← Chapters

အခန်း (၁၄၁-၁၅၀)

Vol. 7 Ch. 141-150

အခန်း (၁၄၁-၁၅၀)

Vol. 7 Ch. 141-150

Volume 7 အခန်း ၁၄၁။ နောက်ဆုံးတိုက်ပွဲ(၄)

ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာမှ ဗိုလ်ချုပ်များ မည်မျှခံရခက်ပါစေ အမှန်တရားကို လက်ခံရမည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ စွမ်းအားကြီးသော စစ်ဘက်သုံးမှော်စက်များရှေ့တွင် သူတို့၏ အဖိုးအတန်ဆုံးနှင့် အသန်မာဆုံး မြင်းတပ်များမှာ အဆင့်မြင့်အမြောက်စာများထက် မပိုချေ။

အမြောက်စာဆိုသည်မှာ ရူဒ်ဆန် Frestech မဟာမိတ်အင်အားစုများထံမှလာသော အခေါ်အဝေါ်ဖြစ်၏။ မှော်အမြောက်များပေါ်ပေါက်လာမှုကြောင့် ဤစကားလုံးက မှော်အမြောက်များ၏ တိုက်ခိုက်မှုအောက်တွင် ပြာဖြစ်သွားခြင်းကို ဖော်ပြရန် သုံးခြင်းဖြစ်သည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် ပြောသကဲ့သို့ပင် ထိုမြင်းစီးသူရဲကောင်းများက အမြောက်စာများဖြစ်သွားသော်လည်း အဓိပ္ပာယ်မဲ့တော့မဟုတ်ပေ။

ရူဒ်ဆန် Frestech မဟာမိတ်အင်အားစုများက အားထုတ်စရာမလိုဘဲ မြင်းတပ်ကို ချေမှုန်းနိုင်ပုံပေါ်သော်လည်း အမှန်တကယ်မှာမူ သူတို့လည်း သူတို့၏ခဲယမ်းအမြောက်အများ သုံးခဲ့ရသေးသည်ပင်။

ရူဒ်ဆန် Frestech မဟာမိတ်အင်အားစုများအတွက် သူတို့က ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွင် ကန်ဒရာအင်ပါယာကို ဖိနှိပ်ချေမှုန်းနိုင်သည်မှာ သံသယဖြစ်စရာမလိုသော်လည်း သူတို့ထံ၌ အထောက်အပံ့အလုံအလောက်ရှိမှသာ ဖြစ်သည်။

မည်သည့်စစ်ဘက်သုံးမှော်စက်မဆို သူတို့၏‌ခွန်အားကို ထုတ်ပြရန် ခဲယမ်းမီးကျောက်များ လိုအပ်ပြီး ခဲယမ်းမရှိလျှင် အသုံးမဝင်သော သံမဏိကိုယ်ထည်ခွံများသာ ဖြစ်၏။

ဤသို့ဖြစ်လျှင် ရူဒ်ဆန် Frestech မဟာမိတ်အင်အားစုက ရိုးရာစစ်တပ်တစ်တပ်နှင့် မခြားနားတော့ပေ။

ခဲယမ်းများသည် စစ်ဘက်သုံးမှော်စက်များအတွက် အရေးပါပြီး ရူဒ်ဆန် Frestech မဟာမိတ်အင်အားစုက သူတို့၏ ထောက်ပို့တပ်ဖွဲ့ကို အလွန်တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထား၏။

ဤအရာသည်ရူဒ်ဆန် Frestech မဟာမိတ်အင်အားစုများနှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ပြီးနောက် ကန်ဒရာအင်ပါယာ သင်ယူရရှိခဲ့သော သင်ခန်းစာတစ်ခုဖြစ်သည်။ သူတို့ အကြီးအကျယ်ထိခိုက်ခဲ့ရသော်လည်း ၎င်းက အတော်လေး ထိရောက်မှုရှိ၏။

ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာစစ်တပ်များက ရူဒ်ဆန် Frestech မဟာမိတ်အင်အားစုကို သူတို့၏ခဲယမ်းများသုံးစေရန် အခွင့်အရေးပေးရုံသက်သက် ဝန်းရံလိုက်ကြသည်။

သူတို့ပေးရသော တန်ကြေးက ကြောက်မက်ဖွယ်ကောင်းလျှင်တောင် ဤအချိန်တွင် အခြားရွေးစရာမရှိချေ။

သူတို့၏ မြင်းတပ်များကျသွားသော်လည်း အင်ပါယာနှစ်ခုက ရပ်တန့်မည့်လက္ခဏာမပြချေ။ လက်ရွေးစင်တပ်သားများက ရူဒ်ဆန် Frestech မဟာမိတ်အင်အားစုကို ဝန်းရံလျှက် ဆက်လက်ချီတက်နေကြဆဲပင်။

တစ်ဖက်တွင် ရူဒ်ဆန် Frestech မဟာမိတ်အင်အားစုက မှော်အမြောက်များ၏ မီးတောက်များ ဆက်လက်ပစ်ထုတ်ကာ တာရာလွင်ပြင်တစ်လျှောက် ဧရာမအသံကြီးများ အဆက်မပြတ် ပဲ့တင်ထပ်သွားစေသည်။

ရူဒ်ဆန် Frestech မဟာမိတ်အင်အားစုနှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်တွေ့ခဲ့ပြီးသောကြောင့် ကန်ဒရာအင်ပါယာက ရူဒ်ဆန် Frestech မဟာမိတ်အင်အားစု၏ မီးစွမ်းအားကိုဖြေရှင်းရန် နည်းလမ်းတစ်ခုကို တဖြည်းဖြည်းရှာတွေ့ခဲ့သည်။ သူတို့က ရိုးရာစစ်ဗျူဟာဖြစ်သည့် သိပ်သည်းသော ပုံစံများကိုပင် တူညီစွာ ပြန်မသုံးတော့ဘဲ သူတို့၏လူအင်အားအပေါ် မှီခိုကာ ရန်သူကိုအနိုင်ယူရန် တတ်နိုင်သမျှ လူဖြန့်လိုက်ကြသည်။ ဤသို့လုပ်ခြင်းဖြင့် မှော်အမြောက်ဆန်တစ်ခုစီကြောင့်ဖြစ်သည့် သေကြေပျက်စီးမှုကို တတ်နိုင်သမျှ နည်းသွားစေပေလိမ့်မည်။

ဤအရာက သူတို့၏ ယေဘုယျတိုက်ခိုက်ရေးစွမ်းအားကို ကျဆင်းသွားစေသော်လည်း အင်ပါယာနှစ်ခုက ရူဒ်ဆန် Frestech မဟာမိတ်အင်အားစု၏ ခဲယမ်းမီးကျောက်များကို တတ်နိုင်သမျှ ကုန်ခမ်းသွားအောင်လုပ်ဆောင်ရင်း သူတို့၏ပုံစံကို ရှုပ်ထွေးသွားစေရန် သူတို့၏တပ်ဖွဲ့များထံ ချဉ်းကပ်ကာ တဟုန်ထိုးဝင်ရောက်တိုက်ခိုက်ရန် ကြိုးစားလိုက်ကြသည်။

နှစ်ဖက်တိုက်ခိုက်ကြသည်နှင့် ရူဒ်ဆန် Frestech မဟာမိတ်အင်အားစု၏ အားသာချက်က အင်ပါယာနှစ်ခု၏ စွမ်းအားကြီးသော တပ်သားများရှေ့တွင် မည်သည်မျှမဟုတ်တော့‌ချေ။

ရူဒ်ဆန် Frestech မဟာမိတ်အင်အားစု၏ အခြေအနေက ကောင့်ထ် ဒါစီ ၏မျက်စိရှေ့တွင် ပေါ်လာပြီး သူ့အမူအရာက ပြောင်းလဲသွား၏။

“ခေါင်းဆောင်ဟာ့ထ် ဒီအတိုင်းဆက်ဖြစ်နေရင် ကျွန်တော်တို့ရဲ့ မှော်အမြောက်ဆန်အထောက်အပံ့တွေကို ထိန်ထားနိုင်မှာမဟုတ်တော့ဘူး”

ခေါင်းဆောင်ဟာ့ထ်က ခေါင်းငြိမ့်လိုက်သည်။ “အဟုတ်ပဲ။ ဒီနှုန်းနဲ့ဆိုရင် ကျုပ်တို့ရဲ့မီးစွမ်းအားကို နာရီဝက်ပြည့်အောင်တောင် ထိန်းထားနိုင်မှာမဟုတ်တော့ဘူး”

“နာရီဝက်တောင်မပြည့်တော့ဘူး ဟုတ်လား” ကောင့်ထ် ဒါစီ တုန်လှုပ်သွား၏။ “ဒါဆို…… ကျွန်တော်တို့ရဲ့ နောက်ထပ်တိုက်ပွဲအစီအစဉ်ကို ဆောင်ရွက်လိုက်ရတော့မလား”

ခေါင်းဆောင်ဟာ့ထ်က လက်ပတ်နာရီကို ငုံ့ကြည့်ပြီးနောက် ခေါင်းယမ်းလိုက်သည်။

“ဆယ်မိနစ်ကျန်ပါသေးတယ် အခု အလျင်မလိုသေးနဲ့ဦး။ ကောင့်ထ် ဒါစီ ခင်ဗျားတို့ရဲ့ မှော်တိုက်ယာဉ်အဖွဲ့နဲ့ ကျုပ်တို့ရဲ့ မှော်တင့်ကားအဖွဲ့နဲ့ ပေါင်းပြီး ရန်သူရဲ့တိုက်ခိုက်မှုတွေကို အချိန်ဆွဲထားခိုင်းလိုက်ပါ”

“ကောင်းပါပြီ”

ကောင့်ထ် ဒါစီ က ပြန်ဖြေကာ အမိန့်ပေးရန် ချက်ချင်း လှည့်ထွက်သွားသည်။

နှစ်မိနစ်ခန့်ကြာပြီးနောက် ရူဒ်ဆန်စစ်တပ်မှ အထူးထုတ် မှော်တိုက်ယာဉ်ပေါင်းငါးရာနှင့်အတူ Frestech ကုန်သည်ကြီးများအသင်း၏ တင့်ကားနှစ်ရာက ရူဒ်ဆန် Frestech မဟာမိတ်အင်အားစုတပ်စခန်းအတွင်းမှ အုပ်လိုက်ထွက်လာသည်။ သူတို့က အနောက်တောင်ဘက်ရှိ မားလိုအင်ပါယာတပ်ဖွဲ့များထံ အလုံးအရင်းနှင့် ချီတက်သွားကြ၏။

သူတို့က ကန်ဒရာအင်ပါယာရှိရာ အရှေ့မြောက်ဘက်သို့ မရွေးချယ်ရသည့် အကြောင်းအရင်းမှာ အဓိကအားဖြင့် ရန်သူများက ကြိုတင်၍ ကတုတ်ကျင်းများတူးထားပြီး မှော်တိုက်ယာဉ်များနှင့် မှော်တင့်ကားများကို အတိုင်းအတာတစ်ခုထိ နှောင့်နှေးစေမည်စိုးသောကြောင့်ပင်။

မှော်တိုက်ယာဉ်များနှင့် မှော်တင့်ကားများ ထွက်သွားပြီးနောက် ရူဒ်ဆန် Frestech မဟာမိတ်အင်အားစုကလည်း သူတို့၏မှော်အမြောက်များကို ဘက်ပြောင်းလိုက်ကြသည်။ သူတို့က သူတို့၏မီးစွမ်းအားကို မြောက်အရပ်မှချီတက်လာသော ကန်ဒရာအင်ပါယာစစ်တပ်ထံ ချိန်ရွယ်လိုက်ပြီး မားလိုအင်ပါယာတပ်ဖွဲ့များထံ မပစ်တော့ချေ။

ရူဒ်ဆန် Frestech မဟာမိတ်အင်အားစုတပ်စခန်းများအတွင်းမှ များပြားလှသော မှော်တိုက်ယာဉ်နှင့် မှော်တင့်ကားများက ကျားများကဲ့သို့ ချီတက်လာသည်ကို မြင်သောအခါ အင်ပါယာနှစ်ခု၏ ဗိုလ်ချုပ်များမှာ ပိုပြီးတက်ကြွလာကြသည်။

ဤတိုက်ပွဲတွင် ရူဒ်ဆန် Frestech မဟာမိတ်အင်အားစုက သူတို့၏ပုံစံကိုကာကွယ်ရန် မှော်အမြောက်များကိုသာသုံးနေပြီး လုံးဝ ရှေ့တက်မလာခဲ့ချေ။ ယခုက ရူဒ်ဆန် Frestech မဟာမိတ်အင်အားစု၏ ပထမဆုံး တန်ပြန်တိုက်ခိုက်မှုဖြစ်သည်။

၎င်းက အနည်းငယ် ခြိမ်းခြောက်နိုင်စွမ်းရှိသော်လည်း တွေးကြည့်လျှင် ရူဒ်ဆန် Frestech မဟာမိတ်အင်အားစုက သူတို့၏ ခဲယမ်းသိုလှောင်ထားမှုအပေါ် ယုံကြည်ချက်မရှိသောကြောင့် သူတို့၏ကုန်ခမ်းမှုကို အရှိန်လျှော့ရန် လက်ဦးမှုယူကာ တိုက်ခိုက်လိုက်ခြင်းဖြစ်မှန်း သူတို့သဘောပေါက်လိုက်ကြသည်။

မားလိုအင်ပါယာက အလျင်အမြန်ပင် တုံ့ပြန်လိုက်၏။

မားလိုအင်ပါယာ၏ ဗိုလ်ကြီး စန်းရီ က သူ၏လက်ကြီးကို ဝေ့ယမ်းလိုက်ပြီး အသင့်ပြင်ထားသော အုပ်စုနှစ်စုထဲရှိ မြင်းတပ်သားတစ်သောင်းက စစ်မြေပြင်၏ ဘယ်တောင်ပံနှင့် ညာတောင်ပံတို့မှ ထက်ရှသော ဓားသွားများသဖွယ် ရှေ့တက်သွားကြသည်။

သူတို့၏တာဝန်က မှော်တိုက်ယာဉ်များ၊ မှော်တင့်ကားများနှင့် တိုက်ခိုက်ရန်မဟုတ်ဘဲ သူတို့၏ မြင့်မားသော ရွေ့လျားနိုင်စွမ်းကိုသုံး၍ သူတို့ကို နှောင့်ယှက်ကာ ရူဒ်ဆန် Frestech မဟာမိတ်အင်အားစုအပေါ် ခြိမ်းခြောက်မှုကို ဆက်ထိန်းထားရန်ဖြစ်သည်။ ဤအရာက မှော်တိုက်ယာဉ်နှင့် မှော်တင့်ကားအုပ်စုကို မားလိုအင်ပါယာတပ်ဖွဲ့များထဲသို့ မချီတက်ရဲအောင် အာမခံပေးပေလိမ့်မည်။

တစ်ချိန်တည်းတွင် မားလိုအင်ပါယာ၏ မထိရသေးသော မှော်အမြောက်များက နောက်ဆုံးတွင် ဒေါသတကြီး ဟိန်းဟောက်သံများ ထွက်ပေါ်လာ၏။

“ဝုန်း ဝုန်း ဝုန်း ဝုန်း”

သီးသန့်ထုတ်ထားသော မှော်အမြောက်ငါးရာနှင့် မတိုင်မီက Frestech ကုန်သည်ကြီးများအသင်းထံမှ ဝယ်ထားသော မှော်အမြောက်တစ်ရာက တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုများ ပြုလုပ်ကာ စစ်မြေပြင်အထက်သို့ လှပပြီး တလက်လက်တောက်ပသည့် မီးတောက်ပေါင်းများစွာ ထုတ်လွှတ်လိုက်သည်။

ပြောရမည်ဆိုလျှင် မားလိုအင်ပါယာတွင် မှော်အမြောက်နည်းပညာနှင့်ပတ်သတ်ပြီး အမှန်တကယ်ပင် နားလည်သဘောပေါက်မှုမရှိချေ။

ဤတိုက်ပွဲတွင် သူတို့မှော်အမြောက်ဆန်များ၏ တိကျမှုက အမြင်အားဖြင့်သာ ကြောက်စရာကောင်းလွန်းနေခြင်းဖြစ်သည်။

၎င်းက မှော်တိုက်ယာဉ်နှင့် မှော်တင့်ကားများထံ ရှင်းရှင်းလင်းလင်း ရည်ရွယ်ထားခြင်းဖြစ်သော်လည်း အစိတ်အပိုင်းငယ်လေးတစ်စသာလျှင် သူတို့၏ပုံစံပေါ် သက်ဆင်းနိုင်လိုက်ပြီး အများစုက ရွဲ့စောင်းကာ မည်သူမျှမသိသောနေရာထံ ရောက်သွားသည်။

ထိသွားသော အမြောက်များကမူ ကံအပေါ်တွင်သာ မူတည်ပေသည်။

ထို့ကြောင့် ထိုမှော်အမြောက်များမှာ ပစ်လိုက်ချိန်၌ စွမ်းအားကြီးပုံပေါ်သော်လည်း သူတို့ဖန်တီးလိုက်သော ပျက်စီးမှုက အသေးစားသာဖြစ်၏။

၎င်းတို့က ထူထဲသောကိုယ်ထည်များနှင့် ရူဒ်ဆန်တိုင်းပြည်၏ မှော်တိုက်ယာဉ်နှင့် မှော်တင့်ကားများဖြစ်သည့်အတွက် ထိုမှော်အမြောက်ဆန်များ၏ အားကောင်းသော သက်ရောက်မှုကို လုံးဝမဖြုံပေ။

ကံမကောင်းအကြောင်းမလှစွာ ထိမိသွားသော မှော်တိုက်ယာဉ်နှင့် မှော်တင့်ကားအချို့ရှိသော်လည်း သူတို့၏ မှော်အတားအဆီးများ၏ ကာကွယ်မှုအောက်တွင် သူတို့က ဘေးကင်းကြ၏။

သို့သော် မားလိုအင်ပါယာ၏ မှော်အမြောက်များပစ်ခတ်မှုသည် မှော်တိုက်ယာဉ်နှင့် မှော်တင့်ကားများကို အမှန်တကယ်ဖျက်ဆီးနိုင်ရန် မျှော်လင့်ထားခြင်းမဟုတ်ပေ။

ဤကြောက်မက်ဖွယ်မွန်းစတားများကို စစ်မြေပြင်၌ အမှန်တကယ်ပင် မကျော်လွှားနိုင်ကြောင်း အင်ပါယာနှစ်ခုနှင့် Frestech ကုန်သည်ကြီးများအသင်းအဖွဲ့ကြားမှ တိုက်ပွဲများတွင် အကြိမ်ပေါင်းမရေနိုင်အောင် သက်သေပြထားပြီးသားဖြစ်သည်။

သူတို့၏ ပန်းတိုင်အစစ်က မှော်တိုက်ယာဉ်နှင့် မှော်တင့်ကားများမဟုတ်ဘဲ သူတို့အောက်ရှိ မြေပြင်ဖြစ်သည်။

မှော်အမြောက်များ တရစပ်ပစ်ခတ်မှုအောက်တွင် ချော‌မွတ်သော မြေပြန့်လွင်ပြင်မှာ ရုတ်တရက် ပေါက်ကွဲမှုကြောင့်ဖြစ်သော ချိုင့်ခွက်ကြီးများဖြင့် ပြည့်လာ၏။

၎င်းတို့က မှော်တိုက်ယာဉ်နှင့် မှော်တင့်ကားများ၏ ရှေ့တက်ခြင်းကို အကြီးအကျယ် အဟန့်အတားဖြစ်စေပြီး မှော်တိုက်ယာဉ်နှင့် မှော်တင့်ကားအချို့ကို ချိုင့်ခွက်များထဲပြုတ်ကျကာ ပြန်မတက်နိုင်အောင်ပင် ဖြစ်လာစေသည်။

ဤအချိန်တွင် သူတို့၏ရွေ့လျားနိုင်စွမ်းအပေါ် မှီခိုလျှက် တာရာ လွင်ပြင်ကိုဖြတ်ကာ ချီတက်နေသော မားလိုအင်ပါယာ၏ ရိုးရိုးမြင်းတပ်များနှင့် သံချပ်ကာမြင်းတပ်များက လုံးလုံးချားလျား ပြောင်းလဲသွား၏။ မျက်စိတစ်မှိတ်အတွင်း သူတို့က သူတို့နှင့် ရူဒ်ဆန် Frestech မဟာမိတ်အင်အားစုကြားရှိ အကွာအဝေးကို ဖြတ်ကျော်သွားသည်။

ထွက်လာသော မှော်တိုက်ယာဉ်နှင့် မှော်တင့်ကားအရေအတွက်က များသောကြောင့် ရူဒ်ဆန် Frestech မဟာမိတ်အင်အားစုက မှော်အမြောက်များကိုသုံး၍ တိုက်ခိုက်ခြင်းမပြုပေ။ မဟုတ်ပါက သူတို့က ကိုယ့်မဟာမိတ်အဖွဲ့များကိုယ် ပြန်ထိခိုက်စေပေလိမ့်မည်။

ရူဒ်ဆန် Frestech မဟာမိတ်အင်အားစုက မားလိုအင်ပါယာ၏ ရှေ့တက်လာမှုကို မရပ်တန့်နိုင်ပုံပင်။

“ဟမ့် ငါတို့မှာ မှော်အမြောက်တွေသုံးတဲ့အကွက်ပဲရှိတယ်လို့ တကယ်ကြီးထင်နေတာလား” အဝေးရှိ ရူဒ်ဆန် Frestech မဟာမိတ်အင်အားစုစခန်းရှိ ခေါင်းဆောင်ဟာ့ထ်က ဤအချင်းအရာကိုမြင်သောအခါ အေးစက်စွာ ရယ်မောလိုက်သည်။ သူက မှော်ဆက်သွယ်ရေးကိရိယာကို ကောက်ယူကာ အမိန့်ပေးလိုက်သည်။

အတန်ကြာပြီးနောက် မြေပြင်ပေါ်ရှိ အဟန့်အတားများကြောင့် မြန်မြန်မရွေ့လျားနိုင်ဖြစ်နေသော Frestech ကုန်သည်ကြီးများအသင်း၏ မှော်တင့်ကားများက ရုတ်တရက် အတူတကွ လှုပ်ရှားလိုက်ကြသည်။ သူတို့က မားလိုအင်ပါယာမြင်းတပ်၏ ချီတက်မှုကို တားဆီးရန် နံရံတစ်ခုဖွဲ့စည်းနေသကဲ့သို့ ရေပြင်ညီအတိုင်း အလျင်အမြန် ဖြန့်ကျက်လိုက်သည်။

မားလိုအင်ပါယာမြင်းတပ်၏ တပ်မှူးက ဤအချင်းအရာကို မြင်ပြီး ဆက်တက်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။

ဤမှော်တင့်ကားနှစ်ရာက လမ်းကြောင်းကိုပိတိထားသကဲ့သို့ ထင်မှတ်ရသော်လည်း တင့်ကားများကြားတွင် အတော်လေးကြီးသော ကွက်လပ်တစ်ခု ရှိနေသောကြောင့် သူတို့က အလွယ်တကူ ဖြတ်သွားနိုင်၏။

ထိုမှော်တင်ကားများကို ဖြေရှင်းရန်အတွက်ကိုမူ သူတို့နောက်ရှိ သံချပ်ကာခြေလျင်တပ်က တာဝန်ယူပေလိမ့်မည်။

သို့သော် သူတို့ချီတက်သွားသည်နှင့်ချက်ချင်း မှော်တင့်ကားနှစ်ရား၏ စက်အမြောက်များက တစ်ပြိုင်နက်တည်း မြည်ဟီးလာသည်။

ပုံမှန်အမြောက်များနှင့် မတူကွဲကွဲပြားစွာ မှော်တင့်ကားများ၏ အမြောက်များက အရွယ်အစားပိုသေးကာ ပိုငယ်သော အမြောက်ဆန်များရှိသော်လည်း သူတို့က မြေပြင်နှင့် အလွန်နီးကပ်နေသောကြောင့် အမှန်တကယ်ပင် သာမန်မှော်အမြောက်များထက် များစွာပိုအားကောင်း၏။

တစ်ကျော့လောက်ပစ်လိုက်ရုံဖြင့် လက်ရွေးစင်မြင်းတပ်သားတစ်သောင်းမှာ လွင့်ထွက်သွားပြီး မြင်းစီးသူရဲကောင်းတစ်ဝက်နီးပါး တောင့်မခံနိုင်တော့ပေ။

မားလိုအင်ပါယာမြင်းတပ်ဖွဲ့၏ လက်ကျန်တပ်သားများက ဤအချိန်မှ နောက်မဆုတ်နိုင်တော့မှန်း အလိုလိုသိလိုက်ပြီး အံတင်းတင်းကြိတ်ကာ ချီတက်လိုက်ကြသည်။

သို့သော် မှော်တင့်ကားများထံမှ ဒုတိယအကျော့ ပစ်ခတ်မှုအောက်တွင် မြင်းစီးသူရဲကောင်း သုံးပုံတစ်ပုံနီးပါး ကျသွားသည်။

မျက်စိတစ်မှိတ်အတွင်း မြင်းစီးတပ်သားတစ်သောင်း၌ လူတစ်ထောင်ပင် မကျန်တော့ချေ။

ဤအချိန်တွင် ရူဒ်ဆန်တိုင်းပြည်မှ မှော်တိုက်ယာဉ်ငါးရာ၏ အမိုးများ ပွင့်လာ၏။ မှော်တိုက်ယာဉ်တစ်စီးစီတွင် လက်နက်အပြည့်အစုံတပ်ဆင်ထားသော ရူဒ်ဆန်တပ်သားနှစ်ဦးရှိပြီး သူတို့ပတ်ပတ်လည်ရှိ မားလိုအင်ပါယာမြင်းစီးတပ်သားများကို ပစ်ချလိုက်ကြသည်။

ဤသို့ဖြင့် မားလိုအင်ပါယာမှလာသော အင်အားသုံးသောင်းပါ မြင်းစီးတပ်ဖွဲ့မှာ အပြီးအပြတ် ချေမှုန်းခံလိုက်ရတော့သည်။

***

မှော်စက်မှုအင်ပါယာ

Volume 7 အခန်း ၁၄၂။ နောက်ဆုံးတိုက်ပွဲ(၅)

Frestech ကုန်သည်ကြီးများအသင်း၏ မှော်တင့်ကားများက မြင်းတပ်သားတစ်သိန်းချေမှုန်းပြီးနောက် တန်ကြေးကိုဂရုမစိုက်ဘဲ ရူဒ်ဆန်တိုင်းပြည်၏ မှော်တိုက်ယာဉ်များနှင့် အတူပြန်စုစည်းကာ မားလိုအင်ပါယာတပ်ဖွဲ့များထံ ချဉ်းကပ်လာသောကြောင့် ဗိုလ်ကြီး စန်းရီ မှာ စိတ်ထိခိုက်ချိန်ပင်မရလိုက်ပေ။

အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ဗိုလ်ကြီး စန်းရီ က ကျွမ်းကျင်ဘုန်းတော်ကြီးဝတ်ရုံများနှင့် မှော်ပညာရှင်လေးဦးထံ လှည့်ကြည့်ကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ “အရှင်တို့လေးယောက်နဲ့ ဂုဏ်သရေရှိ မှော်ပညာရှင်တွေကိုပဲ အားကိုးရတော့မယ်”

မားလိုအင်ပါယာမှ ဤစစ်ပွဲသို့လိုက်လာသော ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး သူတို့အားလုံး၏ မျက်လုံးများထဲတွင် ခါးသီးသော အမူအရာတို့ ပေါ်လာသည်။

အတိတ်က‌ဆိုလျှင် တိုက်ပွဲတစ်ပွဲရှိတိုင်း ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးပေါ်လာသည်နှင့် တိုက်ပွဲကိုဆုံးဖြတ်ရန် လုံလောက်ပေသည်။

ယခုမူ ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦး ပူးပေါင်းထားပြီး သူတို့လက်အောက်တွင် မားလိုအင်ပါယာ၏ အထူးချွန်ဆုံး မှော်ပညာရှင်များရှိသော်လည်း ဤတိုက်ပွဲကိုအနိုင်ရရန် လုံးဝ ယုံကြည်ချက်မရှိပေ။

ယခုထိတိုင် သူတို့၏အပေါင်းအပါ ကျွမ်းကျင်ဘုန်းတော်ကြီးများကိုသတ်ရန် Frestech ကုန်သည်ကြီးများအသင်း အသုံးပြုခဲ့သော နည်းလမ်းများကို သူတို့ နားမလည်သေးပေ။

Frestech ကုန်သည်ကြီးများအသင်းကိုတိုက်ခိုက်ရင်း ဒဏ်ရာရခဲ့သော ကျွမ်းကျင်ဘုန်းတော်ကြီးသုံးဦးက အသေးစိတ်ပြန်ပြောပြသော်လည်း သူတို့က အကြောင်းအရင်းကို နားမလည်နိုင်ဘဲ ရှိနေသေးသောကြောင့် ၎င်းက အလိုအလျောက်ပင် သူတို့ကို မကူညီနိုင်ချေ။

ထို့ကြောင့် ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးအတွက် Frestech ကုန်သည်ကြီးများအသင်းနှင့်တိုက်ပွဲသည် လျှို့ဝှက်ဆန်းကြယ်မှုများ၊ အန္တရာယ်များနှင့် ပြည့်နေဆဲပင်။

သို့သော် သူတို့ ဤနေရာတွင် ရောက်နေပြီဖြစ်သည်။

မားလိုအင်ပါယာအတွက်ကြောင့်မဟုတ်လျှင်တောင် မှော်ပညာကိုလေ့လာရန် သူတို့လာရမည်ဖြစ်၏။

“တိုက်ဖို့ပြင်တော့”

ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးက တစ်ပြိုင်နက်တည်း ခေါင်းငြိမ့်လိုက်ပြီး သူတို့အထက်တွင် ဖြစ်စဉ်အမျိုးမျိုးဖန်တီးလျှက် သူတို့၏မှော်စွမ်းအားများကို အရူးအမူး ထုတ်လွှတ်လိုက်သည်။

တားမြစ်မန္တန်တစ်ခု ချက်ချင်း ထွက်ပေါ်လာ၏။

ကျန်သည့် မှော်ပညာရှင်များကလည်း ငြိမ်မနေဘဲ သူတို့၏မှော်စွမ်းအားများ ထုတ်လွှတ်ကာ သူတို့ရှိသမျှခွန်အားနှင့် မှော်အတားအဆီးများကိုဖွင့်လျှက် မားလိုအင်ပါယာစစ်သားများအား ဝန်းရံလိုက်သည်။

မှော်အမြောက်များ၏ စွမ်းအားကြီးသော တိုက်ခိုက်မှုများကို တား‌ဆီးရန် တပ်သားများ၏ အသွေးအသားတို့နှင့် ဖွဲ့စည်းထားသည့် ခန္ဓာကိုယ်များနှင့် မဖြစ်နိုင်ဘဲ မှော်အတားအဆီးများဖြင့်သာ တတ်နိုင်မည်ဖြစ်သည်။

သို့သော် ရူဒ်ဆန် Frestech မဟာမိတ်အင်အားစုတွင် သိသာထင်ရှားစွာပင် မှော်အမြောက်ဆန်များ အလုံအလောက်မရှိသောကြောင့် သူတို့၏ မှော်အတားအဆီးများနှင့် လက်ရွေးစင်တပ်သားများတွင်ရှိသည့် သံချပ်များကိုသုံးလျှင် သာမန်မှော်ထပ်ဆင့်‌လေးများကို ကာကွယ်ရန် ပြဿနာမဟုတ်တော့ပေ။

သို့သော် သူတို့အသင့်ဖြစ်နေချိန်၌ အနောက်ဘက်ကောင်းကင်၌ တိမ်ထုများပေါ်လာ၏။

ဗိုလ်ကြီး စန်းရီ မော့ကြည့်လိုက်ပြီး သူ့မျက်နှာက ပျက်ယွင်းသွားသည်။

၎င်းက တစ်ခါမျှပေါ်မလာခဲ့ဘဲ နောက်ဆုံးတွင် ပေါ်လာပြီဖြစ်သည့် မှော်လေသင်္ဘောအုပ်စုဖြစ်သည်။

ထို့ပြင် သူတို့ပေါ်လာချိန်၌ အင်ပါယာနှစ်ခါမျှော်လင့်ထားသကဲ့သို့ အစင်းသုံးလေးဆယ်မကပေ။ အနက်ရောင်အကွက်များကို အကြမ်းဖျဉ်းရေကြည့်ရုံဖြင့် တစ်ရာကျော်နေပြီဖြစ်ကြောင်း ပြောနိုင်သည်။

မှော်လေသင်္ဘောများက ကောင်းကင်ယံမှ အလျင်အမြန် ချဉ်းကပ်လာသည်ကို ကြည့်ကာ ဗိုလ်ကြီး စန်းရီ ၏ စိတ်ထဲတွင် အနည်းငယ်တုံ့ဆိုင်းသွား၏။

အထက်ရှိ ဤမှော်လေသင်္ဘောများနှင့်ရင်ဆိုင်ရန် သာမန်တပ်သားများက အလုပ်ဖြစ်မည်မဟုတ်ဘဲ ကောင်းကင်သို့ပျံတက်နိုင်သော မှော်ပညာရှင်များအပေါ် မှီခိုရုံသာ တတ်နိုင်တော့သည်။

သို့သော် မတိုင်မီက မရေမတွက်နိုင်သော တိုက်ပွဲများ၌ မှော်လေသင်္ဘောများတွင် မှော်ပညာရှင်များနှင့်ရင်ဆိုင်ရန် အထူးနည်းလမ်းတစ်ခုရှိကြောင်း သက်သေခဲ့ပြီးဖြစ်သည်။ ကျွမ်းကျင်ဘုန်းတော်ကြီးပင် မလွတ်မြောက်နိုင်ပေ။

မားလိုအင်ပါယာ၏ ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦး ကျသွားရခြင်းမှာ မှော်လေသင်္ဘောများနှင့် တိုက်ခိုက်ခြင်းကြောင့်ဖြစ်သည်။

ဤမှော်လေသင်္ဘောများသည် ကျွမ်းကျင်ဘုန်းတော်ကြီးများကိုပင် သတ်နိုင်ပြီး သာမန်မှော်ပညာရှင်များ မလွတ်မြောက်နိုင်သည်မှာ သဘာဝပင်။

သို့သော် ဤမှော်လေသင်္ဘောများကို လျစ်လျူရှုထားပါက ၎င်းတို့၏ လေကြောင်းအရသာလွန်မှုနှင့်ဆိုလျှင် တိုက်ခိုက်မှုကို အနိုင်ရရန်အသာထား၊ လုံးလုံးလျားလျား အမြစ်ဖြုတ်သုတ်သင်ခံရခြင်းမှ ကာကွယ်နိုင်ခြင်းရှိမရှိပင် ပြောရန်ခက်၏။

“ဗိုလ်ကြီး လုပ်လိုက်ကြစို့” ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးက ကောင်းကင်ရှိ မှော်လေသင်္ဘောများကို ကြည့်ပြီးနောက် ဗိုလ်ကြီး စန်းရီ အား ကြည့်လိုက်သည်။ “ကျုပ်တို့ အချိန်အကြာကြီး ပြင်ဆင်ခဲ့ပြီးပြီ။ စမ်းကြည့်လို့ရပါပြီ”

ဗိုလ်ကြီး စန်းရီ က တွေဝေသွားပြီးနောက် ခေါင်းငြိမ့်လိုက်သည်။

“ဒါဆိုလည်း သတိထားကြပါ”

ထိုကျွမ်းကျင်ဘုန်းတော်ကြီးက ခေါင်းတစ်ချက်ငြိမ့်ပြီးနောက် နောက်ထပ်ကျွမ်းကျင်ဘုန်းတော်ကြီးများနှင့် မဟာမှော်ပညာရှင်ခုနစ်ဦးနှင့်အတူ ပျံဝဲထွက်သွားသည်။

သူတို့ပျံသန်းရင်း လမ်းတစ်ဝက်အရောက်တွင် ကန်ဒရာအင်ပါယာတပ်ဖွဲ့များဘက်မှ ပုံရိပ်အများအပြားပေါ်လာ၏။ Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောများ ပေါ်လာခြင်းကို မြင်ပြီးနောက် ကန်ဒရာအင်ပါယာကလည်း တူညီသောလုပ်ရပ်ကို လုပ်ခဲ့ပုံပင်။

နှစ်ဖက်ကြားတွင် စုစုပေါင်းကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးနှင့် မဟာမှော်ပညာရှင်ဆယ့်ခြောက်ဦးရှိ၏။ သူတို့က တစ်ဖက်နှင့်တစ်ဖက် ကြိုတင်ဆက်သွယ်ထားပြီးဖြစ်သောကြောင့် အလျင်အမြန်ပင် အတူတကွ စုဝေးလိုက်ကြသည်။

“အဲ့ဒီ မှော်လေသင်္ဘောတွေမှာ မှော်ပိုင်နက်ချိပ်ပိတ်ခြင်းအစီအရင်ရှိတယ်။ ဒါပေမယ့် ဒီအစီအရင်ရဲ့ ရောက်နိုင်တဲ့အဝန်းအဝိုင်းက အကန့်အသတ်ရှိပြီး သူ့ကိုထုတ်လိုက်တဲ့အချိန်မှာ သိသာတဲ့လက္ခဏာတွေပြတယ်။ ဝင်းဝင်းလက်လက်လေးတွေပေါ်လာမှာဆိုတော့ သတိထားမိဖို့လွယ်ပါတယ်”

ကန်ဒရာအင်ပါယာ၏ ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးက ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့ထံမှ ရထားသော အချက်အလက်ကို အလျင်အမြန် ပြောလိုက်သည်။

“အဲ့ဒီလက္ခဏာတွေကို အာရုံစိုက်ပြီး အနေအထားဆက်တိုက်ပြောင်းနေသရွေ့ ငါတို့ မှော်ပိုက်နက်ချိပ်ပိတ်ခြင်းအစီအရင်ရဲ့ ရိုက်ခတ်မှုကို ခံရမှာမဟုတ်ဘူး။ သူတို့ကို ဘယ်လိုတိုက်ခိုက်မလဲဆိုတာကတော့….. သူတို့ပတ်ပတ်လည်က မှော်အတားအဆီးကို ချိုးဖျက်နိုင်တာနဲ့ သူတို့က သာမန်သံမဏိဘောင်လေးတစ်ချို့လောက်ပါပဲ”

ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးက တိုက်ခိုက်ရေးအစီအစဉ်ကို မြန်မြန်ဆန်ဆန် အတည်ပြုပြီးနောက် လူဖြန့်လိုက်ပြီး ခပ်လှမ်လှမ်းမှ ပြွတ်သိပ်နေသော မှော်လေသင်္ဘောအုပ်စုကို တိုက်ခိုက်မှုများ စတင်လိုက်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးနှင့် မှော်ပညာရှင်ဆယ့်ခြောက်ဦး၏ တိုက်ခိုက်မှုများမှာ သဘာဝကျစွာပင် ကြောက်မက်ဖွယ်ကောင်း၏။

မျက်စိတစ်မှိတ်အတွင်း ကောင်းကင်၌ အဆင့်မြင့်မန္တန်များကို ကိုယ်စားပြုသည့် မရေမတွက်နိုင်သော အလင်းရောင်တို့ဖြင့် ပြည့်သွားသည်။

သို့သော် ထိုမန္တန်များ မှော်လေသင်္ဘောများအနီး ချဉ်းကပ်လိုက်ချိန်တွင် မှော်လေသင်္ဘောများက ရုတ်တရက် အပြာဖျော့‌ဖျော့အလင်းရောင်တစ်ခုထုတ်လွှတ်ကာ မည်သည်မျှမဖြစ်ခဲ့သည့်အတိုင်း ထိုမန္တန်များကို ပျောက်ကွယ်သွားစေသည်။

ကောင်းကင်ရှိ ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးနှင့် မဟာမှော်ပညာရှင် ဆယ့်ခြောက်ဦးအပြင် စောင့်ကြည့်နေကြသော အင်ပါယာနှစ်ခု၏ စခန်းများအားလုံး ဤအဖြစ်အပျက်ကြောင့် ကြက်သေသေသွားကြ၏။

မည်သို့ဖြစ်နိုင်မည်နည်း။

ထိုမှော်လေသင်္ဘောများကသာ သူတို့၏မှော်အတားအဆီးများသုံး၍ ထိုမန္တန်များကို တားဆီးခဲ့သည်ဆိုလျှင် မည်သူမျှအံ့ဩမည်မဟုတ်ပေ။

သို့သော် ထိုမန္တန်များ မှော်လေသင်္ဘောများအား မထိမိခင်၌ မှော်လေသင်္ဘောများက သူတို့၏မှော်အတားအဆီးများကိုပင် မထုတ်လွှတ်ဘဲ ၎င်းတို့အား အစအနမကျန်အောင် ပျောက်ကွယ်သွားစေလိုက်သည်။ ဤအရာက.... သူတို့၏ အခြေခံသိနားလည်မှုနှင့် အတော်လေးဆန့်ကျင်နေ၏။

သို့သော် သူတို့ တုံ့ပြန်ချိန်ပင်မရမီ မှော်လေသင်္ဘောအစီးတစ်ရာက ကောင်းကင်တွင် အလျင်အမြန် ဖြန့်ကျက်သွားပြီး ဤစစ်တလင်း၏ အထက်ကောင်းကင်ကို ချက်ချင်း သိမ်းပိုက်လိုက်သည်။

ထို့နောက် မှော်လေသင်္ဘောများအားလုံးထံမှ တောက်ပသော အလင်းရောင်များ ရုတ်တရက် ထုတ်လွှတ်လိုက်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးနှင့် မဟာမှော်ပညာရှင်ဆယ့်‌ခြောက်ဦး၏ ရင်ထဲတွင် မကောင်းသည့်နိမိတ် ခံစားလိုက်ရပြီး သူတို့၏ ရှိသမျှမှော်စွမ်းအားအကုန် ထုတ်လွှတ်ကာ မှော်လေသင်္ဘောများကို မီးကုန်ယမ်းကုန် တိုက်ခိုက်လိုက်သည်။

သို့သော် မတိုင်မီကကဲ့သို့ပင် သူတို့၏မန္တန်များက မှော်လေသင်္ဘောများ ထံချဉ်းကပ်သွားသည်နှင့် မှော်လေသင်္ဘောများက မတိုင်မီကနှင့်တူညီသော အပြာရောင်အလင်းကိုသာ ထုတ်လွှတ်လိုက်ပြီး သူတို့၏မန္တန်များ ပျောက်ကွယ်သွားရ၏။

တစ်ချိန်တည်းတွင် မှော်လေသင်္ဘောများက တိုက်ခိုက်လာတော့သည်။

မှော်လေသင်္ဘောများထံမှ မရေမတွက်နိုင်သော အဖြူရောင်အလင်းတန်းများ ထွက်လာပြီး အင်ပါယာနှစ်ခု၏ စခန်းများပတ်ပတ်လည်ထံ တိုက်ရိုက် ပျံဝဲထွက်သွားသည်။

အင်ပါယာနှစ်ခု၏ စခန်းများအထက်တွင် အရောင်အမျိုးမျိုးသော မှော်အတားအဆီးများပေါ်လာပြီး အင်ပါယာနှစ်ခု၏ မှော်ပညာရှင်များက အားကုန်ထုတ်၍ ဤတိုက်ခိုက်မှုများကို ခုခံလိုက်သည်။

သို့သော်…… ၎င်းက အဓိပ္ပာယ်မဲ့ခုခံမှုတစ်ခုသာ ဖြစ်၏။

အဖြူရောင်အလင်းတန်းများသည် မှော်ပညာရှင်များ၏ အားပြည့်အင်ပြည့် မှော်အတားအဆီးများကို လုံးလုံးလျားလျား လျစ်လျူရှုထားဟန်ဖြင့် မည်သည့်အဟန့်အတားမျှမရှိဘဲ ကျဆင်းလာပြီး မရေမတွက်နိုင်သော နှစ်ဖက်အင်ပါယာတပ်သားများပေါ်သို့ တည့်တည့်မတ်မတ် ဆင်းသက်သွားသည်။

“ဝုန်း ဝုန်း ဝုန်း ဝုန်း”

ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးနှင့် မဟာမှော်ပညာရှင်ဆယ့်ခြောက်ဦးမှာ အင်ပါယာနှစ်ခု၏ စခန်းများ ဝရုန်းသုန်းကားဖြစ်သွားသည်ကိုကြည့်ကာ ဘာလုပ်ရမှန်းမသိဘဲ ကြက်သေသေနေကြ၏။

ဤမတိုင်မီက အင်ပါယာနှစ်ခုသည် အရာအားလုံးနီးပါး ဖြစ်နိုင်သည်ဟု တွက်ဆလျှက် သေချာအစီအစဉ်ချကာ လာခဲ့ခြင်းဖြစ်သည်။

အင်ပါယာနှစ်ခု၏ အထွတ်အထိပ်ဟုယူဆထားသော ကျွမ်းကျင်ဘုန်းတော်ကြီးများအားလုံးက မလိုမုန်းထားမှုအားလုံးကို ဘေးချိတ်ကာ ထူးဆန်းသော စစ်ဘက်သုံးမှော်စက်များနှင့်ပတ်သတ်၍ ဖြေရှင်းနည်းပေါင်းစုံအပြင် မှော်လေသင်္ဘောများအားရင်ဆိုင်ရန် အစီအစဉ်တစ်ခုကို ဆွေးနွေးခဲ့ကြသည်။

သို့သော် သူတို့ဆွေးနွေးထားသော အစီအစဉ်အားလုံးက Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောများ၏ ယုတ္တိမတန်သော တိုက်ခိုက်မှုများရှေ့တွင် ဟာသတစ်ခုဖြစ်သွားရသည်။

သူတို့၏မန္တန်များက ထိုမှော်လေသင်္ဘောများကို မည်သည့်ခြိမ်းခြောက်မှုမျှ မဖြစ်စေသလို သူတို့က ထိုမှော်လေသင်္ဘော၏ တိုက်ခိုက်မှုများကိုလည်း မဖြေရှင်းနိုင်ချေ။

၎င်းတို့က….. သူတို့၏ နောက်ဆုံးမှော်အတားအဆီးကိုပင် လုံးလုံးလျားလျား လျစ်လျူရှုထားကြသည့်အတွက် သူတို့က ဤမှော်လေသင်္ဘောများ၏ တိုက်ခိုက်မှုများကို မည်သို့ခုခံရတော့မည်နည်း။

အောက်ရှိ အင်ပါယာနှစ်ခု၏ စခန်းများမှာ ဤအံ့ဩဖွယ်အခြေအနေကြောင့် လုံးလုံးလျားလျား ကြက်သေသေနေကြပြီး အချိန်အကြာကြီးကြာသည်အထိ မတုံ့ပြန်နိုင်ခဲ့ပေ။

လူတိုင်းက ကောင်းကင်ရှိ တိမ်တိုက်များနှင့်တူသော မှော်လေသင်္ဘောအစီးတစ်ရာကို အကြောင်သား စိုက်ကြည့်နေရင်း သူတို့ရင်ထဲတွင် မျှော်လင့်ချက်မဲ့ခြင်းတို့ ပြည့်လာသည်။

သူတို့ ဤမျှအကြာကြီး တောင့်ခံခဲ့ကာ သူတို့၏အစီအစဉ်များနှင့်အတူ နောက်ဆုံးတိုက်ပွဲသို့ ဝင်တော့မည်ဖြစ်ပြီး အောင်ပွဲအတွက် မျှော်လင့်ချက်အချို့ပင် မြင်လာရပြီဖြစ်သော်လည်း ဤမှော်လေသင်္ဘောများ ပေါ်လာသည်နှင့် ၎င်းတို့က သူတို့၏မျှော်လင့်ချက်များကို အပြီးအပိုင်ရိုက်ချိုးပစ်မည်ဟု ထင်မထားချေ။

သူတို့ထဲတွင် အင်ပါယာနှစ်ခု၏ ကျွမ်းကျင်ဘုန်းတော်ကြီးများက ပို၍ပင် စိတ်ပျက်လက်ပျက်ဖြစ်နေ၏။

သူတို့သည် အမြဲတမ်း သူတို့၏ ကြီးမားသော ကျွမ်းကျင်ဘုန်းတော်ကြီးစွမ်းအားအပေါ် မှီခိုကာ အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းတွင် သူတို့၏နားလည်မှုထက်ကျော်လွန်သော စွမ်းအားများ ရှိနေလျှင်တောင် သူတို့က မည်သို့ပင်ဖြစ်စေ ကျွမ်းကျင်ဘုန်းတော်ကြီးများဖြစ်သည်။ သူတို့က ဤကမ္ဘာ၏ အထွတ်အထိပ်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်သောကြောင့် သူတို့ဆန္ဒရှိသရွေ့ သေချာပေါက် အရာအားလုံးကို ပြောင်းလဲနိုင်သည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းက မာကျောသော အချက်အလက်များကိုသုံး၍ သူတို့ကို နာနာဖြတ်ရိုက်လိုက်သည်။

ထို့ကြောင့် သူတို့က ကျွမ်းကျင်ဘုန်းတော်ကြီးဖြစ်နေလျှင်ရော ဘာအရေးနည်း။ Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောများ၏ မယုံကြည်နိုင်ဖွယ်စွမ်းအားများရှေ့မှောက်တွင် သူတို့၏မန္တန်များ မည်မျှအစွမ်းထက်ပါစေ မည်သည်ကိုမျှမလုပ်နိုင်ပေ။ ထိုသို့ဆိုလျှင် သူတို့က သာမန်‌မှော်ပညာရှင်များ သို့မဟုတ် သာမန်လူများနှင့်ပင် ဘာကွာဦးမည်နည်း။

လူတိုင်းအား အစီအစဉ်ကိုပြောပြခဲ့သော ကောင်းကင်ရှိ ကန်ဒရာအင်ပါယာ၏ ကျွမ်းကျင်ဘုန်းတော်ကြီးက ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့ သူ့အား ပြောခဲ့ဖူးသောစကားကို ရုတ်တရက် တွေးမိသွား၏။

“Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌရှုက ငါတို့ကိုပြောခဲ့တယ်။ ကျွမ်းကျင်ဘုန်းတော်ကြီးတွေက တိုက်ပွဲကို မဆုံးဖြတ်နိုင်တော့လို့ ငါတို့ ဒီနယ်မြေရဲ့စစ်ပွဲတွေကနေ နှုတ်ထွက်သင့်တယ်တဲ့”

ဤစကားကိုတွေးကာ သူ့ပါးစပ်ထဲတွင် ခါးသက်သော အရသာကို ခံစားလိုက်ရ၏။

စွမ်းအားကြီးသော ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ယောက်အနေဖြင့် သူက သူ၏အသုံးဝင်မှုကို စစ်မြေပြင်၌ မပြသနိုင်လျှင် သူ၏တန်ဖိုးကို မည်သည့်နေရာ၌ ပြရတော့မည်နည်း။

***

မှော်စက်မှုအင်ပါယာ

Volume 7 အခန်း ၁၄၃။ ဒီမှာတင် ရပ်ကြစို့

စွမ်းအားကြီးသည့် ကျွမ်းကျင်ဘုန်းတော်ကြီးများသာ ကြောင်အမ်းနေခြင်းမဟုတ်ပေ။

အင်ပါယာနှစ်ခုသည် ရူဒ်ဆန် Frestech မဟာမိတ်အင်အားစု၏ ခဲယမ်းများကို ကုန်ခမ်းစေရန်သက်သက်ဖြင့် သူတို့၏ အဖိုးတန် ရိုးရိုးမြင်းတပ်နှင့် သံချပ်ကာမြင်းတပ်များကို အမြောက်စာအဖြစ် အသုံးချသည်အထိ လုပ်နိုင်သမျှအားလုံးလုပ်ခဲ့သည်။ သူတို့ အခွင့်အရေးတစ်ခုတွေ့ကာ မျှော်လင့်ချက်ကိုပင် မြင်နိုင်ခဲ့သော်လည်း မှော်လေသင်္ဘောတစ်ရာပေါ်လာသည့် အခိုက်အတန့်၌ သူတို့ရင်ထဲရှိ မျှော်လင့်ချက်မီးတောက်များကို ၎င်းတို့၏ ကြီးစိုးခြယ်လှယ်နိုင်သော ခွန်အားနှင့် ချေမွဖျက်ဆီးလိုက်သည်။

အင်ပါယာနှစ်ခုမှတပ်ဖွဲ့များ၏ အထွတ်အထိပ်ရှိ စွမ်းအားကြီးကျွမ်းကျင်ဘုန်းတော်ကြီးများမှာ ဤမှော်လေသင်္ဘောများနှင့် ရင်မဆိုင်နိုင်မှန်း သိသာထင်ရှားလှ၏။ သူတို့က မြေပြင်ပေါ်ရှိ ရူဒ်ဆန် Frestech မဟာမိတ်အင်အားစုကို မည်သည့်ပျက်စီးမှုမျှ မကြုံရအောင်ပင် မတားနိုင်ကြပေ။ ၎င်းတို့ထံမှ တိုက်ခိုက်မှုလေးတစ်ခုကပင် အင်ပါယာနှစ်ခု အားကုန်စိုက်ထုတ်လျှက် တည်ဆောက်ထားသော အကာအကွယ်စည်းများကို ဖျက်ဆီးလိုက်ပြီး မှော်ပညာရှင်များအားလုံး၏ အားထုတ်မှုများကို အလဟဿဖြစ်သွားစေသည်။

၎င်းသည် မည်သူက ပိုအားကြီးကြောင်း ယှဉ်ပြိုင်ခြင်းမဟုတ်တော့ပေ။ သူတို့က အဆင့်ချင်းမတူပေ။

ဤအမှန်တရားကို အသိအမှတ်ပြုလိုက်ပြီးနောက် အင်ပါယာနှစ်ခု၏ တပ်ဖွဲ့များမှာ ဆက်တိုက်ခိုက်ရန် သတ္တိများအားလုံး ပျောက်ဆုံးသွားသည်။

Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောများ တိုက်ခိုက်မှုရပ်သွားပြီးနောက် အင်ပါယာနှစ်ခု၏ တပ်ဖွဲ့များမှာ နေရာ၌ အကြောင်သားရပ်နေကြ၏။ သူတို့ မတိုက်ခိုက်နိုင်သလို တိုက်ခိုက်ရန် သတ္တိလည်း မရှိသည့်အပြင် ထွက်ပြေးရန်ပင် သတ္တိမရှိချေ။

အဘယ့်ကြောင့်ဆိုသော် မှော်လေသင်္ဘောများကသာ သူတို့ကိုသတ်လိုလျှင် သူတို့၏ မြေပြင်ပေါ်တွင် ချီတက်သည့် အမြန်နှုန်းနှင့် ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ပေ။

ဆူညံပွက်လောရိုက်နေခဲ့သော စစ်မြေပြင်က ရုတ်တရက် ထူးထူးဆန်းဆန်း တိတ်ဆိတ်သွားသည်ကို ကြည့်ကာ ကောင့်ထ် ဒါစီ မနေနိုင်တော့ဘဲ နှုတ်ခမ်းများ ကွေးတက်သွားသည်။

“မှော်လေသင်္ဘောတွေသာ စောစောပေါ်လာခဲ့ရင် ကောင်းမှာပဲ။ ဒါဆို ကျွန်တော်တို့ ဒီတစ်ချိန်လုံး ဒီမှာ အချိန်ဖြုန်းနေစရာလိုမှာမဟုတ်ဘူး”

ခေါင်းဆောင်ဟာ့ထ်က သူ့ကိုကြည့်၍ ခပ်ပြတ်ပြတ်ပြောလိုက်သည်။

“မှော်လေသင်္ဘောတွေက ဒီနေရာကိုရောက်ဖို့ ကီလိုမီတာရာပေါင်းများစွာကို အမြန်ဖြတ်ကျော်ခဲ့ရတာ။ ဘယ်လိုလုပ် စောစောလာနိုင်မှာလဲ။ ပြီးတော့ ထပ်ပြောရရင် ဒါက ဥက္ကဌကြီးဆွဲထားတဲ့ ဗျူဟာပဲ။ မင်းကိုယ်တိုင်ကြားခဲ့ပြီးပြီပဲလေ”

“အာ ကျွန်တော်က ဒီတိုင်းသိချင်ရုံပါ။ ခင်ဗျားတို့ကုမ္ပဏီရဲ့ မှော်လေသင်္ဘောတွေက ဒီလောက်အားကောင်းတာကို ဘာလို့ ဥက္ကဌရှုက ကျုပ်တို့ကို တစ်ချိန်လုံး ဒီမှာ တိုက်နေ‌စေချင်ရတာလဲ။ ကျုပ်အမြင်အရတော့ ဒါက လုံးဝ အချိန်ဖြုန်းတာပဲ။ မှော်လေသင်္ဘောတွေနဲ့ သူတို့ကို တိုက်ရိုက်ပစ်လိုက်ရင် ပိုကောင်းမှာ”

“မှော်လေသင်္ဘောစုတစ်ခါရွှေ့ဖို့ ဘယ်လောက်ကုန်တယ်များ ထင်နေလဲ” ခေါင်းဆောင်ဟာ့ထ်က သူ့ကိုစိုက်ကြည့်လိုက်သည်။ “ပြီးတော့ ထပ်ပြောရရင် ဥက္ကဌကြီး အခုလိုလုပ်တယ်ဆိုတာ အင်ပါယာနှစ်ခုရဲ့ ခုခံချင်တဲ့အတွေးတွေကို ချေဖျက်ဖို့နဲ့ သူတို့ကိုယ်သူတို့အထင်ကြီးပြီး ကျုပ်တို့ကို အနိုင်ယူနိုင်တယ်လို့ မထင်ရဲအောင်ပဲ။ ကျုပ်တို့သာ သူတို့ကို စစ်မြေပြင်မှာ သင်ခန်းစာပြင်းပြင်းလေးမပေးရင် အင်ပါယာနှစ်ခုက နားလည်လက်ခံလာမှာမဟုတ်ဘူး”

“ဒီလိုလား” ကောင့်ထ် ဒါစီ က သူ၏မေးစေ့ကိုပွတ်သပ်ရင်း ရှုပ်ထွေးသော အမူအရာပေါ်လာသည်။ “ဥက္ကဌရှု ဘာလို့ ဒီလိုလုပ်ရတယ်ဆိုတာ ကျွန်တော်နားမလည်နိုင်သေးဘူး။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ လက်ရှိလုပ်နိုင်စွမ်းနဲ့ဆို ခင်ဗျားတို့နဲ့ ကျွန်တော်တို့ရူဒ်ဆန်တိုင်းပြည် အတူလုပ်ဆောင်ရင် ကန်ဒရာအင်ပါယာကို အပြီးအပြတ် မသိမ်းနိုင်ရင်တောင် နိုင်အောင်တိုက်ဖို့တော့ မခက်‌ပါဘူး။ ဘာလို့ ဒီလိုမျိုး ဒုက္ခရှာနေရတာလဲ”

“ကျုပ်တို့နားလည်စရာမလိုပါဘူး။ ဥက္ကဌကြီးမှာ ဒီလိုလုပ်ရတဲ့ သူ့ကိုယ်ပိုင်အကြောင်းပြချက်ရှိပါတယ်” ခေါင်းဆောင်ဟာ့ထ်က အေးစက်စွာ ပြောသည်။

ကောင့်ထ် ဒါစီ ခေါင်းယမ်းလိုက်သည်။ Frestech ကုန်သည်ကြီးများအသင်း၏ လက်အောက်ငယ်သားများကြားတွင် ရှုယီ၏ ဂုဏ်သရေက အမှန်တကယ် အတော်လေးမြင့်ပြီး သူ့ကို မေးခွန်းမထုတ်သော အနေအထားထိပင် ရောက်နေပြီဟု သူတွေးလိုက်မိသည်။

သို့သော် ဤနှစ်ပေါင်းများစွာအတွင်း ရှုယီပြသခဲ့သော စွမ်းရည်များနှင့်ဆိုလျှင် သူက ဤသို့သော ဂုဏ်သရေမျိုးနှင့် ထိုက်တန်ပေသည်။

လေထဲရှိ ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးနှင့် မဟာမှော်ပညာရှင်ဆယ့်သုံးဦးတို့က လက်မလျှော့ကြသေးဘဲ မှော်လေသင်္ဘောများကို မန္တန်များနှင့် ဆက်လက်တိုက်ခိုက်နေကြသည်။ ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးမှာ သာမန်မန္တန်များက အသုံးမဝင်မှန်းတွေ့သောကြောင့် မှော်လေသင်္ဘောများထံသို့ပင် ပျံတက်သွားပြီး သူတို့၏ မှော်ပိုင်နက်များ ထုတ်လွှတ်လျှက် မှော်လေသင်္ဘောများကို ဖုံးအုပ်ကာ သူတို့ကိုဖျက်ဆီးရန် အခွင့်‌အရေးရှာလိုက်သည်။

ဤအရာက သံသယဖြစ်စရာမလိုအောင်ပင် အန္တရာယ်များသော လှုပ်ရှားမှုဖြစ်၏။

အဘယ့်ကြောင့်ဆိုသော် အတိတ်က တင်ပြချက်များအရဖြစ်စေ လက်ရှိတိုက်ခိုက်မှုအရဖြစ်စေ မှော်လေသင်္ဘောများ၏ စွမ်းဆောင်ရည်များက သူတို့၏မှော်အသိပညာထက် သာလွန်ပြီးသားဖြစ်သည်။ အဝေးတွင်ရှိနေချိန်က သူတို့၌ ရှောင်တိမ်းရန်နေရာလွတ်ရှိသေးသော်လည်း အနီးသို့ရောက်သွားချိန်တွင် သူတို့၏ရှောင်တိမ်းခွင့်က အတော်လေးကျဉ်းသွားပြီး အန္တရာယ်ကျရောက်ရန် အလွန်လွယ်၏။

သို့သော် သူတို့ကို မျှော်လင့်ချက်မဲ့သွားစေသည်မှာ မဟာမှော်ပညာရှင်များ၏ သာမန်မန္တန်များနှင့် စွမ်းအားကြီး တားမြစ်မန္တန်များက မှော်လေသင်္ဘောများထံမှလာသော အပြာရောင်အလင်းတို့ဖြင့် ဖျက်ဆီးခံလိုက်ရခြင်းမဟုတ်ဘဲ သူတို့၏ မှော်ပိုင်နက်များ ထုတ်လွှတ်လိုက်ချိန်၌ပင် အပြာရောင်အတားအဆီးနှင့် ထိမိချိန်တွင် ၎င်းက ပျောက်ကွယ်သွားပြီး မည်သည့်သက်ရောက်မှုမျှ မရှိခြင်းပင်။

အပြာရောင်အလင်း၏ရှေ့မှောက်တွင် မှော်ပညာအားလုံးမှာ ပူပြင်းသော နွေရာသီနေ့တစ်နေ့ရှိ နှင်းများကဲ့သို့ဖြစ်သွားသည်။

ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးက သူတို့၏မှော်ပိုင်နက်များကို ဆက်သုံးကာ မှော်လေသင်္ဘောများအား ဆက်လက်တိုက်ခိုက်လိုသော်လည်း ဤအချိန်တွင် သူတို့အထက်မှ နူးညံ့သော အသံတစ်သံ ထွက်ပေါ်လာ၏။

ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးက ၎င်းကို ရှင်းရှင်းလင်းလင်းကြားလိုက်ရုံသာမကဘဲ ၎င်းက မဟာမှော်ပညာရှင်တို့၏ နားများနှင့် စစ်တလင်းတစ်ခွင်လုံးကိုပါ ပျံ့နှံ့သွားသည်။

“ဒီတိုက်ပွဲက အခုပြီးသွားပြီ”

ထိုတည်ငြိမ်သော အသံနောက်တွင် ပုံရိပ်တစ်ခုက ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးနှင့် မဟာမှော်ပညာရှင်ဆယ့်ခြောက်ဦးတို့၏ရှေ့ရှိ လေထဲ၌ ပေါ်လာသည်။

ရှုယီ!

Frestech ကုန်သည်ကြီးများအသင်း၏ ရှုယီ!

အမြင်အာရုံ အလုံအလောက်ကောင်းမွန်သည့် မည်သူမဆို တစ်ချက်ကြည့်ရုံဖြင့် သူ့ကိုမှတ်မိနိုင်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦး၏ ရင်ထဲတွင် တင်းကြပ်သွားပြီး သူတို့က ရှုယီထံ သူတို့၏မှော်ပိုင်နက်‌များ ချက်ချင်းပို့လွှတ်လိုက်သည်။

ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦး အတူပူးပေါင်း‌ထားသောကြောင့် ရှုယီကိုယ်တိုင်က ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးဖြစ်နေလျှင်တောင် ၎င်းကို အလွယ်တကူဖြေရှင်းနိုင်‌မည်မဟုတ်ပေ။

ဤလူက လူတိုင်းရှေ့တွင် ဤသို့ ထွက်ပြရဲမှတော့ ကိုယ့်သေလမ်းကိုယ်ရှာခြင်းပင်။

သူ့ကိုသတ်လိုက်သည်နှင့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်ဖွဲ့က ဝရုန်းသုန်းကားဖြစ်ကာ သူတို့ ဤတိုက်ပွဲကို အနိုင်ရပေလိမ့်မည်။

ရှုယီပေါ်လာသည်ကို မြင်ချိန်၌ ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦး၏ စိတ်ထဲတွင် ထိုအတွေးများပေါ်လာ၏။

သူတို့က လုံးဝစဉ်းစားမနေဘဲ စွမ်းအားအပြည့်ထုတ်သုံး၍ ရှုယီကို တိုက်ခိုက်လိုက်ကြသည်။

သူတို့နောက်ရှိ မဟာမှော်ပညာရှင်ဆယ့်ခြောက်ဦးက သာ၍ပင် တုံ့ဆိုင်းခြင်းကင်းနေပြီး သူတို့၏ စွမ်းအားအကြီးဆုံးတိုက်ခိုက်မှုကို ထုတ်လွှတ်လျှက် ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးနှင့် ပူးပေါင်းလိုက်သည်။

ဤကြောက်မက်ဖွယ်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရလျှင် ရှုယီကဲ့သို့ ကျွမ်းကျင်ဘုန်းတော်ကြီးအသစ်တစ်ဦးမဆိုထားနှင့် ဝါရင့်ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးပင် မည်သည်မျှလုပ်နိုင်မည်မဟုတ်ပေ။

သို့သော် ရှုယီ၏မျက်နှာထက်တွင် ကြောက်လန့်သော အရိပ်အယောင်မရှိဘဲ စိတ်အေးလက်အေးအပြုံးတစ်ပွင့်သာ ပေါ်လာသည်။

သူက လုံးဝလှုပ်ရှားခြင်းမပြုဘဲ သူ့ရှေ့တွင် အပြာဖျော့ဖျော့ အလင်းရောင်တစ်ခု ပေါ်လာ၏။

ဤရင်းနှီးနေသော အပြာဖျော့ဖျော့အလင်းကိုမြင်ချိန်၌ ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးနှင့် မဟာမှော်ပညာရှင်ဆယ့်ခြောက်ဦးတို့မှာ ရင်ထဲမှ ပင့်သက်ရှိုက်လိုက်မိတော့သည်။

မျှော်လင့်ထားသည့်အတိုင်း မှော်ပိုင်နက်ဖြစ်စေ စွမ်းအားကြီးမန္တန်ဖြစ်စေ ဤအပြာဖျော့ဖျော့အလင်းနှင့် ထိမိပြီးနောက် သူတို့အားလုံး အရိပ်အယောင်ပင်မကျန်အောင် ပျောက်ကွယ်သွားသည်။

ရှုယီက မှုနှ်မှိုင်းနေသော အမူအရာများနှင့် ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးကိုကြည့်ကာ အပြုံးနှင့် ပြော၏။ “အားလုံးပဲ အချိန်မဖြုန်းကြရအောင် ဟုတ်ပြီလား။ ဒီကြိမ်နှုန်းမြင့် မှော်ဒြပ်မှုန်ဒေါက်တိုင်အတားအဆီးရှေ့မှာ ခင်ဗျားတို့ရဲ့ ကြိမ်နှုန်းနိမ့် မှော်စွမ်းအင်ရင်းမြစ်တုန်ခါမှုတွေက လုံးဝ အသုံးဝင်မှာမဟုတ်ဘူး”

ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးနှင့် မဟာမှော်ပညာရှင်ဆယ့်ခြောက်ဦး တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်ကြသည်။

သူတို့၏မန္တန်များက အသုံးမဝင်မှန်း သူတို့သိသော်လည်း ရှုယီ ယခုလေးတင်ပြောလိုက်သည်က မည်သည့်စကားများနည်း။

ကြိမ်နှုန်းမြင့် မှော်ဒြပ်မှုန်ဒေါက်တိုင်အတားအဆီးက မည်သည်နည်း။ ကြိမ်နှုန်းနိမ့် မှော်စွမ်းအင်ရင်းမြစ်တုန်ခါမှုက မည်သည်နည်း။

ဤလူက…… လူစကားပြောနေခြင်းရော ဟုတ်ပေသည်လော။

သူတို့၏ ရှုပ်ထွေးသော အမူအရာများကိုကြည့်ကာ ရှုယီပြုံးလိုက်သည်။ သူက ငုံ့ကြည့်ပြီးနောက် သက်ပြင်းချလိုက်၏။

“ဖြစ်နိုင်ရင် ဒါကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းချင်ပေမယ့် အခုတော့ ဒီလိုဖြစ်လာပြီ……”

ရှုယီ၏ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာချိန်တွင် သူက ကန်ဒရာစစ်တပ်၏ရှေ့၌ ဖြစ်သည်။

ရှုယီ ရုတ်တရက် ပေါ်လာသည်ကိုကြည့်ကာ ကန်ဒရာတပ်သားများအားလုံး တုန်လှုပ်သွား၏။ ရှေ့ဆုံးတန်းရှိ စစ်သားများက မနေနိုင်တော့ဘဲ သူတို့လက်ထဲရှိ လေးများကို ပစ်ခတ်လိုက်ကြသည်။

သို့‌သော် ထိုအရာများက ရှုယီအား မည်သည့်ခြိမ်းခြောက်မှုမှ မဖြစ်စေပေ။

သူက အနည်း‌ဆုံး အင်အားတစ်သိန်းကျန်ရစ်သည့် ပြွတ်သိပ်ကြပ်နေသော ကန်ဒရာစစ်တပ်ကိုကြည့်ကာ အသံမြှင့်၍ ပြောသည်။

“ကန်ဒရာအင်ပါယာက ကျွမ်းကျင်ဘုန်းတော်ကြီးတို ကျေးဇူးပြုပြီး ထွက်လာခဲ့ပါ။ ကျွန်တော် ခင်ဗျားတို့နဲ့ ဆွေးနွေးစရာရှိတယ်”

ကျန်ရှိနေသော ကန်ဒရာအင်ပါယာ၏ ကျွမ်းကျင်ဘုန်းတော်ကြီးက အံ့ဩသော အမူအရာနှင့် ရှုယီကိုကြည့်ပြီးနောက် သူ့ဘေးရှိ ဗိုလ်ကြီး ဆူဒ်မန် ကို ကြည့်လိုက်သည်။

ဗိုလ်ကြီး ဆူဒ်မန် က ရှုပ်ထွေးသော အမူအရာနှင့် ရှုယီကိုကြည့်နေပြီး တစ်ယောက်ယောက်ကို ရှုယီအားသတ်ရန် လှုပ်ရှားစေချင်နေသည်။

သို့သော် ဤအမိန့်ကိုပေးလျှင်လည်း အသုံးဝင်မည်မဟုတ်မှန်း သူသိ၏။

လေထဲမှ ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦးနှင့် မဟာမှော်ပညာရှင် ဆယ့်ခြောက်ဦး၏ လုပ်ရပ်များကို သူမြင်ခဲ့ရသည်။ လက်ရှိရှုယီနှင့်ပတ်သတ်ပြီး မှော်ပညာရှင်များ မည်သည်ကိုမျှ မလုပ်နိုင်ကြောင်း သူသိလိုက်သည်။

ပြီးလျှင် သူ၏တပ်သားများက ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးကို ခြိမ်းခြောက်မှုမဖြစ်စေနိုင်ပေ။

ထို့ကြောင့် ရှုယီက တပ်ဖွဲ့၏ရှေ့၌ လာရပ်နေလျှင်တောက် သူ့ကို ဘာမျှမလုပ်နိုင်ချေ။

ခဏတိတ်သွားပြီးနောက် သူက ကျွမ်းကျင်ဘုန်းတော်ကြီးအား ဖြည်းညင်းစွာ ခေါင်းငြိမ့်ပြလိုက်သည်။

“သူနဲ့ သွားစကားပြောလိုက်ပါ သူ‌ဘာပြောချင်လည်း ကြည့်ရတာပေါ့”

ကျွမ်းကျင်ဘုန်းတော်ကြီးက ခေါင်းငုံ့ကာ စဉ်းစားပြီးနောက် ခေါင်းငြိမ့်လိုက်ပြီး ပျံဝဲထွက်သွားသည်။

ကျွမ်းကျင်ဘုန်းတော်ကြီးပျံထွက်သွားသည်ကိုကြည့်ကာ ဗိုလ်ကြီး ဆူဒ်မန် ၏ ရင်ထဲတွင် ပင်ပန်းနွမ်းနယ်သော ခံစားချက်တစ်ခု ပြည့်လာပြီး သူ သက်ပြင်းချလိုက်မိ၏။

ရှုယီ ကျွမ်းကျင်ဘုန်းတော်ကြီးများကို ဘာပြောချင်နေမှန်း မသိသော်လည်း သူ စိတ်လေးသောခံစားချက်ကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။

ယနေ့မှစ၍ စိုင်စ်နယ်မြေကြီး အမှန်တကယ် ပြောင်းလဲတော့မည်ဖြစ်သည်။

ရှုယီက ကန်ဒရာအင်ပါယာ၏ တစ်ဦးတည်းသော ကျွမ်းကျင်ဘုန်းတော်ကြီးကို ဖိတ်ကြားပြီးနောက် မားလိုအင်ပါယာဘက်သို့သွား၍ မားလိုအင်ပါယာ၏ ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးကိုလည်း ဖိတ်ခေါ်လိုက်သည်။

ထို့နောက်တွင် ဤစစ်ပွဲသို့လိုက်လာသော အင်ပါယာနှစ်ခုမှ ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦးမှာ ရှုယီ၏ စုဝေးခြင်းခံလိုက်ရသည်။

ဤနေရာငယ်လေး၌ ရှုယီအပါအဝင် ကျွမ်းကျင်ဘုန်းတော်ကြီးရှစ်ဦး စု‌စည်းမိပြီဖြစ်သည်။ ဤသည်က စိုင်စ်နယ်မြေတစ်ခုလုံးရှိ ကျွမ်းကျင်ဘုန်းတော်ကြီးအားလုံး၏ သုံးပုံတစ်ပုံရှိနေပြီဖြစ်၏။

ဤအခြေအနေက စိုင်စ်နယ်မြေရှိ မှော်ပညာ၏ အမြင့်ဆုံးအဆင့်ကို ကိုယ်စားပြုသည်ကိုဟုဆိုလျှင် မည်သူမျှ သဘောမတူဘဲနေမည်မဟုတ်ပေ။

သို့သော် ရှုယီက ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦးကို စုစည်းပြီးနောက် ဤသို့ ပြောလိုက်သည်။

“အားလုံးပဲ မှော်ပညာဆိုတာဘာလဲ သိလား”

***

မှော်စက်မှုအင်ပါယာ

Volume 7 အခန်း ၁၄၄။ မှော်ပညာ၏ သိပ္ပံနည်းကျအမြင်

ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦး၏ မျက်နှာများက တစ်ပြိုင်နက်တည်း ပျက်ယွင်းသွားသည်။

မှော်ပညာဆိုတာ ဘာလဲ။

ဤမေးခွန်းသည် မှော်ပညာလေ့လာခါစ မှော်ပညာရှင်များ သို့မဟုတ် မှော်ပညာကို လုံးဝနားမလည်သော သာမန်လူများသာမေးလေ့ရှိသော်လည်း ယခု ရှုယီက မှော်ပညာလောက၏ အထွတ်အထိပ်ကို ကိုယ်စားပြုသော ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦးအား ဤ‌မေးခွန်းကို မေးနေသည်။ ဤအရာက သူတို့ကို အရှက်ခွဲခြင်းနှင့် မခြားနားပေ။

ရှုယီ သူတို့ကိုစုဝေးခြင်းက ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် အင်ပါယာနှစ်ခု၏ မှော်ပညာရှင်များကို ကိုယ်စားပြုသော ကျွမ်းကျင်ဘုန်းတော်ကြီးများနှင့် အရင်ဆုံးဆွေးနွေးလိုသောကြောင့်ဟု သူတို့ထင်ထားခဲ့သော်လည်း ဤစကားက ရှုယီ သူတို့အား ပထမဆုံးပြောလာသည့်အရာဖြစ်မည်ဟု လုံးဝထင်မထားကြချေ။ ၎င်းက သူတို့၏ရင်ထဲတွင် စိတ်မချမ်းမြေ့မှုများ ဖြစ်လာစေသည်။

ဤစစ်မြေပြင်၌ သိက္ခာစောင့်ထိန်းစရာများသာ ရှိမနေလျှင် ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦးက စကားတစ်ခွန်းမှမဆိုဘဲ ထွက်သွားလောက်ပြီဖြစ်သည်။

“ဥက္ကဌရှု မင်း ဘာကိုဆိုလိုတာလဲ” မားလိုအင်ပါယာ၏ ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးက မှောင်မိုက်သော အမူအရာ အေးစက်သော လေသံတို့ဖြင့် ပြောသည်။ “မင်းတို့ Frestech ကုန်သည်ကြီးများအသင်းမှာ လှည့်ကွက်လေးနည်းနည်းရှိတာနဲ့ ဒီလိုရိုင်းရိုင်းစိုင်းစိုင်း ပြုမူလို့ရပြီ ထင်နေလား”

“လှည့်ကွက်လေးတွေ ဟုတ်လား” ရှုယီ ပြုံးလိုက်သည်။ “အားလုံးက အခုထိ အဲ့ဒီအတွေးရှိနေသေးတယ်ဆိုရင် ကျွန်တော် အတော်လေးစိတ်ပျက်မိတယ်လို့ပဲ ပြောနိုင်တော့မယ်”

“တော်လောက်ပြီ ဥက္ကဌရှု ဝေ့ဝိုက်မနေဘဲ လိုရင်းသာပြောပါ” မားလိုအင်ပါယာ ကျွမ်းကျင်ဘုန်းတော်ကြီးနောက်တစ်ဦးက စိတ်မရှည်စွာ လက်ဝေ့ယမ်းလိုက်သည်။ “လက်ရှိအခြေအနေမှာ ငါတို့ ကျွမ်းကျင်ဘုန်းတော်ကြီးတွေတောင် မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းကို ဘာမှမလုပ်နိုင်ဘူးဆိုတာ ဝန်ခံတယ်။ ဒါပေမယ့် ငါတို့ကို ဒီလိုအရှက်ခွဲနေလို့ ဘာအဓိပ္ပာယ်မှမရှိဘူး”

မားလိုအင်ပါယာကျွမ်းကျင်ဘုန်းတော်ကြီးများ၏ အမူအရာများက အရုပ်ဆိုးနေပြီး ကန်ဒရာအင်ပါယာမှ ကျွမ်းကျင်ဘုန်းတော်ကြီးသုံးဦး၏ အမူအရာက မှောင်မည်းနေသည်။ သူတို့အားလုံးက လေးလေးနက်နက် စဉ်းစားသုံးသပ်နိုင်ပုံပေါ်သော်လည်း ရှုယီ၏ အပြစ်ဖော်ဆုံးမမှုတွင် မည်သူမျှ ပူးပေါင်းမလာချေ။

“ဒါက ခင်ဗျားတို့ကိုအရှက်ခွဲတယ်ထင်နေတာလား” ရှုယီ ပခုံးတွန့်လိုက်၏။ “ကျွန်တော်တော့ အဲ့လိုမထင်ဘူး။ ကျွန်တော်က မေးခွန်းလေးတစ်ခု ရိုးရိုးသားသားမေးရုံပါပဲ။ မှော်ပညာကိုနားလည်မှု‌ဟာ ကျွန်တော်တို့Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်သုတေသနနဲ့ ခင်ဗျားတို့ရဲ့ မှော်သုတေသနကြားက အစစ်အမှန်ကွဲပြားခြားနားမှုနဲ့ ပတ်သတ်နေတယ်။ ခင်ဗျားတို့ ဒါကိုနားမလည်ရင် ကျွန်တော်တို့က မှော်ပညာရှင်တစ်ယောက်တောင်မလွှတ်ဘဲ ကျွမ်းကျင်ဘုန်းတော်ကြီးတွေအပါအဝင် မှော်ပညာရှင်တွေကို အလွယ်တကူ တွန်းလှန်နိုင်ခဲ့တဲ့ အ‌ကြောင်းအရင်းကိုလည်း နားလည်မှာမဟုတ်ဘူး”

ကျွမ်းကျင်ဘုန်းတော်ကြီးများ တစ်ပြိုင်နက်တည်း တိတ်သွားကြ၏။

သူတို့ ဝန်ခံချင်သည်ဖြစ်စေ မခံချင်သည်ဖြစ်စေ တိုက်ပွဲ၏ အချက်အလက်များအရ Frestech ကုန်သည်ကြီးများအသင်းသည် ကျွမ်းကျင်ဘုန်းတော်ကြီးများကို အနိုင်ယူရန် မှော်ပညာရှင်တစ်ယောက်မျှ စေလွှတ်ရန်မလိုဘဲ သူတို့အများအပြားကိုပင် ကျဆုံးခဲ့စေသေးသည်။

ဤကိစ္စမျိုးသည် လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်အကြာက အပြင်းထန်ဆုံး လူမျိုးရေးစစ်ပွဲများအတွင်း၌ပင် မပေါ်ပေါက်ခဲ့ချေ။

Frestech ကုန်သည်ကြီးများအသင်းက ကျွမ်းကျင်ဘုန်းတော်ကြီးများ နားမလည်နိုင်သော စွမ်းအားများကို နားလည်ထားခြင်းက သူတို့ကို အရေးနိမ့်မှု ဖြစ်စေခဲ့ခြင်းပင်။

ထို့ကြောင့် ရှုယီ၏စကားများက မောက်မာနေလျှင်တောင် သူတို့ ၎င်းတို့ကို လုံးဝမငြင်းနိုင်ပေ။

ခွန်အားသည် စကားအားလုံး၏ အုတ်မြစ်ဖြစ်၏။

Frestech ကုန်သည်ကြီးများအသင်းတွင် ဤသို့သော စွမ်းအားရှိနေမှတော့ ရှုယီတွင် ထိုစကားများပြောရန် အခွင့်အရေးရှိပေသည်။

အတန်ကြာအောင် တိတ်သွားပြီးနောက် ကန်ဒရာအင်ပါယာကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးက သက်ပြင်းချကာ ပြောလိုက်သည်။

“ကောင်းပြီ ဥက္ကဌရှု မင်းရဲ့ရည်ရွယ်ချက်ကို နားမလည်ပေမယ့် မင်းက ရိုးရိုးသားသား ဆွေးနွေးချင်တယ်ဆိုမှတော့ ငါ့အမြင်ကိုပြောမယ်။ မှော်ပညာဆိုတာ ဘာလဲလို့ပြောရင်….. တစ်ခြားမှော်ပညာရှင်တွေ ဘယ်လိုထင်လဲ ငါဂရုမစိုက်ဘူး ငါ့အတွက်တော့ မှော်ပညာဆိုတဲ့အရာက နောက်ဆုံးမှာတော့ မှော်ပညာရှင်တစ်ယောက်က သူ့ရဲ့မှော်စွမ်းအင်ကိုအသုံးချပြီး သူ့ပတ်ပတ်လည်က မှော်စွမ်းအင်ရင်းမြစ်တွေနဲ့ ဖြစ်စဉ်တစ်ခု ဖန်တီးတာလောက်ပါပဲ။ မင်းတို့ရော အဲ့လိုမထင်ဘူးလား”

ကျန်ကျွမ်းကျင်ဘုန်းတော်ကြီးခြောက်ဦးလုံးက ခေါင်းငြိမ့်ထောက်ခံလိုက်ကြသည်။

မှော်ပညာ စိုင်စ်နယ်မြေပေါ်၌ တည်ရှိနေသည်မှာ နှစ်တစ်သောင်းကျော်ကြာပြီဖြစ်ပြီး အငယ်ဆုံးမျိုးနွယ်ဖြစ်သည့် လူသားများပင် ၎င်းကို အသုံးချနိုင်ခဲ့သည်မှာ နှစ်သုံးထောင်ရှိလေပြီဖြစ်၏။

ဤနှစ်များတစ်လျောက်လုံး အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်ပြီးနောက် မှော်ပညာ၏ အခြေခံအယူအဆသည် မည်သူမျှ သံသယမဝင်သည့် တူညီအယူအဆတစ်ခုကို ရရှိနေပြီဖြစ်သည်။

မှော်ပညာရှင်တစ်ဦးစီတွင် မတူညီသော မှော်ပညာအပေါ်နားလည်မှုတို့ ရှိသလို ပြီးပြည့်စုံသော ကိုယ်ပိုင်အတွေးအခေါ်တို့ ရှိသော်လည်း မှော်ပညာ၏ အခြေခံအကျဆုံးအယူအဆသည် မည်သည့်မှော်ပညာရှင်မျှ စောဒကမတက်သောအရာဖြစ်၏။ ၎င်းက စိုင်စ်နယ်မြေ၌ ဘုံအမှန်တရားတစ်ခုပင် ဖြစ်နေလေပြီ။

ယခု ဤကန်ဒရာအင်ပါယာကျွမ်းကျင်ဘုန်းတော်ကြီးက စံအထားရဆုံးနှင့် မလှန်နိုင်ဆုံးအဖြေကို ထုတ်ပြလာပြီး သူတို့က ရှုယီထံမှ မတူညီသော ရှင်းလင်းချက်တစ်ခု ပေးနိုင်မပေးနိုင်ကို ကြည့်ချင်နေကြ၏။

“အမ်း ဒီမှော်ပညာအမြင်က မှားတော့မမှားဘူးဆိုတာ ကျွန်တော်ဝန်ခံပါတယ်……”

ရှုယီ၏ အရင်ဆုံးထွက်လာသော စကားလုံးများက ကျွမ်းကျင်ဘုန်းတော်ကြီးများကို စိတ်ပျက်သွားစေသည်။

“ဒါပေမယ့် ဒီအမြင်က အပေါ်ယံဖြစ်ပြီး ယေဘုယျဆန်လွန်းတော့ လက်တွေ့ဆန်တဲ့ အဓိပ္ပာယ် လုံးဝမပါဘူး။ မှော်ပညာဆိုတဲ့အရာက မှော်စွမ်းအားကိုသုံးပြီး မှော်စွမ်းအင်ရင်းမြစ်ကို ထိန်းချုပ်တာပဲဆိုရင် အဲ့ဒီမှော်စွမ်းအားက ဘယ်ကရောက်လာတာလဲ။ ဒီမှော်စွမ်းအားထုတ်လုပ်နေတဲ့အတောအတွင်း ဘာပြောင်းလဲမှုတွေဖြစ်လဲ။ မှော်စွမ်းအင်ရင်းမြစ်ကို ထိန်းချုပ်ဖို့ မှော်စွမ်းအားကိုသုံးတဲ့နေရာမှာ သူ့ကို ဘယ်လိုထိန်းချုပ်တာလဲ။ ထိန်းချုပ်ထားတဲ့ မှော်စွမ်းအင်ရင်းမြစ်ရဲ့ အမြန်နှုန်းနဲ့ ပမာဏကရော။ ပြီးတော့ သူ့ရဲ့ပုံသဏ္ဍာန်နဲ့ အဲ့ဒီပုံသဏ္ဍာန်ရဲ့ တိကျတဲ့အချက်အလက်တွေကရော။ ဥပမာပြောရင် တိကျတဲ့ပုံသဏ္ဍာန်၊ ထုထည်၊ သိပ်သည်းဆ၊ တုန်ခါနှုန်း၊ အသံပြင်းအား ဒီအချက်အလက်တွေကို ဘယ်လိုတိုင်းတာမလဲ။ ကျွန်တော်တို့ ဒါတွေ ဘာမှမသိဘူး……”

သူတို့ ရှုယီစကား၏ ပထမတစ်ဝက်ကို နားလည်ရုံမျှ နားလည်နိုင်လျှင်တောင် ဒုတိယတစ်ဝက်က သူတို့ကို လုံးလုံးလျားလျား ရှုပ်ထွေးသွားစေ၏။

ဘာသိပ်သည်းဆ၊ ဘာတုန်ခါနှုန်း၊ ဘာအသံပြင်းအား….. ဒါတွေအားလုံးက ဘာတွေလဲ။

“ခဏလေး ဥက္ကဌရှု မင်းဘာတွေပြောနေတာလဲ” မားလိုအင်ပါယာကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးက မနေနိုင်တော့ဘဲ ရှုယီကိုဖြတ်ပြောလိုက်သည်။ “မင်းပြောလိုက်တဲ့ အဲ့ဒါတွေအကုန်လုံးက ဘာကို‌ဆိုလိုတာလဲ”

ရှုယီ၏မျက်လုံးများက အားလုံးအပေါ်၌ ဝေ့ဝဲသွားပြီး သက်ပြင်းချကာ ခေါင်းယမ်းလိုက်သည်။

“ထင်တဲ့အတိုင်းပဲ ခင်ဗျားတို့ ကျွန်တော်တို့ကုမ္ပဏီက ထုတ်ဝေတဲ့ «Frestech မှော်စက်အပတ်စဉ်» ကို မဖတ်ကြဘူးကိုး”

ကျွမ်းကျင်ဘုန်းတော်ကြီးများက မျက်နှာထက်တွင် အရှက်ရသော အမူအရာများနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

Frestech ကုန်သည်ကြီးများအသင်း စတက်လာပြီးနောက် ကျွမ်းကျင်ဘုန်းတော်ကြီးများက သူ့အပေါ် စိတ်ဝင်စားမှုအချို့ ရှိလိုက်သေးသည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းက မှော်စက်များကို အဓိကအာရုံစိုက်ခဲ့ပြီး ကျွမ်းကျင်ဘုန်းတော်ကြီးများ၏ မျက်လုံးထဲတွင် ထိုမှော်စက်များသည် အကောင်းဆုံး မှော်ပညာသုံးကိရိယာလေးများသာ ဖြစ်သည်။ ဒီဇိုင်းပုံစံက တီထွင်ဖန်တီးနိုင်စွမ်းရှိသော်လည်း ၎င်းတို့က အကြမ်းထည်သာဖြစ်ပြီး သူတို့၏မျက်လုံးများထဲ မဝင်နိုင်ခဲ့ပေ။

မှော်စက်များနှင့်ဆက်စပ်ထုတ်ဝေသော «Frestech မှော်စက်အပတ်စဉ်» ကိုလည်း သူတို့ အမှန်တကယ် ဂရုမစိုက်မိပေ။

“ခင်ဗျားတို့သာ «Frestech မှော်စက်အပတ်စဉ်» ကို ဖတ်ထားရင် ကျွန်တော်ပြောလိုက်တဲ့ အရာတွေကို သဘောပါက်မှာ။ အဲ့ဒါ‌တွေက ထူးဆန်းတဲ့အကြောင်းအရာတွေမဟုတ်ဘဲ ကျွန်တော်တို့ကုမ္ပဏီရဲ့ မှော်သုတေသနမှာ ရှာတွေ့ခဲ့တဲ့ သဘောတရားတစ်ခုရဲ့ အခြေခံအယူအဆတွေပဲ။ ကျွန်တော်က အဲ့ဒါကို…… မှော်ပညာရဲ့ သိပ္ပံနည်းကျအမြင် လို့ခေါ်တယ်”

“မှော်ပညာရဲ့ သိပ္ပံနည်းကျအမြင်?” ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦးလုံး မျက်ခုံးများ တွန့်ချိုးသွား၏။

သူတို့ မှော်ပညာကိုနားလည်သော်လည်း ဤသိပ္ပံဆိုသောအရာက မည်သည်နည်း။

ရှုယီ၏ပါးစပ်မှထွက်လာသော စကားကို သူတို့ တစ်ခါမျှမကြားဖူးသလို စိုင်စ်နယ်မြေ၏ ဘုံဘာသာစကား၌ပင် ဤစကားကို ယခင်က မကြားခဲ့ဖူးချေ။

ရှုယီမှာ သူတို့မျက်နှာများထက်မှ အမူအရာများကိုကြည့်ကာ ကူကယ်ရာမဲ့သွား၏။

မှန်ပေသည်။ “သိပ္ပံ” ဟုသော စကားလုံးသည် စိုင်စ်နယ်မြေ၏ ဘာသာစကားအားလုံး၌ မရှိသောကြောင့် ရှုယီက ၎င်းကို ဘာသာပြန်ကာ အခေါ်အဝေါ်အသစ်တစ်ခုထုတ်လိုက်ခြင်းဖြစ်သည်။

သူက လူတိုင်းအား “သိပ္ပံ” ဟုသော စကားလုံး၏ အဓိပ္ပာယ်ကို ရိုးရိုးရှင်းရှင်း ရှင်းပြလိုက်ရုံသာ တတ်နိုင်တော့သည်။

ဤသည်ကိုနားထောင်ပြီးနောက် အားလုံးက ပို၍ပင် ရှုပ်ထွေးသွား၏။

“ဥက္ကဌရှု မင်းပြောပုံအရဆို အဲ့ဒီသိပ္ပံက အသိပညာအပိုင်းအစတစ်ခုရဲ့ ကဏ္ဍတိုင်းကို မွမ်းမံပြီး ကဏ္ဍတစ်ခုစီကို စေ့စေ့စပ်စပ်လေ့လာပြီးသွားရင် နောက်ဆုံးမှာ အတူပေါင်းစုပြီး ဒီအသိပညာအပိုင်းအစကို အပြည့်အဝ နားလည်သဘောပေါက်အောင်လုပ်တာပေါ့။ ဒါဆို နှစ်ပေါင်းတစ်သောင်းကျော်အတွင်း စိုင်စ်နယ်မြေပေါ်က မရေမတွက်နိုင်တဲ့ မှော်ပညာရှင်တွေရဲ့ လေ့လာမှုကရော အလုံအလောက် မမွမ်းမံထားလို့လား။ အလုံအလောက် မစေ့စပ်လို့လား”

“ခင်ဗျားပြောတဲ့အမြင်အရ အဲ့ဒါက တကယ်ပဲ အလုံအလောက်မွမ်းမံထားပါတယ် ဒါပေမယ့် ကျွန်တော့်အမြင်အရတော့ အဲ့ဒါက လုံလောက်တာနဲ့ အလှမ်းဝေးနေသေးတယ်။ ဥပမာပြောရရင် ကျွန်တော်အအံ့ဩ‌ဆုံးက မှော်သုတေသနက စိုင်စ်နယ်မြေမှာရှိနေတာ ဒီလောက်ကြာပြီကို မှော်စွမ်းအင်ရင်းမြစ်လေ့လာမှုနဲ့ပတ်သတ်ပြီး လမ်းညွှန်ထားတဲ့ မှော်ပညာရှင်တစ်ယောက်မှမရှိတာပဲ။ ခင်ဗျားတို့သိရမှာက မှော်စွမ်းအင်ရင်းမြစ်ဆိုတာ မှော်ပညာအားလုံးရဲ့ အခြေခံအုတ်မြစ်လေ”

ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦးက တစ်ယောက်ကိုတစ်ယောက် ဗလာကျင်းလျှက် ကြည့်လိုက်ကြပြီး ရှုယီ၏ဆိုလိုရင်းကို နားမလည်သေးဘဲ ရှိနေကြဆဲပင်။

ရှုယီမနေနိုင်တော့ဘဲ သက်ပြင်းချလိုက်မိ၏။ ဤကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦးကို သိပ္ပံနည်းကျအမြင်အကြောင်း ရှင်းပြရန်မှာ အချိန်တိုအတွင်း စကားဖြင့်ပြောရုံမျှနှင့် မဖြစ်နိုင်မှန်း သူသိလိုက်သည်။

စိုင်စ်နယ်မြေ၏ မှော်ပညာရှင်များသည် နှစ်ပေါင်းတစ်သောင်း‌ကျော်ကြာအောင် မှော်ပညာကို လေ့လာခဲ့သော်လည်း သူတို့နားမလည်သော အရာများစွာ ရှိနေသေးသည်။ အကြောင်းအရင်းမှာ ဤနယ်မြေရှိ မှော်ပညာရှင်များက မှော်ပညာကို အလုပ်တစ်ခုအဖြစ် သတ်မှတ်ထားသည့်အတွက် သူတို့၏ သုတေသနလမ်းကြောင်းမှာ မှော်စွမ်းအင်ရင်းမြစ်ကိုသုံး၍ ပိုအားကောင်းသောမန္တန်များ ဖန်တီးရန်အပြင် ထိုမန္တန်များကို ပိုပြီးကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်ရန်ဖြစ်သည်။

ကမ္ဘာမြေပေါ်မှ အသုံးအနှုန်းများနှင့် ပြောရလျှင် စိုင်စ်နယ်မြေ၏ မှော်သုတေသနသည် လက်တွေ့အသုံးချစနစ်အပေါ် အာရုံစိုက်ထားပြီး သေစေနိုင်သော မှော်ပညာကို လက်တွေ့အသုံးချခြင်းအပေါ် ပိုအလေးပေးသောကြောင့် မှော်ပညာ၏ အယူအဆဘက်ခြမ်းကို အာရုံမစိုက်ခဲ့ချေ။

Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များကို လက်တွေ့အသုံးချဘက်ခြမ်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် မှတ်ယူနိုင်သော်လည်း ရှုယီသည် ကမ္ဘာမြေမှလာပြီး အဆင့်မြင့်စက်မှုအင်ဂျင်နီယာလုပ်ငန်း၏ သိပ္ပံပညာဖြင့် လွှမ်းမိုးခြင်းခံထားရသူဖြစ်သောကြောင့် သူက သဘာဝကျစွာပင် မှော်ပညာကို သိပ္ပံနည်းကျအမြင်ဖြင့် အစမှစ၍ လေ့လာလိုက်သည်။

Frestech ကုန်သည်ကြီးများအသင်းတည်ထောင်သည့် နှစ်ပေါင်းနှစ်ဆယ်အတွင်း ရှုယီသည် အမြဲတမ်း မှော်သုတေသနဌာနအား မှော်ပညာကို မည်သို့ ပို‌ကောင်းအောင်အသုံးပြုရမည်အပြင် မည်သည့်အတွက်ကြောင့် ပိုကောင်းကောင်း အသုံးပြုနိုင်ရသည်ကိုပါ လေ့လာရန် တောင်းဆိုခဲ့သည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် သူတို့ထုတ်လုပ်လိုက်သည့် ပစ္စည်းများက မည်သည့်အတွက်ကြောင့် ၎င်းတို့၏လုပ်ဆောင်ချက်အတိုင်း လုပ်ဆောင်ရသနည်းဟူသည့် အကြောင်းအရင်းကို သိရန်ဖြစ်၏။

ဤတောင်းဆိုချက်ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ မှော်သုတေသနဌာနမှ သုတေသနပညာရှင်များသည် အလုံအလောက်ကြာမြင့်အောင် အလုပ်လုပ်ပြီးနောက် မှော်ပညာ၏ သိပ္ပံနည်းကျအမြင်ကို တဖြည်းဖြည်း လေ့ကျင့်ပြီးသားရလာသည်။ သူတို့၏ မှော်ပညာအပေါ်အမြင်က ပိုနက်ရှိုင်းကာ ပိုတိကျလာပြီး သူတို့၏ မှော်ပညာအဆင့်ကို တိုးတက်လာစေသည်။

ရှုယီက သူတို့၏ဆရာအနေဖြင့် သဘာဝကျစွာပင် ပိုနက်နဲသော မှော်ပညာနားလည်မှုရှိသောကြောင့် သူ၏ မှော်ပညာအဆင့်ကလည်း အမြန်ဆုံး တိုးလာခဲ့သည်။

မဟုတ်ပါက သူသာ စိုင်စ်နယ်မြေ၏ ရိုးရာအမြင်များနောက် လိုက်နေခဲ့လျှင် အသက်လေးဆယ်ပြည့်ပြည့်ချင်း ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ယောက် ဖြစ်လာမည်မဟုတ်ပေ။

သို့သော် ထိုအရာများသည် မှော်ပညာနှင့်ပတ်သတ်ပြီး ရှေးရိုးစွဲအမြင်များသာ အရိုးစွဲအောင်လက်ခံထားသောကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦး နားလည်နိုင်သောအရာများ သေချာပေါက်မဟုတ်ချေ။

ထို့ကြောင့် ရှုယီက ခဏစဉ်းစားပြီးနောက် လက်တွေ့စမ်းသပ်မှုအသေးစားတစ်ခု လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

***

Volume 7 အခန်း ၁၄၅။ မှော်ပညာဆိုတာ အတိအကျ ဘာလဲ

“အားလုံးပဲ ကြည့်ပေးကြပါ”

ရှုယီက လက်ကိုလှန်လိုက်သောအခါ သူ့လက်ဝါးထဲတွင် သေးငယ်သော မီးလုံးတစ်လုံး ပေါ်လာ၏။

ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦးက ရှုယီလက်ထဲရှိ မီးလုံးကို ပဟေဠိဖြစ်သော အမူအရာများနှင့် ကြည့်လိုက်ကြသည်။

“ဥက္ကဌရှု ဒီမီးလုံးနဲ့ပတ်သတ်ပြီး ထူးခြားတာတစ်ခုခုရှိလို့လား” ကန်ဒရာအင်ပါယာ၏ ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးက မေးလိုက်သည်။

“ဟင့်အင်း ထူးခြားတာတော့မရှိပါဘူး။ ရိုးရိုးမီးလုံးလေးတစ်လုံးပါပဲ” ရှုယီ ခေါင်းယမ်းလိုက်၏။ “အခု ခင်ဗျားတို့ခုနစ်ယောက်ရော မီးလုံးတစ်လုံးစီ လွှတ်ပေးနိုင်မလား”

ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သော်လည်း မီးလုံးတစ်လုံးစီတော့ လွှတ်ပေးဆဲပင်။

ရှုယီအပါအဝင် ကျွမ်းကျင်ဘုန်းတော်ကြီးရှစ်ဦးအတွက် ဤအဆင့်အနိမ့်‌ဆုံးမီးလုံးက လုံးဝမခက်ခဲပေ။ တစ်ယောက်ချင်းစီက ဤမီးလုံးမန္တန်ကို ကောင်းကောင်းကျွမ်းကျင်သည်ဟု ဆိုနိုင်၏။

သို့သော် မီးလုံးမန္တန်ရှစ်ဦး အတူတကွပေါ်ထွက်လာချိန်၌ သူတို့ကြားမှ ခြားနားမှုက အတော်လေးသိသာနေသည်။

ဥပမာအားဖြင့် မားလိုအင်ပါယာမှ ကျွမ်းကျင်ဘုန်းတော်ကြီးလေးဦး၏ မီးလုံးများက လူ့ဦးခေါင်းတစ်လုံးအရွယ်အစားရှိ၏။ ကန်ဒရာအင်ပါယာကျွမ်းကျင်ဘုန်းတော်ကြီးသုံးဦး၏ လက်ထဲရှိ မီးလုံးများမှာ များစွာပိုလုံးဝန်းပြီး လူ့လက်သီးတစ်လုံး၏ အရွယ်အစားထက် မနည်းငယ်သာ ပိုကြီးသည်။

ရှုယီ၏ ကိုယ်ပိုင်မီးလုံးကမူ အလယ်ဗဟိုတည့်တည့်တွင် ရှိနေပြီး ဦးခေါင်းတစ်လုံးလောက် မကြီးသလို လက်သီးဆုပ်လောက်လည်း မသေးပေ။

အရွယ်အစားကွာခြားချက်ကို ဘေးဖယ်ထားလျှင် ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ယောက်ချင်းစီ၏ မီးလုံးတွင် မတူညီသော အလင်းရောင်တို့ ရှိနေသည်။ အချို့က အလွန်တောက်ပပြီး အချို့ကနက်မှောင်ကာ အချို့က တုန်လှုပ်ဖွယ်ကောင်းသော အနီရောင်နှင့် အချို့က အနီရင့်ရင့်မီးတောက်များကြားတွင် ခရမ်းရောင်အရိရိပ်တစ်ခု ထင်ဟပ်နေသည်ပင် ပါ၏။

“အားလုံးပဲ ဒါက အရိုးရှင်းဆုံး မီးလုံးလေးဆိုပေမယ့် တစ်ယောက်ချင်းစီရဲ့ မီးလုံးက မတူကြဘူး။ စိုင်စ်နယ်မြေရဲ့ ရိုးရာမှော်ပညာအမြင်က မှန်တယ်လို့ ထင်သေးလား” ရှုယီက လူတိုင်းလက်ထဲရှိ မီးလုံးများကို လက်ညှိုးထိုးကာ မည်သည့်ယဉ်ကျေးမှုမျှထားမနေဘဲ မေးလိုက်သည်။

“အဲ့ဒါက ဘာမှမဖြစ်ဘူးမလား” မားလိုအင်ပါယာကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးက မျက်မှောင်ကြုတ်ကာ ပြောသည်။ “မှော်ပညာရှင်တစ်ယောက်စီမှာ မတူညီတဲ့ မှော်ပညာနားလည်မှုရှိတယ်။ ဒါ့ကြောင့် သူတို့သုံးတဲ့မန္တန်တွေ မတူတာလည်း ပုံမှန်ပါပဲ”

“ဒါပေမယ့် ဒါက မန္တန်ရဲ့ထိရောက်မှုတွေအပေါ်ရော အကျိုးသက်ရောက်မှုရှိတယ် မဟုတ်ဘူးလား” ရှုယီ ပြန်မေးလိုက်၏။ သူက ထိုမားလိုအင်ပါယာကျွမ်းကျင်ဘုန်းတော်ကြီး၏လက်ထဲရှိ မီးလုံးကို ထိုးပြလိုက်သည်။ “ကြည့် ခင်ဗျားလက်ထဲကမီးလုံးက အတောက်ပဆုံးနဲ့ အရင့်ဆုံးရှိတဲ့အတွက် အဲ့ဒါက ပေါက်ကွဲအားအပေါ် အလေးပေးထားတာ ဖြစ်ရမယ် ဟုတ်တယ်မလား”

ကျွမ်းကျင်ဘုန်းတော်ကြီးက အသာအယာ ခေါင်းငြိမ့်လိုက်သည်။ “ဒါက မြင်သာပါတယ်”

“ဒါဆို ခင်ဗျား ဒါကို ဘယ်လိုလုပ်လိုက်လဲ သိလား” ရှုယီ မေးလိုက်၏။

“ဘယ်လိုလုပ်ရမှာလဲ” ကျွမ်းကျင်ဘုန်းတော်ကြီးက ရှုယီကိုကြည့်ကာ ရှုယီ၏မေးခွန်းက အတော်လေးဆီလျော်မှုမရှိသကဲ့သို့ ခံစားလိုက်ရသည်။ “ငါ့ရဲ့မှော်စွမ်းအားကိုလွှတ်ပြီး မီးမှော်စွမ်းအင်ရင်းမြစ်ကို ဆင့်ခေါ်လိုက်တယ် ဒီတော့ သူ့အလိုလို ဒီအတိုင်းဖြစ်လာတယ်။ ဘာလို့လဲဆိုရင်တော့….. ဒါက မီးလုံးမန္တန်နဲ့ပတ်သတ်တဲ့ ငါ့ရဲ့နားလည်မှုလေ။ တစ်ခုခုမှားနေလို့လား”

“သေချာပေါက်မှားတာပေါ့” ရှုယီက ထူးဆန်းစွာ အသေအချာ ပြောလိုက်သည်။ “ခင်ဗျားက မီးလုံးဖွဲ့စည်းဖို့ မှော်စွမ်းအင်ရင်းမြစ်စုဆောင်းတာကိုပဲ နားလည်တာ ဒါကို ဘယ်လိုလုပ်လိုက်တယ်ဆိုတာ နားမလည်ဘူး။ ဒီအချက်က ထူးဆန်းတယ်မထင်ဘူးလား”

ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦးက တစ်ယောက်ကိုတစ်ယောက် အကြောင်သား ကြည့်လိုက်သည်။

ဤအချက်က ဘာများထူးဆန်းနေသနည်း။

စိုင်စ်နယ်မြေ၏ မှော်ပညာရှင်များအားလုံး မှော်ပညာကို ဤသို့ပင် လေ့လာခဲ့ကြသည်မဟုတ်လော။

“ကျွန်တော်ကတော့မတူဘူး” ရှုယီက ခေါင်းယမ်းလိုက်သည်။ “ကျွန်တော်က ဘာကိုပဲလေ့လာလေ့လာ ကျွန်တော်ကျေနပ်တဲ့အထိ အရာအားလုံးကို နားလည်အောင်လုပ်တတ်တဲ့ အကျင့်ရှိတယ်။ ဒီမီးလုံးမန္တန်လိုပဲ စစချင်းမှာ ဒီမန္တန်ကိုသုံးဖို့ မှော်စွမ်းအင်ရင်းမြစ်တွေစုစည်းတဲ့နည်းကို လေ့လာရတာက အတော်လေးလွယ်ပေမယ့် ကျွန်တော် မကျေနပ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ဒီလိုဖြစ်ရလာတဲ့အကြောင်းအရင်းကို ကျွန်တော်မသိလို့ပဲ။ ဘာကြောင့် မှော်စွမ်းအင်ရင်းမြစ်တွေက ကျွန်တော့်မှော်စွမ်းအားရဲ့ ရိုက်ခတ်တာခံရပြီး အတူစုစည်းသွားရတာလဲ။ ဘာကြောင့် ကျွန်တော့်ပတ်ပတ်လည်က ဘာပုံသဏ္ဍာန်မှမရှိတဲ့ မှော်စွမ်းအင်ရင်းမြစ်တွေက ကျွန်တော်စုစည်းလိုက်တဲ့အခါမှာ မီးလုံးတစ်လုံးဖြစ်လာရတာလဲ။ ဘာကြောင့် ဒီမီးလုံးက ဒီလိုဖြစ်လာတာလဲ။ ဘာကြောင့်……”

ရှုယီ၏ တစ်ဆက်တည်းမေးလာသော ဘာကြောင့်မေးခွန်းများက ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦးကို ကြက်သေသေသွားစေသည်။

၎င်းက မီးလုံးတစ်လုံးမျှသာဖြစ်သော်လည်း ရှုယီက ကိစ္စပေါင်းများစွာ တွေးတောလိုက်ခြင်းမှာ အမှန်တကယ် အံ့အားသင့်ဖွယ်ဖြစ်သည်။။

သူ့တွင် ဤသို့လေးနက်သော သဘောထားရှိသောကြောင့် အသက်လေး‌ဆယ်ပြည့်စ၌ပင် ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦး ဖြစ်လာနိုင်ခြင်းပင်။

“စစချင်းနှစ်အနည်းငယ်အတွင်းတော့ ဒီကိစ္စတွေကိုဖြေရှင်းဖို့ ကျွန်တော့်မှာ နည်းလမ်းမရှိခဲ့ဘူး။ ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းကို တည်ထောင်ပြီးတဲ့နောက် ကျွန်တော်တို့ကုမ္ပဏီက နေရာအမျိုးမျိုးက အဆင့်အမျိုးမျိုးရှိတဲ့ မှော်ပညာရှင်တွေ စတင်စုဆောင်းလာခဲ့တယ်။ အဲ့ဒီနောက် နှစ်ပေါင်းများစွာ သုတေသနလုပ်ပြီး နောက်ဆုံးမှာ မှော်ပညာဆိုတဲ့အရာက အစစ်အမှန်ဘာလဲဆိုတာကို နည်းနည်းနားလည်လာတယ်”

“ဘာများလဲ” ကန်ဒရာအင်ပါယာကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးက မနေနိုင်ဘဲ မေးလိုက်သည်။

“သေချာကြည့်ပါ”

ရှုယီက သူ့လက်ထဲရှိ မီးလုံးကိုကြည့်ရန် လူတိုင်းအား အချက်ပြလိုက်ပြီးနောက် အတွေးတစ်ချက်ဖြင့် သူ့မှော်စွမ်းအားကို စတင်အသုံးပြုကာ ဦးခေါင်းနှင့် လက်သီးဆုပ်ကြားအရွယ်ရှိသည့် သူ၏မီးလုံးကို ရုတ်တရက် စတင်ဖောင်းပွလာစေသည်။ ၎င်းက မားလိုအင်ပါယာကျွမ်းကျင်ဘုန်းတော်ကြီးလေးဦး၏ လက်ထဲရှိ မီးလုံးများလောက်ထိ ကြီးလာ၏။

ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦး၏ အမူအရာများက ပြောင်းမသွားချေ။

မန္တန််ကိုဖွဲ့စည်းပြီးနောက်မှ ၎င်းကိုအားဖြည့်၍ အရွယ်အစားတိုးစေခြင်းမှာ အတော်လေးခက်သော်လည်း ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးအတွက် ကိစ္စကြီးမဟုတ်ပေ။

သူတို့ ဤသို့တွေးနေစဉ် ချက်ချင်းဆိုသလိုပင် ရှုယီ၏လက်ထဲရှိ မီးလုံးက ရုတ်တရက် ကျုံ့လာပြီး အလွန်သေးသွား၏။ ၎င်းက လက်သီးဆုပ်တစ်လုံးထက်ပင် ပိုသေးသွားပြီး လက်‌ချောင်းတစ်ချောင်း၏ ထိပ်ဖျားလောက်ထိ သေးလာသည်။

ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦးမှာ မနေနိုင်တော့ဘဲ အံ့ဩသည့်အမူအရာများ ပြလာ၏။

သာမန်မီးလုံးတစ်လုံးကို ပိုကြီးလာအောင်လုပ်ရန် မခက်သော်လည်း ပိုသေးအောင်လုပ်ရန်မှာ ထိုမျှမလွယ်ကူပေ။

ဖွဲ့စည်းထားပြီးသား မန္တန်တစ်ခုကို ပိုသေးအောင်လုပ်ရန် နည်းလမ်းနှစ်ခုရှိ၏။

တစ်နည်းက ဤမန္တန်ကိုဖွဲ့ည်းထားသော မှော်စွမ်းအင်ရင်းမြစ်ကို ဖိသိပ်ကာ မန္တန်၏အရွယ်အစားကိုလျှော့ရန် ဖြစ်သည်။

ဤအရာက သာမန်မှော်ပညာရှင်များအတွက် အလွန်ခက်သော်လည်း ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးအတွက် ထိုမျှကြီးမားသည့် ပြဿနာမဟုတ်ပေ။

သို့သော် ဤမန္တန်ကို ဖိသိပ်ပြီးနောက် စုဝေးနေသည့် မှော်စွမ်းအင်ရင်းမြစ်များ များလွန်းနေသည့်အတွက် ထိန်းချုပ်ရန် ခက်ခဲပေလိမ့်မည်။

ထို့ပြင် မန္တန်၏ပုံပန်းသွင်ပြင်က ဤသို့လုပ်လိုက်ခြင်းကြောင့် သေချာပေါက် ပြောင်းလဲသွားမည်ဖြစ်သည်။

သို့သော် ရှုယီ၏လက်ထဲရှိ မီးလုံးမှာမူ ပိုသေးလာခြင်းမှလွဲ၍ ယခင်ကအတိုင်း တူညီသောအရောင်ရှိနေဆဲဖြစ်ကြောင်း သူတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ ၎င်းက ပို၍သာသေးလာပြီး အခြားပြောင်းလဲမှု မရှိသည့်ပုံပေါ်၏။

ထို့ပြင် ရှုယီလက်ထဲရှိမီးလုံးက ပိုသေးလာသော်လည်း မှော်စွမ်းအင်ရင်းမြစ်၏သိပ်သည်းဆက များစွာတိုးမလာချေ။ မီးလုံး၏ အပြင်လွှာက ဖြတ်ထုတ်ခံလိုက်ပြီး လေထဲတွင် အငွေ့ပျံသွားသည့်အတိုင်းပင်။

ဤသို့လုပ်နိုင်ရန်မှာ မန္တန်၏ ဖိသိပ်ထားသော မှော်စွမ်းအင်ရင်းမြစ်များကို ဖြန့်ကျဲရန်အတွက် အလွန်တိကျသော ထိန်းချုပ်မှုလိုအပ်ပေသည်။ တစ်ချိန်တည်းတွင် အလယ်ဗဟိုရှိ မှော်စွမ်းအင်ရင်းမြစ်များ ပြန့်မသွားအောင်လည်း သေချာအာရုံစိုက်ရသေးသည်။

ဤကိစ္စသည် သံသယဖြစ်စရာမလိုအောင် လုပ်ရန်အတော်လေးခက်ခဲသော ကိစ္စဖြစ်ပြီး ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးပင် အချိန်အကြာကြီးမလေ့ကျင့်ဘဲ ဤသည်ကို အလွယ်တကူ မရနိုင်ပေ။

“ဒီ... ရှုယီ... ဒါက အဓိပ္ပာယ်မဲ့လွန်းတယ်မဟုတ်ဘူးလား” ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦး သံသယတို့ဖုံးလွှမ်းနေသော မျက်နှာများဖြင့် ရှုယီကို ကြည့်လိုက်ကြသည်။

သိပ်မကြာမီ ရှုယီ၏ နောက်ဆက်တွဲလုပ်ရပ်များက သူတို့မျက်နှာများထက်ရှိ သံသယများကို ကြက်သေသေသော အမူအရာများအဖြစ် ပြောင်းသွားစေသည်။

လက်မအရွယ်သာရှိသည့် ရှုယီ၏လက်ထဲရှိ မီးလုံးလေးက ငါးစက္ကန့်ခန့်ကြာအောင် ဤပုံစံအတိုင်းထိန်းထားပြီးနောက် ပကတိအမြင်ဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် ပူဖောင်းတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်တော့မည့်အတိုင်း တဖြည်းဖြည်း ပိုကြီးလာသည်။

ဤမီးလုံးက သာမန်လူတစ်ယောက်၏ ဦးခေါင်းထက် သုံးဆခန့်ကြီးလာချိန်တွင် ရှုယီထုတ်လွှတ်ထားသော မှော်စွမ်းအင်လှိုင်းများက ပြောင်းလဲလာသည်ကို လူတိုင်းခံစားလိုက်ရ၏။ ဤပုံမှန်ထက်ကြီးနေသော မီးလုံးက ရုတ်တရက် ခြေရာမကျန်အောင် ပျောက်ကွယ်သွားပြီး ဧရာမရေလုံးကြီးတစ်လုံးအဖြစ် ပြောင်းသွားသည်။

ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦးမှာ ကိုယ့်မျက်လုံးကိုယ်ပင်မယုံရဲဘဲ ဧရာမရေလုံးကြီးကို တုန်လှုပ်စွာ စိုက်ကြည့်နေကြ၏။

မီးလုံးက ရေလုံးတစ်လုံးအဖြစ်ပြောင်းသွားခြင်းသည် သဘောတရားအရဆိုလျှင် မီးလုံးကိုဖျောက်ပြီးနောက် ရေလုံးတစ်လုံး ချက်ချင်းဖန်တီးလိုက်မှသာ ရနိုင်ပေလိမ့်မည်။

သို့သော် သူတို့ခုနစ်ယောက်က ရှုယီကို တစ်ချိန်လုံး စောင့်ကြည့်နေကြပြီး သူ ဤဖြစ်စဉ်အား ဆောင်ရွက်လိုက်သည်ကို မမြင်ခဲ့ရပေ။ မီးလုံးကို ရေလုံးတစ်လုံးအဖြစ် တိုက်ရိုက်ပြောင်းလဲခြင်းသည် မီးစွမ်းအင်ရင်းမြစ်ကို ရေစွမ်းအင်ရင်းမြစ်အဖြစ် ရုတ်တရက်ပြောင်းလဲလိုက်ခြင်းပင်။

သူ မည်သို့လုပ်လိုက်လေသနည်း။

သူတို့မေးခွန်းများမေးလာမည်ကို မစောင့်ဘဲ ရှုယီ၏ မှော်စွမ်းအင်လှိုင်းများက ထပ်မံပြောင်းလဲသွားပြန်သည်။ ရေလုံးက ပျောက်ကွယ်သွားပြီး ရှုယီ၏လက်ထဲတွင် အလျင်အမြန်လှည့်ပတ်နေသည့် လေဆင်နှာမောင်းတစ်ခု အစားထိုးဝင်ရောက်လာသည်။

ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦး ထပ်မံ၍ ကြက်သေသေနေစဉ် လေဆင်နှာမောင်းကို ဧရာမစက်လုံးပုံသဏ္ဍာန်ကျောက်တုံးတစ်တုံးက အစားထိုးလိုက်၏။

နောက်အချိန်ကာလအတွင်း ရှုယီက သူ့လက်ဝါးထဲတွင် အခြေခံဒြပ်စင်လေးမျိုးကို ဆက်တိုက်ပြောင်းလဲဖန်တီးလိုက်သည်။ ပုံသဏ္ဍာန်ကလည်း ဆက်တိုက်ပြောင်းလဲနေပြီး တစ်ခါတစ်ရံ စက်လုံးပုံစံနှင့် တစ်ခါတစ်ရံ ကုဗတုံးပုံစံ စသဖြင့် ရှိ၏……

ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦးမှာ အကြောင်သားဖြစ်နေပြီး အတန်ကြာပြီးနောက် မားလိုအင်ပါယာကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးက လက်မြှောက်လိုက်သည်။

“ရပ်လိုက်ပါတော့ ဥက္ကဌရှု မင်း ဒါကို ဘယ်လိုလုပ်တာလဲပဲ ပြောပါတော့”

ကျန်ကျွမ်းကျင်ဘုန်းတော်ကြီးခြောက်ဦးကလည်း မေးခွန်းထုတ်လိုသော အကြည့်များနှင့် ရှုယီကို ကြည့်နေကြ၏။

ရှုယီသည်လည်း ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးဖြစ်နေသောကြောင့် သူ အပျင်းပြေရုံသက်သက် သူတို့ကို ဤမန္တန်ဖန်တီးပြနေသည်ဟု သူတို့မယုံပေ။ ထိုသို့ဆိုလျှင် သူက ဘယ်လိုလုပ် ဤသို့သော ကလေးကလားလှည့်ကွက်ကို ကစားနေရသနည်း။

ရှုယီက ပြုံးလိုက်ပြီးနောက် လက်ကိုချကာ မန္တန်ကို ပျောက်ကွယ်သွားစေလိုက်သည်။

“ကျွန်တော်ပြောချင်တာကတော့ မှော်ပညာဆိုတဲ့အရာဟာ မှော်စွမ်းအင်ရင်းမြစ်တွေနဲ့ ပုံစံတစ်ခုဖွဲ့ဖို့ မှော်စွမ်းအားကိုအသုံးပြုတာပဲ ဒါပေမယ့် မန္တန်အတွက် ဖွဲ့စည်းပုံအစစ်ဆိုတာမရှိသလို မှော်စွမ်းအင်ရင်းမြစ်လေးမျိုးမှာလည်း ဘာအဓိပ္ပာယ်မှမရှိဘူး။ မှော်စွမ်းအင်ရင်းမြစ်တွေကိုယ်တိုင်မှာ ပင်ကိုအရည်အ‌သွေးရော မှော်စွမ်းအင်ရော ရှိမနေဘူး။ သူက ဘာလို့ ပုံစံအမျိုးမျိုးဖြစ်ရသလဲဆိုတော့ မှော်စွမ်းအင်ရင်းမြစ်ရဲ့ အမှုန်အမွှားတွေကို မတူညီတဲ့ပုံစံတွေဖွဲ့ဖို့ မတူညီတဲ့ကြိမ်နှုန်းနဲ့ အလွှမ်းမိုးခံလိုက်ရလို့ဆိုတာပါပဲ”

ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦးမှာ ရှုယီကို အကြောင်သားကြည့်နေကြ၏။

ဤလူက သူတို့နားမလည်နိုင်သည့် အရာများ ထပ်ပြောနေပြန်သည်။

ရှုယီက သူတို့၏တုံ့ပြန်မှုကိုမစောင့်ဘဲ ဆက်ပြောလိုက်သည်။

“အတိုချုပ်ပြောရရင် မှော်ပညာရှင်ဆိုတာ စိတ်စွမ်းအားကိုသုံးပြီး သူတို့ရဲ့ မှော်စွမ်းအင်နဲ့ တုန်ခါမှုတွေကတစ်ဆင့် မှော်စွမ်းအင်ရင်းမြစ်အမှုန်အမွှားတွေကို အကျိုးသက်ရောက်စေတဲ့လူတွေပဲ။ တကယ်တော့ သင့်တော်တဲ့နည်းလမ်းတစ်ခုရှာနိုင်သရွေ့ ကိုယ်က မှော်ပညာရှင်တစ်ယောက်မဟုတ်ရင်တောင် မှော်စွမ်းအင်ရင်းမြစ်ကိုထိန်းချုပ်ပြီး မန္တန်တွေ ဖန်တီးလို့ရတယ်။ မှော်အစီအရင် ဒီအချက်ရဲ့ မြင်သာတဲ့ဥပမာပဲ”

မှော်အစီအရင်များအကြောင်းပြောချိန်တွင် ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦး အသိပြန်ဝင်လာ၏။

“ဥက္ကဌရှု မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်တွေကလည်း မှော်အစီအရင်တွေအပေါ် မှီခိုထားတာမဟုတ်ဘူးလား”

“မှန်ပါတယ်” ရှုယီ အပြုံးရေးရေးနှင့် ခေါင်းငြိမ့်လိုက်သည်။ “ဒါပေမယ့် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်အစီအရင်သုတေသနက အတိတ်က တစ်ခြားမှော်ပညာရှင်တွေနဲ့ မတူဘူး။ ကျွန်တော်တို့အတွက် မှော်အစီအရင်တွေဆိုတာ မှော်စွမ်းအင်ရင်းမြစ်တွေကို ထိန်းချုပ်ပြီး မန္တန်တွေဖန်တီးဖို့သုံးတဲ့ ကိရိယာတွေပဲ။ သဘောတရားက မှော်ပညာရှင်တွေဖန်တီးခဲ့တဲ့ မန္တန်အများစုနဲ့ သိပ်မကွဲပြားပေမယ့် တကယ်လက်တွေ့မှာ ကျွန်တော်တို့ကုမ္ပဏီရဲ့ မှော်အစီအရင်တွေက ပိုသန့်စင် ပိုအသေးစိတ်ပြီး ပို... သိပ္ပံနည်းကျတယ်”

***

Volume 7 အခန်း ၁၄၆။ လက်သီး

ရှုယီက အပြောအဟောကောင်းကောင်းဖြင့် ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦးကို နာရီဝက်ကြာအောင် စကားပြောခဲ့သော်လည်း သူတို့က “မှော်ပညာ၏ သိပ္ပံနည်းကျအမြင်” ၏ သဘောတရားကို နားမလည်နိုင်သေးပေ။

ဤအချင်းအရာကြောင့် ရှုယီ အတော်လေး ကူကယ်ရာမဲ့သွား၏။

ဤကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦးမှာ တစ်လျှောက်လုံး စိုင်စ်နယ်မြေ၌သာ နေခဲ့ရပြီး ငယ်ရွယ်စဉ်ကတည်းက သိပ္ပံပညာ၏ သဘောတရားနှင့် လိုက်လျောညီထွေနေခဲ့ရသော ကမ္ဘာမြေပေါ်မှ ကလေးများကဲ့သို့ မဟုတ်သောကြောင့် သဘာဝကျစွာပင် သိပ္ပံပညာအကြောင်း သူတို့ ဘာမျှမရင်းနှီးပေ။

ထို့ပြင် သူတို့က ယခုအချိန်ထိ ဆယ်စုနှစ်များကြာအောင် မှော်ပညာ၏ ရိုးရာသဘောတရားကိုသာ လေ့လာခဲ့သည့်အတွက် Frestech ကုန်သည်ကြီးများအသင်းထံရောက်လာသော ကလေးများကဲ့သို့ ဤသဘောတရားအသစ်ကို လက်မခံနိုင်သည်မှာ ပုံမှန်ပင်ဖြစ်သည်။

ရှုယီက သူတို့ အချိန်တိုအတွင်း ဤသဘောတရားကို လက်ခံလာရန် မျှော်လင့်မထားပေ။ သူက ဤအခြေအနေတွင် ဤတစ်ချိန်လုံးသုံးကာ ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦး အမှန်တရားအား နားလည်သဘောပေါက်လာစေရန် ထိုအရာအားလုံးကို ရှင်းပြလိုက်သည်။

ထိုအမှန်တရားမှာ မှော်ပညာ၏ ရှေးရိုးစွဲအယူအဆက နောက်ကျကျန်ခဲ့ပြီဟူ၍ပင်။ အင်ပါယာနှစ်ခုထဲရှိ ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦးအပါအဝင် မှော်ပညာရှင်များအားလုံး Frestech ကုန်သည်ကြီးများအသင်းကို မတားဆီးနိုင်တော့ပေ။

ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ယောက်က အတော်လေးမလိုလားသော်လည်း ဤအရာက အမှန်တရားဖြစ်သောကြောင့် ရှုယီမှန်ကန်ကြောင်း သူတို့ဝန်ခံရပေမည်။

“တကယ်တော့ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော် ဒီစစ်ပွဲကို မတိုက်ချင်ခဲ့ဘူး” ရှုယီက ရိုးသားသော အမူအရာနှင့် ပြောလိုက်သည်။ “စစ်ပွဲကယူလာတဲ့ ပျက်စီးဆုံးရှုံးမှုတွေက အတော်လေးကြောက်ဖို့ကောင်းပြီး ကျွန်တော့်အမြင်အရဆို လုံးဝ ဘာအဓိပ္ပာယ်မှမရှိဘူး။ ဒါပေမယ့် ဒီစစ်ပွဲသာမရှိခဲ့ရင် ကျွန်တော်နဲ့ Frestech ကုန်သည်ကြီးများအသင်းအတွက် အတားအဆီးတွေ အတော်များခဲ့မှာပဲ။ ဥပမာဆိုရင် ဒီစစ်ပွဲမဖြစ်ခဲ့ရင် ခင်ဗျားတို့နဲ့ အခုလို တန်းတူစကားပြောခွင့်ရဖို့ အတော်လေးခက်ခဲလောက်တယ်”

“မဟုတ်ဘူး မင်းရဲ့ ကျွမ်းကျင်ဘုန်းတော်ကြီးအဆင့်အတန်းနဲ့ဆို သေချာပေါက် ငါတို့နဲ့ တန်းတူစကားပြောခွင့်ရမှာပါ” မတိုင်မီက ကျွမ်းကျင်ဘုန်းတော်ကြီး အိုဖာလျန် နှင့် ကျွမ်းကျင်ဘုန်းတော်ကြီး လာဒူကာ တို့နှင့် လေးလေးနက်နက်စကားပြောခဲ့သော ကန်ဒရာအင်ပါယာကျွမ်းကျင်ဘုန်းတော်ကြီးက သက်ပြင်းချ၍ ခေါင်းယမ်းလိုက်သည်။ “ဒါပေမယ့် ဒီစစ်ပွဲသာမရှိခဲ့ရင် မင်းရဲ့Frestech ကုန်သည်ကြီးများအသင်းက သူတို့ရဲ့စွမ်းအားကို ထုတ်မပြဘဲနဲ့ မင်းပြောတာတွေကို ငါတို့လက်ခံလာအောင် သေချာပေါက် လုပ်နိုင်မှာမဟုတ်ဘူ”

“တကယ်တော့ ငါ အခုထိလည်း မင်းကို အတော်လေး မယုံမကြည်ဖြစ်နေတုန်းပဲ” မားလိုအင်ပါယာကျွမ်းကျင်ဘုန်းတော်ကြီးတစ်ဦးက စိတ်ဓာတ်ကျသော အမူအရာဖြင့် ပြောလိုက်သည်။ “ဥက္ကဌရှု မင်းတင်ပြတဲ့သဘောတရားတွေက အတော်လေး အသစ်အဆန်းဖြစ်တာကို လက်ခံပါတယ်။ ဒါပေမယ့် သက်သေပြဖို့ ဥပမာအလုံအလောက်မရှိရင် ငါ သံသယဖြစ်နေရဦးမှာပဲ”

ရှုယီက ပခုံးတွန့်၍ ဂရုမစိုက်ကြောင်း ပြသလိုက်သည်။

သူတို့ သူ့ကိုယုံကြည်ရန်မလိုဘဲ စိတ်ဝင်စားမှုရှိသည်ဆိုလျှင် လုံလောက်ပြီဖြစ်သည်။

သိပ္ပံနည်းကျ မှော်ပညာသဘောတရားအသစ်ကို တည်ဆောက်ပြီးနောက် ၎င်းကို စိုင်စ်နယ်မြေတစ်ခွင်ဖြန့်လိုလျှင် ထိုကျွမ်းကျင်ဘုန်းတော်ကြီးများကို ဘေးဖယ်ထား၍မရပေ။

သူတို့၏ ကြွယ်ဝသော မှော်ပညာဗဟုသုတများကိုသာမက မှော်ပညာရှင်အဝန်းအဝိုင်းရှိ သူတို့၏ဂုဏ်အဆင့်အတန်းကိုပါ ရှုယီလိုအပ်သည်။

မှော်ပညာ၏အထွတ်အထိပ်ရှိ ထိုကျွမ်းကျင်ဘုန်းတော်ကြီးက ဤသဘောတရားအသစ်တွင် စိတ်ဝင်စားပြီး သုတေသနတွင် ပါဝင်လာသရွေ့ စိုင်စ်နယ်မြေ၏ အခြားမှော်ပညာရှင်များ သုတေသနတွင်ပါဝင်လာစေရန် သူတို့က ဦးဆောင်ပေလိမ့်မည်။

“ကောင်းပြီ ဥက္ကဌရှု ငါတို့ မင်းရဲ့ မှော်လေသင်္ဘောတွေကို ဘာမှမလုပ်နိုင်တော့ အောက်မှာရှိတဲ့စစ်တပ်က ဒီတိုက်ပွဲကိုမနိုင်မှာ သေချာသလောက်ပါပဲ” ကန်ဒရာအင်ပါယာကျွမ်းကျင်ဘုန်းတော်ကြီးက သက်ပြင်းချကာ ပြောလိုက်၏။ “ဒါပေမယ့် ငါတို့ကို အရှုံးဝန်ခံ‌စေချင်တော့ မဖြစ်နိုင်ဘူး။ ဒါက ငါတို့ကန်ဒရာအင်ပါယာရဲ့ နောက်ဆုံးဂုဏ်သိက္ခာတိုက်ပွဲပဲ။ ငါတို့ကို အနိုင်ယူလို့ရပေမယ့် ငါတို့ကတော့ အညံ့မခံနိုင်ဘူး”

“ဒီလိုလား” ရှုယီက အတော်လေးထူးဆန်းသော အပြုံးတစ်ပွင့် ပြုံးလိုက်သည်။ “ခင်ဗျားတို့အညံ့မခံနိုင်တဲ့ အကြောင်းအရင်းက ကျွန်တော်တို့က ခင်ဗျားတို့ကို လုံလုံလောက်လောက် ထိခိုက်ပျက်စီးအောင် မလုပ်သေးလို့မဟုတ်လား”

ကန်ဒရာအင်ပါယာကျွမ်းကျင်ဘုန်းတော်ကြီးပ ခါးသီးစွာ ရယ်မောကာ ငြင်းဆန်ခြင်းရော ဝန်ခံခြင်းရောမပြုပေ။

ရှုယီက ရပ်တန့်နေသော တပ်ဖွဲ့နှစ်ခုထံကြည့်ပြီးနောက် ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ယောက်အား စောင့်နေရန် အချက်ပြပြီးနောက် ကန်ဒရာအင်ပါယာတပ်ဖွဲ့ထံ ပျံဝဲသွားသည်။

“ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် စကားပြောရအောင် ထွက်လာပေးလို့ရမလား”

တပ်ဖွဲ့ထဲရှိ ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် က ရှုယီအား ခဏကြည့်နေပြီးနောက် သူ၏စစ်မြင်းကိုစီးလျှက် ရှေ့တက်လာ၏။ သူက ပတ်ပတ်လည်ရှိ ဗိုလ်ချုပ်များကို လျစ်လျူရှုကာ ပုံစံထဲမှ ထွက်လာသည်။

ကန်ဒရာအင်ပါယာတပ်သားများက သူ့အတွက် လမ်းဖယ်ပေးလိုက်ပြီး မကြာမီ ရှုယီရှေ့တွင် ပေါ်လာ၏။

ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် မြင်းပေါ်မှ ခုန်ဆင်းလိုက်ချိန်တွင် ရှုယီက အပြုံးရေးရေးဖြင့် နှုတ်ဆက်လိုက်သည်။ “ဗိုလ်ချုပ်မှူးကြီး ထပ်တွေ့ပြန်ပြီနော်”

ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် က မျက်လုံးများမှေးကျဉ်းလိုက်ပြီး ရှုယီကို လေးလေးနက်နက် စိုက်ကြည့်ပြီးနောက် အေးစက်စွာ နှာမှုတ်လိုက်သည်။

“နောက်ဆုံးတစ်ခေါက်က မင်းကိုမသတ်နိုင်လိုက်တာ နှမျောစရာပဲ”

“အတိတ်အကြောင်းတွေ ပြောနေစရာမလိုပါဘူး” ရှုယီက လက်ဝေ့ယမ်းလိုက်၏။ “ဗိုလ်ချုပ်မှူးကြီး လက်ရှိအခြေအနေကို ခင်ဗျား ရှင်းရှင်းလင်းလင်းသိမယ် ထင်ပါတယ်။ ကျုပ်ကတော့ ဘာအဓိပ္ပာယ်မှမရှိလို့ ဒီစစ်ပွဲကို ဆက်မတိုက်ချင်တော့ဘူး။ ခင်ဗျားရော ဘယ်လိုထင်လဲ”

“ဘာလဲ မင်းက ငါတို့ကို အညံ့ခံခိုင်းဖို့ ဒီကိုလာတာလား” ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် က စူးရဲသော အမူအရာတစ်ခု ပေါ်လာပြီး နက်ရှိုင်းသော လေသံဖြင့် ပြောလိုက်သည်။ “ရှုယီ ငါ မင်းကိုပြောလိုက်မယ်။ ငါတို့ကန်ဒရာအင်ပါယာတပ်သားတွေ ဒီတိုက်ပွဲမှာ ကျဆုံးသွားရင်တောင် မင်းတို့ကို အညံ့ခံမှာမဟုတ်ဘူး။ ဒီတိုက်ပွဲကိုအဆုံးသတ်ချင်ရင် မင်းရဲ့လက်သီးတွေနဲ့ပဲ စကားပြော”

ရှုယီ မနေနိုင်တော့ဘဲ ခေါင်းယမ်းလိုက်မိသည်။ ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် နေရာမှတွေးကြည့်လျှင် အမှန်တကယ်ပင် အညံ့ခံနိုင်မည်မဟုတ်ပေ။

ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန်သည် ကန်ဒရာအင်ပါယာ၏ ဗိုလ်ချုပ်မှူးကြီး၊ ကန်ဒရာအင်ပါယာစစ်တပ်၏ အမြင့်ဆုံးကိုယ်စားပြုဖြစ်သည်။ ယခု ကန်ဒရာအင်ပါယာ၏ အထူးချွန်ဆုံးတပ်ဖွဲ့ကို ဦးဆောင်ထားပြီး သူက အညံ့ခံလိုက်လျှင် ကန်ဒရာအင်ပါယာ၏ အလုံးစုံအရှုံးပေးခြင်းကို ဆိုလိုခြင်းပင်။

ဤအရာသည် သူဆုံးဖြတ်နိုင်သော ကိစ္စမဟုတ်သည့်အတွက် ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် လက်မခံနိုင်ပေ။

“ကောင်းပြီ ခင်ဗျားက ကျုပ်ကို လက်သီးသုံးစေချင်တယ်ပေါ့ ဟုတ်လား။ ဒါဆို ကျုပ်လက်သီးကို အခုပြရတာပေါ့”

ရှုယီက သက်ပြင်းချလိုက်ပြီးနောက် သူ့ရင်ဘတ်ထဲမှ မှော်ဆက်သွယ်ရေးကိရိယာတစ်ခု ထုတ်ယူလိုက်သည်။

“ရော့ကာ အစီအစဉ်အတိုင်း မှော်ဒြပ်မှုန်ရောင်ခြည်တန်းကို ပစ်လိုက်တော့”

ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် က ရှုယီကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။

မှော်ဒြပ်မှုန်ရောင်ခြည်တန်းက မည်သည့်အရာနည်း။ ၎င်းက ရှုယီ သူ့ကိုပြသမည့် “လက်သီး” ပေလော။

“ဗိုလ်ချုပ်မှူးကြီး ကျေးဇူးပြုပြီး မော့ကြည့်လိုက်ပါဦး။ ခင်ဗျားမြင်ရမယ့်အရာက ခင်ဗျားအတွက် တစ်သက်လုံးမမေ့နိုင်မယ့် ခံစားချက်တစ်ခု သေချာပေါက် ချန်ရစ်ခဲ့လိမ့်မယ်”

ရှုယီ၏စကားကိုကြားသောအခါ ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် က ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ အုပ်စုထဲမှ မှော်လေသင်္ဘောဆယ်စီး ထွက်လာပြီး စစ်တလင်း၏ အနောက်ပိုင်းတွင် စုစည်းကာ စက်ဝိုင်းတစ်ခုဖွဲ့စည်းလိုက်သည်ကို မြင်လိုက်ရ၏။

ဤထူးဆန်းသော လှုပ်ရှားမှုက စစ်တလင်းပေါ်ရှိ လူတိုင်း၏အာရုံကို ဆွဲဆောင်လိုက်သည်။ သူတို့အားလုံး သိလိုစိတ်ပြင်းပြစွာ မှော်လေသင်္ဘောများထံ မော့ကြည့်လိုက်ကြ၏။

မှော်လေသင်္ဘောဆယ်စီးက ပုံစံဖွဲ့ကာ အတန်ကြာပြီးနောက် သူတို့၏ရှေ့၊ သူတို့စက်ဝိုင်း၏ အလယ်ဗဟို၌ တောက်ပသော အဖြူရောင်အလင်းတစ်ခု‌ ပေါ်လာသည်။

လေထဲရှိ ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦး၏ အမူအရာက တစ်ပြိုင်နက် ပြောင်းလဲသွား၏။

ထို‌မှော်လေသင်္ဘောဆယ်စီးထံမှလာသော ထူးဆန်းသည့်‌ မှော်စွမ်းအင်လှိုင်းများကို သူတို့ခံစားရသည်။ ၎င်းသည် မတိုင်မီက သူတို့ရင်ဆိုင်ခဲ့ဖူးသော မှော်စွမ်းအင်လှိုင်းမှန်သမျှနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေ၏။

ရှုယီ သူတို့ကိုပြောခဲ့သော မှော်စွမ်းအင်ရင်းမြစ်ကြိမ်နှုန်းနှင့် မတူညီသော ကြိမ်နှုန်းများက မှော်စွမ်းအင်ရင်းမြစ်၏ နောက်ဆုံးပုံစံကို မည်သို့ပြောင်းလဲစေနိုင်ကြောင်းတို့ကို စဉ်းစားကြည့်ပါက ဤအဖြူရောင်အလင်း၏ မှော်စွမ်းအင်လှိုင်းများ အလွန်ထူးခြားနေရခြင်းမှာ နောက်ဆုံးမန္တန်ကလည်း ထူးခြားမည့်အဓိပ္ပာယ်ပင်။

ဤအတွေးပေါ်လာသည်နှင့် သူတို့၏အမူအရာများက ထပ်မံပြောင်းလဲသွားရပြန်သည်။

ဤတစ်ကြိမ်တွင် ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ယောက်သာမက မဟာမှော်ပညာရှင်ဆယ့်ခြောက်ဦးနှင့် အင်ပါယာနှစ်ခု၏ စခန်းများထဲရှိ မှော်ပညာရှင်များအားလုံး၏ အမူအရာများ ပြောင်းလဲသွား၏။

ထိုအဖြူရောင်အလင်းဆယ်ခုစက်ဝန်း၏ အလယ်ဗဟိုရှိ မှော်စွမ်းအင်လှိုင်းများက ပိုပြီးထင်ရှားကာ ပိုပြီးစွမ်းအားကြီးလာသည်ကို မှော်ပညာရှင်များအားလုံး ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ ၎င်းက မျက်စိတစ်မှိတ်အတွင်း သာမန်မန္တန်များ၏ မှော်စွမ်းအင်လှိုင်းအဆင့်ကို ကျော်လွန်သွား၏။

သို့သော် မှော်စွမ်းအင်လှိုင်းများ၏ ပြင်းထန်မှုက တားမြစ်မန္တန်တစ်ခု၏ အဆင့်ရောက်သည်အထိ ရပ်တန့်မသွားဘဲ အလျင်အမြန်ပင် ဆက်လက်တောက်ပနေသည်။

ပတ်ဝန်းကျင်မှော်နေရာလွတ်ထဲရှိ မှော်စွမ်းအင်ရင်းမြစ်က အဖြူရောင်အလင်းဆယ်ခု၏ ပတ်ပတ်လည်တွင် အရူးအမူး စုဝေးလာပြီး မျက်စိတစ်မှိတ်အတွင်း ဆယ်မီတာပတ်လည်အတွင်းရှိ မှော်နေရာလွတ်မှာ ခမ်း‌ခြောက်သွားသည်။

အဖြူရောင်အလင်းဆယ်ခု၏ အလယ်တွင် အလွန်တောက်ပသော အဖြူရောင်အလုံးတစ်လုံး ရှိနေ၏။ မှော်စွမ်းအင်ရင်းမြစ်များ ပိုစုပ်ယူလေ အဖြူရောင်အလုံးက ပိုကြီးလာလေဖြစ်ပြီး တဖြည်းဖြည်း ၎င်းတစ်လျှောက်တွင် အနက်ရောင်စင်းကြောင်းများရှိသည့် ဖျော့တော့သော အရောင်နုနုတစ်ရောင်အဖြစ် ပြောင်းသွားသည်။

အဖြူရောင်အလုံး၏ ရိုက်ခတ်မှုမှရှောင်ရှားရန် မြေပြင်ထံပြန်ဆုတ်လာသော ကျွမ်းကျင်ဘုန်းတော်ကြီးခုနစ်ဦးက အဖြူရောင်အလင်းကို မော့ကြည့်ရင်း သူတို့၏အမူအရာများ လေးနက်လာ၏။

အဖြူရောင်အလုံးအတွင်း၌ပါဝင်သော တုန်လှုပ်ဖွယ် မှော်စွမ်းအင်ရင်းမြစ်ပမာဏကို သူတို့ အလွယ်တကူ ခံစားမိလိုက်သည်။ ဤအဖြူရောင်အလုံးကို ထုတ်လွှတ်လိုက်သည်နှင့် ခွန်အားက ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

တားမြစ်မန္တန်တစ်ခုပင် ၎င်းကိုယှဉ်နိုင်ရန် အဝေးကြီးလိုသေးသည်။

ကျွမ်းကျင်ဘုန်းတော်ကြီးနှစ်ဦးက ကန်ဒရာအင်ပါယာတပ်ဖွဲ့ရှေ့၌ ရပ်နေသော ရှုယီထံ လှည့်ကြည့်လိုက်ချိန်တွင် ရုတ်တရက် အတော်လေးထူးဆန်းနေသကဲ့သို့ ခံစားလိုက်ရ၏။

ပြန်လှည့်ကြည့်လိုက်သောအခါ ကောင်းကင်ရှိ အဖြူရောင်အလင်းလုံးက ပျံဝဲထွက်လာသည်ကို မြင်လိုက်ရသည်။ ၎င်းက လေထဲတွင် တလက်လက်တောက်ပသော အလင်းတန်းတစ်ခုဖြစ်လာပြီး အနောက်ဖက်ရှိ တောင်တန်းထံ ပျံဝဲထွက်သွား၏။

အဖြူရောင်အလင်း၏ အမြန်နှုန်းမှာ တုန်လှုပ်ဖွယ်ဖြစ်ပြီး တောင်တန်းထံ ချက်ချင်းရောက်ရှိသွားသည်။

လူတိုင်းက အဖြူရောင်အလင်းသက်ဆင်းသွားသော တောင်တန်းထံ စိုက်ကြည့်နေကြစဉ် ၎င်းက နေမင်းကဲ့သို့သော တောက်ပသည့်အလင်းရောင်နှင့် ပေါက်ကွဲမှုတစ်ခု ဖန်တီးလိုက်သည်။ ထိုအချင်းအရာက လူတိုင်းကို မျက်လုံးများ တင်းကြပ်စွာ မှိတ်သွားစေသည်။

လူအချို့က အချိန်မီ မတုံ့ပြန်နိုင်လိုက်ဘဲ သူတို့၏မျက်လုံးများမှာ ဤတောက်ပသည့် အလင်းရောင်ကြောင့် ပြာဝေသွားကာ မျက်ရည်များ တားမရဆီးမရ ကျဆင်းလာသည်။

အတန်ကြာပြီးနောက် မြေပြင်က ပြိုကျတော့မည့်အတိုင်း တုန်ခါမှုတစ်ခု အနောက်အရပ်မှ ရောက်ရှိလာ၏။ ၎င်းက လူတိုင်း၏ ခြေထောက်များကို တုန်ခါသွားစေပြီး လူတော်တော်များများ မြေပြင်ပေါ် လဲကျသွားသည်။

မိနစ်ပေါင်းများစွာကြာပြီးနောက် အသံက တဖြည်းဖြည်း လွင့်ပြယ်သွားပြီး တုန်ခါမှုကလည်း ဖြည်းညင်းစွာ ရပ်တန့်သွား၏။

ထို့နောက်မှသာ လူတိုင်းက ခက်ခက်ခဲခဲ မျက်လုံးများဖွင့်ပြီး အနောက်ဘက်မှ တောင်များထံ လှမ်းကြည့်လိုက်ကြသည်။

သို့သော်…… ထိုတောင်များက မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။

လူတိုင်းလှမ်းကြည့်လိုက်သောအခါ အလယ်မှကွဲနေသော တောင်တန်းကို မြင်လိုက်ရသည်။ ဘယ်ဖက်ခြမ်းက တောင်ဘက်သို့ ဆန့်သွားပြီး ညာဖက်ခြမ်းက အရှေ့မြောက်သို့ ဆန့်သွားကာ အလယ်တွင် ဧရာမအပေါက်ကြီးတစ်ပေါက် ရှိနေ၏။

ကန်ဒရာအင်ပါယာ၏ အလယ်ပိုင်းပြည်နယ်ရှိ အကျော်ကြားဆုံး Tangela တောင်တန်းကြီး ပေါက်ကွဲသွားခြင်းဖြစ်သည်။

ရှုယီက ကြက်သေသေနေသော ဗိုလ်ချုပ်မှူးကြီး ဆူဒ်မန် ထံ အပြုံးနှင့် လှည့်ကြည့်လိုက်သည်။

“ဗိုလ်ချုပ်မှူးကြီး ဒီလက်သီးက အလုံအလောက်ကြီးရဲ့လား”

***

Volume 7 အခန်း ၁၄၇။ စစ်ပွဲ၏ နောက်ဆုံးအခန်းငယ်များ

နိုဝင်ဘာတစ်ရက်နေ့ လေထဲတွင် ဆောင်းရာသီအစောပိုင်း၏ အေးစိမ့်မှုတို့ ရောက်ရှိလာချိန်၌ သတင်းတစ်ခုက စိုင်စ်နယ်မြေတစ်ခွင် ပျံ့နှံ့သွားသည်။

ကန်ဒရာအင်ပါယာက Frestech ကုန်သည်ကြီးများအသင်းနှင့် ရူဒ်ဆန်တိုင်းပြည်တို့နှင့်အတူ တစ်လကြာ ညှိနှိုင်းဆွေးနွေးပြီးနောက် စစ်ပြေငြိမ်းရေး သဘောတူစာချုပ်တစ်ခု ချုပ်ဆိုခဲ့သည်။

ဤသတင်းပျံ့နှံ့သွားချိန်တွင် အံ့ဩမိသူ များများစားစားမရှိပေ။

ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာမဟာမိတ်တပ်ဖွဲ့က တာရာ လွင်ပြင်ဒေသ၌ ရူဒ်ဆန်Frestech မဟာမိတ်အင်အားစုများကို ရှုံးနိမ့်ပြီးကတည်းက ဤကိစ္စကို သတ်မှတ်လိုက်ပြီးသားဖြစ်၏။

ဤအရာက ကန်ဒရာအင်ပါယာအတွက် အကောင်းဆုံးရလဒ်ဟုလည်း ဆိုနိုင်ပေသည်။

အဘယ့်ကြောင့်ဆိုသော် Frestech ကုန်သည်ကြီးများအသင်းကသာ ရပ်တန့်ရန် အစီအစဉ်မရှိဘဲ ရူဒ်ဆန်တိုင်းပြည်နှင့်ပေါင်းကာ ကန်ဒရာအင်ပါယာကို ဆက်လက်တိုက်‌ခိုက်နေလျှင် ကန်ဒရာအင်ပါယာက သူတို့ကို လုံးဝတားနိုင်မည်မဟုတ်ပေ။

ရူဒ်ဆန်တိုင်းပြည်နှင့် Frestech ကုန်သည်ကြီးများအသင်းကသာ ပိုရက်စက်ခဲ့လျှင် ကန်ဒရာအင်ပါယာကို အစိတ်စိတ်အမြွာမြွာခွဲကာ ဖျက်စီးပစ်နိုင်ပေသည်။

ရူဒ်ဆန်တိုင်းပြည်နှင့် Frestech ကုန်သည်ကြီးများအသင်းတွင် ကန်ဒရာအင်ပါယာကို အမှန်တကယ် အပြည့်အဝသိမ်းပိုက်နိုင်သည့် စွမ်းရည်ရှိမည်ဟု မည်သူမျှမယုံသော်လည်း သူတို့လုပ်နိုင်ကြောင်းကိုလည်း မည်သူမျှသံသယမဝင်ချေ။

ထို့ကြောင့် နှစ်ဖက်လုံးက စစ်ပြေငြိမ်းရေးသဘောတူစာချုပ်ရေးထိုးလိုက်ချိန်တွင် လူအများအပြားက ပထမဆုံးအကြိမ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။

နှစ်ဖက်အုပ်စု စစ်ပွဲစတင်သည့် ပြီးခဲ့သောနှစ်အစပိုင်းကတည်းက စစ်ပြေငြိမ်းရေးသဘောတူစာချုပ် လက်မှတ်ထိုးသည့် ယခုနှစ်ကုန်အထိ စစ်ပွဲက တစ်နှစ်ခွဲခန့်ကြာမြင့်နေပြီဖြစ်ပြီး မရေမတွက်နိုင်သော တိုင်းပြည်များနှင့် စိုင်စ်နယ်မြေပေါ်ရှိ လူဦးရေတစ်ဝက်ကျော်ကို သက်ရောက်စေခဲ့သည်။

ဤနယ်မြေရှိ လူအများစု၏ နေ့စဉ်ဘဝများမှာ အများဆုံးရိုက်ခတ်ခံခဲ့ရ၏။

အသိသာဆုံးဥပမာမှာ စစ်ပွဲကြောင့် Frestech ကုန်သည်ကြီးများအသင်းပိုင်ဆိုင်သော အနောက်တောင်ထောင့်ရှိ တိုင်းပြည်များမှာ သူတို့၏ နိုင်ငံခြားကုန်သွယ်မှုများတွင် ကြီးစွာသော ဆုတ်ယုတ်မှုတို့ ခံစားခဲ့ရသည်။

ဤအရာက ထိုတိုင်းပြည်များကို အကြီးအကျယ် ထိခိုက်စေရုံသာမက သူတို့နှင့် ကုန်သွယ်ရေးလုပ်သော တိုင်းပြည်များကိုလည်း အကြီးအကျယ် ထိခိုက်စေသည်သာဖြစ်၏။

ဥပမာအားဖြင့် ထိုတိုင်းပြည်များတွင် လယ်ယာစိုက်ပျိုးရန် စိုက်ပျိုးရေးသုံးမှော်စက်များ အသုံးပြုခြင်းနှင့် နတ်သူငယ်များထံမှ မြေဩဇာများကိုသုံးခြင်းတို့က တွင်ကျယ်နေပြီဖြစ်ပြီး သူတို့၏ သီးနှံထွက်နှုန်းကို အကြီးအကျယ် တိုးစေခဲ့သည်။ ထို့ကြောင့် သူတို့တွင် ပြည်ပပို့ရန် ကောက်ပဲသီးနှံအလျှံပယ်ရှိပြီး ဈေးနိမ့်နိမ့်ဖြင့် ရောင်းချနိုင်သည်။

တိုင်းပြည်ပေါင်းများစွာတို့မှာ ထိုတိုင်းပြည်များတင်ပို့သော ကောက်ပဲသီးနှံများအပေါ် မှီခိုနေရသောကြောင့် စစ်ပွဲဖြစ်သည့် နှစ်နှစ်အတွင်း ထိုတိုင်းပြည်များထံမှ ကောက်ပဲသီးနှံတင်သွင်းမှုအပေါ် သက်ရောက်မှုရှိခဲ့သည်။ အငတ်ဘေးဆိုက်သည့် လက္ခဏာရပ်များပြလာသော တိုင်းပြည်အများအပြားပင် ရှိလာ၏။

ယခု Frestech ကုန်သည်ကြီးများအသင်းနှင့် ကန်ဒရာအင်ပါယာတို့က စစ်ပြေငြိမ်းရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်သောကြောင့် မစောင့်နိုင်ကြတော့သော ကုန်သည်များက သူတို့၏ ကုန်သွယ်ရေးလမ်းကြောင်းများကို တတ်နိုင်သမျှချက်ချင်း ပြန်ဖန်တီးလိုက်သည်။ သူတို့က သယ်ပို့ရန် ကောက်ပဲသီးနှံများနှင့် ထုတ်ကုန်များရယူကာ ထိုတိုင်းပြည်များရှိ အငတ်ဘေးကို အလျင်အမြန် ကူညီဖြေရှင်းလိုက်သည်။

သို့သော် ဤအချက်က စစ်ပြေငြိမ်းရေးသဘောတူစာချုပ်၏ အစိတ်အပိုင်းငယ်လေးတစ်ခုမျှသာဖြစ်၏။ လူအများ အမှန်တကယ်ဂရုစိုက်သည်မှာ စစ်ပြေငြိမ်းရေးသဘောတူစာချုပ်၌ နှစ်ဖက်က မည်သည့်အခြေအနေများ သတ်မှတ်ခဲ့သနည်းဆိုသည်ကိုပင်။

အကျိုးသင့်အကြောင်းသင့်ပြောလျှင် ရူဒ်ဆန်တိုင်းပြည်နှင့် Frestech ကုန်သည်ကြီးများအသင်းက သိသိသာသာပင် အနိုင်ရခဲ့ခြင်းကြောင့် ကန်ဒရာအင်ပါယာကို စစ်ပြေငြိမ်းရေးသဘောတူစာချုပ်၌ လက်မှတ်ရေးထိုးရန် တွန်းအားပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စစ်ပြေငြိမ်းရေးသဘောတူစာချုပ်သည် ရူဒ်ဆန်တိုင်းပြည်နှင့် Frestech ကုန်သည်ကြီးများအသင်းကို မျက်နှာသာပိုပေးသင့်၏။

သို့သော် ကန်ဒရာအင်ပါယာက နှစ်ပေါင်းတစ်ထောင်ကြာသမိုင်းကြောင်းနှင့် နက်ရှိုင်းသော အုတ်မြစ်ရှိသည့် အင်ပါယာကြီးတစ်ခု ဖြစ်နေသည့်အချက်ကို ထည့်သွင်းစဉ်းစားလျှင် ရူဒ်ဆန်တိုင်းပြည်နှင့် Frestech ကုန်သည်ကြီးများအသင်းက စစ်မြေပြင်၌ စစ်ဘက်သုံးမှော်စက်များအပေါ်မှီခိုကာ အသာစီးရခဲ့လျှင်တောင် ကန်ဒရာအင်ပါယာကို လွန်ကဲသော တောင်းဆိုချက်များတွင် လက်မှတ်ထိုးခိုင်းရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ထိုအကြောင်းအရာများနှင့်ပတ်သတ်၍ လူတိုင်း အတော်လေးသိချင်နေကြ၏။

စိုင်စ်နယ်မြေ၌ စစ်ပွဲဖြစ်ပွားသည်မှာ ပထမဆုံးအကြိမ်မဟုတ်သည့်အတွက် ရူဒ်ဆန်တိုင်းပြည်အတွက်မူ ကိစ္စမရှိပေ။ နိုင်ငံနှစ်ခုကြား၌ စစ်ပြေငြိမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးသည်က ပုံမှန်ဖြစ်၏။

လူများ အမှန်တကယ်သိချင်ကြသည်မှာ Frestech ကုန်သည်ကြီးများအသင်းက ကုမ္ပဏီတစ်ခုအနေဖြင့် ကန်ဒရာအင်ပါယာကဲ့သို့ အင်ပါယာတစ်ခုနှင့် မည်သို့လက်မှတ်ရေးထိုးသနည်း ဆိုသည်ကိုပင်။ ဤသို့သောဖြစ်ရပ်က စိုင်စ်နယ်မြေသမိုင်း၌ ပထမဆုံးအကြိမ်ဖြစ်သည်။

ထို့ပြင် Frestech ကုန်သည်ကြီးများအသင်းသည် အဆုံးတွင်မူ ကုမ္ပဏီတစ်ခုမျှသာဖြစ်၏။ သူတို့တွင် ရူဒ်ဆန်တိုင်းပြည်ကဲ့သို့ ခန့်မှန်းနိုင်သော အခြေအနေများများစားစားမရှိသောကြောင့် သူတို့က မည်သို့သောအခြေအနေများ တောင်းဆိုမည်နည်း။

သို့သော် Frestech ကုန်သည်ကြီးများအသင်းဖြစ်စေ ကန်ဒရာအင်ပါယာဖြစ်စေ စစ်ပြေငြိမ်းရေးသဘောတူစာချုပ်အကြောင်း ဆွေး‌နွေးခြင်းမပြုပေ။ သူတို့က ဤစာချုပ်၌ သဘောတူညီခဲ့သော အခြေအနေများကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ချေ။

သို့သော် စစ်ပြေငြိမ်းရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် ရူဒ်ဆန်Frestech မဟာမိတ်အင်အားစုများ ကန်ဒရာအင်ပါယာနယ်မြေမှ အလျင်အမြန်ဆုတ်ခွာသွားသည်ကိုကြည့်၍ ခန့်မှန်းရလျှင် ကန်ဒရာအင်ပါယာက ရူဒ်ဆန်တိုင်းပြည်နှင့် Frestech ကုန်သည်ကြီးများအသင်းတို့အတွက် အလွန်ကျေနပ်စေသော အခြေအနေများ သဘောတူခဲ့ပုံပင်။ မဟုတ်ပါက သူတို့ ဤမျှမြန်မြန်ဆန်ဆန် ပြန်ဆုတ်သွားမည်မဟုတ်ပေ။

သို့သော်…… ကန်ဒရာအင်ပါယာအတွက် စစ်ပြေငြိမ်းရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းမှာ အစမျှသာဖြစ်သည်။

ရူဒ်ဆန်Frestech မဟာမိတ်အင်အားစုထံ ရှုံးနိမ့်မှုများကြောင့် ကန်ဒရာအင်ပါယာက ၎င်းတို့၏ ရိုက်ခတ်ခြင်းမခံရလျှင်တောင် သူတို့၏ပိုင်နက်နယ်မြေများက ဝရုန်းသုန်းကား ဖြစ်ကုန်ကြသည်။

အခြားအရာများမပြောလျှင်တောင် စီရင်စုဆယ်ခုကျော် ကိုယ်ပိုင်အုပ်ချုပ်ရေးကြေညာလိုက်ခြင်းက ကန်ဒရာအင်ပါယာတော်ဝင်မိသားစုကို ခေါင်းကိုက်‌သွားစေသည်။

ရူဒ်ဆန်Frestech မဟာမိတ်အင်အားစုများ ဆုတ်ခွာသွားသော်လည်း ကန်ဒရာအင်ပါယာ လက်ရှိကြုံနေရသော ဖရိုဖရဲအခြေအနေများကို တည်ငြိမ်အောင်လုပ်ရန် ထိုမျှမလွယ်ကူပေ။

ဤအချိန်တွင် မားလိုအင်ပါယာက ကန်ဒရာအင်ပါယာအား နောက်ကျောဓားနှင့်မထိုးလျှင်တောင် ကန်ဒရာအင်ပါယာက ၎င်း၏ပြည်တွင်းအခြေအနေကို ငြိမ်းချမ်းအောင်လုပ်ရန် များစွာအားစိုက်ထုတ်ရမည်ဟု လူအများစုက ထင်ကြ၏။

နိုဝင်ဘာ ၉ ရက်နေ့တွင် မားလိုအင်ပါယာက လမ်ပူရီတိုင်းပြည်နှင့် ဒရိက်ခ်ဒက်ချီတို့နှင့် စစ်ပြေငြိမ်းရေးသဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးပြီးကြောင်း ကြေညာလိုက်သည်။

ကန်ဒရာအင်ပါယာက စစ်ပြေငြိမ်းရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးအောင် ဖိအားပေးခံရပြီးနောက် အင်ပါယာနှစ်ခုတပ်စခန်း၏ နောက်ထပ်ကျောရိုးဖြစ်သည့် မားလိုအင်ပါယာလည်း စစ်ပွဲကိုအဆုံးသတ်ရန် တွန်းအားပေးခံလိုက်ရသည့် အဓိပ္ပာယ်ပင်။

၎င်းသည် ခွက်ထိုးခွက်လန်ရှုံးပြီးနောက် စစ်ပြေငြိမ်းရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် ဖိအားပေးခံလိုက်ရသော ကန်ဒရာအင်ပါယာနှင့် ကွဲပြားသော်လည်း မားလိုအင်ပါယာလည်း တန်ဖိုးကြီးကြီးပေးလိုက်ရမည်မှန်း လူတိုင်းပြောနိုင်၏။

ပြောရမည်ဆိုလျှင် တာရာ လွင်ပြင်ဒေသတိုက်ပွဲ၌ မားလိုအင်ပါယာက ရူဒ်ဆန်Frestech မဟာမိတ်အင်အားစုများကို ခုခံရန် ကန်ဒရာအင်ပါယာနှင့်အတူ ကြီးမားသော တပ်ကူအဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့သည်။ သို့သော် သူတို့လည်း ကန်ဒရာအင်ပါယာနှင့်အတူ ခွက်ထိုးခွက်လန်ရှုံးနိမ့်မှုကို ခံစားလိုက်ရ၏။

သူတို့ Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံးမှော်စက်များ အထောက်အပံ့ရနေသော တပ်ဖွဲ့ကို အနိုင်မယူနိုင်သောကြောင့် ကန်ဒရာအင်ပါယာကဲ့သို့ပင် သူတို့လည်း ရှုံးနိမ့်သွားမည်မှန်း မားလိုအင်ပါယာက သဘောပေါက်သွားကြောင်း သိသာထင်ရှားလှသည်။ ရန်သူ့တပ်ဖွဲ့ကို သူတို့၏မြို့တော်အား ချိုးဖောက်ဝင်ရောက်ခွင့်ပြုမည့်အစား ဤအခြေအနေကို ပြန်ပြင်ဆင်ကာ စောစောစီးစီး ငြိမ်းချမ်းရေးအတွက် တန်ကြေးတစ်ခု ပေးလိုက်သည်က ပိုကောင်းမည်ပင်။

စစ်ပြေငြိမ်းရေးသဘောတူစာချုပ်၏ အသေးစိတ်ကိုမူ မားလိုအင်ပါယာ၊ လမ်ပူရီတိုင်းပြည်နှင့် ဒရိက်ခ်ဒက်ချီတို့က ကြေညာခြင်းမပြုပေ။

သို့သော် နောက်ပိုင်းဖြစ်ရပ်များအရ သဲလွန်စအချို့ကို သူတို့မြင်လာရသည်။

အသိသာဆုံးဥပမာမှာ မားလိုအင်ပါယာသို့ ထွက်ပြေးနေသော ဖော့လ်ခ်တိုင်းပြည်အစိုးရအဖွဲ့က သူတို့၏ဖျက်သိမ်းခြင်းနှင့်အတူ ဖော့လ်ခ်တိုင်းပြည် ပျက်စီးသွားပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်သည်။

တစ်ချိန်တည်းတွင် မားလိုအင်ပါယာ၏ အထောက်အပံ့နှင့် ပုန်းရှောင်နေသော ဆက်ခ်တိုင်းပြည်တော်ဝင်မိသားစုမှာ အရိပ်အယောင်ပင်မကျန်ဘဲ ပျောက်ကွယ်သွား၏။

ဤသည်က ဆက်ခ်တိုင်းပြည်လည်း သမိုင်းထဲ၌ ပျောက်ကွယ်နေရစ်တော့မည့် အဓိပ္ပာယ်ပင်။

လမ်ပူရီတိုင်းပြည်နှင့် ဒရိက်ခ်ဒက်ချီတို့၏ ကနဦးသဘောတူညီထားမှုအရ သူတို့က ဖော့လ်ခ်တိုင်းပြည်နှင့် ဆက်ခ်တိုင်းပြည်တို့ပိုင်ဆိုင်ခဲ့သော နယ်မြေများကို ခွဲဝေယူလိုက်ကြသည်။

သို့သော် လမ်ပူရီတိုင်းပြည်က ဆက်ခ်တိုင်းပြည်၏ နယ်မြေအများစုအပြင် ဖော့လ်ခ်တိုင်းပြည်၏ ပိုကြီးသောအပိုင်းနှင့်အတူ ပိုများများရလိုက်၏။ ဒရိက်ခ်ဒက်ချီကမူ သူတို့နယ်စပ်အနီးရှိ ဆက်ခ်တိုင်းပြည်၏ စတုရန်းကီလိုမီတာနှစ်သောင်းနှင့် ဖော့လ်ခ်တိုင်းပြည်၏ ပိုသေးသောအပိုင်းကိုသာ ရသည်။

ဤသို့ဖြင့် လမ်ပူရီတိုင်းပြည်၏ ပိုင်နက်သည် နှစ်ဆကျော်ပိုကျယ်သွား၏။ သူတို့က အနောက်တောင်ပိုင်းရှိ သာမန်တိုင်းပြည်တစ်ခုမှ အင်ပါယာနှစ်ခုပြီးလျှင် ဒုတိယနေရာရှိ ထိပ်တန်းအင်အားကြီးတိုင်းပြည်တစ်ခုအဖြစ် ခုန်တက်သွားသည်။

ဒရိက်ခ်ဒက်ချီ၏ နယ်မြေချဲ့ထွင်မှုက ပို၍ပင် သိသာ၏။ စတုရန်းကီလိုမီတာတစ်သောင်းသာရှိသော နယ်မြေငယ်လေးတစ်ခုက ကုန်းမြေဧရိယာ စတုရန်းကီလိုမီတာနှစ်သိန်းကျော်ရှိသော တိုင်းပြည်ကြီးတစ်ခု ရုတ်တရက် ဖြစ်လာသည်။

ဤမျှကြီးမားသောနယ်မြေနှင့် သူတို့ကို သဘာဝကျစွာပင် မြို့စားပိုင်နက်ငယ်လေးတစ်ခုအဖြစ် ဆက်လက်သတ်မှတ်၍မရတော့ချေ။

နိုဝင်ဘာ ၁၇ ရက်နေ့ ဒရိက်ခ်ဒက်ချီတည်ထောင်ခြင်းနှစ်ပတ်လည်နေ့၌ မြို့စားအမျိုးသမီး ကာရိုလင်းက ထီးနန်းကိုသိမ်းယူကာ ဒရိက်ခ်တိုင်းပြည်၏ ပထမဆုံးဘုရင်မအဖြစ် ခံယူမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ထိုနေ့မှစတင်ကာ ဒရိက်ခ်ဒက်ချီသည် ဒရိက်ခ်တိုင်းပြည်ဖြစ်လာ၏။

လမ်ပူရီတိုင်းပြည်က ထိုကဲ့သို့ သိသာသောသဲလွန်စများမပြသော်လည်း တိုင်းပြည်၏ကုန်သည်များကို နယ်မြေသစ်များတွင် ကုန်ပစ္စည်းသစ်များ စတင်ရင်းနှီးမြှုပ်နှံရန် အားပေးတိုက်တွန်းလျှက် နယ်မြေသစ်ကိုပေါင်းစည်းရန် အပြည့်အဝ လုပ်ဆောင်လိုက်သည်။

လမ်ပူရီတိုင်းပြည်က တစ်လျှောက်လုံး ဤသို့လုပ်ဆောင်ခဲ့သော်လည်း သူတို့က အခြားတိုင်းပြည်များတွင် ရင်းနှီးမြှုပ်နှံသေးသောကြောင့် အကန့်အသတ်ရှိခဲ့၏။

ယခု ဆက်ခ်တိုင်းပြည်နှင့် ဖော့လ်ခ်တိုင်းပြည်တို့ မရှိတော့သည့်အတွက် အဟန့်အတားများ ဖယ်ရှားပြီးသားဖြစ်သွားပြီး လမ်ပူရီတိုင်းပြည် ပိုမြန်မြန်ဆန်ဆန်ပင် လုပ်နိုင်လာသည်။

နိုဝင်ဘာ ၂၃ ရက်နေ့တွင် ဝေးလ်စ်ဒက်ချီက Frestech ကုန်သည်ကြီးများအသင်းအစောင့်တပ်ဖွဲ့၏ အကူအညီနှင့် ဒရိုမျိုးနွယ်စုတိုင်းပြည်၏မြို့တော် ဒရိုမြို့ကို ကျူးကျော်ခဲ့၏။ ဝခ်ကာ ဘုရင်က တော်ဝင်နန်းတော်ကို ကာကွယ်ရင်း သေဆုံးသွားကာ ဒရိုမြို့တော်ကျသွားပြီး ဒရိုမျိုးနွယ်စုနိုင်ငံ ဖျက်သိမ်းကြောင်း ကြေညာသည်အထိ ဖြစ်သွားစေသည်။

တစ်နေ့တည်းတွင် တည်ငြိမ်အေးချမ်းစွာ ကာကွယ်ထားသော နိုဇ်ဒိုမူစီးပွားရေးအသင်းတိုင်းပြည်က ရုတ်တရက် တိုက်ခိုက်ခံလိုက်ရ၏။

Frestech ကုန်သည်ကြီးများအသင်းမှ စစ်ဘက်သုံးမှော်စက်ပမာဏများစွာနှင့်အတူ နိုဇ်ဒိုမူစီးပွားရေးအသင်းတိုင်းပြည်က တိုက်ပွဲပေါင်းဆယ့်သုံးခုကို အောင်ပွဲခံကာ သူတို့ထံကျူးကျော်လာသော ရန်သူအားလုံးကို မောင်းထုတ်ခဲ့သည်။

ထို့နောက် အရှေ့တောင်ပိုင်းနိုင်ငံများသည် နိုဇ်ဒိုမူစီးပွားရေးအသင်းတိုင်းပြည်၏ လှုံ့ဆော်မှုကို တုံ့ပြန်ပြီး «စိုင်စ်နယ်မြေအရှေ့တောင်ပိုင်းနိုင်ငံများ ကုန်သွယ်ရေးပူးပေါင်းမှု သဘောတူစာချုပ်» သို့မဟုတ် ရိုးရိုးရှင်းရှင်းခေါ်ဆိုသော «အရှေ့တောင်ပိုင်းစာချုပ်» ကို လက်မှတ်ရေးထိုးလိုက်ကြသည်။

ဤ«အရှေ့တောင်ပိုင်းစာချုပ်»အရ နိုဇ်ဒိုမူစီးပွားရေးအသင်းတိုင်းပြည်၏ ကုမ္ပဏီဆယ့်သုံးခုကို အရှေ့တောင်ပိုင်းနိုင်ငံများတွင် အပြည့်အဝ ကုန်သွယ်ခွင့်ပေးထား၏။

ထိုးထွင်းသိမြင်နိုင်သော လူအချို့ကမူ နိုဇ်ဒိုမူစီးပွားရေးအသင်းတိုင်းပြည်မှ ကုမ္ပဏီဆယ့်သုံးခု၏ အားကောင်းသော ကုန်သွယ်ရေးအခွင့်အာဏာအပြင် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းခြင်းမှ ဖွံ့ဖြိုးတိုးတက်လာသည့် စွမ်းအားကြီးသော မှော်စက်မှုလက်မှုစနစ်နှင့်ဆိုလျှင် ထိုနိုင်ငံများတွင် လွတ်လပ်စွာ ကုန်သွယ်ခွင့်ရသွားသည်နှင့် စိုင်စ်နယ်မြေ၏ အရှေ့‌တောင်ပိုင်းတစ်ခုလုံးသည် ကုမ္ပဏီဆယ့်သုံးခု၏ လောကကြီးဖြစ်လာမည့်အကြောင်း ရိပ်မိကြ၏။

သို့သော်…… ၎င်းက တစ်စုံတစ်ယောက်၏ ခွန်အားအပေါ်တွင်သာ မူတည်ပေသည်။ အရှေ့တောင်ပိုင်းနိုင်ငံများကသာ ဤစာချုပ်ကို လက်မှတ်မထိုးလိုလျှင် သူတို့တွင် အခြားရွေးချယ်စရာရှိမည်မဟုတ်ပေ။

နိုဝင်ဘာ ၂၉ ရက်နေ့တွင် မာနာမှော်တိုင်းပြည်ကလည်း Frestech ကုန်သည်ကြီးများအသင်းနှင့် စစ်ပြေငြိမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးကြောင်း ကြေညာလိုက်သည်။

တစ်နှစ်ခွဲကြာအောင် စိုင်စ်နယ်မြေတစ်ခွင်လုံးကို လွှမ်းခြုံရစ်ပတ်ထားသော အင်ပါယာနှစ်ခုမဟာမိတ်တပ်ဖွဲ့နှင့် Frestech ကုန်သည်ကြီးများအသင်းကြားမှ စစ်ပွဲက တရားဝင်ပြီးဆုံးသွား၏။

စိုင်စ်နယ်မြေ၏သမိုင်းတွင် ဤအတိုင်းအတာရှိသော စစ်ပွဲတစ်ပွဲက တစ်နှစ်ခွဲကာလအတွင်း အဆုံးသတ်သွားခြင်းမှာ မကြုံစဖူးပင်။

ယခင်က အင်ပါယာနှစ်ခု မီးကုန်ယမ်းကုန်တိုက်ခိုက်ခဲ့စဉ်က နောက်ဆုံးအပြီးမသတ်မီ နှစ်ဆယ့်သုံးနှစ် ကြာမြင့်ခဲ့သည်။

သို့သော် ဤစစ်ပွဲ အမြန်ပြီးဆုံးရသည့် အကြောင်းအရင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များက အင်အားကြီးလွန်းသောကြောင့်သက်သက်မှန်း လူတိုင်းနားလည်၏။ ၎င်းက ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတစ်ပွဲ၌ မည်သည့်စိတ်လှုပ်ရှားစရာမျှ ရှိမနေသည့် အဓိပ္ပာယ်ပင်။

ထို့နောက်တွင်…… စစ်ပွဲတွင်ပါဝင်သောနိုင်ငံများ စစ်ပွဲပြီးဆုံးကြောင်း ကြေညာနေစဉ် Frestech ကုန်သည်ကြီးများအသင်း ဘာလုပ်နေသနည်း။

***

Volume 7 အခန်း ၁၄၈။ ပိုများများလိုချင်တယ်

အင်ပါယာနှစ်ခု စစ်ပြေငြိမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး အနည်းဆုံး နှစ်လသုံးလကြာသည်အထိ Frestech ကုန်သည်ကြီးများအသင်းက မည်သည်ကိုမျှမလုပ်ချေ။

စစ်ပွဲပြီးကတည်းက Frestech ကုန်သည်ကြီးများအသင်းသည် ဒေသတစ်ခုစီရှိ စစ်ပွဲကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးသွားသော သူတို့၏အဓိကလုပ်ငန်းများကို ပြန်လည်ပြင်ဆင်နေခဲ့၏။ ဤအရာများသည် လူအများစု၏အမြင်၌ အသေးအဖွဲ့ကိစ္စလေးများဖြစ်သည်။ ၎င်းတို့ကို အရေးကြီးသည်ဟု လုံးဝမသတ်မှတ်နိုင်ချေ။

Frestech ကုန်သည်ကြီးများအသင်းက စွန့်စားမှုအကြီးကြီးယူကာ အင်ပါယာနှစ်ခုနှင့် စစ်ပွဲဆင်နွှဲပြီး အောင်ပွဲရယူခြင်းမှာ သူတို့နဂိုရှိခဲ့သော အခြေအနေထံ ပြန်သွားရုံသက်သက်ဟု မည်သူမျှမယုံပေ။

သို့သော် Frestech ကုန်သည်ကြီးများအသင်းက အမှန်တကယ်ပင် မည်သည်ကိုမျှမလုပ်ချေ။ သူတို့က သူတို့၏အစီအစဉ်အတိုင်း သူတို့၏လုပ်ငန်းများကိုသာ နည်းနည်းချင်းစီ ပြန်ပြင်ဆင်နေ၏။

သို့သော် Frestech ကုန်သည်ကြီးများအသင်းပြန်လည်ပြင်ဆင်နေသော ခြေကုပ်နေရာများမှာ မတိုင်မီကနှင့်ယှဉ်လျှင် များစွာပိုအရေးပါသော အနေအထားများတွင်ရှိကြောင်း အလွယ်တကူ မြင်နိုင်ပေသည်။

နိုင်ငံငယ်များတွင်မဆိုထားနှင့် ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာတို့၌ပင် Frestech ကုန်သည်ကြီးများအသင်းသည် ဒေသခံအရာရှိများထံမှ မျက်နှာသာပိုပေး၍ ဆက်ဆံမှုများ လက်ခံရရှိလာသည်။ သူတို့က အင်ပါယာနှစ်ခု၏ ဒေသခံကုမ္ပဏီများထက်ပင် အဆပေါင်းများစွာ ပိုမိုကောင်းမွန်စွာ ဆက်ဆံခံရ၏။

ဤအရာက သဘာဝကျစွာပင် စစ်ပွဲထံမှ Frestech ကုန်သည်ကြီးများအသင်းရခဲ့သော အကျိုးအမြတ်ဖြစ်သော်လည်း လူပေါင်းများစွာအတွက်မူ ၎င်းက လုံလောက်ခြင်းနှင့် အဝေးကြီးလိုနေသေးသည်။

လမ်ပူရီတိုင်းပြည်နှင့် ဒရိက်ခ်ဒက်ချီသည်ပင် ထိုအဖိုးတန်နယ်မြေများအားလုံးရသွားပြီး သူတို့၏အနေအထားကို ခိုင်မာစေခဲ့သည်။

ရူဒ်ဆန်တိုင်းပြည်က ထိုမျှနယ်မြေအများအပြားမရသော်လည်း နော်တန်ဒက်ချီ၏နယ်‌မြေကို သူတို့၏ပိုင်နက်ထဲသို့ ပေါင်းစည်းနိုင်ခဲ့သည်။ သူတို့က ကန်ဒရာအင်ပါယာထံမှ စစ်လျော်ကြေးအဖြစ် ရွှေဒင်္ဂါးသန်းနှစ်ရာကျော်အပြင် အခြားအကျိုးအမြတ်များလည်း မခန့်မှန်းနိုင်အောင် ရရှိခဲ့၏။

Frestech ကုန်သည်ကြီးများအသင်းသည် ကုမ္ပဏီတစ်ခုမျှသာဖြစ်ပြီး ပိုင်နက်နယ်မြေမလိုအပ်သော်လည်း သူက သံသယဖြစ်စရာမလိုအောင်ပင် ဤစစ်ပွဲ၏ ခေါင်းဆောင်ဖြစ်သည်။ လမ်ပူရီတိုင်းပြည်ဖြစ်စေ၊ ဒရိက်ခ်‌ဒက်ချီ သို့မဟုတ် ရူဒ်ဆန်တိုင်းပြည်ဖြစ်စေ သူတို့ အင်ပါယာနှစ်ခုကို တိုက်ခိုက်နိုင်ခဲ့သည့် အဓိကအကြောင်းအရင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ အထောက်အပံ့ကြောင့်ဖြစ်၏။

ဤသို့ဖြစ်သည့်အတွက် Frestech ကုန်သည်ကြီးများအသင်းက အကျိုးအမြတ်ပိုများများ ရရှိသင့်ပေသည်။

ဤကာလအတွင်း Frestech ကုန်သည်ကြီးများအသင်းက မည်သည်ကိုမျှမလုပ်ခြင်းမှာ အဓိပ္ပာယ်မရှိသောကြောင့် လူအများအပြားကို သံသယဖြစ်လာစေသည်။

“ဒါက တကယ်ပဲ နားလည်ဖို့ အဲ့လောက်ခက်လို့လား” ရှုယီက ပခုံးတစ်ချက်တွန့်ကာ အေးဆေးသော အပြုံးတစ်ပွင့် ပေါ်လာသည်။ “ကျွန်တော်တို့ကုမ္ပဏီအတွက် အရာအားလုံး ပုံမှန်ပြန်ဖြစ်အောင်လုပ်တာက အကြီးဆုံးအကျိုးအမြတ်မဟုတ်ဘူးလား။ ကြည့်လေ ဒီစစ်ပွဲကြောင့် ကျွန်တော်တို့ကုမ္ပဏီက စုစုပေါင်း ရွှေဒင်္ဂါးသန်းသုံးရာတောင် ရင်းနှီးမြှုပ်နှံနိုင်ခဲ့တယ်။ ဒါက စစ်ပွဲနှစ်နှစ်အတွင်း ကျွန်တော်တို့ခံစားခဲ့ရတဲ့ ဆုံးရှုံးမှုကြီးကြီးမားမားတွေမှာ ထည့်သုံးလိုက်တာ မပါသေးဘူး အဲ့ဒါက အနည်း‌ဆုံး ရွှေဒင်္ဂါးသန်းနှစ်ရာလောက် ရှိမယ်။ ဒါ့ကြောင့် အရာအားလုံးပုံမှန်ပြန်ဖြစ်တာက ကျွန်တော်တို့အတွက် အကြီးဆုံးအကျိုးအမြတ်ပဲ”

ဆယ်ဗီနီက မျက်မှောင်အနည်းငယ်ကြုတ်၍ ရှုယီကို အတန်ကြာကြည့်နေပြီးနောက် သက်ပြင်းချကာ ခေါင်းယမ်းလိုက်သည်။

“ဒါက သေချာပေါက် ရှင့်အတွက်တော့ အမှန်တရားဖြစ်ပေမယ့် ရှင့်ကုမ္ပဏီကလူတိုင်းလိုချင်တဲ့အရာမဟုတ်ဘူးလို့ ကျွန်မပြောရဲတယ်။ ဒီတော့ ရှင့်ရဲ့ကုမ္ပဏီက တကယ်ပဲ ဒီကနေ လုံးဝ အကျိုးအမြတ်ယူဖို့ အစီအစဉ်မရှိဘူးလို့ပြောရင် ကျွန်မရဲ့လက်ချောင်းတစ်ချောင်းကတောင် ရှင့်ကိုယုံမှာမဟုတ်ဘူး”

“မင်း မယုံရင်လည်း ရပါတယ်။ မင်းက ကျွန်တော့်ကို တစ်ခုချင်းစီ ရှင်းပြစေချင်တာများလား” ရှုယီက ပြုံးကာ ဤခေါင်းစဉ်ကို ခဏဖယ်ထားရန် ဆုံးဖြတ်လိုက်သည်။ “အကျိုးအမြတ်နဲ့ပတ်သတ်ပြီး ပြောချင်ရင်တော့ လူအများစုရဲ့အမြင်မှာ ဒီကနေ အကျိုးအမြတ်အများဆုံးရသွားတာ မင်းရဲ့လမ်ပူရီတိုင်းပြည်ပဲ။ လမ်ပူရီတိုင်းပြည်ရဲ့ ဘုရင်မအနေနဲ့ မင်းဘယ်လိုထင်လဲ”

ဆယ်ဗီနီက ခါးသီးသော အပြုံးတစ်ပွင့် ပြုံးလိုက်သည်။ “ကောင်းပြီ ကျွန်မကို လာထေ့ငေါ့မနေနဲ့။ ကျွန်မ ဘယ်လောက်အလုပ်များလဲဆိုတာ ရှိမသိတာလည်းမဟုတ်ဘူး။ ဒီနေ့ ရှင့်ကိုတွေ့ချိန်ရဖို့ ကျွန်မလုပ်နိုင်သမျှအားလုံး လုပ်ခဲ့ရတာ”

“ဒါဆို ကျွန်တော်က မင်းကိုနှောင့်ယှက်နေတယ်လို့ ဆိုလိုတာပေါ့” ရှုယီ ရယ်မောကာ ထွက်သွားတော့မည့်ဟန်ပြုလိုက်သော်လည်း ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ဆယ်ဗီနီက သူ့ကို တားလိုက်သည်။

“စနောက်မနေနဲ့တော့” ဆယ်ဗီနီက သူ့ကို ဆူလိုက်၏။ “ကျွန်မ ဒီကို ဘာအကြောင်းဆွေးနွေးဖို့ရောက်လာတယ်ဆိုတာ ရှင် ရှင်းရှင်းလင်းလင်းသိသင့်တယ်”

ဆယ်ဗီနီက မျက်နှာထက်မှ ပင်ပန်းနွမ်းနယ်မှုအား မဖုံးကွယ်နိုင်သည်ကို မြင်သောအခါ ရှုယီသက်ပြင်းချလိုက်ပြီးနောက် ခေါင်းတစ်ချက်ငြိမ့်ကာ ပြောသည်။ “ကောင်းပြီ မနောက်တော့ဘူး။ ဆယ်ဗီနီ မင်း ဆက်ခ်တိုင်းပြည်နဲ့ ဖော့လ်ခ်တိုင်းပြည်‌ဆီက နယ်မြေကြီးတွေကို ဘယ်လိုသိမ်းသွင်းရမလဲဆိုတာ စိတ်ပူနေတာမလား”

“ပိုပြီးတိတိကျကျပြောရရင် အဲ့ဒီနယ်မြေတွေမှာနေတဲ့ လူတွေအကုန်လုံးကို ဘယ်လိုသိမ်းသွင်းရမလဲဆိုတာပဲ” ဆယ်ဗီနီ၏ မျက်ခုံးများ တွန့်ချိုးသွား၏။ “ဒီနယ်မြေတွေအကုန်လုံးကို ရလိုက်တာက ကောင်းတဲ့ကိစ္စဖြစ်ပြီး တိုင်းသူပြည်သားတွေက ကျွန်မကို သမိုင်းတစ်လျှောက်မှာ အကြီးကျယ်ဆုံးဘုရင်မအဖြစ် မြင်လာပေမယ့် အဲ့ဒီနယ်မြေမှာနေတဲ့သူတွေကို ကျွန်မတို့လမ်ပူရီတိုင်းပြည်ရဲ့ တစ်စိတ်တစ်ပိုင်း တကယ်ဖြစ်လာအောင်လုပ်ဖို့ ဘယ်လောက်ခက်တယ်ဆိုတာ သူတို့မသိဘူး”

“အဲ့ဒါ‌က ဒီလောက်ခက်တယ်လို့ ကျွန်တော်တော့မထင်ဘူး” ရှုယီက စိတ်အေးလက်အေးအပြုံးနှင့် ပြောသည်။ “ရိုးရိုးသားသားပြောရရင် ကျွန်တော်စုံစမ်းမိသလောက် စိုင်စ်နယ်မြေရဲ့နိုင်ငံတော်တော်များများမှာ အားလုံးတူညီတာတစ်ခုရှိတယ်။ အဲ့ဒါကတော့ ဘယ်တိုင်းပြည်ပဲဖြစ်ဖြစ် တိုင်းသူပြည်သားတွေမှာ တိုင်းပြည်နဲ့ပတ်သတ်ပြီး ပိုင်ဆိုင်မှုရော သစ္စာခံမှုရော မရှိဘူးဆိုတာပဲ”

ဆယ်ဗီနီက မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ရှုပ်ထွေးသော အမူအရာနှင့် ရှုယီအား ကြည့်လိုက်သည်။

“အဲ့ဒါ သဘာဝပဲမဟုတ်ဘူးလား။ ရှင်က အခုမှသိတာလား”

ရှုယီ၏အမူအရာမှာ တောင့်တင်းသွား၏။

ဤအရာက နှစ်ပေါင်းများစွာကြာအောင် စူးစမ်းလေ့လာပြီးမှ ရရှိလာသော လေးနက်သည့် ထိုးထွင်းအမြင်တစ်ခုဟု သူထင်ထားသော်လည်း ဆယ်ဗီနီက ၎င်းအား “သဘာဝ” ဟု ဆိုလာမည်ကို သူလုံးဝမျှော်လင့်မထားချေ။

“ဟေး ဘုရင်မတစ်ပါးအနေနဲ့ မင်းရဲ့တိုင်းသူပြည်သားတွေက မင်းအပေါ်သစ္စာမရှိတာကို ဘဘာဝလို့ထင်တာလား”

“ဒါပေါ့ တိုင်းသူပြည်သားတွေက သူတို့နေတဲ့ နယ်မြေကိုပိုင်တဲ့ တော်ဝင်မျိုးနွယ်တွေကိုပဲ သစ္စာခံမှာပေါ့။ တိုင်းပြည်ကတော့….. တိုင်းပြည်အပေါ်သစ္စာရှိမှုပြသတာက ဘာအဓိပ္ပာယ်မှမရှိဘူးလေ ဒီတော့ သူတို့က ဘာလို့ ဒီလိုလုပ်ရမှာလဲ”

ရှုယီသည် ထို့နောက်မှ ဆယ်ဗီနီ၏ “သစ္စာတရား” ဆိုသည်ကို “သူတို့၏နယ်မြေအပေါ် သစ္စာရှိမှု” ဟု သတ်မှတ်ထားခြင်းက စိုင်စ်နယ်မြေ၌ သဘာဝဖြစ်ကြောင်း နားလည်သွား၏။

သို့သော် ဤသို့ဆိုလျှင် ဆယ်ဗီနီမမှားချေ။

စိုင်စ်နယ်မြေပေါ်မှ ဤဓလေ့ကြောင့် နယ်မြေ၏လူများက သူတို့၏တိုင်းပြည်အပေါ် သစ္စာခံမှုမရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ရှုယီ စိုင်စ်နယ်မြေ၏သမိုင်းကြောင်းကို လေ့လာချိန်က လူသားများ နယ်မြေကိုအုပ်စိုးခဲ့သည့် နှစ်သုံးထောင်အတွင်း တိုင်းပြည်ပေါင်းများစွာက သမိုင်းကိုပြောင်းလဲစေသည့် စစ်ပွဲအများအပြားကို ဖြစ်စေခဲ့သော်လည်း အရပ်သူအရပ်သားများဦးဆောင်သည့် တိုက်ပွဲဟု၍ တစ်ပွဲမျှမရှိခဲ့ချေ။

အတိအကျပြောရလျှင် စိုင်စ်နယ်မြေပေါ်ရှိ နိုင်ငံများ၏ အတက်အကျသည့် သာမန်ပြည်သူပြည်သားများနှင့် ပတ်သတ်မှုမရှိဘဲ တော်ဝင်မျိုးနွယ်များကြားမှ ကစားပွဲတစ်ခုသာဖြစ်၏။

ဤသို့ဆက်‌ဖြစ်နေလျှင် တိုင်းသူပြည်သားများတွင် တိုင်းပြည်အပေါ် ပိုင်ဆိုင်လိုမှုနှင့် သစ္စာခံမှုတို့ မည်သို့ရှိမည်နည်း။

သို့သော် ဤအချက်နှင့်ပတ်သတ်၍ အကျိုးကျေးဇူးများလည်းရှိ၏။ တိုင်းပြည်တစ်ခုက အခြားတိုင်းပြည်၏ နယ်မြေကို သိမ်းပိုက်လိုက်လျှင် သူတို့စိတ်ပြောင်းလဲပြီး တိုင်းပြည်အသစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာစေရန် အချိန်အများကြီးမလိုပေ။

“ဒီတော့ ဒါက အတော်လေးမရိုးရှင်းပေဘူးလား။ မင်းက တိုင်းသူပြည်သားအသစ်တွေကို ကောင်းမွန်ကြွယ်ဝတဲ့ဘဝမှာ နေခွင့်ပြုထားသရွေ့ တစ်ယောက်ချင်းစီမှာ စားစရာအလုံ‌အလောက်နဲ့ ဝတ်စရာအလုံအလောက်ရှိတယ်ဆိုရင် အဲ့ဒီတိုင်းသူပြည်သားတွေက မင်းအတွက် ပြဿနာအများကြီး မဖြစ်စေလောက်ပါဘူး” ရှုယီက ဂရုမစိုက်သော အမူအရာဖြင့် ပြောသည်။

“ရှင်ပြောတဲ့အတိုင်းဆိုရင်တော့ တအားလွယ်တာပေါ့” ဆယ်ဗီနီက ရှုယီကို စိုက်ကြည့်လိုက်၏။ “ကျန်တာတွေမပြောနဲ့ဦး လူတိုင်းကို ဗိုက်ပြည့်အောင်စားခိုင်းဖို့တင် အတော်လေးခက်နေပြီ ဟုတ်ပြီလား”

“အဲ့ဒါက ဒီလောက်ခက်လို့လား” ရှုယီ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ “မင်းမှာရှိတဲ့ စိုက်ပျိုးရေးမှော်စက်အသုံးပြုမှုကို အားပေးတဲ့ အတွေ့အကြုံကိုယူပြီး ဒီမှာလည်း အဲ့လိုထောက်ခံပေးလိုက်လေ။ အဲ့ဒီပစ္စည်းတွေက ဆက်ခ်တိုင်းပြည်နဲ့ ဖော့လ်ခ်တိုင်းပြည်မှာလည်း ပျံ့နေပြီးသားဆိုတော့ မင်းတို့လမ်ပူရီတိုင်းပြည်က လက်လွှဲယူလိုက်ရင်တောင် ပြောင်းလဲမှာမဟုတ်ပါဘူး”

“ပြဿနာက အဲ့ဒါပဲ” ဆယ်ဗီနီက ခေါင်းယမ်းလိုက်၏။ “အရင်က ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းကပဲ ဆက်ခ်တိုင်းပြည်နဲ့ ဖော့လ်ခ်တိုင်းပြည်ကို စိုက်ပျိုးရေးသုံးမှော်စက်တွေရောင်းခဲ့ပြီး သူတို့က ရှင်တို့ရောင်းတာကို ယူခဲ့ရတာ။ ရှင်တို့ရောင်းတဲ့ စိုက်ပျိုးရေးသုံးမှော်စက်တွေက ကျွန်မတို့လမ်ပူရီတိုင်းပြည်ထက် တစ်ဆင့်နိမ့်ပြီး နည်းနည်းဟောင်းနေရင်တောင် ပြဿနာမရှိခဲ့ဘူး။ သူတို့ စောဒကမတက်နိုင်သလို တက်ခဲ့ရင်တောင် အဲ့ဒါက ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းဆီကိုပဲ သွားမှာ”

“သူတို့က လမ်ပူရီတိုင်းပြည်ရဲ့ တိုင်းသူပြည်သားတွေဖြစ်လာတော့ မင်းတို့လမ်ပူရီတိုင်းပြည်ရဲ့ တိုင်းသူပြည်သားတွေလိုမျိုး တူညီတဲ့ဆက်ဆံမှုနဲ့ အဆင့်တူတဲ့ စိုက်ပျိုးရေးသုံးမှော်စက်တွေလိုချင်လာတယ်ပေါ့” ရှုယီ မေးလိုက်သည်။

“အဲ့ဒါက တစ်စိတ်တစ်ပိုင်းပဲရှိသေးတယ်။ စိုက်ပျိုးရေးသုံးမှော်စက်တွေအပြင် နယ်မြေသစ်ရဲ့လူတွေက ဓာတ်မြေဩဇာတွေ၊ စိုက်ပျိုရေးသုံးမှော်စက်တွေနဲ့ပတ်သတ်ပြီး မျက်နှာသာပေးမှုတွေ ထောက်ပံ့မှုတွေနဲ့ တစ်ခြားအကျိုးအမြတ်တွေအများကြီး လိုချင်နေကြတာ……” ဆယ်ဗီနီက လက်များကိုဖြန့်လိုက်သည်။ “ကျွန်မ ဒါတွေကို သဘောတူပေးချင်ပေမယ့် ဒီဆုံးဖြတ်ချက်ကို မချနိုင်သလို သူတို့ကလည်း ကျွန်မ အဲ့ဒီဆုံးဖြတ်ချက်ကိုချနိုင်မယ်လို့ မယုံကြည်ဘူး”

ဆယ်ဗီနီ၏မျက်နှာထက်မှ အကူအညီမဲ့နေသော အမူအရာကိုကြည့်ကာ ရှုယီ မနေနိုင်တော့ဘဲ ပြုံးလိုက်မိသည်။

“ဒီတော့ မင်း အဲ့ဒီဆုံးဖြတ်ချက်ကိုချနိုင်ဖို့ ကျွန်တော့်ဆီက တစ်ခုခုလိုချင်လို့လား”

“ဟုတ်တယ်” ဆယ်ဗီနီက ပွင့်ပွင့်လင်းလင်းပင် ခေါင်းငြိမ့်တုံ့ပြန်လိုက်သည်။

ရှုယီကို ဤမျှကြာအောင် သိခဲ့ပြီးနောက် သူနှင့် မည်သို့စကားပြောရမည်မှန်း သူမကောင်းကောင်းသိ၏။

တိုက်ရိုက်ပြောခဲ့သည့် အကြိမ်ပေါင်းများစွာက ရှုယီ၏အကြိုက်ဖြစ်ခဲ့သည်။

“အမ်း…… ဒါဆို မင်းက အတိအကျ ဘာများလိုချင်တာလဲ” ရှုယီမေးလိုက်၏။

ဆယ်ဗီနီက နောက်သို့လှည့်ပြီး သူမနောက်ရှိ စားပွဲခုံပေါ်မှ အသင့်ပြင်လာသော မှတ်တမ်းတစ်ခုကို ကောက်ယူကာ ရှုယီအားပေးလိုက်သည်။

“အကုန်လုံး ဒီမှာရေးထားတယ်”

ရှုယီက မှတ်တမ်းကိုယူကာ ပေါ့ပေါ့ပါးပါး ဖတ်ကြည့်ပြီးနောက် တအံ့တဩဖြင့် ပါးစပ်အဟောင်းသားဖြစ်လာသည်။

“ဟေး ဆယ်ဗီနီ မင်းရဲ့အလိုဆန္ဒက မသေးဘူးပဲ။ မင်းက ဒီပစ္စည်းတွေအကုန်လုံးကို တစ်ခါတည်းယူသွားချင်တယ်ပေါ့။ တစ်ခြားဟာထက် မင်းက မှော်စက်ထုတ်လုပ်ရေးနည်းပညာကို လိုချင်နေတာပဲ။ ကျွန်တော်တို့ကုမ္ပဏီက ဒီနည်းပညာကို အရင်က မလွှဲပေးခဲ့ဖူးတာကို မင်းသိသင့်တယ်”

“အရင်က မလွှဲပေးခဲ့ပေမယ့် မလွှဲပေးဘူးလို့ဆိုလိုတာမဟုတ်ဘူးလေ” ဆယ်ဗီနီက လေးနက်သော အမူအရာဖြင့် ပြောသည်။ “ရှုယီ ရှင့်ရဲ့စိတ်ကူးက မှော်စက်မှုလက်မှုလုပ်ငန်းကို စိုင်စ်နယ်မြေတစ်ခုလုံးမှာ လွှမ်းမိုးစေချင်တာလေ။ ဒီတော့ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းက ဒီမှော်စက်ထုတ်လုပ်ရေးနည်းပညာကို အမြဲတမ်းသိမ်းထားလို့မရဘူး။ မဟုတ်ရင် ကျန်တဲ့နိုင်ငံတွေက အရိုးရှင်းဆုံး အိမ်တွင်းသုံးမှော်စက်တွေလောက်ပဲ ထုတ်လုပ်နိုင်ပြီး ဒါက မှော်စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတယ်လို့ မသတ်မှတ်နိုင်ဘူး။ ဒါ့ကြောင့် အိမ်တွင်းသုံးမှော်စက်နည်းပညာအပြင် မှော်စက်ထုတ်လုပ်ရေးနည်းပညာကိုလည်း အနှေးနဲ့အမြန် လွှဲပြောင်းပေးရမှာပဲ”

“မင်းရဲ့စကားတွေက အရမ်းကိုဆီလျော်မှုရှိလှပါပေတယ်” ရှုယီ အပြုံးရေးရေးနှင့် ခေါင်းငြိမ့်လိုက်၏။ “ဒါပေမယ့် ကျွန်တော်က ဒီနည်းပညာလွှဲပြောင်းပေးမယ့် ပထမဆုံးနိုင်ငံအနေနဲ့ လမ်ပူရီတိုင်းပြည်ကို ရွေးချယ်မယ်လို့ မင်းဘာလို့ထင်တာလဲ”

“ကျွန်မနဲ့ရှင့်ကြားက ကောင်းမွန်တဲ့ဆက်ဆံရေးကြောင့်လို့ပြောရင် ရှင်ယုံမှာလား” ဆယ်ဗီနီက အပြုံးနှင့်မေးလိုက်သည်။

ရှုယီ အပြုံးနှင့်ခေါင်းယမ်းလိုက်၏။ “မင်းက ဒီလိုမျိုး အရူးတစ်ယောက်မဟုတ်ပါဘူး”

“ဒါဆို ကျွန်မမှီခိုထားတဲ့အရာတွေက လမ်ပူရီတိုင်းပြည်မှာရှိပြီးသား မှော်စက်မှုလုပ်ငန်းအုတ်မြစ်နဲ့ တစ်ခြားတိုင်းပြည်တွေထက် ပိုနက်နဲတဲ့ မှော်စက်ဖန်တီးမှုအတွေ့အကြုံရယ်၊ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ နှစ်ပေါင်းများစွာကြာအောင် ပူးပေါင်းဆောင်ရွက်ခဲ့တာတွေဆိုရင်ရော ဘယ်လိုလဲ။ လုံလောက်လား”

ရှုယီက သူ့လက်ထဲရှိ မှတ်တမ်းကိုကြည့်ပြီးနောက် ဆယ်ဗီနီ၏ ရိုးသားသော အမူအရာကို ကြည့်ကာ အပြုံးရေးရေးတစ်ပွင့် ပေါ်လာသည်။

“ကြည့်ရတာ စိုင်စ်နယ်မြေရဲ့ မှော်စက်မှုလုပ်ငန်းသမိုင်းကြောင်းမှာ စာမျက်နှာအသစ်တစ်ခု ရှိလာတော့မယ့်ပုံပဲ”

***

Volume 7 အခန်း ၁၄၉။ လိုချင်ရင်ဝယ် မလိုချင်ရင် လစ်

သက္ကရာဇ် ၃၈၀၄ ခုနစ်၏ နှစ်သစ်ကူးက တိတ်တဆိတ် ကုန်လွန်သွား၏။ Frestech ကုန်သည်ကြီးများအသင်းက မည်သည့်ကြီးကြီးမားမားလှုပ်ရှားမှုမျှ လုပ်မည်မဟုတ်ဟု လူတိုင်းထင်လိုက်ကြပြီး သူတို့၏စောင့်ကြည့်မှုများကို ၎င်းထံမှ ဖယ်လိုက်ကြစဉ် စိုင်စ်နယ်မြေတစ်ခုလုံးကို အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေသည့် သတင်းတစ်ခု Frestech ကုန်သည်ကြီးများအသင်းထံမှ ထွက်ပေါ်လာသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် Frestech ကုန်သည်ကြီးများအသင်းက «Frestech မှော်စက်အပတ်စဉ်»၌ ကုမ္ပဏီတွင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အိမ်တွင်းသုံးမှော်စက်နည်းပညာအပြင် မှော်စက်နည်းပညာအချို့ မျှဝေပေးရန်ဆုံးဖြတ်လိုက်ကြောင်း ကြေညာထား၏။

ဤသတင်းက မရေမတွက်နိုင်သော လူတို့၏အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်သည်။

ဤမတိုင်မီက Frestech ကုန်သည်ကြီးများအသင်းသည် အိမ်တွင်းသုံးမှော်စက်နည်းပညာကိုသာ အဓိကထုတ်ပြခဲ့ပြီး ကျန်သည့်မှော်စက်များနှင့်ပတ်သတ်၍မူ သူတို့နှင့်အနီးကပ်ဆုံး တိုင်းပြည်များနှင့်သာ ပူးပေါင်း၍ စစ်ဘက်သုံးမှော်စက်အချို့ထုတ်လုပ်ခဲ့ကာ အခြားမည်သည့်နည်းပညာကိုမျှ ထုတ်မပြခဲ့ပေ။

ယခု Frestech ကုန်သည်ကြီးများအသင်းက သူတို့၏တရားဝင်သတင်းစာမှတစ်ဆင့် ဤကြေညာချက်ကို ပြုလုပ်လိုက်ခြင်းက သဘာဝကျစွာပင် လူပေါင်းများစွာကို အာရုံစိုက်မိသွားစေသည်။

ဤသို့ဖြစ်ပြီး နှစ်ပတ်ဆက်တိုက်ကြာအောင် «Frestech မှော်စက်အပတ်စဉ်» က ဤကိစ္စကို ဆက်လက်ဖော်ပြခဲ့သည်။ မတ်လလေးရက်နေ့တွင် Frestech ကုန်သည်ကြီးများအသင်းက တရားဝင်ကြေညာချက်တစ်ခုပြုလုပ်ရန် သတင်းစာရှင်းလင်းပွဲတစ်ခု ရုတ်တရက် ကျင်းပလိုက်သည်။ သူတို့က ထုတ်လုပ်ရေးမှော်စက်များအပြင် Frestech ကုန်သည်ကြီးများအသင်းမှထုတ်လုပ်သော အခြားမှော်စက်များနှင့်ပတ်သတ်သည့် နည်းပညာပေါင်းများစွာကို ထုတ်ဝေမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ဤသတင်းက တောင်ပံများပေါက်နေသကဲ့သို့ စိုင်စ်နယ်မြေတစ်ခွင် ပျံ့နှံ့သွားသည်။ တစ်ပတ်မျှအတွင်း နိုင်ငံပေါင်းများစွာနှင့် ကုမ္ပဏီပေါင်းများစွာအပြင် အမည်မသိအဖွဲ့အစည်းအချို့၏ ကိုယ်စားလှယ်များ Frestech မြို့သို့အပြေးရောက်လာကာ Frestech ကုန်သည်ကြီးများအသင်းကို ဆက်သွယ်လာ၏။

Frestech ကုန်သည်ကြီးများအသင်းက သူတို့ထုတ်ဝေမည့် နည်းပညာများကို စာရင်းပြုစုလျှက် နည်းပညာတစ်ခု၏ ဈေးနှုန်းတစ်ခုချင်းစီကို ရှင်းရှင်းလင်းလင်းဖော်ပြထားပြီး တန်ဖိုးတစ်ခုစီက ဈေးပေါခြင်းမရှိပေ။

ဥပမာ အလိုအလျောက်မှော်တွင်ခုံအသေးစားလေးဆိုလျှင် ဈေးနှုန်းက ရွှေဒင်္ဂါးပြားသုံး‌ဆယ့်လေးသိန်းအဖြစ် သတ်မှတ်ထား၏။

လေမှော်အင်ဂျင်စက်ဒီဇိုင်း၏ ပုံစံပြာဆိုလျှင်လည်း ဈေးနှုန်းက ရွှေဒင်္ဂါးပြား ခြောက်ဆယ့်သုံးသိန်း တန်ဖိုးဖြတ်ထားသည်။

ပြောရလျှင် ဈေးနှုန်းက အမှန်တကယ်ပင် မတန်တဆမြင့်ပြီး Frestech ကုန်သည်ကြီးများအသင်းက ဓားပြတိုက်နေခြင်းဖြစ်သည်ဟု လူပေါင်းများစွာက စောဒကတက်ကြ၏။

သို့သော် သူတို့ မည်မျှစောဒကတက်စေကာမူ လူပေါင်းမြောက်များစွာက Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်ဝေသော ရှားပါးနည်းပညာများကို ဝယ်ယူနေကြဆဲဖြစ်သည်။

သတင်းစာရှင်းလင်းပွဲလုပ်ပြီး တစ်ပတ်မျှအတွင်း Frestech ကုန်သည်ကြီးများအသင်းသည် ရွှေဒင်္ဂါးနှစ်ရာခြောက်ဆယ့်လေးသန်းပမာဏအထိ ရောက်ခဲ့သည့် နည်းပညာလွှဲပြောင်းရေးသဘောတူညီချက်စုစုပေါင်း သုံးရာခုနစ်ဆယ့်ခြောက်ခု အပြီးသတ်နိုင်ခဲ့သည်။

အမှန်တကယ်တော့ အရင်းအမြစ်ကြွယ်ဝသော မားလိုအင်ပါယာ၊ ကန်ဒရာအင်ပါယာနှင့် လမ်ပူရီတိုင်းပြည် သို့မဟုတ် Frestech ကုန်သည်ကြီးများအသင်းထက်ပင် ပိုချမ်းသာသော ခီမဲရာကုန်သည်ကြီးများမှလွဲ၍ ဤနည်းပညာများကို ချက်ချင်း အရယူနိုင်သော အဖွဲ့အစည်းများများစားစားမရှိပေ။

ဘဏ္ဍာရေးကန့်သတ်ချက်များကြောင့် နိုင်ငံနှင့် အဖွဲ့အစည်းများစွာတို့မှာ သူတို့ဝယ်ယူသော နည်းပညာကို သေချာရွေးချယ်ရ၏။ သူတို့က မှော်စက်အမျိုးအစားတစ်မျိုးတည်းဖြစ်ဖြစ် အမျိုးအစားပေါင်းများစွာဖြစ်ဖြစ် အထူးပြုရန် စီစဉ်ထားမှန်း သိသာထင်ရှားလှသည်။

Frestech ကုန်သည်ကြီးများအသင်းက ဤအမြင်ကို ထောက်ခံပြီး “နည်းပညာပေါင်းချုပ်” အများအပြားကိုပင် ပြုလုပ်လိုက်သည်။ ၎င်းက မှော်စက်နှင့်ပတ်သတ်သော နည်းပညာများကို တစ်စုတည်း ရောင်းချခြင်းဖြစ်သောကြောင့် ၎င်းကိုဝယ်ယူခြင်းဖြင့် လျှော့ဈေးအချို့ပင် ရမည်ဖြစ်သည်။

ထိုလျှော့ဈေးများသည် ရောင်းဈေးတွင်သာ လျှော့ဈေးပေးရုံမဟုတ်ဘဲ Frestech ကုန်သည်ကြီးများအသင်းကလည်း ထို”နည်းပညာပေါင်းချုပ်” ဝယ်ယူသူများအတွက် နည်းပညာဆိုင်ရာအထောက်အပံ့များနှင့် နောက်ဆက်တွဲဝန်ဆောင်မှုများကို ထောက်ပံ့ပေးကာ ထိုပေါင်းချုပ်ဝယ်သူများအား နည်းပညာနှင့်ပတ်သတ်ပြီး အစစအရာရာအဆင်ပြေအောင် အာမခံပေးမည်ဖြစ်သည်။

ဤဝန်ဆောင်မှုများကို နည်းပညာသီးသန့်ဝယ်သူများအတွက် ထောက်ပံ့ပေးမည်မဟုတ်ပေ။

ထို့ကြောင့် ဤအပိုထပ်ဆောင်းဝန်ဆောင်မှုအပြင် ဤနည်းပညာကိုဝယ်ယူသော နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ ထည့်သွင်းစဉ်းစားမှုများကြောင့် “မှော်ပညာပေါင်းချုပ်” မှာ ဝယ်လိုအားများလာသည်။

နည်းပညာလွှဲပြောင်းမှု သုံးရာခုနစ်ဆယ့်ခြောက်ခုတွင် တစ်ဝက်ကျော်မှာ ထို”နည်းပညာပေါင်းချုပ်” ကို ဝယ်ယူမှုများဖြစ်သည်။

သို့သော် ဤသို့လုပ်သည့်အပေါ် Frestech ကုန်သည်ကြီးများအသင်းအား မေးခွန်းထုတ်လာသူအချို့လည်း ရှိ၏။

မေးခွန်ထုတ်သူများက Frestech ကုန်သည်ကြီးများအသင်းသည် ဤ”နည်းပညာပေါင်းချုပ်”၌ ထိုမျှအသုံးဝင်သော နည်းပညာများ ထည့်ထားခြင်းမရှိသောကြောင့် ဤပေါင်းချုပ်ကို ဝယ်ယူခြင်းသည် အမြင်အားဖြင့် ဆွဲဆောင်မှုအားကောင်းသော်လည်း လက်တွေ့၌မူ ထိုပေါင်းချုပ်က နည်းပညာပေါင်းများစွာ မပေးနိုင်ဘဲ ဆုံးရှုံးမှုအချို့ပင် ရှိလိမ့်မည်ဟု ဖော်ပြထားသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ဤသံသယများအပေါ် တုံ့ပြန်မှုက အတော်လေးရိုးရှင်းပေသည်။

“Frestech ကုန်သည်ကြီးများအသင်းသည် သာတူညီမျှသော အကျိုးအမြတ်နှင့်အညီ အရောင်းအဝယ်လုပ်နေပြီး ဖောက်သည်များအား ကျွန်ုပ်တို့၏ထုတ်ကုန်များကို ဝယ်ယူရေးနှင့်ပတ်သတ်ပြီး မည်သည့်အကျပ်ကိုင်မှုမျှ ဆောင်ရွက်ခဲ့ခြင်းမရှိပါ။ Frestech ကုန်သည်ကြီးများအသင်း၏ အရောင်းအဝယ်ဗျူဟာများနှင့်ပတ်သတ်၍ မကျေနပ်လျှင် သင်တို့၏ အကြံပြုချက်များ ပေးနိုင်ပြီး Frestech ကုန်သည်ကြီးများအသင်းက စိတ်ရင်းဖြင့် နားထောင်ပေးပါမည်။ ထိုနည်းတူစွာပင် ဖောက်သည်များတွင် မဝယ်ယူရန် ရွေးချယ်ခွင့်ရှိပါသည်”

ထိုစကားများသည် နားထောင်ကြည့်လျှင် အနည်းငယ်ပြဿနာရှိပြီး အတော်လေးအရေးကြီးပုံပေါ်သော်လည်း အဓိပ္ပာယ်မှာ ရိုးရိုးလေးပင်။

ဆန္ဒရှိလျှင် ဝယ်၊ မရှိလျှင် မဝယ်နှင့်။

ဤသဘောထားက လူအများအပြားကို မပျော်မရွှင်ဖြစ်သွားစေသော်လည်း ဤမပျော်ရွှင်မှုကို ရင်ထဲတွင်သာမျိုသိပ်ကာ မေ့ဖျောက်ပစ်လိုက်ကြ၏။

ဤသို့ အတိမ်းအစောင်းမခံသောကာလ၌ မည်သူက သူတို့၏ Frestech ကုန်သည်ကြီးများအသင်းအပေါ် မကျေနပ်မှုကို ဖွင့်ချရန် အချိန်ရှိမည်နည်း။ ဤအချိန်ကို သူတို့၏နည်းပညာများဝယ်ယူရန် အသုံးချသည်ကမှ ပိုကောင်းပေမည်။

နောက်ဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းက မည်မျှမောက်မာနေပါစေ သို့မဟုတ် သူတို့၏‌ဖောက်သည်များကို အနိုင်‌ကျင့်ကာ လူအများ သူတို့ကိုဆဲချင်လာအောင် မည်မျှလုပ်နေပါစေ သူတို့က Frestech ကုန်သည်ကြီးများအသင်းသာဖြစ်သည်။ သူတို့က ဤမှော်စက်နည်းပညာအားလုံးကို ထိန်းချုပ်ထားသည့် တစ်ခုတည်းသော ကုမ္ပဏီပင်ဖြစ်သည်။

ထိုနည်းပညာများကိုရယူရန် သူတို့၌ အခြားရွေးချယ်မှုမရှိပေ။

Frestech ကုန်သည်ကြီးများအသင်းသည် သာမန်ကုမ္ပဏီတစ်ခု မဟုတ်ရုံသာမက ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာတို့ကို သူတို့နှင့် ငြိမ်းချမ်းရေးသဘောတူစာချုပ်ချုပ်ရန် ဖိအားပေးခဲ့သော စွမ်းအားကြီးအဖွဲ့အစည်းဖြစ်၏။

အင်ပါယာနှစ်ခုပင် Frestech ကုန်သည်ကြီးများအသင်းကို မည်သည်မျှမလုပ်နိုင်လျှင် အခြားသူများက မည်သည့်စောဒကတက်နိုင်မည်နည်း။

ဤနည်းပညာရောင်းချမှုမှ အနာဂတ်အလားအလာကို မြင်နိုင်ပေသည်။

အင်ပါယာနှစ်ခုနှင့် ခီမဲရာကုန်သည်ကြီးများအသင်းကဲ့သို့ ဘဏ္ဍာရေးတောင့်တင်းသော အဖွဲ့အစည်းများက သဘာဝကျစွာပင် Frestech ကုန်သည်ကြီးများအသင်းထံမှ တတ်နိုင်သမျှ နည်းပညာများများရရှိရန် မျှော်လင့်နေကြ၏။ ထို့နောက်မှသာ သူတို့က သူတို့၏ကိုယ်ပိုင်မှော်စက်မှုလုပ်ငန်းကို ကြိုးစားတည်ဆောက်ပြီး Frestech ကုန်သည်ကြီးများအသင်း၏ ကန့်သတ်ချုပ်ချယ်ခြင်းမခံရတော့မည်ဖြစ်သည်။

ပိုအားနည်းပြီး ပိုသေးငယ်သော နိုင်ငံများနှင့် ကုမ္ပဏီများမှာမူ သူတို့တွင် ကိုယ်ပိုင်ရည်မှန်းချက်များရှိလျှင်တောင် ခွန်အားအလုံအလောက်မရှိပါက အမျိုးအစားပေါင်းများစွာ၏ အဖျားအနား သို့မဟုတ် မှော်စက်တစ်မျိုးလောက်မျှသာရရန် ကြိုးစားနိုင်ကြောင်း သူတို့သိသည်။ ဤမှော်စက်အမျိုးအစားကို ထုတ်လုပ်နိုင်ခြင်းသည် Frestech ကုန်သည်ကြီးများအသင်းထံမှ လမ်းညွှန်မှုရရှိခြင်း၏ ရလဒ်ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် အနာဂတ်စိုင်စ်နယ်မြေတွင် မှော်စက်မှုလုပ်ငန်းအပေါ် အာရုံစိုက်မှုတိုးမြှင့်လာမည်မှာ သံသယဖြစ်စရာမလိုပေ။ Frestech ကုန်သည်ကြီးများအသင်းသည် သူတို့ကို ကိုယ်ပိုင်မှော်စက်မှုလုပ်ငန်းများ မထူထောင်လျှင် အရှုံးပေးရမည်ဖြစ်ကြောင်း ပြောပြရန် အင်ပါယာနှစ်ခုအား အနိုင်ယူခဲ့၏။

သို့သော် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများကမူ သိသိသာသာပင် ကွဲပြားခြားနားပေလိမ့်မည်။ အချို့က ချဲ့ထွင်ရေးသဘောဖြင့် ဖွံ့ဖြိုးတိုးတက်ပြီး အချို့က မွန်းမံရေးသဘောဖြင့် ဖွံ့ဖြိုးတိုးတက်လာပေလိမ့်မည်။

၎င်းသည် ရှုယီအမြင်ချင်ဆုံးဖြစ်သည့် ကမ္ဘာမြေပေါ်မှ ခေတ်သစ်စက်မှုလက်မှုလုပ်ငန်းကဲ့သို့ပင် ဖြစ်၏။

သို့သော် ရှုယီပျော်ရွှင်နေခြင်းသည် လူအများအပြား မပျော်ရွှင်ခြင်းလည်းဖြစ်၏။

“ဥက္ကဌရှု ဒီမှော်စက်ထုတ်လုပ်ရေးနည်းပညာသုံးခုကိုဝယ်ဖို့ ငါတို့ကန်ဒရာအင်ပါယာက သုံးကြိမ်တောင် လျှောက်လွှာတင်ခဲ့ပေမယ့် မင်းက ဘာလို့ လက်မခံချင်သေးတာလဲ”

ကန်ဒရာအင်ပါယာကုန်သွယ်ရေးဌာန၏ ခေါင်းဆောင်လည်းဖြစ်၊ ရှုယီ၏ အသိအကျွမ်းဟောင်းကြီးလည်းဖြစ်သည့် မားကွစ္စ်ဒီကတ်စ်က သူ့လက်ထဲရှိစာရင်းကို ဖတ်ကာ မကျေနပ်ဟန်ဖြင့် မျက်ခုံးများ တွန့်ချိုးလိုက်သည်။

“မင်းက စိုင်စ်နယ်မြေမှာ မှော်စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုပြီး မင်းတို့ကုမ္ပဏီရဲ့ ပြီးပြည့်စုံတဲ့ မှော်စက်နည်းပညာကို လွှဲပြောင်းပေးတယ်။ ဒါပေမယ့်….. အဲ့ဒါကို လွှဲပေးမယ်ဆိုရင်လည်း အကောင်းဆုံးလက်ခံသူကို ရွေးချယ်သင့်တာမဟုတ်ဘူးလား”

“မားကွစ္စ်ဒီကတ်စ်ပြောတာ မှန်တယ်” ဘေးရှိ မားလိုအင်ပါယာ၏ ကိုယ်စားလှယ်ဖြစ်သည့် မားလိုအင်ပါယာနိုင်ငံခြားကုန်သွယ်ရေးဌာန၏ ခေါင်းဆောင် မားကွစ္စ် ဆီယန် ကလည်း မျက်မှောင်ကြုတ်လိုက်၏။ “ကျုပ်တို့ အင်ပါယာနှစ်ခုရဲ့စွမ်းအားက နိုင်ငံပေါက်စတွေနဲ့ လူမသိသူမသိအဖွဲ့အစည်းတွေထက် ပိုအားကောင်းတာ သံသယဖြစ်စရာမလိုဘူး။ ဒီနည်းပညာကို ကျုပ်တို့ဆီသာလွှဲပေးလိုက်ရင် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုမှာ ပိုကောင်းတဲ့အကျိုးသက်ရောက်မှုရှိဖို့ အာမခံနိုင်တယ်။ ဒါကို ဘာလို့ ခင်ဗျားက ဆန္ဒမရှိရတာလဲ”

“ခင်ဗျားတို့နှစ်ယောက်ကို ကျုပ်ပြောပြီးသားလေ။ ခင်ဗျားတို့လိုချင်သမျှ နည်းပညာအကုန်လုံးကို ဝယ်ပြီးသွားပြီမဟုတ်ဘူးလား” ရှုယီ အပြုံးရေးရေးနှင့် ပြောလိုက်သည်။

“ဒါပေမယ့် မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဝန်ထမ်းထောက်ပံ့မှုရော နည်းပညာအထောက်အပံ့ရောက အကန့်အသတ်နဲ့လေ။ လူအများကြီးနဲ့ နောက်ဆက်တွဲဝန်ဆောင်မှုတွေကို ချက်ချင်းထောက်ပံ့ပေးဖို့ မဖြစ်နိုင်ဘူး။ ဒီနည်းပညာကိုသာ ငါတို့ဆီပေးလိုက်ရင် ဒါမှမဟုတ် ငါတို့နေရာအတွင်းက ထောက်ပံ့မှုကိုပဲ ချုပ်ကိုင်ထားရင် ဒီနည်းပညာတွေက ငါတို့လက်ထဲမှာ သူတို့ရဲ့အသုံးဝင်မှုကို မြန်မြန်ဆန်ဆန်ပြလာမှာပဲ။ မင်းဘယ်လိုကြည့်ကြည့် အဲ့ဒီနိုင်ငံပေါက်စတွေနဲ့ လူမသိသူမသိကုမ္ပဏီတွေထက်တော့ ပိုကောင်းမှာပါ ဟုတ်တယ်မလား” မားကွစ္စ်ဒီကတ်စ်က ဆက်ပြောလိုက်သည်။

“ဒီတော့ ခင်ဗျားပြောပုံအရဆို အဲ့ဒီနိုင်ငံပေါက်စတွေနဲ့ လူမသိသူမသိကုမ္ပဏီတွေကိုထောက်ပံ့ဖို့ အာရုံစိုက်တာက ပိုမကောင်းပေဘူးလား” ရှုယီ အပြုံးတစ်ပွင့် ပေါ်လာသည်။ “သူတို့က ခင်ဗျားတို့အင်ပါယာနှစ်ခုလို နည်းပညာအကုန်လုံး တစ်ပြိုင်နက်တည်း ဝါးမျိုချင်နေတာမဟုတ်ဘဲ နည်းနည်းချင်းစီ ဒါမှမဟုတ် တစ်မျိုးတည်းကိုပဲ အထူးပြုချင်ကြတာ။ ဒီလိုယှဉ်ကြည့်ရင် သူတို့က တိုးတက်ဖို့ ပိုလွယ်မယ်လို့ ကျုပ်ယုံကြည်တယ်”

“ဒီလိုတော့ဘယ်ဟုတ်မလဲ” မားကွစ္စ် ဆီယန် က ခေါင်းယမ်းလိုက်၏။ “ခွန်အားပဲဖြစ်ဖြစ် ငွေရေးကြေးရေးပဲဖြစ်ဖြစ် ငါတို့အင်ပါယာနှစ်ခုက သူတို့ထက်ပိုကောင်းတယ်။ ဘယ်လိုပဲကြည့်ကြည့် ငါတို့အခြေအနေက ပိုကောင်းပြီး ဖွံ့ဖြိုးတိုးတက်ဖို့ ပိုလွယ်တာကို။ တစ်ခြားအရာမပြောနဲ့ မှော်ပညာရှင်တွေအနေနဲ့တောင် ငါတို့အင်ပါယာနှစ်ခုက တစ်ခြားဘယ်တိုင်းပြည်၊ ဘယ်အဖွဲ့အစည်းထက်မဆို အများကြီးပိုကောင်းတယ်”

မားကွစ္စ်ဒီကတ်စ်က ခေါင်းငြိမ့်၍ တုံ့ပြန်လိုက်သည်။ သူ တစ်ခုခုပြောလိုသော်လည်း ရှုယီက လက်ပြကာ သူ့ကိုတားလိုက်၏။

“ဒီလိုပြောမှပဲ မှော်ပညာရှင်တွေနဲ့ပတ်သတ်ပြီး ခင်ဗျားတို့အင်ပါယာနှစ်ခုရဲ့ အတွေးက ဘယ်လိုလဲ”

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တိတ်ဆိတ်သွား၏။

သူတို့နှစ်ဦးထံမှ တုံ့ပြန်မှုကိုကြည့်ကာ ရှုယီနားလည်သွားသည်။ အင်ပါယာနှစ်ခုသည် လွန်ခဲ့သောနှစ်လက သူတင်ပြခဲ့သော အဆိုပြုချက်နှင့်ပတ်သတ်ပြီး ဆုံးဖြတ်ချက်မချရသေးမှန်း သိသာထင်ရှားလှသည်။

“ဒါက ခင်ဗျားတို့က သဘောမတူချင်တဲ့ အဓိပ္ပာယ်ပေါ့” ရှုယီ အေးစက်သော အပြုံးတစ်ပွင့် ပြုံးလိုက်၏။ “ခင်ဗျားတို့က ကျုပ်ရဲ့တောင်းဆိုချက်ကိုကျ သဘောမတူချင်ဘဲ ဒီလိုဆီလျော်မှုမရှိတဲ့ တောင်းဆိုချက်ကို လုပ်လာတယ်ဆိုတော့ ကျုပ်ကို ဘယ်လိုများ တုံ့ပြန်စေချင်သေးတာလဲ”

နှစ်ယောက်သားက အပြုံးတစ်ပွင့် အလျင်အမြန် ညှစ်ထုတ်လိုက်ပြီး မားကွစ္စ်ဒီကတ်စ်က ပြောလိုက်သည်။ “ဥက္ကဌရှု အထင်မလွဲပါနဲ့ ဒါက မတူညီတဲ့ ကိစ္စနှစ်ခုပဲလေ။ မှော်ပညာရှင်တွေကိစ္စကိုတော့ အင်ပါယာက ဆွေးနွေးနေတုန်းပါ။ ဒါက အင်ပါယာထဲမှာရှိတဲ့ မှော်ပညာရှင်တွေရဲ့ သဘောတူညီမှုလိုသေးတယ်ဆိုတာ မင်းလည်းသိသင့်ပါတယ်။ သူတို့သဘောမတူဘဲနဲ့ ဘယ်လိုလုပ် ငါတို့က……”

“မှော်ပညာရှင်တွေဘက်ကို ခင်ဗျားတို့စိတ်ပူစရာမလိုပါဘူး” ရှုယီ လက်ဝေ့ယမ်းပြလိုက်၏။ “မှော်ပညာရှင်အစည်းအရုံးနဲ့ မှော်ပညာရှင်အလုပ်အကိုင်လုံခြုံရေးအဖွဲ့အစည်းက လူတွေနဲ့ ကျုပ် စကားပြောပြီးလို့ သူတို့က ကျုပ်ရဲ့အကြံကို သဘောတူပြီးကြပြီ။ အဲ့ဒါအပြင် ခင်ဗျားတို့နှစ်နိုင်ငံက ကျွမ်းကျင်ဘုန်းတော်ကြီးတွေနဲ့ ကျုပ် တိတ်တ‌ဆိတ် ပြောကြည့်ပြီးပြီ။ သူတို့အကုန်လုံးကလည်း သဘောတူတယ်။ ဒီတော့ ….. ခင်ဗျားတို့အင်ပါယာနှစ်ခုပဲ ကျန်တော့တယ်”

“ဒါက……” သူတို့၏အမူအရာများက အတော်လေးကြည့်ရဆိုးသွားသည်။ “ကျုပ်တို့နှစ်နိုင်ငံက သဘောတူရင်တောင် နယ်‌မြေပေါ်က တစ်ခြားနိုင်ငံတွေက……”

“ခင်ဗျားတို့အင်ပါယာနှစ်ခုသာ သဘောတူရင်၊ အဓိကမှော်ပညာရှင်အဖွဲ့အစည်းနှစ်ခုကသာ သဘောတူရင် ပြီးတော့ ကျုပ်တို့Frestech ကုန်သည်ကြီးများအသင်းကလည်း သဘောတူရင် ဘယ်သူက အဲ့ဒါကို ဆန့်ကျင်ရဲမှာလဲ” ရှူယီက အသံကိုမြှင့်၍ ဤသို့ပြန်မေးလိုက်၏။

ရှုယီ၏မျက်နှာထက်မှ လေးနက်သော အမူအရာကို မြင်သောအခါ မားကွစ္စ်ဒီကတ်စ်နှင့် မားကွစ္စ် ဆီယန် တို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက် ခါးသီးစွာ ပြုံးလိုက်ကြသည်။

အမှန်တကယ်တော့ ရှုယီ၏စကားများက သူတို့နှစ်ဦးကို အင်ပါယာနှစ်ခု၏ ကိုယ်စားလှယ်များအနေဖြင့် မျက်နှာသာများစွာ ပေးနေပြီးသားဖြစ်သည်။

စိုင်စ်‌နယ်မြေပေါ်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ ဂုဏ်သတင်းနှင့်ဆိုလျှင် Frestech ကုန်သည်ကြီးများအသင်းက တောင်းဆိုချက်တစ်ခုခု လုပ်လိုက်သည်နှင့် ဤနယ်မြေပေါ်ရှိ မည်သည့်တိုင်းပြည် သို့မဟုတ် အဖွဲ့အစည်းက ဆန့်ကျင်ရဲမည်နည်း။

မှော်ပညာရှင်တစ်ယောက်ချင်းစီ၏ သဘောထားကရော။

စောစောက ရှုယီပြောလိုက်သောစကားကို သူတို့မကြားလိုက်သည်လော။ သူက အင်ပါယာနှစ်ခု၏ ကျွမ်းကျင်ဘုန်းတော်ကြီးအားလုံးနှင့် သဘောတူထားပြီးသည့်အတွက် မည်သည့်မှော်ပညာရှင်က သူတို့ကိုဆန့်ကျင်ရဲသည်အထိ ကန်းမည်နည်း။

“ဒါဆို…… ဥက္ကဌရှု ငါတို့အင်ပါယာနှစ်ခုက ဒီကိစ္စကိုသဘောတူရင် မင်းက ငါတို့စောစောကပြောတဲ့ တောင်းဆိုချက်ကို စဉ်းစားပေးနိုင်မလား” မားကွစ္စ်ဒီကတ်စ်က ထပ်မံမေးမြန်းလိုက်သည်။

ရှုယီ သူတို့နှစ်ဦးကိုကြည့်ကာ အပြုံးရေးရေးဖြစ်ပေါ်လာသည်။ “မားကွစ္စ်ဒီကတ်စ် ခင်ဗျား စောစောကပဲပြောလိုက်တယ်လေ။ ဒီနှစ်ခုက မတူတဲ့ကိစ္စတွေဆို။ ဘယ်လိုလုပ် အတူဆွေးနွေးလို့ရမှာလဲ”

မားကွစ္စ်ဆီယန် နှင့် မားကွစ္စ်ဒီကတ်စ်တို့က ကူကယ်ရာမဲ့သော အမူအရာများနှင့် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ဤသည်ကိုတုံ့ပြန်ရန် ပြောစရာစကားမရှိတော့ချေ။

***

Volume 7 အခန်း ၁၅၀။ မှော်ပညာရှင်ငြိမ်းချမ်း‌ရေးသဘောတူညီချက်

အိမ်တွင်းသုံးမှော်စက်များအပြင် နည်းပညာများဖြန့်ဝေမှုသည် Frestech ကုန်သည်ကြီးများအသင်း၏ နှစ်သစ်ကူးပြီးနောက် အဓိကအရွေ့ကြီးငါးခုထဲမှ တစ်ခုသာဖြစ်၏။

ဧပြီလတစ်ရက်နေ့က အခြားကမ္ဘာ၌ အနည်းငယ်ထူးခြားသော်လည်း စိုင်စ်နယ်မြေ၌မူ ငြိမ်းချမ်းအေးဆေးသော သာမန်နေ့တစ်နေ့သာ ဖြစ်သည်။ နယ်မြေပေါ်ရှိ အကြီးဆုံး မှော်ပညာရှင်အဖွဲ့အစည်းနှစ်ခုဖြစ်သည့် မှော်ပညာရှင်အစည်းအရုံးနှင့် မှော်ပညာရှင်အလုပ်အကိုင်လုံခြုံရေးအဖွဲ့အစည်းတို့က ကန်ဒရာအင်ပါယာ၊ မားလိုအင်ပါယာ၊ မာနာ မှော်တိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်၊ နိုဇ်ဒိုမူစီးပွားရေးအသင်းတိုင်းပြည်တို့နှင့်အတူ အခြားနိုင်ငံစုစုပေါင်း ရှစ်ဆယ့်သုံးနိုင်ငံအတွက် လူသိရှင်ကြားကြေညာချက်တစ်ခု ပြုလုပ်လိုက်သည်။

အဓိက မှော်ပညာရှင်အဖွဲ့အစည်းနှစ်ခုနှင့် နယ်မြေပေါ်ရှိ နိုင်ငံအားလုံး၏ ငါးပုံလေးပုံက မှော်ပညာရှင်ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးကာ နယ်မြေ၏ မှော်ပညာရှင်များအပေါ် စည်းမျဉ်းအသစ်တစ်ခု ဖန်တီးလိုက်သည်။

ဤထူးဆန်းသည်ဟုထင်ရသော မှော်ပညာရှင်ငြိမ်းချမ်းရေးသဘာတူညီချက်၏ ပင်မအကြောင်းအရာက ရှည်လျားသော်လည်း လူတိုင်း၏အာရုံစိုက်မှုကို အမှန်တကယ် ဆွဲ‌ဆောင်လိုက်၏။

ဤသဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်သည့်နေ့မှစ၍ မှော်ပညာရှင်အဖွဲ့အစည်းကြီးနှစ်ခုတွင် စာရင်းသွင်းထားသော မှော်ပညာရှင်အားလုံး စစ်ပွဲများတွင် ဝင်မပါရတော့ပေ။ မလိုက်နာသူများကို မှော်ပညာရှင်အဖွဲ့အစည်းကြီးနှစ်ခု၏ မှတ်တမ်းများမှ ဖယ်ရှားပစ်ကာ နယ်မြေပေါ်ရှိ မှော်ပညာရှင်အားလုံး၏ ဘုံရန်သူတစ်ဦးအဖြစ် ကြေညာမည်ဖြစ်သည်။

မှော်ပညာရှင်အစည်းအရုံးက ပြောစရာမလိုသော်လည်း မှော်ပညာရှင်အလုပ်အကိုင်လုံခြုံရေးအဖွဲ့အစည်းကမူ Frestech ကုန်သည်ကြီးများအသင်း၏ အထောက်အပံ့နှင့် ပိုအားမနည်းသော စွမ်းအားကြီးအဖွဲ့အစည်းတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာပြီး မှော်ပညာရှင်အစည်းအရုံးထက်ပင် ပိုအားကောင်းလာသည်။

မှော်ပညာရှင်အဖွဲ့အစည်းကြီးနှစ်ခုကသာ နယ်မြေရှိ မှော်ပညာရှင်များကို တစ်ချိန်တည်း ထိန်းချုပ်လိုလျှင် သူတို့ချမှတ်လိုက်သော စည်းမျဉ်းက မှော်ပညာရှင်အများစုအတွက် ခိုင်မာသောစည်းမျဉ်းတစ်ခု ဖြစ်ပေလိမ့်မည်။

တစ်နည်းအားဖြင့် ယနေ့မှစကာ ဤနယ်မြေ၏ မှော်ပညာရှင်များသည် နယ်မြေပေါ်၌ ဆက်နေလိုလျှင် စစ်မြေပြင်သို့ ထပ်မဝင်နိုင်တော့ချေ။

တစ်ချိန်တည်းတွင် အင်ပါယာနှစ်ခုအပါအဝင် နိုင်ငံပေါင်းရှစ်ဆယ့်သုံးနိုင်ငံက သူတို့၏တပ်ဖွဲ့များတွင် မှော်ပညာရှင်များ မခန့်အပ်တော့ဘဲ မည်သည့်မှော်ပညာရှင်ကိုမျှ စစ်မြေပြင်သို့ တိုက်ရိုက်ဝင်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်း ကြေညာလိုက်သည်။

ဤအရာမှာ မှော်ပညာရှင်အချို့က မှော်ပညာရှင်အဖွဲ့အစည်းကြီးနှစ်ခု၏ စည်းမျဉ်းများကို ဆန့်ကျင်၍ စစ်မြေပြင်သို့ဝင်လျှင်တောင် မည်သည့်တိုင်းပြည်၏ စစ်တပ်ကမျှ သူတို့ကို ခန့်အပ်မည်မဟုတ်ဘဲ သူတို့၏အားထုတ်မှုများ အလဟဿဖြစ်သွားမည့် အဓိပ္ပာယ်ပင်။

ပြောရလျှင် ဤမှော်ပညာရှင်ငြိမ်းချမ်းရေးသဘောတူညီချက်သည် စိုင်စ်နယ်မြေ၏ ရိုးရာဓလေ့များကို တိုက်ရိုက်ချိုးဖျက်လိုက်ခြင်းပင်။

လူသားများ မှော်ပညာကို အသုံးချနိုင်ခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်က လူသားမှော်ပညာရှင်များသည် စစ်မြေပြင်ပေါ်၌ သူတို့၏တန်ဖိုးကို သဘောပေါက်ခဲ့သည်။

နှစ်ပေါင်းသုံးထောင်ကြာမှ မျိုးနွယ်စုစစ်ပွဲများဖြစ်စေ၊ နောက်ပိုင်းဖြစ်ပွားသည့် လူသားများနှင့် အခြားမျိုးနွယ်စုများကြားမှ တိုက်ပွဲများဖြစ်စေ သို့မဟုတ် စိုင်စ်နယ်မြေကို ထိန်းချုပ်မှုရယူပြီးနောက် လူသားတိုင်းပြည်များအချင်းချင်း တိုက်ခိုက်ခဲ့ချိန်ကဖြစ်စေ မှော်ပညာရှင်များကို စစ်မြေပြင်၏ ဦး‌စီးဦးဆောင်များနှင့် အချစ်တော်လေးများအဖြစ် သတ်မှတ်နိုင်သည်။

လူတိုင်း၏စိတ်ထဲတွင် စွမ်းအားကြီးပြီး ဖျက်ဆီးနိုင်စွမ်းရှိသော မန္တန်များရှိသည့် မှော်ပညာရှင်များသည် သူတို့၏တန်ဖိုးကို စစ်မြေပြင်၌သာ ပြသနိုင်ခြင်းဖြစ်၏။

မှော်ပညာရှင်များ လေးစားကိုးကွယ်ခံရခြင်းမှာ ကျွမ်းကျင်ဘုန်းတော်ကြီးများတွင် မိမိဘာသာ စစ်ပွဲကို ဆုံးဖြတ်နိုင်စွမ်းရှိသောကြောင့်ပင်။

ဤအယူအဆက စိုင်စ်နယ်မြေလူ့အဖွဲ့အစည်းတွင် နှစ်ပေါင်းသုံးထောင်ကြာမြင့်ခဲ့ပြီး လူတိုင်း၏စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေပြီဖြစ်သည်။

ယခု မှော်ပညာရှင်အဖွဲ့အစည်းကြီးနှစ်ခုနှင့် နယ်မြေပေါ်ရှိ တိုင်းပြည်များအားလုံးက မှော်ပညာရှင်များ စစ်မြေပြင်သို့ ထပ်မဝင်နိုင်တော့ကြောင်း ပြောလာသည်။

ဟာသပင်။

မှော်ပညာရှင်များသာ စစ်မြေပြင်သို့ မဝင်ရတော့လျှင် သူတို့၏တန်ဖိုးကို မည်သို့ပြရတော့မည်နည်း။

မှော်ပညာရှင်များသည် တိုက်ခိုက်ခြင်းအပြင် အခြားလုပ်နိုင်သည့်အရာ ရှိသေးသည်လော။

ခဏလေး……

ဤစကားများသည် အတိတ်က စိုင်စ်နယ်မြေပေါ်၌ အဓိပ္ပာယ်ရှိခဲ့သော်လည်း လက်ရှိစိုင်စ်နယ်မြေ၌မူ အဓိပ္ပာယ်မရှိချေ……

ခြားနားချက်မှာ အတိတ်ကစိုင်စ်နယ်မြေ၌ Frestech ကုန်သည်ကြီးများအသင်း သို့မဟုတ် မှော်စက်မှုလုပ်ငန်းမရှိချေ။

ဤသတင်းကိုကြားပြီး လူတိုင်း စိတ်ဖိစီးသွား‌ပြီးနောက် အရေးကြီးကိစ္စတစ်ခုကို သူတို့သဘောပေါက်သွားသည်။

ဤမှော်ပညာရှင်ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သူများထဲတွင် မှော်ပညာရှင်အဖွဲ့အစည်းကြီးနှစ်ခုနှင့် အင်ပါယာနှစ်ခုအပါအဝင် တိုင်းပြည်များအားလုံးအပြင် ကုမ္ပဏီတစ်ခု၏နာမည်ဖြစ်သည့် မတူကွဲပြားနေသော နောက်ထပ်နာမည်တစ်ခုလည်းပါ၏။

ဤကုမ္ပဏီမှာ သဘာဝကျစွာပင် Frestech ကုန်သည်ကြီးများအသင်းဖြစ်သည်။

မှော်ပညာရှင်ငြိမ်းချမ်းရေးသဘောတူညီချက်ကို လေးလေးနက်နက်ဖတ်ထားသူတိုင်း ထိုသဘောတူညီချက်၌ Frestech ကုန်သည်ကြီးများအသင်း၏ အမည်က အကြိမ်ပေါင်းများစွာပေါ်လာသည်ကို သတိထားမိပေလိမ့်မည်။ ၎င်းက ဤမှော်ပညာရှင်ငြိမ်းချမ်းရေးသဘောတူညီချက်ကို Frestech ကုန်သည်ကြီးများအသင်းက အကြံပြုထားသည်ဟုပင် ပွင့်ပွင့်လင်းလင်း ဖော်ပြထား၏။

Frestech ကုန်သည်ကြီးများအသင်းကြောင့် မှော်ပညာရှင်အဖွဲ့အစည်းကြီးနှစ်ခုနှင့် အင်ပါယာနှစ်ခုအပါအဝင် တိုင်းပြည်ပေါင်းရှစ်ဆယ့်သုံးခုက သဘောတူညီချက်ရခဲ့ခြင်းဖြစ်သည်။

ခန့်မှန်းစရာပင်မလိုဘဲ Frestech ကုန်သည်ကြီးများအသင်းက သူတို့်၏ ကိုယ်ပိုင်အကျိုးအမြတ်များအတွက် ဤသဘောတူညီချက်တွင် အားစိုက်ထုတ်မှုအကုန်လုံး ထည့်ထားမှန်း လူတိုင်းနားလည်၏။

သို့သော် ဤသဘောတူညီမှုက Frestech ကုန်သည်ကြီးများအသင်းထံ မည်သည့်အကျိုးကျေးဇူးများ ယူဆောင်လာပေးသနည်း။

သူတို့ အရူးမဟုတ်သရွေ့ အလွယ်တကူ နားလည်နိုင်ပေသည်။

ဤသဘောတူညီချက်၏ ကန့်သတ်မှုများကြောင့် မှော်ပညာရှင်များသည် စစ်ပွဲသို့ မသွားနိုင်တော့သလို အင်ပါယာနှစ်ခု၏ စစ်တပ်များအတွင်းဝင်ကာ အထူးပစားပေးခံရခြင်းများလည်း မရရှိနိုင်တော့ချေ။

ထို့နောက်တွက် စိုင်စ်နယ်မြေ၏ မှော်ပညာရှင်တစ်သိန်းကျော်က ဘာလုပ်မည်နည်း။

သူတို့က ကုမ္ပဏီအမျိုးမျိုးထံ အစောင့်များအဖြစ်သွားမည်တော့ မဟုတ်တန်ပေ။

ဤအချိန်တွင် Frestech ကုန်သည်ကြီးများအသင်းက ထိုမှော်ပညာရှင်များအတွက် ထွက်ပေါက်နောက်တစ်ခု ပေးလာသည်။ သူတို့က မှော်စက်မှုလုပ်ငန်းအတွင်းဝင်ကာ မှော်စက်များကို‌ လေ့လာနိုင်ခြင်းပင်။

ပြီးခဲ့သောနှစ်ပေါင်းနှစ်ဆယ်အတွင်း Frestech ကုန်သည်ကြီးများအသင်းသည် မှော်စက်မှုလုပ်ငန်းတွင် လေ့လာသော မှော်ပညာရှင်များသည်လည်း သူတို့၏တန်ဖိုးကို ပြသ‌လျှက် ကြီးမားသော အကျိုးအမြတ်များရရှိနိုင်ကြောင်း အချက်အလက်များသုံး၍ သက်သေပြခဲ့၏။

Frestech ကုန်သည်ကြီးများအသင်းနှင့် သူတို့ဘက်ရှိ တိုင်းပြည်အများအပြားက အင်ပါယာနှစ်ခုကို အနိုင်ခဲ့ယူခဲ့သည့် ပြီးခဲ့သောနှစ်စစ်ပွဲတွင် Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များက ကျွမ်းကျင်ဘုန်းတော်ကြီးများကိုပင် သတ်နိုင်ခဲ့ပြီး ကျွမ်းကျင်ဘုန်းတော်ကြီးများအပါအဝင် မှော်ပညာရှင်အားလုံးကို သူတို့၏ အသုံးဝင်မှု ဆုံးရှုံးသွားစေသည်။

Frestech ကုန်သည်ကြီးများအသင်းပြောပုံအရ ထိုစွမ်းအားကြီးစစ်ဘက်သုံးမှော်စက်များကို ဖန်တီးထုတ်လုပ်ခဲ့သူများသည် မှော်သုတေသနဌာန၏ သုတေသနပညာရှင်များဖြစ်သည်။ ထိုသုတေသပညာရှင်များထဲတွင် မဟာမှော်ပညာရှင်တစ်ဦးသာပါပြီး ကျန်လူများအားလုံးက အဆင့်မြင့်မှော်ပညာရှင်များဖြစ်သည်။

မဟာမှော်ပညာရှင်တစ်ဦးနှင့် သာမန်မှော်ပညာရှင်များ၏ ခွန်အားမျှနှင့်ပင် ကျွမ်းကျင်ဘုန်းတော်ကြီးများကို သတ်နိုင်၏။ ဤအချင်းအရာက စိုင်စ်နယ်မြေသမိုင်းတွင် ယခင်က မရှိခဲ့ဖူးချေ။

ထို့ကြောင့် ဤစစ်ပွဲပြီးနောက် Frestech ကုန်သည်ကြီးများအသင်း၏ မှော်သုတေသနဌာန၏ မှော်ပညာရှင်များသည် နယ်မြေ၏ အခြားမှော်ပညာရှင်များကြားတွင် နတ်ဘုရားများဖြစ်လာသည်။

သူတို့ အောင်မြင်ကျော်ကြားမှုကို လျစ်လျူရှုထားလျှင်တောင် Frestech ကုန်သည်ကြီးများအသင်းထုတ်ပြန်သော အချက်အလက်အရ ထိုသုတေသနပညာရှင်များသည် တစ်လလျှင် တရားသေသတ်မှတ်ထားသည့်လစာ ရွှေဒင်္ဂါးငါးဆယ်ကျော်ရရှိပြီး တစ်နှစ်လျှင် ရွှေဒင်္ဂါးနှစ်ထောင်ကျော်ပင် ရရှိ၏။

နှစ်ပေါင်းများစွာအကြာကတည်းက ခန့်အပ်ထားသော Frestech ကုန်သည်ကြီးများအသင်း၏ မဟာမှော်ပညာရှင်များဆိုလျှင် တစ်နှစ်လျှင် ရွှေဒင်္ဂါးတစ်သောင်းကျော်ထိ ရနေပြီဖြစ်သည်။

ဤသို့သောဝင်ငွေမျိုးမှာ စိုင်စ်နယ်မြေတစ်ခုလုံး၌ ထိပ်ဆုံးအမျိုးအစားထဲတွင် ပါရှိပေမည်။

တိုင်းပြည်များ၏ စစ်တပ်များအတွက် အလုပ်လုပ်ပေးခြင်း သို့မဟုတ် အခြားကုမ္ပဏီများအား စောင့်ကြပ်ပေးခြင်းတို့နှင့်ယှဉ်လျှင် Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ပေးသည့် ဆုလာဘ်များက များစွာပိုကောင်း၏။

အရေးအကြီးဆုံးမှာ ဤအလုပ်နှင့် မိမိ၏အသက်ကို စွန့်စားစရာမလိုချေ……

ထို့ကြောင့် ဤသတင်းကို အမျိုးမျိုးသောသတင်းစာများ သို့မဟုတ် မှော်ပုံရိပ်ယောင်ရုပ်ရှင်ပြစက်များပေါ်မှ သတင်းတင်ပြချက်များဖြင့် ဖြန့်ဝေလိုက်ချိန်တွင် ဤမှော်ပညာရှင်ငြိမ်းချမ်းရေးသဘောတူညီချက်၏ ပေါ်ပေါက်လာမှုက မှော်ပညာရှင်များ၏ တန်ဖိုးကို မဆုံးရှုံးသွားစေမှန်း လူတိုင်းတွေ့လိုက်ရသည်။ ၎င်းက သူတို့အတွက် ကမ္ဘာသစ်တစ်ခု ဖွင့်ပေးလိုက်သည့် တစ်စုံတစ်ခုပင် ဖြစ်နေသေးသည်။

Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်လုပ်သော ပစ္စည်းများ အတန်ကြာအောင် တွင်ကျယ်လာပြီးနောက် သူတို့သည် တစ်လျှောက်လုံး မှော်ပညာရှင်အသိုင်းအဝိုင်း၏ ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြင်းခံခဲ့ရသည်။

မှော်ပညာရှင်အချို့က သူတို့သည် တစ်သီးတစ်သန့်နေသော မှော်ပညာရှင်များဖြစ်ပြီး သူတို့၏ ဖျက်ဆီးနိုင်စွမ်းကို တိုက်ပွဲများတွင်ထုတ်ပြကာ သူတို့ကိုယ်သူတို့ သာမန်လူများအထက်တွင်ရှိကြောင်း ပြသသင့်သည်ဟု ထင်မှတ်ကြ၏။

အချို့မှော်ပညာရှင်များက ပိုလက်တွေ့ကျပြီး ပိုက်ဆံရနိုင်သရွေ့ အများကြီးတွေးနေစရာမလိုဟု စဉ်းစားကြသည်။

မှော်ပညာရှင်ငြိမ်းချမ်းရေးသဘောတူညီချက် ထွက်မလာမီက ဤအချင်းအရာသည် နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့သော ရိုးရာဓလေ့ဖြစ်သောကြောင့် မှော်ပညာရှင်များ စစ်ပွဲထဲဝင်ခြင်းကို ထောက်ခံသည့်အုပ်စုက ပိုအင်အားကြီးခဲ့၏။

သို့သော် မှော်ပညာရှင်ငြိမ်းချမ်းရေးသဘောတူညီချက်ထွက်လာပြီးနောက် လက်တွေ့ကျသော မှော်ပညာရှင်အုပ်စုက အင်အားများလာကာ စစ်တိုက်လိုသော အုပ်စုကို ဖိနှိပ်ခဲ့သည်။

နောက်ဆုံးတွင် ဤအရာကလည်း Frestech ကုန်သည်ကြီးများအသင်းက ပြီးခဲ့သောနှစ်စစ်ပွဲ၌ ပြိုင်ဘက်ကင်းခွန်အား ပြသခဲ့ပြီး အင်ပါယာနှစ်ခုက ပြန်မတိုက်နိုင်ဘဲ ငြိမ်းချမ်းရေး တောင်းဆိုခဲ့ရခြင်းကြောင့်ပင်ဖြစ်၏။

လက်ရှိစိုင်စ်နယ်မြေပေါ်တွင် Frestech ကုန်သည်ကြီးများအသင်းသည် အလုံးစုံအာဏာကို ကိုယ်စားပြုလျှက်ရှိသည်။

ဤကိစ္စကို Frestech ကုန်သည်ကြီးများအသင်းကဦးဆောင်ကာ မှော်ပညာရှင်အဖွဲ့အစည်းကြီးနှစ်ခုနှင့် အင်ပါယာနှစ်ခုအပါအဝင် တိုင်းပြည်အများစုက အတည်ပြုထားပေးပြီး နယ်မြေပေါ်တွင်ထင်ရှားသော ကျွမ်းကျင်ဘုန်းတော်ကြီးများပင် ထောက်ခံထားသည့်အတွက် သာမန်မှော်ပညာရှင်များတွင် မည်သည့်ပြောစရာမျှမရှိပေ။

ဤကိစ္စကို ကြေညာပြီးနောက် အင်ပါယာနှစ်ခုကလည်း သူတို့၏ နိုင်ငံတွင်းမှော်စက်မှုလုပ်ငန်းများ အပြည့်အဝထူထောင်တော့မည်ဖြစ်ကြောင်း ကြေညာချက်များ ဆက်တိုက်ထုတ်ပြန်လိုက်သည်။ သူတို့က သူတို့နယ်နိမိတ်အတွင်း၌ မှော်စက်မှုလုပ်ငန်းကို အပြည့်အဝထောက်ပံ့ကာ ဒေသတွင်းမှော်စက်မှုလုပ်ငန်းတွင်ကျယ်လာစေရန် Frestech ကုန်သည်ကြီးများအသင်းနှင့် လက်တွဲလုပ်ဆောင်မည်ဖြစ်သည်။

ဤပန်းတိုင်ကိုရရှိရန် အင်ပါယာနှစ်ခုက Frestech ကုန်သည်ကြီးများအသင်းနှင့်ပူးပေါင်း၍ မှော်ပညာရှင်ကျောင်းတော်အသစ်များ ဖွင့်လှစ်ကာ မှော်စက်မှုလုပ်ငန်းနှင့် အကျွမ်းဝင်မရှိသောမှော်ပညာရှင်များအား သူတို့လိုအပ်သော ကျွမ်းကျင်မှုများ အလျင်အမြန်ရရှိပြီး မှော်စက်မှုလုပ်ငန်းအတွင်း ပိုကောင်းကောင်းမွန်မွန်ဝင်ရောက်နိုင်စေရန်ရည်ရွယ်လျှက် မှော်ပညာရှင်များကို မှော်စက်မှုလုပ်ငန်းတွင် အလုပ်လုပ်နည်းများ သင်ကြားပေးမည်ဖြစ်သည်။

အင်ပါယာနှစ်ခုသည် မှော်စက်မှုလုပ်ငန်းထံ ဝင်လာသော မှော်ပညာရှင်များအား အကျိုးအမြတ်များပေးရန်ပင် ဆန္ဒရှိ၏။ ဥပမာအားဖြင့် ကျောင်းသစ်တွင်လေ့လာလျှင် ကျောင်းစရိတ်ကင်းလွတ်ခွင့်ရပြီး မှော်စက်မှုလုပ်ငန်းတွင် အလုပ်လုပ်လျှင် အခွန်လျှော့ချပေးမည်ဖြစ်သည့်အပြင် Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်ပေးသော မှော်စက်မှုအင်ဂျင်နီယာအသိအမှတ်ပြုလက်မှတ်သာ ရရှိပါက အထူးနိုင်ငံသားအဆင့်အတန်းကို ရရှိမည် စသည်ဖြင့်……

အတိုချုပ်အားဖြင့် ၎င်းကို စကားစုတစ်ရပ်ဖြင့် ဖော်ပြနိုင်၏။

သင်က မှော်ပညာရှင်တစ်ယောက်ပါလား။ မှော်စက်မှုလုပ်ငန်းဆီ အမြန်ပူးပေါင်းလိုက်ပါ။

All Chapters