ကြမ်းကြုတ်သောရှေးဟောင်းသားရဲများ
Vol. 125 Ch. 1722
ခပ်နွေးနွေးမဖြစ်သော၊ အေးစက်စက်အငွေ့အသက်နှင့် အရက်သည် ဝမ်လင်း၏ ပါးစပ်ထဲ ဝင်ရောက်လာ၏။ သူက မော့ကြည့်ကာ ရယ်မောလိုက်ပြီး အရက်အိုးအိုကို ရေပူထဲသို့ ပြန်ပစ်ထည့်လိုက်သည်။ ထို့နောက် သူက ရှေးဟောင်းကြယ်အဖွဲ့အစည်းထံ လက်ညွှန်လိုက်သည်။
“ဒီသုံးနှစ်အတွင်း အတွင်းနယ်မြေကို ဝင်လာချင်တဲ့သူမှန်သမျှ ငါ့အလောင်းကို ဖြတ်ကျော်ဖို့ လိုလိမ့်မယ်…”
ဝမ်လင်း လက်ညွှန်လိုက်သည်နှင့် ဧရာမခုနစ်ရောင်စုံလှံသည် ကောင်းကင်ဖျက်စီးနိုင်မည့် တဝီဝီအသံကို ထုတ်လွှတ်သည်။
ထိုလှံက မြည်ဟည်းလျက် စိတ်ဝိညာဉ်တစ်သိန်းဖြင့် ဖြစ်ပေါ်နေသော ဝဲကတော့မှ ထွက်ပေါ်လာသည့် ရှေးအလင်းထံ ဦးတည်ဝင်ရောက်သည်။
ထိုလှံပေါ်လာသည်နှင့် ကြယ်များ တုန်ယင်၏။ ခုနစ်ရောင်စုံအလင်း တောက်ပသည်။ ထိုလှံထံမှ အစွမ်းထက်အော်ရာ ထွက်ပေါ်လာသည်။ ထိုလှံသည် ဒီလောကမှ မပိုင်ဆိုင်ပေ။ ၎င်းမှာ တာအိုခုနစ်ခုကလန်၏ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ ပိုင်ဆိုင်သည့်အရာ ဖြစ်ချေသည်။
ထိုမန္တာန်သည် ကောင်းကင်ဘုံအုပ်စိုးသူ၏ ထိပ်တန်းလျှို့ဝှက်ချက်မန္တာန် ဖြစ်၏။ ၎င်းကို အပြင်လူများ သင်ယူဖို့ ခက်ခဲလှသည်။ အရူးသည်သာ သူ၏အဆင့်အတန်းကို အသုံးပြု၍ ဒီလိုမန္တာန်မျိုးကို လုယူနိုင်ခြင်းပင်။
ခုနစ်ရောင်စုံလှံ ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် ပေါ်လာသည်နှင့် အုပ်စိုးသူက အမုန်းတရားများ ပြည့်နေသော ရှုပ်ထွေးဟန်အကြည့်ကို လှစ်ဟပေါ်သည်။ သူက အဝေးမှ ခုနစ်ရောင်စုံလှံကို မြင်၏။ သူက သူ၏သခင် ထိုမန္တာန်ကို အသုံးပြုသည်ကို မျက်မြင်တွေ့ခဲ့ဖူးသည်။ ၎င်း၏စွမ်းအားကိုလည်း သိရှိထားသည်။
“သခင်…ငါဟာ သင့်နောက်ကို နှစ်ပေါင်းများစွာ လိုက်လံခဲ့တယ်။ ဒါပေမဲ့ သင်ဟာ ငါ့ကို ဒီအဆင့်ရှိတဲ့ မန္တာန်တစ်ခုကို လုံးဝ မသင်ပေးခဲ့ဘူး။ ခုတော့ သင်ဟာ ဒီမန္တာန်ကို လှိုဏ်ဂူလောက ပုရွတ်ဆိတ်တစ်ကောင်ရှိ လွှဲပေးခဲ့တယ်။ သင့်ရဲ့ စိတ်သဘာဝဟာ တကယ်ကို မကောင်းတာပဲ။ အဲ့နှစ်တွေတုန်းက ငါဟာ သင့်ထံပါးမှာ သစ္စာရှိရှိ နေထိုင်ခဲ့တယ်။ ဒါပေမဲ့ သင်ဟာ အမြဲတမ်း ငါ့အပေါ်ဆို တွန့်တိုခဲ့တယ်…”
အုပ်စိုးသူသည် ခပ်တိုးတိုး ရေရွတ်ကာ လက်သီးခပ်တင်းတင်း ဆုတ်သည်။
ဘီးအစီအရင်၏အပြင်ဘက်၌ ခုနစ်ရောင်စုံလှံသည် တလက်လက် တောက်ပကာ ဝဲကတော့ထံ ဦးတည်တိုးဝင်သည်။ ၎င်းက ဝဲကတော့နှင့် နီးကပ်လာပြီး ရှေးအလင်းနှင့် ထိပ်တိုက်တွေ့သည်။
ချက်ခြင်းပင် ကျယ်လောင်စွာ တုန်ဟည်းသံများ ပျံ့နှံ့ကာ အဘက်ဘက်သို့ လှိုင်းဂယက်များ ပျံ့လွင့်လေ၏။
ဒီကြယ်အဖွဲ့အစည်းသည် တုန်ဟည်းရ၏။ ထိုတုန်ဟည်းမှုက လှိုဏ်ဂူလောက၏ အခြေခံကိုပါ အနည်းငယ် လှုပ်ခါစေသည်။
ဝဲကတော့ထံမှ ရှေးအလင်းသည် ဆုတ်ပြဲကာ ပျက်စီးသည်။ ၎င်းနှင့် ထိပ်တိုက်တွေ့သော ခုနစ်ရောင်စုံလှံမှာလည်း တစ်ချိန်တည်းတွင် လွင့်ပါးသွားသည်။ ထိုအလင်းသည် မျက်စိစူးလှ၏။ သို့သော် ချက်ခြင်းပင် ထိုအလင်းအားလုံး ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းလိုလို ရှေးဟောင်းထီး စတင်လည်ပတ်ကာ အဖျက်အစီးမီးသည် ၎င်းထံမှ ပျံ့နှံ့လာ၏။ နောက်ဆုံးတွင် ထိုမီးသည် အလင်းဆုံးရှုံးသွားသော ဝဲကတော့ထံ ဦးတည်သည်။
ဝဲကတော့ထံမှ အလင်းသည် ပျက်စီးသွားသော်လည်း ဝဲကတော့ကမူ ရှိနေဆဲသာ။ ၎င်းသည် အလင်းသစ်တစ်ခုကို သွန်းလောင်းတော့မည့်အလား ထင်မှတ်ရ၏။
ခုနစ်ရောင်စုံအလင်းသည် ထိုအလင်းကို အနည်းငယ်သာ နှောင်နှေးသွားစေနိုင်ပြီး လုံးဝ မဖျက်စီးပစ်နိုင်ပေ။ တကယ်တော့ ဝမ်လင်းသည် တစ်ယောက်တည်း ဖြစ်၏။ သူက ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူလည်း မဟုတ်လေပေ။
သို့သော် သူက လှံချက်နှင့် ထိုအလင်းကို ထွင်းဖောက်နိုင်ကာ ကောင်းကင်ကို ထီးနှင့် ဖုံးလွှမ်းနိုင်သည်။
သည်အခိုက်တွင် နယ်မြေလောင်ကျွမ်းခြင်းထီးက လည်ပတ်ကာ ဝဲကတော့ထံ ဦးတည်သည်။ ကြီးမားလှသည့်ထီးအမိုးက ဝဲကတော့ထဲရှိ တွင်းနက်ကို ပိတ်ဆို့ထားလေ၏။
သည့်နောက်တွင် နယ်မြေလောင်ကျွမ်းခြင်းထီးက ကြောက်မက်ဖွယ်ပေါက်ကွဲမှုကို ထုတ်လွှတ်ကာ မူလစိတ်ဝိညာဉ်တစ်သိန်းကြောင့် ဖြစ်ပေါ်သော ဝဲကတော့ထဲ ပျံသန်းဝင်လာပြီး အတွင်းရှိ တွင်းနက်ကို ပြည့်ပြည့်ဝဝ ပိတ်ဆို့သည်။
ထိုတွင်းနက် ပိတ်ဆို့ ခံလိုက်ရသည့်နောက် မီးသည် ဒေါသပုန်ထကာ ဝဲကတော့ကို လောင်ကျွမ်းလေသည်။
ကျယ်လောင်စွာ မြည်ဟည်းသံတို့ ဆက်တိုက် ပဲ့တင်ထပ်၏။ ဝဲကတော့သည် ပျက်စီးကာ အတွင်းရှိ မူလစိတ်ဝိညာဉ်များ ပြန့်ကြဲကုန်သည်။ သူတို့အားလုံး အနှစ်သာရစွမ်းအင်များ အန်ထုတ်လိုက်ရ၏။ အချို့ဆို မီးကြောင့် နတ္တိ ဖြစ်ရကုန်၏။
ဝဲကတော့ ပျက်စီးသွားသည့်နောက် ရှင်သန်နိုင်ခဲ့သော မူလစိတ်ဝိညာဉ်များသည် သူတို့၏ခန္ဓာကိုယ်များထံ ပြန်ရောက်လာ၏။ တတိယအဆင့်ကျင့်ကြံသူများ၏ မူလစိတ်ဝိညာဉ်များမှာလည်း သူတို့၏ခန္ဓာကိုယ်ထဲ ပြန်ရောက်ရှိသည်။ ထို့နောက်တွင် သူတို့က သွေးအန်လိုက်ရသည်။
သူတို့သာမက ကျင့်ကြံသူသောင်းချီသည်လည်း မျက်လုံးဖွင့်လာကာ သွေးအန်ရသည်ပင်။
ဝမ်လင်းက အစီအရင်ဘီးထဲ၌ ရပ်နေ၏။ သူက စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့် ဖြစ်သော်လည်း ခုနစ်ရောင်စုံလှံနှင့် နယ်မြေလောင်ကျွမ်းခြင်းထီးတို့ကို အသုံးပြုရခြင်းက သူ့အပေါ် ဖိအားများစေသည်ပင်။ သူက ပုံမှန်အတိုင်း ရှိသော်လည်း သူ၏မူလစိတ်ဝိညာဉ်မှ စူးရှရှနာကျင်မှု ထွက်ပေါ်နေ၏။
ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းပြီး သူသည် ပြင်ပနယ်မြေမှ ကျင့်ကြံသူများထံ အေးစက်စက် ပြောလိုက်၏။ “ထပ်လာကြစမ်း…”
တတိယအဆင့်ကျင့်ကြံသူများက အားနည်းသွားကြပြီး သူတို့၏မျက်လုံးများမှာ မှိန်ဖျော့ကုန်၏။ သို့ပေမည့် သူတို့သည် တစ်စက်လေးမှ နောက်မဆုတ်ပေ။ သူတို့က အုပ်စိုးသူကောင်စီထံမှ အမိန့်ရထားပြီး ဖြစ်၏။ သူတို့ နောက်ဆုတ်ပါက သူတို့၏ကလန်များ အမြစ်ဖျက်ခံရလိမ့်မည်ပင်။
သူတို့ တိုက်ခိုက်ရမည် ဖြစ်၏။
သည်အခိုက်တွင် သူတို့ငါးယောက်က တစ်ပြိုင်တည်း အော်ဟစ်ကြသည်။ ရှေ့ဆုံးမှ ဦးဆောင်သော ဆံဖြူအဘိုးအိုက မာန်သွင်းကာ အော်ဟစ်လိုက်၏။
“စစ်ရထား ထိုးနှက်ခြင်း…”
သူ ထိုသို့ အော်ဟစ်လိုက်စဉ် ကြမ်းကြုတ်သည့် စစ်ရထားများက ကျင့်ကြံသူများစွာကြောင့် ရှေ့တိုးလာ၏။ ယင်းရထားများကို ထူးဆန်းသောသားရဲ အရည်ပြားများဖြင့် ထွေးပတ်ထားသည်။ ထိုအရေပြားများမှာ ပင့်တင်သွား၏။ သည်အခိုက်တွင် ထိုစစ်ရထားများထံမှ ရှေးကျသောအော်ရာတစ်ခု ပျံ့လွင့်လာသည်။
ဒါဇင်ချီသော ၎င်းရထားများက ချိပ်ပိတ်နယ်မြေအစီအရင်၏ ခြောက်ခုမြောက်အစီအရင်စိတ်ဝိညာဉ်နှင့် တူညီ၏။ ယင်းတို့က မီးများကို ပစ်လွှတ်နိုင်သော လောက်လေးခွကြီးများနှင့် ဖြစ်သည်။ သို့သော် ယင်းတို့ထံ၌ မီးမရှိပေ။ သို့သော် ကြမ်းကြုတ်မှုကမူ မနည်းလှပါ။
ထိုစစ်ရထားများသည် အုပ်စိုးသူကောင်စီ ပိုင်ဆိုင်သည့် ရတနာများ ဖြစ်၏။ ထိုရတနာတစ်ခုစီသည် မရေမတွက်နိုင်သော ရတနာများကို သန့်စင်၍ ပုံသွင်းထားခြင်းပင်။ အရေးကြီးဆုံးမှာ ထိုရတနာတစ်ခုစီအတွက် ရှေးဟောင်းသားရဲတစ်ကောင်၏ စိတ်ဝိညာဉ်တစ်ခုစီ လိုအပ်ခြင်းပင်။
ကြမ်းကြုတ်သောသားရဲများက သည်လှိုဏ်ဂူလောကတွင် မွေးဖွားခဲ့သော်လည်း သူတို့၏ဘိုးဘေးများကမူ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ အင်မောတယ်ကောင်းကင်ဘုံနယ်မြေကနေ သည်နေရာသို့ ယူဆောင်လာခဲ့ခြင်း ဖြစ်၏။
သူတို့သည် အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှ မဟုတ်သော်လည်း အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၏ အော်ရာ ပိုင်ဆိုင်ကြ၏။ ယင်းတို့မှာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှ အဆင့်သတ်မှတ်ချက်အမျိုးမျိုး ရှိသည့် ကောင်းကင်ဘုံသားရဲများ ဖြစ်၏။
သူတို့၏စိတ်ဝိညာဉ်များက သူတို့၏ဘိုးဘေးများ၏ မှတ်ဉာဏ်များ ပါဝင်နေသည်။ စစ်ရထားများပေါ်၌ ပေါ်လာသော ကြမ်းကြုတ်သည့်သားရဲဒါဇင်ချီသည် ပေသောင်းချီ ရှိသော နဂါးများ၊ ထူးဆန်းသောသားရဲများ၊ ဝမ်လင်း အရင်က မြင်ဖူးခဲ့သော ဂျီချောင်သားရဲပင် ပါဝင်နေသေးသည်။
ထိုစစ်ရထားများထံမှ ကျယ်လောင်စွာ ဟိန်းအော်သံများ ထွက်ပေါ်နေပြီး ကျင့်ကြံသူများသည် ထိုစစ်ရထားများ၏ ပစ်လွှတ်မည့်လက်တန်း၌ သေရန်အသင့်ပြင်ကာ ထိုင်နေကြ၏။
ထိုကျင့်ကြံသူများ၏ ခန္ဓာကိုယ်များထံမှ သေခြင်းနှင့်ရူးသွပ်ခြင်းအော်ရာတို့ကို ပေးစွမ်းနေ၏။ ထိုင်ချလိုက်ပြီးနောက် ကျယ်လောင်စွာ မြည်ဟည်းသံ ပဲ့တင်ထပ်ကာ သူတို့၏ သေအံဆဲဆဲ ခန္ဓာကိုယ်များသည် အစီအရင်ဘီးထံ ပစ်လွှတ်ခြင်း ခံရလေ၏။
ထိုကျင့်ကြံသူများက သေဖို့ အသင့် ဖြစ်နေပြီးပင်။ သူတို့သည် ပစ်လွှတ်ခဲ့ရရင်း ပေါက်ကွဲကြ၏။ သူတို့က သူတို့၏အသက်ကို စတေး၍ သူတို့ဘဝ၏ အသန်မာဆုံး တိုက်ခိုက်မှုများကို အစီအရင်ဘီးပေါ်သို့ ကျရောက်စေသည်။
အစီအရင်ဘီးသည် ရေမျက်နှာပြင်တစ်ခုသာ ဖြစ်ခဲ့ပါက ထိုရူးသွပ်နေသော ကျင့်ကြံသူများသည် ရေပြင်သို့ ပစ်ထည့်လိုက်သည့် ကျောက်တုံးများကဲ့သို့ပင်။ မရေမတွက်နိုင်သော လှိုင်းဂယက်များ ထကုန်၏။
ဝမ်လင်းက အစီအရင်ဘီးထဲ၌ ထိုင်လျက် စစ်ရထားများ ပိုများပြားသည့် ကျင်ကြံသူများကို ပစ်လွှတ်နေသည်အား ကြည့်နေ၏။ ထိုကျင့်ကြံသူများက အစီအရင်ပေါ်သို့ အသက်နှင့်ရင်း၍ တိုက်ခိုက်လာသည်။
သို့သော် သူတို့၏ကျင့်ကြံမှုအဆင့်ဖြင့် သူတို့က အစီအရင်ကို အနည်းငယ်မျှသာ တွန့်ခေါက်ပုံပျက်အောင် လုပ်နိုင်ပြီး မဖျက်စီးနိုင်ပေ။ သို့ပေမည့် ဝမ်လင်း၏အကြည့်က အလေးအနက် ဖြစ်လာ၏။ သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်သည်။
“တစ်ခုခုတော့ မှားနေပြီ…”
သူ၏နားထဲ၌ ကျယ်လောင်စွာ မြည်ဟည်းသံများ ပဲ့တင်ထပ်၏။ ပြင်ပနယ်မြေမှ ကျင့်ကြံသူများက အစီအရင်ပေါ်သို့ လာထိဆောင့်ကာ ပေါက်ကွဲသည်။ သူတို့၏န္ဓာကိုယ်များ ပျောက်ကွယ်သွားသော်လည်း သေခြင်းအော်ရာကမူ အစီအရင်ပေါ်တွင် ကျန်နေခဲ့ပေသည်။
ထိုအော်ရတွင် စစ်ရထားတစ်ခုချင်းစီ၏ စိတ်ဝိညာဉ်အား ပါဝင်သည်။ ကျင့်ကြံသူများ ပို၍ သေလေလေ သည်သေခြင်းအော်ရာက ထူးဆန်းသောစာလုံးတစ်လုံးအသွင် ဖြစ်ပေါ်သည်။
ထိုအခိုက်တွင် စစ်ရထားထံမှ ကျင့်ကြံသူတစ်ယောက် ပစ်လွှတ်ခံရစဉ် ထိုစစ်ရထားပေါ်ရှိ ပေတစ်သိန်းရှိ နဂါးက ဟိန်းအော်သံ ပေးလာ၏။ ၎င်းက မူလတုန်းက မျက်စိမှိတ်ထားလျက် ရှိသည်။ သို့သော် ခုချိန်၌ ၎င်းက ရုတ်တရက် မျက်လုံးဖွင့်လာကာ ကြမ်းကြုတ်သောအကြည့် လှစ်ဟဖော်၍ ထိုကျင့်ကြံသူကို ကိုက်စားလိုက်သည်။ ထို့နောက် ၎င်းက စစ်ရထားထံမှ ပျံသန်းလာကာ အစီအရင်ထံ ဦးတည်လာသည်။
ထိုနဂါး ထိုးထွက်လာသည်နှင့်တစ်ချိန်တည်းမှာ တခြားစစ်ရထားများပေါ်ရှိ ကြမ်းကြုတ်သောသားရဲများသည် ဟိန်းအော်သံများ ပေးကာ ထိုးထွက်လာကြသည်။ ယင်းတို့ထဲ၌ ဂျီချောင်သားရဲများစွာလည်း ပါဝင်သည်။
ကျယ်လောင်စွာ ပေါက်ကွဲသံနှင့်အတူ ထိုနဂါးက အစီအရင်ကို အရင်ဆုံး ထိဆောင့်ရာ အစီအရင်သည် တွန့်ခေါက်သွားသည်။ ဘီးကို တွန်းနေသော ကျေးကျွန်စိတ်ဝိညာဉ်များသည် နာကျင်စူးရှစွာ အော်ဟစ်လိုက်ရပြီး အချို့မှာ ချက်ခြင်း ပျက်စီးသွားသည်။
လုံးဝန်းဝန်းသဏ္ဌာန်ရှိ သားရဲတစ်ကောင်ကလည်း နောက်ကနေ ကပ်ပါလာကာ ၎င်း၏လုံးဝန်းသောခန္ဓာကိုယ်ဖြင့် အစီအရင်ထံ ဝင်ဆောင့်သည်။ ကျယ်လောင်စွာ မြည်ဟည်းသံ အဘက်ဘက်သို့ ပျံ့၏။ အစီအရင်သည် ပုံပျက်ယွင်းကာ လှိုင်းဂယက်များ မြန်ဆန်စွာ ပဲ့တင်ထပ်သည်။
သိပ်မကြာခင်တွင် ကြမ်းကြုတ်သော ရှေးဟောင်းသားရဲ ဒါဇင်ချီက နီးကပ်လာပြီး ဘီးအစီအရင်သည် စတင် တုန်ယင်လာသည်။
ဝမ်လင်းသည် အစီအရင်ထံမှ တုန်ခါလှိုင်းများကို ခံစားမိ၏။ သူက ကြမ်းကြုတ်သောသားရဲကို ကြည့်လိုက်၏။ သူ၏မျက်လုံးထဲ၌ အေးစက်မှု ဖြစ်ပေါ်သည်။
“ရှေးဟောင်းသားရဲ။ ငါ့မှာလည်း ဒီလိုမျိုး ရှိတယ်။ ဒါဟာ စိတ်ဝိညာဉ်တစ်ခုမျှ မဟုတ်ဘူး။ ဒါပေမဲ့ ရှေးဟောင်းအချိန်ထဲက ရှင်သန်ခဲ့တဲ့ တကယ့်သားရဲတစ်ကောင်ပဲ…”
ဝမ်လင်းက သူ၏မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်၏။
ထိုသို့ဖြင့် သူ၏မျက်ခုံးနှစ်ခုကြားတွင် ဝဲကတော့တစ်ခု ပေါ်လာပြီး ရှေးဆန်သောအော်ရာတစ်ခု ပျံ့လာသည်။ သိပ်မကြာခင်တွင် တစ္ဆေအလင်း ဖျတ်ခနဲ လင်းလက်သည်။
***