ဒီအရက်က လုံလောက်အောင် မပူနွေးသေးဘူး
Vol. 125 Ch. 1721
ပေတစ်သောင်းနီးပါးရှိသည့် ကျောက်ပြားများလည်း ရှိသေး၏။ ၎င်းတို့ထံမှ ရှေးကျသောအော်ရာကို ထုတ်လွှတ်နေသည်။ ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ ထိုကျောက်ပြားပတ်လည်ရှိ ချိန်းကြိုးကိုးခုပင်။ ထိုချိန်းကြိုးတစ်ခုစီ၌ ခေါင်းတလားတစ်ခုစီ ရှိကြသည်။
ခေါင်းတလားတစ်ခုစီသည် ပေထောင်ချီ မြင့်မား၏။
ဤသည်မှာ ပြင်ပနယ်မြေ စုစည်းလာသော အင်အားအသစ် ဖြစ်သည်။ ဤသည်မှာ ဝမ်လင်းကို သတ်ရန်နှင့် အစီအရင်ကို ဖျက်စီးရန် ပထမဆုံးတိုက်ပွဲပင်။
ပြင်ပနယ်မြေသည် ကျင့်ကြံသူမြောက်များစွာ ဆုံးရှုံးခဲ့ရ၏။ ဒီနေရာသို့ စုဝေးလာသောလူများမှာ ပြင်ပနယ်မြေ၏ အကန့်အသတ်ပင်။
ဝမ်လင်းသည် အစီအရင်ပြင်ပရှိ ကြမ်းကြုတ်လှသော ပြင်ပနယ်မြေကျင့်ကြံသူများကို ကြည့်နေသည်။ သူ၏မျက်လုံးထဲရှိ အေးစက်မှုက ပိုအားကောင်းလာ၏။ ရှီဇီဖန်က ထိုအရာများကို ကြည့်နေရင်း သူမ၏မျက်နှာမှာ ဖြူရောလာသည်။
ဝမ်လင်းသည် ထိုင်နေရာကနေ ထလာပြီး အင်ပါယာမီးပြင်းဖိုပေါ်တွင် ရပ်၏။ သူ့ဆံပင်ဖြူများက တလွင့်လွင့်ပင်။
“ရှီဇီ…ဒီအရက်အိုးကို ထပ်ပြီး အပူပေးနေပါ…” ဝမ်လင်း၏စကားများက တည်ငြိမ်သည်။ ထို့နောက် သူက ရှေ့သို့ ခြေလှမ်းလိုက်၏။ သူ့ဝတ်ရုံဖြူက တဖျတ်ဖျတ်လွင့်ကာ သူ၏ခန္ဓာကိုယ်၌ ဂုဏ်ကျက်သရေ ပြည့်နှက်လာသည်။
ရှီဇီဖန်၏ တုန်လှုပ်နေသောစိတ်မှာ ဝမ်လင်းစကားကြောင့် ချက်ခြင်း ပြန်တည်ငြိမ်သွားသည်။ သူမက လှပသောလက်ကို ပင့်မြှောက်ကာ သူမရှေ့ရှိ ဆံနွယ်စတို့ကို နောက်သို့ သပ်တင်ပြီးနောက် ပြုံး၍ ခေါင်းညိတ်သည်။
အစီအရင်အပြင်ဘက်၌ ကျယ်လောင်စွာ တုန်ဟည်းသံတို့ ပဲ့တင်ထပ်နေ၏။ ကျင့်ကြံသူတစ်သိန်းသည် အနားရောက်မလာသေးဘဲ အဝေးတစ်နေရာတွင် ရပ်လိုက်ကြ၏။ သူတို့က ဒီအစီအရင်နှင့်ဆို ဝမ်လင်း မည်မျှသန်မာသည်ကို ကောင်းကောင်းသိ၏။ သူတို့က ထိုင်ချကာ သူတို့၏မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်သည်။
ထိုသို့ဖြင့် ပြင်ပနယ်မြေကျင့်ကြံသူတစ်သိန်း၏ မူလစိတ်ဝိညာဉ်များ ပျံသန်းထွက်လာ၏။ ကျင့်ကြံသူတစ်သိန်း၏ မူလစိတ်ဝိညာဉ်များက ကြောက်မက်ဖွယ်အလင်းကို လင်းထင်းစေကာ နက်မှောင်သောကြယ်အဖွဲ့အစည်းကို လင်းထင်းစေသည်။
ထိုမူလစိတ်ဝိညာဉ်တစ်သိန်းက ပျံသန်းထွက်လာသည့်အခါ တတိယအဆင့်ကျင့်ကြံသူငါးယောက်သည် လှမ်းလျှောက်ထွက်လာသည်။ သူတို့က လက်ရွေးစင်တတိယအဆင့်ကျင့်ကြံသူအချို့အပြင် ကျန်နေသေးသော တတိယအဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။
ထိုတတိယအဆင့်ကျင့်ကြံသူများသည် အတွင်းနယ်မြေနှင့် စစ်ပွဲတုန်းက မပါဝင်ခဲ့ကြပေ။ ပြင်ပနယ်မြေကို နောက်တန်းကနေ စောင့်ကြပ်နေခဲ့ကြ၏။ သို့သော် ခုချိန်၌ သူတို့သည် အုပ်စိုးသူကောင်စီ၏ အမိန့်ကြောင့် ထွက်လာခဲ့ရလေပြီ။ ပြင်ပနယ်မြေတစ်ခုလုံး သေဆုံးရလျှင်ပင် သူတို့သည် သေသည့်အထိ တိုက်ခိုက်ရမည်ပင်။
ဤအခိုက်၌ ထိုငါးယောက်က တစ်ဖြောင့်တည်း ထိုင်နေကြ၏။ သူတို့က ဝမ်လင်း မည်မျှသန်မာသည်ကို သိကြ၏။ သူတို့ တစ်ပြိုင်နက်တည်း တိုက်ခိုက်လျှင်ပင် ချိပ်ပိတ်နယ်မြေအရှင် ဝမ်လင်း၏ ပြိုင်ဘက် မဟုတ်တာ ဖြစ်နိုင်သေးသည်။
သို့ပေမည့် မူလစိတ်ဝိညာဉ်တစ်သိန်း၏ အကူအညီ၊ အုပ်စိုးသူကောင်စီမှ ရှေးလျှို့ဝှက်ချက်၏ အကူအညီဖြင့် သူတို့က တိုက်ခိုက်နိုင်စွမ်း ရှိသည်ဟု ယုံကြည်သည်။ သူတို့ငါးယောက်က ချိပ်ဟန်တစ်ခု ဖြစ်စေကာ သူတို့ရှေ့ရှိ လူတစ်ယောက်ချင်းစီ၏ ကျောပေါ်သို့ ဖိချသည်။
ကျယ်လောင်စွာ မြည်ဟည်း၏။ ငါးယောက်ပေါင်းစွမ်းအားက အတူတကွ စုဝေးသွားပြီး ရှေ့ဆုံးကလူထံ၌ မြင့်တက်လာချေသည်။
ရှေ့ဆုံးမှလူသည် ဆံဖြူအဘိုးအို ဖြစ်၏။ သူ၏အမူအရာမှာ လေးနက်နေ၏။ သူ့နောက်မှ ကျင့်ကြံသူလေးယောက်၏ စွမ်းအားက သူ့ထံ မြင့်တက်လာစဉ် သူ့ဆံပင်များ လေမတိုက်ပါဘဲ လွင့်ဝဲသည်။ သူ၏မျက်လုံးသည် တောက်ပလာချေသည်။
“ငါ့ကျင့်ကြံမှု၊ ငါ့သွေးမျိုးဆက်နဲ့ ငါဟာ ရှေးမန္တာန်ကို ဆင့်ခေါ်တယ်။ ကောင်းကင်ဘုံချိုးဖျက်ခြင်းတာအို၊ လေဟာနယ် အမြစ်ဖြုတ်ခြင်း တာအို…” ထိုအဘိုးအိုက မာန်သွင်း၍ သူ့လက်ချောင်းကို ပင့်မြှောက်သည်။ တောက်ပသောအလင်း လင်းလက်သွားပြီး ပေတစ်သိန်းဓား ပေါ်လာ၏။
ထိုဓား ပေါ်လာသည့်နောက်တွင် ပေတစ်သိန်းမူလစိတ်ဝိညာဉ်များက တရကြမ်း ၎င်းထံသို့ တိုးဝင်လာကာ အစွမ်းထက်အော်ရာကို ပေးစွမ်းသည်။
“ခုတ်ပိုင်းခြင်း…” ဆံဖြူအဘိုးအိုက မာန်သွင်း၏။ သူ့ညာလက်ကို ဝမ်လင်း၏အနှစ်သာရဘီးအစီအရင်ထံ ဝေ့ယမ်းသည်။
ပေတစ်သိန်းဓားက မူလစိတ်ဝိညာဉ်တစ်သိန်းကို စုဝေးထားပြီး ဖြစ်၏။ တတိယအဆင့်ကျင့်ကြံသူငါးယောက်၏စွမ်းအားကို စုဝေးထားပြီး ဖြစ်၏။ ထို့နောက် ရှေးမန္တာန်မှတစ်ဆင့် သည်စွမ်းအားက ကောင်းကင်ဘုံဖြတ်ပိုင်းခြင်းအားတစ်ခုအဖြစ်သို့ ပြောင်းလဲလေသည်။
အဝေးမှ ကြည့်ပါက ထိုမြင်ကွင်းသည် အဆုံးစွန်တုန်လှုပ်ဖွယ်ပင်။ ဧရာမဓားက ချက်ခြင်း ပေတစ်သိန်းကနေ ကြီးမားလာပြီးနောက် ၎င်း၏အရွယ်အစားမှာ အဆုံးအဆမဲ့လာ၏။ ၎င်းဓားသည် အစီအရင်ဘီးထံ ခုတ်ပိုင်းကျလာသည်။
ဝမ်လင်းက ရှေ့သို့ ခြေလှမ်း၏။ သူက အစီအရင်အတွင်း၌ ထရပ်သည်။ သူသည် တည်ငြိမ်စွာဖြင့် နီးကပ်လာသော ဓားကို ကြည့်နေပြီး မည်သည်ကိုမျှ မလုပ်သေးပေ။ သူက ထိုဓား တဝီဝီမြည်ဟည်းလျက် နီးကပ်လာသည်ကို ခွင့်ပြုထား၏။
ဖျတ်ခနဲအတွင်း ဓားက ဘီးထံ ရောက်ရှိလာ၏။ ကျယ်လောင်စွာတုန်ဟည်းသံ ဒီကြယ်အဖွဲ့အစည်းတခွင် ပဲ့တင်ထပ်သည်။ လှိုင်းဂယက်တစ်ခုသည် အစီအရင်ပတ်လည်၌ မြန်ဆန်စွာ ပျံ့လွင့်လာ၏။
အစီအရင်ဘီးတစ်ခုလုံးသည် တုန်ခါကာ တစီစီအသံများ ပဲ့တင်ထပ်သည်။ သို့သော် ၎င်းမှာ တစ်စက်လေးမှ ထိခိုက်ပျက်စီးမှု မရှိလေပေ။ ထိုဓား ကျရောက်လာသည့်အခါ၌ အကျဉ်းချခံထားရသော ပြင်ပနယ်မြေကျင့်ကြံသူ သန်းချီစိတ်ဝိညာဉ်များသည် နာနာကျင်ကျင် အော်ဟစ်ကာ ဘီးကို စတင်တွန်းကြ၏။ ဘီးသည် ဖြည်းဖြည်းချင်း လှည့်ပတ်လာရင်း အတွင်းနယ်မြေမှ ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်များသည် ကျာပွတ်များနှင့်အတူ ပေါ်လာ၏။ သူတို့၏ ကျာပွတ်ရိုက်ချက်များက ပြင်ပနယ်မြေကျင့်ကြံသူများ၏စိတ်ဝိညာဉ်များပေါ်သို့ ကျရောက်လေသည်။
ထိုကျာပွတ်ရိုက်ချက်များကြောင့် မကျေမနပ်စိတ်ဝိညာဉ်များသည် ပိုမိုနာကျင်စွာ အော်ဟစ်ရလေသည်။ ထိုနာကျင်မှုက ခွန်အားအဖြစ်သို့ ပြောင်းကာ ဘီးကို တွန်း၍ လည်ပတ်စေသည်။ တုန်ဟည်းသံ ပဲ့တင်ထပ်လျက် ဘီးသည် တစ်ကြိမ်လည်ပတ်သွားလေပြီ။
ပြီးပြည့်စုံစွာ လည်ပတ်သွားသည့်အခါ အံ့မခန်းတွန်းကန်အားတစ်ခုက အစီအရင်ထံမှ ပေါက်ကွဲထွက်လာ၏။ ထိုအားက ဧရာမဘီးထံ ဦးတည်သွားလေ၏။ ထိုအခါ ယင်းဓားသည် နောက်သို့ ပြန်ကန်၍ တစစီဖြစ်ကုန်သည်။
၎င်းဓား ပျက်စီးနေစဉ် မူလစိတ်ဝိညာဉ်တစ်သိန်းသည် ပြန့်ကြဲကာ မှိန်ဖျော့ကုန်၏။ သူတို့သည် မသေသွားပေ။ သို့သော် ပြန့်ကြဲကုန်၏။ တတိယအဆင့်ကျင့်ကြံသူငါးယောက်လုံးမှာလည်း ဖြူရောသွားသည်။ ရှေ့ဆုံးမှ ဦးဆောင်သော အဘိုးအို၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သို့သော် သူ့မျက်လုံးထဲရှိ တိုက်ပွဲဆန္ဒမှာ ကြောက်မက်ဖွယ်ပင်။
သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ကောင်းကင်ထက်သို့ ညွှန်လိုက်၏။ သူ၏ရှတတအသံသည် ကြယ်အဖွဲ့အစည်းတခွင် ပဲ့တင်ထပ်လေသည်။
သူ၏အမူအရာမှာ ကြမ်းကြုတ်နေ၏။ သူက မာန်သွင်းအော်ဟစ်သည်။ “မူလစိတ်ဝိညာဉ်တစ်သိန်း၊ ကျင့်ကြံသူတစ်သိန်း၊ အသက်ဓာတ်အားလုံး သိပ်သည်းစေ….။ ငါတို့ကျင့်ကြံသူတစ်သိန်းရဲ့ အသက်ဓာတ်အားတွေကို စတေးပြီး ရှေးအချိန်က ရိုက်ချက်ကို လဲလှယ်ပြီး ဒီအစီအရင်နဲ့ လူတစ်ယောက်ကို ဖျက်စီး သတ်ဖြတ်မယ်…” ထိုအဘိုးအိုနှင့် သူ့နောက်မှ လေးယောက်တို့သည် သွေးများ ထွေးထုတ်လိုက်ကြ၏။
တစ်ချိန်တည်းမှာ ကျင့်ကြံသူတစ်သိန်းကလည်း သွေးများ အန်ထုတ်ကြသည်။ သူတို့သည် ငယ်ရွယ်သည်ဖြစ်စေ၊ လူလတ်ပိုင်းဖြစ်စေ သူတို့အားလုံးမှာ ချက်ခြင်း အိုစာကုန်သည်။
ကျင့်ကြံသူတစ်သိန်း၏ အသက်ဓာတ်အားကို စုပ်ယူသော ရိုက်ချက်မှာ အထွတ်အထိပ် ရောက်ဖို့ လုံလောက်ပေ၏။
“ဒီလောက စတင် မွေးဖွားလာတုန်းက လောကဟာ နက်မှောင်ပြီး ဘာအလင်းရောင်၊ ဘာသက်ရှိမှ ရှိမနေခဲ့ဘူး။ ရှေးဟောင်းကောင်းကင်ဘုံအုပ်စိုးသူ ဆင်းသက်လာပြီး သက်ရှိတွေကို ဖန်တီးခဲ့တယ်။ သူဟာ ဒီလောကကို လင်းထင်းစေဖို့ ရှေးလောကရဲ့ အလင်းကို ဆင့်ခေါ်ခဲ့တယ်…”
“အသက်ပေါင်းတစ်သိန်းကို စတေးဖို့ ကမ်းလှမ်းပြီး ရှေးဟောင်းအလင်းကို ဆင့်ခေါ်ပါတယ်။ ဒီအလင်းဟာ သက်ရှိအားလုံးရဲ့ မွေးဖွားမှုကို ပေးစွမ်းသလို သက်ရှိအားလုံးကိုလည်း ဖျက်စီးပစ်နိုင်တယ်…” ထိုအဘိုးအို၏ အသံသည် ပုံပျက်ယွင်းနေ၏။ သူ၏အသံ ပဲ့တင်ထပ်လေသည်။
သူ၏အသံ ပဲ့တင်ထပ်လာသည့်အခါ မူလစိတ်ဝိညာဉ်တစ်သိန်းသည် အရူးအမူး စုဝေးလျက် သူတို့ကို ခွဲခြားဖို့ငှာ ခက်ခဲစေတော့သည်။ သူတို့က သိပ်သည်းသောမြူထုတစ်ခုအဖြစ် ဖြစ်ပေါ်ကာ ကြယ်အဖွဲ့အစည်း၏ အမှောင်ထုအစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။
မူလစိတ်ဝိညာဉ်တစ်သိန်းကြောင့် ဖြစ်ပေါ်လာသော မြူထုက တဖြည်းဖြည်း စတင် လှည့်ပတ်သည်။၎င်းသည် မြန်သထက်မြန်မြန်လှည့်ပတ်လာရင်း ဧရာမဝဲကတော့တစ်ခု ဖြစ်လာသည်။ ဝဲကတော့ဗဟိုချက်သည် တခြားလောကတစ်ခုကို ဦးတည်သည့် တွင်းနက်တစ်ခုအလား။
ထိုဝဲကတော့ လည်ပတ်လာသည့်အခါ တွင်းနက်ထံမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။
ထိုအခါ ပတ်ဝန်းကျင်တစ်ခုလုံးသည် ထိုရွှေရောင်တောက်ပမှုကြောင့် လင်းထင်းသွားသည်။ အနှစ်သာရသုံးခုဘီးသည်ပင် ၎င်းပေါ်လာသည့်နောက် အရှိန်လျော့ကျသွားသည်ဟု ထင်ရလေ၏။
မရေမတွက်နိုင်သော မကျေမချမ်းစိတ်ဝိညာဉ်များသည် နာကျင်စွာ အော်ဟစ်လိုက်ရသည်။ သူတို့၏ခန္ဓာကိုယ်များထံမှ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာကာ ယင်းတို့သည် အစီအရင်မှ လွင့်ပါးပျောက်ကွယ်သွားတော့မည့်အလား။
ရှေးဟောင်းကြယ်အဖွဲ့အစည်း၌ အဝေးကနေ အုပ်စိုးသူက လှမ်းမျှော်ကြည့်နေ၏။ သူသည် အဝေးတွင် ရှိနေသော်လည်း သည်တိုက်ပွဲကို လေ့လာစောင့်ကြည့်နေသည်။
“ဒီအဘိုးအိုက လှိုဏ်ဂူလောကကျင့်ကြံသူတွေရဲ့ အသက်ကို ဂရုမစိုက်ဘူး။ ကျင့်ကြံသူတစ်သိန်း၏ အသက်ဓာတ်အားနဲ့ ဖြစ်ပေါ်လာတဲ့ ဒီမန္တာန်ကို ငါတောင် ရင်ဆိုင်ဖို့ ခက်ခဲမယ်။ မင်း လေးကို အသုံးပြုမလား၊ အသုံးမပြုဘူးလားငါ မြင်ချင်မိတယ်…”
ဝမ်လင်းက အစီအရင်ထံ၌ ရပ်ကာ တွင်းနက်ထဲမှ ထွက်ပေါ်လာသော အလင်းတန်း၏ အော်ရာကို ခံစားမိ၏။ သူက သည်အော်ရာကို အရင်က ခံစားမိခဲ့ဖူးသည်။ သူ့မျက်လုံးသည် တည်ငြိမ်လျက် သူက ပြင်ပနယ်မြေထံ လက်ညွှန်လိုက်၏။
“နယ်မြေလောင်ကျွမ်းခြင်းထီး၊ ဒီလောကကို လောင်ကျွမ်းဖွင့်လှစ်စေ…” ပြင်ပနယ်မြေ၌ ဧရာမကြီးမားပြီး ပွင့်ဟနေသော ထီးတစ်လက် ပေါ်လာသည်။ ထိုထီး ပေါ်လာသည်နှင့် ရွှေရောင်အလင်းသည် နောက်သို့ တွန်းထုတ်ခြင်း ခံရကာ အဖျက်အစီးမီး ပျံ့နှံ့လာသည်။
“ခုနစ်ရောင်စုံတာအို…ကောင်းကင်နဲ့မြေကြီးကို ပြောင်းလဲစေ…” ထိုရွှေရောင်အလင်းနှင့် မီးတို့သည် ထိပ်တိုက်ပွတ်တိုက်စဉ် ဝမ်လင်း၏စကားသံ ပဲ့တင်ထပ်သည်။ အနီ၊လိမ္မော်၊အဝါ၊အစိမ်း၊အပြာ၊မဲနယ်အရောင်များ လေဟာနယ်အတွင်းမှ ထွက်ပေါ်လာ၏။ ယင်းတို့က စုဝေးလျက် ခုနစ်ရောင်စုံလှံအဖြစ်သို့ ပြောင်းလဲသည်။
“ရှေးအလင်းဟာ ကောင်းကင်ကို ချိုးဖျက်မယ်။ ဒါ့ကြောင့် ငါဟာ ဒီခုနစ်ရောင်စုံလှံနဲ့ ဒါကို ရိုက်ချမယ်။ နယ်မြေလောင်ကျွမ်းခြင်းထီးဟာ ဒီတွင်းပေါက်ကို ဖာထေးမယ်။ ဒီအလင်းဟာ သက်ရှိတွေကို မွေးဖွားပေးတာ ဖြစ်ကောင်းဖြစ်နိုင်မယ်။ ဒါပေမယ့် ဒီအလင်းက ငါ့ကိုတော့ ဖယ်ရှားဖျက်စီးလို့ မရနိုင်ဘူး…” ထီးနှင့်ခုနစ်ရောင်စုံလှံသည် ပေါက်ကွဲထွက်လာ၏။
ဝမ်လင်းက သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ရှီဇီဖန်ထံသို့ လှည့်လိုက်၏။ သူက အိုးငယ်တစ်လုံးထံမှ အရက်အိုးတစ်ခုကို ကောက်ယူကာ တစ်ငုံသောက်သည်။
“ဒီအရက်က ခုထိ မပူနွေးသေးဘူး။ ရှီဇီ…ဒါကို နည်းနည်းထပ်ကြာကြာ နွေးသွားအောင် လုပ်လိုက်အုံး…”
“ကောင်းပါပြီ…”
***