အတားအဆိီး ငါးခုအား ဖြတ်ကျော်ခြင်း၊ နတ်ဘုရား အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိခြင်း!
Vol. 12 Ch. 162
သင်သည် နေ့ရက်များကို လေ့ကျင့်ရေးနှင့် ဘားများကြားတွင်သာ ကုန်ဆုံးစေခဲ့သည်။ အရက်၏ ရေရှည်လှုံ့ဆော်မှုကြောင့် သင်၏ တုံ့ပြန်မှုများသည် ဆိုးရွားစွာ ကျဆင်းလာခဲ့ရာ သာမန် လူတစ်ဦးထက်ပင် ညံ့ဖျင်းလာခဲ့သည်။
သင်၏ စွမ်းဆောင်ရည်သည် လျင်မြန်စွာ ဆုတ်ယုတ်လာခဲ့သည်။ တစ်ချိန်က သင့်အပေါ် မျှော်လင့်ချက် ကြီးခဲ့သော နည်းပြနှင့် အသင်းဖော်များက သင့်ကို အေးစက်သော မျက်လုံးများဖြင့် စောင့်ကြည့်ခဲ့ကြသည်။ နောက်ဆုံးတွင် သင်သည် အခြေအနေအရ ရွေးချယ်စရာမရှိဘဲ အနားယူခဲ့ရသည်။
သင်၏ စိတ်နှလုံးထဲတွင် ဒေါသ အငွေ့အသက်တစ်ခု အမြဲတမ်း ကိန်းအောင်းနေခဲ့သည်။ သင်၏ စွမ်းရည်သည် ဤကဲ့သို့ ယိုယွင်းမသွားသင့်ဟု သင် ယုံကြည်ခဲ့သည်။ သို့သော်လည်း အခြား ရွေးချယ်စရာများ မရှိတော့ပါ။ သင်သည် ထိုစစ်မြေပြင်သို့ ဘယ်တော့မှ ပြန်မလာနိုင်ခဲ့ပေ။
ကျောင်းမှ စောစီးစွာ ထွက်ခဲ့သောကြောင့် အလုပ် ရှာမတွေ့ခဲ့ပါ။ နောက်ဆုံးတွင် သင်သည် သေးငယ်သော ပလက်ဖောင်း တစ်ခုတွင် အသေးစား ဂိမ်း Live Streamer တစ်ဦး ဖြစ်လာခဲ့သည်။
ဂိမ်းထဲတွင် အသင်းဖော်များကို ဆဲဆိုခြင်းနှင့် Live Stream ကြည့်ရှုသူများကို ကျိန်ဆဲခြင်းတို့သည် သင့်အတွက် ပုံမှန် ဖြစ်လာခဲ့သည်။
အချိန် ကြာလာသည်နှင့်အမျှ ပလက်ဖောင်းက သင့်ကို blacklist လုပ်ခဲ့သည်။
နှစ်များစွာ ကုန်လွန်သွားခဲ့ပြီးနောက် သင်၏ ယခင် အသင်းဖော်များနှင့် ထွန်းသစ်စ ပါရမီရှင်များသည် ကာလကြာရှည်စွာ လိုချင် တောင့်တခဲ့ရသော ချန်ပီယံ ဆုဖလားအား ဆက်လက် ဆွတ်ခူးနေသည်ကို သင် ကြည့်ရှုနေခဲ့သည်။
သင်သည် မနာလို ဖြစ်ခဲ့ရသည်။ သင်သည် ငြူစူခဲ့ရသည်။ တစ်ချိန်တည်းမှာပင် သင်၏ စိတ်နှလုံးသည် နောင်တ အနည်းငယ်ဖြင့် ပြည့်နှက်လာခဲ့သည်။
သင်သည် ပြန်လာရန် ကြိုးပမ်းခဲ့သော်လည်း အနိမ့်ဆုံး အဆင့်ရှိ အသင်းများကသာ သင့်ကို ခေါ်ယူလိုခဲ့သည်။
သင် အသက်ကြီးလာသည်နှင့် အမျှ ယမ်းခိုးမရှိသော ထိုစစ်မြေပြင်တွင် မည်သည့် အံ့ဖွယ်ရာများကိုမျှ သင် ဖန်တီးနိုင်ခြင်း မရှိခဲ့ပေ။
သင်သည် တစ်ဖန် ပြန်လည် အနားယူခဲ့ရသည်။ အသက် သုံးဆယ်နီးပါး ရောက်လာချိန်တွင် သင်သည် စိတ်ရှုပ်ထွေးမှုနှင့် ဒေါသများဖြင့် ပြည့်နှက်နေခဲ့ပြီး သင့်ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မုန်းတီးလာကာ သင်စိတ်တိုင်း မကျသော အရာအားလုံး အပေါ် ဒေါသထွက်လာခဲ့သည်။
သင်သည် ရေတွက်၍ပင် မရနိုင်သော စော်ကားမှုများကို ရင်းနှီး ကျွမ်းဝင်နေခဲ့သည်။ Live Stream မှ နှစ်ရှည်လများ စုဆောင်းထားသော ငွေကြေးအနည်းငယ်ဖြင့် မင်္ဂလာဆောင်ကာ ကလေးတစ်ဦးကို မွေးဖွားနိုင်ခဲ့သည်။
သင့်ကလေးအတွက် နို့မှုန့်ဖိုးရှာရန် နေ့တိုင်း အဆဲခံခဲ့ရသည်။ သို့သော်လည်း သင်သည် Live Stream ဆက်လက် ထုတ်လွှင့်ခဲ့သည်။ သင့်မျက်နှာပေါ်တွင် ထို ဟန်ဆောင် မျက်နှာဖုံးအား ဝတ်ဆင်ရသည်ကို တဖြည်းဖြည်းနှင့် အသားကျလာခဲ့သည်။
ထိုသို့ဖြင့် သင်၏ဘဝ ပြီးဆုံးခဲ့သည်။
“ဂုဏ်ယူပါတယ်။ သင်သည် ဒေါသ အတားအဆီးအား ဖောက်ထွက်နိုင်ခဲ့ပါသည်!”
သရုပ်ပြစက်၏ အသံသည် စုရှင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ် နေခဲ့သည်။
စုရှင်းသည် ခဏတာ ငေးကြည့်နေခဲ့သည်။ သူ၏မျက်လုံးများတွင် ရှုပ်ထွေးမှု အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
“ထူးဆန်းလိုက်တာ၊ ဒီအဆင့်မှာ ငါက အလိမ်အညာဆိုတာကို မသိလိုက်ဘူး ထင်တယ်။ ဘယ်လိုလုပ်ပြီး မြင်နိုင်ခဲ့တာလဲ”
စုရှင်းသည် စဉ်းစားခန်းဝင်နေရင်း အရင်က သူ ဖြတ်ကျော်ခဲ့သည့် အတားအဆီးများအား ပြန် အမှတ်ရ နေခဲ့သည်။
ခဏအကြာမှာတော့ သူသည် တစ်ခုခုကို သဘောပေါက်သွားသည်။
“ဒါဆို ဒါက ထင်ယောင်ထင်မှား ဖြစ်ခြင်းကို ဖောက်ထွက်တာ မဟုတ်ဘဲ… ထင်ယောင်ထင်မှားထဲမှာ ကိုယ့်စိတ်ခံစားမှုတွေကို လွှမ်းမိုးမခံရဖို့လား။ ဒါမှမဟုတ် ဒီထင်ယောင်ထင်မှား ဖြစ်တဲ့ အတွေးတွေရဲ့ သဘောသဘာဝကို နားလည်ဖို့လား”
စုရှင်းသည် ခေါင်းကို ခါယမ်းလိုက်သည်။ နတ်ဘုရား အသွင်ပြောင်းခြင်း အတားအဆီး ငါးခုအပေါ် သူ၏ နားလည်မှုသည် ပို၍ပင် ရှုပ်ထွေးလာခဲ့သည်။
“ဖြစ်နိုင်တယ်။ နတ်ဘုရားအသွင် ပြောင်းခြင်း အတားအဆီး ငါးခုရဲ့ အဓိပ္ပာယ်ကို မေးဖို့အတွက် လောထျန်းညီလာခံကို သွားသင့်လား မသိဘူး။ အဲဒီအချိန်အထိ ငါမသိသေးဘူး ဆိုရင်တော့ ကောင်းကင်ဘေး ကို ရင်ဆိုင်ရမှပဲ သူ့ရဲ့လျှို့ဝှက်ချက်တွေ သိရတော့မှာကို ငါကြောက်တယ်…”
မည်သို့ပင် ဆိုစေကာမူ နတ်ဘုရား အသွင်ပြောင်းခြင်း အတားအဆီး ငါးခုကို ဖောက်ထွက်နိုင်ခဲ့ခြင်းဖြင့် စုရှင်းသည် နတ်ဘုရား အသွင်ပြောင်းခြင်း အဆင့်ဆီသို့ အရေးပါသော ခြေလှမ်း တစ်လှမ်းကို လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ ကျန်ရှိနေသည်မှာ နတ်ဘုရား အသွင်ပြောင်းခြင်း ကို ဖောက်ထွက်ရန်သာ ဖြစ်သည်။
ဤအတွေးဖြင့် စုရှင်းသည် သရုပ်ပြခြင်း ဖန်သားပြင်ကို ကြည့်လိုက်သည်။
နတ်ဘုရား အသွင်ပြောင်းခြင်း အတားအဆီး ငါးခုကို ဖောက်ထွက်ပြီးနောက် သင်သည် အတုအယောင် ကမ္ဘာမှ ထွက်လာပြီး မြက်ခင်းပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ သင့်ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင် စီးဆင်းမှုကို ခံစားခဲ့သည်။ သင့်စိတ်သည် ယခင်ကထက် ပိုမို ငြိမ်သက်နေသည်။
သင့်မျက်လုံးများသည် လျှို့ဝှက် ဆန်းကြယ်သော ပြောင်းလဲမှု တစ်ခုကို ကြုံတွေ့ခဲ့ရပြီး ယခုအခါ ဝိညာဉ်စွမ်းအင် စီးဆင်းမှု ပုံစံများကို မျက်စိဖြင့်ပင် မြင်တွေ့နိုင်သည်။ ဝိညာဉ်စွမ်းအင်များ သင့်ဆီသို့ အလျင်အမြန် စီးဆင်းလာသည်ကို အတွေးတစ်ခုဖြင့်ပင် သင် ခံစားနိုင်သည်။ သင့်အတွင်းရှိ ဝိညာဉ်စွမ်းအားသည်လည်း ပိုမိုတည်ငြိမ်လာကာ ပတ်ဝန်းကျင်ရှိ သဘာဝ၏ ဝိညာဉ်စွမ်းအင် နှင့် သွယ်ဝိုက်သော ဆက်သွယ်မှု တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
အတွေးတစ်ခု ပေါ်လာရာ မီးလျှံတစ်ခုသည် သင်၏ လက်ဖဝါးပေါ်တွင် ပေါ်လာသည်။ မီးလျှံ၏ စွမ်းအား အပြည့်အဝကို ထုတ်လွှတ်ရန် ကြိုးစားလိုက်ရာ သင်၏ ဝိညာဉ်စွမ်းအား သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ သို့သော် သင့်ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင် သည် သင့်ခန္ဓာကိုယ်ထဲသို့ အဆမတန် စီးဆင်းဝင်ရောက်လာပြီး ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအား ကို လျင်မြန်စွာ ပြန်လည် ဖြည့်တင်းပေးသည်။
များစွာသော စမ်းသပ်မှုများ အပြီးတွင် သင်၏ ဝိညာဉ်စွမ်းအင် စုပ်ယူနှုန်းသည် နှစ်ဆကျော် တိုးလာကြောင်း တွေ့ရှိရသည်။ သင်သည် သင်၏ နတ်ဘုရား ပညာရပ်များ၏ စွမ်းအားကို မြှင့်တင်ရန် အတွက် သဘာဝ၏ ဝိညာဉ်စွမ်းအင် နှင့်ပင် ဆက်သွယ်နိုင်ကြောင်း သိရှိခဲ့ရသည်။
နတ်ဘုရား အသွင်ပြောင်းခြင်း အတားအဆီး ငါးခုကို ဖောက်ထွက်ပြီးနောက် သင်သည် မောပန်းနွမ်းနယ်မှုကို ခံစားခဲ့ရသည်။ ဤအချိန်တွင် သင်သည် နတ်ဘုရား အသွင်ပြောင်းခြင်း အဆင့် သို့ အချိန်မရွေး တက်လှမ်းနိုင်ပြီ ဖြစ်သည်။ သို့သော် သတိထားသည့် အနေဖြင့် သင်၏ အခြေခံကို ခိုင်မာအောင် လုပ်ရန် သင် ဆုံးဖြတ်ခဲ့သည်။
သင်သည် လအတော်ကြာ အနားယူကာ အားပြန်ဖြည့်ခဲ့ပြီး သင့်ခန္ဓာကိုယ်၏ အခြေအနေကို အမြင့်ဆုံးသို့ ရောက်ရှိစေခဲ့သည်။ ထို့နောက် သင်သည် နတ်ဘုရား အသွင်ပြောင်းခြင်း အဆင့် သို့ တက်လှမ်းရန် ပြင်ဆင်ပြီး ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေသို့ ဝင်ရောက်ခဲ့သည်။
သင်သည် ကျန်ရှိနေသော ဝိညာဉ် ကျောက်တုံးများကို ထုတ်ယူကာ ဝိညာဉ်စွမ်းအင် မလုံလောက်ခြင်းကြောင့် တိုးတက်မှု မအောင်မြင်မည်ကို ကာကွယ်ရန် သင့်ခန္ဓာကိုယ် ပတ်လည်တွင် ထားရှိခဲ့သည်။
ယခုအချိန်တွင် သင့်စိတ်သည် ကြည်လင်သော မှန်တစ်ချပ်ကဲ့သို့ ဖြစ်နေပြီး တိုးတက်မှု စတင်ရန် အသင့် ဖြစ်နေခဲ့သည်။
သင့်ခန္ဓာကိုယ် ပတ်လည်ရှိ လေထဲသို့ ပျံ့နှံ့နေသော ဝိညာဉ်စွမ်းအင်များသည် သင့် မူလဝိညာဉ်၏ အမြင်တွင် တောက်ပသော အမှုန်အမွှားလေးများ အဖြစ် ပေါ်လာသည်။
သင်၏ လမ်းညွှန်မှုအောက်တွင် ၎င်းတို့သည် သင်၏ တန်းထျန် အတွင်းရှိ မွေးဖွားလာသော သန္ဓေတည် ဝိညာဉ် ထဲသို့ ဆက်တိုက် ဝင်ရောက်လာသည်။
တစ်ချိန်က ငုပ်လျှိုးနေခဲ့သော ရွှေရောင် ရုပ်တုသည် ဝိညာဉ်စွမ်းအင် ၏ လှုံ့ဆော်မှုအောက်တွင် ဖြည်းဖြည်းချင်း ပြန်လည် အသက်ဝင်လာသည်။
တဖြည်းဖြည်းနှင့် ပို၍ပို၍များသော ဝိညာဉ်စွမ်းအင် များသည် သင်၏ တန်းထျန် အတွင်းရှိ သန္ဓေတည် ဝိညာဉ်ထဲသို့ စီးဝင်လာသည်။
ဝိညာဉ်စွမ်းအင်ဖြင့် လွှမ်းခြုံထားသော ရွှေရောင် ရုပ်တုသည် ပုံပန်းသဏ္ဍာန် ပြောင်းလဲမှုများ စတင်လာသည်။
ကလေးအရွယ်မှ လူငယ်အရွယ်သို့၊ ထို့နောက် ဆယ်ကျော်သက် အရွယ်သို့ ပြောင်းလဲလာပြီး နောက်ဆုံးတွင် ရွှေရောင် ရုပ်တု၏ ပုံပန်းသဏ္ဍာန်သည် သင်နှင့် ဆင်တူသော်လည်း အဆပေါင်းများစွာ သေးငယ်နေခဲ့သည်။
သင့် တန်းထျန် အတွင်းရှိ ရုပ်တု ပြောင်းလဲလာသည်နှင့်အမျှ သင်၏ နတ်ဘုရားအာရုံ သည် ဤအချိန်တွင် အသွင် ကူးပြောင်းမှု တစ်ခု ကြုံတွေ့နေရကြောင်း ခံစားမိခဲ့သည်။
သင်၏ အာရုံခံနိုင်စွမ်းသည် ကျန်း၁၀၀၀မှ ကျန်း ၁၅၀၀၊ ထို့နောက် ကျန်း ၂၀၀၀ အထိ တိုးတက်လာသည်။
သင့် နတ်ဘုရားအာရုံ ၏ အတိုင်းအတာနှင့် ခွန်အားတို့သည် တော်လှန် ပြောင်းလဲမှုများကို ကြုံတွေ့ရသည်။
သို့သော် သင်သည် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေ အတွင်း၌ ရှိနေသောကြောင့် သင်၏ နတ်ဘုရားအာရုံ မည်မျှ တိုးတက်လာသည်ကို အတိအကျ မသိနိုင်သေးပေ။
သို့သော် မကြာမီပင် သင့် တန်းထျန် အတွင်းမှ ပြောင်းလဲမှုများသည် သင့်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
ဝိညာဉ်စွမ်းအင် များ ဆက်တိုက် ဝင်ရောက်လာသည်နှင့်အမျှ သင့် တန်းထျန် အတွင်းရှိ ရုပ်တုငယ်လေးသည် အသက်ဝင်လာပြီး ၎င်း၏ မျက်နှာသွင်ပြင်များလည်း ထင်ရှားလာသည်။
သို့သော် ၎င်း၏မျက်လုံးများသည် တင်းတင်း မှိတ်ထားဆဲဖြစ်ပြီး အသိစိတ် မရှိသေးပုံ ရသည်။
အတွေးတစ်ခုသည် သင့်စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ သင်သည် သင့် မူလဝိညာဉ် ၏ အစိတ်အပိုင်း တစ်ခုကို ရွှေရောင် ရုပ်တုထဲသို့ ထည့်သွင်းလိုက်သည်။
ထိုအချိန်တွင် ရွှေရောင် ရုပ်တု၏ မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာပြီး ဖျော့တော့သော ရွှေရောင် မျက်ဆံများကို ထုတ်ဖော် ပြသလာသည်။ ရုပ်တုတွင် အသိစိတ် မရှိသေးသော်လည်း သင့်နှင့် ပြီးပြည့်စုံစွာ သဟဇာတ ဖြစ်နေခဲ့သည်။
…