အခန်း (၁၃၁-၁၄၀)
Vol. 7 Ch. 131-140
Volume 7 အပိုင်း ၁၃၁ ။ အုပ်ချုပ်ရေးမဏ္ဍိုင်ပြိုကွဲခြင်း
"ဒီဟာက မာရိုမြို့မှာတုန်းက စစ်ဆေးပွဲလိုမျိုး မဟုတ်ဘူးနော်"
ရှုယီသည် ပခုံးတွန့်ပြလိုက်ပြီး အေးဆေးသော မျက်နှာထားဖြင့် "အခုကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ယောက်ကို ဖမ်းမိခဲ့တယ်မလား။ သူတို့ကို သတ်ပစ်ဖို့က မင်းအတွက် မခဲယဉ်းဘူးပဲလေ။ ဘာတွေမယုံမကြည်ဖြစ်နေတာလဲ။"ဟု မေးလေသည်။
"သူတို့ကိုသတ်စရာမလိုလောက်ပါဘူး"ဟုပြောရင်း ခေါင်းဆောင် ဟာ့ထ်သည် ခေါင်းကိုခါရင်း ယခုအထိ ကျွမ်းကျင်ဘုန်းတော်ကြီးများသည် သူ၏စစ်လက်နက်များနှင့် တိုက်ခိုက်ရာတွင် ရှုံးသည်ကို မယုံကြည်နိုင်ဖြစ်နေသည်။
"မင်းနောက်ပိုင်းနေသားကျသွားမှာပါ။ မင်းရဲ့နောက်တာဝန်ကို ရပြီမလား။"ဟု ရှုယီက မေးလိုက်သည်။
"ဟုတ်ကဲ့ ကျွန်တော်ရပြီးပါပြီ။ ဒါနဲ့စကားမစပ် ဘာလို့သူတို့ကို သတ်ခိုင်းတာလဲ။ အရင်က သူတို့ကို လွှတ်ပေးခဲ့တယ်မလား။"ဟု ဟာ့ထ်သည် သိလိုသဖြင့် မေးလိုက်သည်။
"အခြားရွေးစရာမှ မရှိတော့တာ အင်ပါယာနှစ်ခုမပူးပေါင်းဘူးလို့ ဘယ်သူပြောနိုင်လဲ။ အဲ့လိုဖြစ်လာခဲ့ရင်လည်း ကျွမ်းကျင်ဘုန်းတော်ကြီးတွေတောင် ငါတို့ကိုမတားနိုင်ဘူးဆိုတာကို မြင်အောင်ပြချင်တာ။ လူတွေကသာ အေးဆေးထိုင်ပြီး ဆွေးနွေးပူးပေါင်းနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ဒါပေမယ့် မင်းမြင်တဲ့အတိုင်းပဲလေ။"ဟု ရှုယီက ပြန်ဖြေလေသည်။
ဟာ့ထ်သည် မဲ့ပြုံး ပြုံးလိုက်မိသည်။
သူသည် ရှုယီ နှင့် ယခုရက်ပိုင်းအတွင်းတွင် မကြာခဏ ဆက်သွယ်ရ၍ ရှုယီသည် အင်ပါယာနှစ်ခုနှင့် စစ်မတိုက်ချင်မှန်းသိသာလှသည်။ သို့မှမဟုတ်လျှင် သူ့အနေဖြင့် ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးအား ပြန်လွှတ်ပေးစရာအကြောင်းမရှိပေ။
သို့ရာတွင် သူသည် အတွေ့အကြုံ နုသေးသည်။ အဘယ်ကြောင့်ဆိုသော် အင်ပါယာနှစ်ခုအနေဖြင့် နှစ်ပေါင်းတစ်ထောင်နီးပါး အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းမှာ ဤအကြောင်းအရာတစ်ခုတည်းကြောင့် မဟုတ်သောကြောင့် ဖြစ်လေသည်။ သို့သော် ဤအချင်းအရာများအား အထက်လူကြီးတစ်ယောက်နှင့် မည်ကဲ့သို့ ပွင့်လင်းစွာ ဆွေးနွေးရပါမည်နည်း။
အင်ပါယာနှစ်ခုအနေဖြင့် Frestech ကုန်သည်ကြီးများအသင်းအား ဆန့်ကျင်ခြင်းမှာ ရရှိနိုင်သော စက်မှုအကျိုးအမြတ်များစွာ ရှိသောကြောင့်ဖြစ်သည်။
အချုပ်အားဖြင့် အင်ပါယာနှစ်ခုသည် အကျိုးအမြတ်များကို ၄င်းတို့အားမခွဲဝေပေးလိုသောကြောင့်ဖြစ်သည်။
ထို့ကြောင့် စစ်ပွဲမှာ မည်သည့်အချိန်၌ ဖြစ်လာမည်ကို မှန်း၍မရပေ။
"အစီအစဉ်အရဆိုရင်တော့ မင်းမှာ၂ပတ်ပဲ အချိန်ရှိတယ်။ အဲ့အချိန်အတွင်း မှော်ဆရာတွေနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ သေချာလေ့ကျင့်ထားမှဖြစ်မယ်။ သူတို့ဘက်က သေချာပေါက်မတူတဲ့ နည်းလမ်းတွေနဲ့ ပြန်တိုက်မှာပဲ။ အဲ့တော့ မင်းကလည်း သူတို့ကို အံ့အားသင့်သွားအောင် ပြန်လုပ်ပြရမယ်။ ငါပြောတာသဘောပေါက်တယ်မလား"ဟု ရှုယီက ပြောလေသည်။
"နားလည်ပါပြီ"ဟု ပြောကာ ခေါင်းညိတ်ပြလိုက်ရင်း ဟာ့ထ်သည် "တစ်ကယ်တော့ သူတို့ပေါ့ဆလွန်းတာကြောင့်သာ မဟုတ်ရင် ဖမ်းမိမှာမဟုတ်ဘူး။ သူတို့စွမ်းအားနဲ့ဆိုရင် အသာလေးပဲ။ သူတို့တွေ တုံ့ပြန်နိုင်သွားတာနဲ့ ဖမ်းဖို့မလွယ်တော့ဘူး"ဟု ပြောလေသည်။
"ဒါကြောင့်ပဲ ငါတို့တွေ အဆင့်မြှင့်ဖို့လိုတာလေ။ သတင်းအချက်အလက်တွေ ရှာခိုင်းထားတယ်။ အဲ့ဒါတွေရတာနဲ့ စင်တာကို အဆင့်မြှင့်ရမယ် ပြီးတော့ မင်းလည်း အဲ့အချိန်အတွင်းတော့ ငါနားမှာနေဖို့လိုမယ်။ ဘယ်လိုလဲ မင်းလုပ်နိုင်ပါ့မလား ဟာ့ထ်"ဟု မေးလေရာ သူသည် ရင်ဘတ်အားပုတ်ပြလျက် ရယ်ရင်း "ဥက္ကဌရယ် ကျွန်တော့်အတွက် စိုးရိမ်စရာမလိုပါဘူး။ ဒါပေမယ့် အခုဟာက နှစ်သစ်အစလေ ဆရာကတော်နဲ့ အတူရှိနေသင့်တယ် မဟုတ်ဘူးလား"ဟု ပြောလေသည်။
"စတေးလ်က မှော်တိမ်တိုက်နယ်မြေကို ဖွဲ့တာ၁ပတ်ပဲရှိသေးတယ်ဆိုတော့ ကူပေးမယ့်သူမရှိဘူးလေ။ အတူရှိနေချင်ရင်တောင် သူကမအားပါဘူးလေ။"ဟု ညည်းတွားလေသည်။
"ဘာလို့ မဒမ်စတေးလ်က မှော်တိမ်တိုက်နယ်မြေကို ဖွဲ့လိုက်တာလဲ"
"ဟိုမှာရှိတဲ့ နဂါးအချို့က ပုံရိပ်ယောင်တွေ မြင်နေကြရလို့တဲ့လေ။ အဲ့တော့သူက အဲ့ကိစ္စကို စုံစမ်းရင်းနဲ့ မှော်တိမ်တိုက်နယ်မြေရဲ့ စျေးကွက်ကို မြင့်တင်ဖို့ရော သွားလုပ်တယ်။ အဲ့အကြောင်းပြောမှ ငါတောင်တစ်ခါမှမရောက်ဖူးသေးဘူး သူကအရင်သွားနှင့်ပြီ"
ဟာ့ထ်သည် ရှုယီအား ကြည့်လိုက်ရင်း "ဆရာတို့က ဖူးစာဖက်တွေဆိုတာသေချာတယ်"ဟု ပြောလေသည်။
"ဖူးစာဖက် ဟုတ်လား"
"ဆရာတို့နှစ်ယောက်စလုံးက အလုပ်ဂျိုးတွေလေ"
၃၈၀၃၏နှစ်စများသည် ရှားပါးသော ငြိမ်းချမ်းသည့်ကာလများ ဖြစ်သော်လည်း ဤအချိန်သည် တာရှည်မခံခဲ့ပေ။
ဇန်နဝါရီ၁၆ရက်နေ့တွင် ရူဒ်ဆန်တိုင်းပြည်၏ နယ်မြေပိုက်နက်များသည် ကန်ဒရာအင်ပါယာအနီးသို့ ရောက်လာခဲ့သည်။
"ငြိမ်းချမ်းရေးသဘောတူညီမှုအရ ကန်ဒရာ၏ တပ်များသည် တပ်ဆုတ်ပေးရမည်ဖြစ်ပြီး ကန်ဒရာ၏ အနောက်တောင်ဘက်၏ မြို့ဖြစ်သော မာရိုမြို့တွင် Frestech ကုန်သည်ကြီးများအသင်း၏ တပ်များ စေလွှတ်ထားမည်ဖြစ်သည်။
ဇန်နဝါရီ၂၆ရက်နေ့တွင် စစ်အင်အား၈ထောင်ကျော်သည် လက်နက်အပြည့်ဖြင့် ကန်ဒရာ၏ ခုခံစစ်များကို တိုက်ခိုက်၍ မာရိုမြို့သို့ ဝင်ရောက်ခဲ့ကြသည်။
နောက်ရက်တွင် ရူဒ်ဆန်နှ င့်Frestech ကုန်သည်ကြီးများအသင်းတို့၏ တပ်ပေါင်းစုများသည် ၅ကီလိုမီတာအထိရှည်လျားသော တောင်ပိုင်းစစ်တပ်အား လချီတိုက်ခိုက်ခဲ့ကြရပြီး နောက်ပိုင်းတွင် တောင်ပိုင်းစစ်တပ်မှ အရှုံးပေး အညံ့ခံသွားခဲ့သည်။
ဖေဖော်ဝါရီ ၄ရက်နေ့တွင် တပ်ပေါင်းစုသည် မာရိုမြို့တွင် ခေတ္တနားပြီး အနောက်တောင်ပိုင်း၏ မြို့တော် ဘဘာရယ်သို့ ချီတက်ခဲ့ကြသည်။
အနောက်တောင်ဘက်ပိုင်း၏ စစ်ခေါင်းဆောင် မာနာသည် ဤသတင်းအား ကြားချိန်တွင် လမ်းတစ်ဝက်တွင် တားဆီးရန် စစ်တပ်များအား အစီအစဉ်ဆွဲပြီး စေလွှတ်ခဲ့သော်လည်း အားလုံးရှုံးသွားခဲ့ကြသည်။
တပ်ပေါင်းစုများသည် ဖေဖော်ဝါရီ၁၃ရက်နေ့တွင် ဘဘာရယ်မြို့သို့ရောက်ပြီး အနောက်တောင်ပိုင်း၏ နောက်ဆုံးကာကွယ်ရေးတပ်နှင့် ထိပ်တိုက်တွေ့ကြတော့သည်။
ဤတိုက်ပွဲတွင် ရူဒ်ဆန်ဘက်မှ တပ်သား၄သောင်း၇ထောင်၊ Frestech ကုန်သည်ကြီးများအသင်းဘက်မှ တပ်သား၂သောင်းပါဝင်ပြီး ကန်ဒရာဘက်တွင် ကျွမ်းကျင်ဘုန်းတော်ကြီး၅ေယာက် ဦးဆောင်သော တပ်သား ၇သောင်းနှင့် မြို့ဝန်မာနာဘက်မှ တပ်သား၁သိန်း၃သောင်းပါဝင်လေသည်။
ဤသို့သောအင်အားဖြင့် စိုင်စ်နယ်မြေတစ်ခုလုံးအား ဖျက်ဆီးနိုင်စွမ်းရှိသော်လည်း ရူဒ်ဆန်နှင့် Frestech ကုန်သည်ကြီးများအသင်းတို့၏ တပ်ပေါင်းစုများနှင့် တိုက်ခိုက်ရာတွင် ဘဘာရယ်မြို့တွင် ပိတ်မိသွားပြီး မြို့ဂိတ်ပင် မကျော်နိုင်ကြချေ။
ဤတိုက်ပွဲသည် အံ့အားသင့်စရာ ၁လပင်ကြာမြင့်ခဲ့လေသည်။
ကန်ဒရာဘက်မှ ၄င်းတို့၏ စစ်အင်အားတစ်ဝက်နီးပါး တပ်ကူအဖြစ် လွှတ်ခဲ့သော်လည်း တပ်ပေါင်းစု၏ အမြှောက်နှင့် လေယာဉ်များကြောင့် ဘဘာရယ်မြို့သို့ ရောက်ရန် အခက်အခဲများစွာ ရင်ဆိုင်ရလေသည်။ ထို့ကြောင့် မြို့သို့ရောက်ချိန်၌ တပ်သားအများစုမှာ တိုက်ခိုက်နိုင်စွမ်းမရှိတော့ပေ။
တစ်ဖက်တွင်လည်း ကန်ဒရာမှ တပ်ပေါင်းစုများအား ခြုံခိုတိုက်ခိုက်ရန် စီစဉ်ကြသော်လည်း မှော်လေယာဉ်များကြောင့် ရှုံးသွားပြီး မည်သို့မှ မစွမ်းနိုင်အောင် ဖြစ်နေလေသည်။
တပ်ပေါင်းစုများအနေဖြင့် အလွန်မြန်သော ပို့ဆောင်ရေးမှော်ကားများကြောင့် စားနပ်ရိက္ခာအတွက် မပူရသော်လည်း ကန်ဒရာဘက်တွင်မူ အခက်အခဲဖြစ်၍နေလေသည်။
ပြီးလျှင် တပ်ပေါင်းစုများအနေဖြင့် မယုံကြည်နိုင်စရာကောင်းသော အမြန်နှုန်းဖြင့် ဘဘာရယ်မြို့ပတ်လည်တွင် စခန်းများ တည်ဆောက်နိုင်ခြင်းကြောင့် နေထိုင်ရေးအတွက်လည်း မပူရပေ။
၁လအကြာတွင် ဘဘာရယ်မြို့တွင်းရှိ ကန်ဒရာတပ်သားများအနေဖြင့် ရိက္ခာများ ပြတ်တောက်သွားသောကြောင့် မခုခံနိုင်ဘဲရှိနေလေသည်။
၄င်းတို့ဘက်တွင် ကျွမ်းကျင်ဘုန်းတော်ကြီး၅ယောက်နှင့် တပ်သား၂သိန်းရှိသော်လည်း ရိက္ခာပြတ်တောက်မှုကြောင့် ဆက်လက်တိုက်ခိုက်ရန် လက်လျှော့သွားကြသည်။
ဤ၁လအတွင်းတွင် ကန်ဒရာတပ်များအနေဖြင့် အစွမ်းကုန်ကြိုးစားတိုက်ခိုက်ခဲ့သော်လည်း တစ်ကြိမ်မျှ အောင်မြင်ခြင်း မရှိခဲ့ချေ။
ထို့အပြင်မားလိုအင်ပါယာ၏ ကျွမ်းကျင်ဘုန်းတော်ကြီး၃ယောက် ဆုံးရှုံးသွားခြင်းသည် အခြေအနေများကို ပိုဆိုးသွားစေခဲ့ပြီး ယခင်လ၏ ဆက်တိုက်တိုက်ပွဲများကြောင့်လည်း စစ်ပန်းနေကြပြီဖြစ်သည်။
၁လအကြာတွင် ကန်ဒရာတပ်ဘက်မှ နောက်ဆုံးတိုက်စစ်အား စတင်လိုက်လေသည်။
၂ရက်ကြာတိုက်ပြီးတွင် ကန်ဒရာဘက်မှ တပ်သား၅ထောင် ဆုံးရှုံးခဲ့သော်လည်း အဆင့်မြင့်မှော်ဆရာ ၁၀၀ကျော်နှင့် မဟာမှော်ဆရာ၆ယောက် လွတ်မြောက်ခဲ့သည်။
ကျွမ်းကျင်ဘုန်းတော်ကြီး၅ယောက်၊ မှော်ဆရာနှင့် ကျန်ရှိနေသေးသောစစ်သား ထောင်ကျော်သည် မြို့အားစွန့်ခွာသွားလေသည်။
ဤသို့ဖြင့် အနောက်တောင်ပိုင်း၏ မြို့တော်ဖြစ်သော ဘဘာရယ်မြို့အား ဆုံးရှုံးလိုက်ရသဖြင့် အနောက်တောင်ပိုင်းတစ်ခုလုံး စစ်ရှုံးသွားပြီဟု သတ်မှတ်နိုင်သည်။
ဤသည်မှာ ၄င်းတို့၏ နှစ်၁ထောင်နီးပါး ကြာမြင့်သော သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် နယ်မြေတစ်ပိုင်းလုံး ဆုံးရှုံးလိုက်ရခြင်း ဖြစ်ပြီး ၄င်းတို့ကို တီထွင်ဖန်တီးမှုက မနိုင်ယူသွားခြင်း ဖြစ်လေသည်။
ဤသတင်းပျံသွားချိန်၌ စိုင်စ်နယ်မြေတစ်ခုလုံး တိတ်ဆိတ်သွားလေတော့သည်။
ဖော့လ်ခ်နှင့် မားလိုအင်ပါယာတို့၏ တပ်ပေါင်းစုသည် တောင်းတန်းမြေများကို ဆုံးရှုံးခဲ့ရပြီး အင်ပါယာ၏ နယ်နမိတ်တွေလည်း ရှူံးခဲ့ရပြီး ကျွမ်းကျင်ဘုန်းတော်ကြီး၃ယောက်အား ဆုံးရှုံးခဲ့ရခြင်းသည် စစ်ပွဲအတွေ့အကြုံ မရှိခြင်းကြောင့်ဟု ဆိုနိုင်သော် ကန်ဒရာအနေဖြင့် စစ်ရှုံးသွားရခြင်းမှာ အဘယ့်ကြောင့်နည်း။
အနောက်တောင်ပိုင်းတပ်အင်အားကို ကန်ဒရာဘက်မှ စစ်လက်နက် အပြည့်အစုံအပြင် ကျွမ်းကျင်ဘုန်းတော်ကြီး၅ဦးအထိပါ ပေးထားသော်လည်း ရူဒ်ဆန် Frestechတပ်ပေါင်းစုအား မနိုင်ခဲ့ချေ။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းများ သည် ထိပ်တိုက်ရင်ဆိုင်ရသော တိုက်ပွဲများတွင် အားကောင်းကြောင်း သိသာထင်ရှားသွားလေခဲ့သည်။
***
မှော်စက်မှုအင်ပါယာ
Volume 7 အပိုင်း ၁၃၂ ။ ငြိမ်းချမ်းရေဆွေးနွေးရန် စတင်ခြင်း
လွန်စွာခမ်းနားလှသော ဝေါယာဉ်၃စီးသည် ဘဘာရယ်မြို့၏ အနောက်ဘက်ဂိတ်သို့ ရောက်လာပြီး Frestech ကုန်သည်ကြီးများအသင်းတပ်သားများအရှေ့တွင် ရပ်လိုက်သည်။
ဝေါယာဉ်တံခါးပွင့်သွားပြီး ကန်ဒရာအင်ပါယာ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မားကွစ္စ် ဒီကတ်စ်သည် ထွက်လာလေသည်။
သူထွက်လာလိုက်ချိန်တွင် လေညင်းလေးတိုက်ခတ်သွားပြီး သူ့အားနွေးထွေးစေခဲ့သည်။
မားကွစ္စ် ဒီကတ်စ်သည် ကောင်းကင်အားမော့ကြည့်လိုက်လေသည်။ နေမင်းကြီးသည် တောက်ပနေသော်လည်း နွေဦးဖြစ်သောကြောင့် မပူလွန်းဘဲ လူများအတွက် သက်တောင့်သက်သာ ဖြစ်စေသည်။
ယခုအချိန်သည် ဧပြီလကုန်ခါနီးအချိန်ဖြစ်ပြီး မေလသို့ ရက်အနည်းအငယ်အတွင်း ရောက်ပေတော့မည်။
သို့သော် ဤလေပြေညင်းများသည် သူ၏စိတ်နှလုံးအား လုံလောက်စွာ မနွေးထွေးစေနိုင်ဘဲ ဆောင်းကဲ့သို့ အေးစက်နေလေသည်။
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန်မှာ သူ၏တာဝန်ဖြစ်သဖြင့် စိတ်အေးမနေနိုင်ဘဲ ဖြစ်လေသည်။
သူ၏အဖွဲ့ဝင်များကို ကြည့်လိုက်ချိန်တွင်လည်း သူ့နည်းတူ တက်ကြွစွာမရှိဘဲ စိတ်ထဲတွင် မပျော်မရွှင်ဖြစ်နေသည်ကို တွေ့ရသည်။
ကန်ဒရာအင်ပါယာအနေဖြင့် ရန်သူများအား ငြိမ်းချမ်းရေးစကမ်းလှမ်းလာအောင် ပြုလုပ်နိုင်ခဲ့သည်သာဖြစ်ပြီး ယခုကဲ့သို့ အရင်စမကမ်းလှမ်းခဲ့ဖူးချေ။
ဤကိစ္စအတွက် လဝက်ကြာအောင် ကန်ဒရာ၏ တော်ဝင်မိသားစုနှင့် ဝန်ကြီးများ အကြိတ်အနယ် ဆွေးနွေးခဲ့ကြရပြီး နောက်ဆုံးတွင် ငြိမ်းချမ်းရေး စကမ်းလှမ်းရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့် သဘောထားကွဲလွဲမှုများစွာလည်း ရှိခဲ့သည်။
အများစုသည် ဤသို့လုပ်လိုက်ခြင်းဖြင့် အင်ပါယာသည် အားနည်းကြောင်း ပြသလိုက်သလိုဖြစ်ပြီး အရှက်ရစေလိမ့်မည်ဟု ယုံကြည်ကြသည်။
သမိုင်းတစ်လျှောက်တွင် ကန်ဒရာအနေဖြင့် ၄င်းနှင့်အဆင့်တူ မားလိုကဲ့သို့သော အင်ပါယာများနှင့်သာ စကမ်းလှမ်းခဲ့ရဖူးသည်ဖြစ်သဖြင့် အရှက်ရစရာမဖြစ်ချေ။ ထို့အပြင် မားလိုအနေဖြင့် စကမ်းလှမ်းမှု ပိုများနေခဲ့သေးပေသည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ ၄င်းတို့ကမ်းလှမ်းရမည့်သူသည် ရူဒ်ဆန်တိုင်းပြည်ဖြစ်နေပေသည်။
တိတိကျကျဆိုရလျှင် Frestech ကုန်သည်ကြီးများအသင်း အမည်ရ ကုမ္ပဏီလေးတစ်ခုသာ ဖြစ်နေပေသည်။
ဤကဲ့သို့ ကုမ္ပဏီတစ်ခုအား ခေါင်းငုံ့ရခြင်းသည် မာနကြီးလှသော ကန်ဒရာပြည်သူများအနေဖြင့် မည်သည့်အတွက်ကြောင့် ပျော်ရွှင်နိုင်မည်နည်း။
သို့ရာတွင် တော်ဝင်မိသားစုနှင့် ဝန်ကြီးများ ဆွေးနွေးပြီး ဤကိစ္စအား သဘောတူလိုက်ကြလေသည်။
တစ်ချိန်တည်းတွင် အထက်တန်းလွှာများသည် ရူဒ်ဆန် Frestechတပ်များနှင့် တိုက်ရမည်ကို စိုးရိမ်လာကြသောကြောင့် စစ်ပွဲအားခေတ္တရပ်စေရန် ကမ်းလှမ်းမှုမှအပ ရွေးချယ်စရာမရှိတော့ပေ။
ထို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မားကွစ္စ် ဒီကတ်စ်အား သံတမန်အဖွဲ့အား ဦးဆောင်စေပြီး စေလွှတ်လိုက်ခြင်းဖြစ်သည်။
ဤကဲ့သို့ ဖြစ်ရပ်မျိုးမှာ ပထမဆုံးအကြိမ်ဖြစ်သည့်အပြင် ကမ္ပဏီတစ်ခု၏ အစောင့်များ စောင့်ကြပ်ခြင်း ခံရသည်မှာလည်း ပထမဆုံးအကြိမ်ဖြစ်လေသည်။
မားကွစ္စ် ဒီကတ်စ်သည် စစ်ရေးကိစ္စတွင် ကျွမ်းကျင်လှခြင်း မရှိသော်လည်း သူတို့အားကြည့်လိုက်ခြင်းဖြင့် ကန်ဒရာတပ်သားများ၏ စစ်သုံးပစ္စည်းများသည် ပိုမိုသာလွန်သည်ကိုတော့ သိလိုက်သဖြင့် မျက်ခုံးပင့်သွားမိတော့သည်။
ကန်ဒရာစစ်သားများသည် အများအားဖြင့် သားရေထည်များကို ဝတ်ဆင်ကြပြီး အကောင်းဆုံးအဖြစ် သံချပ်ကာများကို ဝတ်ဆင်ကြရလေသည်။ သူတို့တွင် သံဖြင့်လုပ်ထားသော ဓါးနှင့် သစ်သားဒိုင်းများမှလွဲလျှင် အခြားအရာများ မရှိကြချေ။
Frestech ကုန်သည်ကြီးများအသင်း၏ စစ်သားများသည် ၄င်းတို့တီထွင်ထားသော သတ္ထုစပ်သံချပ်ကာများနှင့် ထူးဆန်းသော ပုံစံနှင့် မီးများထွက်သော လက်နက်များကို ကိုင်ဆောင်ထားကြသည်။
မှော်သေနတ်ဟု ခေါ်ဆိုပြီး ကြောက်စရာအကောင်းဆုံး အချက်မှာ မီတာ၂၀၀အထိ ပစ်၍ရနေခြင်းဖြစ်သည်။
ထို့ကြောင့် ထိပ်တိုက်တွေ့လျှင် ကန်ဒရာတပ်သားများအနေဖြင့် မတိုက်ခိုက်ရသေးခင်မှာပင် သေဆုံးသွားနိုင်သည်။
ထို့အပြင် ၄င်းတို့ဘက်တွင် မှော်လောင်ချာများလည်း ရှိနေပြီး ထိုအရာများသည် မီတာ၅၀၀အထိ ပစ်နိုင်သည်။
ထို့နောက် မှော်ဒုံးကျည်များ၏ ပေါက်ကွဲအားမှာ ပြင်းထန်လှပြီး စစ်တပ်တစ်တပ်လုံးအား ဖျက်ဆီးပစ်နိုင်စွမ်းရှိပေသည်။
ထို့ကြောင့် ထိပ်တိုက် တိုက်ခိုက်ရလျှင် စစ်သားများ ဓါးချင်းယှဉ်မချခင် လက်နက်များနှင့် အရင်ဆုံး ရင်ဆိုင်ရမည် ဖြစ်ပေသည်။
သို့ရာတွင် ၄င်းတို့၏ အစွမ်းထက်သော သံချပ်ကာများကြောင့် အကာအကွယ် မပါလျှင်ပင် ထိခိုက်ဒဏ်ရာ မရနိုင်ပေ။
ထိုအခက်အခဲများတွင် များပြားလှသော မှော်တင့်ကားများ၊ မှော်အမြှောက်များနှင့် မှော်လေယာဉ်များ မပါသေးပေ။
ထို့ကြောင့် အခြားလက်နက်များ မပါဘဲ ဤအရာများနှင့်ပင် ကန်ဒရာတပ်သားများအနေဖြင့် Frestech ကုန်သည်ကြီးများအသင်းတပ်သားများ အနားပင် ကပ်နိုင်မည်မဟုတ်ချေ။
ဤအချက်ကို တိုက်ပွဲများစွာက သက်သေပြပြီးဖြစ်သည်။
စစ်အာဏာပိုင်များများနှင့် ဘုရင်သည်လည်း ဤကိစ္စအား မဖြေရှင်းနိုင်သဖြင့် စစ်ပွဲနိုင်ရန် နိုင်ငံ၏အရင်းအမြစ်များကို သုံးလျက် ကြိုးစားလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် မျှော်လင့်မထားဘဲ Frestech ကုန်သည်ကြီးများအသင်းသည် နှစ်လအတွင်း အနောက်တောင်ပိုင်းကို သိမ်းပိုက်လိုက်သောကြောင့် မအောင်မြင်လိုက်ချေ။
ဤတိုက်ပွဲတွင် ကျွမ်းကျင်ဘုန်းတော်ကြီးများပင် မကယ်နိုင်ခဲ့ချေ။
ကန်ဒရာတပ်သည် အချိန်ဆွဲရန်ပင် မတတ်နိုင်ခဲ့ပေ။
ထို့ကြောင့် ဘုရင်နှင့်ဝန်ကြီးများသည် ငြိမ်းချမ်းရေးကမ်းလှမ်းရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ဤကိစ္စသည်လည်း ကန်ဒရာဘက်မှ Frestech ကုန်သည်ကြီးများအသင်း၏ နည်းပညာများကို လိုက်မီရန် အချိန်ဆွဲခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပြန်လည်ခုခံရန် ပြင်နေကြခြင်းဖြစ်သည်
သို့မှမဟုတ်လျှင် ကန်ဒရာအား တစ်ဖြည်းဖြည်း သိမ်းပိုက်ခံရပြီး နောက်ပိုင်းတွင် မြို့တော် ဝင်ဘဲလ်ဒန်ပင် ကျဆုံးသွားနိုင်သည်။
ထိုသိုအဖြစ်မခံနိုင်သဖြင့် မားကွစ္စ် ဒီကတ်စ်အား စေလွှတ်လိုက်ခြင်းဖြစ်သည်။
ကန်ဒရာဘက်မှ ကမ်းလှမ်းရာတွင် လူအများ ထင်ထားသကဲ့သို့ မဟုတ်ဘဲ Frestech ကုန်သည်ကြီးများအသင်းဘက်မှ ဆွေးနွေးရန် လက်ခံခဲ့သည်။
ဤအကြောင်းအရာများကို တွေးမိပြီး မားကွစ္စ် ဒီကတ်စ်သည် သက်ပြင်းခိုးရှိုက်ရင်း ရင်ထဲမှအပူများကို အပြုံးဖြင့် ဖုံးကွယ်ကာ သူတို့အား ကြိုဆိုရန်လာသော အဖွဲ့ဆီသို့ သွားလိုက်သည်။
"ဘဘာရယ်မြို့မှကြိုဆိုပါတယ် မားကွစ္စ် ဒီကတ်စ်"ဟု ဆိုရယ်လ်မှ နှုတ်ဆက်လိုက်လေသည်။
သူမသည် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် အထူးစေလွှတ်ထားသော နိုင်ငံခြားရေးဌာနမန်နေဂျာဖြစ်ပြီး
ယခုကိစ္စအတွက် အဓိကတာဝန်ရှိသူဖြစ်သည်။
ကန်ဒရာအင်ပါယာနှင့် ရူဒ်ဆန်တိုင်းပြည်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ ခေါင်းဆောင်မှာ Frestech ကုန်သည်ကြီးများအသင်းသာ ဖြစ်မှန်းသိကြပေသည်။
"မစ္စဆိုရယ်လ် မတွေ့ရတာကြာပြီနော် မင်းကအရင်အတိုင်း ပန်းလေးတစ်ပွင့်လို လှပနေတုန်းပဲ"ဟု ပြောလေသည်။ မားကွစ္စ် ဒီကတ်စ်သည် မည်သို့ပင်တွေးစေကာမူ အပြင်ပိုင်းတွင် သူသည် အဆင့်မြင့်အထက်တန်းလွှာတစ်ယောက် ဖြစ်လေသည်။
ဆိုရယ်လ်သည် သူ့အားမဖိတ်ခေါ်မီ ခေါင်းတစ်ချက်သာ ညိတ်ပြလျက် "ဒီဘက်ကို ကြွပါ ဥက္ကဌက ရောက်နေပါပြီ"ဟု ပြောလေသည်။
"အိုး? ဥက္ကဌ ရှုယီက ရောက်နေပြီလား"ဟု ပြောရင်း ပျော်သွားလေသည်။
ဤဆွေးနွေးဝိုင်း၏ ခေါင်းဆောင်မှာ Frestech ကုန်သည်ကြီးများအသင်းဖြစ်၍ ဥက္ကဌ ရှုယီသာ ဖြစ်လေသည်။
ရှုယီအနေဖြင့် လူကိုယ်တိုင် လာရောက်ခြင်းသည် ဤဆွေးနွေးဝိုင်းအား အလေးထားခြင်းကို ပြသနေခြင်း ဖြစ်ပေသည်။
***
မှော်စက်မှုအင်ပါယာ
Volume 7 အပိုင်း ၁၃၃ ။ စိတ်သဘောထား
ရှုယီသည် မားကွစ္စ် ဒီကတ်စ်က ရူဒ်ဆန်တိုင်းပြည်၏ ကိုယ်စားလှယ်များကို စကားပြောနေပြီး ရူဒ်ဆန်တိုင်းပြည်၏ နိုင်ငံခြားရေးဝန်ကြီ ဒီဒါမန်စ်သည် သေချာစွာနားထောင်နေသည်ကို သူ၏မျက်လုံးများမှ တစ်ဆင့်တွေ့နိုင်သည်။
ကန်ဒရာဘက်မှ စကားများသည် သူမျှော်လင့်ထားသည်များလည်း ပါဝင်သလို မမျှော်လင့်သည်များလည်း ပါဝင်ပြန်သည်။
၄င်းတို့အနေဖြင့် စစ်ပွဲဆက်တိုက်မည်ဆိုလျှင် နိုင်ရန်အတွက် အခက်အခဲများစွာ ရှိနိုင်ပြီး အကြီးအကျယ် ဆုံးရှုံးမှုများရှိနိုင်ပေသည်။
ထို့ကြောင့် ကန်ဒရာအနေဖြင့် နယ်မြေများ ထပ်မဆုံးရှုံးရန်၊ အပျက်အစီးများ ပိုမဖြစ်ရန်နှင့် အချိန်ဆွဲထားနိုင်ရန်အတွက် ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
ရှုယီသည် ၄င်းတို့ဘက်မှ စကမ်းလှမ်းလာလိမ့်မည်ဟု မျှော်မှန်းထားသော်လည်း ယခုလိုစောမည်ဟု မထင်ထားချေ။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် ကန်ဒရာသည် ကောလဟာလများကဲ့သို့ သူတို့သာ အသာလွန်ဆုံးဟူသော စိတ်ထားမျိုး မထားဘဲ အခြေအနေအား နည်းလည်နိုင်သော လူများလည်းရှိနေကြောင်း သိရလေသည်။
ထို့ကြောင့် ရှုယီသည် Frestech ကုန်သည်ကြီးများအသင်း၏ ကိုယ်စားလှယ်အနေဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး ကန်ဒရာဘက်မှ အခြေအနေအား နားလည်၍ စိတ်ကျေနပ်လောက်စရာ အစီအစဉ်ရှိမည်ဆိုလျှင် ငြိမ်းချမ်းရေးဆွေးနွေးရန် သဘောတူမည်သာဖြစ်သည်။
ပြီးလျှင် ကန်ဒရာအင်ပါယာ၏ လက်ရှိအနေအထားဆိုနှင့်လျှင် Frestech ကုန်သည်ကြီးများအသင်းသည် နည်းပညာမြင့်မားမှုကြောင့် အနိုင်ရနိုင်သော်လည်း နယ်မြေတစ်ခုလုံးအား မသိမ်းပိုက်နိုင်ပေ။
ကန်ဒရာကိုလည်း စစ်ပွဲကြောင့် ဘေးဒုက္ခမရောက်စေလိုပေ။
သမိုင်းတွင်လည်း ဤကဲ့သို့ အဖြစ်အပျက်မျိုး ရှိဖူးလေသည်။
မွန်ဂိုလီယန်းအင်ပါယာသည် တစ်ချိန်က လွန်စွာအင်အားကြီးခဲ့ပြီး Eurasiaတိုက်တစ်ခုလုံးနီးပါး သိမ်းပိုက်နိုင်ခဲ့သော်လည်း နယ်မြေများကို ကောင်းစွာမထိန်းချုပ်နိုင်သဖြင့် အဆုံးတွင် အင်ပါယာ ကျဆုံးခဲ့ရသည်။
Frestech ကုန်သည်ကြီးများအသင်း၏ လက်နက်များသည် အစွမ်းထက်လှပြီး နည်းပညာသာလွန်မှုကြောင့် စိုင်စ်တိုက်တစ်ခုအား သိမ်းပိုက်နိုင်သော်လည်း အကျိုးမရှိမည်ကို ရှုယီသိပေသည်။
သူ၏ရည်မှန်းချက်မှာ စက်မှုလုပ်ငန်းများအား မြှင့်တင်ပြီး လူနေမှုအဆင့်အတန်း မြင့်မားစေရန်ဖြစ်သည်။
စစ်ပွဲမှာ နည်းလမ်းတစ်ခုမျှသာဖြစ်ပြီး ပန်းတိုင်မဟုတ်ချေ။
ဤစစ်ပွဲဖြစ်ရခြင်းမှာ ပုံမှန်စစ်တပ် ပိုင်ဆိုင်ထားသော အင်ပါနှစ်ခုမှ Frestech ကုန်သည်ကြီးများအသင်း၏ စက်မှုလုပ်ငန်း အကျိုးအမြတ်များကို လိုချင်သောကြောင့် ဖြစ်လေသည်။
ရှုယီအေနဖြင့် အကျိုးအမြတ်များအား ခွဲဝေပေးနိုင်သော်လည်း ထိန်းချုပ်ခွင့်အား မည့်သူ့ကိုမှ မပေးနိုင်ပေ။
သူသည် သူမှတစ်ပါး အခြားသူများသည် စက်မှုတိုးတက်ရေး တည်ဆောက်ရန် တူညီသော အမြင်နှင့် မျှော်မှန်းချက်မရှိဟု ယူဆထားသည်။
"ဒီကိစ္စသာ အောင်မြင်သွားရင် သင်တို့ရဲ့တိုင်းပြည်အတွက် စိတ်ကျေနပ်လောက်စရာ ပမာဏကို ပေးပါ့မယ်။"
မားကွစ္စ် ဒီဒါမန်စ်နှင့် ဒီဒါမန်စ်သည် ဆွေးနွေးညှိနှိုင်းကြပြီး၍ ရှုယီဘက်သို့ လှည့်လိုက်ကြသည်။
"ဥက္ကဌရှုရဲ့ အမြင်လေးသိပါရစေ"
"ဒီဆွေးနွေးပွဲက ကန်ဒရာဘက်က စကမ်းလှမ်းတာမလား။ သင်တို့ရဲ့ အခြေအနေကို အရင်ပြောသင့်တယ်ထင်တယ်။"
"ဥက္ကဌရှု ပြောတာ မှန်ပါတယ်"
မားကွစ္စ် ဒီကတ်စ်သည် ခေါင်းညိတ်ပြီး သူ၏လူနှစ်ယောက်အား လက်ပြလိုက်လေသည်။
ထိုလူများသည် ရှုယီနှင့် ဒီဒါမန်စ်တို့ထံ လေးစားစွာ လာပြီးလျှင် စာရွက်စာတမ်းများအား ပေးလေသည်။
"ဒါက ပါလီမန်က ရေးဆွဲထားတဲ့ ဥပဒေအသစ်တွေပါ။ ကျေးဇူးပြုပြီး ကြည့်ကြည့်ပါဦး"
ရှုယီနှင့် ဒီဒါမန်စ်တို့သည် စာချုပ်ကို မကြည့်ခင် အချင်းချင်းကြည့်လိုက်ပြီးနောက် သေချာစွာ ဖတ်လေသည်။
ဤစာချုပ်ထဲတွင် ကန်ဒရာအင်ပါယာမှ ရူဒ်ဆန်နှင့် Frestech ကုန်သည်ကြီးများအသင်းတို့၏ တပ်များအား ဖယ်ပေးရန်၊ ကန်ဒရာဘက်မှ စစ်လျော်ကြေးတောင်းမည်မဟုတ်ကြောင်းပါရှိပြီး ၄င်းတို့မှာ သာမာန်တောင်းဆိုမှုသာဖြစ်၍ လက်သင့်ခံနိုင်သော်လည်း စာတွင်ပါသော အသုံးအနှုန်းများမှာ အထက်စီးဆန်၍ တစ်ပါးသူအား စိတ်မသက်မသာဖြစ်စေသည်။
စစ်ပြီးနောက်တွင် ကန်ဒရာအနေဖြင့် ရူဒ်ဆန်နှင့် Frestech ကုန်သည်ကြီးများအသင်းတို့အတွက် စီပွားရေးမူဝါဒအသစ်များ ချမှတ်ပေးမည့်အကြောင်း၊ နယ်စပ်များတွင် ချထားသော တပ်များအား ပြန်လည်ရုတ်သိမ်းပေးပြီး နယ်စပ်၁၀မြို့အား ကူးသန်းရောင်းဝယ်ရေးမြို့အဖြစ် သတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ ဤမြို့များတွင် ရူဒ်ဆန်နှင့် Frestech ကုန်သည်ကြီးများအသင်းတို့အနေဖြင့် အခွန်ဆောင်ရန်မလိုကြောင်း၊ ကန်ဒရာမြို့သားများနည်းတူ အခွင့်အေရး ပေးမည်ဖြစ်ကြောင်း ပါဝင်လေသည်။
ဤအချက်များသည် ၄င်းတို့အတွက် အကျိုးအမြတ်များစွာ ရရှိနိုင်ပြီး ကန်ဒရာအနေဖြင့် အလှူပြုသည်နှင့်ပင် တူနေတော့သည်။
Frestech ကုန်သည်ကြီးများအသင်းအနေဖြင့်ဆိုလျှင် အကျိုးအမြတ်သာ၍ပင် များနေသေးသည်။ အခွန်ကင်းလွတ်သည့်အချက်အရ ၄င်းတို့အနေဖြင့် အမြတ်များစွာ ကျန်နိုင်ပြီး ထုတ်ကုန်များ ပိုမိုထုတ်လုပ်လာနိုင်မည်ဖြစ်သည်။ စီးပွားရေးအရ အကာအကွယ်ရမည်လည်း ဖြစ်သောကြောင့် အကျိုးများစွာရှိလှသည်။
ကန်ဒရာအနေဖြင့် ၄င်းတို့နှင့်ပူးပေါင်းပြီး အကျိုးခံစားခွင့်နှင့် စီးပွားရေးမူဝါဒများ ရေးဆွဲပေးမည်ဟု ပြောထားလေသည်။
ပုံမှန်အားဖြင့်ဆိုသော် ဤအချက်များသည် ကုမ္ပဏီတစ်ခုအနေဖြင့် အကျိုးအမြတ်များစွာ ရရှိနိုင်သောကြောင့် သာမာန်ကုမ္ပဏီတစ်ခုသာဆိုလျှင် ကန်ဒရာအင်ပါယာကို ကျေးဇူးပင်တင်ပေဦးမည်။
သို့ရာတွင် ဤအချက်များအား ရှုယီမြင်သောအခါတွင် အေးစက်စွာ ရယ်နေလေသည်။
"ဒါတွေက ခင်ဗျားတို့ဘက်က လုပ်ပေးမယ့်အခြေအနတွေေပေါ့လေ ဟုတ်လား မားကွစ္စ် ဒီကတ်စ်"
"ဒါတွေက ပါလီမန်ကနေ အကြမ်းဖျဉ်း ရေးဆွဲထားတာတွေပါ အကယ်၍ ဥက္ကဌရှုမကြိုက်တဲ့ အချက်ရှိရင် ကျွန်တော်တို့ ညှိနှိုင်းလို့ရပါတယ်"
"သဘောမကျတာ တစ်ချက်တစ်လေ မရှိပါဘူး။ စာချုပ်တစ်ခုလုံးကို မကြိုက်တာ"ဟု ပြောရင်း စာချုပ်အား စားပွဲခုံပေါ်သို့ ပစ်တင်လေသည်။ ထို့နောက် အသံမြင့်ကာ တည်တံ့သောမျက်နှာထားဖြင့် "ခင်ဗျားတို့ အင်ပါယာက ငြိမ်းချမ်းရေးဆွေးနွေးတာကို ဒီလိုသဘောထားမျိုးနဲ့ ဆွေးနွေးမယ်ဆိုရင်တော့ ကျေးဇူးပြုပြီး ပြန်ကြပါ စစ်မြေပြင်မှာ ထပ်တွေ့ကြတာပေါ့။"ဟု ဆိုလေသည်။
မားကွစ္စ် ဒီကတ်စ်သည် စာချုပ်အားကြည့်လိုက်ပြီး တုန်လှုပ်သွားဟန်မရှိဘဲ ခဏတိတ်ဆိတ်သွားပြီးနောက် အပြုံးလေးဖြင့် "ဥက္ကဌရှုနဲ့ ကျွန်တော်တို့ တဖြည်းဖြည်းချင်း ဆွေးနွေးလို့ရပါတယ်။ ဒီအချက်တေ်ကို မကြိုက်ဘူးဆိုရင် ကျွန်တော်တို့ အသစ်ပြန်ပြင်ပြီး လာခဲ့ပါ့မယ်။ ဒါမှမဟုတ် လိုချင်တဲ့အချက်တွေကို တောင်းဆိုလို့ရပါတယ်။ ကျွန်တော်တို့တစ်ချက်ကြည့်ပေးပါ့မယ်။ ဘယ်လိုထင်လဲခင်ဗျ"ဟု ပြောရာ ရှုယီသည် သူ့အားတစ်ချက်ကြည့်ပြီး မတ်တပ်ရပ်ကာ ဆွေးနွေးခန်းထဲမှ ထွက်သွားလေသည်။
အခြား Frestech ကုန်သည်ကြီးများအသင်း၏ အဖွဲ့ဝင်များသည်လည်း သူ၏နောက်မှ လိုက်သွားကြလေတော့သည်။
မားကွစ္စ် ဒီကတ်စ်နှင့် သူ၏သံတမန်အဖွဲ့ဝင်များသည် အံ့အားသင့်သွားလေသည်။
သူသည်အမျိုးမျိုး တွေးထင်ထားသော်လည်း ရှုယီအနေဖြင့် ယခုကဲ့သို့ ဒေါသတကြီး ထွက်သွားမည်ကို မထင်ထားပေ။
သူသာမကျေနပ်လျှင် အဲ့ဒီအချက်အား ပြောပြပြီး ဆွေးနွေးရန် ရသည်ကို အဘယ့်ကြောင့် စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားရသနည်း။
မားကွစ္စ် ဒီကတ်စ်သည် ခေတ္တငြိမ်သက်သွားပြီး ဝန်ကြီး ဒီဒါမန်စ်အား "ဝန်ကြီးရယ် ဥက္ကဌရှုက သွေးအေးလွန်းတယ်မထင်ဘူးလား။ သူတောင်သဘောတူလို့ ဆွေးနွေးနေကြတာပဲကို ဒီလိုအပြုအမူမျိုး လုပ်သင့်လို့လား"ဟု ပြောလေသည်။
ဝန်ကြီး ဒီဒါမန်စ်သည် ပြုံလျှက် သူ့အားကြည့်ရင်း လက်ဖက်ရည်တစ်ငုံ သောက်လိုက်လေသည်။ ထို့နောက် "ဆွေးနွေးဖို့စကမ်းလှမ်းတာ ကန်ဒရာဘက်ကနော်။ ဒါပေမယ့် ဒီမှာပါတဲ့ အချက်တွေက ကလေးကစားသလို ဖြစ်နေတာက ရယ်စရာမကောင်းဘူးလား။ အခုအချိန်ထိ ဘယ်လိုအခြေအနေလဲဆိုတာကို သဘောမပေါက်သေးတာလား။ ဥက္ကဌရှုရဲ့ အပြုအမူက မသင့်တော်ဘူးဆိုရင် မင်းကရော ကောင်းတယ်ထင်လို့လား"ဟု ပြောလေသည်။
မားကွစ္စ် ဒီကတ်စ်၏ မျက်နှာသည် ညိုးသွားပြီး "သူမကျေနပ်တဲ့အချက်တွေရှိရင် ကျွန်တော်တို့ ဆွေးနွေးလို့ရတယ်လို့ ပြောခဲ့သားပဲ။ ညှိနှိုင်းတယ်ဆိုတာက နှစ်ဦးနှစ်ဖက် ကျေနပ်အောင် လုပ်တာမျိုးပဲမလား"ဟု ပြောလေရာ ဒီဒါမန်စ်သည် ရယ်လျှက် ခေါင်းခါကာ လက်ဖက်ရည်ခွက်အား ပြန်ချလိုက်ပြီး လှည့်ထွက်သွားလေတော့သည်။ သူ၏အဖွဲ့ဝင်များသည်လည်း ထိုအတိုင်းပဲ ထွက်သွားလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆွေးနွေးခန်းတွင် မားကွစ္စ် ဒီကတ်စ်နှင့် သူ့အဖွဲ့သားများသာ ကျန်ခဲ့လေသည်။ စားပွဲထိုးများပင် ထွက်သွားကြပြီဖြစ်သည်။
သူတို့သည် အချင်းချင်းကြည့်ကြလျှက် ဘာစကားမှမပြောနိုင်ဘဲ တိတ်ဆိတ်သွားကြသည်။
***
မှော်စက်မှုအင်ပါယာ
Volume 7 အပိုင်း ၁၃၄ ။ အရှုံးဘက်တွင်ရှိနေခြင်း
မားကွစ္စ် ဒီကတ်စ်သည် ရှုယီအနေဖြင့် အကျိုးအမြတ်ပိုရစေရန် သဘောမတူသော အပြုအမူမျိုး လုပ်လိမ့်မည်ဟု တွေးပြီးသားဖြစ်သော်လည်း ယခုကဲ့သို့ ထွက်သွားလိမ့်မည်ဟု မထင်ထားပေ။
သို့သော်လည်း ဤကိစ္စသည် ဖြစ်နိုင်သဖြင့် အံ့သြသွားသော်လည်း စိတ်မပူပေ။ ထို့ကြောင့် အချက်အလက်များ ပြန်ပြင်ဆင်ပြီး တွေ့ဆုံညှိနှိုင်းရန် လုပ်ကြရသည်။ သို့ရာတွင် ရူဒ်ဆန်နှင့် Frestech ကုန်သည်ကြီးများအသင်းတို့မှ တွေဆုံရန်ပင် လက်မခံချေ။
၁ပတ်အကြာတွင် ရူဒ်ဆန် Frestechတပ်များသည် မေလ၃ရက်နေ့က တာလာမန်စီရင်စု၏ မြောက်ဘက်ရှိ မိုဘီကန်မြို့၏ တပ်များကို ချိုးဖောက်နိုင်သွားပြီး မြို့တော်အား ချီတက်လာနေပြီဟု သတင်းကြားရသောအခါ မားကွစ္စ် ဒီကတ်စ်နှင့် သံတမန်အဖွဲ့ဝင်များသည် အံ့သြသွားကြသည်။
"သခင် မားကွစ္စ်သူတို့ကို ကြည့်ရတာ ကျွန်တော်တို့နဲ့ ညှိနှိုင်းမယ်မထင်ဘူး"
မားကွစ္စ်သည် မဲ့ပြုံးလေးသာ ပြုံးမိတော့သည်။
ရူဒ်ဆန်နှင့် Frestech ကုန်သည်ကြီးများအသင်းတို့အနေဖြင့် ဆွေးနွေးမှုကို ငြင်းပယ်ရုံသာမက ယခုလို တိုက်ခိုက်လိမ့်မယ်ဟု သူမထင်ထားပေ။
သူတို့တွေ တစ်ကယ်ပဲ ကန်ဒရာအင်ပါယာကို နိုင်ပါ့မလား။
"သခင် မားကွစ္စ် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။"
မားကွစ္စ် ဒီကတ်စ်သည် ခေါင်းခါလျှက် တိတ်ဆိတ်သွားလေသည်။ သူသည်လည်း ၄င်းတို့၏ နည်းပညာသာလွန်မှုကြောင့် မည်သို့ကိုင်တွယ်ရမည်ကို မသိဘဲနေလေသည်။
ကြာရှည်စွာ တွေးနေပြီးနောက် သူသည် သက်ပြင်းအရှည်ကြီး ချလိုက်မိတော့သည်။
"ဘာတွေပဲဖြစ်ဖြစ် တိုက်ပွဲက အဆုံးအဖြတ်ပဲ ကျွန်တော်တို့လုပ်နိုင်တာဆိုလို့ စောင့်ကြည့်ဖို့ပဲ တပ်မှူးတွေက စိတ်ပျက်အောင် မလုပ်ဖို့ဘဲ မျှော်လင့်ကြတာပေါ့"ဟု အဖွဲ့ဝင်တစ်ယောက်က ဆို၍ အားလုံးသည် အချင်းချင်း ပြန်ကြည့်ကြလျှက် ခါးသက်စွာ ပြုံးမိကြလေသည်။
"သူတို့သာ စိတ်ပျက်အောင် မလုပ်ခဲ့ဘူးဆိုရင် အခုလို ဘယ်လိုလုပ် လာဆွေးနွေးဖို့ လိုမလဲ"
အခြားတစ်ဖက်တွင်လည်း ကန်ဒရာဘက်မှ တပ်မှူးများသည် ထင်သလောက် စိတ်မပျက်စေခဲ့ပေ။
အားလုံးမျှော်လင့်ထားသည့်အတိုင်းပင် သူတို့သည် ရူဒ်ဆန် Frestechတပ်များ၏ တိုက်ခိုက်မှုကို မခံနိုင်ကြပေ။ တာလာမန်သည် အနောက်တောင်ဘက်ထက် ပို၍လျင်မြန်စွာ ကျရှုံးသွားခဲ့သည်။
၂၁ရက်မကျော်ခင်မှာပင် တာလာမန်မြို့တော်သည် ကျဆုံးသွားခဲ့ပြီး မြို့ဝန် ဒုခ် Lagerသည်လည်း သူကတိပေးခဲ့သည့်အတိုင်းပင် သက်ဆုံးတိုင် တိုက်ပွဲဝင်သွားခဲ့လေသည်။
ကန်ဒရာဘက်မှ ကျွမ်းကျင်ဘုန်းတော်ကြီး ၅ယောက်တွင် ၁ယောက်ကျဆုံးသွားပြီး ၂ယောက်မှာ ပြင်းထန်စွာထိခိုက်ထားသဖြင့် ကျန်၂ဦးမှာလည်း တပ်ဆုတ်ခဲ့ရသည်။
မြို့တော်ကျဆုံးသွားသည်နှင့် မြောက်ဘက်ရှိမြို့များမှာ အညံ့ခံလိုက်ကြသည်။
ထိုနည်းဖြင့် တာလာမန်စီရင်စုတစ်ခုလုံး သိမ်းပိုက်ခံလိုက်ရသည်။
မေလ၂၉ရက်နေ့တွင် တောင်ပိုင်းမြို့ဝန် ဒုခ် အယ်လ်မန် ဝင်ဒ်ဆာသည် သူတို့အနေဖြင့် ကန်ဒရာမှ ခွဲထွက်ပြီးဖြစ်ကြောင်း ကြေညာခဲ့လေသည်။
ဤသတင်း ပျံနှံ့သွားချိန်တွင် ကန်ဒရာသာမက တိုက်တစ်ခုလုံးမှ အံ့အားသင့်ကြလေသည်။
ဇွန်လ၇ရက်နေ့တွင် မြောက်ဘက်စွန်းဒေသ တိုရီယာစီရင်စုသည်လည်း ကန်ဒရာမှ ခွဲထွက်ပြီး စတက်တိန်း ဒက်ချီနှင့် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
တိုရီယာစီရင်စုသည် Frestech ကုန်သည်ကြီးများအသင်းနှင့် အရင်းနှီးဆုံးဖြစ်ခဲ့လေသည်။ သူတို့အနေဖြင့် ဤနယ်မြေထဲတွင် ပရောဂျက်ပေါင်းများစွာ အောင်မြင်ခဲ့ပြီး မြို့၏တစ်စိတ်တစ်ပိုင်းပင် ဖြစ်ခဲ့သောကြောင့် ကန်ဒရာမှ Frestech ကုန်သည်ကြီးများအသင်းနှင့် အလုပ်တွဲလုပ်ခြင်း မပြုရန် တားမြင်လိုက်ချိန်တွင် တိုရီယာအနေဖြင့် စီးပွားရေးအရ အကြီးအကျယ်ထိခိုက်မှုများရှိခဲ့ပေသည်။ ထို့ကြောင့် ပူးပေါင်းသွားသည်မှာ ဆန်းသည်တော့မဟုတ်ပေ။
သို့ရာတွင် တောင်ဘက်ပိုင်း၏ ခွဲထွက်မှုသည် တိုရီယာနယ်၏ ခွဲထွက်မှုလောက် ကန်ဒရာအား မထိခိုက်စေပေ။
Frestech ကုန်သည်ကြီးများအသင်းနှင့် သဘောတူညီမှုအရ စက်ရုံများကို ကန်ဒရာ၏ နယ်မြေနှစ်ခုတွင် တည်ဆောက်ထားခဲ့ပြီး ပထမတစ်နေရာဖြစ်သော ဝင်ဘဲလ်ဒန်မြို့တွင် စက်ရုံများမှာ အကြမ်းဖျင်းမျှသာဖြစ်ပြီး ကန်ဒရာ၏ မှော်စက်မှုလုပ်ငန်းများ၏ ၇၀ရာခိုင်နှုန်းမှာ တိုရီယာနယ်မြတွေင်ရှိသဖြင့် ၄င်းတို့၏ခွဲထွက်မှုသည် ကန်ဒရာအား အကြီးအကျယ် ထိခိုက်စေခဲ့သည်။ ဤကိစ္စကြောင့် ကန်ဒရာဘက်မှ ထိတ်လန့်သွားလေသည်။
အရေးအကြီးဆုံးအချက်မှာ တောင်ပိုင်းနယ်မြေများ အားလုံး မရှိတော့သဖြင့် ပင်လယ်ထွက်ပေါက် ပိတ်သွားလေတော့သည်။
စိုင်စ်နယ်မြေအတွင်းရှိလူများကလည်း ရူဒ်ဆန် Frestechတပ်များ မည်သို့ဆက်လုပ်မည်ကို စိတ်ဝင်စားနေကြသည်။
စီရင်စုနှစ်ခု ကျဆုံးသွားပြီးချိန်တွင် ကန်ဒရာ၏ သိက္ခာနှင့် ယုံကြည်မှုတို့သည် ထိခိုက်သွားပြီး အနိုင်ရရန်လမ်းလည်း မမြင်တော့ချေ။
ကန်ဒရာအနေဖြင့် လုံးဝအရှုံးပေးလိုက်သည် မဟုတ်သော်လည်း တိုက်ရိုက်တိုက်ပွဲများတွင် နိုင်ချေမရှိဘဲ ခြုံခိုတိုက်ရာတွင်လည်း မှော်လေယာဉ်များကြောင့် ဟာသပင်ဖြစ်လေတော့သည်။
ရူဒ်ဆန် Frestechတပ်များ ဝင်ဘဲလ်ဒန်မြို့သို့ နီးကပ်လာသည်နှင့် မြို့သားများမှာ မည်သည်ကိုမှ သိပ်မခံစားရသော်လည်း မျိုးရိုးမြင့်များမှာ လွန်စွာထိတ်လန့်လျှက်ရှိသည်။
ထို့အပြင် အခြားစီရင်စု၁၃ခုသည်လည်း Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းရန် ဆန္ဒရှိသည်ဟု ကြေညာခဲ့သည်။
ဤနည်းဖြင့် ကန်ဒရာသည် နယ်မြေတစ်ဝက်နီးပါး ဆုံးရှုံးလိုက်ရသည်။
ကန်ဒရာ၏ သမိုင်းတစ်လျှောက်တွင် မြို့တော် ဝင်ဘဲလ်ဒန်သည် စစ်ပွဲသို့ကျရောက်သွားပြီး အင်ပါယာတစ်ခုလုံး ကျဆုံးနိုင်သည့်အခြေအနေဖြစ်ခဲ့သော်လည်း ပြန်လည်ထိန်းနိုင်ခဲ့ပြီး ဤသို့ဖြစ်ရခြင်းမှာလည်း ပြည်တွင်းအုံကြွမှုကြောင့်သာဖြစ်ပြီး ယခုအချိန်တွင် ပြည်တွင်းရေးတည်ငြိမ်လျှက်ရှိပြီး ရာစုနှစ်အတော်အကြာအထိ တိုးတက်ဆုံးဟု ပြောနိုင်သည့်အချိန်ဖြစ်လေသည်။
ပုံမှန်အားဖြင့် ဤအချိန်တွင် အင်ပါယာကျရှုံးရန် မဖြစ်နိုင်သော်လည်း Frestech ကုန်သည်ကြီးများအသင်းကြောင့် ပျက်စီးမှုများစွာ ဖြစ်ခဲ့ရပြီး ယခုကိစ္စတွင် ယခင်ကဲ့သို့ ပြန်လည်ထိန်းနိုင်ပါ့မလား။
သြဂုတ်လ၁၆ရက်နေ့သည် နှစ်တစ်နှစ်လုံး၏ အပူပြင်းဆုံးနေ့အဖြစ် သတ်မှတ်နိုင်သည်။
ထိုနေ့တွင် ကန်ဒရာ၏ အလယ်ပိုင်းစီရင်စုတွင်ရှိသော စန်အန်တိုနစ်၏ တောင်ဘက်ပိုင်းသို့ ရူဒ်ဆန် Frestechတပ်များ ဝင်ရောက်လာပြီး ကန်ဒရာ၏ မြို့တော် ဝင်ဘဲလ်ဒန်သို့ ဝင်ရောက်ရန် လှမ်းနေပြီဖြစ်သည်။
၅ရက်အကြာတွင် ဤသတင်းသည် သံတမန်အဖွဲ့ထံသို့ ရောက်သွားပြီး မားကွစ္စ် ဒီကတ်စ်သည် ညှိနှိုင်းရန် ထပ်ကြိုးပန်းလေသည်။ သူ၏ပုံစံမှာ လွန်ခဲ့သော ၄လကဲ့သို့ ယုံကြည်မှုနှင့် အထက်စီးဆန်မှုတို့အား မတွေ့ရေတာ့ချေ။ သူသည် Frestech ကုန်သည်ကြီးများအသင်းတပ်သားများကို မြင်သည်နှင့် ယခင်ကကဲ့သို့ ကန်ဒရာ၏ သခင် မားကွစ္စ်၏ မာန်မာနမျိုး မရှိတော့ဘဲ ခါးသက်မှုများသာ ကျန်နေလေသည်၊
များစွာသော တိုက်ပွဲများအပြီးတွင် အင်အားကြီးမားလှသော ကန်ဒရာအင်ပါယာသည်လည်း လေပြင်းတစ်ချင်နှင့်ပင် ပြိုလဲနိုင်ကြောင်း သိခဲ့ရသည်။
ပြီးခဲ့သည့်နှစ်မှစ၍ အရှုံးနှင့်ချည်း ရင်ဆိုင်ခဲ့ရသည်ဖြစ်ရာ မားကွစ္စ် ဒီကတ်စ်အပါအဝင် ကန်ဒရာ၏ မျိုးရိုးမြင့်များ၏ မာနနှင့် ယုံကြည်မှုတို့ ပျက်စီးခဲ့ရပြီးဖြစ်သည်။
သူတို့၏စိတ်ထဲတွင် မည်မျှပင် ကျိန်ဆဲနေစေကာမူ သူတို့သည် မိစ္ဆာလက်နက်များနှင့် ရင်ဆိုင်နေရသည်သာဖြစ်သည်။
မားကွစ္စ် ဒီကတ်စ်သည် လပေါင်းများစွာကြာအောင် ဆွေးနွေးပွဲအတွက် တောင်းဆိုခဲ့သော်လည်း Frestech ကုန်သည်ကြီးများအသင်းမှ မည့်သည့်တုံ့ပြန်မှုမှ မရခဲ့ပေ။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှ နောက်တစ်ကြိမ် ဆွေးနွေးရန် သဘောတူလိုက်ရာတွင် မားကွစ္စ် ဒီကတ်စ်နှင့် မျိုးရိုးမြင့်များအားလုံး ပျော်သွားကြေလသည်။
Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် ဆွေးနွေးရန် ဆန္ဒရှိသောကြောင့် စစ်ပွဲရပ်ရန် အခွင့်အရေးရှိသေးသည်။
သို့သော် စစ်ပွဲ ရပ်မရပ်ဆိုသည်မှာ ကန်ဒရာအင်ပါယာဘက်မှ ဆွေးနွေးမည့်အပေါ် မူတည်နေလေသည်။
***
မှော်စက်မှုအင်ပါယာ
Volume 7 အပိုင်း ၁၃၅ ။ တစ်ကယ်တော့ အကျိုးရှိနေဆဲ
"မားကွစ္စ် ဒီကတ်စ် ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီနော်"ဟု ဝန်ကြီး ဒီဒါမန်စ်က အဓိပ္ပါယ်ပါပါ ကြည့်လျက် ပြုံးပြလိုက်သည်။
မားကွစ္စ် ဒီကတ်စ်သည် ရင်ထဲတွင်သာ ခါးသက်စွာပြုံး၍ ဝန်ကြီးအား ပြန်လည်နှုတ်ဆက်လိုက်ပြီး ရှုယီဘက်သို့ လှည့်လိုက်သည်။
"ဥက္ကဌရှု ကျွန်တော် အခုအချိန်မှာ အင်ပါယာကိုယ်စား ပြောနိုင်တာကတော့ Frestech ကုန်သည်ကြီးများအသင်းက လိုချင်တဲ့အချက်မှန်သမျှ...."
ရှုယီသည် ဆက်မပြောရန် တားလိုက်ပြီး ဆိုရယ်လ်အား ခေါင်းညိတ်ပြလိုက်သဖြင့် သူမသည် အိတ်ထဲမှ စာရွက်များကို ထုတ်၍ မားကွစ္စ် ဒီကတ်စ်၏ ရှေ့သို့ချပေးလေသည်။
"ဒါက ကျွန်တော်တို့ လိုချင်တဲ့အချက်တွေပါပဲ"
"ဒါမဖြစ်နိုင်တာပဲ"ဟု မားကွစ္စ် ဒီကတ်စ်သည် အသံတုန်ယင်လျှက် ပြောလေသည်။
စာချုပ်တွင် ကန်ဒရာသည် Frestech ကုန်သည်ကြီးများအသင်းအတွက် အခွင့်အလမ်းများ ပေးထားရမည်ဖြစ်ပြီး ၄င်းတို့၏ ငွေကြေးကိစ္စများတွင် ပါဝင်ခွင့်မရှိဘဲ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်ပင် ပါဝင်ခွင့်မရှိချေ။
ကန်ဒရာအနေဖြင့် ဤကိစ္စအား ခွင့်ပြုလိုက်လျှင် တိုင်းပြည်ထဲသို့ မိစ္ဆာတစ်ကောင် ခေါ်သွင်းလိုက်သည်နှင့် တူနေပေတော့မည်။
၄င်းတို့၏ အဆက်အသွယ်ကောင်းမှုနှင့် နည်းပညာတိုက်တက်မြင့်မားခြင်းတို့ကြောင့် မကြာခင်ပင် ကန်ဒရာ၏ စက်မှုနယ်ပယ်မှန်သမျှကို လွှမ်းမိုးသွားလိမ့်မည်ဖြစ်သည်။
လက်ရှိအနေအထားအရ စိုင်စ်တိုက်အတွင်းရှိ နယ်မြေမှန်သမျှတွင် စက်မှုလုပ်ငန်းက အရေးကြီးလေသည်။
ထို့ကြောင့် စက်မှုလုပ်ငန်းများသာ ထိန်းချုပ်ခံရလျှင် ကန်ဒရာအား ထိန်းချုပ်ပြီးသား ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် ဤကိစ္စအား မည်သို့သဘောတူရမည်နည်း။
ဤအချက်မှာ ကျန်သည့်အချက်များနှင့်စာလျှင် သဘောတူရန် မခဲယဉ်းလှပေ။
တတိယအချက်မှာ ကန်ဒရာအနေဖြင့် စစ်လက်နက်များအား စူးစမ်းခြင်းမှ ရပ်တန့်ရန်ဖြစ်သည်။
တိုင်းပြည်တိုင်းသည် စစ်လက်နက်မှာ စစ်ပွဲအတွက် မည်မျှအရေးကြီးသည်မှန်း သိကြလေသည်။
ထို့ကြောင့် နောင်တစ်ချိန်တွင် စစ်ဖြစ်လာလျှင် ကန်ဒရာအနေဖြင့် နိုင်စရာအကြောင်းမရှိတော့ဘဲ အင်ပါယာအား ဆုံးရှုံးနိုင်သည်။
မားကွစ္စ် ဒီကတ်စ်သည် ယခင်တစ်ခါ ဖြစ်ခဲ့ဖူးသော ကိစ္စကြောင့် သူ၏ဒေါသကို ထိန်း၍ အတတ်နိုင်ဆုံး ပြောရလေသည်။
"တောင်းဆိုချက်တွေကို အရမ်းလွန်လွန်းပါတယ် ဥက္ကဌရှု။ ကန်ဒရာေတာင်မပြောနဲ့ အခြားဘယ်တိုင်းပြည်ကမှ လက်ခံလိမ့်မယ် မထင်ပါဘူး"
"ပြောင်းပြန်ပါပဲ။ ခင်ဗျားမလာခင်လေးကတင် နိုင်ငံ၁၇ခုနဲ့ ဒီစာချုပ်အတိုင်း ချုပ်ခဲ့တာပါ။ ဝင်ဒ်ဆာနဲ့ တိုရီယာ ဒိုမီနီယွန်တိုင်းပြည်အပါအဝင်ပေါ့"ဟု ရှုယီသည် ပြုံး၍ပြောလေသည်။
ဤတိုင်းပြည်နှစ်ခုအား ကြားလိုက်ရချိန်တွင် ကန်ဒရာ၏ သံတမန်အဖွဲ့ဝင်အားလုံး ဒေါသငယ်ထိပ်သို့ ရောက်ကြရလေသည်။
ထိုတိုင်းပြည်နှစ်ခုမှာ မူလက ကန်ဒရာပိုင်နယ်မြေများ ဖြစ်ကြပြီး နောက်ပိုင်းတွင် လွတ်လပ်ရေးကြေငြာခါ ခွဲထွက်သွားပြီး မြို့စား ဝင်ဒ်ဆာမှာ ဝင်ဒ်ဆာတိုင်းပြည်၏ ပထမဆုံးဘုရင် ဖြစ်သွားခဲ့သည်။
တိုရီယာစီရင်စုသည်လည်း စတက်တိန်းမြို့စားလက်အောက်သို့ ဝင်ရောက်သွားခဲ့သော်လည်း ညီလာခံတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးအား သဘောတူခဲ့သဖြင့် စတက်တိန်းမှာ အမည်ခံရုံသာဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရလေသည်။
ညီလာခံရှိ လူများသည်လည်း Frestech ကုန်သည်ကြီးများအသင်း၏ လူများဖြစ်ကြသောကြောင့် ၄င်းတို့ထိန်းချုပ်ထားသည်ဟုပင် ဆိုနိုင်ပေသည်။
ထို့ကြောင့် အခြားနည်းဖြင့်ဆိုရလျှင် Frestech ကုန်သည်ကြီးများအသင်း၏ နယ်မြေဟုပင် သတ်မှတ်နိုင်သည်။
ဤနိုင်ငံနှစ်ခုအား ပြောလိုက်ခြင်းသည် သံတမန်များ၏ မျက်နှာအား ဖြတ်ရိုက်သကဲ့သို့ဖြစ်ပြီး နှိမ်သလိုဖြစ်သွားစေခဲ့သည်။
သို့သော်လည်း မားကွစ္စ် ဒီကတ်စ်သည် ဒေါသအားထိန်းချုပ်လျှက် တည်ငြိမ်စွာ "ဒီအချက်တွေကို ဘုရင်နဲ့ ဝန်ကြီးတွေက သဘောတူလိမ့်မယ် မထင်ပါဘူး။ ဒီထက်ပိုပြီး လက်တွေ့ကျပြီး လက်ခံဖို့အဆင်ပြေတာလေးကို တောင်းဆိုပေးလို့ရနိုင်မလား။"
"ဒါဆိုရင် သဘောမတူနိုင်ဘူးလို့ ပြောချင်တာလား"
"အဲ့လို့သဘောမဟုတ်ပါဘူး။ ကျွန်တော်တို့ ဖြည်းဖြည်းချင်း ဆွေးနွေးလို့ရပါတယ်။ အကယ်၍ ဒီအချက်တွေ ပါမှဖြစ်မယ်ဆိုရင်တော့ ဆုံးဖြတ်ခွင့်က ကျွန်တော့်မှာ မရှိတဲ့အတွက်ကြောင့် အထက်ကိုတင်ပြပြီး ဆွေးနွေးခွင့် ပေးနိုင်မလား။"
"ကောင်းပါပြီ ဒါပေမယ့် တစ်ခုတော့ သတိပေးရဦးမယ် တစ်ပတ်ကျော်သွားရင် ကျွန်တော့်အနေနဲ့ ဘာဖြစ်မလဲဆိုတာကို အာမ မခံနိုင်ဘူးဆိုတာပါပဲ"
မားကွစ္စ် ဒီကတ်စ်သည် စာချုပ်အား ကြည့်လိုက်ပြီး ခေတ္တတိတ်ဆိတ်သွားပြီးနောက် ဝန်ကြီးအားကြည့်လိုက်လေသည်။
"ဝန်ကြီး ဒီဒါမန်စ်အနေနဲ့လည်း ရူဒ်ဆန်တိုင်းပြည်ဘက်က တောင်းဆိုချက်တွေ ရှိမယ်ထင်ပါတယ်။"
ဝန်ကြီးသည် တစ်ချက်ပြုံးလိုက်ပြီး လက်ခုပ်တီးလိုက်ရာ ရူဒ်ဆန် အရာရှိတစ်ယောက် ရောက်လာပြီး စာချုပ်အား ကမ်းပေးလေသည်။
မားကွစ္စ် ဒီကတ်စ်သည် စာချုပ်အား တစ်ချက်မှပင် မကြည့်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် ဤဆွေးနွေးပွဲတွင် Frestech ကုန်သည်ကြီးများအသင်းသာ အဓိကထားပြီး ၄င်း၏ စာချုပ်ကိုပင် သဘောတူနိုင်ခြင်းမရှိသည့်အတွက် ရူဒ်ဆန်၏ စာချုပ်အား ဆွေးနွေးလျှင်လည်း အသုံးဝင်မည် မဟုတ်ပေ။
သို့သော်လည်း ဤစာချုပ်များအား ဘုရင်နှင့် ဝန်ကြီးချုပ်များထံ တင်ပြရမည်သာဖြစ်သည်။
မားကွစ္စ် ဒီကတ်စ်အနေဖြင့် ဘုရင်နှင့် ဝန်ကြီးချုပ်များ သဘောတူကြမည်မဟုတ်သည်ကို သိသော်လည်း တစ်ပတ်အချိန်ဆွဲနိုင်လျှင်ပင် မဆိုးလှပေ။
ဘုရင်အနေဖြင့် တန်ပြန်တိုက်စစ်ဆင်ရန် အချိန်လိုအပ်သည်ဖြစ်ပြီး တစ်ရက်သည်ပင်လျှင် ခုခံအားကို ပိုမိုကောင်းမွန်စေသည်။
သူတို့သာ အချိန်လုံလောက်စွာ ဆွဲထားပေးနိုင်လျှင် ပြန်တိုက်ခိုက်ရန် အခွင့်အရေးရနိုင်ပေသည်။
သံတမန်အဖွဲ့သည် စန်အန်တိုနစ်မြို့တွင် နှစ်ရက်မျှနေလိုက်ပြီး ပြန်ရောက်သည်နှင့် မားကွစ္စ် ဒီကတ်စ် အရင်ဆုံးလုပ်သည်မှာ ငြိမ်းချမ်းရေးစာချုပ်များအား ဘုရင်နှင့် ဝန်ကြီးချုပ်များအား ပြရန်ဖြစ်သည်။ ထိုအချိန်အတွင်း ရူဒ်ဆန်နှင့် Frestech ကုန်သည်ကြီးများအသင်းတို့အနေဖြင့် စစ်ပွဲအားရပ်တန့်ထားပြီး ကန်ဒရာဘက်မှ အဖြေကို စိတ်ရှည်စွာ စောင့်ပေးရန်သာ မျှော်လင့်ထားရသည်။
"မားကွစ္စ် ဒီကတ်စ်က ဘယ်လိုညှိနှိုင်းရမလဲဆိုတာတော့ သိသေးသားပဲ။ သူ့ကြောင့် ကန်ဒရာကို ၃ရက်အချိန်ထပ်ပေးလိုက်တယ်မလား။ ၁ပတ်အတွင်းမှာ မတူတဲ့စာချုပ်တွေယူလာပြီး သူတတ်နိုင်သလောက် အချိန်ဆွဲမယ်လို့ ထင်တယ်မလား"ဟု ဝန်ကြီး ဒီဒါမန်စ်သည် ရှုယီအား ပြောလေသည်။
"ဒါမဆန်းပါဘူး ကန်ဒရာက ယုံကြည်မှုလွန်ကဲနေတာပဲလေ။ အဲ့တော့အချိန် ရနိုင်သလောက်ဆွဲပြီး ပြန်တိုက်နိုင်မယ်ထင်နေတာ။ ဒါပေမယ့် သူမသိလိုက်တာက သူတို့ဘက်က ကြာလေ အားနည်းလာလေ ဖြစ်လာပြီး ကျွန်တော်တို့ဘက်က အင်အားကြီးလာတာကိုပဲ"ဟု ရှုယီက ပြန်ဖြေလေသည်။
ဝန်ကြီး ဒီဒါမန်စ်သည် ရယ်၍ "ဒီငတုံးတွေက အခုထိ စက်မှုလုပ်ငန်းပြောင်းလဲတာကို လက်သင့်မခံနိုင်သေးဘူးပဲ။ အခုလို ရှေးရိုးဆန်ပြီး ခေတ်နောက်ပြန်ဆွဲနေတဲ့ အင်ပါယာတစ်ခုက တစ်ကယ်ပဲ ကျွန်တော်တို့ကို နိုင်မယ်ထင်နေတာလား။ တစ်ကယ်တုံးကြတာပဲ။ သူတို့မထင်ထားတာက ဒီစစ်ပွဲအတွက် ကျွန်တော်တို့ဘက်က အတော်သုံးလိုက်ရတယ်ဆိုပေမယ့် ဒီထက်မက ပြန်ရှာလိုက်နိုင်တာကိုပဲ"ဟု ပြောလေသည်။
ရှုယီသည် ပြုံးလေသည်။ ကန်ဒရာ၏ ရှေးရိုးစွဲ မျိုးရိုးမြင့်များသာမက Frestech ကုန်သည်ကြီးများအသင်း၏ အထက်အရာရှိများသည်ပင်လျှင် ငွေကြေးကိစ္စအတွက် စိုးရိမ်ခဲ့ကြေလသည်။
သို့ရာတွင် ဤစိုးရိမ်မှုမှာ မဖြစ်ခဲ့ပေ။
စစ်ပွဲအစတွင် Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် အရင်းအမြစ်များနှင့် ကြောက်မက်ဖွယ် ငွေကြေးပမာဏတို့ကို ရင်းနှီးခဲ့ကြသည်။
နောက်ပိုင်း Frestech ကုန်သည်ကြီးများအသင်း၊ ရူဒ်ဆန်နှင့် လမ်ပူရီတို့ အင်ပါယာနှစ်ခုအား စစ်နိုင်လာသည်နှင့်အမျှ အခြေအနေမှာ ပိုကောင်းလာခဲ့သည်။
အင်ပါယာ၏ မဟာမိတ်များသည် ကျွမ်းကျင်ဘုန်းတော်ကြီးများနှင့်ပင် Frestech ကုန်သည်ကြီးများအသင်းအား မနိုင်မှန်းသိလာသဖြင့် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းရန် တိတ်တဆိတ်ပြောထားကြလေသည်။
ကြားနေအဖြစ် နေကြသော နိုင်ငံများလည်းရှိသော်လည်း တိုက်၏ တစ်ဝက်နီးပါးမှာ ၄င်းတို့ဘက်တွင် ပူးပေါင်းရန် ရည်ရွယ်လာကြသည်။
စန်အန်တိုနစ်အား သိမ်းပိုက်လိုက်ပြီးနောက်တွင် ၂၄နိုင်ငံ၏ ကိုယ်စားလှယ်များ ရောက်လာကြပြီး ပူးပေါင်းရန် ပြောပြလာကြသည်။
ဤသို့ဖြင့် တိုက်ပွဲအစတွင် ထားရှိခဲ့သော တိုက်အတွင်းရှိ တိုင်းပြည်များ၏ သဘောထားများ ပြောင်းလဲသွားပြီး ၃ပုံ၂ပုံသည် Frestech ကုန်သည်ကြီးများအသင်းဘက်သို့ ထောက်ခံလာကြသည်။
ထို့ကြောင့် ၄င်းတို့၏ ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာပြီး စစ်ပွဲကုန်ကျစရိတ်များကို ကာမိလာလေသည်။
စစ်ပွဲပြင်ပတွင် ၄င်းတို့သည် မှော်စက်များအား အသုံးချ၍ ရွှေဒင်္ဂါးများစွာ ရရှိနေလေသည်။
ထို့အပြင် စစ်ပွဲတွင်း အနိုင်ရရှိမှုများကြောင့် ၄င်းတို့သည် ကန်ဒရာမှ များပြားသော အဖိုးတန်အရင်းအမြစ်များအား ရရှိလိုက်သဖြင့် တန်ဖိုးအားဖြင့် မရတွေက်နိုင်အောင် ရှိလေသည်။
တွက်ချက်လိုက်လျှင် စစ်ပွဲတွင် အကျိုးအမြတ် အရလိုက်ဆုံးမှာ Frestech ကုန်သည်ကြီးများအသင်း သို့မဟုတ် ရူဒ်ဆန်တိုင်းပြည်လားဟုပင် ဝေခွဲမရဖြစ်ရလေသည်။
အင်ပါယာနှစ်ခုဘက်တွင် Frestech ကုန်သည်ကြီးများအသင်းနှင်ွ မသင့်မြတ်သော Mana Magicနှင့် ဒရိုမျိုးနွယ်စုတိုင်းပြည်တို့သာရှိပြီး ၄င်းတို့သည် အင်အားကြီးလှသော တိုင်းပြည်များ မဟုတ်ကြေပ။
ဤအခြေအနတွေင် ရှုယီသည် ကန်ဒရာအား အချိန်အနည်းငယ်ပေး၍ စိတ်ရှည်စွာ စောင့်ဆိုင်းနေလေသည်။
အကယ်၍ ကန်ဒရာဘက်မှ လိမ္မာပါးနပ်လျှင် သူ့အနေဖြင့် အနည်းငယ် အားထုတ်ရသက်သာမည်ဖြစ်သည်။
***
မှော်စက်မှုအင်ပါယာ
Volume 7 အပိုင်း ၁၃၆ ။ ဖမ်းထားလည်း အကျိုးမရှိဘူး
ရူဒ်ဆန် Frestechတပ်များ စန်အန်တိုနစ်မြို့အား သိမ်းပိုက်လိုက်ပြီးချိန်တွင် နောက်တစ်ဆင့်အနေဖြင့် ဝင်ဘဲလ်ဒန်မြို့အား ချီတက်လိမ့်မည်ဟု အားလုံးက ထင်ကြေးပေးထားကြသည်။
သို့သော် ဆက်လက်သိမ်းပိုက်ခြင်းမပြုဘဲ ကန်ဒရာနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရွေးချယ်ခဲ့သည်။
လွန်ခဲ့သည့်၂နှစ်ကတည်းက အင်ပါယာနှစ်ခုနှင့် ၄င်းတို့ကြား မသင့်မြတ်မှုကြောင့် တိုက်တစ်ခုလုံးအား ခက်ခဲစေခဲ့ပြီး ယခုလို ဆွေးနွေးရန် ရွေးချယ်လိုက်သဖြင့် တိုက်အား ရှားပါးသောငြိမ်းချမ်းရေးကို ရစေခဲ့သည်။
တိုက်တစ်ခုလုံးသည် ဤဆွေးနွေးပွဲအား အာရုံစိုက်လျှက်ရှိသည်။
ရလဒ်မှာမည်သို့ပင်ဖြစ်စေကာမှု တိုက်နယ်မြေတစ်ခုလုံးအား သက်ရောက်စေနိုင်ပေသည်။
ဆွေးနွေးသည့်ကိစ္စအောင်မြင်ခဲ့လျှင် ကန်ဒရာအနေဖြင့် Frestech ကုန်သည်ကြီးများအသင်းနှင့် ရူဒ်ဆန်ကို ရပ်ရန် တန်ကြေးကြီးမားစွာ ပေးရမည်ဖြစ်သည်။
တန်ကြေးအားဖြင့် မည်မျှကြီးမားမည်နှင့် ထိုကိစ္စေကြာင့် အခြားတိုင်ပြည်များ ကန်ဒရာနှင့် Frestech ကုန်သည်ကြီးများအသင်းတို့ကို အနာဂတ်တွင် မည်ကဲ့သို့ ဆက်ဆံမည်ကို သက်ရောက်စေနိုင်ပေသည်။
မအောင်မြင်ခဲ့လျှင် ရူဒ်ဆန် Frestechတပ်များသည်
ဝင်ဘဲလ်ဒန်မြို့သို့ ဆက်လက်ချီတက် တိုက်ခိုက်ပြီး ကန်ဒရာအင်ပါယာအား ပျက်စီးစေလိမ့်မည်ဖြစ်သည်။
၄င်းတို့အနေဖြင့် ကန်ဒရာအား အကြိမ်ကြိမ်အနိုင်ရခဲ့သော်လည်း ဝင်ဘဲလ်ဒန်မှာ မြို့တော်ဖြစ်သည့်အတွက် ကန်ဒရာဘက်မှ အစွမ်းကုန် ကာကွယ်မည်သာ ဖြစ်သည်။
ဤကြီးမားသောရှေးအင်ပါယာအနေဖြင့် ချောင်ပိတ်ခံချိန်တွင် မည်မျှေကြာက်မက်ဖွယ်ကောင်းမှန်း သိကြလေသည်။
၄င်းတို့အနေဖြင့် အစွမ်းထက် လက်နက်များ ရှိသော်လည်း ဝင်ဘဲလ်ဒန်မြို့ကို သိမ်းပိုက်ရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ချေ။
ထို့ကြောင့် အခြားနိုင်ငံများအနေဖြင့် နောက်ဆုံးဆုံးဖြတ်ချက်ချရန် အချိန်ယူနေခြင်းဖြစ်သည်။
စစ်မီးတောက်များသည် တိုက်တစ်ခုလုံးအား တောက်လောင်စေခဲ့သော်လည်း ရူဒ်ဆန် Frestechဘက်မှ ငြိမ်းချမ်းရေး ဆွေးနွေးရန် ရပ်လိုက်သဖြင့် ခေတ္တအေးချမ်းနေခြင်းဖြစ်ရာ အားလုံးသည်လည်း ဆွေးနွေးပွဲရလဒ်အား စိတ်ရှည်စွာ စောင့်မျှော်နေကြသည်။
မည်သို့ပင်ဆိုစေကာမူ မျှော်လင့်ထားသည့်အတိုင်းပင် အင်အားအကြီးဆုံး အင်ပါယာနှစ်ခုနှင့် ၄င်းတို့ကြား ဆွေးနွေးမှုသည် လွယ်လွယ်နှင့် မပြီးဆုံးနိုင်ချေ။
ရူဒ်ဆန် Frestechအနေဖြင့် တောင်းဆိုချက်များကို ပေးပြီး အချိန်၇ရက်ပေးပြီးသည့်နောက် မားကွစ္စ် ဒီကတ်စ်သည် နောက်ဆုံးရက်၏ နေ့လည်တွင် စန်အန်တိုနစ်သို့ ကန်ဒရာဘက်မှ ဆုံးဖြတ်ချက်အား ပြန်လည်ယူဆောင်လာပြီး ၅ရက်ကြာ ရူဒ်ဆန် Frestechကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့သည်။
ဤအချိန်တွင် သူ့အနေဖြင့် ရှုယီနှင့်ပင် မတွေ့ရချေ၊
ရူဒ်ဆန် Frestechဘက်မှလည်း ကန်ဒရာ၏ စာချုပ်အား ငြင်းဆိုလိုက်ပြီး ၅ရက်အကြာ ဆွေးနွေးပြီးသည့်နောက် စာချုပ်အသစ်အား ယူဆောင်ကာ မားကွစ္စ် ဒီကတ်စ်သည် ကန်ဒရာသို့ ပြန်သွားခဲ့သည်။
ဤတစ်ကြိမ်တွင်တော့ ရူဒ်ဆန် Frestechဘက်မှ ဆွေးနွေးရန် အချိန်လဝက်ပေးခဲ့သည်။
ဤသို့ဖြင့် တတိယအကြိမ် ဆွေးနွေးမှု စခဲ့ကြသည်။
လူအများထူးဆန်းနေကြသည်မှာ ရူဒ်ဆန် Frestechအနေဖြင့် ဆက်လက်မတိုက်ခိုက်ဘဲ စန်အန်တိုနစ်တွင်သာ ရှိနေခြင်းဖြစ်သည်။ ၄င်းတို့အနေဖြင့် ဝင်ဘဲလ်ဒန်မြို့သို့ ချီတက်ပြလိုက်ပြီး သဘောတူညီမှု မြန်မြန်ရစေရန် လုပ်ဆောင်နိုင်သော်လည်း ထိုကဲ့သိုမလုပ်ဘဲ ငြိမ်နေသဖြင့် ထူးဆန်းနေကြသည်။
ဆွေးနွေးမှုတွင် အဓိကကျသူမှာ ရှုယီသာဖြစ်လျှက် သူသည် ထိုအချိန်အတွင်း စန်အန်တိုနစ်၌ မရှိသည်ကို လူများသတိထားမိလာသည်။
ထိုအချိန်အတွင်း ရှုယီ မည်သို့ ရောက်နေသနည်း။
စက်တင်ဘာလ ၁၁ရက်နေ့၊ တိုက်၏မြောက်ဘက်ပိုင်းတွင် ဆောင်းဝင်ပြီဖြစ်သော်လည်း တောင်ဘက်ကမ်းရိုးတမ်းတွင် တည်ရှိသော တိုရီယာနိုင်ငံတွင် ပူပြင်းဆဲဖြစ်သည်။
သို့သော် ပင်လယ်ဘေးတွင် ရှိသဖြင့် နေထိုင်ရသည်မှာ မသက်မသာမဖြစ်ချေ။
ကမ်းခြတွေင် ခုံချလျှက် နေပူစာလှုံရင်း ပင်လယ်လေများ တိုက်ခတ်သည်ကို ခံရသည်မှာ ဇိမ်ကျ၍ပင် နေလေသည်။
ဤသည်မှာ ရှုယီနှင့် စတေးလ်လုပ်နေသော အရာပင်ဖြစ်လေသည်။
"ဟေ့...ရှုယီ ရှင်ဘာတွေ တွေးနေတာလဲ" စတေးလ်သည် မျက်လုံးဖွင့်လိုက်ရင်း ရှုယီအား မျက်နှာချင်းဆိုင်လျှက် "သူတို့ကို ဘာလို့အချိန်ဒီလောက်ပေးနေတာလဲ။ ရှင်မီးနဲ့ ကစားနေတာပဲ"ဟု ပြောလေသည်။
"စတေးလ် ကိုယ်မင်းကို ကီလိုမီတာ၂သောင်းလောက်ဝေးတဲ့ မှော်တိမ်တိုက်နယ်မြေကနေ ခေါ်လာတာက အနားယူဖို့နော် အလုပ်အကြောင်းတွေ မပြောပါနဲ့လား။"ဟု ရယ်၍ပြောလေသည်။
"ကျွန်မဘယ်လောက် မျိုသိပ်ထားနိုင်လဲ ရှင်သိပါတယ်"ဟု စတေးလ်သည် စိတ်ဆိုးစွာပြောလျှက် ရှုယီအား ကြည့်လိုက်ရင်း "ဒီကိစ္စက Frestech ကုန်သည်ကြီးများအသင်းနဲ့ Canadaကိုတင်မဟုတ်ဘူး စိုင်စ်တိုက်တစ်ခုလုံးအပေါ် သက်ရောက်နိုင်တာကို ဘယ်လိုများ သာမာန်အလုပ်လို့ ပြောလိုက်တာလဲ"ဟု ပြောလေသည်။
"ကိုယ့်အတွက်တော့ သာမာန်အလုပ်ပါပဲ"
ရှုယီက စတေးလ်သည် ကိစ္စတစ်ခုအား စလိုက်ပြီးသည့်အခါ စိတ်မကျေမနပ်မခြင်း မရပ်သည့် အကျင့်ရှိသည်ကို သိသဖြင့် အကြောဆန့်လိုက်ရင်း စကားမပြောမီ သက်သောင့်သက်သာဖြစ်စေရန် ပြင်ထိုင်လိုက်လေသည်။
"စတေးလ် ဒီအချိန်မှာ ဒီမေးခွန်းကို သိချင်နေတာက မင်းတစ်ယောက်တည်းမဟုတ်ဘူး လူပေါင်းများစွာက ဘာလို့ ကိုယ်တို့ ဝင်ဘဲလ်ဒန်မြို့ကို မချီတက်ဘဲ ဆွေးနွေးဖို့ရွေးလိုက်လဲဆိုတာ သိချင်နေကြတာ။"
"ဒါပေါ့ ရှင့်အနေနဲ့ ဝင်ဘဲလ်ဒန်မြို့
ဆက်တိုက်မယ်လို့ပဲ ထင်ခဲ့တာ ဘာလို့ မတိုက်တာလဲ။"ဟု စတေးလ်က မေးလေသည်။
"ဒါဆိုရင် တိုက်ပြီးရင် ဘာဖြစ်မလဲရော တွေးမိလား"ဟု ပြုံးလျက် ရှုယီက ပြန်မေးလေသည်။
"တိုက်ပြီးရင်လား။ ဒါက...ဒါကတော့..." စတေးလ်သည် ပြောမည်လုပ်သော်လည်း မည့်သည့်စကားမှ ထွက်မလာချေ။
ရှုယီသည် ပြုံးလိုက်ပြီး "မင်းနားလည်သွားပြီထင်တယ်။ တိုက်ရင်တော့ နိုင်တာပေါ့ ဒါပေမယ့် တိုက်ပြီးရင်ရော နိုင်သွားလို့လည်း အကျိုးမရှိဘူးလေ။ ဝန်ထုပ်ဝန်ပိုး ပိုလာရုံပဲရှိမယ်။ သဘောပေါက်တယ်မလား။"ဟု ပြောလေသည်။
"ရေးရေးတော့ နားလည်ပေမယ့် အကုန်တော့ နားမလည်သေးဘူး"ဟု စတေးလ်က ခေါင်းခါလျက် ပြောလေသည်။
"ကောင်းပြီ ရှင်းပြမယ် အပေါ်ယံမှာတော့ ဝင်ဘဲလ်ဒန်မြို့က ကန်ဒရာရ မြို့တော်ဖြစ်တဲ့အတွက် သိမ်းလိုက်နိုင်ရင် ကန်ဒရာကို ဖြိုလဲနိုင်မယ်လို့ လူတွေက ထင်ကြတယ်။ အဲ့လိုတစ်ကယ်ပဲ ဟုတ်ပါ့မလား။"
"မဖြစ်နိုင်ဘူးလေ ကန်ဒရာက နှစ်တစ်ထောင်နီးပါး တည်ရှိလာတာပဲ။ ဝင်ဘဲလ်ဒန်မြို့ကို သိမ်းနိုင်ရုံနဲ့တော့ အင်အားက ကျသွားမှာမဟုတ်ဘူး။ ဘုရင်က ထွက်ပြေးသွားနိုင်သေးတယ်။ သူ့ရဲ့အင်အားကို လုံးဝဖျက်ဆီးပစ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ"ဟု စတေးလ်က ဖြေလေသည်။
"မှန်တယ်။ အဲ့ဒါက အဓိကပဲ ကန်ဒရာကို အဆင့်တူ မားလိုအင်ပါယာကတောင် အချိန်တိုအတွင်း မဖျက်ဆီးနိုင်ခဲ့ဘူး။ ကိုယ်တို့က ကုမ္ပဏီတစ်ခုပဲလေ ပြီးတော့ ရူဒ်ဆန်ကလည်း တိုင်းပြည်တစ်ခုပဲ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ အရိုးသားဆုံးပြောရရင် ကန်ဒရာကို ဖျက်ဆီးပစ်မယ်ဆိုရင် ကိုယ်တို့အတွက် ဘာအကျိုးအမြတ်မှလည်း မရနိုင်ဘူး။ ကိုယ့်အတွက် အကောင်းဆုံး အကျိုးအမြတ်က ဘာလို့ထင်လဲ။"
စတေးလ်သည် ပြုံး၍ ရှုယီ၏ မျက်နှာအား လက်ဖြင့်ညစ်လိုက်လေသည်။
"ရှင်က စက်မှုလုပ်ငန်းကို တိုးချဲ့ပြီး လူနေမှုအဆင့်အတန်းမြင့်မားအောင် လုပ်ချင်တာမလား။ ကျွန်မ မသိဘဲဘယ်နေပါ့မလဲ။ အကယ်၍ ကန်ဒရာကို ဖျက်ဆီးလိုက်မယ်ဆိုရင် တိုင်းပြည်တွေ ပေါ်လာပြီး ထိန်းချုပ်ဖို့ ခက်ခဲသွားလိမ့်မယ် အဲ့လိုဆိုရင် ရှင့်ရည်မှန်းချက်အတွက် ဝေးသွားလိမ့်မယ် ဟုတ်တယ်မလား"
ရှုယီသည် ပြုံးလိုက်ပြီး စတေးလ်အား နမ်းလိုက်လေသည်။
"မင်းက ကိုယ့်ရဲ့ လှပထက်မြက်တဲ့ ဇနီးလေးပဲ။ ဟုတ်တယ် ကိုယ်အဲ့ဒါကို စိတ်ပူနေတာ အခုအချိန်မှာ ကန်ဒရာရဲ့ တောင်ဘက်က ရှုပ်နေတယ် ဝင်ဒ်ဆာsမြို့စားရော...မှားလို့ အခုတော့ ဘုရင် ဝင်ဒ်ဆာsေပါ့။ သူတို့ကအခုအချိန်မှာ ကိုယ်တို့နဲ့ ပူးပေါင်းချင်နေတယ်။ ဒါပေမယ့် ကိုယ်တို့ခွင့်ပြုလိုက်ရင် ကန်ဒရာနဲ့ ပူးပေါင်းဖို့ ပိုခက်ခဲသွားလိမ့်မယ်။"
"အဲ့လိုလား။ ကျွန်မက အဲ့အခွင့်အရေးကို အသုံးချပြီး ကုမ္ပဏီရဲ့ မှော်ပုံရိပ်ယောင်ပရိုဂျက်တာကို အဆင့်မြင့်ချင်ခဲ့တာ။ မဟုတ်ရင် နေရာတွေက ဝေးလွန်းတော့ ညှိရတာ ဒုက္ခများတယ်"ဟု စတေးလ်က ညည်းတွားရင်းပြောလေသည်။
"အဲ့ကြောင့် ကိုယ်ပြောပါတယ် ဒီကိစ္စအတွက် မတွေးဘဲ မှော်တိမ်တိုက်နယ်မြေကိုပဲ အာရုံစိုက်ပါလို့"ပြောရင်း စတေးလ်၏ ပခုံးကိုဖက်ကာ နှစ်သိမ့်လေသည်။
"ပြောမှ မှော်တိမ်တိုက်နယ်မြေရဲ့အခြေအနေကို မပြောပြရသေးဘူးနော်"
ဤမေးခွန်းအားကြားလိုက်ရချိန်တွင် စတေးလ်၏မျက်လုံးများသည် တောက်ပသွားလေသည်။
"အဲ့ဘက်အခြေအနေကတော့ အရမ်းကောင်းပဲ။"
***
Volume 7 အပိုင်း ၁၃၇ ။ မှော်တိမ်တိုက်နယ်မြေ၏ အားသာချက် အားနည်းချက်များ
"ရှုယီ ရှင်သိလား မီးကျောက်ကျွန်းကို ရောက်တော့လေ နဂါး၁၀လောက်က ရှေ့မှာတန်းစီနေတာ ကျွန်မဖြင့် လန့်သွားတာပဲ။ နာရီဝက်လောက်ကြာတော့ သူတို့နဲ့ရင်းနှီးသွားပြီး မကြောက်တော့ဘူး။ သူတို့က တစ်ကယ့်အံ့ဖွယ်ပဲ။"
"နဂါးတွေတင်ပဲမဟုတ်ဘူး နတ်သူငယ်တွေနဲ့ လူပုလေးတွေကလည်း စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲက အတိုင်းပဲ အဲ့မှာရှိတဲ့ဟာတွေက စိုင်စ်နယ်မြေက လုမီနဲ့ နတ်သူငယ်တွေနဲ့ မတူဘူး ဆန်းတယ်။"
"မှင်စာတွေလား။ သူတို့နဲ့လည်း တွေ့ခဲ့တယ်။ သူတို့က အရေအတွက်များတာတစ်ခုပဲ အားသာတာပါ သုံးတဲ့လက်နက်တွေက ကျောက်တုံးကို သွေးထားတဲ့ဟာတွေပဲ။ အဲ့ကြောင့် ကုမ္ပဏီအစောင့်တွေအနေနဲ့ သူတို့နဲ့ရင်ဆိုင်ရတာ မခက်ပါဘူး။ အစောင့်တွေမပြောနဲ့ လူပုလေးတွေ နတ်သူငယ်တွေနဲ့တောင် မယှဉ်နိုင်ဘူးရယ်"
"မနှစ်နှစ်ကုန်လောက်က လူတွေနဲ့ ဆက်သွယ်နိုင်ခဲ့တယ် နဂါးနက်တွေနဲ့ကတော့ နှစ်စကတည်း တွေ့ခဲ့တာ။ မှော်လေယာဉ်ကနေလည်း လူတွတွေေ့သေးတယ်။ ဒါတွေက ရှင့်ကိုတင်ပြရမှာတွေပဲ။ အခြားနယ်မြေနဲ့ စိုင်စ်နယ်မြေအတွင်းမှာ ဖြစ်နေတဲ့အကြောင်းအရာတွေက သိပ်စိတ်ဝင်စားစရာကောင်းတယ် အထူးသဖြင့် ကျွန်မယူလာတဲ့ မှော်ပုံရိပ်ယောင်ပရိုဂျက်တာ ပေါ့။ ကျွန်မထင်တာကတော့ အချိန်မှန်မှာ ဒီပစ္စည်းတွေကို ပြမယ်ဆိုရင် ပြဿနာမရှိလောက်ဘူး"
"အမှန်တိုင်းပြောရရင် မှော်တိမ်တိုက်နယ်မြေက စိုင်စ်ေလာက် မတိုးတက်ဘူးလို့ထင်တယ်။ သူတို့မှာ အရင်းအမြစ်တွေလည်း မရှိတာကြောင့်လို့ထင်......"
စတေးလ်မနားတမ်းစကားပြောနေသည်ကို ကြည့်လျှက် ရှုယီ သည် ပြုံးနေလေသည်။
စတေးလ်အနေဖြင့် အချက်အလက် ပြည့်စုံစွာ မရသော်လည်း သူမ၏ထင်မြင်ချက်များမှာ မှန်ကန်လှသည်။
မှော်တိမ်တိုက်နယ်မြေသည် စိုင်စ်ထက် ခေတ်နောက်ကျနေသည်။ ထို့ကြောင့်ပင် ထိုနယ်မြေသည် စာရွက်ဖြူတစ်ခုကဲ့သို့ နည်းပညာနှင့် အတွေးအခေါ်အသစ်များ ဖြန့်ဖြူးရန်မှာ စိုင်စ်ထက် ပိုလွယ်ပေသည်။
ထိုနယ်မြေအား မှင်စာများထိန်းချုပ်ထားပြီး သူတို့မှာလည်း ခေတ်နောက်ပြန်ဆွဲသူများဖြစ်သဖြင့် တိုင်းပြည်တစ်ခုပင် မထူထောင်နိုင်ချေ။
သူတို့အနေဖြင့် လူဦးရေများပြားခြင်းဖြင့်သာ အာဏာကို ကြီးစိုးလျှက်ရှိသဖြင့် သူတို့၏ထိန်းချုပ်နိုင်စွမ်းမှာ အားနည်းလှပေသည်။ ထို့ကြောင့် အခြားမျိုးစိတ်များအနေဖြင့် အသက်ရှင်ရန် နေရာများ အလွယ်တကူရှာနိုင်ပေသည်။
ထိုအချက်ကြောင့်ပင် Frestech ကုန်သည်ကြီးများအသင်းသည်လည်း ထိုနယ်မြတွေင် နည်းပညာများအသစ်များဖြင့် အခြေချနိုင်ခြင်းဖြစ်သည်။
အစတွင် မှင်စာများအနေဖြင့် တိုက်ခိုက်ခဲ့သော်လည်း Frestech ကုန်သည်ကြီးများအသင်းတို့၏ မီးလက်နက်များကြောင့် နောက်ပြန်ဆုတ်သွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် မှင်စာများသည် ထပ်ကာထပ်ကာတိုက်ခိုက်ကြပြီး နောက်ပြန်ဆုတ်ကြသဖြင့် အခြေအနေမှာ ထင်ထားသလောက် မတိုးတက်ပေ။ သို့သော်နောက်ပိုင်းတွင် ပြန်ဆုတ်သွားကြသဖြင့် Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် လွတ်လပ်စွာ ဖန်တီးနိုင်လေသည်။
အကယ်၍ ထိုကိစ္စအား စိုင်စ်တွင်လုပ်မည်ဆိုလျှင် အနားရှိတိုင်းပြည်များ လာတိုက်ကြမည်ဖြစ်ပြီး ခြေကုပ်ယူရန်မလွယ်ပေ။
ထို့ကြောင့် ဤနယ်မြတွေင် ခြေကုပ်ယူထားလိုက်ခြင်းဖြင့် ပထမဆုံး အရင်းအမြင်များအား ပိုင်ဆိုင်သူဖြစ်လာပေလိမ့်မည်။
ဤကိစ္စမှာ အစက စိုင်စ်တွင် စီစဉ်ခဲ့သော်လည်း ဤနယ်မြတွေင် အခြားလူတိုင်းပြည်များရှိနေပြီးသား ဖြစ်သဖြင့် ၄င်းတို့အနေနှင့် လိုချင်လျှင် တန်ဖိုးကြီးပေးရမည်ဖြစ်မည်။
တစ်ကယ်တန်းဆိုလျှင် အင်ပါယာနှစ်ခုနှင့် Frestech ကုန်သည်ကြီးများအသင်းတို့ စစ်ဖြစ်ရခြင်းအကြောင်းမှာ အင်ပါယာအနေဖြင့် မှော်စက်မှုလုပ်ငန်းများနှင့် အရင်းအမြစ်များအား သိမ်းပိုက်ချင်သောကြောင့်ဖြစ်သည်။
နောက်ပိုင်းတွင် ရရှိလာမည့်အကျိုးအမြတ်သည် ယခု မှော်တိမ်တိုက်နယ်မြေတွင် ရင်းနှီထားသောပမာဏထက် အဆများစွာ သာပေလိမ့်မည်။
ထိုသို့ရရှိရန်မှာလည်း Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် အုတ်မြစ်ခိုင်စွာ ချထားနိုင်ရန် လိုပေလိမ့်မည်။
မှော်တိမ်တိုက်နယ်မြေ၏ တစ်ခုတည်းသော အားနည်းချက်မှာ လူဦးရေနည်းခြင်းဖြစ်ပေသည်။
မှင်စာများစွာရှိသော်လည်း ၄င်းတို့၏ လူမှုအဆင့်အတန်းမှာ အခြေခံမျှသာဖြစ်သောကြောင့် ၄င်းတို့အား ဖောက်သည်အဖြစ် ပြောင်းလဲနိုင်ခြင်းမရှိသည့်အတွက် စျေးကွက်အမြတ်မှာ သုညပဲရှိလေသည်။
အခြားဥာဏ်ရည်မြင့်သော သတ္တဝါများရှိသော်လည်း စိုင်စ်နှင့် နှိုင်းစာလျှင် နည်းပေသေးသည်။
ဤအရာမှာ တိုးတက်မှုဖြစ်စေရန် နှောင့်နှေးစေသော အချက်ဖြစ်ပေသည်။
Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် အခြားဒေသများကို ရှာတွေ့ခဲ့သော်လည်း ဥာဏ်ရည်မြင့်မားသော မျိုးစိတ်ပမာဏမှာ မရှိသလောက်ရှားနေသဖြင့် အသုံးမဝင်ချေ။
ထို့ကြောင့် စိုင်စ်နယ်မြေသည် ၄င်းတ်ို၏ အဓိကစျေးကွက်ဖြစ်လျှက် မှော်တိမ်တိုက်နယ်မြေတွင် ဖွံ့ဖြိုးတိုးတက်ရန်သာ လုပ်ဆောင်ရတော့သည်။
အဆုံးတွင် အင်ပါယာနှစ်ခုနှင့် စစ်ပွဲသည် အဆုံးအဖြတ် ပေးပေလိမ့်မည်။
စတေးလ်သည် သူမတွေ့ရှိခဲ့သမျှအား ပြောပြီးနောက်တွင် ထိုကိစ္စအားပြန်မေးလေသည်။
"ရှင်က ကျွန်မကို မှော်တိမ်တိုက်နယ်မြေကိုပဲ ဂရုစိုက်ဖို့ပြောနေတာ ကျွန်မလုပ်နေတဲ့ Magic Illusion Projectorကို လုပ်ဖို့က စိုင်စ်ကို အားကိုးနေရတာလေ။ အဲ့တော့ ဂရုမစိုက်ဘဲ ဘယ်နေနိုင်ပါ့မလဲ။"
"စစ်ပွဲက ဘယ်အချိန်ပြီးမှာလဲ ရှုယီ"
ရှုယီသည် ပခုံးတွန့်လိုက်ပြီး "ကိုယ်မသိဘူးလေ ကန်ဒရာအပေါ်မူတည်တာပဲ သူတို့က အဆုံးထိတိုက်မယ်ဆိုရင်တော့ ဒီစစ်ပွဲကကြာမှာပဲ။"ဟု ဖြေလေသည်။
"သူတို့တွေ အဲ့လောက်မတုံးပါဘူး။ ပြီးတော့ မျိုးရိုးမြင့်တွေကလည်း သူတို့ကိုယ်သူတို့ အသေခံရလောက်အောင်တော့ မတုံးပါဘူး။"ဟု မကျေမနပ်လေသံဖြင့် စတေးလ်ကပြောလေသည်။
ရှုယီသည် မပြုံးဘဲ မနေနိုင်တော့ချေ။
ဤသည်မှာ ကမ္ဘာကြီးအား နောက်ပြန်ဆွဲစေသော အချက်ဖြစ်လေသည်။
စိုင်စ်နယ်မြတွေင် အချို့တစ်ဝက်သည် ကျွန်ကင်းနယ်မြေဖြစ်သော်လည်း အချို့သည် ကျွန်နယ်မြေဖြစ်နေသေးပေသည်။ ထို့ကြောင့် နိုင်ငံအများစုသည် မျိုးရိုးမြင့်များ၊ ကျွန်ပိုင်ရှင်များ၊ အရင်းရှင်လူတန်းစားများ ကြီးစိုးလျှက် ရှိနေသေးသည်။
သာမာန်အခြေအနတွေင် နိုင်ငံအနေဖြင့် ဤလူများအား ထိန်းချုပ်ခြင်း၊ တာဝန်ခံခြင်းများ ပြုလုပ်နိုင်သော်လည်း ယခုလို အချိန်တွင် သူတို့သည်လည်း သူတို့ကိုယ်တိုင်နှင့် မိသားစု၏ အသက်ကိုသာရွေးလျှက် တိုင်းပြည်အား သစ္စာစောင့်သိနေမည် မဟုတ်ချေ။
တောင်ပိုင်းစီရင်စု လွတ်လပ်ေရးကြေညာလိုက်ခြင်းသည် ဤအချက်အား ထောက်ပြနေလေသည်။
ထိုအကြောင်းအရင်းကြောင့်ပင် ခွဲထွက်သွားသော စီရင်စုများမှ တိုင်းပြည်များစွာ ပေါ်လာခြင်းဖြစ်သည်။
ရူဒ်ဆန် Frestechအနေဖြင့် ဝင်ဘဲလ်ဒန်မြို့အား သိမ်းပိုက်လိုက်ချိန်တွင် ကန်ဒရာတော်ဝင်မိသားစုမှလွဲ၍ အခြားမျိုးရိုးမြင့်များမှာ ပျော်၍ပင်နေနိုင်သေးသည်။
ထိုနည်းဖြင့် ကြီးမားလှသော ကန်ဒရာအင်ပါယာအတွင်း ဂယက်များ ထသွားနိုင်သည်။
ရှုယီသည် မှော်စက်မှုလုပ်ငန်းများအား တိုးမြင့်ချင်သူဖြစ်သဖြင့် ဤသို့ဖြစ်သွားမည်ကို မလိုလားပေ။
သူ၏ရည်မှန်းချက်အတွက် ကန်ဒရာတည်ငြိမ်နေရန် လိုအပ်ပေသည်။
ကန်ဒရာအား ထိန်းချုပ်နိုင်ရန်မှာလည်း သူ့အတွက် ခက်ခဲပြီး အတော်ကြိုးစားယူရမည်ဖြစ်သည်။
ထို့ကြောင့် ကန်ဒရာေတာ်ဝင်မိသားစုအား စဉ်းစားရန် ဆွေးနွေးပွဲကို လက်ခံခဲ့ပြီး အချိန်ပေးခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ကန်ဒရာအနေဖြင့် Frestech ကုန်သည်ကြီးများအသင်းကဲ့သို့သော ကုမ္ပဏီတစ်ခုအား အညံ့မခံခင် တိုက်ခိုက်ရန် ကြိုးစားဦးမည်သာဖြစ်သည်။
ယခုအချိန်တွင် တိုက်တစ်ခုလုံးအနက် Frestech ကုန်သည်ကြီးများအသင်းမှာ အင်အားအကြီးမားဆုံးဖြစ်၍ တစ်ချိန်က ကျော်ဇောခဲ့သော မွန်ဂိုးစ်ထက်ပင် သာလွန်နေပြီဖြစ်ရာ ရှုယီအနေဖြင့် ထိုကိစ္စအား စိုးရိမ်ခြင်းမရှိချေ။
ခေတ်သစ်လူနေမှုသည် ရှေးခေတ်လူနေမှုနှင့် ယှဉ်ပြိုင်သည်ဖြစ်ရာ ၄င်းတို့အနိုင်ရမည်မှာ သေချာပေသည်။
ထို့ကြောင့် ကန်ဒရာအနေဖြင့် မည်သည့်အကွက် သုံးစေကာမူ ဖြုံရန်ပင်မလိုချေ။
အောက်တိုဘာ၂ရက်နေ့တွင် တတိယအကြိမ် ဆွေးနေ့းခဲ့သော်လည်း သဘောတူညီမှု မရသေးပေ။
၃ရက်အကြာ အောက်တိုဘာ၅ရက်နေ့တွင် ရူဒ်ဆန် Frestechတပ်များသည် စန်အန်တိုနစ်မှ မြောက်ဘက်သို့ ဆက်လက်ချီတက်လာပြီး ၁ပတ်အတွင်း ကန်ဒရာ၏ အလယ်ပိုင်းစီရင်စု၏ ၃မြို့အား သိမ်းပိုက်နိုင်ခဲ့လေသည်။ ဝင်ဘဲလ်ဒန်မြို့နှင့် ၂၀၀ကီလိုမီတာနီးလာပြီး ၃၀၀သကီလိုမီတာသာ ကွာဝေးတော့သည်။
ဤအကွာအဝေးဖြင့် ဝင်ဘဲလ်ဒန်၏ စစ်သားများကို တိုက်ခိုက်၍ရနေပြီဖြစ်သည်။
ရက်ပေါင်းများစွာနားပြီးနောက် ကန်ဒရာ၏ အလယ်ပိုင်းတွင် အကြီးဆံုးလွင်ပြင်ဖြစ်သော တာရာလွက်ပြင်သို့ ဆက်လက်ချီတက်ကြသည်။ ထိုနေရာမှာ ဝင်ဘဲလ်ဒန်မြို့နှင့် ၂၅၀ကီလိုမီတာကွာဝေးပြီး မမျှော်လင့်ထားသော အင်အားကြီးတပ်နှင့် တွေ့ကြရသည်။
အင်အား၂သိန်းရှိသော တပ်သည် ရူဒ်ဆန် Frestechတပ်များအား တားဆီးလေသည်။
ရူဒ်ဆန် Frestechမှ တပ်သား၆သောင်းသည် တာရာလွင်ပြင်တွင် မားလိုအင်ပါယာမှ တပ်သား ၂သိန်းခွဲ၊ စုစုပေါင်း တပ်သား၄သိန်းခွဲ ဝိုင်းထားခြင်းအား ခံလိုက်ရသည်။
***
မှော်စက်မှုအင်ပါယာ
Volume 7 အပိုင်း ၁၃၈ ။ အဆုံးသတ်တိုက်ပွဲ (၁)
ကန်ဒရာ၏ တပ်သားဌာန ဝန်ကြီး ဘိုရိုဂါသည် မှန်ပြောင်းဖြင့်ကြည့်လိုက်ရင်း သံသယဝင်မိလေသည်။
"ထူးဆန်းတယ် မှော်လေယာဉ်နဲ့ ဒီလိုကြီးမားတဲ့တပ်ကို မမြင်စရာအကြောင်းမရှိပါဘူး။ ဘာလို့ ဒီလို အဝိုင်းခံလိုက်တာလဲ"
ကန်ဒရာ၏ တပ်မှူးတစ်ယောက်ဖြစ်သူ ဆိုရိုသည် ပခုံးတစ်ချက်တွန့်လျှက် အေးဆေးသောလေသံဖြင့် "သူတို့က အကြိမ်တော်တော်များများ အနိုင်ရနေတာကို အဲ့တော့ အခုလည်း လွယ်လွယ်နိုင်မယ်ထင်လို့နေမှာပေါ့။ ပြီးတော့ အခုက ကျွန်တော်တို့ပိုင်နက်အတွင်းမှာလေ အဲ့တော့ ဝိုင်းခံရတာ မဆန်းပါဘူး"ဟု ပြောလေသည်။
"ဟုတ်တာပေါ့ ဒါကထောင်ချောက်မှန်း သိရက်နဲ့ ဝင်လာတယ်ဆိုကတည်းက ကျွန်တော်တို့ကို အထင်သေးလိုက်တာ"ဟု တပ်မှူး တာလန်မေးလ်က ထောက်ခံလေသည်။
"ကျွန်တော်တို့မှာ တပ်သား၄သိန်းခွဲရှိတယ် သူတို့မှာ ၅ေသာင်းတောင် မပြည့်တာကို ဘယ်လိုလုပ်နိုင်မှာလဲ။ လေပေါ်မှာပျံနိုင်တယ်ဆိုတာကို ကျွန်တော်တော့မယုံပါဘူး။"ဟု ဆိုရိုက ပြောလေသည်။
"သူတို့မှာလေယာဉ်တွေ ဒီလောက်ရှိနေတာပဲ အချိန်ရရင် ပျံထွက်ကြမှာပေါ့ကွာ"ဟု တပ်မှူးတစ်ယောက်က တင်းမာမှုအား ပြေပျောက်စေရန် စနောက်လိုက်သည်။
ရည်ရွယ်ချက်မရှိဘဲပြောလိုက်ခြင်းဖြစ်သော်လည်း ဤစကားကြားသည်နှင့် အားလုံး၏မျက်နှာများသည် တည်တံ့သွားကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုယာဉ်များမှာ လူပေါင်းများစွာကို သယ်ဆောင်နိုင်သဖြင့် ရူဒ်ဆန် Frestechတပ်များ လွတ်မြောက်သွားနိုင်သောကြောင့်ဖြစ်လေသည်။
ထိုသို့ဖြစ်လျှင် ကန်ဒရာအနေဖြင့် မည်သည်မှ တတ်နိုင်မည်မဟုတ်ချေ။
ယခင်တိုက်ပွဲအတွေ့အကြုံများအရ ကျွမ်းကျင်ဘုန်းတော်ကြီးများပင် ထိုယာဉ်များအား မတိုက်နိုင်ဘဲ ကံမသင့်ပါက ထိုတပ်များအား ထိုယာဉ်များဖြင့် ပြန်လည်တိုက်ခိုက်နိုင်လေသည်။
"အားလုံးပဲ လေကုန်ခံမနေကြနဲ့ သူတို့ဘာသာ ရည်ရွယ်ချက် ရှိရှိမရှိရှိ ဒီတိုက်ပွဲက တိုက်ရမှာပဲ။ ဘာပဲပြောပြော ယခုလို ဝိုင်းခံလိုက်ရတာက အမြတ်ပဲ"ဟု ဗိုလ်ချုပ် ဆူဒ်မန်က ပြောလေသည်။
အားလုံးသည် တိတ်သွားလျှက် ခေါင်းညိတ်လိုက်ကြသည်။
ဤအချက်မှာ သူတို့အတွက် အမြတ်တစ်ခု ဖြစ်ပေသည်။
ရူဒ်ဆန် Frestechတို့တွင် မီးလက်နက်များရှိသော်လည်း လူအင်အားအရ နည်းသည်ဖြစ်ရာ မည်သည့်နည်းပင် သုံးစေကာမူ ယခုလိုဝိုင်းခံရခြင်းမှ ထွက်ရန် ကန်ဒရာ မားလိုတပ်များနှင့် ရင်ဆိုင်ရမည်သာဖြစ်သည်။
အင်ပါယာနှစ်ခုအနေဖြင့် အင်အားများသည့် အားသာချက်ကြောင့် တစ်ပြိုင်တည်း တိုက်မည်ဆိုလျှင် တစ်ဖက်အနေဖြင့် ပြေးရမည်သာဖြစ်သည်။
သူတို့အနေဖြင့် ရူဒ်ဆန် Frestechတပ်အား အဝေးပစ်လက်နက်များအရ မယှဉ်နိုင်သော်လည်း အနားသို့ ရောက်ခဲ့လျှင် သူတို့၏ အင်အားသာလွန်မှုကို အသုံးချ၍ အင်အား၅သောင်းလျော့လျော့သာရှိသော ရူဒ်ဆန် Frestechတပ်သားများအား အနိုင်ယူနိုင်ပေလိမ့်မည်။
"အားလုံးပဲ ဒီတိုက်ပွဲကို ရှုံးရင် ကန်ဒရာအင်ပါယာ ကျဆုံးသွားတာမျိုးဖြစ်နိုင်တယ်။ အဲ့တော့ ဒီတိုက်ပွဲက ဘယ်လောက်အရေးပါမယ်ဆိုတာကို သိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ အဲ့ကြောင့် ဘာပဲဖြစ်လာဖြစ်လာ နိုင်ဖို့ကိုပဲ အာရုံစိုက်စေချင်တယ်။"ဟု ဆူဒ်မန်က လေးနက်သော မျက်နှာဖြင့် ပြောလေသည်။
တပ်မှူးအားလုံးသည် ဤအမိန့်အပေါ် သဘောတူကြသည်။
သခင် ဆူဒ်မန်ေပြာသည်မှာ မှန်ပေသည်။
ဤတိုက်ပွဲအတွက် မားလိုအင်ပါယာမှ တပ်ကူများလည်း ရောက်လာပြီး ဤနေရာကို စိတ်ကြိုက်ပြင်ဆင်ခဲ့ပြီး ကန်ဒရာအနေဖြင့် အားကုန်သုံးထားသည်ဖြစ်ရာ ယခုတိုက်ပွဲတွင် ရှုံးပါက ကန်ဒရာအနေဖြင့် ရူဒ်ဆန် Frestechအား နိုင်စရာအကြောင်း မရှိတော့ပေ။
ဝင်ဘဲလ်ဒန်မြို့သည်လည်း ဤနေရာနှင့် မလှမ်းမကမ်းတွင် ရှိနေသဖြင့် ရှုံးသွားပါက ကန်ဒရာသည် ရူဒ်ဆန် Frestech၏ မီးစွမ်းအားလက်အောက်တွင် အညံ့ခံရန်သာရှိတော့သည်။
"အခြေအနတွေေက ပုံမှန်အတိုင်းပဲဆိုရင် အစီအစဉ်အတိုင်းသာလုပ်ကြဖို့ မားလိုဘက်ကို ပြောလိုက်"ဟု ဆူဒ်မန်က မှန်ပြောင်းဖြင့် ရူဒ်ဆန် Frestech တပ်များအား မကြည့်မီ အမိန့်ပေးလေသည်။
သူသည်စီတန်းထားသော မှော်တင့်ကားများအား ကြည့်လျှင် မည်သို့ရင်ဆိုင်ရမည်ကို ယခုထိ မတွေးတတ်ပေ။
ကျင်းများတူး၍တိုက်ခိုက်ခြင်းသည် တင့်ကားများကို ရင်ဆိုင်ရန် အကောင်းဆုံးဖြစ်သည်ဟု ဆိုကြသော်လည်း သူတို့၏ပန်းတိုင်မှာ ရူဒ်ဆန် Frestechတပ်များအား ရှင်းထုတ်ရန်ဖြစ်ပေသည်။
အကယ်ဤ မှော်တင့်ကားများသာ အတားအဆီးများကို ဖြတ်နိုင်မည်ဆိုလျှင် အင်ပါယာနှစ်ခုအနေဖြင့် တားနိုင်မည်မဟုတ်ချေ။
သူတို့၏တစ်ခုတည်းသော မျှော်လင့်ချက်မှာ ကျွမ်းကျင်ဘုန်းတော်ကြီးများနှင့် တိုက်ခိုက်ရန်သာဖြစ်သော်လည်း ရူဒ်ဆန် Frestechဘက်မှ သူတို့အနေဖြင့်လျှင် မလွတ်မြောက်နိုင်ရန် ကြောက်မက်ဖွယ် နည်းလမ်းများရှိသဖြင့် ဖမ်းမိသွားနိုင်သည်ကို တွေးမိလျှင် ဆူဒ်မန်သည် ရင်လေးမိသွားလေသည်။
သူတို့ကြောင့် အင်ပါယာနှစ်ခုသည် မည်သည့်ရန်သူကိုမှ ကြောက်ရန်မလိုခဲ့ချေ။
သို့သော် ယခုအချိန်တွင် ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ယောက်ထက်မက သတ်ခံလိုက်ရပြီဖြစ်သဖြင့် သူတို့သည် အင်ပါယာနှစ်ခု၏ ကာကွယ်သူနတ်ဘုရားများ မဟုတ်ကြတော့သော်လည်း တိုက်ပွဲတွင် ရန်သူအား အင်အားနည်းသွားရန် စွမ်းဆောင်နိုင်သေးပေသည်။
ကျွမ်းကျင်ဘုန်းတော်ကြီးများကို မလွှတ်လျှင်လည်း စစ်လက်နက်များအား ရင်ဆိုင်နိုင်မည်မဟုတ်သော်လည်း သူတို့ကို ဆုံးရှုံးလိုက်ရလျှင်ကား များစွာနစ်နာပေသည်။
ကျွမ်းကျင်ဘုန်းတော်ကြီးများအနေဖြင့် တိုက်ခိုက်လိုစိတ်မရှိသော်လည်း ကန်ဒရာမှ ဖိတ်ခေါ်ထားသည့်အတွက် သူတို့၏တာဝန်မှာ မီးလက်နက်များမှ ကာကွယ်ပေးရန်သာဖြစ်သည်။
ဥပမာပြောရလျှင် ယခုတိုက်ပွဲတွင် ကန်ဒရာဘက်မှ ရန်သူတို့တိုက်ခိုက်မှုများကို တပ်များဆီ တတ်နိုင်သမျှ မရောက်စေရန် မှောဆရာများအား အသုံးပြုရန် စီစဉ်ထားကြလေသည်။
အစတွင် ကန်ဒရာ၌ ကျွမ်းကျင်ဘုန်းတော်ကြီး၉ဦးရှိပြီး နှစ်ဦးမှာ သေဆုံးသွားကြပြီး ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာနှင့် အိုဖာလျန်တို့မှာ တိုက်ပွဲတွင်ပါဝင်ရန် ငြင်းဆန်ကြပြီး ကျန်နှစ်ဦးမှာ ခေါ်လို့မရသဖြင့် ၃ယောက်သာကျန်သည့်အတွက် ယခင်ကကဲ့သို့ တိုက်ခိုက်မှုများတွင် အသုံးပြု၍ မရနိုင်တော့ချေ။
ကျွမ်းကျင်ဘုန်းတော်ကြီး၃ယောက် ဦးဆောင်သော မှော်အစီအရင်ကို ကြည့်လျက် ဆူဒ်မန်သည် သက်ပြင်းလေးချလိုက်လေသည်။ ဘေးတွင် ငြင်းခုံနေကြသော တပ်မှူးများအား လျစ်လျှူရှုလျက် အခြားဘက်တွင် ရန်သူများကို ဝိုင်းထားသော မားလိုတပ်များကို ကြည့်လိုက်လေသည်။
မားလိုအင်ပါယာသည် တင်းမာမှုများအား လျှော့ချလျှက် ကန်ဒရာအား ကူညီခြင်းသည် Frestech ကုန်သည်ကြီးများအသင်း၏ အန္တရာယ်ကို သိနေခြင်းကြောင့်ပင်လော။
တစ်ဖက်တွင်လည်း မားလို၏ ဗိုလ်ချုပ် စန်းရီသည် လေးနက်သောသွင်ပြင်ဖြင့် တပ်သားများအား "မင်းတို့ဘာလို့ ကန်ဒရာကို ကူညီနေရတာလဲဆိုတာကို နားမလည်နိုင်ဖြစ်နေမယ်လို့ထင်တယ် ဒါပေမယ့် ဒါကအရေးမကြီးပါဘူး။ အားလုံးကိုတောင်းဆိုချင်ပါတယ် အခုတိုက်ပွဲမှာ အစွမ်းကုန်သုံးပြီးတိုက်ဖို့ပဲ။ နားလည်ကြလား။"ဟု ပြောလေသည်။
"နားလည်ပါတယ်"ဟု မားလိုတပ်သားများက ဖြေကြလေသည်။
"ကောင်းတယ်"ဟု ပြော၍ စန်းရီသည် ခေါင်းညိတ်လိုက်ပြီး ရူဒ်ဆန် Frestechတပ်များအားကြည့်လိုက်လေသည်။ ဤတိုက်ပွဲမှာ မားလိုကို Frestech
ကုန်သည်ကြီးများအသင်းအနေဖြင့် လာမတိုက်ခိုက်ရန် တားဆီးနိုင်သည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်ပေသည်။ ဆိုရလျှင် အင်ပါယာနှစ်ခုစလုံးအတွက် တစ်ခုတည်းသော အခွင့်အရေးဖြစ်ပေတော့သည်။
အကယ်၍ အင်အား၄သိန်းခွဲသုံး၍ မနိုင်ခဲ့လျှင် အရှုံးပေးရန်သာ ကျန်ပေတော့သည်။
Frestech ကုန်သည်ကြီးများအသင်းသည် ကန်ဒရာကို ထိန်းချုပ်နိုင်သည်နှင့် ၄င်းတို့၏နောက်ထပ်ပစ်မှတ်မှာ မားလိုဖြစ်မည်ဖြစ်သဖြင့် အင်ပါယာနှစ်ခု၏ ကံတရားမှာ မသေချာပေ။
ထို့ကြောင့် မားလိုဘက်မှ ကန်ဒရာ၏ တောင်းဆိုချက်ကို လိုက်လျောကာ တပ်ကူများ ပို့ပေးခဲ့ခြင်းသည် ဤတိုက်ပွဲသည် ကန်ဒရာ၏ သေရေးရှင်ရေးသာမက မားလို၏ အနာဂတ်ကိုပါ ဆုံးဖြတ်ပေးမည့်ကိစ္စဖြစ်သောကြောင့်ဖြစ်သည်။
သူတို့အောင်မြင်ခဲ့လျှင် အခြေအနေကောင်းမည်။
မအောင်မြင်လျှင်တော့ ပြောဖွယ်မရှိတော့ချေ။
ထို့ကြောင့် ဤတိုက်ပွဲသည် အင်ပါယာနှစ်ခု၏ နောက်ဆုံးတိုက်ပွဲဟုပင် ဆိုနိုင်ပေသည်။
***
မှော်စက်မှုအင်ပါယာ
Volume 7 အပိုင်း ၁၃၉ ။ အဆုံးသတ်တိုက်ပွဲ (၂)
ရူဒ်ဆန်၏ မြောက်ပိုင်းဗိုလ်ချုပ်နှင့် ဝန်ကြီးဖြစ်သူ ဒါစီသည် ကန်ဒရာ မားလိုတပ်များကို ကြည့်လျှက် ရင်လေးမိလေသည်။
သူသည် ရှုယီပေးပို့ခဲ့သော တိုက်ပွဲအစီအစဉ်များကို လိုအပ်သည်မထင်၍ သေချာမကြည့်ခဲ့ပေ။
ရူဒ်ဆန် Frestechတပ်၏ အင်အားကြောင့် တိုက်ပွဲများကိုအံ့ဖွယ်ကိစ္စရပ်များမှလွဲ၍ ကန်ဒရာအနေဖြင့် အနိုင်မရနိုင်ပေ။
ရှုယီ၏ အစီအစဉ်အရ အင်ပါယာနှစ်ခု ဝိုင်းခံ၍ ထွက်ပေါက်မရှိအောင်လုပ်မည်ဖြစ်သည်။
ဒါစီသည် သူတို့၏အင်အားကို ယုံကြည်သော်လည်း ယခုလို တပ်သားပေါင်းများစွာ ဝန်းရံခံရချိန်တွင် စိတ်လှုပ်ရှားမိလေသည်။
"ခေါင်းဆောင် ဟာ့ထ် မှော်လေယာဉ်တွေ အသင့်ပြင်ပြီးပြီလား"ဟု ဒါစီက မေးလေသည်။
ဤသည်မှာ ရူဒ်ဆန် Frestechအတွက် နောက်ဆုံးဝှက်ဖဲဖြစ်နိုင်သည်။
၄င်းတို့နှင့်ဆိုလျှင် အင်ပါယာနှစ်ခုသည် မှော်ဆရာများသာ စေလွှတ်လျှက် ရှေးရိုးနည်းများဖြင့်သာ တိုက်ခိုက်နိုင်လေသည်။
ရှေးရိုးနည်းများဖြင့်ဆိုလျှင်ပင် ရူဒ်ဆန် Frestechဘကတွင် အစွမ်းထက်စစ်လက်နက်များနှင့် မှော်တင့်ကားများရှိသောကြောင့် အနိုင်ရနိုင်သည်။
ထို့ကြောင့် တပ်သားအင်အား ကွာခြားမှုများလျှင်တောင် ယုံကြည်ချက်ရှိနေခြင်းဖြစ်သည်။
"အသင့်ပြင်ပြီးပါပြီ ဒါပေမယ့် တိုက်ပွဲမှာ အဲ့ယာဉ်တွေကို တအား အားကိုးလို့ရမယ်မထင်ဘူး"ဟု ဟာ့ထ်ကဖြေလိုက်ရာ "ဘာလို့လဲ"ဟု စိတ်လှုပ်ရှားစွာ ဒါစီက ပြန်မေးလေသည်။
"အခုက အင်ပါယာနှစ်ခုစလုံးနဲ့ ရင်ဆိုင်ရတာလေ သူတို့ဘက်က မှော်ဆရာတွေအကုန် ခေါ်ထားပြီး အသင့်ပြင်ထားမှာပဲ။ ကျွမ်းကျင်ဘုန်းတော်ကြီး ၇ယောက် ၈ယောက်တော့ပါမှာပဲ။ အဲ့တော့ လက်ရှိအခြေအနေအရ ယာဉ်တွေက သူတို့ကို ခုခံနေတာနဲ့တင် အခြားဘာမှသိပ်လုပ်ပေးနိုင်မှာမဟုတ်ဘူး"ဟု ဟာ့ထ်က ဖြေလေသည်။
"ဒါဆိုရင်...ကောင်းတာပဲပေါ့ ကျွမ်းကျင်ဘုန်းတော်ကြီးတွေကိုသာ ထိန်းနိုင်ရင် အခြားမှော်ဆရာတွေက ဘာမှမဟုတ်တော့ဘူး။ ခေါင်းဆောင် ဟာ့ထ် တိုက်ပွဲစတာနဲ့ ကျွန်တော်တို့ တစ်ခါတည်းစုတိုက်ကြမလား"
ရူဒ်ဆန်ဘက်မှ တပ်သား၅သောင်းလျော့လျော့သာရှ်ပြီး Frestechဘက်မှ မှော်လေယာဉ်အဖွဲ့များပေါင်းလျှင်ပင် တပ်သား၉ထောင်သာရှိသည်။
သို့သော် တိုက်ပွဲတွင် Frestechဘက်မှသာ ဦးဆောင်လျှက် ရူဒ်ဆန်သည် အနောက်မှ ဝန်းရံရုံသာဖြစ်သည်။
ဟာ့ထ်သည် အေးဆေးသော ပုံစံဖြင့် "ကိစ္စမရှိပါဘူး ထုံစံအတိုင်းလုပ်ရုံပေါ့"ဟု ဆိုလေသည်။
"ထုံးစံအတိုင်း?" ဒါစီသည် အင်ပါယာနှစ်ခု၏ အဆုံးမရှိနိုင်ဟုထင်ရလောက်အောင် များပြားသော တပ်များကိုကြည့်လျှက်အေးဆေးနေနိုင်လျှင်ကောင်းသားဟု
တွေးနေလေသည်။
ဤတိုက်ပွဲသည် ရင်ဆိုင်ဖူးသမျှထဲ အကြီးဆုံးတိုက်ပွဲဖြစ်မည်မှာ မမှားပေ။ ထို့ကြောင့် သူတို့အနေဖြင့် ဂရုမစိုက်လျှင် ရှုံးသွားနိုင်လေသည်။
သို့သော် မှန်ပြောင်းဖြင့် ထပ်ကြည့်လိုက်ချိန်တွင် စိတ်အေးသွားလေတော့သည်။
အဘယ့်ကြောင့်ဆိုသော် အင်ပါယာနှစ်ခုတွင် လူအင်အားများသော်လည်း အများစုမှာ ရှေးရိုးပုံစံအတိုင်း ဓါးများကိုင်ဆောင်ပြီး မြင်းများစီးကြသောကြောင့်ဖြစ်လေသည်။
မှော်အမြောက်အနည်းသာရှိပြီး ထိုအရာများမှာလည်း ကန်ဒရာမှ ကိုယ်ပိုင်တီထွင်ထားသည်ဖြစ်လျှင် ရလဒ်မှာ ထင်သေလာက်မကောင်းပေ။
အစပိုင်းတွင် အနည်းငယ်ပစ်နိုင်သော်လည်း နောက်ပိုင်းတွင် အပူချိန်ကြောင့် အမြောက်များ အရည်ပျော်လာပြီး ထိုကဲ့သို့မဖြစ်လျှင်ပင် နောက်တစ်ကြိမ် ပစ်နိုင်ရန် အချိန်အတော်ကြာကြာ ယူရကြောင်းကို ဖမ်းမိထားသော စစ်သားများထံမှ သိရလေသည်။
Frestech၏ အမြောက်များသည် မိနစ်ပိုင်းအတွင်း ၁၀ချက်အထိပစ်နိုင်ပြီး ပုံစံပျက်သွားခြင်းမရှိသဖြင့် ကန်ဒရာသည် ယှဉ်နိုင်ခြင်း မရှိချေ။
ထို့ကြောင့် မှော်လက်နက်အချို့အား ဖယ်လိုက်လျှင် သူတို့ရင်ဆိုင်နေရသည်မှာ ရိုးရာစစ်တပ်တစ်ခုသာဖြစ်လေသည်။
ထိုသို့တွေးမိလိုက်ချိန်တွင် ဒါစီသည် ယုံကြည်မှုများ ရှိလာလေသည်။
ဥက္ကဌရှုေပြာသကဲ့သို့ မှောစစ်လက်နက်များ တပ်ဆင်ထားသော ရူဒ်ဆန် Frestechတပ်ရှေ့တွင် ရိုးရာစစ်တပ်များသည် လက်နက်မပါသော ကလေးများသာ ဖြစ်လေသည်။
"ခေါင်းဆောင် ဟာ့ထ် ကျွန်တော်တို့ အမြောက်တပ်ကို အရင်လွှတ်လိုက်ရင် မကောင်းဘူးလား။ ဒါဆိုရင် သူတို့ရဲ့အနေအထားကို ဖျက်ပြီးသားလည်းဖြစ်သွားမယ် ကျွန်တော်တို့အနေနဲ့လည်း နေရာယူပြီးသားဖြစ်သွားတာပေါ့"
"ဒါအကြံကောင်းပဲ"ဟု ပြောလျှက် ဆွေးနွေးနေကြချိန်တွင် မြင်းခွာသံများကို ကြားလိုက်ရသည်။
မှင်သက်သွားကြပြီး အင်ပါယာနှစ်ခုမှ တပ်များသည် ချီတက်လာနေသည်ကို တွေ့လိုက်ကြရသည်။
"သူတို့တွေ မြင်းတပ်နဲ့ ချီတက်လာနေကြပြီ ပုံစံကကြောက်စရာပဲ ဒါပေမယ့်...."ဟာ့ထ်သည် ရယ်လျှက် မှော်ဆက်သွယ်ရေးစက်ကို ယူကာ "ညီအစ်ကိုတို့ရေ တိုက်ဖို့ပြင်ထားကြ"ဟု အမိန့်ပေးလေသည်။
အားလုံးထဲတွင် ခြေသံအပြင်းဆုံးမှာ အနောက်မြောက်ဘက်မှဖြစ်သည်။
ထိုအဖွဲ့မှာ ကန်ဒရာ၏ တော်ဝင်မြင်းတပ်ဖွဲ့၏ ခေါင်းဆောင် ဘာရွန် ရာမော့စ်ဦးဆောင်သော အဖွဲ့ဖြစ်လေသည်။ လွန်ခဲ့သည့် ၂လကျော်က သူ၏ညီလေးသည် ရူဒ်ဆန် Frestechနှင့်တိုက်သော တိုက်ပွဲတွင် သေဆုံးသွားသောကြောင့် သူသည် အမုန်းများဖြင့် ပြည့်နှက်နေသည်။ ထို့ကြောင့် ကန်ဒရာအား ကျူးကျော်ဝင်ရောက်သူမှန်သမျှကို ရန်သူဟု သတ်မှတ်ထားလေသည်။
ယခင်တိုက်ပွဲများတွင် ကန်ဒရာအနေဖြင့် အကြီးအကျယ် ဆုံးရှုံးမှုများရှိခဲ့သည့်အတွက် ဘာရွန် ရာမော့စ်သည် မကျေမချမ်းနိုင်ဖြစ်လေသည်၊
သို့သော် ဒီနေ့တွင် အင်ပါယာနှစ်ခုမှတပ်သားများ စုပေါင်းထားပြီး ဝိုင်းထားသည့်အတွက် ဘာရွန် ရာမော့စ်သည် အစွမ်းကုန် တိုက်ခိုက်တော့မည်ဖြစ်ပြီး သူ၏ကောင်းကင်ဘုံ၌ရှိသော ညီလေးစိတ်ဖြောင့်စေရန် ရန်သူများအား တစ်ယောက်မကျန် သတ်တော့မည်ဖြစ်သည်။
"ညီအစ်ကိုတို့! သတ်ကြ!"
ရန်သူများနှင့် ၃ကီလိုမီတာ ကွာဝေးသေးသော်လည်း သူ၏ဒေါသများ ပေါက်ကွဲထွက်လာလေသည်။
"သတ်ကြ!"
ပထမမြင်းတပ်၏ ဒေါသတကြီးအော်သံများသည် စစ်မြေပြင်တစ်ခုလုံး လွှမ်းမိုးသွားလေသည်။
"သတ်ကြ!"
အခြားမြင်းတပ်များကလည်း ချီတက်လာကြပြီး ပထမမြင်းတပ်နှင့် တန်ပြန်အော်ဟစ်ကြလေသည်။
မြင်းခွာသံများသည် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ယခုကဲ့သို့ ချီတက်လာသည်ကို ယခင်တပ်များသာဆိုလျှင် ထိတ်လန့်သွားစေနိုင်ပြီး ယခုအချိန်၌ပင် လူတော်တော်များများအား အံ့အားသင့်စေခဲ့သည်။ သို့ရာတွင် ဟာ့ထ် မြင်သောအခါ သူသည် အမိန့်မပေးမီ မျက်ခုံးပင့်မိလေသည်။
"မှော်အမြောက်တပ် အသင့်ပြင်! ဒီလူတွေကို သင်ခန်းစာကောင်းကောင်း ပေးလိုက်ကြ!"
သူ၏စကားဆုံးသည်နှင့် အလင်းများစွာ ဖြာထွက်လာပြီး ဤသည်ကို ဘာရွန် ရာမော့စ်မြင်သောအခါ အသက်ပြင်းပြင်းရှူလျက် ကျယ်လောင်စွာ အော်လေသည်။
"အင်ပါယာအတွက်!"
"အင်ပါယာအတွက်!"
တပ်သား၅ထောင်သည် တစ်ပြိုင်နက် အော်လိုက်ကြသည်။
တာရာလွင်ပြင်သို့ ချီတက်လာသော စစ်မြင်းများ၏အသံသည် ဒရမ်၅ထောင်တီးသကဲ့သို့ ရှိလေသည်။
သူတို့၏အသံသည် ကောင်းကင်ကို လွှမ်းမိုးသွားလေသည်။
သို့ရာတွင် အလင်းများစွာသည် ထိုတပ်များဆီသို့ ကျရောက်သွားလေသည်။
“ဝုန်း ဝုန်း ဝုန်း ဝုန်း”
ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပေါ်လာပြီး ထိုပေါက်ကွဲမှုများမှ ဖြစ်ပေါ်လာသော ဖုန်များနှင့် မီးခိုးများကြောင့် ကောင်ကင်အရောင် ပြောင်းသွားသဖြင့် တာရာလွင်ပြင်ရှိ မြက်များသည်ပင် အဝါရောင်ပြောင်းသွားလေသည်။
ထို့သို့ဖြင့် ကျယ်လောင်စွာ ဟစ်ကြွေးသံများ ပျောက်ဆုံးသွားပြီး အစီအစဉ်တကျ ချထားသော မြင်းတပ်ပုံစံသည် ပြိုကွဲသွားလေသည်။
***
မှော်စက်မှုအင်ပါယာ
Volume 7 အပိုင်း ၁၄၀ ။ အဆုံးသတ်တိုက်ပွဲ (၃)
ဤသို့ဖြစ်မည်ကို တွေးထားပြီးဖြစ်သော်လည်း ယခုကဲ့သို့ မြင်ရသောအခါ ကန်ဒရာမားလိုတပ်များသည် မျက်နှာပျက်ကြလေသည်။
သံချပ်ကာဝတ်ထားသော မြင်းတပ်များသည် ၄င်းတို့၏ အစွမ်းဆုံးစစ်တပ်ဟု ဆိုနိုင်ပြီး ထိုတပ်များချီတက်လာသည်နှင့် ပြန်လည်ခုခံနိုင်သော တပ်မရှိခဲ့ပေ။
သို့သော် အမြောက်ဆံများကြောင့် ဤတပ်များအတွင်း အပေါက်များဖြစ်စေခဲ့ပြီး အဖွဲ့များကွဲသွားစေခဲ့သည်။
သူတို့၏ နှစ်တန်မျှလေးသော ချပ်ဝတ်များဖြင့် မြားများပစ်ခံရလျှင်ပင် ရှေ့သို့ ဆက်လက်ချီတက် တိုက်ခိုက်နိုင်ခဲ့သော်လည်း ယခုလို အားပြင်းပေါက်ကွဲမှုများနှင့် ရင်ဆိုင်ရသည့်အခါတွင် ဆက်လက်ချီတက်နိုင်စွမ်း မရှိတော့ပေ။
မှော်အမြောက်များပစ်လိုက်သည်နှင့် စစ်သားများမှာ စာခြောက်ရုပ်များကဲ့သို့ လွင့်ထွက်သွားလေသည်။
၃ကီလိုမီတာလောက်အလိုက အင်အားတကြီး ချီတက်လာသော တပ်သည် ၂ကီလိုမီတာအရောက်တွင် ဆက်လက်ချီတက်နိုင်သူမှာ ၃၀ရာခိုင်နှုန်းအောက်သာ ရှိတော့သည်။
တာရာလွင်ပြင်တွင် ပြိုကွဲသွားသော တပ်များကိုကြည့်၍ ဗိုလ်ချုပ်သည် သက်ပြင်းချလိုက်မိလေသည်။
"ကြည့်ရတာ ရှေးရိုးတပ်တွေ ဖယ်ဖို့အချိန်တန်ပြီပဲ"
အခြားတပ်မှူးများသည် သူ့အားမျက်မှောင်ကြုတ်ကြည့်လိုက်ကြသည်။
Frestech ကုန်သည်ကြီးများအသင်းနှင့် တိုက်ပွဲများစွာဖြစ်ပြီး၍ မှော်လက်နက်များ၏ အစွမ်းကိုသိကြသော်လည်း ဤစစ်ပြန်များသည် လက်ခံနိုင်စွမ်းမရှိကြချေ။
သို့သော် တိုက်ပွဲများစွာအပြီး ယခုလို မြင်းတပ်အနေဖြင့် အလွယ်အတူဖြိုခွဲခံလိုက်ရသည့်အတွက် သူတို့၏စိတ်ထဲတွင် အနည်းငယ်လက်ခံစပြုလာပြီဖြစ်သည်။
"ဗိုလ်ချုပ်, တပ်ကူနှစ်ဖွဲ့ကို အရင်လွှတ်ရမယ်ထင်တယ် ကျွန်တော်တို့ကတော့ အလိုက်အထိုက်ပူးပေါင်းတာပေါ့။ ဒါက နောက်ဆုံးအခွင့်အရေးပဲ သိက္ခာတွေဘာတွေ ငဲ့နေလို့မရဘူး။"ဟု စစ်ဌာနခေါင်းဆောင် ဘိုရိုဂါက မှန်ပြောင်းကို ချလိုက်ရင်းပြောေလသည်။
"အဲ့လိုလုပ်ရမှာပါပဲလေ"ဟု ဆိုလျှက် ဆူဒ်မန်သည် "မားလိုဘက်ကို အစီအစဉ်အတိုင်းလုပ်ဖို့ပြောလိုက်"ဟု အမိန့်ပေးလေသည်။
အရာရှိပြေးထွက်သွားသည်ကို မြင်သည်နှင့် တပ်မှူးတစ်ယောက်က "ကျွန်တော်တို့ရဲ့ဝှက်ဖဲကို အစောကြီးသုံးတော့မလို့လား။ မားလိုဘက်ကသာ နောက်ဆုတ်သွားခဲ့ရင်ရော..."ဟု စိုးရိမ်စွာ မေးလေသည်။
"ဒါတွေက အရေးမကြီးပါဘူး ဒါက ကန်ဒရာရဲ့ အဆုံးသတ်တိုက်ပွဲပဲ။ အခြားရွေးစရာမှမရှိတော့ဘဲ။ မားလိုအင်ပါယာက ထက်မြက်မယ်ဆိုရင် ဘယ်လိုလုပ်ရမလဲသိပါလိမ့်မယ်။"ဟု ဆူဒ်မန်က လက်ကာပြ၍ ဆိုလေသည်။
"ဒီအတွက် စိတ်ပူစရာလိုမယ်မထင်ပါဘူး။ မားလိုဘက်က တက်ကူတွေကို လိုလိုလားလားပို့တယ်ဆိုကတည်းက သူတို့တွေ အခြေအနေကို ကောင်းကောင်းသိလို့ပဲလေ"ဟု ဘိုရိုဂါက ဆိုသောအခါ အခြားတပ်မှူးများသည် ထောက်ခံကြလေသည်။
အမိန့်ကြောင့် ကန်ဒရာတပ်များသည် ဝိုင်းထားခြင်းအားဖျက်လိုက်လေသည်။
"မြို့စား ဒါစီ, ခင်ဗျားသတိထားမိလား။ ပုံမှန်ဆို ကျွန်တော်တို့က အမြဲအရင်တိုက်နေတာ အခုတစ်ကြိမ်တော့ ခုခံနေရတယ်"ဟု ဟာ့ထ်က ဆိုလေသည်။
ဒါစီသည် ထိုအခါမှ တွေးလိုက်မိ၍ အံ့သြသွားလေသည်။ သူတို့ဘက်မှ အမြဲအရင်တိုက်ခိုက်ပြီး အောင်နိုင်ခဲ့သည်သာဖြစ်လေသည်။
ကန်ဒရာဘက်မှ အမြဲခုခံခဲ့ရသည်သာဖြစ်ပြီး လပေါင်းများစွာအကြာမှ ဤတစ်ကြိမ်သည် သူတို့အနေဖြင့် ပထမဆုံး ခုခံရခြင်းဖြစ်လေသည်။
ဤကိစ္စကို တွေးမိလိုက်သည်နှင့် ဒါစီ၏ မျက်နှာတွင် ထူးဆန်းသောအကြည့်များ ပေါ်လာလေသည်။
သူဤကိစ္စကို တွေးမိလေသောအခါ မယုံနိုင်ဖြစ်လာရသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်မှာ အင်အားကြီး အင်ပါယာနှစ်ခုဖြစ်ပြီး သူတို့သည် ကုမ္ပဏီတစ်ခုနှင့် နိုင်ငံငယ်တစ်ခုမျှသာဖြစ်သောကြောင့် ဖြစ်လေသည်။
သို့ရာတွင် အဘယ့်ကြောင့် ဟာ့ထ်က ဤကိစ္စကို ရုတ်တရက်ပြောသနည်း။
မြို့စား၏ သံသယများကို တွေ့သောအခါ ဟာ့ထ်သည် ရယ်၍ သူ၏ပခုံးအားပုတ်လျှက် "ကျွန်တော်တို့လက်နက်တွေက တိုက်တဲ့နေရာမှာ ဘယ်လောက်စွမ်းလဲ သိတယ်မလား အဲ့ဒါတွေက ခုခံတဲ့နေရာမှာ ပိုတောင်စွမ်းသေး"ဟု ဆိုလေသည်။
ဒါစီသည် အားယူပြုံးပြရလေသည်။ လက်နက်များစွမ်းသည်မှာ မှန်သော်လည်း အင်ပါယာနှစ်ခုတိုက်နေကြရသည်ဖြစ်ရာ မည်ကဲ့သို့ အလွယ်တကူ ခုခံနိုင်မည်နည်း။
ဟာ့ထ်သည် ထိုအကြည့်များကို မျက်နှာလွှဲလျှက် ဆက်သွယ်ရေးစက်ကို ယူပြီးလျှင် "အမြောက်တပ် နားထောင်ကြ! အားလုံးကို အစွမ်းကုန်ပစ်စေချင်တယ်။ အကယ်၍ ရန်သူတွေက ၁ကီလိုမီတာအကွာထိ ရောက်ခဲ့မယ်ဆိုရင် မင်းတို့ရဲ့ ၁လ လစာနဲ့ အပိုဆုကြေးတွေကို ဖျက်ပစ်မယ်။"ဟု ဆိုလေသည်။
ဒါစီသည် နှုတ်ခမ်းတွန့်မိသွားလေသည်။
သူ့အနေဖြင့် တပ်မှူးများ အသက်ဖြင့် ခြိမ်းခြောက်သည်ကို မြင်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ ငွေဖြင့် ခြိမ်းခြောက်သည်ကို မမြင်ဖူးခဲ့ချေ။
သို့သော် သူတို့ဝန်ထမ်းများ၏ အခြေခံလစာမှာ ရွှေဒင်္ဂါ၂၀ဖြစ်၍ အပိုကြေးပေါင်းလျှင် ၃၀ဖြစ်သွားသည့်အတွက် ခြိမ်းခြောက်မှုမှာ ကြောက်မက်ဖွယ်ကောင်းပေသည်။
အကယ်၍ ရူဒ်ဆန်တပ်သားများကိုသာ ထိုအတိုင်းပေးပါက အသက်ပင်စွန့်ရန် ဝန်လေးမည်မဟုတ်ချေ။
ရူဒ်ဆန်သည် ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုအဆင့်အတန်း မြင့်မားလာသည်မှန်သော်လည်း ရွှေဒင်္ဂါး၃၀ဟူသော ပမာဏမှာ များပြားနေသေးပေသည်။ ထိုပမာဏဖြင့် လူတစ်ယောက်အား ဝယ်ပြီးလျှင်ပင် ငွေပိုနေနိုင်သေးပေသည်။
ဟာ့ထ်၏ ခြိမ်းခြောက်မှုပေလော အမြောက်တပ်များသည် မရေမတွက်နိုင်အောင် ပစ်ခတ်ကြလေသည်။
ထို့ကြောင့် တာရာလွင်ပြင်တွင် အမြောက်ဆံမိုးများ ရွာသွန်းလေသည်။
ပထမအကြိမ်ပစ်ရာတွင် ကန်ဒရာတပ်သား ၃၀ရာခိုင်နှုန်း ကျန်သေးသော်လည်း ဒုတိယအကြိမ်တွင် အကုန်ပြာဖြစ်ကုန်ကြရလေသည်။
ကန်ဒရာသည် ထိုတပ်များ၏ နောက်တွင် လမ်းရှင်းပေးရန် အမြန်တပ်အား လွှတ်လိုက်လေသည်။ သူတို့အနေဖြင့် ရူဒ်ဆန် Frestechတပ်များ ကျည်ပြန်ဖြည့်ချိန်တွင် ဝင်နိုင်ရန် စီမံထားခြင်းဖြစ်သည်။
သို့ရာတွင် သူတို့အနေဖြင့် အခွင့်အရေးမမြင်ချေ။
ထို့ကြောင့်အစတွင် သူတို့၏ ပေါ့ပါးလျင်မြန်မှုကြောင့် ကျည်ဆံများကို ရှောင်လိုက်နိုင်သော်လည်း ရူဒ်ဆန် Frestechဘက်မှ ဆက်တိုက်ပစ်ခတ်လာသောအခါ ရှောင်နိုင်စွမ်းမရှိတော့ချေ။
“ဝုန်း ဝုန်း ဝုန်း ဝုန်း”
ဤပေါက်ကွဲမှုများကို အဝေးကပင်မြင်ရလျှက် လူနှင့်မြင်းများ လွင့်ထွက်ကုန်ကြသည်။
၂မိနစ်အတွင်းမှာပင် အမြန်တပ်သား ၄သောင်း ဒဏ်ရာရပြီး တပ်အခြေပျက်သွားလေသည်။
ဤအခြေအနေကိုကြည့်၍ ကန်ဒရာတပ်မှူးများသည် တိတ်ဆိတ်သွားကြလေသည်။
အခြေအနေအား ဆိုးမည်ဟု ထင်ထားသော်လည်း ယခုအထိဆိုးသွားလိမ့်မည်ဟု မထင်ထားပေ။
မိနစ်၂၀အတွင်းမှာပင် သူတို့၏ အင်အားအကြီးဆုံးတပ်နှင့် အမြန်တပ်များ ဖျက်ဆီးခံလိုက်ရသော်လည်း ရူဒ်ဆန် Frestechဘက်တွင် ထိခိုက်မှု လုံးဝမရှိသေးချေ။
ထို့အပြင် ထိုတပ်နှစ်ခုသည် အနီးသို့ရောက်အောင်ပင် မသွားနိုင်ခဲ့ကြချေ။
"ဗိုလ်ချုပ် အမြန်တပ်ကို ပြန်ဆုတ်ခိုင်းရင် မကောင်းဘူးလား"ဟု တပ်မှူးတစ်ယောက်က ညိုးငယ်သောအသံဖြင့် မေးလေသည်။
"မရဘူး အခုချက်ချင်းပြောလိုက် ဆက်ချီတက်ဖို့ ဆုတ်တဲ့သူရှိရင် အဲ့နေရာမှာ ချက်ချင်း ကွပ်မျက်ပစ်လိုက်။ နားထောင်ကြ ဒီတိုက်ပွဲကိုနိုင်ဖို့ဆိုရင် ငါတို့တွေ ကြမ်းနိုင်မှဖြစ်မယ်။ ဒီမှာအသက်ပေးလိုက်ရတဲ့သူတွေက ရန်သူတွေရဲ့ ကျည်ဆံကို ယူသွားပေးတဲ့အတွက် အလကားမဖြစ်ဘူး။"ဟု ဆူဒ်မန်သည် ဒေါသတကြီး ပြောလေသည်။
အင်အားအကြီးဆုံးတပ်ဖွဲ့အဖြစ် သတ်မှတ်ခံထားရသည် ထိုအဖွဲ့နှစ်ခုသည် ကျည်များခံရုံတင်သာ အသုံးဝင်တော့သည့်အတွက် တပ်မှူးများသည် တစ်ယောက်နှင့်တစ်ယောက် အားငယ်စွာ ကြည့်လိုက်ကြသည်။