← Chapters

ကြော်ငြာခြင်းကြော်ငြာခြင်း

Vol. 125 Ch. 1717

ကြော်ငြာခြင်းကြော်ငြာခြင်း

Vol. 125 Ch. 1717

သည်ချိပ်ပိတ်နယ်မြေအစီအရင်ကို ဖျက်စီးပစ်ခြင်းသည် အရာအားလုံး ပြီးဆုံးသွားပြီဟု မဆိုလိုပေ။ ဝမ်လင်း ပိုင်ဆိုင်သည့် အစီအရင်အသစ် ဖန်တီးခြင်းနှင့် အတွင်းနယ်မြေမှာ အခုမှ စတင်မည်ပင်။ ဤကား ဝမ်လင်း ကောင်းကင်ဘုံအုပ်စိုးသူကို သတ်ဖြတ်မည့် သူ့အစီအရင်၏ ပထမဆုံးခြေလှမ်းသာ ရှိသေးသည်။

ချိပ်ပိတ်နယ်မြေအစီအရင် ပျက်စီးသွားရာ ရှေးဟောင်းကြယ်အဖွဲ့အစည်း(ပြင်ပနယ်မြေ)မှ အော်ရာသည် ဝင်ရောက်လာကာ အတွင်းနယ်မြေကို ခြုံလွှမ်းလာ၏။ ထိုအော်ရာသည် အစိမ်းသပ်သပ် ဖြစ်နေ၏။ သို့သော် တစ်ချိန်တည်းမှာလည်း ရင်းနှီးမှု ရှိသည်။

အချိန်အစဦးတုန်းက ချိပ်ပိတ်နယ်မြေအစီအရင် မပေါ်လာခင်က အတွင်းနယ်မြေနှင့်အပြင်နယ်မြေတို့သည် နယ်မြေတစ်ခုတည်းသာ ဖြစ်ခဲ့၏။ မရေမတွက်နိုင်သော သေမျိုးများက ထိုအော်ရာကို ရှုရှိုက်ခဲ့ရ၏။ မရေမတွက်နိုင်သော ကျင့်ကြံသူများက ထိုအော်ရာဖြင့် ကျင့်ကြံခဲ့ကြ၏။ တတိယအဆင့်ကျင့်ကြံသူ အချို့က ထိုအော်ရာကို အသုံးချကာ သူတို့၏ကိုယ်ပိုင် အပူဇော်ခံမီးတောက်နယ်မြေများ ဖန်တီးကာ သူတို့၏ ကျင့်ကြံမှုကိုအဆင့်ကို အကူအညီဖြစ်စေဖို့ အပူဇော်ခံမီးတောက်များကို စုဆောင်းခဲ့ကြသည်။

သို့သော် ချိပ်ပိတ်နယ်မြေအစီအရင် ချခင်းခဲ့ပြီးနောက် အပူဇော်ခံမီးတောက်အားလုံးသည် အတွင်းနယ်မြေထံမှ ပြောင်သလင်းခါသည့်အထိ ထုတ်ယူခြင်း ခံခဲ့ရ၏။ ထို့အတွက် နှစ်ပေါင်းသောင်းနှင့်ချီ ကြာမြင့်လာပြီးနောက် အတွင်းနယ်မြေသည် ပြင်ပနယ်မြေကို လုံးဝ မယှဉ်နိုင်ခဲ့ခြင်းပင်။

သို့သော် ယနေ့၌ အချိန်ကြာမြင့်စွာ ပျောက်နေသော ထိုအော်ရာသည် အတွင်းနယ်မြေသို့ ပြန်ရောက်ရှိလာခဲ့လေပြီ။

ထိုရင်းနှီးသော မရင်းနှီးသော အော်ရာက အတွင်းနယ်မြေ၏ ကြယ်အဖွဲ့အစည်းလေးခုလုံးကို ခြုံလွှမ်းလာ၏။

ချိပ်ပိတ်နယ်မြေအစီအရင်ပိုက်ကွန်အလွှာများသည် ဆက်တိုက်လွင့်ပါးနေရင်း လုံးဝ ပျောက်ကွယ်သွားလေသည်။ ထိုအချိန်အတွင်း တုန်ဟည်းသံများ ဟင်းလင်းပြင်အနှံ့ ပဲ့တင်ထပ်သည်။

ထိုအစီအရင် ပျက်စီးသွားနေစဉ် တုန်ဟည်းသံသည် ရှေးဟောင်းကြယ်အဖွဲ့အစည်းထိ ရောက်ရှိ၏။ ထိုအခါ ပြင်ပနယ်မြေရှိ ကျင့်ကြံသူများ၏စိတ်မှာ တုန်ယင်ကုန်သည်။ ကျင့်ကြံမှုအဆင့်မြင့်မားသူများနှင့် တတိယအဆင့်ကျင့်ကြံသူအချို့သည် ပျံသန်းထွက်လာကာ အတွင်းနယ်မြေရှိရာသို့ လှမ်းကြည့်လာသည်။

သူတို့ရှိနေသောနေရာကနေ သေချာမြင်ရခြင်း မရှိနိုင်သော်လည်း သူတို့က ရှေးဟောင်းကြယ်အဖွဲ့အစည်း၏အော်ရာသည် အတွင်းနယ်မြေသို့ ဖြည့်တင်းပေးနေသည့်အလား တရှိန်ထိုး ဝင်ရောက်နေသည်ကို ခံစားမိကြသည်။

ပိုမိုများပြားသော ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် အတွင်းနယ်မြေထံသို့ ပျံသန်းလာကြသည်။

သူတို့က ချိပ်ပိတ်နယ်မြေအစီအရင် ပျက်စီးပြီးနောက် အတွင်းနယ်မြေ၌ မည်သို့ဖြစ်ပျက်နေသည်ကို တွေ့မြင်လိုကြသည်။

ဝမ်လင်းသည် ကြယ်များကြား ရပ်နေပြီး ပျောက်ကွယ်လွင့်ပါးသွားသည့် ချိပ်ပိတ်နယ်မြေအစီအရင်ကို တည်တည်ငြိမ်ငြိမ် ကြည့်နေ၏။ သူက ရှေးဟောင်းကြယ်အဖွဲ့အစည်း၏အော်ရာကို ခံစားမိသည်။ သူ၏မျက်လုံးသည် တောက်ပနေ၏။

အချိန်အတန်ကြာပြီးနောက် သူက ညာလက်ကို ဖြည်းဖြည်းချင်း မြှောက်ကာ ဝေ့ယမ်းလိုက်၏။ သူက အတွင်းနယ်မြေရှိ ကြယ်အဖွဲ့အစည်းလေးခုလုံးကို ပျံ့နှံ့သွားစေသည့်အထိ မာန်သွင်းသံ ပြုသည်။

ထိုအသံသည် ထာဝရမိုးကြိုးသံအလား။ သို့သော် လူတိုင်းက သူ့စကားလုံးများကို ရှင်းရှင်းလင်းလင်း ကြားရလေ၏။

“ဒီကနေ့…ငါဟာ ချိပ်ပိတ်နယ်မြေအစီအရင်ကို ဖျက်စီးပြီး နောက်ထပ်အသစ်တစ်ခု ဖန်တီးမှာ ဖြစ်တယ်။ အဲ့အစီအရင်မှာ နာမည်မရှိဘူး…”

ဝမ်လင်း၏စကားလုံးများ ပျံ့နှံ့လာရင်း သူက လက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်၏။ ကြီးမားလှသည့် အနှစ်သာရသုံးခုဘီးသည် ပျံသန်းထွက်လာကာ သူ၏ရှေ့တွင် ရပ်တည်သည်။

တစီစီအသံများ ပဲ့တင်ထပ်၏။ ဧရာမဘီးသည် စတင် ကြီးထွားလာကာ အဘက်ဘက်သို့ ပျံ့နှံ့သည်။ ၎င်းသည် ပေသောင်းချီကနေ ပေတစ်သန်း၊ ပေဆယ်သန်းမှသည် အဆုံးမရှိ ချဲ့ကားလာသည်။

၎င်းသည် ချိပ်ပိတ်နယ်မြေအစီအရင်အစား ဝင်ရောက်ကာ အစီအရင်အသစ်တစ်ခု ဖြစ်လာသည်။

၎င်းသည် ပျံ့နှံ့လာရင်း ကျယ်လောင်စွာတုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ၎င်းသည် ပျံ့နှံ့နေရင်း ဝမ်လင်း၏မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်၏။ သူက အထက်ရှိ လေဟာနယ်ထံ လက်ညွှန်လိုက်သည်။

“ဒီနှစ်ရာချီအတွင်း ဖျက်စီးခံလိုက်ရတဲ့ ရတနာအားလုံး။ ပြီးခဲ့တဲ့စစ်ပွဲတွေမှာ ပျောက်ကွယ်သွားခဲ့တဲ့ ရတနာအားလုံးရဲ့ စိတ်ဝိညာဉ်တွေ…။ ဒီနေ့…ငါ ဝမ်လင်းဟာ လေဟာနယ်ထဲက သင့်တို့ရဲ့ စိတ်ဝိညာဉ်တွေထွက်ပေါ်လာပြီး ငါ့အစီအရင်ထဲ ဝင်ရောက်ပြီး ထာဝရ ဖြစ်လာဖို့ ဆင့်ခေါ်ချင်တယ်…”

ဝမ်လင်း၏အသံ၌ အနှစ်သာရစွမ်းအား ပါဝင်၏။ သူ့ဘဝတစ်ခုလုံး၏ နာလည်းမှုဉာဏ်အလင်း ပါဝင်သည်။ သည်အခိုက်၌ မမြင်ရသောလှိုင်းတစ်ခုသည် သူ့ကို ဗဟိုပြု၍ တိမ်ပင်လယ်၊ အလုံးစုံကောင်းကင်၊ တောက်ပသောလေဟာနယ်နှင့် ဆင့်ခေါ်ခြင်းမြစ်တို့ထိ ပျံ့နှံ့လေသည်။

သူ့အသံ ပဲ့တင်ထပ် ပျံ့နှံ့ဖြတ်သန်းသွားနေရင်း ရောင်စုံအရိပ်များသည် နေရာတိုင်းမှ ထွက်ပေါ်လာ၏။ ထိုအရိပ်များသည် ဓားများ၊ ဓားသွားများနှင့် ရတနာအမျိုးမျိုး ဖြစ်ကြ၏။

ထိုရတနာများအားလုံးသည် ကျိုးကြေပျက်စီးနေပြီး ဖြစ်၏။ သို့သော် သူတို့ထံ၌ စိတ်ဝိညာဉ် ရှိကြသေးသည်။ ထိုစိတ်ဝိညာဉ်များသည် ဝမ်လင်း၏ ထာဝရဟူသော ကတိကို ကြားသည့်အခါ အားလုံး ပေါ်ထွက်လာကြသည်။ အနည်းငယ်စဉ်းစားနေပြီးနောက် ယင်းတို့အားလုံးသည် အနှစ်သာရသုံးခုဘီးထံ ပျံသန်းလာသည်။

ယင်းတို့သည် ဘီးနှင့် ပေါင်းစည်းနေရင်း ချဲ့ကားနေသောဘီးမှာ ထည်ဝါအစွမ်းထက်သောအငွေ့အသက်ကို ပေးစွမ်းလေတော့၏။ ရတနာစိတ်ဝိညာဉ်သန်းချီသည် ၎င်းနှင့် ပေါင်းစပ်ပြီးနောက် ဘီးသည် အားကောင်းလှသောအသက်ဓာတ်အားကို ပေးစွမ်းလေသည်။

ထိုရတနာစိတ်ဝိညာဉ်များ၏ သခင်များသည် သေဆုံးခဲ့ကြပြီး ဖြစ်၍ ယင်းတို့သည် ပျောက်ကွယ်သွားသင့်ပေသည်။ သို့သော် သည်လောက၌ ပြန်လည်မွေးဖွားခြင်းစက်ဝန်းရှိ၏။ ထိုရတနာများက ပြန်လည်မွေးဖွားခြင်းစက်ဝန်းထံမှ လျှောက်လှမ်းထွက်လာကြခြင်းပင်။ ထိုရတနာစိတ်ဝိညာဉ်များသည် ကြယ်အဖွဲ့အစည်းလေးခုလုံး၏ နေရာတိုင်းမှ ပေါ်ထွက်လာကာ သည်ဘီးနှင့် ပေါင်းစပ်ကြသည်။

ယင်းတို့ ပေါင်းစပ်နေရင်း မြန်ဆန်စွာလည်ပတ်နေသောဘီးသည် အဆုံးစွန်အသိသညာကို ရရှိလာ၏။

“ဒီစစ်ပွဲအတွင်း ပျက်စီးခဲ့ရတဲ့ ကျင့်ကြံခြင်းဂြိုဟ်အားလုံး…သင်တို့အားလုံးမှာ စိတ်ဝိညာဉ်တွေ ရှိကြတယ်။ သင်တို့အားလုံးမှာ ကိုယ်ပိုင်ရှင်သန်တဲ့နည်းလမ်းတွေ ရှိကြတယ်။ ဒါပေမဲ့ နှစ်ပေါင်းသန်းနဲ့ချီကြာပြီးရင် သင်တို့အားလုံးဟာ တစစီ ဖြစ်ခဲ့ကြတယ်။ ဒီကနေ့ ငါဟာ သင်တို့အားလုံးကို ငါ့အစီအရင်ထဲ ဝင်ရောက်ပြီး ထာဝရ ဖြစ်လာဖို့အတွက် ဆင့်ခေါ်တယ်…”  ဝမ်လင်းသည် တိုးညင်းစွာ ပြောလိုက်ရင်း သူ့မျက်လုံးထဲ၌ ဝမ်းနည်းရိပ်တို့ ရှိလာ၏။

သူ့စကားများ ပဲ့တင်ထပ်နေရင်း မရေမတွက်နိုင်သော ပုံရိပ်ယောင်ဂြိုဟ်အရိပ်များသည် ကြယ်အဖွဲ့အစည်းလေးခုလုံး၏ နေရာတိုင်းမှ ထွက်ပေါ်လာပြန်သည်။

ဖျက်စီးခံလိုက်ရတာ ကြာမြင့်လှပြီ ဖြစ်သော ကျင့်ကြံခြင်းဂြိုဟ်များစွာ ရှိ၏။ သို့သော် သူတို့၏စိတ်ဝိညာဉ်များသည် ပျောက်ကွယ်သွားဖို့ စိတ်ဆန္ဒမရှိကြပေ။ ဝမ်လင်း၏ ထာဝရအသက်ဟူသော ကတိစကားကို ကြားသည့်အခါ သူတို့အားလုံး ပေါ်လာကြသည်။

ဂြိုဟ်များ၏စိတ်ဝိညာဉ်များ ပေါ်လာနေစဉ် ဖုန်မှုန့်အပိုင်းအစတိုင်း၊ ဥက္ကာခဲတိုင်းနှင့် ပျက်စီးသွားပြီ ဖြစ်သော ကုန်းမြေအပိုင်းအစတိုင်းသည် တုန်ယင်လာကြသည်။

ကြယ်အဖွဲ့အစည်းလေးခုတွင် တဝီဝီအသံများ ပဲ့တင်ထပ်နေ၏။ ထိုမရေမတွက်နိုင်သော ဖုန်မှုန့်များ၊ ဥက္ကာခဲများ၊ ကုန်းမြေအပျက်အစီးများသည် ဂြိုဟ်စိတ်ဝိညာဉ်များနှင့်အတူ လှည့်ပတ်နေသော အနှစ်သာရဘီးထံ ပျံသန်းလာကြသည်။

ယင်းတို့သည် ဆက်လက်၍ ပေါင်းစပ်နေကြစဉ် အနှစ်သာရဘီးသည် ရုပ်ပိုင်းအသွင် ဖွဲ့စည်းလာကာ ဒီလောကထက် လွန်ကဲသည့် ဖိအားတစ်ခု ပေါက်ကွဲထွက်လာသည်။ ဝမ်လင်းက လက်ဝေ့ယမ်းလိုက်ရာ ထိုဘီးသည် ဆက်လက် ချဲ့ကားသည်။ ၎င်းသည် တဖြည်းဖြည်းဖြင့် တိမ်ပင်လယ်ကို ချိပ်ပိတ်၍ အလုံးစုံကောင်းကင်ထက် ပျံ့နှံ့သည်။ ၎င်းသည် ဆင့်ခေါ်ခြင်းမြစ်နှင့် တောက်ပသောလေဟာနယ်တို့ကို လုံးဝ ခြုံလွှမ်းသည်။

အတွင်းနယ်မြေမှ ကျင့်ကြံသူများသည် ဘီးအစီအရင်က ပျက်စီးသွားသော ချိပ်ပိတ်နယ်မြေအစီအရင်ကို အစားထိုး ဝင်ရောက်သည်ကို ကြည့်နေရင်း သူတို့အားလုံး စိတ်လှုပ်ရှားကြသည်။

မျက်စိတစ်မှိတ်အတွင်း အစီအရင်သစ်တစ်ခု ပေါ်လာပြီး ပြင်ပနယ်မြေကို ပိတ်ဆို့လေသည်။ သို့သော် ၎င်းအစီအရင်သစ်မှာ ပြင်ပနယ်မြေမှ အော်ရာ ဝင်ရောက်လာခြင်းကို မဟန့်တားထားပေ။

ထိုအစီအရင်သည် အရွယ်အစားအဆုံးအဆမဲ့သည့် ဘီးတစ်ဘီး ဖြစ်၏။ ၎င်းသည် ချိပ်ပိတ်နယ်မြေအစီအရင်ထက် ပို၍ ကြာရှည်လိမ့်မည်။ ၎င်း၏ပုံပန်းသွင်ပြင်က ခေတ်သစ်တစ်ခုကို ကြေငြာခြင်းပင်။

“မရေမတွက်နိုင်တဲ့ ပြင်ပနယ်မြေကျင့်ကြံသူတွေဟာ ငါ့အတွင်းနယ်မြေမှာ သေဆုံးခဲ့ကြတယ်။ သင်တို့အားလုံးဟာ သေဆုံးသွားပေမယ့်လည်း ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ မဝင်ရောက်နိုင်ဘူး။ သင်တို့အား သင်တို့ရဲ့ မကောင်းမှုအတွက် ပြစ်ဒဏ်ခံရမယ်။ ဒီကနေ့ ငါ ဝမ်လင်းဟာ သင်တို့ရဲ့ စိတ်ဝိညာဉ်အစိတ်အပိုင်းတွေကို စုစည်းပြီး ငါ့ဘီးကို တွန်းပေးရမယ့် ကျေးကျွန်တွေ ဖြစ်လာစေမယ်။ ဒါကို ထာဝရ လုပ်ဆောင်ရမယ်။ ဘယ်တော့မှ မလွတ်လပ်စေရဘူး…”

ဝမ်လင်းက သူ့မျက်လုံးကို ဖွင့်လိုက်၏။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ လေဟာနယ်ထံသို့ တွန်းထုတ်လိုက်သည်။

ထိုသို့ဖြင့် အတွင်းနယ်မြေ၌ မုန်တိုင်းတစ်ခု အစပြုလေပြီ။ ထိုမုန်တိုင်းသည် ဝမ်လင်း၏မန္တာန်နှင့် စိတ်ဝိညာဉ်ကြောင့် ဖြစ်ပေါ်ခြင်းတည်း။ ဝမ်လင်းသည်သာ ခံစားမိနိုင်သည့် ငြိမ်သက်သောဟိန်းအော်သံတစ်ခုသည် အတွင်းနယ်မြေ၏ ကြယ်အဖွဲ့အစည်းလေးခုလုံးအနှံ့ ပဲ့တင်ထပ်သည်။

ပုံပျက်ယွင်းနေသော စိတ်ဝိညာဉ်အပိုင်းအစများသည် ကြယ်များကြား၌ ပေါ်လာ၏။ ယင်းတို့အားလုံးသည် ကြမ်းကြုတ်သောဟန်အမူအရာ ရှိကာ ရုန်းကန်နေသည်။ သို့ပေမည့် ယင်းတို့သည် ချက်ခြင်းပင် ကြောက်လန့်တကြား အော်ဟစ်လိုက်ရပြီး ဝမ်လင်း၏စိတ်ဝိညာဉ်မုန်တိုင်းသည် ယင်းတို့ထံ စုဝေးလာကာ ဘီးနှင့် ပေါင်းစပ်စေသည်။

အချို့စိတ်ဝိညာဉ်များသည် ပြီးခဲ့သောနှစ်ပေါင်းတစ်ရာအတွင်း သေဆုံးခဲ့ကြခြင်းပင်။ သို့သော် ပိုမိုများပြားသောသူများမှာ ပြင်ပနယ်မြေနှင့် ဆန့်ကျင့်သည် ပြီးခဲ့သော စစ်ပွဲများအတွင်း သေဆုံးခဲ့ကြရသည်။

ထိုမုန်တိုင်းသည် ဒေါသပုန်ထကာ မူပင်းမေနှင့် တခြားသူများကို ရိုက်ခတ်သွားသည်။ ၎င်းမုန်တိုင်းသည် တိမ်ပင်လယ်၊အလုံးစုံကောင်းကင်၊ ဆင့်ခေါ်ခြင်းမြစ်တို့ထိ ရိုက်ခတ်သွားပြီးနောက် ပြန်လှည့်လာသည်။ တငြီးငြီး ဖြစ်နေသော စိတ်ဝိညာဉ်အပိုင်းအစများသည် ကြောက်လန့်တကြား အော်ဟစ်နေလျက် ဖမ်းစီးခြင်း ခံရကာ ဘီးထံ ချိပ်ပိတ်ခံရလေသည်။

အထူးသဖြင့် တိမ်ပင်လယ်ရှိ ပထမဆုံးတိုက်ပွဲအတွင်း တိုက်ပွဲကွင်းပြင်၌ စိတ်ဝိညာဉ်အပိုင်းအစပေါင်း တစ်သိန်းကျော် ရှိလေသည်။ ယင်းတို့အားလုံးသည် အနှစ်သာရဘီးထံ ချိပ်ပိတ်ခြင်း ခံရသည်။

သည့်အပြင် အလုံးစုံကောင်းကင်၌ စိတ်ဝိညာဉ်အပိုင်းအစ ထောင်သောင်းချီ ရှိသည်ပင်။ ငြိမ်သက်သက်အော်မြည်သံများ ပဲ့တင်ထပ်၏။ သို့သော် မည်သူကမျှ သူတို့၏အပြစ်ပေးခံရခြင်းကနေ မလွတ်မြောက်နိုင်ကြပေ။

ထိုစိတ်ဝိညာဉ်အပိုင်းအစများသည် ပြန်လည်မွေးဖွားခြင်းစက်ဝန်းအတွင်းသို့ မဝင်ရောက်နိုင်ကြရာ ပြန်မမွေးဖွားနိုင်ကြပေ။ ယင်းတို့သည် သေဆုံးပြီးသား ဖြစ်ကြ၏။ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုသည် သေဆုံးပြီးနောက် မကျေမချမ်းမှုကို ဖန်တီးနိုင်၏။ ယင်းတို့ကို စုစည်းမည့် တစ်စုံတစ်ရာ မရှိပါက ယင်းတို့သည် ပျောက်ကွယ်၍သာ ရှိနေမည်ပင်။

ထိုမကျေမချမ်းမှုက ကျင့်ကြံသူများအပေါ် သက်ရောက်မှု ကြီး၏။ အထူးသဖြင့် အားနည်းသောကျင့်ကြံခြင်းအဆင့်ရှိသူများအပေါ်၌ပင်။

စစ်ပွဲများအတွင်း သေဆုံးခဲ့ကြသော သေဆုံးပြီးဖြစ်သည့် ပြင်ပနယ်မြေကျင့်ကြံသူများ၏ စိတ်ဝိညာဉ်အပိုင်းအစများသည် ဘီးအစီအရင်ထံ စုဝေးနေ၏။ ထို့နောက် ယင်းတို့သည် ဘီးပတ်လည်တွင် စတင်ပေါ်လာကြသည်။ ယင်းတို့၏လက်များဖြင့် ကြီးမားလှသည့်ဘီးကို တွန်းထုတ်သည်။ စိတ်ဝိညာဉ်အပိုင်းအစ သန်းချီကြောင့် ဘီးသည် စတင်လှည့်ပတ်လာသည်။

တစ်ကြိမ်လှည့်ပတ်လိုက်တိုင်း ထိုစိတ်ဝိညာဉ်အပိုင်းအစများသည် နာကျင်စွာ အော်ဟစ်ရလေ၏။ သို့ပေမည့် သူတို့သည် ပို၍ နာကျင်ရလေလေ ပို၍ အသည်းအသန် တွန်းလေပင်။ ထိုစက်ဝန်းသည် ထာဝရ တည်ရှိလိမ့်မည် ဖြစ်၏။

“အတွင်းနယ်မြေ၊ ပြီးခဲ့တဲ့တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စီနီယာအားလုံး၊ ရောင်းရင်းကျင့်ကြံသူအားလုံး။ ဒီနေ့…ငါ ဝမ်လင်းဟာ သင်တို့ရဲ့ အနားယူနေတဲ့ စိတ်ဝိညာဉ်တွေကို နိုးထလာစေဖို့ အနှောက်အယှက် ပြုရတော့မယ်…။ သင်တို့အားလုံးဟာ ဒီအစီအရင်ရဲ့ အင်မောတယ်အစီအရင်စိတ်ဝိညာဉ် ဖြစ်လာကြဖို့ ဆန္ဒရှိကြပါရဲ့လား။ ဒီလို စိတ်ဝိညာဉ်ဖြစ်လာပြီး အတွင်းနယ်မြေ ကျင့်ကြံသူမျိုးဆက်တွေရဲ့ ပူဇော်မှုကို ခံရဖို့ ဆန္ဒရှိပါရဲ့လား…”

“သင်တို့ ဆန္ဒရှိတယ်ဆိုရင် သင်တို့အားလုံး ထွက်လာကြဖို့ ငါ တောင်းဆိုပါတယ်…”

ဝမ်လင်းသည် ကြယ်များထံ သူ့လက်နှစ်ဖက်ကို ဆုပ်လိုက်၏။

***

All Chapters