← Chapters

မတွေ့တာကြာပြီ

Vol. 016 Ch. 1519

မတွေ့တာကြာပြီ

Vol. 016 Ch. 1519

လောယို့မင်နှင့် ကျွင်းမူတို့ကား အချင်းချင်းယှဉ်ပြိုင်နေခြင်းမဟုတ်ဘဲ ရန်ငြိုးမှာ ထိုက်ရွှမ်တောင်တိုက်ပွဲကတည်းက ဆက်နွယ်လာခြင်းဖြစ်သည်။

“လမ်းစဉ်ပင်လယ်ခရီးမှာ ထိပ်သီးအင်အားစုတွေက နေရာတွေကို တိုက်ရိုက်ရရှိခဲ့တယ်ဆိုပေမဲ့ တခြားသာမန်ကျင့်ကြံသူတွေအတွက်တော့ နေရာတစ်နေရာရဖို့ လွယ်ကူမနေခဲ့ဘူး” လီစွမ်းက ဆိုသည် “ဒါပေမဲ့ နတ်နန်းတော်က သေချာလေး စီစဉ်ပေးခဲ့ပါတယ်။ နတ်နန်းတော်ကို လမ်းစဉ်လာရှာတဲ့သူတွေဟာ လမ်းစဉ်ပင်လယ်ကို အရင်ဖြတ်သန်းရမယ်။ မရေမတွက်နိုင်တဲ့လူတွေက နန်းတော်ကို ဝင်ဖို့အတွက် ယှဉ်ပြိုင်ရလိမ့်မယ်။ အခု ဒီနေရာကို ရောက်နေတဲ့လူတွေထဲမှာ နန်းတော်ကိုဝင်မယ့်လူတွေက ဘယ်သူတွေများလဲ”

နန်းတော်အတွင်းသို့ ဝင်မည်ဟူသော အဓိပ္ပာယ်မှာ နတ်နန်းတော်၌ လေ့ကျင့်မည်ကို ဆိုလိုခြင်းဖြစ်ကြောင်း အားလုံးက နားလည်ကြပေသည်။

အမှန်တကယ်အားဖြင့် လီတောက်စီသည် လီနတ်ဓားမိသားစု၏အတော်ဆုံး တပည့်ဖြစ်ကာ နတ်နန်းတော်၌ လေ့ကျင့်ဖူးကြီး ကျော်ကြားမှုရှိသူလည်းဖြစ်၏။

ထိုက်ရွှမ်တောင်မှ လူများမှာ ထိုသို့လုပ်ရန် မဖြစ်နိုင်ပေ။ ထိုက်ရွှမ်တောင်ကား နာမည်ကျော်ကြားသော အင်အားစုဖြစ်ကာ ထိုက်ရွှမ်တောင်တပည့်တစ်ဦးသာ နတ်နန်းတော်၌ လေ့ကျင့်ပါက လှေနံနှစ်ဘက်နင်းခြင်းနှင့်အတူတူဖြစ်သည်။ သို့သော်လည်း ရွှေရောင်နတ်ပြည်ထောင်နှင့် ချန်းဖုန်းမိသားစုတို့မှာ ထိုသို့လုပ်နိုင်ပေသည်။

“အစ်ကိုကိုင်… ခင်ဗျား ဒါကို တွေးဖူးလား။ ခင်ဗျားပါရမီနဲ့ဆိုရင် နတ်နန်းတော်မှာ ကောင်းမွန်တဲ့အရင်းအမြစ်တွေရမှာ သေချာတယ်” လီစွမ်းက ကိုက်ရှီကို ပြောသည်။

မကြာသေးခင်က ကိုက်ရှီသည် အရှင်ထိုက်ရွှမ်၏တပည့်ဖြစ်လိုခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရ၏။ နတ်နန်းတော်တွင်လည်း ထိုသို့သော ပုဂ္ဂိုလ်ရှိသော်လည်း သူ၏တပည့်ဖြစ်ရန်မှာ အလွန်ခက်ခဲလှပေသည်။

“ကျုပ်က လောကကို အုပ်စိုးမယ့်စွမ်းအားကို ရှာဖွေတယ်။ ဒါက နတ်နန်းတော်ရဲ့အတွေးအကြံတွေနဲ့ဆန့်ကျင်တယ်။ ကျုပ် နတ်နန်းတော်ကို ဝင်မှာ မဟုတ်ဘူး” ကိုက်ရှီက ပြောသည်။ နတ်နန်းတော်ကား အရှုပ်အထွေးများ၌ ပါဝင်ပတ်သက်ခြင်းမပြုရာ သူ့အမြင်နှင့်ဆန့်ကျင်ပေသည်။

“အစ်ကိုကိုင်က နတ်နန်းတော်ကို မသွားချင်တာ သူတို့ရဲ့အတွေးအခေါ်က ခင်ဗျားနဲ့ဆန့်ကျင်လို့မလား။ ဒါက ခင်ဗျားရဲ့ ရည်မှန်းချက်ဘယ်လောက်မြင့်တယ်ဆိုတာ ပြနေတာပဲ” လီစွမ်းက ပြုံးလျှက်ပြောသည်။ နတ်နန်းတော်တွင် လေ့ကျင့်နေသူများထဲတွင် လူတိုင်းက နတ်နန်းတော်၏အတွေးအခေါ်နဲ့ ထပ်တူကျပါမည်လား။

အနည်းစုသာ ရှိပေလိမ့်မည်။

“အစ်ကိုကိုင်က ဘယ်လို အတွေးအခေါ်မျိုးကို ဆုပ်ကိုင်ထားတာလဲ” လီစွမ်းက မေးသည်။

“သိုင်းပညာက လောကကြီးကို အုပ်စိုးဖို့ ကျုပ်မျှော်လင့်တယ်။ နတ်နိုင်ငံတော် ဖြတ်သွားသမျှ နေရာတိုင်းက လူတွေ ရှိခိုးဒူးထောက်ရမယ်” ကိုက်ရှီက ပြောသည်။ သူ အမှန်တကယ် လေးစားအားကျသူကား ကောင်းကင်ဒေသတစ်ခုလုံးကို အုပ်စိုးသော အရှင်ဒွန်ဟောင်ဖြစ်ပေသည်။

တစ်နေ့ သူသာ ထိုအဆင့်သို့ ရောက်ပါက ရွှေရောင်နတ်နိုင်ငံတော်သည် လူတိုင်း၏ဦးညွတ်မှုကို ရရှိပေလိမ့်မည်။

အားလုံးက သူ့အား ကြည့်ကာ ကိုက်ရှီသည် နာမည်နှင့်လိုက်အောင်ပင် သူ့အတွေးနှင့်အကြံများက ထပ်တူကျသည်ဟု တွေးမိကြသည်။

“သိုင်းပညာလမ်းစဉ်က လောကကို လွှမ်းမိုးရမယ်”

မည်သူက ထိုသို့ ပြောရဲသနည်း။

“မင်းကရော…” ကိုက်ရှီက လီစွမ်းကို ကြည့်ကာ မေးသည် “လီနတ်ဓားမိသားစုမှာ လီတောက်စီရှိပြီးသားပဲ။ မင်းအတွက် နေရာရှိသေးလား”

“ကျုပ်က အစ်ကိုကြီးနဲ့ယှဉ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး။ လောကကြီးက ကျယ်ပြောလွန်းပြီးတော့ ထိပ်သီးတန်ခိုးရှင်တွေအများကြီးကို ထိန်းထားနိုင်တယ်။ ကျုပ်အတွက်တော့ နတ်ဓားရှိနေတဲ့နေရာမှာ ဘယ်ဓားကမှ ယှဉ်နိုင်မယ်လို့ မထင်ထားဘူး” လီစွမ်းက ပြောသည်။

“မင်းရဲ့ဓားပညာက ပြိုင်ဘက်ကင်းတယ်လို့ ဆိုလိုတာလား” ကိုက်ရှီက ထိုက်ရွှမ်တောင်တပည့်များရှိရာသို့ ကြည့်ကာ ပြောသည် “အရှင်ထိုက်ရွှမ်ဟာ ဓားပညာမှာလည်း အရမ်းကောင်းတယ်။ သူတို့မှာ ဓားချောက်နက်ကိုလည်း ပိုင်ဆိုင်ပြီးတော့ ဓားသမားကောင်းတွေကို မွေးထုတ်နိုင်တယ်။ အခု သူတို့ရဲ့ ဓားသမားကောင်းတွေလည်း ပါလာတယ်လို့ ထင်တယ်”

“အရှင်ထိုက်ရွှမ်ရဲ့ဓားပညာက တကယ်ပဲ  ကောင်းပါတယ်။ ဒါပေမဲ့ ကျုပ်တို့မိသားစုဓားပညာက ပိုကောင်းတယ်လို့ ကျုပ်ယူဆတယ်” လီစွမ်းက ဖြေးညင်းစွာ ပြောသည်။ သူက ထိုက်ရွှမ်တောင်မှ လူများဘက်ကို ကြည့်ကာ ပြောသည် “လမ်းစဉ်ပင်လယ်ကို ဖြတ်သန်းရာမှာ ထိုက်ရွှမ်တောင်ရဲ့ တစ်ဒင်္ဂဓားကို စမ်းသပ်ဖို့ အခွင့်အရေးရမှာပါ”

“အရှင်ထိုက်ရွှမ်အဆင့်တက်တဲ့နေ့က တစ်ဒင်္ဂဓားရဲ့ဒုတိယအဆင့်ကို အောင်မြင်ထားတဲ့ ထူးဆန်းဓားသမားတစ်ဦး ထွက်ပေါ်ခဲ့တယ်ကြားတယ်။ သူသာ ရှန့်ထိုအဆင့်မှာဆိုရင် သေချာပေါက် ရန်ဟောင်အဆင့်အောက်မှာ ပြိုင်ဘက်ကင်းသူပဲ”

ထိုအခိုက်တွင် ချန်းဖုန်းမိသားစုမှ ချောမောသောလူငယ်တစ်ဦးက ထမေးသည် “အဲဒီလူ အခုဒီမှာရှိလား”

ထိုက်ရွှမ်တောင်မှ လူများကား ဆွံ့အရသည်။ သူတို့အထဲတွင် အတော်ဆုံးဓားသမားကား ဝမ်ရှိုးရီဖြစ်သည်။ ထိုထူးဆန်းဓားသမားကို သူတို့လည်း မသိပေ။

“သူက တကယ်ပဲ ဓားသမားလို့ မင်းတို့ထင်သလား” လောယို့မင်က လှောင်ပြောင်လိုဟန်ဖြင့် ပြောသည် “သူက ဟန်ဆောင်ထားတဲ့ ရန်ဟောင်တစ်ယောက်လည်း ဖြစ်နိုင်တာပဲ”

“အဲဒါ အရှင်ထိုက်ရွှမ်မဖြစ်နိုင်ဘူး” ချန်းဖုန်းမိသားစုမှ ချန်းဖုန်းလိုင်က ပြောသည်။ အရှင်ထိုက်ရွှမ်၏အဆင့်အတန်းဖြင့် ထိုသို့လုပ်စရာအကြောင်းမရှိပေ။

“ဒါဆိုလည်း ထိုက်ရွှမ်တောင်ကလူတွေကို မေးကြည့်လေ။ သူက ဘယ်သူလဲ” လောယို့မင်က ရယ်ရွှင်ဖွယ်လေသံဖြင့် ပြောသည်။

“သူက ထိုက်ရွှမ်တောင်မှာ ကျင့်ကြံခြင်းကို အာရုံစိုက်နေတာ မဖြစ်နိုင်ဘူးလား” လော့ယွဲ့က အေးစက်စွာ ပြောသည်။ အရှင်ထိုက်ရွှမ်အား မေးခွန်းထုတ်ခြင်းက သူမအား သဘောမကျဖြစ်စေသည်။

“ဒါဆို အဲဒီဓားသမားက ဘယ်သူလဲ။ အဲတုန်းက မင်းပဲ အဲ့ဓားကို သုံးခဲ့တာမဟုတ်ဘူးလား။ အဲဒါ မင်းကိုယ်တိုင်လား” လောယို့မင်က မေးသည်။

လော့ယွဲ့ကား အတန်ကြာ ဆွံ့နေခဲ့ကာ မည်သို့ပြန်ပြောရမည် မသိပေ။

လောယို့မင်က နှာခေါင်းရှုံ့ကာ ထပ်၍ မပြောတော့ပေ။ အားလုံးလည်း တိတ်ဆိတ်သွားကာ အခြေအနေက အေးစက်လာခဲ့၏။

“ဒီကိစ္စကို ဘေးချိတ်ထားလိုက်ကြရအောင်” လီစွမ်းက တိတ်ဆိတ်နေသော အခြေအနေကို ဖြိုခွင်းလိုက်သည် “ဒီခရီးမှာ ရန်ဟောင်အဆင့်ကို တက်လှမ်းနိုင်တဲ့သူ ရှိမှာပဲ။ ဘယ်သူ ဒီအခွင့်အရေးရမလဲ ကြည့်တာပေါ့”

မည်သူမှ မဖြေကြဘဲ အားလုံးက အဝေးမှ လမ်းစဉ်ပင်လယ်ကိုသာ ကြည့်လိုက်ကြသည်။ သည်ခရီးတွင် အထက်ကောင်းကင်ဘုံများမှ ထိပ်သီးများအားလုံး စုဝေးကြသည်။ မည်သူတို့က သက်သေပြနိုင်မည်နည်း။

ပြန်လည်မွေးဖွားခြင်းအဆင့်များအားလုံး အခွင့်အလမ်းရှိနိုင်ပေသည်။

“ဟမ်…”

ထိုအခိုက်တွင် လူအချို့သည် လမ်းစဉ်ပင်လယ်အား လှမ်းကြည့်လိုက်ကြသည်။ပင်လယ်မှနေ၍ လှေတစ်စင်းဖြင့် လူအများအပြား ကမ်းခြေသို့ ချဉ်းကပ်လာခဲ့သည်။

ရုတ်တရက် လူအများအပြား၏မျက်လုံးများက သူတို့ထံသို့ ရောက်သွားသည်။ သည်လူများက နတ်နန်းတော်မှ လူများလား။

ထိုအဖြစ်က အောက်လွှာများအား လှုပ်ခတ်စေသည်။ စားသောက်ဆိုင်မှ လူများစွာတို့က ထိုနေရာသို့ လှမ်းကြည့်ကြ၏။ မကြာခင် လှေကလေးများသည် ကမ်းသို့ ဆိုက်ကပ်လာကာ တစ်ယောက်က အော်ဟစ်လိုက်သည် “မနက်ဖြန် နန်းတော်ကို ဝင်မယ့်လူတွေ လမ်းစဉ်ပင်လယ်ဝင်ပြီး နန်းတော်ရဲ့အကဲဖြတ်မှုကို ခံယူပါ။ နောက်ပိုင်း မထင်မှတ်ထားတဲ့ အကျိုးအပြစ်တွေရှိလို့ မဝင်ခင် သေချာစဉ်းစားဆုံးဖြတ်ကြပါ”

“ပြီးတော့ နောက် ၇ရက်နေရင် ထိပ်သီးအင်အားစုက လမ်းစဉ်ပင်လယ်သို့ ဝင်မယ့်လူတွေကို တစ်စုံတစ်ယောက်က လက်ခံပေးလိမ့်မယ်”

သူ၏စကားက ကြီးမားစွာ လှုပ်ခတ်စေသည်။ မနက်ဖြန် နန်းတော်က မရေမတွက်နိုင်သော လူများအား စမ်းသပ်ခြင်းပြုလုပ်ပေလိမ့်မည်။ သူတို့ထဲမှ အချို့သည် ထိပ်သီးအင်အားစုများမှ တပည့်များနှင့် ယှဉ်ပြိုင်ရန် အခွင့်အလမ်းများပင် ရရှိနိုင်ပေ၏။

ထို့နောက်တွင် နတ်နန်းတော်မှ လူများသည် လှေကလေးများဖြင့် လမ်းစဉ်ပင်လယ်ထဲသို့ ပြန်လည်ဝင်ရောက်ပျောက်ကွယ်သွားကြ၏။

“ဒါဟာ ဆယ်နှစ်မှ တစ်ကြိမ်ရတဲ့အခွင့်အရေးပဲ။ အရင်က ပြန်လည်မွေးဖွားခြင်းအဆင့်တွေဟာ နန်းတော်ကို သိပ်မဝင်လိုခဲ့ကြဘူး။ ဒါပေမဲ့ ဒါဟာ ရန်ဟောင်အဆင့်ကို တက်လှမ်းနိုင်မယ့် အခွင့်အလမ်းပဲ” လီစွမ်းက ဆိုသည်။

လူအများအပြား ထရပ်ကာ ထိုနေရာသို့ ကြည့်ကြသည်။ အထက်ကောင်းကင်ဘုံကား အလွန်ကြီးမားကာ များစွာသော ပါရမီရှင်များလည်း ရှိသည်။ စီနီယာတို့သည်ပင် ပြန်လည်မွေးဖွားခြင်းအဆင့်၌ ရပ်တန့်နေခဲ့ကြရ၏။ ထိုအထဲတွင် ရန်ဟောင်အဆင့်သို့ တက်လှမ်းခါနီးသည့်လူများလည်း ရှိကြပေသည်။

“ခင်ဗျားတို့ကို ဒီနေ့ တွေ့ရတာ ဝမ်းသာဂုဏ်ယူပါတယ်။ နောက်ရက်အနည်းငယ်ကျရင် ကျုပ်တို့ဟာ ပြိုင်ဘက်ဖြစ်ရတော့မှာပဲ” လီစွမ်းက လူအုပ်ကို ကြည့်ကာ ပြောသည် “အခု‌တော့ လွတ်လွတ်လပ်လပ်နေကြပါ”

“ကျုပ်တို့ လမ်းစဉ်ပင်လယ်မှာ ပြန်တွေ့မှာပါ” လူအများအပြားက ပြောကာ ဝမ်ဟိုင်စားသောက်ဆိုင်မှ ထွက်ခွာသွားခဲ့ကြသည်။

“သွားရအောင်…” ကျွင်းမူက ပြောလျှင် ထိုက်ရွှမ်တောင်မှ လူများလည်း ထွက်သွားကြသည်။

“ကျုပ် ကမ်းခြေမှာ လမ်းလျှောက်လိုက်ဦးမယ်” ရီဖူရှင်းက ပြောသည်။

ထို့နောက်တွင် သူ တစ်ယောက်တည်း ထွက်လာခဲ့၏။ ဖီးနစ်လေးက ရီဖူရှင်း ထွက်သွားသည်ကိုမြင်လျှင် သူ့နောက်မှ လိုက်ပါလာသည်။

“အတူတူသွားကြတာပေါ့” ဝမ်ရှိုးရီကလည်း ဆိုသည်။ သူနှင့်လော့ယွဲ့တို့က လမ်းစဉ်ပင်လယ်ဘက်သို့ လှမ်းလာခဲ့ကြသည်။ လူစုသည် ထိုနည်းဖြင် ကွဲသွားခဲ့ကာ ကိုယ်စီအသီးသီး ထွက်သွားကြသည်။

ရီဖူရှင်းသည် လမ်းစဉ်ပင်လယ်ကမ်းခြေသို့ ရောက်လာ၏။ သူသည် အဆုံးအစမဲ့သော ပင်လယ်၏တည်ရှိမှုကို ခံစားရသည်။

“လမ်းစဉ်ပင်လယ်ကို ဖြတ်ပြီးတဲ့နောက်မှာ တကယ့်ထူးခြားတဲ့လမ်းစဉ်ကိုခံစားနိုင်တယ်လို့ ပြောကြတယ်” ဝမ်ရှိုးရီက ရီဖူရှင်းဘေးကို ရောက်လာကာ တီးတိုးပြောသည် “အမှန်တကယ်လည်း ငါဟာ ဒီကို လာဖို့ အမြဲစိတ်ကူးယဉ်ခဲ့တယ်။ အခု ငါ့အတွက် အခွင့်အရေးရှိလာခဲ့ပြီ”

“ခင်ဗျား ဘာလို့ ရှန့်ရှောင်းနန်းတော်မှာ ကံမစမ်းချင်တာလဲ” ရီဖူရှင်းက မေးသည်။ ရှန့်ရှောင်းနန်းတော်တွင်လည်း သာမန်တပည့်များရှိပေသည်။ ဝမ်ရှိုးရီ၏ပါရမီဖြင့်ဆိုပါက ပင်မတပည့်မဖြစ်လျှင်ပင် သူသည် ရိုးရိုးတပည့်ဖြစ်ရန် ထိုက်တန်ပေသည်။

“ဘဝမှာ ရွေးချယ်စရာသိပ်မှမရှိတာ။ ငါဟာ ထိုက်ရွှမ်တောင်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးတော့ ဓားချောက်နက်မှာ လေ့ကျင့်ခဲ့တယ်။ လောကကြီးက ကြီးများကျယ်ပြောတယ်ဆိုပေမဲ့ ထိုက်ရွှမ်တောင်ကတော့ ငြိမ်းချမ်းတယ်။ ရှန့်ထိုတစ်ပါးအတွက်တော့ အဲဒီနေရာက စိတ်ကျေနပ်စရာကောင်းတဲ့ နေရာပဲ။ ဒါပမေဲ့လည်း ငါဟာ အခုအဆင့်ကို ရောက်လာခဲ့ပြီ။ ငါ့အတွက် လေ့ကျင့်ရေးခရီးတွေ ထွက်ရတော့မယ့်အချိန်ပဲ” ဝမ်ရှိုးရီက ပြုံးလျှက်ပြောသည်။

“မင်းကရော … မင်းလည်း ထိုက်ရွှမ်တောင်မှာ ကျင့်ကြံတာ တော်တော်လေးကြာပြီ။ မင်းရဲ့အတိတ်ကြောင်းကို ပြောတာ တစ်ခါမှ မကြားမိဘူး။ မင်းဟာ နှိမ့်ကျတတ်ပြီး ကောင်းမွန်တဲ့အမူအကျင့်ရှိတယ်။ မင်းဟာ ရှန့်ထိုတစ်ဦးနဲ့တောင် မတူဘူး” ဝမ်ရှိုးရီက ပြုံးလျှက်ပြောသည်။

ရီဖူရှင်းက ပြုံးကာ မည်သို့မှ ပြန်မပြောပေ။

“အင်း … မင်းမှာလည်း ပုံပြင်တွေ ရှိကောင်းရှိနိုင်တာပဲလေ” ဝမ်ရှိုးရီက ပြုံးလိုက်သည် “မင်းဟာ နှိမ့်ချတတ်ပြီး ရင့်ကျက်တယ်။ ငါတို့ထဲမှာ မင်းက အကြီးမားဆုံး အောင်မြင်မှုကို ရသွားတာလည်း ဖြစ်နိုင်တာပဲ”

ရီဖူရှင်းက ဝမ်ရှိုးရီအား ပြုံးလျှက်ကြည့်ကာ ဘာမှ ပြန်မပြောဖြစ်။ သူက ရှေ့ကို ကြည့်လိုကသ်ည်။

ကမ်းခြေတွင် မိန်းကလေးတစ်ဦးသည် တိတ်ဆိတ်စွာ လမ်းလျှောက်နေ၏။ သူမသည် ပြိုင်စံရှားအလှမယ်မဟုတ်သော်လည်း သူမက တစ်စုံတစ်ယောက်အား သက်တောင့်သက်သာ ခံစားရစေသည်။

သက်တောင့်သက်သာခံစားရစေသော်လည်း သူမကား အထီးကျန်သောခံစားချက်ကိုလည်း ပေး၏။

ရီဖူရှင်းက သူမအား မြင်သောအခါ နှိုက်နှိုက်ခြိုက်ခြိုက်ပြုံးလိုက်သည်။

မတွေ့ဖြစ်ခဲ့သည်မှာ အတော်လေးကြာခဲ့ပြီ။

အမှန်တကယ်အားဖြင့် သိပ်မကြာသေးသော်လည်း များစွာ ကြာမြင့်ခဲ့သကဲ့သို့ ခံစားရ၏။

***

All Chapters