← Chapters

အခန်း (၇၁-၈၀)

Vol. 8 Ch. 71-80

အခန်း (၇၁-၈၀)

Vol. 8 Ch. 71-80

Volume 8, အပိုင်း ၇၁ ။ ဆုံးဖြတ်ပေးခြင်း

သာမန်ပုံစံသာရှိသော ဝေါယာဉ်မှ ရှုယီသည် ယာဉ်မောင်းထိုင်ခုံမှ ထွက်လာလေသည်။

လမ်းသွားလမ်းလာများသည် ဝေါယာဉ်ကိုလည်းကောင်း ရှုယီကိုလည်းကောင်း ရုတ်တရက်မမှတ်မိကြ၍ အာရုံမစိုက်ကြချေ။

ရှုယီသည် ပြုံးမိလေသည်။

ဝေါယာဉ်များမှာ လွန်ခဲ့သော၁၀နှစ်ခန့်ကဆိုလျှင် ချမ်းသာသူများပင် ဝယ်ရန်ခက်ခဲသဖြင့် ဝေါယာဉ်စီးလာပါက အရေးကြီးပုဂ္ဂိုလ်ဟု သတ်မှတ်နိုင်လေသည်။

ယာဉ်မောင်းတစ်ယောက်ပင်ဖြစ်သော်လည်း ဝေါယာဉ်စီးလာလျှင်မူ လူအများ၏အာရုံစိုက်မှု ခံရမည်ဖြစ်သည်။

ဆယ်စုနှစ်တစ်ခုကြာပြီးချိန်တွင် ဝေါယာဉ်များအား အသုံးပြုနေဆဲဖြစ်သော်လည်း ယခင်ကလို လူအများ၏ အာရုံစိုက်ခြင်း မခံရတော့ပေ။

သို့သော် သူစီးလာသည်မှာ Frestech ကုန်သည်ကြီးများအသင်း၏ နောက်ဆုံးပေါ် Goddess Anvia Model မှော်ဆီဒန်ဖြစ်လျှင် အာရုံစိုက်ခံရမည်ဖြစ်သည်။

Goddess Anvia Modelမှာ Frestech ကုန်သည်ကြီးများအသင်း၏ နောက်ဆုံးပေါ် နည်းပညာဖြစ်ပြီး အရေအတွက် ကန့်သတ်ကာ တိုင်းပြည်တစ်ခုစီ၏ အရေးကြီးဆုံးပုဂ္ဂိုလ်များဆီသာ ပေးပို့ထားသဖြင့် သာမန်လူတစ်ယောက်တွင် မရှိနိုင်သောကြောင့် ဖြစ်လေသည်။

ရှုယီ ဥက္ကဌဖြစ်စဉ်က ထိုယာဉ်ဖြင့် အလုပ်ခရီးများ သွားခဲ့သော်လည်း အနားယူပြီးချိန်တွင် ဖရီယာအား ပေးလိုက်သော်လည်း သူမသည် ထိုဒီဇိုင်းကို မကြိုက်သောကြောင့် မစီးဖြစ်ဘဲ အချိန်အတော်ကြာကြာ သိမ်းထားခဲ့သည်ဖြစ်သည်။

အခုယာဉ်မှာ သာမန်မြို့သားများစီးသည်သာဖြစ်ပြီး စျေးနှုန်းမှာလည်း ရွှေဒင်္ဂါ၅၀၀သာ ရှိသောကြောင့် ရိုးရိုးသာဖြစ်လေသည်။

ထို့ကြောင့် ဝေါယာဉ်နှင့် ရှုယီသည် လူအများအား စွဲဆောင်နိုင်ခြင်းမရှိချေ။

သူသည် ဝေါယာဉ်များသည် အထူးရှားပါးပစ္စည်းများ မဟုတ်တော့ဘဲ မှော်စက်မှုလုပ်ငန်း တိုးတက်လာကာ လူများမှာ နေသားကျလာသည့်အတွက် ပျော်မိလေသည်။

ဖြတ်သွားဖြတ်လာများကို ကြည့်လိုက်ချိန်တွင် လူအတော်များများမှာ မှော်ဆက်သွယ်ရေးစက်များဖြင့် လမ်းလျှောက်ရင်း စကားပြောနေသည်ကို တွေ့ရလေသည်။

အိတ်ဆောင် မှော်ဆက်သွယ်ရေးစက်များမှာ လွန်ခဲ့သည့် ၇နှစ်က ထုတ်လုပ်ခဲ့သည်ဖြစ်ပြီး ယခုအချိန်တွင် အသုံးများနေကြပြီဖြစ်သည်။

ထို၇နှစ်အတွင်း ဆောင်လုပ်ခဲ့သော မီတာ၅၀ကျော် မြင့်မားသည့် အဆောက်အဦးကြီးသည် စက်မှုလုပ်ငန်း၏ အောင်မြင်မှုပြယုဒ်ပင် ဖြစ်ပေသည်။

မိုးထိမြင့်မားသော အဆောက်အဦးများကို လွန်ခဲ့သည့် နှစ်၂၀ကဆိုလျှင် စိတ်ကူးဖြင့်ပင် မတွေးဝံ့ပေ။

ယခုအချိန်တွင် တိုးတက်လာသော ဆောက်လုပ်ရေးစက်များနှင့် နည်းပညာများကြောင့် ထိုကိစ္စများမှာ လက်တွေ့ဖြစ်လာပြီဖြစ်သည်။

ကန်ဒရာ၏ ဗဟိုစီရင်စုဖြစ်သော အန်ဇီယိုစီရင်စု၏ ဒုတိယမြောက်အကြီးဆုံး လမ်စိုင်ယာမြို့ကို အဝေးမှ ကြည့်လိုက်ချိန်တွင် အဆောက်အအုံများမှာ ဘေးပတ်ဝန်းကျင်တွင် ရှိသမျှအရာများထက် မြင့်မားနေကြသည်။

အခြားမြို့များနှင့် အတူတူလောက်ပင် ဖြစ်သော်လည်း ရှုယီသည် ကိစ္စတစ်ခုအား အောင်မြင်လိုက်ပြီဟု ခံစားလိုက်ရသည်။

သူနှင့် Frestech ကုန်သည်ကြီးများအသင်းကြောင့်သာမဟုတ်လျှင် စိုင်စ်နယ်မြေအနေဖြင့် ယခုကဲ့သို့ဖြစ်ရန် အနည်းဆုံး နှစ်တစ်ထောင် ကြာလိမ့်မည်ဖြစ်သည်။

ဘေးပတ်ဝန်းကျင်တွင်ရှိသမျှကို အသိအမှတ်ပြုလိုက်ပြီးနောက် သူသည် ပြုံးရုံသာပြုံးလျှက် အတောက်အအုံထဲသို့ ဝင်သွားလေသည်။

သူသည်သာမန်အဝတ်အစားများသာဝတ်ပြီး တစ်ယောက်တည်းလာသည့်အတွက် သူ့အားမည်သူမှ အရေးတယူမရှိကြချေ။ သူသည် ဧည့်ကြိုကောင်တာသို့ အလွယ်တကူဝင်နိုင်လေသည်။

"ဟဲလို, Sir ကျွန်မဘာကူညီပေးရမလဲ"

ဧည့်ကြိုသည် ရှုယီအား မြင်ဖူးသလိုဖြစ်နေလေသည်။

(သူ့ပုံစံကြည့်ရတာ ဘာလို့မြင်ဖူးသလိုဖြစ်နေတာပါလိမ့်)

"မဟာမှော်ဆရာ ထရော်ရှီယာနဲ့ တွေ့ချင်လို့ပါ"

" မဟာမှော်ဆရာ ထရော်ရှီယာနဲ့?"

ဧည့်ကြိုသည် ရှုယီအား ပို၍သံသယဝင်လာလေသည်။

ထိုမဟာမှော်ဆရာသည် လမ်စိုင်ယာမြို့တွင် နာမည်အကြီးဆုံးဖြစ်ပြီး သူ့အားတွေ့လိုသူများမှာ မြို့အတွင်း အရေးကြီးဆုံးပုဂ္ဂိုလ်များဖြစ်တတ်ကြပြီး အန်ဇီယိုစီရင်စုတစ်ခုလုံးတွင် အရေးပါဆုံး ပုဂ္ဂိုလ်များပင် ဖြစ်တတ်ကြသည်။

(ဒီလူကိုကြည့်ရတာ ငယ်သေးမယ့်ပုံပဲ။ သူက မဟာမှော်ဆရာနဲ့ ဘယ်လိုများ ပတ်သက်နေလို့လဲ)

ထိုသို့တွေးမိလိုက်သော်လည်း သူမသည် ယဉ်ကျေးစွာ မေးလေသည်။

"ဟုတ်ကဲ့ ကြိုတင်ချိန်းဆိုထားတာ ရှိလားရှင့်"

"မရှိပါဘူး ဒါပေမယ့် သူကျွန်တော့်ကို တွေ့ရင်ပျော်မှာပါ"ဟု ပြုံးလျက်ဖြေလေသည်။

ဧည့်ကြိုသည် ရုတ်တရက် ကြောင်သွားလေသည်။

မဟာမှော်ဆရာအား တွေ့ချင်သူများမှာ များပြားလှသည်ဖြစ်ရာ ရှုယီကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူများနှင့်လည်း ဆုံးဖူးသည်ဖြစ်လေသည်။

"အားနာပါတယ်ရှင့် ဒါပေမယ့် ကြိုတင်ချိန်းမထားဘူးဆိုရင်တော့ တွေ့ခွင့်ပေးလို့မရပါဘူးရှင့်"

"ကျွန်တော့်နာမည်ကို ပြောလိုက်ပါ။ ဒါဆို သူချက်ချင်းရောက်လာပါလိမ့်မယ်။"

ဧည့်ကြိုသည် မျက်ခုံးပင့်မိသွားလေသည်။

(ဒီလူငယ်က ဘယ်လိုလဲ။ သူ့ကိုငြင်းလိုက်ပြီးပြီကို ဆက်ပြောနေတုန်းပဲ။)

သို့သော် ရှုယီ၏ တက်ကြွသောအပြုံးကို မြင်လိုက်ရသောအခါ သူမသည် မေးမိလေသည်။

"ဒါဆိုရင် နာမည်က....."

"ရှုယီပါ"ဟု အပြုံးဖြင့် ဖြေလေသည်။

"ရှုယီ?"

သူမသည် လွန်စွာအံ့အားသင့်သွားလေသည်။

(စိတ်ထဲရင်းနှီးပါတယ်လို့ထင်နေတာ ရှုယီဖြစ်နေတာကို။)

ဧည့်ကြိုသည် ရှုယီ၏ မျက်နှာအား ခေတ္တစိုက်ကြည့်လိုက်ပြီးနောက်မှ သတင်းတွင် ပါလာတတ်သော ပုံစံကို မြင်မိသွားတော့သည်။

"ဘုရားရေ တစ်ကယ် ရှုယီပဲ"

ဧည့်ကြိုသည် စိတ်လှုပ်ရှားသွားပြီး ဘာလုပ်ရမှန်းမသိကာ အရှေ့အနောက် လျှောက်သွားနေမိလေသည်။

ရှုယီသည် ခေါင်းခါလိုက်ပြီး စားပွဲခုံအား ပုတ်လိုက်လေသည်။

"မဟာမှော်ဆရာ ထရော်ရှီယာကို ပြောပေးလို့ရမလား"

"အိုး?...အိုး..အိုး...ဟုတ်တယ် ဟုတ်တယ် သူ့ကိုအခုချက်ချင်းပြောပေးပါ့မယ်။ ရှင့်ကိုတွေ့ရင် သူသိပ်ဝမ်းသာမှာပဲ"

သူမသည် ပြောပြောဆိုဆို စားပွဲပေါ်ရှိ မှော်ဆက်သွယ်ရေးစက်အား ဖွင့်လိုက်လေသည်။

ရှုယီ သည် ပြုံးလိုက်မိလေသည်။

အဘယ့်ကြောင့်ဆိုသော် မဟာမှော်ဆရာသည် သူ့အားတွေ့လျှင် ဝမ်းသာမည်မဟုတ်သည်ကို သိသောကြောင့်ဖြစ်လေသည်။

ခဏအကြာတွင် မှော်ဆက်သွယ်ရေးစက်မှ အသံတစ်ခု ကျယ်လောင်စွာ ထွက်လာလေသည်။

"ရှုယီဟုတ်လား။ သူကဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ"

"မဟာမှော်ဆရာ ထရော်ရှီယာ၊ အခုအချိန်ခဏရမယ်ဆိုရင် စကားပြောလို့ရမလား"ဟု အသံကိုမြင့်၍ ပြောလိုက်လေသည်။

ခေတ္တတိတ်ဆိတ်သွားနောက် မဟာမှော်ဆရာ၏ တည်ငြိမ်သော အသံထွက်လာလေသည်။

"သူ့ကိုဝင်လာခိုင်းလိုက်ပါ"

ရှုယီသည် အဆောက်အဦး၏ ထိပ်ဆုံးရှိ ကျယ်ဝန်းသော အခန်းဆီသို့ ဝင်သွားရလေသည်။ ဤအဆောက်အဦးပိုင်ရှင်သည် အယ်ထူရီးရက်စ် အစီအရင် Design ကုန်သည်ကြီးများအသင်း၏ ပိုင်ရှင်လည်းဖြစ်ပေသည်။

"ဥက္ကဌရှုလို ဂုဏ်သရေရှိ ပုဂ္ဂိုလ်တစ်ယောက်က ကျွန်တော့်ဆီလာလည်မယ်လို့ ထင်မထားမိတော့ အံ့သြမိသွားတယ်ဗျာ"

မဟာမှော်ဆရာ ထရော်ရှီယာသည် ရှုယီဝင်လာသည်နှင့် စားပွဲခုံနောက်မှ ထွက်လာပြီး ယဉ်ကျေးစွာ ကြိုဆိုလေသည်။

ကြိုဆိုစကားပြောပြီးချိန်တွင် သူသည် ရှုယီအား ကြည့်လိုက်ပြီး "ဒီတစ်ခါတစ်ယောက်တည်းလာတာလား ဥက္ကဌရှု"ဟု မေးလေသည်။

"ကိုယ်ရေးကိုယ်တာကိစ္စလေး ဆွေးနွေးဖို့လာတာဆိုတော့ လူအများကြီး ခေါ်လာစရာမလိုဘူးထင်လို့ပါ။ ဒါမှမဟုတ် မဟာမှော်ဆရာ ထရော်ရှီယာက ဒီကိစ္စကို လူသိရှင်ကြားဖြစ်စေချင်လို့လား"

မဟာမှော်ဆရာ ထရော်ရှီယာသည် မျက်နှာပျက်သွားသော်လည်း ပြန်၍ပြုံးလိုက်လေသည်။

"ဥက္ကဌရှုက ဟာသဉာဏ်ရွှင်တာပဲ။ ကျွန်တော်က ဘာလုပ်ထားလို့ ရှက်ရမှာလဲ"

"ဇီဒန်ရူမြို့ကိစ္စလေ အားလုံးကို သိစေချင်လို့လား"

မဟာမှော်ဆရာသည် မျက်နှာပျက်သွားပြီး ရှုယီအား တစ်ခုခုပြောရန် ဟန်ပြင်လိုက်သော်လည်း ရှုယီက တားလိုက်လေသည်။

"ငြင်းဖို့မကြိုးစားနဲ့ ဒီကိုမလာခင်ကတည်းက စုံစမ်းခဲ့ပြီးသား။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကန်ဒရာအင်ပါယာဆီကနေ အထူး မှော်အစီအရင်လုပ်ပေးဖို့ ခိုင်းခဲ့တယ်မလား။"

မဟာမှော်ဆရာ ထရော်ရှီယာသည် ပါးစပ်ပိတ်သွားလေသည်။

"ကန်ဒရာအထက်အရာရှိတွေနဲ့ စာချုပ် ချုပ်ထားလို့ အခုချက်ချင်း ပြန်မဖြေချင်ဘူးဆိုလည်း ကျွန်တော်ဖိအားမပေးပါဘူး။ အခုဒီကိုလာတာက ခင်ဗျားကို ရွေးချယ်စရာပေးမလို့"

မဟာမှော်ဆရာသည် တိတ်ဆိတ်စွာနေပြီးမှ ဖြေးညှင်းစွာ ပြောလေသည်။

"အင်ပါယာကို သစ္စာဖောက်ဖို့ဆိုရင်တော့ ကျွန်တော်သဘောတူမှာမဟုတ်လို့ ကျေးဇူးပြုပြီး ပြန်လိုက်ပါတော့"

"ကိုယ့်တိုင်းပြည်ကို သစ္စာဖောက်တဲ့လုပ်ရပ်မျိုး ဘာလို့လုပ်ခိုင်းရမှာလဲ"

ရှုယီသည် ခေါင်းခါလိုက်လေသည်။

"ရွေးချယ်စရာက ထင်ထားသလို ကြောက်ဖို့ကောင်းပြီး အလေးအနက်ကိစ္စမျိုး မဟုတ်ပါဘူး။ ပထမတစ်ခုက ကန်ဒရာကို ကူညီပြီး မှော်လက်နက်တွေ ဆက်လုပ်မလား"

"ကျွန်တော်အဲ့လိုမလုပ်ခဲ့ဘူး"

မဟာမှော်ဆရာ ထရော်ရှီယာသည် ဒေါသတကြီးပြောလေသည်။

"တကယ်လား?"

ရှုယီသည် သူ့အားပြုံး၍ ကြည့်လိုက်လေသည်။

ခဏအကြာတွင် မဟာမှော်ဆရာ ထရော်ရှီယာသည် ခေါင်းငုံလိုက်လေသည်။

"အစက ကျွန်တော် သူတို့ဘာလုပ်နေလဲဆိုတာကို မသိခဲ့ဘူး"

"ဒါက မဟာမှော်ဆရာတစ်ယောက် ပြောသင့်တဲ့စကား မဟုတ်ဘူးထင်တယ်။ ထားပါ ဘာပဲဖြစ်ဖြစ် ပါပြီးနေပြီဆိုမှတော့ အကျိုးဆက်တော့ ခံရမှာပဲ။ ဒုတိယတစ်ခုက ပြင်ပမှော်မတည်မငြိမ်ဖြစ်တာတွေကြောင့် ပျက်သွားတဲ့ပစ္စည်းတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ Frestech ကုန်သည်ကြီးများအသင်းနဲ့ အလုပ်တွဲလုပ်ဖို့ပဲ"

Frestech ကုန်သည်ကြီးများအသင်းနှင့် အလုပ်တွဲလုပ်ရန် ကြားချိန်တွင် မဟာမှော်ဆရာ ထရော်ရှီယာသည် မျက်နှာပျက်သွားသော်လည်း ကျန်သည့်စကားများကို ကြားပြီးချိန်တွင် သူသည် အံ့သြသွားလေသည်။

"အဲ့ဒီအလုပ်ကို လုပ်စေချင်တယ်လား"

"အေးလေ ဘာထင်နေလို့တုန်း"

မဟာမှော်ဆရာ ထရော်ရှီယာသည် ရှုယီ၏ မျက်နှာကြည့်ကြည်လိုက်ပြီး သဲလွန်စရှာရန် ကြိုးပမ်းသော်လည်း မည်သည်ကိုမျှ မတွေ့ရချေ။

နောက်ဆုံးတွင် သူသည် မဲ့ပြုံး ပြုံးလိုက်လေသည်။

"မရွေးလို့ရမလား"

ရှုယီသည် ညင်သာစွာ ပြုံးလိုက်လေသည်။

"ဘယ်လိုထင်လဲ?"

***

Volume 8, အပိုင်း ၇၂ ။ စံနှုန်းအသစ်

ကန်ဒရာအင်ပါယာ ဗဟိုစီရင်စုဖြစ်သော အန်ဇီယိုစီရင်စုနှင့် Frestech ကုန်သည်ကြီးများအသင်းတို့ အယ်ထူရီးရက်စ် အစီအရင် Design ကုန်သည်ကြီးများအသင်းတည်ဆောက်ရန် ပူးပေါင်းမှုသည် အားလုံးကို အံ့အားသင့်စေခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းသည် ကုမ္ပဏီအများအပြားနှင့် ပူးပေါင်းထားသည်ဖြစ်ရာ သိပ်မဆန်းသော်လည်း ဇီဒန်ရူမြို့တွင် ဖြစ်ပွားခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ကန်ဒရာနှင့် Frestech ကုန်သည်ကြီးများအသင်းတို့ မကျေမလည်ဖြစ်နေသောကြောင့် လူအများ အံ့သြနေကြခြင်း ဖြစ်လေသည်။

ကန်ဒရာဘက်မှ ထိုမြို့ကိစ္စသည် မှော်လေအေးပေးစက်အတွင်းရှိ မှော်ပစ္စည်းနှင့် အဝေးမှော်နည်းပညာတို့ကြောင့်ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သော်လည်း Frestech ကုန်သည်ကြီးများအသင်းဘက်မှ ထိုကိစ္စသည် ကန်ဒရာ၏ အမြင်သက်သက်သာဖြစ်၍ လက်ခံဖို့မသင့်ဟု ဆိုလေသည်။

ကန်ဒရာသည် မည်သူ့ကိုမှ စုံစမ်းခွင့်မပေးသည့်အတွက် ဖြစ်ပွားခြင်းအကြောင်းမှန်ကို သေချာမသိနိုင်ဟု ဆိုလေသည်။

၄င်းတို့အနေဖြင့် ကန်ဒရာ၏ လှည့်ကွက်ကို တိုက်ရိုက်မဖော်ပြသော်လည်း ဤကြေညာစာနှစ်ခုအား ယှဉ်ဖတ်လိုက်ချိန်တွင် လူတိုင်း တွေးမိနိုင်လေသည်။

၄င်းတို့အနေဖြင့် စစ်ဆေးရေးများ သေချာစွာ လုပ်ပြီးသွားပြီဖြစ်သဖြင့် ကန်ဒရာ၏ ထုတ်ပြန်ချက်မှာ အဓိပ္ပါယ်မရှိဟု ဆိုလေသည်။

ကန်ဒရာဘက်မှ ရလဒ်များကိုသာ ထုတ်ပြန်သော်လည်း ဒေတာများအား မပြပေ။ ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းမှ မေးခွန်းများကို မဖြေသည့်အတွက် စဉ်းစားစရာဖြစ်လေသည်။

အချိန်ကြာလာသည်နှင့်အမျှ ထိုသတင်းသည် စတက်တိန်းမြို့တွင် အဝေးမှော်ဖြန့်ချီရေးကွန်ရက်များ တည်ဆောက်လိုက်ပြီး ၇၀ရာခိုင်နှုန်းအထိ ကျယ်ပြန့်လာပြီဖြစ်ပြီး မြို့သူမြို့သားများအနေဖြင့် မှော်စခရစ်စတယ်များ ဝယ်ယူရန်အတွက် စိုးရိမ်စရာမလိုတော့ချေ။

ယခုလို ကျယ်ပြန့်စွာသုံးနေသော်လည်း မေ့လဲသည့်ကိစ္စ မဖြစ်ခဲ့ချေ။

ဤသို့ဖြင့် တစ်စထက်တစ်စ မှော်ဖြန့်ချီရေးကွန်ရက်အပေါ်ကို အာရုံစိုက်မှုများလာကြပြီး ကန်ဒရာ၏ စုံစမ်းရေးရလဒ်များအပေါ် သံသယဝင်လာကြသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ကောက်ယူထားသော ဒေတာအရ Frestech အမှတ်တံဆိပ် အိမ်သုံးမှော်စက်များ ဝယ်ယူပြီးသည့်အပြင် မှော်စခရစ်စတယ်များအတွက် ကုန်ကျစရိတ်မှာ တစ်လလျှင် ရွှေဒင်္ဂါး ၃ပြားမှ ၅ပြားအထိ ကုန်ကျနိုင်ပြီး အဝေးမှော်ဖြန့်ချီရေးစနစ်ဖြင့်ဆိုလျှင် တစ်လလျှင် ရွှေဒင်္ဂါးတစ်ပြားသာ ကုန်ကျမည်ဖြစ်သည်။

ရွှေဒင်္ဂါးအနည်းငယ်သာ လျှော့ကျသွားသည်ဖြစ်သော်လည်း သာမန်မိသားစုအတွက်ဆိုလျှင် ဤသည်မှာ သိသာစွာ လျှော့ကျသွားခြင်းဖြစ်သည်။

ထို့ကြောင့်ပင် မြို့သူမြို့သားများမှာ နည်းပညာအသစ်အား အသုံးပြုလိုလာကြသည်ဖြစ်သည်။

ထိုမတော်တဆမှုအပြီး ၈လအကြာ သြဂုတ်လအရောက်တွင် Frestech ကုန်သည်ကြီးများအသင်းဘက်မှ မားလို၊ လမ်ပူရီနှင့် ရူဒ်ဆန်တို့အပါအဝင် နိုင်ငံ၁၇နိုင်ငံနှင့် အဝေးမှော်ဖြန့်ချီရေး လုပ်ဆောင်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ကြေညာလေသည်။

ထိုကြေညာချက်ထွက်လာသည်နှင့် ကန်ဒရာ၏ စွပ်စွဲချက်များမှာ ပျောက်ကွယ်သွားလေသည်။

ကန်ဒရာသာ အမှန်ဆိုလျှင် ထို၁၇နိုင်ငံသည် သူတို့၏မြို့သားများအား အန္တရာယ်ထဲ အရောက်ခံနိုင်မည်မဟုတ်ချေ။

ထိုကိစ္စကြောင့် ကန်ဒရာမှာ နေရခက်လာလေသည်။

အရင်ကဆိုလျှင် နည်းပညာအသစ်ပေါ်လာတိုင်း စိုင်စ်နယ်မြေသို့ မဖြန့်ဝေခင် ပထမဆုံး ပူးပေါင်းမှုမှာ အင်ပါယာနှစ်ခု၊ လမ်ပူရီနှင့် ရူဒ်ဆန်သာဖြစ်ပြီး ယခုအကြိမ်တွင်မူ ကန်ဒရာမှလွဲ၍ အခြားနိုင်ငံများနှင့် ပူးပေါင်းလေသည်။

ဇီဒန်ရူမြို့ဖြစ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ကန်ဒရာဘက်မှ "လူသတ်သမားကွန်ရက်"ဟုပင် အပြစ်တင် ဝေဖန်ခဲ့ရာ ၄င်းတို့အနေဖြင့် နောက်ပြန်လှည့်ကာ ပူးပေါင်းရန် မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် ကန်ဒရာသည် ဘေးမှလက်ပိုက်ကြည့်ရုံသာ တတ်နိုင်လေသည်။

ထိုနည်းပညာအား အကျယ်ချဲ့ရန် Frestech ကုန်သည်ကြီးများအသင်း၊ မှော်ပညာအဖွဲ့အစည်းနှင့် မှော်စက်မှုနည်းပညာအဖွဲ့တို့မှ စံနှုန်းအသစ်များ သတ်မှတ်ထားလေသည်။

ထိုစံနှုန်းများမှာ အဝေးမှော်ဖြန့်ဝေရေးစနစ်နှင့် ကိုက်ညီစေရန် မှော်စက်များ အားလုံးကို ပြောင်းစေရန် သတ်မှတ်ခဲ့လေသည်။ သို့မှသာ ကွန်ရက်သို့ဝင်ရန် အဆင်ပြေလိမ့်မည်ဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းက ထိုကိစ္စကို "ကွန်ရက်များကို ချိတ်ဆက်ခြင်း"ဟု ခေါ်လေသည်။

များစွာသော ကုမ္ပဏီများသည် ဤစံနှုန်းအတိုင်း လိုပ်လုပ်ကြသော်လည်း ကန်ဒရာကုမ္ပဏီများမှာ ပါလီမန်နှင့် မှော်စက်မှုဌာနတို့ကြောင့် ဤစံနှုန်းသစ်အတိုင်း မထုတ်လုပ်ခဲ့ချေ။

ထို့ကြောင့် ၂လအတွင်း ကန်ဒရာကုမ္ပဏီများသည် ဝယ်လိုအား အဆမတန်ကျဆင်းသွားလေသည်။

ထိုကုမ္ပဏီများမှာ ကန်ဒရာ၏ မှော်စက်မှုလုပ်ငန်းတွင် ပါဝင်နေသောကြောင့် ကန်ဒရာ၏ စီးပွားရေးမှာ ထိခိုက်လာလေသည်။

ဆယ်စုနှစ်တစ်ခုကြာ တိုးတက်ဖွံ့ဖြိုးနေသော မှော်စက်မှုလုပ်ငန်းများသည် ထိုနည်းဖြင့် ထိခိုက်သွားပြီး များစွာသော ကုမ္ပဏီများသည် ပိတ်သိမ်းခဲ့ကြရသည်။

ထို့ကြောင့် ပထမဆုံးအကြိမ်အဖြစ် အလုပ်လက်မဲ့ဦးရေ များလာခဲ့သည်။

ကန်ဒရာဘက်မှ သတင်းစာများအနေဖြင့် ဤကိစ္စအား ဖော်ပြကြသောအခါ အားလုံးသည် မာနာမှော်တိုင်းပြည်တိုင်းပြည်အား သတိရသွားလေသည်။

ထိုတိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်းအပေါ် အပြစ်ကျူးလွန်မိ၍ ၄င်းတိူသည် ထိုတိုင်းပြည်မှ ဆုတ်ခွာလိုက်သောအခါ တိုင်းပြည်အတွင်း မငြိမ်မသက်မှုများနှင့် အလုပ်လက်မဲ့ဦးရေများလာခဲ့သည်။

ယခုအချိန်တွင် ကန်ဒရာသည် ဇီဒန်ရူမြို့ကိစ္စနှင့် ပတ်သက်၍ Frestech ကုန်သည်ကြီးများအသင်းကို ထိခိုက်စေခဲ့သည်ဖြစ်ရာ ၄င်းတို့အနေဖြင့် ဆုတ်ခွာမည်ဟု တရားဝင်ကြေညာခြင်းမရှိသော်လည်း အနည်းငယ်လှုပ်ရှားလိုက်မှုကပင် ကန်ဒရာ၏ အလုပ်လက်မဲ့နှုန်းကို မြင့်မားစေလေသည်။

လူများသည် မာနာမှော်တိုင်းပြည်တိုင်းပြည်ကဲ့သို့ ကန်ဒရာသည်လည်း ခေတ်နောက်ကျကျန်ခဲ့ပြီး အခြားတိုင်းပြည်များ၏ တိုက်ခိုက်ခံရမည်လားဟု သိချင်ကြလေသည်။

မားလိုအင်ပါယာသည် လွန်ခဲ့သော ၁၂နှစ်က Frestech ကုန်သည်ကြီးများအသင်းနှင့် ရူဒ်ဆန်တိုင်းပြည်အား ခုခံရန် ပူးပေါင်းခဲ့ဖူးသော်လည်း ငြိမ်းချမ်းရေးရပြီး အလုပ်အတူတွဲလုပ်လာသည့်တစ်လျှောက် အင်ပါယာနှစ်ခုမှာ တစ်ဖက်နှင့်တစ်ဖက် ရန်သူကဲ့သို့ပင်ဖြစ်လေသည်။

ကန်ဒရာသာ အခုလို ဖရိုဖရဲ ဖြစ်နေပါက မားလိုက ကျော်တက်သွားမည်ဖြစ်သည်။

တစ်ဖက်ကကြည့်လျှင် ဤသည်မှာ စိုင်စ်နယ်မြေအပေါ် Frestech ကုန်သည်ကြီးများအသင်း၏ လွှမ်းမိုးမှုအား မြင်နိုင်လေသည်။

အကယ်၍ အခြားကုမ္ပဏီသာ ကန်ဒရာ၏ ပစ်မှတ်ထားခြင်း ခံရပါက ကန်ဒရာ၏ စျေးကွက်ကြောင့် အရှုံးပေးလိုက်ရနိုင်ပြီး ဖျက်စီးပင်ခံရနိုင်လေသည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ ရပ်တည်ချက်မှာ ခိုင်မာသဖြင့် ကန်ဒရာဈေးကွက်တွင် အနည်းငယ် ဆုံးရှုံးရသည်များ ရှိသော်လည်း ထိုဆုံးရှုံးမှုများ ၄င်းတို့အတွက် မများချေ။

ဒီကိစ္စကြောင့် ကုမ္ပဏီများသည် ကန်ဒရာအပေါ် ယုံကြည်မှုနည်းလာကြသည့်အတွက် ၄င်းတို့အနေဖြင့် အကျပ်အတည်းများနှင့် ရင်ဆိုင်ရလေသည်။

Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် လွန်ခဲ့သည့်၁၂နှစ်ကလို စစ်သားတစ်ယောက်မျှမစေလွှတ်ဘဲ အနည်းငယ် အကွက်ရွေ့လိုက်ရုံနှင့်ပင် ကန်ဒရာဘက်တွင် အထိနာနေပြီဖြစ်သည်။

အကယ်၍ Frestech ကုန်သည်ကြီးများအသင်းကသာ ကန်ဒရာကို တစ်ကယ်ပစ်မှတ်ထားချင်ပါက ယခုထက်ပိုဆိုးမည်ဖြစ်သည်။

ကန်ဒရာသည် အင်ပါယာတစ်ခုဖြစ်သည့်အပြင် မှော်စက်မှုလုပ်ငန်းများမှာလည်း ၁၀နှစ်ကြာ တိုးတက်နေပြီးသား ဖြစ်သည့်အတွက် အခြေခိုင်ပြီးသားဖြစ်လေသည်။

ထိုကိစ္စကြောင့် ဆုံးရှုံးမှုများစွာ ခံရသော်လည်း မာနာမှော်တိုင်းပြည်ကဲ့သို့ ပြိုလဲမသွားပေ။

အဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းသည် ကန်ဒရာ၏ စျေးကွက်အကျိုးအမြတ်များကြောင့် ဆုတ်မည်မဟုတ်ဟု အားလုံးက ထင်ထားကြလေသည်။

Frestech ကုန်သည်ကြီးများအသင်းသည်လည်း နိုင်ငံများအကြား အာဃာတများမထားဘဲ အကျိုးအမြတ်ကိုသာ ထည့်တွက်မည်ဖြစ်သည်။

တစ်ဖက်နှင့်တစ်ဖက် အကျိုးအမြတ်များရလျှင် မပြေလည်နိုင်စရာ မည်သည့်အကြောင်းမှ မရှိချေ။

သို့သော် မတော်တဆမှုများမှာ လောကကြီးတွင် အချိန်တိုင်းဖြစ်နေကြလေသည်။

အောက်တိုဘာ ၁၇ရက်နေ့သည် သာမန်နေ့တစ်နေ့ဖြစ်ပြီး မည်သည်မှမထူးခြားချေ။

ကန်ဒရာ၏ မြောက်ဘက်စီရင်စုရှိ Frestech ကုန်သည်ကြီးများအသင်းပိုင်သည့် မှော်စခရစ်စတယ်မိုင်းတွင်းအား ကန်ဒရာ၏ မြောက်ပိုင်းအစောင့်တပ်မှ တိုက်ခိုက်ရာ Frestechဘက်မှလည်း ပြန်ကာကွယ်ရင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့လေသည်။

အဆုံးတွင် Frestechဘက်မှ ၄င်းတို့ထက် ၃ဆကြီးမားသော အစောင့်တပ်အား အရှုံးပေးလိုက်ရလေသည်။

***

Volume 8, အပိုင်း ၇၃ ။ ဒါပုန်ကန်တာသေချာတယ်!

"ဘာတွေဖြစ်နေလဲဆိုတာ ဘယ်သူပြောနိုင်လဲ"

အင်ပါယာဧကရာဇ်၏ မျက်နှာနှင့်အသံမှာ တည်ငြိမ်နေသော်လည်း ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားကြလေသည်။

ဤတော်ဝင်ဝန်ကြီးများမှာ ဧကရာဇ်နှင့် မကြာခဏတွေ့နေကြဖြစ်သဖြင့် အပြင်ပိုင်းတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် လွန်စွာဒေါသ ထွက်နေသည်ကို သိကြလေသည်။

ဝန်ကြီးများမှာ ဒေါသများ သူတိုအပေါ် ပုံကျလာမည်စိုးသောကြောင့် အသက်ပင် ပြင်းပြင်းမရှူရဲကြချေ။

သို့သော် စကားမပြောလျှင်ပင် ဤကိစ္စမှာ ရှောင်၍မရချေ။

ဧကရာဇ်သည် ဝန်ကြီးများအား တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် လက်ရှိဝန်ကြီးချုပ်ဖြစ်သော မြို့စားရိုစတော့ဗ်ကို ကြည့်လိုက်လေသည်။

"ရိုစတော့ဗ် မင်းပြောစမ်း မြောက်ပိုင်းစီရင်စုကကောင်တွေက ဘယ်ကသတ္တိနဲ့ အင်ပါယာနယ်နမိတ်မှာရှိတဲ့ မိုင်းတွင်းကို တိုက်ခိုက်ရဲရတာလဲ။ ဘာလဲ အဲ့ကောင်တွေက တော်လှန်ချင်နေတာလား"

သူတို့တိုက်ခိုက်ခဲ့သော မိုင်းတွင်းမှာ Frestech ကုန်သည်ကြီးများအသင်းပိုင်သည့်အတွက် ဤကိစ္စအား အရေးကြီးနေခြင်းဖြစ်လေသည်။

ဤကိစ္စကို ဧကရာဇ်အနေဖြင့် ဖွင့်ပြောမည်မဟုတ်သည်ကို သိသော်လည်း ဝန်ကြီးချုပ်တစ်ယောက်အနေဖြင့် ထိုကိစ္စအား ပြောရန်မသင့်ချေ။

ထိုကိစ္စကို တွေးလိုက်ပြီးနောက် ဝန်ကြီးချုပ်သည် စကားပြန်လေသည်။

"မင်းကြီး မြို့စား တင်မ်က ပုန်ကန်လိုစိတ်ရှိမယ်မထင်ပါဘူး။ ကြည့်ရတာ အစောင့်တပ်မှာပါတဲ့သူတွေရဲ့ လုပ်ရပ်သက်သက်ပဲလို ထင်ပါတယ်"

"သူတို့ကိုယ်တိုင် ဆုံးဖြတ်တာလား။ သူတို့မှာ ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ။ ဒါကပုန်ကန်တာပဲမလား"

ဧကရာဇ်အနေဖြင့် ထိုကိစ္စအား နှစ်ကြိမ်တိုင်ပြောပြီးနေပြီဖြစ်သဖြင့် သူတို့သည် သဘောပေါက်ကာ စကားပြန်ရလေသည်။

"ဟုတ်ပါတယ် မင်းကြီး အဲ့စစ်သားတွေက အခုလို အမိန့်မရဘဲ တိုက်ခိုက်တယ်ဆိုတော့ ပုန်ကန်ချင်တဲ့သဘောပါတယ်။ သူတို့တွေ အခုလိုကြားညှပ်တိုက်ခံလိုက်ရတော့ သူတို့ကို ကွပ်မြက်ပစ်ရတာ အလုပ်ရှုပ် သက်သာသွားတာပေါ့"

ရိုစတော့ဗ်သည် အားလုံး၏ကိုယ်စား လျှောက်တင်နေသော မြို့စား အင်ဗီနဒ်အား ကြည်လိုက်ပြီးနောက် ရင်ထဲတွင် အေးစက်စွာ ရယ်မိလေသည်။

အင်ဗီနဒ်သည် မြို့စား တင်မ်နှင့် ရင်းနှီးသည်ဖြစ်၍ သူ့အားဒီကိစ္စမှ ကင်းလွတ်ရန် ကူညီပေးနေခြင်းဖြစ်သည်။

သို့သော် ဧကရာဇ်သည် ဂရုမစိုက်ချေ။ ဒီကိစ္စကို အမြန်ဆုံးရှင်းနိုင်ပြီး ပါတီများနှင့် ငြိမ်းချမ်းရေးယူထားမှ ဖြစ်မည်ကို ရိုစတော့ဗ်သည် ကောင်းစွာသိလေသည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်သွယ်ပြီးပြီ ဖြစ်သော်လည်း ဧကရာဇ်သည် ထိုကိစ္စနှင့်ပတ်သက်၍ စိတ်မရှည်ချေ။ အင်ပါယာအနေဖြင့် ၄င်းတို့ထံမှ ခွဲထွက်ရန်မဖြစ်နိုင်ချေ။

၄င်းတို့၏ဆက်ဆံရေး ပျက်စီးသွားပါက ကန်ဒရာအနေဖြင့် ဆုံးရှုံးမှုများစွာ ခံရမည်ဖြစ်သည်။

ဧကရာဇ်သည် ထိုအချက်ကို ကောင်းစွာသိသဖြင့် ထ်ုကိစ္စတွင် ပါဝင်သော စစ်သားများကို သစ္စာဖောက်ဟု သတ်မှတ်ခြင်းဖြစ်ပေသည်။

"အင်ဗီနဒ်ပြောတာ မှန်ပါတယ် စစ်သားတစ်ယောက်အနေနဲ့ အမိန့်မရဘဲ တိုက်ခိုက်တာက ပုန်ကန်တာနဲ့ အတူတူပါပဲ။ အဲ့ဒါကြောင့် မင်းကြီးအနေနဲ့ ဒီကိစ္စကို သေချာစုံစမ်းပြီး ပြည်သူတွေကို ဖြေရှင်းချက်ပေးဖို့ လိုပါလိမ့်မယ်"

ဧကရာဇ်သည် ရိုစတော့ဗ်အား ဂုဏ်ယူသောအမြင်များပါသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

မြို့စား ဂီယာဘုဒ်သည် သူ့အားဝန်ကြီးချုပ်နေရာ ဆက်ခံရန် ရွေးခဲ့ခြင်းဖြစ်လေသည်။ သူသည် ထက်မြက်ပြီး တော်သည့်အတွက် အခြားသူများကို အတော်အသင့် စိတ်အေးစေသည်။

ဧကရာဇ်၊ ဝန်ကြီးချုပ်နှင့် ပြောရေးဆိုခွင့်ရှိသူတို့ သဘောတူပြီးဖြစ်သဖြင့် အခြားသူများသည် အကြံများရှိသော်လည်း စိတ်ထဲတွင်သာ သိမ်းထားရလေသည်။

ဒီကိစ္စအား ဆွေးနွေးပြီးချိန်တွင် သတင်းပို့သမားသည် ဝင်လာလေသည်။

"အရှင်မင်းကြီး မြို့စားတင်မ်နဲ့ ဆက်သွယ်လို့ရပါပြီ"

ဧကရာဇ်သည် ခေါင်းညိတ်ပြလိုက်လေသည်။

"ဒီမှာချိတ်လိုက်"

သတင်းပို့သမားသည် လျင်မြန်စွာ လုပ်ဆောင်လေသည်။

မကြာခင်မှာပင် စားပွဲခုံပေါ်တွင် ဆက်သွယ်ရေးစက် တပ်ဆင်ပြီး၍ ခလုတ်နှိပ်လိုက်ချိန်တွင် မြို့စားတင်မ်၏ ပုံရိပ်ပေါ်လာလေသည်။

"အရှင်မင်းကြီး"

တင်မ်သည် ကျန်ဝန်ကြီးများအား ခေါင်းငုံ့မပြခင် ဧကရာဇ်အား ခေါင်းငုံ့ကာ အရိုအသေ ပေးလေသည်။

အဝေးမှဖြစ်နေသော်လည်း ယခုလို ဆက်သွယ်၍ ပခြေအနေများကို သိနိုင်သည့်အတွက် ဧကရာဇ်သည် အနည်းငယ်စိတ်အေးရလေသည်။

ထိုကဲ့သို့ ဆက်သွယ်နိုင်ရခြင်းမှာလည်း Frestech ကုန်သည်ကြီးများအသင်း၏ ကျေးဇူးကြောင့် ဖြစ်လေသည်။

ယခင်ကဆိုလျှင် သူသည်တင်ပြချက်များကိုရရန် အမြန်ဆုံးဆိုလျှင်ပင် ၁ပတ်ကြာမည်ဖြစ်သည်။

ယခုလို နည်းပညာ အကျိုးကျေးဇူးများကို သိသောကြောင့် ဧကရာဇ်သည် အရင်ရှေးရိုးခေတ်ကို ပြန်မသွားချင်တော့ချေ။

သတင်းစာများမှ ကန်ဒရာသည် Frestech ကုန်သည်ကြီးများအသင်းအား မောင်းထုတ်ရန် ကြိုးပမ်းနေကြသည်ဟု ဖော်ပြထားသော်လည်း ဧကရာဇ်သည် ခါးသက်စွာ ပြုံးမိလေသည်။

ထိုမျှရိုးရှင်းလျှင် ကောင်းပေစွ။

ထိုသို့လုပ်ရန်မှာ ပြောရန်သာလွယ်သော်လည်း လက်တွေ့မှာ မဖြစ်နိုင်ပေ။

ကန်ဒရာအတွင်းရှိ စက်မှုလုပ်ငန်းများနှင့် ပြည်သုပြည်သားများ၏ နေ့စဉ်ရောင်းဝယ်မှုများမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ထဲထဲဝင်ဝင် ပတ်သက်နေလေသည်။

ဧကရာဇ်အနေဖြင့် တစ်ခုခုဆုံးဖြတ်ရန်ပင် ၄င်းတို့၏ အရိပ်အကဲကြည့်နေရပြီး ပစ်မှတ်ထားလိုသည်ကိုပင် သေချာဂရုတစိုက်ဖြင့် ချိန်ဆနေရသည်ဖြစ်သောကြောင့် မောင်းထုတ်ရန်မှာဝေးလေစွ။

ဤကိစ္စများအား တွေးမိချိန်တွင် ဧကရာဇ်၏ အကြည့်များသည် ပိုအကူအညီမဲ့လာပြီး ဒေါသအနည်းငယ်သာရှိလေသည်။

"အခြေအနေဘယ်လိုလဲ တင်မ်"

ထိုကိစ္စဖြစ်ပြီး၂ရက်အတွင်း သတင်းသည် အင်ပါယာခေါင်းဆောင်များဆီသို့ တင်ပြလေသည်။

ပြဿနာဖြစ်လျှင်ဖြစ်ချင်း တင်မ်သည် ထိုနေရာသို့ ချက်ချင်းသွားရလေသည်။ ထို့ကြောင့် ဒီနေ့တွင် သူ၏နောက်တွင်ရှိသော နေရာမှာ ဘိုင်မွန်မိုင်းတွင်းဖြစ်ပေမည်။

"ကျွန်တော့်ရဲ့တွေ့ရှိမှုတွေအရတော့ ဒီကိစ္စဟာ Fres..."

"မြို့စား တင်မ် ဒီကိစ္စက သူပုန်တွေလုပ်တာ ဟုတ်တယ်မလား"

တင်မ်သည် အံ့သြသွားသော်လည်း ခေတ္တစဉ်းစားလိုက်ပြီး အခြေအနေကို သဘောပေါက်ကာ ခေါင်းငြိမ့်လိုက်လေသည်။

"ဟုတ်ကဲ့ တွေ့ရှိချက်တွေအရတော့ စစ်သားအချို့က သူတို့ကိုဆက်ဆံပုံကို မကျေနပ်လို့ အစီအစဉ်ဆွဲပြီး လုပ်ကြပုံပါပဲ။ မိုင်းတွင်းကလည်း Frestech ကုန်သည်ကြီးများအသင်းပိုင်တာဆိုတော့ ရွှေတွေရှိမယ်ဆိုပြီး ဓါးပြတိုက်ကြတာပါ။ ပုန်ကန်တာဟုတ်မဟုတ်တော့ သေချာအတည်မပြုနိုင်ပါဘူး"

အကယ်၍ ထိုကိစ္စမှာ ပုန်ကန်သည့်ကိစ္စဖြစ်ပါက အခြားဝန်ကြီးအျားအတွက် မြောက်ပိုင်းစီရင်စု၏ အစိုးရဖြစ်သည့် သူသည် တာဝန်ယူရမည်ဖြစ်သောကြောင့် ဤအရှုပ်ထဲမပါစေရန် ပြောလိုက်ခြင်းဖြစ်ပေသည်။

ဧကရာဇ်သည် မြို့စား အင်ဗီနဒ်အား ကြည့်လိုက်လေသည်။ သူသည် ပြောရေးဆိုခွင့်ရှိသူနှင့် စီရင်စုအစိုးရတို့ ခင်မင်နေသည်ကို မကျေနပ်ပေ။

သို့ရာတွင် ဤကိစ္စကိုပြောရန် အချိန်မရပေ။

"ဘိုင်မွန်မိုင်းတွင်းမှာ ဘာတွေပျက်စီးဆုံးရှုံးသွားသေးလဲ။ သူတို့ကရော ဘာတွေပြောသေးလဲ"

"မိုင်းတွင်းအနေနဲ့တော့...လုပ်သား၁၆ယောက် သေဆုံးပြီး ၁၀၀ကျော်ဒဏ်ရာရပါတယ်။ ပစ္စည်းတွေကတော့...."

"Frestech ကုန်သည်ကြီးများအသင်းဘက်ကရော"

ဤမေးခွန်းအား ကြားချိန်တွင် ဝန်ကြီးအားလုံးသည် တင်မ်အား ကြည့်လိုက်လေသည်။

"သူတို့ဘက်ကတော့ လူနှစ်ယောက် ဒဏ်ရာရရုံတင်ပါ အခြားဘာမှမရှိပါဘူး"

"အိုး....."

ထိုစကားကို ကြားလိုက်သောအခါ အားလုံးသည် စိတ်သက်သာရာ ရသွားလေသည်။

အလုပ်သမားများ သာမန်ပြည်သူများဖြစ်သဖြင့် မည်မျှသေဆုံးစေကာမူ အရေးမကြီးချေ။

သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များမှာ မတူချေ။ သူတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ တိုက်ရိုက်လက်အောက်ခံဖြစ်၍ လုပ်သားများမှာ မဟုတ်သောကြောင့် ဖြစ်လေသည်။

ထို့ကြောင့် လုပ်သားမည်မျှပင်သေစေကာမူ Frestech ကုန်သည်ကြီးများအသင်းနှင့် မပတ်သက်ချေ။

သို့ရာတွင် ၄င်းတို့၏ဝန်ထမ်းသာ ကြီးမားသောဆုံးရှုံးမှု သို့မဟုတ် သေဆုံးမည်ဆိုပါက ၄င်းတို့သည် အလွတ်ပေးမည် မဟုတ်ချေ။

အစောင့်များမှာ လက်နက်ကိုင်တပ်ဖွဲ့တွင် ပါဝင်များ ဖြစ်သောကြောင့် ၄င်းတို့ကို တိုက်ခိုက်ရင်း သတ်မိပါက စစ်ပွဲအား ဖိတ်ခေါ်လိုက်မိသည်သာဖြစ်၏။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းကို တိုက်ခိုက်ပါက တန်ဖိုးကြီးမားစွာ ပေးဆပ်ရမည်ဖြစ်သည်။

လွန်ခဲ့သော၁၂နှစ်က ဖြစ်ခဲ့သော စစ်ပွဲတွင် ထိခိုက်မှု အများဆုံးမှာ ကန်ဒရာဖြစ်လေသည်။

သို့သော် စိတ်အေးသွားပြီးနောက်တွင် ယခုကဲ့သို့ ကုမ္ပဏီတစ်ခု၏ နစ်နာမှုကို ဂရုစိုက်နေရသည့်အတွက် သူ့တို့ကိုယ်သူတို့ ရှက်မိလေသည်။

***

Volume 8, အပိုင်း ၇၄ ။ စေ့စပ်ညှိနှိုင်းခြင်း

နာရီဝက်ကြာပြီးနောက်တွင် အခန်းထဲတွင် ဝန်ကြီးချုပ်နှင့် ဧကရာဇ်သာ ကျန်ခဲ့လေသည်။

"ရိုစတော့ဗ် မြောက်ပိုင်းစစ်တပ်သာ တော်ဝင်အစောင့်တွေကို တိုက်ခိုက်မယ်ဆိုရင် ဘယ်လိုဖြစ်မယ်ထင်လဲ"

ရိုစတော့ဗ်သည် ခေတ္တစဉ်းစားလိုက်ပြီး ခေါင်းခါလိုက်ကာ ဖြေလေသည်။

"တိုက်ပွဲအခြေအနေဆိုတာက မှန်းရခက်ပြီး ပြောဖို့မလွယ်ပါဘူး။ ဒါပေမယ့် အရင်တစ်ခါက လေ့ကျင့်ထားတဲ့ ရလဒ်အရဆိုရင်တော့ တော်ဝင် ကြည်းတပ်ဖွဲ့၃ဖွဲ့က တပ်ရင်းနှစ်ခုကို ဆုံးရှုံးမှုသိပ်မရှိဘဲ အနိုင်ရခဲ့ပါတယ်"

ဧကရာဇ်သည် ခေါင်းညိတ်လေသည်။

ကြည်းတပ်တစ်တပ်တွင် တပ်သား၅ထောင်ပါဝင်သည်ဖြစ်ရာ ၃တပ်ဆိုသောကြောင့် တပ်သား၁သောင်း၅ထောင် ဖြစ်ပေသည်။

တပ်ရင်းအတွက် တပ်သားပုံသေမရှိချေ။ အင်အားများသောအဖွဲ့တွင် တပ်သား ၄သောင်းမှ ၅သောင်းအထိ ပါတတ်ပြီး အင်အားနည်းပါက ၁သောင်းဝန်းကျင်သာ ရှိလေသည်။

သို့ရာတွင် ဧကရာဇ်သည် စစ်ရေးလေ့ကျင့်ရေးကို သိသည့်အတွက် စုစုပေါင်း တပ်သား၈သောင်းကျော်ရှိသော တပ်ရင်းနှစ်ခုအား ကြည်းတပ်၃တပ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း သိလေသည်။

ထို့ကြောင့် တော်ဝင်တပ်သည် ၄င်းတို့ထက် အင်အား၅ဆကြီးသော ရန်သူများကို အနိုင်ရခဲ့ခြင်းဖြစ်သည်။

ထိုအချက်ကြောင့် Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် ၄င်းတို့ထက်၃ဆကြီးသော မြောက်ပိုင်းတပ်အား ရှုံးခဲ့ခြင်းမှာ ဖြစ်နိုင်လေသည်။

သို့ရာတွင် ဤအချက်ကို ကြည့်၍ဆုံးဖြတ်မရပေ။

ပထမတစ်ချက်မှာ အင်အားအလွန်ကွာနေသောကြောင့် ဖြစ်သည်။

ကန်ဒရာသည် တော်ဝင်အစောင့်တပ်များအား အင်အားတစ်သိန်း ထပ်ဖြည့်ထားသည်ဖြစ်ရာ ဘိုင်မွန်ကိစ္စတွင် မြောက်ပိုင်းတပ်အင်အားမှာ ၂၅၀ရှိပြီး Frestech ကုန်သည်ကြီးများအသင်းဘက်တွင် ၅၀သာရှိသည်ဖြစ်သည်။

ထို့ကြောင့် ဤအချက်ဖြင့် တိုင်းတာ၍မရခြင်းဖြစ်လေသည်။

၄င်းတို့အနေဖြင့် Frestech ကုန်သည်ကြီးများအသင်းနှင့် မယှဉ်နိုင်သော်လည်း ယခုတိုက်ပွဲကို ကြည့်ခြင်းအားဖြင့် အခြေအနေ သိပ်မဆိုးလှကြောင်း သိသာလေသည်။

လွန်ခဲ့သော၁၂နှစ်ကဆိုလျှင် Frestech ကုန်သည်ကြီးများအသင်းနှင့် ရင်ဆိုင်ရပါက ခုခံနိုင်မည်မဟုတ်ချေ။

"Frestech ကုန်သည်ကြီးများအသင်းမှာ တပ်အင်အားဘယ်လောက်ရှိလဲ"

ရုတ်တရက်ဖြစ်သော်လည်း ဘာကိုဆိုလိုချင်မှန်း နားလည်သဖြင့် ရိုစတော့ဗ်သည် မအံ့သြချေ။

"သူတို့ထုတ်ပြန်ချက်တွေအရတော့ ၁သောင်း၈ထောင်ရှိတယ်ဆိုပေမယ့် နောက်ကွယ်မှာရှိတဲ့ အရေအတွက်ပါ ထည့်တွက်မယ်ဆိုရင် ၂သောင်း၅ထောင်ကျော်တယ်ဆိုပေမယ့် ၃သောင်းတော့ မပြည့်ပါဘူး"

"၃သောင်းထက်နည်းတယ်လား။ ငါတို့သူတို့ကို ရှင်းပစ်မယ်ဆိုရင် ဘာတွေပေးဆပ်ဖို့လိုလဲ"

ရိုစတော့ဗ်သည် ခါးသက်စွာ ပြုံးမိလေသည်။

"အရှင်မင်းကြီး၊ ဒီမေးခွန်းကိုတော့ ကျွန်တော်မဖြေနိုင်ပါဘူး။ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စစ်လက်နက်တွေကို စုံစမ်းဖို့လုပ်ခဲ့ပေမယ့်လည်း လုံခြုံရေးတင်းကျပ်ထားတာကြောင့် ခရီးသိပ်မရောက်ဘူး။ အခုခေတ်က လူအင်းအားထက် စစ်လက်နက်တွေက ဘယ်လောက်ကောင်းလဲအပေါ်မှာ မူတည်......"

"အဲ့ဒါကိုငါသိတယ်။ အခုက လက်ရှိ ငါတို့ကြားမှာ ဘယ်လောက်ကွာခြားချက် များနေလဲဆိုတာရယ်၊ သူတို့နဲ့တိုက်ရင် ခံနိုင်ပါ့မလားဆိုတာရယ်ပဲ"

"စစ်လက်နက်တွေရဲ့ ရလဒ်က မထင်ထားလောက်အောင် တိုးတက်လာတာတော့ အမှန်ပါပဲ။ အနည်းဆုံးတော့ အရင်ကလို ပြန်မခုခံနိုင်တဲ့အထိတော့ မဟုတ်တော့ပါဘူး"

"ခုခံနိုင်ရုံလောက်ဆို အဆင်ပြေပါတယ်။ သူတို့ကသန်မာပေမယ့် လူအင်အားသိပ်မရှိဘူးလေ"

ရိုစတော့ဗ်သည် ထောက်ခံသည့်သဘောဖြင့် ခေါင်းညိတ်လိုက်လေသည်။

စစ်အင်အား သိန်းသောင်းချီရှိသော တိုင်းပြည်များနှင့် ယှဉ်လျှင် Frestech ကုန်သည်ကြီးများအသင်း၏ စစ်အင်အားမှာ ၃သောင်းပင်မပြည့်သည့်အတွက် လူအင်အားအရ ၄င်းတို့ကို ကြောက်ခြင်းမဟုတ်ဘဲ ၄င်းတို့၏ စစ်လက်နက်အစွမ်းကြောင့် မည့်သည့်တိုင်းပြည်ထက်မဆို သာလွန်နေခြင်းဖြစ်ပေသည်။

၄င်းတို့သည် အရေအတွက် ကန့်သတ်ထားခြင်းကြောင့်သာ အခြားတိုင်းပြည်များ ခုခံနိုင်ကြခြင်း ဖြစ်လေသည်။

ယခုအချိန်သည် လွန်ခဲ့သော၁၂နှစ်ခန့်ကနှင့် များစွာကွာခြားလေသည်။

ယခင်ကဆိုလျှင် Frestech ကုန်သည်ကြီးများအသင်းနှင့် အင်ပါယာနှစ်ခုသာ ယှဉ်ပြိုင်နိုင်ကြပြီး အခြားတိုင်းပြည်များမှာ ဘေးမှကူညီရုံသာတတ်နိုင်လေသည်။

သို့ရာတွင် ယခုအချိန်၌ ကွာခြားချက်မှာ နည်းသွားပြီဖြစ်သဖြင့် ရင်ဘောင်တန်းနိုင်လာကာ အနည်းဆုံးတော့ ခုခံလာနိုင်ပြီဖြစ်သည်။

"ပြောရင်းနဲ့မှ မြောက်ပိုင်းစီရင်စုက ဘာတွေလုပ်နေလဲ"

ကန်ဒရာဘက်မှ ဘိုင်မွန်မိုင်းတွင်းကိစ္စသည် စစ်သားများပုန်ကန်ခြင်းကြောင့် ဖြစ်သည်ဟု သတ်မှတ်လိုက်သော်လည်း စိုးရိမ်နေကြသေးသည်။

တင်မ်ေပြာသကဲ့သို့ စစ်သားများ မကျေနပ်ဘူးဆိုလျှင်တောင် ထိုမိုင်းတွင်းအား တိုက်ခိုက်စရာအကြောင်းမရှိချေ။

ထိုမိုင်းတွင်းမှာ Frestech ကုန်သည်ကြီးများအသင်းအပိုင်ဖြစ်သည့်အတွက် ၄င်းတို့၏အစောင့်များရှိနေမှာဖြစ်ပြီး စစ်သားများအနေဖြင့် တုံးအသည်ဆိုလျှင်တောင် စိန်ခေါ်ရဲလောက်အောင် မမိုက်မဲချေ။

"မြို့စား တင်မ်ရဲ့ တင်ပြချက်ကို ထပ်စောင့်ရမှာပါပဲ။ အခုအချိန်မှာ အရေးအကြီးဆုံးက Frestech ကုန်သည်ကြီးများအသင်းနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာပါပဲ။"

သူ့စကားဆုံးသွားသည်နှင့် သတင်းပို့သမားက ပြေးဝင်လာလေသည်။

"အရှင်မင်းကြီး Frestech ကုန်သည်ကြီးများအသင်းရဲ့ ကိုယ်စားလှယ်က တွေ့ခွင့်တောင်းနေပါတယ်။"

ဧကရာဇ်နှင့် ရိုစတော့ဗ်သည် ခေါင်းမညိတ်ခင် တစ်ယောက်ကိုတစ်ယာက် ကြည့်လိုက်ကြလေသည်။

"ဝင်လာခိုင်းလိုက်ပါ"

၁ပတ်ကြာပြီးနောက်တွင် ကန်ဒရာ၏ တရားဝင်သတင်းမီဒီယာမှ ဘိုင်မွန်မိုင်းတွင်းကိစ္စနှင့် ပတ်သက်၍ ကြေညာလေသည်။

ကြေညာချက်မှာ မြောက်ပိုင်းတပ်မှာ စစ်သားတစ်စုသည် စစ်တပ်၏ဆက်ဆံပုံများကို မကြိုက်သောကြောင့် ပုန်ကန်ရန်ရည်ရွယ်ပြီး မိုင်းတွင်းအား ဓါးပြတိုက်ကာ ငွေနှင့်စစ်လက်နက်များ သိမ်းပိုက်ရန် ကြိုးပမ်းရာတွင် Frestech ကုန်သည်ကြီးများအသင်းတပ်များမှ တားဆီးလိုက်သည်ဟု၍ဖြစ်သည်။

ကန်ဒရာဘက်မှ မိုင်းတွင်းအား တိုက်ခိုက်သူများကို သစ္စာဖောက်ဟု အမည်တပ်ခဲ့လေသည်။

အင်ပါယာ၏ဥပဒေအရဆိုလျှင် သူတို့အတွက် ပြစ်ဒဏ်မှာ သေဒဏ်ဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်းလက်ချက်ဖြင့် သေဆုံးသွားကြပြီဖြစ်သောကြောင့် ထိုကိစ္စအား ဆက်စဉ်းစားရန်မလိုချေ။

Frestech ကုန်သည်ကြီးများအသင်းဘက်မှလည်း ကန်ဒရာနှင့် အခြေအနေများကို နားလည်ညှိနှိုင်းပြီးဖြစ်ပြီး ပြင်းထန်စွာထိခိုက်ခြင်း သို့မဟုတ် သေဆုံးသွားသည့် အလုပ်သမားများအတွက် ကန်ဒရာဘက်မှ လျော်ကြေးပေးရမည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းဘက်မှ မည်သည့်အရာမှ ဆုံးရှုံးသွားသည်မဟုတ်သောကြောင့် ဤကိစ္စအား ဖိအားမပေးချေ။

နှစ်ဦးနှစ်ဖက်မှ ကြေညာချက် ထုတ်ပြီးသည့်အတွက် ဤကိစ္စသည် ပြီးသွားပြီဟု ထင်ရသော်လည်း လူများသည် ဤသတင်းအား ဖတ်လိုက်ချိန်တွင် မဖြစ်နိုင်ဘူးဟု တုံ့ပြန်ကြလေသည်။

နှစ်ဖက်စလုံးသည် မာနကြီးကြသည့်အတွက် ကိစ္စများ လွယ်ကူစွာ ပြီးသွားလေ့မရှိချေ။

သို့ရာတွင် ဤတစ်ကြိမ်တွင် လွယ်ကူစွာ ညှိနှိုင်းလိုက်နိုင်သည့်အတွက် ဤကိစ္စမှာ လှည့်ကွက်တစ်ခြဖြစ်သည်ဟုပင် ထင်ကြလေသည်။

ထင်ကြေးမျိုးစုံပေးကြပြီး လူအများသဘောတူသည့် တစ်ချက်မှာ ကန်ဒရာဘက်မှ နစ်နာသည်ဆိုသောအချက်ဖြစ်လေသည်။

ကန်ဒရာဘက်မှ တပ်တစ်ခုအား ဆုံးရှုံးလိုက်ရသည့်အပြင် လျော်ကြေးများစွာ ပေးရသော်လည်း Frestech ကုန်သည်ကြီးများအသင်းဘက်တွင်မူ အစောင့်နှစ်ယောက် ဒဏ်ရာအနည်းငယ်ရကာ လုပ်သားများ ထိခိုက်ထားသောကြောင့် မိုင်းတွင်းအား ခေတ္တပိတ်လိုက်ရသည်မှလွဲ၍ အခြားဆုံးရှုံးမှုမရှိချေ။

ကန်ဒရာသည် ညှိနှိုင်းမှုများလုပ်ခဲ့ရပြီး Frestech ကုန်သည်ကြီးများအသင်းကို လျော်ကြေးများ လျှို့ဝှက်စွာ ပေးရမည်လည်းဖြစ်လေသည်။

ဥပမာအားဖြင့် နှစ်ဖက်စလုံးမှ ပရောဂျက်တစ်ခုအား ပူးပေါင်း၍ လုပ်ဆောင်မည်ဟု ကြေညာခါးကြလေသည်။ ထိုပရောဂျက်မှာ ဇီဒန်ရူမြို့တွင် ဖြစ်ပွားခဲ့သော ထူးဆန်းသည့်လေထုအား လေ့လာရန်ဖြစ်သည်။

ထိုကိစ္စတွင် ကန်ဒရာဘက်မှ မှော်လေအေးပေးစက်များနှင့် ပတ်သက်သည်ဟု ပြောမသွားဘဲ လေထုကိုသာပြောလေသည်။

အားလုံးမှာ ကန်ဒရာ၏ အခြေအနေကို မအံ့သြကြပေ။ အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သည့်၁၀နှစ်အတွင်း မည်သူကမှ Frestech ကုန်သည်ကြီးများအသင်းနှင့် မယှဉ်ပြိုင်ရဲသည်ကို နားလည်ထားကြေသာကြောင့် ဖြစ်လေသည်။

ထို့ကြောင့် ကန်ဒရာအနေဖြင့် လိုက်လျောသည်မှာ အံ့သြဖွယ်မရှိချေ။

လူများသည် ကန်ဒရာဘာကြောင့် အလျှော့ပေးရသည်ကို နားလည်သဘောပေါက်လေသည်။

အဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းသည် အင်အားကြီးသောကြောင့် မည်သူကမှ မငြင်းဆန်ရဲကြပေ။ ထို့အပြင် မှော်စက်မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရန်မှာ ၄င်းတို့၏ အကူအညီမပါဘဲ မဖြစ်နိုင်သောကြောင့် နောက်ဆုံးတွင် အလျှော့ပေးလိုက်ရသည်မှာ သာမန်သာဖြစ်သည်။

ဤအချက်မှာ လူတိုင်းတွေးမိသော နောက်ဆုံးခန့်မှန်းချက် ဖြစ်လေသည်။

သို့သော် ကိစ္စများအား သေချာသိနေသော သူများသည်သာ အမှန်တရားမှာ လုံးဝကွဲပြားကြောင်း သိလေသည်။

***

Volume 8, အပိုင်း ၇၅ ။ အိပ်မက်မရှိတဲ့သူတစ်ယောက်က ငါးခြောက်တစ်ကောင်နဲ့ ဘာမှမကွာဘူး

"ကန်ဒရာရဲ့ ဧကရာဇ်က ကျောက်တုံးနဲ့ သူ့ခြေထောက်ကိုသူ ထုနေသလိုပဲ"

ရှုယီသည် သတင်းစာကို ချလိုက်ပြီး သူ့ရှေ့တွက် ပြုံး၍ထိုင်နေသော လက်စ်လိုင်းအား ကြည့်လိုက်လေသည်။

လက်စ်လိုင်းသည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ရယ်လိုက်လေသည်။

"ဒီအရူးကတော့ ကန်ဒရာဧကရာဇ်က Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်တယ်ဆိုတဲ့အမြင်ကို လက်ကိုင်ထားတာ။ ဒါပေမယ့် သူ့ရဲ့လက်အောက်ငယ်သားတွေက တုံးအတော့ နားလည်မှုလွဲပြီး Frestech ကုန်သည်ကြီးများအသင်းနဲ့ စစ်ပွဲစဖို့ ရွေးလိုက်ပါရောလား"

ထိုသို့ပြောပြီးနောက်တွင် လက်စ်လိုင်းသည်ခေါင်းခါလိုက်ပြီး စကားဆက်မပြောခင် သက်ပြင်းချလိုက်လေသည်။

"ကြည့်ရတာ Frestech ကုန်သည်ကြီးများအသင်းက ဖိနှိပ်တာကြာသွားတော့ သူတို့လည်း စိတ်မမှန်တော့ဘူးထင်ပါရဲ့။ မဟုတ်ရင် သူတို့တုံးအတယ်ဆိုရင်တောင် ဒီလိုလုပ်မှာ မဟုတ်ဘူး"

ရှုယီသည် ပြုံးရုံပြုံးလိုက်လေသည်။

"ငါကတော့ မအံ့သြပါဘူး။ Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်တာက လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းကပါပဲ။ အဲ့တော့ ဆန့်ကျင်တာက ပိုကြီးထွားလာတာ မဆန်းပါဘူး။ နောက်ပိုင်းမှာလည်း အခုလိုကိစ္စတွေ ဖြစ်လာမှာပါပဲ ဘယ်သူကမှ ကိုယ့်ကိုဖိနှိပ်တာ မကြိုက်ဘူးမလား"

လက်စ်လိုင်းသည် မျက်ခုံးပင့်လိုက်မိလေသည်။

"ဒီကိစ္စကို တွေးထားပြီးသားဆိုရင် ဘာလို့ အစီအစဉ်မဆွဲခဲ့တာလဲ။ သတင်းကြားတာကတော့ Frestech ကုန်သည်ကြီးများအသင်းကိစ္စတွေ အကုန်လုံးကို ဖရီယာနဲ့ လွှဲထားပြီး ဂရုမစိုက်တော့ဘူးဆို။ စိတ်ချရတာ သေချာလို့လား"

"ဒါဆိုရင် မင်းကရော တောင်ပိုင်း နယ်မြေ တစ်ခုလုံးကို ဒေးဗစ်ကို စီမံခိုင်းရတာ စိတ်ချလို့လား"

ရှုယီသည် အပြုံးဖြင့် မေးလေသည်။

လက်စ်လိုင်းသည် ရယ်လိုက်လေသည်။

"ငါက အသက်ကြီးနေပါပြီကွာ။ ကိစ္စတွေကို မထိန်းချုပ်နိုင်ဖို့ဆိုတာ အနှေးနဲ့အမြန်ပဲ။ အခုလို ဒေးဗစ်ကို စောစောပေးလိုက်တော့ နားရတာပေါ့ကွာ"

ရှုယီက နှာခေါင်းရှုံ့လိုက်လေသည်။

"ငါလည်းအဲ့အတိုင်းပဲလေ"

ဒေးဗစ်သည် လက်စ်လိုင်း၏ သားအကြီးဆုံးဖြစ်သည်။

လက်စ်လိုင်းသည် ရှုယီထက် အသက်အနည်းငယ်ပိုကြီးသော်လည်း လက်ထပ်နောက်ကျသောကြောင့် ဒေးဗစ်သည် ၂၃နှစ်သာရှိသေး၍ ဖရီယာထက် ငယ်လေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ အကူအညီဖြင့် လက်စ်လိုင်းသည် သူ၏နယ်မြေကို ကောင်းကင်ဘုံကျွန်းမှ တောင်ဘက် နယ်မြေထိ တိုးချဲ့နိုင်ပြီးဖြစ်သည်။

လီဗင်ဟု လက်စ်လိုင်းနာမည်ပေးထားသော နယ်မြေသည် မှော်တိမ်တိုက်နယ်မြေနှင့် ယှဉ်သော် တစ်ဝက်မျှသာရှိပြီး ဒေသခံများလည်း နည်းပေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ စစ်အင်အားအကူအညီဖြင့် လီဗင် နယ်မြေ၏ အခြေအနေများသည် လုံးဝပြောင်းလဲသွားပြီး လက်စ်လိုင်းသည် နယ်မြေတစ်ခုလုံးကို ထိန်းချုပ်နိုင်သွားပြီး လမ်းများနှင့် ဆက်သွယ်ရေးကွန်ရက်များလည်း ဖောက်လုပ်ပြီးဖြစ်သည်။

သူ၏လက်အောက်တွင်ရှိသော နယ်မြေများသည် အင်ပါယာနှစ်ခုထက်ပင် ကြီးသောကြောင့် သူအား ဧကရာဇ်တစ်ယောက်ဟုပင် သတ်မှတ်နိုင်လေသည်။

ထို့ကြောင့် ဒေးဗစ်သည်လည်း တစ်နည်းအားဖြင့် လီဗင် နယ်မြေ၏ မင်းသားပင်ဖြစ်လေသည်။

ထို့ကြောင့် လက်စ်လိုင်းနှင့် ရှုယီတို့ တွေ့ချိန်တိုင်း နယ်မြေနှစ်ခုနှင့် စိုင်စ်နယ်မြေအတွင်းရှိ တိုင်းပြည်များအား လှောင်ရယ်နေတတ်ကြသည်။

စိုင်စ်နယ်မြေ၏ အပြင်ဘက်တွင် ကျယ်ပြောသော ကမ္ဘာကြီးရှိပါလျက်နှင့် ဤနယ်မြေအတွက် တိုက်ခိုက်နေကြသည်မှာ အမြင်ကျဉ်းလွန်းလှသည်။

သို့သော် အခြား နယ်မြေများနှင့်ယှဉ်သော် စိုင်စ်နယ်မြေမှာ လူဦးရေပိုများခြင်းနှင့် Frestech ကုန်သည်ကြီးများအသင်းက ဦးဆောင်ခြင်းတို့ကြောင့် အခြား နယ်မြေများထက် တိုးတက်နှုန်းမှာ ပိုမိုမြန်ဆန်ကြောင်းကို လက်စ်လိုင်းသည် သိလေသည်။

စိုင်စ်နယ်မြေအတွင်း နေထိုင်ခြင်းမှာ တိုင်းပြည်များအတွက် ပိုမက်မောဖွယ် ဖြစ်နေလေသည်။

လက်စ်လိုင်းသည် ၃နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လီဗင် နယ်မြေမှ ပြန်လာခြင်းသည် ထိုနယ်မြေအား ဆက်လက်ဖွံ့ဖြိုးစေရန် ရှုယီ၏ အကူအညီကို လာတောင်းခြင်း ဖြစ်သည်။

အဓိကအကြောင်းအရင်းမှာ လွန်ခဲ့သော ၁လကျော်က မှော်တိမ်တိုက်နယ်မြေတွင် အဝေးဆက်သွယ်ရေးကွန်ရက် ပြီးစီးကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

သူဒီတစ်ကြိမ်ပြန်လာရခြင်းမှာ စိုင်စ်နယ်မြေနှင့် လီဗင်တို့ ဆက်သွယ်ေရး ပိုမိုလွယ်ကူစေရန် ဆက်သွယ်ရေးကွန်ရက်များ တပ်ဆင်ပေးရန် Frestech ကုန်သည်ကြီးများအသင်းအား အကူအညီလာရောက် တောင်းခံခြင်းဖြစ်သည်။

"အခုလာခဲ့တာက မင်းနဲ့ မှော်ဆက်သွယ်ရေးစက်အတွက် စာချုပ်လေး ချုပ်ချင်လို့။ အဲ့လိုဆို အဆင်ပြေနိုင်မယ်လေ"

ရှုယီသည် ခေါင်းညိတ်လိုက်လေသည်။

"တစ်ကယ်က မင်းလာမပြောရင်တောင် ဒီကိစ္စကို စဉ်းစားထားပြီးသားပါ။ ငါတို့ဆက်သွယ်ရေးကွန်ရက်ကို ဂြိုလ်တစ်ခုလုံးဖြန့်ဖို့ တည်ဆဆာက်ထားတာလေ။ အခု စိုင်စ်နယ်မြေနဲ့ မှော်တိမ်တိုက်နယ်မြေတို့မှာ ရှိပြီးပြီဆိုတော့ စိတ်ချပါ လီဗင် နယ်မြေလည်း မကျန်ခဲ့စေရပါဘူး။"

လက်စ်လိုင်းသည် ပြုံးလိုက်လေသည်။

"မင်းမငြင်းဘူးဆိုတာ သိပါတယ် ရှုယီ "

"အပျော်မစောနဲ့ဦး ငါက ဥက္ကဌမဟုတ်တော့ဘူးလေ အဲ့ကြောင့် ငါမငြင်းဘူးဆိုရင်တောင် မင်းအနေနဲ့ ဖရီယာနဲ့ Frestech ကုန်သည်ကြီးများအသင်းကလူတွေကို မစည်းရုံးနိုင်ဘူးဆိုရင်တော့ ငါဘာမှမတတ်နိုင်ဘူးနော်"

"ဟမ့်...! မင်းဥက္ကဌဖြစ်...ထားပါတော့ ဥက္ကဌဟောင်းဆိုရင်တောင် Frestech ကုန်သည်ကြီးများအသင်းမှာ မင်းကိုဘယ်သူမှ ဆန့်ကျင်ကြမှာမဟုတ်ဘူး"

"အဲ့လိုပြောလို့တော့မရဘူး အခု ဖရီယာက ဥက္ကဌအသစ်လေ သူ့မှာလည်း သူ့စိတ်ကူးနဲ့သူရှိမှာပဲ။ လုပ်ပိုင်ခွင့်က သူ့ဆီမှာဆိုတော့ မင်းသူ့ကို အကြောင်းပြချက် ကောင်းကောင်းမပေးနိုင်ရင်တော့ အငြင်းခံရနိုင်တယ်နော်"

လက်စ်လိုင်းသည် ရယ်လိုက်လေသည်။ သူတို့သည် ဆက်ဆံရေးကောင်းသော်လည်း ယခုလို အရေးကြီးသော ပရောဂျက်များကို ကိုယ်ရေးကိုယ်တာ ခံစားချက်ဖြင့် မဆုံးဖြတ်ဘူးဟု သူ့အား ရှုယီသည် သတိပေးလိုမှန်း သိသောကြောင့်ဖြစ်သည်။

လီဗင် နယ်မြေအနေဖြင့် Frestech ကုန်သည်ကြီးများအသင်းအတွက် အကျိုးအမြတ်ရှိသည်ကို မြင်အောင် မပြနိုင်ပါက ၄င်းတို့သည် ထောက်ပံ့ကူညီပေးမည် မဟုတ်ချေ။

သို့သော် နှစ်ယောက်စလုံးသည် ဤကိစ္စနှင့် နေသားကျနေပြီဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းသည် လက်စ်လိုင်းအား ကောင်းကင်ဘုံကျွန်းနှင့် လီဗင်နယ်မြေတစ်ခုလုံးအား လွှမ်းမိုးနိုင်ရန် ကူညီပေးခခဲ့သော်လည်း အပြန်အလှန်အနေဖြင့် ထိုမှရသော အရင်းအမြစ်များစွာအား ပေးရသည်ဖြစ်သည်။

ယခုအချိန်တွင်ပေးရသော ပမာဏသည် ၄င်းတို့မြုပ်နှံထားသည်ထက်စာလျှင် နည်းသေးသော်လည်း လီဗင်နယ်မြေသာ ဆက်၍ဖွံ့ဖြိုးမည်ဆိုလျှင် အနှေးနှင့်အမြန် ညီမျှသွားမည်သာဖြစ်သည်။

မှော်ဆက်သွယ်ရေးကွန်ရက်အပြင် မီးရထားလမ်းများအားလည်း လီဗင် နယ်မြေတွင် ဆောက်လုပ်ပေးရန် လက်စ်လိုင်းသည် မျှော်လင့်နေမိလေသည်။

"အဲ့အတွက်တော့ ပြဿနာနည်းနည်းရှိနိုင်တယ်။ လက်စ်လိုင်း မင်းတို့မှာ စတီးဘယ်လောက်ရှိလဲ အခု"

လက်စ်လိုင်းသည် ဝင့်ကြွားစွာ ခေါင်းမော့လိုက်လေသည်။

"မင်းက ငါတို့မှာ ရထားလမ်းဆောက်ဖို့ စတီးအလုံအလောက် မရှိဘူးလို့ ထင်နေတာမလား။ ငါပြောပြမယ်၊ အခု ငါ့လက်အောက်မှာ စတီးစက်ရုံ ၁၇ခုရှိပြီးတော့ ပြီးခဲ့တဲ့လကဆိုရင် တန်ပေါင်း၃သန်းကျော် ထွက်တယ်"

"အိုး!"

ရှုယီသည် အံ့သြသွားလေသည်။

"အရင်တစ်ခါမေးတုန်းက စက်ရုံ၅ရုံနဲ့ ၁လကို တန်၈၀၀ပဲထွက်တာဆိုလားလို့လေ။ အခုလို၃သန်းဆိုရင်တော့ ရထားလမ်းဆောက်ဖို့ အဆင်ပြေပါတယ်။"

"အဲ့ဒါက လွန်ခဲ့တဲ့၃နှစ် ငါတို့နောက်ဆုံးတွေ့ခဲ့တုန်းကလေ။ ဒီလောက်ကြီးမားတဲ့ တိုးတက်မှုကိုတောင် မင်းသတိမထားမိဘူးဆိုတော့ လီဗင် နယ်မြေကို မင်းဂရုမစိုက်တာပဲ"

ရှုယီသည် ရယ်လိုက်လေသည်။

"လီဗင် နယ်မြေက မင်းနယ်မြေလေ ငါကဘာလို့ဂရုစိုက်ရမှာ။ ဒါနဲ့ မင်းရဲ့နယ်မြေကို ငါလုသွားမှာ အ

မစိုးရိမ်ဘူးလား"

"မင်းသာ နယ်မြေတွေကို ဒီလောက်ဂရုစိုက်နေရင် စိုင်စ်နယ်မြေက မင်းလက်ထဲရောက်တာ ကြာပေါ့။ ဘာလို့ လီဗင် နယ်မြေကို သိမ်းဖို့လိုနေမှာလဲ။"

လက်စ်လိုင်းသည် နှုတ်ခမ်းများမဲ့လိုက်ကာ သက်ပြင်းချလိုက်လေသည်။

"ဒါပြောမှ မင်းနောင်တမရဘူးလား ရှုယီ"

"နောင်တဟုတ်လား။ ငါကဘာကိုနောင်တရရမှာလဲ"

"ငါအကြံပေးသလို စိုင်စ်နယ်မြေတစ်ခုလုံးကို မသိမ်းခဲ့လို့လေ"

လက်စ်လိုင်းသည် လေးနက်စွာ ပြောလေသည်။

"မင်းက အရင်က အဲ့လိုလုပ်ဖို့အချိန်မရှိဘူးလို့ပြောပြီး ငြင်းခဲ့တာမလား။ Frestech ကုန်သည်ကြီးများအသင်းက နိုင်ငံတိုင်းထက်သာနေတာကို မင်းသာသိမ်းလိုက်ရင် အခုလိုပြဿနာတွေ ဖြစ်လာမှာမဟုတ်ဘူး"

"လက်စ်လိုင်း မင်းငါဘာဖြစ်ချင်လဲဆိုတာကို သေချာမသိသေးဘူးပဲ"

"ငါကဘာလို့နားမလည်ရမှာလဲ။ မင်းလိုချင်တာက စက်မှုလုပ်ငန်းတွေကို တိုးမြှင့်ဖို့ပဲမလား။ နေပါဦး အခုလို တိုင်းပြည်တွေနဲ့ ဆက်ဆံနေရတာ ဒုက္ခရောက်တယ် မထင်ဘူးလား"

"မဟုတ်ပါဘူး လက်ရှိအခြေအနေအရ တိုင်းပြည်တွေက အချင်းချင်းပြိုင်နေကြတော့ သူတို့ရဲ့နည်းပညာကို တိုးတက်လာအောင် စက်မှုလုပ်ငန်းတွေကို တိုးမြှင့်လာကြတော့ မဆိုးပါဘူး"

"အဲ့ဒါတွေအကုန်လုံး စစ်လက်နက်တွေမှာ ပြန်သုံးတာပဲမလား။ ငါမလိမ်ပါဘူး။ ငါလည်းအဲ့ဘက်မှာ ရင်းလိုက်သေးတယ် ရလဒ်ကတော့ အားရစရာပါပဲ။ ပြီးတော့ ငါ့မှာက အခြားသူတွေမှာမရှိတဲ့ မင်းထောက်ပံ့ပေးထားတဲ့ အရည်အသွေးမြင့် စက်ပစ္စည်းတွေ ရှိတယ်လေ။ ငါမှမဟုတ်ဘူး အခြားတိုင်းပြည်တွေကလည်း ဒီအတိုင်းပဲ။ အဲ့လိုမှမဟုတ်ရင် ကန်ဒရာက မင်းကို ဘယ်သတ္တိနဲ့ အာခံရဲမှာလဲ"

"ဒါကအရေးမကြီးပါဘူး စစ်လက်နက်တွေ လုပ်ချင်သပဆိုရင်လည်း လုပ်ကြပေါ့။ စစ်လက်နက်က စက်မှုလုပ်ငန်းတိုးတက်လာပြီး နည်းပညာတွေမြင့်မားမှ အဆင်ပြေတာ သူ့ဘာသာရပ်တည်လို့မရမှန်း မင်းလည်းသိမှာပါ"

လက်စ်လိုင်းသည် မျက်မှောင်ကြုတ်လိုက်ရင်း ခေါင်းခါလိုက်လေသည်။

"ငါမင်းနဲ့ခင်လာတာ အတော်ကြာပြီဆိုပေမယ့် မင်းဘာတွေးနေလဲဆိုတာကို ငါနားမလည်နိုင်ဘူး။ အခြားတိုင်းပြည်တွေကို စက်မှုနည်းပညာတွေ တိုးတက်လာအောင် လုပ်ခွင့်ပေးလိုက်တာက Frestech ကုန်သည်ကြီးများအသင်းအတွက် ဘာတွေများ အကျိုးရှိလာမှာမို့လို့လဲ။ ဒါက မင်းရဲ့အိပ်မက်တွေက အသုံးရောဝင်ရဲ့လား"

"လူတွေမှာသာ အိပ်မက်မရှိဘူးဆိုရင် ငါးဆားနူတစ်ကောင်နဲ့ ဘာထူးဦးမှာလဲ"

ရှုယီသည် ကမ္ဘာပေါ်က အင်တာနက်ပေါ်တွင် နာမည်ကြီးနေသော အဆိုလေးတစ်ခုအား ပြောလိုက်လေသည်။

"အာကာသထဲကိုသွားပြီး အခြားစကြာဝဠာတွေကို လေ့လာရတာ ပျော်စရာကောင်းတယ် မထင်ဘူးလား လက်စ်လိုင်း "

လက်စ်လိုင်းသည် သက်ပြင်းချလိုက်ပြီး ရှုယီအား သူနားမလည်နိုင်သေးသည်ကို ခံစားမိလေသည်။

"ဟုတ်ပါပြီ ငါ့လိုသေမျိုးတစ်ယောက်က အာကာသအပြင်ဘက်တို့ စကြာဝဠာတို့ဆိုတာကိုတော့ နားမလည်ပါဘူး။ ဒါပေမယ့် ငါသတိပေးရဦးမယ်။ မီးနဲ့လျှောက်ကစားမနေနဲ့ ကန်ဒရာကလူတွေက မင်းကို ဝါးမျိုသွားလိမ့်မယ်"

ရှုယီသည် ပြုံးရုံပြုံးလိုက်လေသည်။

"ငါကအဲ့လောက်တုံးတဲ့သူလို့ မင်းကထင်လို့လား"

***

Volume 8, အပိုင်း ၇၆ ။ အောင်မြင်မှုများရရှိခြင်း

ကန်ဒရာနှင့် Frestech ကုန်သည်ကြီးများအသင်းတို့မှ ပူးပေါင်းမှုကို ထုတ်ပြန်လိုက်သောအခါ ဇီဒန်ရူမြို့ကိစ္စနှင့် ဘိုင်မွန်မိုင်းတွင်းကိစ္စတို့မှာ ပြေလည်သွားလေသည်။

အပေါ်ယံတွင် ကန်ဒရာသည် Frestech ကုန်သည်ကြီးများအသင်း၏ လက်အောက်သို့ အရှုံးပေးလိုက်ရသည်။

ဤသည်မှာ လွန်ခဲ့သည့်၁၂နှစ်ကနှင့် မကွာခြားပေ။ အခြားတိုင်းပြည်များ၏ Frestech ကုန်သည်ကြီးများအသင်းအပေါ် ဆက်ဆံပုံမှာလည်း ထိုအရင်အတိုင်းပင်ဖြစ်သည်။

ထိုကိစ္စနှစ်ခုပြီးသည့်နောက်တွင် Frestech ကုန်သည်ကြီးများအသင်း၏ အင်အားသည်လည်း မပြောင်းမလဲရှိနေပြီး အခြားတိုင်ပြည်များသည်လည်း သူတို့၏စက်မှုလုပ်ငန်းများကို တိုးတက်လာရန် လုပ်ဆောင်ကြသည်။ ထို့ကြောင့် အပြောင်းအလဲမရှိဟု ထင်ရသည်။

သို့ရာတွင် လူများ၏အမြင်တွင် ပြောင်းလဲသွားလေသည်။

ပထမအချက်အနေဖြင့် အစား အင်ပါယာနှစ်ခုဦးဆောင်သော Limited Spreading of Military Magic Machine Treatyက အစားဝင်ရောက်လာခဲ့သည်။

ထိုအဖွဲ့တွင် အင်ပါယာနှစ်ခု အပါအဝင် စိုင်စ်နယ်မြေရှိ တိုင်းပြည်တစ်ဝက်ကျော် ပါဝင်သော်လည်း Frestech ကုန်သည်ကြီးများအသင်းသည် ပါဝင်ခြင်းမရှိချေ။

လွန်ခဲ့သော၁၂နှစ်က တိုက်ပွဲတွင် အင်ပါယာနှစ်ခုအား အနိုင်ရသွားပြီးနောက် အခြားတိုင်းပြည်များသည်လည်း Frestech ကုန်သည်ကြီးများအသင်း၏ အင်အားကိုသိသွားကြသောကြောင့် ၄င်းတို့၏လက်အောက်တွင် အေးချမ်းစွာ နေထိုင်ခဲ့ကြသည်ဖြစ်၍ ငြိမ်းချမ်းရေး ကြာရှည်စွာ မြဲခဲ့ခြင်း ဖြစ်လေသည်။

သည် လွန်ခဲ့သည့်၂နှစ်က သက်တမ်းကုန်ဆုံးသွားပြီဖြစ်ရာ ငြိမ်းချမ်းရေးကို ယခင်ကအတိုင်း ဆက်လက်ထိန်းသိမ်းရန် Frestech ကုန်သည်ကြီးများအသင်းက စာချုပ်သစ် ချုပ်လိမ့်မည်ဟု လူအများတွေးထင်ထားကြသော်လည်း ၄င်းတို့သည် ထိုကိစ္စအား မရှိသလိုပင် နေကြလေသည်။

လူများအား အံ့သြစေသည်မှာ အင်ပါယာနှစ်ခု ဦးဆောင်သော စစ်တပ်သုံးမှော်စက်ဖြန့်ချီမှုသန့်သတ်ခြင်းသဘောတူညီချက်အား ၄င်းတို့အနေဖြင့် မကန့်ကွက်ခဲ့သည့်အတွက် အတည်ပြုလိုက်သည့်သဘောဖြစ်သွားခြင်းပင်။

အလုပ်တွဲလုပ်ချိန်တွင် အင်ပါယာနှစ်ခုသည် အခြားတိုင်းပြည်များက မှော်စစ်လက်နက်များကို လျှို့ဝှက်စွာ စမ်းသပ်နေခဲ့ကြသည်ဖြစ်ပြီး အား ချိုးဖောက်သည်ဟု ဆိုခဲ့ကြသည်။

အင်ပါယာနှစ်ခု၊ လမ်ပူရီနှင့် ရူဒ်ဆန်တိုင်းပြည်တို့သည် သက်တမ်းကုန်ဆုံးသွားပြီးချိန်မှ စတင်စမ်းသပ်ခဲ့သည်ဟု ပြောခဲ့သော်လည်း ဤမျှသိသာသော အလိမ်အညာစကားအား မည်သူမှ မယုံကြချေ။

သို့သော် Frestech ကုန်သည်ကြီးများအသင်းသည် မည်သည်ကိုမှ မပြောဘဲ အခြေအနေကို တိတ်ဆိတ်စွာ လက်ခံလေသည်။

စိုင်စ်နယ်မြေတွင် အကြီးမားဆုံး ပြောင်းလဲမှုသည် လက်ရှိတွင် Frestech ကုန်သည်ကြီးများအသင်း၏ သဘောထားဖြစ်ပေသည်။

လူအများစုသည် ၄င်းတို့အနေဖြင့် မှော်တိမ်တိုက်နယ်မြေအား အာရုံစိုက်နေကြသောကြောင့် စိုင်စ်နယ်မြေအပေါ် အာရုံမစိုက်တော့ဘဲ ထိုသို့ပြောင်းလဲသွားသည်ဟု လျှို့ဝှက်စွာ ခန့်မှန်းကြလေသည်။

တစ်ခြားဘက်တွင်လည်း ၄င်းတို့နှင့် အခြားတိုင်းပြည်များသည် လပ်နက်အင်အားမကွာလှသောကြောင့် ဖိနှိပ်ရန် မဖြစ်နိုင်တော့၍ ပစ်မှတ်ထားမခံရစေရန် တိတ်ဆိတ်စွာနေခြင်းဖြစ်မည်ဟု ခန့်မှန်းကြလေသည်။

အဆုံးတွင် ၄င်းတို့၏စီးပွားရေးသည် စိုင်စ်နယ်မြေအတွင်းရှိ အခြားတိုင်းပြည်များအပေါ်တွင် မူတည်နေသောကြောင့် ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် တိုင်းပြည်များသည် ထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း စစ်တပ်သုံးမှော်စက်ဖြန့်ချီမှုသန့်သတ်ခြင်းသဘောတူညီချက်အား လက်မှတ်ထိုးပြီးနောက်တွင် စစ်လက်နက်များအပေါ် ငွေအများအပြား ရင်းနှီးမြုပ်နှံလာကြသည်။

ယခင်က Frestech ကုန်သည်ကြီးများအသင်းအား စိုးရွံ့သောကြောင့် ပေါ်ပေါ်ထင်ထင် မလုပ်ရဲခဲ့သော်လည်း ယခုအချိန်တွင် ၄င်းတို့ဂရုမစိုက်သည်မှာ သေချာသွားသောကြောင့် ပေါ်တင်လုပ်လာကြခြင်း ဖြစ်ပေသည်။

အားလုံးထဲတွင် အောင်မြင်မှုအများဆုံး ရရှိသူများမှာ အင်ပါယာနှစ်ခုနှင့် လမ်ပူရီတိုင်းပြည်ပင် ဖြစ်လေသည်။

အင်ပါယာနှစ်ခုသည် အင်အားကြီးမားပြီး လမ်ပူရီသည် စက်မှုလုပ်ငန်း အတောင့်တင်းဆုံးဖြစ်လေသည်။ ၄င်းတ်ု့သည် သူတို့၏လေ့လာမှုများအား မရပ်ခဲ့ကြသည်ဖြစ်ရာ တစ်ခုခုပြီးတစ်ခု အောင်မြင်မှု ရရှိခဲ့လေသည်။

၄၃၁၆ကုန်တွင် ကန်ဒရာအင်ပါယာ၏ ထိပ်ပိုင်းခေါင်းဆောင်များမှ တစ်ကြိမ်ထဲ မှော်ဒုံးကျည် အခု၃၀ပစ်နိုင်သော မှော်အမြှောက် နည်းပညာကို တီထွင်နိုင်ခဲ့ပြီဟု ကြေညာလေသည်။

လဝက်ကြာပြီးနောက်တွင် မားလိုအင်ပါယာဘက်မှလည်း အဝေးပစ်အမြှောက်များသည် တိုးတက်လာပြီး ကီလိုမီတာ၃၀အထိ ပစ်နိုင်ပြီဟု ကြေညာလေသည်။

နောင်၁၀ရက်အကြာတွင် လမ်ပူရီတိုင်းပြည်မှလည်း ပထမဆုံး မီးစွမ်းအင်မှော်အင်ဂျင်အား ထုတ်နိုင်ခဲ့ပြီဟု ကြေညာလေသည်။

အင်ပါယာနှစ်ခုနှင့်ယှဉ်သော် လမ်ပူရီတိုင်းပြည်၏ အောင်မြင်မှုမှာ အံ့သြဖွယ်မကောင်းလှသော်လည်း ပိုအသုံးဝင်ပေသည်။

မှော်အင်ဂျင်သည် လက်ရှိမှော်စက်မှုလုပ်ငန်းတွင်သာမက မှော်စက်မှုလုပ်ငန်းတစ်ခုလုံးအတွက်ပါ အရေးပါသည်ဖြစ်၍ များစွာအသုံးလိုပေသည်။

ယခုအချိန်ထိ Frestech ကုန်သည်ကြီးများအသင်းကသာ မှော်အင်ဂျင်ကို ထုတ်နိုင်ခဲ့သည်ဖြစ်၍ အခြားတိုင်းပြည်များသည် ၄င်းတို့၏စက်မှုလုပ်ငန်း လိုအပ်ချက်အရ Frestech ကုန်သည်ကြီးများအသင်းထံမှ ဝယ်ယူရသည်ဖြစ်သည်။

သို့သော် အခုအချိန်တွင် လမ်ပူရီသည် ကိုယ်ပိုင် မှော်အင်ဂျင်ကို ထုတ်လုပ်နိုင်ပြီဖြစ်သောကြောင့် အောင်မြင်မှု ကြီးမားစွာရရှိခဲ့သည်ဟု ဆိုနိုင်သည်။

လမ်ပူရီ၏ မှော်အင်ဂျင်သည် Frestech ကုန်သည်ကြီးများအသင်းလောက် အရည်အသွေးမမြင့်မားသော်လည်း ကိုယ်ပိုင်ထုတ်နိုင်ခြင်းမှာ ၄င်းတို့လက်အောက်မှ အနည်းငယ်လွတ်ကင်းနိုင်လာမည်ဖြစ်သောကြောင့် အောင်မြင်မှုကြီးဖြစ်ပေသည်။

ထိုကိစ္စသည် Frestech ကုန်သည်ကြီးများအသင်း၏ တစ်ဦးတည်း မူပိုင်ခွင့်ကို သက်ရောက်မှုရှိသောကြောင့် ၄င်း၏အကျိုးအမြတ်များကို ထိခိုက်မည်ဖြစ်သည်။

သို့သော် ၄င်းတို့၏တုံ့ပြန်ပုံမှာ အေးဆေးလွန်းလှသည်။

Frestech မှော်စက်အပတ်စဉ်တွင် ၄င်းတို့သည် လမ်ပူရီ၏ တိုးတက်မှုအတွက် ချီးမြှောက်ပြီး ထိုကိစ္စမှာ စိုင်စ်နယ်မြေ၏ သမိုင်းတစ်လျှောက် ကြီးမားသောအောင်မြင်တစ်ခုဖြစ်ကြောင်းနှင့် လမ်ပူရီနှင့်ထပ်တူ ပျော်ရွှင်ကြောင်း ကြေညာလေသည်။

တစ်ချိန်တည်းမှာပင် လမ်ပူရီအနေဖြင့် မှော်အင်ဂျင်အား ပိုမိုကောင်းမွန်အောင် ပြုလုပ်လာနိုင်စေရန် ၄င်းတို့မှ နည်းပညာများ မျှဝေပေးသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

၄င်းတို့၏ ချီးကျူးမှုကို ကြားရသောအခါ လူများသည် လူမှုရေးအရပြောသည်ဟု ထင်ထားသော်လည်း ထိုထုတ်ပြန်ချက်အား ကြားလိုက်ရသောအခါ အံ့သြသွားကြသည်။

မှော်အင်ဂျင်ကို လမ်ပူရီမှ ထုတ်လုပ်နိုင်သွားသည့်အတွက် ၄င်း၏အကျိုးအမြတ်ကို ထိခိုက်မည်ဖြစ်သည်။ ထို့ကြောင့် အကျိုးအမြတ်များကို ဆက်လက်ထိန်းသိမ်းနိုင်ရန် လမ်ပူရီ၏ မှော်အင်ဂျင်အား တားရန်ကြိုးပမ်းသင့်သည်မဟုတ်လော။

ယခုနည်းပညာမျှဝေရန်ပြောခြင်းသည် ကိုယ့်သေတွင်းကိုယ် တူးသကဲ့သို့ ဖြစ်မနေချေဘူးလား။

သို့သော် တွေးကြည့်လျှင် ဤသည်မှာ ၄င်းတို့ပထမဆုံးအကြိမ် ထိုကဲ့သို့လုပ်ခြင်း မဟုတ်ပေ။

စက်မှုနည်းပညာနှင့်ပတ်သက်လျှင် ၄င်းတို့သည် အခြား ကုမ္ပဏီများကဲ့သို့ ပိတ်ပင်ခြင်း၊ မျှဝေခြင်းမရှိဘဲ မနေချေ။

ရှုယီ ဥက္ကဌဖြစ်ချိန်တွင်လည်း ထိုသို့လုပ်ခဲ့၍ ဖရီယာလက်လွှဲယူပြီး နောက်တွင်လည်း ထိုအတိုင်းသာဖြစ်သည်။

ထို့ကြောင့် လူများသည် စိတ်သက်သာရာရသွားကြသည်။

အစပိုင်းတွင် Frestech ကုန်သည်ကြီးများအသင်း၏ သဘောထားပြောင်းလဲသွားမည်ကို စိုးရိမ်ကြသော်လည်း ရှုယီကတိပေးခဲ့သည့်အတိုင်း မှော်စက်မှုလုပ်ငန်းများ တိုးတက်စေရန် ကူညီပေးသည့်အတွက် စိတ်ချသွားကြလေသည်။

အင်ပါယာနှစ်ခုနှင့် လမ်ပူရီတိုင်းပြည်တို့သည် ၄င်းတို့၏ အောင်မြင်မှုများကို အသီးသီးထုတ်ပြန်ပြီးကြချိန်တွင် အခြားတိုင်းပြည်များသည်လည်း နောက်ကျမကျန်ခဲ့ပေ။

နှစ်သစ်ရောက်လာသည်နှင့် နိုဇ်ဒိုမူ စီးပွားရေးသမ္မဂ္ဂနိုင်ငံသည် ပထမဆုံး ကုန်ပစ္စည်း တန်၁၀၀ကျော်တင်နိုင်သော မှော်သင်္ဘောအား ဆောက်လုပ်နိုင်ခဲ့ပြီဟု ကြေညာလေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ မှော်သင်္ဘောများမှာ အများဆုံး တန်၈၀ကျော်သာ တင်နိုင်သည်ဖြစ်၍ ၄င်းတို့တွင် မှော်သင်္ဘောဆောက်လုပ်ရေးတွင် သန်မာသော ပြိုင်ဘက်ပေါ်လာပြီဖြစ်သည်။

ထို့နောက် မားလိုဘက်မှ အောင်မြင်မှုနှစ်ခုကို ထုတ်ပြန်လေသည်။

ပထမတစ်ခုမှာ မှော်တင့်ကားများ တိုးတက်လာသည့်အကြောင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ မြို့သူမြို့သားများ အသုံးပြုနိုင်စေရန် နှစ်ဘီးတပ် မှော်ယာဉ်များ တီထွင်သည့်အကြောင်းပင်ဖြစ်သည်။

နှစ်ရက်အကြာတွင် ကန်ဒရာဘက်မှလည်း အောင်မြင်မှုများကို ထပ်ကြေညာခဲ့ပြီး........

ထို့နောက် လမ်ပူရီ......

၄င်းတို့သည် Frestech ကုန်သည်ကြီးများအသင်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားပြီဖြစ်၍ မှော်စက်မှု အောင်မြင်မှုများမှာ များစွာ ပေါ်ပေါက်လာကြခြင်းဖြစ်သည်။

စိုင်စ်နယ်မြေသည် ရာချီသော မိသားစုများ အချင်းချင်းပြိုင်ဆိုင်နေကြပြီး စက်မှုခေတ်သည် ပွင့်လန်းလာပြီ ဖြစ်ပေသည်။

ထိုအချိန်တွင် Frestech ကုန်သည်ကြီးများအသင်းသည် ငြိမ်နေလေသည်။

ယခင်ကဆိုလျှင် Frestech ကုန်သည်ကြီးများအသင်းသည် ၄င်းတို့၏ အောင်မြင်မှုများကို တစ်ခုပြီးတစ်ခု ကြေညာနေပြီးဖြစ်၍ ဖရီယာလက်လွှဲယူပြီးသည့် ၂နှစ်အတွင်း မည်သည်ကိုမှ ထုတ်ပြန်ခြင်း မပြုတော့ချေ။

၄င်းတို့အနေဖြင့် လေ့လာစမ်းသပ်မှုများ ရပ်လိုက်ခြင်းတော့ မဟုတ်ချေ။

သို့သော် ၄င်းတို့သည် မှော်သီအိုရီများကို ပို၍လေ့လာနေပြီး ယခင်ကလို လက်တွေ့အသုံးချရာတွင် ယောင်ဝါးနေခြင်းမရှိတော့ချေ။

ထိုအခြေအနေသည် လူများအား Frestech ကုန်သည်ကြီးများအသင်းသည် အရင်ကလောက် မတိုးတက်တော့ဘူး ထင်မြင်စေသည်။....

၄၃၁၇ခုနှစ် ဧပြီလတွင် Frestech ကုန်သည်ကြီးများအသင်းသည် Frestech မှော်စက်အပတ်စဉ်မှ ကြေညာချက်ထုတ်ပြန်လိုက်ရာတွင် လူအများ၏ စိတ်ဝင်စားမှုအား ပြန်လည်ရရှိလေသည်။

Frestech ကုန်သည်ကြီးများအသင်းသည် ဂြို့လ်တုအထိ တစ်ရှိန်ထိုး တိုးတက်သွားတော့မည်ဖြစ်သည်။

***

Volume 8, အပိုင်း ၇၇ ။ ဂြိုလ်တုဆီသို့သွားခြင်း

"ဒါက ကောင်းကင်ထက် မြင့်တဲ့နေရာအထိ ပျံနိုင်ပြီး ပြုတ်မကျဘူးလို့ ပြောတာလား"

ဥက္ကဌ ခရုစ်သည် မှော်ရော့ကတ်ဟု ရှုယီခေါ်သည့် အဆပေါင်းများစွာ ကြီးမားသော မှော်ကျည်ဆံကြီးအား ကြည့်နေမိလေသည်။

ရှုယီသည် မကျေနပ်သည့်ပုံစံဖြင့် မျက်လုံးဝေ့လိုက်လေသည်။

"Frestech မှော်စက်အပတ်စဉ်ကို ဖတ်ခဲ့ရင် ဒါမှမဟုတ် ဒီသီအိုရီကို ကိုယ်တိုင်လေ့လာထားရင် အရာဝတ္ထုတစ်ခုကို အရှိန်ပြင်းပြင်းနဲ့ အဲ့အရှိန်အတိုင်း ဆက်သွားမယ်ဆိုရင် အဲ့ဒါက ဂြိုလ်ပတ်လမ်းကြောင်းထဲ ရောက်သွားပြီးတော့ ပြုတ်ကျတော့မှာ မဟုတ်ဘူးဆိုတာကို သိမှာပါ"

ခရုစ်သည် ရယ်လိုက်လေသည်။

"အခုတလော အလုပ်ရှုပ်နေတော့ ဖတ်ဖို့အချိန်မရလိုက်ဘူး။ ပြီးတော့ အခုဟာက အာကာသအပြင်ဘက်အကြောင်း ပြောနေကြတာမလား။ ငါတို့ကုမ္ပဏီနဲ့ မဆိုင်တော့ အရေးမစိုက်မိဘူး"

"သေချာလို့လားမဆိုင်တာ"

ရှုယီသည် ကောင်းကင်အား လက်ညိုးထိုးပြလိုက်လေသည်။

"ငါတို့ရပ်နေတဲ့ နေရာအပြင် စကြာဝဠာကြီးမှာ မရေမတွက်နိုင်တဲ့ လောကတွေရှိတယ်။ အဲ့ထဲ့က အချို့နေရာတွေမှာ သာမန်မျက်လုံးနဲ့ မမြင်နိုင်ဘဲ အချို့နေရာတွေမှာဆို ငါတို့လို လူတွေရှိနေနိုင်တယ်။ အဲ့လိုနေရာတွေမှာ အိမ်မဆောက်ကြည့်ချင်ဘူးလား"

"အာကာသမှာ အိမ်ဆောက်မယ်ဟုတ်လား"

ခရုစ်သည် ခေါင်းခါလိုက်လေသည်။

"မေ့လိုက်ပါ ရှုယီရာ မင်းအခုမှ ကြယ်တွေဆီကို အဲ့ဒါလွှတ်မှာမလား ပြီးရင်ရော အိမ်ဆောက်ဖို့က ဘယ်လောက်ကြာမှာလဲ။ အဲ့အချိန်ကျ ငါရှိချင်မှ ရှိတော့မှာ"

ရှုယီသည် ပြုံးလိုက်လေသည်။ ခရုစ်အနေဖြင့် ရော့ကတ်မဆိုထားနှင့် အာကာသ သီအိုရီကိုပင် နားမလည်သော်လည်း သူ၏အမြင်ကို လျစ်လျှူရှု၍မရပေ။

အမှန်တော့ ခရုစ်ေပြာသလိုပင် ဒီနေ့အတွက် ဂြိုဟ်တုဆီသို့ ပစ်တင်ရာတွင် အောင်မြင်သည်ဆိုလျှင်တောင် လူများကို ထည့်ပေးရန်မှာ ဝေးစွာလိုသေးသည်။

ရှုယီ ရည်မှန်းထားသကဲ့သို့ အာကာသထဲသို့ ခရီးထွက်နိုင်ရန်မှာ များစွာလိုသေးပေသည်။

ကမ္ဘာပေါ်တွင် နည်းပညာများ ဖွံ့ဖြိုးတိုးတက်နေပြီဟု ဆိုသော်လည်း စတင်လွှတ်ခဲ့ချိန်မှစ၍ နှစ်၅၀ကြာသည့်တိုင် အောင်မြင်နိုင်မည့်အရိပ်အခြေ မရှိချေ။

လက်ရှိစိုင်စ်နယ်မြေ၏ နည်းပညာအခြေအနေအရဆိုလျှင် ထိုကိစ္စမှာ အိပ်မက်ပင်ဖြစ်လေသည်။

သို့သော် စိုင်စ်နယ်မြေ ကမ္ဘာနှင့်မတူဘဲ မှော်ဖြင့်ပြည့်နှက်နေသောလောကဖြစ်လေသည်။

မှော်ဆိုသည်မှာ အသူရာနတ်ဆိုးမျိုးနွယ်နှင့် သူတို့၏အံ့ဖွယ်လောကမှ ချန်ခဲ့သောအရာ ဖြစ်လေသည်။

သာမန်တိုးတက်မှုနှင့်သာဆိုလျှင် စိုင်စ်နယ်မြေ၏ လက်ရှိနည်းပညာအခြေအနေဖြင့် ဂြိုလ်တုအား ဖန်းတီးရန်မဖြစ်နိုင်ပေ။

သို့သော် မှော်စွမ်းအင်ကိုသုံး၍ ကမ္ဘာထက်စာလျှင် အချိန်အနည်းငယ်ဖြင့် ထိုပရောဂျက်အား အောင်မြင်ခဲ့သည်ဖြစ်သည်။

ဤသည်မှာလည်း ကမ္ဘာပေါ်မှ စက်မှုနည်းပညာသီအိုရီယူဆောင်ခဲ့ခြင်းကြောင့်ဖြစ်လေသည်။

ခရုစ်နှင့် စကားအနည်းငယ် ပြောပြီးနောက်တွင် ရှုယီသည် အဝေးတွင် ရှိနေသော ရော့ကတ်အား ကြည့်လိုက်ရင်း ခံစားလာရသည်။

အကယ်၍ ကမ္ဘာပေါ်မှလူများသာ ဤလောကို ရှာတွေ့၍ ဤ ရော့ကတ်အကြောင်း သိသွားပါက လှောင်ရယ်ကြမည်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ဤ ရော့ကတ်သည် ဂြိုလ်တုဟုဆိုသော်လည်း အထဲတွင် ဘာမှမပါသော အခွံသက်သက်သာ ရှိသောကြောင့် ဖြစ်လေသည်။

ကမ္ဘာပေါ်မှ ဂြိုလ်တုများမှာ ကောင်းကင်ပေါ်တွင် အမျိုးမျိုး စွမ်းဆောင်နိုင်ပေသည်။ မိုးလေဝသဂြိုလ်တု၊ ကင်းထောက်ဂြိုလ်တု၊ ဆက်သွယ်ရေးဂြိုလ်တု စသည်ဖြင့် အမျိုးမျိုးရှိလေသည်။

သို့သော် လက်ရှိနည်းပညာအခြေအနေအရ ဤဂြိုလ်တုမှာ ကောင်းကင်သို့ ရောက်နိုင်ခဲ့သည်ရှိသော် ဘာမှလုပ်နိုင်မည်မဟုတ်ချေ။

သို့သော် အရည်အသွေးမြင့် မှော်ပုံရိပ်ယောင်ကင်မရာများ ပါရှိသဖြင့် အာကာသ၏ပုံများတော့ ရိုက်ယူနိုင်မည်ဖြစ်သည်။

သို့ရာတွင် ထိုဓါတ်ပုံများကို အဆင်ပြေပြေ ပြန်ပို့ပေးနိုင်မည်ဟု မည်သူမှ အာမခံနိုင်ခြင်း မရှိပေ။

စိုင်စ်နယ်မြေရှိ လူများအနေဖြင့် အာကာသနှင့် ပတ်သက်လျှင် မည်သည့်အတွေးမှ မရှိချေ။

အကြံ့ခိုင်ခံနိုင်ဆုံး ခန္ဓာကိုယ်ပိုင်ရှင်များဖြစ်သည့် နဂါးများသည်ပင် အာကာသအထိ မသွားရောက်နိုင်ချေ။

ထိုကြောင့် ဤသည်မှာ လေထုအပေါ်ယံ အာကာသအား စမ်းသပ်သည့်အနေဖြင့် ပထမဆုံး လွှတ်ခြင်းဖြစ်သည်။

ထိုအာကာသကို စူးစမ်းလေ့လာနိုင်ရန် ဂြိုလ်တုအား နည်းအမျိုးမျိုးဖြင့် အကြမ်းခံနိုင်ရန် ဒီဇိုင်းဆွဲထားသည့် မှော်အစီအရင်များကို တပ်ဆင်ထားသည်။

ထိုကိစ္စမှာ Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် အကြိမ်ကြိမ် စမ်းသပ်ထားသည်ဖြစ်ရာ ကြီးမားသောသက်ရောက်မှု ရှိသည်ဖြစ်သည်။

......

သို့သော်......

ရှုယီသည် နောက်သို့လှည့်ကြည့်လိုက်ရာတွင် ရော့ကတ်အား ကြည့်၍ တအံ့တသြဖြစ်ကာ တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောနေသော လူအုပ်စုကြီးကို မြင်ရလေသည်။

ထိုလူများသည်လည်း ခရုစ်ကဲ့သို့ပင် အရာဝတ္ထုတစ်ခုခုအား ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်ခြင်းသည် သူတို့အတွက် ဘာအဓိပ္ပါယ်မှမရှိချေ။

"အချိန်ကျပါပြီ ဥက္ကဌ"

Frestech ကုန်သည်ကြီးများအသင်း၏ ယူနီဖောင်းဝတ်ထားသော သက်လတ်ပိုင်းလူတစ်ယောက်သည် မှော်ဆက်သွယ်ရေးစက်ကို ရှုယီအား ရိုသေစွာ ပေးလိုက်လေသည်။

သူ့အားကြည့်၍ ရှုယီသည် ပြုံးလိုက်ကာ မှော်ဆက်သွယ်ရေးစက်အား ယူလိုက်လေသည်။

"ဟေး, ဖရီယာ အမိန့်ပေးရမှာ သမီးနော်။ အဖေကပွဲလာတက်ရုံပဲ။"

ဖရီယာ၏ အသံသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသော်လည်း ဥက္ကဌဖြစ်ပြီးသည့်နောက် အသံကို တည်ငြိမ်အောင် ထိန်းပြောတတ်လာပေသည်။

"ဒါက အရေးကြီးကိစ္စနော် အဖေကိုယ်တိုင်မလုပ်ချင်တာ သေချာလား"

ရှုယီသည် ရယ်လိုက်လေသည်။

"သမီးရဲ့နေရာကို မယူချင်ပါဘူးကွာ အဖေ့ကို စိတ်ပူမနေနဲ့ သမီးလုပ်စရာရှိတာလုပ် အဖေဒီကကြည့်နေမယ် ဟုတ်ပြီလား"

ဖရီယာသည် တစ်စုံတစ်ခုကို တီးတိုးပြောလိုက်သော်လည်း အမြန် စကားပြန်လိုက်လေသည်။

"ဒါဆိုရင်လည်း သမီးအားမနာတော့ဘူးနော်"

ရှုယီသည် မှော်ဆက်သွယ်ရေးစက်လာပေးသော ဝန်ထမ်းအား မမေးခင်ပြုံးလိုက်လေသည်။

"ကိုယ်စားလှယ်တွေကရော အဓိကထိန်းချုပ်ခန်းထဲမှာ ရှိနေတုန်းလား"

"ဟုတ်ကဲ့ ဒီတစ်ကြိမ်တော့ အင်ပါယာနှစ်ခုဘက်က သူတို့ရဲ့အတော်ဆုံးလူတွေကို လွှတ်လိုက်ပြီး လမ်ပူရီဘက်ကတော့ မင်းသား ရေမွန်ကိုယ်တိုင် တက်ရောက်ပါတယ်"ဟု ပြောရင်း ခေတ္တရပ်လိုက်လေသည်။ ပြီးမှ "သူတို့တွေက ဥက္ကဌကို မေးနေကြပါတယ်။ လူထွက်မပြတော့ဘူးလား"

ရှုယီသည် ခေါင်းခါလိုက်လေသည်။

"ငါပြောပြီးသားပဲ ဖရီယာရဲ့ နေရာကို မယူချင်ပါဘူးလို့။ ပြီးတော့ စတေးလ်သာ သိရင် ဆူလိမ့်မယ်"

ရှုယီသည် ဆုံးဖြတ်ပြီးမှန်းသိသဖြင့် ဝန်ထမ်းသည် ဘာမှမပြောတော့ဘဲ ဘေးသို့ထွက်သွားလေသည်။

"ဟေး, ရှုယီ မင်းရဲ့အိပ်မက်က အာကာသအထိ ပျံသန်းဖို့မလား။ အခုက မင်းအိပ်မက်နဲ့ ဝေးသေးတယ်ဆိုပေမယ့် ဘာပဲပြောပြော ခြေတစ်လှမ်းနီးလာတာပဲလေ။ မင်းဒီပွဲကို ကိုယ်တိုင် မကျင်းပချင်တာ သေချာလား"

"မလိုပါဘူးကွာ။ ငါ့အိပ်မက်က အာကသအထိ ပျံနိုင်ဖို့ပဲလေ။ ပွဲကျင်းပဖို့မှမဟုတ်တာ"

ရှုယီသည် ရော့ကတ်ကို တစ်ချက် ကြည့်လိုက်ပြီး ကျယ်ပြောနက်ရှိုင်းသော ကောင်းကင်ပြာအား ကြည့်လိုက်လေသည်။ သူသည် ဤကောင်းကင်အား ထိုးဖောက်၍ အာကာသအထိ သွားချင်ပေသည်။

မိနစ်၂၀ကြာပြီးနောက်တွင် ရော့ကတ်အား လွှတ်တင်ရန် အချိန်ကျလာပေသည်။ Frestech ကုန်သည်ကြီးများအသင်းဘက်မှ ရော့ကတ် လွှတ်သည်ကို မကြေညာခင် အတိုချုံးပွဲ ကျင်းပလေသည်။

ရှုယီသည် ကန့်ကွက်ခြင်းမရှိသော်လည်း တရုတ်မှ သူ၏ပထမဆုံးအကြိမ် လွှတ်တင်ရာတွင် ပွဲကိုခမ်းနားစွာ ကျင်းပြခဲ့သည်ဖြစ်ပြီး အခုပွဲမှာ ဝတ်ကျေတန်းကျေမျှသာဖြစ်သည်ဟု ထင်လေသည်။

သို့သော် စိုင်စ်နယ်မြေမှ လူတွေမဆိုထားနှင့် ယခုစမ်းသပ်မှုတွင် ပါဝင်သော Frestech ကုန်သည်ကြီးများအသင်း၏ အဖွဲ့ဝင်များသည်ပင်လျှင် အာကာသအပြင်ဘက်ကို ပျံနိုင်သည်မှာ အံ့ဖွယ်ကိစ္စဖြစ်သော်လည်း သူတို့၏နားလည်နိုင်စွမ်းကျော်သွားပြီဖြစ်၍ ရှေ့လျှောက် မည်သို့ဆက်လုပ်ရမည်ကို မသိတော့ချေ။

"ဒီနေ့က ဘယ်လောက်အရေးကြီးတဲ့နေ့လဲဆိုတာ တစ်နေ့သိလာမှာပါ....."

မှော်ရော့ကတ်မှ ထွက်လာသော တောက်ပသော အလင်းတန်းများကို ကြည့်ရင်း ရှုယီ သည် သက်ပြင်းချလိုက်လေသည်။

သူ၏အိပ်မက်သည် အာကသသို့ ပျံသန်းနိုင်ရန်ဖြစ်သည်ဟု ပြောထားသော်လည်း သူ့အိပ်မက်၏ ပထမဆုံးခြေလှမ်းအား မြင်ရချိန်တွင် သူသည်စိတ်လှုပ်ရှားခြင်းမရှိချေ။

သူသည်များစွာကြိုးစားခဲ့သော်လည်း သူ၏တစ်သက်တာတွင် ဤကိစ္စတစ်ခုသာ အောင်မြင်မည်ဟု ထင်ထားသောကြောင့် တည်ငြိမ်နေခြင်းပေလား။

သို့သော် မှော်ရော့ကတ်၏ အောက်ခြေမှ အလင်းရောင်များ ပိုမိုတောက်ပလာပြီး မီးခိုများထွက်လာကာ ကောင်းကင်ပေါ်သို့ တက်သွားချိန်တွင် သူသည် စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။

သို့သော် ရော့ကတ်သည် ကောင်းကင်ပေါ်မှ ပျောက်ကွယ်သွားချိန်တွင် အော်ဟစ်အားပေးနေသော သူများနှိုင်းစာလျှင် သူသည် လွန်စွာတည်ငြိမ်ပေသည်။

သူ၏လက်ထဲတွင်ရှိသော မှော်ဆက်သွယ်ရေးစက်သည် မြည်လာပြန်သည်။

ရှုယီကိုင်လိုက်သောအခါ ဖရီယာ၏ စိတ်လှုပ်ရှားစွာ ပြောနေသော အသံအား ကြားလိုက်ရလေသည်။

"အဖေ! အလုပ်ဖြစ်တယ်! အလုပ်ဖြစ်တယ်! တစ်ကယ်ပျံတက်သွားတယ်! ဘုရား....Oh..မဟုတ်ဘူး! အပေါ်မှာရှိနေတာ ဘုရားမှမဟုတ်ဘဲ သမီးတို့ရဲ့ ဂြိုလ်တုလေ!"

ရှုယီသည် မရယ်ဘဲ မနေနိုင်တော့ချေ။

ဖရီယာ ဥက္ကဌဖြစ်သည်မှာ ၂နှစ်ကြာပြီဖြစ်ပြီး သူမသည် စိတ်လှုပ်ရှားတတ်သောအကျင့်ကို တတ်နိုင်သမျှ ဖျောက်ကာ ရင့်ကျက်သလိုနေရလေသည်။

ယခုလို စိတ်လှုပ်ရှားရသည့်ကိစ္စဖြစ်ချိန်တွင် သူမသည်မထိန်းနိုင်တော့ဘဲ စိတ်လှုပ်ရှားနေသည်မှာ အံ့သြစရာမရှိပေ။

"ဟုတ်ပါပြီ သိပ်လည်းစိတ်လှုပ်ရှားမနေပါနဲ့ ဖရီယာရယ်။ အခုက ပထမဆုံးတစ်ခုပဲရှိသေးတယ် ရှေ့လျှောက် အများကြီးလာဦးမှာ ကျင့်သားရအောင် လုပ်ထားပေတော့။ ဒါနဲ့ယှဉ်ရင် အခုဧည်ွသည်တွေကို ဧည့်ခံဖို့က ပိုအရေးကြီးတယ်နော် သမီး"

ရှုယီသည် ထိန်းချုပ်မျှော်စင်အား မျက်မှောင်ကြုတ်၍ ကြည့်လိုက်လေသည်။

ယခုကိစ္စအောင်မြင်သွားခြင်းမှာ သူ့အတွက် စိတ်လှုပ်ရှားဖွယ်ဖြစ်သော်လည်း ပွဲလာတက်သည့် လူများအနေဖြင့် ထိုသို့ဖြစ်မည်ဟု မဆိုနိုင်ချေ......

***

Volume 8, အပိုင်း ၇၈ ။ အာကာသသို့ဝင်ရောက်ခြင်း

မေလအစောပိုင်း၏ညများသည် အနည်းငယ် အေးလာသော်လည်း ယခင်လနှင့်စာလျှင် အပူချိန်မှာ သက်တောင့်သက်သာ ရှိလှပေသည်။

ညစာစားပြီးနောက်တွင် ဝင်ဘဲလ်ဒန်မြို့မှလူများသည် အစာကြေစေရန်နှင့် စိတ်ပန်းပြေစေရန် နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲစသည်ဖြင့် လမ်းလျှောက်ထွက်ကြသည်။

မြို့တွင်းမြို့ပြင် နေရာအနှံ့တွင် လူစုလူဝေးများ ရှိသဖြင့် စည်ကားနေပေသည်။

အစပိုင်းတွင် အချို့လူများသည် တစ်ယောက်တည်း အပန်းဖြေခြင်း သို့မဟုတ် လူစုကာ စကားပြောခြင်း သို့မဟုတ် လေ့ကျင့်ခန်းများ ပြုလုပ်ကြသည်။

သို့သော် ညရောက်ချိန်တွင် ပြောင်းလဲသွားလေသည်။

ကြေညာချက်ထွက်လာစဉ်က Frestech ကုန်သည်ကြီးများအသင်း၏ ဆင်ခြေသက်သက်သာဖြစ်သည်ဟု သံသယဝင်ထားကြသော်လည်း စတက်တိန်းမြို့တွင် တပ်ဆင်ထားသော အဝေးမှော်ဖြန့်ချီရေးစနစ်ကြောင့် သံသယများမှာ တစ်ဖြည်းဖြည်း ပျောက်ကွယ်လာပေသည်။

ဇီဒန်ရူမြို့၏ ကိစ္စနှင့်ပတ်သက်၍ Frestech ကုန်သည်ကြီးများအသင်းနှင့် ကန်ဒရာတို့သည် သူတို့၏ရပ်တည်ချက်အတိုင်း ဆက်နေကြလေသည်။ ကန်ဒရာဘက်မှ အဝေးမှော်ဖြန့်ချီရေးစနစ်တွင် မမြင်နိုင်သော အန္တရာယ်များ ပါဝင်သည်ဟုဆိုကာ သူတို့၏နယ်မြေတွင်းသို့ တပ်ဆင်ခြင်းမရှိချေ။ ထိုကိစ္စကြောင့် လူအချို့မှာ မကျေမနပ်ဖြစ်လေသည်။

New Moon Newsအပြင် အခြားသတင်းစာများသည်လည်း အဝေးမှော်ဖြန့်ချီရေးစနစ်မှာ မည်မျှကောင်းကြောင်း၊ ထိုစနစ်ကြောင့် အိမ်ထောင်စုများအနေဖြင့် လုပ်ကိုင်ရပိုမိုအဆင်ပြေချောမွေ့လာကာ ကုန်ကျစရိတ်များလည်း လျှော့နည်းသွားသည်ဖြစ်သဖြင့် တပ်ဆင်သင့်သည်ဟု ပြောကြလေသည်။

သို့သော် ဇီဒန်ရူမြို့ကိစ္စကြောင့် ကန်ဒရာမှ ထိုစနစ်အား မတပ်ဆင်ရာ လူအများစုသည် မကျေမနပ်ဖြစ်ကြလေသည်။

ရီတာ ကုန်သည်ကြီးများအသင်းသည် ယခင်ကိစ္စတွင် ပါဝင်ခဲ့သည်ဖြစ်ရာ လူများ၏ ဒေါသသည် သူ့အပေါ် စုပုံကျလာပေသည်။

ထို့ကြောင့် ထိုကုမ္ပဏီမှ မှော်လေအေးပေးစက်အသစ် ထုတ်လုပ်လိုက်သောအခါ လူအနည်းငယ်သာ ဝယ်ယူပေသည်။

ထိုကိစ္စသည် မနေ့ကတည်းက ဆွေးနွေးခဲ့သည်ဖြစ်ပြီး ဒီနေ့လည်း လူများအကြားတွင် ဆက်ဆွေးနွေးစရာဖြစ်နေပေသည်။

သို့သော် ယနေ့ New Moon သတင်း၏ သတင်းသစ်သည် လူအများ၏ စိတ်ဝင်စားမှုကို ရရှိနိုင်မည်လော။

မြို့ရင်ပြင်တွင်ရှိသော မှော်ပုံရိပ်ယောင် Projectorတွင် ကြော်ညာများ သို့မဟုတ် မှော်ပုံရိပ်ယောင်ရုပ်ရှင်များကို ပြသလျက်ရှိပြီး ၇နာရီထိုးသည်နှင့် New Moon ကုန်သည်ကြီးများအသင်း၏ တံဆိပ်ပေါ်လာကာ New Moon သတင်းစတင်တော့မည်ဖြစ်ကြောင်း ကြေညာလေသည်။

New Moon သတင်းသည် နေ့စဉ်သတင်းကြေညာရာတွင် လူထုအနေဖြင့် သတင်းအား ယေဘုယျခန့်မှန်းနိုင်ရန် သတင်းအကျဉ်းချုပ်ကို ကြိုတင်ပြောပြပေသည်။

ပုံမှန်အားဖြင့် သတင်းအား မတင်ပြခင် အရေးကြီးသတင်ူများအား အကျဉ်းချုပ်မိတ်ဆက်လေ့ရှိသည်။

သို့ရာတွင် ယနေ့ ခါတိုင်းနှင့်မတူချေ။

"ယခုကြည့်ရှုနေသူအပေါင်းတို့အနေနဲ့ ကိုယ်နေထိုင်ရာနယ်မြေအကြောင်းကို ဘယ်လောက်နားလည်ပါသလဲ။"

နှုတ်ခွန်းဆက်စကားပြောပြီးနောက်တွင် သတင်းတင်ဆက်သူအမျိုးသားသည် ဤသို့မေးလိုက်သဖြင့် အားလုံးအံ့အားသင့်သွားလေသည်။

"သင့်အနေနဲ့ ကျွန်တော်တို့နေထိုင်ရာ လောကကြီးအကြောင်းကို သေချာနားလည်ပါပြီလား"

သတင်းတင်ဆက် အမျိုးသမီးသည် ထပ်ဆင့်မေးလိုက်ရာ ပို၍ဝေခွဲမရဖြစ်လာစေသည်။

"ကျွန်တော်တို့အနေနဲ့ လူကြီးမင်းတို့ကို ပုံအချို့ပြသချင်ပါတယ်"

ထိုစကားဆုံးသည်နှင့် မှော်ပုံရိပ်ယောင်သည် မှောင်သွားပြီး လွင်ပြင်ပုံရိပ်များ ပေါ်လာလေသည်။

"ဒါက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဂြိုလ်တုကနေ ဖမ်းယူထားတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။ အဲ့မှာ လူတွေအများအပြား စုဝေးနေကြတာကို မြင်မယ်ထင်ပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ထားတဲ့သူတွေပါပဲ"

ဤစကားကို ကြားလိုက်ရသောအခါ အံ့သြသွားကြလေသည်။

ဂြိုလ်တုအား လွှတ်တင်ချိန်တွင် မှော်ပုံရိပ်ယောင်ပရိုဂျက်တာကို သုံးကာ New Moon ကုန်သည်ကြီးများအသင်းသည် ပြသခဲ့သဖြင့် ရော့ကတ်တက်သွားသည်ကို အားလုံးမြင်တွေ့ခဲ့ကြရသည်။

ထိုအချိန်က ခံစားခဲ့ရသော တုန်လှုပ်မှုကို လူများအနေဖြင့် မမေ့နိုင်သေးချေ။ ပုံများမှာ ရင်းနှီးသလို ဖြစ်သော်လည်း မှော်ပုံရိပ်ယောင်၏ အနေအထားမှာ တစ်မျိုးဖြစ်နေသည်။

ထိုအချိန်တွင် လူများ၏ အနေအထားမှာရော့ကတ်ပျံတက်သွားသည်ကို လူစုလိုက် ကြည့်နေကြသည်ဖြစ်ပြီး ယခုအနေအထားမှာ ထိုလူများကို အပေါ် အဝေးအနေအထားမှ ရိုက်ထားသော ပုံများဖြစ်လေသည်။

သတင်းတင်ဆက်သူ၏ အသံထွက်လာလေသည်။

"ကြည့်ရှုသူအပေါင်းတို့ရှင့် အခုမြင်နေရတဲ့ပုံတွေက ရော့ကတ်ထဲမှာရှိတဲ့ မှော်ပုံရိပ်ယောင်ပရိုဂျက်တာကနေ ရိုက်ထားတဲ့အတွက် လူကြီးမင်းတို့ အခုလိုကြည့်နေတဲ့ ပုံစံအနေအထားကို မြင်တွေ့ရခြင်းဖြစ်ပါတယ်"

လူများသည် ယခုအချိန် နားရှင်းသည်မဟုတ်သေးသော်လည်း ပုံများသည် လှုပ်လာပြီး အသံများထွက်လာလေသည်။

"အခုမြင်နေရတာကတော့ ရော့ကတ် စတင်ထွက်ခွာတာပဲဖြစ်ပါတယ်"

ခဏအကြာတွင် မှော်ပုံရိပ်ယောင် မြေပြင်မှ မြင့်တက်သွားခြင်းသည် ရော့ကတ်ပျံတက်သွားခြင်း ဖြစ်ပေသည်။

အချိန်အတော်အကြာတွင် မှော်ပုံရိပ်ယောင်သည် ဝေးသည်ထက်ဝေးလာပြီး မြေပြင်ပေါ်ရှိ လူများသည် အမဲရောင်အစက်လေးများ ဖြစ်သွားကာ မကြာမီ ပျောက်ကွယ်သွားလေသည်။

New Moon သတင်းအား ကြည့်နေသောသူများထဲတွင် ကောင်းကင်သို့ ပျံဖူးသူမှာ အနည်းငယ်သာရှိလေသည်။ လူအတော်များများမှာ ထိုသို့အတွေ့အကြုံမျိုး မရှိဖူးကြချေ။

New Moon ကုန်သည်ကြီးများအသင်း၏ မှော်ရုပ်ရှင်များကြောင့် ထိုကိစ္စများအား မြင်ဖူးသော်လည်း လူကိုယ်တိုင် တွေ့ကြုံဖူးခြင်းမဟုတ်ချေ။

ရော့ကတ်သည် ကောင်းကင်နှင့် ပို၍နီးလာပြီး မြေပြင်နှင့် ပို၍ ဝေးကွာလာပေသည်။

အချို့ဉာဏ်ကောင်းသူများသည် မြေပြင်သည် စက်လုံးပုံသဏ္ဍာန်ဖြစ်လာသဖြင့် Frestech ကုန်သည်ကြီးများအသင်း၏ ယူဆချက်ဖြစ်သော ဂြိုလ်ပေါ်တွင် နေထိုင်သည်ဟူသောအချက်အား သက်သေပြပြီးဖြစ်လေသည်။

လူများသည် ကောင်းကင်နှင့် တစ်ဖြည်းဖြည်း နီးကပ်လာသည်ကို ကြည့်ပြီး တစ်ကယ်ပဲ ဖောက်ထွက်သွားနိုင်မည်လားဆိုသည်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြလေသည်။

မကြာခင်ပင် တိမ်စိုင်တစ်ခုကို ဖြတ်သန်းသွားပြီးနောက် ပုံများသည် အနက်ရောင်အဖြစ်ပြောင်းကာ ထူးဆန်းသော အသံများ ထွက်လာလေသည်။

သို့သော် မကြာခင်ပင် နေရောင်ထက်လင်းသော အရောင်များပေါ်လာလေသည်။

နောက်ခတ္တအကြာတွင် ပြန်၍လင်းမလာခင် မှောင်သွားလေသည်။

ထိုကဲ့သို့ အကြိမ်များစွာ လင်းလိုက် မှောင်လိုက်ဖြစ်သွားပြီး အဆုံးမရှိနက်မှောင်သော ကောင်းကင်ကြီးပေါ်လာလေသည်။

အဝေးတွင် ဧရာမ မီးဘောလုံးကြီးရှိနေပေသည်။

အနေအထားအရဆိုလျှင် ထိုအရာမှာ နေပင်ဖြစ်သည်။

ပုံအရကြည့်လျှင် မြေပြင်ပေါ်မှ မြင်ရသည့်ပုံစံနှင့် များစွာ ခြားနားပေသည်။

"ယခုအချိန်တွင် မှော်ရော့ကတ်သည် လေထုကို ဖောက်ထွက်သွားပြီး အာကာသသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ အခုမြင်နေရတာကတော့ အာကာသရဲ့ပုံစံပဲဖြစ်ပါတယ်။"

အားလုံးသည် လှပဆန်းကြယ်သော ပုံများကို တအံ့တသြကြည့်နေကြလေသည်။

အာကာသပုံကို ပြပြီးနောက်တွင် မှော်ပုံရိပ်ယောင်သည် ပြောင်းသွားလေသည်။

"အခုမြင်လိုက်ရတာကတော့ ကျွန်တော်တို့နေထိုင်ရာ ဂြိုလ်ရဲ့ပုံစံအမှန်ပဲဖြစ်ပါတယ်"

အားလုံးသည် မျက်လုံးများ ကျယ်သွားကြသည်။

မှော်ပုံရိပ်ယောင်မှ ကြီးမားသောဂြိုလ်ကြီးသည် အဓိကအားဖြင့် အပြာရောင်များဖြင့် လွှမ်းမိုးထားလေသည်။

***

Volume 8, အပိုင်း ၇၉ ။ မှော်ကွန်ပျူတာ

"အဲ့တော့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်ရော့ကတ်ဆိုတဲ့ဟာက တစ်ကယ်ပဲ အာကာသကို ပျံတက်သွားတယ်ပေါ့"

"ဟုတ်တယ်"

"အဲ့တော့ အဲ့အာကသဆိုတာက မြေပြင်နဲ့ဆို ဘယ်လောက်ဝေးလဲ"

"Frestech ကုန်သည်ကြီးများအသင်းကို ထုတ်ပြန်ထားတာတွေအရတော့ မြေပြင်ကနေ ၁၃၀ ကီလိုမီတာ ဝေးတယ်လို့ ဆိုထားပါတယ်"

"၁၃၀ ကီလိုမီတာ ဟုတ်လား။ ဒီကနေ Frestech ကုန်သည်ကြီးများအသင်းရဲ့ အခြေစိုက်စခန်းထိ ဘယ်လောက်ဝေးလဲ"

"ကီလိုမီတာ ၂၀၀၀ကျော်ပါတယ်"

"အဲ့တော့ မှော်ရော့ကတ်လိုဟာမျိုးကိုတောင် အဲ့လောက်အမြင့်ကို လွှတ်တင်နိုင်တယ်ဆိုတော့ ဒီထက်ဝေးတဲ့နေရာတွေကိုရော ပျံနိုင်မယ်မလား"

"သူတို့ရဲ့ဒေတာတွေအရတော့ အဲ့ကိစ္စက ဖြစ်နိုင်ချေရှိပါတယ်"

"ဒါဆိုရင် သူတို့ရဲ့အခြေစိုက်စခန်းကနေ ဒီကိုပျံလာနိုင်ချေရှိလား"

"ကျွန်တော်မျိုး မသိပါဘူး"

"ငါ့ကိုပြောစမ်း။ အကယ်၍ သူတို့ကသာ မှော်ရော့ကတ်ကို မစမ်းဘဲ မှော်ဒုံးကျည်ကိုသာ လုပ်ခဲ့ရင် အဲ့ဒါက သူတို့ရဲ့ အခြေစိုက်စခန်းကနေ ငါတို့ခေါင်းပေါ်ကို ရောက်လာနိုင်တယ်မလား"

"ကျွန်တော်မျိုး မသိပါဘူး"

"အဲ့ဒါက သူတို့အနေနဲ့ ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာကို အဝေးပစ်တိုက်ခိုက်လို့ရတယ်လို့ ဆိုလိုတာပဲမလား"

"ကျွန်တော်မျိုး မသိပါဘူး"

"ဒါဆိုရင် သူတို့သာလိုချင်ရင် ငါတို့ရဲ့ အစောင့်အကြပ်တင်းကြပ်ဆုံး နန်းတော်ကလည်း အလကားပဲပေါ့"

"ကျွန်တော်မျိုး မသိပါဘူး"

"မသိဘူး ဟုတ်လား။ ဒီဟာလည်းမသိ ဟိုဟာလည်းမသိနဲ့ မင်းသိတာဘာရှိသေးလဲ"

"ကျွန်တော်မျိုး....ကျွန်တော်မျိုး မသိပါဘူး....."

….

"ဒါက ကျွန်တော်တို့တွက်ထားတဲ့ ဂြိုဟ်ပတ်လမ်းပါ။ အဆင်ပြေရဲ့လား ကြည့်ပေးပါဦး ဥက္ကဌ"

စန်ချယ်လီသည် မှော်ပုံရိပ်ယောင်ပေါ်ရှိ ကိန်းဂဏန်းများကို ညွှန်ပြရင်း ရှုယီအား မေးလေသည်။

"၃၂၇၁၄..?"

ရှုယီသည် ခေါင်းမညိတ်ခင် မျက်မှောင်ကြုတ်ကာ ခေတ္တစဉ်းစားလေသည်။

"မင်းတို့တွက်ပြီးသားမလား။ ဒါဆိုရင် ငါ့အတွက်တော့ ပြဿနာမရှိပါဘူး"

စန်ချယ်လီသည် ဂုဏ်ယူဝင့်ကြွားစွာ ပြုံး၍ စားပွဲကိုပုတ်ကာ "ဒီလို ဂဏန်းလေးတွေတွက်ရုံလောက်ကတော့ ဒီရှန်ရှင့်အတွက် ပမွှားလေးပါ"

"အဲ့လိုလား"

ရှုယီသည် ပြုံးလိုက်ရင်း စန်ချယ်လီရှေ့တွင်ရှိသော တုနှိုင်းမဲ့မကောင်းဆိုးဝါးအား ကြည့်ရင်း တစ်မျိုးခံစားမိလေသည်။

Frestech ကုန်သည်ကြီးများအသင်းသို့ စန်ချယ်လီဝင်လာချိန်မှစ၍ သူသည် အလိုအလျောက်ရွေ့လျားစက် စမ်းသပ်မှုများကို အဓိကထားလုပ်ဆောင်ခဲ့ပြီး သူ့ကြောင့်ပင် ၄င်းတို့၏ အလိုအလျောက်စက်များသည် နယ်မြေတစ်ခုလုံး၏စျေးကွက်ကို လွှမ်းမိုးနိုင်ခဲ့လေသည်။

သို့ရာတွင် သူသည် ရှေ့တွင်ရှိနေသော မကောင်းဆိုးဝါးအား ဖန်တီးနိုင်ခဲ့လိမ့်မည်ဟု ရှုယီမထင်ထားချေ။

ရှန်ရှင့်ဟု စန်ချယ်လီခေါ်သော ဤသတ္ထုမကောင်းဆိုးဝါးကြီးသည် တစ်ခန်းလုံးအပြည့်နီးပါး နေရာယူထားပြီး ၄င်း၏လုပ်ဆောင်နိုင်စွမ်းများအရ ထိုအရာသည် ကွန်ပျူတာပင်ဖြစ်လေသည်။

သူ၏စမ်းသပ်မှုများမှ တီထွင်ထားသော ထိုအရာသည် ကမ္ဘာပေါ်ရှိ ကွန်ပျူတာအတိုင်းပင် ဖြစ်လေသည်။

သို့သော် မှော်ကွန်ပျူတာမှာ စမ်းသပ်နေဆဲဖြစ်သဖြင့် ကမ္ဘာပေါ်ရှိ ပထမဆုံး ကွန်ပျူတာ၏ လုပ်ဆောင်ချက်များအတိုင်းသာရှိလေသည်။ ၄င်းတို့နှစ်ခုကြား ကွာခြားချက်မှာ မှော်ကွန်ပျူတာသည် ကမ္ဘာပေါ်ရှိ ကွန်ပျူတာများကဲ့သို့ လျှပ်စစ်မသုံးဘဲ မှော်သုံးထားခြင်းဖြစ်လေသည်။

ရှုယီကဲ့သို့ နှစ်ဖက်စလုံးနှင့်ရင်းနှီးသူအနေဖြင့် ထိုကွန်ပျူတာမှာ ကမ္ဘာပေါ်ရှိ ပထမဆုံး ကွန်ပျူတာထက် ပို၍ခေတ်မီပေသည်။

ထိုကွန်ပျူတာမှာ မရေမတွက်နိုင်သော Electron tubesများဖြင့် ဖွဲ့စည်းထားပြီး အသုံးပြုရသည်မှာ လွန်စွာရှုပ်ထွေးပေသည်။

သို့သော် ရှန်ရှင့်မှာ မှော်စင်ဂနယ်ကိုသုံး၍ ခက်ခဲရှုပ်ထွေးသော တွက်ချက်မှုများကို လွယ်ကူစွာ တွက်နိုင်သည့်အပြင် အသုံးပြုရန် ရိုးရှင်းသဖြင့် ကမ္ဘာပေါ်ရှိ ပထမဆုံး ကွန်ပျူတာထက် သာပေသည်။

ထိုသို့ဖြစ်ခြင်းမှာ လက်မှုပညာကွာခြားခြင်းနှင့် လုံလောက်သော ဗဟုသုတများ စန်ချယ်လီတွင် မပြည့်စုံခြင်းကြောင့် ဖြစ်လေသည်။

လက်မှုပညာများထွန်းကားလာပြီး သူ့တွင်လည်း လုံလောက်သော သင်္ချာပညာရပ်ဆိုင်ရာ ဗဟုသုတများရှိပါက ရှန်ရှင့်၏ လုပ်နိုင်စွမ်းသည် တိုးတက်လာပြီး ကမ္ဘာ၏ ပထမမျိုးဆက် ကွန်ပျူတာများအား ကျော်သွားမည်ဖြစ်သည်။

ထိုသို့ဖြစ်သော်လည်း ရှန်ရှင့်အကြောင်း သိလိုက်ရချိန်တွင် ရှုယီသည် မအံ့သြဘဲ မနေနိုင်ချေ။

သူသည် ကွန်ပျူတာများကို အလုပ်တွင်စေရန် လိုချင်ခဲ့သည်ဖြစ်ပြီး စိုင်စ်နယ်မြေအနေဖြင့် စက်မှုတိုးတက်လာပါက တီထွင်လာနိုင်မည်ကို သိသော်လည်း ယခုလို လျင်မြန်စွာ စောစောပေါ်လာလိမ့်မည်ဟု သူထင်မထားချေ။

သူသည် စန်ချယ်လီ၏ အရည်အချင်းကို သဘောကျနှစ်ခြိုက်နေလေသည်။

သူ၏အရည်အချင်းကြောင့်သာ မဟုတ်လျှင် ရှန်ရှင့်ပေါ်လာရန် အနှစ်၂၀ပင် ကြာလိမ့်မည်ဖြစ်သည်။

"ကျွန်တော် တွက်ထားတာတွေက အသုံးဝင်ရဲ့လား ဥက္ကဌ"

စန်ချယ်လီသည် သိလိုစွာ မေးလေသည်။

"သိပ်အသုံးဝင်တာပေါ့ကွာ။ ဥပမာအနေနဲ့ဆိုရင် ဂြိုဟ်တစ်ခုလုံးကို မှော်ဆက်သွယ်ရေးစက်ကွန်ယက်ချိတ်ဖို့ဆိုရင် ဂြိုဟ်ပတ်လမ်းမှာ ဂြိုဟ်တုတွေ အများအပြားလိုလိမ့်မယ်"

"နယ်မြေတွေကြားက ဆက်သွယ်ရေးပြဿနာကို အာကာသ မှော်စင်ဂနယ်တွေကို သုံးပြီးတော့ ဖြေရှင်းပြီးသွားပြီ မဟုတ်ဘူးလား"

"ဒါကမတူဘူး။ အဲ့လိုလုပ်လိုက်တာက ပြဿနာတွေကို ပြေလည်သွားစေတယ်ဆိုပေမယ့် ရေရှည်မှာအဆင်မပြေဖြစ်နိုင်တယ်။ အဲ့ဒါက မတည်ငြိမ်သေးတဲ့အတွက် ဂြိုဟ်လမ်းကြောင်းနဲ့ အခြားသဘာဝပြဿနာတွေက အဲ့အပေါ်သက်ယောက်နိုင်တယ်။ အဲ့ကြောင့် ငါတို့ မှော်တိမ်တိုက်နယ်မြေကို ခေါ်မယ်ဆိုရင် လှိုင်းကြိမ်နှုန်းတွေက အနှောင့်အယှက်ပေးနိုင်တယ်။ ဒါပေမယ့် ဂြိုဟ်တုနဲ့သာဆိုရင် အဲ့ကိစ္စတွေအတွက် စိတ်ပူစရာမလိုတော့ဘူး။ ပြီးတော့ ဂြိုဟ်တုတွေက မြေပြင်နဲ့ ဝေးတဲ့အတွက်ကြောင့် ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်နိုင်မယ်။ ဂြိုဟ်တုကို သုံးမယ်ဆိုရင် ၃ခုပဲလိုလိမ့်မယ် ဒါပေမယ့် အာကာသ မှော်စင်ဂနယ်ေတွကို သုံးမယ်ဆိုရင်တော့ လက်ရှိအခြေအနေအရ အနည်းဆုံးအခု၄၀၀ကျော်လိုလိမ့်မယ်။ အဲ့တော့ ကုန်ကျစရိတ် ကွာခြားချက်ကို သိပြီလား"

စန်ချယ်လီသည် နားလည်ကြောင်း ခေါင်းညိတ်ပြလေသည်။

"ပြီးတော့ ဂြိုဟ်တုတွေမှာ အခြားအသုံးပြုလို့ရတာတွေရှိသေးတယ်။ နောက်တော့ မင်းသိလာမှာပါ"

ရှုယီသည် စကားရပ်လိုက်လေသည်။

စန်ချယ်လီသည် သူ့အား စူးစမ်းသောအကြည့်ဖြင့် ကြည့်လိုက်သော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ဆက်မမေးချေ။

"ဒါပေမယ့် ကျွန်တော့်ရဲ့ တွက်ချက်မှုအရတော့ ဂြိုဟ်ပတ်လမ်းမှာ ဂြိုဟ်တုလွှတ်တင်ဖို့ဆိုတာက လက်ရှိအခြေအနေနဲ့ မဖြစ်နိုင်သေးပါဘူး"

"မင်းဒါကိုလျှို့ဝှက်ပြီးတွက်ခဲ့တယ်ပေါ့"

စန်ချယ်လီ၏ မျက်နှာသည် နီသွားသော်လည်း သူသည် ခေါင်းညိတ်ပြလိုက်လေသည်။

"ဟုတ်ပါတယ်။.....ဒါနဲ့ ကျွန်တော်တွက်တာ တစ်ခုခုမှားသွားလို့လား။ ဒါလည်းမဖြစ်နိုင်ပါဘူး။ ဒေတာတွေကို သေချာစစ်ထားတာပဲကို ဒီလောက်ဝေးတဲ့နေရာကို တန်ပေါင်းများစွာလေးတဲ့ အရာဝတ္ထုပစ်ဖို့ဆိုရင် ကြောက်ဖို့ကောင်းလောက်တဲ့ တွန်းကန်အားလိုတယ်။ အခုမပြောနဲ့ အနာဂတ်မှာတောင် အဲ့လိုလုပ်ဖို့က သိပ်မသေချာနိုင်ဘူး"

ရှုယီသည် ရယ်လိုက်ပြီး စန်ချယ်လီ၏ ပခုံးအားပုတ်လိုက်လေသည်။

"အာကာသနဲ့ ရူပဌာနက လူတွေနဲ့ မင်းများများ ဆက်သွယ်ဖို့လိုပြီ။ မင်းရဲ့တွက်ချက်မှုတွေက မှန်မှာပါ ဒါပေမယ့် နည်းနည်းလွဲနေတာလေးတွေတော့ ရှိတယ်။ ကောင်းကင်ပေါ်ကို အရာဝတ္ထုတစ်ခု ပို့တယ်ဆိုတာက တစ်ခုခုပစ်လိုက်သလို မရိုးရှင်းဘူး။ ပြီးတော့ ပစ်တာလောက် တွန်းကန်အားမလိုဘူး"

"အဲ့လိုလား။ ကျွန်တော်က အဲ့ဘက်ပိုင်းတွေမသိသေးတော့ လေ့လာဖို့လိုသေးတာပဲ"ဟုပြောရင်း စန်ချယ်လီသည် ခေါင်းကုတ်လိုက်လေသည်။

"အရေးအကြီးဆုံးက အခြားအရာတွေထက် မင်းရဲ့သင်္ချာစွမ်းရည်ကို တိုးတက်လာအောင်လုပ်ပြီး ရှန်ရှင့်ကို ဖြစ်နိုင်သမျှ တိုးတက်အောင်လုပ်ဖို့ပဲ။ အဲ့ဒါက ဂြိုဟ်တုလွှတ်တင်ဖို့ထက် ငါ့အတွက်ပိုရေးကြီးတယ် စန်ချယ်လီ"

စန်ချယ်လီသည် ရှန်ရှင့်အား ကြည့်လိုက်ရင်း သံသယဝင်လာလေသည်။

ထိုအရာများ တွက်ချက်ရာတွင် လွယ်ကူစေရန် သူတီထွင်ထားသောအရာဖြစ်ပြီး သူ့အတွက် အထောက်အကူပစ္စည်းတစ်ခုထက် မပိုသော်လည်း မထင်မှတ်ဘဲ ဥက္ကဌအတွက် အရေးကြီးနေသောကြောင့် အံ့သြဝမ်းသာဖြစ်ရလေသည်။

"ဟုတ်ကဲ့ပါ ဥက္ကဌ။ ကျွန်တော်လုပ်လိုက်ပါ့မယ်။ ဒါနဲ့ ကျွန်တော်သင်္ချာလေ့လာဖို့က အဲ့ဒါနဲ့ ဘယ်လိုများ ပတ်သက်နေတာလဲ"

စန်ချယ်လီသည် ဝေခွဲမရသောအသံဖြင့် မေးလေသည်။

"အခုအချိန်မှာတော့ နားလည်သေးမှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းရဲ့လေ့လာမှုတွေက အဆင့်တစ်ခုကို ရောက်တဲ့အခါမှာ သင်္ချာရဲ့အရေးပါပုံကို သိလာမှာပါ"ဟု ရှုယီသည် လေးနက်စွာကြည့်ရင်း ပြောလေသည်။

စန်ချယ်လီသည်လည်း သဘောတူလေသည်။

ရှန်ရှင့်နှင့်ပတ်သက်၍ အနည်းငယ်ပြောပြီးနောက်တွင် စန်ချယ်လီသည် တစ်စုံတစ်ခုကို တွေးမိကာ ရှုယီအား မေးလေသည်။

"ဥက္ကဌ ကျွန်တော်တို့အခု ဂြိုဟ်တုကို လွှတ်နိုင်ပြီဆိုတော့ နောက်ကျရင် လူတွေကိုပါ လွှတ်နိုင်လောက်လား"

"လွှတ်နိုင်မှာပေါ့။ ဘာလဲ မင်းက ကောင်းကင်ပေါ်ကို ပျံကြည့်ချင်လို့လား"

"ဒါပေါ့! ကျွန်တော့်အိပ်မက်က ကျွန်တော့်အောက် ဂြိုဟ်ကြီးကို မြင်ရဖို့ပဲလေ။ သိပ်လှမှာပဲ!"

"အာကသကပုံတွေ ဒီလောက်ပို့နေတာကို မင်းမငြီးငွေ့သေးဘူးလား"

"ကိုယ်တိုင်မြင်ရတာနဲ့ မှော်ပုံရိပ်ယောင်ကနေ ကြည့်ရတာနဲ့က မတူဘူးလေ"

"ဟုတ်ပါပြီ ဒါပေမယ့် ငါကလည်း လူတွေကို အနာဂတ်မှာ လွှတ်နိုင်မယ်ဆိုတာပဲ ပြောနိုင်တာ ဘယ်အချိန်လဲဆိုတာတော့ မသေချာဘူး။ အဲ့အချိန်ကျရင် မင်းလည်း သွားနိုင်မယ့်သူထဲ ပါချင်မှပါတော့မှာ"

"အာကာသမှာပျံသန်းဖို့က ကျွန်တော့်အိပ်မက်ပဲ"

ရှုယီသည် မပြုံးဘဲမနေနိုင်တော့ချေ။

ထိုအရာမှာ သူ၏အိပ်မက်လည်းဖြစ်ပေသည်။

ယခင်က သူ့အားမည်သူမှ မယုံခဲ့ကြသော်လည်း ဂြိုဟ်တုလွှတ်တင်နိုင်ပြီးနောက်တွင် ထိုစကားမှာ စိုင်စ်နယ်မြေတွင် ရေပန်းစားလာခဲ့သည်။

***

Volume 8, အပိုင်း ၈၀ ။ မှော်ပညာဆိုတာ အမှောင်နည်းပညာတစ်ခုပါပဲ

စန်ချယ်လီ၏ စမ်းသပ်ခန်းမှ ထွက်လာပြီးနောက်တွင် Frestech ကုန်သည်ကြီးများအသင်း၏ အခြေစိုက်စခန်း၏ လမ်းတွင် လျှောက်ရင်း နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ရှုယီ ရရှိခဲ့သော တစ်မျိုးတစ်မည်ခံစားမှုသည် ရှန်ရှင့်ပို၍ အားကောင်းလာသည်ကို သိရှိခဲ့သောကြောင့်ဖြစ်သည်။

လွန်ခဲ့သည့် နှစ်၃၀ကဆိုလျှင် ဤလောက၏ လူနေမှုအဆင့်အတန်းသည် များစွာနိမ့်ကနေပြီး ကျွန်တစ်ဝက်၊ ဒီမိုကရေစီတစ်ဝက်ဖြင့် ရှိနေသေးသည်။

သို့သော် အခုအချိန်တွင် ကမ္ဘာပေါ်ရှိ ခေတ်မီနည်းပညာများနှင့် တန်းတူညီနိုင်သည့် ပစ္စည်းများစွာရှိနေပြီဖြစ်သည်။

ဥပမာအားဖြင့် အိမ်သုံးမှော်စက်များ၊ လမ်းတွင်သွားနေကြသော မှော်ကားများ၊ ကောင်းကင်ပေါ်သို့ ပျံသန်းနေကြသော မှော်လေသင်္ဘောများ၊ ဆိပ်ကမ်းတွင်ကပ်ထားသော မှော်သင်္ဘောများ..........

ထို့ကြောင့် ယခုအချိန်တွင် ကမ္ဘာပေါ်မှ လူတစ်ယောက်သာ ဒီကိုရောက်လာမည်ဆိုပါက သူ့အနေဖြင့် ဒိုင်မေးရှင်းတစ်ခုအား ဖြတ်လာမိသည်ကိုပင် သိလိမ့်မည်မဟုတ်ချေ။

ဤနေရာရှိအရာအားလုံးသည် ကမ္ဘာပေါ်ရှိမြို့များနှင့် အသွင်တူပေသည်။

သူတို့အနေဖြင့် လမ်းတွင်လျှောက်သွားနေကြသော နတ်သူငယ်များ၊ လူပုလေးများနှင့် သားရဲတိရိစ္ဆာန်များအား လျစ်လျှူရှုနိုင်မှ ဖြစ်နိုင်လိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် Frestech ကုန်သည်ကြီးများအသင်း၏ နည်းပညာများသည် ကမ္ဘာမှ ရှုယီယူဆောင်ခဲ့သော နည်းပညာများကို အခြေခံထားသောကြောင့်ဖြစ်ပြီး အခြားတိုင်းပြည်များကလည်း ၄င်းတို့ကို နမူနာယူကာ စက်မှုလုပ်ငန်းများကို ဆောင်ရွက်ကြသောကြောင့် ကမ္ဘာပေါ်မှ နည်းပညာများကို ပုံတူပွားထားသကဲ့သို့ပင် ဖြစ်ချေသည်။

Frestech ကုန်သည်ကြီးများအသင်းသည် အဝေးမှော်ဖြန့်ချီရေးကွန်ယက်အား စတင်မိတ်ဆက်လိုက်သောအခါ ၄င်းတို့သည် ကမ္ဘာပေါ်ရှိ မြို့များနှင့် ပို၍တူလာပြီး ပို၍ ပို၍ ခေတ်မီလာပေသည်။

နှစ်ပေါင်း၃၀အတွင်းမှာပင် စိုင်စ်နယ်မြေအနေဖြင့် ယခင်က အိပ်မက်သာ မက်ရန်တတ်နိုင်သော အခြေအနေမှ လက်တွေ့ နေထိုင်နိုင်ပြီဖြစ်သည်။ ထို့အတွက် ရှုယီသည် ဝမ်းသာပေလေသည်။

သို့သော်....ထိုအရာမှာ မှန်ကန်ပေရဲ့လား။

သူ၏ဘေးပတ်လည်ကို ကြည့်လိုက်သောအခါ ရှုယီ၏ စိတ်ထဲတွင် သံသယများ ပြည့်နှက်လာပေသည်။

သူထိုသို့တွေးမိသည်မှာ ပထမဆုံးမဟုတ်ချေ။

လွန်ခဲ့သည့်လက New Moon ကုန်သည်ကြီးများအသင်းနှင့် အဇ်ရှာရာမျိုးနွယ် လက်တွဲကာ မှော်ပုံရိပ်ယောင် Sleep Assistance Systemအား တိုးမြင့်ရန်ကြိုးပမ်းရာတွင်လည်း သူသံသယဝင်ခဲ့သည်ဖြစ်သည်။

လွန်ခဲ့သည့်၃လက ညတေးသံမျိုးနွယ်နှင့် Moon Shadow Tribeတို့ ကောက်ပဲသီးနှံ အသစ်တစ်မျိုးကို ဖန်တီးကြရာတွင်လည်း သူသံသယဝင်ခဲ့သည်ဖြစ်သည်။

လွန်ခဲ့သည့်နှစ်ဝက်လောက်က မားလိုအင်ပါယာမှ မည်သည့်ရေကိုမဆို စက်ထဲတွင်ရှိသော ရေစစ်ဖြင့် စစ်လိုက်ပါက သောက်ရေအဖြစ်သုံးနိုင်သည့် ရေသန့်ရရှိမည့် မှော်ရေသန့်စက်အား တီထွင်ထဲ့စဉ်ကလည်း သူသံသယဝင်ခဲ့သည်ဖြစ်သည်။

လွန်ခဲ့သည့် ၁၀နှစ်က Frestech ကုန်သည်ကြီးများအသင်းသည် မှော်စက်သွယ်ရေးကွန်ယက်အား စတင်တီထွင်စဉ်ကပင် သူသံသယဝင်ခဲ့သည်ဖြစ်သည်။

ထိုသံသယများသည် သူ့အနေဖြင့် ဤလောကအား အထင်သေးနေရုံသက်သက်သာဖြစ်ကြောင်း သက်သေပြနေလေသည်။

သူသည် နည်းပညာတိုးတက်သော ကမ္ဘာပေါ်မှလာသည်ဖြစ်၍ စိုင်စ်နယ်မြေအား ခေတ်နောက်ကျသည်ဟု ထင်ထားသော်လည်း ၄င်းတို့တွင် သူမမျှော်မှန်းထားသည့် အရာများကိုပင် လုပ်နိုင်စွမ်းရှိသည့် မှော်ဆိုသည့်အရာ ရှိနေပေသည်။

ဥပမာအနေဖြင့် စန်ချယ်လီ၏ မှော်ကွန်ပျူတာနှင့်အပြင် အခြားကိစ္စများလည်း ရှိသေးပေသည်။

ဤလူများသည် သူတို့၏အရည်အချင်းနှင့် မှော်ကို ပေါင်းစပ်ကာ အံ့ဖွယ်အရာများကို စွမ်းဆောင်နိုင်ကြသည်။

သူတို့အတွက် လိုအပ်သည်မှာ အတွေးအမြင်သစ်များပင်ဖြစ်လေသည်။

ယခု ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့သည် ၄င်းတို့အား အတွေးအမြင်သစ်များ လုံလောက်စွာ ပေးပြီးပြီဖြစ်သဖြင့် ၄င်းတို့၏ တီထွင်ဖန်တီးနိုင်စွမ်းသည် တစ်ဟုန်ထိုး တိုးတက်လာပေသည်။

ဤနေရာတွင် ၄င်းတို့သည် ကမ္ဘာပေါ်ရှိ လူများထက် မညံ့ပေ။

ရှုယီကိုယ်တိုင်သည်လည်း ထိပ်တန်း ကျွမ်းကျင်ဘုန်းတော်ကြီးတစ်ယောက်ဖြစ်ရာ နယ်မြေတွင် သူ့အား ယှဉ်နိုင်မည့်သူမရှိအောင်ပင် အစွမ်းထက်သည်ဟု ဆိုနိုင်ပေသည်။

သို့သော် သူသည် မှော်ပညာအား ပို၍စူးစမ်းလေ ပို၍နက်နဲရှုပ်ထွေးလာလေဖြစ်သည်။

အသိသာဆုံးဥပမာမှာ မှော်နေရာကူးပြောင်းခြင်းဖြစ်လေသည်။

ကမ္ဘာပေါ်တွင် ထိုကိစ္စမှာ နှစ်ပေါင်း ၁၀၀ကျော် စူးစမ်းလျှင်ပင် အောင်မြင်နိုင်ချေနည်းသော သိပ္ပံကိစ္စရပ်ဖြစ်ပြီး ခေတ်နောက်ကျသည်ဟုဆိုသော စိုင်စ်နယ်မြေသည် ထိုကိစ္စတွင် ကျွမ်းကျင်နေပြီးဖြစ်လေသည်။

သူ့အား ပို၍အံ့သြစေသည်မှာ မှော်ဆရာများသည် သူတို့ကိုယ်တိုင် အခြားနေရာအား မှော်နေရာကူးပြောင်းခြင်းဖြင့် သွားနိုင်သော်လည်း ပစ္စည်းများအား မပို့နိုင်ခြင်း ဖြစ်လေသည်။

ရှုယီသည် အစက နားမလည်နိုင်သော်လည်း အသူရာနတ်ဆိုးမျိုးနွယ်အကြောင်း လေ့လာပြီးချိန်တွင် အဖြေအရိပ်အမြွက်ကို တွေ့ရှိခဲ့ပြီဖြစ်သည်။

မှော်သည် အသူရာနတ်ဆိုးမျိုးနွယ်မှ ဆင်းသက်လာပြီး နတ်သူငယ်များ၏ လက်ခံနားလည်နိုင်စွမ်းမှာ နည်းသောကြောင့် မှော်စည်းကမ်းများကို သေချာနားမလည်နိုင်သည်မှာ သဘာဝကျပေသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀၀၀က အသူရာနတ်ဆိုးမျိုးနွယ်သည် ၄င်းတို့အား သင်ပေးသော်လည်း ထိုအချိန်က နတ်သူငယ်များ၏ နားလည်နိုင်စွမ်းအရ အသေးစိတ်မလေ့လာနိုင်ဘဲ မည်သို့သုံးရမည်ကိုသာ သိခဲ့ကြလေသည်။

ထို့ကြောင့် နှစ်၁၀၀၀၀ကြာပြီးေနာက်တွင် အဓိကကျသော အသေးစိတ်အချက်အလက်များမှာ ပျောက်ကွယ်သွားခြင်းဖြစ်သည်။

ထို့ကြောင့် စိုင်စ်နယ်မြေတွင် မှော်ပညာများ ထွန်းကားသော်လည်း အခြေခံအသိပညာများ မရှိသောကြောင့် အကြောင်းအရင်းကိုမသိနိုင်သဖြင့် ခေတ်နောက်ကျနေခြင်း ဖြစ်ပေသည်။

ရှုယီေရာက်လာသောအခါ သူ၏ ကမ္ဘာမှ သိပ္ပံဗဟုသုနများ၊ သီအိုရီများနှင့် မှော်နည်းပညာများ ပေါင်းစပ်လိုက်သောအခါ စိုင်စ်နယ်မြေရှိလူများသည် ထိုကိစ္စတွင် အာရုံစိုက်လာကြသည်။

ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့ကြောင့် ၄င်းတို့သည် မှော်ပညာကို အသုံးချကာ စမ်းသပ်မှုများ လုပ်လာကြပြီး အောင်မြင်မှုများစွာရရှိလာကာ ရှုယီအနေဖြင့် ပေါ်သေးမည်ဟု ထင်မှတ်မထားသော အံ့ဖွယ်တီထွင်မှုများမှာ ပေါ်လာပေသည်။

ထို့ကြောင့် ရှုယီအနေဖြင့် စိုင်စ်နယ်မြေအပေါ်တွင် အထင်မှားသွားပြီဖြစ်ကြောင်း ခံစားမိလေသည်။

သူသည် ဤလောကသို့ ရောက်လာချိန်မှစ၍ သူ့ကိုယ်သူ အဓိက ဇာတ်ဆောင်နေရာထားကာ အားလုံးကို သူကိုယ်တိုင်ကိုင်တွယ်၍ တာဝန်အားလုံးကိုထမ်းကာ သူလိုချင်သောပုံစံသွင်းခဲ့သည်ဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် သိလာရသည်မှာ သူလွတ်လပ်ခွင့်ပေးလိုက်မှ ၄င်းတို့၏ တီထွင်ဖန်တီးမှုများသည် တစ်ဟုန်ထိုး တိုးတက်လာသည်ဖြစ်သည်။

ထိုတစ်မျိုးတစ်မည်ခံစားချက်မှာ အသူရာနတ်ဆိုးမျိုးနွယ်ချန်ခဲ့ေသာမှော်ကြောင့် ဖြစ်လေသည်။ ၄င်းတို့သည် တိုးတက်ကျယ်ပြန်သော မှော်ပညာအား ချန်ထားခဲ့သော်လည်း စိုင်စ်နယ်မြေရှိ လူများ၏ နားလည်လွဲမှုကြောင့် ၄င်း၏မူရင်းရည်ရွယ်ချက် ပျောက်ခဲ့ရလေသည်။

ရှုယီေရာက်လာပြီးနောက်ပိုင်း မှော်များကို လက်တွေအသုံးပြုနိုင်သည့် နည်းလမ်းများ ယူဆောင်ခဲ့သော်လည်း နည်းပညာကွာခြားမှုကြောင့် သူမျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာဘဲ ထူးဆန်းနေလေသည်။

ဥပမာအားဖြင့် ရှုယီသည် မှော်ကွန်ပျူတာအကြောင်းကို တစ်ကြိမ်လောက်ပြောဖူးရုံမျှဖြင့် စန်ချယ်လီသည် တီထွင်နိုင်ခဲ့သော်လည်း သူမျှော်မှန်းထားသည့်အတိုင်း မဟုတ်ချေ။

စန်ချယ်လီကိုယ်တိုင်သည် နည်းလမ်းများကို သေချာနားမလည်သော်လည်း မှော်ကွန်ပျူတာကို လုပ်နိုင်ရုံတင်မကဘဲ အသုံးပြုရလွယ်ကူအောင်ပါ တီထွင်နိုင်ခဲ့လေသည်။

ကမ္ဘာပေါ်ရှိလူသားများ၏အမြင်တွင် ထိုအရာသည် အမှောင်နည်းပညာပင်ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရလျှင် စိုင်စ်နယ်မြေရှိ မှော်စက်မှုလုပ်ငန်းတစ်ခုလုံး သို့မဟုတ် မှော်ပညာကိုယ်တိုင်ကိုပင် အမှောင်နည်းပညာဟု ဆိုနိုင်လေသည်။

"ဒါတစ်ကယ်ပဲကောင်းပါ့မလား"

ရှုယီသည် မျက်မှောင်ကြုတ်မိလေသည်။

ယခင်က အဆင့်မြင့် စက်မှုအင်ဂျင်နီယာတစ်ယောက်အနေဖြင့် သူကိုယ်တိုင်သေချာနားမလည်သော အရာတစ်ခုအား အသုံးပြုရန် လွန်စွာခက်ခဲမှန်း သူ့ကိုယ်သူသိလေသည်။

အဘယ်ကြောင့်ဆိုသော် ထိုအရာကိုအသုံးပြုခြင်းသည် တည်ငြိမ်ခြင်းမရှိသည့်အတွက် မှန်းဆ၍မရနိုင်သည့် အန္တရာယ်များ ရှိလာနိုင်ပေသည်။

သို့ရာတွင် ကျွမ်းကျင်ဘုန်းတော်ကြီး တစ်ယောက်ဖြစ်လျှင်ပင် ရှုယီအနေဖြင့် မှော်၏နည်းပညာများကို အကုန်မသိနိုင်ပေ။

အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်၁၀၀၀၀က အသူရာနတ်ဆိုးမျိုးနွယ်၏ မှော်သီအိုရီများနှင့် စိုင်စ်နယ်မြေ၏ မှော်သီအိုရီများသည် လွန်စွာကွာခြားသဖြင့် ရှုယီသည် တစ်ယောက်တည်း မဖြေရှင်းနိုင်သောကြောင့် ဖြစ်လေသည်။

သို့သော် အမှောင်မှော်နည်းပညာသည် အသုံးမဝင်ဟု ပြောခြင်းမဟုတ်ချေ။

ပြောရမည်ဆိုလျှင် သိပ္ပံပညာတွင်လည်း နားမလည်နိုင်သေးသောအရာများစွာရှိနေပြီး သိပ္ပံပညာတိုးတက်လာခြင်းမှာ လူများအနေဖြင့် ထိုအရာကို နားလည်နိုင်အောင် ကြိုးစားခြင်းမှဖြစ်လာလေသည်။ ထို့ကြောင့် ယခင်ရှိပြီးသားအချက်များမှ တိုးတက်ပြောင်းလဲလာခြင်းဖြစ်ပြီး တိကျသော စစ်ဆေးချက်မရှိချေ။

အဆုံးတွင် သိပ္ပံသည်လည်း မှော်ကဲ့သို့ပင် ဖြစ်လေသည်။

အဆုံးတွင် သိပ္ပံပညာသည်လည်း မှော်ကဲ့သို့ပင် အတိအကျ အဓိပ္ပါယ်ဖွင့်ဆိုရန် ခက်ခဲပေသည်။

ရှုယီသည် ထိုကိစ္စကို တွေးလိုက်မိ၍ သက်ပြင်းချမိလေသည်။ သူသည်ဘေးပတ်ဝန်းကျင်တွင်ရှိသော အရာများကို ကြည့်လိုက်ရင်း သူ့စိတ်တွင်ရှိသော သံသယများကို လျှော့ချရန်ကြိုးပမ်းလိုက်လေသည်။

လက်ရှိအခြေအနေအရ သူသည် ဖိအားပေး၍မပြောင်းလဲနိုင်သလို မလိုအပ်ပေ။ အမှန်ဆိုရသော် ပြောင်းလဲနိုင်သည့်အင်အားလည်း သူ့တွင်မရှိပေ။

သူသည် အလုပ်အတွက်ထားသော မှော်ဆက်သွယ်ရေးစက်အား ခါးမှထုတ်လိုက်လေသည်။

"စင်ဒီ ငါ့ကို အင်ပါယာနှစ်ခုရဲ့ ဧကရာဇ်တွေနဲ့ သီးသန့်တွေ့ဖို့ ချိန်းပေးပါဦး"

All Chapters