← Chapters

ကောင်းကင်ဘုံဆုတ်ဖြဲခြင်း

Vol. 125 Ch. 1726

ကောင်းကင်ဘုံဆုတ်ဖြဲခြင်း

Vol. 125 Ch. 1726

သူ့ကိုယ်သူ ယဲ့မို၏ ကလေးဟု ခေါ်သော သက်လတ်ပိုင်းလူသည် နေရာတွင် ရပ်နေ၏။ သူ့လက်နှစ်ဖက်မှာ လှုပ်ရှားလာရင်း ရှေးကလန်အရိပ်များသည် အဆက်မပြတ် မာန်သွင်းဟစ်အော်ကာ ဝမ်လင်းထံ တိုးဝင်လာကြသည်။

ထိုရှေးကလန်ဝင်အရိပ်သုံးခု၏ နောက်၌ ယဲ့မို၏ကြီးမားသည့်ခန္ဓာကိုယ်အရိပ်ကြီး ရှိလေသည်။ သည်အခိုက်တွင် ၎င်းက ဝမ်လင်းထံ လှမ်းလာ၏။

ဝမ်လင်း၏မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်သည်။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေသည်။ သူသည် နောက်ဆုတ်ရမည့်အစား ရှေ့သို့ တိုးကာ သူ့ညာလက်ချောင်းကို ရှေ့တည့်တည့်သို့ ညွှန်၏။ ဘယ်မျက်လုံး ကင်းမဲ့နေသော ရှေးဦးခေါင်းမှာ ဟိန်းအော်သံ ပြု၍ ပျံသန်းလာပြီး ဝမ်လင်း၏ ပေတစ်သောင်းခန္ဓာကိုယ်နှင့် ပေါင်းစပ်သည်။

ထိုပေါင်းစပ်မှုကြောင့် ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ တလက်လက်တောက်ပမှုကို ပေးစွမ်းလာ၏။ ရှေးဦးခေါင်းနှင့် ပေါင်းစပ်ပြီးနောက် ဝမ်လင်းက ဘယ်မျက်လုံးနေရာ အပေါက်တွင် ရပ်နေသည်။

“ယဲ့မိုရဲ့ အမွေအနှစ်ဟာ ဘယ်မျက်လုံး ကင်းမဲ့နေမှတော့ ဒီနေ့ ငါဟာ ဘယ်မျက်လုံး ဖြစ်လာပြီး ဒီအမွေအနှစ်ကို အနည်းငယ် ပိုပြည့်စုံစေမယ်…” ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ တောက်ပမှုသည် ယဲ့မို၏ဘယ်မျက်လုံးကို ထွေးခြုံသည်။ ထိုအခါ ယင်းဦးခေါင်းသည် ပြည့်စုံလာလေ၏။

သည်အခိုက်တွင် ဦးခေါင်းက ပျံသန်းလာပြီး သက်လတ်ပိုင်းလူ၏ ရှေးကလန်အရိပ်သုံးခု၊ ယဲ့မို၏အရိပ်တို့နှင့် ထိပ်တိုက်တွေ့သည်။

ဖျပ်ခနဲအတွင်း ကျယ်လောင်သောအသံမုန်တိုင်း ပဲ့တင်ထပ်၏။ သက်လတ်ပိုင်းလူ၏ ရှေးအရိပ်သုံးခုက ထက်ရှသည့် ဓားများအားလုံး ရှေးဦးခေါင်း၏ မျက်လုံးများနှင့် မျက်ခုံးနှစ်ခုကြားသို့ ထွင်းဖောက်လာသည်။

ထို့နောက်တွင် သက်လတ်ပိုင်းလူကြောင့် ဖြစ်ပေါ်လာသော ယဲ့မို၏အရိပ်က နီးကပ်လာကာ လက်သီးတစ်လုံး ပစ်သွင်းသည်။

ထိုအခိုက်တွင် သည်ကြယ်အဖွဲ့အစည်း၌ ကောင်းကင်နှင့်မြေကြီး ရှိပါက တွန့်ခေါက်သွားရလိမ့်မည်ပင်။ ဝမ်လင်း၏ရှေးဦးခေါင်းက ၎င်း၏ပါးစပ်ကို ဟကာ ရှေးအော်ရာကို မှုတ်ထုတ်သည်။

ထိုမှုတ်ထုတ်မှုက ဝမ်လင်းအမွေအနှစ်၏ အနှစ်သာရပင်၊ ရှေးကလန်၏မန္တာန်တစ်ခု ဖြစ်၏။

ကျယ်လောင်စွာ တုန်ဟည်းသံတို့ ပဲ့တင်ထပ်သည်။ ဝမ်လင်းနှင့် သက်လတ်ပိုင်းလူတို့က ထိပ်တိုက်တွေ့သည့်အခါ သက်လတ်ပိုင်းလူက တုန်ယင်လေ၏။ ရှေးကလန်သုံးခု၏ အရိပ်များ ပျက်စီးသွားသည့်အခါ ယဲ့မို၏အရိပ်မှာလည်း လွင့်ပါးကွယ်ပျောက်၏။

သက်လတ်ပိုင်းလူ၏ မျက်နှာမှာ ဖြူရောသွားပြီး သူက သွေးအန်ကာ လွင့်ထွက်သွားရလေ၏။

ဝမ်လင်းမှာလည်း မသက်သာပေ။ ရှေးဦးခေါင်း၏ မျက်ခုံးနှစ်ခုကြား ထိုးစိုက်သည့် ဓားသုံးလက်က ထွင်းဖောက်၍ သူ့ခန္ဓာကိုယ်ကို ထိမှန်၏။

ယဲ့မိုခန္ဓာကိုယ်၏ လက်သီးချက်လည်း ရှိသေး၏။ ထိုလက်သီးချက်က ရှေးဦးခေါင်းကို တုန်ယင်စေကာ ပေါက်ကွဲသွားစေသည်။ ဝမ်လင်းက သွေးအန်ကာ နောက်သို့ အမြန် ဆုတ်သည်။

သူ့မျက်ခုံးနှစ်ခုကြား၌ ဒဏ်ရာတစ်ခု ဖြစ်ပေါ်ပြီး သွေးကြောင်းတစ်ခု ထင်ကျန်ခဲ့သည်။ သူ့မျက်လုံးနှစ်လုံးထံမှ သွေးစီးကြောင်းနှစ်ခု စီးကျလာ၏။ သူ၏အမြင်မှာ ဝေဝါးသွားကာ အနီရောင်သွေးဖြင့် စွန်းထင်းသည်။

ဝမ်လင်းသည် နောက်ဆုတ်နေရင်း သူက အလွန်အမင်း ကြမ်းကြုတ်ဟန် ပေါ်သည်။ သူက ခေါင်းမော့ကာ ယဲ့မို၏ကလေးဟူသော သက်လတ်ပိုင်းလူကို စိုက်ကြည့်သည်။

ယဲ့မို၏ကလေးကလည်း ဝမ်လင်းကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် မော့ကြည့်လာ၏။ ဤသည်မှာ အသေအရှင်တိုက်ပွဲ ဖြစ်၏။ သေရင်သေ၊ မသေရင်ရှင်ပေမည်။ တခြားရွေးချယ်စရာ မရှိလေပေ။

သည်အခိုက်၌ သူက ခေါင်းမော့ကာ သူ၏မျက်လုံးထဲတွင် တိုက်ပွဲဆန္ဒတို့ ပြည့်လေသည်။ သူက ရှေ့သို့ လှမ်းလာ၏။ သူက ရှေ့သို့ ပျံသန်းလာကာ လေဟာနယ်ထဲသို့ လက်ညွှန်လိုက်လေ၏။

“ကြယ်များ…ကောင်းကင်နဲ့မြေကြီး ဖြစ်လာစေ…” ယဲ့မို၏ကလေးက မာန်သွင်းအော်ဟစ်၏။ ထို့နောက် ဘီးအစီအရင်အပြင်ဘက်ရှိ ဟင်းလင်းပြင်သည် တွန့်ခေါက်ပုံပျက်လာ၏။ စွမ်းအားတစ်ခု မြင့်တက်လာကာ အတွင်းနယ်မြေကို ရှုပ်ထွေးစေသည်။

ဝမ်လင်း၏မျက်လုံးမှာ ကျဉ်းမြောင်းသွား၏။ တွန့်ခေါက်ပျက်စီးသော ဟင်းလင်းပြင်က သူ့ကို ကြီးစွာ တုန်လှုပ်မိစေသည်။ သူ့ကို အန္တရာယ်အငွေ့အသက် ပေးစွမ်းလာ၏။

ဝမ်လင်းက ထိုခံစားချက်နှင့် အလွန်ရင်းနှီးပါ၏။ သူ့တဘဝလုံး ဒီအန္တရာယ်အာရုံနှင့် အသားကျနေခဲ့ခြင်းပင်။ တုံ့နှေးမနေဘဲ ဝမ်လင်းက လေဟာနယ်ထံ လက်ညွှန်လိုက်ရာ အစိမ်းရောင်အလင်း ပျံသန်းထွက်လာသည်။

ထိုအလင်းထဲ၌ ဒိုင်းငယ်တစ်ခု ရှိလေ၏။ သည်ဒိုင်းထံ၌ ရှေးအချိန်၏အိပ်မက်ကို ဆင့်ခေါ်နိုင်သော မန္တာန်တစ်ခု ပါဝင်သည်။

အတိတ်တုန်းက ဝမ်လင်း၏ ကျင့်ကြံမှုအဆင့် နိမ့်ကျစဉ်ကပင် ဒီရှေးအချိန်အိပ်မက်ကို အသုံးပြုသည့်အခါ ကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ဖို့ လုံလောက်ခဲ့ပေ၏။ ခုချိန်၌ ဝမ်လင်းက ၎င်းကိုလေ့လာ၍ အိပ်မက်တာအိုမန္တာန်ဖြင့် ထိုရှေးအချိန်၏အိပ်မက်မန္တာန်ကို ပြောင်းလဲမှု လုပ်ထားခဲ့သည်။

သူ၏လက်ထဲတွင် အစိမ်းရောင်အလင်းဒိုင်း ရှိလာစဉ် ဝမ်လင်း၏ရှေးဟောင်းစွမ်းအားသည် သူ၏ခန္ဓာကိုယ်မှ မြင့်တက်ကာ ၎င်းဒိုင်းထံသို့ ဝင်ရောက်သည်။ ၎င်းမှာ ထိုမန္တာန်ကို ဆင့်ခေါ်လေတော့မည် ဖြစ်၏။

ချောက်ကပ်ငြိမ်သက်မှု ခံစားချက်က ဒီကြယ်အဖွဲ့အစည်းထံမှ ထွက်ပေါ်လာသည်။ အစီအရင်ဘီးကို ဝန်းရံထားသော ကြယ်အဖွဲ့အစည်းသည်ပင် ရှေးကာလအချိန်များသို့ ပြန်ရောက်သွားသည်ဟု ထင်မှတ်ရသည်။ ဟင်းလင်းပြင်မှာ ကောင်းကင်နှင့်မြေကြီး၏ အစားထိုးခြင်း ခံရသည်။

ထိုအရာများက အတုအယောင်ဟု ထင်ရသော်လည်း အတော်လေးကို အစစ်အမှန် ဖြစ်နေသည်။ ၎င်းက လူတစ်ယောက်၏ စိတ်နှလုံးကို တုန်ခါစေနိုင်၏။ မြေပြင်ထက်တွင် ရှေးဟောင်းနတ်ဆိုး၊ မိစ္ဆာ၊ နတ်ဘုရားများ၏ ဧရာမအရိပ် ပေါ်လာ၏။ တုန်ဟည်းသံများ မြေပြင်တခွင် ပျံ့နေရင်း ကောင်းကင်မှာလည်း တုန်ခါနေသည်။

ရှေးကလန်သုံးခု ကလန်ဝင်များသည် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြ၏။ ယင်းတို့က မြေပြင်အနှံ့ ပြည့်နှက်သည်။ ထိုသူတို့မှာ အရေအတွက်အားဖြင့် သုံးထောင်မျှသာ ရှိသော်လည်း သူတို့၏ကြီးမားလှသည့် ခန္ဓာကိုယ်များကြောင့် အဆုံးမရှိသည့်ပုံ ပေါ်နေခြင်းပင်။

ရှေးလောက၌ လေပြင်းများ တိုက်ခတ်နေ၏။ သို့သော် ထိုလေထဲ၌ပင် ရှေးကျမှုနှင့် သေခြင်းတရားတို့ ပြည့်နေ၏။

ယဲ့မို၏ကလေးမှာ ရှေးကာလအိပ်မက်ထဲသို့ ဆွဲငင်ခြင်း ခံလိုက်ရ၏။ သူက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ သူ့ပတ်လည်ရှိ လောကကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသည့်နောက် သူ၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားသည်။

ထိုအခိုက်အတန့်၌ လောကသည် တွန့်ခေါက်ပုံပျက်လာကာ ကောင်းကင်ယံရှိ တိမ်စိုင်များထံမှ ဧရာမခြေလှမ်း စောင့်နင်းလာသည်။ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်၍ မြေပြင်ထုသည် အပြင်းအထန် တုန်ယင်လေသည်။

အက်ကြောင်းများ အဆုံးမရှိ စတင် ပျံ့နှံ့လာ၏။

ကြီးမားသည့်ခြေထောက် ပင့်တင်လိုက်ချိန်၌ တွင်းနက်တစ်ခု ထင်းထင်းကြီး ပေါ်သည်။ သည်တစ်ကြိမ်၌ ထိုခြေထောက်က ယဲ့မို၏ကလေးပေါ်သို့ ကျရောက်လာခြင်းပင်။

ယဲ့မို၏ကလန်းမှာ ကြမ်းကြုတ်သောဟန်အမူအရာဖြင့် သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

“ငါ့အဖေရှိက အမွေဆက်ခံခဲ့တဲ့ အသန်မာဆုံးမန္တာန်၊ ငါဟာ လောကရဲ့ အရာအားလုံးကို ကောင်းကင်နဲ့မြေကြီးအဖြစ် ပြောင်းလဲစေမယ်။ ငါ့ရှေးလက်နှစ်စုံကို အသုံးပြုပြီး ကောင်းကင်နဲ့မြေကြီးကို ဖွင့်လှစ်ဆုတ်ဖြဲမယ်။ ဒီမန္တာန်ကို ကောင်းကင်ဘုံဆုတ်ဖြဲခြင်းလို့ ခေါ်နိုင်တယ်…”

သူ ထိုသို့ အော်ဟစ်နေရင်း ယဲ့မို၏ကလေးက လေဟာနယ်ကို ခပ်ကြမ်းကြမ်း ဖမ်းဆွဲလိုက်လေ၏။

စူးရှသော ဆုတ်ဖြဲသံ ပဲ့တင်ထပ်ကာ လောကသည် တုန်ယင်၏။ လောကမှာ တုန်ခါနေရင်း သူက ထိုဧရာမအက်ကြောင်းကို အမှန်တကယ် ဖွင့်လှစ်လိုက်လေသည်။

ထိုဆုတ်ဖြဲသည့်စွမ်းအားမှာ ယဲ့မို၏ အလွန်တရာအစွမ်းထက်သောမန္တာန်ပင်။ ဝမ်လင်းသည်ပင် သူ၏အမွေအနှစ်မှတဆင့် ၎င်းမန္တာန်နာမည်ကိုသာ သိထားပြီး အသုံးပြုနိုင်မည့် နည်းလမ်းကိုမူ မသိရှိထားပေ။

ထိုခြေထောက်က ယဲ့မို၏ကလေးပေါ်သို့ ကျရောက်လာသည့်အခါ သူက မာန်သွင်း၍ လက်နှစ်ဖက်ကို ပင့်မြှောက်လိုက်၏။ သူက ထပ်မံ ဆုတ်ဖြဲလိုက်ရာ ဧရာမခြေထောက်သည် တုန်ယင်ရသည်။ ၎င်းခြေထောက်မှာ မထင်မှတ်စွာဖြင့် ဆုတ်ဖြဲအားကြောင့် ထက်ပိုင်းကွဲသွားလေ၏။

ဧရာမခြေထောက်ကြီးကို ဆုတ်ဖြဲပြီးနောက် ယဲ့မို၏ကလေးက လှည့်၍ အကွာအဝေးတစ်ခုရှိ ဝမ်လင်းကို စိုက်ကြည့်သည်။ သူက ကောင်းကင်နှင့်မြေကြီးကို ဆုတ်ဖြဲရင်း ဝမ်လင်းထံ တိုးဝင်လာသည်။ လောကသည် တုန်ဟည်းကာ အက်ကြောင်းကြီးများ ပေါ်လာ၏။

သူ့ကို ပိတ်ဆို့ထားသော ရှေးကလန်သုံးခု၏ အရိပ်များသည်ပင် သည်ဆုတ်ဖြဲအားကြောင့် ထက်ပိုင်းခြမ်းခံရသည်။

ရှေးအချိန်အိပ်မက်မန္တာန်သည်ပင် သူ့ကို တစ်စက်လေးမှ တားဆီးနိုင်ခြင်း မရှိပေ။ သူက သွေးလမ်းကြောင်းတစ်ခုကို ဆုတ်ဖြဲကာ ဝမ်လင်းနှင့် ပေတစ်ထောင်အတွင်း ရောက်လာ၏။

ဝမ်လင်း၏မျက်လုံးထဲပ တိုက်ပွဲဆန္ဒ ပြည့်နှက်လာ၏။ ယဲ့မို၏ကလေးက နီးကပ်လာသည့်အခါ သူက ညာလက်ကို ပင့်မြှောက်၍ လက်ဝါးအသွင် ဖြစ်ပေါ်စေကာ ဖိချသည်။

ထိုလက်ဝါး ကျဆင်းလာရင်း ယဲ့မိုကလေးက မာန်သွင်းလိုက်၏။ ဝမ်လင်း၏လက်ဝါးက ကောင်းကင်နှင့်မြေကြီးအလား။ ယဲ့မို၏ကလေးက ဝမ်လင်း၏လက်ဝါးကို ဆုတ်ဖြဲပစ်ရန် ကောင်းကင်ဘုံဆုတ်ဖြဲခြင်း မန္တာန်ကို အသုံးပြုလေ၏။

ဝမ်လင်း၏လက်ဝါး ကျဆင်းလာချိန်၌ သူ့လက်ချောင်းများက လက်သီးအသွင် ဖမ်းဆုပ်လိုက်ရာ ကံမ္မလက်ဝါး ပေါ်လာစေသည်။ လက်သီးအသွင် ဖြစ်ပေါ်စေသည့်အခါ ယဲ့မို၏ကလေးလက်မှ မမြင်ရသောအော်ရာ ဆွဲနှုတ်ခြင်း ခံရသည်။ ဝမ်လင်းက ထိုအော်ရာကို ချေမွပစ်လိုက်၏။ ထိုအခါ ယဲ့မို၏ကလေး လက်နှစ်ဖက်မှာ ခဏတာ တန့်သွားရသည်။ သို့သော် သူက ဝမ်လင်းထံ ဆုတ်ဖြဲအားဖြင့် နီးကပ်လာဆဲပင်။ ဝမ်လင်းသည် သူ့မျက်ခုံးနှစ်ခုကြားမှ စူးရှရှနာကျင်မှုကို ခံစားမိ၏။

“အစွမ်းထက်လိုက်တဲ့မန္တာန်…”  ဝမ်လင်း၏မျက်လုံးသူငယ်အိမ် ကြုံ့သွားကာ သူက နောက်ဆုတ်ရလေ၏။ ကောင်းကင်ဘုံဆုတ်ဖြဲခြင်းမန္တာန်က သူ့ကို တုန်လှုပ်စေမိသည်။ တစ်ချိန်တည်းမှာလည်း သူ့ထံ၌ လိုချင်စိတ်တို့ ပြည့်လာ၏။ သူက သည်မန္တာန်အပါအဝင် အရာအားလုံးကို ရယူချင်နေသည့်အတွက် ယဲ့မို၏ကလေးကို သတ်ချင်နေ၏။

ဝမ်လင်းက နောက်ဆုတ်နေစဉ် ယဲ့မို၏ကလေးက ရူးသွပ်သွားသည်ဟု ထင်မှတ်ရကာ ရှေ့သို တရကြမ်း တိုးဝင်လာသည်။ သူ့လက်နှစ်ဖက်ဖြင့် ထပ်မံ ဆုတ်ဖြဲပြန်၏။ ကျယ်လောင်စွာ ပေါက်ကွဲသံနှင့်အတူ သူ့လက်နှစ်ဖက်မှာ ရပ်တန့်သွားရ၏။ သူ ဝမ်လင်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ရန် ကြိုးစားသည့်အခါ ခုခံမှုတစ်ခု ရှိနေသည့်အလား။

“ကောင်းကင်ဘုံဆုတ်ဖြဲခြင်း…”  ယဲ့မိုကလေးက တဖန် အော်ဟစ်လိုက်ပြန်၏။ ပြင်းထန်သောနာကျင်မှုက ဝမ်လင်းထံ လှိုက်တက်လာသည်။ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားတွင် သွေးကြောင်းတစ်ခု ပျံ့နှံ့လာကာ သူ့ရင်ဘက်နှင့် ဝမ်းဗိုက်အောက်ပိုင်းထိ ရောက်ရှိလာလေ၏။

သွေးများ တဖြောင့်တည်း ပန်းထွက်ကာ သူက သူ့ခန္ဓာကိုယ် ဆုတ်ဖြဲခံရသည့်အသံကို ကြားရသည်။ သူသည် သူ့အရေပြားများ အနွှာခံရကာ အရိုးများကို လှစ်ဟပေါ်စေသလို ခံစားရ၏။

သူ့မျက်ခုံးနှစ်ခုကြားမှ သွေးစီးကြောင့် ပျံ့လွင့်ကာ သူ၏ဦးခေါင်းခွံ လှစ်ဟပေါ်သည်။ သူ့နှာခေါင်းနှင့် ရင်ဘက်တို့မှာလည်း အလားတူပင်။ အရေပြားမှာ ပိုင်းဖြတ်ခံရပြီး အရိုးများ ထင်းလာသည်။

သူ၏အရိုးများသည်ပင် စတင်ရုန်းကနေရတော့၏။

ထိုသို့သော သေရေးရှင်ရေးအခြေအနေ၌ ဝမ်လင်းက ဘယ်လက်ကို ပင့်မြှောက်လိုက်ရာ ယဲ့မိုကလေးထံ အသက်ဓာတ်အားပြည့်ဝသော လက်ဖြင့် ရိုက်ချလိုက်၏။ တစ်ချိန်တည်းမှာ သေဆုံးခြင်းအပြည့်အဝ ပါနေသည့် သူ့ညာလက်ဖြင့် ယဲ့မို၏ကလေးထံ ရိုက်ချလိုက်ပြန်သည်။

သေခြင်းရှင်ခြင်းချိပ်ဟန် ပေါ်လာခဲ့လေပြီ။

သို့သော် သည်အရာက ရူးသွပ်နေသော ယဲ့မို၏ကလေးကို ရပ်တန့်နိုင်စွမ်း မရှိသေးပေ။ ယဲ့မို၏ကလေးက ဒဏ်ရာရမည်၊ သို့မဟုတ် သေမည်ကိုပင် ဂရုမစိုက်လေသည့်အလား။ သူ့စိတ်ထဲ၌ တစ်ခုတည်းသောအတွေးမှာ ဝမ်လင်းကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ရန်သာ။

“ကောင်းကင်ဘုံဆုတ်ဖြဲခြင်း…” မာန်သွင်းလျက် ယဲ့မို၏ကလေးက ကောင်းကင်နှင့်မြေကြီးကို ထပ်မံ၍ ကြမ်းကြမ်းတမ်းတမ်း ဆုတ်ဖြဲလေပြန်၏။

***

All Chapters