အခန်း (၁-၁၀)
Vol. 8 Ch. 1-10
Volume 8, အပိုင်း ၁ ။ ဆန္ဒမရှိခဲ့ပါ
နွေဦးကာလ ဂျွန်လ၏အစတွင် ဖြစ်သည်။ နေရောင်ခြည်သည် ဒေါ်လာမြို့လမ်းများအပေါ်တွင်ကျရောက်လျှက် အပူဒဏ်သည် ခံနိုင်ရန် ခဲယဉ်းလှသည်။
လူစီယန်သည် သူ၏လက်ထဲရှိသောအလုပ်လျှောက်လွှာအား ငုံ့ကြည့်လိုက်ချိန်တွင် နှဖူးမှချွေးများသည် သူ၏မေးစေ့မှ စာရွက်ပေါ်သို့ပင်ကျလုနီးပါးဖြစ်နေသည်။ ချွေးစက်သည် စာရွက်ပေါ်ရှိ ဖိလစ်အကယ်ဒမီ ဆိုသောစာလုံးပေါ်ကျပြီး ထိုစာလုံးကိုဝေဝါးသွားစေသည်။
စာရွက်ပေါ်တွင်ရှိသောစာလုံးများအား အနည်းငယ်ကြည့်ပြီးနောက် လူစီယန်၏မျက်နှာပေါ်တွင် ခါးသီးသောအပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူ၏မိဘများသည် သူ့အား ဖိလစ်အကယ်ဒမီသို့ပို့၍ ပညာသင်ကြားစေချိန်တွင် သူတို့မိသားစု၏ ဆယ်နှစ်စာစုဆောင်းထားသည်များအားလုံးကုန်ဆုံးသွားခဲ့ရသည်။
ထို့နောက် သူ၏တစ်နှစ်စာကျောင်းစရိတ်အတွက် ရွှေဒဂါးပြား ၅၀ အပြင် နေထိုင်ရန်ကုန်ကျစရိတ်မှာလည်း ကြီးမားလှသည်။ထို့ကြောင့် သူ၏ မိဘများသည် မနက်မိုးလင်းမှစ၍ ညမိုးချုပ်ထိတိုင် မနားမနေ အလုပ်လုပ်ခဲ့ကြရသည်။
ထိုကြိုးစားအားထုတ်မှုအားလုံးသည် လူစီယန် ဖိလစ်အကယ်ဒမီမှ ဘွဲ့ရပြီး အလုပ်ကောင်းကောင်းရှာနိုင်ရန်သာ ဖြစ်သည်။
သို့သော် သူဘွဲ့ရပြီးနောက် အလုပ်ရှာရန်တွက် ဒေါ်လာမြို့ဆီသို့ တစ်ဦးတည်းထွက်ခွာလာခဲ့သော်လည်း သူကိုကျေနပ်စေမည့်အလုပ်တစ်ခုကိုပင်ရှာမရခဲ့ချေ။
သူအလုပ်မရှာနိုင်ခဲ့ခြင်းတော့ မဟုတ်ခဲ့ပါ ။
လူစီယန်ကဲ့သို့ မှော်စက်မှုပညာရပ်ကိုအဓိကသင်ကြားသော ဖိလစ်ကျောင်းတော်မှ ဘွဲ့ရလာသော ကျောင်းသားဖြစ်သည့်အလျှောက် သူ၏စံနှုန်းမှာ မြင့်နေခြင်းဖြစ်သည်။ ဤရက်များတွင် သူ၏အလုပ်လျှောက်လွှာအား လိုက်တင်ခဲ့ပြီး ကုမ္ပဏီဆယ်ခုကျော်က ကမ်းလှမ်းမှုကိုပင် ရရှိခဲ့သည် ။
သို့သော်လည်း လူစီယန်သည် ထိုကုမ္ပဏီများတွင်အလုပ်လုပ်ရန် စိတ်ဝင်စားမှုမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အလုပ်အများစုသည် စက်ရုံသို့သွားရောက်ရန်နှင့် မှော်အစီအရင်များရေးဆွဲရာတွင် တာဝန်ယူရန် စသည်တို့ ဖြစ်ခြင်းကြောင့်ဖြစ်သည်။
လူစီယန်အတွက်ဆိုရလျှင် ထိုအလုပ်များသည် အခြားသော မှော်ပညာအနည်းငယ်တတ်သူများပင် လုပ်ကိုင်နိုင်သော အလုပ်များဖြစ်၍ သူ၏လုပ်နိုင်စွမ်းကို ပြသနိုင်မည်မဟုတ်သောကြောင့်ဖြစ်သည်။
လူစီယန်အလုပ်ချင်ဆုံးသောအလုပ်မှာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်သုတေသနဌာနတွင်ဖြစ်သည်။ သူသည် အဆင့်မြင့်သော မှော်စက်များ၊ မှော်နည်းပညာများနှင့် နေ့စဉ်နေ့တိုင်းအလုပ်လုပ်ရသော သုတေသီတစ်ဦးဖြစ်ချင်ခဲ့သည်။
ထိုအလုပ်သည်ပင် ဖိလစ်အကယ်ဒမီတွင် သူငါးနှစ်တာလေ့လာခဲ့ရသည်နှင့်တန်မည်ဖြစ်သည်။
သေချာပါသည်။ Frestech ကုန်သည်ကြီးများအသင်း၏ သုတေသနဌာနသည် တိုင်းပြည်ထဲတွင် အဆင့်အမြင့်ဆုံးဌာနဖြစ်ကြောင်း လူစီယန်သိပါသည်။ သို့သော် သူ၏ယခုလက်ရှိအနေထားအရဆိုလျှင် လိုအပ်နေသေးသည်။
သို့သော်လည်း သူသည် Frestech ကုန်သည်ကြီးများအသင်း၏ သုတေသနဌာနတွင်အလုပ်မလုပ်နိုင်သည့်တိုင် တခြားသောကုမ္ပဏီများ၏ သုတေသနဌာနတွင်အလုပ်လုပ်ချင်သေးသည် မဟုတ်ပါလား။
ထို့ကြောင့် လူစီယန်သည် သူ၏အလုပ်လျှောက်လွှာများအား ဖြန့်တင်ခဲ့သော်လည်း ထိုနည်းလမ်းသည် အလုပ်မဖြစ်ခဲ့ချေ။ ထို့နောက်သူသည် ကုမ္ပဏီကြီးများကိုသာ အာရုံစိုက်၍ ထိုကုမ္ပဏီကြီးများ၌သာ လျှောက်လွှာများ တင်ခဲ့တော့သည်။
မည်သို့ပင်ဖြစ်ပါစေ ကုမ္ပဏီကြီးများ၌ သုတေသနဌာနရှိသော်လည်း သူတို့၏လိုအပ်ချက်များက မြင့်မားလှသည်။ လူစီယန်ကဲ့သို့ ဘွဲ့ရခါစဖြစ်သူတစ်ယောက်အား အလုပ်မခေါ်လိုကြချေ။
လူစီယန်သည် Frestech အကယ်ဒမီကဲ့သို့ ထိပ်တန်းကျောင်းတစ်ခုမှ ဘွဲ့ရသည့် ကျောင်းသားတစ်ယောက် မဟုတ်ခဲ့သည့်အတွက် ကုမ္ပဏီများ၏အာရုံကို မဆွဲဆောင်နိုင်ခဲ့ချေ။ ထို့ကြောင့် ရက်ပေါင်းများစွာကြာသည့်တိုင် သူ့မှာ အလုပ်မရပဲဖြစ်နေခဲ့သည်။
“အကယ်၍ အလုပ်မရရင်တော့ ဒီကိုအလကားလာမိလိုက်တာပဲ”
လူစီယန် သက်ပြင်းချလိုက်ပြီး အိတ်ကပ်ကိုနိုက်ကြည့်လိုက်ရာ သူ့တွင် ရွှေဒဂါး နှစ်ပြားနှင့် ငွေဒဂါး ဆယ်ပြားသာကျန်ကြောင်း သိလိုက်ရသည်။
ထိုပိုက်ဆံသည် သူ၏ မွေးရပ်မြေကဲ့သို့ သေးငယ်သည့် တောင်ပေါ်ရွာလေးတွင်မူ သုံး၍လောက်နိုင်သော်လည်း တောင်ဖက်ပိုင်း၏မြို့တော်လည်းဖြစ် အင်ပါယာတွင် အတိုးတက်ဆုံးသောမြို့ဟုခေါ်ဆိုကြသော ဒူလာမြို့တွင်မူ ရက်ပိုင်းမျှပင် သုံး၍မလောက်နိုင်ပါ။
“နှစ်ရက်ပဲ။ အကယ်၍ ငါ နှစ်ရက်အတွင်း သင့်တော်တဲ့အလုပ်တစ်ခုရှာမတွေ့ခဲ့ရင် ငါ ပျင်းစရာကောင်းတဲ့ မှော်စက်တွေ စီစဉ်တဲ့စက်ရုံအလုပ်မှာတောင် ဝင်လုပ်တော့မယ်။” လူစီယန်သည် အံကြိတ်ပြီး ဆုံးဖြတ်ချက်ကိုပြင်လိုက်တော့သည်။
ဖြစ်နိုင်မည်ဆိုပါက သူသည် အလုပ်ကောင်းတစ်ခုရှာမတွေ့ခဲ့လျှင် အလုပ်ဆက်ရှာနေမည်မဟုတ်ပဲ ဖိလစ်အကယ်ဒမီကိုသာ ပြန်၍ စာဆက်လေ့လာမည်ဖြစ်သည်။
ထို့အပြင် ကျောင်းတွင်သူ၏ရမှတ်မှာ သိပ်မဆိုးလှသောကြောင့် နှစ်အနည်းငယ်ဆက်၍ လေ့လာမည်ဆိုလျှင် ပို၍မြင့်မားသော ဘွဲ့တစ်ခုရနိုင်မည်ဖြစ်ပြီး လိုချင်သည့် ကုမ္ပဏီကြီး၏ သုတေသနဌာနကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း သူ၏ဆရာကပြောခဲ့ဖူးသည်။ သူသည် Frestech ကုန်သည်ကြီးများအသင်း၏ သုတေသနဌာနကိုပင် ရွေးချယ်ခွင့် ရကောင်းရနိုင်မည်ဖြစ်သည်။
သို့သော်လည်း လက်တွေ့ဘဝကမူ သူ့အား ရွေးချယ်ခွင့်မပေးခဲ့ချေ။
အကြောင်းအရင်းမှာရှင်းပါသည်။ ပိုက်ဆံမရှိသောကြောင့်ဖြစ်သည်။
အဆင့်မြင့်အတန်းများမှာ သာမန်အတန်းများထက် စရိတ်စကပိုများသည်။ ပြီးနောက် လူစီယန်၏ မိသားစုသည် သူ့အား သာမန်အတန်းများပို့ထားခြင်းသည်ပင် ခက်ခဲနေပြီဖြစ်သည်။ ထို့ကြောင့် သူဆက်လက်၍ ပညာဆည်းပူးရန် မဖြစ်နိုင်သည်မှာ သေချာပါသည်။
လူစီယန်၏ညီလေးသည်လည်း ဆယ်နှစ်အရွယ်ရှိပြီဖြစ်၍ ကျောင်းတက်ရမည့် အရွယ်ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် သူ့အတွက်လည်း ပိုက်ဆံလိုသည်ပင်။
လူစီယန်အလုပ်ရှာနေရခြင်းမှာ သူ၏ကျောင်းစရိတ်ကာမိဖို့ပင် မဟုတ်ပဲ သူ၏ညီလေးကျောင်းစရိတ်အတွက် မိဘများ ဝန်ပေါ့စေရန် ကူညီထောက်ပံပေးလိုသောကြောင့် ဖြစ်သည်။ မည်သို့ပင်စဉ်းစာစေကာမူ ဤရွေးချယ်မှုသည် မှန်ကန်သောရွေးချယ်မှုဖြစ်သည်။
သူ၏မိဘများသည် စကားတစ်ခွန်းမှမဆိုသော်လည်း လူစီယန်သည် သူ၏ ဆယ့်နှစ်နှစ်အရွယ် ညီမလေးကိုလည်း ကျောင်းတက်စေချင်သေးသည်။ ရွာထဲမှ အခြားသောမိန်းကလေးများကဲ့သို့ အချိန်တန် အရွယ်ရောက်လျှင် ယောက်ျားယူရန်ဟူသော သာမန်ဘဝကိုသာ မနေစေလိုပေ။
အရာအားလုံးအတွက်လိုအပ်နေသည်မှာ ပိုက်ဆံပင်ဖြစ်သည်။ ထို့ကြောင့် လူစီယန်သည် သူ၏ ပညာရေးကို ဆက်မသွားပဲ ဘွဲ့ရသည်နှင့် အလုပ်ရှာနေရခြင်းဖြစ်သည်။
မှော်စက်များစီစဉ်သည့်အလုပ်ရုံရှိ မှော်အစီအရင်ရေးဆွဲရသည့် အလုပ်မှာ အနည်းငယ် ပျင်းစရာကောင်းသော်လည်း အခြားသောသာမန်အလုပ်သမားများထက် ဝင်ငွေပိုကောင်းသည်။
ဥပမာအားဖြင့် လူစီယန်၏မိဘများသည် ရွာအနီးရှိ အိမ်သုံးမှော်စက်များ တီထွင်သည့်စက်ရုံတွင် အလုပ်လုပ်ကြသည့် အခြေခံအကျဆုံး အလုပ်သမားများဖြစ်သည်။ တစ်လလျှင်လုပ်အားခအနေဖြင့် ရွှေဒဂါးဆယ်ပြားဝန်းကျင်သာ ရသည်။ ဆယ့်ငါးပြားထက်ပင်ပိုမရဖူးပေ။
ထိုစက်ရုံတွင်ရှိသည့် မှော်အစီအရင်ရေးဆွဲသူ ငါးယောက်ဆိုလျှင် တလလျှင် ရွေဒဂါးပြားသုံးဆယ်ထိရကြပြီး ရရှိသည့် အကျိုးခံစားခွင့်များမှာလည်း ပိုကောင်းကြသည်။
လူစီယန်၏ တွေးမိသည်မှာ ဤနှစ်ရက်အတွင်းအလုပ်ရှာ၍မရခဲ့လျှင် ဖိလစ်အကယ်ဒမီကိုပြန်သွား၍ သူ၏ပညာရေးအားဆုံးခန်းတိုင်အောင်လုပ်ပြီး ထိုစက်ရုံတွင် အလုပ်ဝင်လုပ်ရန်ဖြစ်သည်။
သူ၏မိဘများသည်လည်း ထိုစက်ရုံပိုင်ရှင်အား လူစီယန်၏အကြောင်းကို ပြောပြထားသဖြင့် စက်ရုံပိုင်ရှင်က သူ့အား စိတ်ဝင်စားမှုရှိနေပြီးဖြစ်သည်။ ချက်ခြင်းပင် သူအား အလုပ်ဝင်စတွင် ရွေဒဂါး နှစ်ဆယ့် ငါးပြားပေးမည်ဖြစ်ပြီး လူစီယန်သဘောတူသည်နှင့် အလုပ်စဝင်နိုင်ပြီဖြစ်သည်
သို့သော် သူတကယ်ပဲ ထို့သို့လုပ်ရန် လိုအပ်ပါသလား
လူစီယန်သည် သူ၏ခေါင်းကိုမော့ပြီး မျက်စိများကိုမှေးလိုက်ကာ စိတ်အလိုမကျစွာဖြင့် ကောင်းကင်ပေါ်ရှိ နေရောင်ကို ကြည့်လိုက်လေသည်။
သူသည် ဖိလစ်အကယ်ဒမီတွင် အချိန်အနည်းငယ်မျှပင် မဖြုန်းတီးပဲ နေ့စဉ်နေ့တိုင်းကြိုးစားခဲ့ရသည်။ သူ၏အတန်းဖော်နှစ်ယောက်အပေါ်ရှိ ခံစားချက်များကိုလည်း မြိုသိပ်ခဲ့ရသည်။ ဤအရာများသည် သူ၏သေးငယ်သော မွေးရပ်မြေသို့ပြန်ကာ သူ၏ဘဝအား ကုန်ဆုံးစေဖို့ရန်အတွက်သာ ဘွဲ့ရခဲ့ခြင်းလား။
“ငါ မလုပ်ချင်ဘူး”
လူစီယန် လက်ကိုကျစ်ကျစ်ဆုပ်လျှက် အသက်ပြင်းပြင်းရှုလိုက်သည်။
မိမိကိုယ်ကိုယ် နှစ်ရက်သာအချိန်ပေးထားသော်လည်း လွယ်လွယ်တော့လက်မလျှော့နိုင်ပါ။
သူသည် အခြားသောသူများထက် ကံကောင်းပြီးသားဖြစ်သည်။ ခက်ခဲသောအခြေနေတွင် ကျောင်းသို့ရောက် အောင်ပို့ပေးသော မိဘများပိုင်ဆိုင်ရခြင်းသည်ပင် သူ၏ကံကောင်းမှုဖြစ်သည်။ ထို့ကြောင့် ကံကောင်းစွာဖြင့် နှစ်ရက်အတွင်း ကျေနပ်မည့် အလုပ်တစ်ခုရှာနိုင်မည်ဟု ထင်မိသည်။
သူ၏လုပ်ဆောင်နိုင်စွမ်းများနှင့် သူ၏ကျောင်းမှရမှတ်များ ကောင်းနေသရွေ့ သူ၏လုပ်နိုင်စွမ်းကို အသိအမှတ်ပြုပေးမည် ကုမ္ပဏီတစ်ခုတော့ ရှိလိမ့်မည် ဖြစ်သည်။
လူစီယန်သည် အသက်ပြင်းပြင်းရှုလိုက်ပြီး သူ၏စိတ်ပျက်မှုနှင့် စိတ်ဓာတ်ကျမှုများကို ဖယ်ထုတ်လိုက်သည်။ သူ့စိတ်ဓာတ်များကိုမြင့်တင်လိုက်ပြီး ခေါင်းကိုပြန်ငုံ့ကာ ရှေ့ဆက်သွားရန်သာ ပြင်ဆင်လိုက်တော့သည်။
သို့သော် သူခေါင်းပြန်ငုံလိုက်သည်နှင့် သူ့ဆီလာနေသော လူတစ်စုအားတွေ့လိုက်ရသည်။
မထင်မှတ်ထားသဖြင့် လူစီယန်သည် ရှောင်ချိန်မရလိုက်ပဲ ဘေးဖက်သို့သာ ယိုင်သွားရသည်။
“ ဖောင်း”
နှစ်ယောက်သား ပခုံးချင်းတိုက်မိသွားပြီး ဟန်ချက်ညီစေရန် နောက်သို့ နှစ်လှမ်းဆုတ်လိုက်ရသည်။
လူစီယန်က မျက်စိကိုဖွင့်၍ကြည့်လိုက်သော် သူနှင့်တိုက်မိသည်မှာ အရပ်ပုသည့် သက်လတ်ပိုင်းအမျိုးသား တစ်ယောက်ဖြစ်နေသည်။ သူမတ်တပ်ရပ်နိုင်ရန်ပင် အချိန်ယူခဲ့ရသည့် အတွက် ပြင်းပြင်းထန်ထန် တိုက်မိခြင်းမျိုးဖြစ်ပေသည်။
လူစီယန်သည် တောင်းပန်ရန်သွားခဲ့သော် ထိုအမျိုးသားသည် သူကိုမော့ကြည့်လာခဲ့သည်။
“ကောင်လေး နင် ကန်းနေလား ဘယ်လိုလမ်းလျှောက်ရမယ်ဆိုတာကော သိရဲ့လား “
လူစီယန်သည် လမ်းလျောက်နေစဉ် အပေါ်မော့ကြည့်မိသောကြောင့် ဖြစ်သည့်အတွက် ထိုအမျိုးသားအား ပြုံး၍ တောင်းပန်လိုက်သည်။
ထိုအမျိုးသားသည် လူစီယန်အားတစ်ချက်မော့ကြည့်၍ သူ့ထက်လူကောင်ကြီးကာ အရပ်ရှည်ကြောင်း တွေ့သဖြင့် နှာမှုတ်ကာ လှည့်ပြန်သွားခဲ့သည်။
လူစီယန်သည် ဒီနေ့တွင်ကံကောင်းမည်ဟုထင်ခဲ့ခြင်းကိုသာ လှောင်ရယ်မိတော့သည်။
ထိုအချိန်တွင် သူ၏ဗိုက်ထဲမှ အသံများထွက်လာတော့သည်။
သူသည် မနက်ခင်းတွင် ကုမ္ပဏီများသွားနေရသည်နှင့် မနက်စာပင် မစားခဲ့ရသေးပေ။ ယခုချိန်တွင်မူ သူ၏ဆာလောင်မှုအား မြိုသိပ်နိုင်ခြင်းမရှိတော့ပေ။
လူစီယန်သည် သူ၏ဗိုက်ကိုပွတ်လိုက်ပြီး ပတ်ပတ်လည်သို့ ကြည့်လိုက်သည်။ လမ်းထောင့်တွင်ရှိသည့် ဈေးသက်သာပြီးသန့်ရှင်းသော ခေါက်ဆွဲဆိုင်တစ်ခုကိုပင် ရွေးချယ်လိုက်တော့သည်။
“လွန်ခဲ့တဲ့သုံးရက်က Frestech ကုန်သည်ကြီးများအသင်းရဲ့ သုတေသနဌာနက ကြေငြာထားပါတယ်။ သူတို့ဟာ မှော်အချက်ပြစနစ်အသစ်တစ်ခုကို ရှာဖွေဖန်တီးထားပါတယ်တဲ့ အကြီးအကဲ အီဗီတာ ရဲ့ ကြေငြာချက်အရ Frestech ကုန်သည်ကြီးများအသင်းဟာ မှော်အချက်ပြတွေရဲ့ အကွာအဝေးကန့်သတ်ချက်ကို ချိုးဖျက်နိုင်ဖို့နဲ့ အကန့်အသတ်မရှိတဲ့ ပြောင်းလဲမှုတွေရဖို့ ဖြစ်နိုင်ချေတွေရှိနေပါတယ်။ အကယ်၍ ဒါဟာအမှန်ဆိုရင် ဒီတိုင်းပြည်ရဲ့ မှော်အချက်ပြဆက်သွယ်မှုစနစ်ဟာ အဆင့်အသစ်တစ်ခုကိုဝင်ရောက်သွားပြီလို့ဆိုလိုနေတာပါ ဒါဆိုရင် တခြားနိုင်ငံတွေနဲ့ ကုမ္ပဏီတွေမှာ ….”
ခေါက်ဆွဲဆိုင်ထဲဝင်လိုက်သည်နှင့် ဆိုင်ထောင့်မှ မှော်ရုပ်ပြ မှထွက်လာသောအသံသည် သူ၏အာရုံကိုဖမ်းစားလိုက်သည်။
လူစီယန်သည် မှော်ရုပ်ပြထဲမှ မြင်နေရသော အကြီးအကဲ ၏ အလှအပအားချီးမွမ်းရင်း သူ၏စိတ်နှလုံးမှာ ပျော်ရွင်မှုများဖြင့်ပြည့်နှက်လာခဲ့သည်။
ဘုရားရေ Frestech ကုန်သည်ကြီးများအသင်းက တကယ်ပဲ အကန့်အသတ်မဲ့ မှော်အချက်ပြပို့ဆောင်ရေးနည်းပညာကို တီထွင်နိုင်ခဲ့ပြီတဲ့လား။
အကယ်၍ ထိုသတင်းသည် အမှန်တကယ်သာဖြစ်ခဲ့ပါက တိုင်းပြည်၏ မှော်စက်မှုနယ်ပယ်အတွက် ကြီးမားသော လွမ်းမိုးမှုတစ်ခု ဖြစ်လာပေလိမ့်မည်။
သတင်းကြေငြာသူပြောခဲ့သည့်အတိုင်း ထိုသတင်းသည် တိုင်းပြည်၏မှော်ဆက်သွယ်ရေး နယ်ပယ်တစ်ခုလုံးအား ကမ္ဘာကြီးအားတုန်လှုပ်စေမည့်ပြောင်းလဲမှု တစ်ခုကိုကြုံတွေ့ရမည်ဖြစ်ပြီး အဆင့်အသစ်တစ်ခုကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။
လူစီယန်သည် ဖိလစ်အကယ်ဒမီတွင် ပညာသင်ခဲ့စဉ်က မှော်အချက်ပြပို့ဆောင်ရေးအပေါ် အထူးပြုသင်ကြားခဲ့သည်။ ထို့ကြောင့် ထိုသတင်းအပေါ်များစွာ အာရုံစိုက်မိခြင်းဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ သုတေသနဌာနနှင့် အခြားသော နိုင်ငံများနှင့် ကုမ္ပဏီများ၏ သုတေသနဌာနများသည်လည်း ထိုဘာသာရပ်ကိုလေ့လာနေကြောင်းသိရှိခဲ့သော်လည်း နောက်ဆုံးတွင်မူ Frestech ကုန်သည်ကြီးများအသင်းကသာ တိုးတက်ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုအရာသည် အံ့ဩစရာတစ်ခုတော့ မဟုတ်ခဲ့ပါ။
Frestech ကုန်သည်ကြီးများအသင်းသည် မှော်စက်မှုလုပ်ငန်းနယ်ပယ်နှင့်ပက်သက်၍ ခိုင်မာသော အခြေခံဗဟုသုတများရှိခဲ့သည်။
ထို့ကြောင့် ၎င်းတို့ ပထမဆုံး မဟုတ်ခဲ့လျှင်သာ ထူးဆန်းအံ့ဩဖွယ်ဖြစ်လိမ့်မည်။
သတင်းကြေငြာသူထံမှ မြင့်မြတ်၍နှိမ့်ချသောပုံပန်းသွင်ပြင်ရှိသည့် အကြီးအကဲ အီဗီတာ အားမြင်ရခြင်းသည် လူစီယန်အား သူ့၏နှလုံးသားမှ တိတ်ဆိတ်စွာ ချီးကျူးနေယုံသာ တတ်နိုင်စေခဲ့သည်။
“အကယ်၍ ငါသာ အကြီးအကဲ အီဗီတာ ရဲ့နေရာကိုတစ်နေ့ရောက်ခဲ့မယ်ဆိုရင် ဘာပဲလုပ်ရပါစေ.. အသက်ဆုံးရှုံးရမယ်ဆိုရင်တောင် လုပ်ချင်မိတယ်….”
***
Volume 8, အပိုင်း ၂ ။ သတင်းများ
သူသည် မည်မျှပင်အားကျနေစေကာမူ သူ၏ဆာလောင်ခြင်းအား မရပ်တန့်နိုင်ပေ။
လူစီယန်သည် မှော်ရုပ်ပြအား အချိန်အနည်းငယ်ကြည့်ပြီး နေရာတစ်ခုအားရှာကာ ဈေးသက်သာသော ခေါက်ဆွဲ တစ်ပွဲအား မှာလိုက်သည်။
ခေါက်ဆွဲရောက်လာမည့်အချိန်အားစောင့်ရင်း မှော်ရုပ်ပြကိုသာ ကြည့်နေလိုက်သည်။
ကြေငြာနေသော သတင်းအပြီးတွင် ရုပ်ပြသည် လေပေါ်သို့ မြင်ကွင်းပြောင်းသွားသည်။
အောက်သို့ပြန်ပြချိန်တွင် ကြီးမားကျယ်ပြန့်သောနေရာအားပိုင်ဆိုင်ထားသည့် မြို့တစ်မြို့ရှိနေသည်။
လူစီယန်သည် ထိုမြို့မှာ ကန်ဒရာအင်ပါယာ၏ မြို့တော် ဝင်ဘယ်တန်မြို့ဖြစ်ကြောင်း ချက်ခြင်းမှတ်မိလိုက်သည်။
လူစီယန်သည် အင်ပါယာမြို့တော်သို့ ဘယ်သောအခါမှရောက်ဖူးခြင်းမရှိသော်လည်း သတင်းများတွင် ရံဖန်ရံခါ မြင်ဖူးသောကြောင့် ရင်းနှီးနေခြင်းဖြစ်သည်။
မရောက်ဖူးသောမြို့အား တစ်ချက်ကြည့်ရုံမျှဖြင့် မှတ်မိနေခြင်းသည် လူစီယန်၏မိဘများမတိုင်မှီက မျိုးဆက်များအတွက်ဆိုလျှင် မဖြစ်နိုင်ပါ။ လူစီယန်၏မိဘများသည်ပင် သူတို့၏မွေးရပ်မြေနှင့် ၅၀ကီလိုမီတာဝေးသော တိုင်းပြည်၏ တတိယအကြီးဆုံးမြို့သည် သူတို့၏အဝေးဆုံးရောက်ဖူးသော မြို့ဖြစ်သည်။
တိုင်းပြည်၏မြို့တော်ဖြစ်သော ဝင်ဘယ်တန်မြို့ကိုဆိုလျှင် ရောက်ဖူးရန် ဝေးလှသည်။
လူစီယန်၏ အဘိုးအဘွားများခေတ်ကလူများသည် တစ်သက်လုံး မွေးရပ်မြေကို မစွန့်ခွာသောကြောင့် ကမ္ဘာကြီးအကြောင်းကိုပင် သိရှိခဲ့ရခြင်းမရှိခဲ့ချေ။
မည်သို့ပင်ဖြစ်စေကာမူ Frestech ကုန်သည်ကြီးများအသင်း၏ မှော်အချက်ပြများနှင့် New moon ကုန်သည်ကြီးများအသင်း၏ အစီစဉ်များစွာပါဝင်သောမှော်ရုပ်ပြများအား ထီထွင်နိုင်ခြင်းမရှိခဲ့လျှင် မွေးရပ်မြေမှ စွန့်ခွာခြင်းမရှိသော သူများသည် ကမ္ဘာကြီးအကြောင်း ဘယ်သောအခါမှသိနိုင်တော့မည်မဟုတ်ချေ။
လူစီယန်၏မိဘများသည်လည်း ရုပ်ပြမှလာသော ပညာရေးအစီစဉ်များကြောင့်သာ ဆုံးဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
သူတို့၏မိသားစုသည် ဘေးအိမ်ကဲ့သို့ မှော်စက်များမဝယ်နိုင်ခြင်းကြောင့် (သို့) သူတို့၏ ဘဝများသည် ခက်ခဲခြင်းကြောင့် မဟုတ်ခဲ့ပါလျှင် လူစီယန်အား ဖိလစ်အကယ်ဒမီသို့ ပို့၍ပညာသင်ကြားစေခဲ့မည်မဟုတ်ပေ။
ထို့ကြောင့် လူစီယန်သည် Frestech ကုန်သည်ကြီးများအသင်းနှင့် New Moon ကုန်သည်ကြီးများအသင်းတို့အား အထူးပင်ကျေးဇူးတင်မိသည်။ ၎င်းတို့သည် သူ့အား မြို့ငယ်လေးမှထွက်ကာ ကမ္ဘာကြီးအား ကိုယ်တိုင်မျက်စိဖြင့် ကြည့်နိုင်ရန်နှင့် ဘဝအား ပြောင်းလဲနိုင်ရန် အခွင့်အရေးပေးခဲ့ခြင်းကြောင့်ဖြစ်သည်။
ဝင်ဘယ်တန်မြို့အား အပေါ်စီးမှရိုက်ထားသည့် မြင်ကွင်းနှင့် အတူ နောက်ကွယ်မှ အသံထွက်ပေါ်လာသည်။
“ တော်ဝင်မိသားစု၏ အစောင့်တပ်ဟာ ဒီနေ့မှာ Frestech ကုန်သည်ကြီးများအသင်းမှ ယူဆောင်လာသော မှော်တိုက်ခိုက်ရေးသင်္ဘောငယ် များအား သရုပ်ဖော်တင်ဆက်ပြမှာဖြစ်ပါတယ်။ ဒီသင်္ဘောများဟာ Frestech ကုန်သည်ကြီးများအသင်းရဲ့ လွန်ခဲ့သော သုံးနှစ်က တီထွင်ထားတာဖြစ်ပြီး နောက်ဆုံးပေါ် လေသင်္ဘောများပဲဖြစ်ပါတယ်။ တစ်နာရီကို ၄၀၀ ကီလိုမီတာ အမြန်နှုန်းနဲ့မောင်းနှင်နိုင်သလို အလွန်သက်တောင့်သက်သာ ဖြစ်ပြီး သင့်တင့်တဲ့ စွမ်းဆောင်ရည်ရှိပါတယ်။ ဤကဲ့သို့သော မှော်တိုက်ခိုက်ရေးသင်္ဘောအဖွဲ့ သစ်နှင့်အတူ တော်ဝင်အစောင့်တပ်ဖွဲ့များ အင်အားတိုးလာမှာဟာ သံသယဝင်စရာမလိုပါဘူး။ ဒါဟာ ဝင်ဘယ်တန်မြို့ရဲ့ လုံခြုံရေးနှင့် ကာကွယ်ရေးကို ….”
ဆိုင်အတွင်း၌ရှိသော လူများသည် ကျယ်လောင်စွာ လက်ခုပ်ဩဘာပေးလိုက်ကြသည်။
လူစီယန် သည် စားသောက်ဆိုင်အတွင်းရှိလူများကိုကြည့်ရင်း အံ့ဩသွားရသည်။ ဆိုင်ရှင်သာမက စားသောက်နေသောသူများသည် နံရံပေါ်ရှိမှော်ရုပ်ပြအား စိတ်အားထက်သန်စွာဖြင့် ကြည့်နေကြကြောင်း သူတွေ့လိုက်ရသည်။
“ဟာ ကောင်းလိုက်တာ ဒါနဲ့ဆိုရင် တော်ဝင်အစောင့်တပ်ဖွဲ့က အရင်ထပ်ပို အင်အားတောင့်သွားတော့မှာ”
“ဟုတ်တယ်။ ငါအရင်ကကြားဖူးတယ် ဒါ Frestech ကုန်သည်ကြီးများအသင်းရဲ့ နောက်ဆုံးပေါ်လေသင်္ဘောပဲ အရမ်းမြန်လို့ သူ့အရိပ်ကိုတောင် မျက်စိတစ်မှိတ်အတွင်း မမြင်နိုင်ဘူးတဲ့”
“ တကယ်ပဲလား ဒါမဲ့ သတင်းက သူစွမ်းဆောင်ရည်က အသင့်တင့်ပဲဆို ။ အဲ့တော့…”
“ မင်းရူးနေလား သတင်းတွေက အကုန်လုံးအမှန်တိုင်း ဘယ်ပြောပါ့မလဲ ဒါနိုင်ငံတပ်ဖွဲ့ရဲ့ လျှို့ဝှက်စစ်အင်အားပဲလေ အကုန်လုံးကိုပေးသိလို့ဖြစ်ပါ့မလား”
“ အေ ဟုတ်သားပဲ အဲ့တာဆိုရင် ….”
….
လူစီယန်သည် ဘေးဘီမှ စကားဝိုင်းများအား နားထောင်ရင်း နှုတ်ခမ်းကိုတွန့်ကာ ပြုံးလိုက်သည်။
ထိုသူများသည် ဘာကိုမျှသေချာမသိပဲ မည်သည့်အတွက်ကြောင့်စိတ်လှုပ်ရှားနေကြပါသနည်း။
မှော်သင်္ဘောများသည် လွန်ခဲ့သောသုံးနှစ်က Frestech ကုန်သည်ကြီးများအသင်းက တီထွင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းက ဖော်ပြခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ထိုသုံးနှစ်အတွင်းတွင် Frestech ကုန်သည်ကြီးများအသင်းမှ ပိုမိုကောင်းမွန်သော လေသင်္ဘောအသစ်အား တီထွင်နိုင်ခဲ့ခြင်းမရှိလျှင်ပင် ထိုလေသင်္ဘောများထက်သာလွန်သည့် အခြားသောနည်းပညာတစ်ခုခုကို တီထွင်နိင်ခဲ့ပြီးဖြစ်လိမ့်မည်ဖြစ်သည်။
ပြီးလျှင် ထိုလေသင်္ဘောငယ်များသည် Frestech ကုန်သည်ကြီးများအသင်း၏ အားအကောင်းဆုံးနှင့် နောက်ဆုံးပေါ် တီထွင်မှုမဟုတ်သေးချေ။ Frestech ကုန်သည်ကြီးများအသင်း၏ လုံးဝရောင်းချဖူးခြင်းမရှိသေးသော အားကောင်းသည့်မိုးကြိုးလေသင်္ဘောများ ၌သာလျှင် အားအကောင်းဆုံးသော စွမ်းအင်များပါဝင်သည်။ ၎င်းသည်ပင် ကောင်းကင်ပေါ်တွင် အမှန်ပင် လွန်ကဲသောစွမ်းအင်များထုတ်လွှတ်နိုင်စွမ်းရှိသည်။
ကောလဟာသများအရ Frestech ကုန်သည်ကြီးများအသင်း၏ အတွင်းတွင် ထိုမိုးကြိုးလေသင်္ဘောများသည် လေကိုထိန်းချုပ်နိုင်သည်ဟုဆိုကြသည် အခြားသောလေသင်္ဘောများသည် ၎င်းအားထိပင်မထိနိုင်ကြဟု ဆိုသည်။
ထို့ကြောင့် မိုးကြိုးလေသင်္ဘောကဲ့သို့ အားသာချက်မရှိလျှင် Frestech ကုန်သည်ကြီးများအသင်းသည်ပင် လေပေါ်တိုက်ပွဲများတွင် အားအကောင်းဆုံးဖြစ်လိမ့်မည်ဖြစ်သည်။
တိုင်းပြည်ထဲရှိလူများသည် ယခုအချိန်တွင် တိုက်ပွဲနိုင်ရန်အတွက်အရေးကြီးဆုံးနည်းလမ်းမှာ လေပေါ်ရှိတိုက်ပွဲများတွင် အသာစီးရခြင်းဖြစ်ကြောင်းသိရှိနားလည်လာပြီဖြစ်သည်။ ထိုတိုက်ပွဲများသည်ပင် တိုက်ပွဲတစ်ခု၏အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရှိလာခဲ့ကြသည်။
ဤသည်မှာ စိတ်ကူးယဉ်တိုက်ပွဲများနှင့် လေ့ကျင့်ကွင်းများတွင်သာ ရှိကြောင်းသေချာပါသည်။
ယခု စိုင်နယ်မြေတွင်မူ Frestech ကုန်သည်ကြီးများအသင်းနှင့် ရင်ဆိုင်၍တိုက်ပွဲတစ်ခုအားစတင်ရန် သတ္တိရှိသော နိုင်ငံတစ်ခုမှ မရှိသေးချေ။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းပင်ဖြစ်သည်။
ထို့ကြောင့် လူစီယန်သည် ဘေးဘီရှိ တော်ဝင်အစောင့်များ၏ လေသင်္ဘောငယ်များ တပ်ဆင်နိုင်မှုအပေါ်စိတ်အားထက်သန်နေကြသော သူများအား ကြည့်ကာ ပြောစရာစကားပင်မရှိဖြစ်ခဲ့ရလေသည်။
တော်ဝင်အစောင့်တပ်ဖြစ်စေ ကန်ဒရာအင်ပါယာ၏ တပ်ဖွဲ့အားလုံးမှဖြစ်စေ ၎င်းတို့၏ စစ်တပ်အင်အားကို ဖြည့်တင်းနိုင်ခြင်းသာမက အင်ပါယာမှ အရေးပါသော သူများအား အင်အားပေးလိုက်လျှင်ပင် ကုန်သည်ကြီးများအသင်းနှင့် တိုက်ပွဲစတင်ရဲပါမည်လား။
ကုန်သည်ကြီးများအသင်းကိုမဆိုထားနှင့် အခြားသောတိုင်းပြည်များနှင့်ပင် စစ်ကြေငြာရဲပါမည်လား။
Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ရှုသည် လွန်ခဲ့သောဆယ်နှစ်က ဘန်တာမြို့တွင် ဘန်တာတရားဝင်ကြေငြာချက်ကို ထုတ်ပြန်ပြီးနောက်တွင် ကြယ်ပင်လယ်သို့ဦးတည်သွားနိုင်ရန်နှင့် စိုင်နယ်မြေအား မှော်စက်မှုလုပ်ငန်းတိုးတက်သောနယ်မြေဖြစ် စေရမည်ဟူသော ဦးတည်ချက်များချမှတ်ပြီးသည့်နောက်တွင် မည်သို့သောနိုင်ငံတစ်ခုမှ စစ်ပွဲအားစတင်ရန် မစဉ်းစားရဲကြပေ။
အရေးကြီးဆုံးသော အကြောင်းအရင်းမှာ စစ်ပွဲစတင်မည့်နိုင်ငံတစ်နိုင်ငံရှိခဲ့ပါက Frestech ကုန်သည်ကြီးများအသင်းမှ ကြားနေမည်ဖြစ်ပြီး စစ်ပွဲအား ကြီးမားလာစေရန် ခွင့်ပြုပေးမည်မဟုတ်ပေ။
ဒုတိယအချက်မှာ Frestech ကုန်သည်ကြီးများအသင်းသည် များစွာသော မှော်စက်နည်းပညာများအား တီထွင်ခဲ့သည့်နည်းတူ အခြားသော နိုင်ငံများအားလည်း မှော်စက်မှုလုပ်ငန်းများတိုးတက်စေရန်အတွက်များစွာ အကူအညီများပေးခဲ့သည်။ အကယ်၍ ယခုလိုအရေးကြီးသည့် အချိန်မျိုးတွင်စစ်ပွဲအားစတင်ရန် ကြိုးစားခဲ့ပါက Frestech ကုန်သည်ကြီးများအသင်းမှ ဖယ်ထုတ်ခံရမည်ဖြစ်ပြီး အခြားနိုင်ငံများထပ် အဆပေါင်းများစွာ နောက်ကျကျန်ခဲ့မည်ဖြစ်သည်။
မည်သည့်နိုင်ငံမှ ထိုကဲ့သို့သော စွန့်စားမှုအား မပြုလုပ်လိုကြသကဲ့သို့ ကန်ဒယာအင်ပါယာသည်လည်း ထိုနည်းတူပင်ဖြစ်သည်။
ထို့ကြောင့် တော်ဝင်အစောင့်တပ်များ၏ မှော်လေသင်္ဘောများ တပ်ဆင်သည့် သတင်းမှာ ကန်ဒရာ အင်ပါယာအနေဖြင့် အင်အားကြီးမားကြောင်း တချို့သောမသိနားမလည်သူများအား အသိပေးလိုခြင်းဖြစ်သော်လည်း လူစီယန်ကဲ့သို့ မှော်စက်များအကြောင်းနားလည်သော သူများကသာလျှင် ထိုသတင်းမှာ ကန်ဒရာအင်ပါယာ၏အတွင်းပိုင်းတည်ငြိမ်မှုကို ထိန်းထားလိုသော သဘောသာဖြစ်ကြောင်း သိရှိကြလိမ့်မည်ဖြစ်သည်။
ပြီးနောက်တွင် သတင်း၌ အင်ပါယာ၏လွတ်တော်ကို အနှောက်အယှက်များစွာပေးနေသည့် အုံ့ကြွနေသော ဒေသများစွာရှိနေကြောင်း ဖော်ပြထားသည်။
တော်ဝင်အစောင့်များ ထိုသတင်းကိုထုတ်ပြန်ခြင်းသည် သဘောထားကွဲလွဲနေသောသူများအား ထိတ်လန့်စေလိုခြင်းဖြစ်သည်။
ဘေးဘီမှ လူများသည် ထိုသတင်းအား ဆွေးနွေးနေချိန်တွင် ဆိုင်ရှင်သည် မရပ်မနား အလုပ်လုပ်နေပြီး လူစီယန်၏ခေါက်ဆွဲအား အမြန်ချပေးခဲ့သည်။
လူစီယန်သည် ဆာလောင်နေသဖြင့် ဘေးဘီရှိလူများ၏ ရယ်စရာကောင်းသည့် စကားဝိုင်းများအား ဂရုမစိုက်တော့ပဲ စတင်၍စားသောက်တော့သည်။
စားသောက်နေစဉ်တွင် မှော်ရုပ်ပြအား မကြာခန မော့ကြည့်ကာ ထိုမှထွက်လာသောအသံများအားလည်း နားစွင့်နေခဲ့သည်။
သတင်းများအား တင်ဆက်ပြီးသည့်နောက် လာသည့် အစီအစဉ်များမှာ ပြည်တွင်းသတင်းများသာဖြစ်သည်။
လူစီယန်သည် ပြည်တွင်းသတင်းများကိုမူစိတ်မဝင်စားချေ။ အဘယ်ကြောင့်ဆိုသော် သူနှင့်မသက်ဆိုင်သည့်အတွက် ကြောင့်ဖြစ်သည်။
သို့သော် အနုပညာသတင်းများလာသည့်အချိန်တွင်မူ ခေါင်းအနည်းငယ်မော့၍ ကြည့်မိသည် အနုပညာသတင်းများတွင်မူ သူနှစ်သက်သည့် လီနိုရာ ပါတတ်သဖြင့်ဖြစ်သည်။
မှော်ရုပ်ပြများတွင် လီနိုရာ ကိုကြည့်ရခြင်းမှာ ဤကမ္ဘာမှမဟုတ်သည့် မြင့်မြတ်သောအရောင်ဝါများရှိသည့် လှပသောပန်းကလေးအား ကြည့်နေရသကဲ့သို့ပင်။ လူစီယန်သည် သူ၏အကြည့်ကိုမထိန်းချုပ်နိုင်ပေ။
New Moon ကုန်သည်ကြီးများအသင်းသည် များစွာသော ဖျော်ဖြေရေးအစီစဉ်များမှ အနုပညာရှင်များအား ဖန်တီးပေးခဲ့သည်။ လူစီယန်သည် တခြားသော အနုပညာရှင်များအား ဂရုမစိုက်သော်လည်း လီနိုရာသည် သူ၏စိတ်ကိုလှုပ်ရှားစေခဲ့ပြီး သူမအား အာရုံမစိုက်ပဲမနေနိုင်ခဲ့ပေ။
သို့သော်လည်း လူစီယန်သည် လီနိုရာနှင့် သူ၏ဘဝသည် ကွာခြားလွန်းကြောင်း သိပါသည်။ ဤဘဝတွင်မူ သူမနှင့်ဆုံတွေ့နိုင်ရန် အကြောင်းမရှိသော်လည်း သူမအားမှော်ရုပ်ပြမှတဆင့် တွေ့မြင်ရခြင်းသည်ပင် သူ့အတွက် လုံလောက်နေပြီဖြစ်သည်။
လီနိုရာ၏သတင်းပြီးဆုံးချိန်တွင် လူစီယန်သည် လက်တွေ့ဘဝသို့ပြန်လာခဲ့သည်။ သူခေါင်းကိုငုံလိုက်ချိန်တွင် သူ၏ဘေးဝိုင်းတွင် သူ့အားပြုံး၍ ကြည့်နေသော ဦးလေးကြီးတစ်ယောက်အား တွေ့လိုက်ရသည်။ ထိုစဉ်သူ၏မျက်နှာသည်နီရဲသွားပြီး ခေါက်ဆွဲစားရန်သာ ခေါင်းကိုငုံ့လိုက်သည်။
သူသည် ခေါက်ဆွဲကိုအမြန်စားလိုက်ခြင်းကြောင့် ပူနေသည်ကို သတိမထားမိပဲ ချောင်းဆိုးမိတော့သည် စားပွဲပေါ်တွင် ခေါက်ဆွဲဖတ်များပြန့်ကျဲသွားသောကြောင့် အင်မတန် အားနာမိတော့သည်။
လူစီယန်သည် အမြန်တည်ငြိမ်အောင်လုပ်လိုက်ပြီးနောက် သူ့ပေါ်တွင် စွတ်ပြုတ်ရည်များပေကျံနေပြီး စားပွဲပေါ်တွင်လည်း ပေပွနေသည်ကိုသိလိုက်ရသဖြင့် သူ၏မျက်နှာမှာ ပို၍ပင် နီလာရတော့သည်။
သူ၏ဘေးမှ ဦးလေးသည် စိတ်ဆိုးပုံမပေါ်ပဲ ခေါင်းအားခါယမ်းနေသည်။ သူသည် ကြင်နာစွာပြုံးပြပြီး လူစီယန်အား လက်သုတ်ပဝါတစ်ထည် ကမ်းပေးလာသည်။
လူစီယန်သည် ခုံပေါ်ရှိပေနေသည့်အရာများကို မသုတ်သေးပဲ အရင် ကျေးဇူးတင်လိုက်သည်။
“ မင်းကိုကြည့်ပါဦး မင်းကကျောင်းတစ်ခုခုက ကျောင်းသားတစ်ယောက်လား”
လူစီယန် ထိုင်ခုံတွင်ပြန်ထိုင်ပြီးနောက် ဦးလေးကြီးမှ အပြုံးဖြင့်မေးလာသည်။
“ ဟာ ဘယ်လိုလုပ်သိတာလဲဗျ” လူစီယန် အံ့ဩသွားရသည်။
ဦးလေးကြီးမှ ရယ်လျက် “အတွေ့အကြုံတွေ အများကြီးရပြီးနောက် တချို့အရာတွေကို အရှိအတိုင်းမြင်လာတာပေါ့ကွာ ဘာမှမထူးဆန်းပါဘူး”
ထိုသို့ ပြောပြီးနောက် ဦးလေးကြီးသည် ခေါင်းကိုပြန်ငုံ၍ သူ၏ခေါက်ဆွဲကို ပြန်စားနေပြီး စကားဆက်ပြောလိုခြင်းမရှိချေ။
လူစီယန်သည် ဖြစ်လာသည့်အခြေအနေကို နားလည်နိုင်စွမ်းမရှိတော့သောကြောင့် ခေါင်းကိုသာ ကုတ်မိတော့သည်။
ဖြစ်ခဲ့သောမတော်တဆကြောင့် သူ၏ခေါက်ဆွဲကို ဆက်စား၍မရတော့သဖြင့် ဘေလ်ရှင်းရန်သာ ဆိုင်ရှင်ကိုခေါ်လိုက်ရတော့သည်။
“ခေါက်ဆွဲတစ်ခွက်အတွက် ရွေဒဂါး ၁၅ ပြားကျပါတယ်ဗျ ကျေးဇူးပါ”
ဆိုင်ရှင်၏ပြုံးနေသောမျက်နှာကိုကြည့်ရင်း သူ၏စိတ်ထဲ၌မူ ကျိန်ဆဲနေမိသည်။
ခေါက်ဆွဲတစ်ပွဲအတွက် ရွေဒဂါး ၁၅ပြားကျသင့်ခြင်းက များလွန်းသည်မဟုတ်ပါလား။
သူ၏မြို့တွင်မူ ဤကဲ့သို့ခေါက်ဆွဲတစ်ပွဲအတွက်ဆိုလျှင် ငွေဒဂါး ၂ပြားသာ ကျသင့်မည်ဖြစ်သည်။
သို့သော် ဒူလာမြို့အကြောင်းတွေးလိုက်မိသောကြောင့် လူစီယန်သည် သက်ပြင်းကိုသာချကာ အိတ်ကပ်ထဲသို့လက်နိုက်လိုက်ရတော့သည်။
ထို့နောက် သူ၏အမူအယာမှာ ပြောင်းလဲသွားသည်။
***
Volume 8, အပိုင်း ၃ ။ အချိန်ပိုင်းအလုပ်လုပ်ခြင်း
အိပ်ကပ်ထဲတွင် သူ၏ကျန်ရှိနေသော ရွှေဒဂါးနှစ်ပြားနှင့် ငွေဒဂါးဆယ်ပြားရှိနေရမည် ဖြစ်သော်လည်း ယခုတွင်ဘာမှမရှိပဲ ဗလာဖြစ်နေခဲ့သည်။
လူစီယန်သည် အိတ်ကပ်ထဲသို့ နှိုက်နှိုက်ချွတ်ချွတ်နှိုက်၍သော်လည်းကောင်း အပြင်သို့ထုတ်၍သော်လည်းကောင်း ထပ်မံ၍ရှာဖွေကြည့်သော်လည်း ငွေဒဂါးများ၏ အရိပ်အယောင်ပင်မတွေ့သဖြင့် စတင်၍ထူပူလာရတော့သည်။
ထိုငွေများသည် သူ၏နောက်ဆုံးကျန်ရှိနေသောပိုက်ဆံများဖြစ်ပြီး ၎င်းတို့ မရှိတော့ပါက ဒေါ်လာမြို့တွင် အလုပ်ရှာရန်နေနိုင်တော့မည်မဟုတ်သလို အိမ်သို့ပြန်ရန်ပင် ခက်ခဲသွားတော့မည်ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ ယခုရှင်းရမည့် ခေါက်ဆွဲဖိုးအား မပေးနိုင်ခြင်းဖြစ်သည်။
ခေါက်ဆွဲဆိုင်ပိုင်ရှင်သည် ဤကဲ့သို့အတွေ့အကြုံရှိခဲ့ဖူးပြီးဖြစ်ပေသည်။ လူစီယန်၏ အမူအယာကိုမြင်ရုံနှင့် ဖြစ်နေသောအကြောင်းအရာကို ခန့်မှန်းနိုင်သဖြင့် သူ၏ပြုံးနေသောမျက်နှာမှာ ချက်ခြင်း တည်သွားလေသည်။
“ဖောက်သည်ဗျ ကျေးဇူးပြုပြီး ခေါက်ဆွဲဖိုးပေးပါ”
လူစီယန်သည် အိတ်ကပ်ကို ဆုပ်ကိုင်လိုက်ပြီး နောက် နှဖူးတွင်ချွေးများစို့လာတော့သည်။
ဘာလုပ်ရမလဲ။
ဘာလုပ်ရမလဲ။
လူစီယန် ဘာမှပြန်မပြောသည်ကိုတွေ့သည်နှင့် ဆိုင်ရှင်၏မျက်နှာထားမှာ ပို၍ပင် တင်းမာအေးစက်သွားပြီး သူ၏အသံမှာ ပိုကျယ်လာသည်။
“ဖောက်သည်ဗျ စားပြီး ထွက်ပြေးဖို့ စီစဉ်ထားတာတော့ မဟုတ်ဘူးမလား”
စားသောက်ဆိုင်ထဲရှိသူများလည်း ဆူညံသံများကိုကြားကာ လည့်ကြည့်လာကြသည်။
လူစီယန်၏ ထိတ်လန့်နေသော မျက်နှာနှင့် ဝတ်ဆင်ထားသောအဝတ်များကိုကြည့်ပြီး လူများသည် စတင်၍ ရယ်မောလာကြသည်။
“ဟား ဟား သူတောင်းစားလေးလာစားတာပဲ။ ဆိုင်ရှင်ရေ မင်းတော့ကံဆိုးတာပဲ”
“ဆိုင်ရှင်ရေ သူ့ကိုကြည့်ရုံနဲ့ ပိုက်ဆံတစ်ပြားမှမရှိမှန်း သိနိုင်ပါတယ်။ ဒီခေါက်ဆွဲတစ်ပွဲကတော့ အလကားပေးလိုက်ရတော့မယ်ထင်တယ်”
“ဟေး ဒီကလေးကြည့်ရတာ ရိုးသားပုံပါပဲ။ ဒါမဲ့ ဒီလိုရှက်စရာကောင်းတဲ့ လုပ်ရပ်ကို ဘယ်လို လုပ်နိုင်ရတာလဲ။ အရမ်းဆာလောင်နေလို့ လုပ်မိသွားတာတော့ မဖြစ်နိုင်ဘူးမလား”
လူအုပ်ကြီးထဲမှ တီးတိုးပြောသံများကို ကြားရပြီးနောက် လူစီယန်၏မျက်နှာသည်နီရဲလာသော်လည်း သူတို့အားဘာမှတုံပြန်မပြောနိုင်ခဲ့ပေ။
အကြောင်းမှာ ပိုက်ဆံမရှင်းနိုင်၍မဟုတ်ပဲ ဆိုင်ရှင်၏အေးစက်နေသော မျက်နှာထားနှင့် ဘေးလူများ၏ခနဲ့တဲ့တဲ့ ပြောသံများကြောင့်ဖြစ်သည်။
သူသည်မျက်မှောင်ကြုတ်လိုက်၍ အရဲစွန့်လိုက်ပြီး “ဆိုင်ရှင်ဗျ ကျွန်တော်……”
သူစကားစလိုက်သည်နှင့် သူ၏ဘေးဝိုင်းမှ ဦးလေးကြီးက ရုတ်တရက် စားပွဲခုံအားထုလိုက်သည်။
“ဒီမှာ ပိုက်ဆံ။ ကျုပ်ရှေ့ကလူငယ်လေးရဲ့ ဘေလ်ကို ကျုပ်ပိုက်ဆံနဲ့ချေလိုက်ပါ”
လူစီယန် ကြောင်သွားသည်။ ဆိုင်ရှင်က ဦးလေးကြီးအား တစ်ချက်ကြည့်၍ ပိုက်ဆံကိုယူကာထွက်သွားလေသည်။
အခြားသူများသည်လည်း ကြည့်စရာဘာမှမရှိတော့သောကြောင့် အနည်းငယ်ရယ်မောကာ တခြားနေရာသို့သာ အာရုံစိုက်လိုက်ကြသည်။
“ ကျေး …ကျေးဇူးပါခင်ဗျ” လူစီယန်သည် ထူးဆန်းနေသော်လည်း သူ၏ကျေးဇူးတင်စိတ်အားဖော်ပြလိုက်သည်။
ဦးလေးကြီးက လက်ခါပြလိုက်ပြီး သူ့ကိုကြည့်ကာ “ မင်းကိုကြည့်ရတာ စားပြီးပြေးမဲ့ပုံတော့ မပေါက်လို့ပါ။ ဘာဖြစ်နေလို့လဲ ပြဿနာတစ်ခုခုတွေ့နေတာလား”
လူစီယန်သည် စိတ်ကိုလျော့လိုက်ပြီး သေချာပြန်တွေးကြည့်လိုက်သည့်အခါ အမြန်ပင်သတိရသွားသည်။
လမ်းမှာသူနှင့်တိုက်မိခဲ့သော မျက်နှာထား ခပ်ထန်ထန်နှင့် လူပုပဲဖြစ်ရမည်။
သူ၏ပိုက်ဆံခိုးဖို့ အခွင့်အရေးဖန်တီးခဲ့ခြင်းဖြစ်လိမ့်မည်။
လူစီယန်သည် ယခုတွင်မူနောင်တရနေပြီဖြစ်သည်။ သူ့မိဘများသည် သူခိုးများရန်အားသတိထားရန် အတန်တန် မှာကြားခဲ့သော်လည်း ခိုးခံရလိမ့်မည်ဟု ဘယ်သောအခါမှ မထင်ခဲ့မိချေ။
ဤကြင်နာတတ်သည့်ဦးလေးကြီးသာမကူညီခဲ့လျှင် ဆိုင်ရှင်နှင့်ရှင်းရတော့မည်ဖြစ်သည်။
“ကျွန်တော် …သူခိုးနဲ့တွေ့ခဲ့တာနေမယ်…” လူစီယန်ကပြုံးကာဖြေလိုက်သည်။
“အာ။ ဒေါ်လာမြို့မှာ လူတွေအများကြီးဆိုတော့ သူခိုးတွေလဲအများကြီးရှိတာပေါ့။ ငါစစရောက်ခြင်းတုန်းကလဲခံရသေးတယ်။ အဲ့တော့ မထူးဆန်းပါဘူး” ဦးလေးကြီးကပြုံး၍ခေါင်းငြိမ့်လျက်ပြောသည်။ ထို့နောက်လူစီယန်ထံမှ မျက်နှာလွဲလိုက်ပြီးနောက်၊
“မင်းကမှော်ပညာရှင်တစ်ယောက်ဖြစ်မယ် ဟုတ်လား”
လူစီယန်ကအံ့ဩသွားပြီး
“ဦးလေး ဘယ်လိုလုပ်သိတာလဲ”
“မင်းဆီကထွက်နေတဲ့မှော်ပညာလှိုင်းတွေကို ငါခံစားရတယ်” လူစီယန်အံ့ဩနေသည်ကိုတွေ့မြင်သည့်နောက် ဦးလေးကြီးက သူ့ကိုယ်သူ လက်ညိုးထိုးကာ
“ငါကလဲ မှော်ပညာရှင်တစ်ယောက်ပဲ ဒါပေမဲ့ငါကအဆင့်သိပ်မမြင့်ဘူး။ အခုထိ တတိယအဆင့်မှော်ပညာရှင်ပဲဖြစ်သေးတယ်”
လူစီယန်သည် အနည်းငယ် ထူးဆန်းသလိုခံစားရပြီးနောက် “အို” ဟုသာပြောခဲ့သည်။
သူစိမ်းဦးလေးကြီးသည် သူမှော်ပညာရှင်ဖြစ်မှန်း သိနေသည်မှာ မထူးဆန်းသော်လည်း ၎င်းကိုယ်တိုင် တတိယအဆင့်မှော်ပညာရှင်ဖြစ်ကြောင်း ထည့်ပြောသည်မှာ ထူးဆန်းနေသည်။
လွန်ခဲ့သောဆယ်နှစ်အကြာက အရ နယ်မြေထဲရှိ မှော်ပညာရှင်များသည် မိမိတို့၏မှော်ပညာအင်အားများအား တိုင်းတာခြင်းမရှိတော့ပဲ မှော်စက်များနှင့် မှော်အသိပညာများအားဖြင့်သာ ၎င်းတို့၏ တန်ဖိုးကို သတ်မှတ်ကြတော့သည်။
တတိယအဆင့်မှော်ပညာရှင် ဆိုသည့် သတ်မှတ်ချက်မှာ တီထွင်ခဲ့ကြသည့်သူများကပင် စွန့်လွတ်လိုက်ကြပြီဖြစ်သည်။ ယခုတွင် ထိုအဆင့်များဖြင့် မိမိကိုယ်ကို မသတ်မှတ်ကြတော့ချေ။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်း၏လမ်းညွှန်မှုဖြင့် နယ်မြေများတွင် မှော်စက်နည်းပညာများတိုးတက်စေရန် ကြိုးစားနေသောကြောင့် ထိုအဆင့်သတ်မှတ်ချက်များမှာ များစွာနောက်ကျကျန်နေခဲ့ပြီးဖြစ်သည်။ ထိုသတ်မှတ်ချက်များသည် မှော်ပညာရှင်များ၏လုပ်နိုင်စွမ်းကို သတ်မှတ်ပေးနိုင်ခြင်းမရှိတော့ချေ။
ဥပမာအားဖြင့် လူစီယန်၏ ယခုလက်ရှိအဆင့်မှာ ယခင်သတ်မှတ်ချက်များအတိုင်း သတ်မှတ်မည်ဆိုပါက ဒုတိယအဆင့်သို့ တတိယအဆင့်မှော်ပညာရှင်အဖြစ်သာ သတ်မှတ်နိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် မှော်ပညာရပ်ထပ် မှော်စက်ဖန်တီးသည့် ပညာရပ်အားပိုမို၍လေ့လာခဲ့သောကြောင့်ဖြစ်သည်။
သို့သော် ဖိလစ်အကယ်ဒမီ၏ မှော်ပညာသီအိုရီအသစ်အရ သူ၏မှော်ပညာအပေါ်နားလည်မှုသည် ထိုရိုးရာမှော်ပညာရှင်များထက် သာလွန်ပေသည်။
သူသည်ဆန္ဒရှိခဲ့မည်ဆိုလျှင် ပဉ္စမအဆင့် သို့မဟုတ် ဆဌမအဆင့် မှော်ပညာရှင်နှင့်ပင် ယှဉ်နိုင်ပေသည်။
သို့သော်နယ်မြေထဲရှိ မှော်ပညာရှင်များအနေဖြင့် အင်အားချင်းယှဉ်ပြိုင်ခြင်းသည် အလွန်ငြီးငွေ့ဖွယ်ကောင်းလှပေသည်။ ထို့ကြောင့် ထိုမှော်ပညာရပ်အား သင်ယူသူနည်းပါးလှသည်။
ပြီးနောက်၊ ၏ ကန့်သတ်ချက်များအရ မှော်ပညာရှင်များသည် တိုက်ပွဲသို့သွား၍မရပေ။ ထို့ကြောင့် သူတို့၏ဖျက်စီးနိုင်စွမ်းအားကို ပြသနိုင်ခွင့်မရှိကြချေ။
ထို့ပြင် ၎င်းတို့သည် တိုက်ပွဲတွင် ပါဝင်ခွင့်ရခဲ့လျှင်ပင် အားကောင်းသည့် မှော်စက်များရှေ့တွင် မှော်ပညာရှင်တစ်ဦးတည်းအနေဖြင့် ဘာမှလုပ်နိုင်စွမ်းရှိမည်မဟုတ်ပဲ နေရာလည်းရမည်မဟုတ်ပေ။
ထို့ကြောင့် ၎င်းမှော်ပညာရှင်များအနေဖြင့် ကုမ္ပဏီများတွင် အစောင့်အဖြစ်လုပ်ကိုင်နိုင်သော်လည်း ယခုခေတ်တွင် စစ်တပ်သုံးမှော်စက်ကိုင်ဆောင်သူများအား အစောင့်အနေဖြင့် အစားထိုးအသုံးပြုလာပြီဖြစ်သည်။
ကုမ္ပဏီများ၏အစောင့်အဖြစ်အလုပ်ရရန်မဆိုထားနှင့်။ လေ့လာသူ သို့ မှော်ပညာ လေ့လာသည့်အလုပ်တွင် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်းပင်လျှင် သူတို့အတွက်ကောင်းမွန်နေပြီဖြစ်သည်။ ဤသည်မှာ အစောင့်အဖြစ်အလုပ်လုပ်သည်ထက် အန္တရာယ်ပိုကင်းပြီး ပိုက်ဆံလည်းပိုရသည်။
အချုပ်ဆိုရသော် တတိယ အဆင့်မှော်ပညာရှင်ဟုပြောသော ဦးလေးကြီး၏ပုံစံမှာ ရှားပါးပြီး လူစီယန်အနေဖြင့် ယခုမှ မြင်ဖူးခြင်းဖြစ်သည်။
“ဘာလဲ တတိယအဆင့်မှော်ပညာရှင်ဆိုတဲ့ အသုံးအနှုန်းနဲ့ မရှင်းနှီးဘူးလား”
ဦးလေးကြီးသည် လူစီယန်၏အတွေးများအား သိမြင်နေပုံဖြင့် ပြုံး၍ပြောလေသည်။ “မင်းလိုငယ်ရွယ်တဲ့ လူငယ်မှော်ဆရာကတော့ ရင်းနှီးမှာမဟုတ်ပါဘူး”
လူစီယန်သည် နေရခက်စွာပြုံးလိုက်ပြီး မည်ကဲ့သို့ တုံ့ပြန်ရမည်မသိဖြစ်နေသည်။
ထိုအချိန်တွင် ဆိုင်ရှင်ရောက်လာပြီး ဦးလေးကြီးအား အကြွေများပြန်လာအမ်းပေးမှသာလျှင် ထိုလေထုမှာပြောင်းလဲသွားတော့သည်။
ဦးလေးကြီးသည် ထိုင်ရာမှမထမှီ ပိုက်ဆံကိုယူလိုက်ပြီး လူစီယန်အားလက်ဝှေ့ပြလိုက်သည်။
“သွားရအောင်”
လူစီယန်သည်အံ့ဩစွာဖြင့် ဦးလေးကြီးအားငေးကြည့်လိုက်သည်။
ဦးလေးကြီးသည်ပြုံး၍ “မင်းပိုက်ဆံတွေကခိုးခံလိုက်ရတယ်မလား။ မင်းကိုကြည့်ရတာ ဒေသခံနဲ့လည်းမတူဘူး။ အဲတော့မင်းဒီမှာ ဘယ်လိုနေဖို့စဉ်းစားထားလဲ။”
လူစီယန်သည် အံကြိတ်လိုက်ပြီး “ကျွန်တော်အချိန်ပိုင်းအလုပ်တစ်ခုရှာလုပ်ပြီး အိမ်ပြန်ဖို့ ပိုက်ဆံနည်းနည်းစုရမယ်”
“ဒါကြောင့် ငါပြောတာပေါ့။ ငါ့နားမှာအလုပ်လုပ်ဖို့ မှော်ပညာဗဟုသုတရှိတဲ့ အလုပ်သမားတွေလိုနေတယ်။ ၃ရက်ပဲလာလုပ်။ တစ်ရက်ကို ရွှေဒဂါး တစ်ပြားပေးမယ်။ မင်းအလုပ်လိုချင်ရင် အခုပဲလိုက်ခဲ့လိုက်”
လူစီယန်သည် မတ်တပ်မရပ်မှီ အနည်းငယ်တွန့်ဆုတ်နေခဲ့သည်။
ဦးလေးကြီးသည် လူစီယန်အားပြုံးပြ၍ ရိုးသားသောအကြည့်ဖြင့်
“လူငယ်လေး ပြဿနာတွေဟာ ဖြေရှင်းဖို့နည်းလမ်းအမြဲတမ်းရှိပါတယ်”
လူစီယန်သည် ထိုလူကြီးနောက်အနည်းငယ်လိုက်သွားပြီးနောက် “ ဦးလေး ကျွန်တော်လုပ်ရမဲ့အလုပ်ကဘာအလုပ်လဲမေးလို့ရမလားဗျ။ ပြီးတော့ ဦးလေးနာမည်လည်း မမေးမိသေးလို့ဗျ”
“ငါ့ကို ရန်ဒို လို့ပဲခေါ်ပါ။ အလုပ်ကတော့ ငါကအလုပ်ရုံအသေးစားလေးဖွင့်ထားတယ်။ ပြီးတော့ ငါတို့က မှော်ပန်ကာအတွက် ဆုံလည်တွေလုပ် အော်ဒါလက်ခံပြီးရောင်းတယ်။ ဒါကြောင့် ငါ့မှာ မှော်အစီရင်တွေဆွဲနိင်တဲ့ လူတွေလိုနေတာ မင်းက ရိုးရိုးလေအစီရင် တွေတော့ဆွဲနိုင်တယ်မလား” ဦးလေးကြီးမှရုတ်တရက်မေးလိုက်သည်။
“အ? အာ ပြဿနာမရှိပါဘူး…အဲ့အစီရင်ကရိုးရိုးလေးပါ”
“အင်း ဒါဆို ကောင်းပြီ” ဦးလေးကြီးက ခေါင်းငြိမ့်ရင်းပြောသည်။
“တခြားဆိုဒ်က အဲ့တာကိုအရေးကြီးလိုနေတာ။ ငါ မြို့ထဲမှာ လူထပ်ရှာဖို့စဉ်းစားရင်း အစားလာစားတုန်း မင်းကိုတွေ့လိုက်ရတာပဲ။ အဲ့တော့ ငါ့ကိုကျေးဇူးတင်ဖို့မလိုပါဘူး။ မင်းသာ အလုပ်တွေကို အချိန်မဆွဲပဲ အရေတွက်များများနဲ့ မြန်မြန်လုပ်ပေးနိုင်မယ်ဆိုရင်တော့ ငါက ကျေးဇူးတင်ရမှာပါ”
လူစီယန်သည် အမြန်လက်ခါပြလိုက်ပြီး “ အိုး မဟုတ်တာ မဟုတ်တာ ကျွန်တော့ကို ခေါက်ဆွဲဖိုးရှင်းပေးရုံမက အလုပ်လည်းပေးတယ်။ ဦးလေးဘယ်လိုမြင်ပါစေ၊ ကျွန်တော်က ဦးလေးကိုကျေးဇူးတင်ရမှာပါ”
ဦးလေးရန်ဒိုသည် ခပ်မှိန်မှိန်အပြုံးတစ်ခုပြုံးကာ လူစီယန်နှင့် ထိုကိစ္စအတွက်ပြိုင်ငြင်းမနေတော့ပေ။
သူသည် လူစီယန်အား ခေါက်ဆွဲဆိုင်မှခေါ်ထုတ်ပြီးနောက် ကားမှတ်တိုင်သို့သွားကာ အများသုံးမှော်ကားများ စီးရန် သွားလိုက်တော့သည်။
အများသုံးမှော်ကားများသည် ဒေါ်လာမြို့တွင် ကီလိုမီတာများစွာပြေးဆွဲလျက်ရှိပြီး လမ်းတွင်တစ်ထောက်နားသည့် မှတ်တိုင်များရှိသည်။
ဦးလေးရန်ဒိုသည် လူစီယန်နှင့်အတူ ကားပေါ်မှဆင်း၍ လမ်းတစ်လျှောက် အနည်းငယ်လျှောက်ပြီးနောက် သေးငယ်သော အိမ်ယာတစ်ခုရှေ့သို့ ရောက်သွားလေသည်။
“ ငါတို့ ရောက်ပြီ။”
လူစီယန်သည် အနည်းငယ်အိုဟောင်းနေသည့် အိမ်ယာကိုကြည့်ကာ ထူးဆန်းနေသည်။
ဦးလေး ရန်ဒိုက အဘယ်ကြောင့် ဤနေရာတွင် အလုပ်ရုံလာဖွင့်ရပါသနည်း။
ဤနေရာသည် မြို့မှဝေးသောနေရာတွင် ရှိပြီး မြို့ပြင်ရှိစက်ရုံအလုပ်ရုံများ ရှိသည့်နေရာလည်းမဟုတ်ချေ။ ထို့ကြောင့် ဤနေရာသည် ကုန်ပစ္စည်းများပို့ဆောင်ရန် မလွယ်ကူသကဲ့သို့ ပစ္စည်းများထုတ်လုပ်ရန်လည်း မသင့်တော်ပေ။ထိုနေရာသည် နေရာကောင်းမဟုတ်မှန်း သိသာနေသည်။
“ဒါငါ့ရဲ့ ဘိုးဘွားတွေအမွေပေးခဲ့တဲ့အိမ်ယာလေ။ ဒါထပ်ကြီးတဲ့အိမ်ကိုမြို့မှာရှာရင် ဒါမှမဟုတ် စက်ရုံနယ်မြေတွေမှာရှာရင် ပိုက်ဆံတွေအများကြီးကုန်မှာ”
လူစီယန်၏မျက်လုံးများမှ သံသယအကြည်များကို မြင်သဖြင့် ရန်ဒိုကရှင်းပြလိုက်သည်။
“ အိုး…..”
လူစီယန်သည် ဦးလေးရန်ဒိုနောက်သို့ လိုက်၍မဝင်မှီ သူနားလည်ကြောင်းပြလိုက်သည်။
အိမ်ယာ၏ဂိတ်တံခါး၌ အစောင့်နှစ်ယောက်ရှိနေသည်။ ထိုအစောင့်နှစ်ဦးသည် သူတို့အားပေးမဝင်မှီ ဦးလေးရန်ဒိုအား ပြုံးပြ၍နှုတ်ဆက်ကြသည်။
အိမ်ထဲသို့ ဝင်လိုက်ချိန်တွင် အိမ်ယာသည်အတော်ပင် ပျက်စီးယိုယွင်းနေသောကြောင့် လူစီယန်သည် ပို၍ပင် သံသဝင်သွားတော့သည်။
မည်သို့ပင် ဦးလေးရန်ဒို၏ သေးငယ်သော အလုပ်ရုံဖြစ်ပါစေ အလုပ်ရုံတွင်ရှိသင့်သည့် စက်ပစ္စည်းပြုပြင်နေသော အသံများလည်း ကြားနေရမည် မဟုတ်ပါလား။
အနည်းဆုံး ဤအိမ်ယာသည် ပင့်ကူမျှင်နှင့် ဖုန်မှုန့်များ မတက်နေသင့်ဘူးမဟုတ်ပါလား။
ခြေလှမ်းနှစ်လှမ်းမျှ လျှောက်ပြီးနောက်တွင် လူစီယန်သည် တစ်မျိုးတစ်မည်ခံစားရပြီးနောက် ဆက်မသွားတော့ပဲ ရပ်လိုက်လေသည်။
“ ဦးလေးရန်ဒို ကျွန်တော် …ကျွန်တော် ရုတ်တရက် တခုစဉ်းစားမိလို့ဗျ။ ကျွန်တော်ဒီအလုပ်ကို မလုပ်နိုင်တော့ဘူးဗျ။ ကျွန်တော် ခင်ဗျားဆီအကြွေးတင်နေတဲ့ ပိုက်ဆံကို နောက်ပြန်ပေးပါ့မယ်လို့ အာမခံပါတယ်ဗျ” ဟုလူစီယန်က တွန့်ဆုတ်စွာ ပြောလိုက်သည်။
ဦးလေးရန်ဒိုသည် လူစီယန်အားကြည့်လိုက်ပြီး သူ၏နူးညံသော အပြုံးများ ပျောက်ကွယ်သွားကာ ထူးဆန်းသည့် အပြုံးများ ဝင်ရောက်လာလေသည်။ ထိုအပြုံးများအား မြင်သော လူစီယန်သည် ကျောချမ်းသွားရတော့သည်။
“ ဘာ မင်းငါ့ကို ငွေဒဂါး ၁၅ပြား အကြွေးတင်နေတာကို ဒီတိုင်းထွက်သွားတော့မလို့လား ဘယ်ရမလဲကွ?”
လူစီယန်သည် နောက်သို့ဆုတ်လိုက်ရတော့သည်။
“ဦးလေး ရန်ဒို၊ ခင်ဗျား …..”
ရန်ဒိုသည် လက်ကိုမြောက်လိုက်ရာ လူစီယန်သည် ထူးဆန်းသော မှော်ပညာတစ်ခုဘေးမှဖြတ်သွားသည်ကို ခံစားလိုက်ရသည်။
“မှော်လှိုင်းအကာအရံလား? “ လူစီယန်တုန်လှုပ်သွားသည်။ သူသည် သူ၏မှော်ပညာကိုထုတ်၍ သူ့ဘေးပတ်လည်မှမှော်ပညာကိုတားဆီးလိုသော်လည်း လူနှစ်ယောက်သည် မည်သည့်နေရာကမှန်းမသိထွက်ပေါ်လာသည်။
လူတစ်ဦးသည် သူ၏လက်ထဲမှ ဓားရိုးကိုအသုံးပြု၍ လူစီယန်၏လည်ပင်းကို ရိုက်လိုက်ရာ သူ၏အမြင်အာရုံမှာဝေဝါးသွားပြီး လဲကျသွားတော့သည်။
***
Volume 8, အပိုင်း ၄ ။ ဒါပြန်ပေးဆွဲမှုပဲ
လူစီယန်သည် တုန်လှုပ်စွာဖြင့် နိုးလာခဲ့သည်။
သူ၏မျက်လုံးများအား ဖွင့်လိုက်ချိန်တွင် သူသည် အမှောင်ထုကိုသာ မြင်တွေ့ခဲ့ရသည်။
အနည်းငယ်ဝေ့ကြည့်လိုက်ပြီးနောက် ရုတ်တရက်ဖြစ်ခဲ့သည့်အရာများအား မှတ်မိသွားသည်။
သူသည် ဦးလေးရန်ဒိုနောက်လိုက်လာပြီးနောက် မြို့ပြင်ရှိ အိမ်ယာတစ်ခုသို့ ရောက်ရှိလာကာ အချိန်ပိုင်းအလုပ်လုပ်၍ ပိုက်ဆံရမည်ဟု ထင်ခဲ့သော်လည်း လူသန်ကြီးတစ်ဦး၏ အလဲထိုးခြင်းကိုခံလိုက်ရသည်။
ဒါက…..
လူစီယန်သည် လူတွေအကြောင်း သိပ်နားမလည်သော်လည်း သူသည် ထောင်ချောက်ထဲကျသွားမှန်းတော့သိပါသည်။ ကြင်နာသည့်သူပုံစံဖမ်းထားသော ဦးလေးရန်ဒိုသည် အမှန်တကယ် လူကောင်းမဟုတ်ခဲ့ပေ။
သူ၏ပြဿနာများအား ဖြေရှင်းပေးခြင်းသည်လည်း အမှန်တကယ်ကူညီလိုခြင်းမဟုတ်ပဲ သူ၏သတိကိုလျော့စေပြီး ယုံကြည်မှုကို ရယူရန်ဖြစ်သည်။
ပြန်၍တွေးကြည့်လျှင် သူသည် ခါးသီးမိလေသည်။
ဒေါ်လာမြို့သို့ထွက်မလာခင်ကလူအများစုသည် ဤမြို့သို့ တစ်ယောက်ထဲမသွားရန် တားမြစ်ကြသည်။ ဤမြို့တွင် လူဆိုးရောလူကောင်းပါရှိသဖြင့် ဘွဲ့ရခါစ ကျောင်းသားလေးသည် အလိမ်ခံရရန် လွယ်ပေသည်။
အကယ်၍ သူသာ ပိုဂရုစိုက်ခဲ့လျှင် ပြဿနာမဟုတ်ပါ။
သို့သော် ယခုဖြစ်နေသောအရာသည် လူစီယန်သည် အလွန်ရိုးအကြောင်း ပြသနေသည်။
ပထမဆုံးအနေဖြင့် သူ၏ပိုက်ဆံများခိုးခံရပြီး ယခုမူ သူတပါးအလည့်စားခံရလျှက် သူတို့၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေရသည်။
နေပါဦး….
လူစီယန်သည် သူ၏လက်များကိုပိုက်လိုက်ကာ သူ၏စိတ်ထဲတွင် သံသယများ ပေါ်လာသည်။
သတ္တုများပွတ်တိုက်နေသော အသံသည် သူ၏အောက်မှထွက်ပေါ်နေပြီး သူသည် အရှိန်ပြင်းစွာမောင်းနှင်နေသော မှော်ကုန်ကားတစ်စီးပေါ်တွင် ရောက်နေကြောင်းသိရသည်။ ပြီးနောက် လမ်းကောင်းတွင်မောင်းနှင်နေခြင်းမဟုတ်ကြောင်းသိရသည်။
ထိုအရာကိုကြည့်ခြင်းအားဖြင့် သူသည် တစ်စုံတစ်ဦး၏ ပြန်ပေးဆွဲခြင်းကိုခံလာရပြီဖြစ်သည်။
သို့သော်လည်း လူစီယန်သည် စိတ်ရှုပ်ထွေးနေခဲ့သည်။ အဘယ်ကြောင့်သူ့အား ပြန်ပေးဆွဲရပါသနည်း။
သူသည်ဆင်းရဲသော ကျောင်းသား တစ်ဦးသာဖြစ်၍ သူ၏မိသားစုမှာလည်း ပိုက်ဆံမရှိချေ။ ထို့ကြောင့် လူများလိုချင်သည့်အရာတစ်ခုမှ သူ၌ မရှိ။ သူအားပြန်ပေးဆွဲခြင်းဖြင့် ရနိုင်မည့် အကျိုးမှာအဘယ်နည်း။
လူမှောင်ခိုကူးသူများသည်ပင် သူခန္တာကိုယ်အား စိတ်ဝင်စားကြမည်မဟုတ်ပေ။ ရွာထဲမှ သာမန်ကလေးများသည်ပင် သူထက်ပိုအဆင်ပြေမည်မဟုတ်ပါလား။
လူစီယန်သည်ရုတ်တရက်ကြောက်ရွံသည့် ခံစားချက်အား ခံစားမိလိုက်သည်။
ယခုအခြေအနေပေါ်မူတည်၍ သူအား မည်သည့်နေရာမှန်း မသိရသည့် နေရာတစ်ခုအား ပို့ဆောင်နေကြခြင်းဖြစ်သည်။
ထိုသို့ဆိုလျှင် သူသည် သူ၏မိသားစုနှင့် သူငယ်ချင်းများအား တွေ့နိုင်ခြင်းမရှိတော့ပြီဖြစ်သည်။
လူစီယန်သည် အသက်ပြင်းပြင်းရှုလိုက်သည်။ သို့သော် သူ၏နှာခေါင်းထဲသို့ ဖုန်မှုန့်များဝင်လာသောကြောင့် ချောင်ဆိုးမိတော့သည်။ ထိုအရာသည် သူ့အား အနည်းငယ်သက်သာရာရစေသည်။
သူ့ခန္တာကိုယ်အား ရွေ့ကြည့်ပြီးနောက် သူသည် ကြိုးဖြင့် ချည်ထားခံရခြင်းမရှိကြောင်းသိလိုက်ရသည်။ လူစီယန်သည် သူလက်များကို လှုပ်ရှားလိုက်ပြီး ထကြည့်လိုက်သည်။
ထိုစဉ်တွင် သူ၏ပတ်ပတ်လည်သည် မဲမှောင်နေတော့သည်။
ဘယ်ကလာမှန်းမသိသော အလင်းရောင်သေးသေးလေးဖြင့် သူသည် အခြားသော လူတစ်စုကိုလည်း ကြီးမားသော မှော်ကုန်ကားပေါ်တွင်တွေ့လိုက်ရသည်။
လူစီယန်သည် သူ၏ညာလက်မှ မှော်စွမ်းအားထုတ်ရန် လက်ကို မြောက်လိုက်သည်။
သူ၏ညာဖက်လက်ညိုးမှ မှိန်ပြပြ အလင်းရောင်တစ်ခုထွက်လာကာ ဖယောင်းတိုင်ကဲ့သို့ ဖြစ်ပြီး မကြာမှီတွင်လေကြောင့် ငြိမ်းသွားလေသည်။
လူစီယန်သည် သူ့၏မှော်စွမ်းအားများအားပြန်လည်မစုစည်းနိုင်ခင်တွင် အလွန်အံ့ဩသွားရသည်။
ဤတစ်ခါတွင်လည်း အရင်တိုင်းပင် အလင်းရောင်သည် ခနသာခံပြီး ပျောက်ကွယ်သွားလေသည်။
လူစီယန်သည် ထူးဆန်းနေသည်။ သို့သော်လည်းသူ၏အားထုတ်မှုကို မလျော့ပဲ ကြိမ်ဖန်များစွာထပ်မံ၍ စွမ်းအားထုတ်ကြည့်သော်လည်း အရင်တိုင်းပင်။
ကြိမ်ဖန်များစွာကြိုးစားပြီးသည့်နောက် မောပန်းနေသည့် အသံတစ်ခု ထွက်လာခဲ့သည်။
“တော်ပါတော့ မင်းရဲ့စွမ်းအားကိုဖြုန်းတီးမနေနဲ့တော့။ ဒီနေရာမှာ မှော်စွမ်းအင်ကို စည်းချထားတဲ့ အဆီးအတားတစ်ခုရှိနေတယ်။ မဟုတ်ရင် သူတို့ ဒီမှော်ပညာရှင်တွေအားလုံးကို ချုပ်ထားနိုင်ပါ့မလား?”
လူစီယန်သည် အသံထွက်လာရာသို့ ကြည့်လိုက်ရာ နွမ်းလျနေသည့် ပုံပန်းတစ်ခုအား မြင်လိုက်ရလေသည်။
“ မင်းလဲ မှော်ပညာရှင်ပဲလား?”
“မဟုတ်ရင်ကော? ဒီကလူတွေအားလုံးပဲလေ” ထောင့်ဖက်မှရယ်သံထွက်လာသည်။
“မဟုတ်မှ မင်းက အဲ့ကောင်တွေ သာမန်လူတွေကိုခေါ်တင်လာမယ်လို့ ထင်နေတာလား ?”
လူစီယန်သည် ပို၍ရှုပ်ထွေးသွားရသည်မှာ ထွက်လာသောအသံသည် လူငယ်တစ်ယောက်၏ အသံဖြစ်နေခြင်းကြောင့်ဖြစ်သည်။
“မင်းကကျောင်းသားတစ်ယောက်လား”
“မင်းကကော ကျောင်းသားတစ်ယောက်လား?” ထိုသူကပြန်မေးလာသည်။
“ငါက ဖိလစ်အကယ်ဒမီကပါ ဒီနှစ်မှာ ဘွဲ့ရလာတာ” လူစီယန်ကပြန်ဖြေလိုက်သည်။
ထိုသူကတိတ်ဆိတ်နေပြီးနောက် အနည်းငယ်အကြာတွင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်တော့သည်။
“မင်းကဘယ်ကလာလဲတောင်ပြောပြပြီး ဒီလောက်တောင်မှရိုးအနေမှတော့ အလိမ်ခံရတာလည်း မဆန်းပါဘူး”
လူစီယန်ကမျက်မှောင်ကြုတ်လိုက်ပြီး “မင်းလည်းတူတူပဲမဟုတ်ဘူးလား?”
ထိုသူသည် တိတ်ဆိတ်သွားပြီး စကားတစ်ခွန်းမှမဆိုတော့ချေ။
လူစီယန်သည် ထိုသူနှင့်စကားနိုင်လုရန်စိတ်မဝင်စားတော့ပေ။ သူ၏ကိုယ်ကိုရှာဖွေကြည့်ရာ အဝတ်များမှလွဲ၍ အခြားသော အရာများအားလုံး ယူသွားကြပြီဖြစ်ကြောင်းသိရှိလိုက်ရသည်။ ဤအရာသည် မထူးဆန်းပါ။ သူသည် သူ၏မှော်စွမ်းအားများအား ပြန်လည်စုကြည့်သည်။
ယခုတစ်ကြိမ်တွင်မူ ပုံရိပ်ယောင်မှော်ပညာကို မသုံးပဲ သူ၏ဘေးပတ်လည်မှ သဘာဝမှော်စွမ်းအင်များအားအာရုံခံနိုင်ရန် ကြိုးစားကြည့်သည်။
ဤတစ်ကြိမ်တွင်မူသူ၏ဘေးပတ်လည်မှမှော်စွမ်းအင်များသည် သာမန်မဟုတ်ကြောင်းသိလိုက်ရသည်။
ထို စွမ်းအားများသည် သူတို့၏မှော်စွမ်းအားများကိုကန့်သတ်ထားသည်သာမက ဝပ်နေစေကြောင်းသိလိုက်ရသည်။ ထို့ကြောင့်မှော်စွမ်းအားများ စုဆောင်းရန်မှာ အလွန်ပင်ခက်ခဲလှသည်။
ဤသည်မှာ ထိုသူပြောသော မှော်စွမ်းအင်အားစည်းချထားသော အဆီးအတားပင်ဖြစ်လိမ့်မည်။
ထိုအရာသည် အမှန်ပင် မှော်ပညာရှင်များ၏စွမ်းအားကို ကန့်သတ်ထားနိုင်သည်။ သာမန်မှော်ပညာရှင်သည် သဘာဝမှော်စွမ်းအားကို စုစည်းနိုင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့်ထိုသူများသည် သာမန်လူကဲ့သို့သာ ဖြစ်နေလိမ့်မည်။
သို့သော် လူစီယန်သည် မျက်စိကိုမှိတ်၍ အာရုံခံကြည့်ပြီးနောက် သူ၏လက်ဖြင့် မြေပေါ်၌ အစီရင်တစ်ခုဆွဲလိုက်သည်။
ဆွဲထားသောလိုင်းများပေါ်တွင် အလင်းရောင်များဖြတ်ပြေးသွားသော်လည်း ခနတွင်ပျောက်ကွယ်သွားသည်။
ထောင့်မှ ရယ်သံထွက်ပေါ်လာပြီး လူစီယန်၏ မိမိကိုယ်ကို အထင်ကြီးမှုအားလှောင်ပြောင်လေသည်။
လူစီယန်သည် ဂရုမစိုက်ပဲ သူ၏မှော်စွမ်းအားများကို ပြန်လည်စုစည်းကာ မြေပေါ်တွင်အခြားလိုင်းများအား ဆက်၍ဆွဲလေသည်။
ယခင်ကလိုပင် လိုင်းများပေါ်တွင်အလင်းရောင်တစ်ချို့ဖြတ်ပြေးကာ ပျောက်ကွယ်သွားပြန်သည်။အချိန်အနည်းငယ်ကြာပြီးနောက်တွင် လူစီယန်သည် အင်အားကောင်းသော မှော်အစီအရင်တစ်ခုကို မြေပေါ်၌ ရေးဆွဲပြီးသွားလေသည်။
သူ၏ပြင်ဆင်မှုများ ပြီးဆုံးချိန်တွင် လူစီယန်သည် သူ့လက်အား အစီအရင်ပေါ်တွင်တင်လျက် သူ၏ကိုယ်မှစွမ်းအားများကိုထည့်ကာ ဂရုတစိုက်ချိန်ညှိ၍ မှော်အစီအရင်ကြီးအားလှည့်ကာ အသက်သွင်းလိုက်လေသည်။
မှော်အစီအရင်မှာ အစပိုင်း၌ မီးတောက်အနည်းငယ်သာထွက်သော်လည်း နောက်ပိုင်းတွင်တည်ငြိမ်လာပြီး အလင်းရောင်ကောင်းကောင်းကို ထုတ်လွတ်ပေးကာ ကုန်ကားတစ်ခုလုံးအား အလင်းရောင်ပေးနိုင်ခဲ့လေသည်။
လူစီယန်သည် ခေါင်းမမော့မှီ သူ၏စွမ်းအားများအား အစီအရင်ထဲသို့သာ ထည့်သွင်းနေခဲ့သည်။ ထို့နောက်အလင်းရောင်ဖြင့် ပတ်ပတ်လည်ကိုကြည့်လိုက်ရာ သူအား အံ့ဩစွာကြည့်နေသည့် လူငယ်များ၏မျက်နှာများအား မြင်တွေ့လိုက်ရတော့သည်။
ကားသည် သိပ်မကြီးသော်လည်း ပတ်ပတ်လည်ကိုကြည့်လိုက်သောအခါ လူအယောက် ၂၀ ကျော်ပင်ရှိလိမ့်မည်။ သူတို့သည် လူစီယန်နှင့် ရွယ်တူများဖြစ်ပြီး ယောက်ျားလေးရော မိန်းကလေးများပါ ပါသော်လည်း ယောက်ျားလေး အရေအတွက်ကတော့ပိုများသည်။
လူစီယန်သည် အားလုံး၏မျက်နှာများအား ကြည့်လိုက်ကာ သူ့အသံအားမြင့်၍
“မင်းတို့တွေအကုန် မှော်ပညာရှင်တွေလား?” ဟုမေးလိုက်သည်။
ထိုမေးခွန်းသည် လူတိုင်းအားအံ့အားသင့်သွားစေခဲ့ပြီး လူငယ်တစ်ယောက်မှ ခေါင်းငြိမ့်လျက်
“ဟုတ်တယ် ငါက ကာမန်အကယ်ဒမီက။ မင်းခုနက ဖိလစ်အကယ်ဒမီကလို့ ပြောခဲ့တယ်နော်”
လူငယ်သည် လူစီယန်ကိုကြည့်ကာ သံသယဖြစ်နေဟန်ရှိသည်။
“ဖိလစ်အကယ်ဒမီက ဘယ်တုန်းကဒီလောက်တော်သွားတာလဲ?”
“ဟုတ်ပ နင်က မှော်အဆီးအတားကိုတောင်ဖျက်နိုင်တယ်နော်။” မျက်နှာဝိုင်းဝိုင်းနှင်မိန်းကလေးက စူးစမ်းလိုစွာလာကြည့်လေသည်။ သူမသည် ခေါင်းကိုငုံကာ လူစီယန်ဆွဲထားသော အစီအရင်လိုင်းများကိုကြည့်ကာ ခေါင်းခါပြီး
“ငါနားမလည်ဘူး နင်ဘယ်လိုလုပ်လိုက်တာလဲ?”
“ဒါအရမ်းမထူးဆန်းပါဘူး။ ငါတုန်ခါနေတဲ့မှော်လှိုင်းတွေကို ချိန်ညှိပြီး မှော်အစီရင်တစ်ခုဆွဲလိုက်တာပဲ။ ဒါအကြာကြီးခံမှာမဟုတ်ဘူး။ ဒါကြောင့် ငါကမှော်အဆီးအတားကိုဖျက်လိုက်တယ်လိုပြောလို့မရဘူး”
“ဒါကအံ့ဩစရာကောင်းနေတုန်းပဲ” မိန်းကလေးက လူစီယန်အားအံ့ဩစွာကြည့်ကာ
“နင်ကငါနဲ့ အသက်တူတူလောက်ပဲနော်။ ဒါကို နင်ကတုန်ခါနေတဲ့မှော်လှိုင်းတွေကို ချိန်ညှိနိုင်တယ်ပေါ့။ ငါတို့ကျောင်းရဲ့ ထိပ်တန်းကျောင်းသားတွေတောင် လုပ်ဖို့ခက်မယ်”
လူစီယန်သည်ပြုံးလိုက်ပြီး သူမ၏ကျောင်းကသာ အားနည်းနေခြင်းဖြစ်သည်ဟု ပြောလိုက်ချင်သည်။
ဖိလစ်အကယ်ဒမီမှာဆိုလျှင် လူစီယန်က ထိပ်တန်း ၁ဝ ယောက်ထဲပင် မဝင်နိုင်ပါ။
“ဟေ့ မင်းပြောတော့ မင်းက မှော်အဆီးအတားကို မဖျက်နိုင်ဘူးဆို။” အခြားသောလူငယ်တစ်ယောက်ကအဓိကအချက်ကိုပြောလာသည်။
“ဒီအစီရင်ကိုဆွဲနိုင်တာနဲ့ဆို မင်းဒီဟာကို ဖျက်နိုင်ရင်ဖျက်နိုင်မှာပေါ့? ဒါဆို ပြောမရဘူး ငါတို့လည်းဒီကားထဲကလွတ်နိုင်တာပေါ့”
ထိုစကားအားကြားပြီးနောက် လူတိုင်း၏မျက်လုံးများသည် လူစီယန်ထံသို့ရောက်လာသည်။
“ဟုတ်တယ် ငါတို့ မသိတဲ့နေရာတွေရောက်သွားရင် အားလုံးပြီးသွားလိမ့်မယ်”
“ဟုတ်တယ် နည်းလမ်းကိုစဉ်းစားကြမယ်။ မင်းအစီအရင်ကိုသာဆွဲနိုင်ရင် ငါတို့လဲကြိုးစားကြည့်လို့ရတယ်”
“ အမြန်ကြိုးစားကြည့်လိုက်….”
……
လူစီယန်က လက်ခါပြလိုက်ပြီး ခါးသီးစွာပြုံးလိုက်သည်။
“ဒီမှော်အဆီးအတားကရှုပ်ထွေးလွန်းတဲ့ထိပ်တန်းပညာတစ်ခုပဲ။ ငါက ဘယ်လိုလုပ်ဖျက်နိုင်မှာတဲ့လဲ”
“ကြိုးစားကြည့်တာက မမှားပါဘူးကွာ….”
“မှန်တယ် မင်းမှော်အစီရင်ကိုတောင်ဆွဲနိုင်သေးတာပဲ…”
“ငါတို့မရောက်သေးခင်ပဲကြိုးစားလို့ရမယ်…. မဟုတ်ရင် အခွင့်ရေးရှိတော့မှာမဟုတ်ဘူး…”
လူစီယန်သည် ငြင်းချင်သော်လည်း ထောင့်မှလူငယ်သည် ထလာပြီးသူ၏အစီရင်ပေါ်တွင်လက်တင်ကာ
“ဘာမှပြောမနေနဲ့တော့ လူတိုင်းက မင်းကို ကြိုးစားကြည့်စေချင်နေကြတာ။ အဲ့တော့လုပ်လိုက် ခုလည်းငါတို့ဘာမှလုပ်နိုင်တာမဟုတ်ဘူး။ မင်းလုပ်ကြည့်လည်း မင်းတွက်ဘာမှနစ်နာစရာမရှိဘူး”
လူစီယန်သည် ထိုသူသည် သူ့အား ပထမဆုံးစကားပြောသည့်သူဖြစ်ကြောင်းသိလိုက်သည်။ သူအံ့ဩနေချိန်တွင် ထိုသူကသူ့အားတွန်းလိုက်ခြင်းကြောင့် သူဘယ်လက်မှာ အစီရင်ပေါ်မှ ချော်ထွက်သွားသည်၊၊
“ မင်း…..”
သူသည်တစ်ခုခုပြောချင်သော်လည်း အစီအရင်၏အလင်းမှာ နှစ်ကြိမ်ခန့် လှုပ်သွားပြီးနောက် ပြန်လည်တည်ငြိမ်သွားသည်။
ထိုလူငယ်၏ညာလက်မှထွက်လာသော စွမ်းအားသည် လူစီယန်အား အံ့အားသင့်စေခဲ့သည်။ ထိုသူသည် ၎င်းဆွဲထားသော အစီရင်အား အလွယ်တကူပင် ဖွင့်နိုင်သည်။ ထိုအရာသည် သူ့တွင် လူစီယန်ထက်မနိမ့်သော နားလည်တတ်ကျွမ်းမှုရှိသည်ဟုဆိုလိုခြင်းဖြစ်သည်။
ထိုသူ၏ အစီရင်ပေါ်၌ချန်ထားခဲ့သောစွမ်းအားကိုကြည့်ရင်း နက်နဲစွာတွေးနေမိတော့သည်။ လူတိုင်းသည် သူ့အားကြည့်နေစဉ်တွင် ကား၏ဘေးနံရံသို့ လျှောက်သွားကာ နံရံပေါ်တွင်လက်တင်လိုက်သည်။
ထို့နောက် သူ၏မျက်ခုံးများကိုကြုံ့ကာ စွမ်းအားများကိုထုတ်လိုက်သည်။
***
Volume 8 အပိုင်း ၅ ။ ဒီနေ့မှစ၍ အလင်းရောင်မမြင်နိုင်တော့ဘူးလား?
မှော်အဆီးအတားသည် မတည်ငြိမ်သောအခြေနေတွင် ထုတ်လွတ်ထားခြင်းဖြစ်ပြီး သဘာဝမှော်စွမ်းအားများအား ထိန်းချုပ်နိုင်ရန် နှင့်မှော်ဂါထာများမသုံးနိုင်ရန် ပြုလုပ်ထားခြင်းဖြစ်သည်။ မှော်ပညာရှင်များသည် ၎င်းတို့၏စွမ်းအားဖြင့် မတိုက်ခိုက်နိုင်ရန်သာ တား, ထားခြင်းဖြစ်သည်။
ဤလွှမ်းမိုးမှုအား ပယ်ဖျက်နိုင်ရန် နည်းလမ်း ၂ခုရှိသည်။
ပထမနည်းလမ်းမှာ မှော်အဆီးအတား၏ အလုပ်လုပ်ပုံအချက်လက်ကို ရယူရန်ဖြစ်သည်။ အထူးသဖြင့် ပတ်ဝန်းကျင်အား မည်သို့သက်ရောက်နေသည်ကို သိနိုင်ရန်ဖြစ်ပြီး တစ်စုံတစ်ဦးမှ စွမ်းအားသုံး၍ ပြောင်းလဲမှုကို လွှဲပြောင်းယူကာ ထိုမှော်အဆီးအတားအား ထိန်းချုပ်နိုင်ရန်ဖြစ်သည်။
ဤနည်းလမ်းမှာ လူစီယန်၏မှော်အစီအရင်ဆွဲသည့်နည်းလမ်းနှင့် ဆင်တူသည်။ သို့သော် လူစီယန်၏နည်းလမ်းမှာ သေးငယ်သောယိုပေါက်တစ်ခုအား အသုံးပြုခြင်းဖြစ်ပြီး အဆီးတားကြီးတစ်ခုလုံးအား ဖျက်နိုင်ခြင်းမရှိပေ။
ဒုတိယနည်းလမ်းမှာ သန့်စင်သည့် ဖျက်စီးခြင်းစွမ်းအားကို သုံးရန်သာဖြစ်သည်။ ၎င်းသည်ပင် မှော်အဆီးအတားအားဖျက်စီးနိုင်မည်ဖြစ်ပြီး သက်ရောက်နေသော စွမ်းအားကိုလည်း ပျက်ပြယ်စေနိုင်မည်ဖြစ်သည်။
ယခုအနေထားအရ ကြည့်ရမည်ဆိုလျှင် တခုတည်းသော ဖြစ်နိုင်ချေမှာ မှော်အဆီးအတား အစီရင်သည် ၎င်းတို့၏ ကားအပေါ်တွင် ရှိနေနိုင်သည်။
သို့သော် လူစီယန်က ကုန်ကား၏နံရံကို ထိလိုက်ချိန်တွင် အခြားသော မှော်စွမ်းအားတစ်ခုလည်း ရှိနေသေးသည်။
မည်သည့်နံရံကို ထိလိုက်ပါစေ သူရပ်နေသောကြမ်းပြင်၌ပင် ၎င်း ခိုင်ခံစေသည့်မှော်စွမ်းအား သက်ရောက်နေကြောင်း သူပြောနိုင်သည်။
ခိုင်ခံစေသည့်မှော်စွမ်းအားသည် ရိုးရှင်းပါသည်။ ၎င်းသက်ရောက်နေသည့်အရာဝတ္ထုကို ခိုင်ခံစေရုံသာမက ပုံသဏ္ဍန်ကိုပါ ပြောင်းနိုင်ရန် ခက်ခဲစေသည်။
ထို့ကြောင့် ကုန်ကားကိုဖျက်စီးဖို့ရန် ပထမဦးစွာ ထို ခိုင်ခံစေသည့်မှော်စွမ်းအားကို ဖျက်စီးနိုင်ရန်လိုအပ်သည်။
မည်သို့ပင်ဖြစ်ပါစေ လူစီယန်သည် အားထုတ်မှုတစ်ခုလုပ်လိုက်ပြီး ထိုမှော်စွမ်းအားသည် သူထင်ထားသည်ထပ်ပိုမို၍ ရှုပ်ထွေးကြောင်း သိလိုက်ရသည်။ သူနားလည်နိုင်သည့် အဆင့်မဟုတ်ချေ။
“ငါတို့ကို ဖမ်းလာတဲ့အဖွဲ့တွေကပြင်ဆင်ထားတာသေချာတယ် ဒါကြောင့် ငါတို့ကို ဒီကုန်ကားထဲဖမ်းခေါ်လာရဲတာပဲ” လူစီယန်က သူ၏တွေ့ရှိမှုများအား အခြားသောသူများအား ရှင်းပြရင်း သက်ပြင်းချလျှက် ပြောလိုက်သည်။
သူ၏ရှင်းပြချက်အား တစ်ဦးမှ မအံ့ဩသွားပဲ စိတ်ဓာတ်များသာကျသွားကြတော့သည်။
သူတို့သည်လည်း လူစီယန်ကဲ့သို့ပင် ကျောင်းသားများဖြစ်သည့်အလျှောက် ကန်ဒရာအင်ပါယာ၏ မှော်စက်အသီးသီးအား လေ့လာနေသည့် ကျောင်းသားများဖြစ်သည့်အလျှောက် အသင့်တင့်မှော်ပညာ ရှိကြသဖြင့် ဤအခြေနေကို ကောင်းမွန်စွာမြင်နိုင်ကြသည်။
သူတို့သည် လူစီယန်က ဤအခြေနေတွင် မှော်အစီရင်တစ်ခုဆွဲနိုင်ခြင်းကြောင့်သာ မျှော်လင့်ချက်ထားကြည့်ခဲ့ကြခြင်းဖြစ်သည်။
ယခုမူ လူစီယန်မှ နည်းလမ်းမရှိကြောင်းပြောလာခဲ့ချိန်၌လည်း စိတ်ပျက်ရုံအပြင် မတတ်နိုင်ကြချေ။ လူစီယန်သည်လည်း ၎င်းတို့ကဲ့သို့ ကျောင်းသား တစ်ဦးသာဖြစ်ပြီး ၎င်းတို့ထက် ပိုတော်သော်လည်း ထိုထက်ပို၍ မတတ်နိုင်ပေ။
လူစီယန်အား မှော်အစီရင်တွင်ကူညီပေးသော လူငယ်မှာလည်း သက်ပြင်းချကာ အမှောင်ထဲသို့တစ်ဖန်ပြန်ဝင်သွားတော့သည်။
ကုန်ကားပေါ်ရှိလူတိုင်း၏နှလုံးသားမှာ မျှော်လင့်ချက်မဲ့သွားလေသည်။
လူစီယန်သည်လွယ်လွယ်နှင့် လက်မလျော့လိုသော်လည်း မည်မျှပင် ကြိုးစားစေကာမူ နည်းလမ်းကို ရှာမတွေ့ချေ။
အဆုံး၌မူ သူသည် ယခုမှ ဘွဲ့ရခါစ ကျောင်းသားတစ်ယောက်ဖြစ်လေသည်။ ကျောင်းတွင်သူ၏ရမှတ်များမည်မျှပင်ကောင်းနေပါစေ အတွေ့အကြုံနှင့် လုပ်နိုင်စွမ်းက ကန့်သတ်ချက်ရှိနေသေးသည်။ ထို့ကြောင့် မည်သို့ရင်ဆိုင်နိုင်ပါမည်နည်း။
ကုန်ကား၏ရွေ့လျားနေမှုသည် ၎င်း၏ဦးတည်ရာနေရာသို့ ဆက်လက်၍သွားနေကြောင်း ဖော်ပြနေသည်။
သူတို့သည် အမှောင်ထုထဲတွင် မည်မျှခရီးရောက်နေပြီဖြစ်ကြောင်းမသိနိုင်ပေ။ သို့သော် ကုန်ကားသည် ဆက်လက်သွားနေရင်း ရုတ်တရက်အရှိန်လျော့သွားသည်။
အမှောင်ထဲရှိလူများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာ သူတို့၏ဦးတည်ချက်ကိုရောက်ပြီဖြစ်ကြောင်းသိလိုက်သည်။
အပြင်မှအသံတိုးတိုး ကြားရပြီးနောက် ကုန်ကားတံခါးဖွင့်လိုက်ခြင်းကြောင့် အပြင်မှ အလင်းရောင်များဝင်လာသည်။ အလင်းရောင်ကြာရှည်စွာမမြင်ရသောသူများအတွက်တော့ မျက်စိကြိမ်းသဖြင့် မျက်စိမှိတ်ထားလိုက်ရသည်။
“ မင်းတို့အားလုံးထွက်လာခဲ့” ကြမ်းတမ်းသောအသံတစ်ခုထွက်လာသည်။ “သတိပေးထားမယ်နော် မင်းတို့ဘာမှလုပ်ဖို့မကြိုးစားနဲ့ နာမယ်”
လူစီယန်သည် သူ၏မျက်စိကိုမှေးလိုက်ပြီး ကြည့်လိုက်သည်။
အပြင်၌ လူသန်မာသောလူနှစ်ယောက်နှင့်တံစက်မြိတ်အနည်းငယ်ကိုတွေ့လိုက်ရသည်။ သို့သော်မည့်သည့်နေရာမှန်းမသိပေ။
“သေချင်ယောင်ဆောင်မနေနဲ့ အမြန်ထကြ။ အချိန်မရှိဘူးကွ” လူသန်နှစ်ယောက်က ကုန်ကားကိုထုကာစိတ်မရှည်စွာ ပြောသည်။
ထိုနှစ်ဦး၏အသံသည်ကုန်ကားထဲ၌ ပံ့တင်ထပ်သွားပြီး လူတိုင်းသည်နားကိုပိတ်လိုက်ရသည်။
လူစီယန်သည် ထိုလူသန်နှစ်ယောက်အားကြည့်လိုက်ရာ ၎င်းတို့နောက်မှ ပုံရိပ်မဲတစ်ခုသည် လွတ်သွားပြီး ထိုပုံရိပ်သည် ၎င်းအားမတားနိုင်မှီ လေထဲသို့ခုန်ထွက်သွားလေသည်။
သို့သော် ပုံရိပ်သည်လေထဲသို့ရောက်နေချိန်တွင် သူ၏အထောက်အပံ့များမရရှိတော့ပဲ မြေပေါ်သို့ ပြုတ်ကျလာတော့သည်။
လူသန်ကြီးနှစ်ယောက်သည် အစပိုင်း၌ကြောင်နေလေသည်။ပြီးမှ မြေပေါ်သို့ပြုတ်ကျ၍ နာကျင်နေသောသူအားကြည့်ပြီး ရယ်မောကြလေတော့သည်။
“ဟား.. ကလေး မင်းဒီနေရာကနေ လွတ်ချင်နေတာလား? အိမ်မက်မက်မနေနဲ့ …မင်းကိုပြောပြမယ်.. ဒီနေရာတစ်ခုလုံးကို မှော်အဆီးအတားနဲ့ ကာထားတာ… အဲ့တာကြောင့် မင်းတို့ထွက်ပြေးနိုင်ဖို့မပြောနဲ့.. မှော်ပညာရှင်ကြီးတွေတောင် လွတ်ဖို့မဖြစ်နိုင်ဘူး ”
လူစီယန်သည် မျက်နှာအမူအရာအနည်းငယ်ပြောင်းလဲသွားသည်။
ရန်ဒို သည် သူ့ကိုယ်သူ မိတ်ဆက်စဉ်ကလဲ တတိယအဆင့်မှော်ပညာရှင်ဟု ခေါ်ခဲ့သေးသည်။ ဤနှစ်ယောက်သည်လည်း မှော်ပညာရှင်ကြီးဟုသုံးနှုန်းသွားသည်။
မှော်ပညာအဆင့်သတ်မှတ်ခြင်းသည် ဤနယ်မြေတွင် မသုံးတော့သည်မှာကြာပြီဖြစ်သည်။ သို့သော်လည်း သူတို့ဘာကြောင့် သုံးနေရပါသနည်း။ ၎င်းသည်အကြောင်းတစ်ခုခုနှင့် ဆက်စပ်နေပါသလား။
လူသန်ကြီးနှစ်ဦးသည် သူ့အားမဆွဲသွားမှီတွင် တစ်ဦးသည် မြေပေါ်သို့ကျနေသောသူအား ဆံပင်မှဆွဲကာ မလိုက်သည်။
လူစီယန်သည် အနည်းငယ်အံ့ဩသွားရသည်။ ထိုသူသည် သူအား စကားလာပြောကာ သူ၏မှော်အစီရင်ထဲစွမ်းအားထည့်ခဲ့သူဖြစ်နေသည်။
လူငယ်အားဆွဲမ,ထားသောလူသန်သည် စကားတစ်ခွန်းမှမပြောပဲ ထိုလူငယ်၏ ဗိုက်ကိုထိုးလိုက်သည်။
လူငယ်မှာ ထိုးလိုက်သော လူကြီးလောက်မသန်မာ၍ လက်သီးတစ်ချက်ထဲနှင့်ပင် လဲကျကာ သွေးများအန်ထွက်လာတော့သည်။
ထိုလူသန်နှစ်ဦးသည် ဤသည်ကို မြင်၍ဂုဏ်ယူသောအပြုံးဖြင့်ပြုံးလိုက်ကြသည်။
“ ဟေ့ မင်းတို့ မှော်ဆရာကြွက်စုတ်တွေ အရင်ကငါတို့ညီအကိုနှစ်ယောက်က မင်းတို့ကိုကြောက်ခဲ့ရပေမဲ့ အခုတော့ရော … စွမ်းအားမရှိတော့ အမှိုက်တွေလိုပဲမလား ?”
နောက်လူသန်တစ်ဦးက ကုန်ကားထဲမှ အခြားသူများကို လက်ပြလျှက်
“မင်းတို့မြင်လား.. မင်းတို့အကုန်အခုထွက်ရင်ထွက်… မထွက်ရင်သူ့လိုပဲဖြစ်လိမ့်မယ်”
ကုန်ကားထဲမှလူများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး အကူညီမဲ့စွာနှင့် အပြင်ကိုထွက်ရတော့သည်။
တစ်ယောက်ထွက်သည်နှင့် လူသန်ကြီးသည် သူတို့၏လက်များကို လက်ထိပ်ခတ်ကာ သူတို့အားလွတ်လပ်ခွင့်မပေးရန်သေချာနေသည်။
လူစီယန်အလှည့်ရောက်သောအခါတွင် သူသည် ပြန်လည်ခုခံမနေတော့ပဲ လက်ထိပ်လည်း ခတ်ခွင့်ပြုလိုက်သည်။
လက်ထိပ်များ ခတ်လိုက်ချိန်တွင် ၎င်းတို့အပေါ်မှ ထွက်နေသော မှော်လှိုင်းများအား ခံစားလိုက်ရသည်။ ပြီးနောက်တွင် သူ၏ကိုယ်ထဲမှ မှော်ပညာအား ကစဉ့်ကလျားဖြစ်စေရန် နှောက်ယှက်သည့်အား,တစ်ခုဝင်ရောက်လာပြီး သူကိုယ်တိုင်ပင် ထိန်းချုပ်၍မရနိုင်သလို ခံစားလိုက်ရသည်။
လူစီယန် အလွန်ပင်တုန်လှုပ်သွားရသည်။
မှော်ပညာရှင်တစ်ဦး၏ ကိုယ်တွင်းမှ မှော်ပညာကိုနောက်ယှက်ခြင်းပညာသည် လွန်ခဲ့သောနှစ်နှစ်က မှော်ပညာအဖွဲ့အစည်း၏ အာရုံစိုက်မှုကိုဆွဲဆောင်ခဲ့ပြီး ယခုသူ့ရှေ့မှသူများသည် အမှန်တကယ် အလုပ်လုပ်နိုင်သော အရာတစ်ခုကို တီထွင်နိုင်ခဲ့ပြီးဖြစ်သည်။
သူတို့အား တင်ဆောင်လာသော အထူးပြုလုပ်ထားသည့်မှော်ကားနှင့် ကြီးမားသော မှော်အဆီးအတားအား ပြုလုပ်ထားသည်ကိုကြည့်ခြင်းအားဖြင့် နောက်ကွယ်မှလူမှာ အင်အားကြီးသည့်သူဖြစ်နိုင်သည်။
လူစီယန်ယခုအချိန်ထိနားမလည်နိုင်သေးသည်မှာ ၎င်းတို့ကဲ့သို့ကျောင်းသားတစ်စုအား အဘယ်ကြောင့်ပြန်ပေးဆွဲလာရကြောင်းပင်ဖြစ်သည်။
သို့သော် ဤလူနှစ်ယောက်သည် ရှင်းပြမည့်ပုံမပေါ်ချေ။ လူများအား လက်ထိပ်ခတ်ပြီးနောက် အိမ်အတွင်းပိုင်းသို့ တွန်း၍ဝင်ခိုင်းသည်။
ခြေလှမ်း အနည်းငယ်လျှောက်ပြီးနောက်တွင် မိန်းကလေးနှစ်ယောက်သည် စတင်၍ ငိုတော့သည်။
“ကျွန်မတို့…..ကျွန်မတို့မသွားဘူး”
“ကျေးဇူးပြု၍… ကျွန်မတို့ကို လွတ်ပေးပါ….. မသွားချင်ဘူး.. အမေ့ကိုတွေ့ချင်တယ်….”
မိန်းကလေးနှစ်ယောက်၏ငိုသံကိုကြားပြီးနောက် လူစီယန်အပါအဝင် ကောင်လေး ၁၀ ယောက်ခန့်သည် ထိုအကူညီတောင်းနေသည့်မိန်းကလေးနှစ်ယောက်အား မကြည့်ဝံ့သဖြင့် ခေါင်းများကို လှည့်လိုက်ကြသည်။
သူတို့သည် ထိုအချိန်တွင် သာမန်ကျောင်းသားများသာ ဖြစ်ကြသည်။ အင်အားကြီးမားသည့် ရန်သူများအား မည်ကဲ့သို့ ရင်ဆိုင်နိုင်ပါမည်နည်း?
လူသန်ကြီးနှစ်ယောက်သည် ထိုအရာကို မြင်ဖူးနေကြဖြစ်သကဲ့သို့ မိန်းကလေးနှစ်ယောက်အား တွန်းကာရယ်လျှက် “အင်းပါ ငါတို့ကမင်းတို့ကို ပြည့်တန်ဆာအိမ်ကိုရောင်းစားမှာလည်းမဟုတ်ပါဘူး.. ဘာလို့ငိုနေတာလဲ”
“ဟုတ်ပြီ ဒါကတရားမဝင်အလုပ်လုပ်ရမှာလေးပါ.. စိတ်လျော့ပါ မင်းလို ရတနာလေးကို ငါတို့ဘာမှမလုပ်ပါဘူး။ ဒါပေါ့ မင်းကောင်းလားပေါ်မူတည်နေတာပေါ့။ မင်းမှာကောင်းတာ ဘာမှမရှိဘူးဆိုရင်တော့ ….”
လူစီယန်သည် တောင့်သွားသည်။
တရားမဝင် အလုပ်သမား?
ဤသူများသည် လွန်ခဲ့သည်နှစ်အနည်းငယ်ကပေါ်ပေါက်လာခဲ့သော မှော်ပညာရှင်များအား လူကုန်ကူးသည့် မကောင်းသောအဖွဲ့အစည်းဖြစ်ပါသလား?
ထိုအဖွဲ့အစည်းသည် အလွန်သိုဝှက်ပြီး သူတို့လက်ထဲသို့ ရောက်သွားသောသူသည် နေ့အလင်းရောင်ကိုပင် မမြင်နိုင်တော့ချေ။
အခြားသူများသည်လည်းထိုကောလဟသများအားကြားဖူးကြသဖြင့် သူတို့၏အမူအရာများမှာ ပျက်ယွင်းကုန်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတော့သည်။
သို့သော်လည်း ထိုလူနှစ်ယောက်သည် သူတို့အား ရိုက်နှက်ကြသောကြောင့် ပြန်မသွားနိုင်ပဲ အရှုံးပေးရတော့သည်။
“ ဖီ.. ငါမင်းတို့ကိုပြောထားတယ်မလား။ မင်းတို့ပြသနာမရှာပဲကောင်းကောင်းနေရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး” လူသန်သည် လူငယ်တစ်ဦးအားရိုက်နှက်၍ပြီးသောအခါ လက်သီးများကိုပွတ်လျှက်ပြောလိုက်သည်။
“ငါသတိပေးထားတယ်နော်။ ဒီလိုဆက်လုပ်နေမယ်ဆို နောက်တစ်ခါ ဒီလောက် သက်သာမှာမဟုတ်ဘူး”
လူစုကွဲသွားသည်။ လူတစ်ယောက်မှ ၎င်းတို့အား ပြန်မပြောရဲတော့ပဲ ထိုနှစ်ယောက်နောက်သာ လိုက်သွားရတော့သည်။
လူစီယန်သည် ဝင်ပေါက်အားမျှော်ကြည့်ရင်း သူ၏အာရုံမှာနစ်မွန်းသွားတော့သည်။
သူသည် ယခုသွားလိုက်သည်နှင့် တရားမဝင်အလုပ်လုပ်ရတော့မည်ဖြစ်ပြီး ပြန်ထွက်လာနိုင်တော့မည် မဟုတ်မှန်း သိနေသည်။
Frestech ကုန်သည်များအသင်းတွင်အလုပ်ဝင်ရန်အိမ်မက်ကိုမဆိုထားနင့်။ သူသည်အိမ်သို့ပြန်၍ မိဘများနှင့်ပင်မတွေ့နိုင်တော့ချေ။
မည်ကဲ့သို့လုပ်ရမည်နည်း?
ထိုအချိန်တွင်ရှင်းလင်း၍ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာသည်။
“ကစားပွဲဒီမှာပဲပြီးပြီ”
***
Volume 8 အပိုင်း ၆ ။ ထူးဆန်းသောမိန်းကလေး
လူတိုင်းပင် အသံလာရာသို့လည့်ကြည့်လိုက်ကြသောအခါ မိန်းကလေးတစ်ယောက်သည် ဖြည်းညှင်းစွာမတ်တပ်ရပ်လျှက် လူတိုင်း၏အကြည့်ကို ရင်ဆိုင်လိုက်သည်။
ထိုမိန်းကလေးသည် ယခုအချိန်မတိုင်မှီက ဘာမှမလုပ်ပဲခေါင်းကို အမြဲငုံထားသောသူဖြစ်သောကြောင့် သူအား အာရုံမစိုက်မိကြချေ။ ယခုမှ စကားထပြောသဖြင့် အားလုံးကြောင်သွားသည်။
“ငါ့ကိုဘာလို့ကြည့်နေတာလဲ? ငါကစားပွဲပြီးပြီလို့ ပြောလိုက်တယ်…အားလုံးသွားလို့ရပြီလေ”
ထိုမိန်းကလေး၏အသံသည် ဂျစ်ကန်ကန်ပုံပေါက်ပြီး သူ၏အမူအရာမှာ ပြောင်းလဲခြင်းမရှိသဖြင့် အားလုံးအံ့ဩသွားကြသည်။
လူသန်ကြီးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး တစ်ဦးသည် ဒေါသတကြီးအော်လိုက်လေသည်။ “ဟေ့ ကောင်မလေး …. ဘာမဟုတ်တာတွေလျှောက်ပြောနေတာလဲ.. မင်းအရိုက်ခံချင်နေပြီလား”
မိန်းကလေးသည် သူ၏ခေါင်းကိုမော့လိုက်ပြီး ထိုသူနှစ်ယောက်အားကြည့်လိုက်လေသည်။ ထို့နောက် ရယ်မောကာ ရုတ်တရက်သူ၏လက်ထဲမှထွက်ပေါ်လာသော မီးဘောလုံးဖြင့် ထိုသူဆီသို့ပစ်လိုက်သည်။
အခြားလူသန်တစ်ယောက်သည် သူ၏အဖော်တစ်ယောက်လွင့်သွားသည်ကို မြင်လိုက်ရသောအခါ ကြောင်အ,သွားလေတော့သည်။ ထိုနောက်အချိန်အတန်ကြာမှပင် ထိတ်လန့်စွာကြည့်လျက် အော်လိုက်မိသည်။
“မဖြစ်နိုင်တာ …. မင်းကဘယ်လိုလုပ် မှော်ပညာသုံးလို့ရနေသေးတာလဲ”
“ဒီမှော်အဆီးအတားက ယိုပေါက်တွေကြီးပဲ။ ဒါကြီးကို မှော်အဆီးအတားအစီအရင်လို့ကော ခေါ်လို့ရရဲ့လား?”
မိန်းကလေး၏အသံသည်ဖုံးကွယ်၍မရသော အထင်သေးမှုများဖြင့် ပြည့်နှက်နေသည်။
“ငါငယ်ငယ်ကဆော့ခဲ့တဲ့ ဝင်္ကပါထဲက မှော်အဆီးအတားလောက်တောင် အားမကောင်းဘူးပဲ”
လူသန်ကြီးသည် လက်ကိုမြောက်လိုက်ပြီး ထိုမိန်းကလေးအား ထိုးရန်ဟန်ပြင်လိုက်သော်လည်း လက်တွေ့တွင်မူ သူမလုပ်ရဲချေ။
မိန်းကလေးသည် သူ၏နောက်သို့ လက်ညိုးထိုးလိုက်သည်။
“ဟိုမှာနင့်ရဲ့အဖော်ကိုမမြင်ဘူးလား? နင်သူ့ကိုသွားမကယ်ရင် သူမီးလောင်ပြီး သေတော့မှာနော်”
ထိုလူကြီးသည် နောက်သို့လည့်ကြည့်လိုက်ချိန်တွင် သူ၏အဖော်မှာ မိန်းကလေး၏ မီးဘောလုံးများဖြင့် ပစ်ခံထားရသဖြင့် မြေတွင်လှိမ့်ကာ နာကျင်စွာအော်နေကြောင်း တွေ့ရှိလိုက်ရသည်။
ထိုသူသည် ဂျက်ကင်အင်္ကျီကို ချွတ်လိုက်ပြီး သူ၏အဖော်ကိုရိုက်ကာ မီးငြိမ်းပေးလေသည်။
သို့သော်လည်း မီးမှာမငြိမ်းသွားချေ။ ထိုသူသည် မိန်းကလေးအား တစ်ချက်ကြည့်ကာ ထွက်ပြေးသွားတော့သည်။
လူစီယန်အပါအဝင် တခြားသောသူများသည် မြေပေါ်လှိမ့်နေသောသူကိုကြည့်၍ တည်ငြိမ်နေသောမိန်းကလေးအားလည်း ကြည့်ကာ မည်ကဲ့သို့တုံ့ပြန်ရမည်ကို မသိကြတော့ချေ။
“ကောင်းပြီ ငါနင်တို့ရဲ့လက်ထိပ်တွေချွတ်ဖို့ အရင်ကူညီပေးမယ်” မိန်းကလေးသည် အကြောင်းအရာတစ်ချို့ကို သတိရသွားပုံဖြင့် အသာယာ လက်ခုပ်တီးလိုက်ရာ သူမ၏လက်မှ လက်ထိပ်များပြုတ်ကျသွားသည်။
လူစီယန်သည်အံ့ဩသွားသည်။
လက်ထိပ်များခတ်ပြီးသည့် အချိန်မှစ၍ သူသည် လက်ထိပ်၌ရှိသော မှော်ပညာအား လျှို့ဝှက်စွာဖြုတ်ရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့ဖူးသည်။
ထို့အပြင် လက်ထိပ်ပေါ်ရှိ မှော်ပညာသည် ရှုပ်ထွေးလွန်းလှသည်။ သူသည် ထိုအတွက်ကြောင့် ၎င်းအားဖျက်နိုင်ရန်မဆိုနှင့်။ သူ၏မှော်စွမ်းအားကိုပင် မစုဆောင်းနိုင်ပေ။
သို့သော်လည်း ထိုမိန်းကလေးသည် ထူးခြားသောအရာတစ်ခုမှမလုပ်ပဲ လက်ထိပ်ကို လွယ်ကူစွာဖြုတ်နိုင်သည်။ ထိုကြောင့် ထိုမိန်းကလေး၏ မှော်ပညာအပေါ်နားလည်မှုနှင့် တတ်ကျွမ်းမှုသည် လူစီယန်ထပ်များစွာသာလွန်ပေလိမ့်မည်။
ထိုမိန်းကလေးသည် လက်ထိပ်ကို ဖြုတ်ကာ အကြောဆန့်လိုက်ပြီးနောက် သူတို့ဆီသို့ လာလေသည်။ သူမသည် လက်ထိပ်များအား ထိလိုက်လျှင်ပင် ပွင့်သွားလေသည်။
လူစီယန်၏အလည့်ရောက်သောအခါတွင်မူ ထိုမိန်းကလေး၏ထူးဆန်းသော မှော်စွမ်းအင်အား အာရုံခံကြည့်ရန် သူ၏စိတ်ကို ပြင်ဆင်ထားလိုက်သည်။ ပြီးနောက်တွင် သူ၏မှော်ပညာအား ထိန်းချုပ်ထားသော လက်ထိပ်ပေါ်မှမှော်စွမ်းအားသည် ခြေရာခံမရပဲ ပျောက်ကွယ်သွားတော့သည်။
တစ်ဆက်တည်းပင် လက်ထိပ်ထဲသို့ ထူးဆန်းသောမှော်စွမ်းအားဝင်ရောက်လာပြီး လက်ထိပ်၏စက်ယန္တယားများကို လည်စေကာ ပွင့်သွားစေတော့သည်။
လူစီယန်သည် မြေပေါ်တွင်ကျနေသော လက်ထိပ်ကိုကြည့်၍ ဘေးတွင်တခြားသူများကို ကူညီနေသော သူမကိုလည်းကြည့်ကာ စိတ်ထဲ၌အံ့ဩနေတော့သည်။
သူမ၏ရုပ်ရည်ကိုကြည့်လျှင် လူစီယန်နှင့်ရွယ်တူပင်ဖြစ်လိမ့်မည် ဖြစ်သော်လည်း မှော်အဆီးတားအောက်တွင် သူမ သုံးသောမှော်ပညာကိုကြည့်လျှင်သော်လည်းကောင်း လက်ထိပ်အား အလွယ်တကူဖြုတ်နိုင်သည်ကို ကြည့်၍သော်လည်းကောင်း အလွန်ပင်မယုံနိုင်စရာကောင်းနေသည်။
သို့သော်လူစီယန်ပို၍ အံ့ဩနေသည်မှာ သူမသည် ဤမျှလောက်တော်လျက်နှင့် သူတို့ကဲ့သို့ အဘယ်ကြောင့် အဖမ်းခံရပါသနည်း?
သူမ၏အရည်အချင်းများနှင့်ဆိုလျှင် သူမသည် ထောင်ချောက်ထဲသို့မကျသင့်ပေ။
“ဟေး အားလုံးပဲ မြန်မြန်ပြေးကြ… ဒီကောင်တွေအကူညီခေါ်လာနိုင်တယ်”
ယခုလက်ထိပ်ဖြုတ်ပြီးသော လူငယ်တစ်ဦးမှ အော်ပြောလိုက်သည်။
လူတိုင်းသည်စိုးရိမ်သောမျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။
ထိုထွက်ပြေးသွားသော လူသန်ကြီးသည်အကူညီသွားခေါ်သည်မှာသေချာသည်။ သူတို့ကြာကြာထပ်နေလျှင် ထပ်၍အဖမ်းခံရနိုင်သည်။
“မင်းတို့အဲ့လိုမလုပ်ကြဖို့ ငါအကြံပေးတယ်” သူတို့အားကယ်တင်ခဲ့သောမိန်းကလေးမှ တခစ်ခစ်ရယ်လျက် သူ၏လက်များအား လူတိုင်းကိုဝေ့ယမ်းလျက်ပြောလိုက်သည်။ “မင်းတို့ရဲ့လက်ရှိစွမ်းအားနဲ့ဆိုရင် ဝေးဝေးပြေးနိုင်မှာမဟုတ်ဘူး… ပြီးတော့ဒီနေရာက ထိန်းချုပ်ထားတာ… ဒီနေရာကနေထွက်သွားရင်တောင်မှ အိမ်ပြန်လမ်းကို ရှာတွေ့မှာမဟုတ်ဘူး”
လူတိုင်းသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။
အခြားမိန်းကလေးတစ်ယောက်က ထ၍ “အဲ့တာဆို ငါတို့ဘယ်လိုလုပ်ကြမလဲ? သူတို့အကူညီခေါ်လာတာကို စောင့်နေရင်းထပ်အဖမ်းခံရရင်ဘယ်လိုလုပ်ရမလဲ”
သူတို့အား ကယ်ထားသောမိန်းကလေးမှ စိတ်မဝင်စားသည့်ပုံနှင့်ပခုံးတွန့်ကာ “အဲ့တာကိုစိတ်ပူစရာမလိုပါဘူး…. သူတို့တောင်အကူညီခေါ်နိုင်သေးရင် ငါတို့လည်းခေါ်ရမှာပေါ့”
ထိုသို့ပြောပြီးနောက် သူမသည် မည်သည့်နေရာမှမှန်းမသိ သေးငယ်သောမှော်ဆက်သွယ်ရေးစက်ကို ထုတ်လာသည်။
လူတိုင်းသည်မြင်ပြီးနောက် အံ့ဩကုန်ကြလေသည်။
သူတို့သည်မှော်ပညာသင်ကြားသည့် ကျောင်းများမှကျောင်းသားများဖြစ်သည့်အလျှောက် ထိုမိန်းကလေးသည် ပြင်ပမှော်လေဟာနယ်မှ မှော်ဆက်သွယ်ရေးစက်အား ထုတ်လာကြောင်း ၎င်းတို့အားလုံးပြောနိုင်သည်။
ထိုကဲ့သို့ ပြင်ပမှော်သိုလှောင်ရေးပစ္စည်းကို ပိုင်ဆိုင်နိုင်ရန် ထိုအရာနှင့်ကိုက်ညီသောမှော်ပစ္စည်း (သို့) အင်အားအလွန်ကောင်းသောမှော်ပညာဖြစ်သည့် နေရာလွတ်မှော်ပညာအား တတ်မြောက်ထားရန်လိုအပ်သည်။
ထိုမိန်းကလေးသည် သူ၌မည့်သည့် အထူးပစ္စည်းမှမပါဝင်ကြောင်း သိနိုင်သည့်အတွက် သူမသည် အင်အားကြီးသောမှော်ပညာရှင် (သို့) နေရာလွတ်မှော်ပညာအား တတ်မြောက်ထားသည့်သူ ဖြစ်၍ပင်ဖြစ်လိမ့်မည်။
နေရာလွတ်မှော်ပညာအားရင်းနှီးသူမှာ လွန်ခဲ့သော၁ဝနှစ်က ကြီးမြတ်သောမှော်ပညာရှင်ပင် ဖြစ်သည်။
သို့သော်ယခုမူ ဆယ်နှစ်အတွင်းတွင် ခေတ်သစ်မှော်ပညာများထွန်းကားလာခြင်းကြောင့် Spatial မှော်ပညာသည် ဖမ်းဆုပ်ဖို့ခက်ခဲသောပညာ တစ်ခုမဟုတ်တော့ပဲ ကိုယ်ပိုင်မှော်သိုလှောင်ရေးပစ္စည်း တီထွင်နိုင်သူများကိုသာ ဆုပ်ကိုင်ထားကြတော့သည်။ ထိုပညာရှင်များသည် လက်ရွေးစင်များဖြစ်သောကြောင့်ဖြစ်သည်။
ထိုသို့အရည်အချင်းရှိသော မှော်ပညာရှင်များသည် နေရာလွတ်မှော်ပညာအား နားလည်တတ်ကျွမ်းကြ၍ ထိုသူများသည် Frestech ကုန်သည်များအသင်း၏ သုတေသနဌာနတွင် အလုပ်လုပ်ရန်အရည်ချင်းရှိသူများဖြစ်သည်။
၎င်းတို့အားလုံးသည် ထိုမိန်းကလေးငယ်လေးမှ ထိုသို့သောအရည်အချင်းများရှိနေသည်ကို ထူးဆန်းနေသော်လည်း စိတ်သက်သာရာတော့ရနေသည်။
ထိုသို့သော မှော်ပညာနှင့်ဆိုလျှင် လွတ်မြောက်ရန်မျှော်လင့်ချက်ရှိပေသည်။
သို့သော်လည်း လူတိုင်း၏မျက်နှာထားမှာပြောင်းလဲသွားသည်။
အိမ်အပြင်ဖက်မှလာနေသောအရာတစ်ခုခုရှိနေသည်။ သူတို့လှည့်ကြည့်လိုက်သည့်အခါ၌ မှော်ကား၃စီးသည် ဒုန်းစိုင်းမောင်းနှင်လာသည်။
မှော်တိုက်ကားများ.
မှော်စက်များအား လေ့လာနေသူများအနေနှင့် တိုက်ပွဲတွင် လူအများစုအား တုန်လှုပ်စေသည့် မှော်တိုက်ကားများအား မမှတ်မိနိုင်မည်လား?
ထိုကြောက်လန့်စရာကောင်းသည့် စစ်တပ်သုံးမှော်စက်များအား ၎င်းတို့သည် မှော်အဆီးတားအောက်မှမဆိုနှင့် သာမာန်အခြေနေ၌ပင် တိုက်ခိုက်နိုင်မည်မဟုတ်ပေ။
လွန်ခဲ့သောဆယ်နှစ်ကဖြစ်ပွားခဲ့သော အင်ပါယာနှစ်ခု၏စစ်ပွဲနှင့် လွန်ခဲ့သောနှစ်အနည်းငယ်က နယ်မြေထဲရှိလက်အောက်ခံနယ်မြေများ၏ စစ်ပွဲတွင် ကြီးမြတ်သောမှော်ဆရာများသည်ပင် ထို မှော်တိုက်ကားများနှင့်တွေ့လျှင် ဘာမှမလုပ်နိုင်ပေ။ ထိုအကြောင်းအား Frestech ကုန်သည်များအသင်းမှလည်း ရှင်းလင်းအောင်ပြောထားပြီးဖြစ်သည်။
ထိုကြောင့် လူတိုင်းသည် ထူးဆန်းသောမိန်းကလေးထံသို့ ပြန်သွားရန်သာ တတ်နိုင်လေသည်။
သူမသည် မည်မျှပင်အားကောင်းစေကာမူ ထိုတိုက်ကားများအား မည်သို့ရင်ဆိုင်နိုင်ပါမည်နည်း?
ပြီးနောက် သူမပြောထားသည့် အကူညီဆိုသည်မှာ အဘယ်နည်း?
မိန်းကလေးသည် လူတိုင်းကိုကြည့်လိုက်ပြီးနောက် ပုခုံးတွန့်ပြလေသည်။
“မှော်တိုက်ကားလေး ၃စီးထဲပါပဲ… ဘာတွေစိတ်ပူနေတာလဲ”
အားလုံးသည်တုန်လှုပ်ခြောက်ခြားနေကြသည်။
အခြားသောမိန်းကလေးတစ်ဦးက စိုးရိမ်သောအသံဖြင့် “သူငယ်ချင်းရေ ဒါမှော်တိုက်ကားတွေနော်…. ငါတို့မတိုက်နိုင်ဘူးထင်တယ်… နင့်ရဲ့အကူအညီတွေကို မြန်မြန်ခေါ်လိုက်ပါလား? “
“ ဟုတ်တယ် နင်ထပ်စောင့်နေရင် ငါတို့အားလုံးသေတော့မှာပဲ”
“ အမြန်လုပ်… ငါသူတို့နား ထပ်အဖမ်းမခံချင်တော့ဘူး”
……..
လူအုပ်စုသည် သူမကို လောနေသည်။
ထိုမိန်းကလေးသည် ထိတ်လန့်နေပုံမပြပဲ သက်ပြင်းသာချကာ ခေါင်းခါလိုက်သည်။
“မင်းတို့အားလုံးက တည်ငြိမ်အောင်မနေနိုင်ဘူးပဲ”
သူမသည် ထိုသို့ပြောသော်လည်း သူမ၏ လက်ထဲရှိ မှော်ဆက်သွယ်ရေးစက်ကို မြှောက်ပြီး ခလုတ်ကိုနှိပ်လိုက်သည်။
သို့သော်လည်း လူတိုင်း၏မျက်စိရှေ့တွင် မှော်ဆက်သွယ်ရေးစက်သည် မှိတ်တုတ်မှိတ်တုတ်သာ လင်းနေပြီး တခုခုနှင့်ဆက်သွယ်သွားသောအရိပ်ယောင်အား မပြပေ။
“ဘာတွေဖြစ်နေတာလဲ”
“စက်ကပျက်နေတာလား”
“မင်းမှာ အကူအညီမရှိပဲ ငါတို့အားလုံးကိုလိမ်နေတာတော့မဟုတ်ဘူးမလား”
“မင်းနောက်နေတာလား? ဒီအခြေအနေမှာတောင်နောက်နေနိုင်သေးလား?
“ဘုရားရေ… ကယ်ပါဦး”
……….
လူငယ်များသည် ၎င်းတို့၏မျှော်လင့်ချက်များ ပျက်စီးသွားသည်ကိုတွေ့ပြီး တုန်လှုပ်ခြောက်ခြားသွားတော့သည်။
မိန်းကလေးသည် မှော်ဆက်သွယ်ရေးစက်ကိုကြည့်ပြီး လှုပ်ခါကြည့်လေသည်။
“ထူးဆန်းလိုက်တာ… ပျက်သွားတာလား? မဖြစ်နိုင်တာ”
လူတိုင်းသည် သူမအား မျက်ရည်လည်ကာကြည့်နေကြသည်။ သူမထံက အလှည့်စားခံရပြီဟုလည်း ထင်နေကြသည်။
ထိုအချိန်တွင် လူစီယန်အား ပထမဆုံးစကားလာပြောသည့် လူငယ်မှ ကားကိုရှောင်လိုက်ကာ ထိုမိန်းကလေးအား အသံဩဩဖြင့် ပြောလိုက်သည်။
“သူတို့မရောက်လာခင် နင်ဒီကအရင်ထွက်သွား။ ဒီနေရာမှာတောင် မီးဘောလုံးသုံးနိုင်ရင် ဒီကလွတ်ဖို့လည်း လွယ်မှာပဲ နင်လွတ်သွားတာနဲ့ တခြားသူတွေကိုဆက်သွယ်ပြီး ငါတို့ကိုလာကယ်ခိုင်းရင် ငါတို့လွတ်ဖို့အခွင့်အရေးရှိတယ်”
အခြားသူများသည် ကြောင်သွားပြီး ဤသည်မှာအကြံကောင်းဖြစ်ကြောင်း တွေးမိလိုက်ကြသည်။
သို့သော်လည်း တချို့သောသူများသည် ထိုမိန်းကလေးတစ်ယောက်ထဲ လွတ်သွားမည်ကိုတွေးကာ နှစ်သက်ခြင်းမရှိကြချေ။ တချို့သောသူများ၏မျက်နှာများမှာ ပြောင်းလဲသွားကြသည်။
လူစီယန်သည် ထိုအကြောင်းများကို စိတ်ဝင်စားခြင်းမရှိပါ။ သူသည် မိန်းကလေး၏လက်ထဲမှ မှော်ဆက်သွယ်ရေးစက်ကိုကြည့်ကာ မျက်မှောင်များကြုတ်၍ တွေးနေသည်။
ထိုလူငယ်၏စကားကိုကြားပြီးသည်နောက် သူ အကြံတစ်ခုရသွားသည်။ သူသည်ရှေ့သို့ထွက်လာပြီး ထိုမိန်းကလေးဆီသို့သွား၍ လက်ဖြန့်ကာ
“မှော်ဆက်သွယ်ရေးစက်ကို ငါ့ကိုပြကြည့်လို့ရမလား?”
***
Volume 8 အခန်း ၇ ။ ငါနဲ့အတူတိုက်ခိုက်ကြ
လူတိုင်းသည် လူစီယန်အား မျက်မှောင်ကုပ်လျက် ကြည့်လိုက်သည်။
၎င်းတို့အားလုံးသည် မည်ကဲ့သို့ လွတ်မြောက်ရန် တွေးနေကြသော်လည်း သူသည် အသေးစားမှော်ဆက်သွယ်ရေးပစ္စည်းကို စိတ်ဝင်စားနေသေးသည်။ သူသည် မည်သည့်အခြေနေသို့ ရောက်နေကြောင်း နားမလည်သလော။
မိန်းကလေးသည် အစပိုင်း၌ အံ့ဩသွားသော်လည်း သူမ၏အကြည့်မှာပြောင်းလဲသွားပြီး ပြုံးကာပြောလိုက်သည်။ “ဘာလို့လဲ နင့်မှာပြင်ဖို့နည်းလမ်းရှိလို့လား?”
“ငါကဆက်သွယ်ရေးအပိုင်းမှာ အထူးပြုယူထားတာ။ ငါကြိုးစား ကြည့်လို့ရတယ်”
“ကောင်းပြီ အဲ့တာဆို နင်ကြိုးစားကြည့်လိုက် ဒီကောင်တွေကို ငါတား,ထားလိုက်မယ်”
မိန်းကလေးသည် မှော်ဆက်သွယ်ရေးစက်အား လူစီယန်လက်ထဲသို့ထည့်ပေးလိုက်ပြီး မှော်တိုက်ကားများ ရှေ့သို့သွား၍ရပ်လိုက်ရာ လူတိုင်းအံ့ဩသွားခဲ့ရသည်။
“နင်တစ်ယောက်ထဲထွက်ပြေးသွားသင့်တယ်” သူမအား အစောပိုင်းကပြောသောလူငယ်မှ ထပ်မံအော်ပြောလိုက်သည်။ “နင့်ကိုပါဖမ်းမိသွားရင် ငါတို့အားလုံးသွားပြီပဲ”
ထိုစကားကိုကြားပြီးနောက် လူတိုင်း အသိပြန်ဝင်လာကြပြီး သူမအားထွက်ပြေးရန် ဝိုင်းပြောကြသည်။
သို့သော်လည်း မိန်းကလေးသည် သူတို့အား လှည့်ကြည့်လိုက်ပြီး ရယ်မောလိုက်တော့သည်။ ထို့နောက် သူ၏လက်ကို မြောက်လိုက်ရာ ကြီးမားသော စတီးချောင်းတစ်ခု ပေါ်လာသည်။
ထိုအရာကိုမြင်တွေ့လိုက်ရသော သူမ၏နောက်မှ ကျောင်းသားများသည် ကြောင်အ,သွားကြသည်။
အကယ်၍၎င်းတို့မမှားလျှင် ထိုအရာမှာ ကိုယ်ပိုင် ဘဇူကာမှော်ဒုံးလောင်ချာ ပင်ဖြစ်လိမ့်မည်။
ထိုမိန်းကလေးသည် သူ၏မှော်သိုလှောင်ရေးပစ္စည်းမှထုတ်လာသည့် ပစ္စည်းများမှာ လက်ခံနိင်ရန်ခက်ခဲလှပေသည်။ သို့သော် ဘဇူကာမှော်ဒုံးလောင်ချာအား ထုတ်လာမည်ဟု မည်သူမှ စဉ်းစားနိုင်ခြင်းမရှိပေ။
လူတိုင်းသည် ကြောင်နေသောအကြည့်များဖြင့် ထိုမိန်းကလေး၏ ဘဇူကာမှော်ဒုံးလောင်ချာအား သူမ၏ပခုံးပေါ်တင်ကာ ကျွမ်းကျင်စွာ ကိုင်တွယ်နေသည်ကို ကြည့်နေကြသည်။ ထို့နောက် “ဖောင်း” ဆိုသော အသံနှင့်အတူ ဘဇူကာမှော်ဒုံးလောင်ချာ၏ပြောင်းဝမှ မျက်စိကျိန်းစေသည့် အနီရောင်အလင်းတန်းတစ်ခုထွက်လာလေသည်။
မျက်စိတမှိတ်အတွင်းမှာပင် မီးတောက်သည် မှော်တိုက်ကား သုံးစီးမှ တစ်စီးအားထိမှန်သွားသည်။
“ဟုန်း..”
ကျယ်လောင်စွာပေါက်ကွဲသွားသည့် အသံနှင့်အတူ မှော်တိုက်ကားသည် ကစားစရာအရုပ်လေးကဲ့သို့ လွင့်ထွက်ကာ မြေပေါ်သို့ ကျသွားသည်။ ၎င်းသည် နှစ်ကြိမ်ခန့်မြောက်တက်သွားပြီး မီးတောက်များဖြင့် ဖုံးလွမ်းသွားကာ ထပ်မံ၍ ရွေ့လျားနိုင်ခြင်းမရှိတော့ချေ။ လူတိုင်း၏မျက်နှာပေါ်မှ အံ့ဩမှုသည် ပိုမို၍အတိုင်းသားမြင်နေရလေသည်။
ဒါက………..
မှော်တင့်ကားများမှလွဲ၍ မှော်တိုက်ကားများသည် တိုက်ပွဲတွင် အခိုင်မာဆုံးစက်များ မဟုတ်ပါလား? ကြီးမြတ်သော မှော်ပညာရှင်များကိုပင် ဟန့်တားနိုင်သည်ဟု ဆိုခဲ့သည် မဟုတ်ပါလား?
အဘယ်ကြောင့်နည်း …အဘယ်ကြောင့် ဘဇူကာမှော်ဒုံးလောင်ချာတစ်ခုတည်းနှင့် အလဲထိုးခံလိုက်ရပါသနည်း?
အရေးကြီးဆုံးအချက်မှာ ဤ ဘဇူကာမှော်ဒုံးလောင်ချာအားပစ်လိုက်သူမှာ အသက် ၂၀ ပင်ပြည့်ပုံမပေါ်သေးသော မိန်းကလေးငယ်တစ်ဦးဖြစ်နေခြင်းပင်။
ရန်သူများသည် ဘဇူကာမှော်ဒုံးလောင်ချာ၏စွမ်းအင်ကို မြင်ကာ ကြောက်လန့်သွားပြီး ကျန်ရှိနေသော မှော်တိုက်ကားနှစ်စီးအား ကာကွယ်ရန် အလျှင်အမြန်ခွဲထုတ်လိုက်ပြီး မတူညီသောဘက်မှ ချည်းကပ်လာကြသည်။
၎င်းတို့သည် အကွေ့အကောက်ပုံစံဖြင့် ရှေ့ သို့တိုးလာပြီး ထိုမိန်းကလေးမှ ဘဇူကာမှော်ဒုံးလောင်ချာ နောက်တစ်လုံးအား ပစ်လိုက်မည်ကို ကြောက်လန့်နေကြကြောင်းသိနိုင်သည်။
သို့သော် မိန်းကလေးသည် ထိုမှော်တိုက်ကားများအား ကြည့်လိုက်ပြီးနောက် ရယ်မောကာ သူ၏ ဘဇူကာမှော်ဒုံးလောင်ချာကို ပခုံးပေါ်မှ မြေပေါ်သို့ချလိုက်ပြီးနောက် အခြားတစ်ခုအား ဆွဲထုတ်လာလေသည်။
သူ၏နောက်မှကျောင်းသားများသည် မည်ကဲ့သို့တုံ့ပြန်ရမည်ကိုမသိပဲ သူမအားကြောင်ကြည့်နေမိတော့သည်။
သူမ၏မှော်သိုလှောင်ရေးပစ္စည်းသည် သူမ၏ လက်နက်တိုက်ပင်ဖြစ်ပါသလား?
“ဟုန်း..”
ထိုစဉ် အခြားသော မီးတောက်တစ်ခုထပ်မံပစ်လိုက်သည်။
မှော်တိုက်ကားများသည် မည်မျှပင်ရှောင်တိမ်းစေကာမူ ဒုံးကျည်သည် ကောင်းကင်၌ လှပသော အလင်းများဖြာထွက်ကာ နောက်ဆုံး၌ မှော်တိုက်ကား အား ထိမှန်သွားသည်။
ဒုတိယမှော်တိုက်ကားသည် မီးတောက်များဖြင့်ဖုံးလွမ်းသွားသည်ကို မြင်လိုက်သည့် နောက်ဆုံးမှော်တိုက်ကားသည် အဝိုင်းပတ်လိုက်ကာ ထွက်ပြေးရန်တွန့်ဆုတ်မနေတော့ချေ။ ၎င်းသည် ရှေ့သို့ဆက်သွားရန် သတ္တိမရှိတော့ပြီဖြစ်သည်။
မိန်းကလေးသည် သူသုံးပြီးသော ဘဇူကာမှော်ဒုံးလောင်ချာအား ဘေးသို့ပစ်ချလိုက်ပြီး လက်ခုပ်တီးလိုက်သည်။ ထို့နောက် ခေါင်းကိုယမ်းကာ မကျေနပ်သည့်အသံနှင့် “အာ….ဒီမှောင်ခိုကူးသမားတွေထဲ သတ္တိရှိတဲ့သူတစ်ယောက်မှမရှိပါလား ငါကတော့တိုက်ပွဲအကြီးကြီးတိုက်ရပြီထင်တာ”
အခြားသူများသည် သူမအားကြည့်နေချိန်တွင် သူမသည် လူစီယန်ထံသို့ လှည့်လာသည်။
“ဟေ့ ဘာကပြသနာဖြစ်နေလဲ နင်ရှာတွေ့ပြီလား?”
လူစီယန်သည် တစ်ချိန်လုံး မှော်ဆက်သွယ်ရေးစက်ကိုပင် အာရုံစိုက်နေခဲ့သည်။ ထိုစကားကိုကြားလျှင် အပေါ်သို့ပင်မော့မကြည့်ပဲဖြေလိုက်သည်။
“ဒါကမှော်အဆီးအတားကြောင့်ထိသွားတာဖြစ်မယ် …ဒါကြောင့် အချက်ပြကနှောင့်နှေးသွားပြီး ဆက်သွယ်ဖို့ လိုင်းမမိတော့တာဖြစ်မယ်။”
“ဆိုတော့... နင့်မှာပြင်ဖို့နည်းလမ်းရှိလား?”
“ဖြစ်နိုင်ပါတယ် ဒါမဲ့ ငါအချိန်လိုတယ်”
“အချိန်လိုတာလား” မိန်းကလေးသည် အပြင်သို့ကြည့်လိုက်သည်။
မှော်တိုက်ကား ထွက်ပြေးသွားပြီးနောက် ရုတ်တရက် အချက်ပေးသံ မြည်လာသည်။ အပြင်၌ဖုန်မှုန့်များကြားမှ လှုပ်ရှားနေသော ပုံရိပ်များကိုမြင်နေရသည်။ ရန်သူများသည် ဖြစ်နေသည့်ပြသနာသည် ရိုးရှင်းသည့် ပြသနာမဟုတ်ကြောင်းရိပ်မိနေပြီဖြစ်ပြီး လွယ်လွယ်တုံ့ပြန်တော့မည် မဟုတ်ကြောင်း သိသာနေသည်။
“မြန်မြန်လုပ် ငါအကြာကြီးထိန်းထားနိုင်မှာမဟုတ်ဘူး”
“ကောင်းပြီး ,ဒါမဲ့ နင်အရင်ဆုံး ငါ့ကို အချက်လက်တစ်ချို့ ပေးနိုင်မလား?”
လူစီယန်ကထိုမိန်းကလေးအား မော့ကြည့်လိုက်သည်။
“ အို ဘာအချက်အလက်လဲ?” မိန်းကလေးကမေးသည်။
“နင်ဒီမှာမှော်ပညာသုံးနိုင်ကတည်းက ဒီမှော်အစီအရင်ရဲ့ အချက်အလက်တွေကို သိနေတယ်မလား? ငါ့ကိုပေးပါ… ဒါမှ ငါမှော်ဆက်သွယ်ရေးစက်ကို လိုင်းမိအောင်လုပ်လို့ရမှာ”
ထိုမိန်းကလေးသည် သူ၏ကြီးမားသော မျက်လုံးများနှင့်လူစီယန်အားကြည့်လိုက်ကာ ပြုံးလျှက် ပြောသည်။
“ငါနင့်ကို အခု အသေးစိတ်တော့ မပြောပြနိုင်သေးဘူး။ ဒါမဲ့ငါထင်တဲ့ နင်အဓိကလိုမဲ့အချက်ကိုတော့ ပြောလိုက်မယ်။ အခုဒီနေရာမှာရှိတဲ့ မှော်စွမ်းအင်လှိုင်းက 27.6 နဲ့ 29.3 hertz ကြားမှာပဲ”
“နင်ဒါကိုသိနေတာပဲ ဒါဆို……”
လူစီယန်သည်အံ့ဩသွားလျက် ဆက်လက်၍မေးချင်သော်လည်း ထိုမိန်းကလေးသည် ပြုံးရယ်နေသောမျက်နှာနှင့် အခြားတစ်ဖက်သို့လှည့်သွားလေသည်။
လူစီယန်သည် ဆက်မေးလို့မရနိုင်တော့မှန်းသိကာ အနည်းငယ်ငြိမ်သွားလျက် ခေါင်းကိုသာငုံ၍ သူ့လက်ထဲမှ မှော်ဆက်သွယ်ရေးစက်ကိုသာ ပြင်နေတော့သည်။
သူသည် မည်သည့် ကိရိယာမှမရှိသောပဲ သူ၏မှော်စွမ်းအားကိုသာ အသုံးပြု၍ ပြင်နေရခြင်းကြောင့် အနည်းငယ်ကြန့်ကြာနေတော့သည်။
တစ်ခုတည်းသောမျှော်လင့်ချက်မှာ ထိုမိန်းကလေးသည် ရန်သူများအား တားဆီးပေးနိုင်ရန်ဖြစ်သည်။
မိန်းကလေးသည် လူစီယန်ထံမှထွက်လာပြီးနောက် အခြားသူများဖက်သို့လှည့်ကာလက်ယမ်းပြလိုက်သည်။
“နင်တို့အားလုံးနောက်နည်းနည်းဆုတ်လိုက်ကြ မဟုတ်ရင် မီးဟပ်ခံရမယ်”
ကျောင်းသားများသည် နောက်သို့နည်းနည်းမဆုတ်လိုက်မှီ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
မိန်းကလေးအား တစ်ဦးတည်းထွက်ပြေးရန်ပြောသည့် လူငယ်ကသာ ရှေ့သို့ထွက်လာပြီး သူမအား လက်ဖြင့်ပုတ်ကာ
“နင့်ဆီမှာ စစ်တပ်သုံးမှော်စက်တွေအများကြီးရှိတယ်မလား? ငါ့ကိုနည်းနည်းပေးပါ။ ငါနင်နဲ့အတူ ရန်သူတွေကိုတိုက်မယ်။ ပြီးတော့ နင်ဒီနေရာမှာမှော်ပညာ ဘယ်လိုသုံးလဲဆိုတာ ငါတို့ကို ပြောပြသင့်တယ်။ ငါတို့လဲ နင့်လောက်အားမကောင်းပေမဲ့ မှော်ပညာရှင်တွေပဲ နင့်ကို ကူညီလို့ရတယ်”
မိန်းကလေးသည် အနည်းငယ်အံ့အားသင့်သွားပြီးနောက် လူငယ်ကိုကြည့်ကာ
“နင့် နာမည်ဘယ်လိုခေါ်လဲ”
“ဒန်စန်လို့ပဲခေါ်ပါ”
လူငယ်သည် ခေါင်းကိုခါလိုက်ပြီးနောက် “ဒါတွေပြောဖို့ အချိန်မရောက်သေးဘူး ငါ့ကိုလက်နက်တွေပေးပြီး မှော်အဆီးအတားကို ဘယ်လိုဖျက်လဲပြောပြပါ”
“နင့်ရဲ့အခုလက်ရှိ စွမ်းအားအရဆို ဒီနည်းလမ်းကို သုံးလို့ အဆင်မပြေသေးဘူး။ ဒါမဲ့ နင်ငါ့ဘေးနားမှာရပ်နေမယ်ဆိုရင် ငါရဲ့ဘေးပတ်လည်ကမှော်စွမ်းအားကို ပြောင်းလဲပေးနိုင်တယ်။ ဒီလိုဆို နင် မှော်စွမ်းအင်ပြန်သုံးနိုင်လိမ့်မယ်” မိန်းကလေးကပြောသည်။
အခြားသူများကအံ့ဩသွားသည်။
သူ၏ဘေးပတ်လည်မှမှော်စွမ်းအားကိုပြောင်းလဲမည်? ၎င်းသည် မှော်စွမ်းအားပိုင်နက် မဟုတ်ပါလား?
ထိုမိန်းကလေးသည် အမှန်တကယ်ပင် ကြောက်စရာကောင်းသည့် မှော်စွမ်းအားပိုင်နက်ကိုပင် ပိုင်ဆိုင်နေသည်လား? ၎င်းသည် အလွန်မယုံနိုင်စရာကောင်းလှပေသည်။
ထိုအံ့ဩနေသည့် အမူအရာများအား မြင်လျှင် ထိုမိန်းကလေးသည် ၎င်းတို့တွေးနေသည်များကို ခန့်မှန်းမိလေသည်။ ထို့ကြောင့် ပခုံးတွန့်ကာ
“ငါကအဲ့လောက်စွမ်းအားမကြီးသေးပါဘူး။ ဒါကတိုက်ဆိုင်မှုတစ်ခုပါ မှော်ပညာသီအိုရီတွေကိုသာသိရင် မှော်စွမ်းအားပိုင်နက်တွေက အဲ့လောက်အံ့ဩစရာမဟုတ်တော့ပါဘူး။ ဟုတ်တယ်မလား”
ဟုတ်တယ်မလား ခေါင်းသုံးစမ်းပါ။
Frestech ကုန်သည်များအသင်း၏ ဥက္ကဌ ရှု အဆိုပြုထားသည့် မှော်ပညာအား သိပ္ပံရှုထောင့်မှကြည့်ခြင်းသည် နယ်မြေထဲရှိ မှော်ပညာရှင်များ၏ စနစ်ကို များစွာသက်ရောက်စေပြီး မှော်စွမ်းအားပိုင်နက်ကဲ့သို့ အသုံးပြုရန် ယခင်က မဖြစ်နိုင်ဟုထင်ထားသည့် မှော်ပညာများသည်လည်း နက်နဲသောပညာများမ ဟုတ်တော့ချေ။ သို့သော်လည်း ထို သီအိုရီများသည် နားလည်ရန်ခက်ခဲသကဲ့သို့ အသုံးပြုနိုင်ရန် ပို၍ပင်ခက်ခဲနေသေးသည်။
ယခုတွင် အင်အားကောင်းသည့် မှော်ပညာရှင်အချို့သည် ၎င်းတို့၏မှော်စွမ်းအားပိုင်နက်များ ထုတ်နိုင်ကြသော်လည်း ဤကဲ့သို့ငယ်ရွယ်သော မိန်းကလေးငယ်တော့မဖြစ်သင့်ပေ။
“ဟုတ်ပြီ ရန်သူတွေလာနေပြီ.. ငါနဲ့အတူတိုက်ချင်တဲ့သူတွေ ငါ့ဘေးမှာလာနေ…. အနည်းဆုံးတော့ မင်းတို့စွမ်းအားတစ်ချို့သုံးပြီး မှော်ဒိုင်းကာတွေထုတ်ရင် ကာကွယ်ပေးလို့ရတယ် … အဲ့လိုမလုပ်ချင်ဘူးဆိုရင်တော့ ဘေးမှာသွားနေကြ” မိန်းကလေးသည် လက်ပြကာ အမိန့်များပေးနေသည်။
ကျောင်းသားများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ မိန်းကလေး ၃ယောက်နှင့် ယောင်္ကျားလေး ၆ယောက်တို့သည် ဘေးသို့ရွေ့သွားပြီး ဒန်စန် အပါအဝင် ကျောင်းသား ၁၀ယောက်သည် ထိုမိန်းကလေး၏အနားတွင် ကျန်ခဲ့သည်။
“ကောင်းတယ် လူငယ်အများစုက တိုက်ခိုက်ဖို့ သတ္တိရှိနေကြသေးတာပဲ” မိန်းကလေးသည် ကျေနပ်စွာခေါင်းငြိမ့်လိုက်လေသည်။
ထိုနောက် သူမသည် လက်ယမ်းလိုက်၍ သူမ၏သိုလှောင်ရေးပစ္စည်းထဲမှ မှော်စက်များ တစ်ခုပြီးတစ်ခုထုတ်ပြီး ရှေ့တွင် ချလိုက်သည်။
“ကောင်းပြီ လာကြည့်ပြီး ကြိုက်တာယူကြ” မိန်းကလေးသည် ဈေးရောင်းနေသကဲ့သို့ လက်ကိုယမ်းပြီး ပြောလိုက်ရာ ကျောင်းသားများ၏ နှုတ်ခမ်းများအားတွန့်သွားစေသည်။
အနည်းငယ်မျှတွန့်ဆုတ်နေပြီးနောက် သူတို့သည် ကြိုက်ရာမှော်စက်များအား ကောက်ယူလိုက်ကြတော့သည်။
ထိုကျောင်းသားများသည် စစ်တပ်သုံးမှော်စက်များအား သတင်းများတွင် တွေ့မြင်ဖူးသော်လည်း ယခုမှ လက်တွေ့ကိုင်ဖူးခြင်းဖြစ်သည်။
လူတိုင်းသည် စိတ်လှုပ်ရှားနေကြပြီး ဘာလုပ်ရမည်ကို မည်သူမှမသိကြချေ။
မိန်းကလေးသည် အားလုံးကိုကြည့်လိုက်ပြီးနောက် ဒန်စန်တစ်ဦးသာ မှော်စက်သေနတ်ကို သေချာကိုင်ထားပြီး အခြားသူများသည် အတွေ့ကြုံမရှိသည့် လူသစ်များသာဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
သို့သော် သူမသည် စိုးရိမ်ချင်းမရှိပါ။ ဒန်စန်ကိုသာကြည့်လိုက်ပြီးနောက် လက်ကိုမြောက်ကာအော်လိုက်သည်။
“ကောင်းပြီ အခု ငါနဲ့အတူတိုက်ခိုက်ကြ”
လူတိုင်းသည် ရုတ်တရက်တိုက်ခိုက်ရန် ဟန်ပြင်လိုက်မိကြသည်။
တိုက်ခိုက်ရမှာလား ဘယ်ကိုလဲ ?
ကြောင်သွားသည့်ကျောင်းသားများကြည့်ကာ မိန်းကလေးသည် ဘာကိုမှဂရုမစိုက်သည့်ပုံနှင့် ရယ်လိုက်သည်။
လူတိုင်းသည် ကြောင်နေသောရုပ်များအား ဖုံးကွယ်ထားရန် မတတ်နိုင်ချေ။ သူတို့သည် ထိုမိန်းကလေးသည် မည်သို့သောသူ ဖြစ်သည်ကိုသိချင်နေကြသည်။ ဤအခြေနေတွင်ပင် ၎င်းသည် မရီရသောဟာသကိုပြောနေနိုင်သေးသည်။
မိန်းကလေးသည် အားလုံး၏အကြည့်ကိုမြင်သောခါ ခံစားချက်မရှိသည့်ပုံနှင့် ရယ်လိုက်ပြီး လက်များအား ဝေ့ယမ်းကာပြောလိုက်သည်။
“ဟုတ်ပါပြီ ဒါက ဟာသလုပ်လိုက်တာပါ။ စိတ်ထဲမထားပါနဲ့ အားလုံးပဲ ငါ့နားမှာပဲနေကြပါ။ အဝေးကြီးမသွားပါနဲ့။ ငါတို့ ဒီလူကုန်ကူးသမားတွေကို သင်ခန်းစာကောင်းကောင်းပေးကြတာပေါ့”
ထိုစကားများကိုကြားမှသာ သွေးဆူနေသောလူငယ်များအတွက် အားဖြစ်စေပြီး အကြိမ်နည်းငယ်အော်လိုက်ကြသည်။
သို့သော် ထိုသူများသည် ရန်သူများအား တိုက်ခိုက်ရန် စိတ်လှုပ်ရှားနေကြချိန်တွင် လူစီယန်၏ အသံသည် နောက်မှ ထွက်ပေါ်လာသည်။
“လိုင်းမိသွားပြီ”
***
Volume 8 အခန်း ၈ ။ ဘာလို့ငါတို့ကိုကစားရတာလဲ?
လိုင်းမိသွားပြီဖြစ်ကြောင်း မီးစိမ်းလေးပြပြီးနောက်တွင် လူစီယန်၏လက်ထဲရှိ မှော်ဆက်သွယ်ရေးစက်ထံမှ လူလတ်ပိုင်းအရွယ်ဦးလေးကြီး တစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
“ဟယ်လို မမလေး အခုဘယ်မှာလဲ အားလုံးအဆင်ပြေရဲ့လား”
မမလေး? လူစီယန် အံ့ဩသွားသည်။ သူအော်လိုက်သဖြင့် လှည့်ကြည့်လာသော မိန်းကလေးကိုကြည့်လိုက်ရာ နားလည်သွားလေသည်။
“ဟယ်လို ကျွန်တော်က…….”
လူစီယန်စကားစပြောလိုက်သည်နှင့် တဖက်မှ ကြမ်းတမ်းသောအသံတခုပေါ်လာသည်။
“မင်းကဘယ်သူလဲ ... မမလေးကဘယ်မှာလဲ … မင်းသူ့ကိုဘယ်ခေါ်သွားတာလဲ …. သတိပေးလိုက်မယ်နော်။ မမလေးရဲ့ ဆံပင်တစ်မွေးကိုတောင်ထိရဲရင် … ငါအာမခံတယ်။ မင်းနဲ့ မင်းရဲ့နောက်ကွယ်ကလူတွေအကုန် ဆိုးဆိုးရွားရွားသေရမယ်။”
လူစီယန်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူဖတ်ဖူးသည့် ဝတ္တုများမှ စကားလုံးများကိုပင် သတိရသွားသည်။
မိန်းကလေးသည် ဘဇူကာမှော်ဒုံးလောင်ချာများ ထုတ်လာကတည်းကပင် သာမာန်မဟုတ်မှန်း သိသော်လည်း တဖက်မှစကားသံများကြားရသောအခါ ပို၍အံ့ဩသွားရသည်။
ထိုမိန်းကလေး ….သူမ၏နောက်ခံမှာ မရိုးရှင်းပေ။ အင်ပါယာရှိ မြင့်မြတ်သည့် မိသားစုတစ်ခုမှပင် ဖြစ်နိုင်သည်။
သို့သော် ထိုမိန်းကလေး၏အပြုအမူများကို ကြည့်ခြင်းအားဖြင့် မိသားစု၏တင်းကြပ်သော ထိန်းချုပ်မှု ကို ခံထားရသည့်ပုံ မပေါ်ချေ။
“ခင်ဗျားတို့ မမလေးက အဆင်ပြေပါတယ် သူကအခု ……..” လူစီယန်မော့ကြည့်လိုက်သည်။ “သူကအခုဒီကိုလာနေပါပြီ။ သူနဲ့ပြောလို့ရပါတယ်”
လူစီယန်သည် မှော်ဆက်သွယ်ရေးစက်အား လာနေသောမိန်းကလေးထံသို့ ပူနေသောအာလူးတစ်လုံးကဲ့သို့ အမြန်လှမ်းပေးလိုက်သည်။
“ဟယ်လို အန်ကယ် ဟယ်ရစ်လား ? စိတ်လျော့ပါ…. အခု ကျွန်မ အရမ်းအဆင်ပြေနေပါတယ်။ …အာ? အို အဆင်ပြေပါတယ်။ တကယ်ပါ….လူကုန်ကူးသမားတွေက မှော်စက်အဟောင်းတွေကို ဘယ်ကနေရထားမှန်းမသိဘူး… ဒါပေမဲ့ ကျွန်မကို မခြိမ်းခြောက်နိုင်ပါဘူး။… သေချာတာပေါ့ .. ကျွန်မရဲ့အစွမ်းကို မယုံဘူးလား……အာ အန်ကယ်ကိုမလာစေချင်ဘူးလို့ ကျွန်မ ဘယ်တုန်းကမှ မပြောပါဘူးနော်…..အမြန်လာဖို့တောင် မျှော်လင့်ပါသေးတယ်….အဲ့လိုပြောလို့လဲ နားလည်မှုမလွဲပါနဲ့ …. ကျွန်မ အန္တရာယ်ကြုံနေရတာမဟုတ်ပါဘူး.. ဒါပေမယ့် ဒီကျောင်းသားတွေကတော့ ကာကွယ်ပေးဖို့လိုအပ်နေတယ်…ပြီးတော့ တချို့လည်း အဖမ်းခံနေရသေးတယ်ထင်တယ်… အဲ့ကြောင့် လာနိင်သလောက်မြန်မြန်လာခဲ့ပါ…..”
ထိုမိန်းကလေးပြောနေသောစကားများကိုကြားပြီးနောက် သူ၏ဘေးမှသူများသည် ပို၍ပင် ထူးဆန်းလာကြလေသည်။
ထိုထူးဆန်းသောမိန်းကလေး၌ အင်အားကြီးမားသော နောက်ခံရှိပုံပေါ်သည်။ ထို့အပြင် သူ၏စကားအရ ရန်သူများ၏တည်နေရာကို သိစေရန် ရည်ရွယ်ချက်ရှိရှိ အဖမ်းခံလိုက်ပုံပေါ်သည်။
ယခင်ကသူပြထားသော စွမ်းအားများနှင့် သူ၏နောက်ခံအရ လွယ်ကူစွာ ရန်သူများအားတိုက်ခိုက်နိုင်လိမ့်မည်။ သို့သော် သူမကိုယ်တိုင် အဘယ်ကြောင့် အန္တရာယ်ထဲသို့တိုးဝင်ရပါသနည်း?
သူမတွင် အင်အားကောင်းသော အကူအညီများရှိလျက်နှင့် သူတို့အားအဘယ်ကြောင့် စေလွတ်ခြင်းမရှိသနည်း?
မိန်းကလေးသည် စကားအနည်းငယ်ဆက်ပြော၍ ချလိုက်ကာ မှော်ဆက်သွယ်ရေးစက်အား လူစီယန်အား ပြန်ပေးပြီး
“လိုင်းမိအောင် ဆက်လုပ်ထားလိုက်”ဟုပြောလိုက်သည်။
လူစီယန် ခေါင်းငြိမ့်လိုက်သည်။
သူယခုစမ်းထားသော နည်းလမ်းအတိုင်း မှော်ဆက်သွယ်ရေးစက်အတွက် သူ၏မှော်စွမ်းအားကို အသုံးပြု၍ အထူးလိုင်းများဖန်တီးလိုက်သည်။
ထိုမိန်းကလေးသည် ပခုံးကိုတွန့်လျက် လက်ကိုဖြန့်လိုက်သည်။ သူမ၏အမူအရာသည် ပြောင်းလဲခြင်းမရှိသော်လည်း သူမသည်အကူအညီမဲ့နေကြောင်းဖော်ပြနေသည်။
“အာ ငါ နင်တို့နဲ့ တူတူတိုက်ခိုက်ရတော့မယ်ထင်တာ… အခုတော့ ငါတို့ လုပ်လို့မရတော့ဘူး … တခြားနည်းလမ်းလည်း မရှိဘူးလေ… ငါ့လူတွေက ငါ့ကိုတွေ့သွားပြီဆိုတော့ ငါတို့ ဘာမှလုပ်စရာမရှိတော့ဘူး… ကောင်းပြီ အားလုံးပဲ ပုန်းဖို့နေရာရှာကြတာပေါ့။ ပြီးတော့ ငါ့လူတွေရောက်လာရင် လုံခြုံပါပြီ..”
မျက်နှာဝိုင်းဝိုင်းနှင့်မိန်းကလေးက မအောင့်နိုင်တော့ပဲ မေးလိုက်သည်။ “နင့်အကူအညီတွေက အဝေးကြီးမှာမဟုတ်ဘူးလား? သူတို့မြန်မြန်ရောက်လာနိုင်ပါ့မလား?”
“ဟုတ်တယ် အကယ်၍ သူတို့သာ နောက်ဆုံးပေါ် မှော်လေသင်္ဘောတွေ မရှိရင် ဒီကို အမြန်ရောက်ဖို့ ဖြစ်နိုင်မှာမဟုတ်……”လူငယ်သည် သူ့၏စကားမဆုံးခင်မှာပင် လူတိုင်းနှင့်အတူ ကောင်းကင်ပေါ်သို့မော့ကြည့်လိုက်ရာ
ကောင်းကင်ပေါ်မှ ကြီးမားသော အရိပ်နှစ်ခု ပေါ်လာပြီး ၎င်းတို့အား ဖုံးလွမ်းသွားသည်။
လင်းထိန်နေသော နေရောင်ခြည်အောက်တွင် ထိုအရိပ်နှစ်ခုသည် မှော်လေသင်္ဘောနှစ်စင်းဖြစ်ကြောင်း လူတိုင်းပြောနိုင်ကြလေသည်။
ထို မှော်လေသင်္ဘောများ မဆင်းသက်မှီတွင် လူတိုင်းသည်ငေးကြည့်နေမိကြလေသည်။ တစ်စီးမှာ ၎င်းတို့၏ရှေ့တွင် ဆင်းသက်ပြီး နောက်တစ်စီးမှာ အနီးရှိမြက်ခင်းပေါ်တွင် ဆင်းသက်လေသည်။
မှော်လေသင်္ဘော၏တံခါးသည်ပွင့်လာပြီး လူလတ်ပိုင်းအရွယ် စစ်တပ်ယူနီဖောင်းနှင့် လူကြီးတစ်ဦးဆင်းလာကာ မိန်းကလေးထံသို့ အမြန်သွားလေသည်။
“မမလေးကို ကျွန်တော် အခုတော့ရှာတွေ့ပြီ”
လူကြီးသည် မိန်းကလေးကိုတွေ့လျှင် လွန်ကဲသောအသံဖြင့်အော်လေသည်။
“မမလေး သိရဲ့လား မမလေးနဲ့ အဆက်သွယ်ပြတ်သွားကတည်းက သေလောက်အောင်လန့်သွားတာ”
မိန်းကလေးကရယ်သည်။ “ကျွန်မပြောသားပဲ ….. ဘာမှဖြစ်မှာမဟုတ်ပါဘူးဆို အန်ကယ် ဟယ်ရစ်… အဲ့လိုသာ ခနခနလန့်နေရင် အသက်ရှည်မှာမဟုတ်ဘူးနော်”
အန်ကယ်ဟယ်ရစ်ဟုခေါ်သောလူကြီးက သူ၏ရင်ဘတ်ကိုပုတ်လိုက်ကာ မျက်မှောင်ကြုတ်လျက် “မမလေးကြောင့် ဘယ်တုန်းက မလန့်ရလို့လဲ? အဲ့လိုပြောရတာ မရှက်ဘူးလား”
မိန်းကလေးသည် ထိုလူကြီး၏လက်မောင်းအားဆွဲလိုက်ကာ ကျောင်းသားများအား ညွန်ပြပြီး အိမ်ယာအားလည်း လက်ညိုးထိုးပြလိုက်သည်။
“ဟုတ်ပြီ အန်ကယ်ဟယ်ရစ် အဲ့တာကို မပြောနဲ့တော့ … ကြည့်ဦး အဲ့တာက ကျွန်မနဲ့တူတူပါလာတဲ့ အုပ်စု … အခုထိရတဲ့ သတင်းအရ ကျောင်းပေါင်းစုံက ကျောင်းသားတွေတဲ့ .. အိမ်ထဲမှာကတော့ လူကုန်ကူးသမားတွေ အများကြီးရှိလိမ့်မယ်။ အန်ကယ် ဘာလုပ်ရမလဲ သိတယ်မလား … ကျွန်မဘာမှ ပြောဖို့ မလိုတော့ဘူးနော်”
ဟယ်ရစ်သည် အိမ်ထဲကထွက်လာသော မှော်တိုက်ကားများကို ကြည့်ကာ နှာခေါင်းရှုံလိုက်ပြီး သူ၏အမူအရာမှာအေးစက်သွားကာ သူ၏လူသတ်ငွေ့များကို ထုတ်လိုက်သည်။
“ကျွန်တော် အဲ့အမှိုက်တွေအားလုံးကို ဖမ်းချင်နေပြီ… မမလေး ကိုယ်တိုင် အန္တရာယ်ကြားထဲဝင်ပြီး သူတို့ အသိုက်ကို ရှာခဲ့လို့ ရှင်းဖို့လွယ်မှာပါ… ကျွန်တော်တို့ရဲ့ Fresh….အဲ , သူတို့မှာသာ အကောင်းဆုံး စစ်တပ်သုံးမှော်စက်တွေရှိတာပါ… ဒါကြောင့် ကျွန်တော်တို့ကို ရင်မဆိုင်နိုင်ပါဘူး”
ဟယ်ရစ်သည် စိတ်ရှုပ်နေသော ကျောင်းသားများကို ကြည့်ပြီး ထိုမိန်းကလေးအား
“မမလေး ကန်ဒရာအင်ပါယာက လူတွေက ကျွန်တော်တို့နောက်မှာ … မကြာခင်သူတို့ရောက်လာတော့မှာပါ။ မှော်လေသင်္ဘောထဲ အဲ့ကျောင်းသားတွေနဲ့ အတူ ဝင်နေလိုက်ပါ… ကျန်တာတွေ ကျွန်တော်တို့ လုပ်လိုက်ပါမယ်”
မိန်းကလေးသည် သူ၏မျက်လုံးကို လည့်လိုက်ပြီး “သိပါပြီ အန်ကယ်ရောက်လာကတည်းက ကျွန်မ ဘာမှလုပ်စရာမရှိတော့ဘူးမလား။ ဒါမဲ့ ထားလိုက်ပါ။ ခုနက ကျွန်မပျော်ပြီးသွားပြီ။ ဒါကြောင့် ကျေနပ်ပါပြီ။ အန်ကယ်ဟယ်ရစ် အိမ်ထဲမှာ တခြားဖမ်းခံရတဲ့သူတွေလည်း ရှိဦးမယ်ထင်တယ်၊ သူတို့ကို ဂရုစိုက်လိုက်ပါဦး”
အန်ကယ်ဟယ်ရစ်သည် သူမအား စိတ်ချထားရန်အတွက် လက်သင်္ကေတပြလိုက်သည်။ ထို့နောက် သူသည် လက်ကိုဝေ့ယမ်းလိုက်ပြီး အိမ်ထဲသို့ မှော်လေသင်္ဘောမှ ထွက်လာသည် လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် စစ်သားများနှင့် အတူ ဝင်သွားလေသည်။
“ကောင်းပြီ အခု အန်ကယ်ဟယ်ရစ်ရဲ့အလုပ်ဖြစ်သွားပြီ နင်တို့အားလုံး ငါ့နောက်လိုက်ခဲ့လို့ရတယ်” မိန်းကလေးသည် အခြားသူများအား လိုက်လာရန် လက်ပြကာ မှော်လေသင်္ဘောဆီသို့ သွားလေသည်။
ကျောင်းသားများသည် နောက်ဆုံးတွင် လွတ်မြောက်ရန်မျော်လင့်ချက်အား တွေ့ရှိသွားသည့်အတွက် မိန်းကလေးနောက်သို့ အမြန်ပင်လိုက်သွားကြသည်။
မှော်လေသင်္ဘောသည် အပြင်မှကြည့်လျှင် အလယ်အလတ်ဆိုဒ်သာ ရှိသော်လည်း ၎င်းသည် မီတာ ၅၀ သို့ ၆၀ အရှည်ရှိကာ ၁၀မီတာ ကျယ်ပေသည်။ အတွင်းပိုင်းတွင် သူတို့အားလုံး အလွယ်တကူ ဝင်ဆံ့ကြောင်း တွေ့လိုက်ရသည်။
ထိုကျောင်းသားများ အနေဖြင့် မှော်လေသင်္ဘောအတွင်းသို့ ဝင်ရသည်မှာ ပထမဆုံးဖြစ်သဖြင့် လျောက်ပတ်ကြည့်နေကြသည်။
ကြည့်ပြီးနောက်တွင် မှော်လေသင်္ဘော၏ အတွင်းပိုင်းသည် မှော်ရုပ်ပြတွင် မြင်ရသည့် မှော်လေသင်္ဘောနှင့် ကွာခြားကြောင်းသိလိုက်ရသည်။
အများသုံးရန် တီထွင်ထားသည့် မှော်လေသင်္ဘောများနှင့်ယဉ်လျှင် ဤ မှော်လေသင်္ဘောကပို၍ ရိုးရှင်းသည် အလှဆင်ထားသည်များမရှိပဲ အနည်းငယ်အေးသကဲ့သို့ပင်။
ကျောင်းသားများသည် မှော်လေသင်္ဘောများသည် ပြည်သူများအတွက်မဟုတ်မှန်းသိပြီး ၎င်းသည် စစ်တပ်သုံးဖြစ်လေသည်။
ပြီးနောက်တွင် လူတိုင်း၏အကြည့်က မိန်းကလေးထံရောက်သွားသည်။
ဟယ်ရစ်က မမလေးဟု သုံးနှုန်းသည်ကို ကြည့်ခြင်းအားဖြင့် သူမသည် ရာထူးကြီးပြီး မြင့်မြတ်သော အိမ်တော်တစ်ခုခု၏ အမွေဆက်ခံသူဖြစ်ပေလိမ့်မည်။
ဤ မှော်လေသင်္ဘောသည်လည်း စစ်တပ်သုံးဖြစ်သည့်အတွက် ထိုမိန်းကလေးသည် ကန်ဒယာအင်ပါယာ၏စစ်တပ်မှ ရာထူးကြီးသူ မိသားစုမှလည်း ဖြစ်နိုင်လေသည်။
သို့သော် ဟယ်ရစ်က ကန်ဒရာအင်ပါယာကလူများသည် နောက်တွင်ရှိသည်ဟုဆိုသောကြောင့် အခြားတိုင်းပြည်တစ်ခုခုမှလည်း ဖြစ်နိုင်ပေသည်။
သူတို့သည် ထိုမိန်းကလေး၏ အချက်လက်အား ပိုမို၍ သိချင်လာကြသည်။
သူမက ဘယ်သူလဲ?
လူစီယန်သည် မှော်လေသင်္ဘောထဲရောက်ပြီးသည့်နောက် အခြားသူများကဲ့သို့ လည့်ပတ်ကြည့်မနေပဲ ခေါင်းကိုငုံ့၍ တိတ်ဆိတ်စွာနေလေသည်။
အနည်းငယ်ကြာပြီးနောက်တွင် သူသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး ထိုမိန်းကလေးထံသို့ လျှောက်သွားသည်။
“ဒီမှာ နင့်ရဲ့ မှော်ဆက်သွယ်ရေးစက် ငါပြန်လာပေးတာ”
လူစီယန်သည် သူလက်ထဲတွင်ရှိနေသော မှော်ဆက်သွယ်ရေးစက်အား သူမကိုပေးလိုက်သည်။
“အိုး…ကျေးဇူးပါ” မိန်းကလေးသည် ပြောလိုက်ပြီးမှ စူးစမ်းသည့်အသံဖြင့်
“ဟုတ်သားပဲ နင့်နာမည်ကဘယ်လိုခေါ်လဲ? မှော်ဆက်သွယ်ရေးစက်ကို အတားဆီးတွေထဲက လိုင်းမိအောင်လုပ်ဖို့လွယ်တာမဟုတ်ဘူး။ နင့်ရဲ့ မှော်ဆက်သွယ်ရေးနည်းပညာကို နားလည်တဲ့ အရည်အချင်းက မဆိုးဘူးပဲ”
ထိုမိန်းကလေး၏ချီးကျူးသံကိုကြားပြီးနောက် ဘေးပတ်ပတ်လည်မှကျောင်းသားများသည် အားကျသည့်အကြည့်များဖြင့်ကြည့်လာကြသည်။
ထိုမိန်းကလေးသည် နောက်ခံကောင်းရှိပြီး သူမ၏စိတ်ဝင်စားမှုကို ခံရခြင်းသည် ၎င်းတို့အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်လိမ့်မည်။
သို့သော်လည်း လူစီယန်သည် ထိုမိန်းကလေးအား ခေတ္တမျှ စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်၊ သူသည် ခေါင်းကိုခါလျှက် အေးစက်သော လေသံဖြင့်
“နင်ဘာလို့ ငါတို့ကို ကစားရတာလဲ?”
ထိုသို့ပြောလိုက်ချိန်တွင် မှော်လေသင်္ဘောတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြသည်။
အခြားသော ကျောင်းသားများသည် လူစီယန်အား ကြောင်ကြည့်နေကြသည်။ ဒီတစ်ယောက် ဘာဖြစ်နေတာလဲ…
သူသည် မိန်းကလေး၏မျက်နှာကိုကြည့်ကာ ထိုသို့စွပ်စွဲရဲပေသည် သူသည် ထိုမိန်းကလေးအား သာမာန်လူ မဟုတ်မှန်း မသိပါသလော။
“ငါက နင့်ကို ကစားတယ်?”
မိန်းကလေးက ၎င်းတို့ကဲ့သို့ အမူအယာဖြစ်နေသော်လည်း သူမ၏အသံမှာ တည်ငြိမ်သည်။ ဤသည်မှာ သူမသည် လူစီယန်၏စွပ်စွဲချက်အား ဂရုမစိုက်သလို သူမ၏အသံ၌လည်း အနည်းငယ်လှောင်ရယ်သံစွက်နေသလိုပင်။
လူစီယန်သည် မှော်ဆက်သွယ်ရေးစက်အား လက်ညိုးထိုးလျှက်
“နင်က မှော်ဆက်သွယ်ရေးစက်ကို ငါ ပြင်နိုင်ဖို့အတွက် ဒီနေရာရဲ့ မှော်လှိုင်းကြိမ်နှုန်းကို ငါ့ကို ပြောပြခဲ့တယ်။ အဲ့တာကြောင့် အတားဆီးကိုဖြတ်ပြီး ဆက်သွယ်နိုင်ခဲ့တာပဲ”
“ အင်း ငါပြောခဲ့ပါတယ် အဲ့တာဘာဖြစ်လို့လဲ”
“နင်အဲ့တာကို သိနေခဲ့ရင် နင့်အရည်ချင်းနဲ့ဆို မှော်အချက်ပြကို ဘယ်လိုပြင်ရမလဲ ဆိုတာလဲ သိမှာပဲ။ နင်အဲ့တာကို ပြင်နိုင်တယ်ဆိုတာ ငါသေချာတယ်။ ငါ့ထပ် ပိုတောင် မြန်ဦးမယ်။ ပိုလည်းကောင်းဦးမယ်။ အဲ့တာကို ဘာလို့ကိုယ်တိုင်မလုပ်တာလဲ?”
***
Volume 8 အခန်း ၉ ။ မိမိကိုယ်ကို လေးစားမှု အားနည်းခြင်း
မှော်လေသင်္ဘောထဲတွင်လည့် အခြားသော ကျောင်းသားများသည် မိန်းကလေးအား ကြည့်လိုက်ကြသည်။
အကယ်၍ လူစီယန်ပြောစကားသည် အမှန်ဖြစ်လျှင် ထိုမိန်းကလေးသည် ၎င်းတို့အားအန္တရာယ်ထဲသို့ တွန်းပို့ခြင်း ဖြစ်သည်။
သူမ အဘယ်ကြောင့် ထိုသို့လုပ်ရသနည်း?
“နင်မှန်တယ် ငါလုပ်နိုင်တယ်” မိန်းကလေးသည် ၎င်းအားဖုံးကွယ်ထားလိုစိတ်ရှိသည့်ပုံမပေါ်ပဲ ပွင့်လင်းစွာ ဝန်ခံလေသည်။
“အဲ့တာဆို ငါ့ကို ဘာလို့လုပ်ခိုင်းတာလဲ? လူစီယန်ကဆက်မေးသည်။
“ဘာလို့လဲဆိုတော့ နင်ကြိုးစားကြည့်ချင်တယ်ပြောလို့လေ” မိန်းကလေးကပခုံးတွန့်ကာ တည်ငြိမ်စွာဖြင့် ဖြေလေသည်။
လူစီယန်သည် မိန်းကလေး၏ဂရုမစိုက်တတ်သည့်ပုံစံကြောင့် ဒေါသထွက်လာလေသည်။
“ဒါဆို ငါမလုပ်နိုင်ခဲ့ရင် ဘယ်လိုလုပ်မှာလဲ? ငါတို့ အခုထက်ပိုပြီးအန္တရာယ်များသွားမှာ မဟုတ်ဘူးလား။ တစ်ခုခုများမှားသွားရင် တစ်ယောက်ယောက်ကတောင် သေသွားနိုင်တယ်”
မိန်းကလေးသည် လူစီယန် ဒေါသမထိန်းနိုင်သည်ကို အနည်းငယ်အံ့ဩသွားသည်။ မျက်လုံးကို ပေကလပ်ပေကလပ်လုပ်ကာ သူ့အားကြည့်၍ခပ်မှိန်မှိန်ပြုံးလိုက်သည်။
“ဟီးဟီး….နင်ကတကယ်ပဲ စိတ်ဝင်စားစရာကောင်းတဲ့ကောင်လေးပဲ။ နင်မလုပ်နိုင်ခဲ့ရင်ဟုတ်လား ရှင်းပါတယ် ငါပြန်ယူပြီး ဆက်သွယ်လိုက်မှာပေါ့…. နင်ပြောတဲ့မတော်တဆ အတွက်ကတော့ ……” မိန်းကလေးသည် မှော်လေသင်္ဘောထဲရှိလူများကို လက်ညိုးထိုးကာ “အခု လူတိုင်းအန္တရာယ်ကင်းတယ်မလား”
မိန်းကလေးသည် သူ၏စွပ်စွဲချက်များအား လုံးဝဂရုမစိုက်သည်ကို တွေ့သောအခါ ဒေါသပိုထွက်လာရသည်။
“အခုက အခုပဲလေ။ ဒါပေမဲ့ အခုနက မတော်တဆတစ်ခုခုဖြစ်သွားရင်ကော….. နင်ကဘယ်လိုလုပ် လူတိုင်းအန္တရာယ်ကင်းမယ်ဆိုတာ သေချာနေတာလဲ”
ဘေးပတ်လည်မှ ကျောင်းသားများသည် ဒေါသထွက်နေသော လူစီယန်ကိုကြည့်ကာ အခြေအနေမကောင်းကြောင်း ရိပ်မိသဖြင့် လူစီယန်၏နောက်သို့ရောက်လာသည်။
“ဟေး သူငယ်ချင်း မင်းဘာလုပ်နေတာလဲ ငါတို့ကို သူကယ်ထားတာနော် ဒါဘာအပြုအမူလဲ?”
“မှန်တယ် သူ့ကြောင့်သာမဟုတ်ရင် ငါတို့လွတ်မြောက်နိုင်မှာမဟုတ်ဘူး မင်းကဘာဖြစ်နေတာလဲ”
လူစီယန် သူတို့၏လက်များကို တွန်းဖယ်လိုက်သည်။ သူသည် စကားတစ်ခွန်းမှ ထပ်မပြောတော့သော်လည်း ထိုမိန်းကလေးအား ဒေါသထွက်သည့်အကြည့်ဖြင့်ကြည့်နေသည်။ သူမကျေနပ်သေးပေ။
အခြားသောကျောင်းသားများက ထိုမိန်းကလေးနှင့်လူစီယန်တို့အားကြည့်ကာ စိတ်လှုပ်ရှားနေကြသည်။ သူတို့၏နှလုံးသားထဲ၌ ထိုမိန်းကလေးသည် ၎င်းတို့အား ကယ်တင်ထားပြီး နောက်ခံမှာလည်း မရိုးရှင်းပေ။ လူစီယန်က သူမအားအပြစ်ပြုမိလျှင် အကျိုးဆက်ကို ၎င်းတို့ပါရော၍ခံစားရနိုင်သည်။
မိန်းကလေးသည် ဒေါသထွက်နေသော လူစီယန်ကိုကြည့်ရင်း ခေါင်းကိုငြိမ့်လိုက်သည်။
“ကောင်းပြီ ငါ့မှာတော့ ဘာမှ ရှင်းပြစရာမရှိတော့ဘူး။ ဒါမဲ့ ဒီတစ်ကြိမ်က ငါလိုလိုလားလား လုပ်လိုက်တာမို့ ငါ့မှာတာဝန်ရှိတာတော့မှန်ပါတယ်။ ဟုတ်တယ် ငါနင်တို့ကိုကယ်ရင်း အန်ကယ်ဟယ်ရစ် မြန်မြန်ရောက်လာအောင် အချက်ပြကို မြန်မြန်ပို့လိုက်လို့ရတယ်”
ထိုသို့ပြောလိုက်ရင်း မိန်းကလေးသည် လူစီယန်ကို လက်ညိုးထိုးလိုက်ကာ
“ဒါမဲ့ နင်က မှော်စက်သွယ်ရေးစက်ကို ပြင်နိုင်တယ်လို့ပြောခဲ့တာလေ။ ငါက နင့်အတွက် ကြိုးစားဖို့ အခွင့်အရေးတစ်ခုဖန်တီးပေးချင်ခဲ့တာ။ နင်ပြောတဲ့မတော်တဆ အတွက်ကတော့ …. နင်ယုံမလားတော့မသိပေမဲ့ ငါတစ်ယောက်ထဲနဲ့ နင်တို့အားလုံးကို ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် မတော်တဆဆိုတာ မဖြစ်နိုင်ပါဘူး…
ရိုးရိုးသားသားပြောရရင် နင် စက်ကို မြန်မြန်ပြင်နိုင်ခဲ့တာက ငါ့ကို အံ့ဩသွားစေတာ… ငါထင်တာ နင်အချိန်တစ်ခုတော့ယူရမယ် ဒါမှမဟုတ် မပြင်နိုင်လောက်ဘူးလို့ထင်ခဲ့တာ။ အဲ့အချိန်မှ ငါပြင်မယ်ပေါ့။ အမှန်တိုင်းပြောရရင် ငါမျှော်လင့်ထားနိုင်တဲ့ အရည်အချင်းရှိနေတဲ့ နင့်ကိုနင် အပြစ်တင်ရမှာပဲ ..”
လူတိုင်းသည် မိန်းကလေးအား ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။
၎င်းမှာ သူမ၏ ယုံကြည်ချက်ရှိနေခြင်းကြောင့် မဟုတ်ပဲ သူမ၏ပြောစကားအရ လူတိုင်းအား သူမတစ်ယောက်ထဲကာကွယ်နိုင်သည်ဟုဆိုခြင်းကြောင့်ဖြစ်သည်။
ဤနေရာသည် များစွာသောလူကုန်ကူးသမားများပုန်းခိုရာနေရာဖြစ်ပြီး သူတို့မြင်ခဲ့ရအတိုင်းဆိုလျှင် မှော်တိုက်ကားများ၃စီးပင် ထွက်လာပြီး သူတို့၏အင်အားမှာ သာမာန်မဟုတ်မှန်းသိသာနေသည်။
သို့သော် မိန်းကလေးသည် မှော်တိုက်ကား ၂စီးအား သူမကိုယ်တိုင် ဖျက်စီးနိုင်သည်ကို ကြည့်လျှင် လူတိုင်းသည် သူမအားယုံကြည်ရုံမှလွှဲ၍အခြားမရှိပေ။
လူစီယန်သည်ပင် ပြန်မငြင်းနိုင်ပဲ ငြိမ်သွားရသည်။
မိန်းကလေးသည် ခနနားလိုက်ပြီးနောက် “ပြီးတော့လည်း နင့်ကို ဆက်သွယ်ရေးစက်ကို ပြင်ခိုင်းလိုက်တယ်ဆိုတာလဲ ငါအဖေရဲ့ပြောစကားတွေကြောင့်ပဲ။ ငါ့အဖေက တခြားသူတွေရဲ့ လုပ်နိုင်စွမ်းကို ကြည့်ဖို့ သူတို့ကို အခွင့်အရေးပေးရမယ်လို့ ပြောထားတယ်။ အဲ့တာမှ သာမာန်ဆိုရင် မတွေ့နိုင်တဲ့ အရည်ချင်းရှိတဲ့သူတွေကို ရှာတွေ့နိင်မှာတဲ့။ ကြည့်ပါလား အခုကိစ္စမှာဆိုရင် နင့်ရဲ့မှော်ဆက်သွယ်ရေးပညာမှာ သူများထက်သာတာကို ငါတွေ့ရပြီလေ ဟုတ်တယ်မလား။ နင်က ဖိလစ်အကယ်ဒမီကလို့ပြောတယ်နော်။ အခုနင်ကျောင်းမှာမရှိပဲ သူတို့ဖမ်းတာခံလာရတယ်ဆိုတော့ နင်အလုပ်ရှာနေတာပေါ့ ဟုတ်လား?”
မိန်းကလေးသည် ရုတ်တရက် အကြောင်းအရာပြောင်းလိုက်သည်။
လူစီယန်သည် ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်တယ် ငါ ဒေါ်လာမြို့မှာ အလုပ်လာရှာတာ ပြီးတော့ အလိမ်ခံရပြီး ဒီကိုရောက်လာတာ”
“အာ ကောင်းတယ် ငါထင်တာ အခုနင်ရဲ့အရည်အချင်းအရ Frestechကုန်သည်များအသင်း မှော်သုတေသနဌာနရဲ့ မှော်ဆက်သွယ်ရေးအဖွဲ့မှာ လက်ထောက်သုတေသီအဖြစ်လုပ်ခွင့်ရမယ်ဆိုရင် စိတ်ဝင်စားလား”
“အာ?”
လူစီယန်နှင့် အခြားကျောင်းသားများသည် ထိုမိန်းကလေးအား အံ့ဩစွာကြည့်လိုက်လေသည်။
သူမသည် အမှန်တကယ် လူစီယန်အား Frestechကုန်သည်များအသင်းသို့ ဝင်ရောက်၍ ရသည်ဟုပြောလိုက်ပါသလား?
မှော်သုတေသနဌာန၏ လက်ထောက်သုတေသီနေရာပင်ဖြစ်သော်လည်း ၎င်းတို့ကဲ့သို့ သာမာန် ကျောင်းသားများ အိမ်မက်မက်နိုင်သောနေရာမဟုတ်ပေ။
Frestechကုန်သည်များအသင်း၏မှော်သုတေသနဌာနသည် မှော်သီအိုရီကိုလေ့လာနေသော ကျောင်းသားများအတွက် ကောင်းကင်ဘုံပင် ဖြစ်သည်။
Frestechကုန်သည်များအသင်း၏ မှော်သုတေသနဌာနသည် ၎င်းတို့၏ အမြင့်ဆုံးရည်မှန်းချက်ဖြစ်သည်။
ဒါပေမယ့် သူမက ဘာလို့ ဒီအကြောင်းကိုထုတ်ပြောနိုင်ရတာလဲ။
သူမသည် မည်မျှပင် နောက်ခံကောင်းကောင်းရှိပါစေ Frestechကုန်သည်များအသင်း၏မှော်သုတေသနဌာနသို့ အရောက်ပို့နိုင်ပါမည်နည်း?
ထိုနေရာသည် တင်းကြပ်သည်ဟုနာမည်ကြီး၍ ဆွေမျိုးများပင် ဝင်မရဟုကြားဖူးသည်။
“အကယ်၍ နင်စိတ်ဝင်စားရင် ငါနင့်ကို ထောက်ခံပေးလို့ရတယ်။ Frestechကုန်သည်များအသင်းရဲ့ မှော်သုတေသနဌာနက နောက်နှစ်မှာလူသစ်တွေ ခန့်ဖို့ ရှိတယ်။ အဲ့တာကြောင့် နင်ငါ့ရဲ့ထောက်ခံစာကိုယူပြီး သွားလျှောက်လို့ရတယ်။ သေချာတာက ဒီထောက်ခံစာက နင့်ကို ဒုတိယအဆင့်ကိုပဲတင်ပေးလို့ရမှာ။ လက်ထောက်သုတေသီဖြစ်မဖြစ်ကတော့ နင့်ရဲ့ကိုယ်ပိုင်အရည်အချင်းပေါ်ပဲမူတည်တယ်။” မိန်းကလေးကပြောသည်။
လူတိုင်းသည် နောက်တစ်ကြိမ်အံ့ဩသွားရလေသည်။
မိန်းကလေး၏စကားသည် အမှန်ပင်လား။
သူမ၌ အမှန်တကယ်ပင် Frestechကုန်သည်များအသင်း၏ မှော်သုတေသနဌာနတွင် ထောက်ခံပေးနိုင်ခြင်းရှိပါသလား။
ဘုရားရေ…
သူမ၏ထောက်ခံစာသည် Frestechကုန်သည်များအသင်း၏မှော်သုတေသနဌာနသို့ တိုက်ရိုက်ဝင်ရောက်နိုင်ခြင်းမရှိသော်လည်း ဒုတိယအဆင့်သို့ ချက်ချင်းရောက်နိုင်ခြင်းသည် အားနှင့် စွမ်းအင်အား ချွေတာနိုင်မည်ဖြစ်သည်။ ထိုထောက်ခံစာကြောင့် အထူးအာရုံစိုက်ခြင်းမခံရလျှင်ပင် သာမာန်လာလျှောက်သူများထက် အလုပ်ရနိုင်ချေ ပိုများလေသည်။
လူစီယန်၏ ထိုမိန်းကလေးအား မယဉ်ကျေးစွာစွပ်စွဲပြောဆိုသည်ကိုကြည့်၍ မိန်းကလေးသည် ဂရုမစိုက်သည့်အပြင် သူအား အကျိုးကျေးဇူးပါပေးလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားကြချေ။
လူစီယန်အတွက်ဆိုရလျှင် ၎င်းသည် ကောင်းကင်မှ အခွင့်အရေးပေးချင်းပင်ဖြစ်သည်။
လူတိုင်း၏မနာလိုသော အကြည့်အောက်တွင် လူစီယန်သည် စိတ်လှုပ်ရှားနေပုံပေါ်သော်လည်း ခနကြာပြီးနောက်တွင် သူသည် တွန့်ဆုတ်နေလေသည်။
သူ၏အမူအရာသည် အကြိမ်အနည်းငယ်ပြောင်းလဲပြီးနောက် သက်ပြင်းချကာ ခေါင်းခါလိုက်လေသည်။
“မရဘူး ငါ ဒီလက်ဆောင်ကို လက်မခံနိုင်ဘူး ငါ့အခုအရည်အချင်းနဲ့ဆို Frestechကုန်သည်များအသင်းကို ဝင်ဖို့ မတန်သေးဘူး။”
လူတိုင်း အုတ်အုတ်ကျက်ကျက်ဖြစ်သွားကြသည်။
ဒီအရူးကောင်ကတော့…
ကောင်းသောအရာသည် ခေါင်းပေါ်တည့်တည့်ကျလာသည်ကိုပင် ငြင်းပယ်လိုက်လေသည်။
သူဘာတွေးနေတာလဲ..
ဒန်စန်ဟု ခေါ်သည့်ကောင်လေး တစ်ယောက်သည်ပင် မျက်လုံးများ၌လေးစားသည့် အရိပ်ယောင်များပြလျှက် ကြည့်နေသည်။
မိန်းကလေးသည် လူစီယန်၏တုံ့ပြန်မှုအား အံ့ဩသွားသည်။ သူမသည် ပထမဆုံးအကြိမ်အဖြစ် လေသံမာသွားသည်။
“နင်ကအဲ့တာကို လက်ဆောင်လို့ထင်တယ်ပေါ့။ နင့်ရဲ့ကိုယ်ကိုကိုယ် ယုံကြည်မှုက အဲ့လောက်အားနည်းပြီး ပျင်းစရာကောင်းမှန်း သိခဲ့ရင် ငါလည်း နင်က Frestechကုန်သည်များအသင်းရဲ့ မှော်သုတေသနဌာနနဲ့တန်တယ်လို့ ထင်ခဲ့မှာမဟုတ်ဘူး။ အဖေကပြောတယ် စိတ်နှလုံးခိုင်မာတဲ့သူတွေကပဲ သန်မာတဲ့စွမ်းရည်တွေရှိကြတာတဲ့။ နင်က အရည်အချင်းမပြည့်ဘူး”
ထိုသို့ပြောပြီးနောက် မိန်းကလေးသည် စကားပြောရန် စိတ်ဝင်စားမှုပျောက်သွားသည့်ပုံစံဖြင့် ထိုင်ခုံကိုမှီကာ မျက်စိများကို ပိတ်လိုက်တော့သည်။
အခြားသောကျောင်းသားများသည် လူစီယန်အား အမူအရာအမျိုးမျိုးဖြင့် ကြည့်နေကြသော်လည်း မည်သူမှတော့ ဘာမှမပြောကြချေ။
လူစီယန်သည် မျက်နှာအမူရာများပြောင်းလဲသွားသော်လည်း နောက်ဆုံးတွင် ထိုင်ချလိုက်ကာ ခေါင်းကိုငုံလိုက်သည် ဘာကိုမှ ဆက်မပြောတော့ချေ။
မှော်လေသင်္ဘောသည် တိတ်ဆိတ်သွားလေသည်။
အချိန်အနည်းငယ်ကြာပြီးနောက်တွင် သီချင်းသံတစ်ခုသည် တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်။
လူတိုင်းအသံလာရာသို့ကြည့်လိုက်ရာ အနားယူနေသောမိန်းကလေးထံမှဖြစ်ကြောင်းတွေ့လိုက်ပြီး သူမသည် အိတ်ကပ်ထဲမှ မှော်ဆက်သွယ်ရေးစက်ကိုထုတ်ကာ ခေါ်ဆိုသည်ကို လက်ခံလိုက်သည်။
“ဟယ်လို အန်ကယ် ဟယ်ရစ်… ကျွန်မ အပေါ်မှာပဲရှိသေးတယ်။ ဖြေရှင်းပြီးသွားပြီလား? ဒဏ်ရာရတဲ့သူကောရှိလား… ဘယ်သူမှ မသေဘူးလား ? ဘယ်သူမှမသေတော့ကောင်းတာပေါ့။ ကျန်တာကိုတော့ ကန်ဒရာအင်ပါယာကိုပဲလွတ်ပေးလိုက်မယ်လေ… ကျွန်မတို့ အလုပ်ကပြီးပြီ။ ဒီလူတွေရဲ့နောက်ကလူတွေကိုတော့ အဖေကိုပဲ ဖြေရှင်းခိုင်းလိုက်တာပေါ့။ ဒါကတော့ ကျွန်မအလုပ်မဟုတ်သေးပါဘူး… ခနကြာရင်ပြန်လာခဲ့မယ်။ စိတ်ချပါ ထပ်မပျောက်သွားတော့ဘူးလို့ ကတိပေးပါတယ်။ မေ့နေတာလား အန်တီ အက်နက်စ် ရဲ့မွေးနေ့ရှိတယ်နော်။ သူ့အသက်က ၁၀၀ကျော်သွားပြီဆိုပေမဲ့လည်း မွေးနေ့ပွဲ ကျင်းပဖို့တော့လိုသေးတယ်နော်……”
လူတိုင်းသည် သူမသည်ပုံမှန်အသံပြန်ဖြစ်သွားပြီဖြစ်ပြီး အန်ကယ်ဟယ်ရစ်ဆိုသူနှင့် စကားပြောနေသည်အား နားထောင်နေကြရာ ပိုမို၍သံသယဝင်လာကြတော့သည်။
အန်တီအက်နက်စ် ဟုသူမခေါ်ဆိုသောသူသည် အသက် ၁၀၀ ကျော်မွေးနေ့ဟုပြောရာ ၎င်းသည် အသက် ၁၀၀ပင်ပြည့်ပြီးသွားသည်ဟု ဆိုလိုသည် မဟုတ်ပါလား။
သူမသည် အန်တီဟုပင် ခေါ်ဆိုနေသေးသည်မှာ အလွန်အံ့ဩစရာကောင်းသည်။
မိန်းကလေး၏ထူးဆန်းမှုများသည် အတိုင်းထက်အလွန်ပင်ဖြစ်သည် ထိုထက်ပို ထူးဆန်းလျှင်တောင် မည်သူမှ စိတ်ထဲထားတော့မည် မဟုတ်ချေ။
များမကြာမှီတွင် အန်ကယ်ဟယ်ရစ်နှင့်ခေါ်ဆိုမှုပြီးသွားသည်။
သူမသည် ကျောင်းသားများအားကြည့်လျှက် “ဒီမှော်လေသင်္ဘောက မင်းတို့ကို အနီးဆုံးမြို့မှာ ချပေးလိမ့်မယ်။ ပြီးရင် ကန်ဒရာအင်ပါယာရဲ့ ရုံးပိုင်းကနေပြီး မင်းတို့ရဲ့နောက်ပိုင်းကိစ္စတွေကို စီစဉ်ပေးလိမ့်မယ်။ ဒါတော့ ငါနဲ့မဆိုင်တော့ဘူး။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ကြတာပေါ့ ဟုတ်လား….?”
မိန်းကလေးသည် လက်ခုပ်တီးလိုက်ပြီး သူ၏ရင်ဘတ်မှ တခုခုအားထုတ်လိုက်သည်၊ ထို့နောက် လူစီယန်ထံသို့လျောက်လာကာ သူ၏လက်အားဆွဲယူပြီး ထိုအရာကို လက်ဖဝါးထဲထည့်ပေးလိုက်သည်။
“Frestechကုန်သည်များအသင်းရဲ့ မှော်သုတေသနဌာနမှာ လူသစ်ခေါ်ဆိုမှုက နောက်လရဲ့ ၁၅ရက်နေ့မှာဖွင့်လိမ့်မယ်။ အကယ်၍ နင်စိတ်ဝင်စားရင် ဒီတိုကင်ကိုယူပြီး သွားလျောက်လိုက်။ ဒါနဲ့ဆို ငါအခုနကပြောတဲ့ ထောက်ခံချက်ရလိမ့်မယ်…”
“ ငါ…”
လူစီယန်သည် တစ်ခုခုပြောချင်သော်လည်း ထိုမိန်းကလေးက စိုက်ကြည့်လိုက်သည်။
“နင်ဒါကို ပစ်ထုတ်ချင်ရင်တောင်မှ ငါဒီမှော်လေသင်္ဘောက ဆင်းသွားမှလုပ်ပါ”
လူစီယန်သည် ပါးစပ်ကို ဟလိုက်ကာ သက်ပြင်းချရုံပင် တတ်နိုင်တော့သည်။သူသည် ထိုအရာကို ကြည့်ပင်မကြည့်ပဲသူ၏အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
အခြားသောကျောင်းသားများသည် လူစီယန်၏အိတ်ကပ်အား မနာလိုစွာဖြင့် ကြည့်လိုက်လေသည်။ သူတို့လည်း ၎င်းကဲ့သို့ ထောက်ခံချက်ရလိုကြလေသည်။
“ကောင်းပြီ” မိန်းကလေးသည် လက်ခုပ်ထပ်တီးလိုက်ကာ လူတိုင်း၏အာရုံစိုက်မှုကို ပြန်ယူလိုက်သည် သူမသည် လူတိုင်းကို လက်ပြကာ “ငါအခုသွားသင့်ပြီ ကိုယ့်ကို ဂရုစိုက်ကြပြီး နောက်တစ်ခေါက်အလိမ်မခံကြနဲ့တော့နော် နှုတ်ဆက်ပါတယ်”
ပြောပြီးနောက်တွင် မိန်းကလေးသည် ရုတ်ချည်းပျောက်ကွယ်သွားသည် ။
၎င်းသည် နေရာရွေ့ခြင်း မှော်ပညာပင်။
ထိုမိန်းကလေး၏မှော်စွမ်းအားသည် အလွန် နက်နဲဆန်းကြယ်လှပေသည်။
***
Volume 8 အခန်း ၁၀ ။ မှော်စောင့်ကြည့်ရေးစနစ်
ထိုမိန်းကလေးပျောက်ကွယ်သွားပြီးနောက် လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စကားမပြောကြတော့ချေ။
ဆယ်မိနစ်ခန့် တိတ်ဆိတ်စွာ စောင့်နေခဲ့ကြပြီးနောက် မှော်လေသင်္ဘောသည် နောက်တစ်ဖန်လှုပ်ရှားလာသည်။ နှစ်နာရီခန့်ပျံသန်းပြီးနောက် ဒေါ်လာမြို့ထံသို့ ပြန်လည်ရောက်ရှိလာလေသည်။
မှော်လေသင်္ဘော ဆင်းသက်ပြီးနောက် ဒေါ်လာမြို့၏ မြို့စားအိမ်တော်မှ အရာရှိများသည် ကန်ဒရာအင်ပါယာ၏ကိုယ်စား ပြန်ပေးဆွဲခံ့ရသည့်ကျောင်းသားများအား လာရောက်ခေါ်ဆောင်လေသည်။
သူတို့သည် မြို့အုပ်ရုံးတွင် ပြန်ပေးဆွဲခံရခြင်းနှင့်ပက်သက်သည့်မေးခွန်းများကို ဖြေရပြီးမှ ပြန်ရလေသည်။
၎င်းတို့အား ပြန်မပို့မှီတွင် မြို့အုပ်ရုံးမှ အရာရှိများသည် ၎င်းတို့၏ အထောက်အထားများကို ပြန်ပေးရုံမက အိမ်ပြန်ရမည့်လမ်းစရိတ်များကိုပင် ပေးလေသည်။
ဥပမာအားဖြင့် လူစီယန်သည် ရွှေဒဂါး နှစ်ပြားရလေသည် ထိုပမာဏသည် သူအား အိမ်သို့ပြန်ရန် အမြန်ဆုံးသွားနိုင်သည့် မှော်ကားကို ငှားနိုင်ရုံမက အနည်းငယ်ပင် ပိုသေးသည်။
သူ၏ခရီးဆောင်အိတ်မှာတော့ ပြန်တွေ့ရန်မဖြစ်နိုင်တော့သော်လည်း မြို့အုပ်ရုံးမှ ၎င်းအတွက် လျှော်ကြေးပေးးမည်တော့မဟုတ်ပေ။
သို့သော် လူစီယန်အတွက် ပြန်ပေးဆွဲခံရ၍ရောင်းစားခံရသည်ထက်စာလျှင် ထိုအခြေနေသည် များစွာကောင်းမွန်နေပြီဖြစ်သည်။
သူအား နောင်တရစေသည်မှာ သူ၏နှစ်ရက်အချိန်သည် ထိုဖြစ်ရပ်ကြောင့် ကုန်ဆုံးသွားပြီဖြစ်ပြီး အလုပ်ရှာရန် အချိန်မရှိတော့ခြင်းကြောင့်ဖြစ်သည်။
သူသည် ယခုတွင်ကျောင်းသို့သာပြန်ကာ ဘွဲ့ယူပြီး အသစ်သော အစီစဉ်နှင့်ပြန်လာရန်သာရှိတော့သည်။
လူစီယန်နှင့် အခြားကျောင်းသားများအတွက်မူ ဤကိစ္စသည် ဤနေရာတွင် ပြီးဆုံးသွားပြီဖြစ်သည်။
သို့သော်လည်း ဒေါ်လာမြို့၏ တာဝန်ရှိသူများနှင့် ကန်ဒရာအင်ပါယာ၏တာဝန်ရှိသူများအတွက်မူ ထိုကိစ္စ အစ,ပင်ဖြစ်သည်။
ထိုဖြစ်ရပ်သည် ကန်ဒရာအင်ပါယာအတွင်း ကြီးမားသော ပြန်ပေးဆွဲ မှုဖြစ်ပြီး တင်ပြချက်များအရဆိုလျှင် ထိုအဖွဲ့အစည်းမှာ ရက်အနည်းငယ်ကပင် ရှိလာခြင်းမဟုတ်ချေ။ ထို့ကြောင့် ကန်ဒရာအင်ပါယာ၏ သတင်းစာများ၌မူ ထိုဖြစ်ရပ်သည် ကြီးမားသော ချိန်းခြောက်မှုတစ်ခု ဖြစ်ကြောင်း ဖော်ပြထားကြသည်။
ပထမဆုံးအနေဖြင့် ဒေါ်လာမြို့၏တာဝန်ရှိသူများကို ရည်ရွယ်သည်။
ထိုကဲ့သို့ လူငယ်များ ဒေါ်လာမြို့တွင် လွယ်ကူစွာ ပြန်ပေးဆွဲခံရခြင်းသည် ဒေါ်လာမြို့စား၏ တာဝန်လည်းမကင်းပေ။
ဒုတိယမှာ တောင်ပိုင်းဒေသ၏ အစိုးရရုံးများပင်ဖြစ်သည်။
ပြန်ပေးဆွဲသည့်အဖွဲ့အစည်းရှိနေသည်သာမက ကြောက်လန့်စရာအကောင်းဆုံးအချက်မှာ ၎င်းတို့၌ မှော်တိုက်ကားများကဲ့သို့ စစ်တပ်သုံးမှော်စက်များရှိနေခြင်းဖြစ်သည်။ သူတို့အား စစ်တပ်အသေးစားဟု ခေါ်လျှင်ပင် ချဲ့ကားခြင်းမဟုတ်ပေ။
တောင်ပိုင်းတွင် ထိုကဲ့သို့ အင်အားကောင်းသော အဖွဲ့အစည်းသည် အချိန်အတော်ကြာ ရှာမတွေ့ပဲ ရှိနေခဲ့သည်။ တောင်ပိုင်းဒေသမှ အစိုးရအဖွဲ့၏ တာဝန်ရှိသူများသည် ဘာလုပ်နေကြသနည်း။
ယခုလက်ရှိ စိုင်စ်နယ်မြေသည် သတင်းများအား ဖုံးကွယ်ထားနိုင်ခြင်းမရှိတော့ပြီဖြစ်သည်။ သတင်းစာများနှင့် မှော်ရုပ်ပြများ ခေတ်စားလာသည်နှင့်အမျှ သတင်းများသည် အရင်ထပ်ပိုမို၍ တိကျလာပြီဖြစ်သည်။
ထို့ကြောင့် မည်သို့သော သတင်းအပိုင်းအစမဆို များစွာသောသူများထံရောက်ရှိနိုင်ပြီဖြစ်သည်။
ထို့ကြောင့် ထိုသတင်းအား တစ်ခေါက်ဖော်ပြလိုက်သည်နှင့် တောင်ပိုင်းဒေသ၏ အစိုးရရုံးမှ စ၍ ဒေါ်လာမြို့၏ မြို့အုပ်ရုံးထိ ဖိအားများကို ခံစားရလေသည်။
ထိုဖြစ်ရပ်နှင့်ပက်သက်ပြီး ကန်ဒယာအင်ပါယာ၏ တော်ဝင်မိသားစု သည်ပင် တောင်ပိုင်းအစိုးရရုံးအား သေချာစွာ စုံစမ်းစစ်ဆေးရန်နှင့် ဒုတိယအကြိမ် မဖြစ်စေရန် စာလွှာပါးလာခဲ့သည်။စာလွှာထဲ၌ ထိုဖြစ်ရပ်ကြောင့် အင်ပါယာ၏အနာဂတ်စွမ်းရည်များ မဆုံးရှုံးသွားစေရန်လည်း အမိန့်ပေးထားသည်။
“ဒါက ကိစ္စကြီးပဲ”
အုပ်ချုပ်သူအသစ်ဖြစ်သည့် လွန်ခဲ့သောသုံးနှစ်က သူ၏ဖခင်နေရာကို ယူထားသော ငယ်ရွယ်သည့် တောင်ပိုင်းဒေသ၏နယ်စားမင်း ဝင်ဒ်ဆာသည် တော်ဝင်မိသားစု၏စည်းတံဆိပ်ထုထားသည့် တရားဝင်စာလွှာကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
“ဧကရာဇ်က လူတွေပြန်ပေးဆွဲခံရတာကို ဂရုစိုက်တာမဟုတ်ဘူး။ ပြန်ပေးဆွဲခံရတဲ့သူတွေက ကျောင်းပေါင်းစုံက ကျောင်းသားတွေ ဖြစ်နေလို့ကို ဂရုစိုက်တာ… သူတို့က မှော်စက်မှုနယ်ပယ်ရဲ့ အနာဂတ်အတွက် အရေးပါတဲ့ သူတွေမလို့ပဲ။ သူတို့ပါသွားရင် အင်ပါယာအတွက် ဆုံးရှုံးမှုကြီးမားမှာကြောင့်ပဲ”
“ဟုတ်ပါတယ်ဗျ” ဘေးမှ အရာရှိတစ်ဦးက ပြောလိုက်သည်။
“နယ်စားမင်းခင်ဗျ… ဒီကိစ္စအတွက် ကျွန်တော်ထင်တာ ဒေါ်လာမြို့ရဲ့လုံခြုံရေးကို ဒီထပ်အင်အားဖြည့်သင့်တယ် ထင်တယ်။ ဒေါ်လာမြို့က အင်ပါယာရဲ့ တောင်ပိုင်းမှာ လူအများဆုံးနဲ့ အသက်ဝင်ဆုံးမြို့ပဲ။ ဒါကကိစ္စကြီးဖြစ်သလို ဖိအားလည်းများတယ်။”
“ကြည့်ပါ နှစ်တိုင်းဒီအချိန်ဆို ကျောင်းတွေက ကျောင်းသားတွေအများကြီးက ဒီကို အလုပ်လာရှာကြတယ်… ဒါကြောင့် သူတို့ကလွယ်ကူတဲ့ ပစ်မှတ်ဖြစ်နေကြတာပဲ… အကယ်၍သူတို့ကိုမကာကွယ်နိုင်ရင် ဒီလိုဖြစ်ရပ်တွေ အနာဂတ်မှာထပ်ဖြစ်လာဦးမှာပဲ”
“အာ ဟုတ်တယ် ဒါကတကယ့်ပြသနာတစ်ခုပဲ”
ငယ်ရွယ်သောနယ်စား ဝင်ဒ်ဆာသည် အနည်းငယ်တွေးလျက် ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်ပြီ အရင်ဆုံး ငါ့အတွက် အသေးစိတ် အစီအရင်ခံစာယူလာခဲ့ပါ ကောင်းပြီ ပြီးတော့ New moon ကုန်သည်များအသင်းက ငါ့ကိုအကြံပြုထားတာ ဘာဆိုလား?”
“မှော်စောင့်ကြည့်ရေးစနစ်ပါ နယ်စားမင်း” အရာရှိမှဖြေသည်။
“ဟုတ်တယ် မှော်စောင့်ကြည့်ရေးစနစ်… New moon ကုန်သည်များအသင်းက ငါ့ကိုပြောတာ အဲ့ပစ္စည်းနဲ့ဆိုဘယ်နေရာမှာဘာဖြစ်နေလဲဆိုတာ မှော်ရုပ်ပြတွေနဲ့ မှတ်တမ်းတင်ထားနိုင်တယ်တဲ့… တစ်ခုခုဖြစ်ရင် မှော်စောင့်ကြည့်ရေးစနစ်တွေကိုသုံးပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နိုင်တယ်ဆိုတော့ အင်အားလည်းချွေတာနိုင်တယ်”
“ဟုတ်ပါတယ်… ဒါကအရမ်းကောင်းတဲ့စနစ်ပါ New moon ကုန်သည်များအသင်းက အရင်လမှာ အဲ့စနစ်ကို ပြတုန်းက ကျွန်တော်သွားကြည့်ခဲ့ပါတယ်… ရလဒ်ကအရမ်းကောင်းပါတယ် .. မှော်ရုပ်ပြတွေက အင်မတန် ကြည်လင်ပြတ်သားပြီး ဘာတွေဖြစ်နေလဲဆိုတာကို အရှင်းတိုင်းပြနိုင်ပါတယ်… အရမ်းအံ့ဩစရာကောင်းတယ်” ဟုအရာရှိမှ ချီးကျူးသည့်အသံနှင့်ပြောလိုက်သည်။
“ဒါဆိုရင် ဒေါ်လာမြို့သာ မှော်စောင့်ကြည့်ရေးစနစ်ရှိရင် ပြသနာတွေကို ဖြေရှင်းနိုင်မလား?”
နယ်စားမင်းမှမေးလိုက်သည်။
“ဒါက…..” အရာရှိကမျက်မှောင်ကုပ်ကာ “ဒါကတော့ မဟုတ်…..”
“ဘာကြောင့်လဲ?”
“နယ်စားမင်းခင်ဗျ မှော်စောင့်ကြည့်ရေးစနစ်ကကောင်းပါတယ်။ ဒါပေမဲ့ ဒေါ်လာမြို့မှာတပ်ဆင်လိုက်မယ် ဆိုရင် မြို့ကလူတွေအားလုံးကဒီစနစ်အောက်မှာစောင့်ကြည့်ခံရလိမ့်မယ် မဟုတ်ဘူးလား?”
“အဲ့တာကို ငါတို့လိုချင်တာမဟုတ်ဘူးလား?” ငယ်ရွယ်သည့်နယ်စားက ၎င်းအား စိုက်ကြည့်လိုက်ပြီး
“အကယ်၍ငါတို့သာ မြို့ထဲမှာရှိတဲ့လူတိုင်းရဲ့လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ရင် ဘယ်သူက ပြသနာလုပ်ရဲပါတော့မလဲ။ ပြန်ပေးဆွဲဖို့ဆိုရင်ပြောမနေနဲ့တော့။”
“ဒါမဲ့ သာမန်လူတွေကတော့ရပါတယ်။ ဆွေကြီးမျိုးကြီးတွေနဲ့ ကုန်သည်ကြီးတွေကတော့ သူတို့ရဲ့လှုပ်ရှားမှုတွေ မြင်မှာကို သဘောမတူလောက်ဘူး”
“မင်းကလည်း ငါကနေရာတိုင်းမှာလိုက်တပ်မယ်လို့ထင်နေတာလား။ လမ်းတွေမှာပဲလိုက်တပ်ရင် ရနေတာပဲလေ လူတိုင်းရဲ့အိမ်မှာတော့လိုက်တပ်လို့ဘယ်ရမလဲ ဟုတ်တယ်မလား” ငယ်ရွယ်သောနယ်စားသည် ထိုသို့ပြောကာ မျက်လုံးများပြူးကျယ်လာပြီး
“ဟုတ်တယ် ဒီလိုပြောမှပဲ ငါတို့ နယ်စားမင်းအိမ်တော်ကိုလဲတပ်ပြီး လုံခြုံအောင်လုပ်လို့ရတာပဲ”
အရာရှိ၏နှုတ်ခမ်းများသည် တွန့်သွားသည်။ နယ်စားမင်းအိမ်တော်၌ မှော်စောင့်ကြည့်ရေးစနစ်ရှိနေလျှင် ၎င်း၏ ထိုအိမ်တော်မှရင်သားကြီးသော အိမ်ဖော်မတစ်ဦးနှင့် ဖောက်ပြန်နေခြင်းသည် ပေါ်သွားလေမလားဟု စိုးရိမ်နေလေသည်။
သူသည် ထိုသို့မလုပ်ရန်တားမြစ်ချင်သော်လည်း မပြောရဲပေ။ ထိုကိစ္စကို စဉ်းစားရင်း ချောင်းဟန့်လိုက်ကာ
“နယ်စားမင်းခင်ဗျ… နယ်စားမင်းအိမ်တော်မှာတပ်ဆင်ဖို့က နောက်မှ ပြောလို့ရပါတယ်။ မြို့ထဲကလမ်းတွေမှာ မှော်စောင့်ကြည့်ရေးစနစ် တပ်ဖို့အရင်ပြောကြတာပေါ့ အမ်… ကျွန်တော်စဉ်းစားပြီးပြီ။ တပ်ဆင်မဲ့ အကွာအဝေးကိုစဉ်းစားရင် မြို့ထဲက အရေးကြီးတဲ့ လူတွေကို ဆန့်ကျင်သလိုမဖြစ်စေဖို့ထည့်စဉ်းစားရမယ်လို့ မြင်တယ်။ တစ်မြို့လုံးမှာ တပ်ဆင်ဖို့ဆိုရင် ပြသနာတော့မရှိပါဘူး။ ခက်မှာတစ်ခုက ဒီစနစ်ကြီးတစ်ခုလုံးက သက်ရောက်မှုရှိပါ့မလား ဆိုတာသေချာဖို့ပဲ”
“ဒီနည်းပညာပြသနာအတွက်ကတော့ New moon ကုန်သည်များအသင်းက ဆုံးဖြတ်လိမ့်မယ်”
ငယ်ရွယ်သောနယ်စားမင်း ဝင်ဒ်ဆာသည် လက်ကိုယမ်းကာ ဂရုမစိုက်သည့်လေသံဖြင့် ပြောသည်။
“New moon ကုန်သည်များအသင်းက ဒီပြသနာကို မဖြေရှင်းနိုင်ရင် မှော်စောင့်ကြည့်ရေးစနစ်ကို ငါ့ဆီရောင်းဖို့ သူတို့ အရည်အချင်းမရှိတာပဲ”
“အာ ဒါမှန်တယ် New moon ကုန်သည်များအသင်းက Frestech ကုန်သည်များအသင်းရဲ့ ကူညီထောက်ပံ့မှုကို ရထားတာ… ဒီတောင်းဆိုမှု ကသူတို့အတွက် မခက်ခဲလောက်ပါဘူး” အရာရှိသည် အနည်းငယ်စိုးရိမ်စိတ်ဖြင့် ခေါင်းငြိမ့်လိုက်ပြီး “ဒါပေမဲ့ နယ်စားမင်း ဒီမှာ အရေးကြီးတဲ့ ဖြေရှင်းရမဲ့ ပြသနာတစ်ခုရှိနေသေးတယ်”
“ဘာပြသနာလဲ”
“ငွေကြေးပြသနာပါ”
အရာရှိက လက်များကိုဖြန့်ကာ အကူညီမဲ့စွာဖြင့် ပြောသည်။
“ဒီလို ကြီးမားတဲ့ မှော်စောင့်ကြည့်ရေးစနစ်ကို တပ်ဆင်ဖို့ဆိုရင် ပိုက်ဆံအများကြီးကုန်မှာ။ ဒီစနစ် ဆက်ပြီးလည်ပတ်နိုင်ဖို့အတွက်လည်း ပိုက်ဆံသုံးဖို့လိုသေးတယ်။ တကယ်ပဲလုပ်ဖို့ တွေးထားတယ်ဆိုရင်တော့ အဲ့တာတွေပါ ကြိုတင်ပြင်ဆင်ဖို့လိုပါလိမ့်မယ်။”
“ပိုက်ဆံ…….”
ငယ်ရွယ်သောနယ်စားသည် သူ၏မေးစေ့ကိုပွတ်လိုက်ပြီး အလေးအနက်တွေးလိုက်သည်။ သူသည် စာရွက်စာတမ်းများကိုကြည့်ပြီး ခေါင်းအနည်းငယ်ငြိမ့်လိုက်ကာ
“မှော်စောင့်ကြည့်ရေးစနစ်က ဒေါ်လာမြို့အတွက်ဆိုတော့ ဒေါ်လာမြို့ကပဲ ပေးရမှာပေါ့”
အရာရှိသည် သက်ပြင်းချလိုက်သည်။
နယ်စားမင်းသည် အရာအားလုံးကိုပြောပြီးနောက် နောက်ဆုံးတွင် ပိုက်ဆံကိစ္စနှင့် ပက်သက်လာသောအခါ၌မူ ဒေါ်လာမြို့ပေါ်သို့သာ ပုံချလေသည်။
ဒေါ်လာမြို့၏ငွေရေးကြေးရေးသည် တောင်ပိုင်းဒေသနှင့် ဆက်နွယ်နေသော်လည်း ၄င်းတို့၏အသုံးစရိတ်များသည် ကွာခြားသည်။
မှော်စောင့်ကြည့်ရေးစနစ်တပ်ဆင်သော ကိစ္စသည် နယ်စားမင်း၏ စိတ်ကူးဖြစ်သော်လည်း ၎င်းသည် တောင်ပိုင်းဒေသနှင့် အစိုးရရုံး၏ဆုံးဖြတ်ချက်နှင့်သက်ဆိုင်နေသည်။ သို့သော် ယခုမူ သူသည် ဒေါ်လာမြို့ကိုသာ ပေးစေချင်နေသည်။ ဒေါ်လာမြို့၏မြို့အုပ်ရုံးသည်လည်း ၄င်းတို့၏ရွေးချယ်မှုရှိလိမ့်မည်။
“နယ်စားမင်း…ကျွန်တော်ထင်တာ ကျွန်တော်တို့ရဲ့ အစိုးရရုံးက ဒီကိစ္စမှာ ဦးဆောင်သင့်တယ်လို့မြင်ပါတယ်။ စဉ်းစားကြည့်ပါဦး အနာဂတ်မှာ တောင်ပိုင်းဒေသကမြို့တွေ တစ်ခုဆီတိုင်းမှာ မှော်စောင့်ကြည့်ရေးစနစ်သာတပ်ဆင်ထားနိုင်ရင် တောင်ပိုင်းဒေသတစ်ခုလုံးရဲ့ လုံခြုံရေးက အများကြီးတိုးတက်လာလိမ့်မယ်။ ဒီလိုမျိုး ဆင်တူတဲ့ကိစ္စတွေ ထပ်ဖြစ်လာမာမဟုတ်တော့ဘူး။ တောင်ပိုင်းဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့လည်း ပိုလွယ်သွားပါလိမ့်မယ်”
ငယ်ရွယ်သောနယ်စားမင်းသည် မျက်ခုံးများကြုတ်လိုက်ပြီး အနည်းငယ်စဉ်းစားကာ တဖြည်းဖြည်း ခေါင်းငြိမ့်လိုက်ပြီးနောက်
“ဒါလည်းကောင်းတာပဲ ဘယ်လိုပြဖြစ်ဖြစ် မှော်စောင့်ကြည့်ရေးစနစ်တွေ ချက်ခြင်း တပ်ဆင်နိုင်ဖို့က မဖြစ်နိုင်သေးဘူး ငါတို့ လေ့လာဆန်းစစ်မှုတွေအရင်လုပ်ရလိမ့်မယ် .. ငါတို့အစိုးရရုံးကအရင်ဦးဆောင်လိုက်ကြတာပေါ့.. ဘာစကားပုံလဲ ရှိပါတယ် … ဂဏန်းအရင်စားတဲ့သူဖြစ်လိုက်ရအောင်… (တရုတ်စကားပုံအရ သတ္တိရှိသူ (သို့) လုပ်ရဲကိုင်ရဲ ရှိသူကိုဆိုလိုခြင်းဖြစ်သည်) New moon ကုန်သည်များအသင်းကို ဆက်သွယ်ပြီး ငါတို့ရဲ့တောင်းဆိုချက်ကို ပြောပြလိုက်တော့…”
အရာရှိသည် ထိုစဉ်မှ ပြုံး၍ သက်ပြင်းချနိုင်တော့သည်။
***