်းကို စဉ်းစားရင်း ရူဆဲလ်မှာ ရုတ်တရတ် တစ်စုံတရာကို စဉ်းစားမိသွား၏။

တော်ဝင်နန်းတော်၏ မန်နေဂျာမှာ တစ်ခါက တော်ဝင်နန်းတော်အနေဖြင့် Frestech ကုန်သည်ကြီးများအသင်း၏ မှော်ဓာတ်လှေကားများကို ထည့်သွင်းထားလိုက်လျှင် တော်ဝင်နန်းတော်၌ သွားလာရာတွင် အချိန် အတော်လေးသက်သာမည်ဟု အကြံပြုခဲ့သည်ဟု ပြောရမည်။ ၎င်းက ဧကရာဇ်မင်းမြတ်အားလည်း တော်ဝင်နန်းတော်၌ သွားလာရာတွင် အားစိုက်ထုတ်မှုများစွာ သက်သာစေလိမ့်မည်။

သို့သော် ဤ သိသိသာသာပင် အင်မတန် လက်တွေ့ကျ၍ အသုံးတည့်သော အကြံပြုချက်အား ဧကရာဇ်မင်းမြတ်က ငြင်းဆန်ခဲ့သည်။

ဧကရာဇ်မင်းမြတ်မှာ ၎င်းက အကုန်အကျအလွန်များပြီး မထိုက်တန်ဟု အကြောင်းပြချက်ပေးခဲ့ပါသော်လည်း ရူဆဲလ်မှာ တော်ဝင်နန်းတော်၏ ရှုပ်ထွေးသော လမ်းများကို မြင်ပြီးသည့်နောက် ရုတ်တရတ် ၎င်းက ဧကရာဇ်မင်းမြတ် အနေနှင့် ဤအကြံပြုချက်ကို ငြင်းဆန်ခဲ့သော အကြောင်းအရင်းမဟုတ်ဟု ခံစားမိသွားသည်။

ကန်‌ဒရာအင်ပါယာ၏ ဧကရာဇ်မင်းမြတ်အတွက် တသီးတခြား ဖြစ်နေရခြင်းမှာ တော်ဝင်နန်းတော်အား အင်မတန်မြင့်မားလှသည့် အမြင့်၌ တည်ဆောက်ထားရာ ၎င်းက တော်ဝင်နန်းတော်တွင် မတူညီသည့် အဆင့်များ ရှိနေသော အဓိပ္ပာယ်ပင်။ ဥပမာ ပဏာမခန်းမမှ ဧကရာဇ်မင်းမြတ်၏ ကိုယ်ပိုင် စာကြည့်ဆောင် အထိ မီတာ ရာချီကျော်ရှိသော်လည်း မီတာ ဒါဇင်ချီ အမြင့်ကွာခြားချက်လည်း ရှိသေးသည်။

ဤသို့သော ရှုပ်ထွေးသည့် လမ်းကြောင်းမျိုးက လူများအား တော်ဝင်နန်းတော်ကို ဖြတ်သန်းသွားလာရာတွင် ခက်ခဲစေသော်လည်း ကာကွယ်ဖို့လည်း အင်မတန် လွယ်ကူစေသလို လုံခြုံရေးနှင့် ပတ်သက်လာလျှင် အတော်လေး အဆင်ပြေစေသည်။

ဧကရာဇ်မင်းမြတ်မှာ အပေါ်သို့ တက်ဆင်းလုပ်နိုင်မည့် မှော်ဓာတ်လှေကားများကို ထားရှိရန် ငြင်းဆန်ရခြင်းမှာ ၎င်းအား စဉ်းစားထားခြင်းကြောင့်ပင်။

မှန်ပါ၏၊ အခြားအကြောင်းပြချက်မရှိခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။ ဧကရာဇ်မှာ ကန်ဒရာအင်ပါယာ၏ ကိုယ်ပိုင် မှော်စက်မှာနယ်ကယ် တည်ထောင်ရမည်ဟု ခုံရုံး၌ ဝန်ကြီးများအား ဖိအားပေးခဲ့ကာ Frestech ကုန်သည်ကြီးများအသင်း အပေါ် ၎င်းတို့၏ ယုံကြည်မှုကို လျော့ကျစေရန် အကောင်းဆုံး ကြိုးစားစေခဲ့သည်။

သူဟာ Frestech ကုန်သည်ကြီးများအသင်းထံ၌သာ ရှိသည့် မှော်ဓာတ်လှေကားကို ထည့်သွင်းဖို့ ငြင်းဆန်ခြင်းမှာ ဥပမာပေးခြင်းဟု ယူဆနိုင်သည် မဟုတ်ပါလား?

သို့သော် ရူဆဲလ်မှာ ဧကရာဇ်၏ အတွေးများကို နားလည်ပေးနိုင်ပြီး ကန်ဒရာအင်ပါယာမှာ အင်ပါယာနှစ်ခုအ‌နက် တစ်ခု အနေဖြင့် ကြီးမားလှသည့် နိုင်ငံအား Frestech ကုန်သည်ကြီးများအသင်းလေးအပေါ် ကိစ္စများစွာအတွက် အားထားခြင်းကို လက်မခံနိုင်ပေ။ သို့သော် အချို့အရာများနှင့် ပတ်သက်လာလျှင် ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းအပေါ် မှီခိုရုံကလွဲ၍ မရှိသည်အား ဝန်ခံရပေမည်။

ဥပမာ ဧကရာဇ်မှ သူ့အား ဆွေးနွေးရန် အလျင်စလို ဆင့်ခေါ်လိုက်သော ကိစ္စမျိုးဆိုလျှင် Frestech ကုန်သည်ကြီးများအသင်းကို ရှောင်တိမ်းဖို့ မဖြစ်နိုင်ချေ။

သူ့အနေနှင့် ဧကရာဇ်နှင့် ဆုံစဉ်တွင် သူဟာ စာကြည့်ဆောင်ရှိ နံရံတစ်ခုနား၌ ရပ်၍ ချိတ်ထားသည့် စိုင်စ်နယ်မြေကြီး၏ ဧရာမမြေပုံကိုကြည့်နေသည်မှာ တစ်ခုခုစဉ်းစားနေသလိုပင်။

ရူဆဲလ်ဝင်လာသည်ကို ကြားသော် ဧကရာဇ်မှာ လှည့်မလာဘဲ တိုက်ရိုက်ပြောလေ၏၊ "ရူဆဲလ် တစ်ချက် လာကြည့်ဦး"

ရူဆဲလ်မှာ သူ၏ အပေါ်ထပ်ဝတ်ရုံအား အစေခံတစ်ဦးထံပေးလိုက်ပြီးနောက် သွားလိုက်သည်။

ဧကရာဇ်ကန်ဒရာမှာ ခေါင်းခါ၍ တုတ်ချောင်းခပ်မျှင်မျှင်လေးတစ်ခုကို ကောက်လိုက်ပြီးနောက် မြေပုံပေါ်ရှိ ကန်ဒရာအင်ပါယာရှိသည့်နေရာကို ညွှန်လိုက်သည်။

"ရူဆဲလ်၊ မင်းဒါကို မြင်လား? ငါတို့ ကန်ဒရာအင်ပါယာက စိုင်စ်နယ်မြေကြီးမှာ ဒီလို နေရာပမာဏမျိုးကို ပိုင်ဆိုင်နိုင်တဲ့ တစ်ဦးတည်းသောနိုင်ငံပဲ"

ရူဆဲလ်က ဧရာမမြေပုံကို မော့ကြည့်လိုက်၏။ ကန်ဒရာအင်ပါယာအား ကိုယ်စားပြုသည့်အပိုင်းမှာ စိုင်စ်နယ်မြေကြီးရှိ အကြီးမားဆုံးနိုင်ငံဖြစ်ကြောင်း ထင်ရှားပြီး နယ်မြေကြီးတွင် မြေနေရာ ၄ပုံ ၁ပုံကို ရယူထား၏။

မှန်သည်၊ ဧကရာဇ်အနေဖြင့် သူဟာ သူ၏ အမည်အောက်မှ မြေအား များပြားလှသည်ဟု မခံစားခဲ့ဖူးပါချေ။

ဧကရာဇ်မင်းမြတ်သည် စိုင်စ်နယ်မြေကြီးတစ်ခုလုံးကို သူ၏အုပ်ချုပ်မှုအောက်တွင် ပေါင်းစပ်လိုခြင်းဖြစ်နိုင်သည်။

“အရှင်မင်းကြီး၊ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပြီး အမျိုးသား ခွန်အား တိုးလာသရွေ့၊ ကျွန်တော်တို့ရဲ့ ကန်ဒရာ အင်ပါယာက ပိုပြီးခိုင်မာအားကောင်းလာပါလိမ့်မယ်။” ရူဆဲလ် က အလေးအနက်ပြောသည်။

ဧကရာဇ် ကန်ဒရာက ရယ်မောလိုက်သည်။ ထို့နောက် သူ့လက်ထဲက တုတ်ကိုရွှေ့ပြီး အဆုံးမဲ့ပင်လယ်များကို ကိုယ်စားပြုသည့် ဘယ်ဘက်ရှိ အဖြူရောင်နေရာကို ညွှန်ပြလာသည်။

"ကိုယ်တော်တို့ကန်ဒရာအင်ပါယာက ကြီးမားတယ်လို့ မောင်မင်းအနေနဲ့ ထင်ကောင်းထင်နိုင်ပေမယ့်လည်း တွေးကြည့်ရရင်၊ အင်ပါယာက စိုင်စ်နယ်မြေကြီးရဲ့ မြေကွက်ငယ်တစ်ခုစာ လောက်ပဲရှိတာပါ။ မှော်တိမ်တိုက်နယ်မြေကြီးနဲ့ သက်သေမပြရသေးတဲ့ တခြားနယ်မြေကြီး ၃ခုရှိသေးတယ်။ လောကကြီးနဲ့ ယှဉ်ရင်တော့ ကိုယ်တော်တို့ ကန်ဒရာအင်ပါယာက ဘာမှ မဟုတ်သေးပါဘူးကွာ"

ရူဆဲလ်’၏ နှလုံးမှာ တုန်ယင်သွားရသည်။ သူဟာ ဧကရာဇ်ကို ကြည့်လိုက်ပြီး မျက်နှာထက်ရှိ ဝမ်းနည်းရိပ်ကိုမြင်သော် သူပါ ခံစားချက်ပြင်းထန်လာရသည်။

"အရှင်မင်းကြီး အရှင့်အနေနဲ့လည်း [ Frestech မှော်စက် အပတ်စဉ် ]ရဲ့ နောက်ဆုံးသတင်းကို တွေ့ပြီးလောက်မှာပါ"

"မှန်တယ်" ဧကရာဇ်ကန်ဒရာက ခေါင်းငြိမ့်သည်၊ " [ Frestech မှော်စက် အပတ်စဉ် ]ရဲ့ နောက်ဆုံး သတင်းက သူတို့ ပင်လယ်ပြင်စူးစမ်းရှာဖွေရေးသင်္ဘောစုရဲ့ နောက်ဆုံးရသတင်းကို ကြေငြာထားတယ်။ သတင်းမှာ သူတို့အနေနဲ့ မှော်တိမ်တိုက်နယ်မြေကြီးရဲ့ တည်ရှိမှုကို သက်သေပြပြီးသလို Frestech ကုန်သည်ကြီးများအသင်းရဲ့ စစ်တမ်းရလာဒ်တွေအရ ဒီမှော်တိမ်တိုက်နယ်မြေကြီးက ငါတို့ စိုင်စ်နယ်မြေကြီးထက်တောင် ပိုကြီးတယ်။"

"မှော််တိမ်တိုက်နယ်မြေကြီးအပြင် Frestech ကုန်သည်ကြီးများအသင်းက တခြားနယ်မြေကြီး ၃ခုလည်း ရှိနိုင်သေးတဲ့ အကြောင်းကို တင်ပြထားတယ်။ သူတို့သာ ဒါကို အတည်ပြုနိုင်ရင် ဒီလောကမှာ နယ်မြေကြီး လေးခု ပိုလာမှာပဲ ကိုယ်တော်တို့ စိုင်စ်နယ်မြေကြီးပဲ မဟုတ်တော့ဘူး"

ထိုသို့သောပြီးနောက် ဧကရာဇ်ကန်ဒရာမှာ ကိုယ့်ကိုယ်ကို လှောင်ပြန်ဟန်အပြည့်ဖြင့် ရယ်မောလိုက်သည်။

"နယ်မြေကြီးက လောကကြီးတစ်ခုလုံးလို့ ငါတို့က ထင်ခဲ့ပေမယ့် အခု ကြည့်ရတာတော့ ဒီဒဏ္ဍာရီလာအရာတွေက အမှန်ဖြစ်ပြီး ငါတို့က စိုင်စ်နယ်မြေကြီးမှာ အမှိုက်လို နေ,နေတာပဲ!"

ရူဆဲလ်မှာ အရှင်မင်းမြတ်အနေနှင့် သူ၏ ခံစားချက်များကို ဖော်ပြခြင်းသာ ဖြစ်ပြီး သူ ပြောဖို့ မလိုမှန်းသိသဖြင့် တိတ်တိတ်နေလိုက်သည်။

မျှော်လင့်ထားသလိုပင် ဧကရာဇ်ကန်ဒရာမှာ ခဏမျှ ခံစားချက်ပြင်းထန်သွားရာ ရုတ်တရတ် မြေပုံကို သူ၏ တုတ်ချောင်းဖြင့် ရိုက်လိုက်မိသည်။

"ရူဆဲလ်, ဒါကို အကုန်လေ့လာပြီးနောက်မှာ အင်ပါယာက အရမ်း ကြီးတယ်လို့ထင်သေးလား?"

ရူဆဲလ်၏ မျက်နှာ၌ ထူးဆန်းဟန် ရှိနေ၏။

စဉ်းစားပြီးနောက် သူဟာ အသံနှိမ့်၍ ပြောလာသည်၊ "အရှင်မင်းမြတ်၊ အရှင်သာ ပိုပြီး ကျယ်ဝန်းတဲ့ လောကကို အုပ်စိုးဖို့ ဆန္ဒရှိရင် ဒီဝန်ကြီးက အရှင့်ရဲ့ အမိန့်အတွက် သေသည်အထိ တိုက်ခိုက်သွားဖို့ ဆန္ဒရှိပါတယ်။

ဧကရာဇ်ကန်ဒရာက စိတ်တိုင်းကျစွာ ခေါင်းငြိမ့်သည်။

"မောင်မင်းရဲ့ အတွေးက ကောင်းပါတယ်၊ ဒါပေမယ့် သူတို့က အခု‌အချိန်မှာ အတွေးသက်သက်ပဲရှိသေးတယ်။ ကိုယ်တော်တို့အနေနဲ့ နယ်မြေကြီးအသစ်ကို အုပ်စိုးချင်ရင်တောင် အဲ့ကိုရောက်နိုင်ဖို့ ယာဉ်မရှိတာမို့ အခု ပြောတာက အဓိပ္ပာယ်မရှိ ဖြစ်နေဦးမှာပဲ"

ရူဆဲလ်က ခေါင်းမော့လိုက်ရာ မျက်လုံးများထဲ အလင်းတန်းတစ်ခု ပေါ်လာသည်။

"အရှင်မင်းမြတ်၊ အရှင့်အနေနဲ့ အမိန့်ပေးသရွေ့ အင်ပါယာရဲ့ ရေတပ်အနေနဲ့ ကီလိုမီတာပေါင်း သောင်းချီကို ရွက်လွှင့်ရမယ်ဆိုရင်တောင် စောဒကတက်မှာ မဟုတ်ပါဘူး!"

ဧကရာဇ်ကန်ဒရာက တစ်ချက်ပြုံးလိုက်ပြီးနောက် ပြန်လှည့်၍ ထိုင်လိုက်ကာ ရူဆဲလ်အား သူ့ရှေ့၌ထိုင်ရန် အရိပ်အမြွက်ပြလေသည်။

"ကိုယ်တော့်အနေနဲ့ တော်ဝင်ရေတပ်ရဲ့ သစ္စာရှိမှုကြောင့် အရမ်းကို ဝမ်းမြောက်မိပေမယ့် အခုနက ပြောခဲ့သလိုပဲ ရေတပ်မှာက နယ်မြေကြီးအသစ်ကို ရွက်လွှင့်နိုင်မယ့် သင်္ဘောတစ်စီးတောင် မရှိနေဘူး။ မောင်မင်းအနေနဲ့ သစ္စာရှိရင်တောင် အရာရာတိုင်း လုပ်ပေးနိုင်မယ့် အဓိပ္ပာယ်မှ မဟုတ်တာ"

၎င်းကို ကြားသော် ရူဆဲလ်မှာ ဧကရာဇ်၏ ရည်ရွယ်ချက်ကို အတည်ပြုလိုက်မိသည်။ သူက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဆက်မေးလိုက်၏၊ "အရှင်မင်းမြတ်၊ အရှင်က...."

ဧကရာဇ်ကန်ဒရာမှာ ရူဆဲလ်ကို ဖြတ်ပြောရန် လက်ထောင်လိုက်ရင်း မေးလာ၏၊ " ရူဆဲလ်, ပြောပါဦး၊ မင်းအနေနဲ့ Frestech ကုန်သည်ကြီးများအသင်းက သူတို့ရဲ့ ပင်လယ်ပြင်စူးစမ်းရေး မှော်သင်္ဘောတွေကို ငါတို့ တော်ဝင်ရေတပ်ဆီ ရောင်းပေးဖို့ ဖြစ်နိုင်လောက်လား?"

ရူဆဲလ်၏ စိတ်က ပျော်ရွှင်မှုဖြင့် ပြည့်နှက်သွားသော်လည်း နေရခက်ဟန် ထုတ်ပြလာသည်။ ခဏတာ စဉ်းစားရန် မျက်မှောင်ကုပ်ပြီးနောက် သူဟာ ခေါင်းခါ၏၊ "ခက်ခဲလောက်မှာကိုတော့ ကြောက်မိပါတယ်။ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ အခုနှစ်တွေမှာမှ မှော်သင်္ဘောတွေကို အစုလိုက်ထုတ်လုပ်နေတုန်းပါပဲ။ အခုထိ ကျွန်တော်မျိုးသိ‌သလောက်ဆိုရင် ပင်လယ်ပြင်ကို ရွက်လွှင့်နိုင်မယ့် အကြီးစား ပို့ဆောင်ရေးမှော်သင်္ဘောနဲ့ မှော်အစောင့်သင်္ဘော တစ်ရာလောက်ပဲရှိသေးပြီး ၁၅၀ထက်တော့ မကျော်ပါဘူး။ သူတို့မှာ သူတို့ဘာသာ သုံးဖို့တောင် သင်္ဘောအလုံအလောက် မရှိသေးတာမို့ ကျွန်တော်တို့ကို ရောင်းပေးဖို့ အပိုလည်း ရှိလောက်မှာမဟုတ်ဘူး"

"ဒီလောကမှာ မဝယ်လို့ရတဲ့အရာဆိုတာ မရှိပါဘူး" ဧကရာဇ်ကန်ဒရာက အင်မတန် သေချာနေသည့် အသံဖြင့် ပြောသည်၊ "ဒါကို ရောင်းမရတဲ့ အကြောင်းအရင်းက စခေါ်တဲ့ ဈေးနှုန်း အလုံအလောက် မမြင့်လို့ပဲ"

"ဒါပေမယ့် အရှင်မင်းမြတ်... တော်ဝင်ရေတပ်မှာ အဲ့လောက် ပိုက်ဆံများများ မရှိဘူးလေ..." ရူဆဲလ်က တမင်သက်သက် ကူရာမဲ့ဟန် ပြလာသည်။

ဧကရာဇ်ကန်ဒရာက အသာပြုံး၍ လက်တစ်ချောင်းထောင်ကာ ရူဆဲလ်ရှေ့ယမ်းပြလိုက်ပြီးနောက် အပြုံးဖြင့် ဆိုလေ၏၊ "ငါ ကိုယ်တော်ရှေ့မှာ ဒီလို မပြုမူနဲ့၊ တော်ဝင်ရေတပ်ရဲ့ အခြေနေကို ငါကိုယ်တော်က အရမ်းကိုမှ သေချာသိတယ်။ မောင်မင်းကို ဒီတစ်ကြိမ် ခေါ်လိုက်တာကလည်း Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ သင်္ဘောတွေကို ရောင်းတဲ့အခါ ဘယ်လိုဈေးနှုန်းမျိုး လိုချင်တယ်ဆိုတာ မြင်ရအောင် အရင်စမ်းသပ်ခိုင်းဖို့ပဲ။ ဈေးနှုန်းအဆင်ပြေရင် ငါကိုယ်တော်အနေနဲ့ အင်ပါယာရဲ့ လွှတ်တော်ကို နောက်နှစ် ရေတပ်အသုံးစရိတ် တိုးပေးရအောင် တောင်းဆိုပေးလို့ရတယ်"

ဧကရာဇ်ထံမှ သူလိုချင်သည့်အဖြေကို ရပြီးနောက် ရူဆဲလ်မှာ ပျော်မြူးသွားသည်။ သူဟာ ဦးညွှတ်အလေးပြုရန် အမြန် ထရပ်လိုက်ပြီးနောက် တရိုတသေဖြင့် ပြောလိုက်၏၊ "ဒီဝန်ကြီးက ရေတပ်တစ်တပ်လုံးကိုယ်စား အရှင်ဧကရာဇ်မင်းမြတ်ကို ကျေးဇူးအထူးတင်ရှိပါတယ်!"

"ငါကိုယ်တော် ဒီလိုလုပ်တာဟာ အင်ပါယာရဲ့ အနာဂတ်အတွက်ပဲ" ဧကရာဇ်ကန်ဒရာက နံရံထက်ရှိ မြေပုံကြီးကို လှည့်ကြည့်၍ သက်ပြင်းချလိုက်သည်၊ "ဒဏ္ဍာရီက ဒဏ္ဍာရီ ဖြစ်နေဆဲ အချိန်မှာ ငါကိုယ်တော်တို့အနေဲ့ ဒီတိုင်းထိုင်ကြည့်နေလို့ရတယ်။ အခု Frestech ကုန်သည်ကြီးများအသင်းက ငါကိုယ်တော်တို့ရှေ့ကို လောကသစ်တစ်ခု ချပြလာဝော့ အရင်ကအတိုင်းဆက်လုပ်နေရင် အင်ပါယာရဲ့ အနာဂတ်ကို အာမခံဖို့ မဖြစ်နိုင်တော့ဘူး"

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၅၃။ ၅နှစ်တာ ကူရှင်

နယ်မြေကြီးအသစ် သတင်းကြောင့် ဂယက်ရိုက်သွားခဲ့သည်မှာ ကန်ဒရာအင်ပါယာတစ်ခုတည်းမဟုတ်ပါချေ။

သက္ကရာဇ် ၃၈၀၀ရှိ ကမ္ဘာမြေကြီး၏ အမြင်များကို အခြေခံရသော် ၎င်းအား ရာစုသစ်တစ်ခုဟု ယူဆသင့်သည်။

ပထမဆုံးလေပြေတစ်သုတ်က စိုင်စ်နယ်မြေကြီးကို ဖြတ်သန်းတိုက်ခတ်သွားချိန်တွင် Frestech ကုန်သည်ကြီးများအသင်းမှ မှော်တိမ်တိုက်နယ်မြေကြီးသို့ လွှတ်ခဲ့သည့် ဒုတိယသင်္ဘောစုမှာ ဌာနချုပ်ထံသို့ ၎င်းတို့၏ ဆယ်ကြိမ်မြောက် အစီရင်ခံစာကို ပို့လာသည်။

ဤအစီရင်ခံစာကို စစ်ဆေးပြီးနောက်၌ ၎င်းတို့မှာ Frestech မှော်စက် အပတ်စဉ်၊ ဘန်တာတိုင်းမ်စ်နှင့် အခြား သတင်းစာများထံ သတင်းရေးသားဖို့ တစ်စိတ်တပိုင်းကို ရွေးချယ်ခဲ့ပြီး ၎င်းက စိုင်စ်နယ်မြေကြီးရှိ လူတိုင်း၏ စိတ်အားထက်သန်မှုကို တစ်ဖန် ပြန်လင်းလက်လာစေသည်။

Frestech ကုန်သည်ကြီးများအသင်း လွန်ခဲ့သည့်နှစ် စက်တင်ဘာတွင် နယ်မြေကြီးအသစ်အကြောင်း တင်ပြလာကတည်းက လစဉ်လတိုင်း နယ်မြေကြီးအသစ်အကြောင်း သတင်းရှိလာခဲ့သည်။

စိုင်စ်နယ်မြေကြီး၏ လူများမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ သတင်းတစ်ခုစီတိုင်းကို လိုက်နာလာခဲ့ကြပြီး နယ်မြေကြီးအသစ်အား ပို၍ ပို၍ စိတ်ဝင်စားလာကြ၏။

နယ်မြေကြီးအသစ်၏ ဒဏ္ဍာရီမှာ စိုင်စ်နယ်မြေကြီး၌ နှစ်ပေါင်း ထောင်ချီကြာအောင် ပျံ့နှံ့နေခဲ့သဖြင့် ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက ဤနယ်မြေကြီးအသစ်ကို ရှာတွေ့ခဲ့ပြီဖြစ်သလို ၎င်း၏ ဆန်းကြယ်ဖြစ်ရပ်များကိုလည်း တရစ်ပြီးတရစ် ရှာဖွေစူးစမ်းနေသည်က လူတိုင်းအား ဤနယ်မြေကြီးအသစ်ကို နားလည်ချင်လာစေသည်။ နယ်မြေကြီးအသစ်သို့ ကိုယ်တိုင်သွားရောက်၍ ဤလောကသစ်ကို ကြုံတွေ့ချင်သူများပင် ရှိလာကြ၏။

Frestech ကုန်သည်ကြီးများအသင်း၏ သတင်းများအရ ဤမှော်တိမ်တိုက်နယ်မြေကြီး၌ နေထိုင်သူ အင်မတန် နည်းပါးလှသည်။ ဤနယ်မြေကြီး၏ အပြင်ဘက်၌ ၎င်းတို့ ဆုံခဲ့ရသည့် နဂါးမျိူးနွယ်စုမှလွဲလျှင် Frestech ကုန်သည်ကြီးများအသင်း၏ စူးစမ်းရှာဖွေရေးအသင်းမှာ မှော်တိမ်တိုက်နယ်မြေကြီးသို့ ရောက်ရှိပြီးသည့်နောက် စတုရန်းကီလိုမီတာ ၁၀၀ဧရိယာ၌ ဆယ်လအတွင်း ရှာဖွေရာတွင် ဒေသခံ အနည်းအကျဉ်းမျှသာ တွေ့ခဲ့ရပေသည်။

လူများစွာအား အံ့အားသင့်စေသည့်အရာမှာ ထို မှော်တိမ်တိုက်နယ်မြေကြီး၏ ဒေသခံများအကြားတွင် လူဦးရေအများဆုံးရှိသည်မှာ စိုင်စ်နယ်မြေကြီး၏ ဒဏ္ဍာရီများ၌ အမည်ဆိုးဖြင့်ကျော်စောသော မှင်စာများဖြစ်ပေသည်။

၎င်းအပြင် Frestech ကုန်သည်ကြီးများအသင်းမှာ စိုင်စ်နယ်မြေကြီးမှ ပြောင်းရွှေ့သွားသည်ဟု ပြော၍ ရသော သွေးနှောမျိုးနွယ်စုကိုလည်း တွေ့ခဲ့ရသည်။

ကျန်သည်များကိုမူ ယခုအထိ မတွေ့ရသေးပါချေ။

ဆယ်ကြိမ်မြောက် ရှာဖွေစူးစမ်းရေး အစီရင်ခံစာတွင် အဓိက ကြေငြာထားသည့်အရာမှာ Frestech ကုန်သည်ကြီးများအသင်းမှာ မီးကျောက်ဆောင်ကျွန်းအနီးရှိ ကျွန်းတစ်ကျွန်းတွင် ၎င်းတို့၏ ပထမဆုံး ကင်းစခန်းကို အပြီးသတ်ခဲ့ကြောင်း ဖြစ်သည်။

အစီစဉ်အရ Frestech ကုန်သည်ကြီးများအသင်းမှာ ပထမဆုံး ဤကျွန်းဆိုင်ရာ ကင်းစခန်းအတွက် ပို၍ ရင်းနှီးမြှုပ်နှံ၍ မှော်တိမ်တိုက်နယ်မြေကြီးထက်ရှိ မိုးသောက်ကျွန်းအနီးတွင် နေရာတစ်နေရာရွေးချယ်၍ ကင်းစခန်းအစစ်တစ်ခုကို တည်ဆောက်ကာ မှော်တိမ်တိုက်နယ်မြေကြီးကို စူးစမ်းရှာဖွေရန် အုတ်မြစ်များချခင်းမည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းကို ကြေငြာလိုက်ချိန်တွင် မှော်တိမ်တိုက်နယ်မြေကြီးကို ပိုမိုကောင်းမွန်အောင် စူးစမ်းရှာဖွေနိုင်ရန် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ဤလောကသစ်ကို အတူတကွ စူးစမ်းဖို့ရာ ရှင်သန်နေသမျှ လူတိုင်းကို စိတ်ရင်းဖြင့် ဖိတ်ကြားကြောင်းအားလည်း ကြေငြာခဲ့ပါ၏။

ဤကြေငြာချက်ကြောင့် လူများစွာမှာ စိတ်ရှုပ်ထွေးသွားကြသည်။

နယ်မြေကြီးအသစ်တစ်ခု၏ တန်ဖိုးမှာ အံ့မခန်းကြီးမားလှပြီး Frestech ကုန်သည်ကြီးများအသင်းမှာ နယ်မြေကြီးအသစ်ကို ရှာတွေ့သည်နှင့်တပြိုင်နက် ၎င်းကို လက်ဝါးကြီးအုပ်ထားကာ ဤနယ်မြေကြီးအသစ်၌ ဖုံးကွယ်ထားသမျှ အဖိုးတန်အရာတိုင်းကို တဖြည်းဖြည်း ဝါးမြိုသွားမည်ဟု လူတိုင်း သိထားကြသည်ပင်။

သို့ရာတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ဤအဖိုးတန်သတင်းကို အစကတည်းက စိုင်စ်နယ်မြေကြီးတစ်ခုလုံးထံ ချပြခဲ့သည်။ ယခုတွင် ၎င်းတို့မှာ ၎င်းတို့နှင့်အတူ နယ်မြေကြီးအသစ်ကို စူးစမ်းရှာဖွေရန် အခြားလူများကိုပင် ဖိတ်ကြားနေလေ၏။

ဘာလို့ Frestech ကုန်သည်ကြီးများအသင်းက ဒီလိုလုပ်ရတာလဲ? ဒီကနေ ဘာအကျိုးအမြတ်ရမှာမို့လို့လဲ?

ဒါက Frestech ကုန်သည်ကြီးများအသင်းဆီက မုသားများလား?

၎င်းက ယေဘုယျအမြင်ကို အလွန်အကျွံဆန့်ကျင်နေခြင်းကြောင့် လူများအနေဖြင့် Frestech ကုန်သည်ကြီးများအသင်းကို သံသယဖြစ်မည်မှာ အံ့ဩစရာမဟုတ်ပါချေ။

အရေးကြီးဆုံးအရာမှာ အစကတည်းက Frestech ကုန်သည်ကြီးများအသင်း၏ နဂါးများနှင့် သွေးနှောများအကြောင်း ထုတ်ပြန်ချက်မှာ Frestech ကုန်သည်ကြီးများအသင်း၏ သဘောထားအပေါ် မူတည်သည်။ ၎င်းတို့အား ကိုယ်တိုင်တွေ့ဖူးသည့် လူက များများစားစားမရှိချေ။

Frestech ကုန်သည်ကြီးများအသင်း၏ ဂုဏ်သတင်းကြောင့်သာ မဟုတ်ပါလျှင် လူများမှာ Frestech ကုန်သည်ကြီးများအသင်းအား လူထုကို လှည့်ဖျားသည်ဟုပင် စွပ်စွဲကြလောက်သည်။

သို့သော် လူအချို့က သံသယဖြစ်နေချိန်၌ ၎င်းတို့အား ယုံကြည်ကြသူများလည်း ရှိပါ၏။

တစ်ဝက်လောက် သံသယဖြစ်နေကြသူများနှင့် စာလျှင် ၎င်းတို့အား ပိုမို ယုံကြည်ကြသူများမှာ နိုင်ငံတစ်နိုင်စီတိုင်း၏ အဆင့်မြင့်ပုဂ္ဂိုလ်များဖြစ်ကြသည်။

Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့၏ ဆယ်ကြိမ်မြောက် အစီရင်ခံစာကို ချပြလိုက်ပြီးနောက်၌ Frestech ကုန်သည်ကြီးများအသင်း၏ ဌာနချုပ်များထံသို့ လာရောက်ကြသော မှော်သင်္ဘောများနှင့်စပ်လျဉ်းသည့် ပူးပေါင်းရေးလျှောက်လွှာများစွာရှိပေသည်။

၎င်းတို့မှာ နယ်မြေကြီးအသစ်ကို ရှာဖွေစူးစမ်းရန် Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ အလုပ်လုပ်နိုင်ဖို့ မျှော်လင့်နေကြ၏။

မှော်သင်္ဘောများအတွက် အမှာစာများမှာ ပို၍ပင် နက်နဲသည့် အတွေးများကို ပြသထားသည်။

"ဥက္ကဌ၊ ကျွန်တော်တို့ တကယ်ပဲ မှော်သင်္ဘောတွေကို ရောင်းကြတော့မှာလား?" ယခင်က Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောကျင်း မန်နေဂျာဖြစ်ခဲ့ပြီး ယခုတွင် Frestech ရေကြောင်းကုန်သွယ်ရေး ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဖြစ်နေသူ အီခဲ ခရူဂါမှာ သူ့လက်ထဲရှိ အမှာစာများကို ကြည့်၍ မျက်ခုံးများကို တွန့်ချိုးလိုက်သည်၊ "ကျွန်တော်တို့ ကိုယ်တိုင်သုံးဖို့တောင် နှစ်တိုင်း သင်္ဘောလုံလုံလောက်လောက် မထုတ်လုပ်နိုင်သေးတာကို ဘယ်လိုလုပ် တခြားသူတွေဆီ ရောင်းပေးနိုင်မှာလဲ?"

"ဒါက ဘာလို့ဆို ငါ‌တို့တွေအနေနဲ့ ထုတ်လုပ်ရေးကို အလျင်တိုးဖို့လိုပြီး ထွက်ကုန်လည်း တိုးဖို့ လိုအပ်တာကြောင့်ပဲ။ ငါ့ရဲ့ အစီစဉ်က မင်းကို တခြားကုမ္ပဏီပေါင်းများစွာနဲ့ အလုပ်လုပ်ခွင့်ပေးပြီး သင်္ဘောရဲ့ တချို့အပိုင်းတွေကို သူတို့ကိုပါ ထုတ်လုပ်ခွင့်ပေးဖို့ပဲ။ မင်းအနေနဲ့ တခြားကုမ္ပဏီကို သင်္ဘောကိုယ်ထည်အပိုင်း ဖန်တီးခိုင်းလိုက်ရင်တောင် မင်းအတွက် ဖိအားအများစုက လျော့သွားမှာပဲ။ ဒါ့အပြင် မင်းနဲ့အတူ အလုပ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခု ဒါမှမဟုတ် အနည်းစုကိုလည်း သင်္ဘောတည်ဆောက်ရေး နည်းပညာကို နားလည်လာအောင် လေ့ကျင့်ပေးပြီး ထုတ်လုပ်နိုင်စွမ်းကို တိုးလိုက်လို့ရတယ်။ ဌာနချုပ်က ဒီအတွက် မင်းတို့ကို ထောက်ပံ့မှာမို့လို့ အရမ်းစိုးရိမ်နေဖို့မလိုဘူး"

ရှုယီက ထိုသို့ပြောလာသည်ကိုကြားသော် အီခဲ ခရူဂါမှာ ပို၍ပင် မျက်မှောင်ကုပ်သွားရင်း ဆန္ဒမရှိပုံက မျက်နှာထက်၌ ပေါ်လွင်လာသည်။

"ဥက္ကဌ ကျွန်တော်တို့က တန်ဖိုးထားရတဲ့ နည်းပညာတွေကို လွှဲပေးရမှာလား?" ခဏမျှ တွန့်ဆုတ်နေပြီးနောက် အီခဲ ခရူဂါမှာ အံကြိတ်၍ ဆက်ပြောသည်၊ "ဥက္ကဌ ဒါသာ အရင်ကဆိုရင် ဥက္ကဌဆီက စကားတစ်ခွန်းဆိုတာနဲ့ ကျွန်တော် ဆန္ဒမပါရင်တောင် နာခံနေမှာပါ။ ဒါပေမယ့် အခု သင်္ဘောကျင်းကို ကုမ္ပဏီကနေ ခွဲထွက်ထားပြီး ဥက္ကဌကလည်း ကျွန်တော်တို့ကို ကိုယ်ပိုင်လမ်းကြောင်း ဖန်တီးစေချင်တာမို့ ကျွန်တော်‌တို့ရဲ့ အကျိုးအမြတ်နဲ့ အဆုံးအရှုံးတွေကို တာဝန်ယူဖို့အတွက် ဥက္ကဌရဲ့... အဆိုပြုချက်က... ကျ.. ကျွန်တော်တို့အတွက် အကြံကောင်းမဟုတ်လောက်ဘူးလို့ ခံစားရပါတယ်......"

"ဒီတော့ မင်းက ငါ့ရဲ့ အဆိုပြုချက်ကို ငြင်းချင်တာလား?"

ခရူဂါက ခေါင်းကုတ်၍ အင်မတန် နေရခက်ဟန်ပေါ်နေ၏။

"ဥက္ကဌက မဖြစ်မနေဆိုရင်တော့ ဒါပေါ့ ကျွန်တော် နားထောင်မှာပါ။ ဒါပေမယ့်... ဒါပေမယ့်...."

ရှုယီက ပြုံး၍ သူ၏ ပခုံးကို ပုတ်လိုက်သည်၊ "မင်း တကယ်ပဲ ဆန္ဒမရှိရင်လည်း ငါတွန်းအားပေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ခရူဂါ, မင်းအနေနဲ့ ဒါကို သေချာ စဉ်းစားသင့်တယ်။ ငါ့ရဲ့ အဆိုပြုချက်က ရေကြောင်းကုန်သွယ်ရေးကုမ္ပဏီအတွက် အကျိုးအမြတ် ပိုများလား ဒါမှမဟုတ် ဆိုးကျိုးက ပိုများလား? မင်းဘာသာမင်း အဖြေမြန်မြန်မပေးလိုက်နဲ့။ ငါတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ သမိုင်းကို ပိုစဉ်းစားကြည့်ရင် မင်းလည်း အဖြေတွေ့မှာပါ"

ခရူဂါက မျက်မှောင်တင်းတင်းကုပ်ထားပြီး စဉ်းစားရင်း ဖြေးဖြေးချင်း ထွက်သွားသည်ကို မြင်သော် ရှုယီမှာ မနေနိုင်အောင် ခေါင်းခါလိုက်မိသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ဌာနများအား ၎င်းတို့၏ ကိုယ်ပိုင်ကုမ္ပဏီများအဖြစ်သို့ ပြောင်းလဲလိုက်ကတည်းက ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ အဆင့်မြင့် အဖွဲ့ဝင်များကို သက်သာစေသော်လည်း အထူးသဖြင့် ရှုယီမှာ အခက်အခဲ အတော်လေးခံစားရပြီး ဌာနတစ်ခုစီတိုင်းထံ မျှော်‌လင့်ချက်များပိုပေး၍ ကုမ္ပဏီကို တစ်ခုလုံးအဖြစ်သို့ အားဖြည့်ရလေရာ ၎င်းက ဌာနတစ်ခုစီတိုင်းထံ ကိုယ်ပိုင် အကြံများ ရှိလာစေသည်။ ၎င်းတို့မှာ သူ၏ ဥက္ကဌအဖြစ် အမိန့်များကို ယခင်ကလို စဉ်းစားခြင်းမရှိ နားမထောင်တော့ပေ။

၎င်းကသာ ယခင်ကဆိုလျှင် ရှုယီထံမှ အမိန့်တစ်ခုနှင့်တင် မည်သည့် နည်းပညာကိုမဆို ချပြနိုင်ပြီး အခြားလူများမှာ မေးခွန်းသာထုတ်သော်လည်း သေချာပေါက် ငြင်းဆန်ကြမည်တော့မဟုတ်ချေ။

သို့သော် ယခုတွင် သူဟာ ရေကြောင်းကုန်သွယ်ရေးကုမ္ပဏီအား သင်္ဘောတည်ဆောက်ရေးနည်းပညာတချို့ လွှဲပေးစေချင်ပြီး စိုင်စ်နယ်မြေကြီး၌ သင်္ဘောတည်ဆောက်ရေးနယ်ပယ်၊ အထူးသဖြင့် ပင်လယ်‌ပျော် မှော်သင်္ဘောနယ်ပယ်အား တည်ထောင်ချင်သော်လည်း ခရူဂါက တုံ့ဆိုင်းနေသည်။

မှန်ပါ၏၊ သူ့အနေနှင့် ၎င်းမှာ ခရူဂါ ကိုယ်တိုင် မန်နေဂျာမှ ဥက္ကဌတစ်ဦးဖြစ်လာပြီးနောက် ကြုံတွေ့ရမည်ဖြစ်သဖြင့် တွန်းအားပေးမည်မဟုတ်ပေ။

ခရူဂါသာ သူ၏ အတွေးများကို လွတ်မြောက်စေနိုင်လျှင် ဤနေရာ၌ ဆက်နေနိုင်မည်သာ။

သူသာ မလုပ်နိုင်လျှင် ရှုယီလည်း သက်ညှာနေမည်မဟုတ်။

မှန်ပါ၏၊ ခရူဂါက ရုတ်တရတ်ရဲတင်းလာပြီး အခြားကုမ္ပဏီများနှင့်အတူ သင်္ဘောတည်ဆောက်ရေးနယ်ပယ်ကို တည်ထောင်ပါလျှင်တောင် လက်ရှိ နယ်မြေကြီးရှိ သံမဏိမှော်သင်္ဘောနယ်ပယ်၏ အုတ်မြစ်ကြောင့် ရှုယီ လိုချင်သည့် အတိုင်းအတာကို ရောက်ရှိရန် နှစ်ပေါင်းများစွာ ကြာမြင့်လိမ့်မည်။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ပင်လယ်ပျော် မှော်သင်္ဘောကြီးများအတွက် အမှာစာများစွာ ရပါလျှင်တောင် အချိန်တိုအတွင်း အားလုံးကိုပြီးစီးအောင် လုပ်နိုင်မည်မဟုတ်ပေ။

ဖောက်သည်အားလုံးက ၎င်းကို သိရှိကာ စောင့်နေရုံကလွဲ မတတ်နိုင်သဖြင့် ပို၍ မြန်မြန်လုပ်ဆောင်ရန် တိုက်တွန်းသည်မှလွဲ၍ မရှိသည်က ကောင်းသည့်အရာပင်။

ရှုယီ၏ ခန့်မှန်းခြေအရ Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် ပထမဆုံးအမှာစာကို ပြီးစီးအောင်လုပ်ရန် အနည်းဆုံးငါးနှစ် စောင့်ရမည်ဖြစ်သည်။

ဤသည်က ၅နှစ်အတွင်းတွင် စိုင်စ်နယ်မြေကြီး၌ Frestech ကုန်သည်ကြီးများအသင်း၏ ပင်လယ်ပျော်သင်္ဘောစုအပြင် အခြားသင်္ဘောစုများလည်း ရှိလာမည့် အဓိပ္ပာယ်ဖြစ်၏။

ဤငါးနှစ်အတွင်း Frestech ကုန်သည်ကြီးများအသင်းမှာ နယ်မြေကြီးအသစ်၏ အချက်အလက်များနှင့် ရင်းမြစ်များကို လက်ဝါးကြီးအုပ်နိုင်ပေသည်။

စိုင်စ်နယ်မြေကြီးထံသို့ စူးစမ်း‌ရှာဖွေရေးခေတ် ရောက်လာချိန်တွင် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ဤငါးနှစ်အတွင်း အခွင့်ကောင်းရရန် လုံလုံလောက်လောက် ရယူမည်ဖြစ်သည်။

ကုမ္ပဏီရှိ လူများ၏ ပူပန်မှုများအတွက်မူ နိုင်ငံများနှင့် အာဏာရှင်များထံ၌ ပင်လယ်ပြင်ကို ရွက်လွှင့်နိုင်စွမ်းရှိလာပြီးနောက် နယ်မြေကြီးအသစ်၏ ဖွံ့ဖြိုးမှုတွင် ပါဝင်နိုင်မည့် လူများစွာ ရှိလာလိမ့်မည်ပင်။ Frestech ကုန်သည်ကြီးများအသင်း၏ အကျိုးအမြတ်များကို ထိခိုက်စေမည့် ပြဿနာအား ရှုယီအနေဖြင့် သံသယမရှိသလို စိုးရိမ်ခြင်းလည်းမရှိပေ။

အဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ကုမ္ပဏီတစ်ခုမျှသာဖြစ်၏။

လက်ရှိ မှော်တိမ်တိုက်နယ်မြေကြီး၏ စူးစမ်းရှာဖွေရေးကို အခြေပြုရသော် မှော်တိမ်တိုက်နယ်မြေကြီးမှာ စိုင်စ်နယ်မြေကြီးထက်ပင် ပိုကြီးမားသလို ရင်းမြစ်များလည်း ပိုရှိသည်ပင်။

Frestech ကုန်သည်ကြီးများအသင်းတစ်ဦးတည်းနှင့် မှော်တိမ်တိုက်နယ်မြေကြီးတစ်ခုလုံးကို တည်ထောင်ရန် မဖြစ်နိုင်ပေ။

လူအင်အားဖြစ်စေ ရင်းမြစ်ဖြစ်စေ Frestech ကုန်သည်ကြီးများအသင်းတွင် လိုအပ်နေမည်ဖြစ်သည်။

ထို့ကြောင့် ပိုကောင်းသည့် နည်းလမ်းမှာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ပြီး အတူတကွ တည်ထောင်ရန်ဖြစ်သည်။

၎င်းမှာ ကမ္ဘာမြေကြီး၌ မြင်နေကျအရာပင်။

စိုင်စ်နယ်မြေကြီး၌ ကြီးပြင်းလာခဲ့သူ ခရူဂါအတွက် ၎င်းကို အလွယ်လေးနားမလည်နိုင်ချေ။

၎င်းတို့အတွက်Frestech ကုန်သည်ကြီးများအသင်းကသာ ၎င်းတို့အားလုံးကို တစ်ချိန်တည်း ဝါးမြိုခြင်းမပြုနိုင်လျှင် ဖြည်းဖြည်းချင်းလုပ်နိုင်ပေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ စွမ်းဆောင်ရည်နှင့် မြင့်မားသည့် တိုးတက်နှုန်းတို့ကြောင့် ၎င်းတို့မှာ မှော်တိမ်တိုက်နယ်မြေကြီးကို မကြာခင်တွင် ထိန်းချုပ်နိုင်ပေလိမ့်မည်။

သို့သော် ရှုယီမှာ ၎င်းကို လုပ်ဆောင်ဖို့ ဆန္ဒမရှိပေ။

အကြောင်းအရင်းက အင်မတန်ရိုးရှင်းပါ၏၊ ၎င်းမှာ သူ့အနေနှင့် ဤနှစ်တွင် အသက်‌၄၀ပြည့်တော့မည်ဖြစ်သောကြောင့်ပင်။

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၅၄။ ကုန်ကျစရိတ် မြင့်တက်ခြင်း

နယ်မြေကြီးအသစ်၏ သတင်းမှာ နိုင်ငံအားလုံး၏ အာသီသကို သဘာဝကျကျပင် ရိုက်ခတ်ခဲ့သော်လည်း ၎င်းတို့အနေနှင့် ပင်လယ်ပြင်၌ သွားလာနိုင်စွမ်းမရှိလျှင် ဆွေးနွေးမှုအားလုံးက အဓိပ္ပာယ်မဲ့မည်ကို နားလည်ကြပါ၏။

၎င်းနှင့်စာလျှင် ၎င်းတို့၏ ကိုယ်ပိုင်တိုးတက်မှုကို အလေးပေးခြင်းဖြင့် နယ်မြေကြီးအသစ်ကို တိုးတက်စေရန် အခွင့်ရေးအား ဖမ်းဆုပ်နိုင်လာနိုင်မည်ဖြစ်သဖြင့် ၎င်းက ပိုအရေးကြီးသည်။

၎င်းတို့သာ အစောတည်းက နောက်ကျကျန်ခဲ့လျှင် မည်သည်ကိုမှ ထုတ်ပြောဖို့ပင် လိုတော့မည်မဟုတ်ပေ။

ထို့ကြောင့် နယ်မြေကြီးအသစ်၏ သတင်းအား Frestech ကုန်သည်ကြီးများအသင်းမှ တစတစချပြလာသည်နှင့် အခြားနိုင်ငံများမှာ ၎င်းတို့၏ မှော်စက်နယ်ပယ်များတိုးတက်ရေးတွင် ပို၍ ပို၍ ရင်းနှီးမြှုပ်နှံလာကြတော့သည်။

Frestech ကုန်သည်ကြီးများအသင်းလက်အောက်ရှိ ကုမ္ပဏီများမှာ နေ့စဉ်နေ့တိုင်း နယ်မြေကြီး၏ ကုမ္ပဏီများစွာနှင့် နိုင်ငံများစွာထံမှ ပူးပေါင်းရေး လျှောက်လှဲချက်များစွာကို လက်ခံရရှိခဲ့သည်။ ၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်သမားများအားလုံးကို အလုပ်နွံထဲ နစ်နေစေသည်။

တကယ်တမ်းတွင် သံသယဖြစ်စရာမလိုအောင် အလုပ်အများဆုံးနှင့် ရေပန်းအစားဆုံးဖြစ်နေ‌သည်မှာ အန်းခေါ့ထ်ဦးဆောင်သည့် Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်းဖြစ်သည်။

အိမ်သုံးမှော်စက်များမှာ လူတို့၏ စိတ်ထဲ ဝင်ရောက်ပြီးသား ဖြစ်သဖြင့် လူတိုင်းက အိမ်သုံးမှော်စက်များဟာ ၎င်းတို့၏ ဘဝများကို ပို၍ အဆင်ပြေသက်သာစေမည်ဖြစ်ကြောင်းကို နားလည်ကြသည်။ အိမ်သုံးမှော်စက်ကုမ္ပဏီများသို့ ရင်းနှီးမြှုပ်နှံမှုများကလည်း ပိုမိုများပြားလာသည်။

ဤနှစ်၏ ပထမ ၄လနှင့်ပင် Frestech ကုန်သည်ကြီးများအသင်းထံသို့ အိမ်သုံးမှော်စက်နည်းပညာ ဝယ်ယူရန် လျှောက်လဲချက်များ ပေးပို့ခဲ့သော ကုမ္ပဏီ ၁၀၀ကျော်ရှိသည်။ ၎င်းတို့အကြားတွင် လက်ရှိ Frestech ကုန်သည်ကြီးများအသင်း လွှဲပြောင်းပေးခဲ့သော နည်းပညာအားလုံးအတွက် လျှောက်လဲချက်များပါဝင်၏။

ဤလိုအပ်ချက်ကြီးကို ဖြည့်ဆည်းပေးဖို့ရန် Frestech ကုန်သည်ကြီးများအသင်းသည် မရေမတွက်နိုင်သောလူများ၏ မေတ္တာရပ်ခံချက်ကို သဘောတူခဲ့ပြီး ၎င်းတို့အား နောက်ထပ် အိမ်သုံးမှော်စက် နည်းပညာ ၃၇မျိုးကို ထုတ်ပေးမည်ဟု ယခုနှစ်အစတွင် ကြေညာခဲ့သည်။ ၎င်းတို့တွင် မှော်လေပေးစက်၊ မှော်ရေခဲသေတ္တာ နှင့် ယခင်က မလွှဲပြောင်းပေးခဲ့ဖူးသည့် အဆင့်မြင့် မှော်စက်များ ကဲ့သို့သော နည်းပညာများ ပါဝင်သည်။

ဤကဲ့သို့ပင်၊ Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိအိမ်သုံး မှော်စက်နည်းပညာများအားလုံးကို ထုတ်ပေးလိုက်သည်။ ထိုသို့ ပြုလုပ်ရခြင်းဖြင့် အခြားကုမ္ပဏီများအနေနှင့် ယခင်က Frestech ကုန်သည်ကြီးများအသင်းကသာ ထုတ်လုပ်နိုင်ခဲ့သော အိမ်သုံးမှော်စက်များကို ထုတ်လုပ်နိုင်လာပြီး ၎င်းတို့၏ လက်ဝါးကြီးအုပ်ထားမှုကို ဆုံးရှုံးစေသည်။

မှန်ပါ၏၊ Frestech ကုန်သည်ကြီးများအသင်းမှာ နည်းပညာနှင့် လက်မှုပညာတွင် အခြားကုမ္ပဏီအားလုံးကို ဦးဆောင်နေဆဲဖြစ်ပါ၏။ ၎င်းတို့ထံ၌ တူညီသည့် အရာများရှိလျှင်ပင် Frestech တံ‌ဆိပ်၏ အရည်အသွေးမှာ အခြားကုမ္ပဏီများ၏ တံဆိပ်များထက် ပိုကောင်းနေဆဲပင်။

ထို့နောက် Frestech ကုန်သည်ကြီးများအသင်းက လူများ၏ စိတ်ထဲတွင် ကျော်စောမှုမြင့်မား၍ ဩဇာရှိပြီး မှော်စက်များ၏ သင်္ကေတဖြစ်နေပြီးသား အချက်ကို ထည့်ပေါင်းလိုက်သော် မည်သည့်နိုင်ငံမဆို Frestech တံဆိပ်မှာ ရေပန်းအစားဆုံး ထုတ်ကုန်ဖြစ်ပြီး ရောင်းအားလည်း ဘယ်တော့မှ ပြတ်လပ်မနေပေ။

ဇွန်လရောက်လာသည်နှင့် ဤအားသာချက်ကို ယခင်နှစ်များအတိုင်း ပြလာခဲ့သည်။

Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်းထံမှ တင်ပြချက်အရ ၎င်းတို့၏ ရောင်းအားမှာ ယခင်နှစ်ကထက် ပိုတိုးလာပြန်သည်။ မေလတစ်လတည်းနှင့် ရောင်းအားက ရွှေဒင်္ဂါး ၁သန်းနှင့် ခုနှစ်သိန်းအထိ ရောက်လာ၏။

သို့သော် အသေးစိတ်အစီရင်ခံစာများမှ တဆင့် ယခင်နှစ်ကနှင့်ယှဉ်လျှင် Frestech အိမ်သုံးမှော်စက် ကုန်သည်ကြီးများအသင်း၏ အမြတ်အစွန်းက တိုးနေသော်လည်း ရောင်းအားလောက်တော့ မတိုးသည်ကို တွေ့လိုက်ရသည်။

၎င်းအတွက် အကြောင်းအရင်းမှာ အိမ်သုံးမှော်စက်ကုမ္ပဏီများ ပေါ်ထွက်လာသည်နှင့်အမျှ ကုန်ကြမ်းပစ္စည်းများ၏ တန်ဖိုးကလည်း ဆက်တိုက်မြင့်တက်လာသလို လူအင်အား၌လည်း ကုန်ကျလာသည်။ ၎င်း အိမ်သုံးမှော်စက်များ၏ အခြေခံကုန်ကျစရိတ်မှာ တိုးလာပြီး အမြတ်ငွေက လျော့ကျသွား၏။

Frestech ကုန်သည်ကြီးများအသင်းကို ဖွဲ့စည်းခဲ့သော နှစ်များအတွင်း Frestech တံဆိပ် အိမ်သုံး‌မှော်စက်များမှာ အနိမ့်ဆုံး ၅၀%ဖြစ်ပြီး ၈၀%အထိ မြင့်များသည်လည်းရှိသည်။

သို့သော် အိမ်သုံးမှော်စက်များ ပိုပို၍ ရေပန်းစားလာသည်နှင့် Frestech တံဆိပ် မှော်စက်များ၏ အမြတ်အစွန်းမှာ ဆက်တိုက် ကျဆင်းလာသည်။

ဤနှစ် စာရင်းများကို အခြေခံရသော် Frestech တံဆိပ်အိမ်သုံးမှော်စက်များအကြား၌ အမြတ်အစွန်းအမြင့်ဆုံးဖြစ်သည့် မှော်လေပေးစက်မှာ အမြတ်စွန်း ၃၀%သာရှိတော့သည်။ အနိမ့်ဆုံး မှော်မီးအိမ်မှာ အမြတ်အစွန်း ၁၀%သာ ရှိတော့၏။

၎င်းကို သုံးသပ်ရလျှင် အိမ်သုံးမှော်စက်များထံမှ တဟုန်ထိုးအမြတ်ရသည့် ကာလက ကုန်လွန်သွားပြီဟု ဆိုနိုင်သည်။

ရှုယီအနေနှင့် ၎င်းကို မျှော်လင့်ထားပြီးသားဖြစ်သော်လည်း ဤမျှ မြန်မြန်ဖြစ်လာမည်ဟု ထင်မထားပါချေ။

ပြောရလျှင် ကမ္ဘာမြေကြီး၌ အိမ်သုံးပစ္စည်းနယ်ပယ်မှာ ဤအဆင့်ကိုရောက်ရန် ဆယ်စုနှစ်များစွာ တိုးတက်ဖို့လိုသည်။

စိုင်စ်နယ်မြေကြီးတွင် အိမ်သုံးမှော်စက်များပေါ်ထွက်လာသည်မှာ ၁၆နှစ်သာရှိသေးသည်။

သို့သော် စဉ်းစားကြည့်လျှင် ရှုယီအနေနှင့် သူက ဤအခြေနေကို ဖန်တီးခဲ့သူဖြစ်ကြောင်း ဝန်ခံရပေမည်။

သူဟာ အမြဲတမ်း မှော်စက်မှုနယ်ပယ်အား ဖြန့်ကျက်ခြင်း အကြံရှိခဲ့သည်ဖြစ်သောကြောင့် သူ့အနေဖြင့် အိမ်သုံးမှော်စက်နည်းပညာကို လုံးဝကြီး ထိန်းသိမ်းမထားလိုပေ။ အိမ်သုံးမှော်စက်များ ထုတ်လုပ်နိုင်သည့် ကုမ္ပဏီများစွာလည်း ရှိသဖြင့် Frestech တံဆိပ်နှင့်အတူ ဈေးကွက်ကို မျှဝေခဲ့ရာ Frestech တံဆိပ်၏ အမြတ်အစွန်းများကို လျှော့ချသည့် ပြိုင်ဘက်များစွာလည်း ဖန်တီးခဲ့ရသည်။

ထို့အပြင် ပစ္စည်းနှင့် လူအင်အား တိုးလာသောအခါတွင် ၎င်းသည် သူနှင့် မသက်ဆိုင်ဟု မပြောနိုင်ပေ။

ပထမဆုံး လူအင်အားနှင့် ပတ်သက်လာလျှင်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း မတိုင်မီတွင် ၎င်းတို့၏ဝန်ထမ်းများကို ခန့်အပ်သည့်ကုမ္ပဏီများအတွက် ပုံသေတန်ဖိုးမရှိသော်လည်း ဝန်ထမ်းအများစုအတွက်၊ ကုမ္ပဏီအများစုသည် ၎င်းတို့အား မြင့်မားသောလုပ်ခလစာမပေးပေ။

လွန်ခဲ့သည့် ၁၇နှစ်က Frestech ကုန်သည်ကြီးများအသင်းအား ဖွဲ့စည်းလိုက်သောအခါ ဘန်တာမြို့တော်တွင် အမြင့်ဆုံးလုပ်ခမှာ တစ်နှစ်လျှင် ရွှေဒင်္ဂါးဆယ်ပြားခန့်သာရှိခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းအား ဖွဲ့စည်းပြီးသောအခါ၊ ၎င်းတို့သည် တကယ်ကို ၎င်းတို့၏အလုပ်သမားများကို တစ်လလျှင် ရွှေဒင်္ဂါးငါးပြားပေးခြင်းဖြင့် အမှန်စတင်ခဲ့ကြသည်။

၎င်းက တစ်နှစ်ကို ရွှေဒင်္ဂါးခြောက်ဆယ်ကျော်သာ ရှိသည်။

ဘန်တာမြို့တော်နှင့် လမ်ပူရီတိုင်းပြည်ရှိ လူအများစုအတွက် ဤလစာသည် အလွန်ကြီးမားသော ပမာဏဖြစ်သည်။ ဘန်တာမြို့မှ လူအားလုံးနီးပါးမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ရှုယီသည်အရူးဖြစ်သည်ဟုပင်ထင်ခဲ့ကြသည်။

သို့သော် ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်းက ထိုအချိန်တွင် အလုံအလောက် လုပ်သားခေါ်ယူနိုင်ခဲ့ပြီး ၎င်းတို့၏ ထုတ်လုပ်မှုစွမ်းရည်ကို လျင်မြန်စွာတိုးမြှင့်နိုင်ခြင်းကြောင့်လည်းဖြစ်သည်။ အစပိုင်းတွင် Frestech ကုန်သည်ကြီးများအသင်းသည် လုံလောက်သော ထုတ်လုပ်မှုစွမ်းရည်မရှိခြင်းပြဿနာကိုပင် မရင်ဆိုင်ခဲ့ရပေ။

တစ်ချိန်တည်းမှာပင် Frestechကုန်သည်ကြီးများအသင်း၏ ကျော်ကြားမှု သိသိသာသာ မြင့်တက်လာမှုကြောင့် ၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ တိုးတက်မှုနှုန်းကို သွယ်ဝိုက်၍ဖြစ်စေ ကူညီပေးခဲ့သည်။

ဤရှုထောင့်မှကြည့်လျှင် Frestech ကုန်သည်ကြီးများအသင်းအတွက် အကျိုးကျေးဇူးများသည် အားနည်းချက်များထက် သာလွန်သည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းပြီးနောက် ဤလုပ်ငန်းကို ဝင်ရောက်သည့် ကုမ္ပဏီများအတွက်မူ ရှုယီ အစပိုင်းတုန်းက သတ်မှတ်ခဲ့သော လစာစံနှုန်းသည် အကြီးမားဆုံးသော ရာဇ၀တ်မှုတစ်ခုဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းသည် *ဝက်ရှေ့ ပုလဲသီ၍ စံသတ်မှတ်ထားသောကြောင့် အခြားကုမ္ပဏီများအနေဖြင့် မှော်စက်လုပ်ငန်းသို့ ဝင်ချင်ပါလျှင် ၎င်းတို့အနေဖြင့် လစာလျှော့ပေး၍လည်း မရပါချေ။ မဟုတ်ပါက လူစုဆောင်းရန်မှာ မဖြစ်နိုင်သလို Frestech ကုန်သည်ကြီးများအသင်းထံမှ ကျွမ်းကျင်လုပ်သားများကို ခေါ်ယူရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

*(ဝက်ရှေ့ ပုလဲသီ = ကျွဲပါးစောင်းတီး နဲ့ အဓိပ္ပာယ်တူပါတယ်။ နားမလည်တဲ့လူရှေ့မှာ တန်ဖိုးရှိတဲ့အရာကို လုပ်ပြတာမျိုးပါ။)

ဤသို့ဖြင့် နှစ်တွေကြာလာသည့်အခါ ကုမ္ပဏီအသီးသီးက ပြိုင်ဆိုင်မှုတွေကြောင့် လစာများ တိုးလာ၏။

ယခုအချိန်တွင် Frestech ကုန်သည်ကြီးများအသင်း၏ လစာသည် အမြင့်ဆုံးမဟုတ်ဘဲ မှော်စက်လုပ်ငန်းကုမ္ပဏီများကြားတွင် နည်းပါးသည်ဟုပင် ယူဆနိုင်သည်။

အခြားကုမ္ပဏီများကပေးသော လစာများမှာ ပို၍ပင် များသေးသည်။

၎င်းသည် Frestech ကုန်သည်ကြီးများအသင်းအား ပြန်လည် ထိခိုက်စေခဲ့သည်။

ဤ အိမ်သုံးမှော်စက်ဌာနအား မခွဲထုတ်ခင်က ၎င်းတို့ဟာ ရှုယီ၏ စံနှုန်းကို လိုက်နာဆဲဖြစ်ပြီး ဘယ်သူကမှ မကျေနပ်ကြောင်း မပြောခဲ့ကြပေ။

Frestech အိမ်သုံးမှော်စက်ကုန်သည်ကြီးများအသင်းကို ဖွဲ့စည်းပြီးနောက် အန်းခေါ့ထ် သည် အလုပ်သမားများ၏ စိတ်ဓာတ်ကို မြှင့်တင်လိုကာ သူ၏ ကျော်ကြားမှုကို ထူထောင်ရန်နှင့် အခြားထည့်သွင်းစဉ်းစားမှုများကြောင့် လစာစံနှုန်းကို မြှင့်တင်ခဲ့သည်။ Frestech အိမ်သုံးမှော်စကကုန်သည်ကြီးများအသင်း၏ စံပြုလစာသည် အခြားကုမ္ပဏီများနှင့် နှိုင်းယှဉ်ပါက အတော်လေးမြင့်မားသော လစာအဖြစ် တိုးလာခဲ့သည်။

ထို့ကြောင့် Frestech အိမ်သုံး မှော်စက်ကုန်သည်ကြီးများအသင်း၏ လုပ်အားခများ မြင့်တက်လာခဲ့သည်။ မေလတစ်လအတွင်း အလုပ်သမားစရိတ်သည် ရွှေဒင်္ဂါးခြောက်သိန်းသုံးသောင်းသို့ ရောက်ရှိလာခဲ့၏။ ၎င်းသည် ယခင်ကနှင့် နှိုင်းယှဉ်ပါက ကြီးမားသော တိုးမြင့်လာမှုဖြစ်ပြီး Frestech တံဆိပ် အိမ်သုံး မှော်စက်များ၏ ကုန်ကျစရိတ်များ အလွန်များပြားစွာတိုးလာခဲ့သည်။

ထို့နောက် ကုန်ကြမ်းများ ရှိပါသေး၏။

Frestech ကုန်သည်ကြီးများအသင်းအား စတင်ဖွဲ့စည်းစဉ်က စိုင်စ်နယ်မြေကြီးတွင် မည်သူမျှ မှော်စက်များထုတ်လုပ်ရန် လိုအပ်သော ကုန်ကြမ်းများကို အလေးထားခြင်းမရှိပေ။ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ ပစ္စည်းကုန်ကျစရိတ်များထဲမှ အကြီးမားဆုံးမှာ မှော်မန္တာန်များဆွဲရန်အတွက် မှော်ဆရာများ လိုအပ်သော မှော်ပညာပစ္စည်းများဖြစ်သည်။

ဖဲလ်ချောင် ကုန်သည်ကြီးများအသင်းက ၎င်းကို ထိန်းချုပ်ထားသော်လည်း ၎င်းတို့ အများဆုံးအသုံးပြုတဲ့ သံသတ္တုရိုင်းတွေမှာတော့ ဈေးနှုန်းက သိပ်မမြင့်လှပေ။

အရေးအပါဆုံး မှော်သလင်းကျောက်အနေဖြင့်၊ အားလုံးပြီးသွားသောကြောင့်၊ ၎င်းသည် ငွေလုံးဝမယူပါ။

မှော်စက်လုပ်ငန်းသည် ပို၍အရေးပါလာသည်နှင့်အမျှ နိုင်ငံများအားလုံးသည် ၎င်းတို့၏နယ်နိမိတ်အတွင်းရှိ မှော်စက်လုပ်ငန်းဆိုင်ရာပစ္စည်းများကို ပို၍ပို၍ဂရုစိုက်လာကြသည်။

ပုံမှန်အားဖြင့် ဤပစ္စည်းများ၏ ဈေးနှုန်းက တက်နေသည်။

ဝယ်လိုအား အမြင့်ဆုံးဖြစ်သည့် သံသတ္တုရိုင်းများကို ဥပမာ ယူပါ။ Frestech ကုန်သည်ကြီးများအသင်းသည် အစပိုင်းတွင် ဖဲလ်ချောင် ကုန်သည်ကြီးများအသင်းထွက်မှ ၎င်းတို့ကို တစ်တန်ရွှေဒင်္ဂါးနှစ်ပြားဖြင့် ဝယ်ယူခဲ့ပြီး သံရည်ကျိုသည့်တိုင် တစ်တန်ရွှေဒင်္ဂါးဆယ်ပြားသာ ယူခဲ့သည်။

ယခု၊ ဖဲလ်ချောင် ကုန်သည်ကြီးများအသင်း၏နောက်ဆုံးပေါ်ဇွန်လစျေးနှုန်းအပေါ်အခြေခံသည်။

သံသတ္တုရိုင်းသည် တစ်တန်ရွှေဒင်္ဂါးခြောက်ပြားသို့ ရောက်သွားပြီး အရည်ကျိုပြီးသံသတ္တုသည် တစ်တန်လျှင် ရွှေဒင်္ဂါး၂၇ပြားသို့ ရုတ်တရက် တိုးသွားသည်။

ယခင်ကနှင့် ယှဉ်လျှင်၊ ၎င်းက နှစ်ဆထက်ပိုများသည်!

ဘယ်သူမှ ဂရုမစိုက်သည့် အထူးထုတ်ကုန်တွေမဟုတ်ဘဲ ဘာမှတန်ဖိုးမရှိသည့် မှော်သလင်းကျောက်တွေတောင် ယခုမှော်စက်အားလုံး၏ စွမ်းအင်ရင်းမြစ်ဖြစ်လာသည့်အတွက် ၎င်းတို့၏စျေးနှုန်းတွေက မြင့်တက်လာ၏။

ကန်ဒရာ အင်ပါယာမှ ဝယ်ယူထားသော Frestech ကုန်သည်ကြီးများအသင်း၏ အလယ်အလတ်အရွယ်အစားရှိ မှော်သလင်းကျောက်ကို ဥပမာယူလျှင်၊ ၎င်း၏စျေးနှုန်းသည် တစ်တန်လျှင် ငွေဒင်္ဂါး၉၃ပြားအထိရောက်ရှိလာခဲ့သည်။

ထို့အပြင် မှော်သလင်းကျောက်၏များ၏ ဝယ်လိုအား မြင့်မားမှုကြောင့် ၎င်းတို့၏ စျေးနှုန်းသည် လျင်မြန်စွာ တိုးလာခဲ့သည်။

ယမန်နှစ်က တစ်တန်လျှင် ရွှေဒင်္ဂါး ၇၆ပြားသာ ရှိခဲ့ပြီး ယခုနှစ်တွင် တစ်တန်လျှင် ရွှေဒင်္ဂါး ၉၃သို့ ရောက်ရှိခဲ့သည်။

ဤအရှိန်ဖြင့်၊ ၎င်းသည် တစ်နှစ်အတွင်း တစ်တန်ကို ရွှေဒင်္ဂါးပြားတစ်ပြားသို့ ရောက်ရှိမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ဤပစ္စည်းများအတွက် ဝယ်လိုအားက တန်ကြေးနှင့်တကွ တိုးလာခြင်းနှင့်အတူ သဘာဝကျကျပင် ပြဿနာများစွာကို ဖန်တီးခဲ့သည်။

ပထမအချက်မှာ စိုင်စ်နယ်မြေကြီး၏ နိုင်ငံများသည် ၎င်းတို့၏နိုင်ငံများရှိ အရင်းအမြစ်များကို တင်းကြပ်စွာ ထိန်းချုပ်ထားခြင်းဖြစ်သည်။ ကန်ဒရာ အင်ပါယာနှင့် မားလို အင်ပါယာတို့က ဦးဆောင်ပြီး နိုင်ငံအများစုသည် ပစ္စည်းများကို ထပ်မံ မတင်ပို့တော့ပေ။

ကန်ဒရာ အင်ပါယာပင်လျှင် Frestech ကုန်သည်ကြီးများအသင်း တစ်ခုတည်းကိုသာ ပစ္စည်းများ တင်ပို့ခဲ့သည်။ တစ်ခုတည်းသော အကြောင်းအရင်းမှာ Frestech ကုန်သည်ကြီးများအသင်းသည် သံမဏိ၊ သတ္တုပျော့များကို အရည်ကျိုကာ မှော်သလင်းကျောက်များကို သန့်စင်ပေးနိုင်သည့် တစ်ခုတည်းသော ကုမ္ပဏီ ဖြစ်သောကြောင့် ဖြစ်သည်။

ထို့နောက် ကန်ဒရာအင်ပါယာသည် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများစွာရှိသည့်အချက်ကိုပါ ပေါင်းထည့်လိုက်လျှင် Frestech ကုန်သည်ကြီးများအသင်းသည် ကန်ဒရာ အင်ပါယာထံမှ အကန့်အသတ်မရှိ ပစ္စည်းများကို ၀ယ်ယူနိုင်သည်။

သို့သော် ၎င်းတို့သည် ဦးစားပေး ဆက်ဆံမှုကို ခံယူခဲ့လျှင်ပင် ကုန်ကြမ်းများ၏ ဈေးနှုန်းများက မြင့်တက်နေဆဲဖြစ်ရာ ၎င်းက ၎င်းတို့ မှော်စက်များ၏ ကုန်ကျစရိတ်ကို မြင့်တက်စေသည်။

Frestech ကုန်သည်ကြီးများအသင်းမှည ဤကဲ့သို့ဖြစ်နေပြီဖြစ်သောကြောင့် အခြားကုမ္ပဏီများနှင့် နိုင်ငံများအတွက် မည်သို့မည်ပုံဖြစ်မည်ကို တွေးကြည့်နိုင်ပါသည်။

ပစ္စည်းအလုံအလောက်ရှိသည့် နိုင်ငံများအတွက်တော့ အဆင်ပြေပါ၏။ သို့သော် ပစ္စည်းမရှိသည့် နိုင်ငံများအနေဖြင့် ဤပြဿနာကိုဖြေရှင်းဖို့ တခြားနည်းလမ်းရှာရမည်ဖြစ်သည်။

တွေ့ရအများဆုံးနှင့် အသုံးအများဆုံးနည်းလမ်းမှာ စစ်ပွဲပါပင်။

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၅၅။ ဆူပူအုံကြွနေသော နယ်မြေကြီး

သက္ကရာဇ် ၃၈၀၀၊ ရာစုသစ်၏ ပထမဆုံးနှစ်မှာ ငြိမ်းချမ်းလှသည့် နှစ်တစ်နှစ်တော့ မဟုတ်ပေ။

သို့မဟုတ် ပြောရလျှင် ဤနှစ်၏ ဒုတိယပိုင်းမှာ မငြိမ်းချမ်းလှပေ။

ဇူလိုင်လသို့ ရောက်လာသည်နှင့် လူတစ်ယောက်မှာ အပူဒဏ်ကို မခံနိုင်တော့သည်အထိ အင်မတန်ပူအိုက်လာချိန်တွင် ဆူပူအုံကြွမှု၏ ပထမအဖြတ်က အရှေ့တောင်ပိုင်း၌ ဖြစ်ပွားခဲ့ပါ၏။

မြောက်ပိုင်း အိမ်နီးချင်းနိုင်ငံများကို ကျူးကျော်ပြီးနောက် နှစ်များစွာ ကြာအောင် ငြိမ်းချမ်းနေခဲ့သော နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံမှာ ရုတ်တရတ် ၎င်းတို့၏ မြောက်ပိုင်းအိမ်နီးချင်းနိုင်ငံများအပေါ် တစ်ဖန် စစ်ပွဲကို စတင်ခဲ့သည်။

ဤတစ်ကြိမ်တွင် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံမှာ မြောက်ပိုင်းနယ်စပ်၌ အင်မတန်သမားရိုးကျသည့် ပဋိပက္ခတစ်ခုကို သုံးခဲ့၏။

သို့သော်လည်း စစ်ပွဲစတင်ချိန်တွင် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံမှာ ဤပဋိပက္ခလေးကို ဖြေရှင်းဖို့ မကြိုးပမ်းဘဲ အလုံးစုံစစ်ပွဲကို စတင်လိုက်သည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် အလုပ်တွဲလုပ်ခြင်းမှ ရထားသော စစ်ဘက်သုံးမှော်စက် ပမာဏကြီးကြောင့် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံ၏ စစ်တပ်မှာ အနီးဝန်းကျင်နိုင်ငံများအကြားတွင် အားအကောင်းဆုံးဖြစ်သည်။

၎င်းတို့ထံရှိ အားကောင်းသော ဘဏ္ဍာငွေများကိုပါ ထည့်ပေါင်းလိုက်သော် တစ်လနှင့် ဆယ်ရက်အတွင်းမှာတင် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံမှာ မြောက်ပိုင်းမှ နယ်မြေနှစ်ခုကို အပြီးအပြတ် ပိုင်ဆိုင်ခဲ့သည်။ ၎င်းတို့မှာ စစ်ပွဲဆင်နွှဲခဲ့သည့် နိုင်ငံတစ်နိုင်ငံ၏ တစ်ဝက်ကိုလည်း ဝါးမြိုထားသည်။

နယ်မြေနှစ်ခုမှာ ၎င်းတို့ကိုယ်တိုင် အရှုံးပေးခဲ့ပြီး ပိုင်နက်တစ်ဝက် ဆုံးရှုံးသွားသော နိုင်ငံက ထိခိုက်မှုကြီးစွာ ခံရကာ ပြန်မကောင်းလာတော့ပေ။

တစ်ချိန်တည်းမှာပင် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံ၏ တောင်ပိုင်းမှ ၁ထောင်ကီလိုမီတာအောက် ဝေးကွာသော ဝေးလ်နယ်မြေကလည်း ဒီတိုင်း လက်ပိုက်ကြည့်မနေခဲ့ချေ။

ဇူလိုင်လလယ်တွင် ဝေးလ်နယ်မြေမှာ စစ်ပင်မကြေငြာဘဲ အရှေ့ဘက်မှာ တိုမောနယ်မြေကို ကျူးကျော်တိုက်ခိုက်ခဲ့သည်။

လတစ်ဝက်အတွင်း တိုမောနယ်မြေမှာ ၎င်းတို့၏ ရှုံးနိမ့်မှုကို ကြေငြာခဲ့ပြီး ဝေးလ်နယ်မြေ၏ အမည်အောက်သို့ ကျရောက်ခဲ့ရ၏။

ဇူလိုင်လအဆုံး၌ မားလိုအင်ပါယာမှာ နယ်စပ်ပဋိပက္ခကို အယောင်ပြ၍ အနောက်တောင်ဘက်ရှိ ဒူရိန်းတိုင်းပြည်ကို ကျူးကျော်ရန် စစ်တပ်တစ်တပ်စေလွှတ်ခဲ့သည်။

ဒူရိန်းတိုင်းပြည်မှာ Frestech ကုန်သည်ကြီးများအသင်းအရ တတိယအဆင့်မှော်စက်နယ်ပယ်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကာ စစ်ဘက်သုံးမှော်စက် ပမာဏကြီးတစ်ခု ရှိသော်လည်း ၎င်းတို့မှာ မားလိုအင်ပါယာလို အင်ပါယာကြီးတစ်ခုနှင့် မယှဉ်နိုင်ပေ။

တစ်လခွဲကြာ အခက်အခဲကြီးနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ဒူရိန်းတိုင်းပြည်လည်း မားလိုအင်ပါယာကို အရှုံးပေးခဲ့သည်။ ၎င်းတို့မှာ နယ်စပ်ရှိ နယ်မြေ ၁သိန်း ၃သောင်း စတုရန်းကီလိုမီတာအား မားလိုအင်ပါယာထံ ပေးအပ်၍ ၎င်းတို့၏ ပြည်တွင်း သတ္တုတွင်းထွက်ရင်းမြစ်များအားလုံးကို ဖွင့်လှစ်ပေးမည်ဟု ကြေညာခဲ့သည်။

ဩဂုတ်လလယ်တွင် ကန်ဒရာအင်ပါယာသည်လည်း နောက်ကျ မကျန်လိုတော့ဘဲ စတင် လှုပ်ရှားတော့သည်။

သို့သော် ကန်ဒရာအင်ပါယာက စစ်ပွဲကို မစတင်ပါချေ။ ၎င်းတို့မှာ လူထုထံသို့ နော်တွန်နယ်မြေက ကန်ဒရာအင်ပါယာထဲသို့ ဝင်ရောက်ပေါင်းစပ်မည်ဖြစ်ကာ ကန်ဒရာအင်ပါယာ၏ အနောက်တောင်ပိုင်းခရိုင်မှ တစ်စိတ်တပိုင်း ဖြစ်လာမည်ဖြစ်ကြောင်း ကြေငြာခဲ့၏။

ဤသတင်းပျံ့နှံ့သွားချိန်တွင် ၎င်းက အနောက်တောင်ဘက်ရှိ နိုင်ငံများကို ထိတ်လန့်သွားစေသည်။

နော်တွန်နယ်မြေမှာ နယ်မြေအသေးစားလေးတစ်ခုသာ ဖြစ်သော်လည်း အင်မတန် ထူးခြားသည့် အနေအထား၌ ရှိသည်။ ၎င်းက ကန်ဒရာအင်ပါယာနှင့် နိုင်ငံပေါင်းများစွာ အကြား၌ ရှိနေခြင်းပင်။

အနောက်တောင်ပိုင်းရှိ နိုင်ငံများမှာ အရှေ့ သို့မဟုတ် မြောက်ဘက်သို့ သွားလိုလျှင် တောင်ပိုင်းပင်လယ်ပြင်မှ ၁ထောင်ကီလိုမီတာကျော်နှင့် နော်တွန်နယ်မြေရှိ အခြားလမ်းကြောင်းနှစ်ကြောင်းလုံးကို ဖြတ်သွားရပေမည်။

၎င်းကြောင့် နော်တွန်နယ်မြေအား ထိုနိုင်ငံများမှ နယ်မြေပြီး၏ အနောက်တောင်ပိုင်း လမ်းကြောင်းဟု အသိအမှတ်ပြုထားကြ၏။ ၎င်းမှာ အနောက်တောင်နိုင်ငံများကို ကန်ဒရာအင်ပါယာကျူးကျော်လာခြင်းမှ တားဆီးပေးထားသည့် အဓိကဂိတ်များအနက် တစ်ခုလည်းဖြစ်ပါ၏။

နောက်တစ်ခုမှာ သဘာဝကျကျပင် ရူဒ်ဆန်တိုင်းပြည်ဖြစ်သည်။

နော်တွန်နယ်မြေက ကန်ဒရာအင်ပါယာကို ဝင်ရောက်ပြီးနောက် စိတ်လှုပ်ရှားရဆုံးမှာ ရူဒ်ဆန်တိုင်းပြည်ဖြစ်၏။

အဘယ့်ကြောင့်ဆိုသော် ၎င်းမတိုင်ခင်က ရူဒ်ဆန်တိုင်းပြည်နှင့် ကန်ဒရာအင်ပါယာအကြား တစ်ခုတည်းသော နယ်စပ်မှာ ရူဒ်ဆန်တိုင်းပြည် အရှေ့ပိုင်းတွင်ဖြစ်ကာ ၎င်းမှာ ကန်ဒရာအင်ပါယာ၏ အနောက်တောင်နယ်မြေ အစိတ်အပိုင်းလေးတစ်ခု ဖြစ်လာခဲ့သည်။

ကန်ဒရာအင်ပါယာမှ ရူဒ်ဆန်တိုင်းပြည်ကို ယခင်က နှစ်ကြိမ် ကျူးကျော်ရာတွင် ရူဒ်ဆန်တိုင်းပြည်အနေဖြင့် ဤကျူးကျော်မှုကို ခုခံနိုင်ခဲ့သော အဓိကအကြောင်းအရင်းက စစ်မြေပြင်တွင် အားသာချက်ရရှိစေရန် စစ်ဘက်သုံးမှော်စက်များစွာ ပေးအပ်ခဲ့သော Frestech ကုန်သည်ကြီးများအသင်းကြောင့် ဖြစ်ပါသော်လည်း မြေမျက်နှာသွင်ပြင်ကလည်း အင်မတန် အရေးကြီးသည့် ကဏ္ဍ၌ ပါဝင်နေသည်။

ယခုတွင် နော်တွန်နယ်မြေမှာ ကန်ဒရာအင်ပါယာထံမှ သိမ်းပိုက်ခံလိုက်ရရာ ၎င်းက နော်တွန်နယ်မြေနှင့် ရူဒ်ဆန်တိုင်းပြည်အကြား နယ်စပ်လေးက ကန်ဒရာအင်ပါယာနှင့် ရူဒ်ဆန်တိုင်းပြည်အကြား နယ်စပ်ဖြစ်လာသော အဓိပ္ပာယ်ပါပင်။ ၎င်းက ရူဒ်ဆန်တိုင်းပြည်၏ မြောက်ဘက်ပိုင်းအား ကန်ဒရာအင်ပါယာထံ ဖွင့်ပြလိုက်ရသော အဓိပ္ပာယ်ဖြစ်၏။

ရူဒ်ဆန်တိုင်းပြည်ထံ၌ စစ်ဘက်သုံးမှော်စက်များနှင့် ပတ်သက်လာလျှင် အားသာချက်ရှိပါလျှင်တောင် ယခင်က ကန်ဒရာအင်ပါယာထံမှ ကျူးကျော်မှုကို ခုခံရန်ကပင် ခက်ခဲနေပြီးသားဖြစ်သည်။

ယခုတွင် မြောက်ပိုင်းသို့ သွားသည့် ဂိတ်ကို ဖွင့်လိုက်ရရာ ရူဒ်ဆန်တိုင်းပြည်မှာ ၎င်းတို့၏ မြေမျက်နှာသွင်ပြင် အနေအထားအားသာမှုကို ဆုံးရှုံးသွား၏။ ထို့နောက် ကန်ဒရာအင်ပါယာကလည်း လွန်ခဲ့သည့် နှစ်များအတွင်း Frestech ကုန်သည်ကြီးများအသင်းနှင့် နီးကပ်စွာ အလုပ်တွဲလုပ်လာခဲ့ပြီး စစ်ဘက်သုံးမှော်စက်များ အတော်လေး ရရှိထားရာ ရူဒ်ဆန်တိုင်းပြည်၏ အားသာချက်က များစွာ သေးငယ်သွားခဲ့သည်။

ထို့ကြောင့် နော်တွန်နယ်မြေက ကန်ဒရာအင်ပါယာသို့ ဝင်ရောက်ကြောင်း သတင်းမှာ ရူဒ်ဆန်တိုင်းပြည်အတွက် အင်မတန် အန္တရာယ်များလှသော သတင်းပါပင်။

ကန်ဒရာအင်ပါယာသာ ကျူးကျော်လိုလျှင် ရူဒ်ဆန်တိုင်းပြည်၏ လက်ရှိ အင်အားနှင့် ၎င်းတို့၏ ကံကြမ္မာက ဒုက္ခတွေ့ဖို့သာ ရှိ၏။

"စိုးရိမ်ဖို့ မလိုပါဘူး။ ကန်ဒရာအင်ပါယာက လက်ရှိမှာ ခင်ဗျားတို့အပေါ် ဘာအကြံမှ မရှိလောက်သေးဘူး" ရှုယီမှာ ရူဒ်ဆန်တိုင်းပြည်၏ လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ ဒုခ် ဘိုရစ်၏ စိုးရိမ်နေပုံကိုကြည့်၍ ခေါင်းခါလိုက်၏။

ဤအကြိမ်၌ ရူဒ်ဆန်တိုင်းပြည်မှာ ရှုယီနှင့် တွေ့ဆုံရန် ဘုရင်ကြီးတဲရုစ်၏ လက်အောက်မှ အရေးအပါဆုံးပုဂ္ဂိုလ်ဖြစ်သည့် ဒုခ် ဘိုရစ်ကို စေလွှတ်ခဲ့သည်က ရူဒ်ဆန်တိုင်းပြည်မှာ ဤပြဿနာကို အင်မတန် စိုးရိမ်နေကြောင်း ပြသနေသည်။

"သူတို့က ကျုပ်တို့အပေါ် ဘာအကြံမှ မရှိဘူးတဲ့လား?" ဒုခ် ဘိုရစ်က အံ့ဩသွားပြီးနောက် ခါးသက်သက်ပြုံး၍ ခေါင်းခါ၏၊ "ဥက္ကဌရှု၊ ကျုပ်တို့ ရူဒ်ဆန်တိုင်းပြည်က အရင်တုန်းက ကန်ဒရာအင်ပါယာနဲ့ ပဋိပက္ခဖြစ်ပြီး စစ်တောင်တိုက်ခဲ့ရတာမို့လို့ ရန်ညှိုးက နက်ရှိုင်းတယ်လေ။ ကန်ဒရာအင်ပါယာမှာသာ အခွင့်အရေးရှိရင် သေချာပေါက် ကျူးကျော်ဖို့ကို တုံ့ဆိုင်းနေမှာ မဟုတ်ဘူး"

"သခင် ဒုခ်, ခင်ဗျားက ကျုပ်ထက်ပိုပြီး စစ်ပွဲရဲ့ အနှစ်သာရဟာ အကျိုးအမြတ်ဆိုတာကို ကောင်းကောင်းသိမှာပါ။ ကန်ဒရာအင်ပါယာအနေနဲ့ အရင်က ရူဒ်ဆန်တိုင်းပြည်ကို ကျူးကျော်ခဲ့တာကလည်း အင်ပါယာရဲ့ ဂုဏ်သိက္ခာကို စောင့်ကြပ်ဖို့ သပ်သပ်ပဲလို့ ပြောရရင် ခင်ဗျားတောင် ယုံပါ့မလား?"

ဒုခ် ဘိုရစ်မှာ တည်ငြိမ်နေဟန်ဖြင့် ခေါင်းငြိမ့်လာ၏၊ "ဒါပေါ့။ ကန်ဒရာအင်ပါယာက သဘာဝကျကျပဲ ကျုပ်တို့ ရူဒ်ဆန်တိုင်းပြည်ရဲ့ ပိုင်နက်ကို လိုချင်နေတာလေ"

"ဒီတော့ သူတို့မှာ အခုလည်း အဲ့လိုအကြံရှိနေဦးမယ်လို့ ထင်လား?" ရှုယီက မေးသည်။

"ဒါပေါ့" ဒုခ် ဘိုရစ်မှာ အသာမျက်မှောင်ကုပ်လိုက်ရင်း ရှုယီကို ကြည့်လာ၏၊ "ဥက္ကဌရှု၊ ပိုင်နက်အတွက်ပဲဆိုတာ အရမ်းကို ပုံမှန်ပဲ မဟုတ်ဘူးလား? ဘယ်နိုင်ငံမှာမဆို ဒီအကြံက ရှိမှာမို့လို့ ကန်ဒရာအင်ပါယာလို ဧရာမအင်ပါယာကြီးဆိုရင် ပြောနေဖို့တောင် မလိုဘူး"

"ဒါက အရင်ကပါ၊ ဒါပေမယ့် အခုတော့ မသေချာတော့ဘူး" ရှုယီက ခေါင်းခါ၏။ ခဏမျှ ရပ်တန့်လိုက်ပြီးနောက် သူဟာ အလေးအနက်ပုံစံဖြင့် ပြောလာသည်၊ "သခင် ဒုခ်, ခင်ဗျား မကြားချင်လောက်မယ့် အရာကို ပြောပြမယ်။ ခင်ဗျားအနေနဲ့... ခင်ဗျားတို့ ရူဒ်ဆန်တိုင်းပြည်ရဲ့ ပိုင်နက်က ကန်ဒရာအင်ပါယာ အလိုရှိမယ့် တန်ဖိုးတစ်ခုခုကို ပိုင်ဆိုင်ထားတယ်လို့ထင်လား?"

ဒုခ် ဘိုရစ်မှာ ရှုယီကို ရှုပ်ထွေးစွာကြည့်လာသည်။

"ဥက္ကဌရှု ခင်ဗျားရဲ့ မေးခွန်းက နည်းနည်း... ထူးဆန်းနေတယ်။ နိုင်ငံတစ်နိုင်ငံအတွက် နယ်မြေပိုင်ဆိုင်ချင်တာက ပုံမှန်ပဲ မဟုတ်ဘူးလား?"

"ဒါပေမယ့် အဲဒီ့နယ်မြေက ဘာအကျိုးအမြတ်ကိုမှ မယူလာပေးဘဲ တန်ကြေးကြီးကြီးပေးဆပ်ရမယ်ဆိုရင်ရော အဲ့လိုလုပ်ချင်တဲ့ လူတို့ နိုင်ငံတို့က ရှိနေဦးမှာလား?"

ဒုခ် ဘိုရစ်မှာ မျက်မှောင်ကုပ်လိုက်ပြီး အတန်ကြာစဉ်းစားနေသော်လည်း ရှုပ်ထွေးဟန်ရှိနေဆဲပင်။

"ဥက္ကဌရှု ခင်ဗျားရဲ့ ဆိုလိုရင်းက ကျုပ်တို့ရဲ့ ရူဒ်ဆန်တိုင်းပြည်အနေနဲ့ လက်ရှိမှာ ကန်ဒရာအင်ပါယာအတွက် ဘာတန်ဖိုးမှမရှိတာမို့လို့ ကျုပ်တို့ကို ကျူးကျော်တိုက်ခိုက်ဖို့အတွက် တန်ကြေးကြီးကြီးကို ပေးဆပ်မှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်လား?"

"ကျုပ်လည်း ၁၀၀%တော့ မသေချာပေမယ့် ဒီလိုပဲ ဖြစ်လောက်တယ်။" ရှုယီက ခေါင်းငြိမ့်၍ ဆို၏၊ "ကျုပ်ရဲ့ ရှုထောင့်ကနေဆိုရင် ခင်ဗျားတို့ ရူဒ်ဆန်တိုင်းပြည်ရဲ့ သတ္တုတွင်းထွက်ရင်းမြစ်တွေက ကြွယ်ဝနေတဲ့ အထိမဟုတ်သလို တခြား ထုတ်ကုန်တွေကလည်း ပုံမှန်ပဲလေ။ တစ်ခုတည်းသော တန်ဖိုးက ခင်ဗျားတို့ရဲ့ တောင်ဘက်က ပင်လယ်ပြင်တွေနဲ့ ချိတ်ဆက်နေတာပဲ။ ကန်ဒရာအင်ပါယာမှာက ဒါတွေ လိုနေတာမဟုတ်တော့ သူတို့အတွက် ခင်ဗျားတို့ရဲ့ ရူဒ်ဆန်တိုင်းပြည်အပေါ် ဒီလိုတန်ကြေးကို ပေးဖို့အထိ တန်ဖိုးကြီးမနေဘူး။"

"ဒါပေမယ့်... နယ်မြေကတင် တန်ဖိုးရှိတယ်လေ..."

ဒုခ် ဘိုရစ်က သူ၏ အတွေးများအား နားမလည်နိုင်ဖြစ်နေသည်ကို မြင်သော် ရှုယီမှာ အနည်းငယ် ကူရာမဲ့သွားရသည်။

၎င်းမှာ သူ့လို ကမ္ဘာမြေကြီးမှ ကူးပြောင်းလာသူနှင့် စိုင်စ်နယ်မြေကြီး၏ ဒေသခံတို့ အကြားမှ အကြီးမားဆုံး အတွေးအယူအဆ ကွာခြားချက်ကြီးဖြစ်သည်။

စိုင်စ်နယ်မြေကြီး၏ ပြည်သူများအတွက် မြေမှာ ဆန်စပါးများကို ထုတ်လုပ်ပေးနိုင်သောကြောင့် အရေးပါဆုံးအရာဖြစ်၏။ သဘာဝကျကျပင် မြေပိုများပါက ကောက်ပဲသီးနှံပိုများများရပြီး လူများများအား ပိုမိုထောက်ပံ့ပေးနိုင်သည့် အဓိပ္ပာယ်ပင်။

ထို့ကြောင့် စိုင်စ်နယ်မြေကြီး၏ လူများမှာ ရနိုင်သမျှ မြေကွက်များကို ရသလောက်လိုချင်ကြသောကြောင့် နိုင်ငံအားလုံးမှာ ၎င်းတို့၏ ပိုင်နက်များကို တိုးချဲ့လိုလာကြသည်။

ဤအယူအဆမှာ တိုးတက်မှာ တိုးတက်နေဆဲ နေရာတစ်ခုအတွက် ပုံမှန်ပါပင်၊ ယခင်က ကမ္ဘာမြေကြီးကဲ့သို့ စိုင်စ်နယ်မြေကြီးကလည်း ချွင်းချက်မဟုတ်ပေ။

သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ ပေါ်ထွက်လာမှုကြောင့် စိုက်ပျိုးရေးသုံးမှော်စက်ပမာဏများစွာအား ထုတ်လုပ်ပြီး နတ်သူငယ်များနှင့်အတူ မြေဩဇာကို ထုတ်လုပ်ပေးကြသလို အခြားကောက်ပဲသီးနှံများက ဓာတုများ တိုးမြှင့်လာကာ စိုင်စ်နယ်မြေကြီးရှိ နိုင်ငံများ၏ သီးနှံ အထွက်နှုန်းက ယခင်ကနှင့်ယှဉ်လျှင် ပိုတိုးလာသည်။

၎င်းကပင် အရေးပါဆုံးပြဿနာကို ဖြေရှင်းပေးသော်လည်း ဒုခ် ဘိုရစ်ထံ၌ ရှေးရိုးစွဲ အတွေးများရှိနေသေးကာ ရှုယီမှာ မည်သည့်မှ မပြောနိုင်ပေ။

စဉ်းစားပြီးနောက် ရှုယီမှာ ပိုင်နက်က နိုင်ငံတစ်ခုအတွက် အရေးပါမပါကို ဒုခ် ဘိုရစ်နှင့် ငြင်းခုန်မနေတော့ဘဲ ပြောလိုက်၏၊ "ဒီလိုဆိုရင်ရော? သခင် ဒုခ်, ကျေးဇူးပြုပြီး အရှင်မင်းမြတ်ကို ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ရူဒ်ဆန်တိုင်းပြည်ဆိုတာက ရင်းနှီးတဲ့ တွဲဖက်တွေပါလို့ ပြောပေးလို့ရမလား။ ရူဒ်ဆန်တိုင်းပြည်သာ ပြဿနာတစ်ခုခုနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကလည်း လျစ်လျူရှုနေမှာ မဟုတ်ပါဘူး"

၎င်းကို ကြားသော် ဒုခ် ဘိုရစ်၏ မျက်လုံးများ တောက်ပကာ ဝမ်းမြောက်မှုတို့ ပြည့်သွားသည်။

သူ၏ ဤနေရာသို့ လာရောက်သော ရည်ရွယ်ချက်မှာ Frestech ကုန်သည်ကြီးများအသင်း၏ ထောက်ပံ့မှုကို ရရှိရန်ဖြစ်၏။

သို့သော် ရှုယီက ဤမျှ မြန်မြန်ကတိပေးလာလိမ့်မည်ဟု သူထင်မထားပေ။ အရေးအကြီးဆုံးမှာ သူဟာ မရေမရာလုပ်မနေဘဲ အသေအချာ ရှင်းရှင်းလင်းလင်းပြောလာခြင်းဖြစ်၏။

"ဥက္ကဌ ရှုဆီကနေ ဒီကတိကို ရနိုင်တာမို့လို့ အရှင်မင်းမြတ်က အရမ်းကို ဝမ်းသာနေမှာပါ။" ဒုခ် ဘိုရစ်မှာ ရှုယီ၏ လက်များကို ဆုပ်ကိုင်၍ အားအပြည့်ဖြင့် ခါယမ်းလိုက်သည်၊ "ဥက္ကဌရှု၊ ရူဒ်ဆန်တိုင်းပြည်က အမြဲတမ်း Frestech ကုန်သည်ကြီးများအသင်းရဲ့ အကောင်းဆုံး တွဲဖက်ဖြစ်နေမှာပါ!"

ရှုယီမှာ မျက်နှာထက် တူညီသည့် အပြုံးရှိနေသော်လည်း စိတ်ထဲ၌ သက်ပြင်းချလိုက်မိသည်။

Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အခြေစိုက်ဌာနနှင့် ကန်ဒရာအင်ပါယာအကြားရှိ ဗျူဟာမြောက်ကြားခံနယ်မြေကို ထိန်းသိမ်းဖို့အတွက် မဟုတ်ပါလျှင် သူဟာလည်း ဤသို့ တိကျသည့် သဘောတူညီမှုကို ပေးမည်မဟုတ်ပေ။

***

Vol 7, အခန်း ၅၆။ Frestech ကုန်သည်ကြီးများအသင်းကို မတိုက်ခိုက်ပါနှင့်

ရှုယီအနေဖြင့် ရူဒ်ဆန်တိုင်းပြည်ကို ထောက်ပံ့မည်ဖြစ်ကြောင်း ကတိပေးခဲ့ခြင်းမှာ အပြောသက်သက်သာမဟုတ်ပေ။

သူနှင့် ဒုခ် ဘိုရစ်တို့ တွေ့ဆုံကြပြီးနောက် တစ်ပါတ်အကြာတွင် Frestech ကုန်သည်ကြီးများအသင်းနှင့် ရူဒ်ဆန်တိုင်းပြည်တို့မှာ ရူဒ်ဆန်တိုင်းပြည်၏ အရှေ့မြောက်ဘက်ရှိ သံသတ္တုတွင်း ၂တွင်းနှင့် မှော်သလင်းကျောက်တွင်း ၄တွင်းတို့အား Frestech ကုန်သည်ကြီးများအသင်းကို ရောင်းချလိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့သည်။

ဤထုတ်ပြန်ချက်က Frestech ကုန်သည်ကြီးများအသင်း၏ ဘဏ္ဍာရေးအခြေနေနှင့် သတ္တုတွင်းများစွာ ဝယ်ယူရန် ပြဿနာမဟုတ်သောကြောင့် မူလ၌ ထိုမျှ ထူးခြားပုံမပေါ်ခဲ့ပေ။

ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်တွင်း သတ္တုတွင်းထွက်ရင်းမြစ်များကို တရစပ်စုဆောင်းနေခဲ့သည်။ မပြီးပြည့်စုံသေးသည့် အချက်အလက်အစီရင်ခံစာတစ်ခုအရ Frestech ကုန်သည်ကြီးများအသင်း ထိန်းချုပ်ထားသည့် သံသတ္တုတွင်းများမှာ သိသိသာသာ ဖြစ်စေ လျှို့ဝှက်၍ ဖြစ်စေ ၃၀၀ကျော်မထိ ရှိသည်။ ၎င်းတို့မှာ နယ်မြေကြီးတွင် သံသတ္တုရိုင်းနှင့် အခြားသတ္တုတွင်းထွက်ရင်းမြစ်များ အများဆုံးရှိသော ကုမ္ပဏီဟုပင် ဆိုနိုင်သည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်ပြန်သည့် နောက်ပိုင်း ကြေငြာချက်၌ ထိုကိစ္စနောက်ကွယ်မှ အမှန်တရားကို ပြသခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းမှာ ထိုသတ္တုတွင်းများကို ပိုမိုကောင်းမွန်အောင် ဖွံ့ဖြိုးတိုးတက်စေရန် အလို့ငှာ Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် ၎င်းတို့ အစောင့်တပ်ခွဲတစ်ခုအား ထိုသတ္တုတွင်း ၆တွင်းကို စောင့်ကြပ်ရန် စေလွှတ်မည်ဟု ဖော်ပြခဲ့၏။ ၎င်းတို့မှာ ထိုသတ္တုတွင်းများကို ကာကွယ်ရန် ရူဒ်ဆန်တိုင်းပြည်၏ ပြည်တွင်း စစ်တပ်နှင့်အတူ လက်တွဲလုပ်ဆောင်မည်ဖြစ်သည်။

အစောင့်များအတွက် ထောက်ပံ့ပေးရန် အလို့ငှာ Frestech ကုန်သည်ကြီးများအသင်းမှာ ထိုသတ္တုတွင်း ၆တွင်း၏ ဗဟိုချက်၌ အခြေစိုက်ဌာနတစ်ခုကိုလည်း တည်ဆောက်မည်ပင်။

၎င်းကို အခြေခံရုံနှင့်တင် ထိုမျှ ထူးခြားနေပုံမရသေးပေ။

သို့သော် မြေပုံကို သေချာကြည့်လိုက်လျှင် Frestech ကုန်သည်ကြီးများအသင်းမှ အခြေစိုက်ဌာန တည်ဆောက်မည့် နေရာမှာ ယခင် နော်တွန်‌နယ်မြေနှင့် ထိစပ်နေသည့် နေရာမှ ငါးဆယ်ကီလိုမီတာအောက်သာ ကွာဝေးသည်ကို သတိပြုမိလိမ့်မည်။

နော်တွန်‌နယ်မြေအား ကန်ဒရာအင်ပါယာက သိမ်းပိုက်ပြီးဖြစ်သောကြောင့် Frestech ကုန်သည်ကြီးများအသင်း အခြေစိုက်ဌာနကို တည်ဆောက်ပြီးသည်နှင့် ၎င်းမှာ ကန်ဒရာအင်ပါယာနှင့် ငါးဆယ်ကီလိုမီတာသာ ဝေးကွာတော့မည်ဖြစ်သည်။

နယ်မြေကြီး၏ အခြေနေကို နားလည်ကြသူများမှာ Frestech ကုန်သည်ကြီးများအသင်း၏ အခြေစိုက်ဌာနကို တည်ဆောက်လိုက်သည်နှင့် ၎င်းမှာ ကန်ဒရာအင်ပါယာ၏ ရှေ့မှောက်ရှိ ခံတပ်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်းကို အလွယ်လေးမြင်နိုင်ကြသည်။

ကန်ဒရာအင်ပါယာနှင့် ရူဒ်ဆန်တိုင်းပြည်တို့၏ နယ်စပ်မှာ ထိုမျှ မတိုတောင်းလှသော်လည်း ကန်ဒရာအင်ပါယာအင်ပါယာအနေဖြင့် ရူဒ်ဆန်တိုင်းပြည်သို့ အလွယ်လေး ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော နေရာမှာ အရှေ့ဘက်နယ်စပ်နှင့် အနောက်ဘက်နယ်စပ်တို့ဖြစ်သည်။

ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက ဤအခြေစိုက်ဌာနကို နယ်စပ်၌ တည်ဆောက်မည်ဖြစ်ပြီး စောင့်ကြည့်ရန် အစောင့်များထားမည်ဖြစ်ရာ ၎င်းက ထိုနေရာသို့ Frestech ကုန်သည်ကြီးများအသင်း၏ သဘောတူညီမှုမပါဘဲ ဝင်ရောက်မည့် လူတိုင်းမှာ ရန်သူဖြစ်ကြောင်း ပြောပြနေသည်။ ၎င်းက တားမြစ်နယ်မြေတစ်ခု တည်ထောင်သည်နှင့် ညီမျှ၏။

ကန်ဒရာအင်ပါယာကသာ ရူဒ်ဆန်တိုင်းပြည်ကို ဤလမ်းကြောင်းမှာ ကျူးကျော်ရန် ကြိုးစားပါလျှင် သေချာပေါက် Frestech ကုန်သည်ကြီးများအသင်း အစောင့်များ၏ နယ်နိမိတ်သို့ ဝင်ရောက်ရမည်သာ။

မည်သူမဆို Frestech ကုန်သည်ကြီးများအသင်းက ထိုသို့ လုပ်ဆောင်သည်မှာ ကန်ဒရာအင်ပါယာအား သတိပေးနေခြင်းဖြစ်ကြောင်း မြင်နိုင်သည်။

…..

"ဒါက ကုမ္ပဏီလေးတစ်ခုပဲကို ဒီလို မောက်မာပြရဲတယ်ပေါ့!"

ဧကရာဇ် ကန်ဒရာမှာ မျက်နှာထက်၌ မှောင်မိုက်နေရင်း လက်ထဲရှိ အစီရင်ခံစာကို ဖတ်ရှုနေ၏။ သူ၏ မျက်လုံးများထဲ၌ အေးစက်စက်အကြည့်တို့ရှိနေကာ ဒေါသတကြီးဖြင့် နှာမှုတ်လိုက်သည်။

"ဒီရှုယီက တကယ်ပဲ စစ်ဘက်သုံးမှော်စက်လေး နည်းနည်းကြောင့်နဲ့ ဒီလို ပြုမူလို့ရမယ်လို့ ထင်နေတယ်ပေါ့လေ?"

ကန်ဒရာအင်ပါယာ၏ ခေါင်းဆောင်တပ်ကြပ်ကြီးဖြစ်သူ အင်ပါယာထိပ်တန်းအရာရှိ ကမ်ဘယ် ဆူမန်က သက်ပြင်းချလိုက်၏။

"နှမျောစရာပါ၊ ဒါပေမယ့် အရှင်မင်းမြတ်၊ ဒါက အမှန်တရားပါပဲ။ ခေါင်းဆောင်မှော်ပညာရှင်တွေတောင် Frestech ကုန်သည်ကြီးများအသင်းရဲ့ စစ်ဘက်သုံးမှော်စက်တွေကို မခုခံနိုင်တာမို့လို့ သာမာန်စစ်တပ်က သူတို့ကို ခုခံဖို့ ပိုလို့တောင် ဖြစ်နိုင်ချေမရှိပါဘူး။ ဒါကြောင့်မို့ စစ်ရေးအင်အားကို အခြေခံရရင် ဒါက ကျွန်တော်မျိုးတို့ ကန်ဒရာအင်ပါယာတစ်ဦးတည်းတင်မကဘဲ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တွေကို နယ်မြေကြီးမှာ ဘယ်သူကမှ မကိုင်တွယ်နိုင်ပါဘူး။”

"ဒါပေမယ့် သူတို့က နောက်ဆုံးကျတော့လည်း ကုမ္ပဏီလေးတစ်ခုသာသာပဲ မဟုတ်လား?" ဧကရာဇ် ကန်ဒရာက မေးသည်၊ "ငါတို့တွေအနေနဲ့ လူဦးရေက အပြတ်အသတ်သာလွန်နေတာတောင် ကုမ္ပဏီတစ်ခုကို ဖြည်းဖြည်းချင်း ဖြုတ်ချလို့ မရနိုင်ဘူးလား?"

"ဒါက မဖြစ်နိုင်ပါဘူး။" ထိပ်တန်းအရာရှိ ဆူမန်က ခေါင်းခါသည်၊ "အရှင်မင်းမြတ်၊ စစ်ဌာနချုပ်က ဒီအတွက် အသေးစိတ်တွက်ချက်မှုတွေကို လုပ်ဆောင်ခဲ့ပြီးဖြစ်သလို နောက်ဆုံး ရလာဒ်တွေကလည်း ဒီလိုလုပ်ဖို့အတွက် ဖြစ်နိုင်ချေဟာ သုညနီးနီးပဲ ရှိပါတယ်တဲ့"

"ဘာလို့လဲ?"

"ပထမဆုံး ကျွန်တော်အရင်က ဒါကို ပြောခဲ့ဖူးပါတယ်။ Frestech ကုန်သည်ကြီးများအသင်းမှာ လူတွေ စိတ်ကူးတောင်မယဉ်နိုင်လောက်တဲ့ အင်အားကြီး စစ်ဘက်သုံးမှော်စက်တွေ ရှိတာမို့လို့ သာမန်စစ်တပ်တစ်တပ်က သူတို့ကို လူံးဝ ရင်မဆိုင်နိုင်ပါဘူး။ သူတို့ကို ခုခံနိုင်မယ့် တစ်ခုတည်းသော အရာက အဆင့်တူရှိတဲ့ စစ်ဘက်သုံးမှော်စက်တွေပါပဲ။ ကျွန်တော်မျိုးတို့ အင်ပါယာမှာ စစ်သည်တော် ဘယိလောက်ရှိရှိ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်‌တွေမှာ အထောက်အပံ့ရှိနေသရွေ့ သူတို့ကိုယ်သူတို့ အဓိပ္ပာယ်မရှိ သွားသေခိုင်းသလိုပဲ ဖြစ်နေမှာပါ"

"မောင်‌မင်းပြောချင်တာက အင်ပါယာစစ်တပ်ကလည်း Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တွေကို လုံးဝ မထိခိုက်စေနိုင်ဘူးပေါ့?"

ဤမေးခွန်းကို ကြားသော် ထိပ်တန်းအရာရှိ ဆူမန်မှာ ခဏမျှ တိတ်ဆိတ်သွားပြီး နောက်၌ အထီးကျန်ဆန်နေဟန်ဖြင့် သက်ပြင်းရှည်ကြီးချလာသည်။

"အရှင်မင်းမြတ်၊ ကျွန်တော့်အနေနဲ့ ဒါကို ဝန်မခံချင်ပေမယ့်လည်း ဒါက အမှန်ပါ"

ဧကရာဇ်ကန်ဒရာမှာလည်း ဤတစ်ကြိမ်၌ တိတ်ဆိတ်သွားတော့သည်။

မိနစ်ပေါင်းများစွာ ကြာပြီးနောက် သူဟာ ထပ်ပြောလာ၏။

"မင်းပြောတာ ဒါက ပထမဆုံး အကြောင်းအရင်းဆိုရင် တခြား အကြောင်းအရင်းတွေရော ရှိသေးတာလား?"

"ဟုတ်ပါတယ်" ထိပ်တန်းအရာရှိ ဆူမန်က ခေါင်းငြိမ့်၍ ဆက်ပြော၏၊ "အရှင်မင်းမြတ်၊ အရှင် အခုနက Frestech ကုန်သည်ကြီးများအသင်းကို ကျွန်တော်မျိုးတို့ရဲ့ လူဦးရေ သာလွန်မှုရယ် အထောက်အပံ့သာလွန်မှုရယ်နဲ့ ဖြည်းဖြည်းချင်း ဖြုတ်ချချင်တယ်လို့ ပြောခဲ့တယ်လေ။ ကျွန်တော့်အနေနဲ့ လူဦးရေသာလွန်မှုက ဘာအဓိပ္ပာယ်မှမရှိတာကို ပြောခဲ့တယ်မို့လား...."

"ဒီတော့ မင်းပြောချင်တာက ငါကိုယ်တော်တို့မှာ အထောက်အပံ့နဲ့ ပတ်သက်ပြီးလည်း အားသာချက်မရှိဘူးလို့လား? ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ငါကိုယ်တော်တို့က အင်ပါယာကြီးတစ်ခု ဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းက ကုမ္ပဏီလေးတစ်ခုသာသာပဲလေ!"

"အရှင်မင်းကြီး၊ ဒါက ဘာလို့လဲဆိုရင် Frestech ကုန်သည်ကြီးများအသင်းဆိုတာ အထောက်အပံ့နဲ့ ပတ်သက်လာရင် ပိုပြီး အဆင်ပြေလွယ်ကူတဲ့ တစ်ခုတည်းသော ကုမ္ပဏီမို့လို့ ကျွန်တော်တို့ထက်လည်း အားသာနေတာပါ။ ဒါပေါ့၊ အဓိက အကြောင်းအရင်းက ဒါတော့ မဟုတ်ဘဲ Frestech ကုန်သည်ကြီးများအသင်းရဲ့... အထောက်အပံ့အားသာချက်က ကျွန်တော့်အကြား စစ်ဘက်သုံးမှော်စက်တွေမှာ ခြားနားမှုက ပိုပြီးတောင် ကြီးမားနေတာပါပဲ"

"ဒီလိုလား?" ဧကရာဇ်ကန်ဒရာက မျက်မှောင်ကုပ်ရင်းဖြင့် မယုံကြည်နိုင်ဟန် အနည်းငယ်ကို ပြသနေသည်။

"အရှင်ဧကရာဇ်မင်းမြတ်၊ အထောက်အပံ့က ဘာကို ရည်ညွှန်းတယ်လို့ ထင်ပါလဲ?" ထိပ်တန်းအရာရှိ ဆူမန်က မေးလိုက်၏။

"ဒါက..." ဧကရာဇ်ကန်ဒရာမှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းခါသည်၊ "ငါကိုယ်တော်က စစ်သည်တော် မဟုတ်တာမို့လို့ ကောင်းကောင်း မဖော်ပြနိုင်ဘူး။ ဒါပေမယ့် အဲဒီ့ အထောက်အပံ့ဆိုတာတွေက အလုံအလောက်ပြင်ဆင်ထားရမယ့် အထောက်အပံ့တွေဖြစ်ပြီး စစ်သည်တွေဆီ ပို့ပေးရတာမျိုးပဲ"

"အရှင်မင်းမြတ်က အမျှော်အမြင်ကြီးမားလှပါတယ်။ အရှင် အခု ပြောခဲ့တာက ထောက်ပံ့ပို့ဆောင်ရေးရဲ့ အနှစ်သာရပါ။" ထိပ်တန်းအရာရှိ ဆူမန်က ချီးကျူးဟန် ခေါင်းတစ်ချက်အသာငြိမ့်၍ ဆက်ပြော၏၊ "ဒါပေမယ့် စဉ်းစားလိုက်ရင် Frestech ကုန်သည်ကြီးများအသင်းဟာ ဒီ လမ်းကြောင်းနှစ်ခုစလုံးနဲ့ ပတ်သက်လာတဲ့အခါမှာ စိုင်စ်နယ်မြေကြီးမှာရှိတဲ့ နိုင်ငံအားလုံးကို ကျော်လွန်နေပါတယ်။"

"အဲ့လောက်တောင် ဆိုးတာလား?"

"အဲ့‌လောက်တောင် မကပါဘူး။" ထိပ်တန်းအရာရှိ ဆူမန်က အလေးအနက်ဖြင့်ဆိုသည်၊ "Frestech ကုန်သည်ကြီးများအသင်းက သူတို့လက်အောက်မှာ စက်ရုံများစွာ ရှိတာမို့လို့ ဘယ်ထုတ်ကုန်တွေအတွက်မဆို ထုတ်လုပ်နိုင်စွမ်း အားကောင်းပါတယ်။ စစ်ရိက္ခာ အပိုင်းမှာနဲ့တင် Frestech ကုန်သည်ကြီးများအသင်းက နတ်သူငယ်တွေနဲ့ အတူ စစ်သည်၅၀၀ကို တစ်ရက်စာ ဖူလုံအောင် ထောက်ပံ့ပေးနိုင်ဖို့ ပေါင်မုန့်စက်ရုံတစ်ခုတည်းကိုတောင် အားကိုးနိုင်ပါတယ်။ မဖြစ်မရှိလိုအပ်တဲ့ စစ်ဘက်သုံးမှော်စက်တွေနဲ့ ပတ်သက်လာရင်တော့ ကျွန်တော်မျိုးလည်း အတိအလင်းတော့ မသိပေမယ့် Frestech ကုန်သည်ကြီးများအသင်းက ဒီအတွက် ထုတ်လုပ်နိုင်စွမ်းကို ထိန်းသိမ်းဖို့ ပိုအားစိုက်ထုတ်မယ်လို့ တွေးမိပါတယ်။"

ဧကရာဇ်ကန်ဒရာမှာ ခဏတာ စဉ်းစားရင်း တိတ်ဆိတ်နေပြီးမှ ဖြည်းဖြည်းချင်း ခေါင်းငြိမ့်လိုက်ပါ၏။

"နောက်ပြီး ပို့ဆောင် ဆက်သွယ်ရေးနဲ့ ပတ်သက်လာရင် Frestech ကုန်သည်ကြီးများအသင်းမှာ မှော်ကား၊ မှော်သင်္ဘော၊ မှော်လေ‌သင်္ဘောနဲ့ တခြားမှော်ဘီးတပ်ယာဉ်‌အမျိုးစုံရှိပါတယ်။ ကုန်းကြောင်းပဲဖြစ်ဖြစ် လေကြောင်း ဒါမှမဟုတ် ရေကြောင်းပဲဖြစ်ဖြစ် အရှိန်မြင့်မြင့်နဲ့ ကုန်စည်တွေကို ပို့ဆောင်နိုင်မယ့် နည်းလမ်းရှိတာပေါ့။ ကျွန်တော်မျိုးတို့ အင်ပါယာက အကြီးစားပို့ဆောင်ရေးမှော်ကား ပမာဏကြီးတစ်ခု ဝယ်ထားပေမယ့်လည်း ဒါက လုံလောက်ဖို့ ဝေးနေပါသေးတယ်။ ကျွန်တော်တို့ရဲ့ ရင်းမြစ် သယ်ယူပို့ဆောင်ရေးအများစု အရင်ကလို မြင်းလှည်းတွေသုံးပြီးပို့ရတာပါပဲ။ လုံခြုံရေးနဲ့ သယ်ဆောင်နိုင်စွမ်းကို မပြောပါနဲ့ဦး၊ ကျွန်တော်တို့က အမြန်နှုန်းနဲ့တင် Frestech ကုန်သည်ကြီးများအသင်းထက် အဆပေါင်းများစွာ ပိုနှေးပါတယ်။"

ဧကရာဇ်ကန်ဒရာမှာ ဤတစ်ကြိမ်၌ ပိုလို့ပင် ကြာမြင့်စွာ တိတ်ဆိတ်သွားသည်။ ထိပ်တန်းအရာရှိ ဆူမန်၏ မျက်နှာထက်ရှိ ဝန်လေးနေပုံကို မြင်သော် သူဟာ မျက်မှောင်ကုပ်၍ စဉ်းစားပြီးနောက် သူ၏ မျက်နှာကလည်း ဝန်လေးဟန် ပေါ်လာသည်။

အမှန်တွင် ကန်ဒရာအင်ပါယာ၏ ဧကရာဇ်အနေဖြင့် သူဟာ ကန်ဒရာအင်ပါယာ၏ အရေးကြီးကိစ္စများကို အတိုင်းအတာတစ်ခုအထိ နားလည်ပေသည်။

သို့သော်လည်း ၎င်းမတိုင်ခင်က သူဟာ Frestech ကုန်သည်ကြီးများအသင်းထံ၌ အခြားနိုင်ငံများနှင့် ကန်ဒရာအင်ပါယာပင် မယှဉ်နိုင်သည့် အားသာချက်များရှိသော်လည်း ၎င်းတို့မှာ ကုမ္ပဏီလေးတစ်ခုသာ ဖြစ်ပြီး စိတ်ပူစရာမရှိဟု စဉ်းစားခဲ့မိသည်။

ထို့ကြောင့် မတိုင်ခင်က သူဟာ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းရန် သဘောတွေ့ခဲ့၏။ ၎င်းတို့မှာ ဤပူးပေါင်းရေးမှတဆင့် အားသာချက်များကို ရနိုင်ပါသော်လည်း အမှန်တကယ် ညီညီမျှမျှ ဆက်ဆံမည်တော့မဟုတ်ပေ။

Frestech ကုန်သည်ကြီးများအသင်းက ကန်ဒရာအင်ပါယာကို ၎င်းတို့၏ ရန်သူအဖြစ် မှတ်ယူရလောက်အောင် မိမိတို့ကိုယ်ကို အထင်ကြီးဝံ့သည်ဖြစ်ဖြစ် မဖြစ်ဖြစ် ၎င်းတို့မှာ အကျိုးအမြတ် အနည်းငယ်မျှသာ ဆုံးရှုံးရုံဖြစ်ပြီး ဤကုမ္ပဏီကို သင်ခန်းစာကောင်းကောင်းကောင်းကောင်းပေးလိုက်ရမည်ဖြစ်သည်ဟုပင်။

သို့သော် ထိပ်တန်းအရာရှိ ဆူမန်၏ ရှင်းလင်းသော သုံးသပ်ချက်နှင့် တုံ့ဆိုင်းမှုမရှိသော အဖြေကို ကြားပြီးနောက်၌ သူဂာ Frestech ကုန်သည်ကြီးများအသင်းကို သာမန်ကုမ္ပဏီတစ်ခုနှယ် ဆက်ဆံ၍ မရနိုင်ကြောင်း သဘောပေါက်လိုက်သည်။

ဤကုမ္ပဏီမှာ အမှန်တကယ်ကို အခြားလူများ စိတ်ကူးကြည့်ဖို့ပင် ခက်လောက်သော စစ်ဘက်အင်အား၌ ကြီးမားသော အားသာချက်ရှိနေသည်။

"ဒီတော့ အဓိပ္ပာယ်က ဆူမန်, မောင်မင်းရဲ့ ကောက်ချကအရ လက်ရှိမှာ ငါကိုယ်တော်တို့အနေနဲ့ Frestech ကုန်သည်ကြီးများအသင်းကို တိုက်ရိုက်တိုက်ခိုက်လို့ မရနိုင်‌ဘူးပေါ့?" ဧကရာဇ်ကန်ဒရာက ခဏမျှ စဉ်းစားပြီးနောက် မေးလာ၏။

"မှန်ပါတယ်၊ အရှင်မင်းမြတ်။" ထိပ်တန်းအရာရှိ ဆူမန်က အင်မတန်လေးနက်နေပုံဖြင့် ခေါင်းငြိမ့်သည်၊ "ကျွန်တော်မျိုးတို့အနေနဲ့ Frestech ကုန်သည်ကြီးများအသင်းနဲ့ တိုက်ရိုက်တိုက်ခိုက်မှာကို တတ်နိုင်သမျှ ရှောင်ဖို့ ကြိုးစားရပါမယ်"

"ဒါဆို လက်ရှိမှာ ငါကိုယ်တော်တို့တွေ ရူဒ်ဆန်တိုင်းပြည်ကိုတောင် ဆန့်ကျင့်လှုပ်ရှားလို့မရဘူးပေါ့?" ဧကရာဇ်ကန်ဒရာက မေးပြန်သည်။

ထိပ်တန်းအရာရှိ ဆူမန်မှာ ခါးသက်သက်ပြုံးလိုက်၏၊ "Frestech ကုန်သည်ကြီးများအသင်းက ထုတ်ပြန်ချက်ကို ပြဌာန်းပြီးပါပြီ။ ကျွန်တော်တို့ ဆန္ဒမရှိပေမယ့်လည်း အင်ပါယာရဲ့ ဘက်ကို စဉ်းစားရရင် ဒီကိစ္စကို ပြန်သုံးသပ်တာက ပိုကောင်းမှာပါ"

"ကောင်းပြီ မင်းကို နောက်ဆုံးတစ်ခု မေးမယ်" ဧကရာဇ်ကန်ဒရာ၏ အသံကို မေးရင်း တိမ်ဝင်သွားသည်၊ "ငါကိုယ်တော်တို့တွေ Frestech ကုန်သည်ကြီးများအသင်းကို တိုက်ရိုက်တိုက်ခိုက်မှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုရင် မင်းအနေနဲ့ ငါကိုယ်တော်တို့ အင်ပါယာစစ်တပ်က Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တွေအတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူးလို့ ထင်တာကြောင့်ပဲ။ ဒါဆိုရင် ငါကိုယ်တော် မေးချင်တာက Frestech ကုန်သည်ကြီးများအသင်းသာ အင်ပါယာကို ကျူးကျော်လာမယ်ဆိုရင် ငါကိုယ်တော်တို့ရဲ့ စစ်တပ်တွေက မခုခံနိုင်လောက်ဘူးလား?"

ထိပ်တန်းအရာရှိ ဆူမန်၏ ခါးသက်သက်အပြုံးက ပျောက်ကွယ်ကာ လေးနက်စွာ ဆိုလာသည်၊ "အရှင်မင်းမြတ်! ကျွန်တော်မျိုး‌တို့အနေနဲ့ ကျွန်တော်တို့ စစ်သည်တော်တွေရဲ့ အသက်ကို ပေးဆပ်ရမယ်ဆိုရင်တောင် အင်ပါယာရဲ့ မြေပေါ်ကို ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ တစ်လက်မတောင် ကျူးကျော်ခွင့်ပေးမှာ မဟုတ်ပါဘူး!"

"ငါကိုယ်တော်က မင်းတို့ရဲ့ သစ္စာရှိမှုကို မေးနေတာမဟုတ်ဘူး၊ ငါကိုယ်တော်တို့ ခုခံနိုင် မခံနိုင်ကို မေးရုံပဲ" ဧကရာဇ်ကန်ဒရာမှာ အသံကိုမြှင့်ရင်း ထပ်မေးလိုက်ပြန်သည်။

ထိပ်တန်းအရာရှိ ဆူမန်မှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခိုင်မာစွာ အသာခေါင်းငြိမ့်လိုက်လေသည်။

"စိတ်ချပါ အရှင်မင်းမြတ်၊ တိုက်ခိုက်တာနဲ့ ခုခံတာဟာ မတူညီတဲ့ ကိစ္စနှစ်ခုပါ။ Frestech ကုန်သည်ကြီးများအသင်းက အင်ပါယာကို ကျူးကျော်ဖို့လောက်ထိ အားမကောင်းသေးသလို ရှုယီကလည်း အဲ့လောက် မိုက်မဲမှာ မဟုတ်ပါဘူး"

"အရမ်းကောင်းတယ်" ဧကရာဇ်ကန်ဒရာမှာ စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်၊ "ငါကိုယ်တော်တို့အနေနဲ့ Frestech ကုန်သည်ကြီးများအသင်းကို စစ်မြေပြင်မှာ အနိုင်မယူနိုင်မှတော့ တခြားဘက်ကနေ အဖြေတချို့ စဉ်းစားရတာပေါ့။ အဆုံးကျတော့လည်း ငါကိုယ်တော်တို့ နောက်မှ ဧရာမကန်ဒရာအင်ပါယာကြီးရှိပြီး ရှုယီနောက်မှာက ကုမ္ပဏီလေးတစ်ခုပဲ ရှိနေတာလေ။"

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၅၇။ နယ်မြေကြီးအသစ်ပေါ်သို့ ခြေချခြင်း

အာကာလီ နယ်မြေကြီးပေါ်သို့ သက်ဆင်းလာရုံရှိသေး အေးစက်သည့် လေက သူမအား ရိုက်ခတ်လာသည်။ သူမဟာ မနေနိုင်အောင် ခေါင်းလေးအား ပြန်ကျုံ့လိုက်ရင်း အသက်ဖျော့ဖျော့ရှူလိုက်သည်။

စိုင်စ်နယ်မြေကြီး၏ ပြက္ခဒိန်အရသာဆိုလျှင် လက်ရှိ၌ ဇန်နဝါရီ ၄ရက်နေ့ရှိပြီဖြစ်၏။

မှန်ပါ၏၊ စိုင်စ်နယ်မြေကြီးတွင် ယနေ့မှာ နှစ်သစ်ကူးပြီး နောက် ၄ရက်မြောက်နေ့ဖြစ်ပြီး နှစ်သစ်ကူးအား ကျင်းပနေချိန်ပင်။

သူမသာ စိုင်စ်နယ်မြေကြီး၌ နေခဲ့ပါလျှင် မိသားစုနှင့်အတူ အိမ်၌ နှစ်သစ်ကူးကို ကုန်ဆုံးရမည်ဖြစ်ပြီး လေအေးများ နေရာအနှံ့တိုက်ခတ်နေသော ဤ ခေါ်ခိုက်သည့်နေရာသို့ လာရမည် မဟုတ်လောက်ပေ။

သို့သော်လည်း သူမဟာ ယခုတွင် စိုင်စ်နယ်မြေကြီး၌ ရှိနေရခြင်းမဟုတ်ဘဲ “မှော်တိမ်တိုက်နယ်မြေကြီး”ဟု အမည်ရသည့် ဒဏ္ဍာရီလာ နယ်မြေသစ်ကြီး၌ ရှိနေခြင်းပင်။

သူမ သင်္ဘောပေါ်၌ ရှိနေခဲ့စဉ်က ဤနယ်မြေကြီးကို အဝေးမှ တွေ့ခဲ့ရပြီး အ‌နည်းငယ် ခေါင်ခိုက်နေခြင်းမှလွဲ စိုင်စ်နယ်မြေကြီးနှင့် ခြားနားခြင်း မရှိကြောင်းကို တွေ့ခဲ့ရပေသည်။ ၎င်းမှာ အင်မတန် သမားရိုးကျဆန်သည့် ကမ်းရိုးတန်းတစ်ခုဖြစ်ပြီး ဒဏ္ဍာရီများ၌ ပြောထားသကဲ့သို့ နတ်ဆိုးများ သို့မဟုတ် အဆိပ်ငွေ့များဖြင့် ပြည့်နေသော ငရဲပြည်တမျှ လောကမျိုး မဟုတ်ပါချေ။

မှန်ပါ၏၊ သူမအနေဖြင့် Frestech ကုန်သည်ကြီးများအသင်းအတွက် စတင်အလုပ်လုပ်‌ခဲ့ကတည်းက ရှုယီထံမှ တဖြည်းဖြည်းချင်းစီ လွှမ်းမိုးခံခဲ့ရပေသည်။ သူမဟာ “သိပ္ပံနည်းကျ မေးခွန်းထုတ်ခြင်း”ဟူသည့် သဘောထားကို မွေးမြူထားပြီး ဖြစ်သဖြင့် ထိုဒဏ္ဍာရီများကို မယုံကြည်တော့ပါချေ။

မှန်သည်၊ ၎င်းမှာ သူမအနေဖြင့် ဒဏ္ဍာရီလာနယ်မြေကြီးသို့ ခြေချပြီးနောက်၌ ယခင်ကထင်ထားသလိုမျိုး စိတ်လှုပ်ရှားခြင်း မရှိတော့ဟုလည်း ဆိုလိုသည်။

နယ်မြေကြီးအသစ်ပေါ် အခြေချခြင်းအပေါ် စိတ်လှုပ်ရှားနေကြသည့် သူမ၏ အသိမိတ်ဆွေများကို လှည့်ကြည့်လိုက်ရင်း အာကာလီမှာ လက်ခုပ်တီး၍ ၎င်းတို့၏ အာရုံကို သူမထံ တစ်ဖန် ပြန်ဆွဲခေါ်လိုက်၏။

"ဟုတ်ပြီ၊ ငေးမောနေတာတွေရပ်ပြီး အလုပ်စလုပ်ကြမယ်! ဆီနာ၊ နင်က မှော်အချက်ပြရုံလေးတစ်ခု ဆောက်ဖို့ လူတချို့ကို ဦးဆောင်ပြီး မှော်အချက်ပြက အနီးဝန်းကျင်က တစ်ခုခုကြောင့် သက်ရောက်မှုရှိမလားဆိုတာ ကြည့်ဖို့ စစ်ဆေးလိုက်။ အိုဖုကို၊ နင်နဲ့ အင်ဂျင်နီယာတွေက ဘေးပတ်လည်က မြေမျက်နှာသွင်ပြင်ကို တစ်ချက်လောက် လိုက်ပတ်ကြည့်ပြီး အနည်းဆုံး မှော်အချက်ပြတာဝါတွေ တည်ဆောက်ဖို့ သင့်တော်မယ့် မတူညီတဲ့နေရာ ၅ခုလောက် ရှာလိုက်။ မွန်ဒို၊ နင်က...."

အာကာလီထံမှ ဆက်တိုက် အမိန့်များ ရလာပြီးနောက် သူမ ခေါ်ခဲ့သည့် လူများမှာ ချက်ချင်းပင် တုံ့ဆိုင်းမှု မရှိ စတင်လှုပ်ရှားကြတော့၏။

ဘေး၌ ရပ်နေသော ကက်ဆန်ဒရာမှာ အာကာလီ အမိန့်ပေးနေသည်များကို ကြည့်ရင်း စိတ်ဝင်စားဟန် ပေါ်လာကာ အပြုံးဖြင့် ပြောလေသည်၊ "ဟေး အာကာလီ၊ ငါ နင့်ဆီကနေ ပုံမှန်ဆို ဒီလို ဟိတ်ဟန်ပါတဲ့ ပုံစံမျိုး မမြင်ရဘူးနော်"

အာကာလီက မျက်လုံးလှန်ပြ၍ မပျော်ရွှင်စွာ ပြောလိုက်သည်၊ "ပေါက်ကရတွေ၊ ရှင် ကျွန်မကို ပုံမှန်မြင်ရတဲ့အချိန်ဆို ကျွန်မက ရှင်တို့ နဂါးအုပ်တွေနဲ့ တွေ့နေရတာဆိုတော့ ဘယ်လိုလုပ် ဟိတ်ဟန်ပြနေလို့ရမှာလဲ?"

ကက်ဆန်ဒရာက ရယ်လိုက်ကာ၊ "ဘာလဲ? နင်က ငါတို့ရှေ့မှာ ဖိအားတွေ အများကြီး ခံစားရတယ်ပေါ့?"

"ဟေး၊ ရှင့်အနေနဲ့ ‘နဂါးမျိုးနွယ်ဂုဏ်သတင်း’ဆိုတဲ့ စကားတွေကို မသိသလို လုပ်မနေပါနဲ့ ဟုတ်ပြီလား?" အာကာလီက ရေရွတ်လိုက်၏၊ "ကျွန်မ တကယ်ပဲ ရှင်တို့ နဂါးတွေနဲ့ ပတ်သက်ပြီး နားမလည်တော့ဘူး၊ ဘာလို့ ရှင်တို့မှာ ဒီလို ‘နဂါးမျိုးနွယ်ဂုဏ်သတင်း’ဆိုတာက ရှိနေရတာလဲ? ဒါက လုံးဝကို သိပ္ပံနည်းမကျဘူး"

"သိပ္ပံနည်းကျတာ?" ကက်ဆန်ဒရာက ခေါင်းစောင်း၍ စဉ်းစားလိုက်၏၊ "ငါ နင့်ဆီကနေ ဒီစကားကို ခဏခဏကြားပေမယ့် ဘာအဓိပ္ပာယ်လဲဆိုတာ မသိဘူး"

"သိပ္ပံနည်းကျတာက..." အာကာလီမှာ ခဏလောက် တုံ့ဆိုင်းသွားကာ အတန်ကြာ စဉ်းစားပြီးနောက် လက်သာ ယမ်းလိုက်သည်၊ "ဒီစကားလုံးက ရှင်းပြဖို့ ခက်ခဲတယ်၊ ကျွန်မ အနေနဲ့ ကိစ္စအများကြီးကို ရှင်းပြဖို့လိုသလို ရှင့်အနေနဲ့လည်း နားလည်ဖို့ခက်နေမှာ။ ဒါက ရှင်တို့ ‘နဂါးမျိုးနွယ်ဂုဏ်သတင်း’နောက်ကွယ်က နိယာမကို ကျွန်မ နားမလည်သလိုပေါ့"

"တကယ်တော့ နင်တို့ လူသားတွေက အမြဲတမ်း ငါတို့ နဂါးတွေမှာ နင်တို့ကို ကြောက်ရွံ့စေတဲ့ သဘာဝ ‘နဂါးမျိုးနွယ်ဂုဏ်သတင်း’ရှိတယ်လို့ ပြောပေမယ့် ငါ့အတွက်တော့ နင်တို့ မျိုးနွယ်စုက ငါတို့ရဲ့ ဧရာမခန္ဓာကိုယ်ကို မြင်တွေ့ရလို့ သဘာဝအတိုင်း ကြောက်စိတ်ဖြစ်လာတာမျိုးပဲ မဟုတ်ဘူးလားလို့?" ကက်ဆန်ဒရာမှာ မဝံ့မရဲဖြင့် ရှင်းပြလိုက်သည်၊ "ဥပမာပြောရရင် နင့်အနေနဲ့ ပိုပြီးကြီးမားပြီး ကြမ်းတမ်းပုံရှိတဲ့... သက်ရှိမျိုးနဲ့ ရင်ဆိုင်ရရင် ကြောက်မှာပဲလေ။ ဒါက လူ့သဘာဝပဲ မဟုတ်ဘူးလား?"

"ဝူးးး... ရှင်ပြောတာက အဓိပ္ပာယ်ရှိတာပဲ။ ဥပမာ၊ ရှင့်အနေနဲ့ လူသားပုံစံပြောင်းလိုက်ရင် ကျွန်မ ခံစားရတဲ့ ဖိအားက အများကြီး ပိုသေးသွားတယ်။" အာကာလီမှာ ခဏမျှ စဉ်းစားပြီးနောက် လက်ခုပ်တီးလိုက်သည်၊ "ဟုတ်သားပဲ၊ ဒါက အခုမပြောသေးဘဲ အလုပ်လုပ်ကြတာပေါ့။ ကက်ဆန်ဒရာ, ရှင့်အနေနဲ့ ဒီလို ကြီးမားတဲ့ ကုန်းမြေကြီးမှာ သင့်တော်တဲ့ နေရာလေးတစ်ခုခုရှိလားလို့ ပျံရင်း ကြည့်ပေးလို့ရမလား?"

"ပြဿနာ မရှိဘူး"

ကက်ဆန်ဒရာမှာ ဖြေလိုက်ပြီးနောက် ကောင်းကင်သို့ ဖြည်းဖြည်းချင်း ပျံသွားကာ နဂါးပုံစံသို့ ပြန်ပြောင်းသွားသည်။ သူမဟာ တောင်ပံကို ခတ်၍ အဝေးသို့ တမုဟုတ်ချင်း ပျံသန်းသွားပါ၏။

"ငါတို့ရဲ့ မှော်လေသင်္ဘောတွေသာ နဂါးတွေလို ပျံသန်းရလွယ်ရင် ကောင်းမယ်။" အာကာလီမှာ ကောင်းကင်ရှိ ကက်ဆန်ဒရာကို ကြည့်ရင်း မနေနိုင်အောင် ရေရွတ်လိုက်ပြီးနောက်မှ ထိုဖြစ်နိုင်ချေ မရှိသော အတွေးကို ခေါင်းခါကာ ဖယ်ရှားလိုက်လေသည်။

မှော်လေသင်္ဘောများမှာ လေထဲ၌ နဂါးများကဲ့သို့ ပျံသန်းရလွယ်ကူပါလျှင်တောင် အတွင်း၌ ထိုင်နေသော လူများအတွက် ဖိအားများစွာကို ခံစားရမည်ဖြစ်သောကြောင့် ၎င်းမှာ အင်မတန် လက်တွေ့မဆန်ပေ။

အာကာလီမှာ စူးစမ်းလိုစိတ်ရှိနေပြီး ကက်ဆန်ဒရာက သူမအား ဖိတ်ခေါ်လာသဖြင့် သူမလည်း ကက်ဆန်ဒရာ၏ ကျောထက်၌ ထိုင်၍ လေထဲ၌ အကြိမ်နေအချို့ ပျံသန်းလိုက်ရသည်။

လေထဲ၌ ရှိနေစဉ်တွင် အာကာလီမှာ အင်မတန် မူးဝေလှရာ ပြုတ်ကျလု‌နီးပါးပင် ဖြစ်ခဲ့ရ၏။

မြေပြင်သို့ ပြန်ရောက်လာချိန်တွင် ပထမဆုံးလုပ်မိသည့်အရာက ထိုးအန်မိခြင်းပင်။

အာကာလီ၏ ကျန်းမာရေးက အမြဲ ကောင်းခဲ့သည်ဟု ယူဆနိုင်ပြီး သူမပင် တောင့်မခံနိုင်တော့ရာ ၎င်းက လူသား အများစုအနေနှင့် ဤသို့ ပျံသန်းသည့် နည်းလမ်းမျိုးကို မတောင့်ခံနိုင်သော အဓိပ္ပာယ်ဖြစ်၏။

အာကာလီမှာ သူမ၏ စိတ်ထဲမှ ဤ ထူးထူးဆန်းဆန်း အကြံကို ပစ်ထုတ်ပြီးနောက် အလုပ်ကို ပြန် အာရုံစိုက်လိုက်တော့သည်။

အာကာလီနှင့် သူမ ဦးဆောင်လာသည့် အဖွဲ့မှာ မှော်တိမ်တိုက်နယ်မြေကြီးသို့ ကမ်းရိုးတန်းအနီးတွင် မှော်အချက်ပြတာဝါ တည်ဆောက်ရန် ရောက်လာခဲ့သည်။ ထို့နောက် ၎င်းတို့မှာ ၎င်းတာဝါကို ၇၀၀ကီလိုမီတာ အဝေးရှိ Frestech ကျွန်းနှင့် ချိတ်ဆက်မည်ဖြစ်၏။

အစီစဉ်အရ ၎င်းတို့အနေဖြင့် ဤမှော်အချက်ပြတာဝါကို မှော်တိမ်တိုက်နယ်မြေကြီးရှိ Frestech ကုန်သည်ကြီးများအသင်း၏ အခြေစိုက်ဌာနနှင့် ချိတ်ဆက်ရန် တည်ဆောက်မည်ပင်။ ထို့နောက်တွင် ၎င်းတို့မှာ ပထမတစ်ခုပြီးသည်နှင့် မှော်အချက်ပြတာဝါများ ပိုပို၍ တည်ဆောက်မည်ဖြစ်သလို ဤနယ်မြေကြီး၌ Frestech ကုန်သည်ကြီးများအသင်းအတွက် လွှမ်းမိုးမှု စက်ကွင်းကို မြှင့်တင်မည်ဖြစ်သည်။

ဤစီမံကိန်းကြီး၏ ပထမဆုံးခြေလှမ်းမှာ အခက်ခဲဆုံးဖြစ်သောကြောင့် အာကာလီမှာ နယ်မြေကြီးပေါ် ခြေချရန် သူမ၏ အဖွဲ့ကို ကိုယ်တိုင်ဦးဆောင်ခဲ့ရသည်။

လွန်ခဲ့သည့် နှစ်တစ်ဝက်အတွင်းတွင် Frestech ကုန်သည်ကြီးများအသင်း၏ စူးစမ်းလေ့လာရေးအသင်းမှာ ဤကမ်းရိုးတန်းက အတော်လေး မြေပြန့်ဖြစ်ပြီး အသိဉာဏ်မြင့်မျိုးနွယ်စု တော်တော်များများ နေထိုင်သည်လည်း မရှိသောကြောင့် ကင်းစခန်းတစ်ခု တည်ဆောက်ရန် အင်မတန် သင့်တော်သည့် နေရာဖြစ်သည်။

ဤနေရာမှာ Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အခြေစိုက်ဌာနမှနေ၍ ကီလိုမီတာ တစ်သောင်းကျော် ဝေးကွာပါသော်လည်း သင်္ဘောစုမှာ ရင်းမြစ်ပေါင်းများစွာနှင့်အတူ ၎င်းတို့ကို ထောက်ပံ့ဖို့ရန် လတိုင်း ရောက်လာမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့မှာ ပြင်ဆင်ထားပြီး ဖြစ်သလို ယခုတွင် မှော်တိမ်တိုက်နယ်မြေကြီး၌ အခြေချကာ အလုပ်များစတင် လုပ်ဆောင်နေပြီဖြစ်၏။

မှော်အချက်ပြတာဝါတိုင် ထောင်ခြင်း အလုပ်အတွက်မူ အာကာလီနှင့် သူမ၏ အဖွဲ့မှာ ၎င်းနှင့် ရင်းနှီးပြီးသားဖြစ်၍ သူမ၏ အမိန့်များပင် မလိုအပ်ဘဲ လက်အောက်ငယ်သားများက စတင်၍ အလုပ်လုပ်နေကြပြီဖြစ်သည်။

တစ်အောင့်ကြာပြီးနောက် ဆီနာမှာ သူမ၏ အဖွဲ့ကို ဦးဆောင်၍ မှော်အချက်ပြရုံလေးတစ်ခု တည်ဆောက်ပြီးဖြစ်သည်။

အစမ်းစစ်ဆေးမှုများအပေါ် အခြေခံရလျှင် ၅ကီလိုမီတာအတွင်းရှိ မှော်အချက်ပြများအပေါ် မည်သည့် ပြောင်းလဲမှုမှ မရှိပါချေ။ မှော်အချက်ပြစမ်းသပ်ဒေတာမှာ စိုင်စ်နယ်မြေကြီးရှိ ဒေတာနှင့် အတိအကျ ထပ်တူကျလုနီးပါးဖြစ်ပါ၏။

၎င်းမှာ သံသယပင်မလိုအောင် မှော်တိမ်တိုက်နယ်မြေကြီးက ထိုမျှ မဆန်းကြယ်သလို စိုင်စ်နယ်မြေကြီးနှင့် အင်မတန်မှ ဆင်တူကြောင်း သက်သေပြနေသည်။ ၎င်းအား အခြေခံအားဖြင့် ကွာခြားမှု လုံးဝမရှိသော နယ်မြေကြီးတစ်ခုဟုပင် ယူဆနိုင်သည်။

ဤရလာဒ်က အာကာလီ၏ အဖွဲ့အား များစွာ ပိုမို စိတ်ချသွားစေ၏။

၎င်းတို့မှာ မှော်အချက်ပြက မှော်တိမ်တိုက်နယ်မြေကြီး၌ ခြားနားပြီး ၎င်းတို့ လုပ်ဆောင်ရန် လိုအပ်သည့် ကျန်သော အရာများကို မလုပ်နိုင်ခင်တွင် ရှုပ်ထွေးသော အလုပ်အချို့ဖြင့် အဓိပ္ပာယ်ကောက်ဖို့ လိုအပ်မည်ကို အစိုးရိမ်ကြဆုံးဖြစ်သည်။

ယခုတွင် မှော်အချက်ပြက ထပ်တူညီကြောင်း သက်သေပြလိုက်ရာ ၎င်းတို့၏ နောက်လာမည့် အလုပ်များက များစွာ ပိုမိုလွယ်ကူသွား၏။

တစ်ခဏအတွင်းမှာပင် စခန်းလေးတစ်ခုကိုလည်း ချလို့ပြီးသွား၏။

လစဉ်လတိုင်း သင်္ဘောစုမှ ယူဆောင်လာပေးသည့် ကုန်စည်များစွာကြောင့် ဤနေရာ၌ အင်မတန် အကြမ်းဆန်ပုံရသော်လည်း ပြည့်စုံသည့် ရိုးရိုးရှင်းရှင်းအခန်း‌ကို တည်ဆောက်နိုင်ခဲ့သည်။ ထို့နောက် မှော်လေပေးစက်၊ မှော်မီးဖိုနှင့် အခြား အပူအရင်းမြစ်များအပြင် နွေးထွေးသည့် အိပ်ရာခင်းအများအပြားကို ဖန်တီးနိုင်ရန် စောင်တစ်ထည်လည်း ချခင်းရသေးသည်။

ပင်လယ်ပြင်ကို မျက်နှာမူနေရသောကြောင့် အာကာလီ၏ အဖွဲ့မှာ ရေသန့်များ အကန့်အသတ်မဲ့ရနိုင်ရန် လွန်ခဲ့သည့်နှစ်က Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်လုပ်ထားသည့် ပဉ္စမအဆင့် ရေစွမ်းအား မှော်ပညာကို ဗဟိုချက်အဖြစ် အသုံးပြုထားသော မှော်ပင်လယ်ရေသန့်စက်ကို သုံးဖို့သာလိုအပ်သည်။

၎င်းတို့၏ နေအိမ်ကို တည်ဆောက်ပြီးသည့်နောက်တွင် မှော်မီးဖိုနှင့် မှော်ရေ‌ပူပေးစက်တို့ကြောင့် ၎င်းတို့်မှာ တောရိုး၌ နေထိုင်ခြင်းနှင့်ပင် မတူတော့လောက်သည့် ရေချိုးခန်းတစ်ခန်းကိုပင် တည်ဆောက်နိုင်သည်။

အာကာလီမှာလည်း နယ်မြေကြီး တလျှောက်၌ ရှုယီ၏ ‘မှော်တိမ်တိုက်နယ်မြေကြီးတဝှမ်း မှော်အချက်ပြအား ဖြန့်ကျက်ရေး’ဟူသော ပန်းတိုင်ကို အရယူရန် ပြေးလွှားနေခဲ့ရသော်လည်း သူမဟာ အပြင်ဘက်သို့ မကြာခဏ စခန်းချဖူးသဖြင့် ၎င်းက သူမအတွက် ပုံမှန်သာဖြစ်သည်။

သူမအနေဖြင့် စခန်းချခြင်းအား များစွာ ပိုမိုသက်တောင့်သက်သာ ဖြစ်လာစေရန် အကြံပေးသည့် အကြိမ်များစွာပင် ရှိခဲ့ပါ၏။

စခန်းရှိ အရာအများစုအား သူမကိုယ်တိုင် ရှုယီထံမှ တောင်းဆိုထားခဲ့ပြီး ရှုယီမှ မှော်သုတေသနဌာနနှင့် မှော်စက်ဖွံ့ဖြိုးရေးဌာနတို့ကို သူမအတွက် ပြင်ဆင်ပေးခိုင်းခဲ့သည်ဟုလည်း ပြောနိုင်သည်။

၎င်းကြောင့် ရှုယီမှာ သူမအား အပင်ပန်း မခံနိုင်ဘဲ မိမိဘာသာ အပန်းဖြေချင်သည့် လူတစ်ယောက်နှင့်တူသည်ဟုပင် စနောက်ခဲ့သေး၏။

သို့သော်လည်း အာကာလီမှာ ၎င်းက ပုံမှန်ဟုပင် ခံစားရသည်။

ဤနယ်ပယ်၌ အလုပ်လုပ်ရသည်မှာ ခက်ခဲလှရာ သူမဟာ မည်သို့များ သူမကိုယ်သူမ အပန်းဖြေခွင့် မပေးဘဲနေရမည်နည်း?

ထို့အပြင် ၎င်းတို့မှာ အဓိက အခြေစိုက်ဌာနမှ ကီလိုမီတာ တစ်သောင်းကျော် အဝေးရှိ နယ်မြေကြီးအသစ်၌ အလုပ်လုပ်ရမည်ဖြစ်ရာ ၎င်းက သာမန်လူများ စိတ်ကူးနိုင်သည်ထက်ပင် များစွာ ပိုမို ခက်ခဲသေးသည်။

၎င်းကို စဉ်းစားရင်း အာကာလီမှာ ရုတ်တရတ် စိတ်ထဲ၌ ဆဲရေးမိလိုက်၏။

သူမဟာ အတော်လေး အလောကြီးခဲ့သဖြင့် မှော်ပုံရိပ်ယောင် ပရိုဂျက်တာ တစ်ခု ယူလာဖို့ပင် မေ့နေခဲ့သည်။

သူမဟာ ညအချိန်၌ ပုံရိပ်ယောင်ရုပ်ရှင်များကို ကြည့်ရင်းဖြင့် အချိန်မဖြုန်းနိုင်တော့သလို မှော်အချက်ပြကို သုတေသနလုပ်ရန် ကက်ဆန်ဒရာကိုလည်း မ‌ဆွဲဆောင်နိုင်လောက်တော့ဘူး မဟုတ်ပါလား?

ကက်ဆန်ဒရာကို စဉ်းစားမိသော် အာကာလီမှာ အနည်းငယ် စူးစမ်းချင်သွားသည်။

ကက်ဆန်ဒရာမှာ ယခု ပျံသန်းသွားသည်က တစ်နာရီကြာပြီဖြစ်ရာ သူမ၏ အမြန်နှုန်းနှင့်ဆိုလျှင် ၅၀ကီလိုမီတာအဝေးသို့ ပျံသန်းပြီး ပြန်လာရန် လုံလောက်သည်။ သူမက ဘာလို့ အခုထိ ပြန်မလာရသေးတာလဲ?

သူမ မော့ကြည့်လိုက်ချိန်၌ ကောင်းကင်တွင် အလျင်အမြန်ပိုပိုကြီးမားလာသည့် အနက်ရောင်အစက်တစ်စက်ကို တွေ့လိုက်ရ၏။

"အိုင်း၊ သူမ သွားဆော့တယ်ထင်နေတာ" နဂါးကို မြင်သော် အာကာလီမှာ ခေါင်းခါရင်း စိတ်က သက်သာရာရသွားသည်။

သို့သော်လည်း သူမဟာ နောက်၌ အံ့ဩပြီး တစ်ခုခုလွဲနေသည်ဟု ခံစားလိုက်ရသည်။

သူမ ပြန် မော့ကြည့်လိုက်ချိန်၌ ထိုနဂါးမှာ လုံးဝကို ကက်ဆန်ဒရာမဟုတ်ကြောင်း တွေ့လိုက်ရ၏။

အဘယ့်ကြောင့်ဆိုသော် ဤနဂါး၏ အသားရောင်မှာ အနက်ရောင်ဖြစ်နေသည်ပင်!

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၅၈။ ငယ်ဘဝသူငယ်ချင်းများ

အာကာလီမှာ လွန်ခဲ့သည့် နှစ်တစ်ဝက်တာတွင် နေ့တိုင်း နဂါးများနှင့် အချိန်ကုန်ဆုံးခဲ့သဖြင့် ဤဒဏ္ဍာရီလာနဂါးများက ဆန်းကြယ်သည်ဟု မခံစားရတော့သလို နဂါးများအကြောင်းလည်း အတော်လေး သိထားသည်။

နဂါးများမှာလည်း လူသားများလိုပင်။ ၎င်းတို့မှာ မျိုးနွယ်စုတစ်မျိုးတည်းဖြစ်ပုံရသော်လည်း နဂါးများကို အမျိုးအစားများစွာ ပြန်ခွဲထားပြီး ယေဘုယျအကျဆုံး ခြားနားချက်မှာ အသားအရောင်ဖြစ်သည်။

ကက်ဆန်ဒရာ၏ နဂါးအရေခွံအရောင်မှာ အနီရင့်ရောင်ဖြစ်သဖြင့် သူမဟာ နဂါးများအားလုံးအကြားတွင် အဖော်ရွေတတ်ဆုံး နဂါးမျိုးနွယ်စုဖြစ်သည့် နဂါးနီမျိုးနွယ်စုမှ ဖြစ်သည်။

၎င်းတို့ယှဉ်လျှင် နိုင်လိုမင်းထက်စိတ် အများဆုံးနှင့် လူသားတို့၏ ဒဏ္ဍာရီ၌ အပျက်အစီးအဖြစ်စေဆုံးမှာ နဂါးနက်များဖြစ်ကြသည်။

ပျံသန်းလာနေသည့် နဂါးမှာ လုံးဝ အနက်ရောင်ဖြစ်ပြီး ခေါင်းထက်၌ ဦးချို ချွန်မြမြများလည်း ရှိသေးရာ ၎င်းမှာ ယခင်က ကက်ဆန်ဒရာမှ သူမအား ပြောပြခဲ့ဖူးသည့် အနက်ရောင်နဂါးဖော်ပြချက်နှင့် ကိုက်ညီ၏။

"နဂါးနက်တစ်ကောင်လာနေတယ်၊ သတိထားကြ!" အာကာလီမှာ အမြန်အော်ဟစ်၍ မှော်ဆက်သွယ်ရေးကိရိယာဖြင့် အနီးတစ်ဝိုက်၌ စူးစမ်းလေ့လာနေကြသော အဖွဲ့ထံ သတင်းစကားလည်း ပို့လိုက်သည်။

ထိုသတိပေးချက်ကို ကြားသော် စခန်းရှိ လူများအားလုံး လုပ်နေသမျှကို အမြန်ရပ်တန့်လိုက်ကာ စခန်း၏ ဗဟို၌ စုဝေးလိုက်ကြ၏။

လုံခြုံစေရန် အာကာလီနှင့် သုတေသီများနှင့်အတူ လိုက်ပါလာကြသော Frestech ကုန်သည်ကြီးများအသင်းမှ အစောင့်တစ်ရာရှိကာ ၎င်းတို့မှာ အဆင့်မြင့် စစ်ဘက်သုံးမှော်စက်များကိုလည်း အတော်များများယူဆောင်လာခဲ့သည်ပင်။ ထို့နောက် ၎င်းတို့ထံ၌ ရှိသော မှော်အကာအရံချပ်ဝတ်ကြောင့် ထိုနဂါးမှာ ၎င်းတို့ကို ထိခိုက်စေဖို့ မဖြစ်နိုင်ပေ။

ထို့ကြောင့် အာကာလီ အပါအဝင် ထိုလူများမှာ နဂါးနက်ပျံသန်းလာသည်ကို မြင်ချိန်၌ ထိုမျှ စိတ်မလှုပ်ရှားကြပေ။ လူအချို့ကမူ စိတ်လှုပ်တရှားဖြင့် ထိုနဂါးကို လည်တဆန့်ဆန့် စူးစမ်းလိုဟန် ကြည့်နေကြသည်။

၎င်းတို့မှာ မီးကျောက်ဆောင်ကျွန်းတွင် နဂါးနက်များနှင့် ဆုံခဲ့ပါသော်လည်း ဤသည်က ဒဏ္ဍာရီလာ နဂါးနက်ကို မြင်ရသည့် ပထမဆုံးအကြိမ်ပါပင်။

တစ်အောင့်ကြာပြီးနောက် နဂါးနက်မှာ စခန်းပေါ်မှ ဖြတ်ပျံသွားပြီဖြစ်သည်။

ကြည့်ရသည်မှာ ၎င်းက ဒီတိုင်းပျံသွားခြင်းဖြစ်ပြီး စခန်းကို လုံးဝ သတိမထားမိလိုက်ပုံပင်။

၎င်းက နောက်ဆုံး၌ စခန်းကို သတိထားမိသွားချိန်တွင် လေထဲ နှစ်ကြိမ်ခန့်ပတ်ပျံပြီးနောက်မှ စခန်းထံ လျင်မြန်စွာ ထိုးဆင်းလာတော့သည်။

"တိုက်ခိုက်ဖို့ ပြင်ထားကြ!"

ထိုနဂါးနက်က စခန်းထံ ဦးတည် ပျံလာသည်ကို မြင်သော် ဤ Frestech ကုန်သည်ကြီးများအသင်းအစောင့် အဖွဲ့၏ ခေါင်းဆောင် ရှီရက်စ်မှာ ထိုသို့အော်လိုက်ရာ တန်းစီထားကြသည့် Frestech ကုန်သည်ကြီးများအသင်းအစောင့်များမှာ လက်နှစ်ဘက်လုံး၌ ကိုင်ဆောင်ထားသည့် မှော်အမြောက်ကြီးများကို မြှောက်လိုက်ကြ၏။

ရှီရက်စ်မှာ တိတ်ဆိတ်စွာဖြင့် နီးကပ်လာသော နဂါးနက်ကြီးကို ကြည့်လိုက်ပြီးနောက် ညာလက်ကို မြှောက်ကာ ပြောလိုက်သည်။

"ပစ်!"

သူ၏ အမိန့်နှင့်အတူ မှော်ဒုံးကျည် တစ်ရာကျော်ကို ပစ်လွှတ်လိုက်ပြီး အားလုံးက နဂါးနက်ထံ ဦးတည်နေသည်။

နဂါးနက်၏ လေထဲရှိ ဧရာမ ကိုယ်ကြီးမှာ နှေးကွေးသွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

သူ၏ အမြင်တွင် မြေပြင်ရှိ ပိုးမွှားလေးများက သူ့အား တိုက်ခိုက်ဝံ့သည်မှာ တကယ်ကို ရဲတင်းလွန်းသည်ပင်!

သို့သော်လည်း နဂါးနက်မှာ သူ့ထံချဉ်းကပ်လာသည့် မှော်ဒုံးကျည်လေးများကို မည်သည့် အာရုံမှ မပေးခဲ့ချိန်တွင် နဂါးနက်မှာ ထိုအရာလေးများ၏ စွမ်းပကားက သူမျှော်မှန်းထားသည်ထက် များစွာ သာလွန်နေသည်ကို တွေ့လိုက်ရ၏။

"ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း!"

ကောင်းကင်ယံ၌ မီးလုံးများစွာကြောင့် နဂါးနက်မှာ ကောင်းကင်တွင် ပေါက်ကွဲမှုမှ အကြိမ်ရေအချို့ ယမ်းခါသွားပြီးနောက် ဘေးသို့ ပြုတ်ကျသွားသည်။ သူဟာ မီတာ ရာချီအဝေးမှ တောင်ကုန်းတစ်ခုနှင့် ရိုက်မိသွားကာ ထိုတောင်ကုန်းတစ်ခုလုံးကို ခါယမ်းသွားစေ၏။

၎င်းကို မြင်သော် အာကာလီမှာ အတန်ငယ် အံ့အားသင့်သွားသည်။

ကက်ဆန်ဒရာနှင့် အခြား နဂါးနီများ အားလုံးထံတွင် အရေထူထူရှိပြီး ၎င်းတို့၏ နဂါးပုံစံကြောင့် ခန္ဓာကိုယ်ချည်းသက်သက်နှင့်ပင် သတ္တမအဆင့်နှင့် အောက်မန္တာန်များကို ခုခံနိုင်သည်။

ရှီရက်စ်နှင့် အခြားသူများထံရှိ မှော်အမြောက်များမှာ ယခင်နှစ်ကမှ Frestech ကုန်သည်ကြီးများအသင်း ထုတ်လုပ်ထားသည့် အသစ်တစ်မျိုးဖြစ်ပြီး စွမ်းအားကြီးသော်လည်း ၎င်းတို့မှာ ဆဌမအဆင့် မန္တာန်လောက်သာ ရှိသည်။

ဘာလို့ ဒီနဂါးနက်က တစ်ခေါက်တည်းနဲ့ လဲသွားရတာလဲ?

ကက်ဆန်ဒရာ ယခင်လက Frestech ကုန်သည်ကြီးများအသင်း ၏ အစောင့်များနှင့် အတူ လေ့ကျင့်ရာတွင် ပထမဆုံးအချီ၌ အတိုက်ခံရဖို့ ဝေးနေသေးသည်။

သို့သော်လည်း အာကာလီနှင့် ရှီရက်စ်တို့်မှာ ၎င်းတို့၏ သတိကို လျှော့မချရဲပေ။ နဂါးများထံ၌ သက်လုံအားကောင်းကောင်းရှိပြီး အပြင်းအထန် ဒဏ်ရာရလျှင်ပင် အင်မတန် စွမ်းအားကြီးမားကြဆဲဖြစ်၏။

နဂါးတစ်ကောင်ကသာ တကယ်ပဲ ကူရာမဲ့သည့် အခြေနေသို့ တွန်းအားပေးအပို့ခံလိုက်ရလျှင် ထိုးတက်လာနိုင်သည့် စွမ်းအားမှာ ကြောက်မက်ဖွယ်ရာပင်ဖြစ်သည်။

တစ်အောင့်ကြာပြီးနောက် ထိုနဂါးမှာ မြေပြင်မှ တွားသွားထွက်လာပြီး သူ၏ အကြေးခွံထက်ရှိ ဖုန်တစ်ထပ်ကို ခါထုတ်လိုက်၏။

သူ့ထံ၌ ယခင်ကကဲ့သို့ အပေါ်စီးမှ ကြည့်နေသယောင် ဘဝင်မြင့်ပြသည့် ရပ်တည်ချက်မျိုးမရှိတော့ဘဲ ဒေါသကိုသာ ချပြလာသည်။

မြင့်မြတ်သည့် နဂါးနက်အနေဖြင့် သူဟာ တကယ်ကြီး အသေးအဖွဲလူသားအချို့ကြောင့် ကောင်းကင်မှ ပြုတ်ကျခဲ့ရ၏!

၎င်းမှာ တကယ်ကို သူ့အတွက် ကြီးကြီးမားမားအရှက်ရစရာပင်!

နဂါးနက်မှာ မိုးချုန်းသံနှယ် ဟစ်ကျွေးလိုက်ပြီးနောက် သူ၏ ပါးစပ်ကို ဟကာ စခန်းထံသို့ ၁၀မီတာ နီးနီးရှိသည့် ဧရာမမီးလုံးကြီးကို မှုတ်ထုတ်ဖို့ပြင်လိုက်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များမှာ လေ့ကျင့်ရာတွင် အဆင့်မြင့် မှော်ပညာရှင်များနှင့် မဟာမှော်ပညာရှင်များနှင့်ပင် ရင်ဆိုင်ရသောကြောင့် သဘာဝကျကျပင် မှော်ပညာကို မည်သို့ ရင်ဆိုင်ရမည်အား သိကြသည်။

ဤ ဧရာမမီးလုံးကြီးကို မြင်သော် ရှီရက်စ်ပင် အမိန့်ပေးဖို့ မလိုလိုက်ချေ။ အစောင့်များစွာမှာ ဘေးနားမှ မိုးပြာရောင်ခြယ် မှော်ဒုံးကျည်များကို ယူကာ မှော်အမြောက်ကြီးများထဲသို့ ထည့်သွင်း၍ မီးလုံးကြီးထံပစ်လိုက်ကြသည်။

ဤလုပ်ရှားမှုက အင်မတန်ချောမွေ့ပြီး အလုံးစုံ ပြီးမြောက်ရန် ၂စက္ကန့်ပင်မကြာလိုက်ပေ။

၎င်းမှော်ဒုံးကျည်များကို ပစ်လွှတ်လိုက်ပြီးနောက် ၎င်းတို့မှာ မတိုင်ခင်က မှော်ဒုံးကျည်များနှင့်ကွဲပြားစွာ အနောက်၌ အပြာရောင် စွတ်ကြောင်းများစွာကို ဖန်တီးခဲ့သည်။

တခဏအတွင်းတွင် အထူးမှော်ဒုံးကျည်များက မီးလုံးကြီးနှင့် ထိပ်တိုက်ဆုံသွားကြသည်။

မှော်ဒုံးကျည်များမှာ လျင်မြန်စွာ ပေါက်ကွဲသွားသော်လည်း မတိုင်ခင်ကလို တူညီသည့်

မီးလုံးများအဖြစ်သို့ လောင်ကျွမ်းသွားခြင်းမရှိဘဲ လေထဲ၌ အေးစက်စက်မြူခိုးမြောက်များစွာကို ဖန်တီးလိုက်သည်။

နဂါးနက်ကြီးမှ ပစ်လွှတ်ခဲ့သော ဧရာမမီးလုံးကြီးအား ထိုအေးစက်စက်မြူခိုးများက ဝါးမြို၍ ခြေရာပင်မကျန်ဘဲ ပျောက်ကွယ်သွားတော့၏။

နဂါးနက်မှာ သိသိသာသာပင် အံ့ဩသွားသော်လည်း နောက်တွင် ၎င်း၏ တောင်ပံများကို ခတ်၍ တစ်ဖန်ပျံသန်းလာတော့မည်ပြုလေသည်။

"အားလုံးပဲ ဂရုစိုက်ကြ!" ရှီရက်စ်က အော်လိုက်သည်။ သူဟာ တိုက်ခိုက်ဖို့ ရန်သူကို ညွှန်ပြတော့မည် အပြုတွင် ထိုနဂါးနက်ရှေ့သို့ နောက်ထပ် ဧရာမပုံရိပ်ကြီးတစ်ခုက အမြန် ကျဆင်းလာပြန်သည်။

ထိုနဂါးနက်မှာ ပျံသန်းတော့မည်အပြုတွင် ရပ်တန့်သွားပြီး ဒေါသဖြစ်သွားပါ၏။ ၎င်းက မီးတောက်များကို တစ်ဖန် မှုတ်ထုတ်ရန် ပါးစပ်ဟလိုက်သော်လည်း ၎င်းက မည်သူဖြစ်သည်ကို မြင်သော် ပါးစပ်ကို ပိတ်လိုက်တော့သည်။

"လီယွန် နင် ဘာလို့ သူတို့နဲ့ တိုက်ခိုက်နေတာလဲ!" ကက်ဆန်ဒရာ၏ ဒေါသသံက အဝေးမှ ထွက်လာရာ အာကာလီတို့အဖွဲ့က ၎င်းကို အသေအချာကြားလိုက်ရသည်၊ "ငါက နင့်ကို သူတို့ကိုရှာဖို့ အရင်လာခိုင်းလိုက်တာကို အခုတော့ နင်ဘာလုပ်နေလဲ နင်ပြန်ကြည့်ဦး? နင့်စိတ်ထဲမှာ တိုက်ခိုက်တာ တစ်ခုပဲ ရှိတာလား? နင် ဒီလိုဆက်လုပ်နေဦးမယ်ဆိုရင် ငါနင့်ကို နောက်ကျရင် တွေ့တာနဲ့ မရိုက်ဘူးလို့ ပြောရင် ယုံမှာလား!"

အာကာလီမှာ ထိုနဂါးနက်ကို ဆူငေါက်နေသော ကက်ဆန်ဒရာအား တအံ့တဩကြည့်လိုက်ပြီးနောက် အမူအရာက ထူးဆန်းသွား၏။

၎င်းက လူသားနှစ်ဦးကြားဖြစ်သည်ဆိုလျှင် အင်မတန် သမာရိုးကျသည့် မြင်ကွင်းပါပင်။

သို့သော် ယခုတွင် ၎င်းက နဂါးတစ်ကောင်မှ နောက်နဂါးတစ်ကောင်ကို ဆူငေါက်နေခြင်းဖြစ်ရာ ဤအခြေအနေက ကြိုးစားကြည့်လျှင်ပင် ၎င်းထက်ပိုပြီး ပုံမှန်မဖြစ်သည့် အရာမျိုး ရှိတော့မည်မဟုတ်ပေ...

ကက်ဆန်ဒရာက သူ့အား မိနစ်ပေါင်းများစွာ ကြာအောင် ဆက်တိုက် ဆူငေါက်နေပြီးနောက်မှ ရပ်တန့်၍ ပျံသန်းလာတော့သည်။

သူမ ရောက်လာသည်နှင့် သူမဟာ လူသားပုံစံပြောင်းလိုက်ပါ၏။

"ဟေး အာကာလီ၊ အဆင်ပြေရဲ့လား?"

"ကျွန်မက ပြေပါတယ်..." အာကာလီက ခေါင်းခါ၍ နစ်နာခံထားရပုံဖြင့် တောင်ကုန်းလေးပေါ်၌ ငုတ်တုတ်ထိုင်နေသည့် နဂါးနက်ကို စိတ်ဝင်တစားကြည့်လိုက်သည်၊ "ကက်ဆန်ဒရာ, ရှင် အဲဒီ့ နဂါးနက်ကိုသိတာလား? နဂါးနက်တွေက နဂါးတွေကြားမှာ စိတ်မရှည်ဆုံးလို့ ရှင်ပဲပြောထားတာမဟုတ်လား? ဘာလို့ သူက ရှင့်ရှေ့မှာ အရမ်းနာခံပုံရနေတာလဲ?"

"ဟမ့်! ငါ သူ့ကို ငယ်ငယ်တည်းက ရိုက်လာတာလေ၊ ငါ့ရှေ့မှာ သူက လာအတင့်ရဲပြနေတယ်လား?" ကက်ဆန်ဒရာက အေးစက်စက်နှာမှုတ်ကာဆို၏။

အာကာလီနှင့် အခြားလူများမှာ တစ်ဦးကိုတစ်ဦး ထူးထူးဆန်းဆန်းကြည့်လိုက်ကြသည်။

ကက်ဆန်ဒရာ၏ စကားများအရ သူမနှင့် ထိုနဂါးနက်၏ ဆက်ဆံရေးကိုသာ လူသားစကားဖြင့် ဖော်ပြရလျှင် ... ငယ်ဘဝသူငယ်ချင်းများဟု ခေါ်၍ ရလောက်သည်။

"ကောင်းပြီ၊ ငါ သူ့ကို ဒီကို ခေါ်လာပြီး သိရအောင် မိတ်ဆက်ခိုင်းလိုက်မယ်။" ကက်ဆန်ဒရာက အချက်ပေးရန် နဂါးနက်ရှိရာ တောင်ကုန်းထံ လှည့်လိုက်ရာ ထိုနဂါးနက်က ပျံသန်းလာပြီး လူတိုင်းရှေ့တွင် မြေပြင်ပေါ် ဂရုတစိုက် သက်ဆင်းလိုက်သည်။

"ဟေး၊ နင် ဘာလို့ အခုထိ လူသားပုံစံမပြောင်းသေးတာလဲ? နင့်ရဲ့ ခေါင်းက ဒီလောက်ကြီးနေတာကို နင်နဲ့ စကားပြောဖို့ ငါ့ကို ခေါင်းမော့ထားစေချင်တာလား?' ကက်ဆန်ဒရာမှာ ထိုနဂါးနက်ကို လုံးဝထိန်းမထားဘဲ ဆူငေါက်လိုက်ပါ၏။

ထိုနဂါးနက်မှာ အဖြေဟုထင်ရဟန်ပေါ်သည့် အသံတစ်သံကို ပေးလာသည်။ ထို့နောက် လူငယ် လူသားပုံစံသို့ ပြောင်းသွား၏။

"ဒါက နဂါး အထီးပဲ..." အာကာလီမှာ စိတ်ထဲ ရေရွတ်လိုက်မိသည်။ သူမဟာ လူသားပုံစံပြောင်းလိုက်သည့် နဂါးနက်ထံ လက်ကမ်းလိုက်၏၊ "ဟယ်လို ကျွန်မက အာကာလီပါ။ ကျွန်မက ကက်ဆန်ဒရာ သူငယ်ချင်းပါပဲ၊ တွေ့ရတာ အရမ်း ဝမ်းသာပါတယ်"

ထိုနဂါးနက်က အာကာလီ၏ လက်ကိုကြည့်၍ နှာမှုတ်ကာ မျက်လုံးများထဲ အထင်အမြင်သေးမှုတို့ ပြည့်နေသည်။

"နိမ့်ကျတဲ့ လူသား၊ ဘယ်သူက မင်းနဲ့ လက်ဆွဲနှုတ်ဆက်မှာမို့လို့လဲ?"

သူ၏ အသံရပ်သွားသည်နှင့် ကက်ဆန်ဒရာက သူ၏ ခေါင်းကို ဖြတ်ရိုက်လိုက်၏။

"နင့်ကို ငါ ပြန်ပြီး ဖိအားမပေးဘူးလို့ ထင်နေတာလား? ကောင်းကောင်း ပြောဆိုစမ်းပါ!"

နဂါးနက်မှာ နစ်နာဟန်ပြလာပြီး ကက်ဆန်ဒရာကို ဖုံးကွယ်ထားသော ခါးသီးမှုတို့ဖြင့် ကြည့်ကာ အာကာလီ၏လက်ကို ဆွဲ၍ နှုတ်ဆက်လိုက်တော့သည်။

"ငါက လီယွန်"

အာကာလီက သူ၏ သဘောထားကို လုံးဝစိတ်ထဲမထားပေ။ သူမဟာ သူနှင့် ကက်ဆန်ဒရာအကြားကို အကြိမ်များစွာကြည့်လိုက်ပြီးနောက် သိလိုစွာ မေးလာသည်၊ "ဟေး ကက်ဆန်ဒရာ, ဘာတွေဖြစ်နေတာလဲ ပြောပြပေးလို့ရမလား? ရှင်က နဂါးနီ သူက နဂါးနက်လေ၊ ဘယ်လိုလုပ် အရမ်းရင်းနှီးနေရတာလဲ? ပြီးတော့ ရှင်က သူ့ကို ငယ်ငယ်တည်းက အနိုင်ယူလာတယ်လို့ပြောသေးတယ်လေ ရှင်တို့က အတူကြီးပြင်းလာကြတာလား?"

ကက်ဆန်ဒရာက လက်ကိုယမ်းလိုက်သည်၊ "ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက ကိစ္စတွေပါ၊ ငါတောင် မေ့ခါနီးဖြစ်နေပြီ။ ဘာပဲဖြစ်ဖြစ် နင်လည်း ငါနဲ့ သူ့ကြားက ဆက်ဆံရေးက မဆိုးလှတာကို သိလောက်မှာပါ။ တကယ်တော့ ငါ အရင်က သူ့ကို ဆက်သွယ်ခဲ့ပြီး ဒီမှာ ပျော်စရာလေးတွေ ရှိတယ်လို့ ပြောထားတာလေ၊ သူက ဒီနေ့ ရောက်လာမယ်လို့ ထင်မထားခဲ့ဘူး။ ငါသာ သူ့ကို အစောတုန်းမတွေ့ရင် သူလည်း ငါတို့ကျွန်းကို သွားနေလောက်ပြီ။"

"အိုး? ပျော်စရာလေးတွေလား?" အာကာလီက လီယွန်ကို တအံ့တဩကြည့်လိုက်ကာ၊ "ရှင်လည်း မှော်ဆလွန်းတွေနဲ့ မှော်ပုံရိပ်ယောင်ရုပ်ရှင်တွေကို စိတ်ဝင်စားတာလား?"

လီယွန်က အသံဩဩဖြင့် ပြောလာ၏၊ "မင်း ဘာပြောနေမှန်းတော့ ငါမသိပေမယ့် ကက်ဆန်ဒရာ ပြောတာတော့ အဲဒါတွေက ပျော်စရာကောင်းလို့ ငါလည်း လာကြည့်လိုက်တာ"

အာကာလီမှာ စဉ်းစားမိပြီးနောက် ပြုံးလိုက်ပါ၏။

လီယွန်ကဲ့သို့ နဂါးနက်ပင် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များကို စိတ်ဝင်စားလျှင် ၎င်းက တကယ်ကို အံ့ဩစရာပင်။

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၅၉။ နေရာမြင့် အချက်ပြတာဝါ

လီယွန်၏ ပေါ်ထွက်လာမှုက အာကာလီ၏ အဖွဲ့လုပ်ဆောင်မှုကို အနှောင့်အယှက် မဖြစ်စေခဲ့ဘဲ ပုံမှန်အတိုင်းပြီးသွားခဲ့သည်။

သို့သော် မီးကျောက်ဆောင်ကျွန်းသို့ တည့်တည့် ပျံသန်းလာရန် စီစဉ်ထားသော လီယွန်မှာ လမ်းတလျှောက်၌ ကက်ဆန်ဒရာနှင့် ဆုံတွေ့ခဲ့ရသဖြင့် ကက်ဆန်ဒရာကို အလုပ်ပြီးအောင် ကူညီဖို့ နေခဲ့သည်။

ကက်ဆန်ဒရာမှာ Frestech ကုန်သည်ကြီးများအသင်းမှ မှော်တိမ်တိုက်နယ်မြေကြီးသို့ ဤအဖွဲ့နှင့်အတူ လာခဲ့ပြီး ၎င်းတို့ကို လမ်းပြခြင်းအပြင် ပြိုင်ကွင်းကြီးတစ်ခု တည်ဆောက်ဖို့ လုံလောက်မည့် သင့်တော်သော မြေကွက်လပ်နေရာကို ရှာပေးရမည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစု ရောက်ရှိလာကတည်းက ကက်ဆန်ဒရာရောက်လာခဲ့သည့် နဂါးနီမျိုးနွယ်စုမှာ မှော်ပြိုင်ကားများ၊ မှော်ပုံရိပ်ယောင်ပရိုဂျက်များထဲ လုံးဝ နစ်မျောနေကြတော့သည်။

လပေါင်းများစွာ ကျင့်သားရပြီးနောက်တွင် နဂါးနီများမှာ ကားပြိုင်မောင်းခြင်းကို ကျင့်သားရနေပြီဖြစ်ကာ မီးကျောက်ဆောင်ကျွန်း၌ ယှဉ်မောင်းရခြင်းနှင့် မကျေနပ်ကြတော့ပေ။ ၎င်းတို့အနေဖြင့် ပတ်မောင်းရန် ပိုမိုကြီးမားသည့် နေရာတစ်ခု ရှာချင်လာကြ၏။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ ဤအခွင့်အရေးကို သုံး၍ နဂါးနီများထံ တောင်းဆိုချက် ပြုလုပ်လာကြသည်။ ၎င်းတို့မှာ နဂါးနီများကို မီးကျောက်ဆောင်ကျွန်းနှင့် Frestech ကျွန်းအနီး ကမ်းရိုးတန်း၌ အခြေစိုက်ဌာနတစ်ခု တည်ဆောက်ရာတွင် Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ လက်တွဲ လုပ်ဆောင် စေလိုသည်။

ထိုအခြေစိုက်ဌာန၌ နဂါးများ လွတ်လွတ်လပ်လပ် ပတ်မောင်းနိုင်မည့် ဧရာမ ပြိုင်ကွင်းကြီးတစ်ခုလည်း ပါဝင်မည်ဖြစ်၏။

Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့အနေဖြင့် နဂါးနီများက အချင်းချင်း ယှဉ်မောင်းခွင့်ပေးရန် အထူးပြိုင်ပွဲတစ်ခုပင် ဖန်တီးပေးဖို့ ကူညီမည်ဟုပင် ဖော်ပြခဲ့သည်။

ကက်ဆန်ဒရာ မှာ ပြိုင်ကားများကို အင်မတန် နှစ်ခြိုက်ပြီး Frestech ကုန်သည်ကြီးများအသင်း၏ လူများနှင့် အင်မတန် ရင်းနှီးသည်ဖြစ်ရာ သူမဟာ နဂါးနီတို့ဘက်မှ ထိုကိစ္စအတွက် တာဝန်ရှိသူ ဖြစ်လာတော့၏။

ထို ရုတ်တရတ် ပေါ်လာခဲ့သော နဂါးနက် လီယွန်က ကက်ဆန်ဒရာနောက်သို့ လိုက်ကာ သူမအနေဖြင့် နေရာကောင်းရှာချိန်၌လည်း လိုက်လာပြီး Frestech ကုန်သည်ကြီးများအသင်း၏ လူများနှင့် စကားပြောချိန်၌လည်း လိုက်ပါလာသည်။ သူ့အနေဖြင့်လည်း အာကာလီတို့အဖွဲ့နှင့် အင်မတန် ရင်းနှီးလာဖို့ရန် သိပ်မကြာလိုက်ပေ။

ထို့ကြောင့် လီယွန် တောင်းဆိုမှု မပြုလာခင်လည်း သိပ်မကြာလိုက်ချေ။

"ဟေး၊ အာကာလီ မင်းတို့ ကုမ္ပဏီက ကက်ဆန်ဒရာတို့ မျိုးနွယ်စုနဲ့ ပူးပေါင်းနိုင်မှတော့ ငါတို့မျိုးနွယ်စုနဲ့ရော ပူးပေါင်းနိုင်လောက်လား?"

အာကာလီမှာ သူ့အား အပြုံးဖြင့်ကြည့်၍ ဤအချိန်ကို စောင့်လာသည်မှာ ကြာလှပြီဟု တွေးလိုက်သည်။

"ဒါက.. ကျွန်မတို့ မလုပ်နိုင်တာတော့ မဟုတ်ပေမယ့် ကုမ္ပဏီက ဒီနယ်မြေကြီးမှာ အခြေချကာစပဲ ရှိသေးဖို့ အရင်ပြင်ဆင်ရမှာတွေက များသေးတယ်။ အရေးကြီးဆုံးက ကျွန်မတို့အနေနဲ့ ရှင်တို့ မျိုးနွယ်စု သဘောထားကို မသိသေးတော့ ပြောဖို့ခက်တယ်..." အာကာလီမှာ တမင်ပင် နေရခက်နေပုံကို ထုတ်ပြလိုက်၏။

"ငါတို့ မျိုးနွယ်စုနဲ့ ပတ်သက်ပြီး သေချာပေါက် ပြဿနာ မရှိဘူး!" လီယွန်က ရင်ဘတ်ကို ပုတ်၍ အာမခံလိုက်သည်၊ "ငါ ကက်ဆန်ဒရာတို့ မျိုးနွယ်စု ဘာလုပ်နေတယ်ဆိုတဲ့အကြောင်းကို သွားပြောလိုက်တာနဲ့ သူတို့လည်း သေချာပေါက် ဆန့်ကျင်ကြမှာမဟုတ်ဘူး။"

နံဘေးရှိ ကက်ဆန်ဒရာက အေးစက်စက်နှာမှုတ်လာ၏၊ "အကြွားမစောနဲ့ဦး။ နင်တို့ မျိုးနွယ်စုမှာ ကျောက်တုံးလိုမျိုး ခေါင်းမာတဲ့ လူတစ်စုရှိတာမို့လို့ အသစ်အဆန်းတွေကို လွယ်လွယ်နဲ့ လက်ခံမှာ မဟုတ်ဘူး"

လီယွန်မှာ ခေါင်းငုံ့လိုက်ပြီး ကက်ဆန်ဒရာ၏ အပြောကို မငြင်းခဲ့ပေ။

သူ၏ အသွင်ပြင်ကိုမြင်သော် အာကာလီမှာ အတန်ငယ် သိတ်ချင်စိတ်ဝင်သွား၏။

ဒဏ္ဍာရီထဲ၌ ဖြစ်စေ ကက်ဆန်ဒရာ၏ ဖော်ပြချက်မှ‌ဖြစ်စေ နဂါးနက်များမှာ ကြမ်းတမ်းရက်စက်ခြင်းကြောင့် ကျော်ကြားသည်။ အဘယ့်ကြောင့် လီယွန်ကမူ ထိုသို့သော ရက်စက်သည့် သဘာဝကိုမပြသ သလို ကက်ဆန်ဒရာလည်း အဘယ့်ကြောင့် နဂါးနက်မျိုးနွယ်စု ခေါင်းမာနေမည်ကိုသာ စိုးရိမ်နေရသနည်း?

ဤဝင့်ကြွားသော လီယွန်မှာ ၎င်းကိုပင် မငြင်းဆန်နိုင်ရာ နဂါးနက်များက အတိုင်းအတာတစ်ခုထိ ခေါင်းမာကြောင်း မြင်နိုင်သည်။

"သူတို့ လက်ခံ၊ မခံကို ဘေးချိတ်ထားလိုက်၊ ဘာလို့ဆို ဘာမှ မဖြစ်ခင် ငါတို့ ဒါကို စမ်းသပ်နိုင်တယ်။" အာကာလီက အသာပြုံး၍ ဆိုသည်၊ "လီယွန်၊ ကျွန်မတို့ ရှင့်ကို မှော်ဆလွန်းတချို့နဲ့ မှော်ပုံရိပ်ယောင်ပရိုဂျက်တာတချို့ ယူသွားရအောင် ပေးလို့ရတယ်။ ရှင့်အနေနဲ့ ရှင်တို့ မျိုးနွယ်ဝင်တွေ လက်ခံ မခံကို ကြည့်လို့ရတာပေါ့။ သူတို့ လက်ခံရင် ကျွန်မတို့ ပူးပေါင်းလို့ရတာပဲ။"

"သူတို့ လက်မခံရင်ရော?" လီယွန်က ပြန်မေးလေသည်၊ "ပူးပေါင်းဖို့က မဖြစ်နိုင်တော့ဘူးလား?"

"ဟင့်အင်း၊ ဒီအဓိပ္ပာယ်က ကျွန်မတို့ ထုတ်ကုန်တွေက လုံလောက်အောင် မကောင်းသေးလို့ပဲ။ ရှင်နဲ့ ရှင်တို့ မျိုးနွယ်ဝင်တွေအနေနဲ့ ဒီအရာတွေကို သုံးသပ်ပြီး အကြံပေးလို့ရပါတယ်၊ ဒါဆိုရင် ကျွန်မတို့လည်း ရှင်တို့ရဲ့ အကြံတွေအလိုက် ပြောင်းလဲမှုတွေလုပ်လို့ရတာပေါ့" အာကာလီက ခပ်ကြီးကြီးပြုံးပြလိုက်သည်၊ "ကျွန်မတို့ ဥက္ကဌက ဒီလောကမှာ ရောင်းချလို့ မရတဲ့ အရာဆိုတာမရှိဘူး၊ မှန်ကန်တဲ့ ဝယ်သူကို ရှာမတွေ့သေးရုံပဲ ရှိတာတဲ့"

လီယွန်မှာ အာကာလီကို ငေးကြည့်လိုက်မိသည်၊ "မင်းတို့ ဥက္ကဌက တကယ်ပဲ ထူးဆန်းလိုက်တာ"

အာကာလီက ပခုံးတွန့်သည်။ သူမဟာ ကီလိုမီတာ တစ်သောင်းအဝေးက ဥက္ကဌသာ နဂါးနက်တစ်ကောင်က ဤသို့သော အကဲဖြတ်မှုပေးလာကြေား သိပါလျှင် မျက်တောင် တစ်ချက်ပင် ခတ်နိုင်လောက်တော့မည်မဟုတ်ဟု စဉ်းစားလိုက်မိသည်။

ပြောရလျှင် စိုင်စ်နယ်မြေကြီးရှိ လူတိုင်းမှာ ဥက္ကဌက အင်မတန် ထူးဆန်းသည်ဟု ထင်ကြပြီး သူဟာ အရူးဟု ထင်သူအချို့ပင် ရှိပါ၏။

အာကာလီ၏ အသံမှ စိတ်ရင်းကို ခံစားနိုင်သောကြောင့်လည်း ဖြစ်နိုင်သည်၊ လီယွန်မှာ ၎င်းကို သေချာ‌စဉ်းစား၍ သူ၏ မျိုးနွယ်ဝင်များနှင့် သူဟာ ကောင်းစွာ ဆက်သွယ်ပြီး Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ အောင်မြင်သည့် ပူးပေါင်းမှုတစ်ခု ဖန်တီးရန် ကြိုးစားမည်ဖြစ်ကြောင်း ညွှန်းဆိုခဲ့သည်။

အာကာလီမှာ ၎င်းနှင့်ပတ်သက်၍ အင်မတန် စိတ်ကျေနပ်သွားသည်။

Frestech ကုန်သည်ကြီးများအသင်းသာ ပိုပြီး ကြမ်းတမ်းရက်စက်သည့် နဂါးနက်မျိုးနွယ်စုနှင့် ပူးပေါင်းနိုင်လျှင် မှော်တိမ်တိုက်နယ်မြေကြီးတွင် ဖွံ့ဖြိုးရေးလုပ်ဆောင်ခြင်း၌ အဓိပ္ပာယ်ရှိလာလိမ့်မည်။

"ဟုတ်သားပဲ အာကာလီ၊ မင်းတို့က လူသားကုန်သည်တွေဆိုမှတော့ ဘာလို့ လူသားတွေနဲ့ စီးပွားရေးမလုပ်ဘဲ ဒီကိုလာပြီး ငါတို့ နဂါးတွေနဲ့ စီးပွားရေးလုပ်ရတာလဲ? ဒါက အရမ်းကို ထူးဆန်းမနေဘူးလား?" လီယွန်က ရုတ်တရတ်မေး၏။

အာကာလီမှာ ရပ်တန့်သွားရ၏။

ကက်ဆန်ဒရာမှာ မှော်တိမ်တိုက်နယ်မြေကြီး၌ လူသားများ တည်ရှိကြောင်း ပြောခဲ့ပါသော်လည်း စူးစမ်းရှာဖွေရေး အဖွဲ့အနေဖြင့် တစ်ထောင်စတုရန်းကီလိုမီတာနယ်နိမိတ်အတွင်း လူသားများကို မရှာတွေ့ခဲ့သလို ကက်ဆန်ဒရာ၏ သတင်းကလည်း မသေချာသဖြင့် ၎င်းကို အတည်မပြုခဲ့ရသေးပေ။

လီယွန်အတွက် ၎င်းကို ရုတ်တရတ် ပြောလာသည်မှာ သူ့အနေဖြင့် မှော်တိမ်တိုက်နယ်မြေကြီး၏ လူသားများအကြောင်း အချက်အလက်ကို အတည်ပြုထားခြင်းဟု ဆိုလိုသည်မဟုတ်ပါလား?

"ဒီနယ်မြေကြီးမှာ လူသားတွေရှ်ိလားလို့ မေးရင်တော့လား? ဒါပေါ့ ရှိတယ်။" လီယွန်မှာ အာကာလီ၏ မေးခွန်းကြောင့် အတန်ငယ် အံ့ဩသွားရကာ၊ "လူသားတွေက အမြဲတမ်း အားနည်းနေခဲ့ပေမယ့်လည်း ဒီနယ်မြေကြီးမှာ အလျင်မြန်ဆုံး တိုးတက်ဖွံ့ဖြိုးနိုင်ကြတဲ့ မျိုးနွယ်ပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်အကြာတုန်းက ငါတို့ မျိုးနွယ်စုနားမှာ လူတစ်ရာလောက်ပဲ ရှိတဲ့ လူသားမျိုးနွယ်စုလေးတစ်ခုပဲ ရှိခဲ့တာ၊ ဒါပေမယ့် အခု အဲဒါက ကြီးမားတဲ့ လူသားမျိုးနွယ်စုကြီးဖြစ်လာပြီလေ။ အခုဆိုရင် အနည်းဆုံး သောင်းနဲ့တော့ ချီမယ်လို့ ခန့်မှန်းရတယ်။"

"သောင်းနဲ့ချီပြီးတော့လား?" အာကာလီ၏ မျက်လုံးများက ဝမ်းသာစွာ ပြူးကျယ်သွားသည်။

လူသားသောင်းချီရှိပါလျှင် မှော်တိမ်တိုက်နယ်မြေကြီးရှိ လူသားများမှာ ပြောပလောက်သော အတိုင်းအတာသို့ ရောက်နေပြီဖြစ်သည့် အဓိပ္ပာယ်ပင်။ ၎င်းတို့မှာ ယဉ်ကျေးမှုတစ်ခုရှိသည်အထိပင် တိုးတက်ခဲ့ပြီးဖြစ်နိုင်သဖြင့် ၎င်းတို့နှင့် ပုံမှန်အတိုင်း ဆက်သွယ်ပြောဆိုနိုင်လောက်သည်။

ဥက္ကဌမှာ ကုန်သည်တစ်ဦးက မျိုးနွယ်ကို ဂရုမစိုက်သင့်သလို အခြားမျိုးနွယ်များနှင့် မယှဉ်သင့်ကြောင်း အမြဲ အလေးအနက်ထားခဲ့ပါသော်လည်း အာကာလီကမူ လူသားများနှင့် ဆက်သွယ်ရခြင်းကို ပို၍ သဘောကျ၏။

ဤနယ်မြေကြီးပေါ်၌ လူသားတစ်ဦးပင် မရှိပါလျှင် အာကာလီမှာ အတန်ငယ် အထီးကျန်သလို ခံစားရပေလိမ့်မည်။

လီယွန်အနေဖြင့် သူ၏ မျိုးနွယ်စုကို ရောက်ရှိရန် ပျံသန်းသွားဖို့ ၃ရက်ကြာမည်ကို သိပြီးနောက် အာကာလီမှာ လက်ရှိ၌ ထိုလူသားမျိုးနွယ်စုနှင့် ဆက်သွယ်မည့် အတွေးကို လက်လျှော့လိုက်သည်။

သူမဟာ သူမနှင့် မျိုးနွယ်တူသူကို အင်မတန် ဆက်သွယ်ဖို့ ဆန္ဒရှိနေပါသော်လည်း ၎င်းတို့မှာ ဤနယ်မြေကြီး၌ အမှန်တကယ် ခြေကုပ်မယူနိုင်သေးသလို ဤနယ်မြေကြီး၏ ဒေသခံများကို အလျင်စလို ဆက်သွယ်သည်က ကိစ္စကောင်းမဟုတ်ပေ။

၎င်းတို့မှာ ဤနယ်မြေကြီးအတွက် အပြင်လူများဖြစ်သည်ဟု သိထားရမည်။

၎င်းတို့မှာ မျိုးနွယ်တူဖြစ်ပါလျှင်တောင် ဒေသခံလူသားများက ၎င်းတို့ကို လက်ခံ၊ မခံဟူသည်မှာ မေးခွန်းတစ်ခုဖြစ်လာလိမ့်မည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းရေးဖြစ်နိုင်ချေကို အတည်ပြုပြီးသည့်နောက် လီယွန်မှာဆက်မနေတော့ပေ။ နောက်နေ့ မနက်တွင် သူ၏ ကျော၌ မှော်ပုံရိပ်ယောင်ပရိုဂျက်တာ နှစ်ခုနှင့် မှော်ပုံရိပ်ယောင်ရုပ်ရှင်များစွာကို ချည်နှောင်ရင်း မျိုးနွယ်ထံသို့ ပြန်သွားတော့သည်။

အာကာလီနှင့် အခြား Frestech ကုန်သည်ကြီးများအသင်းဝန်ထမ်းများမှာ အခြေစိုက်ဌာနအတွက် ပြင်ဆင်ရေးများကိုသာ ဆက်လုပ်နေလိုက်၏။

တစ်လကြာပြီးနောက် အာကာလီ၏ လက်အောက်ငယ်သားများမှာ ၁၀၀မီတာမြင့်၍ ကမ်းရိုးတန်းမှ ၂ကီလိုမီတာ ဝေးသော တောင်လေးတစ်တောင်ထက်၌ မှော်အချက်ပြတာဝါတစ်ခု တည်ဆောက်ခဲ့ပြီး ဤဧရိယာ၌ မှော်အချက်ပြခွင့် ရသွားသည်။

၎င်းတို့၏ နောက်ထပ် အလုပ်မှာ ဤနေရာရှိ မှော်အချက်ပြကို Frestech ကျွန်းနှင့် မီးကျောက်ဆောင်ကျွန်းတို့၏ မှော်အချက်ပြများနှင့် ချိတ်ဆက်ပြီး နှစ်ဘက်စလုံး အချင်းချင်း ဆက်သွယ်နိုင်ကြောင်း အာမခံရန်ဖြစ်သည်။

အာကာလီမှာ မှော်အချက်ပြကူးပြောင်းရေးနည်းပညာ၌ အရွေ့သစ်တစ်ခု ပြုလုပ်ခဲ့ပြီး မှော်အချက်ပြတာဝါထံ၌ ၁၅ကီလိုမီတာအထိ ရှိလာအောင် ပြုလုပ်ခဲ့ပါလျှင်တောင် ကီလိုမီတာ ရာနှင့်ချီဝေးသော Frestech ကျွန်းနှင့် မီးကျောက်ဆောင်ကျွန်းထံသို့ တလျှောက်လုံး ဤအချက်ပြကို ပို့ဆောင်ရန်က မဖြစ်နိုင်သေးပေ။

ဤအချိန်တွင် အာကာလီမှ ကက်ဆန်ဒရာနှင့် နဂါးနီများစွာတို့အတူ လွန်ခဲ့သည့် နှစ်တစ်ဝက်တာကျော် ဖန်တီးနေခဲ့သော နေရာမြင့် မှော်အချက်ပြကူးပြောင်းရေးရုံ ပေါ်ထွက်လာမည့် အချိန်ဖြစ်သည်။

အာကာလီ၏ ပထမဆုံးစမ်းသပ်မှုမှာ ကက်ဆန်ဒရာအား နဂါးစာလုံးမှော်ပညာနှင့်အတူ မှော်အချက်ပြရင်းမြစ်တစ်ခုကို ဖန်တီး၍ ၎င်းအား လည်ပတ်ပြီးနောက် စက်တစ်ခုအတွင်း ထည့်သွင်းကာ မှော်လေသင်္ဘောတစ်စင်းထက်၌ ထားရှိခိုင်းရန်ဖြစ်သည်။ ၎င်းတို့မှာ ၎င်းကို လေထဲသို့ ၁ကီလိုမီတာ အထိ ယူဆောင်သွားပြီးနောက် ကမ်းခြေထက်ရှိ မှော်အချက်ပြတာဝါထံမှ ၁၀ကီလိုမီတာအဝေး၌ ထိန်းသိမ်းထားလိုက်သည်။

ဤသို့ဖြင့် မှော်အချက်ပြတာဝါအား မှော်လေသင်္ဘောထံ ကူးပြောင်းနိုင်မည်ပြီးနောက် ၎င်းမှော်အချက်ပြကို စက်အတွင်းရှိ မှော်အချက်ပြရင်းမြစ်ထံမှ ကူးပြောင်းပေးမည်ဖြစ်သည်။

ရှင်းရှင်းပြောရလျှင် ၎င်းမှာ နဂါးစာလုံးမှော်ပညာဖြင့် ပြုလုပ်ထားသည့် လေထဲမှ မှော်အချက်ပြတာဝါတစ်ခုဖြစ်ပြီး မှော်အချက်ပြကို ပင်လယ်ပြင်မှ တဆင့် ပို့ဆောင်ပေးမည်ဖြစ်သည်။

*(Satellite တွေသုံးပြီး network ဖန်တီးတာမျိုးနဲ့ ဆင်ပါတယ်)

အမှန်တွင် ၎င်းတို့အနေဖြင့် မှော်လေသင်္ဘောကို အသုံးပြုဖို့ မလိုအပ်ပါချေ။ ၎င်းတို့အနေဖြင့် စက်အား လေထဲ ဝဲနေစေရန် စက်ပေါ်၌ ပျံသန်းအစီအရင်တစ်ခု ချထားဖို့သာ လိုအပ်သည်။

သို့သော်လည်း ၎င်းကို စမ်းသပ်ချိန်၌ စက်အား လေထဲရှိ လျှပ်စီးကြောင်းများက သက်ရောက်သဖြင့် တည်မြဲမှုကို မထိန်းသိမ်းနိုင်ပေ။ တစ်နေရာထဲ၌ ရှိနေဖို့ အင်မတန်ခဲယဉ်းသဖြင့် အာကာလီမှာ ၎င်းအား နေရာ၌ ထိန်းသိမ်းထားရန် မှော်လေသင်္ဘောကို အသုံးပြုဖို့လိုအပ်၏။

မှန်ပေသည်၊ မှော်လေသင်္ဘောမှာ အင်မတန်ကို တန်ဖိုးရှိသော အရင်းအမြစ်ပါပင်။

Frestech ကုန်သည်ကြီးများအသင်း၏ မှော်တိမ်တိုက်နယ်မြေကြီး စူးစမ်းရှာဖွေရေးအဖွဲ့ထံ၌ ဆယ်စင်းသာရှိသဖြင့် ဤနေရာ၌ ထားခဲ့၍ မရပေ။

ထို့ကြောင့် အာကာလီ၏ အဖွဲ့ထံ၌ လုပ်ဆောင်ဖို့လိုအပ်သည့် သော့ချက်မှာ လေထဲ၌ တည်ငြိမ်စွာ တည်မြဲနေစေမည့် စက်တစ်မျိုး တီထွင်ရန်ဖြစ်သည်။

၎င်းတို့သာ ဤပြဿနာကိုဖြေရှင်းနိုင်ပါက အာကာလီအနေဖြင့် မှော်တိမ်တိုက်နယ်မြေကြီးနှင့် စိုင်စ်နယ်မြေကြီးအကြား ဆက်သွယ်ရေးကို တည်ထောင်ဖို့ ပြဿနာမရှိတော့ကြောင်း သေချာသည်။

သို့သော်လည်း ဤပြဿနာမှာ အာကာလီ၏ အဖွဲ့ဖြေရှင်းရမည့် ပြဿနာမဟုတ်ဘဲ မှော်စက်ဖွံ့ဖြိုးရေးဗဟိုဌာနထံမှ အကူအညီကို လိုအပ်ပါ၏။

ထို့ကြောင်ဘ အာကာလီမှာ ဤပြဿနာကို မည်သည်ကိုမှ ထောက်ထားမနေတော့ဘဲ အကူသင်္ဘောစုမှတဆင့် Frestech ကုန်သည်ကြီးများအသင်းဌာနချုပ်ထံ ပို့ပေးခဲ့သည်။

ထို့နောက် သူမဟာ သူမ၏ လက်အောက်ငယ်သားများနှင့်အတူ ဒုတိယမြောက်မှော်အချက်ပြတာဝါကိုစတင်တည်ဆောက်တော့၏။

ရှုယီမှာ ယခင်က မှော်ဆက်သွယ်ရေးအချက်ပြ လွှမ်းမိုးထားနိုင်သည့် မည်သည့်နေရာမဆို Frestech ကုန်သည်ကြီးများအသင်း၏ ပိုင်နက်ဟု သူမအား ပြောထားဖူးသည်ပင်!

***

မှော်စက်မှုအင်ပါယာ

Vol 7, အခန်း ၆၀။ Multi Thread မှော်ထပ်တူပြုခြင်း

အာကာလီ၏အဖွဲ့မှ မှော်တိမ်တိုက်နယ်မြေကြီး၌ မှော်ဆက်သွယ်ရေးကွန်ရက်အသစ်ကို တည်ထောင်ရန် ကြိုးစားနေခြင်းနှင့် ယှဉ်လျှင် စိုင်စ်နယ်မြေကြီး၌ များစွာပိုမိုကောင်းမွန်နေသည်။

Frestech ကုန်သည်ကြီးများအသင်းမှာ စတန်တိုင်းနယ်မြေ၌ မှော်ဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်ပြီးစီးခဲ့ကတည်းက ၁၀နှစ်တာ ဖွံ့ဖြိုးမှုပြီးသည့်နောက်တွင် Frestech ကုန်သည်ကြီးများအသင်း၏ မှော်ဆက်သွယ်ရေးကွန်ရက်မှာ အနောက်တောင်နိုင်ငံများ၌ရှိ မြေကွက် တစ်လက်မစီတိုင်းကို ဖုံးအုပ်ထားရုံသာမက အခြားနိုင်ငံအများစုကိုလည်း ကွန်ရက်နှင့် ချိတ်ဆက်ထားလေသည်။

ဝေးလံသည့် အချိန်နှင့်တပြေးညီ ဆက်သွယ်ရေး၏ အလားအလာကို သဘောပေါက်ပြီးနောက် Frestech ကုန်သည်ကြီးများအသင်း၏ မှော်ဆက်သွယ်ရေးကိရိယာနှင့် ယခင်က လူများ ဂရုမစိုက်ခဲ့ကြသော ခရီးဆောင် မှော်ဆက်သွယ်ရေးကိရိယာတို့မှာ စတင်ပြီး ရောင်းအားကောင်းလာသည်။

လက်ရှိ မှော်ဆက်သွယ်ရေးကွန်ရက်၏ ပြစ်ချက်များကြောင့် ရှုယီမှာ သာမန်လူများအား သုံးခွင့် မပေးနိုင်သေးသဖြင့် မှော်ဆက်သွယ်ရေးကိရိယာများ၏ တန်ဖိုးကို အင်မတန်ဈေးမြှင့်ထားလိုက်သည်။

လက်ခံစက်(reciever)ကို တပ်ဆင်ခြင်းတန်ဖိုးမှာ ရွှေဒင်္ဂါး ၁၃၀ပြားကျသင့်ပြီး မှော်ဆက်သွယ်ရေးကိရိယာကိုယ်တိုင်ကမူ တစ်လုံးကို ရွှေဒင်္ဂါး ၈၀ဖြင့် ရောင်းချရသည်။ ၎င်းက သာမန်လူများတတ်နိုင်သည်မှ ဝေးကွာနေသေး၏။

*[ လက်ခံစက် (receiver)ဆိုတာ မြင်သာအောင် ပြောရရင် ၉၀ခုနစ် ဝန်းကျင်တွေလောက်က ဖုန်းမရှိရင် ဖုန်းခေါ်တဲ့ဘက်ကနေ ပြောလိုက်တာတွေကို notification အနေနဲ့ လက်ခံရတဲ့ စက်မျိုးပါ။ ဖုန်းခေါ်တဲ့ဘက်က ပြောထားတာကို နားထောင်ချင်ရင် ဖုန်းရုံတစ်ခုခု/ ဖုန်းရှိတဲ့ နေရာတစ်ခုခုမှာ သွားနားထောင်လို့ ရတာမျိုးနဲ့ ဆင်တူမယ်ထင်ပါတယ် ]

သို့သော် ၎င်းက ကုန်သည်ကြီးများနှင့် ၎င်းတို့၏ ပုံရိပ်ကို အမြဲ ဂရုစိုက်သော မျိုးရိုးမြင့်များအား ဝယ်ယူခြင်းမီ မတားဆီးနိုင်ပေ။

ဧပြီလပင် မရောက်လာခင်တွင် လက်ခံစက်အလုံးရေ ၈သောင်း ၄ထောင်အထိ ရောင်းချခဲ့ရပြီး မှော်ဆက်သွယ်ရေးကိရိယာ ၅သောင်း၆ထောင်အထိ ရောင်းရခဲ့၏။

ထို့နောက် ထိုထုတ်ကုန်နှစ်ခုမှာ အမြတ်အစွန်းမြင့်သည့် ကာလ၌ ရှိနေဆဲအတွင်းတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့ထံမှ အံ့အားသင့်ဖွယ် ရွှေဒင်္ဂါး ၂သန်း ဝင်ငွေရခဲ့၏။

အမြတ်အစွန်း ပိုနည်းသည့် အိမ်သုံးမှော်စက်များနှင့် ယှဉ်လျှင် ဤ မှော်ဆက်သွယ်ရေးကွန်ရက်နှင့် စပ်ဆိုင်သည့် ထုတ်ကုန်များထံ အမြတ်အစွန်းမြင့်မားမှု၊ ကျယ်ပြန့်သော အလားအလာနှင့် အနန္တနီးနီးအထိ အလားအလာရှိပေသည်။

ထို့ကြောင့် ဤထုတ်ကုန်နှစ်မျိုးကို တာဝန်ယူထားရသည့် Frestech ဆက်သွယ်ရေး ကုန်သည်ကြီးများအသင်းမှာ ထိုထုတ်ကုန်နှစ်မျိုးကို ထုတ်လုပ်ရာတွင် အင်အားအပြည့်ဖြင့် ရှိနေကြသည်။

ဧပြီအစောပိုင်း၌ Frestech ကုန်သည်ကြီးများအသင်းမှာ ကန်ဒရာအင်ပါယာ၊ မားလိုအင်ပါယာတို့နှင့် တစ်ချိန်တည်း စာချုပ်လက်မှတ်များရေးထိုးခဲ့၏။

စာချုပ်အရ Frestech ဆက်သွယ်ရေး ကုန်သည်ကြီးများအသင်းမှာ ထိုအင်ပါယာကြီးနှစ်ခုကို ၎င်းတို့၏ နယ်စပ်များ၌ မှော်ဆက်သွယ်ရေးကွန်ရက်များ တည်ထောင်ရာ၌ အမ်ရစ် ကုန်သည်ကြီးများအသင်းနှင့်အတူ ကူညီလုပ်ဆောင်ပေးရမည်ဖြစ်သည်။

ခန့်မှန်းခြေများအရ ပထမတစ်သုတ်ကို ပြီးစီးရန် ၅နှစ်ကြာမည်ဖြစ်၏။

ပထမအသုတ်၏ ပန်းတိုင်မှာ အင်ပါယာနှစ်ခု၏ အဓိကမြို့တော်ကြီးများအားလုံးကို မှော်ဆက်သွယ်ရေးကွန်ရက်ဖြင့် ချိတ်ဆက်ပြီး အင်ပါယာနှစ်ခုအတွင်း၌ ဆက်သွယ်ရပိုမိုလွယ်ကူအောင် လုပ်ရာ၌ အာမခံရန်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် Frestech ကုန်သည်ကြီးများအသင်းနှင့် အမ်ရစ် ကုန်သည်ကြီးများအသင်းတို့မှ ပေးလာခဲ့သော သုံးသပ်ချက်အရ ပထမအသုတ်အတွက် ကန်ဒရာအင်ပါယာ၌ မှော်အချက်ပြတာဝါပေါင်း ၃၆၀၀မှ ၃၈၀၀အထိ တည်ဆောက်ရမည်ဖြစ်ပြီး မားလိုအင်ပါယာ၌ မှော်အချက်ပြတာဝါပေါင်း ၃၀၀၀ဝန်းကျင်လောက် တည်ဆောက်ဖို့လိုသည်။

ထို့နောက် ထိန်းသိမ်းမှုနှင့် အခြားကုန်ကျစရိတ်တို့နှင့် ပတ်သက်လျှင် ပထမအသုတ်၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ ရွှေဒင်္ဂါး သန်း၃၀၀ကျော်မည်ဖြစ်သည်။

၎င်းမှာ သံသယပင်မလိုအောင် ဧရာမစီမံကိန်းကြီးဖြစ်ပြီး ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာတို့၏ ဘဏ္ဍာငွေတို့နှင်တင် ၎င်းတို့တစ်ဦးတည်း ပေးဆောင်ဖို့ရန် အင်မတန်ခက်ခဲပါ၏။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ အင်ပါယာနှစ်ခုနှင့်အတူ အခြားစာချုပ်ကိုလည်း လက်မှတ်ထိုးခဲ့သေးသည်။ ထို အင်ပါယာနှစ်ခုအတွက် ဆက်သွယ်ရေးကွန်ရက်ကို ထိန်းချုပ်မည့် ဆက်သွယ်ရေးစီမံခန့်ခွဲမှုဌာနတစ်ခုကို ဖွင့်လှစ်ရမည်ဖြစ်သည်။

ဤဌာနတွင် Frestech ကုန်သည်ကြီးများအသင်းထံ၌ မည်သည့် စီမံခန့်ခွဲခွင့်မှု မရှိပါသော်လည်း လည်ပတ်မှုဆိုင်ရာ အခွင့်အရေးတော့ရှိပေသည်။

၎င်းက အဓိကအရာများကို အင်ပါယာနှစ်ခုမှ ဆုံးဖြတ်မည်ဖြစ်သော်လည်း ထိုအင်ပါယာနှစ်ခုရှိ မှော်ဆက်သွယ်ရေးကွန်ရက်များ၏ အသေးစိတ်လည်ပတ်မှုများကို Frestech ကုန်သည်ကြီးများအသင်းက ထိန်းချုပ်ထားမည့် အဓိပ္ပာယ်ပါပင်။

ထို့အပြင် မှော်ဆက်သွယ်ရေးကွန်ရက်ကို လည်ပတ်ရာမှ ဝင်မည့် အကျိုးအမြတ်တစ်ခုရှိလာပါလျှင် Frestech ကုန်သည်ကြီးများအသင်းလည်း ဝေစုတစ်ခု ရမည်ဖြစ်၏။

ပိုပြီး ယေဘုယျကျကျ ဖော်ပြရလျှင် အင်ပါယာနှစ်ခုမှာ ၎င်းတို့၏ နိုင်ငံများထံ မှော်ဆက်သွယ်ရေးကွန်ရက်များကို ရရန် Frestech ဆက်သွယ်ရေး ကုန်သည်ကြီးများအသင်းနှင့် စာချုပ်လာချုပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ထံ၌ စီမံခန့်ခွဲခွင့်ရှိသော်လည်း အခြား လုပ်စရာအားလုံးကို Frestech ဆက်သွယ်ရေး ကုန်သည်ကြီးများအသင်းထံ ပေးရမည်ဖြစ်ပြီး ကြားဝင်စွက်ဖက်မည်မဟုတ်ပေ။

အခြားရှုထောင့်မှဆိုလျှင် ဤစာချုပ်မှာ Frestech ကုန်သည်ကြီးများအသင်းက အင်ပါယာနှစ်ခုသို့ အမှန်တကယ် ဝင်ရောက်ခြင်းကို ဆိုလို၏။

၎င်းမှာ ရှုယီအတွက် အင်မတန် အရေးပါလှသည်။

နယ်မြေကြီး၏ အခြားလူများမှာ ထိုစာချုပ်၏ ဖုံးကွယ်ထားသော တန်ဖိုးကို နားမလည်သော်လည်း သူ့အနေနှင့် ဆက်သွယ်ရေးနည်းပညာမှာ အနာဂတ်၌ တိုးတက်လာမည်ဖြစ်ပြီး နယ်မြေကြီးတစ်ခုလုံးကို လွှမ်းမိုးသွားသည်အထိ ရပ်တန့်နိုင်မည်မဟုတ်ကြောင်း သေချာသိသည်။

ဤလောကကြီး၏ ဆက်သွယ်ရေးကွန်ရက်သာ ကမ္ဘာမြေကြီးကနှင့် အဆင့်တူသို့ ရောက်လာနိုင်လျှင် သူ့အနေနှင့် သူ၏ ဘဝ၌ လူတိုင်း၏ လက်ထဲတွင် မှော်ဆက်သွယ်ရေးကိရိယာကို မြင်နိုင်တော့မည်ဖြစ်ကြောင်း ယုံကြည်သည်။

မှန်ပါသည်၊ ၎င်းမတိုင်ခင်တွင် သူ့အနေဖြင့် အင်မတန် အရေးပါသည့် ပြဿနာကို ဖြေရှင်းရမည်ဖြစ်၏။

….

"ဥက္ကဌ ကြည့်ပါဦး၊ ဒါက အရင်နှစ်က ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာရန် ထောက်ပံ့ခဲ့တဲ့ multi thread မှော်ထပ်တူပြုခြင်း သုတေသနလေ။" စန်ချယ်လီမှာ လက်ထဲ၌ သာမန်မဟုတ်ပုံရှိသော သတ္တုပြား‌တစ်ခုကို ကိုင်ကာ ရှုယီရှေ့တွင် ၎င်းက ရတနာတစ်ခုနှယ် ချပေးလိုက်သည်။

ရှုယီလည်း သိလိုစိတ်ဖြင့် ယူကာ ခဏကြာကြည့်ပြီးနောက် မေးလိုက်လေသည်၊ "ဒီအရာရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်က ဘာများလဲ?"

စန်ချယ်လီမှာ ရယ်မောလိုက်ပြီးနောက် သတ္တုပြားထံ ညွှန်ပြလာကာ၊ "ဥက္ကဌ မှော်စွမ်းအင်ထည့်ပြီး စမ်းကြည့်လို့ရတယ်။"

ရှုယီမှာ ခဏမျှ ရပ်တန့်သွားပြီးနောက် သူ၏ မှော်စွမ်းအင်ကို အသက်သွင်း၍ စွမ်းအင်အမျှင်တစ်ခုအား ထိုသတ္တုပြားထဲ ပို့လွှတ်လိုက်ပါ၏။

မှော်စွမ်းအင် ဝင်ရောက်သွားသည်နှင့် ထိုသတ္တုပြားထံမှ အပြာရောင်အလင်းတစ်စ တောက်ပလာသည်။ ထို့နောက် ထိုအပြားလေးမှာ မုန်တိုင်းငယ်လေးတစ်ခုအဖြစ်သို့ အမြန်ပြောင်းသွားခြင်းကြောင့် လေအချို့လည်းရလာ၏။

"ဒီထဲမှာ လေပွေမန္တာန်ထည့်ထားတာလား?" ရှုယီမှာ စန်ချယ်လီကို ရှုပ်ထွေးနေပုံဖြင့် မေးလာ၏၊ "ဒီလိုရိုးရှင်းတာလေးပဲဆိုရင် ဘာလို့ ဒီထိရောက်လာပြီး ငါ့ဆီလာပြနေမှာလဲ?"

"ဒါပေါ့ အဲ့လောက် မရိုးရှင်းဘူးလေ" စန်ချယ်လီမှာ အပြုံးဖြင့် လက်ကိုမြှောက်ကာ ထိုမှော်ပြားလေးကို လက်ချောင်းဖြင့်ထိလိုက်၏။

ရှုယီမှာ မတူညီသည့် မှော်စွမ်းအားရင်းမြစ်တစ်ခုက ထိုသတ္တုပြားထဲသို့ ဝင်သွားသည်ကို ခံစားလိုက်ရကာ အတန်ငယ် မျက်မှောင်ကုပ်လိုက်မိသည်။

မတူညီသည့် မှော်ပညာရှင်များ၏ မှော်စွမ်းအားမှာ အတူပေါင်းစပ်သွားလျှင် အကျိုးဆက်က ခန့်မှန်း၍ မရအောင်ပင်။ ၎င်းက မှော်စွမ်းအားကို အရိုင်းဆန်သွားစေကာ ပေါ့‌လျော့ပါလျှင် လူများကို နေရအဆင်မပြေအောင်လုပ်နိုင်ပြီး ပြင်းထန်ပါက လူတစ်ဦး၏ မှော်စွမ်းအားကို လုံးဝပြန့်ကျဲသွားစေနိုင်သည်။

သို့သော် စန်ချယ်လီက ဤသို့ လုပ်ဝံ့သဖြင့် သူဟာ ယုံကြည်ချက်ရှိနေလောက်သည်။ ရှုယီမှာ သူ၏ ကိုယ်ပိုင်မှော်စွမ်းအားကို ပြန်မယူဘဲ သေချာ သုံးသပ်လိုက်၏။

စန်ချယ်လီ၏ မှော်စွမ်းအားက သတ္တုပြားထဲ ဝင်သွားပြီးနောက် ၎င်းက ဘေးဘက်သို့ သိသိသာသာရောက်သွားပြီး ရှုယီ ထည့်သွင်းထားသည့် မှော်စွမ်းအားနှင့် တိုက်ခိုက်ခြင်း မဖြစ်သွားပေ။

ထို့နောက် သတ္တုပြား‌ထက်၌ မီးတောက်လေးတစ်ခုပေါ်လာကာ ရှုယီ၏ မှော်စွမ်းအားဖြင့် လုပ်ဆောင်ထားသော မုန်တိုင်းငယ်လေးနံဘေးတည့်တည့်၌ မျောနေသည်။

မုန်တိုင်းမှ လေမှာ မီးတောက်ကို ခါယမ်းနေသည်မှာ အပြင်ဘက်၌ ထွန်းထားသည့် ဖယောင်းတိုင်ကဲ့သို့ မည်သည့်အခိုက်အတန့်၌မဆို ငြိမ်းသွားတော့မည်ဟု လူများကို တွေးမိစေသည်။

၎င်းကို မြင်ပြီး သတ္တုပြားထံရှိ သူနှင့် စန်ချယ်လီတို့၏ မှော်စွမ်းအားများ စီးဆင်းမှုကို တစ်ချိန်တည်း၌ ခံစားမိသော် ရှုယီမှာ တစ်ခုတွေးမိပြီး မေးလိုက်သည်၊ "စန်ချယ်လီ, ဒါက မတူညီတဲ့ မှော်စွမ်းအားရင်းမြစ်တွေကို မန္တာန်တွေဖြစ်လာစေဖို့ မတူညီတဲ့ ဒြပ်စင်မှော်စွမ်းအင်ဆီ လမ်းပြပေးနိုင်တာလား?"

"ဟုတ်ပါတယ်၊ ဒါက ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ အဆိုပြုထားတဲ့ multi thread မှော်ထပ်တူပြုခြင်းသီအိုရီပါပဲ။ ဘယ်လိုထင်လဲ?" စန်ချယ်လီက အပြုံးဖြင့် မေးလိုက်သည်။

ရှုယီမှာ ခဏမျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းခါလိုက်သည်။

"ဒါက ထူးခြားပေမယ့်လည်း ဒီအဆင့်မှာပဲ ရှိသေးတယ်။ ဒါက ငါတို့ ပထမဆုံးအကြိမ်တွေ့တုန်းက မင်းငါ့ကို ပြခဲ့တဲ့ မှော်အရုပ်နဲ့ တူညီတဲ့ နည်းပညာအဆင့်မှာတောင် မရှိမှာကြောက်ရတယ်။"

"ဒါတင်ပဲ ဘယ်ကမလဲ။ ဥက္ကဌ ကြည့်လိုက်ပါဦး"

စန်ချယ်လီမှာ ရှုယီ၏ မှော်စွမ်းအားကို ရပ်တန့်ခိုင်းလိုက်ပြီး သတ္တုပြားကို ပြန်ယူလိုက်သည်။ သူဟာ ထူးဆန်းသည့် သတ္တုတူရိယာတစ်ခုထား,ထားသည့် သူ၏ ကိုယ်ပိုင်ဓာတ်ခွဲခန်းထဲ ဝင်သွား၏။

"ဥက္ကဌ ဒါက ထိန်းချုပ်ဗဟိုချက်သက်သက်ပဲလေ။ စစ်မှန်တဲ့ လုပ်‌ဆောင်ချက်တွေကို ကြည့်ဖို့ဆို ဒါကို သုံးဖို့လိုတယ်။"

ထိုသို့ပြောပြီးနောက် စန်ချယ်လီမှာ သူ၏ လက်ထဲရှိ သတ္တုပြားကို သတ္တုကိရိယာထက်ရှိ မြောင်းလေးထဲထည့်၍ ဘေးရှိ ခလုတ်တစ်ခုကို နှိပ်လိုက်၏။

ရှုယီမှာ ချက်ချင်းပင် မတူညီသည့် ဒြပ်စင်များ၊ ကြိမ်နှုန်းများနှင့် ထူးခြားချက်များတို့၏ မတူညီသော မှော်ပြောင်းလဲမှုတစ်ရာကျော်လောက်က ဓာတ်ခွဲခန်းထဲ၌ ရုတ်တရတ် ပြည့်သွားသည်ကို ခံစားလိုက်ရသည်။

မှော်ပြောင်းလဲမှု တစ်ရာကျော်သည် သတ္တုတူရိယာ ပတ်လည်မှ ဆင်းသက်လာကာ စန်ချယ်လီ ထည့်သွင်းထားသော သတ္တုအပြားတွင် စုဝေးသွားသည်။

ဤသတ္တုတူရိယာသည် မတူညီသော အဆင့်နိမ့်မန္တာန်ပေါင်း တစ်ရာကျော်ကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ရင်း အလင်းတန်းများအားလုံးကို ထုတ်လွှတ်လာရာ ၎င်းသည် ကြည့်ရှုရန်အတော်လေး စူးရှလှသည်။

ဤမန္တာန်များသည် ပေါ်လာရုံမျှမက အချင်းချင်း အပြန်အလှန် တုံ့ပြန်ကြသည်။

ဥပမာ ရေခဲမန္တာန်အထက်မှ ကျဆင်းလာသော ရေခဲတုံးတစ်ခုမှာ ရေကန်ထဲသို့ ဝင်ရောက်သွား‌ပြီး ထိုရေထဲ၌ မြူခိုးအချို့ကို ဖန်တီးလိုက်သည်။ ထို့နောက်တွင် ပေါ်ထွက်လာသည့် မီးတောက်မန္တာန်တစ်ခုက ထိုရေကို အမြန် အပူပေးလိုက်၏။

ထို့ကြောင့် ရေသည် အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားကာ လွင့်ပျံနေပြီး လေအိတ်ထဲတွင် ထုပ်ပိုးထားပြီးဖြစ်သွားသည်။

ခဏအကြာတွင် ထိုလေအိတ်မှာ တိမ်များအဖြစ်သို့ ပြောင်းသွားပြီး တဖြည်းဖြည်း မိုးရွာချလာသည်။

မိုးရွာလာသည်နှင့် ၎င်းက မြေစွမ်းအားမန္တာန်ကြောင့် စုဝေးနေသည့် ဖုန်မှုန့်အချို့ ပေါ်သို့ ကျရောက်သွားသည်။ ထိုမာကြောသည့် ဖုန်မှုန့်မှာ အမြန်ပင် ပျော့ပျောင်းကာ ရွှံ့အဖြစ်သို့ ပြောင်းသွား၏။

ဤသေးငယ်သည့် ဂဟေဆိုင်ရာ သရုပ်ပြချက်ကိုမြင်သော် ရှုယီ၏ ပထမဆုံးအတွေးမှာ စန်ချယ်လီအနေဖြင့် သုတေသနလုပ်ရာ၌ အင်မတန်ပျင်းရိလှရာ ဤသို့သော အရာများကို ပြုလုပ်နိုင်မည့် မန္တာန်များကိုပင် ပြုလုပ်ခဲ့သည်ဟုပင်။

သို့သော်လည်း ထိုသို့တွေးပြီးနောက် ရှုယီမှာ ထိုသတ္တုတူရိယာက ထုတ်လွှတ်ခဲ့သော မန္တာန်တစ်ခုစီတိုင်းကို သေချာလေ့လာလိုက်တော့သည်။ တစ်ချိန်တည်းမှာပင် သူဟာ မှော်စွမ်းအားနှင့် ၎င်းတို့အကြား ပါရှိသည့် ဒြပ်စင်မှော်စွမ်းအင်ကို အာရုံစိုက်ထား၏။

မိနစ်များစွာ ကြာပြီးနောက် ရှုယီမှာ အသက်ပြင်းပြင်းရှူ၍ စန်ချယ်လီကို ထိတ်လန့်နေဟန်ဖြင့် ကြည့်လိုက်သည်။

"ဒီမန္တာန်တွေအားလုံးက ထပ်တူပဲ လည်ပတ်နေကြတာလား? ပြီးတော့ အားလုံး မှော်အစီရင်တစ်ခုတည်းကနေပဲ လာကြတာလား?"

စန်ချယ်လီမှာ အပြုံးဖြင့် ခေါင်းငြိမ့်လိုက်သည်၊ "ဟုတ်ပါတယ်၊ ဥက္ကဌ။ ဒီမှာ မတူညီတဲ့ မန္တာန်ပေါင်း ၁၀၇မျိုးရှိပြီး အားလုံး ဥက္ကဌ အခုနကမြင်ခဲ့တဲ့ သတ္တုပြားပေါ်က မှော်အစီရင်ဆီကနေပဲ လာတာပါ။ ဒါပေါ့ မှော်စွမ်းအားကို ထောက်ပံ့ပေးထားတာကတော့ မှော်သလင်းကျောက်ပါပဲ"

ရှုယီမှာ ထိုသတ္တုတူရိယာကို အံ့အားသင့်စွာကြည့်လိုက်သည်။

စန်ချယ်လီသာ သူ့အား မလိမ်ညာနေပါလျှင် စန်ချယ်လီ အခု သူ့အား ပြခဲ့သည့် သတ္တုပြားမှာ တစ်ချိန်တည်းတွင် မတူညီသည့် မန္တာန်ပေါင်း ၁၀၇မျိုးကို ထုတ်လွှတ်နိုင်သည့် အဓိပ္ပာယ်ပါပင်!

ပုံမှန်မှော်အစီအရင်တစ်ခုအတွက် ရေးဆွဲထားသရွေ့ မန္တာန်တစ်ခုကိုသာ အသုံးပြုနိုင်မည်ဖြစ်သည်။

ထိုမန္တာန်၏ စွမ်းအားက ပြောင်းလဲသွားပါလျှင်တောင် မန္တာန်တစ်ခုက မန္တာန်တစ်ခုကိုသာ ကိုယ်စားပြုသည်။ တစ်ချိန်တည်း၌ မတူညီသည့် မန္တာန်နှစ်ခုရှိဖို့ မဖြစ်နိုင်ပေ။

စန်ချယ်လီ၏ သုတေသနရလာဒ်များမှာ ဤအယူအဆဟောင်းကို ချိုးဖျက်လိုက်၏။

သူသာ ဤသုတေသနကို ဆက်လုပ်နိုင်လျှင် မှော်ဆက်သွယ်ရေးကွန်ရက် ရင်ဆိုင်နေရသည့် အရေးပေါ်လိုင်းပေါင်းစုံပြဿနာကို ဖြေရှင်းဖို့ အခွင့်အရေးရှိလာမည်ဖြစ်ပြီး၊ ဤလောက၌ ကွန်ပျူတာ..... ရှိလာဖို့ပင် အခွင့်အရေးရှိလာမည်ဖြစ်ပါ၏!

All Chapters