အခန်း (၁၂၁-၁၃၀)
Vol. 7 Ch. 121-130
Volume 7 အခန်း၁၂၁ ။ ယုံကြည်မှု
မှော်နေရာလွတ်၏ အခြေအနေကို မြင်နေရသော မဟာမှော်ပညာရှင်ဆယ့်သုံးဦးမှာ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က အရှုံးအား ဝန်ခံလိုက်သည်ကို ကြားသောအခါ သူတို့အားလုံး အံ့ဩကုန်ကြပြီးနောက် စိတ်ဓာတ်ကျစွာဖြင့် ခေါင်းငိုက်စိုက်ကျသွားကြသော်လည်း မည်သူမျှ ငြင်းဆန်ခြင်းမပြုပေ။
သူတို့၏မှော်ပညာအဆင့်က ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးနှင့် အဆင့်မတူလျှင်တောင် သူတို့သည်လည်း မဟာမှော်ပညာရှင်အဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့် မှော်နေရာလွတ်နှင့်ပတ်သတ်၍ အတိုင်းအတာတစ်ခုအထိ သုတေသနပြုပြီးဖြစ်သည်။
သူတို့၏အဆင့်မျိုးဆိုလျှင် ဤမှော်နေရာလွတ်က ဤအတိုင်း ဆက်ဖြစ်နေလျှင် မတိုင်မီက မှော်ပညာရှင်အားလုံး ပြောခဲ့ကြသော မှော်နေရာလွတ်ပြိုကျခြင်းဖြစ်စဉ်ကို ကြုံရမည်မှန်း သူတို့ အလွယ်တကူ မြင်နိုင်၏။
ဤသို့ဖြစ်လာသည်နှင့် မှော်နေရာလွတ်သည် ၎င်း၏ ဝရုန်းသုန်းကားအဖြစ်ဆုံးနှင့် အန္တရာယ်အများဆုံးအခြေအနေသို့ ရောက်ရှိကာ လုံးဝ ထိန်းချုပ်နိုင်တော့မည်မဟုတ်ပေ။
ဤအခြေအနေ၌ ပုံမှန်မှော်ပညာရှင်ဖြစ်စေ၊ မဟာမှော်ပညာရှင်ဖြစ်စေ၊ ကျွမ်းကျင်ဘုန်းတော်ကြီး သို့မဟုတ် ဒဏ္ဍာရီလာ အဆင့်မြင့်ဘုန်းတော်ကြီးတစ်ဦးဖြစ်နေလျှင်တောင် လွတ်မြောက်ရန်အတွက် ရွေးချယ်စရာတစ်ခုသာရှိ၏။
ဤကိစ္စကိုဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ ပြိုကျနေသော မှော်နေရာလွတ်ကို ၎င်း၏ပတ်ပတ်လည်ရှိ တည်ငြိမ်သော မှော်နေရာလွတ်ဖြင့် ဖြည်းဖြည်းချင်း လွှမ်းမိုးစေပြီး နည်းနည်းချင်းစီ ပုံမှန်ပြန်ဖြစ်အောင်လုပ်ရန်ဖြစ်သည်။
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန်သာ စောစောကကဲ့သို့ မှော်လှောင်အိမ်ထဲတွင် ပိတ်မိနေစဉ်အချိန်၌ ဤသို့လုပ်ခဲ့ပါက လက်ရှိအခြေအနေပေါ်အခြေခံ၍ပြောရလျှင် မှော်လှောင်အိမ်ထဲရှိ နေရာလွတ်တစ်ခုလုံး ပြိုကျသွားပေလိမ့်မည်။
မှော်လှောင်အိမ်ထဲတွင် ပိတ်မိနေကြသူများလည်း သံသယဖြစ်စရာမလိုဘဲ ထိုအခြေအနေထဲတွင် ပါဝင်ပတ်သတ်မိမည်ဖြစ်သည်။
ဤသို့တွေးမိကာ စောစောက ရှုယီ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ကို တားဆီးလိုက်ခြင်းက အမှန်တကယ်တော့ သူတို့အသက်ကို ကယ်ဆယ်လိုက်ခြင်းဖြစ်မှန်း လူတိုင်းနားလည်သွား၏။
ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ၏ စကားကိုကြားသောအခါ ရှုယီက မည်သည်ကိုမျှမပြောဘဲ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ကို တိတ်ဆိတ်စွာကြည့်လျှက် သူ၏တုံ့ပြန်မှုကို စောင့်နေသည်။
ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ နှင့် မဟာမှော်ပညာရှင်ဆယ့်သုံးဦးက ဤတိတ်ဆိတ်မှုမှ ရှုယီ၏သဘောထားကို နားလည်သောကြောင့် သူတို့လည်း ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ထံ လှည့်ကြည့်လိုက်ကြသည်။
အလောင်းအစားရှုထောင့်မှကြည့်လျှင် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ရှုံးသည်မှာ သံသယဖြစ်စရာမလိုမှန်း လူတိုင်းသိ၏။
သို့သော် သူတို့က တစ်ဖက်နှင့်တစ်ဖက် ရန်လိုတိုက်ခိုက်နေခြင်းဖြစ်သည်။ ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် သာ ဤအလောင်းအစားကို အသိအမှတ်မပြုလျှင် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ နှင့် မဟာမှော်ပညာရှင်ဆယ့်သုံးဦးက သူ့ဘက်မှ ရပ်တည်မည်ဖြစ်သည်။
ထို့ပြင် အနားယူချိန်အချို့ရပြီးနောက် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် တို့က အတော်လေးပြန်ကောင်းနေပြီဖြစ်၏။ သူတို့တွင် တိုက်ခိုက်ရန် စွမ်းအားရှိနေပြီဖြစ်သောကြောင့် ရှုယီကို မစိုးရိမ်ပေ။
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ပိုပိုမည်းနက်လာပြီး အချိန်မရွေး ပြိုကျတော့မည့်ပုံပေါ်နေသော ထောင့်မှန်စတုဂံပရစ်ဇမ်ပုံသဏ္ဍာန် မှော်နေရာလွတ်ကိုကြည့်နေသည်။ အတန်ကြာအောင် တိတ်နေပြီးနောက် သူက သက်ပြင်းရှည်ကြီး ချလိုက်၏။
သူလည်း ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ကဲ့သို့ အရှုံးကိုဝန်ခံတော့မည်ဟု အားလုံးထင်နေကြစဉ် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က အထူးမှော်နေရာလွတ်ထံ လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ဥက္ကဌရှု မင်းမှာ ဒီမှော်နေရာလွတ်ကို ပုံမှန်ပြန်ဖြစ်အောင်လုပ်နိုင်တဲ့ နည်းလမ်းရှိရင် ငါ အရှုံးကို ဝန်ခံမယ်”
လူတိုင်း အံ့ဩသွားသည်။
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က အရှုံးကို ဝန်ခံလိုက်သည်ဟု ထင်ရသော်လည်း တိုက်ရိုက်မဝန်ခံဘဲ နောက်ထပ်အခြေအနေတစ်ခု ထပ်ပေါင်းလိုက်သည်။ သူ ဘာလုပ်ရန် ကြံနေသနည်း။
မှော်နေရာလွတ်၏ပြိုကျမှုသည် မှော်ပညာရှင်အားလုံး မတတ်နိုင်သော အခြေအနေတစ်ခုဖြစ်သည်ဟု လူသိများ၏။ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ဤအခြေအနေကို တောင်းဆိုလိုက်ခြင်းမှာ သိသာထင်ရှားစွာပင် သူ့စကားသူဖျက်ရန် ကြိုးစားနေခြင်းမဟုတ်ပေလော။
ဤသို့တွေးမိကာ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က မျက်မှောင်ကြုတ်လိုက်သည်။မဟာမှော်ပညာရှင်ဆယ့်သုံးဦးကလည်း အာရုံစူးစိုက်ကာ အချိန်မရွေးလှုပ်ရှားနိုင်အောင် ပြင်ဆင်ထားလိုက်ကြ၏။
ရှုယီက ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် တောင်းဆိုသည့် အခြေအနေကိုကြားပြီးနောက် ဒေါသထွက်သွားပြီး လိုက်လျောချက်များအားလုံး ရုတ်သိမ်းလိုက်မည်ကို သူတို့ အလွန်စိတ်ပူသွားသည်။
သို့သော် ဤစကားကိုကြားပြီးနောက် ရှုယီက အံ့ဩသွားပုံသာပေါ်လာပြီး ပခုံးတစ်ချက်တွန့်ကာ စိတ်အေးလက်အေးအပြုံးတစ်ပွင့် ပေါ်လာ၏။
“ဒါက လုံးဝမခက်ပါဘူး”
ထိုစကားများ လှမ်းပြောပြီးနောက် ရှုယီက ထူးဆန်းသော မှော်နေရာလွတ်ထံ အနည်းငယ်ပိုနီးအောင်ပျံသန်းလာပြီး လက်မြှောက်ကာ လက်ချောင်းတစ်ချောင်း ဆန့်ထုတ်လိုက်သည်။
ရှုယီ၏လက်ချောင်းမှ ထွင်းဖောက်မြင်ရသော လှိုင်းတွန့်တစ်ခု ထွက်လာသည်ကို ပကတိအမြင်နှင့်ပင် မြင်ရ၏။ သူက တည်ငြိမ်နေသော ရေပြင်အား လက်ချောင်းဖြင့် ထိလိုက်သည့်အတိုင်းပင်။
လှိုင်းတွန့်က ပျံဝဲထွက်လာပြီး ထူးဆန်းသော မှော်နေရာလွတ်နှင့် ထိမိချိန်တွင် ပြိုကျတော့မည့် မှော်နေရာလွတ်မှာ ချက်ချင်း တည်ငြိမ်လာသည်။
ထို့နောက် လှိုင်းတွန့်က ဖြတ်ကျော်သွားပြီး မှော်နေရာလွတ်၏အလယ်ရှိ ဧရာမအနက်ရောင်စက်လုံးက သေးသည်ထက်သေးလာ၏။ ပြိုကျတော့မည့်ပုံပေါ်နေသော ပတ်ပတ်လည်ရှိ မှော်နေရာလွတ်မှာလည်း ရပ်တန့်သွားပြီး ၎င်း၏မူလအရောင်နှင့် တည်ငြိမ်မှုကို ပြန်ရလာသည်။
အရာအားလုံးက နောက်ဆုံးတွင် ပုံမှန်ပြန်ဖြစ်သည့်တိုင်အောင် မတိုင်မီက အခြေအနေသို့ ပြန်သွားနေသည့်ပုံပင်။ အနက်ရောင်စက်လုံးပင် ခြေရာမကျန်အောင် ပျောက်ကွယ်သွား၏။
ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးနှင့် မဟာမှော်ပညာရှင်နှစ်ဦးမှာ သူတို့မျက်လုံးကိုယ်သူတို့ မယုံကြည်နိုင်သကဲ့သို့ ဤဖြစ်ရပ်ကို အကြောင်သားငေးကြည့်နေကြသည်။
မှော်နေရာလွတ်ပြိုကျခြင်းကဲ့သို့ ဖြေရှင်းရန်မဖြစ်နိုင်ဟု သတ်မှတ်ထားပြီး မှော်ပညာရှင်များပင် မထိနိုင်သော အရာကိုပင် ရှုယီက အလွယ်တကူ ဖြေရှင်းလိုက်သည်လော။
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ပုံမှန်ပြန်ဖြစ်သွားသော မှော်နေရာလွတ်ကို အကြောင်သား ကြည့်နေပြီးနောက် ၎င်းကို စစ်ဆေးရန် မှော်စွမ်းအားအချို့ ထုတ်လွှတ်လိုက်သည်။ ဤမှော်နေရာလွတ်က ပတ်ပတ်လည်ရှိ မှော်နေရာလွတ်နှင့် ခြားနားခြင်းမရှိကြောင်း အတည်ပြုပြီးနောက် သူက ဟန်မဆောင်နိုင်တော့ဘဲ တအံ့တဩဖြင့် ရှုယီထံ လှည့်ကြည့်လိုက်သည်။
“ဥက္ကဌရှု မင်း……”
သူ ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမည်မှန်းမသိချေ။
ယနေ့အဖြစ်အပျက်သည် သူနားလည်ထားသည့် အရာရာတိုင်းထက် လုံးလုံးလျားလျား ကျော်လွန်နေ၏။
ပထမဆုံးအနေဖြင့် Frestech ကုန်သည်ကြီးများအသင်းသည် ပြီးပြည့်စုံသော မှော်ပိုင်နက်ချိပ်ပိတ်ခြင်းအစီအရင်တစ်ခုကို ဖန်တီးရန် မဟာမှော်ပညာရှင်တစ်ယောက်တစ်လေ၏ အကူအညီပင်မယူဘဲ သူနှင့် လာဒူကာကဲ့သို့ ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးအပြင် မဟာမှော်ပညာရှင်ဆယ့်သုံးဦးအား ပိတ်လှောင်ထားပြီး သူတို့ကို မှော်လေသင်္ဘောများ၏ တိုက်ခိုက်မှုများအား မတားဆီးနိုင်အောင် ဖြစ်စေခဲ့သည်။ ထို့နောက် ရှုယီက လက်လေးမြှောက်ရုံဖြင့် မှော်နေရာလွတ်ပြိုကျခြင်းကဲ့သို့သော ကိစ္စမျိုးကို ဖြေရှင်းလိုက်သည်...
ဤအရာသည် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များ ဖန်တီးနိုင်သောအရာဟု သူမယုံကြည်ပေ။ ဤအရာ၏ အရင်းအမြစ်က Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဖြစ်သည့် ရှုယီထံမှလာခြင်း ဖြစ်ရပေမည်။
သို့သော် ရှုယီသည် သိသာထင်ရှားစွာပင် မကြာသေးမီကမှ ကျွမ်းကျင်ဘုန်းတော်ကြီးဖြစ်ခါစလူတစ်ဦးဖြစ်သည်။ သူ့တွင် ဘယ်လိုလုပ် ဤမျှကြောက်မက်ဖွယ်ကောင်းသော မှော်ပညာနားလည်နိုင်စွမ်းတစ်ခု ရှိနိုင်မည်နည်း။
ယနေ့အဖြစ်အပျက်ကိုကြည့်၍ ရှုယီ၏ မှော်ပညာနှင့်ပတ်သတ်သည့် သုတေသနနှင့် နားလည်မှုက သူ့ထက်ပင်ကျော်လွန်နေကြောင်း သူဝန်ခံရပေမည်။
ဤသို့ကောက်ချက်ချပြီးနောက် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် ၏ မျက်နှာထက်ရှိ အမူအရာက ပို၍ပင် မည်းမှောင်သွားသည်။
သူက ရှုယီကို အတန်ကြာအောင် ကြည့်ပြီးနောက် သက်ပြင်းရှည်ကြီးချကာ ခါးသီးသော အပြုံးနှင့် ပြောသည်။ “ကောင်းပြီ ဥက္ကဌရှု ငါရှုံးသွားပြီ။ တစ်လက်စတည်း နောက်ဆုံးတစ်ခေါက်က မင်းပြောတာမှန်တယ်ဆိုတာ ငါဝန်ခံရမယ်။ ငါနဲ့ လာဒူကာ ရဲ့ မှော်ပညာအယူအဆတွေက တကယ်ပဲ ခေတ်နောက်ကျနေပြီထင်တယ်……”
ပတ်ပတ်လည်ရှိ မဟာမှော်ပညာရှင်ဆယ့်သုံးဦးမှာ ကြက်သေသေသွားကြ၏။
ရှုယီက ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့ကို ဤစကားများပင် ပြောခဲ့သေးသည်လော။ ဤသည်က အရှက်မရှိကြွားဝါခြင်းပင်။ သူက ထိုစကားများကိုပြောရန် မည်မျှအရည်အချင်းပြည့်မီသနည်း……
မဟာမှော်ပညာရှင်ဆယ့်သုံးဦး၏ စိတ်ထဲတွင် ဤအတွေးက အလိုလိုပေါ်လာသော်လည်း သူတို့က ၎င်းကို ချိုးနှိမ်ထားလိုက်၏။
ရှုယီသည် ဤစကားကိုပြောရန် အမှန်တကယ် အရည်အချင်းပြည့်မီပေသည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ သူနှင့် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ဖော်ပြသမှုက ဤအချက်ကို ထောက်ခံနေသည့် သံကဲ့သို့ခိုင်မာသော သက်သေများပင်ဖြစ်သည်။
ရှုယီ၏မျက်နှာထက်တွင် အပြုံးရေးရေး ဖြစ်ပေါ်လာ၏။ “ဒါဆို အရှင်အိုဖာလျန် အရှင်လာဒူကာ အလောင်းအစားလုပ်ချင်တဲ့သူက အရှုံးကို လက်ခံဖို့လိုတယ်။ အရှင်တို့နှစ်ယောက်က အရှုံးကို ဝန်ခံလိုက်ပြီဆိုတော့ စောစောက ကျုပ်တို့ရဲ့သဘောတူညီချက်အရ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ကန်ဒရာအင်ပါယာကြားက အနာဂတ်ပဋိပက္ခတွေမှာ ဝင်မပါရတော့ဘူး”
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းငြိမ့်လိုက်ကြသည်။
“ကောင်းပြီ ဒါပေမယ့် ဥက္ကဌရှု ငါ အတော်လေးသိချင်မိတယ်။ မင်း တကယ်ပဲ ဘာလုပ်ဖို့ကြံနေတာလဲ” ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ရှုယီကို ပဟေဠိဖြစ်သော အမူအရာနှင့် ကြည့်လိုက်သည်။ “လာဒူကာ နဲ့ ငါက မင်းတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ကန်ဒရာအင်ပါယာကြားက ကိစ္စမှာ ဝင်မပါတော့ဘူးလို့ သဘောတူထားပေမယ့် ကန်ဒရာအင်ပါယာမှာ ကျွမ်းကျင်ဘုန်းတော်ကြီးက ငါတို့နှစ်ယောက်ပဲရှိတာမဟုတ်ဘူး။ ကန်ဒရာအင်ပါယာရဲ့အုတ်မြစ်က မင်းထင်တာထက် အများကြီးပိုခိုင်မာတယ်။ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စစ်ဘက်သုံးမှော်စက်တွေလောက်နဲ့ ကန်ဒရာအင်ပါယာကို သိမ်းပိုက်နိုင်မယ်လို့.... မင်း တကယ်ကြီးထင်နေတာလား”
“အချက်အလက်တွေအရတော့ ကျုပ် တကယ်လုပ်နိုင်မှာပဲ” ရှုယီ၏အပြုံးက ယုံကြည်ချက်တို့နှင့် ပြည့်နေ၏။
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က မနေနိုင်တော့ဘဲ အေးစက်စွာ ရယ်မောလိုက်ပြန်သည်။
“ဥက္ကဌရှု မင်းက တကယ် အတော်လေးယုံကြည်မှုရှိတာပဲ”
ရှုယီ ပခုံးတွန့်လိုက်၏။
“ကျုပ်မှာ ဒီလောက်ယုံကြည်ချက်မျိုးတောင် ရှိမနေရင် ဘယ်လိုလုပ် တစ်ကမ္ဘာလုံးနဲ့ ရန်သူလုပ်ဖို့ သတ္တိရှိမှာလဲ”
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် က ယခုမှ သူ့ကို ပထမဆုံးတွေ့ဖူးသကဲ့သို့ မယုံကြည်နိုင်မှုတို့ပြည့်နေသော မျက်လုံးအပြူးသားဖြင့် ရှုယီအား ခြေဆုံးခေါက်ဆုံး နှစ်ခေါက်ကြည့်လိုက်သည်။
နောက်ဆုံးတွင် သူက သူ့ခေါင်းကိုယမ်းလျှက် သက်ပြင်းချလိုက်သည်။ “ဥက္ကဌရှု မင်းက ငါထင်ထားတာထက်ကိုပိုတဲ့ အရူးတစ်ယောက်ပဲ”
“ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်”
ဤစကားဝိုင်းတိုလေး ပြီးသွားသည့်နောက် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ က ချက်ချင်း ဆုတ်ခွာသွားသည်။
ကျန်ရှိနေသည့် မဟာမှော်ပညာရှင်ဆယ့်သုံးဦးမှာ သူတို့လုပ်သကဲ့သို့ ဝင့်ကြွားစွာ ဆုတ်ခွာမသွားနိုင်သေးပေ။ သူတို့ကို မာရိုမြို့အားကျူးကျော်နေသည့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များအားရှင်းရန် ကန်ဒရာအင်ပါယာက စေလွှတ်လိုက်ခြင်းဖြစ်သောကြောင့် ဤသို့ဆုတ်ခွာသွားလျှင် သူတို့ စစ်တပ်ဌာနချုပ်ထံမှ အရေးယူခြင်းခံရပေလိမ့်မည်။
သို့သော် သူတို့အဆင့်ထက်ကျော်လွန်နေသော Frestech ကုန်သည်ကြီးများအသင်းအစောင့်တပ်ဖွဲ့၏ ခွန်အားနှင့် အားအကြီးဆုံး ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးပင် မည်သည်မျှမလုပ်နိုင်သည်ကို သူတို့ ဤနေရာတွင် ဆက်နေလျှင်ရော ဘာအဓိပ္ပာယ်ရှိမည်နည်း။
ထို့ကြောင့် သူတို့က အတော်လေးကိုးရိုးကိုးယားနိုင်သော အခြေအနေ၌ ဆိုက်ရောက်နေ၏။
မဟာမှော်ပညာရှင်ဆယ့်သုံးဦးက တိုင်ပင်ဆွေးနွေးလိုက်ကြပြီးနောက် မတိုင်မီက အနောက်တောင်ပိုင်းစီရင်စု၏ အုပ်ချုပ်ရေးမှူးစံအိမ်မှ စေလွှတ်လိုက်သော အင်အားငါးသောင်းတပ်ဖွဲ့နှင့် သွားပူးပေါင်းပြီး မှော်ပညာရှင်အုပ်စုကိုဦိးဆောင်နေရုံသာ တတ်နိုင်တော့သည်။ သူတို့သည် မာရိုမြို့မှ ငါးကီလိုမီတာအကွာ၌ စခန်းချပြီး အဝေးမှ မာရိုမြို့နှင့် ရှေ့မတိုးသာနောက်မဆုတ်သာ ဖြစ်နေရ၏။
ထို့ကြောင့် မာရိုမြို့အနီးတစ်ဝိုက် နယ်နိမိတ်မှာ အတော်လေးထူးဆန်းသော အခြေအနေအောက် ကျရောက်နေသည်။
မာရိုမြို့ကို Frestech ကုန်သည်ကြီးများအသင်းက သိမ်းပိုက်ထားပြီး မြို့ပြင်တွင် ကန်ဒရာအင်ပါယာမှ အင်အားငါးသောင်းပါသည့် တပ်ဖွဲ့တစ်ခုအပြင် မဟာမှော်ပညာရှင်ဆယ့်သုံးဦးနှင့် အဆင့်မြင့်မှော်ပညာရှင်တစ်ရာကျော်ရှိသော်လည်း သူတို့က မာရိုမြို့ကို လုံးဝတိုက်ခိုက်ခြင်းမပြုပေ။ သူတို့သည် မာရိုမြို့ကို Frestech ကုန်သည်ကြီးများအသင်းထံမှ ပြန်လည်သိမ်းယူရန် စိတ်ကူးမရှိဘဲ ဤနေရာတွင် လေ့ကျင့်ရေးလာဆင်းနေသည့်အတိုင်းပင်။
ပို၍ပင်ထူးဆန်းသောအရာမှာ မာရိုမြို့ရှိ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်ဖွဲ့က ကန်ဒရာအင်ပါယာတပ်ဖွဲ့ကို တိုက်ခိုက်ရန် စိတ်ကူးမရှိဘဲ သူတို့အား မျက်လုံးထဲပင် မထည့်ချေ။
နှစ်ဖက်လုံးက တစ်စုံတစ်ခုကို စောင့်မျှော်နေသကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် တည်ငြိမ်စွာ စောင့်ကြည့်နေကြသည်။
***
မှော်စက်မှုအင်ပါယာ
Volume 7 အခန်း ၁၂၂ ။ ထိပ်တိုက်မတွေ့တာ အကောင်းဆုံးပဲ
ကန်ဒရာအင်ပါယာ၏ နေ့စဉ် နံနက်ခင်းညီလာခံမှာ ယခုကဲ့သို့ တိတ်ဆိတ်နေခြင်းမျိုး တစ်ခါမျှမရှိခဲ့ဖူးချေ။
ညီလာခံကိုကြီးမှူးသည့် ဧကရာဇ်က အဓိကအကြောင်းအရာမှာ မာရိုမြို့အခြေအနေနှင့်ပတ်သတ်ပြီး ဖြေရှင်းရန်နည်းလမ်းဖြစ်ကြောင်း ကြေညာလိုက်သည်နှင့် ခန်းမတစ်ခုလုံး ထူးဆန်းစွာ တိတ်ကျသွားသည်။ တစ်ယောက်တစ်လေမျှ စကားပြောမလာဘဲ လူတိုင်းနီးပါး တတ်နိုင်သမျှ အသက်ပင် တိတ်တိတ်ရှူရန် ကြိုးစားနေကြ၏။
ဤအခြေအနေ၌ အပ်ကျသံပင် ကြားနိုင်လောက်သည်။
ကန်ဒရာဧကရာဇ်၏ အမူအရာက မှောင်မည်းနေပြီး သူ့ရှေ့တွင် တန်းစီနေသော ဝန်ကြီးများ၏ မျက်နှာများကို ကြည့်လိုက်သော်လည်း သူတို့အားလုံး ခေါင်းငုံ့ထားသည်ကိုသာ တွေ့ရ၏။ တစ်ယောက်တစ်လေမျှ စကားပြောရန် ခေါင်းမော့မလာချေ။
အတန်ကြာအောင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေပြီးနောက်တွင်လည်း အခြေအနေက ပြောင်းလဲမည့်ပုံမပေါ်ချေ။
ဤအချင်းအရာက ကန်ဒရာဧကရာဇ်၏ ရင်ထဲရှိ ဒေါသမီးတောက်များကို ပို၍အားကောင်းလာစေသည်။ သူက ပြင်းပြင်းထန်ထန် နှာမှုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
“သိပ်ကောင်းတယ် မင်းတို့ထဲက တစ်ယောက်မှ စမပြောချင်ဘူးပေါ့။ ဒါဆို ငါကပဲ ရွေးထုတ်ပေးရတာပေါ့။ ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် မာရိုမြို့ရဲ့ အခြေအနေက မင်းရဲ့စစ်တပ်ဌာနချုပ်တာဝန်ယူထားတဲ့ ကိစ္စပဲ။ ပြောစမ်းပါဦး မင်းရဲ့စစ်တပ်ဌာနချုပ်က ဘာလုပ်ဖို့ စီစဉ်ထားလဲ”
ဝန်ကြီးများ၏ ပထမဆုံးအတန်း၌ ရပ်နေသော ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် က တုန်ရီသွားပြီးနောက် ခေါင်းမော့လာသည်။ သူက ရှေ့လှမ်းထွက်လာပြီး ကန်ဒရာဧကရာဇ်အား တလေးတစား အရိုအသေပေးကာ ပြောလိုက်၏။
“အရှင်မင်းကြီး စစ်တပ်ဌာနချုပ်က မာရိုမြို့ရဲ့ အခြေအနေကို စိစစ်နေတုန်းဖြစ်လို့ လောလောဆယ် အသေးစိတ်အစီအစဉ်ဆွဲထားတာ မရှိသေးပါဘူး”
“အခြေအနေကို စိစစ်နေတုန်း ဟုတ်လား” ကန်ဒရာဧကရာဇ်က အေးစက်စွာ ရယ်မောလိုက်သည်။ “ဒါဆို မင်းမှာ နည်းလမ်း လုံးဝမရှိဘူးလို့ ပြောရမှာပေါ့”
ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် က မသိမသာ နှုတ်ခမ်းများတွန့်သွားပြီး ခါးသီးစွာ ပြုံးလိုက်သည်။
သူ့တွင် နည်းလမ်းမရှိဟု ပြောချင်သော်လည်း ဧကရာဇ်၏ရှေ့တွင် မည်သို့ပြောနိုင်မည်နည်း။
ဧကရာဇ်၏ အရေးအကြီးဆုံးမြို့များထဲမှ တစ်မြို့က ရန်သူများ၏ ကျူးကျော်သိမ်းပိုက်ခံထားရသောကြောင့် ဤအတွက် စစ်တပ်ဌာနချုပ်၌ အမှန်တကယ်ပင် တာဝန်ရှိ၏။
သို့သော် ရှေ့တန်းမှ အစီရင်ခံစာက လူတိုင်းအား တုန်လှုပ်သွားစေပြီး သူတို့ကို ဘာလုပ်ရမှန်းမသိအောင်ပင် ဖြစ်သွားစေသည်။ ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် ပင် ဤပြဿနာကိုဖြေရှင်းရန် ပိုကောင်းသော နည်းလမ်းတစ်ခု မရှာနိုင်ချေ။
အကြောင်းအရင်းမှာ အလွန်ရိုးရှင်း၏။ ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ယောက်တောင်မှ ရှုံးနိမ့်သွားသောကြောင့်ပင်။
ကန်ဒရာအင်ပါယာ၏ ဂုဏ်အယူရဆုံးဖြစ်သည့် အမြင့်ဆုံးတိုက်ပွဲဝင်စွမ်းအားစုအနေဖြင့် ကျွမ်းကျင်ဘုန်းတော်ကြီးများသည် ကန်ဒရာအင်ပါယာ၏ အသန်မာဆုံးစစ်အင်အားဖြစ်သည်။ ၎င်းက စစ်တပ်ဌာနချုပ် မှီခိုထားသော နောက်ဆုံးဝှက်ဖဲဖြစ်သည်။
ပုံမှန်အခြေအနေ၌ ကန်ဒရာအင်ပါယာစစ်တပ်သည် ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ယောက်ပင် လွှတ်စရာမလိုဘဲ ရန်သူကို ချေမှုန်းနိုင်ခဲ့သည်သာဖြစ်၏။
သို့သော် ဤတစ်ကြိမ်တွင် ရန်သူက Frestech ကုန်သည်ကြီးများအသင်းဖြစ်သောကြောင့် သူတို့က ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ကို အဓိကထား၍ တိုက်ရိုက်ဖိတ်ကြားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် Frestech ကုန်သည်ကြီးများအသင်းတွင် ဤနယ်မြေ၌တွေ့ရခဲ့သော ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ပါးရှိသောကြောင့် သတိထားသည့်အနေဖြင့် စစ်တပ်ဌာနချုပ်က ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ ကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ သူတို့က အင်ပါယာ၏ အရေးကြီးမြို့များ ရန်သူ့လက်ထဲ ကျရောက်မည့်အရေးမှကာကွယ်ရန် မာရိုမြို့အား တတ်နိုင်သမျှမြန်မြန် ပြန်သိမ်းယူနိုင်ရန် မျှော်လင့်ခဲ့ကြသည်။
ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း ဤသို့ဖြစ်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။
Frestech ကုန်သည်ကြီးများအသင်း၏ လက်ထဲတွင် မာရိုမြို့ တစ်ရက်ဆက်ရှိနေလေ ကန်ဒရာအင်ပါယာမှာ ပိုအရှက်ရလေပင်။
ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် မှာမူ စစ်တပ်ဌာနချုပ်က သူ့ကို ပါဝင်လှုပ်ရှားရန် မဖိတ်ခေါ်ခဲ့သော်လည်း သူက သူ့ဆန္ဒအလျောက်ဝင်ပါခွင့်ပြုရန် တောင်းဆိုခဲ့သောကြောင့် စစ်တပ်ဌာနချုပ်က သဘာဝကျစွာပင် သူ့ကို ငြင်းပယ်ခြင်းမပြုခဲ့ပေ။
ထို့ကြောင့် ဤတစ်ကြိမ် သူတို့က စစ်တပ်ဌာနချုပ်လက်အောက်မှ အထူးချွန်ဆုံး မှော်ပညာရှင်များကို ဦးဆောင်စေလျှက် ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦး တစ်ပြိုင်နက်တည်းလွှတ်လိုက်သည်။ ၎င်းက မာရိုမြို့ကို တစ်ချက်တည်း ပြန်သိမ်းယူကာ မည်သည့်အမှားမျှမရှိကြောင်း သေချာစေရန်ဖြစ်၏။
ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ယောက် ပါသောကြောင့် Frestech ကုန်သည်ကြီးများအသင်းတွင် စွမ်းအားကြီးသော စစ်ဘက်သုံးမှော်စက်များရှိနေလျှင်တောင် သူတို့၏အစောင့်များသက်သက်နှင့် ခုခံနိုင်မည်မဟုတ်ဘဲ မာရိုမြို့ကို အလွယ်တကူ ပြန်သိမ်းယူနိုင်မည်ဟု စစ်တပ်ဌာနချုပ်က ယုံကြည်ထားသည်။
Frestech ကုန်သည်ကြီးများအသင်းက သူတို့ကုမ္ပဏီ၏ ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ယောက်ကို ကန်ဒရာအင်ပါယာကျူးကျော်စစ်ပွဲတွင် ဝင်ပါခိုင်းကာ စိုင်စ်နယ်မြေ၏ ပြဌာန်းမထားသော စည်းမျဉ်းများကို ချိုးဖျက်ရဲလျှင်တောင် ကန်ဒရာအင်ပါယာက လုံးဝ မစိုးရိမ်ပေ။
ထို့ပြင် ၎င်းက ကန်ဒရာအင်ပါယာအတွက် ကောင်းသည့်ကိစ္စတစ်ခု ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် Frestech ကုန်သည်ကြီးများအသင်းဘက်မှ ဤစည်းမျဉ်းကို အရင်ဆုံးချိုးဖျက်လိုက်လျှင် ကန်ဒရာအင်ပါယာက ဆက်လက်ချုပ်ထိန်းနေစရာမလိုတော့ချေ။ သူတို့က အင်ပါယာ၏ ကျွမ်းကျင်ဘုန်းတော်ကြီးကိုးဦးကို Frestech ကုန်သည်ကြီးများအသင်းအား တိုက်ခိုက်ခိုင်းလိုက်မည်ဖြစ်သည်။
တစ်ချိန်တည်းတွင် ကန်ဒရာအင်ပါယာနှင့် လျှို့ဝှက်သဘောတူညီချက်တစ်ခု လက်မှတ်ထိုးထားသော မားလိုအင်ပါယာတွင်လည်း ကျွမ်းကျင်ဘုန်းတော်ကြီးကိုးယောက်ရှိ၏။ မာနာမှော်တိုင်းပြည်ရှိ ကျွမ်းကျင်ဘုန်းတော်ကြီးသုံးဦးပင် Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်တိုက်ခိုက်ရန် ဆင်ခြေတစ်ခု ရှိလာပေလိမ့်မည်။
ရူဒ်ဆန်တိုင်းပြည်ကို ကျူးကျော်ခဲ့ချိန်က ကန်ဒရာအင်ပါယာသည် ကြီးမားသောဆုံးရှုံးမှု ခံစားခဲ့ရသော်လည်း ကျွမ်းကျင်ဘုန်းတော်ကြီးများ မပါဝင်ခဲ့သောကြောင့် သူ့တွင် ယုံကြည်မှုတို့အပြည့်ရှိနေဆဲသာ ဖြစ်ခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းကသာ ဤစည်းမျဉ်းကို ချိုးဖောက်ခဲ့လျှင် အင်ပါယာနှစ်ခုနှင့် မာနာမှော်တိုင်းပြည်တို့က လှုပ်ရှားမည်ဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းက ကိုယ့်ပျက်စီးလမ်းကိုယ်ရှာခြင်း ဖြစ်ပေလိမ့်မည်။
သို့သော်…… လက်တွေ့အချက်အလက်များက လူတိုင်းကို အံ့ဩသွားစေခဲ့သည်။
ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးက လက်ရွေးစင်မှော်ပညာရှင်အဖွဲ့ကို ဦးဆောင်၍ မာရိုမြို့အား တိုက်ခိုက်ခဲ့သော်လည်း သူတို့ အမှန်တကယ်ပင် ရှုံးနိမ့်ခဲ့၏။ မာရိုမြို့ကို Frestech ကုန်သည်ကြီးများအသင်းထံမှ ပြန်ယူရန် မဆိုထားနှင့် မာရိုမြို့ထံသို့ပင် မရောက်နိုင်ခဲ့ချေ။
ထို့ပြင် Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုအပါအဝင် ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦး လှုပ်ရှားခဲ့သောကြောင့် ရှုံးနိမ့်ခဲ့သည်ဆိုလျှင် တော်သေး၏။ သို့သော် ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦး ပြန်ယူလာသော တင်ပြချက်အရ Frestech ကုန်သည်ကြီးများအသင်း၏ ကျွမ်းကျင်ဘုန်းတော်ကြီးများက လှုပ်ပင်မလှုပ်ရှားခဲ့ချေ။ Frestech ကုန်သည်ကြီးများအသင်းက မှော်ပညာရှင်တစ်ဦးပင် မပို့ခဲ့ဘဲ ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးနှင့် မဟာမှော်ပညာရှင်ဆယ့်သုံးဦးကို မျှော်လင့်ချက်မဲ့သော အခြေအနေရောက်အောင် တွန်းပို့ခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုက ဝင်လှုပ်ရှားပြီး သူတို့ကိုကယ်ခဲ့ခြင်းကြောင့်သာမဟုတ်လျှင် ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးအပါအဝင် သူတို့အားလုံး အလောင်းသာကျန်ရစ်သည့် အခြေအနေသို့ ရောက်ကောင်းရောက်နေပေလိမ့်မည်။
ဤရလဒ်က လူတိုင်းကို တုန်လှုပ်သွားစေသည်။
သူတို့က ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးနှင့် မဟာမှော်ပညာရှင်ဆယ့်သုံးဦးကို မျှော်လင့်ချက်မဲ့သည့် အခြေအနေသို့ တွန်းပို့ရန် မှော်ပညာရှင်များ မလိုခဲ့သည်လော။ သူတို့က သူတို့ကို သတ်ပင်သတ်ပစ်နိုင်သည်လော။
ဤအရာက သူတို့၏ ယေဘုယျသိနားလည်မှုကို အပြီးအပိုင် ဖြိုဖျက်လိုက်သည်။
စိုင်စ်နယ်မြေ၏ရိုးရာဓလေ့အရ မှော်ပညာရှင်များသည် တိုက်ပွဲတစ်ခု၏ အောင်နိုင်မှုကို ဆုံးဖြတ်ရာတွင် သော့ချက်ဖြစ်၏။
မှော်ပညာရှင် သို့မဟုတ် အဆင့်မြင့်မှော်ပညာရှင်များ ပိုရှိသည့်ဘက်က စစ်မြေပြင်၌ ခြွင်းချက်မရှိ အသာစီးရသည့်ဘက်ပင်။
ဤအရာသည် စိုင်စ်နယ်မြေသမိုင်းတစ်လျှောက်တွင် အကြိမ်ပေါင်းမရေနိုင်အောင် အတည်ပြုထားသောအရာဖြစ်ပြီး သံသယဖြစ်စရာမလိုပေ။
သို့သော် ယခု Frestech ကုန်သည်ကြီးများအသင်းက ခိုင်မာသော အချက်အလက်များသုံး၍ လူတိုင်းလက်ခံထားသော သဘောတရားများကို ချေဖျက်လိုက်သည်။
ကျွမ်းကျင်ဘုန်းတော်ကြီးများက ရိုးရိုးရှုံးနိမ့်ရုံတင်မကဘဲ မှော်ပညာရှင်တစ်ယောက်လေးနှင့်ပင် ရင်မဆိုင်ခဲ့ရဘဲ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ဤအမှန်တရားက ကန်ဒရာအင်ပါယာတပ်ဖွဲ့ကို ထိတ်လန့်ချောက်ချားသွားစေသည်။
သူတို့က ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ယောက်နှင့်ပင် Frestech ကုန်သည်ကြီးများအသင်းကို ရှင်းမပစ်နိုင်လျှင် မည်သည်ကို လုပ်ရတော့မည်နည်း။
ကန်ဒရာအင်ပါယာစစ်တပ်က ဤကိစ္စနှင့်ပတ်သတ်၍ ဖြေရှင်းနည်းတစ်ခု ဆွေးနွေးရန် ဗျူဟာချအစည်းအဝေးပွဲပေါင်း မရေမတွက်နိုင်အောင် ကျင်းပခဲ့သော်လည်း ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦး ယူခဲ့သည့်သတင်းက လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။
သူတို့က ဝရုန်းသုန်းကားဖြစ်နေကြသောကြောင့် အစည်းအဝေးပွဲများတွင် နိဂုံးချုပ်အဖြေတစ်ခု ရောက်သည်ဟူ၍ မရှိခဲ့ပေ။
ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် က ကန်ဒရာအင်ပါယာ၏ ဗိုလ်ချုပ်မှူးကြီးဖြစ်သော်လည်း သူလည်း မည်သည်ကိုမျှမလုပ်နိုင်ချေ။
သူက သူ့ဘဝကို စစ်မြေပြင်ပေါ်၌သာ ကုန်ဆုံးခဲ့ပြီး တိုက်ပွဲကြီးငယ်ပေါင်း တစ်ထောင်ကျော် အမိန့်ပေးခဲ့သော်လည်း ဤသို့သော အခြေအနေကို ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။
ကျွမ်းကျင်ဘုန်းတော်ကြီးများပင် အားကိုး၍မရလျှင် သူတို့က ဤတိုက်ပွဲကို မည်သို့တိုက်ရမည်နည်း။
“ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် ငါထပ်မေးမယ်” ဧကရာဇ်က ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန်၏ ရင်ထဲမှ ခါးသီးမှုကို လုံးဝဂရုမစိုက်ချေ။ သူတိတ်နေသည်ကို မြင်သောအခါ သူက ပို၍ပင်ဒေါသထွက်သွားပြီး အေးစက်စွာ မေးလိုက်သည်။ “မင်းရဲ့စစ်တပ်ဌာနချုပ်မှာ တကယ်ပဲ အဖြေမရှိဘူးလား။ ဒီလိုသာဆိုရင် မင်းကို ဗိုလ်ချုပ်မှူးကြီးအဖြစ် ဆက်ထားနေစရာမလိုတော့ဘူး။ အဖြေရှိတဲ့ တစ်ခြားတစ်ယောက်ယောက်နဲ့ အစားထိုးလိုက်တော့မယ်”
ဧကရာဇ်၏ နောက်ဆုံးစကားကို ကြားချိန်တွင် ခန်းမထဲရှိလူများအားလုံး တုန်လှုပ်သွား၏။ သူတို့က ဧကရာဇ်နှင့် ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန်ကို တုန်လှုပ်စွာ မော့ကြည့်လိုက်ကြသည်။
ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် ကို ကန်ဒရာစစ်တပ်၏ စစ်နတ်ဘုရားအဖြစ် သတ်မှတ်ထားပြီး စစ်တပ်နှင့် အင်ပါယာထဲတွင် အလွန်မြင့်မားသော ဂုဏ်သတင်းရှိ၏။ သူတို့သာ သူကဲ့သို့ စစ်ဗိုလ်ချုပ်တစ်ဦးကို ဆုံးရှုံးလိုက်ရလျှင် ၎င်းက အင်ပါယာထဲတွင် ကြီးမားသော ဆူပူလှုပ်ရှားမှုတစ်ခု သေချာပေါက် ဖန်တီးပေလိမ့်မည်။
ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် က ခဏတိတ်နေပြီးနောက် သက်ပြင်းချလိုက်သည်။ သူက ဧကရာဇ်အား အရိုအသေပေးကာ လေးလေးနက်နက် ပြောလိုက်၏။
“အရှင်မင်းကြီး ကျွန်တော်မျိုးက ရာထူးနေရာကို ထိန်းသိမ်းဖို့ ကြိုးစားနေတာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီအချိန်မှာ အရှင်မင်းကြီးက ဒီဝန်အိုကြီးကို နောက်တစ်ကြိမ် အခွင့်အရေးပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်မျိုး စစ်တပ်ရဲ့ ဗိုလ်ချုပ်ကြီးအနေနဲ့ ဆက်လုပ်ပြီး ဒီပဋိပက္ခကို ဖြေရှင်းပါရစေ”
ကန်ဒရာဧကရာဇ်က အေးစက်စွာ နှာမှုတ်လိုက်သော်လည်း စိတ်ယိုင်သွားသည်သာဖြစ်ပြီး သူ့အမူအရာက အနည်းငယ် တည်ငြိမ်လာ၏။
ကန်ဒရာအင်ပါယာ၏ တည်ငြိမ်မှုအတွက် ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန်ကို ရာထူးမှ မထုတ်ပယ်နိုင်သည်မှာ သဘာဝပင်။ သူက ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် ကို တွန်းအားပေးရန် ဤစကားကိုပြောလိုက်ခြင်းသာဖြစ်သည်။
“ဒါဆို ပြောစမ်းပါဦး Frestech ကုန်သည်ကြီးများအသင်းကို ဖြေရှင်းဖို့ တကယ်ပဲ နည်းလမ်းမရှိတော့ဘူးလား။ သူတို့က မာရိုမြို့ကို သိမ်းပိုက်ပြီးတဲ့အထိ သူတို့ကိုမရှင်းနိုင်ရင် သူတို့ အင်ပါယာထဲ ထပ်ကျူးကျော်လာပြီး ဝင်ဘဲလ်ဒန်မြို့ထိတောင်ရောက်လာရင် ငါတို့ဘာလုပ်ရမှာလဲ”
ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် က ခဏတိတ်သွားပြီးနောက် အသံလေးလေးဖြင့် ပြောသည်။ “အရှင်မင်းကြီး လက်ရှိအခြေအနေအရဆိုရင် ကျွန်တော်မျိုးတို့ လုပ်နိုင်တာ တစ်ခုပဲရှိတယ်။ အဲ့ဒါကတော့ Frestech ကုန်သည်ကြီးများအသင်းရဲ့အစောင့်တွေနဲ့ ထိပ်တိုက်တွေ့တာကို တတ်နိုင်သမျှ ရှောင်သင့်တာပါပဲ”
ဤစကားကိုကြားသောအခါ ခန်းမထဲရှိ လူများအားလုံး အုတ်အုတ်ကျက်ကျက်ဖြစ်သွား၏။
ကျန်သည့်ဝန်ကြီးများအားလုံး အံ့အားသင့်သောအကြည့်များ ဖလှယ်နေကြပြီး သူတို့ ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန်၏စကားကြောင့် ထိတ်လန့်သွားမှန်း သိသာထင်ရှားလှသည်။
‘ဗိုလ်ချုပ်မှူးကြီးက ငါတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တွေနဲ့ ထိပ်တိုက်မရင်ဆိုင်နိုင်ဘူးလို့ တကယ်ကြီး ပြောလိုက်တာလား’
‘ဟာသပဲ’
‘ငါတို့အင်ပါယာမှာ တပ်သားပေါင်းသိန်းချီရှိပြီး သူတို့ကို အကောင်းဆုံး လက်နက်ခဲယမ်းအထောက်အပံ့တွေ ပေးထားတယ်။ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တွေ အကုန်ပေါင်းလိုက်ရင်တောင် နှစ်သောင်းမပြည့်ဘူး’
‘Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တွေမှာ စွမ်းအားကြီးတဲ့ စစ်ဘက်သုံးမှော်စက်နည်းနည်းလောက်ရှိတော့ရော ဘာဖြစ်လဲ။ သူတို့က သူတို့ထက် အဆပေါင်းများစွာပိုကြီးတဲ့ ကန်ဒရာအင်ပါယာရဲ့ လက်ရွေးစင်တပ်ဖွဲ့ကို ရင်ဆိုင်နိုင်ဦးမှာတဲ့လား’
ကန်ဒရာဧကရာဇ်ကမူ များစွာ အံ့ဩသွားခြင်းမရှိဘဲ မေးလိုက်သည်။
“သူတို့ကို ထိပ်တိုက်ရင်မဆိုင်ရင် ငါတို့အင်ပါယာနယ်မြေထဲက ဒီကောင်တွေကို ဘယ်လိုမောင်းထုတ်ရမှာလဲ”
“အရှင်မင်းကြီး စစ်ပွဲတစ်ပွဲကိုဆုံးဖြတ်တာက ထိပ်တိုက်တွေ့တာအပြင် တစ်ခြားအရာတွေအများကြီးလည်း ပါ ပါတယ်။ ထိပ်တိုက်တိုက်ပွဲတစ်ခုမှာဆိုရင် အင်ပါယာတပ်ဖွဲ့နဲ့ Frestech ကုန်သည်ကြီးများအသင်းအစောင့်တပ်ဖွဲ့ကြားမှာ ကြီးမားတဲ့ ကွဲပြားချက်ရှိပေမယ့် ကျန်တဲ့နယ်ပယ်တွေမှာတော့ အင်ပါယာက Frestech ကုန်သည်ကြီးများအသင်းထက် အများကြီး ပိုကောင်းပါတယ်။ ဒီတော့ ဒါကိုလုပ်ဖို့ ကျွန်တော်မျိုးတို့ စစ်တပ်ဌာနချုပ်နဲ့တင်ရမှာမဟုတ်ဘူး……”
ဤသို့ပြောပြီးနောက် ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် က အခြားဝန်ကြီးများထံ လှည့်ကြည့်လိုက်ပြီး သူ့အမူအရာက ပိုပိုပြီး လေးနက်လာသည်။
“အရှင်မင်းကြီး ဒီထူးခြားတဲ့ကာလအတွင်း ကျွန်တော်မျိုးတို့ ပုံမှန်မဟုတ်တဲ့ နည်းလမ်းတစ်ချို့ကို ရွေးချယ်သင့်ပါတယ် ”
အခြားဝန်းကြီးများအားလုံး၏ ရင်ထဲတွင်လည်း အေးစိမ့်သွားပြီး သူတို့အားလုံး ကန်ဒရာဧကရာဇ်ထံ လှမ်းကြည့်လိုက်ကြသည်။
သို့သော် ဧကရာဇ်ကလည်း ဝန်ကြီးများကို ဝေ့ဝဲကြည့်ပြီးနောက် ခေါင်းငြိမ့်လိုက်သည်။
“မင်းပြောတာ အတော်လေးဆီလျော်မှုရှိတယ်”
***
မှော်စက်မှုအင်ပါယာ
Volume 7 အခန်း ၁၂၃ ။ အင်ပါယာနှစ်ခု၏ တန်ပြန်တိုက်ခိုက်မှု
ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦး မာရိုမြို့မှ မောင်းထုတ်ခံလိုက်ရပြီးနောက် မြို့၏အခြေအနေက အနည်းငယ်ထူးဆန်းလာသည်။
လဝက်ကြာပြီးသည်အထိ ကန်ဒရာအင်ပါယာက မည်သည့်လှုပ်ရှားမှုမျှ မလုပ်ခဲ့ချေ။
မာရိုမြို့အား ပြန်လည်သိမ်းယူရန်လာသည့် တပ်ဖွဲ့ဟူ၍မရှိဘဲ ကန်ဒရာအင်ပါယာမှ မည်သည့်တပ်ကူမျှ ပို့မလာခဲ့ချေ။ ကန်ဒရာအင်ပါယာ ပို့လွှတ်ထားသော လက်ရွေးစင်မှော်ပညာရှင်အဖွဲ့သည်ပင် တစ်မနက်၌ ခြေရာမကျန်အောင် ထူးဆန်းစွာ ပျောက်ကွယ်သွားသည်။
ငါးကီလိုမီတာအကွာ၌ တာဝန်ကျေပွန်စွာ တပ်စွဲနေသော အနောက်တောင်ပိုင်းစီရင်စု၏ အုပ်ချုပ်ရေးမှူးစံအိမ်မှ ပို့ထားသည့် အင်အားငါးသောင်းတပ်ဖွဲ့သာ ကျန်ရစ်၏။ သို့သော် သူတို့က တစ်ခါမျှ မာရိုမြို့အား တိုက်ခိုက်မည့်အရိပ်အယောင် ပြမလာချေ။
ထိုတပ်သားငါးသောင်းကိုသာ လျစ်လျူရှုထားလိုက်လျှင် လက်ရှိ မာရိုမြို့မှာ ကန်ဒရာအင်ပါယာ၏ မေ့လျော့ခြင်းခံထားရပြီး ခြွင်းချက်မရှိ ငြိမ်းချမ်းနေသည့်အတိုင်းပင်။
သို့သော် မာရိုမြို့အပြင်ရှိ စိုင်စ်နယ်မြေ၏အခြေအနေမှာ တည်ငြိမ်ခြင်းမရှိဘဲ ပိုပိုပြီး တင်းမာလာ၏။
အောက်တိုဘာ ၁၃ ရက်နေ့တွင် ဆောင်းရာသီကိုကိုယ်စားပြုသော ပထမဆုံးလေအေးက မြောက်အရပ်မှ တိုက်ခတ်လာသည်။ မားလိုအင်ပါယာက ဖော့လ်ခ်တိုင်းပြည်ထဲရှိ လက်ကျန်ဖော့လ်ခ်စစ်တပ်ကိုစုစည်းပြီးမူလဖော့လ်ခ်တိုင်းပြည်ထံမှ ဒရိက်ခ်ဒက်ချီသိမ်းပိုက်ထားသော နယ်မြေကို တိုက်ခိုက်လိုက်သည်။
ဤတိုက်ပွဲတွင် မားလိုအင်ပါယာ၏ ကျွမ်းကျင်ဘုန်းတော်ကြီးသုံးဦးက စစ်ပွဲ၌ တိုက်ရိုက်ဝင်ပါခဲ့သည်။
ကျွမ်းကျင်ဘုန်းတော်ကြီးသုံးဦးသည် ဒရိက်ခ်ဒက်ချီက သူတို့ထံကျူးကျော်လာခြင်းကို အကြောင်းပြပြီး သူတို့က ဖော့လ်ခ်တိုင်းပြည်အား ကိုယ့်နယ်မြေကိုယ် ပြန်သိမ်းယူရန် ကူညီပေးခြင်းသာဖြစ်သောကြောင့် ဤသည်ကို “တရားသောစစ်” ဟု သတ်မှတ်ထား၏။
ကျွမ်းကျင်ဘုန်းတော်ကြီးသုံးဦးကြောင့် ဒရိက်ခ်ဒက်ချီ၏တပ်ဖွဲ့များမှာ စစ်ဘက်သုံးမှော်စက်အမြောက်အများ တပ်ဆင်ပေးထားသော်လည်း ကျွမ်းကျင်ဘုန်းတော်ကြီးသုံးဦး၏ စွမ်းအားကြီးတိုက်ခိုက်မှုများကို မတားဆီးနိုင်ဘဲ ထပ်တလဲလဲ ပြန်ဆုတ်သွားရသည်။
တစ်ချိန်တည်းတွင် မားလိုအင်ပါယာသည် အရှေ့ဘက်ရှိ ဖော့လ်ခ်တိုင်းပြည်ပိုင်ခဲ့ဖူးပြီး ယခု လမ်ပူရီတိုင်းပြည်ကသိမ်းပိုက်ထားသော နယ်မြေကိုလည်း တိုက်ခိုက်လိုက်သည်။
ဤတပ်ဖွဲ့သည် ဒရိက်ခ်ဒက်ချီကိုတိုက်ခိုက်သော တပ်ဖွဲ့ထက်ပင် ပိုအားကောင်း၏။ မဟာမှော်ပညာရှင်နှစ်ဆယ့်ရှစ်ဦးနှင့် ဦးဆောင်လာသော ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးနှင့်အတူ စုစုပေါင်း အဆင့်မြင့်မှော်ပညာရှင်ငါးရာပါသော အင်အားနှစ်သိန်းကျော်ပါ တပ်ဖွဲ့ကြီးဖြစ်သည်။
လမ်ပူရီတိုင်းပြည်၏ စစ်တပ်က ဒရိက်ခ်ဒက်ချီထက် ပိုအားကောင်းလျှင်တောင် မားလိုအင်ပါယာ၏ ကြောက်မက်ဖွယ်ဆန့်ကျင်မှုအောက်တွင် ခုခံရန် ခက်ခဲ၏။ သူတို့က သုံးရက်မျှအတွင်း မီတာတစ်ရာအကွာသို့ မောင်းထုတ်ခံလိုက်ရပြီး နယ်မြေအပိုင်းကြီးတစ်ခု လက်လွှတ်လိုက်ရသည်။
မားလိုအင်ပါယာနှင့် ဖော့လ်ခ်တိုင်းပြည်တပ်ဖွဲ့များ လမ်ပူရီတိုင်းပြည်နှင့် ဒရိက်ခ်ဒက််ချီအား တိုက်ခိုက်ပြီး နှစ်ရက်အကြာ အောက်တိုဘာ ၁၅ ရက်နေ့တွင် ကန်ဒရာအင်ပါယာက ရုတ်တရက် တပ်ဖွဲ့ကြီးတစ်ဖွဲ့ကို လမ်းကြောင်းသုံးခုခွဲ၍ စေလွှတ်လိုက်သည်။
၎င်းတွင် စုစုပေါင်း အင်အားတစ်သိန်းကျော်ပါပြီး အနောက်ဘက်ရှိ ဖော့လ်ခ်တိုင်းပြည်အပိုင်ဖြစ်ခဲ့ဖူးပြီး လက်ရှိတွင် လမ်ပူရီတိုင်းပြည်က ထိန်းချုပ်ထားသော နယ်မြေထံ ဝင်ရောက်လာသည်။
သူတို့က ထပ်မံ၍ မြောက်ပိုင်းမားလိုအင်ပါယာနှင့် ဖော့လ်ခ်တိုင်းပြည်တပ်ဖွဲ့နှင့် ပူးပေါင်းလိုက်၏။ ဤနယ်မြေသို့ဝင်လာသော တပ်သားစုစုပေါင်း သုံးသိန်းခွဲကျော်ရှိပြီး သူတို့ထဲတွင် ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာနှစ်ခုလုံးမှ မှော်ပညာရှင်အများအပြားနှင့် ကျွမ်းကျင်ဘုန်းတော်ကြီးခြောက်ဦးပင် ပါသည်။
တပ်သားအင်အားကွာဟမှုက ကြီးလွန်းလှပြီး လမ်ပူရီတိုင်းပြည်မှာ များစွာ ခုခံနိုင်ခြင်းမရှိဘဲ ငါးရက်အတွင်း ကီလိုမီတာသုံးရာအကွာသို့ ဆုတ်သွားရ၏။
မတိုင်မီက မားလိုအင်ပါယာနှင့် ဖော့လ်ခ်တိုင်းပြည်တပ်ဖွဲ့ထံ ပေးလိုက်ရသော နယ်မြေနှင့် ပေါင်းလိုက်လျှင် ဆယ်ရက်မပြည့်မီ လမ်ပူရီတိုင်းပြည်မှာ သူတို့ ဖော့လ်ခ်တိုင်းပြည်မှ သိမ်းပိုက်ထားသော နယ်မြေတစ်ဝက်နီးပါး ဆုံးရှုံးလိုက်ရပြီဖြစ်သည်။
တောင်ဘက်သို့သွားသော နောက်ထပ်ကန်ဒရာအင်ပါယာတပ်ဖွဲ့နှစ်ဖွဲ့က ရူဒ်ဆန်တိုင်းပြည်အား ထပ်မံကျူးကျော်လိုက်ကြပြန်သည်။
ဤတစ်ကြိမ်တွင် ကန်ဒရာအင်ပါယာက ပြီးခဲ့သောနှစ်ကြိမ်ကကဲ့သို့ တပ်ဖွဲ့အပြည့် စေလွှတ်ကာ ရူဒ်ဆန်တိုင်းပြည်ထဲသို့ ပုံမှန်ချီတက်ခြင်းမပြုဘဲ လက်ရွေးစင်မြင်းတပ်သားငါးသောင်းသာ စေလွှတ်လိုက်သည်။ သူတို့တွင် နယ်မြေများ မြို့များကို သိမ်းပိုက်ရန် ရည်ရွယ်ချက်မရှိဘဲ ရူဒ်ဆန်တိုင်းပြည်ရှိ မိုင်းများကိုသာ ဦးတည်ထား၏။
မြင်းတပ်သည် လေကဲ့သို့ လျင်မြန်ပြီး အတော်လေးပြောင်းလွယ်ပြင်လွယ်ရှိသည့်အပြင် ရူဒ်ဆန်တိုင်းပြည်တွင် အစောင့်အလုံအလောက်မရှိသောကြောင့် မြင်းတပ်သားငါးသောင်းက ရူဒ်ဆန်တိုင်းပြည်ရှိ မိုင်းတွင်းဆယ့်သုံးခုကို ထိုးဖောက်ကာ ထိုမိုင်းများ၏ လည်ပတ်မှုကို အပြီးအပိုင်ဖျက်ဆီးပစ်ရန် တစ်ပတ်ပင် အချိန်မယူလိုက်ရချေ။
ထိုမိုင်းတွင်းများထဲမှ ငါးခုက Frestech ကုန်သည်ကြီးများအသင်း၏အပိုင် ဖြစ်ပြီး ကျန်သည့်ရှစ်ခုထဲတွင် ခြောက်ခုကို ရူဒ်ဆန်တိုင်းပြည်နှင့် Frestech ကုန်သည်ကြီးများအသင်းတို့ အတူတည်ထောင်ထားခြင်းဖြစ်သည်။
ကန်ဒရာအင်ပါယာ၏ နောက်ဆုံးတပ်ဖွဲ့တစ်ခုက ကန်ဒရာအင်ပါယာ၏ အရှေ့တောင်ထောင့်မှ ထွက်သွားပြီး Frestech ကုန်သည်ကြီးများအသင်းက ထိန်းချုပ်ထားသော ဒရိက်ခ်ဒက်ချီကို ကျူးကျော်လိုက်သည်။
ဤကြီးမားသောတိုင်းပြည်၏ လှုပ်ရှားလာမှုနှင့်အတူ ဒရိုမျိုးနွယ်စုနိုင်ငံတစ်ခွင်ရှိ ဒရိုမျိုးနွယ်စုဝင်များက ဆူပူအုံကြွမှုများ လုပ်ဆောင်လာသည်။
ဒရိုမျိုးနွယ်စုနိုင်ငံရှိ Frestech ကုန်သည်ကြီးများအသင်း၏ စက်ရုံအားလုံးနီးပါး ဖျက်ဆီးခံလိုက်ရပြီး အနီးနားရှိ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်ဖွဲ့မှ ကာကွယ်ပေးထားသော ဒရိုမြို့တော်မှလွဲ၍ ဒရိုမျိုးနွယ်စုနိုင်ငံ၏ ကျန်ဒေသအားလုံး ဝရုန်းသုန်းကားအခြေအနေသို့ ကျရောက်ကာ Frestech ကုန်သည်ကြီးများအသင်း၏ ထိန်းချုပ်မှုမှ လွတ်ထွက်သွားကြသည်။
သို့သော် ကန်ဒရာအင်ပါယာတပ်ဖွဲ့သည် လူအများမျှော်လင့်ထားသကဲ့သို့ ဒရိုမြို့တော်အနီးရှိ Frestech ကုန်သည်ကြီးများအသင်းဌာနချုပ်ကို တိုက်ခိုက်ခြင်းမပြုဘဲ တောင်ဘက်သို့ဦးတည်ကာ ဝေးလ်စ်ဒက်ချီအား ကျူးကျော်လိုက်သည်။
ဝေးလ်စ်ဒက်ချီသည် Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံးမှော်စက်အမြောက်အများ လက်ခံရရှိထားသော်လည်း အားနည်းသော တိုင်းပြည်လေးတစ်ခုသာဖြစ်၏။ သူတို့တွင် တပ်သားအနည်းငယ်နှင့် အားနည်းသော နောက်ခံသာရှိသောကြောင့် ကန်ဒရာအင်ပါယာကို လုံးဝမခုခံနိုင်ချေ။
ကန်ဒရာအင်ပါယာတပ်ဖွဲ့၏ တိုက်ခိုက်မှုနှင့်အတူ ဝေးလ်စ်ဒက်ချီတပ်ဖွဲ့မှာ ရှုံးနိမ့်သွား၏။ သူတို့၏နယ်မြေအများစုက ကန်ဒရာအင်ပါယာတပ်ဖွဲ့၏ သိမ်းပိုက်ခြင်းခံလိုက်ရပြီး တောင်ပိုင်းဆိပ်ကမ်းတစ်ခုသာလျှင် ရန်သူ့ထံမကျသေးဘဲ ကျန်နေရစ်သည်။
စိုင်စ်နယ်မြေ၏ အနောက်ပိုင်းနှင့် အလယ်ပိုင်းတို့က ဆူညံလှုပ်ရှားနေစဉ် အရှေ့ပိုင်းကလည်း ငြိမ်မနေချေ။
အောက်တိုဘာ ၂၇ ရက်နေ့ ကန်ဒရာအင်ပါယာတပ်ဖွဲ့က အရှေ့ပိုင်းရှိ ဝေးလ်စ်ဒက်ချီထံ ကျူးကျော်ချိန်တွင် အင်ပါယာနှစ်ခုနှင့် သဘောတူညီချက်ရေးထိုးထားသော Manaမှော်တိုင်းပြည်နှင့် အခြားတိုင်းပြည်ဆယ့်သုံးခုတို့က “နယ်မြေ၏ ဖွဲ့စည်းပုံစနစ်ကို ပြန်လည်ထိန်းသိမ်းရေး” နှင့် “ကျူးကျော်ခံရသော တိုင်းပြည်များ၏ သိမ်းပိုက်ခံနယ်မြေများကို ပြန်လည်သိမ်းယူရေး” ဟူသော ဆောင်ပုဒ်နှစ်ခုအောက်တွင် ပေါင်းစည်းလိုက်ကြပြီး တပ်သားသုံးသိန်းပါ တပ်ဖွဲ့တစ်ဖွဲ့ကို နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံနှင့် အနောက်တောင်ပိုင်းရှိ တိုင်းပြည်များအား ကျူးကျော်တိုက်ခိုက်ရန် စေလွှတ်လိုက်သည်။
ဤမဟာမိတ်တပ်ဖွဲ့တွင် မာနာမှော်တိုင်းပြည်၏ ကျွမ်းကျင်ဘုန်းတော်ကြီးသုံးဦးပါဝင်ရုံသာမက စစ်ပွဲတွင် ပါဝင်ဆင်နွှဲမည်ဟု ကြေညာလာသော တစ်ကိုယ်တော်ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးပင် ရှိသေးသည်။
မဟာမှော်ပညာရှင်တစ်ရာကျော်နှင့် ဤကျွမ်းကျင်ဘုန်းတော်ကြီးငါးဦးအပြင် အဆင့်မြင့်မှော်ပညာရှင်အများအပြား စစ်ပွဲတွင် ပါဝင်ဆင်နွှဲလာသည်။ အင်အားသုံးသိန်းရှိသည့် တပ်ဖွဲ့နှင့် ရင်ဆိုင်ရသောအခါ တပ်သားတစ်သိန်းသုံးသောင်းပင်မပြည့်သော နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံမှာ များစွာ ပိုအားနည်းသယောင်ပင်။
နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံက ဤနှစ်များအတွင်း Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံးမှော်စက်အများအပြား ဝယ်ယူထားသော်လည်း သတို့စစ်တပ်၏ သုံးပုံတစ်ပုံကိုသာ အပြည့်အဝလက်နက်တပ်ဆင်ပေးထားနိုင်သောကြောင့် သူတို့၏ ယေဘုယျစွမ်းအားက ရန်သူကို မယှဉ်နိုင်ချေ။
တိုက်ပွဲစတင်ပြီးနောက် နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံမှာ အကြိမ်ကြိမ် အနိုင်ယူခြင်းခံလိုက်ရသည်။
သူတို့ နောက်ဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းချပေးထားသော မှော်ကာကွယ်ရေးစနစ်၏ အကူအညီနှင့် သူတို့ကိုယ်ပိုင်နယ်မြေမှ ဆုတ်ခွာခဲ့သည့်အချိန်မှ သူတို့ကို ရှေ့မတက်နိုင်အောင် တားနိုင်တော့သည်။
သို့သော် နှစ်ဖက်၏အင်အားအရ နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံတွင် ပြန်တိုက်ရန် အခွင့်အရေးမရှိတော့ချေ။
ရန်သူ့ဘက်မှ ကျွမ်းကျင်ဘုန်းတော်ကြီးများသာ စည်းအားလုံးကျော်ကာ “ကျွမ်းကျင်ဘုန်းတော်ကြီးများ အခြားတိုင်းပြည်ထံ ကျူးကျော်ခြင်းမပြုရ”ဟူသည့် ပြဌာန်းမထားသော စည်းမျဉ်းကို ချိုးဖျက်လိုက်သည်နှင့် နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံ သေချာပေါက် အန္တရာယ်များပေလိမ့်မည်။
လွန်ခဲ့သောနှစ်လက ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာတို့ ရူဒ်ဆန်တိုင်းပြည်နှင့် ဒရိက်ခ်ဒက်ချီကို အသီးသီးကျူးကျော်ခဲ့ပြီးနောက် မောင်းထုတ်ခံလိုက်ရသည့်သတင်းကြောင့် စိုင်စ်နယ်မြေတစ်ခုလုံး တုန်လှုပ်ခဲ့ရသည်။
လွန်ခဲ့သော တစ်လခွဲကလည်း ဤနယ်မြေတွင် အင်ပါယာနှစ်ခုကို ဆိုးဆိုးဝါးဝါးရှုံးနိမ့်စေကာ ဖော့လ်ခ်တိုင်းပြည်၊ ဒရိုမျိုးနွယ်စုတိုင်းပြည်နှင့် အင်ပါယာနှစ်ခု၏ အခြားမဟာမိတ်နိုင်ငံများကို ကျရှုံးစေခဲ့သော Frestech ကုန်သည်ကြီးများအသင်း၏ ပြတ်သားသော တန်ပြန်တိုက်ခိုက်မှုအပေါ် အကြောက်တရားတို့ဖြင့် ပြည့်နှက်နေခဲ့ရ၏။ သူတို့ကို Frestech ကုန်သည်ကြီးများအသင်း၏ စွမ်းအားဖြင့် တုန်လှုပ်စေခဲ့ပြီး ဤနယ်မြေကြီးက ပြောင်းလဲကာ Frestech ကုန်သည်ကြီးများအသင်း၏ ထိန်းချုပ်မှုအောက် ကျရောက်တော့မည်ဟု လူအများအပြားထင်ခဲ့ကြသည်။
သို့သော် ယခု အင်ပါယာနှစ်ခုက အမှန်တကယ်ပင် ခွန်အားဖြည့်တင်းလျှက် ဤအံ့မခမ်းအောင်မြင်မှုများရယူပြီး Frestech ကုန်သည်ကြီးများအသင်း၏ စခန်းများကို မောင်းထုတ်လိုက်ကာ သူတို့ကို မည်သည့်ခွန်အားမျှ ပြခွင့်မပြုချေ။
လူထုအမြင်က တစ်ဖန်ပြန်၍ ဦးတည်ဘက်ပြောင်းသွားသည်။
လူတိုင်းနီးပါးက အင်ပါယာနှစ်ခုသည် နယ်မြေ၏ ဓလေ့ထုံးစံကို ကိုယ်စားပြုသည်ဟု ဖော်ပြလျှက် အင်ပါယာနှစ်ခုအတွက် ဂုဏ်ပြုစကားများ သီကြူးနေကြ၏။
Frestech ကုန်သည်ကြီးများအသင်းတွင် ပစ္စည်းအသစ်အဆန်းအချို့ကြောင့် အားသာချက်တစ်ခုမျှသာ ရှိသော်လည်း သူတို့၏အခြေခံအုတ်မြစ်က အင်ပါယာနှစ်ခုလောက်မကောင်းသောကြောင့် အင်ပါယာနှစ်ခုကို မကိုင်လှုပ်နိုင်ချေ။
Frestech ကုန်သည်ကြီးများအသင်း၏ လွှမ်းမိုးမှုအသစ်က အင်ပါယာနှစ်ခု၏ ချေမှုန်းခြင်းခံရပြီး စိုင်စ်နယ်မြေကြီးက ရိုးရာဓလေ့များထံ ပြန်ရောက်တော့မည်ဟု လူအများက ထင်နေကြ၏။
“ဟူး ဒီလူတွေကတော့ မြှောက်လုံးပင့်လုံးတွေနဲ့ ရူးကုန်ကြတော့မှာပဲ” ရှုယီက လက်ထဲမှ သတင်းစာပုံကြီးကိုချကာ မနေနိုင်တော့ဘဲ ခေါင်းယမ်းမိလိုက်ပြီး အပြုံးတစ်ပွင့်ပေါ်လာသည်။
သူတို့ထဲတွင် အချို့က ကန်ဒရာအင်ပါယာမှ၊ အချို့က မားလိုအင်ပါယာမှ၊ အချို့က အင်ပါယာနှစ်ခု၏ မဟာမိတ်အဖွဲ့ထဲရှိ အခြားတိုင်းပြည်များမှဖြစ်သည်။ သူတို့ကြားတွင် အင်ပါယာနှစ်ခုက ဤနယ်မြေပေါ်ရှိ ရိုးရာဓလေ့ကို ကိုယ်စားပြုသည်ဟုသောအမြင် တစ်ညီတစ်ညွတ်တည်းရှိ၏။ Frestech ကုန်သည်ကြီးများအသင်းသည် ဟာသတစ်ခုမျှသာဖြစ်ပြီး ယေဘုယျအခြေအနေကို မပြောင်းလဲနိုင်ဘဲ နောက်ဆုံးတွင် အင်ပါယာနှစ်ခု၏ ချေမှုန်းခြင်းကို ခံရမည်ဟု ထင်နေကြသည်။
ရှုယီက ဤအမြင်ကို တစ်စက်လေးပင် ဂရုမစိုက်သော်လည်း ဤနယ်မြေရှိ လူအများစုက ၎င်းကိုယုံကြည်ကြမှန်း သူသိသည်။ Frestech ကုန်သည်ကြီးများအသင်း၏ မဟာမိတ်အောက်ရှိ တိုင်းပြည်အများအပြားပင် ဤသည်ကို ယုံကြည်ကြ၏။
အကြောင်းအရင်းမှာ အင်ပါယာနှစ်ခုက ပြီးခဲ့သောနှစ်လအတွင်း Frestech ကုန်သည်ကြီးများအသင်းအတွက် အဟန့်အတားကြီးကြီးမားမားဖြစ်စေခဲ့သည့် ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုတစ်ခု စတင်ခဲ့သောကြောင့် လူတိုင်း၏ ယုံကြည်မှုက အလိုလိုယုတ်လျော့လာသည်။
လူများ၏ သဘောထားအမြင်ကို ပြောင်းလဲရန် တစ်ခုတည်းသောနည်းလမ်းမှာ အချက်အလက်များသုံးခြင်းထက် အင်အားသုံးခြင်းဖြစ်၏။
အင်ပါယာနှစ်ခုကို ထိုးနှက်နိုင်သရွေ့ စိုင်စ်နယ်မြေ၏ လူထုအမြင်ကလည်း ပြန်ပြောင်းလဲသွားပေလိမ့်မည်။
“ကလေး ဘာလုပ်ဖို့စီစဥ်ထားလဲ” ကျွမ်းကျင်ဘုန်းတော်ကြီးကမ်မီလာက ရှုယီပစ်ချလိုက်သော သတင်းစာများကိုကြည့်ကာ လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။
ဤမေးခွန်းကိုကြားသောအခါ ရှုယီ သက်ပြင်းချလိုက်၏။
“ကျွန်တော်က လောကကြီးပြောင်းလဲသွားပြီဆိုတာကို အညင်သာဆုံးနည်းလမ်းသုံးပြီး လူတွေကို ပြောပြချင်ခဲ့တာ။ ဒါပေမယ့် ကျွန်တော်မှားသွားတယ်။ အဘိုးရယ်၊ ခင်ဗျားရယ် စတေးလ်ရယ် ပြောတာမှန်တယ်။ ကျွန်တော်က တစ်ခါတစ်လေ အတော်လေး စိတ်ကူးယဉ်ဆန်လွန်းတယ် မဟုတ်ဘူး ကျွန်တော်က တုံးအတယ်လို့တောင် ပြောရမယ်။ ဒီကမ္ဘာကြီးမှာ စကားပြောဖို့ အသုံးအဝင်ဆုံးအရာက လက်သီးပဲ”
ရှုယီက ခဏတိတ်သွားပြီးနောက် သတင်းစာများအပေါ် ဆောင့်ရိုက်ကာ ဆုံးဖြတ်ချက်ချပြီးသော အမူအရာတစ်ခု ပေါ်လာသည်။
“သူတို့က စစ်ပွဲကိုလိုချင်မှတော့ ကျွန်တော်က စစ်ပွဲတစ်ပွဲ ပြန်ပေးရမှာပေါ့”
***
မှော်စက်မှုအင်ပါယာ
Volume 7 အပိုင်း ၁၂၄ ။ ထာဝရသိမ်းပိုက်ထားရင် ပိုကောင်းမှာပဲ
မြောက်လေအေးက လည်ပင်းမှတစ်ဆင့် ဗိုလ်ကြီး နိုကိုမို ၏ အဝတ်များထဲသို့ ဝင်လာသည်။ သူ မနေနိုင်အောင် တုန်ယင်သွားပြီးနောက် အဝတ်များကို တင်းတင်းစေ့ကာ ကျုံ့လိုက်သည်။
မော့ကြည့်လိုက်သောအခါ သူတို့စခန်းအထက်ရှိ တိမ်များက များစွာပိုကြီးနေပြီဖြစ်ပြီး မရိတ်သိမ်းရသေးသော ဝါခင်းတစ်ခင်းကဲ့သို့ သူတို့၏ဦးခေါင်းများထက်၌ တွဲလောင်းကျနေ၏။
“နှင်းကျတော့မယ်ထင်တယ်” ဗိုလ်ကြီး နိုကိုမို က သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သောအခါ သူ့ရှေ့တွင် အခိုးအငွေ့တစ်စု ဖြစ်ပေါ်သွားသည်။
နိုဝင်ဘာလလယ်ရောက်နေပြီဖြစ်သောကြောင့် စိုင်စ်နယ်မြေအလယ်ပိုင်း၏ မြောက်ခြမ်း၊ ယခင်ဖော့လ်ခ်တိုင်းပြည်၏ အလယ်ပိုင်းဒေသဖြစ်သည့် ဂရင်းဝေ့ထ်မြို့အတွက် နှင်းကျခြင်းမှာ မထူးဆန်းပေ။
ဗိုလ်ကြီး နိုကိုမို သည် ဂရင်းဝေ့ထ်မြို့အနီးရှိ ရွာတစ်ရွာမှ ရွာသားတစ်ဦးဖြစ်ပြီး ဤနေရာ၌ ငယ်စဉ်ကတည်းကစ၍ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် နေထိုင်ခဲ့ပြီး ဖော့ခ်ခ်တိုင်းပြည်စစ်တပ်ထဲဝင်ရန်အချိန်မှသာ ထွက်လာခဲ့သောကြောင့် ဤနေရာရှိ ရာသီဥတုနှင့် အသားကျနေပြီဖြစ်သည်။
“အဖွဲ့ခေါင်းဆောင် ဒီလိုရာသီဥတုကြီးမှာတောင် ဘာလို့ ကင်းလှည့်နေရဦးမှာလဲ” နိုကိုမိုနောက်မှ လိုက်လာသော ဖော့လ်ခ်တိုင်းပြည်တပ်သားတစ်ဦးက စောဒကတက်လိုက်သည်။ “ယုန်တွေတောင်မှ ဒီလောက်အေးနေရင် အိမ်ထဲကမထွက်ချင်ဘူး။ အဲ့ဒီလမ်ပူရီတိုင်းပြည်ကလူတွေ ဒီလိုရာသီဥတုကြီးမှာ ကျွန်တော်တို့ကို တိုက်ခိုက်လာမယ်မထင်ပါဘူး”
ဗိုလ်ကြီး နိုကိုမို က သူ့ကိုလှည့်ကြည့်ပြီးနောက် အေးစက်စွာ နှာမှုတ်လိုက်သည်။ “မင်းပါးစပ်ကြီးကို ပိတ်ထားလိုက် မာခန်။ ဒါက အထက်အမိန့်ပဲ။ မင်းမှာ ဆန့်ကျင်ရဲတဲ့သတ္တိရှိလို့လား”
မာခန်ဟုခေါ်သော တပ်သားက တံတွေးထွေးလိုက်ပြီးနောက် တီးတိုးရေရွတ်သည်။ “အဲ့ဒါ ကျွန်တော်တို့ ဖော့လ်ခ်တိုင်းပြည်ခေါင်းဆောင်ရဲ့ အမိန့်မှမဟုတ်တာ။ ဘာလို့ နားထောင်ရမှာလဲ။ အဲ့ဒီမားလိုအင်ပါယာကကောင်တွေက ဒီလိုညစ်ပတ်တဲ့အလုပ်တွေလုပ်ဖို့ပဲ ကျွန်တော်တို့ကိုလွှတ်တာ။ သူတို့မှာအစွမ်းရှိရင် ကိုယ့်ဘာသာလုပ်လို့ရတာပဲ”
ဗိုလ်ကြီး နိုကိုမို က မျက်မှောင်ကြုတ်ကာ ကင်းအဖွဲ့ထဲရှိ အခြားအဖွဲ့ဝင်များကို ကြည့်လိုက်သည်။ သူတို့အားလုံးတွင် မာခန်နှင့်တူညီစွာ မကျေနပ်သော အမူအရာများရှိနေကြောင်း တွေ့လိုက်ရ၏။ သူမနေနိုင်တော့ဘဲ သက်ပြင်းချလိုက်မိသည်။
ဤသည်က မထူးဆန်းပေ။
သူ၏လက်အောက်ငယ်သားများ မကျေနပ်သည်မပြောနှင့်၊ သူပင် မပျော်ရွှင်ပေ။
မားလိုအင်ပါယာ၏ အကူအညီနှင့် သူတို့၏ ထွက်ပြေးနေသော ဖော့လ်ခ်တိုင်းပြည်အစိုးရနှင့် သူတို့လက်အောက်ရှိ စစ်တပ်က လမ်ပူရီတိုင်းပြည်နှင့် ဒရိက်ခ်ဒက်ချီတို့ သိမ်းပိုက်ထားသော နယ်မြေအချို့ကို ပြန်သိမ်းနိုင်ခဲ့သော်လည်း သူတို့၏မဟာမိတ်အဖွဲ့၌ မားလိုအင်ပါယာက ဩဇာသက်ရောက်သော အနေအထားရှိသောကြောင့် အမြဲတမ်း ဖော့လ်ခ်တိုင်းပြည်တပ်သားများကို ညစ်ပတ်သောအလုပ်များခိုင်းရန်သာ စေလွှတ်တတ်၏။ ထို့ပြင် သူတို့က တပ်ဖွဲ့၏ကောင်းကျိုးဆိုးကျိုးကိုလည်း တွက်ချက်ခြင်းမရှိသောကြောင့် သဘာဝကျစွာပင် ဖော့လ်ခ်တပ်သားများက မကျေနပ်ကြချေ။
သို့သော် စစ်တပ်အရာရှိတစ်ဦးဖြစ်သည့် ဗိုလ်ကြီး နိုကိုမိုကမူ သာမန်စစ်သားတစ်ဦးထက် ပိုသိသောကြောင့် ဤအခြေအနေကိုဖြေရှင်းရန် အခြားနည်းမရှိမှန် နားလည်၏။
မားလိုအင်ပါယာ၏ အကူအညီကြောင့်သာမဟုတ်လျှင် ဖော့လ်ခ်တိုင်းပြည်သည် လွန်ခဲ့သောလအနည်းငယ်ကတည်းက ဖျက်ဆီးခံလိုက်ရပြီဖြစ်ပြီး ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးရမည်မဟုတ်ပေ။
မားလိုအင်ပါယာက ကျွမ်းကျင်ဘုန်းတော်ကြီးများစေလွှတ်၍ ပြဌာန်းမထားသော စည်းမျဉ်းကို ချိုးဖျက်လိုက်ခြင်းကြောင့်သာ မဟုတ်လျှင် ဖော့လ်ခ်တိုင်းပြည်က လမ်ပူရီတိုင်းပြည်နှင့် ဒရိက်ခ်ဒက်ချီတို့ကို မည်သည်မျှ လုပ်နိုင်မည်မဟုတ်ပေ။ ဖော့လ်တိုင်းပြည်၏ ကိုယ်ပိုင်အစွမ်းနှင့် သူတို့၏တိုင်းပြည်ကို ပြန်သိမ်းပိုက်နိုင်ရန် မျှော်လင့်ချက်မရှိချေ။
ထို့ကြောင့် အဆုံးတွင် ဖော့လ်ခ်တိုင်းပြည်က မားလိုအင်ပါယာအပေါ်၌ လုံးလုံးလျားလျား မှီခိုနေရသောကြောင့် သူတို့၏အခြေအနေများအကြောင်း ပြောပြရန် မည်သို့ အရည်အချင်းပြည့်မီပါမည်နည်း။
ဗိုလ်ကြီး နိုကိုမို က တပ်သားများ၏ မကျေနပ်ချက်ကို နားလည်၏။ သို့သော် တစ်ဖက်တွင် သူ အတော်လေးမကျေနပ်သော်လည်း ကျေးဇူးလည်းတင်မိသည်။ မားလိုအင်ပါယာ၏ အကူအညီကြောင့်သာမဟုတ်လျှင် သူ့ဘဝတွင် ဤရင်းနှီးကျွမ်းဝင်နေသော ဤနယ်မြေကို ပြန်ရရန် အတော်လေးခက်ခဲပေလိမ့်မည်။
လမ်ပူရီတိုင်းပြည်နှင့် ဒရိက်ခ်ဒက်ချီတပ်ဖွဲ့များက ဖော့လ်ခ်တိုင်းပြည််နှင့် မားလိုအင်ပါယာတပ်ဖွဲ့များအား တိုက်ထုတ်ခဲ့ပြီး ဂရင်းဝေ့ထ်မြို့ကို သိမ်းယူလိုက််သည့် လွန်ခဲ့သော လအနည်းငယ်ကတည်းက ဗိုလ်ကြီး နိုကိုမိုသည် အနီးအနားရှိရွာမှ သူ၏မိသားစုနှင့် လုံးလုံးလျားလျား အဆက်အသွယ်ပြတ်တောက်သွားခဲ့ရသည်။
သို့သော် ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့က ဂရင်းဝေ့ထ်မြို့ကို ပြန်သိမ်းယူခဲ့သည့် လွန်ခဲ့သောလဝက်ခန့်က ဗိုလ်ကြီး နိုကိုမို သည် အားလပ်ချိန်တွင် တစ်ခေါက်ပြန်သွားနိုင်ခဲ့ပြီး မိသားစုနှင့် အဆက်အသွယ်ပြန်ရခဲ့သည်။
ဤအတွက်ကြောင့် ဗိုလ်ကြီး နိုကိုမို က မားလိုအင်ပါယာကို အတော်လေးကျေးဇူးခဲ့၏။
သို့သော် သူ့မိသားစုနှင့် ပြန်တွေ့ပြီးနောက် ဖြစ်ပျက်ခဲ့သည်တို့ကို စဉ်းစားကြည့်လျှင် သူ၏ မားလိုအင်ပါယာအပေါ် ကျေးဇူးတင်စိတ်က ထိုမျှမခိုင်မာဟု ဗိုလ်ကြီး နိုကိုမို ခံစားရသည်။
သူ့မိသားစုနှင့် ပြန်တွေ့ပြီးနောက် သူ့မိသားစုသည် လမ်ပူရီတိုင်းပြည်စစ်တပ်၏ လက်အောက်တွင် နှိပ်စက်ခြင်းမခံရသည့်အပြင် အတော်လေး ကျန်းမာပျော်ရွှင်နေပုံပေါ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူတို့က သူနှင့်အဆက်အသွယ်ပြတ်နေသည့်အတွက် အတော်လေးစိုးရိမ်ပူပန်နေရမည့်အစား သူတို့၏ဘဝများက မတိုင်မီကထက် ပိုကောင်းနေသည်။
လမ်ပူရီတိုင်းပြည်၏ သိမ်းပိုက်မှုအကြောင်း ပြောချိန်တွင် သူ့မိသားစုက လမ်ပူရီတိုင်းပြည်နှင့်ပတ်သတ်၍ မကျေနပ်ချက်မရှိဘဲ ချီးကျူးစကားများနှင့်ပင် ပြည့်နေ၏။ လမ်ပူရီတိုင်းပြည်က ဤနေရာကိုသိမ်းပိုက်ပြီးနောက် တစ်နှစ်စီတွင် သာမန်ရွာသူရွာသားများ ပေးဆောင်ရသည့် အခွန်များကို လျှော့ချပေးပြီး မိုးရာသီသီးနှံစိုက်ပျိုးရေးအတွက် ကူညီရန် စိုက်ပျိုးရေးသုံးမှော်စက်တစ်စုကို ပို့ပေးခဲ့သည်။ ၎င်းက သူတို့၏ ယခုနှစ် မိုးရာသီစိုက်ပျိုးရေးကို ခြွင်းချက်မရှိ လွယ်ကူစေခဲ့သည်။
ဤအချက်ကြောင့် ဗိုလ်ကြီး နိုကိုမို ၏ မိဘများနှင့် အရွယ်ရောက်နေပြီဖြစ်သော သူ၏ညီလေးတို့သည် ဂရင်းဝေ့ထ်မြို့၌ လမ်ပူရီကုမ္ပဏီများက တည်ထောင်ထားသော စီးပွားရေးလုပ်ငန်းများတွင် လအနည်းငယ်ခန့် အလုပ်သွားလုပ်ရန် အချိန်ရှိလာပြီး ထိုအတွက်ကြောင့် ဤကာလအတွင်း ရွှေဒင်္ဂါးသုံးဆယ်ကျော် ရခဲ့သည်။
ဤအခြေအနေက ဗိုလ်ကြီး နိုကိုမိုကို အံ့ဩသွားစေပြီး သူ့ရင်ထဲတွင် သံသယအနည်းငယ်ပင် ရှိလာခဲ့သည်။
ဂရင်းဝေ့ထ်မြို့သည် ဖော့လ်ခ်တိုင်းပြည်၏ မြို့စား ကောင့်ထ် ဂရင်း ၏ ကိုယ်ပိုင်နယ်မြေ ဖြစ်ခဲ့ဖူး၏။ ဤနယ်မြေကို ဖော့လ်ခ်အစိုးရ အုပ်ချုပ်ခဲ့စဉ်က ဖော့လ်ပြည်သူပြည်သားများသည် သူတို့၏အစာအိမ်များကိုဖြည့်ရန် အစားအစာအချို့သာချန်လျှက် ကောင့်ထ် ဂရင်း အား ပမာဏမြင့်မားသော အခွန်အခများကို ပေးဆောင်ခဲ့ရသည်။
ကောင့်ထ် ဂရင်း က တိုင်းသူပြည်သားများအပေါ်ကြင်နာပြီး စောင့်ရှောက်ပေးလိုသော အုပ်ချုပ်သူအနည်းစုထဲမှ တစ်ဦးဖြစ်သည့်တိုင်အောင် ဗိုလ်ကြီး နိုကိုမိုအပါအဝင် သူ့နယ်မြေထဲရှိ လူအားလုံးနီးပါး အလွန်သောကများသော ဘဝများ၌ နေထိုင်ခဲ့ရပြီး သူတို့အတွက် ဆာလောင်ငတ်မွတ်နေသည်မှာ ပုံမှန်ပင်။
ဂရင်းဝေ့ထ်မြို့အနီးတစ်ဝိုက်နယ်နိမိတ်သည် လမ်ပူရီတိုင်းပြည်၏ ထိန်းချုပ်မှုအောက် ကျရောက်သွားပြီးနောက် တိုင်းသူပြည်သားများပေးဆောင်ရသော အခွန်အများစုမှ လွတ်မြောက်ခဲ့ပြီး တိုင်းသူပြည်သားများ၏ ဘဝများက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
အခြားအရာများမပြောနှင့် ဗိုလ်ကြီး နိုကိုမို၏ မိသားစုသည်ပင် ဤမိုးရာသီစိုက်ပျိုးရေး၌ ဂျုံပေါင်တစ်ထောင့်သုံးရာခန့် ရိတ်သိမ်းနိုင်ခဲ့သည်။
မတိုင်မီကဆိုလျှင် ဤအထဲမှ ပေါင်ရှစ်ရာလောက်က ကောင့်ထ် ဂရင်း ထံ ရောက်သွားရပြီး စိုက်ပျိုးရန်အတွက် ဘေးဖယ်ထားလိုက်လျှင် သူတို့အတွက် ပေါင်လေးရာဝန်းကျင်သာ ကျန်၏။
စစ်တပ်ထဲတွင် စာရင်းသွင်းလိုက်သည့် ဗိုလ်ကြီး နိုကိုမို မှလွဲလျှင် သူ့မိသားစုတွင် လူငါးယောက်ရှိပြီး နောက်နှစ်နွေဦးအထိ အသက်ရှင်ရန် ဤဂျုံပေါင်လေးရာအပေါ် မှီခိုနေရသည်မှာ သေချာပေါက် ခက်ခဲပေသည်။
သို့သော် လမ်ပူရီတိုင်းပြည်၏ သိမ်းပိုက်ခြင်းခံရပြီးနောက် လမ်ပူရီတိုင်းပြည်က ကြေညာလိုက်သော မူဝါဒအသစ်များအရ ဤပေါင်တစ်ထောင့်သုံးရာအနက် ပေါင်သုံးရာကိုသာ အခွန်သိမ်းပြီး ကျန်သည့်အားလုံးက နိုကိုမို ၏ မိသားစုအတွက် အသုံးပြုရန်ဖြစ်၏။
ဂျုံပေါင်တစ်ထောင်သည် မဖြစ်စလောက်ဂျုံပေါင်လေးရာနှင့်ယှဉ်လျှင် နှစ်ဆကျော်ဖြစ်သည်။ ဗိုလ်ကြီး နိုကိုမို၏ မိသားစု ယခင်ကထက် နေထိုင်မှုပိုအဆင်ပြေလာသည်မှာ သဘာဝပင်။
ထို့ပြင် လမ်ပူရီတိုင်းပြည်က ဂရင်းဝေ့ထ်မြို့ကို သိမ်းပိုက်ပြီးနောက် လမ်ပူရီတိုင်းပြည်၊ ဒရိက်ခ်ဒက်ချီနှင့် ရူဒ်ဆန်တိုင်းပြည်တို့မှ ကုမ္ပဏီအများအပြား ရောက်လာကာ ဂရင်းဝေ့ထ်မြို့၌ စတင်၍ လုပ်ငန်းထူထောင်လာကြ၏။
သူတို့က ဒေသခံအများအပြား ငှားရမ်းကာ လူပေါင်းများစွာအား အလုပ်ရအောင် ကူညီပေးခဲ့သည်။ ထိုတိုင်းသူပြည်သားများသည် သူတို့စိတ်ပင်ကူးမကြည့်ခဲ့ဖူးသော ရွှေဒင်္ဂါးအများအပြား ရရှိလာကြသည်။
ထိုရွှေဒင်္ဂါးများနှင့် နိုကိုမို မိသားစုသည် အလွန်အေးဆေးသာယာသော ဘဝတွင် နေထိုင်နိုင်ခဲ့၏။
အစာရေဆာပြတ်လပ်မှုကြောင့် ဆောင်းရာသီတိုင်းက နိုကိုမို ၏မိသားစုအတွက် အခက်ခဲဆုံး ဖြစ်ခဲ့သော်လည်း ဤနှစ်ဆောင်းတွင်မူ နိုကိုမို ၏မိသားစုသည် သူ့မိဘများနှင့် သူ့ညီလေးတို့ရသော လစာများနှင့် လမ်ပူရီတိုင်းပြည်၏ အာမန်နီ ကုန်သည်ကြီးများအသင်းထံမှ မိသားစုဝင်တစ်ယောက်စီအတွက် အနွေးထည်နှစ်ထည်ပင် ဝယ်နိုင်ခဲ့သောကြောင့် မတိုင်မီကကဲ့သို့ မအေးတော့ပေ။
သူ၏ညီလေးနှင့် ညီမလေးတို့က သူတို့၏ အနွေးထည်အသစ်များအား ကြွားနေသည်ကို ပြန်တွေးမိကာ ဗိုလ်ကြီး နိုကိုမို မှာ မနေနိုင်တော့ဘဲ သူ့အဝတ်အစားများကို ငုံ့ကြည့်လိုက်မိ၏။
အရာရှိတစ်ဦးအနေဖြင့် သူရရှိထားသော အဝတ်များက သာမန်စစ်သားတစ်ဦးထက် များစွာပိုကောင်းမွန်သော်လည်း ၎င်းက စုတ်ပြဲလုနီးပါး သားရေအနွေးအင်္ကျီသာဖြစ်သည်။
ဤအင်္ကျီ မည်မျှပေါ့ကြောင်း ခံစားရရန် ထိကြည့်စရာမလိုချေ။ အင်္ကျီမှတစ်ဆင့် ထိုးဖောက်ဝင်လာသော လေအေးကိုပင် ခံစားရပြီး ဤအင်္ကျီ မည်မျှအရည်အသွေးနိမ့်ကြောင်း ပြသနေသည်။
သို့သော် ၎င်းက အရည်အသွေးနိမ့်အင်္ကျီဖြစ်နေလျှင်တောင် ၎င်းကိုရရှိချိန်က သူ့လစာမှ ရွှေဒင်္ဂါးသုံးပြား ဖြတ်သွား၏။
သိထားရမည်မှာ သူ၏ ဗိုလ်ကြီးတစ်ယောက်အနေဖြင့် နှစ်စဉ်လုပ်အားခက ရွှေဒင်္ဂါးဆယ့်ငါးပြားသာဖြစ်သည်။
ဤသို့တွေးကာ ဗိုလ်ကြီး နိုကိုမို မှာ မနေနိုင်တော့ဘဲ ခါးသီးသော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာ၏။
ယခင်က သူ၏ နှစ်စဉ်လုပ်အားခ ရွှေဒင်္ဂါးဆယ့်ငါးပြားသည် သူ့မိသားစုအတွက် ကြီးမားသော အထောက်အပံ့ဖြစ်ခဲ့ပြီး သူ့မိသားစုကို ရွာထဲမှ အခြားမိသားစုများထက် အနည်းငယ်ပိုကောင်းသော ဘဝ၌ နေထိုင်နိုင်စေခဲ့သည်။ ၎င်းက သူအိမ်ပြန်သည့် တစ်ခေါက်စီတိုင်း မျက်နှာသာပေး၍ ဆက်ဆံခံရစေခဲ့သည်။
သို့သော် ယခု သူ့ညီလေးက ဂရင်းဝေ့ထ်မြို့၌ တည်ထောင်ထားသော လမ်ပူရီစီးပွားရေးလုပ်ငန်းများအတွက် အလုပ်သွားလုပ်ပေးရုံဖြင့် ရွှေဒင်္ဂါးဆယ်ပြားကျော် ရနေသည်။
သူ့မိဘများ၏ဝင်ငွေနှင့် ပေါင်းလိုက်လျှင် သူ၏ရွှေဒင်္ဂါးဆယ့်ငါးပြားက ထိုမျှအရေးမပါတော့ချေ။
သူ၏ညီလေးနှင့် ဤအကြောင်းပြောချိန်တွင် သူ့ညီလေးက အထင်သေးသော အမူအရာနှင့် သူ စစ်သားတစ်ယောက်မလုပ်သင့်ဘဲ လမ်ပူရီတိုင်းပြည်၏ စက်ရုံများအတွက် အလုပ်လုပ်ပေးသင့်ကြောင်း ပြောခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် အလုပ်ကောင်းကောင်းလုပ်လျှင် ထိုစက်ရုံများ၌ တစ်လ ရွှေဒင်္ဂါးဆယ့်ငါးပြားရရန် မခက်ခဲကြောင်း သူကြားခဲ့သောကြောင့်ပင်။
ဤအချက်အပြင် သိသိသာသာ ကွဲပြားခြားနားသည့် နောက်တစ်ခုရှိသေးသည်။
သူ၏ညီလေးနှင့် ညီမလေးတို့ ဝတ်ဆင်ထားသည့် အဝတ်အစားများသည် အလွန်နွေးကာ ကြည့်ကောင်းပြီး ၎င်းကို အာမန်နီ ကုန်သည်ကြီးများအသင်းထံမှ ဝယ်ချိန်က တစ်ထည်လျှင် ငွေဒင်္ဂါးအပြားလေးဆယ်သာ ပေးရပြီး နှစ်ထည်ဝယ်လျှင် ငွေဒင်္ဂါးဆယ်ပြားပင် လျှော့ဈေးရ၏။
ဤသည်နှင့် နှိုင်းစာသော် သူဝတ်ထားသော အနွေးထည်မှာ မည်သည့်တန်ဖိုးမျှမရှိတော့ချေ။
သို့သော် အတိတ်က ဖော့လ်ခ်တိုင်းပြည်၌ဖြစ်စေ ပြီးခဲ့သော လအနည်းငယ်အတွင်းက မားလိုအင်ပါယာ၌ဖြစ်စေ ဝါဂွမ်းဈေးက အဆမတန်မြင့်နေဆဲဖြစ်သောကြောင့် ဗိုလ်ကြီး နိုကိုမို မှာ စောဒကမတက်နိုင်ချေ။
ဤပါးလွှာသော ဂွမ်းအနွေးထည်လေးကို ရွှေဒင်္ဂါးနှစ်ပြားဖြင့် ရောင်းချခြင်းမှာ ပြဿနာဟုမဆိုနိုင်ပေ။
ထို အကျိုးနည်း အာမန်နီ ကုန်သည်ကြီးများအသင်းက မည်သို့ဖြစ်၍ ဤမျှ ဈေးပေါပေါနှင့် ရောင်းနိုင်သည်ကို ဘုရားသာသိပေလိမ့်မည်။ သူတို့ အရင်းရှုံးမည်ကို မကြောက်ပေဘူးလော။
သို့သော် ထိုအကြောင်းကို စဉ်းစားကြည့်လျှင် ဖော့လ်ခ်တိုင်းပြည်က အာမန်နီ ကုန်သည်ကြီးများအသင်း၏ သူတို့ဈေးကွက်ထဲဝင်မည့်ကိစ္စကို ငြင်းပယ်သည်မှာ ဆီလျော်မှုရှိပေသည်။ အာမန်နီ ကုန်သည်ကြီးများအသင်းသာ ဝင်လာလျှင် ဆောင်းရာသီရောက်တိုင်း ဂွမ်းကပ်အင်္ကျီများရောင်းချခြင်းကို မှီခိုကာ ချမ်းသာလာသော ကုန်သည်များ အရင်းရှုံးသွားပေလိမ့်မည်။
သို့သော်.... ဤအရာက သာမန်ပြည်သူပြည်သားများနှင့် မည်သို့သက်ဆိုင်မည်နည်း။
ငွေဒင်္ဂါးလေးတစ်ပြားကိုပင် ချွေတာသုံးစွဲနေရသော အရပ်သူအရပ်သားတစ်ယောက်အနေဖြင့် မည်သူက ပိုဈေးသက်သာ၊ ပိုနွေးထွေးပြီး ပို၍ပင်ကြည့်ကောင်းသော ဂွမ်းကပ်အင်္ကျီအသစ်များကို မဝယ်ချင်ဘဲနေမည်နည်း။
“အစ်ကိုကြီး ဒီနေရာကို လမ်ပူရီတိုင်းပြည်ကပဲ တစ်သက်လုံး သိမ်းပိုက်ထားရင်ကောင်းမှာပဲ”
သူ၏ ဆယ့်တစ်နှစ်အရွယ်ညီမလေး၏ မျက်လုံးဝိုင်းကြီးများနှင့် ပြောလိုက်သည့် ရိုးသားလှသော စကားတို့ကို တွေးမိသောအခါ နိုကိုမို ၏မျက်နှာထက်ရှိ ခါးသီးသော အပြုံးက ပိုပီပြင်လာသည်။
ဤစကားများက ရိုးစင်းသော်လည်း သူ့ညီမလေး၏ အတွင်းကျကျအတွေးများ မဟုတ်ပေလော။ ၎င်းက သူ၏မိဘများ၊ သူ၏ညီလေးနှင့် ဂရင်းဝေ့ထ်မြို့အနီးတစ်ဝိုက်တွင် နေထိုင်သော မြို့သူမြို့သားအားလုံး၏ အတွေးပင် မဟုတ်ပေလော။
***
မှော်စက်မှုအင်ပါယာ
Volume 7 အခန်း ၁၂၅ ။ ကြွယ်ဝလှသော လမ်ပူရီစစ်တပ်
ကင်းအဖွဲ့က သူတို့လမ်းကြောင်းအတိုင်းလှည့်ကာ ဂရင်းဝေ့ထ်မြို့မှထွက်ခွာလာပြီး တောင်တန်းတစ်ခုသို့ ရောက်သည်အထိ အနောက်တောင်ဘက်သို့ ငါးကီလိုမီတာခန့် ချီတက်သွားကြသည်။
ဤတောင်တန်းသည် ဖော့လ်ခ်တိုင်းပြည်တွင် အကြီးဆုံးတောင်တန်းဖြစ်ပြီး ၎င်းကို ဂရီဂိုရီ ဟျူ့စ် တောင်တန်းဟု ခေါ်၏။
ဂရင်းဝေ့ထ်မြို့မှ တောင်ဘက်သို့သွားရာတွင် သူတို့က တောင်ကြားလမ်းငယ်ကို မဖြတ်လိုလျှင် ဂရီဂိုရီ ဟျူ့စ် တောင်တန်းကိုရှောင်ကွင်းရန်အတွက် အရှေ့ သို့မဟုတ် အနောက်သို့ ကီလိုမီတာပေါင်းများစွာသွားမှသာ ရပေလိမ့်မည်။
ထို့ကြောင့် ဤတောင်တန်းသည် ဖော့လ်တိုင်းပြည်အရှေ့ဘက်ခြမ်း၏ တောင်နှင့်မြောက်ကြားမှ သဘာဝအတားအဆီးဖြစ်လာ၏။
လွန်ခဲ့သောတစ်လခန့်က ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့၏ တိုက်ခိုက်မှုအောက်တွင် လမ်ပူရီစစ်တပ်က ဂရီဂိုရီ ဟျူ့စ် တောင်တန်းထံ ဆုတ်ခွာသွားခဲ့ရသည်။ သူတို့က ဂရီဂိုရီ ဟျူ့စ် တောင်တန်းကိုဖြတ်ကျော်ရန် တစ်ခုတည်းသောလမ်းကြောင်းဖြစ်သည့် အရုဏ်ဦးတောင်ကြားထဲတွင် သူတို့တည်ဆောက်ထားသော ခံတပ်များအပေါ် မှီခို၍ ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်အဖွဲ့ကို တွန်းလှန်ခဲ့သည်။
လမ်ပူရီတိုင်းပြည်က တည်ဆောက်ထားသော ခံတပ်များက အမှန်တကယ် ခိုင်ခံ့လှသည်ဟု ဆိုရပေမည်။
ယခုလထဲတွင် ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့က ဆယ့်လေးကြိမ်တိုက်ခိုက်ခဲ့ပြီး ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးက အားအကောင်းဆုံး မှော်ပညာရှင်များကို တိုက်ခိုက်ရန် ဦးဆောင်ခဲ့သည့် အကြိမ်များရှိသော်လည်း ထိုခံတပ်များက်ု မထိုးဖောက်နိုင်သေးပေ။
လမ်ပူရီစစ်တပ်၏ တန်ပြန်တိုက်ခိုက်မှုအောက်တွင် ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့မှာ ကြီးကြီးမားမား သေကြေပျက်စီးမှုများပင် ကြုံရ၏။ တိုက်ပွဲစပြီးတစ်လမပြည့်မီ ကျဆုံးတပ်သား နှစ်သောင်းနှင့် ပြင်းပြင်းထန်ထန် ထိခိုက်မိသောတပ်သား လေးသောင်းကျော်နှင့်အတူ အပေါ်ယံဒဏ်ရာရသော တပ်သားပေါင်း မရေမတွက်နိုင်အောင်အထိ ရှိလာသည်။
သို့သော် ဒါက ဘာမှမဟုတ်သေးပေ။ အမှန်တကယ်ဆုံးရှုံးမှုအစစ်မှာ ဤတိုက်ပွဲဆယ့်လေးခုအတွင်း ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာ မဟာမိတ်တပ်ဖွဲ့မှ အဆင့်မြင့်မှော်ပညာရှင်တစ်ရာကျော်နှင့် မဟာမှော်ပညာရှင်နှစ်ဦးပင် ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။
အတူတိုက်ခိုက်နေသော ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးပင် မည်သည်မျှ မလုပ်နိုင်ချေ။ ဤတောင်တန်းသည် ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့အတွက် မကျော်လွှားနိုင်သော သဘာဝအတားအဆီးတစ်ခု ဖြစ်လာကာ သူတို့ နောက်ထပ်အောင်ပွဲများရယူပြီး ကျန်သည့် ဖော့လ်ခ်တိုင်းပြည်နယ်မြေများအား လမ်ပူရီတိုင်းပြည်ထံမှ ပြန်သိမ်းယူခြင်းကို ရပ်တန့်သွားစေခဲ့သည်။
ပြီးခဲ့သောသီတင်းပတ်အတွင်း ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့က အရုဏ်ဦးတောင်ကြားအား တိုက်ခိုက်ခြင်းကို ယာယီ ရပ်ထားလိုက်သည်။ သူတို့က ပိုကောင်းသော အစီအစဉ်များနှင့် ပြန်မလာမီ လမ်ပူရီတိုင်းပြည်ထံမှ ပြန်သိမ်းယူထားသော ဖော့လ်ခ်တိုင်းပြည်နယ်မြေများကို တည်ငြိမ်အောင်အရင်လုပ်ခြင်းက ပိုကောင်းသည်ဟု ဆုံးဖြတ်လိုက်၏။
ထို့ကြောင့် တပ်ဖွဲ့နှစ်ဖွဲ့က လောလောဆယ်တွင် ဂရီဂိုရီ ဟျူ့စ် တောင်တန်းအနီးတွင် ရှေ့မတိုးသာနောက်မဆုတ်အခြေအနေ၌ ကျရောက်နေကြသည်။
ဤအခြေအနေမှာ နှစ်ဖက်ကြားရှိ ငြိမ်းချမ်းရေးက အမှန်တကယ် ကြာမြင့်မည်ဟု သေချာပေါက် မဆိုလိုပေ။
ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့ဖြစ်စေ လမ်ပူရီစစ်တပ်ဖြစ်စေ အခွင့်အရေးရသည်နှင့် ထပ်မံတိုက်ခိုက်ပေလိမ့်မည်။
ထို့ကြောင့် ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့က ဂရီဂိုရီ ဟျူ့စ် တောင်တန်းတစ်ဝိုက်တွင် ကင်းသမားအင်အားတိုးထား၏။ ၎င်းက လမ်ပူရီတိုင်းပြည်၏ အလစ်ငိုက်တိုက်ခိုက်လာခြင်းကို ကာကွယ်ရန်အပြင် လမ်ပူရီစစ်တပ်၏ စည်းများကို ထိုးဖောက်ကျော်လွှားရန် နည်းလမ်းရှိမရှိ သိရန်လည်းဖြစ်သည်။
ဗိုလ်ကြီး နိုကိုမို ဦးဆောင်သော ဖော့လ်ခ်တိုင်းပြည်တပ်သားဆယ့်ခုနစ်ယောက်အုပ်စုသည် ထောက်လှမ်းရေးတာဝန်ကျသော အဖွဲ့များစွာထဲမှ တစ်ဖွဲ့ဖြစ်၏။
ဗိုလ်ကြီး နိုကိုမို နှင့် သူ၏ငယ်သားများက ပြီးခဲ့သောရက်အနည်းငယ်အတွင်း ပတ်ပတ်လည်နယ်နိမိတ်ကို အကြိမ်ပေါင်းများစွာ ကင်းလှည့်ခဲ့ကြသည်။ သူတို့ မျက်လုံးများမှိတ်ထားလျှင်တောင် လမ်းရှာတွေ့နိုင်သောကြောင့် စစ်ဆေးနေစရာ မလိုချေ။
ယခု သူတို့က အလှမ်းကွာဝေးသော ဂရီဂိုရီ ဟျူ့စ် တောင်တန်းကို သူတို့မျက်စိနှင့်မြင်နိုင်သော နေရာတစ်နေရာထံ ဝင်ရောက်လာသည်။ ဤနေရာက သူတို့ သတိကြီးကြီးထားရန်လိုသည့် နေရာဖြစ်၏။
မတိုင်မီက လမ်ပူရီစစ်တပ်နှင့် တိုက်ခိုက်ခြင်းမှရလာသော အချက်အလက်အရ လမ်ပူရီစစ်တပ်တွင် ပစ်ခတ်မှုအကွာအဝေး လေးကီလိုမီတာရှိသော Frestech ကုန်သည်ကြီးများအသင်း၏ နောက်ဆုံးပေါ်မှော်အမြောက်များ တပ်ဆင်ထားခြင်းဖြစ်သည်။
သူတို့သာ ဂရီဂိုရီ ဟျူ့စ် တောင်တန်းထိပ်မှ ပစ်လိုက်လျှင် ထိုအကွာအဝေးက ငါးကီလိုမီတာအထိ ရောက်ပေလိမ့်မည်။
ထို့ကြောင့် ဗိုလ်ကြီး နိုကိုမို နှင့် သူ၏ငယ်သားများ ဤနယ်နိမိတ်ထဲ ဝင်လာသည်နှင့် လမ်ပူရီတိုင်းပြည်၏ မှော်အမြောက်များဖြင့် အချိန်မရွေး တိုက်ခိုက်ခံရနိုင်ပေသည်။
သို့သော် ၎င်းက ယူဆချက်အရသာဖြစ်၏။
လမ်ပူရီတိုင်းပြည်က သူတို့၏ တန်ဖိုးကြီးလက်နက်ခဲယမ်းများကို ဤစစ်ဆေးရေးအဖွဲ့များအပေါ်၌ ဖြုန်းတီးမည်မဟုတ်ပေ။ ထိုအဖိုးတန်အရင်းအမြစ်များကို ပုံမှန်အားဖြင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများအတွင်းသုံးရန် စုဆောင်းထားလေ့ရှိသည်။
စောင့်ကြည့်ရေးနှင့် ထောက်လှမ်းရေးများလုပ်ဆောင်ရာတွင် မှော်လေသင်္ဘောများ စေလွှတ်၍ သူတို့အောက်ရှိအခြေအနေအား စစ်ဆေးသည်မှလွဲ၍ ဂရီဂိုရီ ဟျူ့စ် တောင်တန်းကို ကင်းထောက်ရန် အဖွဲ့ငယ်များသာ စေလွှတ်တတ်သည်။
အနိုင်ယူရန်မဖြစ်နိုင်သော ဧရာမမှော်လေသင်္ဘောများကို တွေးမိပြီး ဗိုလ်ကြီး နိုကိုမို က ကောင်းကင်ထံ မော့ကြည့်လိုက်မိ၏။ အနက်ရောင်အစက်လေးတစ်စက်မျှပင် ရှိမနေသည်ကို တွေ့ပြီးနောက် သူက ခေါင်းတစ်ချက်ဆတ်ကာ ပြန်တည်ငြိမ်သွားသည်။
လမ်ပူရီတိုင်းပြည်၏ မှော်လေသင်္ဘောများထံမှ ထောက်လှမ်းစစ်ဆေးမှုကြောင့် သူတို့၏ အစီအစဉ်များ အလွယ်တကူ ထွင်းဖောက်မြင်လိုက်ရသည့်အတွက် ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့မှာ အတော်လေး ဒုက္ခရောက်ခဲ့ရသည်။
လွန်ခဲ့သောနှစ်ရက်ခန့်ကပင် ဂရီဂိုရီ ဟျူ့စ် တောင်တန်းအနီး၌ ထောက်လှမ်းရေးအဖွဲ့သုံးဖွဲ့ လမ်ပူရီစစ်တပ်၏ တိုက်ခိုက်ခြင်းခံခဲ့ရ၏။ လူတစ်ယောက်မျှပင် ပြန်မလာခဲ့ချေ။
ထို့ကြောင့် ဗိုလ်ကြီး နိုကိုမို တို့အဖွဲ့က တစ်ပတ်အတွင်း လမ်ပူရီစစ်တပ်၏ အရိပ်အယောင်တစ်ခုပင် မတွေ့ခဲ့ရသော်လည်း သူက တစ်ချိန်လုံး သတိကြီးကြီးထားကာ အာရုံစိုက်ခံရမည့်ကိစ္စများ မလုပ်မိအောင် ရှောင်ကြဉ်နေဆဲပင်။
သူ၏အဖွဲ့ကို ဂရီဂိုရီ ဟျူ့စ် တောင်တန်းတစ်ဝိုက်ရှိ တောအုပ်များထဲသို့ နှစ်ကီလိုမီတာခန့် ဦးဆောင်ခေါ်လာပြီးနောက် ဗိုလ်ကြီး နိုကိုမို က သူ့အဖွဲ့ကို ရပ်တန့်ရန် အချက်ပြလိုက်၏။ သူ လက်မြှောက်လိုက်ပြီး လူတိုင်းက နေရာယူကာ သတိကြီးကြီးထားလိုက်ကြသည်။
အသင့်ပြင်ထားလျှင် သူ့အဖွဲ့က ပြင်ဆင်မထားသော လမ်ပူရီတိုင်းပြည်၏ မည်သည့်အဖွဲ့ကိုမဆို ချေမှုန်းနိုင်မည်ဟု ဗိုလ်ကြီး နိုကိုမို ယုံကြည်သည်။
သို့သော် တစ်ဖက်က ပြင်ဆင်ထားလျှင်… အများကြီးတွေးနေစရာမလိုဘဲ အသက်ရှင်လျှက် ထွက်ပြေးခြင်းက ပိုကောင်းပေလိမ့်မည်။
လမ်ပူရီတိုင်းပြည်နှင့် ဆင်နွှဲခဲ့သော မရေမတွက်နိုင်သည့် ပစ်ခတ်တိုက်ခိုက်မှုများက သက်သေဖြစ်၏။ ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့တွင် လမ်ပူရီတိုင်းပြည်ထက် တပ်သားအင်အား အဆပေါင်းများစွာ ပိုရှိသော်လည်း သူတို့၏ တစ်ခုတည်းသော အားသာချက်မှာ ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦး၏ အကူအညီဖြစ်သည်။
ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦး၏ အကူအညီသာမရှိလျှင် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတစ်ခုတွင် ဗိုလ်ကြီး နိုကိုမို ကဲ့သို့ ရိုးရာဓလေ့အတိုင်း ဓားများသာကိုင်ဆောင်ထားသော တပ်သားများမှာ စစ်ဘက်သုံးမှော်စက်များ တပ်ဆင်ထားသော လမ်ပူရီတပ်သားများ၏ အလွယ်တကူ ရှင်းပစ်ခြင်းခံရပေလိမ့်မည်။
‘ဟူး ငါတို့လည်း လမ်ပူရီတပ်သားတစ်ယောက်လောက် ဖမ်းနိုင်ရင် ကောင်းမှာပဲ။ သူတို့မပြင်ဆင်ထားတဲ့အချိန် သူတို့ကို ရှင်းပစ်နိုင်ရင် သူတို့လက်နက်တွေ ယူသွားလို့ရတယ်’
လမ်ပူရီတပ်သားများတွင်ရှိသော စွမ်းအားကြီးသည့် ကိုယ်ပိုင် စစ်ဘက်သုံးမှော်စက်များကို တွေးမိသောအခါ ဗိုလ်ကြီး နိုကိုမို မှာ မနေနိုင်တော့ဘဲ တံတွေးမျိုချလိုက်မိသည်။
ထိုလက်နက်များရှိလျှင် သူလည်း မှော်ပညာရှင်တစ်ဦးကိုပင် တစ်ယောက်တည်းစိန်ခေါ်ရန် မျှော်လင့်ချက်ရှိကောင်းရှိလာပေလိမ့်မည်။
သို့သော် လမ်ပူရီတပ်သားတစ်ယောက်နှင့်တွေ့ပြီး သူ၏စစ်ဘက်သုံးမှော်စက်များကို ယူသွားနိုင်ခဲ့လျှင်တောင် သူ၏အထက်အရာရှိများက ယူသွားမည်သာဖြစ်ကြောင်း သူသိသည်။
မားလိုအင်ပါယာက ထိုစက်များကို တုပထုတ်လုပ်နိုင်ခြင်းရှိမရှိ သုတေသနအချို့လုပ်ဆောင်ကြည့်ရန် လမ်ပူရီစစ်တပ်တွင်တပ်ဆင်ထားသော စစ်ဘက်သုံးမှော်စက်များအား တောင်းဆိုမှုမြင့်မား၏။
မားလိုအင်ပါယာတွင် စစ်ဘက်သုံးမှော်စက်များကို လေ့လာရေးတွင် အပြည့်အဝမြှုပ်နှံထားသော မှော်ပညာရှင်များနှင့် လက်မှုပညာရှင်များ စုဝေးနေသည့် ဧရာမအဖွဲ့ကြီးတစ်ဖွဲ့ရှိသည်ဟု ဆိုကြ၏။ ၎င်းက သူတို့နှင့် Frestech ကုန်သည်ကြီးများအသင်းကြားမှ ကွာဟချက်ကို တတ်နိုင်သမျှနီးကပ်စေရန်ဖြစ်သည်။
သို့သော် အချိန်တိုအတွင်း စွမ်းဆောင်နိုင်ရန်မှာ သိသိသာသာပင် မလွယ်ကူချေ။ အနည်းဆုံး ဤကာလအတွင်း မားလိုအင်ပါယာစစ်တပ်က စစ်ဘက်သုံးမှော်စက်အသစ်တစ်မျိုးမျိုးရလာသည်ကို ဗိုလ်ကြီး နိုကိုမို မမြင်ခဲ့ဖူးချေ။
သူ၏လက်အောက်ငယ်သားများအားလုံး နေရာယူပြီးသည်ကို မြင်သောအခါ ဗိုလ်ကြီး နိုကိုမို က သစ်ပစ်တစ်ပင်ပေါ်တက်ကာ ပင်စည်နောက်တွင် ပုန်းနေလိုက်၏။ သူက အဝေးကြည့်မှန်ပြောင်းတစ်ခုထုတ်၍ သစ်ကိုင်းများနှင့် သစ်ရွက်များကြားရှိ အဟများမှတစ်ဆင့် အဝေးသို့ ကြည့်လိုက်သည်။
အမှန်တကယ်ပင် မည်သည်ကိုမျှမမြင်ရချေ။
ဤတစ်ပတ်စစ်ဆေးရေးအတွင်း ဗိုလ်ကြီး နိုကိုမို သူ၏အဖွဲ့ကိုဦးဆောင်၍ ထောက်လှမ်းရေးထွက်လာချိန်တိုင်း လမ်ပူရီစစ်တပ်သည် တောင်တန်းပေါ်ရှိ သူတို့၏စခန်းထဲ၌သာနေပြီး ခေါင်းပင်ပြူကြည့်မလာခဲ့ချေ။
ရံဖန်ရံခါ လူအချို့ကိုမြင်သော်လည်း ဖျပ်ခနဲသာဖြစ်ပြီး တိတိကျကျ မည်သည့်လှုပ်ရှားမှုမျှ မရှိခဲ့ပေ။
သို့သော် ဗိုလ်ကြီး နိုကိုမို ၏တာဝန်မှာ လမ်ပူရီတိုင်းပြည်ဘက်တွင် ထူးဆန်းသော လှုပ်ရှားမှုရှိမရှိ စစ်ဆေးရန်ဖြစ်သောကြောင့် ဤနေရာတွင် တစ်ရက်မျှစောင့်ကြည့်ပြီးသည်နှင့် သူ့တာဝန်က ပြီးမြောက်သွားပေလိမ့်မည်။
အတန်ကြာအောင် စောင့်ကြည့်ကာ အဝေးရှိ လမ်ပူရီစခန်းတွင် မည်သည့်လှုပ်ရှားမှုမှမရှိကြောင်း အတည်ပြုပြီးနောက် ဗိုလ်ကြီး နိုကိုမို က သမ်းဝေကာ သူ၏အဝေးကြည့်မှန်ပြောင်းကို သိမ်းပြီး ခဏအနားယူရန် ပြင်လိုက်၏။
သို့သော် သူ ဤသို့တွေးလိုက်သည်နှင့်ချက်ချင်း သူ၏မှန်ပြောင်းထဲ၌ အနက်ရောင်အစက်တစ်စက် ပေါ်လာသည်။
ဗိုလ်ကြီး နိုကိုမို အံ့ဩသွားကာ အလျင်အမြန် လှမ်းကြည့်လိုက်ပြီး မှော်လေသင်္ဘောတစ်စင်းကို မြင်လိုက်ရသည်။
ဤမှော်လေသင်္ဘောသည် ဂရီဂိုရီ ဟျူ့စ် တောင်တန်း၏ တောင်ဘက်မှလာခြင်းဖြစ်ပြီး လမ်ပူရီတပ်စခန်းထဲတွင် ဖြည်းညင်းစွာ ဆင်းသက်လိုက်၏။
အကာအရံတစ်ခုရှိသောကြောင့် မှော်လေသင်္ဘောအတွင်း၌ မည်သူ သို့မဟုတ် မည်သည့်အရာပါမှန်း ဗိုလ်ကြီး နိုကိုမို မမြင်ရချေ။
သို့သော် အခြားအဖွဲ့များပေးသော သတင်းအရ လမ်ပူရီတပ်စခန်းထဲသို့ တောင်ဘက်မှ မှော်လေသင်္ဘောများ မကြာခဏ လာလေ့ရှိ၏။ သူတို့က ဂရီဂိုရီ ဟျူ့စ် တောင်တန်းတွင် စခန်းချထားသော လမ်ပူရီစစ်တပ်ထံ ပစ္စည်းများ လာရောက်ထောက်ပံ့ခြင်းဖြစ်မည်ဟု သူတို့ခန့်မှန်းထားကြသည်။
ဤအစီရင်ခံစာကို ကြားခဲ့ချိန်က မှော်လေသင်္ဘောဆိုသည်မှာ မားလိုအင်ပါယာ၌ပင် အစင်းနှစ်ဆယ်သာရှိသောကြောင့် ဗိုလ်ကြီး နိုကိုမို ၎င်းကို မယုံကြည်ခဲ့ပေ။ သူတို့အားလုံးကို မားလိုအင်ပါယာ၏ အရေးကြီးပုဂ္ဂိုလ်များအား ခွဲဝေပေးထားပြီး ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့၌ပင် တစ်စင်းသာရှိသောကြောင့် ၎င်း မည်မျှတန်ဖိုးကြီးကြောင်း မြင်နိုင်ပေသည်။
ထို့ပြင် ဗိုလ်ကြီး နိုကိုမို ၏ သိထားချက်အရ မှော်လေသင်္ဘောသည် ပျံသန်းချိန်တွင် စွမ်းအင်သုံးစွဲမှုမြင့်ပြီး ဤအရာနှင့် ကုန်ပစ္စည်းများပို့ဆောင်ခြင်းမှာ ထိရောက်မှုမရှိချေ။
လမ်ပူရီတိုင်းပြည်တွင် မှော်လေသင်္ဘော တော်တော်များများရှိလျှင်တောင် ဤမျှဖြုန်းတီးလိမ့်မည်မဟုတ်ပေ။
သို့သော် သူတို့က ဗိုလ်ကြီး နိုကိုမို ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ သူ ဤအတွေးတွေးနေစဉ် သူ့မြင်ကွင်းထဲတွင် မှော်လေသင်္ဘောတစ်စင်း ပေါ်လာပြန်သည်။
သူ မတုံ့ပြန်နိုင်မီ တောင်အရပ်တွင် မှော်လေသင်္ဘောများ တစ်စင်းပြီးတစ်စင်းပေါ်လာ၏။ သူတို့က ဂရီဂိုရီ ဟျူ့စ် တောင်တန်းတစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါး ကောင်းကင်၌ တိမ်မည်းထုတစ်ခု ဖန်တီးလိုက်သည်။
ဤပုံမှန်မဟုတ်သော အခြေအနေကိုကြည့်ကာ ဘာမှန်းမသိလျှင်တောင် တစ်ခုခုဖြစ်တော့မည်မှန်းတော့ ဗိုလ်ကြီး နိုကိုမို သိလိုက်၏။
***
Volume 7 အပိုင်း ၁၂၆ ။ လမ်ပူရီတိုင်းပြည်၏ တန်ပြန်တိုက်ခိုက်မှု
သုံးရက်အတွင်း လမ်ပူရီစစ်တပ်တွင် မှော်လေသင်္ဘောအများအပြား ဆိုက်ရောက်လာသောကြောင့် တစ်ခုခုမူမမှန်မှန်း ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်အဖွဲ့က သိလိုက်သည်။
ဂရီဂိုရီ ဟျူ့စ် တောင်တန်းပေါ်ရှိ ခံတပ်များပေါ်တွင် ခြေကုပ်ယူကာ ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့၏ တိုက်ခိုက်မှုများကို ခုခံမည့်အစား သူတို့က သတ်မှတ်ချက်များကိုဆန့်ကျင်ကာ စတင်တိုက်ခိုက်လာသည်။
သို့သော် ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်အဖွဲ့မှာ လမ်ပူရီစစ်တပ်၏ တိုက်ခိုက်မှုကို မြင်ချိန်တွင် ဟန်မဆောင်နိုင်အောင် ကြောင်အမ်းသွားရသည်။
မတိုင်မီက လမ်ပူရီစစ်တပ်နှင့် ရင်ဆိုင်ချိန်ခဲ့များတွင် လမ်ပူရီစစ်တပ်၏ စစ်ဘက်သုံးမှော်စက်များက ပြိုင်ဘက်ကင်းအောင် အားကောင်းသော်လည်း အနည်းဆုံးတော့ သူတို့အသုံးပြုသည့် စစ်ဘက်သုံးမှော်စက်များကို နားလည်နိုင်သေးသည်။
ဥပမာအားဖြင့် မီးစွမ်းအားကို အဓိကသုံးသည်မှာ စိုင်စ်နယ်မြေပေါ်ရှိ အခြားနိုင်ငံတော်တော်များများ၌ တီထွင်ပြီးသားဖြစ်သော မှော်အမြောက်ဖြစ်သည်။ ၎င်းက စွမ်းအားကြီးသော မှော်အမြောက်ဆံများကို ဆက်တိုက်ပစ်ခတ်နိုင်၏။
နောက်ဥပမာတစ်ခုမှာ အချိန်ကြိုတင်၍ ပြင်ဆင်ထားနိုင်လျှင် မှော်မြေမြှုပ်မိုင်းများဖြင့် လူအချို့ကို အငိုက်မိစေပေလိမ့်မည်။
နောက်ထပ် လမ်ပူရီတပ်သားတစ်ယောက်စီ၌ တပ်ဆင်ပေးထားသော မှော်ထပ်ဆင့်လေးများလည်း ရှိ၏……
အတိုချုပ်ပြောရလျှင် ထိုစစ်ဘက်သုံးမှော်စက်များသည် စွမ်းအားကြီးပြီး ရိုးရာဓားရှည်များထက် များစွာပိုအားကောင်းသော်လည်း နားလည်ရန်မခက်ခဲပေ။
အခြားတိုင်းပြည်များက Frestech ကုန်သည်ကြီးများအသင်းထံမှ ဝယ်ယူထားသော စစ်ဘက်သုံးမှော်စက်များကို လေ့လာထားသောကြောင့် တော်တော်များများကို တုပနိုင်လာသည်။ အင်ပါယာနှစ်ခု၏ မှော်အမြောက်များနှင့် မှော်ထပ်ဆင့်လေးများကိုပင် တိုက်ပွဲထဲသို့ သယ်လာနိုင်၏။
သို့သော် အင်ပါယာနှစ်ခုထုတ်လုပ်ထားသော စစ်ဘက်သုံးမှော်စက်များမှာ Frestech ကုန်သည်ကြီးများအသင်းနှင့်ယှဉ်လျှင် အရည်အသွေးအရရော စွမ်းအားအရပါ များစွာ လိုအပ်နေသေးသည်။
ထို့ပြင် သူတို့၏ ထုတ်လုပ်နိုင်စွမ်းက လုံလောက်သည်မှ ဝေးကွာနေသည့်အချက်ကို ထပ်ပေါင်းလိုက်လျှင် ၎င်းက အင်ပါယာနှစ်ခု၌ အရေးကြီးသော အခန်းကဏ္ဍ၌ မပါတော့ချေ။ သူတို့က Frestech ကုန်သည်ကြီးများအသင်းကိုဖိနှိပ်ရန် သူတို့၏ စွမ်းအားကြီးမှော်ပညာရှင်များနှင့် တပ်သားအရေအတွက်ပိုများခြင်းအပေါ် မှီခိုကြရတော့သည်။
သို့သော် လမ်ပူရီတိုင်းပြည်က တိုက်ခိုက်မှုစတင်လိုက်ချိန်တွင် လမ်ပူရီစစ်တပ်၌ရှိသော ပစ္စည်းတော်တော်များများကို သူတို့မမှတ်မိကြောင်း တွေ့လိုက်ရသည်။
ဥပမာအားဖြင့် ရှေ့ဆုံးတွင် အုတ်ခဲများနှင့်တူသော မှော်သံမဏိကားများရှိ၏။ တစ်ချက်ကြည့်ရုံဖြင့် ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့၏ အရာရှိများအားလုံးကို ကြက်သေသေသွားစေသည်။
ဤအရာများက မည်သည့်အရာများပေနည်း။ လမ်ပူရီတိုင်းပြည်က ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့၏ ပုံစံထဲသို့ ထိုးဖောက်ရန် ဤမှော်ကားများကို အသုံးပြုရန်စီစဉ်နေသည်လော။
တပ်ဖွဲ့၏ အဆင့်မြင့်ဗိုလ်ချုပ်များကသာ သတိအပြည့်နှင့် တည်ငြိမ်သော အမူအရာတို့ ရှိနေကြသည်။
ဤအရာများကို သူတို့ တစ်ခါမျှမမြင်ဖူးသော်လည်း မတိုင်မီက ကန်ဒရာအင်ပါယာမျှဝေပေးသော အချက်အလက်အရ ဤထူးဆန်းသောအရာများသည် ကန်ဒရာအင်ပါယာ ရူဒ်ဆန်တိုင်းပြည်ကို ကျူးကျော်ခဲ့စဉ်က ပေါ်လာခဲ့သော Frestech ကုန်သည်ကြီးများအသင်း၏ မှော်တင့်ကားများ ဖြစ်ရပေမည်။
သတင်းတင်ပြချက်များအရ ဤမှော်တင့်ကားများကို သံမဏိဖြင့်ပြုလုပ်ထားပြီး အလွန်ခိုင်ခံ့သော ကိုယ်ထည်များရှိ၏။ ထို့ပြင် Frestech ကုန်သည်ကြီးများအသင်း၌သာရှိသော မှော်ဒိုင်းကာနည်းပညာနှင့်ပေါင်းစပ်လိုက်သောအခါ သာမန်တပ်သားတစ်ဦးက ၎င်းတို့ကို ဖျက်ဆီးနိုင်ရန်မဆိုထားနှင့်၊ သာမန်မှော်ပညာရှင်များပင် သူတို့၏တိုက်ခိုက်မှုများနှင့် ၎င်းတို့ကို ဖျက်ဆီးနိုင်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့ကို စစ်မြေပြင်အား ကြီးစိုးနိုင်သည့် စစ်ဘက်သုံးမှော်စက်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
ထို့ပြင် ဤမှော်တင့်ကားများက အားကောင်းရုံသာမက အထိနာအောင် ပစ်ခတ်နိုင်စွမ်းလည်းရှိ၏။
မှော်တင့်ကားများ၏ရှေ့ရှိ သံမဏိပိုက်များမှာ အလှပြထားခြင်းမဟုတ်ဘဲ မှော်အမြောက်များနှင့်ယှဉ်နိုင်သော မှော်အမြောက်ဆံများ ပစ်ထုတ်နိုင်သည်။
ဤအချက်က ထိုမှော်တင့်ကားများသည် မှော်အမြောက်များ၏ ရွေ့လျားနိုင်စွမ်းအားနည်းချက်ကို အပြီးအပိုင် ဖြေရှင်းလိုက်ပြီး စစ်မြေပြင်တစ်လျှောက် လွတ်လပ်စွာရွေ့လျားရင်း ပြိုင်ဘက်ကင်းပေါက်ကွဲနိုင်စွမ်းတစ်ခု ထုတ်လွှတ်နိုင်သည့် အဓိပ္ပာယ်ပင်။
သာမန်တပ်သားများအား ဤမှော်တင့်ကားများကို ခုခံခိုင်းခြင်းမှာ သေချာပေါက် အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့ကို တာဝန်ယူထားသော မားလိုအင်ပါယာစစ်တပ်ဌာနချုပ်မှ ဗိုလ်ချုပ် ဖီးလ် က သူ အစီရင်ခံစာများထဲတွင် ဖတ်ဖူးခဲ့သည်တို့ကို ပြန်စဉ်းစားပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ တပ်ဖွဲ့နှင့်အတူပါလာသော ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးကို လှုပ်ရှားရန် တောင်းဆိုလိုက်သည်။
ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးက တုံ့ဆိုင်းမနေဘဲ ချက်ချင်း သူတို့လက်အောက်မှ မှော်ပညာရှင်များကိုဦးဆောင်ကာ အတူတကွတိုက်ခိုက်ရန် ပြင်လိုက်ကြသည်။
ပထမတွင် ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးသည် မားလိုအင်ပါယာစစ်တပ်ဌာနချုပ်မှ ဖော်ပြထားသော လမ်ပူရီတိုင်းပြည်၏ စစ်ဘက်သုံးမှော်စက်များအပေါ် အထင်သေးခဲ့သော်လည်း လမ်ပူရီတိုင်းပြည်နှင့် တစ်လမျှတိုက်ခိုက်ပြီးနောက် မှော်ပညာရှင််များ၏ အထွတ်အထိပ်ရှိ ဤကျွမ်းကျင်ဘုန်းတော်ကြီးများမှာ ရွေးစရာမရှိဘဲ သူတို့ကို သတိထားလာရတော့သည်။
သူတို့၏စွမ်းအားကြီးသော မှော်ပညာနှင့် လမ်ပူရီစစ်တပ်ကို ဖိနှိပ်ကာ အကြိမ်ကြိမ်နောက်ဆုတ်ရအောင် လုပ်နိုင်ခဲ့သော်လည်း သူတို့သည် လမ်ပူရီစစ်တပ်အား အရေးမလှဖြစ်စေရုံသာ တတ်နိုင်ခဲ့ပြီး လုံးဝအနိုင်မယူနိုင်ခဲ့ပေ။
ကျွမ်းကျင်ဘုန်းတော်ကြီးများကိုယ်တိုင် တားမြစ်မန္တန်များသုံးကာ တိုက်ခိုက်ခဲ့သော်လည်း လမ်ပူရီစစ်တပ်က သူတို့၏ မှော်အတားအဆီးနှင့် ခုခံကာ အသေးစားဆုံးရှုံးမှုများ ခံစားရပြီးနောက် ဆုတ်ခွာသွားနိုင်ခဲ့သည်။
ထို့ပြင် လမ်ပူရီစစ်တပ်သည် ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးနှင့် မှော်ပညာရှင်များ မှော်စွမ်းအားကုန်သည်အထိ ခုခံနိုင်သောကြောင့် သူတို့(မှော်ပညာရှင်များ)က သူတို့(လမ်ပူရီစစ်တပ်)နောက်သို့ပင် လိုက်မဖမ်းနိုင်ခဲ့ချေ။
ဤတိုက်ပွဲက ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့ကို ဂရီဂိုရီ ဟျူ့စ် တောင်တန်းအထိ လမ်ပူရီစစ်တပ်နောက်မှ လိုက်ခွင့်ပြုခဲ့သော်လည်း ထိုအလွန်တွင်မူ သူတို့ ယုံကြည်ချက်မရှိပေ။
ထို့ပြင် ဆယ်ကြိမ်ကျော်တိုက်ခိုက်ပြီးနောက်၌ပင် သူတို့ ဂရီဂိုရီ ဟျူ့စ် တောင်တန်းကို မကျော်နိုင်ခဲ့သည့် အချက်ကို ထပ်ပေါင်းလိုက်သော် ၎င်းက အဆင့်မြင့်အရာရှိများ၏ ယုံကြည်မှုကို ပြင်းပြင်းထန်ထန် ပျက်စီးသွားစေသည်။
ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးကိုယ်တိုင် လှုပ်ရှားသည်ကိုပင် လမ်ပူရီတိုင်းပြည်၏ ကာကွယ်ရေးများကို မဖျက်ဆီးနိုင်ပေ။ ဤအချက်က လူအများကို အမှန်တကယ် အံ့ဩစေခဲ့သည်။
ပြီးခဲ့သော စစ်ပွဲများ၌ ကျွမ်းကျင်ဘုန်းတော်ကြီးများ လှုပ်ရှားလိုက်သည်နှင့် တိုက်ပွဲက အဆုံးသတ်ရန်နီးလာပြီဟု ဆိုလိုခြင်းပင်။
ကျွမ်းကျင်ဘုန်းတော်ကြီးပိုများသည့်ဘက်က တိုက်ပွဲတွင် အနိုင်ရပေလိမ့်မည်။
သို့သော် လမ်ပူရီတိုင်းပြည်၏ဘက်တွင် ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ယောက်ပင် မရှိဘဲ ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့တွင် ကျွမ်းကျင်ဘုန်းတော်ကြီးလေးယောက်ရှိသော်လည်း တိုက်ပွဲက လုံးဝ တစ်ဖက်စောင်းနင်းဖြစ်မနေချေ။ ဤအရာက လူတိုင်း၏ အခြေခံသိနားလည်မှုကို အမှန်တကယ်ပင် ဆန့်ကျင်နေသည်။
ယခု လမ်ပူရီစစ်တပ်က နောက်ဆုံးတွင် လိပ်ခွံထက်ပင်မာကျောသော သူတို့၏ ခံတပ်နေရာမှ ထွက်လာရန် ဆန္ဒရှိနေခြင်းမှာ ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့အတွက် သူတို့ကိုနှိမ်နင်းရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။
ထို့ကြောင့် ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးက ထွက်လာလာချင်း လုံးဝထိမ်ချန်မနေဘဲ သူတို့ပြင်ဆင်ထားသော အားအကောင်းဆုံး တားမြစ်မန္တန်လေးခုကို ပြင်ဆင်လိုက်သည်။
နှင်းတို့ဖြင့်ဖုံးလွှမ်းနေသော ကောင်းကင်က ရုတ်တရက် သွေးနီရောင်လွှမ်းသွားသည်။
ဤအရာသည် မီးစွမ်းအင်တားမြစ်မန္တန် ကမ္ဘာပျက်ကပ်ကို ထုတ်လွှတ်တော့မည့် လက္ခဏာဖြစ်၏။
ဤသွေးနီရောင်ကောင်းကင်၌ အချိန်မရွေးကျလာတော့မည့်ပုံပေါ်သော လျှပ်စီးတန်းပေါင်း မရေမတွက်နိုင်အောင် ပေါ်ပေါက်လာသည်။
ဤအရာက လေစွမ်းအင်တားမြစ်မန္တန်ဖြစ်သည့် မိုးကြိုးနတ်ဘုရားသက်ဆင်းခြင်းကို စုစည်းနေခြင်းဖြစ်၏။
သူတို့ရှေ့ရှိ ကုန်းမြေက ရုတ်တရက် ပွက်ပွက်ဆူနေသော ရေပြင်အဖြစ်ပြောင်းကာ အဆက်မပြတ် ရိုက်ခတ်လှုပ်ရှားလာ၏။
ဤသည်မှာ မြေစွမ်းအင်တားမြစ်မန္တန်ဖြစ်သည့် မြေပိုက်ကွန်က စတင်လှုပ်ရှားထကြွလာခြင်းပင်။
လေထဲတွင် မရေမတွက်နိုင်သော မိုးရေစက်များ ပေါ်လာပြီး ရုတ်တရက် အတူတကွ စုဝေးလိုက်ကြသည်။ သူတို့က ဧရာမမိုးရေစက်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းကာ ရေခဲအဖြစ်ပြောင်းပြီး အေးစက်သော တောက်ပမှုတစ်ခုရှိသည့် ဧရာမရေခဲပန်းဆွဲတစ်ခု ဖန်တီးလိုက်သည်။
ဤအရာက ရေစွမ်းအင်တားမြစ်မန္တန် ရေခဲပန်းဆွဲဖရိုဖရဲကခုန်ခြင်းကို ပြင်ဆင်ခြင်းဖြစ်ပြီး ၎င်းက အချိန်မရွေးပြုတ်ကျလာနိုင်သည်။
ဤသို့စွမ်းအားကြီးသော တားမြစ်မန္တန်များသည် စစ်မြေပြင်၌ တစ်မျိုးကိုပင်မြင်ရခဲသော်လည်း ယခု လေးမျိုးပေါ်လာ၏။ ထို့ပြင် ကျွမ်းကျင်ဘုန်းတော်ကြီးများကိုယ်တိုင် လှုပ်ရှားသောကြောင့် ပါဝင်သောစွမ်းအားကို မှန်းဆကြည့်နိုင်သည်။
သို့သော် ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးဖြစ်စေ ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့မှ ဗိုလ်ချုပ်များမှ သာမန်စစ်သားများအထိဖြစ်စေ မည်သူတစ်ဦးတစ်ယောက်၏ အမူအရာကမျှ ပြောင်းလဲမသွားချေ။ သူတို့က ဤတားမြစ်မန္တန်များတွင် အယုံအကြည်မရှိသည့်အတိုင်းပင်။
ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့နှင့် လမ်ပူရီစစ်တပ်သည်ဆယ်ကြိမ်ကျော် တိုက်ခဲ့ဖူးပြီး သူတို့ လမ်ပူရီတိုင်းပြည်အား တားမြစ်မန္တန်ပေါင်းတစ်ရာကျော်နှင့် တိုက်ခိုက်ခဲ့သော်လည်း လမ်ပူရီစစ်တပ်က တစ်ကြိမ်စီတိုင်းကို တားဆီးနိုင်ခဲ့သည်။ ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့သည်ပင် မနေနိုင်တော့ဘဲ တားမြစ်မန္တန်များ၏ အစွမ်းကို စတင်သံသယဝင်လာကြသည်။
သို့သော် သူတို့ တားမြစ်မန္တန်များမသုံးလျှင် သာမန်မန္တန်များက လမ်ပူရီစစ်တပ်အား ဘာမှမလုပ်နိုင်ဘဲ သူတို့ကို ကုတ်ပင်ကုတ်ခြစ်မိမည်မဟုတ်ပေ။
ပုံမှန်တပ်သားများမှာမူ ……
ဟာသပဲ! စစ်ဘက်သုံးမှော်စက်များ တနင့်တပိုးတပ်ဆင်ထားသည့် လမ်ပူရီစစ်တပ်ကိုတိုက်ခိုက်ရန် ဓားများ၊ လှံများနှင့် သွေးသားခန္ဓာကိုယ်ကြီးကိုသာ သုံးရသည့်လူများကို ပုံမှန်တပ်သားဟုပင် ခေါ်နိုင်ပါဦးမည်လော။
ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့က မတိုင်မီကလည်း ဤသို့မလုပ်ဖူးသည်တော့မဟုတ်ပေ။
လမ်ပူရီတိုင်းပြည်နှင့် ပထမဆုံးတိုက်ပွဲအနည်းငယ်၌ ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့က သူတို့၏တပ်သားများကို လမ်ပူရီစစ်တပ်၏ပုံစံအား တိုက်ခိုက်ရန် အမိန့်ပေးခဲ့ဖူးသည်။ သို့သော် လမ်ပူရီတိုင်းပြည်၏ ပြင်းထန်သော မှော်အမြောက်များ တရစပ်ပစ်ခတ်မှုအောက်တွင် သူတို့က တပ်သားတစ်သောင်းကျော် ဆုံးရှုံးလိုက်ရသည်။ ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့ ဗိုလ်ချုပ်များမှာ ဤသို့ဖြစ်ပြီးနောက် သူတို့တပ်သားများကို အသေခံရန် မလွှတ်ရဲကြတော့ပေ။
ဤတိုက်ပွဲတွင် အရာအားလုံးက ကျွမ်းကျင်ဘုန်းတော်ကြီးလေးယောက်အပေါ်၌ မှီခိုနေရသည်ဟုပြောလျှင် လွန်ရာမကျပေ။
ကျွမ်းကျင်ဘုန်းတော်ကြီးလေးယောက်သာ လမ်ပူရီစစ်တပ်ကို ဖိနှိပ်နိုင်ခဲ့လျှင် ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့က အနိုင်ရပေလိမ့်မည်။
ထပ်ပြီးသာ....
ဗိုလ်ချုပ် ဖီးလ် က ခေါင်းယမ်းကာ သူ့စိတ်ထဲမှ စိုးရိမ်ပူပန်မှုအားလုံးကို ရှင်းပစ်လိုက်သည်။
မဖြစ်နိုင်ပေ။ ကျွမ်းကျင်ဘုန်းတော်ကြီးများက မည်သို့ ရှုံးနိမ့်ရန် ဖြစ်နိုင်မည်နည်း။
ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦး၏ တားမြစ်မန္တန်များ၏ ပိုင်နက်အတွင်း၌ လမ်ပူရီတပ်သားအများအပြားရှိနေသည်ကို ကြည့်ကာ ဗိုလ်ချုပ် ဖီးလ် မှာ ပျော်ရွှင်မှုနှင့် သံသယဝင်မှုတို့ တစ်ပြိုင်နက်တည်း ပြည့်နှက်လာ၏။
လမ်ပူရီစစ်တပ် သူတို့ကိုတိုက်ခိုက်သည်မှာ ယခု ပထမဆုံးအကြိမ်မဟုတ်သောကြောင့် သူတို့မမြင်ဘဲနေမည်တော့ မဟုတ်လောက်ပေ။ သူတို့က မည်သည့်အတွက်ကြောင့် သူတို့၏တပ်သားများကို တားမြစ်မန္တန်များ၏ အဝန်းအဝိုင်းထဲသို့ ဝင်ခိုင်းမည်နည်း။
သူတို့က မှော်တင့်ကားများသုံး၍ တားမြစ်မန္တန်များကိုတားဆီးရန် ယုံကြည်ချက်အလုံအလောက် ရှိနေသည်လော။
ဗိုလ်ချုပ် ဖီးလ် ၏ ရင်ထဲတွင် ထိုသံသယဝင်လာရုံရှိသေး ဂရီဂိုရီ ဟျူ့စ် တောင်တန်းပေါ်ရှိ လမ်ပူရီတပ်စခန်းအထက်တွင် တိမ်တိုက်များပေါ်လာကာ ရုတ်တရက်ပျံသန်းလာသည်။
ဤအရာသည် တမြန်နေ့က လမ်ပူရီစစ်တပ်ကို တပ်ကူထောက်ပံ့ပေးရန်လာသော မှော်လေသင်္ဘောများဖြစ်မှန်း အဝေးကြည့်မှန်ပြောင်းမလိုဘဲ ဗိုလ်ချုပ် ဖီးလ် သိလိုက်သည်။
သို့သော် မှော်လေသင်္ဘောအရေအတွက်က သူထင်ထားသည်ထက် ကျော်လွန်နေ၏။ တစ်ချက်ကြည့်ရုံဖြင့် အနည်းဆုံး အစင်းသုံးဆယ်ခန့်ရှိမှန်း သူပြောနိုင်သည်။
သို့သော် သူတို့၏ တင်ပြချက်များအရ လမ်ပူရီတိုင်းပြည်ဘက်တွင် စုစုပေါင်း မှော်လေသင်္ဘော အစင်းငါးဆယ်သာရှိသောကြောင့် ယခု ဤနေရာသို့ တစ်ဝက်ကျော်စေလွှတ်လိုက်သည့် အဓိပ္ပာယ်ပင်။
သို့သော်…… တားမြစ်မန္တန်များနှင့် တိုက်ခိုက်နေသော ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးနှင့်ဆိုလျှင် ဤမှော်လေသင်္ဘောများ ဘာလုပ်နိုင်ဦးမည်နည်း။
မှော်လေသင်္ဘောများက ချက်ချင်းဆိုသလို အဖြေပေးလာလေသည်။
***
မှော်စက်မှုအင်ပါယာ
Volume 7 အခန်း ၁၂၇ ။ မကျော်လွှားနိုင်သူများမဟုတ်ကြတော့
မှော်လေသင်္ဘောအများအပြားက ရုတ်တရက် အရပ်မျက်နှာတိုင်းသို့ ဖြန့်ကျက်ကာ လက်ရှိ တိုက်ပွဲဖြစ်နေသော နေရာမှ တော်တော်ဝေးဝေးသို့ ပျံဝဲသွားသည်။
ထို့နောက် ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့၏ သံသယဖြစ်သော အကြည့်များအောက်တွင် ထိုမတူညီသော အရပ်မျက်နှာများရှိ မှော်လေသင်္ဘောများမှ တောက်ပသောအလင်းစက်များ ထုတ်လွှတ်ကာ နယ်နိမိတ်တစ်ခုလုံးကို ဖုံးလွှမ်းလျှက် ကောင်းကင်တွင် လှပသော အလင်းအကာအရံတစ်ခု ဖန်တီးလိုက်သည်။
ဤအရာများသည် အမှန်တကယ်ပင် အတော်လေးသေးငယ်ပြီး ဗိုလ်ချုပ် ဖီးလ် မှာ အဝေးကြည့်မှန်ပြောင်းနှင့်ပင် ရှင်းရှင်းလင်းလင်း မမြင်ရချေ။
သို့သော် သူ၏ တိုက်ပွဲပေါင်းများစွာမှရလာသော အတွေ့အကြုံအရ ဤအရာငယ်လေးများသည် ကောင်းသောအရာများမဟုတ်မှန်း သူအလိုလိုသိနေ၏။ သူက မှော်ပညာရှင်အဖွဲ့ကို ထိုမှော်လေသင်္ဘောများအား နှောင့်ယှက်ကာ ထိုသေးငယ်တောက်ပသော အရာလေးများနှင့် ဖန်တီးနေသော သူတို့၏အစီအရင်ကို ဆက်မလုပ်နိုင်အောင် တားဆီးရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
သို့သော် မှော်ပညာရှင်များ မလှုပ်ရှားနိုင်မီ ဂရီဂိုရီ ဟျူ့စ် တောင်တန်းပေါ်ရှိ လမ်ပူရီတပ်စခန်းမှ ရုတ်တရက် ကောင်းကင်နှင့်အပြည့် အနီရောင်အလင်းတန်းပေါင်းများစွာ ထုတ်လွှတ်လာသည်။
ဤအချင်းအရာကိုကြည့်ကာ ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့မှာ ကြက်သေသေသွား၏။
ဤတိုက်ခိုက်မှုသည် လမ်ပူရီတိုင်းပြည်၏ မှော်အမြောက်များထံမှဖြစ်ကြောင်း သူတို့သိသော်လည်း ဤတိုက်ခိုက်မှုက အတော်လေး ကြောက်စရာကောင်းလွန်းနေသည်မဟုတ်လော။
ကောင်းကင်သို့ မှော်အမြောက်ဆံပေါင်းတစ်ရာကျော် ချက်ချင်း ပြေးတက်လာခြင်းမှာ လမ်ပူရီတိုင်းပြည်က မှော်အမြောက်ပေါင်းတစ်ရာကျော်ကို တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်သည့် အဓိပ္ပာယ်ပင်။
လမ်ပူရီတိုင်းပြည်က ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အပစ်အခတ်စွမ်းအားကို တစ်ခါမျှ မပြသခဲ့ဖူးချေ။
ထို့ပြင် ဤသည်က မှော်အမြောက်ဆံပမာဏ အတော်လေး သုံးရပေလိမ့်မည်။ ဤမျှသုံးစွဲမှုနှင့်ဆိုလျှင် လမ်ပူရီတိုင်းပြည် မည်မျှကြာကြာခံနိုင်မည်နည်း။
သူတို့တွင် ဤအပစ်အခတ်စွမ်းအား၏ အထောက်အပံ့သာ မရှိတော့လျှင် ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့က သူတို့ကိုတိုက်ခိုက်ရန် သာမန်တပ်သားများပင် စေလွှတ်နိုင်ပြီဖြစ်သည်။
လမ်ပူရီတိုင်းပြည် စိတ်လွတ်များသွားပြီလော။
သို့သော် ယခု ဤသည်ကို စဉ်းစားနေရန် အချိန်မဟုတ်ပေ။ ကောင်းကင်ကိုဖြတ်ကာ အပြည့်အသိပ် ပျံသန်းလာသော အမြောက်များကို မြင်သောအခါ ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့၏ မှော်ပညာရှင်များက ဗိုလ်ချုပ် ဖီးလ်၏ အမိန့်ကိုပင် မစောင့်တော့ဘဲ သူတို့၏ မှော်အတားအဆီးများကို ထုတ်လွှတ်၍ တပ်ဖွဲ့ပတ်ပတ်လည်တစ်ခုလုံးကို ဖုံးအုပ်လိုက်သည်။
လမ်ပူရီစစ်တပ်နှင့် အကြိမ်တစ်ရာကျော် တိုက်ခိုက်ပြီးနောက် သူတို့က ဤသို့လုပ်ဆောင်ရာတွင် အတော်လေးကျွမ်းကျင်နေပြီဖြစ်သည်။ သာမန်တပ်သားများပင် ဤအရာနှင့် အသားကျနေပြီး အားလုံး အတူစုဝေးကာ မှော်ပညာရှင်များ၏ မှော်အတားအဆီးများအောက်တွင် ပုန်းကွယ်လိုက်ကြ၏။
မည်သည့်မှော်ပညာရှင်မျှ လေထဲရှိ မှော်အမြောက်ဆံများကို မန္တန်သုံး၍ တားဆီးရန် မကြိုးစားပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့ မတိုင်မီက ထိုသို့လုပ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း တစ်ကြိမ်မျှ အလုပ်မဖြစ်ခဲ့သောကြောင့်ပင်။ ထို့ကြောင့် ဤတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်၌ မှော်ပညာရှင်များတွင် ကာကွယ်ရန် အတွေးတစ်ခုသာ ရှိ၏။
“ဝုန်း ဝုန်း ဝုန်း ဝုန်း……”
နားကွဲလုမတတ် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ မှော်ပညာရှင်များ၏ အကာအကွယ်ပေးမှုနှင့်အတူ တစ်ယောက်တစ်လေမျှ ထိခိုက်သေကြေမှု မရှိခဲ့ချေ။
သို့သော် မှော်ပညာရှင်များ အသက်ရှူချိန်ပင်မရသေးမီ ကောင်းကင်၌ မီးတောက်ပေါင်းတစ်ရာကျော် ထပ်မံပေါ်လာပြန်သည်။ ၎င်းက မီးစွမ်းအား တားမြစ်မန္တန်၏ မီးတောက်များကို အပြည့်အဝ ဖုံးလွှမ်းလိုက်သည်။
“ဝုန်း ဝုန်း ဝုန်း……”
မှော်အမြောက်ဆံများက ဂရီဂိုရီ ဟျူ့စ် တောင်တန်းပေါ်ရှိ လမ်ပူရီတပ်စခန်းမှ ဆက်တိုက်ထွက်လာနေပြီး ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့ပေါ်သို့ မိုးစက်များသဖွယ် ကျဆင်းလာသည်။
ကြောက်မက်ဖွယ်ပေါက်ကွဲသံများက ဗိုလ်ချုပ် ဖီးလ် ၏ နားထဲတွင် ဆက်တိုက်မြည်ဟီးလာပြီး သူ့မျက်နှာထက်တွင် သံသယများ ဖြစ်ပေါ်လာစေသည်။
လမ်ပူရီတိုင်းပြည်မှလူများ မည်သည်တို့ စဉ်းစားနေကြသနည်း။
သူတို့က ပိုက်ဆံကိုဂရုမစိုက်သကဲ့သို့ မှော်အမြောက်ဆံများကို ဤအတိုင်းသုံးနေလျှင် အသုံးပြုရန် လုံလောက်မည်မဟုတ်ပေ။
မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်ပြီးနောက် ဗိုလ်ချုပ် ဖီးလ် က ဖြစ်နိုင်ချေတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။
“ဒီလမ်ပူရီပြည်သားတွေက ဒီမှော်အမြောက်ဆံတွေသုံးပြီး ငါတို့မှော်ပညာရှင်တွေရဲ့ မှော်စွမ်းအားကို ကုန်အောင်လုပ်ပြီး တစ်ခြားစစ်ဘက်သုံးမှော်စက်တွေနဲ့ တိုက်ချင်တာများလား။ ဒါပေမယ့်……”
ဗိုလ်ချုပ် ဖီးလ် ၏ မျက်လုံးများက တားမြစ်မန္တန်များပြင်ဆင်နေသော ကျွမ်းကျင်ဘုန်းတော်ကြီးများထံ အကြည့်ရောက်သွားသည်။
ထိုတားမြစ်မန္တန်များ၏ ခွန်အားက ကြောက်မက်ဖွယ်ကောင်းသောကြောင့် ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးပင် ၎င်းကိုပြင်ဆင်ရန် အချိန်လို၏။ ထို့ကြောင့် ၎င်းက ယခုထိ ပြင်ဆင်၍မပြီးသေးချေ။
သို့သော် ၎င်းကိုပြင်ဆင်ပြီးသည်နှင့် ဂရီဂိုရီ ဟျူ့စ် တောင်တန်းပေါ်မှ ဆင်းလာသော မှော်တင့်ကားများက သေချာပေါက် တားမြစ်မန္တန်လေးခုတွင် မိသွားပေလိမ့်မည်။
လမ်ပူရီတိုင်းပြည်ဘက်မှ ဤအချင်းအရာကို မသိခြင်းပေလော။
ဗိုလ်ချုပ် ဖီးလ် က ဤအကြောင်းကို လေးလေးနက်နက် စဉ်းစားနေဆဲတွင် မီးစွမ်းအင်တားမြစ်မန္တန်ကို ပြင်ဆင်နေသော ကျွမ်းကျင်ဘုန်းတော်ကြီး နီဂန် တစ်ယောက် လေထဲတွင် ရုတ်တရက် ယိုင်သွားသည်ကို တွေ့လိုက်ရ၏။ ထို့နောက် သူက ကြိုးပြတ်သော စွန်တစ်ခုကဲ့သို့ ကောင်းကင်မှ ပြုတ်ကျလာသည်။
ဗိုလ်ချုပ် ဖီးလ် က တုန်လှုပ်သွားပြီး စဉ်းပင်မစဉ်းစားဘဲ ကျွမ်းကျင်ဘုန်းတော်ကြီး နီဂန် ပြုတ်ကျသွားရာဘက်ထံ မြင်းကိုနှင်လိုက်သည်။
သို့သော် သူ ခြေနှစ်လမ်းပင်မရွှေ့ရသေးမီ တပ်သားများအတွက် မှော်အတားအဆီးများ ပြင်ဆင်နေသော လေထဲရှိ မှော်ပညာရှင်များမှာ တစ်ယောက်ပြီးတစ်ယောက် စတင်ပြုတ်ကျလာသည်။
သူ့ရှေ့သို့လည်း မှော်ပညာရှင်တစ်ယောက် ပြုတ်ကျလာ၏။ ဗိုလ်ချုပ် ဖီးလ် သာ မြန်မြန်ဆန်ဆန်တုံ့ပြန်ပြီး မြင်းကို ဘေးသို့ရွှေ့လိုက်ခြင်းကြောင့်သာ မဟုတ်လျှင် ထိုလူ မြင်းနင်းခံရပြီး သေသွားလောက်ပြီဖြစ်သည်။
သို့သော် မြင်းနင်းမခံလိုက်ရသော်လည်း ရင်ဘတ်တွင် အဌမအဆင့်မှော်ပညာရှင်တံဆိပ်ရှိသော ထိုလူမှာ ဆယ်မီတာအမြင့်မှပြုတ်ကျကာ သွေးများအန်ထုတ်လိုက်သည်။ ထို့နောက် အသက်တစ်ချက်ရှူပြီးနောက် သူ့မျက်လုံးများထဲတွင် အသက်ဝင်မှုတို့ ပျောက်ဆုံးသွားတော့သည်။
ဗိုလ်ချုပ် ဖီးလ် က ပတ်ပတ်လည်သို့ တုန်လှုပ်စွာ ကြည့်လိုက်၏။ မှော်ပညာရှင်တော်တော်များများမှာ စစ်သားများ၏ လှမ်းဖမ်းခြင်းခံရပြီး အသက်အန္တရာယ်မရှိလိုက်သော်လည်း ပြင်းပြင်းထန်ထန် ဆောင့်မိသွားသောကြောင့် မလှုပ်ရှားနိုင်တော့ချေ။
မဖမ်းမိလိုက်သူများမှာမူ တစ်ချက်ကြည့်ရုံဖြင့် အသက်ဆုံးရှုံးသွားကြောင်း သိနိုင်သည်။
လေထဲမှ ပုံရိပ်သုံးခုက ရုတ်တရက် ဗိုလ်ချုပ် ဖီးလ် ၏ဘေးသို့ သက်ဆင်းလာသည်။
ဗိုလ်ချုပ် ဖီးလ် တစ်ချက်ကြည့်လိုက်ပြီး ၎င်းက ကျန်သည့်ကျွမ်းကျင်ဘုန်းတော်ကြီးသုံးဦးဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူ စိတ်သက်သာရာရစွာ သက်ပြင်းရှိုက်လိုက်၏။
“ခင်ဗျားတို့သုံးယောက်ပါလား ဘယ်လိုဖြစ်တာလဲ။ ဘာလို့ ခင်ဗျားတို့အားလုံး……” ဗိုလ်ချုပ် ဖီးလ် က စိတ်ပူပန်သော အသံဖြင့် မေးလိုက်သည်။
“ဗိုလ်ချုပ် ချက်ချင်းပြန်ဆုတ်ပါတော့ ဒီနေရာက……”
ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦး၏ အလောတကြီးပြောလိုက်သော စကားက တစ်ဝက်ကျရုံမျှရှိသေး ဗိုလ်ချုပ် ဖီးလ် ၏ရှေ့ ဆယ်မီတာပင်မပြည့်သောနေရာ၌ မီးတောက်တစ်ခု ရုတ်တရက် ကျလာသည်။
“ဝုန်း”
ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး ဗိုလ်ချုပ် ဖီးလ်ရှေ့ရှိ အရာအားလုံး အမှောင်ဖုံးသွားသည်။ ရုတ်တရက် ပေါက်ကွဲထွက်လာသော အညစ်အကြေးများနှင့် ကျောက်တုံးကျောက်ခဲများက သူ့မြင်းကိုပင် လေထဲသို့ လွင့်ထွက်သွားစေသည်။
ဆယ်မီတာအကွာသို့ ကျသွားချိန်တွင် သူသတိလစ်သွားပြီဖြစ်သည်။
............
နိုဝင်ဘာနှောင်းပိုင်းတွင် မြောက်ပိုင်းတိုင်းပြည်အများစု၌ နှင်းစတင်ကျလာပြီး စိုင်စ်နယ်မြေ အအေးဆုံးဆောင်းရာသီသို့ ဝင်ရောက်လာသည်။
သို့သော် ကုန်းမြေတစ်ခုလုံးကို တုန်လှုပ်စေသည့် သတင်းနှင့်ယှဉ်လျှင် ဤနှင်းက စာမဖွဲ့လောက်တော့ပေ။
နိုဝင်ဘာလ၌ ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့က ဂရီဂိုရီ ဟျူ့စ် တောင်တန်းပေါ်ရှိ လမ်ပူရီစစ်တပ်နှင့် ပြင်းထန်သောတိုက်ပွဲတစ်ခု စတင်ခဲ့သည်။
ဤတိုက်ပွဲအတွင်း ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့တွင် တပ်သားတစ်သိန်းခြောက်သောင်းပါပြီး လမ်ပူရီစစ်တပ်တွင် တပ်သားလေးသောင်းသာပါ၏။ သို့သော် နောက်ဆုံးတွင် ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့မှာ ကြီးစွာသော ရှုံးနိမ့်မှုကို ခံစားလိုက်ရပြီး လမ်ပူရီတိုင်းပြည်က အပြည့်အဝအောင်ပွဲ ရရှိလိုက်သည်။
၎င်းက အောင်ပွဲခံရရုံသက်သက်ဆိုလျှင် လူများကို အလုံအလောက်အံ့ဩစေမည်မဟုတ်ပေ။
သို့သော် ဤတိုက်ပွဲ၌ ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့မှ ပြင်းပြင်းထန်ထန်ဒဏ်ရာရသူနှင့် ပျောက်ဆုံးသူပေါင်း မရေမတွက်နိုင်အောင်ရှိပြီး တပ်သားပေါင်းခြောက်သောင်း ဆုံးရှုံးလိုက်ရသည်။ နောက်ဆုံးတွင် လူပေါင်းငါးသောင်းသာ လွတ်မြောက်ခဲ့သည်။
ထိုဆုံးရှုံးမှုများထဲတွင် လူတိုင်းကို အမှန်တကယ်တုန်လှုပ်စေသည်မှာ မားလိုအင်ပါယာ၏ ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးထဲမှတစ်ဦး တိုက်ပွဲ၌ သေဆုံးသွားခြင်းပင်။
လွန်ခဲ့သောကိုးနှစ်က Frestech ကုန်သည်ကြီးများအသင်း၏ ဌာနချုပ်ကို တိုက်ခိုက်ပြီးနောက် ကျွမ်းကျင်ဘုန်းတော်ကြီး လီဗင်ဟက်စ်ကို ကျဆုံးသွားခဲ့သေးသည်။ ဤသတင်းက စိုင်စ်နယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
အဘယ့်ကြောင့်ဆိုသော် စိုင်စ်နယ်မြေသမိုင်းတစ်လျှောက်တွင် သေဆုံးသွားသော ကျွမ်းကျင်ဘုန်းတော်ကြီးအနည်းငယ်သာရှိပြီး ထိုသို့မဖြစ်ခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာကြာပြီဖြစ်သည်။
သို့သော် ကျွမ်းကျင်ဘုန်းတော်ကြီး လီဗင်ဟက်စ်ကို သေဆုံးမှုမှာမူ သူက ယုံကြည်မှုလွန်ကဲလွန်းသောကြောင့်ဟု သတ်မှတ်နိုင်သေးသည်။ သူက Frestech ကုန်သည်ကြီးများအသင်း၏ ဌာနချုပ်ကို တိုက်ခိုက်ခဲ့သောကြောင့် သူတို့၏ထောင်ချောက်ထဲ ကျရောက်ခဲ့ရခြင်းပင်။
ထို့ပြင် Frestech ကုန်သည်ကြီးများအသင်းတွင် ကျွမ်းကျင်ဘုန်းတော်ကြီးလီဗင်ဟက်စ်ကို နှင့်အဆင့်တူ ကျွမ်းကျင်ဘုန်းတော်ကြီးကမ်မီလာအပြင် မဟာမှော်ပညာရှင်အများအပြားလည်း ရှိနေသေးသည်။ သူတို့က သဘောတရားအရ ကျွမ်းကျင်ဘုန်းတော်ကြီးလီဗင်ဟက်စ်ကို နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး ဆာရန်ဒယ်ကလေးရ် တို့နှင့် ယှဉ်နိုင်ပေသည်။
သို့သော် ဤတစ်ခေါက်ကမူ မားလိုအင်ပါယာ၏ ကျွမ်းကျင်ဘုန်းတော်ကြီး နီဂန် သည် လမ်ပူရီစစ်တပ်နှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လမ်ပူရီတိုင်းပြည်တွင် ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ယောက်ပင်မရှိဘဲ မဟာမှော်ပညာရှင်များသာ ရှိသော်လည်း သူတို့က မယုံကြည်နိုင်လောက်အောင်ပင် ကျွမ်းကျင်ဘုန်းတော်ကြီး နီဂန် ကို သတ်နိုင်ခဲ့သည်။
ပို၍ပင်မယုံကြည်စရာကောင်းသည်မှာ ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့တွင် ကျွမ်းကျင်ဘုန်းတော်ကြီးနီဂန် သာမကဘဲ အခြားကျွမ်းကျင်ဘုန်းတော်ကြီးသုံးဦးလည်း ရှိသေးသည်။
ကျွမ်းကျင်ဘုန်းတော်ကြီးလေးယောက် ပူးပေါင်းဆောင်ရွက်သည်ကိုပင် တစ်ယောက်သေပြီး ကျန်သုံးယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သည်။ စိုင်စ်နယ်မြေသမိုင်းတစ်လျှောက်လုံးတွင် ဤသို့ တစ်ခါမျှမဖြစ်ဖူးချေ။
လူတိုင်းတုန်လှုပ်သွားကြပြီးနောက် သူတို့၏ရင်ထဲတွင် သံသယများပြည့်လာသည်။
လမ်ပူရီစစ်တပ်က မည်သို့ လုပ်လိုက်လေသနည်း။
သူတို့တွင် Frestech ကုန်သည်ကြီးများအသင်းမှ ထောက်ပံ့ထားသော စစ်ဘက်သုံးမှော်စက််ပမာဏအမြောက်အများရှိသောကြောင့် သူတို့ ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့အား တိုက်ခိုက်နိုင်ခြင်းကို မည်သူမျှမအံ့ဩပေ။
သို့သော် သူတို့က ပြိုင်ဘက်ကင်းလောက်အောင် စွမ်းအားကြီးသော ကျွမ်းကျင်ဘုန်းတော်ကြီးလေးယောက်၏ ပူးပေါင်းလုပ်ဆောင်မှုကို မည်သို့ အနိုင်ယူလိုက်သနည်း။
ဤတုန်လှုပ်ချောက်ချားမှုနှင့် သံသယဖြစ်မှုတို့ကြားတွင် လူပေါင်းများစွာ စတင်ထိတ်လန့်လာကြသည်။
စိုင်စ်နယ်မြေမှလူများအတွက် ကျွမ်းကျင်ဘုန်းတော်ကြီးများသည် သာမန်လူများထက် များစွာသာလွန်သော အထူးပုဂ္ဂိုလ်များဖြစ်၏။
ကျွမ်းကျင်ဘုန်းတော်ကြီးများသည် မှော်ပညာရှင်များကြားတွင် အထွတ်အထိပ်ဖြစ်ကာ သာမန်လူများ၏ လေးစားကိုးကွယ်ခြင်းခံရသော နတ်ဘုရားများသဖွယ်ဖြစ်ပြီး သူတို့ကို မခုခံနိုင်ပေ။
သို့သော် ယခု ကျွမ်းကျင်ဘုန်းတော်ကြီးများမှာ မကျော်လွှားနိုင်သူများမဟုတ်ဘဲ သူတို့ကိုလည်း သာမန်လူများကဲ့သို့ သတ်ပစ်နိုင်ကြောင်း လမ်ပူရီစစ်တပ်က အချက်အလက်များသုံး၍ သက်သေပြလိုက်သည်။
လူပေါင်းများစွာအတွက် ဤအဖြစ်အပျက်က သူတို့ရင်ထဲရှိ နတ်ဘုရားများ၏ ပုံရိပ်ကို ဖျက်ဆီးလိုက်ပြီး ၎င်းက သူတို့အတွက် လက်ခံနိုင်ရန်ခက်ခဲသည်မှာ ပုံမှန်ပင်။ သူတို့က ဤအချက်ကြောင့် စတင်၍ပင် ထိတ်ထိတ်ပျာပျာဖြစ်လာကြသည်။
ဤတိုက်ခိုက်မှုသည် အခြားတိုင်းပြည်များအတွက် ထိုမျှမပြင်းထန်သော်လည်း မားလိုပြည်သူပြည်သားများအတွက်မူ သေစေလောက်သော ထိုးနှက်ချက်ဖြစ်၏။
ဤအရာက ကန်ဒရာအင်ပါယာ၏ ပြည်သူပြည်သားများအတွက်လည်း အားကောင်းသော ထိုးနှက်ချက်တစ်ခုဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကန်ဒရာအင်ပါယာတွင်လည်း မားလိုအင်ပါယာကဲ့သို့ပင် ကျွမ်းကျင်ဘုန်းတော်ကြီးကိုးဦးရှိ၏။ သူတို့ကို ဤပြည်သူပြည်သားများက ကာကွယ်ရေးနတ်ဘုရားများအဖြစ် အမြဲတမ်း သတ်မှတ်ထားခဲ့ကြသည်။
ယခု ထိုကာကွယ်ရေးနတ်ဘုရားများက လူတိုင်းထင်သကဲ့သို့ မကျော်လွှားနိုင်သူများမဟုတ်ကြတော့ပေ။ ၎င်းသည် အင်ပါယာနှစ်ခုက နေမဝင်အင်ပါယာများ မဟုတ်ကြတော့သည့် အဓိပ္ပာယ်ပင်လော။
***
မှော်စက်မှုအင်ပါယာ
Volume 7 အခန်း ၁၂၈ ။ ကာကွယ်ရေးစည်းများ ပြိုလဲခြင်း
အချိန်များ တရွေ့ရွေ့ကုန်လွန်သွားပြီး ဒီဇင်ဘာရောက်လာသည်။ နှင်းများ ထူထပ်စွာကျသည့် ဆောင်းရာသီအတွင်းပိုင်းကာလသို့ ဝင်လာပြီး မြောက်အရပ်မှ အအေးဓာတ်တို့ ရောက်ရှိလာ၏။
ဤရာသီအတွင်း စိုင်စ်နယ်မြေ၏ရိုးရာအယူအဆမှာ မည်သည့်စစ်ရေးလှုပ်ရှားမှုမျှမလုပ်ရန်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ဤအေးစက်နေသော ရာသီဥတုထဲတွင် တိုက်ခိုက်ရခြင်းအပြင် တပ်သားများက နှင်းတောထဲ၌ ချီတက်ရင်း သေဆုံးသွားခြင်းများရှိနိုင်သလို ချောနေသော ရွှံ့လမ်းများပေါ်တွင် ချီတက်ခြင်းက အတော်လေးပိုခက်ခဲသောကြောင့်ပင်။
ထို့ကြောင့် ဆောင်းရာသီသည် စိုင်စ်နယ်မြေ၏ သမိုင်းထဲတွင် အမြဲတမ်း ငြိမ်ချမ်းရေးရာသီတစ်ခု ဖြစ်ခဲ့၏။ မည်သည့်တိုင်းပြည်မျှ ဤကာလအတွင်း စစ်တိုက်ရန် ရွေးချယ်မည်မဟုတ်ပေ။
သို့သော်.... ရိုးရာဓလေ့များက ဤဆောင်းရာသီ၌ ကျိုးပျက်သွားရတော့သည်။
နိုဝင်ဘာလလယ်တွင် လမ်ပူရီတိုင်းပြည်က ဂရီဂိုရီ ဟျူ့စ် တောင်တန်း၌ ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့ကို အနိုင်ရခဲ့သည်။ သူတို့က တပ်သားနှစ်သိန်း၏ သုံးပုံနှစ်ပုံနီးပါးကို သုတ်သင်ပစ်ခဲ့ပြီး မရေမတွက်နိုင်သော လူတို့၏ မျက်လုံးများထဲမှ မကျော်လွှားနိုင်ခြင်း၏ အမှတ်လက္ခဏာတစ်ခုဖြစ်သည့် ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးကို သတ်ပစ်ကာ လူတိုင်းကိုပင် တုန်လှုပ်စေခဲ့သည်။
ဤတိုက်ပွဲတစ်ခုတည်းနှင့် အခြေအနေက လုံးဝ ပြောင်းပြန်ဖြစ်သွား၏။
ဤမတိုင်မီက လမ်ပူရီစစ်တပ်သည် ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့၏ တိုက်ခိုက်မှုအောက်တွင် တွန်းလှန်ခြင်းခံခဲ့ရသည်။ ဂရီဂိုရီ ဟျူ့စ် တောင်တန်းထံ ဆုတ်ခွာသွားချိန်တွင် သူတို့ ဖော့လ်ခ်တိုင်းပြည်မှသိမ်းပိုက်ထားသော နယ်မြေတစ်ဝက်နီးပါးပင် ဆုံးရှုံးခဲ့ရ၏။
ထိုအချိန်က လမ်ပူရီတိုင်းပြည် မခုခံနိုင်တော့ဘဲ ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့၏ ဖော့လ်ခ်တိုင်းပြည်ထဲမှ မောင်းထုတ်ခြင်းခံရတော့မည်ဟု လူတိုင်းထင်ခဲ့ကြသည်။
မားလိုအင်ပါယာကသာ အနည်းငယ်ပိုရဲတင်းစွာဖြင့် ကျွမ်းကျင်ဘုန်းတော်ကြီးများ အခြားနိုင်ငံသို့ ကျူးကျော်ခြင်းမပြုရဟုသော ရိုးရာကို ချိုးဖောက်ခဲ့လျှင် ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့က လမ်ပူရီတိုင်းပြည်သို့ပင် ကျူးကျော်နေလောက်ပြီဖြစ်သည်။
ထို့ပြင် ဤအရာက အတော်လေးဖြစ်နိုင်ချေရှိ၏။
အဘယ့်ကြောင့်ဆိုသော် စိုင်စ်နယ်မြေတစ်ခွင်၌ ပျံ့နှံ့နေသော စစ်ပွဲတွင် တိုက်ခိုက်နေကြသူများမှာ တစ်ဖက်က Frestech ကုန်သည်ကြီးများအသင်း၏ အဓိကကိုယ်စားလှယ်များထဲမှ တစ်ယောက်ယောက်ဖြစ်ပြီး တစ်ဖက်က အင်ပါယာနှစ်ခုထဲမှ တစ်ခုဖြစ်သည်။ တစ်ချိန်တည်းတွင် အင်အားကြီးသော မာနာမှော်တိုင်းပြည်၏ ပါဝင်လာခြင်းနှင့်အတူ ဤစစ်ပွဲ၌ Frestech ကုန်သည်ကြီးများအသင်းရှိ နှစ်ယောက်မှလွဲ၍ ကျွမ်းကျင်ဘုန်းတော်ကြီးအားလုံး ပါဝင်နေ၏။
ထို့နောက် စိုင်စ်နယ်မြေပေါ်၌တည်ရှိနေသည်မှာ နှစ်ပေါင်ထောင်ချီကြာပြီဖြစ်ပြီး အင်ပါယာနှစ်ခု၏ စစ်တပ်များကို အထောက်အပံ့ပြုနေသော မှော်ပညာရှင်အစည်းအရုံးကို ပေါင်းထည့်လိုက်လျှင် သူတို့၏ အားကောင်းသော ထောက်ပံ့ပေးမှုနှင့် သူတို့ အစဉ်အလာကို ဖောက်ဖျက်လျှင်တောင် ထိုမျှမထူးဆန်းပေ။
ဆိုရလျှင် လူတစ်ယောက်သည် စစ်ပွဲအတွက် မရေမတွက်နိုင်သော အကြောင်းအရင်းမျိုးစုံ စဉ်းစားနိုင်၏။
ထိုသို့သာ အမှန်တကယ်ဖြစ်ခဲ့လျှင် လမ်ပူရီစစ်တပ်က ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့၏ တိုက်ခိုက်မှုကို ခုခံရန် ခက်ခဲသွားပေလိမ့်မည်။ နောက်ဆုံးတွင် လမ်ပူရီတိုင်းပြည် ဖျက်ဆီးခြင်းပင် ခံကောင်းခံရနိုင်ပေသည်။
သို့သော်…… ဤဂရီဂိုရီ ဟျူ့စ် တောင်တန်းတိုက်ပွဲက လူတိုင်း၏ ကြိုတင်ခန့်မှန်းချက်များကို ပြောင်းလဲသွားစေသည်။
Frestech ကုန်သည်ကြီးများအသင်းက လမ်ပူရီတိုင်းပြည်အား ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့နှင့် ရင်ဆိုင်ရန် ကူညီနိုင်လိမ့်မည် ခန့်မှန်းထားသူအချို့ရှိသော်လည်း လမ်ပူရီတိုင်းပြည်က တိုက်ပွဲတစ်ကြိမ်တည်းနှင့် သူတို့ကို အပြီးအပိုင်ချေမှုန်းပစ်မည်ဟု မည်သူမျှ မစဉ်းစားမိခဲ့ကြချေ.
နောက်ဆုံးအဆုံးအဖြတ်အခန်းကဏ္ဍတွင် ပါဝင်သည်မှာ လမ်ပူရီစစ်တပ်က ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးကို သေရစေကာ ကျန်သုံးဦးကို ဒဏ်ရာရစေခဲ့ခြင်းပင်။
ဤအရာက အဆင့်မြင့်မှော်ပညာရှင်ပေါင်းရာချီ၊ မဟာမှော်ပညာရှင်ပေါင်းဆယ်ချီနှင့် ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးကို ရင်ဆိုင်ခြင်းမှ ရလာသည့်ရလဒ်ပင်။
ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့၏ အနေအထားနှင့် သူတို့က မည်သို့ရှုံးရမည်ပင်မသိဘဲနေမည်ဟု လူတိုင်းထင်ထားသော်လည်း လမ်ပူရီတိုင်းပြည်၏ ထိုးနှက်ချက်တစ်ခါလေးကြောင့် သူတို့ ပြိုလဲသွားမည်ဟု လုံးဝမထင်ခဲ့ကြချေ။
ဤရလဒ်က လူတိုင်းအား ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့၏ တိုက်ခိုက်ရေးစွမ်းအားကို စတင်သံသယဝင်လာစေသည်။
ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့က လမ်ပူရီတိုင်းပြည်အား အနိုင်ယူလိမ့်မည်ဟု မည်သူမျှမယုံကြည်ကြတော့ဘဲ အင်ပါယာနှစ်ခုနိုင်မနိုင်ကိုပင် လူတိုင်းက စတင်သံသယဝင်လာကြသည်။
အင်ပါယာနှစ်ခု၏ တပ်ဖွဲ့က ဤအချိန်အတွင်း Frestech ကုန်သည်ကြီးများအသင်း၏တပ်ဖွဲ့ကို အပြည့်အဝ ဖိနှိပ်ထားနိုင်ခဲ့သည်မှာ အဓိကအကြောင်းအရင်းနှစ်ခုရှိ၏။
တစ်ခုက သူတို့တွင် ကျွမ်းကျင်ဘုန်းတော်ကြီးအရေအတွက် အပြတ်အသတ်သာသောကြောင့် ဤအချက်က ထိပ်တိုက်တိုက်ခိုက်မှုများတွင် Frestech ကုန်သည်ကြီးများအသင်းကို ဖိနှိပ်ထားစေနိုင်ခဲ့သည်။
ဒုတိယအချက်မှာ သူတို့တွင် ပိုကောင်းသော အခြေခံအုတ်မြစ်နှင့် ပိုများသော လူအင်အားရှိသောကြောင့် အရပ်မျက်နှာအမျိုးမျိုးမှတိုက်ခိုက်ကာ Frestech ကုန်သည်ကြီးများအသင်းအား သူတို့နှင့်တွေ့လာအောင် တွန်းအားပေးစေနိုင်ခဲ့သည်။
သို့သော် ဂရီဂိုရီ ဟျူ့စ် တောင်တန်းတိုက်ပွဲပြီးနောက် ကျွမ်းကျင်ဘုန်းတော်ကြီးများသည် သူတို့ထင်သကဲ့သို့ မကျော်လွှားနိုင်သူများမဟုတ်ကြောင်း လူတိုင်းသိလာ၏။ ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦး ပူးပေါင်းလုပ်ဆောင်သည်ကိုပင် လမ်ပူရီစစ်တပ်၏ တိုက်ခိုက်မှုကို မခုခံနိုင်ချေ။ သူတို့ထဲက တစ်ယောက်ပင်သေပြီး သုံးယောက်ဒဏ်ရာရကာ အင်ပါယာနှစ်ခု၏ အကြီးမားဆုံးအားသာချက်ကို ပျောက်ကွယ်သွားစေသည်။
၎င်းက စစ်ပွဲ၏ အဓိကအချက်တစ်ခုကိုလည်း ထွက်ပေါ်လာစေခဲ့သည်။ ထိုအချက်မှာ အင်ပါယာနှစ်ခု၏ သာမန်တပ်ဖွဲ့များသည် Frestech ကုန်သည်ကြီးများအသင်း၏ တပ်ဖွဲ့များနှင့် ရင်ဆိုင်ရချိန်တွင် လက်နက်အပြည့်အစုံတပ်ဆင်ထားသော လူကြီးများရှေ့မှ ကလေးငယ်များကဲ့သို့ လုံးဝ မခုခံနိုင်ဘဲ အရိုက်ခံရရန်ကိုသာ စောင့်နေရသည်ဟူ၍ပင်။
ဤတိုက်ပွဲတွင် ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးသေကာ ကျန်သုံးဦး ဒဏ်ရာရသွားပြီးနောက် ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့၌ မားလိုအင်ပါယာမှထုတ်ထားသော စစ်ဘက်သုံးမှော်စက်တော်တော််များများနှင့် တပ်သားတစ်သိန်းခြောက်သောင်း ရှိနေဆဲပင်။ ထို့ကြောင့် သူတို့က အတော်လေးအင်အားကြီးနေဆဲဟု ဆိုနိုင်သည်။
သို့သော် လမ်ပူရီစစ်တပ်၏ တိုက်ခိုက်မှုများအောက်တွင် ဤတစ်သိန်းခြောက်သောင်းပါတပ်ဖွဲ့မှာ လုံးဝမခုခံနိုင်ချေ။ သူတို့က တစ်နာရီမျှအတွင်း အကြီးအကျယ် သေကြေပျက်စီးမှုများ ကြုံရပြီး တပ်သားတစ်ဝက်ခန့် ဆုံးရှုံးသွားကာ မျိုးဖြုတ်သုတ်သင်ခံရလုနီးပါးပင်။
ဤသည်နှင့်အပြိုင် လမ်ပူရီတိုင်းပြည်က သူတို့တွင် အသေအပျောက်မရှိသလောက်နီးပါးဖြစ်ကြောင်း ကြေညာလာသည်။
ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့ပြိုလဲခြင်းက အဓိကအကြောင်းအရင်းဆိုလျှင်တောင် ဤပေါ့ပေါ့ပါးပါးထုတ်ပြန်ချက်က လူတိုင်း၏ ယေဘုယျနားလည်သဘောပေါက်မှုကို လုံးလုံးလျားလျား ပြောင်းပြန်ဖြစ်သွားစေသည်။
ဤတိုက်ပွဲပြီးနောက် အင်ပါယာနှစ်ခု၏ ရိုးရာတပ်ဖွဲ့များက စစ်ဘက်သုံးမှော်စက်ပေါင်းအမြောက်အများနှင့် Frestech ကုန်သည်ကြီးများအသင်း၏ တပ်ဖွဲ့အသစ်များကို ခြိမ်းခြောက်နိုင်မည်ဟု မည်သူမျှမယုံကြည်တော့ချေ။
ထို့ပြင် အဆင့်မြင့်မှော်ပညာရှင်များ၊ မဟာမှော်ပညာရှင်များနှင့် ကျွမ်းကျင်ဘုန်းတော်ကြီးများပင် လူတိုင်းထင်သကဲ့သို့ တိုက်ပွဲ၏ဦးတည်ရာကို မပြောင်းလဲနိုင်သည့် အချက်ကို ထပ်ပေါင်းလိုက်လျှင် ရလဒ်က သိသာထင်ရှားလှသည်။
အင်ပါယာနှစ်ခုက ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွင် Frestech ကုန်သည်ကြီးများအသင်းအား ရင်မဆိုင်နိုင်ပေ။ ဤအခြေအနေကိုပြောင်းလဲရန် တစ်ခုတည်းသောနည်းလမ်းမှာ သူတို့၏ ပိုကြီးသော အခြေခံအုတ်မြစ်နှင့် ပိုကောင်းသော ဗျူဟာကိုသုံး၍ တစ်ဖက်က စွမ်းအားကုန်သည်အထိ အချိန်ဆွဲထားရန်သာဖြစ်သည်။
ဂရီဂိုရီ ဟျူ့စ် တောင်တန်းတိုက်ပွဲက ဆောင်းရာသီအစောပိုင်း၌ ဖြစ်သွားခြင်းမှာ အင်ပါယာနှစ်ခုအတွက် သတင်းကောင်းပင်။
အဘယ့်ကြောင့်ဆိုသော် ဆောင်းရာသီရောက်လာသည်နှင့် လမ်ပူရီတိုင်းပြည်တွင် အားသာချက်ကြီးကြီးမားမား ရှိနေလျှင်တောင် သူတို့၏လုပ်ဆောင်ချက်အားလုံးကို ယာယီရပ်တန့်ကာ ရှေ့ဆက်မတိုးတော့ဘဲ မားလိုအင်ပါယာကို အသက်ရှူချိန်ပေးရမည်သာဖြစ်သည်။
ဆောင်းရာသီအတွင်း သူတို့ ပြန်လည်ထူထောင်နိုင်လျှင် နောက်နှစ်တိုက်ပွဲများ၌ မည်သို့ဖြစ်လာမည်ကို ခန့်မှန်းရန်ခက်ပေလိမ့်မည်။
သို့သော်... မားလိုအင်ပါယာကို အသက်ရှူခွင့်မပေးခြင်းဖြင့် လမ်ပူရီတိုင်းပြည်က လူတိုင်းကို အံ့ဩသွားစေခဲ့သည်။
ဒီဇင်ဘာခြောက်ရက်နေ့၌ ဖော့လ်ခ်တိုင်းပြည်၏အပိုင်ဖြစ်ခဲ့ဖူးသော မားလိုအင်ပါယာ၏ တောင်ပိုင်းနယ်မြေတစ်ခု၌ နှင်းများဖုံးလွှမ်းနေစဉ် လမ်ပူရီတိုင်းပြည်က မထင်မှတ်စွာဖြင့် တိုက်ခိုက်မှုတစ်ခု စတင်လိုက်၏။ နေ့ဝက်အတွင်း မှော်တင့်ကားနှင့် မှော်တိုက်ခိုက်ရေးယာဥ်ပေါင်းရာချီနှင့်အတူ အင်အားသုံးသောင်းပါ တပ်ဖွဲ့တစ်ခုက ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့ ဂရီဂိုရီ ဟျူ့စ် တောင်တန်းထံမှ ဆုတ်ခွာသွားသည့် စိန့်ထ်ရို့စ် မြို့သို့ ရောက်ရှိလာသည်။
နေ့ဝက်ခန့်တိုက်ခိုက်ပြီးနောက် စိန့်ထ်ရို့စ် မြို့မှာ ထိုးဖောက်ခံလိုက်ရပြီး ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့မှ လူနှစ်သောင်းသာ လွတ်မြောက်ခဲ့သည်။
ဒီဇင်ဘာကိုးရက်နေ့တွင် လမ်ပူရီစစ်တပ်က ထိုတပ်သားနှစ်သောင်းကို မူလဖော့လ်ခ်တိုင်းပြည်၏ မြောက်ပိုင်းရှိ နှေးကွေးတောင်ကြားအထိ လိုက်လံဖမ်းဆီးခဲ့သည်။
ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့မှာ မခုခံနိုင်သောကြောင့် ဗိုလ်ချုပ် ဖီးလ် က လက်ဦးမှုယူကာ အညံ့ခံလိုက်ပြီး စစ်တပ်ကို ဖျက်သိမ်းခဲ့၏။
သုံးရက်ကြာပြီးနောက် လမ်ပူရီစစ်တပ်က ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့က ပြန်သိမ်းယူထားသည့် မူလဖော့လ်ခ်တိုင်းပြည်၏ နယ်စပ်ရှိ နိုင်လန်မြို့ကို ကျူးကျော်ကာ သူတို့၏ ထိန်းချုပ်မှုထဲသို့ ပြန်လည်ပေါင်းစည်းလိုက်သည်။
လမ်ပူရီတိုင်းပြည်က ဖော့လ်ခ်တိုင်းပြည်ထံမှ သူတို့သိမ်းယူခဲ့ဖူးသော နယ်မြေများအားလုံးကို ပြန်ယူပြီးသည့်အတွက် ဤနေရာတွင် ရပ်တန့်တော့မည်ဟု အားလုံးက ယုံကြည်နေကြ၏။
ဆိုရလျှင် သူတို့ရှေ့တူရူ၌ရှိနေသည်မှာ မားလိုအင်ပါယာ၏ နယ်နိမိတ်ဖြစ်ပြီး ရှေ့ဆက်တိုးလျှင် သူတို့က မားလိုအင်ပါယာထံ ကျူးကျော်ခြင်းဖြစ်ပေလိမ့်မည်။
မားလိုအင်ပါယာကို ပြန်လည်တိုက်ခိုက်ခြင်းနှင့် မားလိုအင်ပါယာကို ကျူးကျော်ခြင်းမှာ လုံးဝမတူညီသော ကိစ္စနှစ်ခုပင်။
မားလိုအင်ပါယာတည်ထောင်ကတည်းက နှစ်ပေါင်းရာချီအတွင်း မားလိုအင်ပါယာကို ကျူးကျော်ခဲ့သော တိုင်းပြည်များအားလုံး ပြင်းပြင်းထန်ထန် ရှုံးနိမ့်သွားပြီး ကန်ဒရာအင်ပါယာပင် ခြွင်းချက်မရှိပေ။
လွန်ခဲ့သောဆယ်နှစ်ကျော်က စိုင်စ်နယ်မြေပေါ်၌ တိုင်းပြည်ငယ်လေးတစ်ခုသာဖြစ်သော လမ်ပူရီတိုင်းပြည်က ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့ကို အနိုင်ယူခဲ့လျှင်တောင် မားလိုအင်ပါယာကို ကျူးကျော်လိမ့်မည်ဟု မည်သူမျှမထင်ချေ။
သို့သော် လမ်ပူရီတိုင်းပြည်က အချက်တစ်ချက်တည်းဖြင့် လူတိုင်း၏ခန့်မှန်းချက်ကို ချေဖျက်လိုက်သည်။
ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ဆယ်ရက်ကြာနားနေခဲ့သော လမ်ပူရီစစ်တပ်က လှုပ်ရှားလာပြီး မားလိုအင်ပါယာ၏ တောင်ဘက်နယ်စပ်ကိုဖြတ်ကာ မားလိုအင်ပါယာထံ တရားဝင်ကျူးကျော်လိုက်သည်။
မားလိုအင်ပါယာက လမ်ပူရီတိုင်းပြည် ကျူးကျော်ရဲလိမ့်မည်ဟု မျှော်လင့်မထားသော်လည်း သူတို့ ကာကွယ်ရေးများ ပြင်ဆင်ထားပြီးသားဖြစ်၏။ ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့ ဂရီဂိုရီ ဟျူ့စ်တောင်တန်း၌ ရှုံးနိမ့်ပြီးနောက် သူတို့က ဒရိက်ခ်ဒက်ချီအားတိုက်နေသော တပ်ဖွဲ့ကိုပြန်ခေါ်ကာ အခြားနေရာများမှ နယ်ခြားစောင့်တပ်သားများကို စုစည်းလိုက်သည်။
လမ်ပူရီစစ်တပ်၏ တိုက်ခိုက်ရေးစွမ်းအားကို အလေးထားကာ မားလိုအင်ပါယာက အင်ပါယာ၏ အင်အားစုအကုန်လုံးနီးပါးကို စုစည်းလိုက်သည်။ သူတို့တွင် ကျွမ်းကျင်ဘုန်းတော်ကြီးငါးဦးနှင့် တပ်သားသုံးသိန်းခြောက်သောင်းကျော် ရှိ၏။
သို့သော်…… ဤအရာက မည်သည့်အဓိပ္ပာယ်မျှမရှိချေ။
ဒီဇင်ဘာ ၂၄ မှ ဒီဇင်ဘာ ၃၀ အထိ တစ်ပတ်ကြာအောင် တိုက်ပွဲပြင်းထန်စွာ ဆင်နွှဲပြီးနောက် မားလိုအင်ပါယာစစ်တပ်တွင် သေဆုံးသူတစ်သိန်းနှင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသူ ရှစ်သောင်းရှိပြီး အဆင့်မြင့်မှော်ပညာရှင်လေးရာ၊ မဟာမှော်ပညာရှင်ကိုးဦးနှင့် ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦး တိုက်ပွဲ၌ ကျဆုံးခဲ့သည်။ ဤမျှကြီးမားသော ဆုံးရှုံးမှုများကြုံပြီးနောက် သူတို့က လမ်ပူရီတိုင်းပြည်ကို မခုခံနိုင်တော့ဘဲ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားခဲ့သည်။
မားလိုအင်ပါယာ၏ ကာကွယ်ရေးတပ်ဖွဲ့ ပြိုလဲသွားပြီး လမ်ပူရီတိုင်းပြည်က ဆက်လက်တိုးဝင်လာခဲ့သည်။
သက္ကရာဇ် ၃၇၈၃ ခုနစ် ဇန်နဝါရီတစ်ရက်နေ့၊ နှစ်သစ်၏ပထမဆုံးနေ့သည် စိုင်စ်နယ်မြေပေါ်ရှိ အခြားသူအများအပြားအတွက် နှစ်သစ်တစ်နှစ်၏ အရေးကြီးအထိမ်းအမှတ်တစ်ခုဖြစ်၏။
သို့သော် ၎င်းက မားလိုအင်ပါယာ၏ အရေးကြီးပုဂ္ဂိုလ်များနှင့် အင်ပါယာနှစ်ခု၏ တပ်ဖွဲ့များအတွက်တော့ အကြောက်တရားနှင့် စိုးရိမ်ကြောင့်ကြမှုတို့ပြည့်နေရသည့် နေ့တစ်နေ့ပင်။
အဘယ့်ကြောင့်ဆိုသော် ယခုနှစ် ယခုနေ့ရက်မှစကာ လမ်ပူရီတိုင်းပြည်က မားလိုအင်ပါယာကို ကျူးကျော်ခဲ့ပြီး အင်ပါယာနှစ်ခုပုံဖော်ထားသော ရိုးရာဓလေ့များသည် မားလိုအင်ပါယာ၏ ကာကွယ်ရေးစည်းများကဲ့သို့ ပြိုလဲသွားတော့မည်ဟု ဆိုလိုလိုက်ခြင်း ဖြစ်ပေသည်။
***
မှော်စက်မှုအင်ပါယာ
Volume 7 အခန်း ၁၂၉။ဘဏ္ဍာရေးဆုံးရှုံးမှု
လမ်ပူရီတိုင်းပြည်က မားလိုအင်ပါယာ၏ ကာကွယ်ရေးစည်းများကို ဖျက်ဆီးကာ လူအများအပြား ကြောက်လန့်ရသော အရှိန်အဟုန်ဖြင့် မားလိုအင်ပါယာထံ ချီတက်လာချိန်တွင် စတက်တိန်းဒက်ချီရှိ Frestech ကုန်သည်ကြီးများအသင်း၏ ပင်မဌာချုပ်ထဲတွင် မြင်ကွင်းက ခြားနားလျှက်ရှိသည်။
Frestech ကုန်သည်ကြီးများအသင်းသည် နှစ်ဖက်အုပ်စုထဲမှ ဇာတ်ဆောင်များအနက် တစ်ဦးဖြစ်သော်လည်း ပြင်ပကမ္ဘာ၏ ပူပန်စရာများနှင့် စိုင်စ်နယ်မြေတစ်ခုလုံးကို တင်းမာနေစေသည့် စစ်ပွဲက ဌာနချုပ်အပေါ် မည်သည့်သက်ရောက်မှုမျှ မရှိသည့်ပုံပင်။
နှစ်သစ်ကူးဖြစ်သည့်အတွက် Frestech ကုန်သည်ကြီးများအသင်းက နှစ်မကုန်မီ တစ်ပတ်ပိတ်ရက်ပေးထား၏။ ဤအတွက်ကြောင့် ဌာနချုပ်က ပုံမှန်ကဲ့သို့ အလုပ်များနေခြင်းမရှိဘဲ စက်ရုံများထဲမှ မှော်စက်ထုတ်လုပ်သည့်အသံများပင် အတော်လေး ပိုတိတ်ဆိတ်လို့နေသည်။
သို့သော် ၎င်းသည် Frestech ကုန်သည်ကြီးများအသင်းက လုံးဝသက်ရောက်မှုမရှိဟု ဆိုလိုခြင်းတော့မဟုတ်ပေ။
Frestech ကုန်သည်ကြီးများအသင်းတပ်ဖွဲ့၏ ခေါင်းဆောင်အနေဖြင့် အင်ပါယာနှစ်ခု၏ တိုက်ခိုက်မှုများအား ဆန့်ကျင်ရန် နိုင်ငံအမျိုးမျိုးကို စစ်ဘက်သုံးမှော်စက်များ ထောက်ပံ့ပေးရသည့်အပြင် သူတို့သည် လမ်ပူရီတိုင်းပြည်ကို ပြန်လည်တိုက်ခိုက်နိုင်အောင်လည်း ကူညီပေးပြီး လမ်ပူရီတိုင်းပြည်က မားလိုအင်ပါယာကို ကျူးကျော်နိုင်ခဲ့သည့် အဓိကအကြောင်းအရင်းလည်းဖြစ်၏။ Frestech ကုန်သည်ကြီးများအသင်းသည် သံသယဖြစ်စရာမလိုဘဲ ယခု စိုင်စ်နယ်မြေတစ်ခွင် ပျံ့နှံ့နေသော စစ်ပွဲ၏ အဓိကအစိတ်အပိုင်း ဖြစ်ပေသည်။
အခြားအရာများမဆိုထားနှင့်၊ လမ်ပူရီတိုင်းပြည်သို့ လက်နက်ခဲယမ်းများနှင့် အခြားစစ်ဘက်သုံးမှော်စက်များ ထောက်ပံ့ပေးရုံသက်သက်ဖြင့် Frestech ကုန်သည်ကြီးများအသင်းသည် စစ်ဘက်သုံးမှော်စက်ထုတ်လုပ်ရေးဌာနအသစ်တစ်ခု တည်ဆောက်ခဲ့ရသည်။
ဌာနအသစ်ကို ပြီးခဲ့သောနှစ်အစ၌ ပြီးစီးခဲ့ပြီး စိုင်စ်နယ်မြေပေါ်ရှိ အခြေအနေက ပိုဆိုးလာကာ နောက်ဆုံးတွင် မီးကုန်ယမ်းကုန်စစ်ပွဲအဖြစ် ပြောင်းလဲဖြစ်ပေါ်လာသောကြောင့် ဤထုတ်လုပ်ရေးဌာနအသစ်မှာ ပြီးခဲ့သောနှစ်၏ ဒုတိယနှစ်ဝက်တွင် စွမ်းအားပြည့်လည်ပတ်လျှက် စစ်ဘက်သုံးမှော်စက်များ မနားတမ်း ထုတ်လုပ်ခဲ့ရသည်။
ရှုယီ၏ စူးရှသော အမြော်အမြင်ရှိမှုတို့ကြောင့် လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်၊ နိုဇ်ဒိုမူစီးပွားရေးအဖွဲ့အစည်းတိုင်းပြည်နှင့် အခြားမဟာမိတ်များကို စစ်ဘက်သုံးမှော်စက်အလုံလောက် ထောက်ပံ့နိုင်ခဲ့သည်။ ဤအရာက အင်ပါယာနှစ်ခုနှင့်ဆင်နွှဲသည့် တိုက်ပွဲများတွင် သူတို့၏ကြီးမားသော ခွန်အားကို ပြသနိုင်စေခဲ့ခြင်းဖြစ်သည်။
ရှုယီက ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် တို့ကို မျှားခေါ်ကာ မှော်ပညာရှင်များကိုရင်ဆိုင်ရန် တီထွင်ထားသော အသစ်ထုတ် မှော်ပိုင်နက်ဆန့်ကျင်ရေးအား အောင်အောင်မြင်မြင် စမ်းသပ်ခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်းက ထိုမဟာမိတ်တပ်ဖွဲ့များထံမှ အပြင်းထန်ဆုံးပြဿနာဖြစ်သည့် ကျွမ်းကျင်ဘုန်းတော်ကြီးများ၏ ခြိမ်းခြောက်မှုကို ဖြေရှင်းနိုင်ခဲ့သည်။
ဤအချက်ကို လမ်ပူရီတိုင်းပြည်နှင့် ဖော့လ်ခ်တိုင်းပြည်နှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့တို့ကြားမှ တိုက်ပွဲတွင်လည်း ပြသခဲ့၏။
မားလိုအင်ပါယာက ဂရီဂိုရီ ဟျူ့စ်တောင်တန်းတွင် ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ယောက်ကို ဆုံးရှုံးခဲ့ပြီးနောက် နယ်စပ်၌ နောက်ထပ်ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ယောက် ဆုံးရှုံးလိုက်ရပြန်သည်။ ဤအချက်က ကျွမ်းကျင်ဘုန်းတော်ကြီးများသည်လည်း သာမန်လူများကဲ့သို့ပင် မကျော်လွှားနိုင်သူများမဟုတ်ဘဲ တိုက်ပွဲ၏ရလဒ်ကို အဆုံးအဖြတ်မပေးနိုင်တော့ကြောင်း လူတိုင်းကို ပြောပြလိုက်ခြင်းပင်။
လမ်ပူရီတိုင်းပြည်က မားလိုအင်ပါယာမှ ကျွမ်းကျင်ဘုန်းတော်ကြီးသုံးဦးကို သတ်ပစ်လိုက်ခြင်းမှတစ်ဆင့် Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များကသာ တိုက်ပွဲ၏ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်ကြောင်း လူတိုင်းနားလည်လာသည်။
သာမန်မှော်ပညာရှင်များက ဤသို့မလုပ်နိုင်သလို စွမ်းအားအကြီးဆုံး ကျွမ်းကျင်ဘုန်းတော်ကြီးများပင် ဤသို့ မလုပ်နိုင်ချေ။
ဤအချက်ကို လူတိုင်း အခိုင်အမာ အသိအမှတ်ပြုလာစေရန်အတွက် Frestech ကုန်သည်ကြီးများအသင်း၏ အခြားဌာနများက နှစ်သစ်ကူးပိတ်ရက်ရသော်လည်း စစ်ဘက်သုံးမှော်စက်ဌာနမှာမူ မမျှော်လင့်စွာဖြင့် ပထမဆုံးအကြိမ် နှစ်သစ်ကူးကာလအတွင်း အချိန်ပိုဆင်းရန် တွန်းအားပေးခံလိုက်ရသည်။
သို့သော် ၎င်းက အထူးအချိန်ပိုဖြစ်သည့်အတွက် အလုပ်သမားများသည် ပုံမှန်လစာ၏ သုံးဆရသောကြောင့် အချိန်ပိုဆက်တိုက်လုပ်နေရသော အလုပ်သမားများအားလုံး ပျော်ရွှင်နေကြ၏။
ထို့ပြင် ယခု နယ်မြေတစ်ခွင်၌ စစ်ဖြစ်နေသေးသည်။ အပြင်ထွက်၍ အန္တရာယ်ကိုရင်ဆိုင်မည့်အစား အလုံခြုံဆုံး Frestech ကုန်သည်ကြီးများအသင်း၏ ဌာနချုပ်တွင် နေသည်က ပိုကောင်း၏။
အခြားဌာနများ၏ ဝန်ထမ်းများသည်ပင် အားလပ်ရက်အတွင်း ထွက်ခွာရန် ဆန္ဒမရှိဘဲ နေခဲ့ရန်ရွေးချယ်သူ အများအပြားပင်။
ဤအခွင့်အရေးကို အသုံးချကာ ဤနေရာတွင်အခြေချရန် ဆုံးဖြတ်လျှက် သူတို့၏မိသားစုများကို စတက်တိန်းဒက်ချီသို့ ခေါ်ဆောင်လာသော ဝန်ထမ်းများလည်းရှိသည်။
ရှုယီကမူ ဤသို့လုပ်ခြင်းကို များစွာ ကြိုဆိုလေသည်။
သူမကျေနပ်ဆုံးအချက်တစ်ချက်မှာ စိုင်စ်နယ်မြေပေါ်၌ အစာရေဆာချို့တဲ့ပြီး ကမ္ဘာမြေပေါ်ရှိ တရုတ်ပြည်နှင့်ယှဉ်လျှင်ပင် လူဦးရေက ရှားပါး၏။ ၎င်းက Frestech ကုန်သည်ကြီးများအသင်းအတွက် ထုတ်လုပ်ရေးတွင် လူအင်အားအလုံအလောက်ခန့်အပ်ရန် အမြဲတမ်း အခက်တွေ့စေခဲ့သည်။
စတက်တိန်းဒက်ချီ၌သာ လူများများပိုရှိလျှင် Frestech ကုန်သည်ကြီးများအသင်း၌ပင် အသင်း၏အလိုအပ်ဆုံး စွမ်းရည်များကို ဖန်တီးနိုင်ပေလိမ့်မည်။
ရေရှည်တွင် မည်သည့်ဘက်ကြည့်ကြည့် ဤအရာက အကျိုးရှိမည်ဖြစ်သည်။
သူက လမ်ပူရီတိုင်းပြည်နှင့် အခြားတိုင်းပြည်များကို စစ်ဘက်သုံးမှော်စက်များ အစွမ်းကုန်ထောက်ပံ့ရေးအတွက် လူတစ်စုလောက် ပြန်ပေးဆွဲကာ စစ်ဘက်သုံးမှော်စက်ထုတ်လုပ်ရေးဌာနတွင် အလုပ်လုပ်ခိုင်းရန်ပင် စိတ်ကူးမိသေးသည်။
သို့သော် ဤအတွေးက လက်တွေ့မကျပေ။
စစ်ဘက်သုံးမှော်စက်များက စွမ်းအားကြီးသော်လည်း ထုတ်လုပ်ရန်မှာ လိုအပ်ချက်မြင့်မား၏။
အထူးသဖြင့် မှော်ပညာရှင်များကို ဆန့်ကျင်ရာတွင် အလိုအပ်ဆုံးဖြစ်သော မှော်ပိုက်နက်ဆန့်ကျင်ရေးကိရိယာတွင် အမှားတစ်ခုမျှရှိ၍ မဖြစ်ပေ။ ၎င်းက မှော်ပညာနယ်ပယ်များစွာကို နက်နက်နဲနဲနားလည်ရန် လိုအပ်ပြီး မှော်အစီအရင်များကို နက်နက်နဲနဲနားလည်သူများသာလျှင် ၎င်းကို ပြုလုပ်နိုင်သည်။
ထိုစွမ်းရည်များက အချိန်တိုအတွင်း လေ့ကျင့်၍မရနိုင်ပေ။
ရှုယီမှာ သင်တန်းသားအသစ်များ တစ်သုတ်ပြီးတစ်သုတ်ကို လုပ်ငန်းခွင်ကဲ့သို့ လေ့ကျင့်ပေးရေးပင် အလျင်မမီနိုင်သောကြောင့် အချိန်တိုအတွင်း ကျွမ်းကျင်လုပ်သားအလုံအလောက် မည်သို့ရှာနိုင်မည်နည်း။
ဤသို့တွေးမိတိုင်း ရှုယီ မနေနိုင်တော့ဘဲ သက်ပြင်းချမိသည်။
စိုင်စ်နယ်မြေပေါ်ရှိ မှော်ပညာရှင်ပမာဏက နိမ့်သော်လည်း ရေတွက်ကြည့်လျှင် တစ်သိန်းကျော်ရှိသောကြောင့် ထိုမျှနည်းသည်ဟုမဆိုနိုင်ပေ။
သူသာ ထိုမှော်ပညာရှင်တစ်သိန်း၏ တစ်ဝက်မျှ ရနိုင်လျှင်…… ဟင့်အင်း ထိုမှော်ပညာရှင်များ၏ သုံးပုံတစ်ပုံ၊ လေးပုံတစ်ပုံ သို့မဟုတ် ငါးပုံတစ်ပုံမျှ Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ပေးရန် ရနိုင်လျှင်ပင် အရည်အချင်းရှိလူများနှင့်ပတ်သတ်ပြီး သူ တစ်ချိန်လုံး စိတ်ပူနေစရာမလိုတော့ချေ။
ထိုမှော်ပညာရှင်များကြားတွင် ရှုယီနှမျောမိဆုံးမှာ လမ်ပူရီစစ်တပ်နှင့်တိုက်ခိုက်ရင်း ကျသွားသော ကျွမ်းကျင်ဘုန်းတော်ကြီးသုံးဦးဖြစ်သည်။
ရှုယီအတွက် ကျွမ်းကျင်ဘုန်းတော်ကြီးများသည် စိုင်စ်နယ်မြေပေါ်တွင် မှော်ပညာနှင့်ပတ်သတ်ပြီး အနက်ရှိုင်းဆုံး နားလည်မှုကို ကိုယ်စားပြုပြီး အားအကောင်းဆုံး မှော်ပညာရှင်များဖြစ်၏။ သူတို့ကို နည်းနည်းလောက် လေ့ကျင့်ပေးလိုက်သည်နှင့် မှော်စက်မှုလက်မှုလုပ်ငန်းတွင် အကြီးအကျယ် ကူညီနိုင်ပေလိမ့်မည်။
ကျွမ်းကျင်ဘုန်းတော်ကြီးသုံးဦးသည် ရှုယီအတွက် ထိပ်တန်းပါရမီရှင်သုံးဦး ဆုံးရှုံးရခြင်းနှင့် ညီမျှ၏။
ဤသတင်းကိုရချိန်တွင် ရှုယီ ထုတ်မပြောသော်လည်း သူ့ရင်ထဲ၌ နာကျင်မှုတို့ပြည့်သွားခဲ့ရသည်။
ဤမှော်ပညာရှင်သုံးဦးသာ စစ်ပွဲအတွင်း၌ အဓိပ္ပာယ်မဲ့သေမသွားခဲ့ဘဲ Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ပေးလျှင် သူတို့က သေချာပေါက် မှော်စက်မှုလက်မှုလုပ်ငန်းကို ပိုမြန်မြန်ဖွံ့ဖြိုးတိုးတက်အောင် ကူညီနိုင်ပြီး ရှုယီ၏စိတ်ကူးနှင့် ခြေတစ်လှမ်းပိုနီးသွားစေပေလိမ့်မည်။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များက Mero မြို့ပြင်၌ ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် တို့ကို သတ်ပစ်နိုင်ခဲ့သော်လည်း ရှုယီက စွန့်စား၍ သူတို့ကို လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
ဤလုပ်ရပ်မှာ ကျွမ်းကျင်ဘုန်းတော်ကြီးများ၏ ထိပ်တန်းစွမ်းရည်ကို ကာကွယ်ရန်သာဖြစ်၏။
သို့သော်…… ဝိရောဓိဖြစ်ရသည့်အချက်မှာ Frestech ကုန်သည်ကြီးများအသင်းက ကျွမ်းကျင်ဘုန်းတော်ကြီးများကို ချေမှုန်းနိုင်သည့် ကြီးမားသောစွမ်းရည်ကို ကိုယ်စားပြုပြသမှသာ အခြားသူများက နားလည်သဘောပေါက်မည်ဖြစ်သောကြောင့် ရှုယီ ဤအတွေးကို ဘေးဖယ်ထားရ၏။
ထို့ကြောင့် နောက်ဆုံးတွင် ကျွမ်းကျင်ဘုန်းတော်ကြီးများ ကျနေဆဲဖြစ်ပြီး သူတို့သုံးယောက်လုံး တစ်ပြိုင်နက်တည်း ကျသွားခဲ့သည်။
ရှုယီမှာ ဤအချက်ကြောင့် အလွန်စိတ်ထိခိုက်သွားသော်လည်း အခြားရွေးချယ်စရာမရှိချေ။
‘အင်း လူတိုင်း တစ်စိတ်တည်းတစ်ဝမ်းတည်း ကြီးပျင်းလာရရင် ဘယ်လောက်ကောင်းမလဲ ဒါပေမယ့် အခုတော့ နှမျောစရာပဲ…..’ ဤသို့တွေးကာ ရှုယီမနေနိုင်တော့ဘဲ သက်ပြင်းချကာ ခါးသီးသော အပြုံးနှင့် ခေါင်းယမ်းလိုက်သည်။
“ဥက္ကဌကြီး ဘာဖြစ်လို့လဲ။ ကျွန်တော်တို့ တစ်ခုခုအမှားလုပ်မိလို့လား” Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်ဌာန၏ မန်နေဂျာ လောန်စ် က ရှုယီ၏မျက်နှာထက်မှ ထူးဆန်းသော အမူအရာကိုမြင်ပြီး အလျင်အမြန် မေးလိုက်သည်။
“မဟုတ်ပါဘူး ဒီစစ်ဘက်သုံးမှော်စက်တွေကို စစ်တပ်တွေဆီပို့ပြီး လူပေါင်းများစွာရဲ့အသက်ကိုယူဖို့ သုံးနေရတာကို စဉ်းစားမိတော့ နည်းနည်း စိတ်မကောင်းဖြစ်သွားရုံပါ” ရှုယီ ခေါင်းယမ်းကာ ဤသို့ပြောလိုက်၏။
ဤတစ်ကြိမ် ထူးဆန်းသော အမူအရာပေါ်လာသည်မှာ လောန်စ် ၏အလှည့်ဖြစ်သည်။
ဥက္ကဌကြီး ယခု မည်သည့်အတွက်ကြောင့် စိတ်မကောင်းဖြစ်နေရသနည်း။
ဥက္ကဌကြီးက အမှန်တကယ်ပင် အလွန်စိတ်ခံစားလွယ်သော လူတစ်ယောက်ပေလော။
မည်သို့ဖြစ်နိုင်မည်နည်း……
ထိုအတွေးများ သူ့စိတ်ထဲဖြတ်ပြေးသွားသည်နှင့် လောန်စ် က မည်သည်မျှမခံစားရဘဲ အပြုံးနှင့်ပြောလိုက်၏။ “ဥက္ကဌကြီးရယ် တစ်ခြားနည်းမှမရှိတာ။ ကျွန်တော်တို့မှာ ဘယ်သူ့ကိုမှ အုပ်စိုးလိုစိတ်မရှိပေမယ့် အဲ့ဒီအင်ပါယာနှစ်ခုကောင်တွေက ဒါကို လက်မှမခံချင်ကြတာ။ သူတို့ကို သင်ခန်းစာကောင်းကောင်းမပေးရင် ကျွန်တော်တို့ အနာဂတ်မှာ ပြဿနာတွေဆုံးမှာမဟုတ်ဘူး”
ရှုယီက လောန်စ် ၏ အထင်အမြင်လွဲမှုကို နားလည်စွာ ပြုံးလိုက်မိသော်လည်း သူ့ကိုရှင်းပြရန် သူ အတော်လေးပျင်းနေ၏။ သူက လက်ဝေ့ယမ်းကာ ပြောလိုက်သည်။ “ဒီအတိုင်း စိတ်ခံစားချက်လေးတစ်ခုပါပဲကွာ။ အဲ့ဒါက ငါ့ရဲ့ဆုံးဖြတ်ချက်ကို ပြောင်းလဲစေမှာမဟုတ်ပါဘူး။ ကောင်းပြီ ဒီမှာ စစ်ဆေးရေးလည်းပြီးသွားပြီ မင်းကောင်းကောင်းလုပ်ခဲ့တယ်။ ဒီနှုန်းအတိုင်း ထိန်းထားပြီး ဘာအမှားမှ မလုပ်မိစေနဲ့။ ဒီနှစ်က ငါတို့ကုမ္ပဏီနဲ့ စိုင်စ်နယ်မြေတစ်ခုလုံးအတွက် အရေးအကြီးဆုံးနှစ် ဖြစ်လာနိုင်ချေများတယ်။ နောက်ဆုံးရလဒ်ကို ဆုံးဖြတ်ပေးမယ့်အရာက မင်းတို့ဌာနဖြစ်လိမ့်မယ် ဒါ့ကြောင့်……”
ရှုယီက လောန်စ် ၏ ပခုံးကို အားရပါးရပုတ်ကာ စစ်မှန်ရိုးသားသော အမူအရာနှင့် ပြောလိုက်သည်။ “မင်းရဲ့တာဝန်က အရမ်းအရေးကြီးတယ် မင်း ဒါကိုလုပ်ဖို့ ယုံကြည်ချက်ရှိရဲ့လား”
လောန်စ် က အကြောက်အလန့်ကင်းသော အမူအရာနှင့် ချက်ချင်း ပြန်ဖြေသည်။ “ဥက္ကဌကြီး စိတ်ချပါ။ ဒီမှာ ဘာအမှားမှမရှိစေဖို့ အာမခံပါတယ်”
“သိပ်ကောင်းတယ်” ရှုယီက လောန်စ် ၏ ပခုံးကို ထပ်ပုတ်ကာ အလုပ်လုပ်ရန် ပြန်သွားခိုင်းလိုက်၏။ သူနှင့်အတူ စစ်ဘက်သုံးမှော်စက်ထုတ်လုပ်ရေးဌာနသို့ လာရောက်စစ်ဆေးသော Frestech ကုန်သည်ကြီးများအသင်း၏ အခြားအဆင့်မြင့်အဖွဲ့ဝင်များအားလုံး ကျန်နေရစ်သည်။
သူတို့အုပ်စုက Frestech ကုန်သည်ကြီးများအသင်း၏ ပင်မရုံးခန်းအဆောက်အအုံထဲရှိ အစည်းအဝေးခန်းထံ ပြန်သွားကြသည်။ နေရာယူလိုက်ကြပြီးနောက် Frestech ကုန်သည်ကြီးများအသင်း၏ ဘဏ္ဍာရေးမှူး ဆာဘက်စ်က ရှုယီအတွက် မှတ်တမ်းတစ်ခု ထုတ်ပေးလိုက်သည်။
“ဥက္ကဌကြီး ဒါက ကျွန်တော်တို့ကုမ္ပဏီရဲ့ ဒီနှစ်အတွက် ပဏာမဝင်ငွေထွက်ငွေစာရင်းပါ။ ခန့်မှန်းခြေအရတော့…. သိပ်အခြေအနေမကောင်းဘူး” ဆာဘက်စ်၏မျက်နှာထက်တွင် လေးနက်သော အမူအရာရှိနေ၏။
သူ့ထံမှ ဤအမူအရာကို မြင်ရခြင်းမှာ ကြုံတောင့်ကြုံခဲပင်။
Frestech ကုန်သည်ကြီးများအသင်း၏ ဘဏ္ဍာရေးအခြေအနေသည် စတင်တည်ထောင်ကတည်းက အမြဲကောင်းမွန်ခဲ့သောကြောင့် ဆာဘက်စ်၏အမူအရာက အမြဲတမ်း အတော်လေးအေးဆေးနေခဲ့သည်။
သို့သော် သူ့အမူအရာက ယခု အတော်လေး လေးနက်တည်ကြည်နေ၏။ ရှုယီမှာ ဤစကားများကိုကြားချိန်တွင် မနေနိုင်တော့ဘဲ ကျောမတ်မိသွားပြီး မှတ်တမ်းကို ကောက်ယူလိုက်သည်။
ဤအရာက Frestech ကုန်သည်ကြီးများအသင်း၏ ဤနှစ်အတွက် အသုံးစရိတ်ဖြစ်သည်။ ဆာဘက်စ်က Frestech ကုန်သည်ကြီးများအသင်းအသုံးပြုမည့် ဘဏ္ဍာငွေများအားလုံးကို စာရင်းလုပ်ပြီး နောက်ဆုံးခန့်မှန်းကုန်ကျမည့်ငွေကို တွက်ချက်ထား၏။
ဤခန့်မှန်းကုန်ကျငွေက ဆာဘက်စ်ကို ဤသို့သော အမူအရာမျိုး ဖြစ်နေစေခြင်းပင်။ အဘယ့်ကြောင့်ဆိုသော် Frestech ကုန်သည်ကြီးများအသင်း၏ အစီအစဉ်ဆွဲထားသော ရင်းနှီးမြှုပ်နှံမှုအမျိုးမျိုးနှင့် ဤခန့်မှန်းကုန်ကျငွေမှာ အပြောင်းအလဲတစ်ခုခု သို့မဟုတ် ရုတ်တရက်ဝင်ငွေတစ်ခုခု ရမလာလျှင် Frestech ကုန်သည်ကြီးများအသင်းသည် ဤနှစ် သမိုင်းတစ်လျှောက်၌ ပထမဆုံးအကြိမ် ကြီးကြီးမားမား လိုငွေပြမည့် အဓိပ္ပာယ်ပင်။
လိုငွေသည် ရွှေဒင်္ဂါးသန်းနှစ်ဆယ်မှ သန်းလေးဆယ်အထိ မြင့်၏။
ပြီးခဲ့သောနှစ်၏ ဘဏ္ဍာရေးတင်ပြချက်တွင် Frestech ကုန်သည်ကြီးများအသင်း၏ ရွှေဒင်္ဂါးသန်းနှစ်ရာနီးပါးရနေကျ နှစ်စဉ်အမြတ်အစွန်းက အသေးအမွှား ရွှေဒင်္ဂါးသန်းလေးဆယ်သို့ ကျသွားသည်။ ဤကွာဟမှုက မနည်းပေ။
ဤနှစ်တွင် လိုငွေပြလောက်မည်ဟုပင် ဆာဘက်စ်ခန့်မှန်းထား၏။
Frestech ကုန်သည်ကြီးများအသင်း၏ နှစ်နှစ်ဆယ်ကြာလည်ပတ်မှုအတွင်း ဤသို့ဖြစ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပထမဆုံးလိုငွေက နည်းသည့်ပမာဏမဟုတ်ပေ။
ဆာဘက်စ်တွင် ဤသို့ လေးနက်သော အမူအရာဖြစ်နေသည်မှာ အံ့ဩစရာတော့မရှိပေ။ ဆိုရလျှင် Frestech ကုန်သည်ကြီးများအသင်း၏ ဘဏ္ဍာရေးမှူးအနေဖြင့် သူက ဤဂဏန်းများနှင့် အနီးကပ်ဆုံး ဆက်နွှယ်နေသူဖြစ်သည်။
ထို့ပြင် ဤလိုငွေပြရသည့်အကြောင်းအရင်းကို သူ ရှင်းရှင်းလင်းသိ၏။
“ဥက္ကဌကြီးကိုတော့ လေးစားပါတယ်” ရှုယီ မှတ်တမ်းကိုဖတ်ပြီးသွားကာ ထပ်မံမော့ကြည့်လာချိန်တွင် ဆာဘက်စ်က သူ့ကို လေးလေးနက်နက်ကြည့်ကာ ပြောသည်။ “ကျွန်တော်တို့ လမ်ပူရီတိုင်းပြည်နဲ့ တစ်ခြားတိုင်းပြည်တွေကို အကူအညီအလကားပေးနေတာ ချက်ချင်း ရပ်လိုက်သင့်ပါတယ်။ မဟုတ်လို့ ဒီအတိုင်းဆက်သွားနေရင် နှစ်နှစ်မပြည့်ခင် ကျွန်တော်တို့ကုမ္ပဏီ ပြင်းထန်တဲ့ ဘဏ္ဍာရေးအကြပ်အတည်းတွေကြုံပြီး လည်ပတ်မှုတောင် ရပ်သွားနိုင်ပါတယ်”
***
မှော်စက်မှုအင်ပါယာ
Volume 7 အခန်း ၁၃၀။ ဒဏ္ဍာရီဖြစ်လာခြင်း
အစည်းအဝေးခန်းထဲရှိ လူတိုင်းတုန်လှုပ်သွား၏။
CEO ဂလာရက်စ် က မျက်မှောင်ကြုတ်ကာ လေးလံသော အသံဖြင့် ပြောသည်။ “မန်နေဂျာဆာဘက်စ် ကျေးဇူးပြုပြီး လူတွေကိုခြောက်လှန့်တဲ့ စကားတွေ မပြောပါနဲ့။ ငါတို့ကုမ္ပဏီက ပြီးခဲ့တဲ့နှစ်နှစ်အတွင်း စစ်ပွဲထဲမှာ လေးလေးနက်နက် ရင်းနှီးမြှုပ်နှံခဲ့ပြီး ဘဏ္ဍာရေးအရ အကြပ်ရိုက်ခဲ့ရတယ်ဆိုပေမယ့် ငါတို့ကုမ္ပဏီက လည်ပတ်မှုရပ်သွားမယ်ဆိုတာကြီးက လွန်လွန်းပါတယ်”
“မှန်တယ် ငါတို့ကုမ္ပဏီက စဉ်းစားဉာဏ်မရှိတာမှမဟုတ်တာ တကယ်ကြီး ဒီတိုင်းပြည်တွေကို အလကားကူညီပါ့မလား။ ငါတို့ သူတို့ဆီက ဓာတ်သတ္တုအရင်းအမြစ်တွေ မနည်းမနောရထားတာကို မမေ့နဲ့ဦး” Frestech သတ္တုကုန်သည်ကြီးများအသင်း၏ ဥက္ကဌ လဒ်သရုဖ် ကလည်း ဝင်ပြောသည်။ “ငါတို့မှာ အခု အဲ့ဒီဓာတ်သတ္တုအရင်းအမြစ်တွေယူဖို့ အချိန်မရှိပေမယ့် သူတို့ကို အဲ့ဒီမှာချန်ထားရင် ပိုတန်ဖိုးကြီးလာလိမ့်မယ်။ ဒီတော့ ငါတို့ရဲ့ငွေတွေကို အဆုံးရှုံးခံမယ့်အစား ဖြည်းဖြည်းချင်း ပြန်ယူရမယ်”
“ဓာတ်သတ္တုအရင်းအမြစ်တွေချည်းပဲ မဟုတ်ဘူး” Frestech အိမ်သုံးမှော်စက်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ အန်းခေါ့ထ်ကလည်း ပြောသည်။ “အဲ့ဒီပစ္စည်းတွေအပြင် ငါတို့ကုမ္ပဏီက ဒီစစ်ပွဲကို အနိုင်ရတာနဲ့ အင်ပါယာနှစ်ခုနဲ့ ကျန်တဲ့တိုင်းပြည်တွေကို ငါတို့အပေါ် မတရားမြှင့်ပြီးကောက်နေတဲ့ အခွန်တွေ လျှော့ချပေးဖို့ ဖိအားပေးလို့ရတယ်။ ကျန်တာတွေဘေးဖယ်ထားရင်တောင် ဒါတစ်ခုတည်းနဲ့ လုံလုံလောက်လောက် ရနိုင်တယ်။ အချိန်ကျရင် တစ်သန်းနှစ်သန်းလောက်ဆိုတာ ထည့်ပြောမနေနဲ့။ ငါတို့ အိမ်သုံးမှော်စက်ဌာနတစ်ခုတည်းနဲ့တင် တစ်နှစ် ရွှေဒင်္ဂါးသန်းတစ်ရာကျော်လောက် ရှာနိုင်မှာ”
“ဟေး မင်းတို့တွေ ဒီအကြောင်းချည်း ပြောနေကြတော့တာပဲ။ အရေးအကြီးဆုံးကိစ္စကို မေ့သွားပြီလား။ ငါတို့က တိုက်ခိုက်ချင်တာမဟုတ်ဘဲ အဲ့ဒီအင်ပါယာနှစ်ခုကကောင်တွေက ငါတို့ကို တွန်းအားပေးတာမဟုတ်ဘူးလား။ ငါတို့ကသာ အဲ့ဒီနိုင်ငံတွေကိုမကူညီရင် အင်ပါယာနှစ်ခုက ငါတို့ဆီရောက်လာပြီး အမြစ်ဖြုတ်သုတ်သင်ပစ်မှာကို စောင့်နေရမှာလား”
ဤစကားကို ပြောလိုက်သည်နှင့် အစည်းအဝေးခန်းမတစ်ခုလုံး ထပ်မံတိတ်ဆိတ်သွား၏။
မှန်ပေသည်။ Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိ မြန်နှုန်းမြှင့်ဖွံ့ဖြိုးတိုးတက်နှုန်းနှင့်ဆိုလျှင် Frestech ကုန်သည်ကြီးများအသင်း၏ ကုန်ပစ္စည်းများက အကြာကြီးစောင့်စရာမလိုဘဲ စိုင်စ်နယ်မြေပေါ်ရှိ တိုင်းပြည်အားလုံးထံ ပျံ့နှံ့သွားမည်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ မြင့်မားသော အရည်အသွေး၊ မြင့်မားသော လုပ်ဆောင်ချက်နှင့် လွယ်ကူသက်သာမှုတို့နှင့်အတူ သူတို့အတွက် အမြတ်အစွန်းမရရန် မဖြစ်နိုင်ချေ။
Frestech ကုန်သည်ကြီးများအသင်းအတွက် မှန်မှန်ဖွံ့ဖြိုးတိုးတက်မှုသည် အကောင်းဆုံးလမ်းဖြစ်ပြီး စစ်ပွဲစတင်ရန်မလိုချေ။
ဤစစ်ပွဲကို အင်ပါယာနှစ်ခုက စတင်ခဲ့ခြင်းဖြစ်ပြီး ၎င်းက ဆက်လက်တိုးချဲ့လာသောကြောင့် Frestech ကုန်သည်ကြီးများအသင်းက လက်ခံလိုက်ရုံသာ ရှိတော့သည်။
အင်ပါယာနှစ်ခု မည်သည်တို့ စဉ်းစားနေမှန်း ခန့်မှန်းရန် ခက်လှ၏။
သူတို့က Frestech ကုန်သည်ကြီးများအသင်းတွင်ရှိသည့် မှော်စက်မှုလက်မှုလုပ်ငန်း၏ လွှမ်းမိုးမှူကြီးနှင့် ၎င်းထဲတွင် ဖုံးကွယ်နေသည့် အကျိုးအမြတ်တို့ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။ သူတို့က Frestech ကုန်သည်ကြီးများအသင်းကဲ့သို့ သာမန်ကုမ္ပဏီတစ်ခုကို ၎င်းအား ထိန်းချုပ်ခွင့်မပြုလိုသောကြောင့် Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်ရန် ဆင်ခြေတစ်ခုရှာ၍ သူတို့အချင်းချင်းမဟာမိတ်ဖွဲ့လိုက်သည်။ အားလုံးက မှော်စက်မှုလက်မှုလုပ်ငန်း၏ အကျိုးအမြတ်များကို သူတို့လက်များထဲသို့ လုယူရန်သာဖြစ်သည်။
သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များက သူတို့အတွက် ရှောင်ကြဉ်စရာများဖြစ်နေ၏။ မဟုတ်လျှင် အင်ပါယာနှစ်ခု၏စွမ်းအားနှင့် သူတို့အတူပူးပေါင်းရန်ပင်မလိုဘဲ တစ်နိုင်ငံတည်းပင် လုပ်ဆောင်နိုင်လေသည်။
ဤအခြေအနေ၌ Frestech ကုန်သည်ကြီးများအသင်းကသာ လက်တုံ့ပြန်ခြင်းမပြုလျှင် အင်ပါယာနှစ်ခုက သူတို့၏မဟာမိတ်များကို ရှင်းပစ်ပြီးနောက် Frestech ကုန်သည်ကြီးများအသင်းကို ဝါးမျိုပေလိမ့်မည်။
ဤကိစ္စသည် Frestech ကုန်သည်ကြီးများအသင်း၏ သေရေးရှင်ရေးနှင့် ပတ်သတ်နေသောကြောင့် လုံးဝ တုံ့ဆိုင်းမနေသင့်ပေ။
ငွေကြေးအကျိုးအမြတ်ရမရဆိုသည်ကတော့……Frestech ကုန်သည်ကြီးများအသင်းသာ မတည်ရှိတော့လျှင် ငွေက ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။
လူအများအပြားက ဆာဘက်စ်ကို မကျေမနပ်အမူအရာများနှင့် ကြည့်လိုက်ကြသည်။
ယနေ့သည် Frestech ကုန်သည်ကြီးများအသင်းအတွက် အရေးကြီးသော နှစ်တစ်နှစ်၏ ပထမဆုံးအစည်းအဝေးဖြစ်ပြီး ဤနှစ်သစ်တွင် Frestech ကုန်သည်ကြီးများအသင်း၏ မူဝါဒများကိုဆွေးနွေးရန် ဖြစ်၏။
ဤအရေးပါလှသော အခိုက်အတန့်၌ လူတိုင်းက ပေါင်းစည်း၍ ဤပြဿနာများကို အတူဖြေရှင်းလိုကြခြင်းဖြစ်သည်။
သို့သော် ဆာဘက်စ်က ရေအေးတစ်ပုံး လောင်းချလိုက်သောကြောင့် လူအများက မကျေနပ်သည်မှာ သဘာဝပင်။
ဆာဘက်စ်က သူ့ကိုကြည့်နေသော လူများကို ဂရုမစိုက်ဘဲ ရှုယီကိုသာကြည့်ကာ သူစကားပြောလာမည်ကို စောင့်နေ၏။
လူတိုင်းက ဆာဘက်စ်ကို ခဏကြည့်ပြီးနောက် ရှုယီထံ လှည့်ကြည့်လိုက်သည်။
နောက်ဆုံးတွင် ကုမ္ပဏီ၏ဗျူဟာများကို ဥက္ကဌကသာ ဆုံးဖြတ်မည်ဖြစ်သောကြောင့် အခြားသူများ မည်သည်ကိုပြောပြော အဓိပ္ပာယ်မရှိချေ။
ရှုယီက ဝေ့ဝဲကြည့်ကာ အစီရင်ခံစာကို ပုတ်ပြပြီး အပြုံးနှင့် ပြောလိုက်သည်။ “ဆာဘက်စ်က ဘဏ္ဍာရေးမှူးအနေနဲ့ သူ့ရှုထောင့်ကနေ သဘောတရားကို ပြောရုံလေးပါ။ ခင်ဗျားတို့ ဘာတွေစိတ်လှုပ်ရှားနေကြတာလဲ”
လူတိုင်း အံ့ဩသွား၏။ လဒ်သရုဖ် က ချက်ချင်းမေးလိုက်သည်။ “ဥက္ကဌကြီးက ဆာဘက်စ်ရဲ့အမြင်ကို လက်ခံပြီး လမ်ပူရီတိုင်းပြည်ကို အထောက်အပံ့ပေးနေတာတွေကို လျှော့လိုက်ချင်လား ဒါမှမဟုတ် ရပ်လိုက်ချင်လို့လား”
“သေချာပေါက်မဟုတ်ဘူးပေါ့” ရှုယီခေါင်းယမ်းလိုက်သည်။ “အခုက စစ်ပွဲရဲ့ သေရေးရှင်ရေးအဖြစ်ဆုံး အခြေအနေကို ရောက်နေပြီး ကျုပ်တို့က အောင်ပွဲအလင်းရောင် မြင်နေရပြီ။ ဒီတော့ ဒါက ကျုပ်တို့ တန်ပြန်တိုက်ခိုက်မှုရဲ့ အရေးကြီးအခိုက်အတန့်ပဲ ကျုပ်တို့ ဘယ်လိုလုပ် ဒီအချိန်ကျမှ လက်လျှော့နိုင်မှာလဲ”
လူတိုင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
ရှုယီ၏အဖြေကြောင့် အံ့ဩမသွားသကဲ့သို့ ဆာဘက်စ်၏အမူအရာက မပြောင်းလဲချေ။
“ဥက္ကဌကြီး ကုမ္ပဏီရဲ့ဘဏ္ဍာရေးက အကြပ်အတည်းရိုက်နေပြီ။ ကျေးဇူးပြုပြီး ဒီကိစ္စကို အလေးထားလုပ်ဆောင်ပေးပါဦး”
“သဘောပေါက်ပြီ” ရှုယီက ခေါင်းငြိမ့်ကာ အန်းခေါ့ထ်ထံ လှည့်မေးလိုက်သည်။ “ဒီနှစ် မင်းတို့ အိမ်သုံးမှော်စက်ကုမ္ပဏီက အခြေအနေဘယ်လိုလဲ”
ရှုယီက အကြောင်းအရာအား သူ့ဘက်ပြောင်းလာမည်ကို မမျှော်လင့်ထားမှန်း သိသာစွာဖြင့် အန်းခေါ့ထ် အံ့သြသွားသည်။
ခဏစဉ်းစားပြီးနောက် သူက ကိုးရိုးကားယား မချိပြုံးတစ်ပွင့်နှင့် ခေါင်းယမ်းလိုက်၏။ “သိပ်မကောင်းဘူး။ ကျုပ်တို့ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို တားမြစ်ထားတာ ငါးဆယ့်သုံးနိုင်ငံရှိသွားပြီ။ ကျန်တဲ့နိုင်ငံတွေက စစ်ပွဲကြောင့် ကျုပ်တို့ဆီက အမှာစာတွေ လျှော့သွားတယ်။ အမှာစာတွေ ဆုံးရှုံးလိုက်ရတဲ့အပြင် စစ်ပွဲကြောင့် ကုန်ပစ္စည်းတွေကို အန္တရာယ်ကင်းကင်းနဲ့ ပို့ဆောင်ဖို့ ခက်နေပါတယ်။ ပြီးခဲ့တဲ့လက လမ်းမှာ ရွှေဒင်္ဂါးတစ်သန်းကျော်လောက်တန်တဲ့ ကုန်စည်တွေ ဆုံးရှုံးသွားပြီး အမြတ်ရဲ့တစ်ဝက်လောက် လျော့သွားတယ်……”
အန်းခေါ့ထ်၏စကားကိုကြားသောအခါ အခန်းထဲရှိ မန်နေဂျာများနှင့် အခြားဌာနများ၏ ခေါင်းဆောင်များအားလုံး သက်ပြင်းမှုတ်ထုတ်လိုက်ကြသည်။
ဤအခြေအနေက Frestech အိမ်သုံးမှော်စက်ကုန်သည်ကြီးများအသင်း၌ပင် ဖြစ်ပေါ်နေခြင်းမဟုတ်ပေ။
စိုင်စ်နယ်မြေ၏တစ်ဝက်လောက်က စစ်ပွဲအတွင်း ကျရောက်နေသောကြောင့် ကုန်သွယ်ရေးလမ်းကြောင်းအများစုမှာ ပပိတ်ခံထားရ၏။ Frestech ကုန်သည်ကြီးများအသင်း၏ စီးပွားရေးလုပ်ငန်းအားလုံး နောက်ဆုံးနှစ်ဝက်အတွင်း ပြင်းပြင်းထန်ထန် ကျဆင်းလာပြီး Frestech ကုန်သည်ကြီးများအသင်း၏ ယေဘုယျအမြတ်အစွန်းများကို ယုတ်လျော့လာစေသည်။
Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းလိုသော ကုမ္ပဏီအများအပြား ရှိနေသေးသော်လည်း အင်ပါယာနှစ်ခုနှင့် သူတို့အဖွဲ့ထဲရှိ အခြားတိုင်းပြည်များက ဤနယ်မြေ၌ နက်နက်ရှိုင်းရှိုင်း အမြစ်ကုပ်တွယ်ထားသောကြောင့် နယ်မြေ၏ စီးပွားရေးအများစုကို သူတို့က ချုပ်ကိုင်ထားသည်။ ထို့ကြောင့် စစ်ပွဲစတင်သည်နှင့် Frestech ကုန်သည်ကြီးများအသင်းက အကြီးဆုံးဈေးကွက်မှ ဖြတ်တောက်ခံလိုက်ရခြင်းနှင့် ညီမျှ၏။
အင်ပါယာနှစ်ခုက Frestech ကုန်သည်ကြီးများအသင်းအား စစ်ကြေညာရသည့် အကြီးဆုံးအကြောင်းအရင်းမှာ သူတို့က Frestech ကုန်သည်ကြီးများအသင်း၏ အသက်သွေးကြောကို ဖမ်းဆုပ်ကာ သူတို့အား ဖြည်းဖြည်းချင်း သေတွင်းပို့နိုင်မည်ဟု ထင်ထားသောကြောင့်ပင်။
သို့သော် လက်တွေ့၌မူ အဆုံးသတ်က သူတို့မျှော်လင့်ထားသည်နှင့် ခြားနားနေ၏။
ပြီးခဲ့သောနှစ်ကတည်းက တစ်နှစ်မျှအတွင်း Frestech ကုန်သည်ကြီးများအသင်း၏ အမြတ်အစွန်းက အကြီးအကျယ် ကျဆင်းလာသည်။
ထို့နောက် စစ်ပွဲ၏ အထောက်အပံ့ဝင်လာသောအခါ Frestech ကုန်သည်ကြီးများအသင်းမှာ ဘဏ္ဍာငွေအများအပြား ရင်းနှီးမြှုပ်နှံရပြီး ပထမဆုံးအကြိမ် လိုငွေပင်ပြလာသည်။
နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဤအခြေအနေအတိုင်း ဆက်ဖြစ်နေပါက Frestech ကုန်သည်ကြီးများအသင်းနှင့် သူတို့၏မဟာမိတ်နိုင်ငံများမှာ အင်ပါယာနှစ်ခု၏ တိုက်စားခြင်းခံရပြီး ပြန်ခုခံနိုင်မည်မဟုတ်ပေ။
“ဒီတော့ အဓိကအချက်က ဒီစစ်ပွဲကို ပိုစောလေပိုကောင်းလေ တတ်နိုင်သမျှမြန်မြန် အဆုံးသတ်ဖို့ပေါ့”
ရှုယီ၏ နိဂုံးချုပ်ကောက်ချက်ကို ကြားသောအခါ Frestech ကုန်သည်ကြီးများအသင်း၏ အဆင့်မြင့်အဖွဲ့ဝင်များအားလုံး တုန်လှုပ်ချောက်ချားစွာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဥက္ကဌကြီးက ရိုးရိုးရှင်းရှင်းသာ ပြောလိုက်သော်လည်း သူတို့က ဘယ်လိုလုပ် မြန်မြန် အဆုံးသတ်နိုင်ပါမည်နည်း။
အင်ပါယာနှစ်ခုကို အနိုင်ယူရန် ထိုမျှမလွယ်ကူသောကြောင့် သူတို့က စစ်ပွဲကို မည်သို့ မြန်မြန်ပြီးအောင် လုပ်နိုင်မည်နည်း။
Frestech ကုန်သည်ကြီးများအသင်းက မကျော်လွှားနိုင်သော ကျွမ်းကျင်ဘုန်းတော်ကြီးများ၏ ပုံရိပ်ကို ဖျက်ဆီးပစ်ကာ အင်ပါယာနှစ်ခုကို ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွင် အားသာချက်မရှိတော့အောင် ဖြစ်စေခဲ့သော်လည်း အင်ပါယာနှစ်ခုသည် Frestech ကုန်သည်ကြီးများအသင်းနှင့်ယှဉ်လျှင် ဧရာမအကောင်ကြီးများ ဖြစ်နေကြတုန်းပင်။ Frestech ကုန်သည်ကြီးများအသင်းက လမ်ပူရီတိုင်းပြည်နှင့် အခြားတိုင်းပြည်များနှင့် ပူးပေါင်းလျှင်တောင် သူတို့ကို ဝါးမျိုရန် ထိုမျှမလွယ်ကူပေ။
ရှုယီက သူတို့ကို ရှင်းပြမနေဘဲ ဌာနတစ်ခုချင်းစီ၏ အခြေအနေနှင့် သူတို့၏ နောက်နှစ်အတွက် အစီအစဉ်ကို မေးမြန်းလိုက်သည်။ ရိုးရိုးရှင်းရှင်းမှတ်ချက်အချို့ပေးပြီးနောက် သူက အစည်းအဝေးပြီးဆုံးကြောင်း ကြေညာလိုက်သည်။
သူတို့ထွက်ခွာသွားချိန်တွင် Frestech ကုန်သည်ကြီးများအသင်း၏ အဆင့်မြင့်အဖွဲ့ဝင်များအားလုံး၏ မျက်နှာများထက်၌ အနေအထားမတူသော စိတ်ရှုပ်ထွေးမှုအမျိုးမျိုး ဖြစ်ပေါ်နေ၏။
သူတို့ စစ်ပွဲ၏ ရလဒ်ကို မခန့်မှန်းနိုင်ချိန်တွင် Frestech ကုန်သည်ကြီးများအသင်း၏ ရှေ့ရေးကိုလည်း အလိုလို မခန့်မှန်းနိုင်ကြတော့ချေ။
ယခုအခြေအနေသည် သူတို့ ဆုံးဖြတ်ချက် အလွယ်တကူချနိုင်ခဲ့သော ကုမ္ပဏီက အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေခဲ့သည့် ယခင်အချိန်နှင့် ကွာခြား၏။
Frestech ကုန်သည်ကြီးများအသင်းတည်ထောင်ခဲ့သည့် နှစ်နှစ်ဆယ်အတွင်း သူတို့ ဤသို့သော အခြေအနေကြုံရသည်မှာ ပထမဆုံးဟုပင် ဆိုနိုင်သည်။
Frestech ကုန်သည်ကြီးများအသင်းက တည်ထောင်သည်မှာ နှစ်နှစ်ဆယ်သာရှိသေးပြီး အင်ပါယာနှစ်ခုကိုပင် တိုက်ခိုက်နိုင်သော ပထမတန်းစား စွမ်းအားစုတစ်စုဟု သတ်မှတ်နိုင်သည်။ ဤအရာက စိုင်စ်နယ်မြေသမိုင်းထဲတွင် သာဓကအဖြစ် ရှိနေတော့မည်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ အလုံးစုံအောင်နိုင်မှုနှင့်သာ စစ်ပွဲက အဆုံးသတ်သွားလျှင် Frestech ကုန်သည်ကြီးများအသင်းသည် စိုင်စ်နယ်မြေ၌ ဒဏ္ဍာရီတစ်ခု ဖြစ်လာပေလိမ့်မည်။ သူတို့က သာဓကတစ်ခုအဖြစ်သာမက အနာဂတ်တွင် ပြိုင်ဘက်ကင်းဖြစ်လာပေမည်။
အဆင့်မြင့်အဖွဲ့ဝင်များမှာ ထွက်ခွာသွားချိန်တွင် ရှုပ်ထွေးသော ခံစားချက်များရှိနေသော်လည်း ရှုယီက တစ်စက္ကန့်မျှ မရပ်တန့်ခဲ့ပေ။ သူက ကမ်းရိုးတန်း၏ အရှေ့မြောက်ဘက် မလှမ်းမကမ်းတွင် တည်ရှိသည့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်ဖွဲ့လေ့ကျင့်ရေးဌာနထံ သွားလိုက်သည်။
သူ ဌာနထဲ ဝင်လိုက်သည်နှင့် မှော်လေသင်္ဘောတစ်စင်း ဖြည်းညင်းစွာ သက်ဆင်းလာသည်ကို မြင်လိုက်ရ၏။
ရှုယီက ၎င်းကိုကြည့်ကာ သူ ဤနေရာသို့ အချိန်မှန်လာမိကြောင်း သိလိုက်သည်။
မှော်လေသင်္ဘောက ဆင်းသက်လိုက်ပြီး သင်္ဘောခန်းတံခါးပွင့်လာသည်။ ခေါင်းဆောင်ဟာ့ထ် လျှောက်လှမ်းထွက်လာပြီး ရှုယီအား အပြင်၌မြင်လိုက်ရခြင်းကို အံ့ဩမသွားချေ။ သူက ရှုယီရှေ့သို့လျှောက်လာကာ အရိုအသေပေးပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ “ဥက္ကဌကြီးကို တင်ပြပါတယ် အစောင့်တပ်ဖွဲ့က တာဝန်ပြီးမြောက်လို့ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပါပြီ”
ရှုယီက အပြုံးနှင့် သူ့ပခုံးကိုပုတ်ကာ မေးလိုက်သည်။ “ကျွမ်းကျင်ဘုန်းတော်ကြီးတွေနဲ့ တိုက်ရတာ ဘယ်လိုခံစားရလဲ”
ခေါင်းဆောင်ဟာ့ထ်၏ နှုတ်လမ်းများ တွန့်သွားပြီး သူ့အမူအရာက ထူးဆန်းလာသည်။ အတန်ကြာပြီးနောက်မှ သူက ပြန်ဖြေလိုက်သည်။
“ဥက္ကဌကြီး ရိုးရိုးသားသားပြောရရင်…… ဘာမှမခံစားရဘူး။ ကျွန်တော်တို့ မတိုင်ခင်က စမ်းသပ်ချက်တွေလုပ်ထားတဲ့အတိုင်း အကုန်လုံးကိုချပြီး အဲ့ဒီကျွမ်းကျင်ဘုန်းတော်ကြီးတွေကို ရင်ဆိုင်ရုံပါပဲ။ ရိုးရိုးသားသားပြောရရင် ကျွန်တော် အဲ့ဒါကို စောင့်ကြည့်ခဲ့ပေမယ့် အိပ်မက်မက်ခဲ့သလို နည်းနည်းရှုပ်ထွေးနေတုန်းပဲ။ ပြောပြစမ်းပါဦး…… ကျွမ်းကျင်ဘုန်းတော်ကြီးလိုမျိုး အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကို ကျွန်တော်တို့က အလွယ်လေး သတ်ပစ်လိုက်တယ်ပေါ့”
***