အရည်အချင်းသစ်များ၊ ကံကောင်းခြင်းအား ရှာဖွေခြင်းနှင့် ဘေးအန္တရာယ် ရှောင်ရှားခြင်း!
Vol. 11 Ch. 154
“နောက်ပြီးတော့ ကြယ်ပြာထဲမှာက ကျင့်ကြံသူက ငါတစ်ယောက်ထဲ ရှိတာဆိုတော့ ဒီက ကျွမ်းကျင် ပညာရှင်တွေက ငါရဲ့ နတ်ဘုရားအာရုံကို လုံးဝ ထောက်လှမ်းနိုင်ကြမှာ မဟုတ်ဘူး။ အဲ့အချက်ကဘဲ ငါ့ နတ်ဘုရား အာရုံရဲ့ လက်တွေ့ကျမှုကို ပိုပြီး ထူးခြားစေတာပဲ”
စုရှင်းသည် နတ်ဘုရား အာရုံအား ကျောင်းအုပ်ကြီး ရုံးခန်းထဲအထိ ထုတ်သုံးခဲ့သည်။ သို့သော်လည်း ကျိုတိုအကယ်ဒမီ၏ ကျောင်းအုပ်ကြီးဖြစ်သူ ဒဏ္ဍာရီအဆင့် ကျွမ်းကျင်ပညာရှင်သည်ပင် နတ်ဘုရား အာရုံကို ခံစားမိခြင်း မရှိခဲ့ပေ။ ဤအချက်ကပင် နတ်ဘုရား အာရုံသည် မည်မျှ လျှို့ဝှက်ကြောင်း ပြသနေပါသည်။
စုရှင်းသည် သူ ရရှိထားသော စွမ်းအားသစ်ကို သေချာစွာ ခံစားကြည့်ခဲ့သည်။
ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိကြောင်း သေချာသည့်အခါ စုရှင်းသည် နတ်ဘုရား အာရုံကို ပြန်သိမ်းကာ ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေထဲသို့ ပြန်လည် ဝင်ရောက်ခဲ့သည်။
ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေထဲသို့ ရောက်သည်နှင့် စုရှင်းသည် သူ၏ နေ့စဉ် ဆေးဖော်သည့် ဘဝကို စတင်ခဲ့သည်။
“အာ၊ အနာဂတ်ကတော့ တောက်ပပါပေတယ်! အခုတော့ ဆေးဖော်ပြီး ငွေရှာနေရပေမယ့် အနာဂတ်ကျရင်တော့ ငွေရှာနိုင်မယ့် အဆုံးမဲ့ အခွင့်အလမ်းတွေ ရှိလာမှာပါ!” စုရှင်းသည် သက်ပြင်းချလိုက်သည်။
“ကောင်းပြီ။ ခုမှ စီးပွားရေး စတင်တာဆိုတော့ အခက်အခဲ အချို့တစ်ဝက်တော့ ကြုံရမှာဘဲလေ။ သည်းခံရတာက အဆင်ပြေပါတယ်။ နောက်ကျရင်တော့ သေချာ ကြိုးစားရမယ်!”
နောက်တစ်ပတ်လုံးလုံး စုရှင်းသည် ဆေးဖော်သည့် လုပ်ငန်းများနှင့်သာ အချိန်ကုန်ဆုံးခဲ့သည်။
တစ်ပတ်အတွင်း သူသည် ဆေးလုံးပေါင်း ခြောက်ထောင် ထပ်မံ ထုတ်လုပ်နိုင်ခဲ့သည်။
စုရှင်းသည် အသစ် ထုတ်လုပ်ထားသော ဆေးလုံးများကိုယူ၍ ကျင်းချုံးရွှယ်အား ရှာဖွေရန် ထွက်သွားခဲ့သည်။
“ဟုတ်ပြီ၊ ဒီအကွာအဝေးလောက် ဆိုရင်တော့ ငါ့ နတ်ဘုရားအာရုံက အဲ့ဒီနေရာကို နောက်နိုင်လောက်ပါတယ်”
စုရှင်းသည် ကျောင်းဂိတ်တွင် ရပ်၍ သူ မကြာခဏ သွားလေ့ရှိသော ဗီလာဘက်သို့ သူ၏ နတ်ဘုရား အာရုံကို ပို့လွှတ်ခဲ့သည်။
ထိုဗီလာသည် ကျိုတို အကယ်ဒမီမှ သုံးကီလိုမီတာခန့်သာ ဝေးသည်။
စုရှင်းသည် ဗီလာထဲရှိ လူတိုင်း၏ လှုပ်ရှားမှုတို့ကို အလွယ်တကူ မြင်တွေ့နိုင်ခဲ့သည်။
“ဟင်း၊ အိမ်တော်ထိန်းနဲ့ စားဖိုမှုးတွေက နေ့လယ်စာ ပြင်နေကြတာဘဲ…”
“ဟင်၊ ကျင်းချုံးရွှယ်က ဘာလုပ်နေတာလဲ”
စုရှင်း၏ နတ်ဘုရား အာရုံအတွင်း ကျင်းချုံးရွှယ်သည် ရေချိုးခန်းထဲတွင် ရေချိုးရန် ပြင်ဆင်နေသည်။ သူမ၏ ပါးပြင်တို့သည် နီရဲနေကာ အနည်းငယ် စိတ်လှုပ်ရှားနေပုံ ပေါ်သည်။
သူမ၏ ဖြူစင်သော အသားအရေ၊ သူမ၏ ခြေတံရှည်များ…
“အဟမ်း အဟမ်း၊ ချောင်းမကြည့်ရ၊ ချောင်းမကြည့်နဲ့!”
စုရှင်းသည် သူ၏ နတ်ဘုရား အာရုံကို လျင်မြန်စွာ ပြန်လည်ရုပ်သိမ်းခဲ့ပြီး နက်နက်ရှိုင်းရှိုင်း စဉ်းစားခဲ့သည်။
“ကျစ်၊ သူက ဒီလောက်ထိ စိတ်လှုပ်ရှားနေဖို့ လိုလို့လား။ ငါတို့ တစ်ပတ်ကို တစ်ခါ အမြဲ တွေ့နေတာဘဲကို။ သူက ဘာလို့ ခုလာက်ထိ စိတ်လှုပ်ရှားနေတာပါလိမ့်?”
စုရှင်းသည် သူမ၏ ဗီလာသို့ သွားခဲ့စဉ်က သူ၏ ပုံပန်းသဏ္ဌာန်ကို ပြန်တွေးကြည့်မိသည်။ ရက်သတ္တပတ်လုံး ဆေးဖော်ခဲ့ရသည် ဖြစ်ရာ သူ့ပုံစံသည် ဖရိုဖရဲ ဖြစ်နေသည်ဟု ဆိုလျှင်ပင် နည်းပါသေးသည်။ သေချာသည်မှာ သူသည် ပုံမှန်ပင် မဟုတ်ဘဲ မသန့်မပြန့် ဖြစ်နေခြင်းပင်။
သို့သော် ကျင်းချုံးရွှယ်ကမူ သူတို့၏ တွေ့ဆုံမှုတိုင်းကို မျှော်လင့်နေပုံရပြီး အထူးတလည် လှလှပပ ပြင်ဆင်ထားခဲ့သည်။
“အလိုလေး၊ အလှပဂေး တစ်ဦးရဲ့ မျက်နှာသာပေးတာကို ပြန်ဆပ်ဖို့က အခက်ဆုံးပဲဟ!”
စုရှင်းသည် သက်ပြင်းချလိုက်သည်။ သူသည် အေးဆေးတည်ငြိမ်သော ခန့်ညားသူတစ်ဦး ဖြစ်ကာ ချိုမြိန်သော အချစ်ဇာတ်လမ်း တစ်ခုကို ပိုင်ဆိုင်ရမည်ဆိုလျှင် သူ အလွန် နှစ်သက်မိမည်မှာ သေချာသည်။
သို့သော် ကမ္ဘာပျက်မည့် အချိန် ရောက်တော့မည်ကို သိရှိထားသည် ဖြစ်ရာ စုရှင်းသည် ကြိုးစားအားထုတ်မှု ပြုလုပ်ရန် အကြောင်းပြချက် မရှိနိုင်တော့ပါ။
မကြာမီပင် စုရှင်းသည် ဗီလာသို့ ရောက်ရှိလာခဲ့သည်။
ကျင်းချုံးရွှယ်သည် ထိုအချိန်တွင် ရေချိုးပြီး၍ အဝတ်လဲ ပြီးနေပြီ ဖြစ်သည်။ သူမ၏ မျက်နှာကိုလည်း အနည်းငယ် မိတ်ကပ် လိမ်းခြယ်ထားသည်။ သူမ၏ လှပသော ခန္ဓာကိုယ်နှင့် ချောမောလှပသော ရုပ်သွင်တို့သည် စုရှင်းကို တုန်လှုပ်စေခဲ့သည်။
“အာ၊ ရှင်နော်။ ရှင် ဘယ်ကို ကြည့်နေတာလဲ” ကျင်းချုံးရွှယ်သည် မျက်နှာများ နီရဲလျက် ကျီစယ်လိုက်သည်။
“အဟမ်း အဟမ်း၊ စားကြစို့၊ စားကြစို့!”
စုရှင်းသည် စကားကို အလျင်အမြန် လွှဲကာ ထမင်းကို အငမ်းမရ စားသောက်ခဲ့သည်။
ဗိုက်ပြည့်သည်အထိ စားသောက်ပြီးနောက် စုရှင်းသည် သူ့ထိုင်ခုံတွင် ကျေနပ်စွာ ပြန်ထိုင်လိုက်သည်။ ထို့နောက် သူ တစ်ပတ်လုံး ဖော်စပ်ထားသည့် ဆေးလုံးများကို ထုတ်ယူ၍ ကျင်းချုံးရွှယ် လက်ထဲသို့ ပေးခဲ့သည်။
ကျင်းချုံးရွှယ်သည် ဆေးလုံးများကို ယူလိုက်ပြီး
စုရှင်း၏ လက်ထဲသို့ သိုလှောင်လက်စွပ် တစ်ကွင်းကို ပေးရင်း-
“မကြာသေးခင်ကမှ မျက်နှာ အာဟာရပြု ဆေးလုံးတွေ အများကြီး ရခဲ့တာဆိုတော့ ဈေးကွက်က အတော်လေး ပြည့်နေပြီ။ အာ့တော့ ဆေးတွေရဲ့ ဈေးကလည်း နည်းနည်း ကျသွားပြီ…”
“ဒါပေမယ့် ရှင်သိတဲ့အတိုင်းဘဲလေ။ ငွေကြေး အထောက်အပံ့သာ လုံလောက်ရင် ရှေးဖြစ်ဟော ကုန်သွယ်ရေး အသင်းက အပတ်တိုင်း စီးပွားရေး လုပ်ငန်းအသစ်တွေ ချဲ့ထွင်နေမှာပဲ။”
“ဒီမှာ၊ ဒါက ဒီတစ်ပတ်အတွက် ကုန်ပစ္စည်းတွေ!”
စုရှင်းသည် ကျင်းချုံးရွှယ် ပေးသော သိုလှောင်လက်စွပ်ကို ယူကာ နတ်ဘုရား အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။
“ကောင်းလိုက်တာ။ ကုန်ပစ္စည်းတွေက အရင်ကထက် ငါးဆယ်ရာခိုင်နှုန်းတောင် ပိုများတယ်…”
သရုပ်ပြစက်ဖြင့် ပါဝင်သော စွမ်းအင်ကို စစ်ဆေးကြည့်ရာ ဤတစ်ပတ် အတွက် ကုန်ပစ္စည်းများသည် စွမ်းအင် ၁၅ သန်းနီးပါး ရှိနေသည်။
“ဟင်း~ဆေးတွေရောင်းပြီး ပိုက်ဆံရှာတာက တကယ်ကို အနာဂတ်မဲ့တာဘဲ။ လူတွေကို ပစ္စည်းတွေ၊ ကိရိယာတွေ ရှာခိုင်းပြီး ကုန်သွယ်ရေး အသင်းတစ်ခုကို ဖွင့်ပြီး ပိုက်ဆံရှာတာကမှ ရေရှည်တည်တံ့တဲ့ နည်းလမ်းပဲ!”
စုရှင်းသည် စိတ်ထဲမှ တွေးလိုက်မိသည်။
စုရှင်း၏ အံ့အားသင့်နေသော မျက်လုံးများကို မြင်သောအခါ ကျင်းချုံးရွှယ်သည် ရယ်မောလိုက်ပြီး
“ရှေးဖြစ်ဟော ကုန်သွယ်ရေး အသင်းမှာ ဒီလောက် ကြီးမားတဲ့ ဖွံ့ဖြိုးတိုးတက်နိုင်စွမ်း ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါက ပထမတန်းစား ကူးသန်း ရောင်းဝယ်ရေး အသင်းတွေရဲ့ အဆင့်ကိုတောင် တက်လှမ်းနေပြီ… ကျွန်မတို့ ဒီရက်ပိုင်း အရမ်း ကံကောင်းနေတယ်၊ သိလား။ အကြီးစား ကုန်သွယ်မှု အချို့တောင် ရခဲ့သေးတယ်!”
စုရှင်းသည် ဤစကားကို ကြားသောအခါ ခေါင်းကို ငြိမ့်လိုက်သည်။ သူ၏ ကံကောင်းခြင်း စွမ်းရည်ကြောင့် တိုးတက်ခြင်း ဖြစ်မည်ဟု စိတ်ထဲက တွေးလိုက်သည်။
ထို့နောက် ကျင်းချုံးရွှယ်သည် စုရှင်းအား ရှေးဖြစ်ဟော ကုန်သွယ်ရေး အသင်း၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို တင်ပြခဲ့သည်။
“အခုဆိုရင် ကျွန်မတို့မှာ ကြေးနီနဲ့ ငွေအဆင့် တိုက်ခိုက်ရေးသမား သုံးသောင်းနီးပါးလောက် ရှိနေပြီ။ တစ်ပတ်ကို အနည်းဆုံး အရည်အသွေးမြင့် ပစ္စည်းကိရိယာ အခုရေ တစ်သန်းကျော်လောက် ရရှိနေတယ်။ ဝယ်ယူမှုတွေနဲ့ပါ ဆိုရင်…”
“အကျဉ်းခန်းက ပစ္စည်းတွေ ပြန်လည်ရရှိမှု အခြေအနေကလည်း ကောင်းပါတယ်။ ပျမ်းမျှ စျေးကွက် ပေါက်စျေးထက် ဆယ်ရာခိုင်နှုန်း ပိုပေးထားတာ ဆိုတော့လေ…”
“အကျဉ်းခန်း တူးဖော်ရေး နယ်မြေတွေ အတွက် စာချုပ် ချုပ်ဆိုမှုတွေကတော့ ဆက်လက် လုပ်ဆောင်နေဆဲပဲ။ ဒါပေမဲ့ အစောဆုံး ပြောရမယ် ဆိုရင်တော့ နှစ်လ သုံးလလောက်ဆိုရင် တရားဝင် စတင် ထုတ်လုပ်နိုင်ပြီ။”
“ပြီးခဲ့တဲ့တစ်ခါတုန်းက ရှင် တောင်းဆိုခဲ့တဲ့ နှစ်တစ်ထောင် ဂျင်ဆင်းနဲ့ တခြား ပါဝင်ပစ္စည်းတွေကတော့… အခုထိ စုဆောင်းနေဆဲပါပဲ။ အဲ့လိုပစ္စည်းမျိုးတွေက ရရှိဖို့ မလွယ်ဘူးရှင့်!”
စုရှင်းသည် ငိုက်မျဉ်းသော ဟန်ဖြင့် သမ်းဝေလိုက်သည်။ သူသည် ဤစီးပွားရေး ကိစ္စများကို စိတ်မဝင်စားပေ။ သူ့အတွက်က တစ်ပတ်တစ်ခါ စွမ်းအင် ရရှိရန်သာ အရေးကြီးသည်။
ကျင်းချုံးရွှယ်သည်သည် စုရှင်း၏ ပေါ့ဆသော ပုံစံကို သတိထားမိသွားပြီး တီးတိုးပြောလိုက်သည်–
“ရှင် နားထောင်နေရဲ့လား။ ရှင်ကလေ ကူးသန်းရောင်းဝယ်ရေး အသင်း ကိစ္စတွေဆို ဘာမှမသိဘူး။ အာ့လို မသိဘဲနေရင် ရောင်းစားခံရနိုင်တယ်နော်!”
စုရှင်းသည် တုံ့ပြန်မှုအနေဖြင့် ရယ်မောကာ ချော့မော့ ပြောလိုက်သည်–
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက ကျွန်တော် အစ်မကို ယုံကြည်တာလေ၊ မဟုတ်ဘူးလား။ စီးပွားရေး ကိစ္စအားလုံးက အစ်မ အပေါ်မှာပဲ မူတည်တယ်။ အစ်မ ကိုယ့်အိတ်ထဲ ကိုယ် ထည့်နေရင်တောင်မှ၊ အစ်မ ပျော်နေရင် ရပြီ။ အစ်မ ပျော်ဖို့ဘဲ အရေးကြီးတယ်!”
ကျင်းချုံးရွှယ်သည် စုရှင်း၏ လေးနက်သော အသွင်အပြင်နှင့် သူမအပေါ် ယုံကြည်မှုတို့ကြောင့် ထပ်မံ၍ ဟက်ထိမိသွားသည်။
ထပ်မံ စကားပြောဆိုပြီးနောက် စုရှင်းသည် ကျောင်းသို့ ပြန်လာခဲ့ပြီး ဝိညာဉ်စိုက်ခင်း အကျဉ်းခန်းထဲသို့ ဝင်ရောက်ခဲ့သည်။
အပတ်သစ် ကုန်ပစ္စည်းများကို စွမ်းအင်နှင့် လဲလှယ်လိုက်သောအခါ စုရှင်း၏ စွမ်းအင် ပမာဏသည် ၄၅ သန်းနီးပါးသို့ ပြန်လည် ရောက်ရှိလာသည်။
၂၀၂၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် စုရှင်းသည် ၃၇ ကြိမ်မြောက် သရုပ်ပြခြင်းကို ချက်ချင်း စတင်ခဲ့သည်။
“သရုပ်ပြခြင်း စတင်ပါ!”
…