အခန်း (၉၁-၁၀၀)
Vol. 7 Ch. 91-100
မှော်စက်မှုအင်ပါယာ Volume 7 အခန်း ၉၁။
ရှုယီက မျက်မှောင်ကြုတ်ကာ ထိုလူကို လှုပ်ယမ်းလိုက်သည်။
“ငိုမနေနဲ့တော့။ အခုဘာတွေဖြစ်နေတယ်ဆိုတာ ပြောပါဦး”
ထိုလူက မျက်လုံးကို အကြိမ်ရေအနည်းငယ်ပွတ်ကာ အတန်ကြာပြီးနောက်မှသာ ပြန်တည်ငြိမ်လာသည်။ သူက ရှိုက်သံဖြင့် ပြောလိုက်၏။ “ဥ….. ဥက္ကဌ ဒီမနက် ဥက္ကဌလည်း ထွက်သွားရော ကန်ဒရာအင်ပါယာ….. ကန်ဒရာအင်ပါယာကလူတွေ ရောက်လာတယ်။ သူတို့က ဘာမှတောင်မပြောဘဲ ကျွန်တော်တို့ကုမ္ပဏီလက်အောက်က စီးပွားရေးတွေအကုန်လုံးကို ချိပ်ပိတ်လိုက်တယ်။ ကုမ္ပဏီဝန်ထမ်းတွေက သည်းမခံနိုင်ဘဲ သူတို့နဲ့တိုက်ခိုက်ကြပေမယ့် သူတို့က စစ်သားတွေအများကြီးခေါ်လာတော့ ညီအစ်ကိုတွေလည်း မတားနိုင်ခဲ့ဘူး။ နောက်တော့……”
“နောက်တော့ အကုန်ချိပ်ပိတ်ခံလိုက်ရတယ်ပေါ့” ရှုယီ၏အမူအရာက တည်ငြိမ်နေဆဲပင်။ “ငါတို့ကုမ္ပဏီလက်အောက်က စတိုးဆိုင်တွေအကုန်လုံးလား။ ကုမ္ပဏီက အလုပ်သမားတွေရော။ တစ်ယောက်ယောက်ထိခိုက်သွားသေးလား”
“ခုခံဖို့ကြိုးစားတဲ့ ညီအစ်ကိုတစ်ချို့တော့ စစ်သားတွေကြောင့် ဒဏ်ရာရသွားပေမယ့်….. သေတဲ့သူတော့မရှိပါဘူး”
“ဘယ်သူမှမသေတာ တော်သေးတာပေါ့” ရှုယီက ခေါင်းငြိမ့်ကာ သူ့အမူအရာက ပိုပြီးအေးဆေးသွားသည်။ “ကြည့်ရတာ ဒီကန်ဒရာအင်ပါယာသားတွေက လုံးဝ အရူးတွေတော့မဟုတ်တဲ့ပုံပဲ။ သူတို့က ငါတို့ကုမ္ပဏီက ဒီပစ္စည်းတွေကို ယူသွားရင်တောင် မသုံးနိုင်မှန်း သိသားပဲ။ သူတို့ အဲ့ဒါတွေကိုလည်ပတ်ဖို့ ငါတို့ကုမ္ပဏီဝန်ထမ်းတွေကို လိုအပ်သေးတယ်”
ထိုလူက ရှုယီကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်သည်။ “ဥက္ကဌ ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ”
ရှုယီ တစ်ခဏမျှတိတ်နေပြီးနောက် ခေါင်းယမ်းလိုက်သည်။ “ကန်ဒရာအင်ပါယာရဲ့ပန်းတိုင်နဲ့ ဒီလိုလုပ်ရတဲ့အကြောင်းအရင်းကို နားမလည်သေးခင် ငါတို့လုပ်နိုင်တာအများကြီးမရှိဘူး။ မင်း အခုလုပ်ရမယ့်တာဝန်က ကံကောင်းပြီးလွတ်မြောက်သွားတဲ့ ငါတို့ကုမ္ပဏီဝန်ထမ်းတွေကို ဆက်သွယ်ပြီး သူတို့အကုန်လုံးကို စုစည်းနိုင်ဖို့ အကောင်းဆုံးကြိုးစားပါ။ မင်းတို့အကုန်လုံးကို စတက်တိန်းဒက်ချီဆီပြန်ပို့ဖို့ ငါနည်းလမ်းရှာပေးမယ်”
“အဲ ဒါပေမယ့် ဥက္ကဌ ကျွန်တော်ထင်တာ…… ကန်ဒရာအင်ပါယာမှာရှိတဲ့ ညီအစ်ကိုတွေအကုန်လုံး အဖမ်း….. အဖမ်းခံလိုက်ရပြီထင်တယ်…”
ရှုယီ ပြုံးကာ ‘သူတို့က အဖမ်းပဲခံရတာ၊ ငါက စောစောကလေးတင် အသတ်ခံရမလိုဖြစ်လာတာ’ ဟု တွေးလိုက်သည်။
အမှန်တကယ်တော့ ဤစကားကို ဤနေရာရှိ လျှို့ဝှက်သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးအရာရှိအား ပြောပြနေရန်မလိုပေ။
ရှုယီက သူ့ကို အမိန့်အနည်းငယ်ပေးပြီး သူဆက်သွယ်နိုင်သမျှ Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ထမ်းများကို လျှို့ဝှက်ဆက်သွယ်ရန်သာ တိုက်တွန်းလိုက်သည်။ လောလောဆယ် သူ့ကိုယ်သူ လုံခြုံအောင်ကြိုးစားကာ အခြားအလုပ်များကို ဆိုင်းငံ့ထားရုံသာ တတ်နိုင်သည်။
ရှုယီထွက်သွားတော့မည်ကို မြင်သောအခါ ထိုလူက သူ့ကို တားလိုက်သည်။
“ဥ….. ဥက္ကဌ….. ညီအစ်ကိုတွေကို ကယ်တင်နိုင်မယ့်နည်းလမ်းလေး မစဉ်းစားမိဘူးလား”
ထိုလူ၏ အသနားခံသော အကြည့်ကိုမြင်သောအခါ ရှုယီ သက်ပြင်းချလိုက်၏။
Frestech ကုန်သည်ကြီးများအသင်းသည် ကန်ဒရာအင်ပါယာနှင့် အလုပ်အတူလုပ်ခဲ့သော်လည်း ၎င်းက စီးပွားရေးအရပူးပေါင်းမှုအဆင့်သာ ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းက ကန်ဒရာအင်ပါယာ၌ ခန့်အပ်ထားသော အစောင့်အချို့ရှိသော်လည်း သူတို့အစောင့်များကို ဤနေရာတွင် တပ်ချခိုင်းရန် ဖြစ်နိုင်ပေ။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းတွင် ကန်ဒရာအင်ပါယာ၌ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မျှ မရှိချေ။
တစ်ခုခုပြောရမည်ဆိုလျှင် ယခုလက်ရှိတွင် သူက တစ်ဦးတည်းသော အင်အားရှိသူဟုသာ ဆိုနိုင်ပေမည်။
သို့သော် ရန်သူက ကန်ဒရာအင်ပါယာဖြစ်၏။ ရှုယီက အလွန်စွမ်းအားကြီးသော ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးဖြစ်နေလျှင်တောင် ကန်ဒရာအင်ပါယာကို သူတစ်ယောက်တည်းတိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
သူ့အတွက် စတက်တိန်းဒက်ချီသို့ ဘေးကင်းစွာပြန်ရန် ပြဿနာမရှိသော်လည်း ကျန်သည့် ကုမ္ပဏီဝန်ထမ်းများကို ကယ်ရမည်ဆိုလျှင် ၎င်းက သူ့လုပ်နိုင်စွမ်းထက် ကျော်လွန်နေ၏။
ထိုလူက ရှုယီ၏မျက်နှာထက်မှ အဖြေကိုမြင်နိုင်ဟန်ဖြင့် စိတ်ပျက်အားငယ်စွာ ရှုယီ၏လက်ကို လွှတ်လိုက်သည်။
“တောင်းပန်ပါတယ် ဥက္ကဌ ကျွန်တော်တောင်းဆိုတာ အရမ်းလွန်သွားတယ်။ ကုမ္ပဏီရဲ့ ညီအစ်ကိုတွေနဲ့ယှဉ်ရင် ဥက္ကဌက အများကြီးပိုအရေးကြီးတာပေါ့။ ဥက္ကဌအသက်ရှင်နေသရွေ့ ကန်ဒရာအင်ပါယာသားတွေ ကျွန်တော်တို့ရဲ့ညီအစ်ကိုတွေကို ဘာမှလုပ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဥက္ကဌသာ ဒီမှာမရှိရင်…..”
ရှုယီ သက်ပြင်းချကာ သူ့ပခုံးကိုပုတ်လိုက်ပြီးနောက် ထွက်ခွာသွားသည်။
သူ အနောက်တံခါးမှ ထွက်လာချိန်တွင် ထိုလူက သူ့အား လှမ်းခေါ်လိုက်သည်ကို ကြားလိုက်ရ၏။
ရှုယီ မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သောအခါ ထိုလူက မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာဖြင့် ပြေးလာသည်ကို မြင်လိုက်ရသည်။
“ဥက္ကဌ…… ဟိုဟာ…..” ထိုလူက စဉ်းစားနေပြီး ရုတ်တရက် အမှတ်ရသွား၏။ သူက အလျင်အမြန် အသံတိုးကာ ရှုယီဘေးသို့ ရောက်လာသည်။ “ဥက္ကဌ ကျွန်တော် မြို့စောင့်တွေထဲမှာ သိတဲ့သူရှိမှန်း အခုမှ သတိရသွားလို့။ သူကနေတစ်ဆင့် ညီအစ်ကိုတွေကို ဘယ်နေမှာထိန်းသိမ်းထားတယ်ဆိုတာ သိရင်သိရလောက်တယ်”
“အိုး ဒါဆိုကောင်းတာပေါ့။ သူတို့ကို ဘယ်မှာဖမ်းထားတယ် ဒါမှမဟုတ် ကန်ဒရာအင်ပါယာက သူတို့ကို ဘယ်လိုစီမံနေတယ်ဆိုတာ သိနိုင်ရင် ငါတို့ နောက်ဆက်လုပ်ရမယ့်ကိစ္စနဲ့ပတ်သတ်ပြီး အထောက်အကူဖြစ်နိုင်တယ်”
“အမ် ဒါဆို ကျွန်တော် အဲ့ဒီလူကို သွားရှာလိုက်မယ်။ ဥက္ကဌ…… ကျွန်တော့်ကို ဒီကနေ စောင့်နေချင်လား။ ကျွန်တော် ဥက္ကဌထွက်သွားနိုင်ဖို့ ဝင်ဘဲလ်ဒန်မြို့ရဲ့ လက်ရှိကာကွယ်ရေးတွေကို မေးခဲ့လို့လည်းရတယ်” ထိုလူက မေးလိုက်သည်။
“မလိုဘူး ငါ့အတွက် မြို့ထဲကထွက်ဖို့ ပြဿနာမရှိဘူး” ရှုယီက အပြုံးနှင့် သူ့ပခုံးကို ပုတ်လိုက်သည်။ “မြန်မြန် သတင်းရအောင်ယူပြီး ခိုင်လုံတဲ့သတင်းရပြီဆိုရင် ငါတို့ကုမ္ပဏီရဲ့လမ်းကြောင်းတွေကတစ်ဆင့် ဌာနချုပ်တွေဆီ ဆက်သွယ်လိုက်။ ဒီသတင်းက အရမ်းအရေးကြီးလို့ ဒါကို လေးလေးနက်နက်လုပ်ဖို့လိုတယ်”
“ကောင်းပါပြီ”
ထိုလူက ရှုယီကို ထပ်မံကြည့်ကာ တုံ့ဆိုင်းနေပြီးနောက် သူ့ကို အရိုအသေပေးလိုက်ပြီး ဤနေရာမှ ထွက်ခွာသွားသည်။
ရှုယီက သူထွက်သွားပြီးနောက် ခဏစောင့်ကာ အနီးတစ်ဝိုက်တွင် အခြားမည်သူမျှမရှိမှန်း အတည်ပြုပြီးနောက် ထွက်လာခဲ့ကာ တောင်ဘက်ဂိတ်ထံ ဦးတည်လိုက်သည်။
သူက အပြင်ဘက်ရှိလမ်းထံ ရောက်လာချိန်တွင် မြို့ထဲရှိ ပတ်ဝန်းကျင်အနေအထားက မတိုင်မီကထက် ပိုတင်းမာနေမှန်း သတိထားမိလိုက်သည်။
လမ်းမတစ်ဝိုက်တွင် လမ်းလျှောက်ကာ ဟိုဟိုသည်သည်ကြည့်ရှုလျှက် လမ်းသွားလမ်းလာတိုင်းကို ပိတ်ဆို့လုနီးပါး စစ်ဆေးနေသည့် သံချပ်ကာဝတ်စစ်သားများရှိနေ၏။
ဤသို့ တင်းတင်းကြပ်ကြပ် စစ်မေးမှုမှာ ကန်ဒရာအင်ပါယာ၏ မြို့တော်အတွင်း၌ မြင်ရခဲပေသည်။
ရှုယီ ဤအချင်းအရာကို မြင်သောအခါ သူရှေ့ဆက်သွားလျှင် စစ်သားများ၏ မေးမြန်းမှုကို ရှောင်လွှဲနိုင်မည်မဟုတ်မှန်း သိလိုက်၏။
သူ၏ ပုံရိပ်ယောင်မှော်ပညာနှင့် အထူးမှော်အစီအရင်က သူ့ကို မည်သူမျှမမှတ်မိနိုင်အောင် လုပ်ထားသော်လည်း မှော်စွမ်းအင်ရင်းမြစ်၏ လည်ပတ်မှုနှင့်ပတ်သတ်၍ အလေးအနက်ထားသော မှော်ပညာရှင်တစ်ဦးနှင့်သာ တိုးပါက သူအနီးရောက်သွားလျှင် ပြဿနာတစ်ခုရှာတွေ့ရန် အလွန်လွယ်ကူပေလိမ့်မည်။
ရှုယီက ထိုအကြောင်းတွေးကာ မစွန့်စားရန် ဆုံးဖြတ်လိုက်ပြီး ဖြတ်သွားရန်အတွက် ပိုပြီးချောင်ကျသော လမ်းတစ်လမ်းရှာရန် လှည့်ထွက်လာခဲ့သည်။
သူက တူညီသောလမ်းကြောင်းနှင့် မြို့ဂိတ်တံခါးမှထွက်ရန် စီစဉ်ထားသော်လည်း ယခု ၎င်းက မဖြစ်နိုင်ပုံပေါ်သောကြောင့် အပြင်သို့ထွက်ရန် ပိုပြီးတိုက်ရိုက်ဆန်သော နည်းလမ်းကိုသုံးရပေတော့မည်။
ချောင်ကျသော ထောင့်တစ်ထောင့်ကိုရှာပြီးနောက် ရှုယီက သတ္တုအပိုင်းအစများကိုထုတ်ကာ လေထဲသို့ ပစ်လိုက်သည်။
အတန်ကြာပြီးနောက် လေထဲတွင် တူညီသော အပြာရောင် ရွမ်းဗတ်ပုံပိုလီဟဒ်ဒရွန်တစ်ခု ပေါ်လာသည်။
ရှုယီက ဤမှော်နေရာကူးပြောင်းစက်ကို သုံးတော့မည့်အချိန်တွင် ၎င်းက တူညီသော အလင်းရောင်မရှိသည်ကို တွေ့လိုက်ရ၏။ ၎င်းက တစ်ဖက်နှင့် ချိတ်ဆက်မှုမရှိသည့် အဓိပ္ပာယ်ပင်။
“ဘာဖြစ်တာလဲ” ရှုယီ ဇဝေဇဝါဖြစ်သွားပြီး သတ္တုအပိုင်းအစများကို စစ်ဆေးကာ သူတို့အား မြို့ပြင်ရှိ အခြားမှော်အစီအရင်ကို ရှာခိုင်းလိုက်သော်လည်း လုံးဝရှာမတွေ့ချေ။
သူက အကြိမ်ကြိမ် ပြောင်းလဲကြည့်သော်လည်း ရလဒ်မရှိချေ။
နောက်ဆုံးတွင် ဤမှော်နေရာကူးပြောင်းစက်ကို ထပ်မသုံးနိုင်တော့ကြောင်း ရှုယီလက်ခံလိုက်ရတော့သည်။
အရေးအကြီးဆုံးမှာ အကြောင်းအရင်းကို ရှာမတွေ့ခြင်းပင်။
မြို့ပြင်ရှိ မှော်အစီအရင်က အဖျက်ဆီးခံလိုက်ရသည်လော သို့မဟုတ် ဤနေရာက စမ်းသပ်ခန်းကဲ့သို့ မတည်ငြိမ်၍ပင်လော သို့မဟုတ် မှော်အစီအရင်များကြားမှ ဆက်သွယ်ရေးကို နှောင့်ယှက်ဟန့်တားနေသော တစ်ခုခုရှိနေ၍လော မပြောတတ်ပေ။
အတိုပြောရလျှင် ရှုယီအတွက် ဘေးအကင်းဆုံးနည်းလမ်းမှာ အသုံးမပြုနိုင်တော့သည့်အရာ ဖြစ်သွားသည်။
သို့သော် ဤအရာက ရှုယီကဲ့သို့ ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ယောက်အတွက် ဦးနှောက်မခြောက်စေပေ။
သူက မလှမ်းမကမ်းရှိ ဝင်ဘဲလ်ဒန်မြို့၏ မြင့်မားသော တံတိုင်းများကို မော့ကြည့်ကာ တံတိုင်းများထံ ဂရုတစိုက် လျှောက်သွားလိုက်သည်။
မြို့တံတိုင်းများထံရောက်သည်နှင့် ရှုယီက အတွေးတစ်ချက်ဖြင့် သူ၏မှော်အစွမ်းအားလုံးကို ထုတ်ကာ ပျောက်ကွယ်သွားသည်။
သို့သော် ရှုယီမှာ ဝင်ဘဲလ်ဒန်မြို့တံတိုင်းနှင့် တိုက်မိပြီး လေအလယ်မှ ပြုတ်ကျလာ၏။
ရှုယီမှာ ဒယီးဒယိုင်ဖြင့် ခြေလှမ်းအနည်းငယ် ဆုတ်သွားရပြီး နောက်ဆုံးတွင် သူကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူက အံ့ဩသော အမူအရာနှင့် တံတိုင်းများကို ကြည့်လိုက်၏။
သူက နေရာရွှေ့ပြောင်းရေးမှော်စွမ်းအားကိုသုံး၍ ဝင်ဘဲလ်ဒန်မြို့မှထွက်ရန် စီစဉ်ထားသော်လည်း တံတိုင်းထဲရှိ မှော်နေရာလွတ်နှင့်ဝင်တိုက်မိပြီး ၎င်းက သူ့ကို တားဆီးလိမ့်မည်ဟု ထင်မထားချေ။
တည်ငြိမ်အောင်ထိန်းပြီးနောက် သူ့ရှေ့တွင်ရှိနေသည်မှာ ဝင်ဘဲလ်ဒန်မြို့၏ တံတိုင်းဖြစ်နေကြောင်း တွေ့လိုက်ရသည်။
ရှုယီ အတော်လေး ပဟေဠိဖြစ်သွား၏။
ဤအရာသည် သိသိသာသာပင် ကျောက်တုံးဖြင့်ပြုလုပ်ထားသော ပုံမှန်တံတိုင်းတစ်ခုဖြစ်သော်လည်း ၎င်း၏ပတ်ပတ်လည်ရှိ မှော်နေရာလွတ်ထဲတွင် မည်သို့ဖြစ်၍ မှော်အတားအဆီးတစ်ခု ရှိနေရသနည်း။
မြို့တံတိုင်းများထဲမှ ကျယ်လောင်သော ရယ်သံတစ်သံထွက်ပေါ်လာပြီး ထိုရယ်သံတွင် အံ့ဩကျေနပ်မှုနှင့် လှောင်ပြောင်မှုတို့ မဖုံးမဖိနိုင်အောင် ပြည့်လျှက်ရှိ၏။
“ဥက္ကဌရှု ငါတို့ကတော့ ငါတို့အစီအစဉ်ကျရှုံးသွားပြီ၊ မင်း စတက်တိန်းဒက်ချီဆီ ပြန်သွားပြီး အနာဂတ်မှာ ခေါင်းကိုက်စရာ ရန်သူတစ်ယောက်ဖြစ်လာတော့မယ်လို့ ထင်နေတုန်းရှိသေး မင်းက သာမန်ဝန်ထမ်းလေးတစ်ချို့အတွက် ဝင်ဘဲလ်ဒန်မြို့ကို တကယ်ကြီးပြန်လာမယ်လို့ ထင်မထားဘူး။ မင်းရဲ့ ကိုယ်ကျင့်သိက္ခာကိုပဲ လေးစားရမလား ဒါမှမဟုတ် မင်းရဲ့ရူးမိုက်မှုကို လှောင်ရယ်ရမလားပဲ”
ရှုယီမော့ကြည့်လိုက်သော်လည်း နေရောင်က အလွန်ပြင်းသောကြောင့် သူ့မျက်လုံးများကို မှေးကျဉ်းလိုက်ရသည်။ စိတ်အေးအေးထားလိုက်ပြီးနောက် သူက နေရာလွတ်မှော်ပညာကိုသုံး၍ လေထဲသို့ ဖြည်းညင်းစွာ ပျံတက်သွားလိုက်သည်။ သူ ဝင်ဘဲလ်ဒန်မြို့တံတိုင်းနှင့် တစ်ပြေးညီတည်းဖြစ်သွားချိန်တွင် လွန်ခဲ့သော နှစ်နာရီခန့်က သူနှင့်စကားပြောပြီးနောက် သူ့ကို ရုတ်တရက် သတ်ချင်နေခဲ့သော အရေးကြီးပုဂ္ဂိုလ်ကို တွေ့မြင်လိုက်ရသည်။ “ဗိုလ်ချုပ်မှူးကြီး ခင်ဗျား တကယ်ပဲ လှုပ်ရှားတာမြန်တာကို ကျုပ်ဝန်ခံရမယ်” ရှုယီ နက်ရှိုင်းသောလေသံဖြင့် မေးလိုက်သည်။ “ကျုပ် အတော်လေးသိချင်မိတယ်။ ကျုပ် ဝင်ဘဲလ်ဒန်မြို့ကိုပြန်လာမယ်ဆိုတာ ခင်ဗျား ဘယ်လိုလုပ်သိတာလဲ”
ဗိုလ်ချုပ်မှူးကြီး ဆူမန် က လှောင်ပြောင်မှုနှင့် အထင်သေးမှုတို့ပြည့်နေသော အပြုံးတစ်ပွင့်ပြုံးလိုက်သည်။ “စဉ်းစားကြည့်စမ်းပါဦး ဒီအတောအတွင်း မင်း ဘယ်သူနဲ့တွေ့ခဲ့လဲလို့”
ရှုယီ သူ့ကုမ္ပဏီမှ သတင်းအချက်အလက်အရာရှိကို သတိရသွားပြီး ထိုအကြောင်းကို တွေးတောပြီးနောက် သူနားလည်သွားသည်။ “မထူးဆန်းတော့ပါဘူး….. တစ်ခုခုလွဲနေတယ်လို့ ခံစားခဲ့ရတာ။ ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေက ကျုပ်တို့ကုမ္ပဏီရဲ့ စီးပွားရေးတွေအကုန်လုံးကို ချိပ်ပိတ်ထားတာ နှစ်နာရီတောင်မပြည့်သေးဘဲ သူက ဘယ်လိုလုပ် အကုန်လုံးသိနေပြီး အသေးစိတ်ကစ ရင်းနှီးနေနိုင်တာလဲလို့။ လက်စသတ်တော့ သူက ခင်ဗျားဘက်တော်သား ဖြစ်ပြီးပြီပဲ”
ဗိုလ်ချုပ်မှူးကြီး ဆူမန် က ရယ်မောလိုက်သည်။ “ဥက္ကဌရှု မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက ဒီလူတွေအကုန်လုံးကို ငွေပေးပြီး အလုပ်ခန့်ထားနိုင်မှတော့ ငါတို့ကလည်း ရွှေဒင်္ဂါးတွေသုံးပြီး သူတို့ကို ပြန်ဝယ်နိုင်တာပေါ့။ မင်းသိထားရမှာက မင်းတို့က တည်ထောင်တာ နှစ်နှစ်ဆယ်တောင်မပြည့်သေးတဲ့ ကုမ္ပဏီလေးတစ်ခုပါ။ လူတွေက ဘယ်လိုလုပ် မင်းတို့ကုမ္ပဏီအတွက် အသက်ပေးချင်မှာလဲ”
ရှုယီ ခဏတိတ်သွားပြီးနောက် ခေါင်းငြိမ့်လိုက်သည်။ “ခင်ဗျားမှန်ချင်လည်း မှန်မှာပါ။ ဟုတ်တယ် ကျုပ်တို့က ကုမ္ပဏီလေးတစ်ခုပဲမို့ ဆက်ဆံရေးအကုန်လုံးက စီးပွားရေးအရဆက်ဆံမှုတွေပဲ။ ဒါပေမယ့် ဘာလို့ ခင်ဗျားတို့ ကန်ဒရာအင်ပါယာက ကျုပ်တို့ကုမ္ပဏီနဲ့ မပူးပေါင်းချင်ရတာလဲဆိုတာ ကျုပ်နားမလည်သေးဘူး။ အားလုံး အတူတူတိုးတက်နေတာကို နှစ်ဖက်လုံးထိခိုက်မယ့် ဒီလိုလုပ်ရပ်မျိုး လုပ်ဖို့လိုလို့လား”
“ငါပြောပြီးပြီ ငါတို့က အင်ပါယာနိုင်ငံတစ်ခုဖြစ်ပြီး မင်းတို့က ကုမ္ပဏီလေးတစ်ခု၊ အခြေခံကွဲပြားချက်တွေရှိပြီးသား။ မင်း ဒါကိုမှ မစဉ်းစားနိုင်ရင်လည်း….. ငါ မင်းကိုရှင်းပြနေဖို့ စိတ်မဝင်စားဘူး။ လိုရင်းပဲပြောမယ် ဥက္ကဌရှု မင်းက ရူးရူးမိုက်မိုက်နဲ့ ဂူထဲကို ပြန်ဝင်လာပြီဆိုမှတော့ လွတ်မြောက်ဖို့မစဉ်းစားနဲ့”
ဗိုလ်ချုပ်မှူးကြီး ဆူမန် က ရှုယီကို တစ်ကိုက်တည်းနှင့် မျိုချပစ်ချင်နေသကဲ့သို့ တင်းမာသော အမူအရာနှင့် ကြည့်လိုက်သည်။ “စောစောက မင်းလွတ်သွားတဲ့အချိန်ဟာ ငါ့ဘဝမှာ အကြီးမားဆုံးရှုံးနိမ့်မှုပဲ။ အခု မင်း ဘာပဲဖြစ်ဖြစ် မလွတ်နိုင်တော့ဘူး”
ဤသို့ပြောပြီးနောက် ဗိုလ်ချုပ်မှူးကြီး ဆူမန် က ခြေတစ်လှမ်းဆုတ်သွားပြီး သူရပ်ခဲ့သောနေရာ၌ ပုံရိပ်နှစ်ခု ပေါ်လာသည်။ ၎င်းတို့သည် စောစောက ရှုယီနှင့်တိုက်ခိုက်ခဲ့သော ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့ပင် ဖြစ်လေသည်။
***
မှော်စက်မှုအင်ပါယာ Volume 7 အခန်း ၉၂။
“ဥက္ကဌရှု ထပ်တွေ့ပြန်ပြီ”
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ၏ အမူအရာက ရှုယီကိုပြန်တွေ့ချိန်တွင် နောက်မှ ဗိုလ်ချုပ်မှူးကြီး ဆူမန် ထက်ပင် ပိုလေးနက်နေ၏။
စောစောက သူနှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့ နှစ်ယောက်လုံးလှုပ်ရှားခဲ့သော်လည်း ရှုယီက အလွယ်တကူ လွတ်မြောက်သွားခဲ့သည်။ ၎င်းက သူတို့၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။
ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးဖြစ်နေလျှင်တောင် ရှုယီခွန်အားက သူ့ထက်အားနည်းသည်ဟု သတ်မှတ်လျှက် ရှုယီအပေါ် အနည်းငယ်အထင်သေးခဲ့သော်လည်း ယခုမူ သူက ရှုယီကို အလေးအနက်ထားနေ၏။
ဤကောင်လေး၏စွမ်းရည်က တုန်လှုပ်ဖွယ်ဖြစ်ပြီး ထိုထူးဆန်းသော ပစ္စည်းများကိုလည်း လုပ်နိုင်သည်။ သူက မှော်နေရာလွတ်နှင့် ပိုင်နက်ကို အထူးတလည်နားလည်သောကြောင့် သူ့ကိုရှင်းရန် မလွယ်ကူပေ။
သူသာ ရူးမိုက်စွာဖြင့် ဤတစ်ကြိမ် ထောင်ချောက်ထဲသို့ ဝင်မလာခဲ့လျှင် သူ့ကို သတ်နိုင်မည့်အခွင့်အရေး ထပ်ရရန် ဆုတောင်းနေရုံသာ တတ်နိုင်ပေလိမ့်မည်။
ရှုယီက ခါးသီးစွာ ရယ်မောကာ ခေါင်းယမ်းလိုက်သည်။ သူက သူတို့နှစ်ယောက်အောက်ရှိ မြို့တံတိုင်းကို ညွှန်ပြကာ မေးလိုက်၏။ “အရှင် အိုဖာလျန် ကျုပ်တို့မစခင် တစ်ခုလောက် အရင်ဆုံးမေးလို့ရမလား”
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ရယ်မောလိုက်သည်။ “ဥက္ကဌရှု အချိန်ဆွဲဖို့ ကြိုးစားမနေပါနဲ့။ မင်း မြို့ထဲကိုဝင်လာပြီဆိုကတည်းက ကိုယ့်ကိုယ်ကို လွတ်မြောက်နိုင်တယ်ဆိုပြီး စိတ်ကြီးဝင်မနေနဲ့တော့”
ရှုယီ ပခုံးတွန့်လိုက်သည်။ “ခင်ဗျားမဖြေချင်လည်းရပါတယ်။ ကျုပ်ဘာသာ အဖြေရှာရုံရှိတာပေါ့”
ဤသို့ခွန်းတုံ့ပြန်ပြီးနောက် ရှုယီက ရုတ်တရက် အပစ်ခံလိုက်ရသော ကျည်ဆံတစ်တောင့်ကဲ့သို့ ကောင်းကင်ထဲသို့ တည့်တည့်မတ်မတ် ပျံတက်သွားသည်။
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့မှာ ရှုယီစတင်မလှုပ်ရှားမီ လှုပ်ရှားမှုလုပ်ရန် ကြံစည်ထားသော်လည်း သူဝင်သွားသည့် ဦးတည်ရာကိုကြည့်ပြီးနောက် သူတို့ ပြိုင်တူ ရပ်တန့်သွားကြသည်။ သူတို့၏အမူအရာက တည်ငြိမ်နေပြီး ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ၏ မျက်နှာထက်တွင် လှောင်ပြောင်သော အပြုံးပင် ပေါ်လာသည်။
သူတို့က ရှုယီ လေထဲသို့ ပြေးတက်သွားသည်ကို ကြည့်နေကြ၏။ သို့သော် ရုတ်တရက် တစ်စုံတစ်ခုကို ဝင်တိုက်မိသကဲ့သို့ သူ့ခန္ဓာကိုယ်က ပျံသန်းနေရာမှ အလျင်အမြန် ရပ်တန့်သွားသည်။
သူ့ဦးခေါင်းထက်ရှိ နေရာလွတ်ထဲတွင် တလက်လက်တောက်ပနေသော အရာများ ပေါ်လာ၏။ သူတို့က အတူတကွရစ်ပတ်ကာ ပင့်ကူအိမ်တစ်ခုဖွဲ့စည်းလျှက် ရှုယီကို ရှေ့ဆက်မတိုးနိုင်အောင် တားဆီးလိုက်သည်။
ရှုယီက ဒယီးဒယိုင်နှင့် လေထဲတွင် ပေါလောမျောနေပြီး သူ့ကိုယ်သူ ခက်ခက်ခဲခဲ တည်ငြိမ်အောင်လုပ်လိုက်၏။ သူက ခပ်ချိုချိုအရသာကို ခံစားလိုက်ရပြီး ပါးစပ်ဟကာ သွေးများအန်ထုတ်လိုက်သည်။
သူ အရှိန်ပြင်းပြင်းနှင့် ပျံသန်းခဲ့စဉ်က ဤအမြင့်ရှိ မှော်နေရာလွတ်က ထူးဆန်းသည်ကို ရုတ်တရက် ခံစားခဲ့ရ၏။ တုံ့ပြန်လိုက်ချိန်တွင် သူ မထိန်းနိုင်တော့ဘဲ ဝင်တိုက်မိသွားသည်။ ဤနေရာလွတ်မှ ထူးဆန်းသော မှော်စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်နေပြီး ၎င်းက တားမြစ်မန္တန်တစ်ခုကဲ့သို့ပင် အားကောင်း၏။
အမှန်တကယ်တော့ ရှုယီက ယခု စွမ်းအားမြင့်သော ကျွမ်းကျင်ဘုန်းတော်ကြီးဖြစ်နေပြီဖြစ်သောကြောင့် တားမြစ်မန္တန်တစ်ခုနှင့် တိုက်မိခြင်းကပင် သူ့အတွက် ထိုမျှအန္တရာယ်မများပေ။
သို့သော် သူဝင်တိုက်မိသော ဤမှော်စွမ်းအင်လှိုင်းက အလွန်ထူးဆန်း၏။ ၎င်းက သူ့ကိုယ်ပိုင်ခန္ဓာကိုယ်၏ မှော်စွမ်းအင်လှိုင်းများအပေါ်၌ပင် သက်ရောက်စေနိုင်ပြီး သူ့ကို ပြင်းထန်သော ပြန်ကန်အားတစ်ခု ခံစားသွားရစေသည့်အပြင် သူ့ခန္ဓာကိုယ်ထဲရှိ မှော်စွမ်းအားကို ယာယီဝရုန်းသုန်းကား ဖြစ်သွားစေသည်။
မှော်ပညာရှင်တစ်ယောက်အတွက် သူတို့၏မှော်စွမ်းအား ဝရုန်းသုန်းကားဖြစ်သွားခြင်းသည် အလွန်အန္တရာယ်များသော ကိစ္စဖြစ်၏။ ၎င်းက အတွင်းဒဏ်များကို ဖြစ်စေပြီး ပြင်းထန်လျှင် သူတို့အသက်ကိုပါ ယူသွားနိုင်သည့် မှော်ပညာတုံ့ပြန်မှုတစ်ခုပင် ဖြစ်စေနိုင်သည်။
မှော်ပညာရှင်က ပိုသန်မာလေ သူတို့တွင်ရှိသော မှော်စွမ်းအင်က ပိုအားကောင်းလေဖြစ်သည်။ ၎င်းက ဝရုန်းသုန်းကားဖြစ်သွားသည်နှင့် အကျိုးဆက်များက ပို၍ပင် ပြင်းထန်ပေလိမ့်မည်။
ရှုယီက မြန်မြန်ပျံသန်းသွားရုံသာဖြစ်ပြီး မှော်စွမ်းအားအများအပြား သုံးမထား၍သာ တော်တော့သည်။ ထိုအတွက်ကြောင့် သူ၏မှော်စွမ်းအားက ဝရုန်းသုန်းကားဖြစ်သွားလျှင်တောင် မပြင်းထန်ဘဲ သူက သူ့ကိုယ်တွင်းရှိ မှော်စွမ်းအင်ကို အလျင်အမြန် ထိန်းချုပ်နိုင်လိုက်သည်။
သို့သော် ဤအရာက သူ့ကို တစ်စုံတစ်ခု နားလည်သွားစေသည်။
သူ့ကို ဝင်ဘဲလ်ဒန်မြို့မှ မထွက်နိုင်အောင် တားဆီးထားသည့် ထူးဆန်းသော မှော်အတားအဆီးသည် မြို့တံတိုင်းများအပြင် သူ့အထက်ရှိ နေရာလွတ်ကိုပင် ပိတ်ဆို့ထား၏။
“ဥက္ကဌရှု မင်းရဲ့မေးခွန်းက မှော်ပိုက်နက်ချိပ်ပိတ်ခြင်းအစီအရင်အကြောင်းဆိုရင်တော့ ငါ မင်းကို ရှင်းပြပေးနိုင်ပါတယ်” အောက်မှ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ၏ အသံခပ်တိုးတိုး ထွက်ပေါ်လာသည်။
ရှုယီ ငုံ့ကြည့်လိုက်သောအခါ ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ယောက်က တံတိုင်းပေါ်၌ ရပ်နေကြဆဲဖြစ်ပြီး သူ့နောက်မှလိုက်ကာ ပျံသန်းခဲ့ပုံ မပေါ်ချေ။
သူက ဤမှော်ပိုက်နက်ချိပ်ပိတ်ခြင်းအစီအရင်ဖြင့် တားဆီးခံရမည်မှန်း သူတို့သိထားပြီးသည့်ပုံပင်။
“ရှင်းပြပေးပါဦး” ရှုယီက လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်သည်။ ထို့နောက် သူက ညာလက်ကို ဖြည်းညင်းစွာမြှောက်ကာ လက်ချောင်းတစ်ချောင်းကို ၎င်းထံ ဖြည်းဖြည်းချင်း ရွှေ့လိုက်၏။
“ဒီမှော်ပိုက်နက်ချိပ်ပိတ်ခြင်းအစီအရင်က ဝင်ဘဲလ်ဒန်တစ်မြို့လုံးကို ဖုံးအုပ်ထားတဲ့ အစီအရင်တစ်ခုပဲ။ သူ့ရဲ့အသုံးဝင်ပုံကတော့ ဥက္ကဌရှု နှစ်ကြိမ်ကြုံပြီးတဲ့အတိုင်း ဝင်လာတဲ့ မှော်သက်ရောက်မှုအကုန်လုံးကို တားဆီးပေးဖို့ပဲ။ ပြီးတော့ နည်းနည်းချိန်ညှိပေးလိုက်လိုက်ရင် မှော်စွမ်းအင်အားလုံးကို အစီအရင်ရဲ့အပြင် မထွက်နိုင်အောင်လည်း အလွယ်တကူ တားပေးတယ်“
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ၏အသံက အောက်မှ ဖြည်းညင်းစွာ ထွက်လာသည်။
“ဒီလိုဆိုမှပဲ ဒီမှော်ပိုက်နက်ချိပ်ပိတ်ခြင်းအစီအရင်က ချထားတာ နှစ်ငါးရာကြာပြီ။ ဒါက မြို့ထဲမှာ တစ်ခုခုကိုဆန့်ကျင်ဖို့ ပထမဆုံးအကြိမ် အသုံးပြုတာပဲ။ ဥက္ကဌရှု၊ မင်းကို ဆက်ဆံပုံကတော့ တကယ်သာမန်မဟုတ်ဘူးပြောရမယ်”
“ခင်ဗျားတို့ ကျုပ်ကို ဒီလောက်ကြီး အလေးအနက်မထားရင် ပိုကောင်းမှာပဲ” ရှုယီက ခါးသီးစွာ ရယ်မောကာ ပြန်ဖြေလိုက်သည်။
ဤအချိန်တွင် သူ၏ ညာလက်ညှိုးက စောစောက သူဝင်တိုက်မိသည့် မမြင်ရသော မှော်အတားအဆီးထံ ထိလိုက်သည်။
သူ့လက်ချောင်းတွင် စုစည်းထားသည့် အားနည်းသော မှော်စွမ်းအားနှင့်အတူ ရှုယီက ဤမှော်အတားအဆီးထဲတွင် ဖုံးကွယ်ထားသော ကြောက်မက်ဖွယ်အန္တရာယ်ကို အာရုံခံမိလိုက်သည်။
သူသာ တိုးဝင်သွားလျှင် အဆုံးသတ်ကောင်းမည်မဟုတ်မှာ သေချာ၏။
ထို့ပြင် သူမြင်နိုင်သော ဤနေရာမှ အစီအရင်၏ အစိတ်အပိုင်းလေးတစ်ပိုင်းကို ကြည့်ရုံနှင့်ပင် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ပြောခဲ့သည့် တစ်မြို့လုံးကိုဖုံးအုပ်ထားသော မှော်အစီအရင်က သူထင်ထားသည်ထက် များစွာပိုစွမ်းအားကြီးလောက်ပေမည်။
မှော်အစီအရင်၏ ဝင်ရိုးကို မဖျက်ဆီးနိုင်လျှင် ဤမှော်အတားအဆီးကို အားသုံး၍ ဖျက်ဆီးနိုင်မည်မဟုတ်ပေ။
“ဥက္ကဌရှု မင်းကို လက်လျှော့လိုက်ဖို့ တိုက်တွန်းပါရစေ။ ဒီမှော်ပိုက်နက်ချိပ်ပိတ်ခြင်းအစီအရင်က ဗိုလ်ချုပ်မှူးကြီးစံအိမ်မှာချထားတဲ့ မှော်အတားအဆီးအကြမ်းထည်လို မရိုးရှင်းဘူး။ မင်းမပြောနဲ့ ဒီနယ်မြေက ကျွမ်းကျင်ဘုန်းတော်ကြီးတွေ အတူလာရင်တောင် ဒီမှော်အတားအဆီးကို ချိုးဖျက်နိုင်မှာမဟုတ်ဘူး”
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်က ရှုယီ၏အကြံအစည်ကို ရိပ်စားမိသောကြောင့် သူ့အသံတွင် လှောင်ပြောင်ရိပ်တို့ ပါလာပြီး ရှုယီအား ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းအတွက် မခံချိမခံသာဖြစ်အောင် ပြောလိုက်သည်။
“အိုဖာလျန် ပြောတာမှန်တယ်” တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က ရုတ်တရက် ပြောလာသည်။ “ဒီမှော်ပိုက်နက်ချိပ်ပိတ်ခြင်းအစီအရင်ကို ငါတို့ကန်ဒရာအင်ပါယာမှာ ချပြီးကတည်းက တောက်လျှောက် အားဖြည့်လာတာ။ သူ့ကို နှစ်ငါးရာအတွင်း မရေမတွက်နိုင်တဲ့ အထွတ်အထိပ်မှော်ပညာရှင်တွေက အဆင့်မြှင့်ပေးထားလို့ သာမန်မှော်ပညာရှင်တစ်ယောက် ရင်မဆိုင်နိုင်တဲ့အရာဖြစ်နေပြီ။ ဒါ့ကြောင့် ဥက္ကဌရှု မင်းကို တိုက်မနေဘဲ အရှုံးပေးလိုက်ဖို့ အကြံပေးချင်တယ်”
“အိုး” ရှုယီက ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ကို အံ့ဩသောအမူအရာဖြင့် ကြည့်လိုက်သည်။ “ခင်ဗျားက ကျုပ်ကို အရှုံးပေးစေချင်တာလား ဒါမှမဟုတ် ကျုပ်ကိုသတ်ဖို့ ကြံစည်နေတာလား”
“မင်းရဲ့မှော်ပညာစွမ်းရည်ပဲဖြစ်ဖြစ် မင်းရဲ့မှော်ပညာဗဟုသုတကပဲဖြစ်ဖြစ် အကုန်လုံးအဖိုးတန်တယ်။ ဒီတော့ မင်းဘက်ကစပြီး အညံ့ခံလိုက်ရင် ငါတို့ မင်းရဲ့အသက်ကို ချမ်းသာပေးချင်လာမှာ သေချာတယ်” ဤစကားကိုပြောလိုက်သူမှာ တစ်နေရာရာသို့ ဆုတ်သွားပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီး ဆူမန် ဖြစ်သည်။ “ဒါကတော့ မင်းပူးပေါင်းပေးမယ့် အဆိုပြုချက်အပေါ် မူတည်တယ်”
“ဆိုလိုတာက ကျုပ်အညံ့ခံပြီး ခင်ဗျားတို့နဲ့ပူးပေါင်းနေသရွေ့ ကျုပ်အသက်ကို ချမ်းသာပေးနိုင်တယ်ပေါ့” ရှုယီက အပြုံးနှင့် မေးသည်။
“ဒါပေါ့ စောစောက ငါ့စံအိမ်ထဲမှာလည်း ပြောခဲ့ပါတယ်။ အရှင်ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ယောက်ကလည်း မင်းကို အကြိမ်ကြိမ်ပြောပြီးပြီ။ ဥက္ကဌရှု အညံ့ခံလိုက်တော့ မင်း လုံးဝလွတ်လမ်းမရှိတော့ဘူး” ဗိုလ်ချုပ်မှူးကြီး ဆူမန် က ထပ်မံပြောလိုက်သည်။
“ကျုပ်စဉ်းစားကြည့်ပါရစေဦး။ ကျုပ်အညံ့ခံလိုက်ရင် ခင်ဗျားတို့ရဲ့လုံခြုံရေးအတွက် ကျုပ်ရဲ့ မှော်စွမ်းအားကို ကန့်သတ်လိုက်တာဖြစ်ဖြစ် ကျုပ်ရဲ့ မှော်ပညာအခြေခံကိုတောင် ဖျက်ဆီးလိုက်တာဖြစ်ဖြစ်လုပ်ပြီး ကျုပ်ကို မှော်စွမ်းအား ထပ်မသုံးနိုင်အောင် လုပ်မှာပဲ။ ဒီနည်းနဲ့မှ ခင်ဗျားတို့ ကျုပ်ကို စိတ်ချလက်ချ ထိန်းချုပ်နိုင်မယ့်အပြင် ကျုပ်ရဲ့မှော်စက်ပစ္စည်းဆိုင်ရာ ဗဟုသုတတွေကို လက်လွှဲပေးပြီး ခင်ဗျားတို့ကို အပြည့်အဝခစားလာအောင် လုပ်နိုင်မှာ။ ကျုပ်ပြောတာ မှန်တယ်မလား”
ဗိုလ်ချုပ်မှူးကြီး ဆူမန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ပါးတို့ အားလုံး တိတ်ဆိတ်နေ၏။
“ဟားဟား ဒါက အကောင်းဆုံးအဖြေလို့တော့ ပြောရမှာပဲ ဒါပေမယ့်……” ရှုယီက သူ့အထက်ရှိ ကောင်းကင်ကိုကြည့်ကာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ “ကျုပ်က အမြဲတမ်း လွတ်လပ်မှုကို မြတ်နိုးပြီး သူများအတွက် အလုပ်လုပ်ပေးဖို့ ချုပ်နှောင်ခံထားရတာမျိုး မကြိုက်ဘူး။ ဒီတော့ ထပ်ပြီးပဲ……”
ရှုယီက တန့်သွားပြီးနောက် အောက်ရှိ မြို့တံတိုင်းပေါ်မှ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့ကို ငုံ့ကြည့်ကာ သူ့မျက်လုံးများ စူးရှလာသည်။
“ခင်ဗျားတို့ ကျုပ်ကို အနိုင်တောင်မယူနိုင်သေးဘဲ အညံ့ခံအောင်လုပ်နိုင်မယ်လို့ တကယ်ကြီးထင်နေကြတာလား။ မဖြစ်နိုင်တဲ့ကိစ္စပဲ”
စကားဆုံးသည်နှင့် ရှုယီက ညက်လက်ကိုမြှောက်ကာ မှော်စွမ်းအားပမာဏအများအပြားကို စုစည်းလိုက်၏။ မှော်စွမ်းအင်ရင်းမြစ်အမြောက်အများက သူ့အားဗဟိုပြုလျှက် သူ၏ညာလက်တွင် အရူးအမူး စုဝေးလာကြသည်။ မှော်ပိုက်နက်ချိပ်ပိတ်ခြင်းအစီအရင်ဖြင့် ဖွဲ့စည်းထားသော မှော်အတားအဆီးသည်ပင် စုဝေးလာသော မှော်စွမ်းအင်ရင်းမြစ်တို့၏ လွှမ်းမိုးခြင်းခံလိုက်ရပြီး ကောင်းကင်၌ မရေမတွက်နိုင်သော အလင်းတန်းများ စတင်ဝင်းလက်လာသည်။
အောက်မှကြည့်လိုက်လျှင် မရေမတွက်နိုင်သော လျှပ်စီးတန်းများ ကောင်းကင်ကိုဖြတ်ကာ ရွေ့လျားနေသည့်အတိုင်းပင်။
ရှုယီ၏ လှုပ်ရှားမှုများကိုကြည့်ကာ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က အေးစက်စွာ နှာမှုတ်လိုက်ပြီး အသံမြှင့်၍ ပြောလိုက်သည်။ “ဥက္ကဌရှု ငါပြောပြီးသားနော်။ မင်းခေါင်းအထက်မှာ မှော်ပိုက်နက်ချိပ်ပိတ်ခြင်းအစီအရင်ရှိတယ်။ မင်းတစ်ယောက်တည်းရဲ့စွမ်းအားနဲ့ မချိုးဖျက်နိုင်ဘူးလို့။ မင်း မှော်ပိုက်နက်ချိပ်ပိတ်ခြင်းအစီအရင် တိုက်ခိုက်တာမခံချင်ရင် အလောတကြီးမဆောင်ရွက်ဖို့ အကြံပေးလိုက်မယ် မဟုတ်ရင် မင်း အလောင်းတောင် အပြည့်အစုံကျန်မှာမဟုတ်ဘူး”
ရှုယီ ပြုံးရယ်လိုက်သည်။ “ကျုပ်က အဲ့ဒီဘာဆိုတဲ့အစီအရင်ကို ရည်ရွယ်နေတယ်လို့ ဘယ်သူကပြောတာလဲ။ စောစောကတင်ပြောလိုက်ပါတယ် ကျုပ်တို့ အမှန်တကယ် မတိုက်ရသေးဘူးလို့။ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် စလိုက်ရအောင်”
သူ့စကားဆုံးသည်နှင့် ရှုယီ၏ညာလက်တစ်ဝိုက်ရှိ အားကောင်းသော မှော်စွမ်းအင်ရင်းမြစ်များက တစ်စုတစ်စည်းတည်းဖြစ်ကာ ဝင်းလက်လာသည်။ ၎င်းက လေထဲတွင် နေမင်းအသေးလေးတစ်စင်း ပေါ်လာသည်နှင့်တူသလို ရှုယီ၏ ညာလက်အထက်တွင် မီးလုံးတစ်လုံး ပေါ်လာသည်နှင့်လည်း တူ၏။
ရှုယီ၏ညာလက်ချလိုက်သည်နှင့် မီးလုံးက လျှပ်စီးကြောင်းတစ်ခုနှင့်အတူ ပြုတ်ကျလာကာ မြို့တံတိုင်းပေါ်ရှိ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ထံ တန်းတန်းမတ်မတ် ဦးတည်လိုက်သည်။
ဤသို့သော တုန်လှုပ်ဖွယ်တိုက်ခိုက်မှုနှင့်အတူ ရှုယီက လျှပ်စီးလုံးကို ပစ်လိုက်ရင်း သူ၏ဘယ်ဖက်လက်က အနည်းငယ်မြှောက်သွားကာ သတ္တုသေတ္တာတစ်လုံး ပစ်ထုတ်လိုက်သည်ကို မည်သူမျှ သတိမထားမိလိုက်ချေ။
သတ္တုသေတ္တာက ရှုယီ၏အထက်ရှိ မှော်အတားအဆီးနှင့် ထိသွားချိန်တွင် မည်သည့်မှော်စွမ်းအားလှိုင်းကိုမှ မဖြစ်စေသောကြောင့် ၎င်းတို့ထိမိချိန်၌ မှော်ပိုက်နက်ချိပ်ပိတ်ခြင်းအစီအရင်ကို အသက်မသွင်းမိလိုက်ချေ။
ထို့နောက် သတ္တုသေတ္တာက အတားအဆီးအပြင်သို့ ထွက်သွားပြီးသည်နှင့် ရပ်တန့်ကာ လေထဲတွင် ပေါလောမျောနေ၏။
မှော်ပိုက်နက်ချိပ်ပိတ်ခြင်းအစီအရင်က ဤအချိန်မှ တစ်စုံတစ်ခုကို အာရုံခံမိဟန်ဖြင့် အလင်းတန်းဖျော့ဖျော့များထုတ်လွှတ်ကာ သေတ္တာ၏ဘေးတွင် ဝန်းရံလျှက် ပိုပိုပြီးစုဝေးလာသည်။ နောက်ဆုံးတွင် ၎င်းတို့က သေးငယ်သော အလင်းလုံးတစ်လုံးဖြစ်လာပြီး သတ္တုသေတ္တာကို အပြည့်အဝ ဝန်းရံလိုက်၏။
အလင်းလုံးအလယ်ရှိ သတ္တုသေတ္တာသည် လုံးဝသက်ရောက်ခြင်းမခံရဘဲ သေတ္တာ၏ မျက်နှာပြင်တစ်ဖက်ပေါ်၌ အလင်းစက်အနည်းငယ်သာ ပေါ်လာပြီး အလျင်အမြန် ဖြန့်ထွက်သွားသည်။
အတန်ကြာပြီးနောက် ဤမျက်နှာပြင်တစ်ဖက်သည် အဓိပ္ပာယ်အမျိုးမျိုးရှိသည့် အလင်းစက်မျိုးစုံတို့ဖြင့် ဖုံးလွှမ်းပြီးသားဖြစ်လာသည်။
***
မှော်စက်မှုအင်ပါယာ Volume 7 အပိုင်း ၉၃။
လျှပ်စီးလုံးက ပြုတ်ကျလာရင်း မြို့တံတိုင်းထံ ချက်ချင်း ချဉ်းကပ်လာသည်။
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့၏မျက်နှာများထက်တွင် အံ့ဩမှုတို့ ပေါ်လာ၏။
ဗိုလ်ချုပ်မှူးကြီး ဆူမန် ၏ စံအိမ်၌ သူတို့ ရှုယီနှင့်တိုက်ခိုက်ခဲ့သော်လည်း တစ်ချိန်လုံး ပိုင်နက်များနှင့်သာ ယှဉ်ပြိုင်နေခဲ့စဉ် ရှုယီက မမျှော်လင့်စွာဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်။ ထို့ကြောင့် ရှုယီတွင် ပိုင်နက်များနှင့်ပတ်သတ်ပြီး ပြီးပြည့်စုံသော နားလည်သဘောပေါက်မှုရှိခြင်းမှလွဲ၍ သူက ထိုမျှအားမကောင်းမှန်း သိသာထင်ရှားနေသည်။
သို့ဖြစ်၍ ပုံမှန်အတိုင်းဆိုလျှင် ရှုယီက ကျွမ်းကျင်ဘုန်းတော်ကြီးဖြစ်သည်မှာ မကြာသေးသောကြောင့် အားကောင်းသော မှော်စွမ်းရည်ရှိလျှင်တောင် သူ၏စွမ်းအားက အကန့်အသတ်နှင့်ဖြစ်သည်။
သို့သော် ရှုယီ ပစ်ထုတ်လိုက်သော ပေါ့ပေါ့ပါးပါးမန္တန်တစ်ခုက သူတို့နှစ်ယောက်အား ဤမန္တန်ထဲတွင် ကြီးမားသော စွမ်းအားတစ်ခု ပါဝင်နေသကဲ့သို့ ခံစားလာရစေသည်။
အံ့ဩနေပြီးနောက် သူတို့နှစ်ယောက်ထံတွင် လေးနက်သော အမူအရာများ ပေါ်လာ၏။
ရှုယီ၏ မှော်စွမ်းအားသည် သူတို့မျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေပြီး ၎င်းက သူ့ကို အရှင်ဖမ်းရန် သို့မဟုတ် အသေသတ်ရန် ပိုခက်ခဲတော့မည်ဟူသည့် အဓိပ္ပာယ်ပင်။
ထို့ပြင် ရှုယီက မှော်ပိုက်နက်ချိပ်ပိတ်ခြင်းအစီအရင်ဖြင့် ပိတ်လှောင်ခံထားရသော်လည်း အလေးအနက်ထားရမည့် ပြဿနာတစ်ခု ရှိသေးသည်။ သူတို့က ယခု ကန်ဒရာအင်ပါယာ၏မြို့တော် ဝင်ဘဲလ်ဒန်မြို့၌ ရှိနေခြင်းဖြစ်သည်။
ကျွမ်းကျင်ဘုန်းတော်ကြီးများကြားမှ တိုက်ပွဲတစ်ပွဲသည် သာမန်လူသားများကို အလွန်ထိခိုက်စေနိုင်သောကြောင့် ကျွမ်းကျင်ဘုန်းတော်ကြီးသုံးဦးသာ ဝင်ဘဲလ်ဒန်မြို့၌ တိုက်ခိုက်ကြပါက မြို့တွင်းတွင် ကြောက်မက်ဖွယ်ကောင်းသော ပျက်စီးမှုတို့ ဖြစ်လာစေနိုင်ပြီး ခန့်မှန်းရန်ခက်ခဲသော ဆုံးရှုံးမှုတစ်ခုကို ဖန်တီးပေလိမ့်မည်။
ထို့ကြောင့် သူတို့မလှုပ်ရှားမီ ဧကရာဇ်ကိုယ်တိုင်ကပင် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် လာဒူကာ တို့အား ဝင်ဘဲလ်ဒန်မြို့အပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုမရှိစေရန် သူတို့၏တိုက်ခိုက်မှုကို တတ်နိုင်သမျှကန့်သတ်ဖို့ ကြိုးစားရန် လာရောက်တောင်းဆိုခဲ့သည်။
သူတို့သာ ပုံမှန်အတိုင်းတိုက်ခိုက်ကြလျှင် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က နေရာရွှေ့ပြောင်းရေးမှော်အစွမ်းကိုသုံးကာ ရှုယီထံမှ ဤလျှပ်စီးတိုက်ခိုက်မှုကို ရှောင်တိမ်းမည်ဖြစ်သော်လည်း သူ့အောက်၌ရှိနေသည်မှာ ဝင်ဘဲလ်ဒန်မြို့တံတိုင်းဖြစ်ပြီး အောက်တွင် မြို့သူမြို့သားအများဆုံးနေထိုင်သည့် ဝင်ဘဲလ်ဒန်မြို့၏ တောင်ဘက်ပိုင်းရှိ၏။
အကယ်၍ ဤလျှပ်စီးလုံးသာ ပြုတ်ကျလာပါက မြို့တံတိုင်းက မှော်ပိုက်နက်ချိပ်ပိတ်ခြင်းအစီအရင်ကြောင့် ပျက်စီးမည်မဟုတ်သော်လည်း လျှပ်စီး၏အစွမ်းက ပြလာမည်ဖြစ်သည်။ ၎င်းကျလာသည်နှင့် မီတာရာပေါင်းများစွာမှ တစ်ကီလိုမီတာအထိ အပိုင်းအခြားမှာ ရိုက်ခတ်ခြင်းခံရပေလိမ့်မည်။
မြို့စောင့်များက မြို့ထဲမှလူများကို ဘေးကင်းရာသို့ ပြောင်းရွှေ့လျှင်တောင် လူပေါင်းမည်မျှက ထွက်သွားရန်ဆန္ဒမရှိမည်မှန်း မည်သူသိမည်နည်း။
လူများမသေလျှင်တောင် ဤဒေသသာ ပျက်စီးသွားပါက ဧရာမဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ပေမည်။
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ဤအတွေးများ ချက်ချင်း ဝင်လာပြီးနောက် သူ၏ မှော်စွမ်းအားကို စုစည်းကာ လက်မြှောက်၍ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ နှင့်အတူ ဧရာမမှော်အတားအဆီးကြီးတစ်ခု ဖန်တီးလိုက်သည်။
“ဝုန်း”
လျှပ်စီးလုံးက ဤမှော်အတားအဆီးနှင့်ဝင်တိုက်ပြီး တုန်လှုပ်ဖွယ်ပေါက်ကွဲမှုတစ်ခု ဖန်တီးလိုက်သည်။
အသံက ပဲ့တင်ထပ်သွားပြီး လေပြင်းတစ်ချက်က မြို့တံတိုင်းများမှ ဖြန့်ထွက်သွားသည်။ ၎င်းက လူနေထိုင်ရာအိမ်ပေါင်းများစွာ၏ ခေါင်မိုးများကို လွင့်ထွက်သွားစေပြီး ၎င်းမည်မျှအားပြင်းကြောင်း ပြသလိုက်၏။
မှော်အတားအဆီးပေါ်၌ လှိုင်းတွန့်များထလာသည်။ လျှပ်စီးလုံးက ၎င်း၏စွမ်းအား ၃၀% နှင့်အတူ လျှပ်စီးကြောင်းတစ်ခု ဖန်တီးကာ ထပ်မံကျလာပြန်ပြီး မှော်အတားအဆီးတစ်ခုလုံးနှင့်အပြည့် ဖုံးလွှမ်းသွားသည့် လျှပ်စီးမျှင်များ ဖန်တီးလိုက်သည်။
အတန်ကြာပြီးနောက် နောက်ဆုံးသော လျှပ်စီးမျှင်က နောက်ဆုံး၌ ပျောက်ကွယ်သွားသည်။
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က တစ်ခုခုပြောရန် မော့ကြည့်လိုက်သော်လည်း ရှုယီက လက်မြှောက်လိုက်ပြီး နောက်ထပ်လျှပ်စီးလုံးတစ်လုံး ကျလာပြန်သည်ကို မြင်လိုက်ရ၏။ သို့သော် ဤတစ်ကြိမ်တွင် ၎င်းက မြို့တံတိုင်းပေါ်ရှိ ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးထံ ဦးတည်နေခြင်းမဟုတ်ဘဲ မြို့ကိုဦးတည်နေခြင်းဖြစ်သည်။
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် တုန်လှုပ်သွားပြီး သူရပ်နေသည့်နေရာမှ ချက်ချင်း ပျောက်ကွယ်သွား၏။ သူက လျှပ်စီးလုံးကျလာသည့်နေရာ၌ ပေါ်လာပြီး ဧရာမမှော်အတားအဆီးနောက်တစ်ခု ဖန်တီးလိုက်ပြန်သည်။
“ဝုန်း”
ရှုယီက ဤတစ်ကြိမ်တွင် မှော်စွမ်းအင်ရင်းမြစ်များစွာ စုစည်းမထားသောကြောင့် ဤလျှပ်စီးလုံးက နောက်ဆုံးအလုံးထက် များစွာပိုအားနည်းပြီး ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က အလွယ်တကူ တားဆီးနိုင်လိုက်သည်။
သို့သော် သူ အသက်မရှူနိုင်ခင် ရှုယီက လျှပ်စီးလုံးနောက်တစ်လုံး ပစ်လွှတ်လိုက်ပြန်သည်။
ဤလျှပ်စီးလုံးက ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ဆန့်ကျင်ဘက်အရပ်သို့ ဦးတည်သွားပြီး ပိုဝေးဝေးသို့ပင် အပစ်ခံလိုက်ရသည်။
“လာဒူကာ သူ့ကို နောက်တစ်လုံး ထပ်မပစ်စေတော့နဲ့” ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က ဤစကားကိုသာ ပြောချိန်ရလိုက်ပြီး နေရာရွှေ့ပြောင်းရေးမှော်အစွမ်းကိုသုံး၍ လျှပ်စီးလုံးအောက်တွင် ပေါ်လာသည်။
အမှန်တကယ်တော့ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် မည်သည်ကိုမျှမပြောလျှင်တောင် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က စတင်လှုပ်ရှားနေပြီဖြစ်သည်။
ရှုယီက ဤလျှပ်စီးလုံး ပစ်သွင်းတော့မည့်အချိန်တွင် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က လက်မြှောက်လိုက်ပြီး မရေမတွက်နိုင်သော ခရမ်းရောင် မီးလုံးလေးများ လေထဲသို့ ပျံတက်လာကာ ရှုယီထံ ဦးတည်သွားသည်။
ထိုမီးလုံးများသည် အဆင့်နိမ့်မီးလုံးများကဲ့သို့ သေးငယ်သော်လည်း သူတို့တွင်ပါဝင်သော စွမ်းအားက လုံးဝဆန့်ကျင်ဘက်ဖြစ်မည်မှန်း ရှုယီစိတ်ထဲမှ သိနေ၏။
သူက သူတို့ကိုခုခံရန် မရွေးချယ်ဘဲ နေရာမှ ပျောက်ကွယ်သွားပြီး ခပ်လှမ်းလှမ်းတွင် ပြန်ပေါ်လာကာ ဝင်ဘဲလ်ဒန်မြို့အတွင်းပိုင်းထဲသို့ ဦးတည်လိုက်သည်။
သူပေါ်လာချိန်တွင် ရှုယီက လက်နှစ်ဖက်လုံးမြှောက်ကာ လျှပ်စီးလုံးနှစ်လုံး ပေါ့ပေါ့ပါးပါး ပစ်လွှတ်လိုက်သည်။
ဤတစ်ကြိမ်တွင် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် တင်သာမကဘဲ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ပင် နေရာရွှေ့ပြောင်းရေးမှော်အစွမ်းကိုသုံး၍ လျှပ်စီးလုံးများထဲမှ တစ်လုံးကို တားဆီးလိုက်ရ၏။
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် မှာ ရှုယီ၏လုပ်ရပ်ကြောင့် ဒေါသအမျက်ချောင်းချောင်းထွက်ကာ သူ့ကို ကျိန်ဆဲရန် မော့ကြည့်လိုက်သည်။
သို့သော် သူမော့ကြည့်လိုက်ချိန်တွင် သူတို့အထက်ရှိ တိမ်တိုက်များက ရုတ်တရက် မီးတောက်များအဖြစ်ပြောင်းနေပြီး သူ့မျက်နှာထက်ရှိ ဒေါသအရိပ်အယောင်က တုန်လှုပ်မှုအဖြစ်သို့ ပြောင်းသွားသည်။
“ရှုယီ မင်းရူးသွားပြီပဲ။ မင်းက တကယ်ကြီး ဥက္ကာခဲကြွေမန္တန်ကို သုံးတယ်ပေါ့။ မြန်မြန်ရပ်လိုက်စမ်း။ မင်းက မှော်ပညာရှင်တွေရဲ့ စည်းကမ်းတွေအကုန်လုံးကို ချိုးဖောက်နေတာပဲ။ မင်း ဒီနယ်မြေပေါ်က မှော်ပညာရှင်တွေရဲ့အားလုံးရဲ့ ကမ္ဘာမကြေရန်သူ ဖြစ်လာလိမ့်မယ်”
ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ကလည်း တုန်လှုပ်သော အမူအရာပေါ်လာ၏။ သို့သော် သူက အမြဲတမ်း စကားနည်းခဲ့သူဖြစ်သောကြောင့် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ကဲ့သို့ ကျိန်ဆဲခြင်းမပြုပေ။ သူက ရှုယီထံ လက်ညှိုးထိုးကာ ဒေါသတကြီးဖြင့်သာ ပြောလိုက်သည်။ “ရှုယီ မင်း…. အရှက်မရှိဘူး”
“အရှက်မရှိဘူး ဟုတ်လား” လေထဲမှ ရှုယီက အေးစက်စွာ ရယ်မောလိုက်သည်။ “ကန်ဒရာအင်ပါယာက ကျုပ်တို့ရဲ့သဘောတူညီချက်ကို တစ်ဖက်သတ်ချိုးဖောက်ခဲ့ပြီး ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စီးပွားရေးတွေအကုန်လုံးကို ချိပ်ပိတ်ပစ်ခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီးကတောင်မှ ကျုပ်တစ်ယောက်တည်းကို ထောင်ချောက်ဆင်ဖို့ ဂုဏ်သရေရှိ ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ယောက်နဲ့ပေါင်းကြံတယ်။ ဒါတွေနဲ့ယှဉ်ရင် ဘယ်သူက ပိုအရှက်မရှိတာလဲ”
ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ မှာ ပြောစရာစကားမဲ့သွား၏။
အမှန်တကယ်ပင် ယနေ့ သူတို့လုပ်ခဲ့သည်တို့ကလည်း လုံးဝ ဖြောင့်မတ်မှန်ကန်သည်ဟုတော့ မဆိုနိုင်ပေ။
ထို့ပြင် ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးဖြစ်သည့် သူနှင့် အိုဖာလျန် တို့ပေါင်း၍ ရှုယီကို အလစ်တိုက်ရန် ကြံစည်ခဲ့သည်။ ဤဖြစ်ရပ်သာ အများသိသွားပါက လူတိုင်းက သူတို့အပေါ် ပို၍ပင် အထင်အမြင်သေးပေတော့မည်။
ဤစစ်ဆင်ရေးက ကန်ဒရာအင်ပါယာအတွက် မည်မျှအရေးကြီးမှန်း ဗိုလ်ချုပ်မှူးကြီး ဆူမန် ကိုယ်တိုင် ပြောခဲ့ခြင်းကြောင့်သာမဟုတ်လျှင် သူ သေချာပေါက် ဤသို့လုပ်မည်မဟုတ်ပေ။
ဘေးမှ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ကမူ အများကြီးမတွေးချေ။ ရှုယီ၏ ပြန်လည်ချေပချက်ကို ကြားပြီးနောက် သူက အေးစက်စွာ နှာမှုတ်လိုက်ပြီး ရှုယီအား ဒေါသတကြီး လက်ညှိုးထိုးကာ ပြောသည်။ “ရှုယီ မင်းက တကယ်ကြီး ဝင်ဘဲလ်ဒန်မြို့မှာ ဒီလိုတားမြစ်မန္တန်မျိုးကို သုံးရဲတယ်ပေါ့။ မင်း အသက်ရှင်ဖို့ မျှော်လင့်ချက်မရှိတော့ဘူးပဲ”
ရှုယီက အဖက်မလုပ်ဟန်ဖြင့် ရယ်မောလိုက်သည်။
“ကျုပ်ပြောမယ် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ခင်ဗျား ဒီစကားပြောတာ အကြိမ်ပေါင်းမရေနိုင်တော့ဘူး။ ဒီလိုတွေမပြောခင်အရင် ကျုပ်ကို သတ်နိုင်လို့လား”
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် မှာ အကြီးအကျယ် ဒေါပွနေသော်လည်း သူ့ကို လုံးဝ မငြင်းနိုင်ပေ။
အနည်းဆုံးတော့ ဤအခြေအနေထိ ရှုယီမမှားသေးပေ။
ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ယောက်ဖြစ်သည့် သူနှင့် လာဒူကာ တို့နှစ်ယောက်ပေါင်းသည်ကိုပင် ရှုယီနှင့်ရင်ဆိုင်ရာ၌ သူတို့က သူပြုသမျှနုနေရ၏။
အကြောင်းအရင်းများစွာရှိသော်လည်း သူတို့ ရှုယီကို ဘာမှမလုပ်နိုင်သည်ကတော့ အမှန်တရားပင်။
ရှုယီ၏လက်များက စကားပြောနေရင်း ရပ်တန့်မသွားချေ။
အနီရောင်တိမ်တိုက်က ပိုပိုကြီးကာ ပိုပိုတောက်ပလာပြီး တားမြစ်မန္တန် ဥက္ကာခဲကြွေမန္တန်၏သက်ရောက်မှုက အပြီးသတ်ရန် တစ်စထက်တစ်စနီးကပ်လာကြောင်း ဖော်ပြနေ၏။
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့မှာ ရှုယီကိုအပြစ်တင်ရန် အချိန်မရှိတော့ဘဲ နှစ်ယောက်လုံး လိမ္မာပါးနပ်စွာဖြင့် စွမ်းအားကုန်ထုတ်သုံးကာ သူတို့၏ပိုင်နက်များ ပို့လွှတ်လိုက်သည်။
ရှုယီ၏ပတ်ပတ်လည်ရှိ မှော်နေရာလွတ်ကို ပြောင်းနိုင်သရွေ့ သူက သူ့အနီးတစ်ဝိုက်မှ မှော်စွမ်းအင်ရင်းမြစ်များကို စုစည်းနိုင်မည်မဟုတ်တော့သောကြောင့် ဤတားမြစ်မန္တန်ကို ထုတ်လွှတ်နိုင်မည်မဟုတ်တော့ပေ။
သို့သော် သူတို့၏ပိုင်နက်များက ရှုယီထံ ချဉ်းကပ်သွားသည်နှင့် ရှုယီက သူတို့နှစ်ယောက်ထံ ပြုံးကြည့်ကာ သူ၏ညာလက်ကို ပြန်ရုပ်လိုက်သည်။ ကောင်းကင်ရှိ တိမ်နီများ ပျောက်ကွယ်သွားပြီး အနီရောင်ကောင်းကင်က ပုံမှန်ပြန်ဖြစ်လာသည်။
ရှုယီက သူ၏မှော်စွမ်းအားကို ထပ်မံထုတ်လွှတ်ကာ သူ၏ပိုင်နက်ကို ထုတ်လိုက်သည်။ သူတို့သုံးယောက် ဗိုလ်ချုပ်မှူးကြီး ဆူမန် ၏ စံအိမ်တွင် ရှိခဲ့စဉ်ကကဲ့သို့ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာတို့၏ ပိုင်နက်များက ရှုယီအား ဘာမှမလုပ်နိုင်သည့်ပုံပင်။
အမှန်တကယ်တော့ ရှုယီတွင် သူတို့၏ပိုင်နက်များထံ ကျူးကျော်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် သူတို့သုံးယောက် ဤနေရာမှမတက်နိုင်ကြခြင်းဖြစ်သည်။
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က အေးစက်စွာ နှာမှုတ်လိုက်သည်။ “ရှုယီ မင်း နောက်ဆုံးတစ်ကြိမ်ကလို လွတ်ဖို့အခွင့်အရေးရှိမှာမဟုတ်ဘူး။ သေခြင်းတရားကိုသာ လက်ခံလိုက်တော့”
“အိုး” ရှုယီ မျက်ခုံးများပင့်လိုက်သည်။ “ကျုပ်အညံ့ခံရင် ကျုပ်အသက်ကိုချမ်းသာပေးမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား”
“အဲ့ဒါစောစောကလေ။ ဒါပေမယ့် မင်း ဥက္ကာခဲကြွေမန္တန်ကိုသုံးဖို့ စီစဉ်ထားမှတော့ အဲ့ဒီရွေးချယ်ခွင့်က မရှိတော့ဘူး” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်၏ မျက်နှာက မှောင်မည်းသွားသည်။
“ဒါက…… သဘောပေါက်ပါပြီ” ရှုယီက ခေါင်းငြိမ့်ကာ မည်သည်ကိုမျှ ထပ်မပြောတော့ချေ။
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့က သူ တစ်ခုခုတုန်လှုပ်စရာလုပ်တော့မည် ထင်သောကြောင့် ရှုယီကိုဖိနှိပ်ရန် သူတို့၏ပိုင်နက်များကို အလျင်အမြန် အားဖြည့်လိုက်ကြသည်။
သို့သော် ရှုယီက လေထဲတွင် ပေါလောမျောလျှက် သူ့အထက်ရှိ နေရာလွတ်ကိုသာ ကြည့်နေ၏။ သူဘာတွေးနေမှန်း မသိသော်လည်း အခြားမည်သည်ကိုမျှ မလုပ်ချေ။
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့ သံသယဖြစ်စွာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
ရှုယီ မည်သည်ကိုလုပ်ရန် ကြံစည်နေသနည်း။
သို့သော် ရှုယီက မည်သည်ကိုမျှမလုပ်သောကြောင့် သူတို့နှစ်ယောက်လည်း မည်သည်ကိုမျှ ထူးထူးထွေထွေလုပ်ရန် မစီစဉ်ထားပေ။
အမှန်တကယ်တော့ မှော်ပညာရှင်များ စွမ်းအားကြီးလေ သူတို့ကြားမှတိုက်ပွဲက ပွဲကြည့်ပရိသတ်များအတွက် ပျင်းစရာကောင်းလေဖြစ်သည်။
လူတစ်ယောက်က ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်ရောက်ချိန်တွင် တိုက်ပွဲက အမှန်တကယ်ပင် ထိုမျှအံ့မခန်းဖွယ် မဟုတ်တော့ချေ။
ကျွမ်းကျင်ဘုန်းတော်ကြီးများ၏ မှော်ပညာနားလည်မှုက ပိုင်နက်နယ်ပယ်သို့ ရောက်သွားပြီဖြစ်သောကြောင့် သာမန်မှော်ပညာက ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးအား ခြိမ်းခြောက်မှုမဖြစ်စေတော့သောကြောင့်ပင်။ ထို့ကြောင့် သူတို့ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ချိန်တွင် ပိုင်နက်များနှင့်သာ ရင်ဆိုင်ကြခြင်းဖြစ်သည်။
နောက်ဆုံးအဆုံးအဖြတ်ပေးသည်မှာ သူတို့၏ပိုင်နက်များအပေါ် နားလည်မှုနှင့် မည်သူ၏မှော်စွမ်းအားက ပိုကြီးသနည်းဟူသည့်အချက်ပင်။
သူတို့၏ ပြီးခဲ့သော စွမ်းရည်ဖလှယ်မှုမှတစ်ဆင့် ရှုယီ၏ ပိုင်နက်များနှင့်ပတ်သတ်၍ နားလည်မှုက သူတို့ထက်မနိမ့်ကျဘဲ တစ်ချို့နေရာများတွင် သူတို့ထက်ပင် ပိုအားသာနိုင်ကြောင်း သူတို့သေချာသိသည်။ ထို့ကြောင့် ပိုင်နက်များအပေါ်မှီခို၍ ရှုယီကိုအနိုင်ယူရန် မဖြစ်နိုင်ပေ။
တစ်ခုတည်းသော အခြားနည်းလမ်းမှာ ရှုယီကို မှော်စွမ်းအားဖြင့် ချေမှုန်းရန်ဖြစ်သည်။
ရှုယီ၏စွမ်းရည်က မည်မျှမြင့်ပါစေ သူက အသက်လေးဆယ်သာ ရှိသေးသည်ပင်။
မှော်ပညာရှင်တစ်ဦး၏ မှော်စွမ်းအားကျင့်ကြံမှုတွင် ဖြတ်လမ်းဟူ၍ မရှိသောကြောင့် သူ၏မှော်စွမ်းအားက သူတို့နှစ်ယောက်ကို မယှဉ်နိုင်ပေ။ ဤရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေ၌ တစ်ခုတည်းသောဖြစ်နိုင်ချေမှာ ရှုယီ၏ မှော်စွမ်းအားက တောင့်မခံနိုင်တော့ဘဲ အရှုံးပေးလာရန်ဖြစ်သည်။
ရှုယီကလည်း ဤဖြစ်နိုင်ချေကို မသိဘဲ မနေလောက်ချေ။ ယခု သူက မည်သည်ကိုမျှမလုပ်သောကြောင့် ဖြစ်နိုင်သည်မှာ သူ အရှုံးပေးတော့မည်ပင်လော။
***
မှော်စက်မှုအင်ပါယာ Volume 7 အခန်း ၉၄။
အချိန်များ တရွေ့ရွေ့ကုန်လွန်သွားပြီး ရှုယီပိုင်နက်၏ စွမ်းအားက တစ်စထက်တစ်စ ပိုအားနည်းလာကြောင်း ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့ ခံစားလိုက်ရသည်။ ၎င်းက သူတို့၏ လေးနက်သော အမူအရာများကို အပြုံးရေးရေးများအဖြစ် ပြောင်းလဲသွားစေသည်။
ဤအချက်ကိုအခြေခံ၍ ပြောရလျှင် ရှုယီ၏မှော်စွမ်းအားများ အကုန်သုံးပြီးသွားရန် သိပ်မလိုတော့ချေ။ ခုခံရန်မဆိုထားနှင့် သူ့တွင် ထွက်ပြေးရန်ပင် မှော်စွမ်းအားရှိတော့မည်မဟုတ်ပေ။
သို့သော် ရှုယီက အခြားမည်သည်ကိုမျှမလုပ်ဘဲ လေထဲတွင် ရှိနေခြင်းက သူတို့နှစ်ယောက်ကို အမှန်တကယ်ပင် ဇဝေဇဝါဖြစ်စေသည်။
သူက သူတို့နှစ်ယောက်အတွက် ပြိုင်ဘက်မဟုတ်မှန်း ရှုယီသိလျှင်တောင် အနည်းဆုံးတော့ ခုခံမှုအချို့လုပ်သင့်သည် မဟုတ်လော။
ဤသို့ ဖြစ်ချင်ရာဖြစ်ဟူပြီး ကံကြမ္မာကိုလက်ခံလိုက်ခြင်းက ကျော်ကြားသော Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဖြစ်သူ ရှုယီလုပ်မည့်အရာ မဟုတ်ပေ။
“ခင်ဗျားတို့နှစ်ယောက် မေးခွန်းလေးနည်းနည်းလောက် ထပ်ဖြေပေးနိုင်မလား” ရှုယီက ရုတ်တရက် ပြောလာသည်။
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့နှစ်ယောက်လုံး အံ့ဩသွား၏။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ စဉ်းစားလိုက်ပြီးနောက် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က နက်ရှိုင်းသောအသံဖြင့် မေးလိုက်သည်။ “မင်း ဘာထပ်သိချင်သေးလို့လဲ”
ရှုယီက သူတို့မြင်ချင်နေသကဲ့သို့ လုံးဝ လှုပ်ရှားခြင်းမပြုပေ။ ထိုသို့မဟုတ်ဘဲ ရှုယီသာ အရာအားလုံးကိုလျစ်လျူရှု၍ စောစောကအတိုင်း ဝင်ဘဲလ်ဒန်မြို့ပေါ်သို့ မန္တန်များ အရူးအမူးပစ်ချနေပါက သူတို့နှစ်ယောက်လုံး ပြေးလွှားနေရပေမည်။
သူတို့သာ ပေါ့ဆမိလျှင် ဝင်ဘဲလ်ဒန်မြို့၌ ကြီးကြီးမားမားဆုံးရှုံးမှု ကြုံကောင်းကြုံရလိမ့်မည်ဖြစ်သည်။
ယခု ရှုယီက မည်သည်ကိုမျှမလုပ်သောကြောင့် သူတို့က အချိန်ဖြုန်းရန် ရှုယီနှင့် ကျေကျေနပ်နပ် စကားပြောပေးပေလိမ့်မည်။
“ဗိုလ်ချုပ်မှူးကြီး ဆူမန် ပြောပုံအရဆိုရင် ခင်ဗျားတို့ကန်ဒရာအင်ပါယာရဲ့ ပန်းတိုင်က ကျုပ်ကိုသတ်၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို ဝရုန်းသုန်းကားဖြစ်အောင်လုပ်ပြီး ခင်ဗျားတို့က Frestech ကုန်သည်ကြီးများအသင်းကို ဝါးမျိုနိုင်မယ့် အခွင့်အရေးရချင်တာပဲ။ ဒါပေမယ့် ကျုပ်သိချင်မိတယ် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို ဝါးမျိုဖို့ ခင်ဗျားတို့ ဘယ်က ယုံကြည်မှုတွေရလာတာလဲ”
“ဒါက အရှင်မင်းကြီးနဲ့ ဗိုလ်ချုပ်မှူးကြီး ဆူမန် ဆုံးဖြတ်ရမယ့်ကိစ္စပါ ငါတို့နဲ့မဆိုင်ဘူး” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်က ခေါင်းယမ်းကာ ပြောသည်။
“ဒီလိုလား အိုး ဟုတ်သားပဲ ခင်ဗျားတို့က ဂုဏ်သရေရှိ ကျွမ်းကျင်ဘုန်းတော်ကြီးတွေဆိုတော့ လိုအပ်မှပဲ လှုပ်ရှားဖို့လိုမှာပေါ့။ ဒီတော့ ဒီလိုအသေးအမွှားကိစ္စကို ဘယ်ဂရုစိုက်နိုင်မလဲ” ရှုယီက အပြုံးရေးရေးနှင့် ခေါင်းငြိမ့်လိုက်သည်။ “ဒါဆို ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် မှော်ပညာလောကရဲ့ရှုထောင့်ကနေ ပြောရအောင်။ ကန်ဒရာအင်ပါယာသာ Frestech ကုန်သည်ကြီးများအသင်းကို လက်ဝါးကြီးအုပ်လိုက်ရင်….. မှော်စက်နည်းပညာက အရင်ကလို မြန်မြန်ဆန်ဆန် တိုးတက်လာမယ်လို့ ခင်ဗျားထင်လား”
“ဒါက ငါနဲ့မဆိုင်ဘူး” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က အေးစက်သော အမူအရာနှင့် ပြောသည်။ “ငါ့မျက်လုံးထဲမှာတော့ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းလုပ်တဲ့ ပစ္စည်းတွေက ဈေးပေါတဲ့လှည့်ကွက်တွေထက် မပိုဘူး။ သူတို့မှာ မှော်သုတေသနရဲ့ အဓိပ္ပာယ်စစ်စစ် ပျောက်ဆုံးနေပြီးသား။ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရောပဲ။ မင်းက မှော်ပညာရှင်တွေကို သွေးဆောင်ပြီး သူတို့ကို ဘယ်နေရာမှအသုံးမဝင်တဲ့ ပစ္စည်းတွေပဲ လေ့လာခိုင်းနေတယ်”
“ဒီတော့ ခင်ဗျားရဲ့အမြင်က ဒီလိုပေါ့။ အံ့ဩစရာမရှိတော့ပါဘူး……” ရှုယီက ခေါင်းတစ်ချက်ငြိမ့်ပြီးနောက် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ဘက် လှည့်လိုက်သည်။ “ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ခင်ဗျားလည်း ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် လိုပဲ ကျုပ်တို့ကုမ္ပဏီရဲ့ သုတေသနက အစဉ်အလာကိုဆန့်ကျင်နေတဲ့ သုတေသနတစ်ခုလို့ပဲ မြင်တာလား”
ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က တစ်ခဏမျှ တိတ်နေပြီးနောက် ဖြည်းညင်းစွာ ခေါင်းငြိမ့်လိုက်သည်။ “မှော်ကိရိယာတွေဆိုတာ မှော်သုတေသနအတွက် အဆင်တန်ဆာလောက်ပဲ။ မင်းက ဘယ်လိုလုပ် ဒီလောက်အရေးကြီးတဲ့ ပစ္စည်းတွေကို သုတေသနလုပ်နိုင်မှာလဲ။ အဲ့ဒါက ဒီနယ်မြေပေါ်က မှော်ပညာရဲ့အဆင့်ကို နိမ့်စေရုံပဲရှိမှာ ဒါကြောင့် ငါသဘောမကျတာ”
“ဟားဟား ……” ရှုယီ မနေနိုင်တော့ဘဲ ရယ်မောလိုက်သည်။ “အရှင်ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ယောက်ရဲ့ အတွေးတွေက တကယ် ခေတ်နောက်ကျလွန်းတာပဲ….. မှော်ပညာဆိုတဲ့အရာဟာ ဘယ်သူ့မန္တန်က ပိုအစွမ်းထက်လဲဆိုတာနဲ့ သူ့ကိုလူသတ်ဖို့သုံးလို့ရတယ်ဆိုတာထက် ပိုစွမ်းအားကြီးတာကို ခင်ဗျားတို့မမြင်နိုင်တာရော မဖြစ်နိုင်ဘူးလား”
“ဟင့်အင်း ငါတို့က မှော်ပညာရဲ့အနှစ်သာရကိုပဲ ဂရုစိုက်တယ်။ မှော်စက်တွေလိုမျိုး အသုံးမကျတဲ့ပစ္စည်းအပေါ် အချိန်နဲ့အားထုတ်မှု ဖြုန်းတီးတာမျိုး သဘောမကျဘူး” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ခင်ဗျားရော အတူတူပဲလား”
ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က ခေါင်းငြိမ့်လိုက်သည်ကို မြင်သောအခါ ရှုယီက ခေါင်းတစ်ချက်ငြိမ့်ကာ အပြုံးနှင့် ပြောလိုက်သည်။ “ကောင်းပြီ ကျုပ်သဘောပေါက်ပြီ။ ခင်ဗျားတို့နှစ်ယောက်က အရေးကြီးတဲ့ သဘောတရားဆိုင်ရာ မှော်သုတေသနကို ပိုဂရုစိုက်ပြီး ကျုပ်က လက်တွေ့ကျတဲ့ မှော်သုတေသနကို ပိုဂရုစိုက်တဲ့သူပဲ။ စိုင်စ်နယ်မြေရဲ့ဓလေ့ကိုက သဘောတရားဆိုင်ရာ မှော်သုတေသနကို ပိုဂရုစိုက်ကြတာဆိုတော့ ခင်ဗျားတို့ ဒီလိုတွေးတာမဆန်းပါဘူး။ ပြောရရင် ကျွမ်းကျင်ဘုန်းတော်ကြီးကမ်မီလာလည်း အစက ဒီလိုပဲ ဒါပေမယ့်….. ခင်ဗျားတို့လေ့လာနေတဲ့ မှော်ပညာသဘောတရားက မှန်တယ်လို့ ခင်ဗျားတို့ တကယ်ကြီး ထင်နေတာလား”
ရှုယီ၏လေသံမှ လှောင်ပြောင်ရိပ်ခပ်ရေးရေးကို ခံစားသောအခါ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ၏ အမူအရာက အနည်းငယ် ပိုမှောင်မည်းသွားပြီး လေးစက်စွာ နှာမှုတ်လျှက် ပြောလိုက်သည်။ “ရှုယီ မင်းက မှော်ပညာမှာ ထူးချွန်တာနဲ့ပဲ မှော်သုတေသနမှာ ငါတို့ရဲ့စွမ်းဆောင်ချက်တွေကို မေးခွန်းထုတ်ဖို့ အခွင့်အရေးရှိတယ်မထင်နဲ့။ မမေ့နဲ့ဦး ငါတို့နှစ်ယောက်က ကျွမ်းကျင်ပညာရှင်ဖြစ်လာတာ ကြာလှပြီမလို့ ငါတို့လေ့လာခဲ့တဲ့အရာတွေကလည်း မင်းလိုမျိုး ကျွမ်းကျင်ဘုန်းတော်ကြီးဖြစ်ခါစ လူတစ်ယောက်ရဲ့ လေ့လာမှုတွေတော့ အများကြီးပိုသာတယ်”
“ဒီလိုလား ဒါပေမယ့် ကျုပ်ကတော့ ဘာလို့ အဲ့လိုမထင်တာပါလိမ့်” ရှုယီက ရယ်မောလိုက်သည်။ “ခင်ဗျားတို့နှစ်ယောက်က မှော်သုတေသနမှာ ကျုပ်ထက် ပိုသာတယ်ဆိုရင် စောစောက ကျုပ် ဘယ်လိုလုပ် ခင်ဗျားတို့လက်က လွတ်လာမှာလဲ။ ဘာလို့ ခင်ဗျားတို့နှစ်ယောက်က ကျုပ်ကို မှော်ပိုက်နက်ချိပ်ပိတ်ခြင်းအစီအရင်နဲ့ ပိတ်ထားမှပဲ ယုံကြည်ချက်ရှိကြတာလဲ။ ဘာလို့ ခင်ဗျားတို့နှစ်ယောက်ပေါင်းမှ ကျုပ်ကို သရေအခြေအနေပဲ ထိန်းထားနိုင်တာလဲ”
ဤ “ဘာလို့” မေးခွန်းများ ဆက်တိုက်အမေးခံလိုက်ရချိန်တွင် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့နှစ်ယောက်လုံး မျက်နှာများနီမြန်းသွားပြီး အရှက်ရသော အမူအရာ ပေါ်လာ၏။
အဘယ့်ကြောင့်ဆိုသော် ရှုယီ၏မေးခွန်းများက မှန်နေသောကြောင့်ပင်။ သူတို့သာ မှော်သုတေသနအရ အမှန်တကယ် ရှုယီထက်သာလွန်လျှင် လက်ရှိအခြေအနေအရ ရှုယီကို အလွယ်တကူ ကိုင်တွယ်နိုင်ရမည်ဖြစ်သည်။ သူတို့ ရှုယီ၏မှော်စွမ်းအားကုန်ခမ်းသည်အထိ စောင့်နေရန်မလိုဘဲ အကြမ်းဆုံးနည်းကိုသုံး၍ ရှုယီကို ဖိနှိပ်ရမည်ဖြစ်သည်။
“ခင်ဗျားတို့နှစ်ယောက်အပြင် တစ်ခြားမှော်ပညာရှင်တော်တော်များများ ကျုပ်ကိုတွေ့ရင် ကျုပ်ရဲ့မှော်ပညာပါရမီကို ချီးကျူးကြတယ်” ရှုယီ ဆက်ပြောလိုက်သည်။ “ကျုပ် ဒါကိုမငြင်းပါဘူး။ ကျုပ်ရဲ့ပါရမီက တကယ်မဆိုးဘူး။ ဒါပေမယ့် ခင်ဗျားတို့ပြောသလို ပြိုင်ဘက်ကင်းဆိုတာတော့ ကျုပ်လက်မခံနိုင်ဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ရဲ့ ဒီအမြင်က ကျုပ်ရဲ့ ကြိုးစားအားထုတ်မှုတွေအပြင် အရေးအကြီးဆုံးအချက်ဖြစ်တဲ့ ကျုပ်ရဲ့ မှော်စက်တွေကို လေ့လာမှုကနေရလာတဲ့ မှော်ပညာသဘောတရားတွေအပေါ် ပိုနက်နက်ရှိုင်းရှိုင်း နားလည်လာမှုကိုပါ လုံးဝလျစ်လျူရှုထားလို့ပဲ”
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က မျက်မှောင်ကြုတ်သွားပြန်သည်။ “မင်း ဘာပြောချင်တာလဲ”
“ကျုပ်ပြောချင်တာကတော့ လက်တွေ့ကျတဲ့ မှော်စက်သုတေသနဟာ ခင်ဗျားတို့ရဲ့ အစဉ်အလာမှော်ကိရိယာသုတေသနလိုမျိုး မဟုတ်ဘူး။ တကယ်တမ်းက မှော်စက်တွေ လိုအပ်ချက်မြင့်မားလာတဲ့အတွက်ကြောင့် မှော်စက်တွေကို သုတေသနလုပ်တာကလည်း အမြဲတမ်း လိုအပ်ချက်မြင့်လာပြီး အတော်လေးတိကျတဲ့ မှော်ပညာသဘောတရားလေ့လာမှုဖြစ်နေတာ။ ကျုပ်အမြင်အရဆို မှော်စက်တွေနဲ့ ဆက်စပ်နေတဲ့ မှော်ပညာသဘောတရားတွေကို လေ့လာရာကနေရလာတဲ့ မှော်ပညာဗဟုသုတတွေက ကိုယ့်ကိုယ်ကို မှော်ပညာလေ့လာဖို့ တွန်းအားပေးတာထက် အများကြီးပိုကောင်းတယ်”
“မင်းက မှော်စက်တွေကိုလေ့လာရင်း မင်းရဲ့မှော်စွမ်းအားတွေကို ရလာတာလို့ ပြောချင်တာလား။ ဟာသပဲ” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က အားနာခြင်းမရှိ ငြင်းပယ်လိုက်သည်။
“ဒါပေါ့ မှော်စက်တွေကို လေ့လာရုံသပ်သပ်တော့ မဟုတ်ပေမယ့် အဲ့ဒါက အဓိကအချက်ပဲ” ရှုယီက ခဏရပ်ပြီးနောက် ဆက်ပြောလိုက်၏။ “ခင်ဗျား ဒါကို လက်ခံမှာမဟုတ်မှန်း ကျုပ်သိတယ်။ ဒီတော့ ခင်ဗျားကို ဥပမာတစ်ခုပဲပေးမယ်။ စောစောက ကျုပ် ခင်ဗျားတို့ရဲ့ပိုင်နက်တွေကနေ လွတ်သွားတာကို…… ဘယ်လိုထင်လဲ။ ဒါက တိုက်ဆိုင်မှုမဟုတ်ဘူး”
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့၏ အမူအရာများ မှုန်မှိုင်းသွားသည်။
ရှုယီက သူတို့နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုမှ အလွယ်တကူလွတ်မြောက်သွားချိန်သည် သူတို့အတွက် အမှန်တကယ် အရှက်ရဖွယ်ဖြစ်၏။
ယခု ရှုယီက ၎င်းကိုပင် ထပ်တလဲလဲပြောနေခြင်းက သူတို့၏မျက်နှာများကို ဖြတ်ရိုက်နေခြင်းပင်။
“ကျုပ် ခင်ဗျားတို့ကို ပြစရာရှိတယ်” ရှုယီက ရင်ဘတ်ထဲသို့ လက်နှိုက်ကာ သတ္တုအပိုင်းအစလေးတစ်ခုထုတ်၍ ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ယောက်ထံ လှမ်းပစ်လိုက်သည်။
ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် သူတို့၏ပိုင်နက်များကို ထိန်းချုပ်လျှက် ထိုသတ္တုအပိုင်းအစ ဝင်လာနိုင်ရန် လမ်းကြောင်းတစ်ခုဖန်တီးပေးလိုက်သည်။
“ဒီပစ္စည်းက ကျုပ် စောစောက အလွယ်တကူလွတ်သွားရခြင်းရဲ့ အဓိကသော့ချက်ပဲ။ ခင်ဗျားတို့ သူ့ကို နှံ့နှံ့စပ်စပ် လေ့လာနိုင်ရင် ခင်ဗျားတို့ရဲ့ မှော်နေရာလွတ်နဲ့ပတ်သတ်တဲ့ နားလည်မှုက ထပ်ပြီးတိုးတက်လာမယ်လို့ ကျုပ်ယုံကြည်တယ်”
ရှုယီ၏လေသံသည် ကျောင်းသားများကို စကားပြောနေသော ဆရာတစ်ယောက်နှင့် တူနေ၏။ သို့သော် ရှုယီက သူ၏မှော်နေရာလွတ်အပေါ် နားလည်မှုက သူတို့ထက်သာကြောင်း လက်တွေ့ပြနေမှန်း ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့ သိသည်။
ဤအရာက သူတို့ကို အတော်လေးရှုပ်ထွေးသွားစေသည်။ ယခု ရှုယီက ဤပြဿနာ၏ အဓိကသော့ချက်ကို အမှန်တကယ် သူတို့ထံပေးလာသောကြောင့် သူ၏ အနည်းငယ်မယဉ်ကျေးသော ပြောဆိုပုံက ပြဿနာမဟုတ်တော့ပေ။
“ဒီပစ္စည်းနဲ့ ဒါကိုလေ့လာဖို့ နည်းနည်းခက်တယ်။ ခင်ဗျားတို့ «Frestech မှော်စက်အပတ်စဉ်» ရဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထုတ် အမှတ်စဉ် ၇၆၃ ကနေ ဖေဖော်ဝါရီလထုတ် အမှတ်စဉ် ၇၈၆ အထိ ဖတ်ကြည့်ဖို့ အကြံပေးချင်တယ်။ အဲ့ဒီထဲမှာ မှော်နေရာလွတ်နဲ့ပတ်သတ်ပြီး ကျုပ် အတွဲလိုက်ရေးထားတယ်။ အဲ့ဒါကိုဖတ်ပြီးရင် ခင်ဗျားတို့ လုံးဝ နားလည်မှုအသစ်တစ်ခုရလာမယ်လို့ ကျုပ်ယုံကြည်တယ်” ရှုယီပြောလိုက်သည်။
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ခဏတိတ်နေပြီးနောက် သတ္တုအပိုင်းအစလေးကို သူ့ရင်ဘတ်ထဲထည့်ကာ ရှုယီကို ကြည့်လိုက်သည်။
“မင်းရဲ့ နောက်ဆုံးစကားတွေကို ပြောလို့ပြီးပြီလား။ မင်းပြောချင်တာတစ်ခုခု ကျန်သေးလား”
“နောက်ဆုံးစကား ဟုတ်လား” ရှုယီက မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ပြုံးလိုက်သည်။ “အရှင် အိုဖာလျန် ခင်ဗျားမှားနေပြီထင်တယ်။ ကျုပ်က နောင်ကျရင် ကျုပ်တို့ စကားပြောဖြစ်ဖို့ အခြေအနေမပေးလောက်တော့ဘူးထင်လို့ ဒီအခွင့်အရေးကိုယူပြီး ခင်ဗျားတို့ကို မှော်ပညာသဘောတရားအသစ်တစ်ချို့ ပေးချင်ရုံပါပဲ။ နောက်ဆိုရင် အခွင့်အရေးရှိတော့မှာမဟုတ်ဘူး။ နောက်ဆုံးစကားအတွက်ကတော့……”
ရှုယီက ပခုံးတစ်ချက်တွန့်ကာ သူ့အထက်ရှိ ကောင်းကင်ကို ကြည့်လိုက်သည်။ သူ့ညာလက်ကို ဆန့်ထုတ်လိုက်သောအခါ သူ့အထက်ကောင်းကင်ယံမှ အရောင်မျိုးစုံနှင့် ထူးဆန်းသော အလင်းရောင်တစ်ခုက သူ့လက်ထဲသို့ကျလာပြီး သတ္တုသေတ္တာတစ်လုံးအဖြစ် ပြောင်းသွားသည်။
ဤအရာသည် မတိုင်မီက မှော်ပိုက်နက်ချိပ်ပိတ်ခြင်းအစီအရင်အပြင်ဘက်သို့ ရှုယီလွှင့်ပစ်လိုက်သော သတ္တုသေတ္တာဖြစ်၏။ ၎င်းက မှော်အတားအဆီး၏အပြင်ဘက်တွင် အချိန်တစ်ခုကြာအောင်နေပြီးနောက် ယခု ရှုယီ၏လက်ထဲသို့ ပြန်ရောက်လာပြီဖြစ်သည်။ ၎င်းအပေါ်တွင် မတူညီသော အလင်းရောင်အမျိုးမျိုးတို့နှင့် ရှုပ်ထွေးသော ပုံစံတစ်ခု ရှိနေ၏။
ရှုယီက ၎င်းထံငုံ့ကြည့်ပြီးနောက် အထဲသို့ မှော်စွမ်းအားတစ်မျှင် ပို့လွှတ်လိုက်သည်။
သတ္တုသေတ္တာပေါ်ရှိ မှော်စွမ်းအားမျှင်များသည် မတူညီသော အရောင်များနှင့် အလင်းတန်းများ ဖန်တီးထားပြီး သူတို့အားလုံး အတူတကွစုစည်းကာ သေတ္တာ၏မျက်နှာပြင်ပေါ်၌ မတူညီသော ပုံစံများ ဖြစ်ပေါ်နေစေ၏။
ခပ်လှမ်းလှမ်းမှ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့က ရှုယီ၏လုပ်ရပ်ကို မျက်မှောင်ကြုတ်လျှက် ကြည့်နေကြပြီးနောက် မကောင်းသည့်အာရုံတစ်ခု ခံစားလာရသည်။
ဗိုလ်ချုပ်မှူးကြီး ဆူမန် ၏စံအိမ်တွင် ရှိခဲ့စဉ်က ရှုယီသည် ထိုထူးဆန်းသော သတ္တုအပိုင်းအစများကို ရုတ်တရက်ထုတ်လာပြီးနောက် သူတို့ရှေ့၌တင် ပျောက်ကွယ်သွားခဲ့၏။
ယခုလည်း သူက နောက်ထပ် ထူးဆန်းသော သတ္တုသေတ္တာတစ်လုံး ထုတ်လာပြန်သည်။ ဖြစ်နိုင်သည်မှာ....
ဤသို့တွေးမိကာ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့ သူတို့၏ မှော်စွမ်းအားများ တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ပြီး ရှုယီအပေါ် သူတို့၏ပိုင်နက်တိုက်ခိုက်မှုများကို အဆင့်မြှင့်လိုက်ကြသည်။
သို့သော် ၎င်းက များစွာ အကျိုးမရှိချေ။ ရှုယီက သူ၏ကိုယ်ပိုင်မှော်စွမ်းအားကို အားဖြည့်ကာ သူတို့၏တိုက်ခိုက်မှုကို အလွယ်တကူ တားဆီးလိုက်သည်။
အတန်ကြာပြီးနောက် ရှုယီလက်ထဲရှိ သတ္တုသေတ္တာပေါ်မှ အလင်းရောင်က မှိန်သွားပြီး သူက ၎င်းကို သူ့ရင်ဘတ်ထဲထည့်ပြီးနောက် အပေါ်မော့ကြည့်လိုက်၏။
“ခင်ဗျားတို့နှစ်ယောက်နဲ့ စကားပြောလို့ပြီးသွားပြီ။ ခင်ဗျားတို့ နားထောင်ချင်လား နားမထောင်ချင်ဘူးလားဆိုတာ ကျုပ်ဂရုမစိုက်ဘူး။ ကျုပ်ကိုသတ်ဖို့ကတော့….. စိတ်မကောင်းပါဘူး။ အဲ့ဒါမဖြစ်နိုင်ဘူး ဒါ့ကြောင့်….. ထပ်ပြီး နှုတ်ဆက်ပါတယ်ပဲ ပြောရတော့မယ်”
ဤသို့ပြောပြီးနောက် ရှုယီက ရုတ်တရက် ပျံတက်သွားသည်။
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့မှာ အံ့ဩသော အမူအရာများနှင့် ရှုယီကို ကြည့်နေကြ၏။
သူ့အထက်တွင် မမြင်နိုင်သော မှော်အတားအဆီးရှိပြီး မတိုင်မီက တိုက်မိထားသောကြောင့် သူက ဒဏ်ရာရထားသေးသည်။ ယခု ဤသို့ပျံတက်သွားခြင်းမှာ သူ သေချင်နေသည်လော။
သို့သော် သူတို့နှစ်ယောက်ကြည့်နေစဉ် ရှုယီ၏ပတ်ပတ်လည်တွင် ထူးဆန်းသော အလင်းရောင်ဖျော့ဖျော့တစ်ခု ရုတ်တရက် ပေါ်လာ၏။ ထို့နောက် အတားအဆီးတစ်ခု လုံးဝရှိမနေသည့်အတိုင်း သူက ကောင်းကင်ထဲသို့ တန်းတန်းမတ်မတ် ပျံတက်သွားသည်။ လျှပ်တပျက်အတွင်း သူသည် ဝင်ဘဲလ်ဒန်မြို့အထက်မှ ခြေရာတစ်ခုပင်မကျန်ဘဲ ပျောက်ကွယ်သွား၏။
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့နှစ်ယောက်လုံးထံမှ အံ့ဩသော အမူအရာများက တုန်လှုပ်သောအမူအရာများအဖြစ် ပြောင်းသွားသည်။
ထို့နောက် သူတို့လှုပ်ရှားလာပြီး ကောင်းကင်ထဲသို့ ပျံတက်သွားကြသည်။
သို့သော် ခဏပျံသန်းပြီးနောက် ထူးဆန်းသော အလင်းရောင်နှစ်ခုပေါ်လာပြီး ရုတ်တရက် နံရံတစ်ချပ်ကိုဝင်တိုက်မိသကဲ့သို့ သူတို့ပြန်ကန်ထွက်လာ၏။
သူတို့နှစ်ယောက် ကိုယ့်ကိုယ်ကို ခက်ခက်ခဲခဲ တည်ငြိမ်အောင်ထိန်းပြီးနောက် သံသယများပြည့်နေသော မျက်လုံးများဖြင့် မှော်အတားအဆီး၏ ခပ်ဖျော့ဖျော့အလင်းရောင်အား မော့ကြည့်လိုက်သည်။
မှော်ပိုက်နက်ချိပ်ပိတ်ခြင်းအစီအရင်က ဤနေရာတွင် ရှိနေသေးသည်ကို ရှုယီက မည်သို့ဖြတ်ကျော်သွားနိုင်သနည်း။
***
မှော်စက်မှုအင်ပါယာ Volume 7 အခန်း ၉၅။
သက္ကရာဇ် ၃၇၈၂ ခုနှစ် မေလခြောက်ရက်နေ့တွင် သတင်းတစ်ပုဒ်က စိုင်စ်နယ်မြေကြီးအား ရိုက်ခတ်လာသည်။
ကန်ဒရာအင်ပါယာက Frestech ကုန်သည်ကြီးများအသင်းသည် သူတို့ပိုင်နက်ထဲရှိ တရားမဝင်လုပ်ရပ်ပေါင်းများစွာ၌ ပါဝင်ခဲ့ပြီး ကန်ဒရာအင်ပါယာ၏ တော်ဝင်မိသားစုအား ပုန်ကန်လိုသော အဖွဲ့အစည်းများကိုပင် ထောက်ပံ့ပေးနေသောကြောင့် Frestech ကုန်သည်ကြီးများအသင်းအား ကန်ဒရာအင်ပါယာတွင် တားမြစ်ပိတ်ပင်ထားသော ကုမ္ပဏီများထဲမှ တစ်ခုအဖြစ် စာရင်းသွင်းမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
တစ်ချိန်တည်းတွင် Frestech ကုန်သည်ကြီးများအသင်း၏ ရာဇဝတ်မှုများကို ဆက်လက်ဖော်ထုတ်ပြီး အင်ပါယာကိုကာကွယ်ရန် ကန်ဒရာအင်ပါယာမှ Frestech ကုန်သည်ကြီးများအသင်းအား ရန်သူအဖြစ် ကြေညာမည်ဖြစ်သည်။ သူတို့က Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းမှုများအားလုံးကို ဖြတ်တောက်ကာ သူတို့အတွက် စတက်တိန်းဒက်ချီရှိ Frestech ကုန်သည်ကြီးများအသင်း၏ လှုပ်ရှားမှုများကို ပိတ်ပင်ပေးရန် စတက်တိန်းဒက်ချီထံ တရားဝင်တောင်းဆိုချက်တစ်စောင် ပေးပို့လိုက်သည်။
ဤကြေညာချက်နှင့်အတူ စတက်တိန်းဒက်ချီဘက်မှ သူတို့၏တောင်းဆိုချက်ကို မလိုက်လျောလျှင် ကန်ဒရာအင်ပါယာအစိုးရက Frestech ကုန်သည်ကြီးများအသင်းအား အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြတ်ပြတ်သားသား ထုတ်ပြန်လိုက်သည်။
ဤထုတ်ပြန်ချက် ထွက်လာချိန်တွင် စိုင်စ်နယ်မြေတစ်ခုလုံး ကြက်သေသေကုန်ကြ၏။
Frestech ကုန်သည်ကြီးများအသင်းသည် နိုင်ငံပေါင်းများစွာနှင့် အဖွဲ့အစည်းပေါင်းများစွာ အလိုရှိနေသော မှော်စက်ပစ္စည်းနည်းပညာနှင့် နိုင်ငံအမြောက်အများကြောက်ရွံ့သည့် စွမ်းအားကြီး စစ်ဘက်သုံးမှော်စက်များ ပိုင်ဆိုင်ထားသောကြောင့် ယခုလက်ရှိ စိုင်စ်နယ်မြေ၌ အကျော်ကြားဆုံးကုမ္ပဏီဖြစ်သည်။ သူတို့က ဤနယ်မြေတွင် အဘက်ဘက်မှ စွမ်းအားအကြီးဆုံးကုမ္ပဏီ ဖြစ်နေလေပြီ။
ကန်ဒရာအင်ပါယာက ဤနယ်မြေပေါ်ရှိ အင်ပါယာနှစ်ခုထဲမှ တစ်ခုဖြစ်ပြီး သူတို့က ဤနယ်မြေတွင် စွမ်းအားအကြီးဆုံးနိုင်ငံဟုပင် ဆိုနိုင်၏။
နှစ်ဖက်က သိသိသာသာပင် လက်တွဲအလုပ်လုပ်ခဲ့ပြီးမှ မည်သည့်အတွက်ကြောင့် ဆက်ဆံရေးကို ရုတ်တရက် ဖြတ်တောက်လိုက်ရသနည်း။
လူအချို့သည် ပြီးခဲ့သောလက ဒရိုမျိုးနွယ်စုနိုင်ငံ အရှေ့မြောက်ပိုင်းရှိ နမ်ကိုမိုင်းတွင်းဖြစ်ရပ်ကို တွေးမိသွားကြ၏။
ကန်ဒရာအင်ပါယာက ဤကိစ္စတွင်ဝင်ပါကတည်းက လူပေါင်းများစွာကို ပဟေဠိဖြစ်စေခဲ့ပြီးဖြစ်သည်။
ယခု ကန်ဒရာအင်ပါယာက Frestech ကုန်သည်ကြီးများအသင်းကို ဤသို့ စစ်ကြေညာလိုက်သည့်အတွက် နမ်ကိုမိုင်းဖြစ်ရပ်အတွင်း ညှိမရသော ကွဲလွဲမှုတစ်ချို့ရှိခဲ့ပြီး ၎င်းက ကန်ဒရာအင်ပါယာကို Frestech ကုန်သည်ကြီးများအသင်းအား နည်းနည်းလေးမျှ မျက်နှာမထောက်သည်အထိ ဖြစ်စေခဲ့သည်လောဟု လူပေါင်းများစွာမှာ မတွေးမိဘဲ မနေနိုင်အောင်ပေ။
သို့သော် ဤအချက်က သံသယများကို ပို၍ပင် ဖြစ်လာစေသည်။
Frestech ကုန်သည်ကြီးများအသင်းသည် သာမန်ကုမ္ပဏီတစ်ခုမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့တွင် နိုင်ငံပေါင်းများစွာက အလေးထားသော စစ်ဘက်သုံးမှော်စက်များရှိသည့်အပြင် နိုင်ငံများက Frestech ကုန်သည်ကြီးများအသင်းအား ရှိန်ကြသောကြောင့် သူတို့ထံမှ မှော်စက်ပစ္စည်းနည်းပညာကို ရယူရန်အတွက် နိုင်ငံအားလုံးနီးပါး သူတို့နှင့် ဆက်ဆံရေးတည်ဆောက်ရန် ကြိုးစားနေကြ၏။
Frestech ကုန်သည်ကြီးများအသင်းနှင့် ရန်သူများဖြစ်လာခြင်းသည် သူတို့ထံမှ မှော်စက်ပစ္စည်းနည်းပညာကို ရယူရန် မျှော်လင့်ချက်အားလုံး ဖျက်ပစ်မည့်သဘောပင်မဟုတ်လော။
Frestech ကုန်သည်ကြီးများအသင်းက စစ်ဘက်သုံးမှော်စက်များ ထုတ်လုပ်ပြီးနောက် စစ်ပွဲတွင် အောင်နိုင်သူကို ဆုံးဖြတ်ပေးမည်မှာ မည်သူ့တွင် ပိုကောင်းသော စစ်ဘက်သုံးမှော်စက်များ ရှိသနည်းဟူသည့် အချက်ဖြစ်ကြောင်း လူတိုင်းသိ၏။
ကန်ဒရာအင်ပါယာက Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်ဆံရေးဖြတ်တောက်လိုက်ခြင်းသည် ‘Frestech ကုန်သည်ကြီးများအသင်းကဲ့သို့ နတ်ဆိုးအဖွဲ့အစည်းကို ဖယ်ရှားခြင်း’ အား တတ်နိုင်မည်လော၊ Frestech ကုန်သည်ကြီးများအသင်းကသာ မားလိုအင်ပါယာအား အထောက်အပံ့ပြုလိုက်လျှင် ကန်ဒရာအင်ပါယာက ၎င်းကို ရင်ဆိုင်နိုင်မည်လောကို အရင်ဆုံး မစဉ်းစားခြင်းပင်။
သို့သော် နောက်တစ်နေ့ မေလ ၇ ရက်နေ့၌ မားလိုအင်ပါယာက Frestech ကုန်သည်ကြီးများအသင်းသည် မားလိုအင်ပါယာအား ပုန်ကန်သည့် လုပ်ရပ်များတွင် ပါဝင်နေခြင်းကို ရှာတွေ့သောကြောင့် Frestech ကုန်သည်ကြီးများအသင်းအား တားမြစ်ကုမ္ပဏီတစ်ခုအဖြစ် စာရင်းသွင်းကာ မားလိုအင်ပါယာထဲသို့ ဝင်ခွင့်ပိတ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
စကားလုံးအနည်းသာ မတူသော်လည်း အကြောင်းအရာမှာ လွန်ခဲ့သောတစ်ရက်က ကန်ဒရာအင်ပါယာကြေညာခဲ့သည်နှင့် အတူတူသာဖြစ်၏။
ဤကြေညာချက်ကို ကြားသောအခါ လူတိုင်းတုန်လှုပ်ကာ ထင်မြင်ချက်တစ်ခု ပေးလာကြသည်။
ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာတို့က တစ်စုံတစ်ခုကို လျှို့ဝှက်ဆွေးနွေးထားသည်လော။ သူတို့က Frestech ကုန်သည်ကြီးများအသင်းကို အတူတကွ ဆန့်ကျင်တော့မည်လော။
ဤအတိုင်းဆိုလျှင် မတိုင်မီက လုပ်ဆောင်ခဲ့သော ကန်ဒရာအင်ပါယာ၏ ထူးဆန်းသော အပြုအမူများကို ရှင်းပြပြီးသား ဖြစ်သွားပေလိမ့်မည်။
သူတို့သာ ယခင်က သူတို့နှင့်ယှဉ်ပြိုင်နေသော မားလိုအင်ပါယာနှင့် လျှို့ဝှက်သဘောတူချက်တစ်ခု လုပ်မထားလျှင် ကန်ဒရာအင်ပါယာက Frestech ကုန်သည်ကြီးများအသင်းနှင့် ပတ်သတ်မှုအားလုံးဖြတ်ပြီး စစ်ပွဲပင်ကြေညာကာ ဤမျှကြီးမားသော စွန့်စားမှုကို လုပ်ဆောင်မည်မဟုတ်ပေ။
မဟုတ်ပါက Frestech ကုန်သည်ကြီးများအသင်းသာ မားလိုအင်ပါယာကို ထောက်ပံ့လိုက်လျှင် ကန်ဒရာအင်ပါယာက အမြတ်ထက် အရှုံးသာ ပိုများပေလိမ့်မည်။
သို့သော် မားလိုအင်ပါယာက မည်သည့်အတွက်ကြောင့် ကန်ဒရာအင်ပါယာနှင့်အတူ Frestech ကုန်သည်ကြီးများအသင်းအား ရင်ဆိုင်ရန် သဘောတူရသနည်း။
ဤမျှကောင်းမွန်သော အခွင့်အရေး၌ မားလိုအင်ပါယာက မည်သည့်အတွက်ကြောင့် Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်ဆံရေးတည်ဆောက်ရန် မကြိုးစားရသနည်း။ သူတို့က Frestech ကုန်သည်ကြီးများအသင်းထံမှ အထောက်အပံ့ယူကာ ကန်ဒရာအင်ပါယာကို အနိုင်ယူနိုင်မည် မဟုတ်ပေလော။
သူတို့၏ အကြီးမားဆုံးရန်သူတော် ကန်ဒရာအင်ပါယာမရှိလျှင် မားလိုအင်ပါယာက နယ်မြေကို အုပ်စိုးနိုင်ပေလိမ့်မည်။
မားလိုအင်ပါယာမှ ဤကြေညာချက်ထုတ်ပြန်ပြီး နောက်ရက်များတွင် ဒရိုမျိုးနွယ်စုတိုင်းပြည်၊ မာနာ မှော်တိုင်းပြည်၊ စခ်တိုင်းပြည်နှင့် ဖော့လ်ခ်တိုင်းပြည်အပါအဝင် စုစုပေါင်း တိုင်းပြည်လေးဆယ့်ခုနစ်ခုနှင့် မှော်ပညာရှင်အစည်းအရုံး၊ ဂျီနို အဖွဲ့အစည်း၊ ချိုင့်ဝှမ်းအဖွဲ့အစည်း၊ ဘလက်ခ်စမစ်အဖွဲ့အစည်း အပါအဝင် အဖွဲ့အစည်းကြီးငယ်စုစုပေါင်း ခြောက်ဆယ့်သုံးခုက Frestech ကုန်သည်ကြီးများအသင်း၏ ရာဇဝတ်မှုမျိုးစုံကို ကြေညာလိုက်သည်။ သူတို့က Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်ဆံရေးအားလုံးဖြတ်တောက်ကာ သူတို့ကို ရန်သူအဖြစ် စာရင်းသွင်းလိုက်သည်။
တစ်ပတ်မျှအချိန်အတွင်း စိုင်စ်နယ်မြေတစ်ခုလုံးတွင် ဖြန့်ကျက်ထားသကဲ့သို့ ထင်ရပြီး အမြဲတမ်းအကြိုဆိုခံခဲ့ရသော Frestech ကုန်သည်ကြီးများအသင်းသည် လူတိုင်းမုန်းသည့် ပစ်မှတ်တစ်ခု ဖြစ်လာခဲ့၏။
ထိုနိုင်ငံများရှိ Frestech ကုန်သည်ကြီးများအသင်း၏ စက်ရုံများနှင့် ဌာနခွဲများမှာ အတိုင်းအတာမျိုးစုံအထိ အဖျက်ဆီးခံလိုက်ရပြီး ထိုနိုင်ငံများနှင့် အဖွဲ့အစည်းများ၏ လက်ထဲသို့ပင် ကျရောက်သွားသည်။
အချိန်တိုအတွင်း Frestech ကုန်သည်ကြီးများအသင်းသည် မှန်းပင်မမှန်းဆနိုင်သော ဆုံးရှုံးမှုကြီး ကြုံလိုက်ရသည်ဟုပင် ဆိုနိုင်၏။ ၎င်းက မရေမတွက်နိုင်သော ခြေလက်အင်္ဂါများ တစ်ပြိုင်နက်တည်း ဖြတ်တောက်ခံလိုက်ရခြင်းနှင့် မခြားနားပေ။
Frestech ကုန်သည်ကြီးများအသင်းသည် မရေမတွက်နိုင်သော လူများအတွက် မည်မျှအင်အားကြီးပြီး သူတို့၏စစ်ဘက်သုံးမှော်စက်များက မည်မျှအားကောင်းပါစေ စိုင်စ်နယ်မြေ၌ အရင်းအမြစ်အများဆုံး စုဝေးမှုတစ်ခုဟု ဆိုနိုင်သော ထိုတိုင်းပြည်များ၊ အဖွဲ့အစည်းများနှင့် ရင်ဆိုင်ရသောအခါ သူတို့တွင် မျှော်လင့်ချက်ရှိတော့မည်မဟုတ်ပေ။
လွန်ခဲ့သော နှစ်ဆယ့်သုံးနှစ်ကမှ တည်ထောင်ခဲ့ပြီး ဤနယ်မြေထံ မှော်စက်ပစ္စည်းနည်းပညာကို ယူဆောင်လာကာ လူပေါင်းများစွာ၏ဘဝကို ပြောင်းလဲပေးခဲ့သော ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံးနှင့် အလားအလာအရှိဆုံးဟု သတ်မှတ်နိုင်သည့် ဤကုမ္ပဏီသည် သမိုင်းထဲတွင် မှေးမှိန်ပျောက်ကွယ်ရန် အလားအလာများနေပြီဖြစ်၏။
......
“ခင်ဗျားတို့အားလုံးရော ဒီလိုပဲတွေးတာလား” ရှုယီက အစည်းအဝေးခန်းမထဲရှိ Frestech ကုန်သည်ကြီးများအသင်း၏ ရာထူးမြင့်အဖွဲ့ဝင်များကို ကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် အပြုံးတစ်ပွင့်ရှိနေပြီး သူ့မျက်လုံးများက စိတ်အေးလက်အေးအမူအရာ ရှိနေ၏။ “ကျုပ်တို့ကုမ္ပဏီက ဒီတစ်ခါ အဆုံးသတ်တော့မယ်လို့ ခင်ဗျားတို့ထင်လား။ ကျုပ်တို့အတွက် လွတ်လမ်းမရှိတော့ဘူးပေါ့”
“ဖီ” Frestech အိမ်သုံးမှော်စက်ကုန်သွယ်ရေးအသင်း၏ ဥက္ကဌ အန်းခေါ့ထ်က သူ့ဘေးတွင် တံတွေးထွေးလိုက်သည်။ “သူတို့က ဒီလောက်လေးနဲ့ ငါတို့ကုမ္ပဏီကို အဆုံးသတ်ချင်တယ်ပေါ့။ အိပ်မက်ပဲမက်နေလိုက်”
“မှန်တယ် ဒီအရူးတွေက ငါတို့ကုမ္ပဏီမှာ ဘယ်လိုအင်အားမျိုးရှိမှန်းမသိဘဲ ငါတို့ကို ဒီလိုခြောက်လှန့်ချင်သေးတယ်။ ဟာသပဲ” Frestech သတ္တုကုန်သွယ်ရေးအသင်း၏ ဥက္ကဌဖြစ်သူ လူပုလေး လဒ်သရုဖ် က မျက်နှာထက်တွင် အထင်အမြင်သေးသော အရိပ်အယောင်တစ်ခု ရှိနေသည်။
“ဥက္ကဌကြီး အမိန့်သာပေးလိုက်ပါ။ ဒီခွေးကောင်တွေကို ဘယ်လိုသတ်လိုက်ရမလဲ” Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်ဖွဲ့ခေါင်းဆောင် ဟာ့ထ်က ရင်ဘတ်ကိုထုကာ ကျယ်လောင်စွာ ပြောလိုက်သည်။ “ကျွန်တော်တို့ အစောင့်တပ်ဖွဲ့ရဲ့ ညီအစ်ကိုတွေက လက်ယားနေပြီးသားပါ။ အခု ကိုယ့်သေတွင်းကိုယ်တူးတဲ့ အရူးတွေရှိမှတော့ ကျွန်တော်တို့ညီအစ်ကိုတွေက ဝမ်းသာတာထက်ကို ပိုသေးတယ်”
“အမှန်ပဲ။ သူတို့လူတွေအကုန်လုံး ဘာအသုံးဝင်လို့လဲ။ ကျုပ်တို့ကုမ္ပဏီရဲ့ အစောင့်တွေရှေ့မှာ အမှိုက်ပုံတစ်ပုံသာသာပဲ။ သူတို့……”
ရှုယီ၏မျက်နှာထက်တွင် အပြုံးရေးရေးပေါ်လာပြီ လက်မြှောက်ကာ လူတိုင်း၏တက်ကြွမှုကို တားဆီးလိုက်သည်။
“အကုန်လုံးက ယုံကြည်ချက်ရှိနေပုံပေါ်တော့ ကျုပ်စိတ်အေးရပါပြီ။ ဒါပေမယ့် ဒီတစ်ခါ ကျုပ်တို့ကုမ္ပဏီက တစ်ကမ္ဘာလုံးနဲ့ရင်ဆိုင်နေရတယ်ဆိုတာကို အားလုံးကို သတိထပ်ပေးရမယ်။ ခင်ဗျားတို့ ဒီလိုယုံကြည်ချက်ရှိနေတာက တကယ်ပဲ ကောင်းရဲ့လား”
“ဟမ့် တစ်ကမ္ဘာလုံးနဲ့ တိုက်ခိုက်ရတော့ရော ဘာဖြစ်လဲ။ အဲ့ဒီကောင်တွေက ငါတို့ကို လက်ဝါးကြီးအုပ်ချင်မှန်း သိသာနေပေမယ့် ဘယ်တုန်းကမှ သတ္တိမရှိခဲ့ဘူး။ အခု သူတို့က နောက်ဆုံးတော့ အုပ်စုလိုက်ဖြစ်သွားပြီဆိုတော့ လက်ဝါးကြီးအုပ်နိုင်ပြီထင်ပြီး လှုပ်ရှားရဲလာတာပဲ။ သူတို့သာ ဒီလောက်အင်အားကြီးနေရင် ဒီလိုလုပ်ဖို့လိုပါ့မလား” အန်းခေါ့ထ်က နှုတ်ခမ်းများမဲ့ကာ အထင်အမြင်သေးသော အမူအရာတစ်ခု ပေါ်လာသည်။
“မှန်ပါတယ်” ရှုယီက အပြုံးရေးရေးနှင့် ခေါင်းငြိမ့်၏။ “ဒီကောင်တွေက အဲ့လောက်အင်အားမကြီးသလို ကျုပ်တို့က သူတို့ထင်တာထက် ပိုအင်အားကြီးတယ်လို့ ပြောလို့ရတယ်။ ဒီတော့ ကျုပ်တို့ တစ်ကမ္ဘာလုံးနဲ့ တကယ်တိုက်ရင်တောင် ကြောက်စရာမရှိဘူး။ ဒါပေမယ့် မင်းတို့ တိုက်ခိုက်တဲ့အချိန်မှာ ရန်သူကို အထင်သေးနိုင်ပေမယ့် ဗျူဟာချတဲ့အချိန်မှာ ရန်သူကို လေးစားရမယ်ဆိုပြီး ရှေးဆိုရိုးရှိတယ်လေ။ ဆာဘက်စ်!”
အသက် ခြောက်ဆယ့်ခုနစ်နှစ်ရှိပြီဖြစ်သော်လည်း ဖျတ်လတ်နေပုံပေါ်ဆဲဖြစ်သော Frestech ကုန်သည်ကြီးများအသင်း၏ ဘဏ္ဍာရေးမှူး ဆာဘက်စ်က ထရပ်ကာ ရှုယီအား အရိုအသေပေးလိုက်ပြီးနောက် အပြုံးရေးရေးနှင့် မေးလိုက်သည်။ “ဥက္ကဌကြီး ဘာများအမိန့်ပေးလိုပါသလဲ”
“ကျုပ်တို့ကုမ္ပဏီကို အခု အရေးပေါ်အခြေအနေကြေညာမယ်။ စစ်ပွဲကာလစံချိန်စံညွှန်းနဲ့ကိုက်တဲ့ ထောက်ပံ့ပို့ဆောင်ရေးတွေ လုပ်ရမယ်။ ကျုပ်ဆိုလိုတာကို နားလည်ရဲ့လား”
“ဥက္ကဌကြီးရဲ့ ညွှန်ကြားမှုအတိုင်း လိုက်နာပါ့မယ်” ဆာဘက်စ်က ပေါ့ပေါ့ပါးပါး ဦးညွှတ်လိုက်သည်။
“သိပ်ကောင်းတယ်။ ကမ်ဘီ!”
လူပုလေးကမ်ဘီက ခုန်ထကာ ထိုင်ခုံပေါ်တွင်ရပ်ပြီး ရင်ဘတ်ကိုထုရိုက်လျှက် မပီမသအသံတစ်ချက် ပြုလိုက်သည်။
“ဥက္ကဌကြီး အမိန့်သာပေးလိုက်ပါ။ ကျုပ်တို့လူပုလေးတွေ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ဖြတ်ရမယ်ဆိုရင်တောင် လုံးဝ ပြဿနာမရှိပါဘူး”
ရှုယီ မပြုံးမိဘဲ မနေနိုင်အောင်ပင်။ “ခင်ဗျားရဲ့ မှော်စက်တည်ဆောက်ပြုပြင်ရေးစင်တာက လူပုလေးတွေကိုသာ ဓားတောင်တွေ မီးပင်လယ်တွေဖြတ်ဖို့ ပို့လိုက်ရရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းတော့ တကယ်အဆုံးသတ်သွားမှာပဲ။ ကောင်းပြီ ခင်ဗျားရဲ့တာဝန်ကို ပြောမယ်။ ခင်ဗျားရဲ့ညွှန်ကြားချက်တွေကိုပြောင်းပြီး စစ်ဘက်သုံးမှော်စက်ထုတ်လုပ်မှုကို အရှိန်မြှင့်ဖို့ပဲ၊ ပြီးတော့ အရပ်သားသုံးမှော်စက်ထုတ်လှုပ်မှုကိုလည်း သေချာအောင်လုပ်ပေးပါ။ ဒီကိစ္စကို ဂလာရက်စ် နဲ့ တိုင်ပင်လိုက်ကြ”
“ကောင်းပါပြီ” ကမ်ဘီက ပြန်ဖြေကာ မျက်လုံးများ အရောင်တောက်သွား၏။ သူက လက်များကိုပွတ်ကာ စိတ်လှုပ်ရှားသော အမူအရာနှင့် မေးလိုက်သည်။ “ဥက္ကဌကြီး ကျုပ်တို့ ဒီတစ်ခေါက် အကုန်ထုတ်သုံးဖို့ ကြံစည်နေတာလား”
ရှုယီ ပခုံးတွန့်လိုက်သည်။ “ဒါပေါ့ မဟုတ်ရင် အဲ့ဒီကောင်တွေက ကျုပ်တို့နဲ့ သောက်ဖို့လာတယ်များ ထင်နေတာလား”
ခဏတိတ်သွားပြီးနောက် ရှုယီက ဘေးရှိ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်ဖွဲ့ခေါင်းဆောင် ဟာ့ထ်ထံ လှည့်လိုက်သည်။
ဟာ့ထ်က ထရပ်ကာ အာရုံစိုက်မှုအပြည့်နှင့် ရှုယီကို ကြည့်လိုက်သည်။ “ဥက္ကဌကြီး ကျေးဇူးပြုပြီး အမိန့်ရှိပါ”
ရှုယီ ခေါင်းငြိမ့်ပြကာ စားပွဲမှခွာ၍ နံရံပေါ်ရှိ မြေပုံကြီးတစ်ချပ်ထံ ရွှေ့သွားသည်။ သူက မြေပုံအားရိုက်၍ လေးနက်သော အသံဖြင့် ပြောသည်။ “မမျှော်လင့်တာတစ်ခုခုမဖြစ်ရင် ရန်သူက မကြာခင် တိုက်ခိုက်လိမ့်မယ်။ ဟာ့ထ် မင်း သူတို့ကို တိုက်ပွဲအစကတည်းက နာနာနှက်ပေးဖို့ မျှော်လင့်တယ်။ အဲ့လို လုပ်နိုင်မလား”
ဟာ့ထ်၏နှုတ်ခမ်းများ ကွေးတက်သွားပြီး အပြုံးတစ်ပွင့်ပေါ်လာကာ ပြုံးရယ်ရင်း ပြောလိုက်သည်။ “ဥက္ကဌကြီး အဲ့ဒီကောင်တွေကို တစ်သက်မေ့မသွားစေမယ့် သင်ခန်းစာပေးလိုက်ပါ့မယ်”
“အရမ်းကောင်းတယ်”
ရှုယီက လေးလေးနက်နက် ခေါင်းငြိမ့်လိုက်ပြီးနောက် အစည်းအဝေးခန်းထဲရှိ အခြားသူများအား လှည့်ကြည့်လိုက်သည်။
“အားလုံးပဲ အခုအချိန်ကနေစပြီး ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအတွက် အရေးအကြီးဆုံးနဲ့ အန္တရာယ်အများဆုံးကာလ ဖြစ်လာပါတော့မယ်။ ခင်ဗျားတို့ ကျုပ်နဲ့အတူ ဒါကိုဖြတ်ကျော်ဖို့ ယုံကြည်ချက်ရှိကြရဲ့လား”
“ရှိပါတယ်”
“အသေအချာပေါ့”
“ဥက္ကဌကြီး ကျွန်တော်တို့က ဥက္ကဌကြီးရဲ့အမိန့်ကိုပဲ အမြဲနာခံမှာပါ”
“အဲ့ဒီခွေးကောင်တွေကို ချေမှုန်းပစ်”
အခန်းထဲရှိ လူများအားလုံး ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။
ရှုယီ မနေနိုင်တော့ဘဲ အပြုံးတစ်ပွင့် ပေါ်လာ၏။
သူ့ပတ်ပတ်လည်ရှိ လူများအားလုံးသည် သူနှင့် အနည်းဆုံး နှစ်နှစ်ဆယ် အတူရှိခဲ့သည့် လက်အောက်ငယ်သားများဖြစ်သည်။ ဤအန္တရာယ်များသောကာလ၌ ကြောက်လန့်သော အရိပ်အယောင်ပေါ်နေသူ တစ်ယောက်တစ်လေမျှမရှိခြင်းက သူ့ကို အလွန်ကျေးဇူးတင်မိစေသည်။
“ဖြန်း”
ရှုယီက မြေပုံကို ထပ်ရိုက်လိုက်ပြန်သည်။
“အားလုံးပဲ အခုအချိန်ကစပြီး ဒီကမ္ဘာကြီးကို စစ်ကြေညာလိုက်ကြစို့”
မှော်စက်မှုအင်ပါယာ Volume 7 အခန်း ၉၆။
ကောင့်ထ် အန်စတို သည် သူ၏ချစ်လှစွာသော စစ်မြင်းဖြူကြီး “နာနတ်သီး” ကိုစီးလျှက် တောင်ကုန်းတစ်လုံးပေါ်သို့ အလျင်အမြန် တက်လိုက်၏။ မော့ကြည့်လိုက်ချိန်တွင် သူ့ရှေ့မှလူများကို မြင်တွေ့ပြီး သူ့နှုတ်ခမ်းများ ကွေးတက်သွားကာ အထင်အမြင်သေးသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
“ဒီကောင်တွေက ရူဒ်ဆန်တိုင်းပြည်က တပ်သားတွေမလား။ သူတို့ကိုကြည့်စမ်းပါဦး။ လူလေးငါးထောင်တောင်မပြည့်ဘဲနဲ့ ငါ့ကိုဆန့်ကျင်ဖို့ ဘယ်ကသတ္တိရလာတာလဲ”
“ကောင့်ထ်မြို့စားကြီး သူတို့ကို အထင်သေးလို့မရပါဘူး။ ကြည့်လိုက် ရူဒ်ဆန်တိုင်းပြည်တပ်ဖွဲ့မှာ စစ်ဘက်သုံးမှော်စက်တွေ အကုန်တပ်ဆင်ထားတယ်။ သူတို့မှာရှိတာက ကျွန်တော်တို့ထက် ပိုများတယ်။ နောက်ကျရင် ကျွန်တော်တို့ သတိထားရမယ်”
“စစ်ဘက်သုံးမှော်စက်တွေ ဟုတ်လား” ကောင့်ထ် အန်စတို က အေးစက်စွာ နှာမှုတ်လိုက်သည်။ “မင်းတို့ကောင်တွေက သူတို့မရှိရင် စစ်မတိုက်နိုင်တော့မယ့်အတိုင်း ဒီပစ္စည်းတွေကိုပဲ ဆက်တိုက်ပြောနေတာပဲ။ ငါ့အမြင်အရတော့ သူတို့က အဲ့လောက်လည်းမကောင်းပါဘူး။ သူတို့မှာရှိတဲ့ လူနည်းနည်းလေးလောက်ကတော့ ငါ့ရဲ့လက်ရွေးစင်မြင်းတပ်က တစ်ချက်တည်းနဲ့ ရှင်းပစ်နိုင်တယ်”
“ဒါက…… ကောင့်စ်မြို့စားကြီး ပိုသတိထားတာကောင်းမယ် ထင်ပါတယ်။ တကယ်လို့……”
“တကယ်လို့ဆိုတာ မရှိဘူး” ကောင့်ထ် အန်စတို က စိတ်မရှည်စွာ လက်ဝေ့ယမ်းလျှက် သူ၏သစ္စာခံ တပ်ရေးဗိုလ်၏ အကြံကိုဖြတ်ပြောလိုက်သည်။ “အမိန့်ထုတ်လိုက် မြင်းတပ် ချီတက်ဖို့ အသင့်ပြင်ထားလို့။ ငါတို့ကန်ဒရာအင်ပါယာကို ဆန့်ကျင်ရဲတဲ့အတွက် ဒီကောင်တွေကို အစကတည်းက သင်ခန်းစာကောင်းကောင်းပေးရမယ်”
တပ်ရေးဗိုလ်က စစ်မြင်းတစ်ကောင်တစ်လေမျှမပါဘဲ တပ်သားထောင်ချီသာရှိသည့် တပ်ဖြန့်ချထားသော ရူဒ်ဆန်တိုင်းပြည်တပ်ဖွဲ့ကို ကြည့်ကာ မနေနိုင်တော့ဘဲ ခေါင်းယမ်းမိလိုက်သည်။ ထိုစစ်ဘက်သုံးမှော်စက်များကို ရင်ဆိုင်ရာတွင် စိတ်ပူစရာမလိုဟု ထင်သောကြောင့် သူက ကောင့်ထ်အန်စတို အား ထပ်မံဖျောင်းဖျရန် မကြိုးစားတော့ဘဲ အမိန့်သာပေးလိုက်သည်။
ကောင့်ထ် အန်စတို သည် ကန်ဒရာအင်ပါယာ၏ လက်ရွေးစင်တပ်ဖွဲ့ဆယ်ခုထဲမှ တစ်ခုဖြစ်သည့် မြင်းစီးသူရဲကောင်းတပ်ရင်းကို ဦးဆောင်လာခြင်းဖြစ်သည်။ သူတို့၏တာဝန်မှာ ရှေ့ပြေးတပ်အနေဖြင့် ရူဒ်ဆန်တိုင်းပြည်ကို အရင်ဆုံးတိုက်ခိုက်ရန် ဖြစ်၏။
လွန်ခဲ့သောလဝက်က စတက်တိန်းဒက်ချီသည် Frestech ကုန်သည်ကြီးများအသင်းအား ပိတ်ပင်ခိုင်းသည့် တောင်းဆိုချက်ကို ငြင်းပယ်ခဲ့သောကြောင့် ကန်ဒရာအင်ပါယာက စတက်တိန်းဒက်ချီအား စစ်ကြေညာခဲ့သည်။
ထို့နောက် ရူဒ်ဆန်နိုင်ငံက ကန်ဒရာအင်ပါယာ၏ သူတို့လက်အောက်သို့ဝင်ခိုင်းသည့် တောင်းဆိုချက်ကို ငြင်းဆန်ခဲ့သောကြောင့် ကန်ဒရာအင်ပါယာက ရူဒ်ဆန်တိုင်းပြည်ကိုလည်း စစ်ကြေညာလိုက်သည်။
ကောင့်ထ် အန်စတို ဦးဆောင်လာသော မြင်းစီးသူရဲကောင်းတပ်ရင်းသည် ရူဒ်ဆန်တိုင်းပြည်သို့ဝင်မည့် ပထမဆုံးတပ်ဖွဲ့ဖြစ်၏။
“ဟေး ဒီရှေ့ပြေးနေရာကိုရဖို့ ငါ အများကြီးကြိုးစားခဲ့ရတာ။ ဒီတိုက်ပွဲက ငါ ရိုမန်စ် အန်စတို တောက်ပရမယ့်အချိန်ပဲ”
မြင်းတပ်က အသင့်ပြင်ပြီးကြောင်း တွေ့သောအခါ ကောင့်ထ် အန်စတို က လက်ထဲရှိ ဓားကောက်ကို မြှောက်လိုက်သည်။
“တက်”
“ငါ့နှလုံးသားထဲမှာ ဂုဏ်သရေ ထွန်းလင်းတောက်ပနေပြီ”
ထူထဲသော သံချပ်ကာများ အပြည့်အစုံဝတ်ဆင်ထားသည့် မြင်းစီးတပ်သားသုံးထောင်က ဒေါသတကြီး ဟိန်းဟောက်သံပြုပြီးနောက် သူတို့၏ မြင်းသုံးထောင်က တစ်ပြိုင်နက်တည်း ချီတက်လိုက်ကြသည်။
စစ်သားနှင့် စစ်မြင်းများကပင် အလေးချိန်တစ်တန်ရှိပြီး သူတို့တွင်ရှိသည့် ချပ်ဝတ်နှင့် လက်နက်များ ပေါင်းထည့်လိုက်လျှင် နှစ်တန်ဟူသည့် တုန်လှုပ်ဖွယ် အလေးချိန်သို့ အလွယ်တကူရောက်သွား၏။
ဤသို့လေးလံသော တပ်ရင်းကြီး ချီတက်လာချိန်တွင် သူတို့၏ အရှိန်အဟုန်က တုန်လှုပ်ဖွယ်ကောင်းလှသည်။
တပ်သားသုံးထောင် တစ်ပြိုင်နက်ချီတက်လာသည်နှင့် သူတို့၏အရှိန်အဟုန်က စွမ်းအားကြီးသည်မှာ ထုံးစံပင်။
မြေကြီးက တုန်ခါသွားပြီး တဒုန်းဒုန်းမြည်သံများ ထွက်ပေါ်နေကာ လေဟာနယ်ကိုဖြတ်သွားသော မိုးခြိမ်းသံများနှင့် တူနေသည်။
သူ၏ လေးလံသောမြင်းတပ်က ရေကြီးမှုတစ်ခုကဲ့သို့ ရူဒ်ဆန်တိုင်းပြည်ထံ ချီတက်သွားသည်ကိုကြည့်ကာ ကောင့်ထ် အန်စတို က ဟားတိုက်ရယ်လိုက်သည်။
“အား လှလိုက်တဲ့ ပုံစံ လှလိုက်တဲ့ အသံလေး! ရူဒ်ဆန်လို နိုင်ငံပေါက်စလေးက ဒီလိုမောက်မာပြီး ငါတို့ရဲ့ ကြီးမြတ်တဲ့ ကန်ဒရာအင်ပါယာကို တိုက်ခိုက်ရဲတယ်ပေါ့။ ဒီနေ့က မင်းတို့ကို သဂြိုဟ်တဲ့နေ့ပဲ”
“ရွှပ်”
တစ်စုံတစ်ခုက လေကိုဖြတ်ကာ အလျင်အမြန်လာနေသကဲ့သို့ ထူးဆန်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
ကောင့်ထ် အန်စတို က အံ့ဩသော အမူအရာဖြင့် အသံလာရာထံ လှမ်းကြည့်လိုက်သောအခါ အနီရောင်အလင်းတစ်ခုက ရူဒ်ဆန်အင်ပါယာဘက်မှ သူတို့ထံ ပျံသန်းလာသည်ကို မြင်လိုက်ရ၏။
“ဟမ့်…… ကစားစရာလေး……”
ကောင့်ထ် အန်စတို ၏စကားမဆုံးမီ အနီရောင်အလင်းက ချီတက်နေသော မြင်းတပ်ကြားသို့ ကျသွားသည်ကို မြင်လိုက်ရသည်။
“ဝုန်း”
တောက်ပသော မီးတောက်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ပြိုင်ဘက်ကင်းအောင် စွမ်းအားကြီးသော ပေါက်ကွဲမှုတစ်ခု ဖန်တီးလိုက်သည်။
မရေမတွက်နိုင်သော မြင်းတပ်သားများနှင့် သူတို့၏ စစ်မြင်းများမှာ လေထဲသို့ လွင့်ထွက်သွားသည်။ ခြေပြတ်လက်ပြတ်အချို့ပင် လေထဲသို့ ပျံဝဲသွား၏။
တစ်ကြိမ်တိုက်ခိုက်ရုံမျှနှင့် တင်းတင်းကြပ်ကြပ် ဖွဲ့စည်းထားသော မြင်းတပ်၏ပုံစံထဲတွင် ဧရာမအပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာသည်။
သို့သော် ၎င်းက မပြီးသေးပေ။
ထို့နောက် ရူဒ်ဆန်တိုင်းပြည်၏ ပုံစံထဲမှ အနီရဲရဲအလင်းရောင်အများအပြား ထပ်မံပျံထွက်လာပြီးနောက် မြင်းတပ်၏ပုံစံကြားတွင် ကျလာကြသည်။
“ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း”
ပေါက်ကွဲသံများနှင့်အတူ အလွန်ကြီးမားသော မီးတောက်များ ဆက်တိုက်တွဲပါလာ၏။ မရေမတွက်နိုင်သော မြင်းစီးတပ်သားများနှင့် သူတို့၏မြင်းများ လွင့်ထွက်သွားပြီး ကောင်းကင်တွင် ကိုယ်လက်အင်္ဂါအပျက်အစီးများနှင့် ပြည့်သွားသည်။
ချက်ချင်းပင် မတားဆီးနိုင်သည့် ရေလှိုင်းလုံးကြီး ဖြန့်ထွက်လာသည်နှင့်တူသော မြင်တပ်သားသုံးထောင်နှင့် စွမ်းအားကြီးသောတပ်ရင်းမှာ တပ်သားတစ်ထောင်ပင် မကျန်ခဲ့တော့ချေ။ သူတို့က သူတို့၏ပုံစံကို ထိန်းထားရန် မပြောနှင့် ဆက်လက်ချီတက်ရန်ပင် မဖြစ်နိုင်တော့ချေ။
ကောင့်ထ် အန်စတို က သူမြင်နေရသည်ကို မယုံကြည်ရဲစွာဖြင့် မလှမ်းမကမ်းရှိ ပြန့်ကျဲနေသော မြင်းတပ်သားများကိုကြည့်လိုက်သည်။
ဘုရားရေ ဒါက မြင်းတပ်သားသုံးထောင်နော်!
သူတို့သည် မားလိုအင်ပါယာပင် မတားဆီးနိုင်သော ကန်ဒရာအင်ပါယာ၏ အထူးချွန်ဆုံး မြင်းစီးသူရဲကောင်းတပ်ရင်း၏ ဂုဏ်ဖြစ်သည်။
သို့သော် ယခု သူတို့က ရန်သူထံပင်မရောက်မီ ဤတပ်ရင်း၏အများစုမှာ ဆုံးရှုံးလိုက်ရပြီဖြစ်သည်။
“မဖြစ်နိုင်ဘူး…… မဖြစ်နိုင်ဘူး” နက်ရှိုင်းသော ကြောက်လန့်မှုနှင့် တုန်လှုပ်မှုတို့က ကောင့်ထ် အန်စတို၏ ရင်ထဲတွင် ပြည့်လာပြီး သူက ဒေါသအမျက်ချောင်းချောင်းထွက်နေသော အသံဖြင့် ဟိန်းဟောက်လိုက်သည်။ “ရူဒ်ဆန်အင်ပါယာလို အမှိုက်က ဘယ်လိုလုပ် ဒီလိုစွမ်းအားမျိုး ရှိနေတာလဲ။ ဒါက အိပ်မက်ပဲဖြစ်ရမယ်”
သူ့ဘေးရှိ တပ်ရေးဗိုလ်က အသက်ကို ခဲခဲယဉ်းယဉ်းရှူသွင်းလိုက်ပြီးနောက် သနားစဖွယ် စစ်မြေပြင်ထံမှ အကြည့်လွှဲကာ ကောင့်ထ် အန်စတို ထံ စိုးရိမ်တကြီး အော်ပြောလိုက်သည်။ “ကောင့်ထ်မြို့စားမင်း ကျွန်တော်တို့ မြန်မြန်ပြန်ဆုတ်မှရမယ်။ သူတို့မှာ မှော်အမြောက်တွေတောင်ရှိတယ်။ ကျွန်တော်တို့က သူတို့နဲ့ လုံးဝမယှဉ်နိုင်ဘူး”
“ပြန်ဆုတ်မယ် ဟုတ်လား” ကောင့်ထ် အန်စတို က တပ်ရေးဗိုလ်ထံ လှည့်ကြည့်လိုက်သည်။ “ဘယ်ကိုပြန်ဆုတ်မှာလဲ။ ငါတို့က ရှေ့ပြေးတပ်လေ။ ရှေ့ပြေးတပ်ဆိုတာ ဘာအဓိပ္ပာယ်လဲ မင်းသိလား”
“ဒါပေမယ့် ကောင့်ထ်မြို့စားမင်း ကျွန်တော်တို့က သေချာပေါက် သူတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူး။ ကျွန်တော်တို့ပြန်မဆုတ်ရင်…… ဖြစ်နိုင်ချေအများဆုံးက……”
ကောင့်ထ် အန်စတို က သူ့ကို အေးစက်စွာ ကြည့်ကာ ခေါင်းယမ်းလိုက်သည်။ “မဖြစ်နိုင်ဘူး။ ငါက ရှေ့ပြေးတာဝန်ကို ယူထားမှတော့ ပြန်ဆုတ်ဖို့ အခွင့်အရေးမရှိဘူး။ အမိန့်ထုတ်လိုက် တပ်ဖွဲ့တွေအားလုံးတိုက်မယ်လို့”
“ကောင့်ထ်မြို့စားမင်း အဲ့ဒီလိုလုပ်လို့မရပါဘူး” တပ်ရေးဗိုလ်က တုန်လှုပ်သွားကာ အော်ဟစ်လိုက်သည်။ “မြင်းစီးတပ်တောင် ဒီလိုအဆုံးသတ်သွားရင် ကျွန်တော်တို့ သူတို့ကို ဘယ်လိုအနိုင်ယူမလဲ။ ကျွန်တော့်စကားကို နားထောင်ပြီး ပြန်ဆုတ်သင့်တယ်။ ဌာနချုပ်ကနေ စစ်ဘက်သုံးမှော်စက်တစ်ချို့လှမ်းတောင်းပြီးမှ ပြန်လာရင် ပြဿနာရှိတော့မှာမဟုတ်ဘူး”
ရူဒ်ဆန်တိုင်းပြည်စစ်တပ်က စတင်လှုပ်ရှားနေသည်ကို ကောင့်ထ် အန်စတို မြင်လိုက်ရသည်။
သူတို့တွင် စစ်မြင်းများမရှိသော်လည်း သူတို့က မှော်သံချပ်ကာယာဉ်များဖြစ်နိုင်သည့် ထူးဆန်းသော ပုံပန်းသွင်ပြင်နှင့် အရာများထဲသို့ ဝင်လိုက်ကြသည်။ ထိုအရာများသည် အလွန်ထူးဆန်းပြီး မျက်စိတစ်မှိတ်အတွင်း ထွက်ပြေးနေကြသော မြင်းတပ်အား မီသွား၏။
မှော်သံချပ်ကာယာဉ်များထဲမှ မီးတောက်များထွက်လာပြီး ဂျုံခင်းကိုဖြတ်သွားသော တံစဉ်တစ်ချောင်းကဲ့သို့ ကျန်ရှိနေသော မြင်းတပ်သားများထံ ဖြန့်ကျက်သွားကာ သူတို့ကို လွတ်မြောက်ခွင့်မပေးချေ။
ကောင့်ထ် အန်စတို အသက်ပြင်းပြင်း ရှူလိုက်မိသည်။
သူသည် အနာဂတ်တွင် သူ၏ကိုယ်ပိုင်ရာထူးနေရာ တိုးတက်ရာတိုးတက်ကြောင်းအတွက် အထောက်အကူအဖြစ် စစ်ပွဲအကျိုးဆောင်မှုအချို့ရစေရန် မိသားစုနောက်ခံသုံးကာ ဤတိုက်ပွဲတွင် ရှေ့ပြေးတာဝန်ကို လုယူထားခြင်းဖြစ်၏။
သို့သော် ယခု ရူဒ်ဆန်တိုင်းပြည်စစ်တပ်မှ စစ်ဘက်သုံးမှော်စက်များ၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို တွေ့မြင်လိုက်ရပြီး သူမလှုပ်နိုင်တော့ချေ။
အနီရောင်အလင်းတစ်ခု ပြုတ်ကျလာကာ မြင်းတပ်သားတစ်စုအား လွင့်ထွက်သွားစေသည်ကို ကြည့်ရင်း ကောင့်ထ် အန်စတို ၏ မျက်လုံးများမှာ မထိန်းနိုင်မသိမ်းနိုင်အောင် ဂနာမငြိမ်ဖြစ်လာသည်။
“ဒါက နတ်ဆိုးတစ်ကောင်ရဲ့စွမ်းအားပဲ ဖြစ်ရမယ် ……”
တစ်ခဏမျှတိတ်နေပြီးနောက် သူက လက်မြှောက်ကာ မြင်းဇက်ကြိုးကို ဆွဲလိုက်သည်။ သူ့အောက်ရှိ “နာနတ်သီး”က သူဆိုလိုသည်ကို နားလည်စွာဖြင့် စက်ဝိုင်းတစ်ပတ်လည်ကာ လှည့်ထွက်လိုက်သည်။
“ပြန်ဆုတ်မယ်” ကောင့်ထ် အန်စတို က အသံတိုးတိုးဖြင့် ပြောလိုက်၏။
သူတို့က ရူဒ်ဆန်တိုင်းပြည်နှင့် တစ်ကြိမ်သာ ရင်ဆိုင်ရသေးသော်လည်း စစ်ဘက်သုံးမှော်စက်များ၏ ခွန်အားကို သူလျှော့တွက်ခဲ့မိမှန်း နားလည်လိုက်သည်။ မြင်းစီးသူရဲကောင်းတပ်ရင်း၏ စွမ်းအားအကြီးဆုံး မြင်းတပ်သည်ပင် လုံးလုံးလျားလျား အမြစ်ဖြုတ်သုတ်သင်ခံလိုက်ရ၏။
ဤစွမ်းအားကြီးသော စစ်ဘက်သုံးမှော်စက်များရှေ့တွင် သူ၏လက်အောက်ငယ်သားများက ခုခံနိုင်မည်မဟုတ်မှန်း သူသေချာသိသောကြောင့် ပြန်ဆုတ်ရန်သာ ရွေးချယ်လိုက်သည်။
ကောင့်ထ် အန်စတို က နောက်ဆုံး၌ ပြန်ဆုတ်ရန် အမိန့်ပေးလာသောအခါ တပ်ရေးဗိုလ်မှာ အပျော်လွန်သွားပြီး အလျင်အမြန် အမိန့်ထုတ်ပြန်လိုက်သည်။
သို့သော် မြင်းစီးသူရဲကောင်းတပ်ရင်းမှာ ယခုအချိန်တွင် ပုံစံတကျပြန်စုစည်းရန် ခက်ခဲနေ၏။ သူတို့ ပြန်ဆုတ်ရန်ပြင်လိုက်သည်နှင့် ကောင်းကင်မှ အလင်းရောင်ပေါင်းများစွာ ကျလာပြီး သူတို့ကြားတွင် သက်ဆင်းလိုက်သည်။
“ဝုန်း”
မီးတောက်များက ဘက်လိုက်ခြင်းမရှိဘဲ ကောင့်ထ် အန်စတို နှင့် နှစ်မီတာပင်မဝေးသော အကွာအဝေး၌ ကျလာ၏။
ကောင့်ထ် အန်စတို မှာ မျက်လုံးများပြူးကျယ်သွားချိန်သာ ရလိုက်ပြီး တုန်လှုပ်သော အမူအရာပေါ်လာစဉ် ထူးခြားလှစွာ တောက်ပနေသည့် မီးတောက်က မခုခံနိုင်သော တုန်ခါလှိုင်းတစ်ခုဖန်တီးကာ သူနှင့် သူထိုင်နေသော “နာနတ်သီး” တို့ထံ ရိုက်ခတ်သွားတော့သည်။
.....
သက္ကရာဇ် ၃၈၀၂ ခုနစ် ဇွန်လလေးရက်နေ့တွင် ကန်ဒရာအင်ပါယာသည် ရူဒ်ဆန်တိုင်းပြည်နှင့် တိုက်ခိုက်ခဲ့၏။ ကန်ဒရာအင်ပါယာက ကောင့်ထ် အန်စတို ဦးဆောင်သည့် လက်ရွေးစင်တပ်ရင်းဆယ်ခုအနက် တစ်ခုဖြစ်သော မြင်းစီးသူရဲကောင်းတပ်ရင်းကို စေလွှတ်ခဲ့သည်။ သူတို့ကို ရူဒ်ဆန်တိုင်းပြည်ထံ ရှေ့ပြေးအဖြစ် စေလွှတ်ခဲ့ပြီး တိုက်ပွဲ၌ ရူဒ်ဆန်တိုင်းပြည်စစ်တပ်နှင့် ရင်ဆိုင်တွေ့ခဲ့သည်။
တစ်ရက်ကြာပြီးနောက် မြင်းစီးသူရဲကောင်းတပ်ရင်းမှာ လုံးလုံးလျားလျား ရှုံးနိမ့်သွားခဲ့၏။
စစ်ပွဲအပြီး ဖော်ပြချက်များအရ ရူဒ်ဆန်တိုင်းပြည်ဘက်တွင် သက်ကြေပျက်စီးမှု တစ်ခုမျှမရှိခဲ့ပေ။
မြင်းစီးသူရဲကောင်းတပ်ရင်းမှာမူ အထူးချွန်ဆုံး သံချပ်ကာမြင်းစီးတပ်သားသုံးထောင် ကျဆုံးသွားပြီး ခြေမြန်တော်မြင်းစီးတပ်သား၊ သံချပ်ကာဝတ် ခြေလျင်တပ်သားနှင့် မှော်ထပ်ဆင့်လေးများ ကိုင်ဆောင်ထားသည့် လေးသည်တော် စုစုပေါင်း တစ်သောင်းခွဲအနက် ၇၀% ကျော် သေကြေပျက်စီးခဲ့ရသည်။ နောက်ဆုံးတွင် လွတ်မြောက်လာသော တပ်သားအရေအတွက်မှာ ငါးထောင်ပင် မပြည့်ချေ။
တပ်မှူး ကောင့်ထ် အန်စတို သည်လည်း တိုက်ပွဲ၌ သေဆုံးသွားပြီး အလောင်းပင်မကျန်ခဲ့ချေ။
***
မှော်စက်မှုအင်ပါယာ
Volume 7 အခန်း ၉၇။
စစ်မီးလျှံများသည် ရူဒ်ဆန်တိုင်းပြည်၌သာ တောက်လောင်နေခြင်းမဟုတ်ပေ။
တိုက်ပွဲ၌ ကောင့်ထ် အန်စတို ကျဆုံးသွားချိန်တွင် ဒရိက်ခ်ဒက်ချီနှင့် ဖော့လ်ခ်တိုင်းပြည်တို့ နယ်နိမိတ်ထိစပ်နေသော မြောက်ဘက် နှစ်ထောင့်လေးရာကီလိုမီတာအကွာရှိ နေရာတစ်နေရာ၌ တပ်သားထောင်ဂဏန်းသာပါသည့် ပိုအင်အားနည်းသော တပ်ဖွဲ့တစ်ခုနှင့် ရင်ဆိုင်နေရသည့် မားလိုအင်ပါယာနှင့် ဖော့လ်ခ်တိုင်းပြည်မှ တပ်သားများဖြင့် ဖွဲ့စည်းထားသော ဧရာမစစ်တပ်ကြီးတစ်ခုရှိ၏။ အဆပေါင်းများစွာ ပိုကြီးသော ဤတပ်ဖွဲ့သည် ပိုအင်အားနည်းသော တပ်ဖွဲ့နှင့် ပြင်းထန်သော တိုက်ပွဲတစ်ခု ဆင်နွှဲနေသည်။
သို့သော် တိုက်ပွဲက အင်အားထောင်ဂဏန်းနှင့် တပ်ဖွဲ့ဘက် အလေးသာနေ၏။ မားလိုအင်ပါယာနှင့် ဖော့လ်ခ်တိုင်းပြည်မှ တပ်ဖွဲ့သည် အစကတည်းက ဖိနှိပ်ခံထားရပြီး ခုခံရန်အခွင့်အရေးက အတော်လေးနည်းနေသည်။
ဤမဟာမိတ်တပ်ဖွဲ့ကို တာဝန်ယူထားသည့် မားလိုအင်ပါယာစစ်တပ်မှ ဗိုလ်ချုပ်ကြီး မားကွစ္စ် ရေဗန် ၏ မျက်နှာမှာ မှုန်မှိုင်းနေ၏။ မှော်အမြောက်များကို ကိုယ်စားပြုသည့် လေထဲမှအလင်းရောင်များကို မြင်နေရပြီး ကပ်ပါလာသော ပေါက်ကွဲသံများကို ကြားနေရတွင် သူ့ရင်ထဲ၌ ဒေါသတို့ပြည့်လာသည်။
“ငါတို့ရဲ့ မှော်အမြောက်တပ်ဖွဲ့ ဘယ်မှာလဲ။ ဘာလို့ အခုထိ မရောက်သေးတာလဲ”
လက်ထောက်ဗိုလ်ချုပ် မားကွစ္စ် ဂွတ်ဒ်ဒဲက သက်ပြင်းချကာ ခေါင်းယမ်းလိုက်သည်။ “တစ်ခြားလမ်းမရှိတော့ဘူး။ မှော်အမြှောက်တွေက ရှေ့ဆက်မတိုးနိုင်ဘဲ အနည်းဆုံး ကီလိုမီတာနှစ်ဆယ်အကွာမှာပဲ ရှိနေသေးတယ်”
“ဒါဆို ဒီကောင်တွေက ဘာလို့ မှော်အမြောက်တွေ ပြင်ဆင်ထားနိုင်တာလဲ။ ငါတို့ကကျ ဘာလို့မလုပ်နိုင်တာလဲ” မားကွစ္စ် ရေဗန် က ဒေါသတကြီး ပြောလိုက်သည်။
မားကွစ္စ် ဂွတ်ဒ်ဒဲ က ခါးသီးသော အပြုံးနှင့် ပြောသည်။ “ရေဗ်၊ ဒီကောင်တွေက ငါတို့ကို ဒီနေရာမှာတိုက်ဖို့ စောင့်နေတာလေ။ ဒီတော့ သူတို့က သေချာပေါက် မှော်အမြောက်တွေ ပြင်ထားမှာပေါ့။ ငါတို့က အင်ပါယာကနေ ဒီကိုရောက်ဖို့ ကီလိုမီတာရာပေါင်းများစွာ လာခဲ့ရတာ သူတို့နဲ့ယှဉ်ရင် ဘယ်လိုလုပ် ပိုကောင်းတဲ့ပြင်ဆင်မှုတွေ ရှိနိုင်မှာလဲ။ အပြီးသတ်ပြီးသား လမ်းတစ်လမ်းရှိနေလို့သာမဟုတ်ရင် မှော်အမြောက်တွေကို ဘယ်လိုသယ်ပို့ရမှန်းတောင် ငါတို့သိချင်မှသိမှာ”
ဤစကားကို ကြားသောအခါ မားကွစ္စ် ရေဗန်၏ မျက်ခုံးများက ပို၍ပင် တွန့်ချိုးသွား၏။
“ငါတို့ရဲ့ မှော်အမြောက်တွေက ဘာလို့ ဒီလောက်လေးရတာလဲ။ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်အမြောက်တွေကကျ အလွယ်တကူနဲ့ နေရာမရွေးသွားနိုင်ပြီး ပိုပေါ့သလို အများကြီးလည်း ပိုအားကောင်းတယ်”
မားကွစ္စ် ဂွတ်ဒ်ဒဲ ၏ ခါးသီးသောအပြုံးတွင် မျှော်လင့်ချက်မဲ့မှုတို့ ပြည့်သွား၏။
“မှော်စက်ပစ္စည်းသုတေသနဌာနက လူတွေက ဒီမှော်အမြောက်တွေထုတ်နိုင်တာကို တော်လှပါပြီ။ သူတို့က ဘယ်လိုလုပ် Frestech ကုန်သည်ကြီးများအသင်းကဟာတွေလို ထုတ်နိုင်မှာလဲ။ ငါတို့မှာသာ တကယ် ဒီလိုအစွမ်းအစရှိရင် ဒီစစ်ပွဲကိုတောင် စ စရာလိုပါ့မလား”
မားကွစ္စ် ရေဗန် က တစ်ခဏစဉ်းစားပြီးနောက် ဖြည်းညင်းစွာ ခေါင်းငြိမ့်လိုက်သည်။
“ဒီလိုဆိုမှပဲ ဒရိက်ခ်ဒက်ချီရဲ့ မြို့စားအမျိုးသမီး ကာရိုလင်းကို ထက်မြတ်တဲ့အမျိုးသမီးတစ်ယောက်လို့ ငါ အမြဲထင်ခဲ့တာ။ သူက ငါတို့ကို နာခံရင်နာခံ မဟုတ်ရင် အနည်းဆုံးတော့ ကြားနေမယ်ထင်ထားတာ။ သူက တကယ်ကြီး Frestech ကုန်သည်ကြီးများအသင်းဘက်မှာ ရပ်တည်မယ်လို့ လုံးဝထင်မထားဘူး။ ဒါက တကယ်ပဟေဠိဖြစ်စရာပဲ”
မားကွစ္စ် ဂွတ်ဒ်ဒဲ ၏ နှုတ်ခမ်းများ ကွေးတက်သွားပြီး အဓိပ္ပာယ်နက်နဲသော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။
“ငါကြားတာတော့….. မြို့စားအမျိုးသမီး ကာရိုလင်း မင်းသမီးဘဝတုန်းက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌရှုယီနဲ့ အကြာကြီး အတူရှိခဲ့ပြီး သူတို့နှစ်ယောက် အတော်လေးရင်းနှီးခဲ့တယ်တဲ့။ ဒါကြောင့် သူက Frestech ကုန်သည်ကြီးများအသင်းကို အထောက်အပံ့ပေးတာ ဖြစ်ချင်ဖြစ်မှာပေါ့”
“ဟမ့် မိန်းမတွေက ခံစားချက်တွေကြောင့် ယိမ်းယိုင်လွယ်တာပဲ” မားကွစ္စ် ရေဗန် က ခေါင်းယမ်းကာ အထင်အမြင်သေးသော အမူအရာပေါ်လာသည်။ “သူတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ထောက်ပံ့မှုကိုရရင်တောင် အဆုံးမှာတော့ သူတို့က နယ်မြေပေါက်စလေးတစ်ခုပဲဆိုတာ မတွေးမိဘူးလား။ ဘယ်လိုလုပ် ငါတို့မားလိုအင်ပါယာကို ခုခံရဲတာလဲ”
“ဒါပေမယ့် လောလောဆယ်တော့ ငါတို့ ဒီနားမှာ ပိတ်မိနေတာမဟုတ်ဘူးလား” မားကွစ္စ် ဂွတ်ဒ်ဒဲ က လက်များဖြန့်လိုက်သည်။ “ပြီးတော့ မမေ့နဲ့ဦး မြို့စားအမျိုးသမီး ကာရိုလင်းကို ရှင်းပြီးရင်တောင် ငါတို့ရှေ့မှာ ပိုအန္တရာယ်များပြီး ရင်ဆိုင်ဖို့ ပိုခက်တဲ့ အမျိုးသမီးတစ်ယောက် ရှိသေးတယ်”
မားကွစ္စ် ရေဗန် ၏ အမူအရာက အနည်းငယ်ပြောင်းသွား၏။ “ဘုရင်မဆယ်ဗီနီလား။ ပြောကြတာတော့ သူက ရှုယီနဲ့ ပိုတောင်နီးစပ်ပြီး သူ့ရဲ့တစ်ဦးတည်းသောသားတောင် ရှုယီဆီကနေ မျိုးပွားထားတာတဲ့။ လမ်ပူရီတိုင်းပြည်က ဒရိက်ခ်ဒက်ချီထက် ပိုအင်အားကြီးတဲ့အပြင် သူတို့ရဲ့ မှော်စက်ပစ္စည်းစက်ရုံကလည်း အများကြီးပိုတိုးတက်နေပြီဆိုတော့ ပိုကောင်းမှာ။ သူသာ Frestech ကုန်သည်ကြီးများအသင်းဆီကနေ အထောက်အပံ့အခိုင်အမာရထားရင် သေချာပေါက် ရင်ဆိုင်ရခက်မှာပဲ”
“ဒါက ငါတို့မျှော်လင့်ထားပြီးသားပဲလေ အံ့ဩစရာမရှိပါဘူး” မားကွစ္စ် ဂွတ်ဒ်ဒဲ က ပြောသည်။ “ဒါနဲ့ယှဉ်ရင် စခ်တိုင်းပြည်ကကောင်တွေ ဘာလုပ်နေကြလဲပဲ ပိုစိတ်ဝင်စားတယ်”
..........
အနောက်ဘက် ကီလိုမီတာတစ်ထောင့်သုံးရာအကွာတွင် စခ်တိုင်းပြည်နှင့်ထိစပ်နေသော လမ်ပူရီတိုင်းပြည်၏ မြောက်ပိုင်းနယ်စပ်ရှိ၏။
မူရာတိုတောင်တန်းအစား ဤနယ်စပ်အသစ်သည် မြောက်ဘက်သို့ တစ်ရာကီလိုမီတာခန့် ကပ်သွားသည်။ ၎င်းက စခ်တိုင်းပြည်မှ လမ်ပူရီတိုင်းပြည်အား ပေးလိုက်ရသော နယ်မြေအပိုင်းကြီးတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ထို့ကြောင့် လမ်ပူရီတိုင်းပြည်၏ မြောက်ပိုင်းတပ်ဖွဲ့က မြောက်ဘက်သို့ တစ်ရာကီလိုမီတာတိုး၍ စောင့်ကြပ်နေရပြီး စခ်တိုင်းပြည်အတွင်းထဲသို့ ရောက်နေပြီဟု ဆိုနိုင်၏။
သို့သော် ဤသို့ဖြင့် သူတို့က သဘာဝအကာအရံဖြစ်သည့် မူရာတို တောင်တန်းကို ဆုံးရှုံးလိုက်ရပြီး မြောက်ပိုင်းတပ်ဖွဲ့၏ မြောက်ပိုင်းကာကွယ်ရေးလုပ်ငန်းများမှာ အမြဲတမ်း ပြဿနာများဖြင့်ပြည့်နေပြီး မူရာတို တောင်တန်းရှိစဉ်ကလောက် မစေ့စပ်တော့ပေ။
ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း စခ်တိုင်းပြည်က အမြဲတမ်းရိုးသားခဲ့ပြီး မည်သည့်ပြဿနာမှ မဖြစ်စေခဲ့သောကြောင့် သူတို့က ဤသို့ ရှေ့ဆက်နိုင်ခဲ့သည်။
သို့သော် ယခုအချိန်တွင် ဤလျော့ရဲသော ကာကွယ်ရေးများကို အခွင့်အရေးယူလိုသူများ ရှိနေသည်။
လူသုံးထောင်ပါသည့် အုပ်စုတစ်စုက ရန်ဒီမြို့ပြင်ရှိ တောအုပ်ကိုဖြတ်ကာ တိတ်တဆိတ်ရွေ့လျားနေပြီး ရန်ဒီမြို့အနောက်ဘက်ရှိ မြောက်ပိုင်းတပ်ဖွဲ့စခန်းထံ ဦးတည်နေကြ၏။
ဤတပ်စခန်းတွင် များသောအားဖြင့် ထိုနေရာ၌ စခန်းချထားသော စစ်သားငါးရာခန့်သာရှိပြီး ရန်ဒီမြို့ကို ဗဟိုပြုလျှက် တစ်ဆယ်ကီလိုမီတာနယ်နိမိတ်ကို ကာကွယ်ရန် တာဝန်ယူထားသည်။
လူငါးရာအပေါ်၌သာ မှီခို၍ ဤမျှကြီးမားသော နယ်နိမိတ်ကို ကာကွယ်ထားခြင်းက အလုံးစုံအောင် လက်လှမ်းမမီသည်မှာ သဘာဝပင်။
ထို့ကြောင့် စခ်တိုင်းပြည်မှ ဤစစ်သားသုံးထောင်က မည်သည့်အတားအဆီးမျှမကြုံရဘဲ စခန်းထံ ချောချောမွေ့မွေ့ ရောက်ရှိလာသည်။
ညအချိန်၌ ထိန်လင်းနေသော ခပ်လှမ်းလှမ်းရှိ တပ်စခန်းမှ အလင်းရောင်များကိုကြည့်ကာ အမဲလိုက်ဝံပုလွေတပ်ရင်းမှ တပ်ဖွဲ့သည် ဤနယ်နိမိတ်ကို ဝန်းရံလိုက်၏။
သူတို့၏ပန်းတိုင်က ဤစခန်းရှိ စစ်သားငါးရာကို သုတ်သင်ပစ်ပြီးနောက် စခန်းရှိ စစ်လက်နက်ပစ္စည်းများအားလုံးကို သိမ်းယူရန်ဖြစ်သည်။
လမ်ပူရီတိုင်းပြည်၏ မြောက်ပိုင်းတပ်ဖွဲ့သည် တစ်လျှောက်လုံး Frestech ကုန်သည်ကြီးများအသင်းထံမှ အထောက်အပံ့ကို ရထားပြီး စစ်ဘက်သုံးမှော်စက်ပေါင်းများစွာ ရှိ၏။
သူတို့က လူပေါင်းငါးရာသာဖြစ်သော်လည်း သူတို့တွင်ရှိသော စစ်ဘက်သုံးမှော်စက်များက အမဲလိုက်ဝံပုလွေတပ်ရင်းတစ်ခုလုံး၏ လက်နက်တပ်ဆင်ထားမှုနှင့် ယှဉ်နိုင်သည်။
သူတို့နှင့် တိုက်ရိုက်ရင်ဆိုင်လျှင် ဤလူသုံးထောင်က သူတို့ကို ယှဉ်နိုင်မည်မဟုတ်ပေ။
သို့သော် သူတို့ ခြုံခိုတိုက်ခိုက်နည်းကိုသုံးပါက စစ်ဘက်သုံးမှော်စက်များ၏ အခန်းကဏ္ဍက အတော်လေးလျော့သွားပေလိမ့်မည်။
သူတို့က အနီးသို့ကပ်သွားနိုင်သည်နှင့် အောင်နိုင်မှုကို အဆုံးအဖြတ်ပေးမည်မှာ တပ်သားအင်အားဖြစ်သည်။
အမဲလိုက်ဝံပုလွေတပ်ရင်း၏ တပ်သားသုံးထောင်က စခန်းနှင့် မီတာနှစ်ရာပင် မဝေးတော့သည့်အချိန်၌ လေချွန်သံတစ်သံက ညကိုဖြတ်လျှက် ပဲ့တင်ထပ်သွားသည်။ တပ်သားများအားလုံး ပုန်းနေရာများမှ ထွက်လာပြီး စခန်းထံ ချီတက်သွားကြ၏။
သူတို့က မြောက်ပိုင်းတပ်ဖွဲ့မတုံ့ပြန်နိုင်မီ ချီတက်သွားကာ သူတို့ကို အနီးကပ်တိုက်ခိုက်ရမည်ဖြစ်သည်။ ၎င်းက သူတို့၏ တစ်ခုတည်းသော အောင်နိုင်ရန် မျှော်လင့်ချက်ဖြစ်၏။
သို့သော် အမဲလိုက်ဝံပုလွေတပ်ရင်းမှ တပ်သားသုံးထောင်က နံရံများပေါ်တက်လိုက်ချိန်တွင် မည်သည့်တုံ့ပြန်မှုမှ ရှိမလာချေ။
အထဲမှ မြောက်ပိုင်းတပ်ဖွဲ့တပ်သားများရော အော်သံများပါ ထွက်မလာဘဲ ဤစခန်းတစ်ခုလုံး သေဆုံးနေသည့်အတိုင်းပင်။
ခဏတုံ့ဆိုင်းနေပြီးနောက် ဤတပ်သားသုံးထောင်၏ တာဝန်ခံတပ်မှူးက လျှို့ဝှက်အချက်ပြလိုက်ပြီး သူတို့ စခန်းထဲသို့ ချီတက်သွားကြသည်။
သို့သော် ပထမဆုံးစစ်သားက နံရံပေါ်တက်ကာ ခုန်ချတော့မည့်ဟန်ပြင်လိုက်စဉ် အထဲမှ အနီတောက်တောက်အလင်းရောင်တစ်ခု ထွက်ပေါ်လာ၏။
နံရံများ၏အပြင်မှလည်း အနီရောင်အလင်းများ အစုလိုက်ပေါ်လာသည်။
“ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း”
အတွဲလိုက်ထွက်ပေါ်လာသော ပေါက်ကွဲသံများ လေထဲတွင် ပြည့်သွားပြီး ပေါက်ကွဲမှုများက မှောင်မိုက်နေသော ကောင်းကင်ကို ရုတ်တရက် အနီရောင်အလင်းဖြင့် ဖြည့်ပေးလိုက်သည်။
အမဲလိုက်ဝံပုလွေတပ်ရင်းမှ တပ်သားသုံးထောင်၏ တစ်ဝက်ခန့်မှာ ပြုတ်ကျသွားပြီး ကျန်တစ်ဝက်က ပေါက်ကွဲမှုကြောင့် တိုက်ခိုက်နိုင်စွမ်းများ ဆုံးရှုံးသွားသည်။
အချိန်တိုအတွင်း မူလတပ်သားသုံးထောင်မှ တိုက်ခိုက်နိုင်သေးသူ ငါးရာပင် မပြည့်တော့ချေ။
သို့သော် ကျန်ရှိနေသူများသည် သူတို့ ထောင်ချောက်ထဲကျသွားပြီမှန်း သိလိုက်ကြပြီး သူတို့နောက်မှ မရေမတွက်နိုင်သော မြားတံများ လာနေသံကို ကြားလိုက်ရ၏။
စက္ကန့်အနည်းငယ်အတွင်း ထိုတပ်သားရာဂဏန်းမှာ မြားများဖြင့် အပစ်ခံလိုက်ရသည်။ အမဲလိုက်ဝံပုလွေတပ်ရင်း၏တပ်သား တစ်ဦးမျှပင် ဤစခန်း၏ နံရံများအပြင်ဘက်၌ ရပ်လျှက် မကျန်ရစ်ခဲ့ပေ။
“ဟမ့် ညစ်ပတ်တဲ့ကောင်တွေ ငါတို့ရဲ့စောင့်ကြည့်မှုကနေ ရှောင်တိမ်းနိုင်မယ်များ ထင်နေတာလား”
ရန်ဒီမြို့စောင့်တပ်၏ တာဝန်ခံ၊ မြောက်ပိုင်းတပ်ဖွဲ့၏ တတိယတပ်ရင်းမှ အဖွဲ့(၄)၏ ခေါင်းဆောင် ဒန်ပူရူ က နံရံများ၏အပြင်ဘက် အမှောင်ထုထဲမှ ထွက်လာ၏။ သူက အမဲလိုက်ဝံပုလွေတပ်ရင်းမှ တပ်သားတစ်ဦး၏ အလောင်းပေါ်၌ အထင်အမြင်သေးစွာ တံတွေးထွေးလိုက်ပြီးနောက် အနောက်မြောက်အရပ်သို့လှည့်ကာ သေးငယ်သော မှော််ဆက်သွယ်ရေးကိရိယာတစ်ခုကို ထုတ်လိုက်သည်။
သူ နှိပ်ရန်ဟန်ပြင်လိုက်စဉ် တစ်ယောက်ယောက်က သူ့ကိုဆက်သွယ်ရန် ကြိုးစားနေသော အဓိပ္ပာယ်ဖြစ်သည့် မှော်ဆက်သွယ်ရေးကိရိယာပေါ်မှ အနီရောင်အလင်းစက်တစ်ခုကို မြင်လိုက်၏။
ဒန်ပူရူ က ရယ်မောလိုက်ပြီးနောက် ခလုတ်ကိုနှိပ်ကာ ခေါ်ဆိုမှုကို လက်ခံလိုက်သည်။
“ဟေး ဒန်ပူရူ မင်းဘက်မှာ အခြေအနေဘယ်လိုလဲ။ စခ်တိုင်းပြည်က ကြွက်ကလေးတွေ မင်းတို့ကို လာရှာသေးလား” မှော်ဆက်သွယ်ရေးကိရိယာထံမှ တည့်တိုးမေးလိုက်သော အသံတစ်သံ ထွက်ပေါ်လာ၏။
သူတို့အကြောင်းသိသူဆိုလျှင် ဤအသံမှတစ်ဆင့် တစ်ဖက်လူသည် ဤနေရာမှ နှစ်ဆယ်ကီလိုမီတာဝေးသည့် တန်ဒွန် မြို့ရှိ မြို့စောင့်တပ်ကိုအုပ်ချုပ်သည့် ရိုင်ယန် ဖြစ်ကြောင်း သိပေလိမ့်မည်။
“လာတော့လာပေမယ့် ငါတို့ ရှင်းပစ်လိုက်ပြီ။ မင်းဘက်မှာရော” ဒန်ပူရူ က မေးလိုက်သည်။
“ဟားဟား ကြွက်ကလေးတစ်အုပ်ပါလို့ ပြောပြီးပြီလေ။ ဘာမှ စိတ်ပူစရာမရှိပါဘူး။ အကုန်လုံးသတ်ပစ်လိုက်ပြီ အဆင်ပြေတယ်” ရိုင်ယန် က ပြောသည်။
“ဒါဆို ကောင်းတာပေါ့” ဒန်ပူရူ ခေါင်းငြိမ့်လိုက်သည်။ “ငါ မင်းကို နောက်ဘာဆက်လုပ်ရမယ်ဆိုတာ ပြောနေစရာမလိုဘူးမလား”
“ဟေး ပြောနေစရာလိုသေးလို့လား။ သူတို့က အမိန့်ချပြီးသွားပြီ။ ကောင်းပြီ မင်းဘက်မှာ ရှင်းစရာရှိတာ မြန်မြန်ရှင်းလိုက်။ ငါ့ဘက်မှာ ရှင်းပြီးတဲ့အချိန်ကျရင် ငါတို့ဆုံလို့ရပြီ။ အဲ့ဒါပြီးရင် အဲ့ဒီစခ်တိုင်းပြည်က ကြွက်လိုကောင်တွေကို သင်ခန်းစာကောင်းကောင်းပေးလိုက်ရအောင်”
“ကောင်းပြီ အဆက်အသွယ်မပြတ်စေနဲ့” ဒန်ပူရူ က ချလိုက်ပြီးနောက် တည်ငြိမ်နေသော ကောင်းကင်ကိုမော့ကြည့်ကာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
လွန်ခဲ့သောဆယ်နှစ်က စခ်တိုင်းပြည်အား တိုက်ခိုက်ခဲ့ပြီးနောက် ငြိမ်းချမ်းနေခဲ့သည်မှာ ဆယ်နှစ်နီးပါးရှိနေပြီဖြစ်သည်။
စခ်တိုင်းပြည်မှ အရူးများသည် ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာမှ စတက်တိန်းဒက်ချီနှင့် Frestech ကုန်သည်ကြီးများအသင်းအား စစ်ကြေညာလိုက်သည်ကို အခွင့်ကောင်းယူကာ စစ်ကြေညာချင်နေခြင်းဖြစ်၏။ သူတို့က လမ်ပူရီတိုင်းပြည်အား တိုက်ခိုက်လိုခြင်းသည် အမှန်တကယ် ကိုယ့်နေရာကိုယ်မသိခြင်းပင်။
“ဟေး လက်ရှိလမ်ပူရီတိုင်းပြည်က မင်းတို့ထက် ဆယ်ဆမက ပိုအားကောင်းတာကို မင်းတို့အရူးကောင်တွေ သိစေချင်တယ်”
***
မှော်စက်မှုအင်ပါယာ
Volume 7 အခန်း ၉၈။
စစ်မီးလျှံများက စိုင်စ်နယ်မြေတစ်ခွင်လုံးအနှံ့ တောက်လောင်နေ၏။
ဇွန်လအစတွင် ကန်ဒရာအင်ပါယာတပ်ဖွဲ့က ရူဒ်ဆန်တိုင်းပြည်သို့ ဝင်ရောက်ခဲ့သည်။
ထို့နောက်ကပ်လျှက်တွင် မားလိုအင်ပါယာနှင့် ဖော့လ်ခ်တိုင်းပြည်က ဒရိက်ခ်ဒက်ချီအား ကျူးကျော်ခဲ့ပြီး နယ်စပ်၌ ဒရိက်ခ်ဒက်ချီနှင့် လမ်ပူရီတိုင်းပြည်တို့ ပူးပေါင်းထားသော တပ်ဖွဲ့များနှင့် တိုက်ခိုက်ခဲ့သည်။
တစ်ချိန်တည်းတွင် စခ်တိုင်းပြည်က သူတို့၏တပ်ဖွဲ့များကို စုစည်း၍ လမ်ပူရီတိုင်းပြည်၏ မြောက်ပိုင်းတပ်ဖွဲ့အား တိုက်ခိုက်သည်။
ထိုစစ်ပွဲသုံးခုကို အတူချိတ်ဆက်လိုက်လျှင် တပ်ဖွဲ့သုံးခုသည် စိုင်စ်နယ်မြေ၏ အနောက်တောင်ထောင့်ရှိ စတက်တိန်းဒက်ချီဟူသည့် တစ်နေရာတည်းအား ဦးတည်နေသည်ကို တွေ့ရပေမည်။
သို့မဟုတ် တိတိကျကျပြောရလျှင် ၎င်းက Frestech ကုန်သည်ကြီးများအသင်းအား ဦးတည်နေခြင်းပင်။
ထို့ပြင် ထိုစစ်မီးတောက်များသည် အနောက်တောင်ထောင့်၌သာ ကန့်သတ်ထားမည်မဟုတ်ပေ။ ထိုစစ်မီးတောက်များကို ထွန်းညှိလိုက်သည်နှင့် Frestech ကုန်သည်ကြီးများအသင်းအား ရန်သူအဖြစ် စာရင်းသွင်းထားသည့် နိုင်ငံလေးဆယ့်ခုနစ်နိုင်ငံက ပတ်ဝန်းကျင်နိုင်ငံများကို စတင်ဖိအားပေးလာတော့မည်ဖြစ်သည်။ သူတို့က ထိုနိုင်ငံများကို Frestech ကုန်သည်ကြီးများအသင်းအား သူတို့၏နယ်နိမိတ်များမှ မောင်းထုတ်ရန် တောင်းဆိုပြီး မလိုက်နာပါက သူတို့ကို Frestech ကုန်သည်ကြီးများအသင်းအား ထောက်ပံ့သူများအဖြစ် စွပ်စွဲပြီး ရန်သူများအဖြစ်လည်း စာရင်းသွင်းမည်ဖြစ်သည်။
၎င်းထံမှရလာနိုင်သော ဖိအားနှင့် အကျိုးအမြတ်များ ပေါင်းလိုက်သောအခါ ရပ်တည်ချက်မပြရသေးသော နိုင်ငံအများအပြားက Frestech ကုန်သည်ကြီးများအသင်းကို ပိတ်ပင်လိုက်သည်။ သူတို့က သူတို့၏ နယ်နိမိတ်များအတွင်းရှိ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေးဌာနများ၊ စက်ရုံများနှင့် စတိုးများအားလုံးကို အပြီးအပိုင် ချိပ်ပိတ်လိုက်သည်။
သို့သော် ဤသတိပေးချက်ကို လျစ်လျူရှုကာ Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်လက်ပူးပေါင်းနေဆဲဖြစ်သော နိုင်ငံအချို့လည်းရှိ၏။
ထိုနိုင်ငံများမှာ နိုဇ်ဒိုမူစီးပွားရေးအသင်းနိုင်ငံနှင့် ဝေးလ်စ်ဒက်ချီတို့ပါဝင်သော Frestech ကုန်သည်ကြီးများအသင်းနှင့် ရင်းနှီးသည့် ဆယ့်ခြောက်နိုင်ငံဖြစ်သည်။
ထို့ကြောင့် စစ်မီးလျှံများ တောက်လောင်ပြီးနောက် ထိုဆယ်ခြောက်နိုင်ငံလည်း သူတို့ပတ်ဝန်းကျင်နိုင်ငံများ၏ တိုက်ခိုက်ခြင်းခံလိုက်ရ၏။
ထိုတိုက်ခိုက်မှုများ ဆန္ဒရှိသောပစ်မှတ်မှာ Frestech ကုန်သည်ကြီးများအသင်း၏ ဌာနခွဲများဖြစ်သည်။
လွန်ခဲ့သောနှစ်လေးဆယ် ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာကြားမှ စစ်ပွဲပြီးကတည်းက ပြီးခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း ဤစစ်ပွဲသည် စိုင်စ်နယ်မြေပေါ်တွင် နိုင်ငံအများဆုံးပါဝင်သော အကြီးဆုံးစစ်ပွဲ ဖြစ်နိုင်သည်။
ဤစစ်ပွဲဖြစ်ရသည့် အကြောင်းအရင်းမှာ နိုင်ငံတစ်နိုင်ငံမဟုတ်ဘဲ ကုမ္ပဏီတစ်ခုသာ ဖြစ်၏။ ဤအရာသည် သေချာပေါက် စိုင်စ်နယ်မြေပေါ်တွင် ပုံမှန်မဟုတ်ဆုံး စစ်ပွဲပင်။
လူအများစု၏အမြင်တွင် Frestech ကုန်သည်ကြီးများအသင်းက အားကောင်းပြီး သူတို့တွင် စွမ်းအားကြီးသော စစ်ဘက်သုံးမှော်စက်များ ရှိလျှင်တောင် ကန်ဒရာအင်ပါယာကဲ့သို့ ကြီးမားသော အင်ပါယာတစ်ခုကို တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
ထို့ပြင် ဤအဖြစ်အပျက်သည် ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာ ပူးပေါင်းလုပ်ဆောင်သည့် ပထမဆုံးအကြိမ်ဖြစ်ပြီး မာနာ မှော်တိုင်းပြည်၊ ဒရိုမျိုးနွယ်စုတိုင်းပြည်၊ ဖော့လ်ခ်တိုင်းပြည်နှင့် အခြားတိုင်းပြည်ပေါင်းများစွာလည်း ပါသေးသည်။ ၎င်းကို စိုင်စ်နယ်မြေပေါ်မှ စွမ်းအားစုအများဆုံး စုဝေးမှုတစ်ခုဟု သတ်မှတ်နိုင်သည်။
Frestech ကုန်သည်ကြီးများအသင်းတွင် လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်၊ ဒရိက်ခ်ဒက်ချီနှင့် အခြားနိုင်ငံများ၏ အထောက်အပံ့ရှိလျှင်တောင် ဤမျှကြောက်မက်ဖွယ်ကောင်းသော အင်အားစုတစ်စုကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း။
ထို့ကြောင့် လူအများစုက ဤနယ်မြေပေါ်၌ မှော်စက်မှုလှိုင်းကို ဦးဆောင်ခဲ့သော Frestech ကုန်သည်ကြီးများအသင်းမှာ မကြာမီ အဆုံးသတ်တော့မည်ဟု ထင်နေကြ၏။
သို့သော် စစ်မီးများတောက်လောင်ချိန်တွင် ဖြစ်ပျက်လာသော အရာအားလုံးက နယ်မြေတစ်ခုလုံးကို အသံတိတ်သွားစေသည်။
စစ်မီးများကို ပထမဆုံးထွန်းညှိခဲ့သူမှာ ကန်ဒရာအင်ပါယာဖြစ်၏။
သို့သော် သူတို့၏ လက်ရွေးစင်တပ်ဖွဲ့ဆယ်ဖွဲ့မှ တစ်ဖွဲ့ဖြစ်သော ကန်ဒရာအင်ပါယာ၏ ရှေ့ပြေး မြင်းစီးသူရဲကောင်းတပ်ရင်းမှာ ရူဒ်ဆန်တိုင်းပြည်နှင့် နေ့တစ်ဝက်မျှတိုက်ခိုက်ရုံဖြင့် မျိုးပြုတ်လုနီးပါး သုတ်သင်ခံလိုက်ရသည်။ တပ်ရင်း၏ဗိုလ်မှူး ကောင့်ထ် အန်စတို ပင် စစ်မြေပြင်၌ သေဆုံးခဲ့ရသည်။
ထို့နောက် မားလိုအင်ပါယာနှင့် ဖော့လ်ခ်တိုင်းပြည်တို့၏ အင်အားခြောက်သောင်းပါသော မဟာမိတ်တပ်ဖွဲ့သည် ဒရိက်ခ်ဒက်ချီနှင့် ဖော့လ်ခ်တိုင်းပြည်ကြား နယ်စပ်၌ ဒရိက်ခ်ဒက်ချီနှင့် လမ်ပူရီတိုင်းပြည်၏ အင်အားနှစ်သောင်းရှိသည့် တပ်ဖွဲ့၏ တားဆီးခြင်းခံလိုက်ရသည်။
နှစ်ဖက်က နှစ်ရက်ကြာအောင် တိုက်ခိုက်ခဲ့ပြီး မားလိုအင်ပါယာနှင့် ဖော့လ်ခ်တိုင်းပြည်၏ ထောက်ပို့ဌာနမှာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောများဖြင့် ဗုံးကြဲခံလိုက်ရကာ သူတို့၏ အထောက်အပံ့ပစ္စည်းများနှင့် မှော်အမြောက်များကို ဆုံးရှုံးသွားစေသည်။
သူတို့ကိုထောက်ပံ့မည့် မှော်အမြောက်အများစု ဆုံးရှုံးပြီးနောက် သူတို့က ဒရိက်ခ်ဒက်ချီ၏ မောင်းထုတ်ခြင်းကို ခံရရုံသာမက Frestech ကုန်သည်ကြီးများအသင်း၏ လေသင်္ဘောများဖြင့် ဗုံးကြဲခြင်းလည်း ခံလိုက်ရသောကြောင့် ပြန်ဆုတ်သွားရသည်။
တပ်ဖွဲ့တွင် မဟာမှော်ပညာရှင်နှစ်ဦးနှင့် အဆင့်မြင့်မှော်ပညာရှင်အများအပြား ပါရှိခဲ့သော်လည်း မဟာမှော်ပညာရှင်နှစ်ဦးက နေရာ၌ပင် အသတ်ခံခဲ့ရပြီး အဆင့်မြင့်မှော်ပညာသုံးဆယ့်ခုနစ်ဦးအနက် နှစ်ဆယ့်ခြောက်ဦးလည်း သေဆုံးကာ ဆယ့်တစ်ဦးသာ လွတ်မြောက်ခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်း၏ လေသင်္ဘောများမှ ဗုံးကြဲခံရပြီး နောက်ဆုံး၌ သူတို့၏တပ်ဖွဲ့မှာ လမ်ပူရီတိုင်းပြည်နှင့် ဒရိက်ခ်ဒက်ချီတပ်ဖွဲ့၏ တိုက်ခိုက်ခြင်းခံလိုက်ရပြီး များစွာသော သေကြေပျက်စီးမှုများ ခံစားသွားရသည်။ အဆုံးတွင် တပ်သားနှစ်သောင်းသာ ဖော့လ်ခ်တိုင်းပြည်သို့ ပြန်နိုင်ခဲ့ပြီး ဆိုးဆိုးဝါးဝါး ရှုံးနိမ့်မှုဟု သတ်မှတ်နိုင်ပေသည်။
သို့သော် စခ်တိုင်းပြည်၏ ဆုံးရှုံးမှုများနှင့်ယှဉ်လျှင် ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာ၏ ဆုံးရှုံးမှုများမှာ မပြောပလောက်ပေ။
ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာတို့၏ တိုက်ခိုက်မှုတွင် လက်တွဲရန်အတွက် သူတို့နှင့် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းထားသော စခ်တိုင်းပြည်က တစ်ချိန်တည်းတွင် လမ်ပူရီတိုင်းပြည်၏ မြောက်ပိုင်းတပ်ဖွဲ့ကိုတိုက်ခိုက်ပြီး လမ်ပူရီတိုင်းပြည်၏ စစ်တပ်ကို အာရုံပြောင်းအောင်လုပ်ရန် သဘောတူခဲ့သည်။
သို့သော် အမဲလိုက်ဝံပုလွေတပ်ရင်းမှ စုစုပေါင်း တပ်သားသုံးသောင်းပါဝင်သည့် ခြုံခိုတိုက်ခိုက်ရန် စေလွှတ်တိုက်သော တပ်ဖွဲ့ခြောက်ဖွဲ့မှာ အားလုံး လမ်ပူရီတိုင်းပြည်၏ မြောက်ပိုင်းအစောင့်များ၏ တန်ပြန်တိုက်ခိုက်မှုကို ခံလိုက်ရ၏။ ထွက်သွားသည့် တပ်သားသုံးသောင်းအနက် ပြန်လာနိုင်သူက လေးထောင်ပင်မပြည့်ချေ။
အရေးအကြီးဆုံးမှာ လမ်ပူရီတိုင်းပြည်၏ မြောက်ပိုင်းအစောင့်များက ထို့နောက်တွင် စခ်တိုင်းပြည်အား တိုက်ခိုက်လာခြင်းပင်။
စစ်ဘက်သုံးမှော်စက်များနှင့်ပတ်သတ်ပြီး ပြောရလျှင် Frestech ကုန်သည်ကြီးများအသင်းမှလွဲ၍ စိုင်စ်နယ်မြေပေါ်၌ လက်နက်အများဆုံး တပ်ဆင်ထားသည့်တပ်ဖွဲ့မှာ လမ်ပူရီတိုင်းပြည်၏ မြောက်ပိုင်းအစောင့်တပ်ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကတည်းက လမ်ပူရီတိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်းနှင့် ကောင်းမွန်သောဆက်ဆံရေးကို အသုံးချ၍ သူတို့၏မြောက်ပိုင်းအစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့၏။ နှစ်နှစ်ဆယ်ကြာပြီးနောက် လမ်ပူရီတိုင်းပြည်၏ မြောက်ပိုင်းတပ်ဖွဲ့က စစ်ဘက်သုံးမှော်စက်များ အပြည့်အဝတပ်ဆင်ထားသည့် တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်လာသည်။
မြောက်ပိုင်းအစောင့်တပ်တွင် လက်နက်အပြည့်အစုံတပ်ထားသော မှော်လေသင်္ဘော ဆယ့်ငါးစီးရှိပြီး သူတို့တွင်ရှိသော အခြားစစ်ဘက်သုံးမှော်စက်များအားလုံးကို ခန့်မှန်းရန်ခက်၏။
တပ်သားငါးသောင်းနှင့် ဤတပ်ဖွဲ့၏ တိုက်ခိုက်နိုင်စွမ်းကို ခန့်မှန်းရန်မှာ ခက်လှသည်။
စခ်တိုင်းပြည်က စစ်ဘက်သုံးမှော်စက်များထုတ်လုပ်ရန် ကြိုးကြိုးစားစားလုပ်လျှင်တောင် လမ်ပူရီတိုင်းပြည်၏ မြောက်ပိုင်းတပ်ဖွဲ့၌ရှိသော Frestech ကုန်သည်ကြီးများအသင်းမှ စစ်ဘက်သုံးမှော်စက်များကို ယှဉ်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် တိုက်ပွဲတစ်ခုတည်း၌ပင် စခ်တိုင်းပြည်မှာ အကြိမ်ကြိမ်ရှုံးနိမ့်သွားရ၏။
လဝက်မျှနှင့် လမ်ပူရီတိုင်းပြည်၏ မြောက်ပိုင်းအစောင့်တပ်က စခ်တိုင်းပြည်၏ ကာကွယ်ရေးအားလုံးကို ချိုးဖျက်ကာ စခ်တိုင်းပြည်၏မြို့တော် နော်ဒန်မြို့သို့ ချီတက်လာသည်။
စခ်တိုင်းပြည်၏ ဘုရင်နှင့် သူ၏မှူးမတ်များက မြို့တော်မှ ထွက်ပြေးသွားကြပြီး ၎င်းက ကျူးကျော်ခံလိုက်ရကာ စခ်တိုင်းပြည်၏မြို့တော်မှာ ရန်သူ့လက်သို့ ကျရောက်သွားသည်။
တစ်ချိန်တည်းတွင် လမ်ပူရီတိုင်းပြည်နှင့် ဒရိက်ခ်ဒက်ချီတို့၏ တပ်ဖွဲ့သည် မားလိုအင်ပါယာနှင့် ဖော့လ်တိုင်းပြည် မဟာမိတ်တပ်ဖွဲ့ကို အနိုင်ယူပြီးနောက် အရှိန်လျှော့မသွားချေ။ သူတို့က ဖော့လ်ခ်တိုင်းပြည်အား ကျူးကျော်ကာ တစ်လမ်းလုံး တားဆီးမရခဲ့ဘဲ ဖော့လ်ခ်တိုင်းပြည်၏ တပ်ရင်းသုံးခုနှင့် မားလိုအင်ပါယာမှ တပ်ကူအဖွဲ့တို့ကို တွန်းလှန်ပြီး နောက်ဆုံးတွင် ဖော့လ်ခ်တိုင်းပြည်၏ မြို့တော်ထိ ရောက်ခဲ့သည်။ သို့သော် သူတို့က ပြန်ဆုတ်၍ ဒရိက်ခ်ဒက်ချီနယ်စပ်၌ ခံတပ်များပြန်ဆောက်ရန် ရွေးချယ်ခဲ့သည်။
ဤတိုက်ပွဲပြီးနောက် ဖော့လ်ခ်တိုင်းပြည်သည် သူတို့၏တပ်ဖွဲ့အများစုကို ဆုံးရှုံးကာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့သောကြောင့် ဒရိက်ခ်ဒက်ချီနှင့်တိုက်ပွဲ၌ ထပ်မံပါဝင်နိုင်ခြင်း မရှိတော့ချေ။
မားလိုအင်ပါယာမှာ သူတို့ ဤမျှမြန်မြန်ဆန်ဆန် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားမည်ဟု လုံးဝမမျှော်လင့်ထားပေ။ သူတို့၏တပ်ကူအဖွဲ့က ဖွဲ့စည်းနေဆဲဖြစ်သောကြောင့် အချိန်တိုအတွင်း နောက်ထပ်တိုက်ခိုက်မှု မစတင်နိုင်တော့ချေ။
ထို့ကြောင့် ဒရိက်ခ်ဒက်ချီ၏ မြောက်ပိုင်းနယ်စပ်မှာ ယာယီအားဖြင့် ငြိမ်းချမ်းသွားသည်။
သို့သော်…… ရူဒ်ဆန်တိုင်းပြည်၏ တောင်ပိုင်းမှာမူ လုံးဝ မငြိမ်းချမ်းပေ။
မြင်းစီးသူရဲကောင်းတပ်ရင်း အဖျက်ဆီးခံလိုက်ရပြီး ဗိုလ်ချုပ် ကောင့်ထ် အန်စတို ပင် အသတ်ခံလိုက်ရပြီးနောက် ကန်ဒရာအင်ပါယာက ဒေါသအကြီးအကျယ်ထွက်သွားပြီး ရူဒ်ဆန်တိုင်းပြည်ထံ စစ်တပ်ကြီးတစ်တပ် စေလွှတ်လိုက်သည်။
ရူဒ်ဆန်တိုင်းပြည်တွင် စစ်ဘက်သုံးမှော်စက်အချို့၏ အထောက်အပံ့ရှိသော်လည်း ကန်ဒရာအင်ပါယာက ပြင်ဆင်ထားပြီးသားဖြစ်၏။ သူတို့က အင်အားတစ်သိန်းရှစ်သောင်းပါသော တပ်ဖွဲ့တစ်ခုကို စေလွှတ်ကာ ဦးတည်ဘက်အမျိုးမျိုးမှ ကျူးကျော်ခိုင်းလိုက်သည်။
ဤကာလအတွင်း သူတို့က နော်တန်ဒက်ချီကို ကန်ဒရာအင်ပါယာထဲသို့ ပေါင်းစည်းကာ ကြီးမားသော လွှမ်းမိုးမှုကို ပြသခဲ့သည်။
ကန်ဒရာအင်ပါယာမှ ရူဒ်ဆန်တိုင်းပြည်ကိုဝင်နိုင်ရန် အရှေ့နှင့် အရှေ့မြောက်လမ်းကြောင်းသာရှိ၏။ သို့သော် နော်တန်ဒက်ချီအား ပေါင်းစည်းပြီးနောက် ရူဒ်ဆန်တိုင်းပြည်၏မြောက်ပိုင်းက ကန်ဒရာအင်ပါယာ ကျူးကျော်ရန်အတွက် ပွင့်သွားသည်။ ကန်ဒရာအင်ပါယာက သူတို့၏ အင်အားတစ်သိန်းရှစ်သောင်းနှင့် တပ်ဖွဲ့ကြီးကို လမ်းကြောင်းခြောက်ခုခွဲ၍ တစ်ပြိုင်နက်တည်း ကျူးကျော်လိုက်သည်။
ရူဒ်ဆန်တိုင်းပြည်၏ တပ်ဖွဲ့တစ်ခုလုံးမှ အင်အားငါးသောင်းပင်မပြည့်သောကြောင့် အင်အားတစ်သိန်းရှစ်သောင်းတပ်ဖွဲ့၏ ကျူးကျော်မှုကို ခုခံရန်မှာ စိတ်ကူးယဉ်အိပ်မက်တစ်ခုသာဖြစ်၏။
သို့သော် ဤအချိန်တွင် Frestech ကုန်သည်ကြီးများအသင်းက ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်သည်။ ဤသည်မှာ ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာ၏ သူတို့အပေါ်စွပ်စွဲချက်များကို ပထမဆုံးအကြိမ် ငြင်းဆိုခြင်းဖြစ်၏။
ဤကြေညာချက်တွင် Frestech ကုန်သည်ကြီးများအသင်းသည် အင်ပါယာနှစ်ခုနှင့် အမြဲပူးပေါင်းရန် ဆန္ဒရှိခဲ့ပြီး သူတို့နိုင်ငံသားများ၏ ဘဝများ တိုးတက်ရန်နှင့် အင်ပါယာနှစ်ခုနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရန် ဆန္ဒရှိခဲ့ကြောင်း ဖော်ပြထားသည်။
သို့သော် အင်ပါယာနှစ်ခုက အဖြူကိုအမည်းပြောင်းကာ Frestech ကုန်သည်ကြီးများအသင်းအား သိက္ခာချ၍ ကျိုးကြောင်းဆီလျော်မှုရော အခြေခံအကြောင်းအရင်းရောမရှိဘဲ အင်ပါယာနှစ်ခုထဲရှိ Frestech ကုန်သည်ကြီးများအသင်း၏ စီးပွားရေးလုပ်ငန်းများကို ချိပ်ပိတ်ခဲ့သည်။ ဤအချင်းအရာက Frestech ကုန်သည်ကြီးများအသင်းအတွက် ကြီးစွာသော စီးပွားရေးဆုံးရှုံးမှုကို ဖြစ်စေခဲ့သည့်အပြင် အတော်လေးပြင်းထန်သော ဝန်ထမ်းသေကြေပျက်စီးမှုများကိုပင် ဖြစ်စေခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းက ဤအရာကို လက်မခံနိုင်ဘဲ သူတို့ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဖော်ပြထားသည်။
သို့သော် ဤသည်က အဓိကအချက်မဟုတ်ပေ။
အဓိကအချက်မှာ နောက်တစ်ဝက်၌ ဒရိက်ခ်ဒက်ချီနှင့် ရူဒ်ဆန်တိုင်းပြည်က Frestech ကုန်သည်ကြီးများအသင်း၏ ရေရှည်စီးပွားဖက်များဖြစ်သောကြောင့် ယခု အင်ပါယာနှစ်ခုက သူတို့ကို စစ်တပ်များနှင့် စတင်ကျူးကျော်နေခြင်းကို Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် ရပ်ကြည့်မနေနိုင်ကြောင်း ဖော်ပြထားခြင်းပင် ဖြစ်သည်။ သူတို့က မဟာဗျူဟာကျ ပူးပေါင်းမှုများအရ ဆောင်ရွက်ကာ နိုင်ငံနှစ်နိုင်ငံအား ထောက်ပံ့လျှက် အင်ပါယာနှစ်ခု၏ ကျူးကျော်မှုကို ပြန်တိုက်ခိုက်နိုင်အောင် ကူညီပေးမည်ဖြစ်သည်။
သူတို့က အသုံးအဆောင်ပစ္စည်းများသာမက တိုက်ရိုက်စစ်အင်အား ထောက်ပံ့မှုများကိုပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း Frestech ကုန်သည်ကြီးများအသင်းက ဖော်ပြထားသည်။
ဤအရာမှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များက စစ်ပွဲထဲတွင် တရားဝင်ပါဝင်လာတော့မည့် အဓိပ္ပာယ်ပင်။
***
မှော်စက်မှုအင်ပါယာ
Volume 7 အခန်း ၉၉။
ဇွန်လ ၂၈ ရက်နေ့နံနက်တွင် ကြီးမားသော သယ်ယူပို့ဆောင်ရေးမှော်ကားတန်းတစ်ခုက ရူဒ်ဆန်တိုင်းပြည်၏ မြောက်ပိုင်းနယ်စပ်ရှိ မြေပြန့်လွင်ပြင်တစ်လျှောက် ဖြတ်ကျော်ကာ သူတို့ရှေ့မှ တောင်ကြားအပြင်ဘက်ရှိ မြေပြန့်ဧရိယာတစ်ခုထံ တရွေ့ရွေ့ဦးတည်နေသည်။
ကန်ဒရာအင်ပါယာ၏ လက်ရွေးစင်တပ်ရင်းဆယ်ခုမှ တစ်ခု၏ တပ်မှူး ရိုမန်လက်ဂါ က အလယ်ရှိ သယ်ယူပို့ဆောင်ရေးမှော်ကားတစ်စီး၏ ခရီးသည်ခုံပေါ်မှ ခုန်ဆင်းလာသည်။ သူက အကျင့်ပါနေကျအတိုင်း တင်ပါးကို ထိလိုက်သော်လည်း သူ့တင်ပါးက လုံးဝနာကျင်နေခြင်းမရှိသောကြောင့် မနေနိုင်စွာဖြင့် အခံခင်းထားသော ခရီးသည်ထိုင်ခုံများကို လှည့်ကြည့်ရင်း နှုတ်ခမ်းများကွေးတက်သွားသည်။
“ဒီပစ္စည်းက တကယ် အတော်လေး ပိုသက်တောင့်သက်သာရှိတာပဲ။ အဲ့ဒီခေါင်းမာတဲ့ အရူးအိုကြီးတွေက ဒီအမှန်တရားကို လက်မခံချင်တာ နှမျောစရာပဲ။ တကယ်ရှက်ဖို့ကောင်းတယ်”
သူ့ဘာသာ တီးတိုးရေရွတ်ပြီးနောက် ရိုမန်လက်ဂါ က လက်ဝေ့ယမ်းကာ တပ်ရေးဗိုလ်တစ်ဦးကို ခေါ်လိုက်သည်။
“ငါတို့ရှေ့က တောင်ကြားကို ကင်းထောက်ကြည့်ပြီး ကင်းပုန်းတွေရှိမရှိ သေချာစစ်ဆေး”
တပ်ရေးဗိုလ်က အမိန့်ကိုနာခံလျှက် သိပ်မကြာမီ မြင်းစီးအုပ်စုငယ်တစ်ခု အလျင်အမြန် ထွက်သွားသည်။
သူတို့ ရူဒ်ဆန်တိုင်းပြည်၏လက်ထဲတွင် ရှုံးပွဲနှစ်ခု ကြုံထားသောကြောင့် ကန်ဒရာအင်ပါယာစစ်တပ်က သူတို့ကိုယ်သူတို့ ပြန်သုံးသပ်နေကြ၏။ သူတို့သည် မတိုင်မီက လူပေါင်းများစွာ အထင်အမြင်သေးခဲ့သော စစ်ဘက်သုံးမှော်စက်များကို အလေးထားလာသော်လည်း ကန်ဒရာအင်ပါယာစစ်တပ်၏ ရိုးရာဓလေ့များက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ပြီးသားဖြစ်သည့်အတွက် လက်နက်တပ်ဆင်မှုအားလုံးက လူပေါင်းများစွာ၏ အကျိုးအမြတ်များနှင့် ချိတ်ဆက်နေသည်။ သူတို့၏လက်နက်တပ်ဆင်မှုကို ပြောင်းလဲရန် ဖိအားများစွာရှိသောကြောင့် စစ်လက်နက်တပ်ဆင်မှုပြောင်းလဲရေးမှာ အမြဲဦးနှောက်ခြောက်ရသော ကိစ္စရပ်တစ်ခု ဖြစ်နေ၏။
ထို့ပြင် ကန်ဒရာအင်ပါယာစစ်တပ်တစ်ခုတည်း၌ပင် တပ်သားငါးသိန်းရှိသောကြောင့် သူတို့၏လက်နက်များကို အပြည့်အဝပြောင်းလဲရန် မဖြစ်နိုင်ပေ။
နောက်တစ်ချက်မှာ Frestech ကုန်သည်ကြီးများအသင်းသည် လုံလုံလောက်လောက် ထုတ်လုပ်နိုင်စွမ်းမရှိခဲ့ဘဲ စစ်ဘက်သုံးမှော်စက်များ ရောင်းချမှုကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားခဲ့သည့်အတွက် ကန်ဒရာအင်ပါယာက သူတို့၏ဧရာမတပ်ဖွဲ့ကြီးတွင် တပ်ဆင်ရန် စစ်ဘက်သုံးမှော်စက်များ အလုံအလောက်ဝယ်နိုင်ခြင်း မရှိခဲ့ပေ။
ယခင်နှစ်များ၌ ကန်ဒရာအင်ပါယာက Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံးမှော်စက်များအတွက် နည်းပညာအချို့ ရခဲ့သောကြောင့် တစ်သီးပုဂ္ဂလလမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူတို့က Frestech ကုန်သည်ကြီးများအသင်းထံမှရရှိထားသော အုတ်မြစ်အပေါ်အခြေခံ၍ အစုလိုက်အပြုံလိုက်ထုတ်လုပ်မှု စတင်သည့်အနေဖြင့် စစ်ဘက်သုံးမှော်စက် စီးရီးသစ်တစ်ခု ဖန်တီးလိုက်သည်။
ဤပစ္စည်းများနှင့်အတူ ကန်ဒရာအင်ပါယာက Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ရန် ယုံကြည်ချက်ရှိနေခဲ့သည်။
သို့သော် ၎င်းက စစ်တပ်ကြီးတစ်ခု၏ ကြီးမားသော လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အလှမ်းဝေးနေဆဲဖြစ်သောကြောင့် ကန်ဒရာအင်ပါယာ၌ ထူးဆန်းသော အခြေအနေတစ်ခု ပေါ်လာ၏။ ထိုအခြေအနေမှာ သူတို့က မြင်းများနှင့် ရိုးရာလက်နက်များကို အသုံးပြုဆဲဖြစ်သော်လည်း ထိုအရာများနှင့်အတူ စစ်ဘက်သုံးမှော်စက်အသစ်များနှင့် သယ်ယူပို့ဆောင်ရေးမှော်ကားကြီးများကို ရောနှောအသုံးပြုပြီး အနေအထားက အတော်လေး ဖရိုဖရဲဆန်လှသည်။
ထိုမှလွဲ၍ တစ်ခြားနည်းလမ်းမရှိပေ။ ဌာနချုပ်များက သူတို့၏လိုအပ်ချက်အားလုံးကို အမီမလိုက်နိုင်သောကြောင့် အခြေအနေပေါ်မူတည်၍ အထောက်အပံ့များပေးရုံသာ တတ်နိုင်သည်။
“ဟမ့် အရူးကောင် အန်စတို လည်း သူ့အမြင်ကိုမပြောင်းလို့ အလောင်းတောင်မကျန်ဘဲ သေသွားရတာပဲ……”
ဤသို့တွေးကာ ရိုမန်လက်ဂါ ၏မျက်နှာထက်တွင် အထင်အမြင်သေးသော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။
ကန်ဒရာအင်ပါယာစစ်တပ်ထဲတွင် ကောင့်ထ် အန်စတို ကဲ့သို့ ဤပစ္စည်းသစ်များကို လက်မခံနိုင်ဘဲ ရှေးရိုးစွဲတိုက်ခိုက်ရေးနည်းလမ်းကို ဆက်လက်ဖက်တွယ်နေသူ တော်တော်များများရှိ၏။ လက်ဂါ က ထိုပြောင်းလဲရန်ဆန္ဒမရှိသူများကို ရှေးရိုးစွဲအုပ်စုဟု အမည်ပေးထားပြီး သူ့ကိုယ်သူ ခေတ်သစ်အုပ်စုဟု သတ်မှတ်ထားသည်။
ဤမတိုင်မီက ရှေးရိုးစွဲအုပ်စုသည် ခေတ်သစ်အုပ်စုထက် အနည်းငယ်ပိုသာနေ၏။
သို့သော် အန်စတို ဦးဆောင်သည့် မြင်းစီးသူရဲကောင်းတပ်ဖွဲ့ မျိုးပြုတ်လုနီးပါး သုတ်သင်ခံလိုက်ရပြီးနောက် ရှေးရိုးစွဲအုပ်စု အသံတိတ်သွားပြီး ခေတ်သစ်အုပ်စုက အလျင်အမြန် နေရာယူလာသည်။ ဤတစ်ကြိမ် ရူဒ်ဆန်တိုင်းပြည်ကို တိုက်ခိုက်ရန်လွှတ်လိုက်သော တပ်ဖွဲ့ထဲမှ တပ်မှူးအများစုမှာ ခေတ်သစ်အုပ်စုမှ ဖြစ်သည်။
လက်ဂါ က ခေတ်သစ်အုပ်စုထဲတွင် အတက်ကြွဆုံးတစ်ယောက်ဖြစ်၏။ သူက ဤတစ်ကြိမ်တာဝန်အတွက် လုပ်အားပေးအနေဖြင့် ပါဝင်ခဲ့ပြီး သူ့လက်အောက်မှ အထွတ်အမြတ်တပ်ရင်းကို ရူဒ်ဆန်တိုင်းပြည်အား မြောက်ဘက်မှ တိုက်ခိုက်သည့် တတိယလမ်းကြောင်းတွင် အဓိကတိုက်ခိုက်ရေးအင်အားစုဖြစ်လာအောင် ဦးဆောင်ခဲ့သည်။
ရှေးရိုးစွဲအုပ်စုကိုသာ ပို့လိုက်ပါက ဤတောင်ကြားကိုဖြတ်ချိန်တွင် ကင်းပုန်းများရှိမရှိ ကင်းထောက်များစေလွှတ်လျှက် သူတို့ သတိအပြည့်ထားလျှင်တောင် လက်ဂါ ကဲ့သို့ ဂရုတစိုက်ရှိမည်မဟုတ်ပေ။ သူက နှစ်ကီလိုမီတာခန့် အကွာကတည်းက ကင်းထောက်များ စေလွှတ်လိုက်သည်။
ရှေးရိုးစွဲအုပ်စုတပ်မှူးများသာ ဤအကြောင်းသိလျှင် လက်ဂါ ကို သတ္တိကြောင်သူတစ်ဦးအဖြစ် ရယ်မောကြပေလိမ့်မည်။
သို့သော် သူရွေးချယ်ထားသော အကွာအဝေးက သတ္တိကြောင်ခြင်းကြောင့်မဟုတ်ဘဲ ရူဒ်ဆန်တိုင်းပြည်တပ်ဖွဲ့တွင် မှော်အမြောက်အများအပြားရှိမှန်း သူသိသောကြောင့်ပင်။
မှော်အမြောက်၏ တိုက်ခိုက်မှုအကွာအဝေးမှာ နှစ်ကီလိုမီတာကို အသာလေးကျော်ပြီး သုံးကီလိုမီတာထိပင် ရောက်နိုင်သည်။
ဤအကွာအဝေး၌ပင် သူတို့က ရာနှုန်းပြည့် မလုံခြုံသေးပေ။
ထို့ကြောင့် မည်သည့်ပြဿနာမှမရှိမှန်း သေချာစေရန် လက်ဂါ ပိုဂရုစိုက်ရပေမည်။
နှစ်ဖက်လုံးရှိ ကမ်းပါးများကို တက်နေသော ကင်းထောက်အဖွဲ့ကိုကြည့်ကာ လက်ဂါ မနေနိုင်တော့ဘဲ ခေါင်းယမ်းကာ အသံတိုးတိုးဖြင့် သူတို့ကို ဆူပူလိုက်သည်။
“ချီးပဲ အဲ့ဒီကပ်စီးနှဲဌာနချုပ်တွေကတော့ ဘာလို့ မှော်လေသင်္ဘောတစ်ချို့ မဝယ်ချင်ခဲ့ရတာလဲ။ ငါတို့မှာသာ နည်းနည်းလောက်ရှိရင်….. အိုး မဟုတ်ဘူး တစ်စီးပဲရှိရင်တောင် ကောင်းလှပြီ။ အဲ့လိုသာဆို ကင်းထောက်ဖို့ မှော်သင်္ဘောလေးလွှတ်လိုက်ပြီး ဒီဒုက္ခတွေကို ဖြတ်သန်းနေစရာတောင်မလိုဘူး။ ကင်းထောက်တွေလည်း တစ်ခါတည်းသွားရုံပဲ……”
လက်ဂါ က ရုတ်တရက် တပ်ဖွဲ့အလယ်ဗဟိုရှိ စစ်သားတစ်စု ဝန်းရံလျှက် အတော်လေး ပေါ်လွင်ထင်ရှားသော ဇိမ်ခံမြင်းရထားတစ်စီးထံ အကြည့်ရောက်သွား၏။
မြင်းရထားထဲတွင်ရှိသူမှာ အထွတ်အမြတ်တပ်ရင်း၏ မှော်အင်အားစုခေါင်းဆောင်ဖြစ်သည့် စတုတ္ထအဆင့် မဟာမှော်ပညာရှင် ယာလဲ့ ဖြစ်၏။
လက်ဂါ ခဏတုံ့ဆိုင်းနေပြီးနောက် မြင်းရထား၏ဘေးသို့ သွားလိုက်သည်။
“အရှင် ယာလဲ့ အရှင် လှုပ်ရှားမှုတစ်ခုလောက် လုပ်ပေးလို့ရမလား” လက်ဂါ လေးစားသော အမူအရာဖြင့် ရထားလုံးထံ မေးလိုက်သည်။
သူက အထွတ်အမြတ်တပ်ရင်း၏ တပ်မှူးဖြစ်သော်လည်း မှော်ပညာရှင်များသည် အမြဲတမ်း စစ်တပ်နှင့် ကင်းကင်းနေသောကြောင့် တပ်မှူးများ၏အမိန့်ကို လိုက်နာခြင်းမရှိပေ။
မဟာမှော်ပညာရှင် ယာလဲ့ သည် စတုတ္ထအဆင့် မဟာမှော်ပညာရှင်တစ်ဦးဖြစ်သည့်အပြင် ကန်ဒရာအင်ပါယာ၏ ကျွမ်းကျင်ဘုန်းတော်ကြီးကိုးဦးမှလွဲလျှင် ထိပ်ဆုံးမှော်ပညာရှင်များထဲမှ တစ်ဦးဖြစ်ပြီး သူ၏အဆင့်အတန်းမှာ လက်ဂါ ထက် များစွာ ပိုမြင့်၏။
မြင်းရထား၏ လိုက်ကာက ပင့်တက်သွားပြီး မဟာမှော်ပညာရှင် ယာလဲ့၏ ပါးရေနားရေတွန့်နေသောမျက်နှာ ပေါ်လာသည်။
“လှုပ်ရှားမှုလုပ်ရမယ် ဟုတ်လား” မဟာမှော်ပညာရှင် ယာလဲ့ က မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွားပြီး သံသယဖြစ်သည့် အမူအရာပြလာ၏။ “ငါတို့က ရန်သူတွေနဲ့ မရင်ဆိုင်ရသေးဘဲ မင်းက ငါ့ကို ဘာလုပ်စေချင်တာလဲ”
လက်ဂါ က ပြုံး၍ ရှင်းပြလိုက်သည်။ “ဒီလိုပါအရှင် ရန်သူက ကျွန်တော်တို့ရှေ့မှာ ကင်းပုန်းတွေနဲ့ မှော်ထောင်ချောက်တွေချထားမှာ စိုးရိမ်လို့ပါ။ အရှင့်ရဲ့ မှော်စွမ်းအားနဲ့ ကျွန်တော်တို့ရှေ့က တောင်ကြားထဲမှာ မှော်ထောင်ချောက်တွေရှိမရှိ စစ်ဆေးပေးစေချင်ပါတယ်”
မဟာမှော်ပညာရှင် ယာလဲ့ က မြင်းရထားထဲမှ ထွက်လာကာ အဝေးရှိ တောင်ကြားကိုကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
“မင်း ကင်းထောက်တွေမလွှတ်လိုက်ဘူးလား”
“ကင်းထောက်တွေက ကင်းပုန်းဝပ်နေတဲ့လူတွေရှိမရှိဘဲ မြင်နိုင်မှာ။ မှော်ထောင်ချောက်တွေကို မရှာနိုင်ဘူး” လက်ဂါ ခေါင်းယမ်းလိုက်သည်။
“ဒါဆို ငါကိုယ်တိုင် သွားစရာမလိုသေးဘူးမလား” မဟာမှော်ပညာရှင် ယာလဲ့ က စိတ်မရှည်သော အမူအရာဖြင့် လက်ဝေ့ယမ်းလိုက်သည်။ သူ လက်ဖျောက်တစ်ချက်တီးလိုက်သောအခါ အနီရောင်အလင်းလုံးတစ်လုံး ပျံဝဲထွက်သွားပြီး ပုံစံထဲရှိ သာမန်ပုံပေါ်သော မြင်းရထားတစ်စီးပေါ်သို့ ကျသွားသည်။
တစ်ခဏကြာပြီးနောက် အသက်သုံးဆယ်ပတ်ဝန်းကျင်ပုံစံရှိပြီး မှော်ပညာရှင်ဝတ်ရုံ ဝတ်ဆင်ထားသည့် မှော်ပညာရှင်လူငယ်တစ်ဦး ပျံဝဲရောက်ရှိလာသည်။
“ဆရာသခင် ယာလဲ့ ဘာများညွှန်ကြားလိုပါသလဲ” မှော်ပညာရှင်လူငယ်က အလွန်လေးစားသော အမူအရာဖြင့် မဟာမှော်ပညာရှင် ယာလဲ့ အား ပြောလိုက်သည်။
မဟာမှော်ပညာရှင် ယာလဲ့ က အဝေးရှိ တောင်ကြားထံ ညွှန်ပြလိုက်သည်။ “အဲ့ဒီမှာ မှော်ထောင်ချောက်တွေရှိမရှိ သွားကြည့်ချေ။ ငါတို့ရဲ့တပ်မှူးက သိပ်စိတ်မချဖြစ်နေလို့”
လက်ဂါ ၏ အမူအရာက အနည်းငယ် ပြောင်းသွားသော်လည်း ခေါင်းကိုသာ ငြိမ့်ကာ မှော်ပညာရှင်လူငယ်အား ပြောလိုက်သည်။ “ဟုတ်တယ် မင်း တောင်ကြားတစ်ဝိုက်ကိုလည်း စစ်ဆေးပေးစေချင်တယ်။ ငါပြောတာကို သဘောပေါက်လား”
သတ္တမအဆင့် မှော်ပညာရှင်သာဖြစ်သော မှော်ပညာရှင်လူငယ်နှင့် ကြုံသောအခါ လက်ဂါ က ထိုမျှ ယဉ်ကျေးနေစရာမလိုပေ။
မှော်ပညာရှင်လူငယ်က သူ့ကို မဟာမှော်ပညာရှင် ယာလဲ့ ကဲ့သို့ပင် ငြင်းဆန်ခြင်းမပြုဘဲ သဘောတူပြီးနောက် တောင်ကြားထံ ပျံသန်းသွားသည်။
“တပ်မှူး မင်းရဲ့သတိကြီးမှုကို ငါနားလည်ပါတယ်။ ဒါပေမယ့် မင်း အခု အတော်လေး သတိထားလွန်းနေတာမဟုတ်ဘူးလား” မဟာမှော်ပညာရှင် ယာလဲ့ က ရုတ်တရက် ပြောသည်။
လက်ဂါ က စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း မျက်နှာထက်တွင် အပြုံးတစ်ပွင့်ရှိနေဆဲဖြစ်ပြီး ပြန်ဖြေလိုက်သည်။ “စစ်တပ်ထဲမှာ နည်းနည်းလောက် သတိပိုထားတာက ပြဿနာမဟုတ်ပါဘူး”
မဟာမှော်ပညာရှင် ယာလဲ့ က ခေါင်းယမ်းလိုက်သည်။ “မင်းက ငါမြင်ဖူးတဲ့ တစ်ခြားစစ်သားတွေလောက်လည်း ကြမ်းကြမ်းတမ်းတမ်း မရှိပါဘူး။ သူတို့……”
“ဝုန်း”
အဝေးမှ အားကောင်းသော ပေါက်ကွဲသံတစ်သံက မဟာမှော်ပညာရှင် ယာလဲ့ ၏စကားကို ပြတ်တောက်သွားစေသည်။
နှစ်ယောက်သား၏ အမူအရာက ပြိုင်တူပြောင်းလဲသွားပြီး ပေါက်ကွဲသံထွက်လာရာထံ လှမ်းကြည့်လိုက်သော်လည်း ပေါက်ကွဲမှုတစ်ခုဖြစ်သွားသကဲ့သို့ တောင်ကြားမှ မြင့်တက်လာသော ဖုန်များ၊ မီးခိုးများနှင့် မီးတောက်များကိုသာ မြင်လိုက်ရသည်။
“ဒါက……” မဟာမှော်ပညာရှင် ယာလဲ့ ၏ အမူအရာက အတော်လေး အရုပ်ဆိုးသွား၏။
သူက ယခုလေးတင် လက်ဂါ အား သတိထားလွန်းနေသည်ဟု စွပ်စွဲနေသော်လည်း ယခု တောင်ကြားထဲမှ ပေါက်ကွဲမှုက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။
လက်ဂါ မှာ မဟာမှော်ပညာရှင် ယာလဲ့ တွေးနေသည့်အရာကို ဂရုစိုက်နေရန် အချိန်မရှိဘဲ အဝေးရှိ တောင်ကြားထံ သေချာကြည့်ရင်း သူ့အမူအရာက ပြောင်းလဲသွားသည်။
ပေါက်ကွဲမှုပြီးသွားသည့်နောက် တောင်ကြား၏နှစ်ဖက်မှ ကျောက်တုံးများ ကျလာ၏။ ထပ်မံထွက်ပေါ်လာသော ပေါက်ကွဲသံအချို့က ကျောက်တုံးများ ပို၍ပင် ကျလာစေသည်။
မျက်စိတစ်မှိတ်အတွင်း တောင်ကြားထဲရှိ ဆယ်မီတာလမ်းကြောင်းမှာ မရေမတွက်နိုင်သော ဧရာမကျောက်တုံးများဖြင့် ပြည့်သွားပြီး ရှေ့ဆက်ရမည့်လမ်းက ပိတ်သွား၏။
“မဟာမှော်ပညာရှင် ယာလဲ့ ဒီတစ်ခါတော့ ခင်ဗျားလှုပ်ရှားဖို့ တကယ်လိုပြီထင်တယ်” လက်ဂါ က ခါးသီးသော အပြုံးနှင့် ပြောလိုက်သည်။
“အမ်း” မဟာမှော်ပညာရှင် ယာလဲ့ က ဤတစ်ကြိမ်တွင် သူ့ကို မငြင်းဆန်ရဲတော့ဘဲ မျက်ခုံးတစ်ဖက်သာ ပင့်လိုက်သည်။
“ခင်ဗျားလှုပ်ရှားလိုက်တာကလွဲပြီး လမ်းကြောင်းကိုရှင်းလို့ရမယ့် တစ်ခြားနည်းလမ်းမရှိဘူး။ အဲ့ဒါအပြင်…… တစ်ခြားထောင်ချောက်တွေရှိနေဦးမှာပဲ စိုးတယ်”
မဟာမှော်ပညာရှင် ယာလဲ့ က အဝေးရှိ တောင်ကြားကို ကြည့်ကာ တိတ်တဆိတ် ခေါင်းငြိမ့်လိုက်သည်။
ပတ်ပတ်လည် ကီလိုမီတာငါးဆယ်နယ်နိမိတ်အတွင်း၌ သူတို့ဖြတ်သွားနိုင်သည်မှာ ဤတောင်ကြားသာရှိသောကြောင့် သူတို့ ၎င်းကိုမဖြတ်နိုင်ဘဲ လမ်းလွှဲမှသွားလျှင် နာရီပေါင်းများစွာ ကြာမြင့်ကာ အကြီးအကျယ် ကြန့်ကြာပေလိမ့်မည်။
ဤပြိုကျနေသော တောင်ကြားကိုဖြတ်၍ လမ်းကြောင်းတစ်ခုရှင်းလင်းရန်မှာ သာမန်မှော်ပညာရှင်တစ်ယောက် လုပ်နိုင်သောကိစ္စမဟုတ်ဘဲ မဟာမှော်ပညာရှင်ဖြစ်သည့် သူသာ လုပ်နိုင်၏။
“ကောင်းပြီ ငါ အခြေအနေကို သွားစစ်ဆေးလိုက်မယ်။ ထောင်ချောက်တွေမရှိဘူးဆိုရင် မင်းက လူတွေလွှတ်လိုက်။ အကျိုးအပဲ့တွေရှင်းပေးဖို့ ငါ သူတို့ကိုလိုသေးတယ်”
“ကောင်းပါပြီ”
မဟာမှော်ပညာရှင် ယာလဲ့က ဤစကားကိုပြောပြီးနောက် ကောင်းကင်ထဲသို့ ပျံတက်ကာ အဝေးရှိ တောင်ကြားထံ အလျင်အမြန် ပျံသန်းသွား၏။
လမ်းတစ်ဝက်အရောက်တွင် အနီတောက်တောက် အလင်းရောင်များက ဘေးနှစ်ဖက်ရှိ ကောင်းကင်ကိုဖြတ်ကာ အထွတ်အမြတ်တပ်ရင်းထံ တန်းတန်းမတ်မတ် ပျံသန်းလာသည်။
***
မှော်စက်မှုအင်ပါယာ
Volume 7 အခန်း ၁၀၀။
ကောင်းကင်ရှိ မဟာမှော်ပညာရှင် ယာလဲ့ သည် ထိုအနီတောက်တောက်အလင်းရောင်များထံမှ အားကောင်းသော မှော်စွမ်းအင်ကို သတိထားမိလိုက်ပြီး တုန်လှုပ်သွား၏။
သူမမှားလျှင် ထိုကြောက်မက်ဖွယ် အနီတောက်တောက်အလင်းရောင်များသည် မှော်အမြောက်ဆန်များ၏ အလင်းရောင်ဖြစ်ရပေမည်။
ထိုမှော်အမြောက်ဆန်များသာ အထွတ်အမြတ်တပ်ရင်းပေါ် ကျသွားပါက အကျိုးဆက်များက ခန့်မှန်းမရနိုင်အောင်ပင်။
ဤသို့တွေးကာ မဟာမှော်ပညာရှင် ယာလဲ့ က တုံ့ဆိုင်းမနေရဲတော့ဘဲ သူ၏ မှော်အစွမ်းအားလုံးကိုသုံးကာ မှော်အမြောက်ဆန်များထံ ဦးတည်လျှက် သူ့လက်မှ လျှပ်စီးကြောင်းအများအပြား ပို့လွှတ်လိုက်သည်။
သို့သော် လျှပ်စီးကြောင်းများက ထိုအနီတောက်တောက်အလင်းရောင်များထံ ရောက်သွားချိန်တွင် သူတို့ပတ်ပတ်လည်၌ အပြာဖျော့ဖျော့ အလင်းရောင်တစ်ခု ပေါ်ပေါက်လာကာ လျှပ်စီးကြောင်းအားလုံးကို တားဆီးလိုက်ပြီး လျှပ်စီးကြောင်းများက သူတို့ကို မည်သည်မျှ မလုပ်နိုင်ချေ။
မဟာမှော်ပညာရှင် ယာလဲ့ ကြက်သေသေသွားသည်။
ဤလျှပ်စီးကြောင်းများ၏ သာမန်ဆန်မှုကိုကြည့်၍ အထင်အမြင်မသေးသင့်ပေ။ သူတို့က အဆင့်ရှစ်မန္တန် မိုးချုန်းသံအမျက်ဖြစ်သည်။ လျှပ်စီးကြောင်းတစ်ခုစီတွင် ကြောက်မက်ဖွယ်ခွန်အား ပါဝင်၏။
သူက မှော်အမြောက်ဆန်များကို ဤမန္တန်ဖြင့် ဖျက်ဆီးနိုင်မည်ထင်ထားသော်လည်း မှော်အမြောက်ဆန်များကိုယ်တိုင်၏ အပေါ်တွင် အကာအကွယ်မှော်အစွမ်းပါပြီး စွမ်းအားကြီးသော အဆင့်ရှစ်မန္တန်ကိုပင် ခုခံနိုင်မည်ဟု လုံးဝထင်မထားချေ။
သို့သော် သူ့တွင် အံ့ဩနေချိန်ရော ဤအကြောင်း စဉ်းစားနေချိန်ရော မရှိပေ။ မှော်အမြောက်ဆန်များ ကျတော့မည့်အရေးကို မြင်ချိန်တွင် မဟာမှော်ပညာရှင် ယာလဲ့ က လုံးဝ တုံ့ဆိုင်းမနေရဲဘဲ သူ၏ မှော်အစွမ်းအားလုံး ထုတ်လွှတ်ကာ ကောင်းကင်တွင် ဧရာမမှော်အတားအဆီးတစ်ခု ဖန်တီးလျှက် အောက်ရှိ အထွတ်အမြတ်တပ်ရင်းမှ တပ်သားများကို ဖုံးလွှမ်းလိုက်သည်။
သူသည် လေမှော်ပညာတွင် ကျွမ်းကျင်သောကြောင့် အဆင့်ကိုးမန္တန်များနှင့် ပိုအားနည်းသော တားမြစ်မန္တန်အချို့ကိုပင် ခုခံရန်လုံလောက်သည်အထိ အားကောင်းသော လေမှော်အတားအဆီးတစ်ခု ထုတ်လွှတ်လိုက်သည်။ သူက ကောင်းကင်၌ အစိမ်းဖျော့ဖျော့ အလင်းအတားအဆီးတစ်ခု ဖန်တီးကာ ကောင်းကင်ကို အစိမ်းဖျော့ရောင် ပြောင်းသွားစေသည်။
အထွတ်အမြတ်တပ်ရင်းမှ တပ်သားများမှာ မှော်အမြောက်ဆန်များ ကျလာသည်ကို မြင်ချိန်တွင် ထိတ်လန့်ချောက်ချားနေသော်လည်း မဟာမှော်ပညာရှင် ယာလဲ့ က သူ၏မှော်အတားအဆီးအား ထုတ်လွှတ်လိုက်ချိန်၌ သူတို့ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားကြသည်။
သို့သော် သူတို့မျက်နှာများထက်တွင် အပြုံးများ ပေါ်လာရုံမျှရှိသေး အနီတောက်တောက်အလင်းရောင်များက မဟာမှော်ပညာရှင် ယာလဲ့ ၏ မှော်အတားအဆီးကို ထိမိသွားပြီးနောက် လုံးဝ အရှိန်လျော့မသွားဘဲ မှော်အတားအဆီးအား ထိုးဖောက်ကာ ဆက်လက်ကျဆင်းလာသည်ကို သူတို့တွေ့လိုက်ရ၏။
“ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း”
ထိုအနီတောက်တောက်အလင်းရောင်များ ကျလာချိန်တွင် ပြိုင်ဘက်ကင်းအောင် အားကြီးသော ပေါက်ကွဲမှုများ ဖန်တီးလိုက်တော့သည်။
မီးတောက်များ ပေါ်လာချိန်၌ မရေမတွက်နိုင်သော အထွတ်အမြတ်တပ်ရင်းတပ်သားများမှာလည်း လွင့်ထွက်သွားပြီး ဝရုန်းသုန်းကား ဖြစ်ကုန်ကြသည်။
လက်ဂါ မှာ မျက်လုံးများပြူးကျယ်လျှက် ပြိုင်ဘက်ကင်းသော တုန်လှုပ်မှုဖြင့် ဤဝရုန်းသုန်းကားအခြေအနေကို ကြည့်နေမိ၏။ ထို့နောက် သူက ကောင်းကင်ရှိ မဟာမှော်ပညာရှင် ယာလဲ့ ကို ရုတ်တရက် ကြည့်လိုက်ပြီး သူ့ရင်ထဲတွင် အေးစက်လာသည်။
မဟာမှော်ပညာရှင် ယာလဲ့ ကို ရူဒ်ဆန်တိုင်းပြည်စစ်တပ်နှင့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များ ပေါ်လာလျှင် တိုက်ခိုက်ရန် သူတို့၏ အကြီးဆုံးအားသာချက်ဟု သတ်မှတ်ထားသော်လည်း လက်တွေ့၌မူ မဟာမှော်ပညာရှင် ယာလဲ့ က သူတို့ကို အမှန်တကယ် မကာကွယ်နိုင်ချေ။ ထိုသို့ဆိုလျှင် အထွတ်အမြတ်တပ်ရင်းက ရန်သူကို မည်သို့တိုက်ခိုက်ရမည်နည်း။
ကောင်းကင်ရှိ မဟာမှော်ပညာရှင် ယာလဲ့ က လက်ဂါ ထက်ပင် ပိုတုန်လှုပ်နေ၏။
ဤမှော်အတားအဆီးသည် သူကိုယ်တိုင် ဖန်တီးထားသော အရာတစ်ခု၊ သူဂုဏ်ယူခဲ့ရသော အဆင့်မြင့်လေမှော်အတားအဆီးတစ်ခု ဖြစ်သည်။ သူက ဤမှော်အမြောက်များကို ရပ်တန့်ရန်မဆိုထားနှင့်၊ သူတို့ကို တားပင်မတားနိုင်ဘဲရှိမည်ဟု သူ လုံးဝထင်မထားချေ။
သူ၏လျှပ်စီးတန်းများမှာ ဤမှော်အမြောက်ဆန်များဖြင့် မည်သို့ အလွယ်တကူ ဖျက်ဆီးခံလိုက်ရကြောင်း တွေးမိသောအခါ မဟာမှော်ပညာရှင် ယာလဲ့ ၏ ရင်ထဲတွင် ထပ်မံအေးစက်သွားရပြန်သည်။
၎င်းက မှော်ပညာရှင်များကြားမှ တိုက်ခိုက်မှုသာဆိုလျှင် သူတို့နှင့်ရင်ဆိုင်ရန် သူ အခြားနည်း စဉ်းစားနိုင်ပေလိမ့်မည်။
သို့သော် ယခု သူ၏ ဦးစားပေးတာဝန်မှာ အောက်ရှိ အထွတ်အမြတ်တပ်ရင်းကို ကာကွယ်ကာ အထောက်အပံ့ပြုရန်ဖြစ်ပြီး ထိုအရာကိုမှ အမှန်တကယ် မလုပ်နိုင်လျှင် သူ ဤနေရာတွင်ရှိနေခြင်းက မည်သည့်အဓိပ္ပာယ် ရှိဦးမည်နည်း။
မဟာမှော်ပညာရှင် ယာလဲ့ က မနေနိုင်တော့ဘဲ အောက်သို့ ငုံ့ကြည့်လိုက်ပြီး ဖရိုဖရဲနှင့် စိတ်မချမ်းမြေ့ဖွယ်ကောင်းသော မြင်ကွင်းကို မြင်ရချိန်တွင် သူ ရှက်မိသွားသည်။
သူ တွေးတောနေရင်း မော့ကြည့်နေသော လက်ဂါ နှင့် အကြည့်ချင်းဆုံသွား၏။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ဖက်လူဘာတွေးနေသည်ကို ချက်ချင်းနားလည်သွားသည်။
လက်ဂါ က အံကြိတ်လျှက် သူ၏ တပ်ရေးဗိုလ်ကို အော်ခေါ်ကာ အမိန့်ပေးလိုက်သည်။ “တပ်ဖွဲ့ကို စုစည်းပြီး ပြန်ဆုတ်မယ်”
တပ်ရေးမှူးက အံ့ဩသွားသည်။ “ပြန်ဆုတ်မယ်ဟုတ်လား။ အရှင်က ကျွန်တော်တို့ကို…… ပြန်ဆုတ်ဖို့ပြောနေတာလား”
သူတို့က ရူဒ်ဆန်တိုင်းပြည်ထဲ ဝင်ခါစဖြစ်ပြီး သူတို့၏ တာဝန်ကို မပြီးသေးသလို ရန်သူနှင့်လည်း မတွေ့သေးသော်လည်း တပ်မှူးက ပြန်ဆုတ်ရန် ပြောနေသည်လော။ ဤအရာ အတော်လေးပိုလွန်းသည် မဟုတ်ပေလော။
“ရှည်ရှည်ဝေးဝေးတွေ ပြောမနေနဲ့” လက်ဂါ တပ်ရေးမှူး၏ ကော်လံကို ဒေါသတကြီးဆွဲကာ စူးရဲသော မျက်လုံးများနှင့် ဟိန်းဟောက်လိုက်သည်။ “တပ်ဖွဲ့တစ်ခုလုံး ပြန်ဆုတ်ဖို့ အမိန့်ထုတ်ပြန်လိုက် နားလည်လား”
တပ်ရေးမှူး၏ ရင်ထဲတွင် အေးစက်သွားပြီး အလျင်အမြန် ခေါင်းငြိမ့်ကာ အမိန့်ထုတ်ပြန်ရန် လှည့်ထွက်သွားသည်။
သို့သော် သူလှည့်လိုက်သည်နှင့် ခြေနှစ်လမ်းပင် မလှမ်းရသေးမီ နှစ်ဖက်လုံးရှိ ကောင်းကင်ယံတွင် အနီတောက်တောက်အလင်းရောင်အများအပြား ပေါ်ထွက်လာသည်။
နောက်ဆုံးတစ်ခေါက် တိုက်ခိုက်မှုမှ ပြန်အသိမဝင်သေးသော မဟာမှော်ပညာရှင် ယာလဲ့ မှာ အတန်ကြာမှ ဤတိုက်ခိုက်မှုကို သတိပြုမိသွား၏။
သူ တုန်လှုပ်သွားပြီး စဉ်းစားနေချိန်မရဘဲ သူ၏စွမ်းအားအကုန်လုံးကို အသက်သွင်းကာ သူစုဆောင်းထားသော အကာအကွယ်မှော်အစွမ်းအားလုံးကို သုံးလိုက်သည်။
အထွတ်အမြတ်တပ်ရင်း၏အထက်တွင် အလင်းလွှာအမျိုးမျိုးပေါ်လာပြီး ၎င်းက ကောင်းကင်ကို အရောင်မျိုးစုံခြယ်သကာ အလွန် လှပသွားစေသည်။
သို့သော်….. ၎င်းက မည်သည့်အသုံးဝင်မှုမျှ မရှိလိုက်ချေ။
အနီတောက်တောက်အလင်းရောင်အများအပြားက မတိုင်မီကကဲ့သို့ပင် ဤကြီးကျယ်ခံ့ညားပုံပေါ်သော မှော်အတားအဆီးများကို ဘာကိစ္စမှမရှိလိုက်ဘဲ ထိုးဖောက်ပြီးနောက် အထွတ်အမြတ်တပ်ရင်းပေါ် ကျသွားပြန်သည်။
“ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း”
ပြင်းထန်သော ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်သွားပြီးနောက်၌ ပေါက်ကွဲမှုတစ်ခုစီက မီးတောက်တစ်လုံးနှင့်အတူ အထွတ်အမြတ်တပ်ရင်းထဲတွင် အပေါက်ကြီးများလည်း ဖန်တီးလိုက်သည်။
ထိုပေါက်ကွဲမှုများပြီးနောက် အဖောက်ခွဲခံလိုက်ရသော အထွတ်အမြတ်တပ်ရင်း၏ ပုံစံမှာ ထိန်းသိမ်းထားနိုင်ခြင်းမရှိတော့ချေ။
အမှန်တကယ်တော့ ပေါက်ကွဲမှုများတွင် ဖောက်ခွဲခံလိုက်ရသော တပ်သားအရေအတွက်မှာ ထောင်ဂဏန်းသာရှိပြီး ၎င်းက အထွတ်အမြတ်တပ်ရင်းကို လုံးဝ အကျိုးသက်ရောက်မှု မဖြစ်စေပေ။
သို့သော် ဤရန်သူများသည် အမြင်မခံဘဲ သူတို့ကို တိုက်ခိုက်နိုင်ပြီး အဓိကအချက်မှာ ပြိုင်ဘက်ကင်းလောက်အောင် စွမ်းအားကြီးသော မဟာမှော်ပညာရှင်က သူတို့ကို မတားနိုင်သောကြောင့် အထွတ်အမြတ်တပ်ရင်း၏ စိတ်ဓာတ်ခွန်အားမှာ ပြင်းပြင်းထန်ထန် ထိုးနှက်ခံလိုက်ရပြီး တပ်သားများအားလုံး၏ ရင်ထဲတွင် အကြောက်တရားများဖြင့် ပြည့်သွား၏။
လက်ဂါ မှာ ပါးစပ်အဟောင်းသားဖြစ်သွား၏။ သူ့အောက်မှ မမှတ်မိနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အလောင်းကို ကြည့်ကာ သူ ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်သည်။
ဤအလောင်းသည် ယခုလေးတင် သူ အမိန့်ထုတ်ပြန်ခိုင်းလိုက်သော တပ်ရင်းမှူးဖြစ်၏။
မှော်အမြောက်ဆန်တစ်လုံးက သူ့ရှေ့ရှိ လမ်းပေါ်သို့ ကျလာပြီး သူက လက်ဂါ ၏ ရှေ့၌ပင် ပေါက်ကွဲသွားခဲ့သည်။
ဤမှော်အမြောက်ဆန်သာ နည်းနည်းလောက်ပိုနီးပြီး လက်ဂါ အပေါ်ကျခဲ့လျှင် သူက သေချာပေါက် အလောင်းပင်မကျန်ဘဲ သေဆုံးသွားပေမည်။
ဤသို့တွေးကာ လက်ဂါ ၏ရင်ထဲတွင် ရေခဲတမျှ အေးစက်သွား၏။
မြင်းစီးသူရဲကောင်းတပ်ရင်း မျိုးပြုတ်လုနီးပါး သုတ်သင်ခံလိုက်ရပြီး တပ်မှူး ကောင့်ထ် အန်စတိုပင် အသတ်ခံလိုက်ရသည်ကို ကြားချိန်က သူသည် ကောင့်ထ် အန်စတို ကို စိတ်ထဲမှကြိတ်၍ လှောင်ပြောင်နေခဲ့သည်။
သူ အနိုင်မရနိုင်လျှင်တောင် လွတ်မြောက်အောင် ထွက်ပြေးနိုင်မည်မဟုတ်လော။
သို့သော် သူကိုယ်တိုင် စစ်တလင်းသို့ ဝင်လာပြီးနောက် ကောင့်ထ် အန်စတို လည်း သူကဲ့သို့ပင် ထွက်ပြေးချင်ခဲ့မည်မှန်း သူနားလည်လိုက်သည်။
သို့သော် ဤပြိုင်ဘက်ကင်းအောင် ထူးဆန်းသော တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်၌ သူ မည်သို့ပြေးနိုင်မည်နည်း။
“ဟူး”
လေတစ်ဝေ့တိုက်ခတ်သွားပြီး မဟာမှော်ပညာရှင် ယာလဲ့ က လက်ဂါ ဘေးသို့ သက်ဆင်းလာသည်။
“ကောင့်ထ် လက်ဂါ မင်း ပြန်ဆုတ်ဖို့ အမိန့်ပေးမှရမယ်” မဟာမှော်ပညာရှင် ယာလဲ့ တွင် မတိုင်မီကကဲ့သို့ တည်ငြိမ်နေသည့်အရိပ်အယောင် တစ်စက်လေးပင် ရှိမနေဘဲ သူ့မျက်လုံးများက စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နေ၏။ သူ့မျက်နှာထက်တွင် ကြောက်လန့်မှုအနည်းငယ်ပင် မဖုံးမဖိနိုင်အောင် ပေါ်နေသည်။
လက်ဂါ သူ့ကိုကြည့်ကာ အနည်းငယ် ကျေနပ်သကဲ့သို့ ခံစားလိုက်ရသည်။
ဤမဟာမှော်ပညာရှင် ယာလဲ့ သည် သူတို့စတွေ့ကတည်းက အမြဲတမ်း ခပ်တန်းတန်းနေခဲ့သော်လည်း ယခု သူ၏မှော်အစွမ်းက အသုံးမဝင်မှန်းတွေ့ချိန်တွင် သူက သူ့ထက်ပင် ပိုကြောက်နေ၏။
“အမ်း ကျွန်တော်တို့ ပြန်ဆုတ်ရမယ်……” လက်ဂါ က မဟာမှော်ပညာရှင် ယာလဲ့ ၏ အကြံပေးမှုကို ငြင်းဆိုခြင်းမပြုဘဲ ခေါင်းငြိမ့်လိုက်သည်။ “အရှင် ကျေးဇူးပြုပြီး ကျွန်တော့်ကို တစ်ခုကူညီပါဦး။ ကျေးဇူးပြုပြီး အသံချဲ့မှော်ပညာကိုသုံးပြီး အမိန့်ပို့ပေးပါ”
မဟာမှော်ပညာရှင် ယာလဲ့ က သူ့ပတ်ပတ်လည်ရှိ ဝရုန်းသုန်းကားအခြေအနေကို ကြည့်ကာ တပ်ဖွဲ့၏ အစိတ်အပိုင်းတိုင်းထံသို့ အမိန့်ဖြန့်ကျက်ရန် ခက်ခဲမည်မှန်း သိသောကြောင့် ခေါင်းငြိမ့်လိုက်သည်။ သူက ကောင်းကင်ထဲသို့ ထပ်မံပျံသန်းသွားပြီး မှော်အစွမ်းကိုသုံး၍ သူ့အသံကို မြှင့်လိုက်သည်။
“ကောင့်ထ်အရှင်က အစွမ်းကုန်ပြန်ဆုတ်ဖို့ အမိန့်ပေးတယ်”
သူ့အောက်ရှိ လက်ဂါ မှာ လဲပြိုလုနီးပါး ဖြစ်သွားသည်။
သူက ဤအမိန့်မျိုး ပေးလိုက်သည်လော။
မျှော်လင့်ထားသည့်အတိုင်းပင် မဟာမှော်ပညာရှင် ယာလဲ့ ၏ အသံကို ကြားပြီးနောက် ဝရုန်းသုန်းကားဖြစ်နေခဲ့သော အထွတ်အမြတ်တပ်ရင်း၏ တပ်သားများမှာ အံ့ဩသွားပြီးနောက် ထိုအရပ်မှ ထွက်ပြေးသွားကြသည်။
လက်ဂါ မှာ တပ်သားများ၏ လှိုင်းလုံးတစ်လုံးကဲ့သို့ ဝရုန်းသုန်းကား ထွက်ပြေးခြင်းကြောင့် ကြောင်အမ်းသွားပြီး သူ့ရင်ထဲတွင် နောင်တတို့ပြည့်လာသည်။
သူက စစ်ရေးဗဟုသုတ နည်းနည်းလေးပင်မရှိသော မဟာမှော်ပညာရှင် ယာလဲ့ အား ဤပြန်ဆုတ်မိန့်ကို အမှန်တကယ်ပင် မပေးခိုင်းခဲ့သင့်ချေ။
တပ်သားများ ယခုလုပ်နေသည်မှာ ဗျူဟာကျကျပြန်ဆုတ်ခြင်းဟု မသတ်မှတ်နိုင်ဘဲ သူတို့က ထွက်ပြေးနေခြင်းဖြစ်သည်။
ဤအရာက စစ်တလင်းတစ်ခုအတွက် အဆိုးဆုံးမြင်ကွင်းဖြစ်၏။ ၎င်းသည် တပ်သားများက အဖွဲ့အစည်းစိတ်ဓာတ်အားလုံး ပျောက်ဆုံးကုန်ပြီး သူတို့၏ဆင်ခြင်တုံ့တရားပင် ပျောက်ဆုံးကာ မည်သည့်အမိန့်ကိုမျှ ထပ်မံနာခံတော့မည်မဟုတ်သည့် အဓိပ္ပာယ်ပင်။
တပ်သားအများစုတွင် ရှိနေသော အကြောက်တရားကို ကြည့်ကာ လက်ဂါ ခါးသီးစွာ ရယ်လိုက်မိသည်။
ဤအရာက သူဂုဏ်ယူခဲ့ရသော အထွတ်အမြတ်တပ်ရင်း ဟုတ်ပါသေးရဲ့လော။
သို့သော် သူကဲ့သို့တပ်မှူးပင် ဤပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် အကျိုးအကြောင်းအားလုံး ပျောက်ဆုံးသွားသောကြောင့် သူ့တွင် သူ့တပ်သားများကို အပြစ်တင်ရန် တာဝန်မရှိပေ။ သူက လုပ်ထုံးလုပ်နည်းကိုပင် ဆန့်ကျင်လျှက် မဟာမှော်ပညာရှင် ယာလဲ့ ကို ပြန်ဆုတ်ရန် အမိန့်ပေးခိုင်းခဲ့သည်။
မဟာမှော်ပညာရှင် ယာလဲ့ သည် သူ့အောက်တွင် ပြေးလွှားနေသော တပ်သားများကို တွေ့ရသော်လည်း သူတို့အား အမှန်တကယ် ဂရုမစိုက်နိုင်ချေ။
ခဏစဉ်းစားပြီးနောက်က သူက ဘာလုပ်ရမည်မှန်းမသိဘဲ ထိတ်လန့်ချောက်ချားလျှက် ကောင်းကင်၌သာ ပျံဝဲနေကြသော သူ့အောက်မှ မှော်ပညာရှင်များထံ ပျံသန်းသွားလိုက်သည်။ သူတို့အား စကားအနည်းငယ်ပြောပြီးနောက် သူက လက်ဂါ ၏ ဘေးသို့ လှည့်ပျံသွားသည်။
“ကောင့်ထ် လက်ဂါ မင်းပြန်ဆုတ်ဖို့ ငါကာပေးမယ်”
လက်ဂါ က သူ့ကိုကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။
မဟာမှော်ပညာရှင် ယာလဲ့ ၏ ကာကွယ်ပေးမှုမရှိလျှင် လက်ဂါ က တပ်မှူးဖြစ်နေလျှင်တောင် အန္တရာယ်ကင်းကင်း ပြန်ဆုတ်ရန် မဖြစ်နိုင်ကြောင်း သူတို့ ရှင်းရှင်းလင်းလင်းသိသည်။
တပ်မှူး လက်ဂါ သာ ဤနေရာတွင် သေသွားလျှင် မဟာမှော်ပညာရှင် ယာလဲ့ သည် ဤနေရာတွင် အဆင့်အမြင့်ဆုံး မှော်ပညာရှင်အနေဖြင့် တပ်ဖွဲ့ဌာနချုပ်မှ သူ့ကို သေချာပေါက် အတိုင်းအတာတစ်ခုထိ တာဝန်ယူခိုင်းပေလိမ့်မည်။
သူတို့နှစ်ယောက် လွတ်မြောက်နိုင်သရွေ့ အထွတ်အမြတ်တပ်ရင်း အသုတ်သင်ခံလိုက်ရလျှင်တောင် အခွင့်အရေးတစ်ခု ရှိလာဦးမည်ဖြစ်သည်။
လက်ဂါ သဘောတူလိုက်ပြီးနောက် မဟာမှော်ပညာရှင် ယာလဲ့ က လက်ဂါ ၏ လက်မောင်းကိုဆွဲကာ သူ၏ မှော်စွမ်းအားကို အသက်သွင်းလိုက်စဉ် သူတို့နှစ်ဦး၏ရှေ့ရှိ ဟင်းလင်းပြင်ထဲတွင် အနက်ရောင်အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။
မဟာမှော်ပညာရှင် ယာလဲ့ က သူ၏မှော်အစွမ်းကိုသုံး၍ လက်ဂါ ၏ပတ်ပတ်လည်တွင် မှော်အတားအဆီးတစ်ခု ဖန်တီးပြီးနောက် သူ့ကို နေရာလွတ်အက်ကွဲကြောင်းထဲသို့ ခေါ်ဆောင်သွားသည်။
အတန်ကြာပြီးနောက် သူတို့နှစ်ယောက်သည် စစ်တလင်းမှ နှစ်ကီလိုမီတာမှ သုံးကီလိုမီတာခန့်ဝေးသော မြေပြန့်လွင်ပြင်တစ်ခုထဲ၌ ပေါ်လာ၏။
အဝေးရှိ ကောင်းကင်ထံ လှည့်ကြည့်လိုက်သောအခါ မရေမတွက်နိုင်သော ခပ်ဝါးဝါး အနီတောက်တောက်အလင်းရောင်များ ပျံဝဲထွက်လာပြီးနောက် စောစောက သူတို့ရှိနေခဲ့သော စစ်တလင်းထံ ကျသွားသည်။
“ဝုန်း ဝုန်း ဝုန်း ဝုန်း”
မရပ်မနားသော ပေါက်ကွဲသံများကို ကြားချိန်တွင် လက်ဂါ နှင့် မဟာမှော်ပညာရှင် ယာလဲ့ တို့၏ အမူအရာများ တောင့်တင်းသွားသည်။
သူတို့နှစ်ယောက် ဘေးကင်းစွာ လွတ်မြောက်ခဲ့သော်လည်း အထွတ်အမြတ်တပ်ရင်းမှ တပ်သားမည်မျှ လွတ်မြောက်နိုင်မည်ကိုတော့ ပြောရခက်ပေလိမ့်မည်……
***