ကျီမိသားစု
Vol. 2 Ch. 24
“အမေ” ကျီကျောက် နောက်ကို အသာလှည့်ကြည့်ပြီး ရှက်ရွံ့စွာ ခေါင်းငုံ့ထားသည်။
မူလကိုယ်သည် အလွန်ရူးမိုက်သောကြောင့် ကျောက်ရှန်း၏ လှည့်စားခြင်းကို ခံခဲ့ရသည်။
မူလကိုယ်က ရှန်းမိသားစုထံမှ ခိုးယူသွားသော ပိုက်ဆံအားလုံးကို ကျောက်ရှန်းအား ပေးလိုက်သည်ကို ပြန်တွေးရင်း ကျီကျောက်တစ်ယောက် ရင်နာသွားခဲ့သည်။
ကျီကျောက်သည် မူလကိုယ်မှာ စတော့ခ်ဟုမ်းရောဂါလက္ခဏာရှိသည်ဟု ပြင်းပြင်းထန်ထန် သံသယရှိမိခဲ့သည်။
ကျောက်လန်ဟွာသည် သူမ၏ ညာဖက်လက်ကို ရုတ်တရက် ဆုပ်ကိုင်ကာ ဂရုတစိုက် ကြည့်လိုက်သည်။
“နောက်ကျရင် နင် တစ်ယောက်ယောက်ကို ရိုက်ချင်ရင် နင့်စွမ်းရည်တွေကို သုံးရမယ်။ အခုတော့ ကြည့်ပါဦး၊ နင့်လက်တွေကို ရောင်ကုန်ပြီ” ကျောက်လန်ဟွာက စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“နားလည်ပါပြီ အမေ” ကျီကျောက်က ပေါ့ပေါ့ပါးပါး ပြုံးပြပြီး ပို၍ စိတ်အေးလက်အေး ခံစားလိုက်ရသည်။
သမီးယောက္ခမနှစ်ယောက်သား လမ်းလျှောက်နှုန်းကို အရှိန်မြှင့်ကာ နောက်ဆုံးတော့ ရှီလျို့ရွာသို့ ရောက်ရှိသွားခဲ့သည်။
ရှီလျို့ရွာ၏ တည်နေရာသည် ရှန်းဟယ်ရွာထက် အနည်းငယ် ပိုချောင်ကျသည်။ ပိုအရေးကြီးသည်မှာ ရှီလျို့ရွာသည် တောင်ပေါ်တွင် တည်ရှိသည်။ အနီးနားတွင် ရေအရင်းအမြစ် မရှိပေ။ ထို့ကြောင့် အိမ်ထောင်စုတိုင်း၏ လယ်ကွင်းများတွင် ခြောက်ကပ်ပြီး အက်ကြောင်းများ ပေါ်လာခဲ့သည်။
ရွာရှိ စားလို့ ရသမျှ အရာတိုင်းကို အကုန်တူးပြီးပြီ။
ကျီမိသားစုအိမ်သည် ရွာ၏ အဆုံးတွင် တည်ရှိသည်။ သုံးပင်ဆိုင် အိမ်အပုလေး ဖြစ်သည်။
ခြံတံခါးရှေ့မှာ သလဲပင် နှစ်ပင် စိုက်ပျိုးထားသည်။
စိမ်းလန်းစိုပြေသော အကိုင်းအခက်များနှင့် အရွက်များ ရှိသင့်သော သလဲပင်သည် ခြောက်သွေ့ပြီး ဗလာကျင်းနေသည်။
အဟွတ်… အဟွတ်…
ဘယ်ဖက်အခန်းမှ ချောင်းဆိုးသံ ခပ်ပြင်းပြင်း အဆက်မပြတ် ထွက်ပေါ်လာပြီး ကျီကျောက်၏ အတွေးများကို အနှောင့်အယှက်ပေးလာခဲ့သည်။
“နင့်အဖိုးရဲ့ ရောဂါက အရှင်းမပျောက်သေးဘူးထင်တယ်” ကျောက်လန်ဟွာက မျက်မှောင်ကြုတ်ပြီး သက်ပြင်းချမိသည်။
“အင်း” ကျီကျောက်သည် ခြံစည်းရိုးတံခါးကို တွန်းဖွင့်ပြီး အပြုံးဖြင့် အော်ခေါ်လိုက်သည်၊ “အဖိုး၊ အဖွား၊ အိမ်မှာ ရှိကြလား”
“အင်း… အင်း ရှိတယ်” မီးဖိုချောင်ထဲမှာ ထင်းစီနေတဲ့ အမျိုးသမီးရှဲ့သည် အလျင်စလို ထွက်လာခဲ့သည်၊ “အာ့ထောင်၊ နင်လား။”
“ဟုတ်တယ် အဖွား၊ ကျွန်မ ပြန်လာတယ်” ကျီကျောက်သည် ယဉ်ယဉ်ကျေးကျေးပြုံးပြီး နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်၊ “အဖွား၊ ကျွန်မရဲ့ ယောက္ခမလည်း ပါလာတယ်။ အမေ့ကို ဧည့်ခံဖို့ အဖွားကိုပဲ ဒုက္ခပေးရတော့မယ်။ မီးဖိုချောင်ထဲက ကိစ္စတွေကို ကျွန်မနဲ့ ထားခဲ့လိုက်ပါ။”
“အိုး… ခမည်းခမက်လည်း ပါလာတာလား” အမျိုးသမီးရှဲ့က အစာသွပ်မုန့်ကို လက်ထဲမှာ ကိုင်ထားတဲ့ ကျောက်လန်ဟွာကို ကြည့်ပြီး သူမရဲ့ အပြုံးတွေက ကျယ်ပြန့်လာခဲ့သည်၊ “မြန်မြန်၊ မြန်မြန် ဝင်လာပြီး ထိုင်ပါဦး”
အမျိုးသမီးရှဲ့သည် ကျောက်လန်ဟွာကို အိမ်ခန်းထဲသို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့သည်။
ကျီမိသားစု၏ အိမ်တွင်းခန်းသည် အလွန်ရိုးရှင်းသည်။ အနီရောင်မှိန်ဖျော့နေသော ခုံတန်းရှည် နှစ်လုံးနှင့် လေးထောင့်စားပွဲ တစ်လုံးသာ ရှိသည်။
“ခမည်းခမက်၊ အိမ်မှာတော့ ဘာမှ မရှိဘူး။ သကြား လက်တစ်ဆုပ်စာတော့ ကျန်သေးတယ်။ ရှင့်ကို အဲ့တာလေးနဲ့ပဲ ဧည့်ခံရတော့မယ်” အမျိုးသမီးရှဲ့သည် ကျောက်လန်ဟွာအတွက် သကြားရေတစ်ခွက်ကို အမြန်လောင်းထည့်ပေးလိုက်သည်။
သကြားရေတွေနဲ့ ပြည့်နေတဲ့ ကြွေရည်သုတ်ပန်းကန်လုံးကြီးက အနားတောင် ပျောက်နေခဲ့သည်။
ကျီမိသားစုက တကယ်ဆင်းရဲလေသည်။
“ရှင်က ယဉ်ကျေးလွန်းနေပါပြီ” ကျောက်လန်ဟွာက ခပ်ပြုံးပြုံးဖြင့် ထိုင်ချကာ အစာသွပ်မုန့်ဗူး နှစ်ဗူးကို စားပွဲပေါ် တင်လိုက်သည်၊ “ရှင် ဘယ်လို အရသာမျိုးကို ကြိုက်တာလဲဆိုတာ မသိတာကြောင့် ကျွန်မ နှမ်းအစာသွပ်မုန့်နှစ်ဗူးပဲ ယူလာလိုက်တယ်။ စမ်းစားကြည့်ပါဦး။”
“အိုး… ဘုရားရေ၊ ခမည်းခမက်၊ ရှင်က ယဉ်ကျေးလွန်းနေပါပြီ…” အမျိုးသမီးရှဲ့က အပြုံးဖြင့် ပြောလိုက်သည်၊ “အာ့ထောင်ကို ကျွန်မတို့ဆီ အလည်ပြန်ခေါ်လာပေးတာကပဲ ရှင်တို့ကို အရမ်းကျေးဇူးတင်မိပါတယ်… လူအိုကြီးက အရမ်းနေမကောင်းတာကြောင့်သာ မဟုတ်ရင် ကျွန်မ အာ့ထောင်ကို အိမ်ထောင်စောစောချပေးမှာ မဟုတ်ပါဘူး…”
အမျိုးသမီးရှဲ့သည် ရုတ်တရက် သူမ၏ မျက်ရည်များကို သုတ်ဖယ်ပြီး ဝမ်းနည်းစွာ ရှိုက်လိုက်သည်၊ “ကျွန်မ မနေ့ကပဲ အာ့ထောင် ရှန်းမိသားစုရဲ့ တတိယသားကို မျက်နှာပျက်စေမယ့်ကိစ္စတစ်ခု ပြုလုပ်ခဲ့တယ်လို့ ကြားခဲ့ရတယ်။ ဒါတွေအားလုံး ကျွန်မတို့ သူမကို ကောင်းကောင်း မသင်ကြားပေးခဲ့မိလို့ပါ… ဒါပေမယ့် လူအိုကြီးက နေမကောင်းတာနဲ့ ကျွန်မတို့တွေ တင်တောင်းငွေ ငွေ နှစ်ချောင်းကို ဆေးကုသဖို့ သုံးစွဲပြီးသွားပြီ…”
ကျောက်လန်ဟွာ၏ မျက်လုံးများ တွန့်သွားခဲ့သည်။
ကြည့်ရတာ အဘွားကြီးက အထင်လွဲနေပုံရသည်။
“ရှင် နားလည်မှုလွဲနေပြီ။ ကျွန်မတို့ ဒီကို ပိုက်ဆံအတွက် လာခဲ့တာ မဟုတ်ပါဘူး” ကျောက်လန်ဟွာက သူမကို အမြန်နှစ်သိမ့်ပေးခဲ့သည်၊ “အာ့ထောင်က အရမ်းကောင်းတယ်။ သူမက ကျွန်မရဲ့ တတိယသား မျက်နှာပျက်ရမယ့် ကိစ္စ တစ်ခု မလုပ်ခဲ့ပါဘူး။ အဲ့ဒါတွေအားလုံးက အတင်းပြောတဲ့ မိန်းမတွေ ချဲ့ကားပြောဆိုနေကြတာသက်သက်ပါပဲ။ သူတို့ရဲ့ အဓိပ္ပါယ်မရှိ ပြောနေတာတွေကို နားမထောင်ပါနဲ့။”
“တကယ်… တကယ်လား” အမျိုးသမီးရှဲ့သည် ငိုနေတာကို ရပ်လိုက်ပြီး သူမကို ကြည့်ရတာ အရမ်းအံ့အားသင့်နေပုံရသည်။