ခွေးကောင်ကျုံးနှင့် စုရှင်း၏ ပရိယာယ် (တတိယပိုင်း)_၂
Vol. 11 Ch. 141
“နည်းစနစ် အရည်အသွေးအရ ကြည့်ရင် ဒီအနက်ရောင် အငွေ့က လီမီးထက် မသာပါဘူး။ ခွေးကောင်ကျုံးရဲ့ မနောဓာတ်ကလည်း ငါ့ထက် ပိုနက်ရှိုင်းတယ်၊ နောက် သူ့ရဲ့ကျင့်ကြံမှု အဆင့်ကလည်း ပိုမြင့်နေတာကြောင့် လီမီးနည်းစနစ်ကို ဖိနှိပ်ထားနိုင်တာပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား” ဟု စုရှင်းက ခန့်မှန်းချက် တစ်ခုကို အကြမ်းဖျင်း ချမှတ်လိုက်သည်။ ထို့နောက် သရုပ်ပြခြင်း ဖန်သားပြင်ကို ကြည့်လိုက်သည်။
[သင်နှင့် သူသည် ဆယ်ကြိမ်ကျော်ခန့် တိုက်ခိုက်ခဲ့ကြရာတွင် သင်သည် ဝိညာဉ် စွမ်းအင်များ ပြင်းထန်စွာ ကုန်ဆုံးနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။ သန္ဓေတည် ဝိညာဉ်အဆင့်၏ မဟာ ပြည့်စုံခြင်း အဆင့်၌ပင် လီမီးနည်းစနစ်ကို အစွမ်းကုန် အသုံးပြုသောအခါ သင့်စွမ်းအင်ကို အလွန်အမင်း ကုန်ခမ်းစေခဲ့သည်။]
[သင့်ကို ပိုမို ထိတ်လန့်စေသည်မှာ အနက်ရောင် အငွေ့ ဖြစ်သည်။ ၎င်းသည် လီမီးနည်းစနစ် အတွင်းရှိ ဝိညာဉ် စွမ်းအင်များကို အဆက်မပြတ် ဖျက်ဆီးနေသကဲ့သို့ ဖြစ်နေပြီး၊ သင့်ဝိညာဉ်စွမ်းအင် ကုန်ဆုံးမှုကို နှစ်ဆ တိုးစေသည်။ ထို့ကြောင့် သင်သည် စွမ်းအင် ဆက်လက် ထိန်းသိမ်းရန် ဝိညာဉ် ကျောက်တုံးများကို အဆက်မပြတ် စုပ်ယူနေခဲ့ရသည်။]
[လီမီးနှင့် အနက်ရောင် အငွေ့တို့ အကြား အနိုင်ရသူ ချက်ချင်း မပေါ်သေးသည်ကို မြင်သောအခါ ခွေးကောင်ကျုံးသည် လှောင်ပြောင်လိုက်ပြီး သူ၏လက်ထဲမှ အရိုးဓားကို လွှဲပစ်လိုက်သည်။ ထို့နောက် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ရာ အရိုးဓားသည် သင့်ဆီသို့ အံ့မခန်း အမြန်နှုန်းဖြင့် ထိုးစိုက်လာခဲ့သည်။]
[ထိုအချိန်တွင် သင်သည် လီမီးကို အသားကုန် ကြိုးစား ထိန်းသိမ်းနေရသောကြောင့် အချိန်မီ တုံ့ပြန်နိုင်ခဲ့ခြင်း မရှိဘဲ အရိုးဓားဖြင့် ဝမ်းဗိုက် အောက်ပိုင်းကို တိုက်ရိုက် ထိုးသွင်းခံခဲ့ရပြီး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။]
[ဒဏ်ရာ ရပြီးနောက် သင့်ဝိညာဉ် စွမ်းအင်သည် မတည်မငြိမ် ဖြစ်လာပြီး လီမီး နည်းစနစ်ကို ထိန်းသိမ်းရန် ခက်ခဲလာခဲ့သည်။ ထိုအခါ အနက်ရောင် အငွေ့က လီမီးကို ချက်ချင်း ဝါးမြိုပစ်လိုက်သည်။]
[သင်သည် သင့်ဝမ်းဗိုက် အောက်ပိုင်းမှ ဒဏ်ရာကို ကြည့်လိုက်သည်။ ပုပ်နေသော အရိုးပေါ်မှ သံကောင်များကဲ့သို့ အနက်ရောင် အငွေ့များ စီးဆင်းနေပြီး သင့် ခန္ဓာကိုယ်နှင့် ဝိညာဉ် စွမ်းအင်များကို ဆက်လက် စားသုံးနေသည်။ သင်သည် နတ်ဘုရား အင်အား နယ်ပယ်သို့ တိုးတက် ရောက်ရှိခြင်း မရှိဘဲ ခန္ဓာကိုယ် ကြံ့ခိုင်မှုလည်း အလွန်အမင်း တိုးလာခြင်း မရှိပါက ထို တိုက်ခိုက်မှုသည် သင့်ကို သေစေနိုင်ခဲ့သည်။]
[သင်သည် သိုလှောင် လက်စွပ်မှ ဝိညာဉ် ဆေးများကို အလျင်အမြန် ယူကာ တစ်ဝက်ကို သောက်လိုက်ပြီး ကျန်တစ်ဝက်ကို ဒဏ်ရာပေါ်တွင် လိမ်းလိုက်သည်။ ဝိညာဉ်ဆေးများ အစွမ်းပြလာပြီး သင့် ဒဏ်ရာများစွာ သက်သာလာခဲ့သည်။]
[ဤသည်ကို မြင်သောအခါ ခွေးကောင်ကျုံးသည် “မင်းမှာ ရတနာတွေ အတော်လေး များတာပဲ။ ငါနဲ့တောင် ရင်ဆိုင် တိုက်ခိုက်ရဲတယ် ဆိုတာ အံ့သြစရာ မဟုတ်တော့ပါဘူး” ဟု အေးစက်စက် လှောင်ပြောင်သည်။]
[ထိုသို့ ပြောပြီးနောက် ခွေးကောင်ကျုံးသည် သူ၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်သည်။ ၎င်း၏ လက်သည် အနက်ရောင် အငွေ့များ ဖုံးလွှမ်းနေသည်။ ယင်းသည် လက်သည်း ပုံသဏ္ဌာန်သို့ ပြောင်းလဲသွားပြီး သင့်ဆီသို့ ရိုက်ချလိုက်သည်။]
[ခွေးကောင် ကျုံးသည် အလွန် လျင်မြန်လှသည်။ ရှောင်လွှဲ၍ မရနိုင်သည်ကို သိရှိသဖြင့် သင်သည် သင်၏ စွမ်းအား ရင်းမြစ်ကို အကုန် ထုတ်ကာ လက်သီးများကို ဖုံးအုပ်ပြီး ခွေးကောင် ကျုံးကို တည့်တည့် တိုက်ထုတ်လိုက်သည်။]
[ချက်ချင်း ဆိုသလို သင့်ခန္ဓာကိုယ်တွင် နက်ရှိုင်းသော ဒဏ်ရာနှစ်ခု ပေါ်လာခဲ့ရာ အရိုးများပင် မြင်နေရသည်။ အနက်ရောင် လက်သည်းရာများက သင့်ခန္ဓာကိုယ်ကို ဆက်လက် စားသုံးနေရာ သင့်အသက် စွမ်းအင်သည် လျင်မြန်စွာ ကုန်ခမ်းလာသည်။ သင်သည် ဝိညာဉ်စွမ်းအင်ကို အဆက်မပြတ် ထိန်းသိမ်းထားမှသာ အနက်ရောင် အငွေ့ ပိုမို ဆိုးရွားလာခြင်းကို အနိုင်နိုင် တွန်းလှန်နိုင်ခဲ့သည်။]
[အခြား တစ်ဖက်တွင်မူ ခွေးကောင် ကျုံးသည် သင်က စွမ်းအားရင်းမြစ်ကို နားလည်ထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အလစ်အငိုက် မိသွားသောကြောင့် သူ၏ လက်တစ်ဖက်သည် သင့် လက်သီးချက်ကြောင့် ကျိုးသွားပြီး တွဲလောင်းကျနေခဲ့သည်။ သူ့အကြည့်သည် သင့်အပေါ် ပို၍ပင် မုန်းတီးမှုများ ပေါ်လွင်နေခဲ့သည်။]
[သို့သော် ခွေးကောင်ကျုံး၏ တိုက်ခိုက်ရေး စွမ်းအားမှာ များစွာ ထိခိုက်မှု မရှိပါ။ သူသည် သူ၏ လက်ထဲရှိ အရိုးဓားကို နောက်တစ်ကြိမ် အသက်သွင်းကာ သင့်ဆီသို့ တိုက်ခိုက် လာပြန်သည်။]
[သင်သည် ခွေးကောင် ကျုံး၏ ထပ်ခါတလဲလဲ တိုက်ခိုက်ခြင်းကို ခံစားခဲ့ရပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ တိုက်ခိုက်ရန် စွမ်းအား မရှိတော့သည်ကိုလည်း သင် သိရှိခဲ့သည်။ ထို့ကြောင့် သင်သည် မကျွမ်းကျင်စွာဖြင့် ဆက်လက် ရှောင်တိမ်းနေခဲ့ရသည်။]
[တစ်မိနစ် အတွင်း၌ပင် သင့်ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ထပ်မံရရှိခဲ့သည်။ သင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် အနက်ရောင် အငွေ့နှင့် ဒဏ်ရာများ ပေါင်းစပ်ကာ သင်သည် အသက် လုနေရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။]
[ရွေးချယ်စရာ မရှိတော့သည့် အတွက် သင်သည် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေတွင် ယာယီ ပုန်းအောင်း နေခဲ့ရသည်။]
[ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေထဲသို့ ရောက်သည်နှင့် သင်သည် ကုသ ဆေးလုံး များစွာကို အလျင်အမြန် ထုတ်ယူကာ မျိုချလိုက်ပြီး၊ သင်၏ အသက်ရှုသံကို ခဏမျှ ထိန်းညှိလိုက်သည်။ ထို့နောက် ဝိညာဥ်စိုက်ခင်း ကောင်းချီးမြေမှ ထွက်ခွာလာခဲ့သည်။]
[ခွေးကောင်ကျုံးက သင်သည် ရုတ်တရက် ပျောက်ကွယ်သွားပြီးနောက် မူလနေရာ၌ ပြန်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ စက္ကန့်အနည်းငယ်မျှ တအံ့တဩ ဖြစ်နေခဲ့သည်။]
[ထို့နောက် သူသည် တစ်စုံတစ်ရာ သတိရသွားဟန် ဖြစ်လာသည်။ သူ၏ မျက်နှာ အမူအရာသည် ရူးသွပ်ဟန် ဖြစ်လာကာ ကောင်းကင်မှ မမျှော်လင့်ဘဲ ရရှိသော ကံကောင်းခြင်း အကြောင်းကို အဆက်မပြတ် ရေရွတ်နေခဲ့သည်။]
[ခွေးကောင်ကျုံးသည် သင့်တွင် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေ ပိုင်ဆိုင်ထားသည်ကို ရှင်းရှင်းလင်းလင်း ခန့်မှန်းမိခဲ့သည်။ ၎င်းသည် ထိပ်တန်း ကျင့်ကြံသူများပင် မနာလို ဖြစ်ရမည့် ရတနာ အခွင့်အရေး ဖြစ်သည်။ သူ့ကဲ့သို့ နတ်ဘုရား အဖြစ် ပြောင်းလဲခြင်း အဆင့် ထိပ်ပိုင်း၌ ရုန်းကန်နေရသူ အတွက် ၎င်းသည် တွန်းအား ဖြစ်နိုင်သည်။ သူ့ကို ပိုမို မြင့်မားသည့် အဆင့်သို့ ရောက်စေနိုင်သည့် ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။]
[ထို့ကြောင့် သူသည် သတ်ဖြတ်ပြီး ဤရတနာကို သိမ်းယူရန် ဆုံးဖြတ်ခဲ့သည်။]
ဤအရာကို မြင်သောအခါ စုရှင်းသည် သက်ပြင်းချကာ ရေရွတ်လိုက်ပါသည်။ “ထင်တဲ့အတိုင်းပဲ၊ ငါနဲ့ ခွေးကောင်ကျုံး ကြားက စွမ်းအား ကွာဟချက်က အတော်လေး ကြီးမားနေတုန်းပဲ! ငါ ဒဏ်ရာတွေ အများကြီးနဲ့ ဆယ်ကြိမ်ကျော်ခန့် တိုက်ခိုက်နိုင်ခဲ့ပေမဲ့၊ အချိန်တိုင်း သူကပဲ လွှမ်းမိုးထားတယ် ဆိုတာကြီးက ရှင်းရှင်းလင်းလင်း သိသာနေတယ်…”
“ဒါ့အပြင် ခွေးကောင်ကျုံးရဲ့ တိုက်ခိုက်ရေး အတွေ့အကြုံက ငါ့ထက် အများကြီး ပိုကြွယ်ဝတယ် ဆိုတာလည်း ရှင်းနေတာဘဲ။ သူ့မှာက ဓားထိန်းချုပ် နည်းစနစ်တောင် ရှိတယ်၊ အဲဒါနဲ့ဘဲ ငါ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့တာ…” ဟု စုရှင်းက ဆက်ပြောသည်။
စုရှင်းသည် တစ်စုံတစ်ရာကို လက်ခံလို့မရ ဖြစ်နေခဲ့သည်။ သူ့စွမ်းအားဖြင့်ဆိုလျှင် နတ်ဘုရား အသွင် ပြောင်းလဲခြင်းနှင့် နတ်ဘုရား အင်အား နှစ်ခုလုံးကို ပိုင်ဆိုင်ထားသည့် ခွေးကောင်ကျုံးထက် နိမ့်ကျနေသော်လည်း၊ လူဓား၊ လီမီးနည်းစနစ်နှင့် ရင်းမြစ်စွမ်းအားတို့ကို အသုံးပြု၍ ပိုမိုကြာရှည်စွာ ခုခံနိုင်ခဲ့သင့်သည်။ သို့သော် တိုက်ခိုက်ရေး အတွေ့အကြုံ မလုံလောက်ခြင်းကြောင့် အချိန်တို အတွင်းမှာပင် ခွေးကောင်ကျုံး၏ လက်ချက်ကြောင့် ပြင်းထန်သော ဒဏ်ရာကို ရရှိခဲ့သည်။
“ငါ တိုက်ခိုက်ရေး အတွေ့အကြုံကို အမြန် မြှင့်တင်ဖို့ လိုအပ်မယ့်ပုံဘဲ။ နတ်ဆိုး နှိမ်နင်းရေး စခန်းကနေ နှစ်ဆယ်နှစ်ကြာ တိုက်ခိုက်ရေး အတွေ့အကြုံကို ပြန်ယူဖို့ အခွင့်အရေး ရှာရမယ်။ အဲဒီမှာက ဆက်တိုက် တိုက်ခိုက်နေရတာ ဆိုတော့ အတွေ့အကြုံတွေက ငါ့စွမ်းအားကို သေချာပေါက် အများကြီး တိုးတက်စေလိမ့်မယ်!” ဟူ၍ စုရှင်းသည် နောက်လာမည့် ဗျူဟာကို ဆင်ခြင်နေခဲ့သည်။
“ဒီ ခွေးကောင်ကျုံးက ငါ့မှာရှိတဲ့ ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေကို မျက်စိကျနေတာ သေချာတယ်။ သူက နှစ်ပေါင်းများစွာ ဝိညာဉ်စွမ်းအင်ကို အသည်းအသန် ရှာဖွေနေခဲ့တာ။ သူသာ ဒီဝိညာဥ်စိုက်ခင်းကို တကယ် ရသွားခဲ့ရင် လွတ်မြောက်ခြင်း နယ်ပယ် ပြန်လည် ရောက်ရှိခြင်း အဆင့်ကို တကယ်ပဲ ထိုးဖောက်သွားနိုင်မှာကို ကြောက်မိတယ်…”
“ဒါပေမဲ့ ဒါက… သူ့ရဲ့ အားနည်းချက်ပဲ!”
စုရှင်းသည် လျင်မြန်စွာ သဘောပေါက်သွားပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“ဒီ ခွေးကောင်ကျုံးက ပုံမှန်ဆိုရင် သူကြိုက်သလို လာချင်လာမယ်၊ မနိုင်ရင် ထွက်ပြေးမယ်။ ဒါပေမဲ့ အခုတော့ ငါ့ဆီက ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေကို သူ လိုချင်နေပြီ၊ ဒီလို ရတနာမျိုးကို သူ မစွန့်လွှတ်နိုင်ဘူး။ အဲဒီတော့ သူ့မှာ စိုးရိမ်စရာ တစ်ခု ရှိလာပြီ။ ဒီအားနည်းချက်ကို အသုံးချပြီး သူနဲ့ ကစားပွဲကို အချိန်ဆွဲလို့ ရပြီ… လောရွှေရင် ကယ်ဆယ်ဖို့ ရောက်လာတဲ့ အထိပဲ!”
စုရှင်းသည် စိတ်ထဲတွင် ခွေးကောင်ကျုံးက လောရွှေရင်လည်း သူ့ကို ဝိုင်းထားရန် လာနေသည်ကို မသိသေး ဟူ၍ တွေးလိုက်သည်။ ထို့ကြောင့် သူသာ ဆက်ပြီး ထိန်းထားနိုင်လျှင် လောရွှေရင် ရောက်လာသည်နှင့် အောင်ပွဲရမည်မှာ သေချာပါသည်။
“လောရွှေရင်ရဲ့ စွမ်းအားနဲ့ဆိုရင် ဒီကို ရောက်ဖို့ ဆယ့်ငါးမိနစ်ပဲ ကြာလောက်တယ်”
“အရမ်းကြာကြာ စောင့်မနေ ရပါစေနဲ့လို့ မျှော်လင့်ရတာဘဲ…”
စုရှင်းသည် စိတ်ထဲမှ သက်ပြင်းချကာ သရုပ်ပြခြင်း ဖန်သားပြင်ကို ကြည့်လိုက်သည်။
[ခွေးကောင်ကျုံး၏ မျက်နှာပေါ်မှ အရူးအမူး ဖြစ်နေသည့် အမူအရာကို မြင်လိုက်ရသည့်အခါ သင်သည် စိတ်ထဲက လှောင်ပြောင်လိုက်သည်။ သင်သည် နည်းဗျူဟာ ပြောင်းလဲရန် စီစဉ်လိုက်သည်။ တည့်တည့် တိုက်ခိုက်ခြင်း မဟုတ်ဘဲ အချိန်ဆွဲရန်သာ ဖြစ်သည်။]
[ထိုသို့ဖြင့် သင်သည် လီမီးကို ခွေးကောင်ကျုံးထံသို့ ဆက်တိုက် ပစ်လွှတ်ကာ သူ၏ လှုပ်ရှားမှုများကို နှောင့်ယှက်ခဲ့သည်။ သင် ကိုယ်တိုင်ကမူ အသားကုန် ကြိုးစား ရှောင်တိမ်းနေခဲ့သည်။]
[ခွေးကောင်ကျုံးသည် သင့်ထက် များစွာ ပိုမြန်သည့် အရှိန်ဖြင့် ကောင်းကင်ယံကို ဖြတ်ကာ ပျံသန်းနိုင်ခဲ့သည်။ သင်သည် အချိန်ဆွဲရန် ရည်ရွယ်ထားသော်လည်း သင်တို့နှစ်ဦး၏ အကွာအဝေးသည် လျင်မြန်စွာ ကျဉ်းမြောင်းလာနေသည်။ မိနစ်ပိုင်း အတွင်း၌ပင် သင့်ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ထပ်မံ ရရှိခဲ့သည်။]
[အနက်ရောင် စွမ်းအင် သင့်ခန္ဓာကိုယ်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာသည် နှင့်အမျှ ဒဏ်ရာများသည် ပိုမို ပြင်းထန်လာပြီး သင်၏ ဝိညာဉ်စွမ်းအင် စီးဆင်းမှု ထိခိုက်လာသည်။ အနက်ရောင် စွမ်းအင်ကို လျင်မြန်စွာ မောင်းထုတ်ရန် နည်းလမ်း ရှာရမည် ဖြစ်ကြောင်း သင် သိလိုက်သည်။ မဟုတ်လျှင် သင့်အုတ်မြစ်ကိုပင် ထိခိုက်စေနိုင်သည်။]
[ခွေးကောင်ကျုံးသည် သင့်ကို ဇွဲမလျှော့ဘဲ လိုက်နေသည်ကို မြင်လိုက်ရသောအခါ သင်သည် ရုတ်တရက် အကြံရသွားပြီး ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေထဲသို့ နောက်တစ်ကြိမ် ပုန်းအောင်းလိုက်သည်။ သို့သော် ခွေးကောင်ကျုံး ထွက်သွားမည်ကို စိုးရိမ်သဖြင့် သင်သည် ကြာကြာ မနေဝံ့ခဲ့ပါ။ အသက်ရှုနှုန်းကို ခဏမျှ ထိန်းညှိပြီးနောက် မြေပြင်မှ ဝိညာဉ် စုစည်းပန်း အနည်းငယ်ကို ဆွဲနှုတ်ကာ တကယ့်ကမ္ဘာသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။]
[ထင်သည့်အတိုင်းပင် ခွေးကောင်ကျုံးသည် အပြင်ဘက်တွင် စောင့်နေသည်။ သင် ပေါ်လာသည်နှင့် သူသည် သင့်ကို တိုက်ခိုက်သည်။ သင်သည် အရေးကြီးသည့် နေရာကို မထိအောင် အနိုင်နိုင် ရှောင်တိမ်းနိုင်ခဲ့သည်။]
[ခွေးကောင်ကျုံးက နောက်ထပ် တိုက်ခိုက်မှု တစ်ခု စတင်သည်နှင့် တစ်ပြိုင်နက် သင်သည် ဝိညာဉ်စုစည်းပန်း အနည်းငယ်ကို သူ့ဆီသို့ ပစ်ချလိုက်ပြီး ပြန်လှည့်ပြေးသည်။]
[ခန့်မှန်းထားသည့် အတိုင်း ခွေးကောင်ကျုံးသည် ဝိညာဉ်စုစည်းပန်းများ၏ အငွေ့အသက်ကို ခံစားမိသည်နှင့် ခဏမျှ ရပ်တန့်သွားသည်။ ထို့နောက် ၎င်းတို့ကို အမြန်ဆုံး ကောက်ယူပြီး သင့်ကို ဆက်လိုက်ခဲ့သည်။]
[သို့သော် ဝိညာဉ် စုစည်းပန်းများကို ကောက်ယူသည့် လုပ်ဆောင်မှုသည် သူ့အား အနည်းငယ် နှောင့်နှေးစေခဲ့သည်။ ထိုခဏတာ အတွင်းတွင် သင်သည် မီတာ ရာနှင့်ချီသော အကွာအဝေးကို ထပ်မံ ရရှိသွားခဲ့သည်။]
စုရှင်းသည် ခေါင်းကို ငြိမ့်လိုက်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်ပါသည်။
“ခွေးကောင်ကျုံးက ဘယ်လောက်ပဲ သတိကြီးကြီး၊ ဒီလို အဖိုးတန် ရတနာရဲ့ ဆွဲဆောင်မှုကိုတော့ မခံနိုင်ဘူးပဲ။ ဝိညာဉ် စုစည်းပန်းတွေက ကျင့်ကြံသူ ကမ္ဘာအတွက်တော့ မပြောပလောက်ပေမဲ့၊ ဒီ ဥပဒေ ကျဆင်းနေတဲ့ ခေတ်မှာတော့ ခွေးကောင်ကျုံးနဲ့ ကျင့်ကြံသူတိုင်း အတွက် တန်ဖိုး မဖြတ်နိုင်တဲ့ ရတနာပဲ။ ဝိညာဉ် စုစည်းပန်းတွေက အဆုံးမရှိတဲ့ ဝိညာဉ်စွမ်းအင် စီးဆင်းမှုကို ကိုယ်စား ပြုတာကြောင့်မို့လို့ပဲ။”
စုရှင်းသည် ခွေးကောင်ကျုံးပင် ထိုသို့သော ဆွဲဆောင်မှုကို မခံနိုင်ခြင်း အပေါ် စိတ်ထဲ၌ အံ့ဩနေမိသည်။
သူသည် သရုပ်ပြခြင်းကို ဆက်လက် လုပ်ဆောင်ခဲ့ပါသည်။
[ခွေးကောင်ကျုံးသည် သင့်နောက်သို့ မမှိတ်မသုန် လိုက်နေခဲ့သည်။ အကွာအဝေး ကျဉ်းမြောင်းလာသည်နှင့်အမျှ သင်သည် ဝိညာဉ် စုစည်းပန်းများကို အဆက်မပြတ် ပစ်ချနေခဲ့သည်။ ခွေးကောင်ကျုံးက ၎င်းသည် သင်၏ ပရိယာယ် ဖြစ်ကြောင်း သိရှိသော်လည်း ၎င်းတို့ကို ကောက်ယူရန် လက်လှမ်းလိုက်ရသည်သာ ဖြစ်သည်။]
[၎င်းသည် မည်သို့မျှ ဖြေရှင်း၍ မရနိုင်သည့် လူသိရှင်ကြား ပူးပေါင်း ကြံစည်မှု တစ်ခု ဖြစ်နေသည်။ ဝိညာဉ် စုစည်းပန်းများသည် ဝိညာဉ်စွမ်းအင်မှ ခွဲထွက်သွားသည်နှင့် မကြာမီ ညှိုးနွမ်းသွားမည် ဖြစ်သည်။ ခွေးကောင်ကျုံးသည် ၎င်းတို့ကို သူ၏ သိုလှောင် လက်စွပ်ထဲသို့ လျင်မြန်စွာ မထည့်သွင်းပါက သင့်ကို သတ်ဖြတ်ပြီး ပြန်လှည့် ကောက်ယူချိန်တွင် ၎င်းတို့သည် ညှိုးခြောက်သွားနိုင်ခြေ ရှိသည်။]
[ထို့ကြောင့် ထိုသို့သော ရတနာများ ပျက်စီး ဆုံးရှုံးသွားခြင်းကို ခွင့်ပြုခြင်းသည် ကောင်းကင်ဘုံ အရာဝတ္ထုများကို စော်ကားသကဲ့သို့ ဖြစ်နေသည်။ ၎င်းကို ခွေးကောင်ကျုံး မခံနိုင်ပေ။]
[ဤနည်းဖြင့် သင်သည် ဝိညာဉ် စုစည်းပန်း ဒါဇင်ပေါင်း များစွာကို ပစ်ချကာ သူ့ကို မိနစ် အနည်းငယ် ကြာအောင် နှောင့်နှေးစေခဲ့သည်။ ခွေးကောင်ကျုံးသည် သင့်ကို သတ်ရန် အလွန် စိတ်အား ထက်သန်နေသော်လည်း မည်သို့မျှ မတတ်နိုင်ဘဲ ဖြစ်နေခဲ့သည်။]
[ရုတ်တရက် ခွေးကောင်ကျုံး၏ မျက်နှာ အမူအရာသဘ် ပြောင်းလဲသွားသည်။ သူသည် သင့်နောက်သို့ လိုက်ခြင်းကို ရပ်တန့်ကာ ဆန့်ကျင်ဘက်သို့ ထွက်ပြေးခဲ့သည်။]
[တစ်ချိန်တည်းမှာပင် သင်သည် ပြင်းထန်သော တည်ရှိမှုတစ်ခု ချဉ်းကပ်လာနေသည်ကို ခံစားမိကာ လောရွှေရင် ရောက်ရှိလာပြီ ဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သင်သည် ချက်ချင်း နောက်ပြန် လှည့်ကာ ခွေးကောင်ကျုံးကို တားဆီးရန် ကြိုးစားခဲ့သည်။]
…