လမ်းစဉ်ဖြစ်တည်ခြင်းနယ်မြေ
Vol. 016 Ch. 1521
“သူတို့ဒီမှာ”
လမ်းစဉ်ပင်လယ်၏ ဘေးတွင် အားလုံးသော မျက်လုံးများက လမ်းညွှန်သူများအပေါ်တွင် ကျရောက်လာသည်။ သည်လူများမှာ အထက်ကောင်းကင်ဘုံမှ ရွေးချယ်ထားပြီး လမ်းစဉ်ပင်လယ်ကို ဝင်ရောက်ခွင့် ပိုင်ဆိုင်ထားသည့် လူများဖြစ်ကာ မကြာခင် ထွက်ခွာကြတော့မည်ဖြစ်သည်။
လမ်းစဉ်ပင်လယ်၌ လမ်းစဉ်ရှာဖွေခြင်းမှာ ဆယ်နှစ်တစ်ကြိမ်ကျင်းပသည့် ပွဲတော်ဖြစ်သည်။ ဆယ်နှစ်မြောက်တိုင်းတွင် ခရီးပြန်လာသည့် လူအချို့သည် ရန်ဟောင်အဆင့်များ ဖြစ်သွားကာ သူတို့ကိုယ်သူတို့ သက်သေပြနိုင်ခဲ့ကြ၏။ ထို့အတူ ကျဆုံးသွားသောသူများလည်း ရှိပေသည်။
လမ်းစဉ်ပင်လယ်က ကြီးမားကျယ်ပြန့်သည်။ နတ်ဘုရားနန်းတော်၏ တပည့်မဟုတ်လျှင် လမ်းကို ဦးဆောင်ညွှန်ပြမည့်သူ မရှိဘဲ ဖြတ်သန်းသွားနိုင်လိမ့်မည် မဟုတ်ပေ။ ရှန့်ထိုအဆင့်ကို မဆိုထားနှင့် ရန်ဟောင်အဆင့်ပင်လျှင် အောင်မြင်စွာ ဖြတ်ကျော်နိုင်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။
“သွားကြမယ်” လမ်းညွှန်က ပြောလိုက်သည်။ ချက်ချင်းပင် လူတိုင်းက ရှေ့သို့ လျှောက်လာကြ၏။ အချို့သည် သူတို့၏ စွမ်းအားများကို လှေငယ်လေးအသွင် ပြောင်းလဲကာ ပင်လယ်ပြင်ထက် ဆင်းသက်လိုက်ကြသည်။ အချို့ကလည်း သူတို့၏စွမ်းအားများဖြင့် သစ်ရွက်လေးများအသွင် ပြောင်းလဲကာ လေနှင့်အတူ မျောလွင့်သွားကြသည်။ ထို့ပြင် ထက်ရှသည့် ဓားများအဖြစ် ပြောင်းလဲထားသော လီနတ်ဓားမိသားစုမှ လူများလည်း ရှိနေပြီး ပင်လယ်ပြင်ထက်၌ သွားနေခဲ့သည်။
“သွားကြစို့” ကျွင်းမူက ထိုက်ရွှမ်တောင်မှ လူဆယ့်ငါးယောက်ကို ကြည့်ကာ ပြောလိုက်သည်။ ရုတ်တရက် လူတိုင်းက ပင်လယ်ထဲသို့ ခြေချလိုက်ကြသည်။ ရီဖူရှင်းသည်လည် သူ၏ စွမ်းအားတို့ကို လှေငယ်လေးအသွင် ပြောင်းလဲပြီး အပေါ်၌တက်ရပ်လိုက်ကာ လူတိုင်းနှင့်အတူ လိုက်ပါသွားခဲ့သည်။
လမ်းစဉ်ပင်လယ်၏ ကမ်းခြေတွင် မရေတွက်နိုင်သည့် မျက်လုံးများက အဝေးသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် သူများကို ငေးကြည့်နေကြသည်။ အချို့က ထွက်သွားသော်လည်း အချို့က နေရစ်ခဲ့ကာ ခရီးမှ ပြန်လာသူများ၏ရလဒ်ကို စောင့်ဆိုင်းရန် ဆုံးဖြတ်ထားခဲ့ကြ၏။
ကျယ်ပြောသော ပင်လယ်အတွင်း အားလုံးသော အင်အားစုများ၏ တန်ခိုးရှင်များက မတူညီသည့် နေရာများမှ ပေါ်ပေါက်လာပြီး ရှေ့သို့ ခရီးဆက်နေကြသည်။
သူတို့က လမ်းစဉ်ပင်လယ်အတွင်း နက်ရှိုင်းစွာ ရောက်ရှိလာသည့်အခါ သူတို့အားလုံးက လမ်းစဉ်ပင်လယ်သည် အဆုံးမဲ့လမ်းစဉ်စွမ်းအားတို့နှင့် ပြည့်ဝနေသော စစ်မှန်သောလမ်းစဉ် လျှို့ဝှက်နယ်မြေဖြစ်ကြောင်း ခံစားမိကြသည်။ အဆုံးမဲ့ကျယ်ပြောသည့် လမ်းစဉ်ပင်လယ်သည် ကိုယ်တိုင် အသက်ရှိနေသကဲ့သို့ သူတို့ကို အလွန် ထူးခြားဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်းပေသည်။
“ဒီလို မြင်ကွင်းကို မြင်ရတော့ သီချင်းတောင် အော်ဆိုချင်သွားတယ်” ရီဖူရှင်း၏ မနီးမဝေးမှ ဓားပျံစီးနေသည့် ဝမ်ရှိုးရီက ကျယ်ပြောသည့် ပင်လယ်ကို စူးစမ်းရင်း ပြောလိုက်သည်။ သူက နှလုံးသားထဲမှ ရည်ရွယ်ချက်ကို ခံစားမိသည်။ သူသည် နတ်ဘုရားနန်းတော်တွင် ရှေ့လျှောက် ကြုံတွေ့ရမည့် အရာများကို တွေးတောနေပြီး အနာဂတ်၌ သူက စရိုက်ပေါင်းစုံနှင့် လူများဖြင့် ဆက်ဆံရမည်ကို တွေးတောနေသည်။
သူက ထိုက်ရွှမ်တောင်၌ ကျင့်ကြံခဲ့သော်လည်း နတ်ဘုရားနန်းတော်သို့ သွားရန် နှစ်ပေါင်းများစွာ တောင့်တနေခဲ့ပြီး နောက်ဆုံးတွင် အခွင့်အရေး ရရှိခဲ့ပြီဖြစ်သည်။
ရီဖူရှင်းက ဝမ်ရှိုးရီ၏ စကားကို ကြားသည့်အခါ ခပ်ရေးရေး ပြုံးလိုက်သည်။ ဤခရီးက လူတိုင်းအား ဂုဏ်ယူဝံ့ကြွားသော စိတ်ခံစားချက်များ ပေးစွမ်းပေလိမ့်မည်။
ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်အနေနှင့် လောကအတွင်း ထူးခြားသာလွန်သော ပုဂ္ဂိုလ်များနှင့် ဆုံတွေ့ချင်သည်မှာ သဘာဝပင် ဖြစ်သည်။
“ဒီအချိန်မှာ ဒီမြင်ကွင်းလေးနဲ့ ဂျူနီယာညီမလေး ကျစ်ရင်က အစ်ကိုတို့အတွက် တေးသွားလေး တီးခတ်မပေးချင်ဘူးလား” ထိုက်ရွှမ်တောင်မှ အချို့သော တန်ခိုးရှင်များက အပြုံးနှင့် ပြောလိုက်ကြသည်။ လီကျစ်ရင်သည် ကု့ချင်းတောင်ကြားမှ ကု့ချင်းကျွမ်းကျင်သူဖြစ်ပြီး သူမ၏ ဂီတအရည်အချင်းက ထူးချွန်လှသည်။ သူမ၏ ဂီတတီးခတ်မှုနှင့် ခံစားချက်အား ဖော်ပြခြင်းမှာ အလွန် အစွမ်းထက်သည်။ ယခုအချိန်၌ ဂီတကိုသာ ခံစားရလျှင် အလွန် စိတ်ကျေနပ်ဖွယ်ကောင်းပေလိမ့်မည်။
“တော်စမ်းပါ…” လီကျစ်ရင်က တည်ငြိမ်စွာ တုန့်ပြန်လိုက်သည်။ သူမက အကြည့်များကို ရီဖူရှင်းထံသို့ ရွှေ့ကာ ပြောလိုက်သည်။ “ရှန်ကျင်းက တေးသံသာစံအိမ်မှာ ခဏနေခဲ့ဖူးပြီး တေးသံသာအင်ပါယာထားခဲ့တဲ့ ဂီတကို နားလည်သဘောပေါက်ခဲ့တယ်။ သူက တေးသွားတွေ အများကြီးကိုလည်း သင်ယူဖူးတော့ ဒီအခြေအနေနဲ့ ပိုပြီး အံဝင်ခွင်ကျဖြစ်လိမ့်မယ်ထင်တယ်”
“အမှန်ပဲ။ ညီနောင်ရှန်ကျင်းက ထိုက်ရွှမ်တောင်မှာ နေပြီး တေးသံသာစံအိမ် မှာ ကျင့်ကြံခဲ့တယ်။ ဒါပေမယ့် ကျုပ်တို့ ညီနောင်ရှန်ကျင်း တီးခတ်တာကို လုံးဝ မကြားဖူးခဲ့ဘူး” ကု့ချင်းတောင်ကြားမှ တပည့် ချန်ယွိက အားပါးတရရယ်ရင်း ပြောလိုက်သည်။ သူက ရီဖူရှင်းအား ကု့ချင်းတီးခတ်စေလိုသည့် အကြောင်းမှာ မနာလိုသည့် ရည်ရွယ်ချက်ကြောင့် မဟုတ်ဘဲ ရီဖူရှင်း တေးသံသာစံအိမ် သို့ ဝင်ရောက်ခဲ့ခြင်းက သူတို့၏ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။
ယခု ရီဖူရှင်းသည် အရှင်ထိုက်ရွှမ် ထားခဲ့သည့် နေရာနှစ်ခုမှ တစ်ခုကို ရရှိခဲ့သည်။ ထို့ကြောင့် သူတို့သည် ရီဖူရှင်း အကြောင်းကို သိချင်ပြီး သူက ဂီတတွင် မည်မျှ နားလည်သဘောပေါက်နိုင်သည်ကိုလည်း မြင်တွေ့လိုကြပေသည်။
ရီဖူရှင်းသည် ချန်ယွိ၏ စကားကို ကြားသောအခါ ပြုံးလိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းပါပြီ။ ဒါပေမယ့် ကျုပ်ရဲ့ ဂီတအပေါ် နားလည်နိုင်စွမ်းက အကန့်အသတ် ရှိတာမို့လို့ တေးသံသာ အင်ပါယာရဲ့ တေးသွားကိုတော့ မတီးခတ်တော့ဘူး။ ကျုပ် အရင်တုန်းက ရေးစပ်ခဲ့တဲ့ သံစဉ်တစ်ပုဒ်ကိုပဲ တီးခတ်ပြပါ့မယ်”
“အဲဒါလည်း ရတယ်” ချန်ယွိက အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်းက ဤတစ်ကြိမ်၌ စိတ်မပျက်စေခဲ့ပေ။
လေပြည်က လှေငယ်ကို ရစ်ပတ်ကာ ရှေ့သို့ ဆက်လက်ခေါ်ဆောင်သွားနေသည်။ ရီဖူရှင်းက တင်ပျဉ်ခွေထိုင်လိုက်ကာ လှေငယ်ပေါ်မှ သူ့အရှေ့တွင် ကု့ချင်းတစ်လက် ပေါ်ပေါက်လာသည်။ ရီဖူရှင်းသည် သူ၏ လက်များကို ကု့ချင်းကြိုးပေါ်သို့ တင်လိုက်ပြီး စတင်တီးခတ်တော့သည်။
ကု့ချင်း၏ တေးသွားက အေးချမ်းသာယာကာ အလွန်ကြည်နူးဖွယ်ရာပင် ဖြစ်သည်။ ထိုသည်မှာ နားထောင်နေသူတို့ကို ရိုးရှင်း၍ တက်ကြွသော လူငယ်လေးတစ်ယောက်၏ ငြိမ်းအေးသာယာသော ဘဝကို ခံစားမိလာစေရန် ဆွဲဆောင်နေပေသည်။
လီကျစ်ရင်နှင့် ချန်ယွိသည် ဂရုတစိုက် နားထောင်နေပြီး သူတို့နှစ်ယောက်လုံးက ကု့ချင်း၏ ရသကို ကောင်းစွာ လေ့လာနေကြသည်။ ရီဖူရှင်း၏ ဂီတက အလွန် သန့်စင်သည်။ ကု့ချင်း၏ ရှုထောင့်မှဆိုလျှင် သူသည် အလွန် ခိုင်မာသည့် အခြေခံရှိပေသည်။ သူသည် သူ၏ အရာအားလုံးကို ဂီတ၌ ပေါင်းစပ်ထားသည်ဟု ထင်မှတ်ရပေသည်။
လမ်းစဉ်ပင်လယ်မှ လှိုင်းများက သူ့ကို အလင်းရိုက်ခတ်နေသည်။ ကြိုးများမှ ထွက်ပေါ်လာနေသည့် တေးသွားသည် နွေးထွေး ညင်သာသော်လည်း အစွမ်းထက်ကာ ဂီတ၏ အနှစ်သာရများ အမှန်တကယ် ပေါင်းစပ်ပါဝင်နေသည်။ တေးသွား၏ ညင်သာသည့် အပြောင်းအလဲလေးများသည် နားထောင်နေသူများကို ဘဝ၏ အတက်အကျ အခက်အခဲတို့အား မြင်ယောင်လာစေရန် ပြုလုပ်နေသည်။ ယင်း ခံစားချက်သည် သာမန်ဒုက္ခသာ မဟုတ်သော်လည်း အခက်အခဲများအတွင်း ရှေ့ဆက်နေခဲ့သည်။
“ကု့ချင်းအသံက သဘာဝခံစားချက်နှင့် ပြည့်ပြည့်စုံစုံ ပေါင်းစပ်သွားတယ်” လော့ယွဲ့က တိတ်တဆိတ် နားထောင်နေရင်း မှတ်ချက်ချလိုက်သည်။ တစ်ခါက သူမ ရီဖူရှင်း တီးခတ်သည်ကို နားထောင်ရစဉ်တွင် ထိုက်ရွှမ်စားသောက်ဆိုင်၌ ဖြစ်လေသည်။ ယခု တစ်ဖန်ထပ်နားထောင်ရသည့်အခါ မတူညီသည့် ခံစားမှုကို ခံစားရသည်။ ရီဖူရှင်း၏ ဂီတက အလွန် ခြောက်ပြစ်ကင်းသဲလဲစင်ဖြစ်ကာ အမှားတစ်စုံတစ်ရာ မရှိပေ။
လှေငယ်လေးသည် လမ်းစဉ်ပင်လယ်အတွင်း ရှေ့သို့ ဆက်သွားနေသည်။ သူက ခေါင်းငုံ့ကာ ကြိုးများကို တီးခတ်နေသည်။ ကု့ချင်းအသံက တဖြည်းဖြည်း မြှင့်တက်လာသည်။ ကြည်လင်သည့် အသံက လှိုင်းများကြားဖြတ်သန်းကာ ကောင်းကင်သို့တိုင် ရောက်ရှိသွားပြီး လှိုင်းနှင့် လေထက် မျောလွင့်ရင်း နားထောင်နေကြသူများကို လွတ်လပ်၍ ဂုဏ်ယူဖွယ် ခံစားချက်တို့အား ပေးစွမ်းပေသည်။
“အရမ်းကောင်းတဲ့ တီးခတ်မှုပဲ” ဝမ်ရှိုးရီက ချီးကျူးလိုက်သည်။ ဤသို့သော ဂီတသံစဉ်သည် သူ၏ ခံစားချက်နှင့် အကိုက်ပင် ဖြစ်သည်။ ထို့ပြင် သူသာလျှင် မဟုတ်ဘဲ လူအများသည်လည်း ကု့ချင်းအသံတွင် နစ်မြုပ်နေပုံရကာ ငြိမ်သက်စွာ နားထောင်နေကြသည်။
တေးသွားသံစဉ်သည် ကျယ်လောင်သထက် ကျယ်လောင်လာကာ လှိုင်းလုံးကြီးများကို ဖြတ်ကျော်၍ ကောင်းကင်ဘုံကိုးဆင့်ကို ရိုက်ခတ်သွားသည်။ ဂီတသံစဉ်သည် ကျယ်ပြောသည့် လမ်းစဉ်ပင်လယ်တွင် ပြည့်နှက်နေပြီး ရီဖူရှင်းကိုယ်တိုင်သည်လည်း သူ၏ ဂီတအတွင်း နစ်မျောနေသည်။ အနားရှိလူများသည်လည်း တေးသွားကို ဂရုတစိုက် နားထောင်နေကြပြီး သူတို့သည်လည်း ဂီတနှင့်အတူ စီးမျောနေကြသည်။
အပြုံးတစ်ခုက ဝမ်ရှိုးရီ၏ မျက်နှာထက်တွင် ပေါ်ပေါက်လာကာ သူက ပြောလိုက်သည်။ “ဒါက ယောက်ျားကောင်းတစ်ယောက်ဆိုတာ ဘယ်လို စိတ်အားထက်သန်ပြီး ယုံကြည်နဲ့ ပြည့်နေသင့်တယ်ဆိုတဲ့ ခံစားမှုမျိုးပဲ။ လူတစ်ယောက် ဓားတစ်လက်။ သူ့ကို စမ်းသပ်ချင်တဲ့ ဘယ်သူမဆို သူ့ဓားရဲ့ ထက်ရှမှုကို အရင် မြည်းစမ်းရပြီး ဓားတစ်လက်နဲ့ အခက်အခဲမှန်သမျှကို ဖျက်ဆီးဖို့ လုံလောက်နေလိမ့်မယ်”
သူက ရီဖူရှင်းကို ကြည့်ကာ အံ့သြချီးမွမ်းခဲ့သည်။ ရှန်ကျင်း ထိုက်ရွှမ်တောင်ပေါ်တွင် ကျင့်ကြံစဉ်အခါက နှိမ့်နှိမ်ချချနှင့် မထင်ပေါ်အောင် နေထိုင်တတ်သည်။ သူက ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားသော်လည်း မမျှော်လင့်စွာပင် ထိုမျှ ရည်မှန်းချက်ပြင်းပြသည့် တေးသွားမျိုးကို တီးခတ်နိုင်သည်။
တေးသွားသံစဉ်က လူတစ်ယောက်၏ နှလုံးသားကို ရောင်ပြန်ဟပ်သည်ဟု ဆိုကြသည်။ ဤတေးသွားသည်လည်း ရီဖူရှင်း၏ စိတ်အခြေအနေကို ရောင်ပြန်ဟပ်နေခြင်း ဖြစ်နိုင်သည်။
သို့ဆိုလျှင် သူ၏ စိတ်က ယခုအချိန်၌ မည်သိုသော အခြေအနေတွင် ရှိနေသနည်း။
ဝမ်ရှိုးရီက ပြုံးလိုက်သည်။ နှိမ့်ချသိုသိပ်စွာ နေထိုင်၍ စိတ်အားထက်သန်စွာ သင်ယူတတ်သည့် ရှန်ကျင်းမှာ ထိုက်ရွှမ်တောင်၌ ကျင့်ကြံနေစဉ်အခါက ရှန်ကျင်းသာ ဖြစ်လိမ့်မည်။
ယနေ့ လမ်းစဉ်ပင်လယ်မှ ရှန်ကျင်း၏ ဂီတသည် ကောင်းကင်ဘုံကိုးဆင့်ကိုပင် ချိုးဖျက်နိုင်လောက်သည့် ဂုဏ်ယူဝံ့ကြွားမှုတို့၏ အရိပ်အမြွက်များ ရှိနေသည်။ လောက၌ ဤသို့သော အရည်အချင်းရှိသူ အားလုံးသည် သူတို့ရှေ့၌ မည်သည့် အခက်အခဲ ရှိနေပါစေ နှစ်ခါမတွေးဘဲ ရှေ့ဆက်သွားလိမ့်မည် ဖြစ်သည်။
ထိုက်ရွှမ်တောင်မှ ရှန်ကျင်းနှင့် ထိုက်ရွှမ်တောင် အပြင်ဘက်မှ ရှန်ကျင်းက ကွာခြားမှု ရှိနေမည်လား။ သူက အတော်လေး သိချင်လာမိသည်။
လီကျစ်ရင်နှင့် ချန်ယွိသည်လည်း အနည်းငယ် စိတ်လှုပ်ရှားနေသည်။ တေးသွားရပ်တန့်သွားသည့်အခါ သူတို့ စိတ်သည် ကု့ချင်းသံစဉ်၏ ရိုက်ခတ်မှု အနည်းငယ် ခံခဲ့ရပေသည်။ လီကျစ်ရင်က ချီးမွမ်းပြောဆိုလိုက်သည်။ “ရှင့်ကို စတုတ္တသခင်မလေးက ထိုက်ရွှမ်တောင်ဆီ ဘာလို့ ပို့လိုက်လဲ ကျွန်မ နားလည်ပြီ ထင်တယ်”
စတုတ္တသခင်မလေးက ရီဖူရှင်း၏ ထူးချွန်သော ဂီတစွမ်းရည်ကို ခံစားမိခြင်းကြောင့် ဖြစ်နိုင်ပေသည်။
ရီဖူရှင်းက ပြုံးရုံမျှ ပြုံးလိုက်သည်။ လီကျစ်ရင်က သူ့ကို ဖျတ်ခနဲကြည့်ကာ ပြောလိုက်သည်။ “ရှင်က တေးသံသာစံအိမ်က လူဖြစ်မှတော့ ကြိုးကြိုးစားစား လေ့ကျင့်ရမယ်နော်။ ရှင့်ရဲ့ အချိန်တွေကို အလဟဿ မဖြစ်စေနဲ့။”
“ကျေးဇူးပါ” ရီဖူရှင်းက လီကျစ်ရင်ကို အပြုံးနှင့် တုန့်ပြန်လိုက်သည်။ သူတို့၏ နောက်မနီးမဝေး လေထဲမှ လှောင်ပြောင်သည့်အသံတစ်ခု ထွက်ပေါ်လာသည်။ “သူတို့က သံသယကင်းစင်ခြင်း အဆင့်ကလူကိုပါ လက်ခံလိမ့်မယ်လို့ ထင်မထားဘူး။ ဂီတမှာ ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ စွမ်းအားရဲ့ ရှေ့မှောက်မှာတော့ အရာအားလုံးက အသုံးဝင်မှာ မဟုတ်ဘူး”
ပြောလိုက်သူမှာ လောယို့မင် ဖြစ်သည်။ သူတို့သည် ထိုက်ရွှမ်တောင်မှ လူများ၏ မနီးမဝေးတွင် လိုက်ပါလာကြသူများ ဖြစ်သည်။ လမ်းစဉ်ပင်လယ်မှ ဤခရီးတွင် သူတို့သည် ထိုက်ရွှမ်တောင်မှ လူများကို တစ်ခုခု လုပ်ကြလိမ့်မည် ဖြစ်သည်။
ယခု လူတိုင်းသည် လမ်းညွှန်သူများနှင့်အတူ ရှေ့သို့ ဆက်သွားနေကြရသည့်အတွက် သူတို့က လှုပ်ရှားရန် အစီအစဉ်မဆွဲရသေးပေ။
ထိုက်ရွှမ်တောင်မှာ လူများသည် စိတ်မကျေမနပ်ဖြစ်သွားကြသော်လည်း မည်သည့်စကားမှ မပြောခဲ့ပေ။ သူတို့သည် သတိထားနေရန် နှလုံးသားထဲမှ ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သော်လည်း ရီဖူရှင်းက ထိုသူ ပြောသည်များကို ကြားဟန်ပင်မတူကာ လောယို့မင်ကိုပင် မကြည့်ခဲ့ပေ။
လူတိုင်းသည် ရှေ့သို့ ဆက်သွားနေကြသည်။ အချိန်အတော်ကြာပြီးနောက် သူတို့သည် လမ်းစဉ်ပင်လယ် အတွင်းပိုင်းသို့ ဝင်ရောက်သွားကာ သူတို့၏ ရှေ့တွင် လှိုင်းလုံးကြီးများက အော်မြည်နေသည်။ လှိုင်းများအကြားတွင် သတ္တဝါကြီးတစ်ကောင် ပေါ်ပေါက်လာပြီး ၎င်းသည် လမ်းစဉ်စွမ်းအားများကို ပိုင်ဆိုင်ထားသည့် နတ်လိပ်တစ်ကောင် ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်က နန်းတော်တမျှ ကြီးမားလှသည်။ သူက ကြီးမားသည့် မျက်လုံးများဖြင့် လူတိုင်းကို ဝေ့ဝဲကြည့်လိုက်သည်။
“လိပ်အင်ပါယာ” လူများစွာက အနည်းငယ် အံ့အားသင့်သွားကြသည်။ လမ်းညွှန်သူများပင်လျှင် သူ့ကို အရိုအသေပြု ကြရသည်။
“သွားကြပါ” နတ်လိပ်က လမ်းညွှန်သူများကို ပြောလိုက်သည်။ ချက်ချင်းပင် လမ်းညွှန်သူများက ခေါင်းညိတ်လိုက်ကာ အခြားသူများကို ချန်ခဲ့ပြီး လေထဲမှ ထွက်ခွာသွားသည်။
နတ်လိပ်သည် လူတိုင်းကို ကြည့်ကာ ပြောလိုက်၏။ “လိုက်ခဲ့ကြ”
သူက ပြောပြီးသွားသည်နှင့် လှည့်ထွက်ကာ သူ၏ ခန္ဓာကိုယ်က ရေထဲသို့ ငုပ်လျှိုးသွားသည်။ သူက လမ်းစဉ်ပင်လယ်အတွင်း ရှေ့ဆက်သွားနေခဲ့ပြီး လူအုပ်ကြီးက နောက်မှာ နီးကပ်စွာ လိုက်ပါလာကြသည်။ မကြာခင်ပင် သူတို့သည် နတ်လိပ်ကြီးက တစ်ခုခုကို ထိုးခွဲရန် ရှေ့သို့ ရိုက်ခတ်လိုက်သည်အား မြင်လိုက်ကြရသည်။ ပင်လယ်ရေများက ကောင်းကင်သို့ ဖွာတက်သွားပြီး လူတိုင်းသည် ခွဲဖြာထွက်သွားသည့် လှိုင်းများအကြား ဖြတ်သန်းသွားသည့်အခါ သူတို့သည် လမ်းစဉ်ပင်လယ်အတွင်း ရှိနေသေးသော်လည်း လူအများသည် အခြားသော နယ်မြေတစ်ခုသို့ ဝင်ရောက်သွားသည်ဟု ထင်မှတ်ရပေသည်။
နတ်လိပ်၏ အရှေ့သို့ ရွေ့လျားနေသည့် အရှိန်က နှေးသွားခဲ့သည်။ သူတို့က လမ်းစဉ်ပင်လယ်အတွင်း ရှေ့သို့ ဆက်သွားနေကြပြီးနောက် သူတို့သည် တောင်ထွတ်တစ်ခုကို မြင်လိုက်ကြရသည်။ ၎င်းသည် ကောင်းကင်ထိတိုင် မြင့်တက်နေသည်။
“ပင်လယ်တောင်တန်း”
လူတိုင်းသည် အနည်းငယ် အံ့အားသင့်နေကြသည်။ သို့သော် သူတို့ပ ရှေ့ဆက်သွားသည့်အခါ တစ်ခါတစ်ရံ၌ သူတို့၏ မြင်ကွင်းအတွင်း ဝင်လာသည့် တောင်ထွတ်တို့ကို မြင်ကြရပေသည်။ ၎င်းတို့သည် ထူးဆန်းသည့် သဏ္ဌာန်ရှိကာ မဟာလမ်းစဉ် စွမ်းအားများ အလွန် ပေါကြွယ်ဝကာ အဆီအနှစ် ပြည့်ဝပေသည်။
နောက်ဆုံးတွင် သူတို့က ထူးခြားဆန်းကြယ်လှသည့် မြင်ကွင်းကို မြင်လိုက်ရပေသည်။ သူတို့ရှေ့ အဝေးတစ်နေရာ၌ ထူးခြားဆန်းကြယ်သော တောင်များ ဝန်းရံထားသော ရှေးဟောင်းတောင်ထွတ်တစ်ခုပေါ်တွင် တည်ရှိသည့် နတ်ဘုရားနန်းတော်တစ်ခု၏ ပုံရိပ်ကို မြင်တွေ့လိုက်ရပေသည်။
ထိုမျှသာမကသေးဘဲ တဖြည်းဖြည်းနီးလာသည့်အခါတွင် လူအများက စောင့်ဆိုင်းနေကြသည်ကို မြင်တွေ့လိုက်ရပေသည်။ သူတို့သည် အစောကြီး လာရောက်၍ အချိန်ကြာမြင့်စွာကပင် စောင့်ဆိုင်းနေဟန်တူသည်။
“ကျုပ်တို့ ရောက်ပြီ” လူတိုင်းသည် သူတို့၏ နှလုံးသားထဲမှ ပြောလိုက်ကြသည်။ ဤနေရာက သူတို့ ခရီး၏ အဆုံး ဖြစ်ပေလိမ့်မည်။
နတ်လိပ်၏ ခန္ဓာကိုယ်က ရေပေါ်တွင် မျောလွင့်နေပြီး သူ၏ ပါးစပ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းတွင် အစွမ်းထက်သည့် တုန်ခါမှုတစ်ခု ပါဝင်နေကာ ဤနေရာရှိ လူတိုင်း ကြားနိုင်ကြပေသည်။
“ဟိုအပေါ်က လမ်းစဉ်ပင်လယ်ရဲ့ အဆုံးပ လမ်းစဉ်ပင်လယ်ရဲ့ အဆုံးမှာ မဟာလမ်းစဉ် လမ်းကြောင်း ရှိတယ်” နတ်လိပ်က ပြောလိုက်သည်။ “သွား”
သူ၏ အသံထွက်ပေါ်လာသည့်အခါ လူတိုင်းသည် တစ်ချိန်တည်းတွင် အလွန်လျင်မြန်စွာ လေထုကို ဖြတ်သန်းသွားကြသည်။
လီနတ်ဓားမိသားစုမှ ဓားသမားများသည် သူတို့၏ ဓားများနှင့် လေဟာနယ်ကို ဖြတ်သန်းသွားလေသည်။ သူတို့သာမကဘဲ ကောင်းကင်နှစ်မြှုတ်ခြင်းနတ်ဘုရားကလန်နှင့် ချန်းဖုန်းမိသားစုမှ လူများသည်လည်း လေနှင့်အတူ ခရီးနှင်လိုက်ကြသည်။ ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များသည် ရွှေရောင်နတ်အလင်းများ လင်းလက်နေပြီး ရွှေရောင်အလင်းများ ဖြတ်သန်းသွားသည့်အခါ လူတိုင်း၏ မျက်လုံးများကို ကျိန်းစပ်သွားစေသည်။
“သွားကြစို့” ကျွင်းမူက ပြောလိုက်သည်။ ထိုက်ရွှမ်တောင်မှ လူများသည်လည်း ဒုန်းစိုင်းကာ ရှေ့သို့ သွားလိုက်ကြသည်။ ရီဖူရှင်းသည် လှေငယ်လေးကို အလွန်လျင်မြန်စွာ မောင်းနှင်ကာ ရှေ့သို့ သွားခဲ့သည်။
လမ်းစဉ်ပင်လယ်အဆုံးတွင် ရှိသည့်နယ်မြေကို လမ်းစဉ်သက်သေပြခြင်းနယ်မြေဟု ခေါ်လေသည်။
***