ရုတ်တရက် အသိဉာဏ် ပွင့်လင်းလာခြင်း၊ ကလေးနတ်ဆေး အောင်မြင်ခြင်း
Vol. 11 Ch. 152
ခွေးကောင်ကျုံး၏ မေးမြန်းမှုကို စုရှင်းသည် နှုတ်ဆိတ်နေခဲ့သည်။ သို့သော် ဤအချက်က ခွေးကောင်ကျုံးအား သင်သည် ခန္ဓာကိုယ် လုယူသည့် ပညာကို သုံးစွဲခဲ့သည်ဟူသည့် ခံယူချက်ကို ပိုမို သေချာစေခဲ့သည်။
ခွေးကောင်ကျုံးသည် အကျိုးအမြတ် ရှာခြင်းနှင့် ဘေးအန္တရာယ် ရှောင်ခြင်း အနက် ပညာရပ်တစ်ခုကို သင်၏ ခန္ဓာကိုယ် လုယူသည့် ပညာနှင့် လဲလှယ်ရန် အဆိုပြုခဲ့သည်။ သို့သော် စုရှင်းသည် မည်သည့် ခန္ဓာကိုယ် လုယူသည့် ပညာကိုမျှ မသိရှိသောကြောင့် သူ့မျက်နှာအား အေးစက်စွာ စိုက်ကြည့်လျက် ဆိတ်ဆိတ် နေခဲ့သည်။
ခွေးကောင်ကျုံးသည် အခြား ရွေးချယ်စရာ မရှိသောကြောင့် အလျှော့ ပေးလိုက်ရသည်။ သူသည် သင် ပိုင်ဆိုင်သော သက်တမ်းတိုး ဆေးလုံး ကို လဲလှယ်ရန် အတွက် ရတနာ ပစ္စည်းများဖြင့် ကမ်းလှမ်းခဲ့သည်။ ထို့ပြင် အစွမ်းထက်ပြီး နက်နဲဆန်းကြယ်သော အဖွဲ့အစည်းတစ်ခုနှင့် သင့်အား မိတ်ဆက်ပေးမည်ဟုပင် ကမ်းလှမ်းခဲ့သည်။
စုရှင်းသည် ဤအချက်ကို မြင်လိုက်ရသည့်အခါ ခဏတာမျှ ကြောင်သွားခဲ့သည်။ ခွေးကောင်ကျုံး သူ့ကို လာရှာရသည့် အကြောင်းရင်းကို နောက်ဆုံးတွင် သူ နားလည်သွားခဲ့သည်။
သူသည် သူ့အသက်ကို ဆက်လက် ရှည်ကြာလိုသည်လား။
“ပြန်စဉ်းစားကြည့်တော့ ခွေးကောင်ကျုံးက နှစ်ပေါင်း နှစ်ထောင်ကျော် ရှင်သန်ခဲ့တာဘဲ။ ဟွမ်ချမ့် ဆေးလုံး သောက်ပြီး နှစ်ပေါင်း တစ်ထောင်ကျော်ကြာ အိပ်ပျော်နေခဲ့မယ် ဆိုရင်တောင် သူ့ကျန်တဲ့ သက်တမ်းက မများလောက်တော့ဘူး… ဒါကြောင့် သက်တမ်းတိုး ဆေးလုံးကို ဝယ်ဖို့ စဉ်းစားမိတာ ဖြစ်ရမယ်”
“ဒါပေမဲ့ ဒါက ဆင်းသက်ဂိုဏ်းထဲ ဝင်ရောက်ဖို့ ကောင်းတဲ့ အခွင့်အရေးပဲ။ ဒီနည်းနဲ့ဆို ညီမလေး ဝမ့်ချင်ရွှမ်ကိုပါ ဆွဲခေါ်စရာ မလိုတော့ဘူး…”
စုရှင်းသည် သက်ပြင်း အသာချလိုက်သည်။ ဝမ့်ချင်းရွှမ် အတွက်မူ ဆင်းသက်ဂိုဏ်းသို့ ဝင်ရောက်ခြင်းသည် ကောင်းသောကိစ္စ မဟုတ်ပေ။ စုရှင်းသာ အခြား နည်းလမ်းများဖြင့် ဝင်ရောက်နိုင်ပါက ပို၍ ကောင်းသည်မှာ အသေအချာပင်။
ထိုသို့ တွေးမိသည်နှင့် စုရှင်းသည် သရုပ်ပြခြင်း ဖန်သားပြင်ကို ကြည့်လိုက်သည်။
သင်သည် ခွေးကောင်ကျုံး၏ တောင်းဆိုမှုကို သဘောတူခဲ့ပြီး သက်တမ်းတိုး ဆေးလုံး နှစ်လုံးဖြင့် အဖိုးတန်သော ဝိညာဉ်ဆေးများစွာကို သူ့ထံမှ လဲလှယ်ယူခဲ့သည်။
ထို့နောက်တွင် သင်သည် ခွေးကောင်ကျုံး နှင့်အတူ ဆင်းသက်ဂိုဏ်း၏ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။
ဆင်းသက်ဂိုဏ်းသို့ ဝင်ရောက်ပြီးသည်နှင့် သင်၏ စွမ်းအားကြီးသော ခွန်အားသည် အကြီးအကဲများ အားလုံးကို အံ့အားသင့်စေခဲ့သည်။ ခွေးကောင်ကျုံး၏ ထောက်ခံချက်ဖြင့် သင်သည် ဆင်းသက်ဂိုဏ်၏ အဆင့်မြင့် ပုဂ္ဂိုလ်များရဲ့ ယုံကြည်မှုကို လျင်မြန်စွာ ရရှိခဲ့ကာ ဝင်ရောက် ပြီးပြီးချင်းပင် အကြီးအကဲအဆင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။
ဆင်းသက်ဂိုဏ်းသည် သင့်အား ကောင်းမွန်စွာ စွမ်းဆောင်ပါက စောင့်ရှောက်သူ အဆင့်သို့ ရာထူးတိုးမည် ဖြစ်ပြီး ပိုမိုကောင်းမွန်သည့် အကျိုးကျေးဇူးများ ရရှိမည်ဟု အာမခံခဲ့သည်။
သို့သော် သင်သည် ဤကတိများကို ဂရုမစိုက်ခဲ့ပေ။ သင်သည် ဂိုဏ်း၏ ဆေးဝါးဘဏ္ဍာတိုက် ကို မည်သို့ ရှင်းထုတ်ရမည်ကိုသာ စဉ်းစားနေခဲ့သည်။
ထို့ကြောင့် သင်သည် လောရွှေရင်ကို သီးသန့် ဆက်သွယ်ခဲ့သည်။ လောရွှေရင်သည် သင့်အား ခွေးကောင်ကျုံး၏ အဖွဲ့ဝင်ဟု ထင်မြင်ခဲ့သောကြောင့် ကနဦးတွင် ရန်လိုခဲ့သည်။
သို့သော် သင် အားလုံးကို ရှင်းပြပြီး လျှို့ဝှက်ကုဒ်ကို ပြောပြပြီးသည့် အခါတွင်မူ လောရွှေရင်သည် သင့်အား လက်ခံ ယုံကြည်ခဲ့သည်။
လောရွှေရင်၏ ယုံကြည်မှုကို ရရှိပြီးနောက် သင်သည် သင်၏ နဂိုအကွက်ကို ပြန်လည် အသုံးပြုခဲ့ပြီး လောရွှေရင်အား ဘဏ္ဍာတိုက်ရှိ ဝိညာဉ်ဆေးများ ကို ရယူပေးရန် ကူညီခိုင်းခဲ့သည်။
ဝိညာဉ်ဆေးများ ကို အောင်မြင်စွာ ရရှိပြီးနောက် သင်သည် ဆေးလုံးများကို စတင် ဖော်စပ်ခဲ့သည်။ ပထမဆုံးအဖြစ် ဝိညာဉ်စုစည်း ဆေးများကို ဖော်စပ်ခဲ့ရာ၊ ခြောက်လအတွင်း ဆေး ထောင်ပေါင်းများစွာ ဖော်စပ်နိုင်ခဲ့သည်။
ထိုဆေးလုံးများ၏ တစ်စိတ်တစ်ပိုင်းကို လောရွှေရင်အား ပေးခဲ့သည်။ ကျန်ရှိသည်များကိုမူ သင် ကိုယ်တိုင် သုံးစွဲကာ သင်၏ နတ်ဘုရား အာရုံ စွမ်းအားကို မြှင့်တင်ရန် နည်းလမ်းများ ရှာဖွေခဲ့သည်။
ဤခြောက်လတာ ကာလအတွင်း အပေါ်ယံအားဖြင့် သင်သည် ခွေးကောင်ကျုံးကို ညီအစ်ကိုသဖွယ် ဆက်ဆံခဲ့သည်။ သို့သော်လည်း အမှန်တကယ်တွင်မူ သင်သည် လောရွှေရင်နှင့် တိတ်တိတ်လေး ဆက်သွယ်၍ ထို ခွေးအိုကြီးကို မည်သည့်အချိန်တွင် သတ်ပစ်ရန် အသင့်တော်ဆုံး ဖြစ်မည်ကို စဉ်းစားနေခဲ့သည်။
ဒုတိယနှစ်တွင် ဝိညာဉ်စုစည်း ဆေးလုံးများ ပေါများစွာ ရှိခဲ့ခြင်းကြောင့် သင်၏ နတ်ဘုရား အာရုံ စွမ်းအားသည် ကျန်း နှစ်ရာအထိ တိုးတက်လာခဲ့သည်။ ထိုအချိန်မှာပင် အနှစ်သာရ အားဖြည့်ဆေး၊ မူလ စစ်သည်တော်ဆေးနှင့် နတ်ဘုရား အင်အား ဆေးတို့အား ကြိုတင် ဖော်စပ်ရန် အတွက် သင်သည် စတင် ပြင်ဆင်ခဲ့သည်။
တတိယနှစ်တွင် လောရွှေရင်၏ အကူအညီဖြင့် ဂိုဏ်း၏ ဘဏ္ဍာတိုက် မှ ဆေးဝါးများကို သင်သည် လုံးဝနီးပါး ကုန်အောင် ရှင်းထုတ်နိုင်ခဲ့သည်။ အချိန်ကျပြီဟု သင် ခံစားရသောကြောင့် ဆင်းသက်ဂိုဏ်းအား သစ္စာဖောက်ကာ ခွဲထွက်ရန် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် သင်သည် နေ့ကောင်း တစ်ရက်ကို ရွေးချယ်ပြီး ခွေးကောင်ကျုံးနှင့် ညစာပင် အတူစားခဲ့သည်။
နောက်တစ်နေ့တွင် သင်နှင့် လောရွှေရင်တို့သည် ရှားနိုင်ငံ စစ်တပ်သို့ ကူးပြောင်း ဝင်ရောက်ခဲ့ကြသည်။
ရှားနိုင်ငံ စစ်တပ်သည် ကနဦးစက သင့်အား သံသယ ဝင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ယခင်က နဂါးနက် ကုန်သည်အသင်းကို ဖျက်ဆီးခဲ့ပြီးနောက် ရန်သူဖြစ်သော ဆင်းသက်ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သောကြောင့် သူတို့သည် သင့်ကို ယုံကြည်ရန် ခက်ခဲခဲ့သည်။
သို့သော် သင်သည် ဆေးလုံး တစ်သိန်းကို သူတို့ထံ တင်ပြလိုက်သည့်အခါ ရှားနိုင်ငံ စစ်တပ်သည် သင့်အား လုံးဝ ယုံကြည်ခဲ့ပြီး လူသားမျိုးနွယ်၏ သူရဲကောင်း အဖြစ်ပင် သတ်မှတ်ခဲ့ကြသည်။
မကြာမီတွင် ရှားနိုင်ငံရှိ အဓိက အင်အားကြီးများက သင် ပြန်လာပြီ ဖြစ်ကြောင်း သိရှိခဲ့ကြသော်လည်း သင်သည် ယခုအခါ ရှားနိုင်ငံ စစ်တပ် ၏ အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်နေသောကြောင့် မည်သူမျှ သင့်အား မစော်ကားဝံ့ကြပေ။
ရှညးနိုင်ငံ တွင် မည်မျှပင် အစွမ်းထက်သည့် အင်အားစုဖြစ်စေ ရှားနိုင်ငံအား အညံ့ခံကြရသည်။ အဘယ်ကြောင့်ဆိုသော် အကြောက်မရှိ တိုက်ခိုက်တတ်သော စစ်သည်များဖြင့် ဖွဲ့စည်းထားသည့် စစ်တပ်သည် ဘုရင်မဆန်သော ဘုရင် ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် ထိုအင်အားစုများသည် သင့်ထံ လက်ဆောင်များ ပေးပို့ကာ တောင်းပန်ခဲ့ကြသော်လည်း သင်သည် စိတ်ဝင်စားမှု မရှိခဲ့ပေ။
တစ်ချိန်တည်းမှာပင် ဆင်းသက်ဂိုဏ်းက သင်နှင့် လောရွှေရင်တို့ သစ္စာဖောက်ကာ ခွဲထွက်သွားကြောင်း သိရှိသွားသည်။ ထိုအခါ ချက်ချင်းပင် ဆုငွေထုတ်ပြန်ခဲ့ပြီး ဂိုဏ်း၏ အင်အား စုအကုန်အစင်ကို စုစည်းကာ သင်တို့နှစ်ဦးအား သတ်ဖြတ်ရန် ဆန္ဒပြုခဲ့သည်။
စောင့်ရှောက်သူ ကျုံးမှာမူ သင့်ကို ထောက်ခံခဲ့သောကြောင့် ပါဝင်ပတ်သက်ခဲ့ရပြီး ယုံကြည်မှု ဆုံးရှုံးခဲ့ကာ ဆင်းသက်ဂိုဏ်း၏ လိုက်လံ ရှာဖွေခြင်းကိုလည်း ခံခဲ့ရသည်။
စုရှင်းသည် ဤအချက်ကို မြင်လိုက်ရသည့်အခါ ရယ်မောလေသည်။
“အင်း၊ ဒါက အံ့သြစရာပဲ၊ မထွက်ခွာခင် ခွေးကောင်ကျုံးကို လှည့်စားနိုင်ခဲ့တယ်”
“ကျွတ် ကျွတ်၊ နောက်ကျရက်လည်း ခွေးကောင်ကျုံးက ငါ့ကို ဆင်းသက်ဂိုဏ်းနဲ့ မိတ်ဆက် ပေးနိုင်လောက်တယ်။ ဒီအရောင်းအဝယ်က တန်တယ်!”
စုရှင်းသည် လိမ္မာပါးနပ်စွာ တွေးလိုက်သည်။ ထို့နောက် သူ့ အကြည့်က သရုပ်ပြခြင်း ဖန်သားပြင်သို့ ပြန်လည် ရောက်ရှိသွားသည်။
ထို့နောက်တွင် သင်သည် ဆေးလုံးများ ဖော်စပ်ခြင်းကိုသာ အာရုံစိုက်ခဲ့သည်။ နှစ်နှစ်အတွင်း မူလ စစ်သည်တော် ဆေးလုံးနှင့် နတ်ဘုရား အင်အား ဆေးလုံး အပါအဝင် ဆေးလုံး ထောင်ပေါင်းများစွာကို သင် ဖော်စပ်ခဲ့သည်။
သင်သည် သောင်းနှင့်ချီသော မဟာ မာစတာ အဆင့် စွမ်းအားရှင်များ၊ ရာပေါင်း များစွာသော ကောင်းကင်ဘုံ ဘုရင် စွမ်းအားရှင်များ၊ ထို့ပြင် ဆယ်ဂဏန်းပေါင်း များစွာသော စစ်ဧကရာဇ် အဆင့် စွမ်းအားရှင်များကို ရှားနိုင်ငံသို့ ထည့်သွင်းပေးခဲ့သည်။
ရုတ်တရက် ဆိုသလိုပင် အင်အားစု အားလုံးသည် သင် လက်စားချေမည်ကို စိုးရိမ် ကြောက်ရွံ့လာကြသည်။ ရှားနိုင်ငံ စစ်တပ်သည် သင့်ကို အလေးထားကာ သင်၏ စိတ်ခံစားချက်များကို ဂရုစိုက်ပြီး သင့်တောင်းဆိုမှုများ အားလုံး နီးပါးကို ဖြည့်ဆည်းပေးခဲ့သည်။
ပဉ္စမနှစ်တွင် ဆေးလုံးများ ဖော်စပ်ခြင်း အပြင် သင်သည် ကျင့်ကြံခြင်းနှင့် သင်၏ နတ်ဘုရား အာရုံ စွမ်းအားကို မြှင့်တင်ခြင်းတို့ဖြင့် နေ့စဉ်ရက်ဆက် အချိန် ကုန်ဆုံးခဲ့သည်။ ထိုနှစ်တွင် သင်၏ နတ်ဘုရား အာရုံ စွမ်းအားသည် ကျန်း ငါးရာအထိ ကျယ်ပြန့်လာခဲ့သည်။ ယင်း အတိုင်းအတာမှာ သာမန် သန္ဓေတည် ဝိညာဉ် တစ်ဦး၏ နတ်ဘုရား အာရုံ အမြင့်ဆုံး အတိုင်းအတာနှင့် ညီမျှနေပြီ ဖြစ်သည်။
ဆဋ္ဌမနှစ်တွင် သင်သည် သင်၏ လက်အောက်ခံများကို ရှားနိုင်ငံ ဘဏ္ဍာတိုက် မှ အဖိုးတန်သော ဝိညာဉ်ဆေးများ ကို စုဆောင်းရန် အမိန့်ပေးခဲ့သည်။
သင်သည် ထိုဆေးဝါးများကို အသုံးပြု၍ ဆေးလုံးများစွာ ဖော်စပ်ခဲ့ပြီး ရှားနိုင်ငံ ၏ စွမ်းအားကို မြှင့်တင်ခဲ့သည်။ ထိုအတောအတွင်း နောက်ထပ် ဝိညာဉ်စုစည်း သစ်သား တစ်တုံးကိုလည်း သင် ရရှိခဲ့သည်။ သင်သည် ၎င်းကို အသုံးပြု၍ ဝိညာဉ်စုစည်း ဆေးလုံး အများအပြားကို ဖော်စပ်ခဲ့သည်။
သတ္တမနှစ်တွင် သင်၏ ဆေးဝါးပစ္စည်း အများစုကို အကုန်အစင် သုံးစွဲပြီးနောက် နောက်ဆုံးတွင် သင်သည်
ကလေးနတ်ဆေးကို ဖော်စပ်ရန် အာရုံစိုက်ကာ ကြိုးစားနိုင်ခဲ့သည်။
ကလေးနတ်ဆေး ဖော်စပ်ခြင်းသည် ခက်ခဲခြင်း မရှိခဲ့ပေ။ အလယ်အလတ် အဆင့် ဆေးလုံးများထဲတွင် နတ်ဘုရား အင်အား ဆေးလုံးထက်ပင် ပိုမိုရိုးရှင်းသည်။
တစ်ခုတည်းသော ခေါင်းခဲစရာမှာ သင် ပိုင်ဆိုင်သော ဆေးဝါးပစ္စည်း ပမာဏ၏ ကန့်သတ်ချက်ပင် ဖြစ်သည်။
ဖီးနစ်အမြီးမြက် ဆယ်ပင်နှင့် နှင်းအရိုး ဂျင်ဆင်းပင် သုံးဆယ်သာ ရှိသည်။ သေချာစွာ စီမံခန့်ခွဲလျှင်ပင် ကလေးနတ်ဆေး အသုတ် ငါးဆယ်ကိုသာ အများဆုံး ဖော်စပ်နိုင်ပေမည်။
တစ်နည်းအားဖြင့် သင်သည် ကလေးနတ်ဆေးကို ထိုအသုတ် ငါးဆယ်အတွင်း တတ်မြောက်ရမည် ဖြစ်သည်။
ဤအချက်က သင့်အပေါ် ဖိအားများစွာ သက်ရောက်စေသည်မှာ မလွဲဧကန်ပင်။ ထို့ကြောင့် သင်သည် လက်တွေ့ ဖော်စပ်ခြင်း မပြုလုပ်မီ သင်၏ စိတ်ထဲတွင် ဖော်စပ်မှု လုပ်ငန်းစဉ် အကြိမ်ပေါင်း များစွာကို ကြိုတင် လေ့ကျင့်ခဲ့ပြီး မည်သည့် အမှားမျှ မရှိစေရန် သေချာအောင် လုပ်ဆောင်ခဲ့သည်။
သင်သည် ပထမဆုံး ကလေးနတ်ဆေး အသုတ်ကို ဖော်စပ်ရန် တစ်ရက် အချိန်ယူခဲ့ပြီး မထင်မှတ်ဘဲ ကျရှုံးခဲ့သည်။
ကျရှုံးပြီးနောက် သင်သည် ချက်ချင်း ထပ်မံ ကြိုးစားခြင်း မပြုဘဲ လုပ်ငန်းစဉ်၏ အသေးစိတ်များကို သုံးရက်ကြာ စဉ်းစား ဆင်ခြင်ခဲ့သည်။
အချို့သော ထိုးထွင်းသိမြင်မှုများ ရရှိပြီဟု ဆုံးဖြတ်ပြီးမှသာ နောက်ထပ် ကလေးနတ်ဆေး အသုတ်ကို ဖော်စပ်ရန် သင် ကြိုးစားခဲ့သည်။
တစ်လအတွင်း သင်သည် ခုနစ်သုတ် ဖော်စပ်ခဲ့ပြီး ခုနစ်သုတ်စလုံး ကျရှုံးခဲ့ကာ အလဟဿ ဖြစ်သွားခဲ့သည်။
သို့သော် သင်သည် စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အလယ်အလတ်အဆင့် ဆေးလုံးများကို တတ်မြောက်ခြင်းသည် လွယ်ကူမည် မဟုတ်ကြောင်း သင် သိရှိသောကြောင့် ဖြစ်သည်။ ကြိုးစားမှုတိုင်းသည် တိုးတက်မှုတစ်ရပ် ဖြစ်သည်ဟု ယူဆကာ သင်သည် စိတ်ခံစားချက်များကို တည်ငြိမ်စေပြီး ဆက်လက် ဖော်စပ်ခဲ့သည်။
ဒုတိယလတွင် သင်သည် ကလေးနတ်ဆေး ငါးသုတ် ဖော်စပ်ခဲ့ရာ၊ အားလုံး ကျရှုံးခဲ့ပြန်သည်။
တတိယလတွင် သင်သည် ကလေးနတ်ဆေး ခုနစ်သုတ်ကို ထပ်မံဖော်စပ်ခဲ့ရာ ထင်မှတ်ထားသည့် အတိုင်း အားလုံး ကျရှုံးခဲ့ပြန်သည်။
နောက်ပိုင်းလများတွင် သင်သည် ကျင့်ကြံခြင်းအပြင် ဆေးလုံးများ ဖော်စပ်ရန် အတွက် အချိန်ဇယားတစ်ခု သတ်မှတ်၍ လုပ်ဆောင်ခဲ့သည်။ မည်သည့်အခါမျှ အောင်မြင်ခြင်း မရှိခဲ့သော်လည်း ကလေးနတ်ဆေးနှင့် ပတ်သက်သော သင်၏ နားလည်မှုမှာမူ လျင်မြန်စွာ တိုးတက်လာခဲ့သည်။
နောက်ဆုံးတွင် ဆေးဖော်စပ်သည့် ပညာ၌ သင်၏ မွေးရာပါ ပါရမီကြောင့် တစ်နေ့တွင် သင်သည် ကလေးနတ်ဆေး သုံးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။ ၎င်းတို့ကို ဖော်စပ်ရာတွင် သင်၏ ကျွမ်းကျင်မှုသည်လည်း မိတ်ဆက်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
စုရှင်းသည် သက်ပြင်းချလိုက်သည်။ မိတ်ဆက်အဆင့် သို့ ရောက်ရှိသွားသည်နှင့် ကျန်ရှိသည်များကို ကိုင်တွယ် ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း သူ သိရှိနေခဲ့သည်။
ဆိုလိုသည်မှာ ကလေးနတ်ဆေးကို လေ့လာရန် ခက်ခဲတော့မည် မဟုတ်ပေ။ ပထမအကြိမ်ဖြင့် မအောင်မြင်ပါက သရုပ်ပြခြင်း နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ဖြင့် သူ အမှန်ပင် တတ်မြောက်သွားမည် ဖြစ်သည်။
ဤသို့ တွေးလိုက်မိသည်နှင့် စုရှင်းသည် သရုပ်ပြခြင်း ဖန်သားပြင်သို့ ကြည့်လိုက်သည်။
မထင်မှတ်ဘဲ နောက်ထပ် သရုပ်ပြခြင်းများက စုရှင်းကို နှစ်လိုဖွယ် အံ့အားသင့်စရာများ ဖြစ်ပေါ်စေခဲ့သည်။
ကလေးနတ်ဆေး ဖော်စပ်ခြင်း၏ မိတ်ဆက်အဆင့်သို့ ရောက်ရှိပြီးနောက် သင့် ဆေးဝါးပစ္စည်းများ၏ ထက်ဝက်ခန့် ကျန်ရှိနေသေးသည်။ ထို့ကြောင့် သင်သည် သင်၏ ကျွမ်းကျင်မှုကို ပိုမိုမြှင့်တင်နိုင်ရန် ရံဖန်ရံခါ တစ်သုတ်ပြီး တစ်သုတ် ဖော်စပ်နေခဲ့သည်။
တစ်နေ့တွင် ကလေးနတ်ဆေး ဖော်စပ်နေစဉ် ရုတ်တရက် အသိဉာဏ် ပွင့်လင်းမှုတစ်ခု ဖြစ်ပေါ်ခဲ့ရာ အချိန်များ နှေးကွေးသွားသကဲ့သို့ ထင်ရပြီး သင်၏ စိတ်ထဲတွင် အဆုံးမရှိသော စေ့ဆော်မှုများ ပြည့်နှက်လာခဲ့သည်။ သင်သည် ဉာဏ်ပွင့်လင်းခြင်း အခြေအနေကို စတင်နိုင်ခဲ့သည်။
ဤအချက်ကို သဘောပေါက် သွားသည့်အခါ သင်သည် အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး ဉာဏ်ပွင့်လင်းခြင်း အခြေအနေကို အခွင့်ကောင်းယူကာ ကလေးနတ်ဆေး ဖော်စပ်ခြင်း၌ သင်၏ ကျွမ်းကျင်မှုကို အပြင်းအထန် မြှင့်တင်ခဲ့သည်။
ကံမကောင်းစွာဖြင့် ဉာဏ်ပွင့်လင်းခြင်း အခြေအနေသည် ကြာရှည်မခံဘဲ တစ်ရက်တည်းသာ ကြာမြင့်ခဲ့သည်။
သို့သော်လည်း ကလေးနတ်ဆေး ဖော်စပ်ခြင်း၌ သင်၏ ကျွမ်းကျင်မှုသည် လျင်မြန်စွာ တိုးတက်ခဲ့ပြီး ပြီးမြောက်သော အဆင့်သို့ ရောက်ရှိခဲ့ကာ မဟာယာန အဆင့်နှင့် တစ်လှမ်းသာ လိုတော့သည်။
သင်သည် သင့်ရှေ့ရှိ တောက်ပနေသော ကလေးနတ်ဆေး အချို့ကို ကြည့်လိုက်ပြီး ပြီးပြည့်စုံသော သန္ဓေတည် ဝိညာဉ်ကို ပေါင်းစည်းရန် ၎င်းတို့ကို သုံးစွဲလိုစိတ် ဖြစ်ပေါ်ခဲ့သည်။
သို့သော်လည်း သင်သည် ထိုစိတ်ဆန္ဒကို ထိန်းချုပ်ခဲ့သည်။ အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သော်လည်း ဤဆေးလုံးများသည် သာမန် အရည်အသွေးသာ ရှိပြီး အကောင်းဆုံးများ မဟုတ်ပေ။ အကောင်းဆုံး ကလေးနတ်ဆေးကို ဖော်စပ်ပြီးမှသာ အဆင့်တက်ရန် ၎င်းကို အသုံးပြုမည်ဟု သင် ဆုံးဖြတ်ခဲ့သည်။
စုရှင်းသည် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
“ကောင်းပြီ၊ ရုတ်တရက် ဉာဏ်ပွင့်လင်းမှု ဖြစ်သွားတာပေါ့”
“ဟေး၊ ကံကောင်းတာပဲ! သရုပ်ပြခြင်း တစ်ကြိမ်တည်းနဲ့ ငါ့ရဲ့ ကလေးနတ်ဆေး ဖော်စပ်တဲ့ ပညာက မဟာယာနအဆင့် နီးပါး ရောက်နေပြီ”
စုရှင်းသည် ကလေးနတ်ဆေးကို တတ်မြောက်ဖို့ရန် အနည်းဆုံး သရုပ်ပြခြင်း နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် လိုလိမ့်မည်ဟု အစက ထင်ခဲ့သည်။ သို့သော် ယခု အခြေအနေကို ကြည့်ခြင်းအားဖြင့် နောက် သရုပ်ပြခြင်းတွင် သူသည် အကောင်းဆုံး ကလေးနတ်ဆေးကို ဖော်စပ်ပြီး ပြီးပြည့်စုံသည့် သန္ဓေတည် ဝိညာဉ်ကို ပေါင်းစည်းဖို့ရန် ကြိုးစားနိုင်လောက်သည်။
“ကျွတ် ဒီ သရုပ်ပြခြင်းမှာတော့ ဆေးဖော်ပညာကိုပဲ အာရုံစိုက်ရမယ် ထင်တယ်။ အဲဒါဆို တခြား အဆင့်နိမ့် ဆေးလုံးတချို့ကိုပါ လေ့လာရင် ကောင်းမယ် မဟုတ်လား…”
စိတ်ထဲတွင် အစီအစဉ်တစ်ခု ချမှတ်ပြီးနောက် စုရှင်း၏ အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်သို့ ပြန်လည် ရောက်ရှိသွားသည်။
ကလေးနတ်ဆေးနှင့် ပတ်သက်၍ ထိုးထွင်းသိမြင်မှု ရရှိပြီးနောက် ဆေးလုံးများ ဖော်စပ်ခြင်းသည် နောင်တွင် သင်၏ အဓိကတာဝန် ဖြစ်ကြောင်း သင် သိရှိခဲ့သည်။ ထို့ကြောင့် သင်သည် နေ့စဉ်နှင့်အမျှ သင်၏ ဆေးဖော်ပညာ ကို မြှင့်တင်ခြင်း၌သာ အာရုံစိုက်ခဲ့သည်။
ထိုနှစ်မှာပင် သင်၏ နတ်ဘုရား အာရုံ စွမ်းအားသည် ကျန်း ခြောက်ရာအထိ ကျယ်ပြန့်လာခဲ့သည်။
အဋ္ဌမနှစ်တွင် သင်သည် ဆေးဖော်စပ်သည့် ပညာကို သိသိသာသာ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး မဟာယာနအဆင့်သို့ ရောက်ရှိခဲ့သည်။ ထိုနှစ်မှာပင် သူ၏ ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်ကြံမှု အဆင့်သည် ထိုးဖောက် အောင်မြင်ခဲ့ပြီး နတ်ဘုရား အင်အားနယ်ပယ်၏ ဒုတိယအလွှာ ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။
နဝမနှစ်တွင် ကျင်းချုံးရွှယ်သည် နှစ်ပေါင်းများစွာ ရှိပြီဖြစ်သော ဆေးဖက်ဝင် အပင်များစွာကို စုဆောင်းပေးခဲ့သောကြောင့် သင်သည် သင်၏ သက်တမ်းတိုးဆေးလုံး ဖော်စပ်သည့် နည်းပညာများကို တိုးတက်အောင် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။
သင်သည် တစ်နှစ်တာ အချိန်ယူကာ သက်တမ်းတိုး ဆေးလုံး ဖော်စပ်သည့် နည်းပညာများကို မဟာယာန အဆင့်သို့ မြှင့်တင်နိုင်ခဲ့ပြီး အကောင်းဆုံး အရည်အသွေး ရှိသည့် သက်တမ်းတိုး ဆေးလုံးများကို ဖော်စပ်နိုင်ခဲ့သည်။
အကောင်းဆုံး အရည်အသွေး ရှိသော သက်တမ်းတိုး ဆေးလုံး၏ အာနိသင်သည် သာမန် ဆေးလုံးများထက် နှစ်ဆ ပိုမိုထိရောက်ပြီး အသက်ကို ခြောက်နှစ်အထိ တိုးမြှင့်ပေးနိုင်ကာ ၎င်း၏ စွမ်းဆောင်ရည်သည် အသက်ရှည်ဆေး၏ စွမ်းဆောင်ရည် နီးပါး တူညီလာခဲ့သည်။
ဒသမနှစ်တွင် သင်၏ နတ်ဘုရား အာရုံ စွမ်းအားသည် ထပ်မံ၍ တိုးတက်လာခဲ့ပြီး ကျန်း ရှစ်ရာအထိ ရောက်ရှိခဲ့သည်။
…