← Chapters

လမ်းစဉ်ပင်လယ်ပြင်ကြီး

Vol. 016 Ch. 1518

လမ်းစဉ်ပင်လယ်ပြင်ကြီး

Vol. 016 Ch. 1518

ရှန့်ရှောင်းနန်းတော်ကား အထက်ကောင်းကင်ဘုံ၏အလယ်ဗဟိုဒေသတွင် တည်ရှိကာ လမ်းစဉ်ပင်လယ်ကြီးနှင့်ဝန်းရံထားပေသည်။ နတ်ကောင်းကင်များ၏အလယ်တွင် တည်ရှိသည်ဟုပြောလျှင်လည်း မမှားပေ။

ပြောကြသည်မှာ အထက်ကောင်းကင်ဘုံ၌ မဟာလမ်းစဉ်ပင်လယ်နှင့် နတ်တောင်တန်းများရှိနေရာသည် ရှန့်ရှောင်းနန်းတော်တည်နေရာဖြစ်ကာ အထက်ကောင်းကင်ဘုံ၏သန့်စင်သောနယ်မြေဟူ၍ ဖြစ်ပေသည်။ သန့်စင်သော နယ်မြေဟုသုံးနှုန်းခြင်းမှာ ရှန့်ရှောင်းနတ်နန်းတော်ကား သင်ကြားပို့ချခြင်းတစ်ခုတည်းကိုသာ ကျင့်သုံးသောကြောင့်ဖြစ်ပေသည်။

ရှန့်ရှောင်းနတ်နန်းတော်အား ဝင်ရောက်လိုပါက လင်းရှောင်မြို့မှနေ၍ မဟာလမ်းစဉ်ပင်လယ်ကို ဖြတ်သန်းရမည်ဖြစ်ပေသည်။ အလယ်ပိုင်းဒေသမှ ထိုမြို့ကြီးသည် အမြဲတမ်းအားဖြင့် စည်ကားနေတတ်ပေသည်။ အမှန်တကယ်အားဖြင့် အင်အားကြီးပုဂ္ဂိုလ်များသည် အလယ်ပိုင်းဒေသတွင် အာဏာလုပွဲများ မကြာခဏဖြစ်သော်လည်း မည်သူမှ လင်းရှောင်မြို့ကို မထိရဲကြပေ။ မြို့အနီးမှ ပင်လယ်ကြီးကား ရှန့်ရှောင်းနန်းတော်သို့ သွားနိုင်သော မဟာလမ်းစဉ်ပင်လယ်ဖြစ်ပေသည်။ ထိပ်သီးအင်အားစုများက ထိုမြို့ကို မထိရဲကြသော်လည်း ကိုယ်စီအားဖြင့် အနည်းနှင့်အများ လွှမ်းမိုးမှုတော့ ရှိကြပေသည်။

အတိတ်နေ့ရက်များ၌ လင်းရှောင်မြို့ကား အလွန်စည်ကားသိုက်မြိုက်ခဲ့၏။ ပင်လယ်ကိုဖြတ်၊ လမ်းစဉ်ကို ရှာဖွေခြင်းအချိန်အခါကို ရောက်တိုင်း အထက်ကောင်းကင်မှ အင်အားစုများသည် အပ်ပျံမကျ မြို့သို့ ရောက်လာရမြဲမဟုတ်ပါလား။

လမ်းစဉ်ပင်လယ်အနီးရှိ စားသောက်ဆိုင်များမှာ လူစုလူဝေးကြီးများဖြင့် ပြည့်နှက်နေသည်။ သည်ရက်ပိုင်း၌ ဘုံအမျိုးမျိုးမှ လူများသည် ဤနေရာများ၌ လာရောက်စုစည်းနေကြ၏။ ရှန့်ရှောင်းနန်းတော်မှ ကိုယ်စားလှယ်ရောက်လာသောအခါ အင်အားစုများသည် ပင်လယ်ကို စတင်ဖြတ်သန်းကြမည်ဖြစ်ပေသည်။

ထိုက်ရွှမ်တောင်မှ လူများလည်း ရောက်လာကြပြီဖြစ်သည်။ ဖီးနစ်အင်ပါယာသည် ထိုက်ရွှမ်တောင်တပည့်များအား ပို့ဆောင်ကာ ထွက်သွားပြီဖြစ်၏။ ယခုမှစ၍ သူတို့သည် မိမိကိုယ်ကိုသာ အားကိုးရပေတော့မည်။

ယခုတွင် ထိုက်ရွှမ်တောင်မှ တပည့်များသည် ပင်လယ်အနီး စားသောက်ဆိုင်အပေါ်ထပ်တစ်ခုတွင် ရှိနေကြ၏။ မြို့ကား စည်ကားနေခဲ့ကာ တစ်ခါတစ်လေ ကောင်းကင်၌ ပျံသန်းနေသော ကျင့်ကြံသူများအား မြင်နိုင်ပေသည်။

တခြားသော စားသောက်ဆိုင်တွင် လူအများတို့သည် သူတို့အား ကြည့်ကာ တီးတိုးပြောသည် “သူတို့က ထိုက်ရွှမ်တောင်က ကျင့်ကြံသူတွေလား”

“ဟုတ်တယ်… အရှင်ထိုက်ရွမ်က အဆင့်တက်သွားပြီးတော့ မိစ္ဆာအိုကြီးလော့ကို လက်ညိုးတစ်ချောင်းတည်းနဲ့ အနိုင်ယူသွားတယ်လေ။ အခု သူတို့ အင်အားပိုကြီးလာတော့ နတ်နန်းတော်က သူတို့ကို နေရာ ၁၅ခုပေးခဲ့တယ်” တစ်စုံတစ်ယောက်က ပြောသည်။

“အရှင်ထိုက်ရွှမ်ဟာ နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းတစ်ခုတည်းမှာပဲ အာရုံစိုက်ခဲ့ပြီးတော့ နောက်ဆုံးမှာ အမြင့်ဆုံးသို့ တက်လှမ်းနိုင်ခဲ့တယ်။ ငါတို့အားလုံး သူ့ကို အတုယူသင့်တယ်”

ထိုက်ရွှမ်တောင်မှ လူများသည် ထိုစကားများကို ကြားလျှင် ဂုဏ်ယူဝမ်းမြောက်ကြ၏။ သူတို့သခင်ကြီး၏အဆင့်အတန်းကား ယခင်နှင့်မတူတော့။

“ဒါပေမဲ့ ထိုက်ရွှမ်တောင်က ဆယ့်ငါးနေရာရှိတယ်ဆိုပေမယ့် အရှင်ထိုက်ရွှမ်က တပည့်သစ်လက်ခံဖို့ ငြင်းဆိုခဲ့တယ်။ လက်ရှိထိုက်ရွှမ်တောင်တပည့်တွေရဲ့ခွန်အားက…” တစ်ယောက်က ပြောကာ ရပ်တန့်လိုက်၏။ လူအများအပြားသည် ထိုက်ရွှမ်တောင်တပည့်များ ရှီလင်နတ်မြို့တော်မှ ကျင့်ကြံသူများထံ၌ ဆိုးဆိုးဝါးဝါးရှုံးနိမ့်ခဲ့သည်ကို ကြားသိပြီးဖြစ်ကြသည်။

“နတ်နန်းတော်က လမ်းစဉ်ကို သက်သေပြတဲ့နေရာဆိုပေမဲ့ လူတိုင်းအတွက်တော့ မျှတမှုမပေးနိုင်ခဲ့ဘူး။ အထက်ကောင်းကင်ဘုံက အင်အားစုတွေဟာ လမ်းစဉ်ကို သက်သေပြဖို့ အခွင့်အရေးရပေမယ့် သာမန်မိသားစုတွေကတော့ … ။ သူတို့က ရွေးချယ်ခံတွေထက် အားနည်းလို့လား”

ရှန့်ထိုတစ်ဦးက သေရည်သောက်ရင်းဖြင့် လူအများအား အပြစ်ပြုမိမည်ကို စိုးရွံ့ဟန်မတူဘဲ ပြောသည်။

“လောကကြီးမှာ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေရှိတယ်။ နတ်နန်းတော်က လုံးဝဥသုံမျှတဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ” လူအချို့က နတ်နန်းတော်ဘက်မှ ပြောဆိုကြသည်။

“ဘယ်လိုပြောပြော ဒါက မိသားစုနောက်ခံကို မူတည်နေတယ်ဆိုတာ ထင်ရှားနေတာပဲလေ” ထိုလူက သေရည်နောက်တစ်ခွက်သောက်ကာ ပြောသည်။

“မင်းက ဘာလို့ မထင်မရှားမိသားစုမှာ မွေးလာတာလဲ ဒါဆို” နောက်တစ်ယောက်က မေးသည်။ ချက်ချင်းပင် စားသောက်ဆိုင်တစ်ခုလုံး တဝါးဝါး တဟားဟားဖြင့် ပွဲကျသွား၏။ သူတို့အားလုံးမှာ နောက်ပြောင်ကျီစယ်နေခြင်းဖြစ်ကာ သိပ်အလေးအနက်ထားကြသည်မဟုတ်ပေ။

ထိုအခိုက်တွင် လူအများအပြားက တစ်နေရာသို့ ကြည့်လိုက်ကြသည်။ အဝေးကောင်းကင်တွင် ဓားစွမ်းအားများ ပြင်းထန်စွာ ရိုက်ခတ်လာ၏။ ကောင်းကင်ထက်မှ ဓားသမားတစ်စုသည် စားသောက်ဆိုင်အပေါသို့ တိုက်ရိုက်ဆင်းသက်လာခဲ့ကြသည်။

သူတို့အားလုံးမှာ အဖြူရောင်ဝတ်ထားကာ တည်ငြိမ်သော အမူအရာရှိကြသည်။ လင်းရှောင်မြို့မှ လူအတော်များများမှာ သူတို့အား ချက်ချင်း မှတ်မိကြ၏။

အလယ်ပိုင်းဒေသတွင် လီနတ်ဓားမိသားစုသည် နာမည်ကျော်ကြားသော အင်အားစုတစ်ခုဖြစ်၏။ သူတို့ကား ဓားပညာတွင် ထူးချွန်သည်။

လီနတ်ဓားမိစားစုမှ တပည့်များအားလုံးမှာ ထူးချွန်ထက်မြက်ကြသည်။ မထူးချွန်ပါကလည်း ပြင်ပလောကတွင် လီနတ်ဓားမိသားစုကို ကိုယ်စားပြုနိုင်ခွင့်မရှိပေ။ မိသားစုသည် သူတို့၏တပည့်များအား အလွန်တင်းကြပ်သည်ဟု နာမည်ကျော်ကြားသည်။ ထိုနည်းဖြင့်သာ ထူးချွန်သော ဓားသမားများအား မွေးထုတ်နိုင်မည်ဖြစ်ပေသည်။

ကြည့်ရသည်မှာ သူတို့သည် ထိုက်ရွှမ်တောင်ကျင့်ကြံသူများအတွက် ရောက်လာဟန်ရသည်။

“ကျုပ်တို့က ထိုက်ရွှမ်တောင်က မိတ်ဆွေများကို လာတွေ့တာပါ” ရော်ကလာသူများက ထိုက်ရွှမ်တောင်တပည့်များကို လက်နှစ်ဘက်ဆုပ်လျှက်ပြောသည်။

“လီနတ်ဓားမိသားစု” ဝမ်ရှိုးရီက တီးတိုးရေရွက်သည်။ ဓားချောက်နက်မှ လူများသည် ဓားပညာကို လေ့ကျင့်ကာ ဝမ်ရှိုးရီကား အတော်ဆုံးထဲမှ တစ်ဦးဖြစ်၏။ သို့သော်လည်း သူသည် လီနတ်ဓားမိသားစုမှ လူများနှင့် ပထမဆုံး တွေ့ဖူးခြင်းဖြစ်ပေသည်။ မည်သို့ဆိုစေ ထိုက်ရွှမ်တောင်ကား သည်နေရာနှင့် လွန်စွာ ဝေးကွာသည်မဟုတ်ပါလား။

“ခင်ဗျားတို့ ဘာကိစ္စနဲ့ရောက်လာတာပါလဲ မိတ်ဆွေတို့” ကျွင်းမူက ဆိုသည်။ ရွေးချယ်ခံ ဆယ့်ငါးယောက်မှာ ထိုက်ရွှမ်တောင်၏တတိယမျိုးဆကတပည့်များဖြစ်ကြပြီး ကျွင်းမူကား ထိုက်ရွှမ်အကြီးအကဲ၏တိုက်ရိုက်တပည့်ဖြစ်ရာ ပုံမှန်အားဖြင့် သူက ဦးဆောင်နိုင်သော အဆင့်အတန်း၌ ရှိပေသည်။

“အခုကျုပ်တို့က ခေတ်ကောင်းကို ရောက်နေကြတယ်။ အထက်ကောင်းကင်ဘုံတွေက လူအတွေအများကြီး ကျုပ်တို့ဒေသကို လာလည်မှတော့ ကျုပ်တို့ကလည်း ဝမ်ဟိုင်စားသောက်ဆိုင်မှာ ဧည့်ခံပွဲတစ်ခုစီစဉ်ထားပြီးတော့ အဝေးကလာတဲ့မိတ်ဆွေတွေအကုန်လုံးကို ဖိတ်ကြားနေပါတယ်။ ဒီကမိတ်ဆွေတွေဟာ ထိုက်ရွှမ်တောင်က လာတယ်ဆိုတာ ကျုပ်တို့ကြားရတယ်။ ကျုပ်တို့ဧည့်ခံပွဲကို တက်ရောက်ဖို့ စိတ်ဝင်စားပါသလား”

ကျွင်းမူက ထိုက်ရွှမ်တောင်တပည့်များကို ကြည့်ကာ မေးလိုက်သည် “မင်းတို့ ဘယ်လိုထင်လဲ”

“လီနတ်ဓားမိသားစုက ကျုပ်တို့ကို ဖိတ်ခေါ်မှတော့ ကျွန်မတို့က တက်သင့်တာပေါ့” ထိုက်ရွှမ်တောင်၊ကု့ချင်းတောင်ကြားမှ လီကျစ်ရင်က ပြောသည်။ သူမသည်လည်း ဖီးနစ်တောင်ပံခတ်သံကို အတန်အသင့်တီးခတ်နိုင်စွမ်းသော ထူးချွန်တပည့်တစ်ဦးဖြစ်ပေသည်။ သူမအပြင် ကု့ချင်းတောင်ကြားမှ ချန်းယွီလည်း ရွေးချယ်ခံရ၏။

ဝမ်ရှိုးရီက ခေါင်းညိတ်သည်။ ဓားပညာကို လေ့ကျင့်သောသူများအနေဖြင့် လီနတ်ဓားကလန်မှ ဓားသမားများ၏အရည်အချင်းကို တွေ့မြင်လိုကြပေသည်။

လီနတ်ဓားကလန်မှ အလွန်ထူးချွန်သော ဓားသမားတစ်ဦးသည် နတ်နန်းတော်၌ လေ့ကျင့်နေသည်ဟု ကြားဖူးကြ၏။

ကျွင်းမူ၏မျက်လုံးများက လော့ယဲ့ထံသို့ ရောက်လာသည်။ လော့ယွဲ့ကလည်း ကျွင်းမူအား ပြန်လည်၍ ခေါင်းညိတ်ပြကာ လီနတ်ဓားကလန်မှ လူများကို ပြောသည် “ဒီလိုဆိုမှတော့ မိတ်ဆွေတို့က လမ်းပြပေးပါ”

“ကြွပါ” လီနတ်ဓားမိသားစုမှ တစ်ဦးက ပြောသည်။ မကြာခင် သူတို့အားလုံး ကောင်းကင်သို့ ပျံသန်းထွက်ခွာသွားကြ၏။

ရီဖူရှင်းနှင့် ဖုန်းယန်တို့ကား နောက်ဆုံးမှဖြစ်သည်။ သူတို့ကလည်း တိတ်ဆိတ်စွာပင် နောက်မှ လိုက်ပါသွားကြ၏။

သူတို့သည် ဝမ်ဟိုင်စားသောက်ဆိုင်သို့ မြန်ဆန်စွာ ရောက်လာခဲ့ကြ၏။ စားသောက်ဆိုင်ကား သည်အနီးတဝိုက်တွင် အမြင့်ဆုံးသော အဆောက်အဦဖြစ်သည်။ အပေါ်ဆုံးမှ ကြည့်လျှင် တိမ်ပင်လယ်ကြီးကို မြင်နိုင်ကာ သဘာဝပတ်ဝန်းကျင်အား ကောင်းကောင်းရှုစားနိုင်ပေသည်။ စွမ်းအားမြင့်တန်ခိုးရှင်များအားလုံးမှာ အလွှာမျိုးစုံ၌ရှိနေကြပြီး အားလုံးက အပေါ်ဆုံးအလွှာကို အာရုံစိုက်နေကြသည်။ အထက်ကောင်းကင်မှ အတော်ဆုံးသောလူများမှာ ထိုအလွှာ၌ ရှိနေပေသည်။

ထိုက်ရွှမ်တောင်မှ လူများရောက်သွားသောအခါ လူအများအပြားကို တွေ့ကြရ၏။ ထိုလူများအထဲတွင် ရှီလန်နတ်မြို့မှ လူများလည်း ရှိသည်။

သည်တစ်ကြိမ် ရှီလန်နတ်မြို့မှ လူများအား မင်းသားလောယို့မင်ဦးဆောင်လာခြင်းဖြစ်သည်။ နောက်ဆုံးအကြိမ်က သူတို့ကား ထိုက်ရွှမ်တောင်ကို အရှက်တကွဲရှုံးနိမ့်ခဲ့ရပေသည်။

ရှီလန်နတ်မြို့မှ စစ်သူရဲကောင်းများအပြင် ရွှေရောင်နတ်နိုင်ငံမှ လူများလည်း ရောက်နေသည်။ ကိုက်ရှီသည် ထိုလူများအထဲတွင် ရှိ၏။

နောက်ထပ် ထူးခြားသော လူတစ်စုလည်း ရှိနေသည်။ ထိုက်ရွှမ်တောင်မှ လူများသည် ထိုအုပ်စုကို တစ်ခါမှ မမြင်ဖူးသော်လည်း အလယ်ပိုင်းဒေသမှ အင်အားကြီးအုပ်စုတစ်ခုဖြစ်မည်ကိုတော့ ခန့်မှန်းမိ၏။ သို့သော်လည်း ပြောကြသည်မျာ လီနတ်ဓားကလန်နှင့် ကောင်းကင်နှစ်မြှုတ်ခြင်းနတ်ဘုရားကလန်တို့သည် ကြီးမားသော ရန်ငြိုးများရှိ၏။ ထို့ကြောင့် သူတို့သည် နောက်ထပ် အင်အားစုတစ်ခုဖြစ်သော ချန်းဖုန်းမိသားစုဖြစ်ရပေမည်။

ချန်းဖုန်းမိသားစုသည် အလယ်ပိုင်းဒေသတွင် ရှေးဟောင်းနိုင်ငံတစ်ခု၏မျိုးဆက်များဖြစ်ရာ သူတို့၏အခြေခံအုတ်မြစ်က မည်မျှ ခိုင်ခံ့မည်ကို တွေးကြည့်နိုင်ပေသည်။

“ငါတို့က နောက်ဆုံးမှ ရောက်တာဖြစ်မယ်” ကျွင်းမူက ပြောသည်။

ရီဖူရှင်းကား လူအုပ်ကြီး၏နောက်တွင် ရပ်နေ၏။ ဝမ်ဟိုင်စားသောက်ဆိုင်၏အခြေအနေကား ထူးဆန်း၏။ ထိပ်သီးအင်အားစုများမှ မျိုးဆက်များအားလုံး စုစည်းနေခဲ့သလို မမြင်ရသော ဖိအားများလည်း ရှိနေသည်။

သို့သော်လည်း လူအများစုမှာ စိတ်လှုပ်ရှားဝမ်းသာကြ၏။ မကြာခင် ကောင်းမွန်သော တိုက်ပွဲများကိုပင် မြင်တွေ့ရနိုင်ပေသည်။

“မင်းတို့သခင်ကြီးက အဆင့်တက်သွားလို့ နေရာဆယ့်ငါးခုရတာကို မင်းတို့က လက်ခံရဲတယ် ဟုတ်လား။ မရှက်ကြဘူးလား။ ဒီကို ဘာလို့လာနေကြသေးတာတုန်း” အေးစက်စွာ ပြောလိုက်သူကား လောယို့မင်။

“မိစ္ဆာအိုကြီးလော့ရဲ့ဒဏ်ရာအခြေအနေ ဘယ်လိုလဲ” ကျွင်းမူကလည်း လောယို့မင်ကို ကြည့်ကာ ပြန်မေးသည်။

လောယို့မင်က သေရည်ခွက်ကို ချကာ မနှစ်မြို့သော မျက်နှာထားဖြင့် ပြန်ကြည့်သည်။

သူက ပြုံးလိုက်ကာ ပြောသည် “နတ်နန်းတော်မှာ လမ်းစဉ်ရှာဖွေတာမှာ မင်းတို့အရှင်က ဘာမှ ကူညီနိုင်ဖွယ်မရှိဘူး။ မင်းတို့ နောက်ပိုင်း ဂရုစိုက်ဖို့လိုလိမ့်မယ်”

ထိုက်ရွှမ်တောင်မှ လူများသည် လောယို့မင်၏ခြိမ်းခြောက်မှုကို ကြားလျှင် စိုးရိမ်စိတ်များဝင်လာကြသည်။ လောယို့မင်က သူတို့အား လမ်းစဉ်ပင်လယ်တွင် တစ်ခုခုကြံစည်နိုင်ပေသည်။

“သတိပေးတာ ကျေးဇူးပဲ။ ဒါပေမဲ့ မင်းစိတ်ပူရမယ့် ကိစ္စတော့မဟုတ်ဘူး” ကျွင်းမူက ပြန်ပြောသည်။

“ခင်ဗျားတို့က ဧည့်သည်တွေပဲ… လာထိုင်ကြပါ” အသံတစ်သံအား ကြားရသည်။ ပြောလိုက်သူကား အဖြူရောင်ဝတ်ရုံကို ဝတ်ထားကာ ထက်ရှသော အရောင်အဝါရှိ၏။ သူကား လီနတ်ဓားကလန်မှ ဓားပါရမီရှင် လီစွမ်းဖြစ်သည်။

“ကျေးဇူးပဲ” ကျွင်းမူက ပြန်ပြောကာ တစ်နေရာတွင် ထိုင်၏။ သူ့မျက်နှာတွင် သဘောမကျသော အမူအရာရှိနေသည်။

“မင်းတို့က လမ်းစဉ်ပင်လယ်ကို အချိန်မရွေးဝင်နိုင်တယ်။ အခုတော့ အေးဆေးသောက်ရအောင်။ တခြားကိစ္စတွေကို ငါတို့က လမ်းစဉ်ပင်လယ်ထဲဝင်တော့မှ ဆွေးနွေးတာပေါ့” လီစွမ်းက လူအများအား ပြောသည်။ သူက လူအများအား ဖိတ်ကြားခြင်းမှာ မည်သူတို့က လမ်းစဉ်ပင်လယ်သို့ ဝင်မည်အား သိလိုခြင်းလည်းပါသည်။

သူတို့အားလုံး အတူတူထိုင်နေကြသော်လည်း မည်သူကမှ သူတို့အား မိတ်ဆွေများအဖြစ် မရှုမြင်ကြပေ။

***

All Chapters