အထိမ်းအမှတ်
Vol. 125 Ch. 1718
ထိုဦးညွှတ်မှုသည် မှောင်မိုက်သောကြယ်အဖွဲ့အစည်းအနှံ့ လေအလျင်အလား ပျံ့နှံ့သွားသည်။ ထိုလေ ပျံ့နှံ့ရိုက်ခတ်သွားစဉ် ကြယ်အဖွဲ့အစည်းလေးခုအတွင်းရှိ အိပ်စက်နေသော စိတ်ဝိညာဉ်များသည် လေဟာနယ်တွင်းမှ နိုးထလာသည်ဟု ထင်ရလေ၏။
သူတို့သည် ဂုဏ်ယူ၍ဖြစ်စေ၊ အကူအညီမဲ့၍ ဖြစ်စေ၊ ရုန်းကန်၍ဖြစ်စေ မည်သို့ပင် သေဆုံးခဲ့ကြပါစေ ဝမ်လင်း၏စကားများကို ကြားရသည့်နောက် ပေါ်ထွက်လာကြသည်။
ကြယ်အဖွဲ့အစည်းလေးခုလုံးအတွင်း နေရာအစုံမှ ဝမ်းနည်းမှုအငွေ့အသက် ပျံ့လွင့်လာ၏။
ထိုဝမ်းနည်းမှုမှာ သည်စိတ်ဝိညာဉ်များထံမှ လာခြင်းပင်။ သူတို့သည် သေဆုံးသွားကြပြီ ဖြစ်သော်လည်း သူတို့၏စိတ်ဝိညာဉ်များကမူ အတွင်းနယ်မြေကို စောင့်ကြည့်နေရင်း ကျန်ရှိနေကြ၏။ ခေတ်များစွာ ကုန်လွန်လာသော်လည်း သူတို့က ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ လုံးဝ ဝင်ရောက်ခဲ့ခြင်း မရှိပေ။
သူတို့က ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ ဝင်ရောက်လိုစိတ် မရှိကြခြင်း၊ မဝင်ရောက်နိုင်ကြခြင်းပင်။ သူတို့သည် မကျေမချမ်းစိတ်ဝိညာဉ်များအဖြစ်သို့ ပြောင်း၍ ဝမ်းနည်းစွာ စောင့်ကြည့်နေကြသည်။ သူတို့က ပြင်ပနယ်မြေမှ ကျင့်ကြံသူအားလုံး သေဆုံးမည့်နေ့ကို စောင့်နေကြခြင်းပင်။ သူတို့က ချိပ်ပိတ်နယ်မြေအစီအရင် ပျက်စီးမည့်နေ့ကို စောင့်နေခြင်းပင်။ သူတို့သည် စစ်ပွဲ၏အဆုံးသပ်ကို မြင်ချင်နေကြ၏။
ဝမ်လင်း ဦးညွှတ်လိုက်ရင်း သူက အပေါ်သို့ မော့မကြည့်ဘဲ သည်ကိုယ်နေဟန်ထားအတိုင်း ဆက်ရှိနေ၏။ သူက ခေါင်းငုံ့ထားပြီး သူ့မျက်လုံးထဲတွင် ဝမ်းနည်းရိပ်တို့သမ်းနေသည်။
ကြယ်အဖွဲ့အစည်းမှ ပုံရိပ်ယောင်စိတ်ဝိညာဉ်များ ပေါ်လာကြ၏။ ပထမဆုံး ပေါ်လာသူများမှာ အတွင်းနယ်မြေနှင့် အပြင်နယ်မြေဟူ၍ မဖြစ်ခင်က ရှင်သန်နေထိုင်ခဲ့သော ရှေးဟောင်းကျင့်ကြံသူများ ဖြစ်ကြ၏။
သူတို့သည် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေအောက်ရှိ ပထမဆုံးမျိုးဆက်များပင်။ သူတို့သည် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ၏သင်ကြားမှုများကို လက်ခံရရှိခဲ့ကြ၏။ သူတို့သည် သည်လှိုဏ်ဂူလောက၏ ပထမဆုံးသော မကျေမချမ်းသက်ရှိလှိုင်း ဖြစ်ကြ၏။
သူတို့၏ဝတ်စုံများက အရိုင်းဆန်၏။ သို့သော် သူတို့၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ရာများသည် လောကကို နားလည်မှုတို့ ပြည့်နေသည်။ ချိပ်ပိတ်နယ်မြေအစီအရင် ပေါ်လာခဲ့ချိန်က သူတို့သည် စိတ်ရှုပ်ကာ ကြောက်လန့်ခဲ့ကြရ၏။ သူတို့အားလုံး ချိပ်ပိတ်နယ်မြေအစီအရင်ကို ချိုးဖျက်ဖို့ ကြိုးစားခဲ့ကြ၏။ သို့သော် ကျရှုံးခဲ့ရသည်သာ။
သည်အခိုက်၌ သူတို့၏စိတ်ဝိညာဉ်များမှာ ဝမ်လင်း၏ဆင့်ခေါ်ခြင်း ခံရ၏။ သူတို့က ကြယ်အဖွဲ့အစည်းလေးခုလုံးတွင် ပေါ်လာကြပြီး တိမ်ပင်လယ်တွင်ရှိနေသော ဝမ်လင်းကို ငြိမ်ငြိမ်သက်သက် ကြည့်သည်။
သူတို့နောက်တွင် ပေါ်လာသည်မှာ ကြယ်အဖွဲ့အစည်းလေးခု မဖျက်စီးခံရခင်က ကျင့်ကြံသူများ ဖြစ်၏။ ကောင်းကင်ဘုံနယ်မြေလေးခု၏ ကောင်းကင်ဘုံသားများပင်။
သူတို့သည် အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှ အစစ်အမှန်ကောင်းကင်ဘုံသားများ မဟုတ်ကြသော်လည်း ဝမ်လင်း၏စိတ်ထဲတွင်မူ ထိုသူများမှာ စစ်မှန်သောကောင်းကင်ဘုံသားများသာ။ သူတို့က ချိပ်ပိတ်ပိတ်နယ်မြေအစီအရင်ကနေ ထွက်ခွာဖို့ ကြိုးစားရင်း သေဆုံးခဲ့ရခြင်းပင်။
ပြင်ပနယ်မြေမှ ကျူးကျော်မှုများအတွင်း များစွာ သေဆုံးခဲ့ရ၏။ ဝမ်လင်းက ဦးညွှတ်ခေါင်းငုံ့ထားသော်လည်း သူက ထိုစိတ်ဝိညာဉ်များကို ခံစားမိနိုင်၏။
သူသည် သူ ပြန့်ကြဲမိုးကြိုးကလန်၏ ရုပ်တုကို ပထမဆုံး မြင်ခဲ့ချိန်၊ သူ ခုနစ်ရောင်စုံနဘ်မြေသို့ ပထမဆုံး သွားရောက်ခဲ့ချိန်ကို ကောင်းကောင်းမှတ်မိနေသေး၏။ သူက ထိုရုပ်တု၏ မှတ်ဉာဏ်များကို ကြည့်ခဲ့ရာ ကောင်းကင်ဘုံသားများက ချိပ်ပိတ်နယ်မြေအစီအရင်ထံသို့ တရှိန်ထိုး တိုးဝင်ခဲ့သည်ကို မြင်ခဲ့ရ၏။ သို့သော် သူတို့မှာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ရသည်ပင်။
ယနေ့တွင် ထိုသေဆုံးသွားပြီး ကောင်းကင်ဘုံသားများက ပထမဆုံးအကြိမ်အဖြစ် လေဟာနယ်အတွင်းမှ ဆင့်ခေါ်ခြင်း ခံရလေပြီ။
ကောင်းကင်ဘုံသားများနောက်၌ ယနေ့ခေတ်ကျင့်ကြံသူများ ထွက်ပေါ်လာ၏။ ထိုကျင့်ကြံသူများသည် ဒီနှစ်ပေါင်းတစ်ရာနီးပါး တိုက်ပွဲအတွင်း သေဆုံးခဲ့ကြသူများ ဖြစ်၏။ ဝမ်လင်းက သူတို့အများစုကို သိ၏။ သို့သော် သူ မသိသည့်သူမှာ ပိုများသည်။ သို့သော်ငြားလည်း သူတို့၏သေဆုံးမှုကို အနာဂတ်မျိုးဆက်သစ်များမှာ မှတ်မိနေဖို့ လိုအပ်ပေသည်။
ခေတ်များတလျှောက် ကျင့်ကြံသူများစွာနှင့် သက်ရှိဖြစ်တည်မှုများစွာသည် အတွင်းနှင့်အပြင်နယ်မြေကြား စစ်ပွဲအတွင်း သေဆုံးခဲ့ကြသည်။ မည်သူကမျှ သေဆုံးသွားခဲ့သော ကျင့်ကြံသူများအတွက် အထိမ်းအမှတ်တစ်ခုခုကို မတည်ဆောက်ခဲ့ကြပေ။ ခုချိန်မှာတော့ ဝမ်လင်းက စစ်ပွဲအတွင်း သေဆုံးခဲ့သော ထိုစိတ်ဝိညာဉ်များကို အသိအမှတ်ပြု ဦးညွှတ်ခဲ့ပေ၏။
“သင်တို့အားလုံး ဒီအစီအရင်ရဲ့ အင်မောတယ်စိတ်ဝိညာဉ် ဖြစ်လာဖို့ ဆန္ဒရှိပါသလား…”
ဝမ်လင်းက ခေါင်းမော့လိုက်ပြီး စိတ်ဝိညာဉ်များကို ကြည့်သည်။ သူက ထိုစိတ်ဝိညာဉ်များထံ ကျယ်လောင်စွာ ပြောလိုက်လေ၏။
ဝမ်လင်း ထိုသို့ ပြောလိုက်စဉ် အတွင်းနယ်မြေရှိ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များသည် ပုံပျက်ယွင်းလာကာ မမြင်ရသောအော်ရာတစ်ခုအဖြစ်သို့ ပြောင်း၍ ဝမ်လင်းထံ ပျံသန်းလာကြသည်။
ပထမဆုံး ရောက်ရှိလာသူမှာ ရှေးဟောင်းကျင့်ကြံသူတစ်ယောက် ဖြစ်၏။ သူ၏ပုံပန်းသွင်ပြင်မှာ ဝေဝေဝါးဝါးပင်။ သူက ဝမ်လင်းနှင့် ပေတစ်ထောင်အကွာတွင် ပေါ်လာပြီး ဝမ်လင်းကို အလေးအနက် ကြည့်သည်။ ဝမ်လင်းသည် ဦးညွှတ်ထားသည့် ကိုယ်ဟန်အတိုင်းသာ ရှိနေ၏။ ထိုစိတ်ဝိညာဉ်က ဝမ်လင်းကို လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်၏။
ထို့နောက် သူသည် ဧရာမဘီးထံ ဦးတည်ကာ လိုလိုလားလားပင် အစီအရင်စိတ်ဝိညာဉ်များထံမှ တစ်ယောက် ဖြစ်လာတော့သည်။
သူ၏နောက်တွင် ရှေးဟောင်းအချိန်များက သေဆုံးခဲ့သော စိတ်ဝိညာဉ်များ ရောက်လာသည်။ သူတို့အားလုံးသည် ဝမ်လင်းနှင့် ပေတစ်ထောင်အကွာတွင် ရောက်လာပြီး လက်နှစ်ဖက်ကို ဆုပ်ကြ၏။ ထို့နောက် တွေဝေခြင်းမရှိ အစီအရင်ဘီးထံ ဝင်ရောက်ကြသည်။
သူတို့၏ သေဆုံးခြင်းကြောင့် မကျေမချမ်းမှု ရှိနေသော်လည်း သူတို့ လက်နှစ်ဖက် ဆုပ်လိုက်သည့်အခါ၌ ဘီးအစီအရင်နှင့် လိုလိုလားလား နောင်တမရှိ ပေါင်းစပ်ကြခြင်းပင်။ သူတို့သည် အတွင်းနယ်မြေအတွက် သေဆုံးခဲ့ကြ၏။ သေဆုံးပြီးနောက်တွင်ပင် သူတို့၏ စိတ်ဝိညာဉ်များကို အတွင်းနယ်မြေအတွက် ကမ်းလှမ်းခဲ့ကြသည်။
သူတို့သ် ရှင်သန်စဉ်တွင် သူရဲကောင်းများ၊ သေဆုံးခြင်းတွင်လည်း သူရဲကောင်းဝိညာဉ်များပင်။
တစ်ယောက်၊နှစ်ယောက်၊ တစ်သောင်း၊ နှစ်သိန်း၊ တစ်သန်း၊ သန်းတစ်ရာ။ သေဆုံးပြီးသော ရှေးဟောင်းကျင့်ကြံသူအားလုံး ပေါ်လာကာ ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်ကြ၏။ သူတို့အားလုံးသည် တစ်ကိုယ်တည်း၊ အုပ်စုငယ်များ၊ ရာချီ၊ ထောင်သောင်းချီ ထွက်ပေါ်လာကြခြင်းပင်။ သူတို့က လက်နှစ်ဖက်ဆုပ်ကိုင်ပြီးနောက် အစီအရင်ထံ ပေါင်းစပ်ကြသည်။
သူတို့နောက်တွင် ကောင်းကင်ဘုံနယ်မြေလေးခုမှ ကောင်းကင်ဘုံသားများ ရောက်လာကြ၏။ သူတို့က လေ၊မိုး၊မိုးကြိုးနှင့်လျှပ်စီး ကောင်းကင်ဘုံနယ်မြေများမှ ဖြစ်သည်။ သို့သော် သူတို့၏သွေးထဲ၌ အတွင်းနယ်မြေ၏ အငွေ့အသက် စီးဆင်းနေကြဆဲပင်။ သူတို့သည် သေဆုံးခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း သူတို့၏စိတ်ဝိညာဉ်များကမူ အတွင်းနယ်မြေ၏ စိတ်ဝိညာဉ်များ ဖြစ်နေဆဲပင်။
သူတို့သည် အတွင်းနယ်မြေမှ လူများအဖြစ် မွေးဖွားခဲ့ကာ အတွင်းနယ်မြေ၏ ဝိညာဉ်များအဖြစ် သေဆုံးကြမည်ပင်။
သူတို့သည် တဖြည်းဖြည်း ဝမ်လင်းရှေ့တွင် ပေါ်လာ၏။ သူတို့သည် ဝမ်လင်းကို တလေးတစား လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်ပြီးနောက် အစီအရင်နှင့် ပေါင်းစပ်သွားကြသည်။
ထိုမြင်ကွင်းကို တွေ့မြင်ရသူတိုင်း၏စိတ်ထဲ၌ လှိုင်းထန်သွားကြ၏။ ဝမ်လင်းသည် ဦးညွှတ်သည့်အနေထားအတိုင်း ဆက်ရှိနေသည်။
ထိုကောင်းကင်ဘုံသားစိတ်ဝိညာဉ်များနောက်၌ နှစ်ပေါင်းတစ်ရာ သည်စစ်ပွဲအတွင်း သေဆုံးခဲ့သော ရောင်းရင်းကျင့်ကြံသူများ ထွက်ပေါ်လာကြသည်။ ရင်းနှီးသော၊မရင်းနှီးသော မျက်နှာများ ပေါ်လာကြသည်။ သူတို့အားလုံးသည် ဝမ်လင်းကို ဦးညွှတ်ကြ၏။ ထို့နောက် တွေဝေခြင်းမရှိ အစီအရင်စိတ်ဝိညာဉ်ထံ ပေါင်းစပ်ရန် တရှိန်ထိုး ဝင်ရောက်သည်။
သူတို့ထဲမှ အချို့သည် ဝမ်လင်း၏ရန်သူများပင် ဖြစ်ခဲ့ဖူး၏။ အချို့သည် ဝမ်လင်းနှင့် ပတ်သတ်ဖူးသည်။ သို့သော် သည်အခိုက်၌ သူတို့အားလုံးသည် သူတို့၏နောက်ဆုံးစွမ်းအားကို အသုံးပြု၍ အတွင်းနယ်မြေကို စောင့်ကြပ်ပေးမည် ဖြစ်သည်။
ဝမ်းနည်းမှုအော်ရာတစ်ခုသည် ဒီကြယ်အဖွဲ့အစည်းအတွင်း ပြည့်နှက်လာ၏။ တရှိန်ထိုး ဦးတည်လာကြသော ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် သူတို့တွေ့မြင်ရသည့်အရာကြောင့် ထိတ်လန့်ကုန်၏။
အလုံးစုံကောင်းကင်၌ ကျန်သည့်ကျင့်ကြံခြင်းဂြိုဟ်ဆယ့်ကိုးလုံးပေါ်မှ ကျင့်ကြံသူအားလုံးသည် မတ်တပ်ထရပ်ကာ မည်သူမျှ ဦးဆောင်ခြင်းမရှိပါဘဲ ကြယ်များထံ ဦးညွှတ်လိုက်ကြ၏။
အရှင်တောင်ပိုင်းတိမ်၊ စစ်ထူနန်၊ အရှင်ဟုန်ရှန်၊ ချင်းလင်နှင့် တခြားသူများအားလုံးသည် ချွင်းခြွက်မရှိ မတ်တပ်ထရပ်လာကြ၏။ သူတို့သည် ဝမ်းနည်းမှု၊လေးစားမှုတို့ဖြင့် ကောင်းကင်ထက်သို့ ကြည့်ကြ၏။
သူတို့သာမက တခြားကြယ်အဖွဲ့အစည်းသုံးခုရှိ အတွင်းနယ်မြေမှ ကျင့်ကြံသူလက်ကျန်အုပ်စုအနည်းငယ်သည်လည်း မော့ကြည့်လာကြ၏။ စစ်ပွဲအတွင်းမှတ်ဉာဏ်များသည် သူတို့မျက်လုံးများ ရှေ့တွင် တဖျတ်ဖျတ် ပေါ်၏။ သူတို့က ကြယ်များထံသို့ ဦးညွှတ်လိုက်သည်။
တိမ်ပင်လယ်တွင် စုဝေးနေသော အမျိုးသမီးသုံးယောက်လည်း ရှိကြ၏။ သူတို့သည် ဝမ်လင်းနှင့် အတော်အတန်လှမ်းသောနေရာတွင် ရှိနေဆဲပင်။ သူတို့၏မျက်လုံးထဲတွင် ဝမ်းနည်းမှုတို့ ပြည့်နေပြီး ပျံသန်းသွားကြသောအရိပ်များကို ဦးညွှတ်ကြလေ၏။
ထိုအခိုက်အတန့်၌ တောက်ပသောလေဟာနယ်၊ ဗလာကင်းမဲ့နေသော ကြယ်အဖွဲ့အစည်းအတွင်း၌ တစ္ဆေအိုကြီးကျန့်သည် ဖြစ်တောင့်ဖြစ်ခဲအမူအရာ လှစ်ဟပေါ်၏။ သူက ပျံသန်းနေသော စိတ်ဝိညာဉ်များကို နေရာတွင်ရပ်၍ ကြည့်နေလျက် စိတ်ရှုပ်ထွေးဟန်အမူအရာ ဖြစ်ပေါ်နေသည်။
“လုချိုက်၊ လီတန်၊ ချောင်ရီ…မင်းတို့လည်း ဒီမှာ ရှိနေကြတာလား။ မင်းတို့အားလုံး သေဆုံးခဲ့တာ နှစ်ကြာမြင့်ခဲ့လွန်းပြီ။ ငါတစ်ယောက်သာ ခုထိ အသက်ရှင်နေသေးတာ။ အဲ့အချိန်တုန်းက ငါတို့ဟာ အတွင်းနဲ့အပြင်နယ်မြေဟာ ဘာကြောင့် တိုက်ခိုက်နေရတာလဲ ခန့်မှန်းတွက်ချက်ခဲ့ကြတယ်။ တနေ့မှာ ငါဟာ ငါမကျေနပ်လှတဲ့ ဒီစစ်ပွဲရဲ့ ရင်းမြစ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ ငါတို့ဟာ ဒါတွေအားလုံးကို ပြောင်းလဲပစ်မယ်လို့ ကျိန်ဆိုခဲ့ကြတယ်။ ချိပ်ပိတ်နယ်မြေအစီအရင်ကို ဖျက်စီးပစ်ပြီး အတွင်းနယ်မြေကနေ လှမ်းလျှောက်ထွက်မယ်လို့ ကျိန်ဆိုခဲ့ကြတယ်…”
“ဒါပေမဲ့…သူတို့ဟာ ငါ ကောင်းကင်ဘုံသားဇစ်မြစ်ကနေ ရှာတွေ့ခဲ့တဲ့အရာကို မသိကြဘူး။ ငါဟာ တုန်လှုပ်ဖို့ကောင်းလှတဲ့လျှို့ဝှက်ချက်တစ်ခုကို တွေ့ရှိခဲ့တယ်…”
တစ္ဆေအိုကြီးကျန့်ထံ၌ ဝမ်းနည်းမှု ပေါ်လာ၏။ သူသည် လှိုဏ်ဂူလောက၌ အသန်မာဆုံးလူဟု သတ်မှတ်၍ ရသော်လည်း သူသည် လူတစ်ယောက် ဖြစ်နေဆဲ၊ ဒီလှိုဏ်ဂူလောကတွင် မွေးဖွားခဲ့သော သက်ရှိတစ်ယောက် ဖြစ်နေဆဲ မဟုတ်လား။
သူသည် စိတ်ခံစားချက် ကင်းမဲ့မနေပေ။ ဝမ်လင်းသည် ထိုစိတ်ဝိညာဉ်များကို ခေါ်ယူနေစဉ် တစ္ဆေအိုကြီးကျန့်၏ စိတ်နှလုံးမှာ နာကျင်ရလေ၏။ သူသည် မင်သက်နေရင်း သူ့မျက်လုံးထဲတွင်လည်း စိတ်ရှုပ်ထွေးမှုတို့ ပြည့်နေသည်။ အချိန်အတန်ကြာပြီးနောက် သူက ထိုစိတ်ဝိညာဉ်များကို ဦးညွှတ်လိုက်လေသည်။
သို့ရာတွင် သူ ဦးညွှတ်လိုက်ရုံ ရှိသေး သူ၏အမူအရာမှာ တွန့်လိမ်သွားပြီး နာကျင်ဟန် ပေါ်သည်။ သူ့ခန္ဓာကိုယ်မှ စွမ်းအားတစ်ခု ထွက်ပေါ်လာကာ ဒီနိမ့်ကျသည့်နယ်မြေမှပုရွတ်ဆိတ်များကို ဦးညွှတ်ခြင်းကို တားဆီးထားသည့်အလား။
“ငါ မင်းကို ကူညီပေးနိုင်တယ်။ ဒါပေမဲ့ ငါ့ကို အပြစ်ရှိသလို ခံစားရစေတဲ့ ဒီစိတ်ဝိညာဉ်တွေကို ဦးညွှတ်မှာကိုတော့ မင်း မတားနိုင်ဘူး…” တစ္ဆေအိုကြီးကျန့်သည် အံတင်းတင်းကြိတ်၍ တစ်လုံးချင်း ပြော၏။ သူက သူ့ကို တားဆီးရန် ကြိုးစားသည့်စွမ်းအားကို လစ်လျူရှုကာ အပြည့်အစုံ ဦးညွှတ်လိုက်လေ၏။
တစ်ချိန်တည်းမှာ ဆင့်ခေါ်ခြင်းမြစ်၌ ဝမ်လင်း၏ နတ်ဘုရားအာရုံဖြင့်ပင် သတိမပြုမိသော ဥက္ကာခဲတစ်ခုပေါ်တွင် ရှေ့ဖြစ်ဟောသူသည် မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လာသည်။
သူ့အမူအရာမှာ တည်ငြိမ်ပေ၏။ သူက ကြယ်များထံမှ စိတ်ဝိညာဉ်များ ဆင့်ခေါ်ခံရသည်ကို သတိပြုမိသည်။ သူသည် ငြိမ်သက်စွာ စဉ်းစားနေသည်။ အချိန်အတန်ကြာပြီးနောက် သူသည် ဥက္ကာခဲထံမှ ခြေလှမ်းထွက်ကာ နေရာတွင် ရပ်၍ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များကို ကြည့်သည်။
“ငါဟာ ငါ့မှတ်ဉာဏ်ကို နိုးထစေတဲ့ ပထမဆုံးလူ ဖြစ်လောက်တယ်။ ဒါပေမဲ့ ငါဟာ အတွင်းနယ်မြေရဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်နေဆဲပဲ။ မင်းတို့အားလုံးဟာ ဒီအဘိုးအိုရဲ့ ဦးညွှတ်မှုနဲ့ ထိုက်တန်ပါတယ်…” ရှေ့ဖြစ်ဟောသူသည် သက်ပြင်းချကာ သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်း၍ ကြယ်များကို ဦးညွှတ်လိုက်လေသည်။
ဆင့်ခေါ်ခြင်းမြစ်ထဲ၌ပင် ရှေ့ဖြစ်ဟောသူပင် သတိမပြုမိသော လူတစ်ယောက် ရှိလို့နေသည်။ ထိုသူမှာ ဝမ်လင်း၏နတ်ဘုရားပြစ်ဒဏ်မှ ထွက်ပေါ်လာသော လူငယ်၊ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေသို့ ဦးတည်သည့် အဟကြားမှ ထွက်ပေါ်လာခဲ့သော လူငယ်ပင်။
သူက နေရာတွင် ထိုင်နေပြီး သူ၏ခန္ဓာကိုယ်မှာ ဝေဝါးနေ၏။ သူ့ကို ရှင်းရှင်းလင်းလင်း တွေ့ရဖို့ မဖြစ်နိုင်ပေ။
သည်အခိုက်တွင် သူက မျက်လုံးဖွင့်လာ၏။ သူ့အကြည့်ထဲ၌ ရွှေရောင်လင်းလက်သွားသည်။ သူ့မျက်လုံးထဲရှိ အထင်သေးဟန်က မြင့်တက်လာ၏။
“ဒီသနားစရာကောင်းတဲ့ စိတ်ဝိညာဉ်တွေကို ဦးညွှတ်တာ ဘာအသုံးကျမှာလဲ။ လှောင်အိမ်ထဲက ငှက်တွေကများ။ ငါဟာ ဆရာဦးလေးမာ ပြောခဲ့တဲ့ နေရာကို မရှာနိုင်သေးဘူး။ ဒါ့ကြောင့် ငါ တခြားလုပ်စရာ မရှိသေးဘူး။ အချိန်ကို တွက်ကြည့်ရရင်တော့ ဆရာဦးလေးမာဟာ မကြာခင် နိုးထလာသင့်တယ်။ တာအိုခုနစ်ခုကလန်ရဲ့ လှိုဏ်ဂူဟာ ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာနေပြီ…”
***