← Chapters

တစ်နှစ်

Vol. 125 Ch. 1727

တစ်နှစ်

Vol. 125 Ch. 1727

အက်ကွဲသံများ ဝမ်လင်း၏နားထဲတွင် ပဲ့တင်ထပ်၏။ သူ့ဦးခေါင်းနှင့် သူ့ရင်ဘက်ထံ၌ အက်ကြောင်းတစ်ခု ပေါ်လာသည်။ သူ့အရိုးများ စတင်၍ တစစီ ဖြစ်လာသည်။

သေရေးရှင်ရေးအခိုက်၌ ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ သူမျက်လုံး မှိတ်လိုက်သည့်အခါ လောကရှိ အရာအားလုံးသည် အတုအယောင် ဖြစ်လာသည်။ နာကျင်မှုအားလုံး ပျောက်ကွယ်သွား၏။

တစ်ချိန်တည်းမှာ ဝမ်လင်းက သူ့လက်ကို ပင့်မြှောက်ကာ မျက်လုံးမှိတ်၍ လက်ဝေ့ယမ်းလိုက်သည်။

ထိုလက်ဝေ့ယမ်းချက်က ကောင်းကင်ကို အရောင်ဖျော့သွားစေသည်။ မြေပြင်ကို သွေ့ခြောက်သွားစေသည်။ ရှေးကလန်သုံးခုအော်ရာများ ပျောက်ကွယ်သွားလေ၏။ အစိတ်အပိုင်းတစ်ခုက ကောင်းကင်ထက်သို့ ပျံသန်း၍ တခြားအစိတ်အပိုင်းတစ်ခုက မြေပြင်ထက်သို့ ပျံသန်းလာသည်။

“အိပ်မက်တာအို၊ ရှေးအချိန်ကအိပ်မက်မန္တာန်နဲ့ ပေါင်းစပ်စေ၊ ဒီအိပ်မက်ဟာ ငါ့အိပ်မက် ဖြစ်လိမ့်မယ်။ ရှေးကလန်သုံးခုရဲ့ အော်ရာတွေ အိပ်မက်စွမ်းအားအဖြစ် ပြောင်းလဲပြီး ငါ့ရဲ့ အင်မောတယ်အိပ်မက်မန္တာန် ဖြစ်လာစေ….။ ငါ မျက်လုံးမှိတ်လိုက်တဲ့အခါ အရာအားလုံးဟာ အတုအယောင်၊ ငါမျက်လုံးဖွင့်လိုက်ရင် ငါ့အိပ်မက်ထဲ ဝင်ရောက်မယ်…”  ဝမ်လင်းသည် ရုတ်တရက် မျက်လုံး ပြန်ဖွင့်လာ၏။

ဝမ်လင်းသည် ရှေးအချိန်များအိပ်မက် မန္တာန်ကို လေ့လာခဲ့ပြီး ဖြစ်၏။ ၎င်းက သန်မာလှသော်လည်း အကန့်အသတ်များ ရှိနေဆဲပင်။ ရှေးအချိန်အိပ်မက်မန္တာန်မှာ ဒိုင်း၏ပိုင်ရှင် သူ မှတ်မိသမျှ အရာအားလုံးကို ဆင့်ခေါ်နိုင်သော ၎င်းက သတ်ဖြတ်ရန်အတွက် အိပ်မက်အဖြစ်သို့ ပြောင်းလဲခြင်းပင်။

သို့ပေမည့် ထိုဒိုင်း၏ပိုင်ရှင်သခင်က သေဆုံးသွားခဲ့ပြီးဖြစ်သလို ထိုအိပ်မက်မှာလည်း သေဆုံးခဲ့ပြီး ဖြစ်၍ ပြောင်းလဲနိုင်စွမ်း မရှိတော့ပေ။  ဝမ်လင်း၏ကိုယ်ပိုင် အိပ်မက်တာအိုက ထိုအချက်ကို ဉာဏ်ကွန့်မြူးထားခြင်းပင်။ သည်အခိုက်၌ သူသည် ဒီဒိုင်း၏ သခင် ဖြစ်လာကာ ဒီအိပ်မက်၏ အရှင်သခင်ဆိုလည်း ဟုတ်ပေသည်။

သူသည် အရှင်သခင် ဖြစ်လာသည့်အခါ ဒီအိပ်မက်နှင့် ပတ်သတ်၍ အရာအားလုံးကို သူ့အတွေးဖြင့် ပြောင်းလဲနိုင်ပေမည်။

သူ မျက်လုံး ဖွင့်လာသည်နှင့် သူက ရှေးအချိန်အိပ်မက် ဖြစ်လာတော့သည်။ သူ မျက်လုံးဖွင့်လိုက်ရာ ပုံရိပ်ယောင်ကောင်းကင်နှင့်မြေကြီးသည် တုန်ခါလေ၏။ ကောင်းကင်နှင့်မြေကြီးမှာ သူ၏မျက်လုံး ဖြစ်လာပေပြီ။

သူ မျက်လုံးဖွင့်သည့်အခါ လောကသည် ပွင့်ဟမည်။ လောကသည် ဝမ်လင်း၏မျက်လုံးများ ဖြစ်လာပေမည်။ ယဲ့မိုကလေး၏ မျက်နှာက နောက်သို့ လှည့်ကြည့်လျက် ဖြူရောသွား၏။ သူ တွေ့မြင်လိုက်ရသည့်အရာက သူ့ကို တုန်လှုပ်မိသွားစေ၏။ ထိုအခါ သူ၏ရူးသွပ်မှုကနေ သတိဝင်လာတော့သည်။

သူက လောက၌ ခပ်ဖျော့ဖျော့ မျက်လုံးသူငယ်အိမ်တစ်ခု ပေါ်လာသည်ကိုမြင်၏။ ၎င်းမှာ အေးစက်မှု၊ သတ်ဖြတ်လိုမှုတို့ဖြင့် ပြည့်နှက်သည်။ ကောင်းကင်က အပေါ်မျက်ခွံ ဖြစ်လာပြီး မြေပြင်မှာ အောက်ဘက်မျက်ခွံ ဖြစ်လာသည်။ အတူတကွအားဖြင့် ယင်းတို့က ဧရာမမျက်လုံးကြီးအသွင် ဖြစ်ပေါ်သည်။

ထိုမျှသာဆိုပါက သူသည် ထိတ်လန့်တကြား ဖြစ်သွားလိမ့်မည် မဟုတ်ပေ။ သူ့ကို အလန့်တကြား ဖြစ်သွားစေသည်မှာ သူ့နတ်ဘုရားအာရုံနှင့် တွေ့မြင်လိုက်ရသည့်အရာကြောင့်ပင်။

သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ပြီး ဒီပုံရိပ်ယောင်လောကထံမှ လွတ်မြောက်ရန် ချိုးဖျက်သည်။ သူ တွေ့မြင်လိုက်ရသည်မှာ ဒီပုံရိပ်ယောင်လောကအပြင်ဘက်ရှိ ဧရာမမျက်နှာကြီးတစ်ခု ဖြစ်နေ၏။ သူ့ခန္ဓာကိုယ်မှာ ထိုမျက်နှာ၏ ဘယ်မျက်လုံး ရှေ့တည့်တည့်တွင် တည်ရှိနေသည်။

ထိုမျက်နှာတစ်ခုတည်း မဟုတ်သေးပေ။ အနှိုင်းမဲ့ကြီးမားသောခန္ဓာကိုယ်လည်း ရှိသေး၏။ ထိုခန္ဓာကိုယ်မှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်၍ ဆံပင်ဖြူများ လွင့်ဝဲနေသည်။ ၎င်းမှာ ဝမ်လင်းပင်။

သည်မြင်ကွင်းက သူ့ကို တုန်လှုပ်ကာ နေရာတွင် မင်သက်မိသွားစေသည်။ သူက သူ၏နတ်ဘုရားအာရုံဖြင့် တွေ့မြင်လိုက်ရသည့်အရာကို မယုံကြည်ဝံ့ ဖြစ်သွားသည်။

သူ အာစေးမိသွား၏။

သူ မင်သက်သွားချိန်၌ ဝမ်လင်း၏ဘယ်မျက်လုံးထဲ၌ အေးစက်မှု လင်းလက်ကာ ၎င်းက ဖြည်းဖြည်းချင်း နီးကပ်လာ၏။ ထိုဘယ်မျက်လုံး နီးကပ်လာစဉ် အရာရာကို သတ်ပစ်နိုင်မည့် စွမ်းအားက ပျံ့လွင့်လေသည်။

“မဖြစ်နိုင်ဘူး…”  ယဲ့မို၏ကလေးက ဆုတ်ဖြဲခံနေရသည့် ဝမ်လင်းထံ လှည့်ကြည့်လိုက်၏။ သို့သော် သူ လှည့်လိုက်သည့်အခါ၌ သူက သူ၏ရှေ့တွင် မည်သူကိုမျှ မမြင်ရပေ။

ဝမ်လင်းက ပျောက်ကွယ်သွားခဲ့လေပြီ။ ယဲ့မိုကလေး၏ စိတ်ထဲ၌ ကြောက်ရွှံ့မှု ချက်ခြင်း မြင့်တက်လာ၏။

“ဒါက ဘယ်လိုမန္တာန်မျိုးလဲ…”  ယဲ့မိုကလေး၏ မျက်နှာမှာ သေလောက်အောင် ဖြူရောသွား၏။ သူက နောက်သို့ အမြန်ဆုတ်သည်။ သို့သော် သူသည် ပျက်စီးပြိုကျလာသော လောကထက် ပို၍ မမြန်နိုင်ပါ။ ဝမ်လင်း၏ဘယ်မျက်လုံးက နီးကပ်လာသည်။

“ငါ ဒါကို မယုံကြည်နိုင်ဘူး။ ဒါတွေအားလုံးဟာ အတုအယောင်ပဲ…”  ယဲ့မို၏ကလေးက ရုတ်တရက် ဖိချလာသော ကောင်းကင်ထံ မော့ကြည့်လိုက်ပြီး ၎င်းထံသို့ လက်သီးချက်များ ပစ်သွင်းလိုက်၏။ ကျယ်လောင်စွာ တုန်ဟည်းသံတို့ ပဲ့တင်ထပ်၏။ သို့သော် သူက ပြိုဆင်းကျလာသော ကောင်းကင်ကို ရပ်တန့်နိုင်ခြင်း မရှိလေပေ။

ခဏအကြာတွင် လောကသည် ဆက်လက် ညှစ်ချေခံရရင်း ဟင်းလင်းပြင်မှာ ပေထောင်ချီမျှသာ ရှိတော့၏။ ယဲ့မိုကလေး၏ လက်နှစ်ဖက်က ကောင်းကင်ထက်သို့ တောင့်ထားကာ မြေပြင်ထက် ခြေဖြင့် ကျားကန်ထား၏။ သူက ခုခံနေလျက် သူ၏အမူအရာမှာ နာကျင်မှုကြောင့် ရှုံ့တွနေသည်။

“ဒါတွေအားလုံးဟာ အတုအယောင်ပဲ…”  ဘန်းခနဲ ပေါက်ကွဲကာ ယဲ့မိုကလေး၏ ဒူးသည် ပြိုလဲကာ ဒူးထောက်ကျသွားသည်။ လောကသည် ညှစ်ချေခံရကာ ပေထောင်ချီမျှသာ ကျန်လေတော့၏။

“ငါဟာ ယဲ့မိုရဲ့ကလေးပဲ။ ငါဟာ သူ့ဦးခေါင်းက အနှစ်သာရသွေးကြောင့် ဖြစ်ပေါ်လာခဲ့တာ။ ငါ မရှုံးနိုင်ဘူး…”  ယဲ့မိုကလေးက နာကျင်စွာ အော်ဟစ်လိုက်၏။ သူ့လက်နှစ်ဖက်မှာ ပေါက်ကွဲထွက်သွားသည်။ လောကမှာ နက်မှောင်လာပြီး လုံးဝ ပိတ်ဆို့သွားသည်။ အဟဟူ၍ မကျန်တော့ပေ။

လူတစ်ယောက်သည် အကွာအဝေးတစ်ခုမှ ကြည့်ပါက ဧရာမဝမ်လင်း၏ ဘယ်မျက်လုံးသည် အလုံးစုံ မှိတ်သွားသည်ကို မြင်နိုင်လိမ့်မည်။ ထို့နောက် သူ့ခန္ဓာကိုယ် ဖျတ်ခနဲ ဖြစ်ကာ သလင်းအလင်းစက်များအဖြစ်သို့ ပျောက်ကွယ်သွားသည်။

ထိုအိပ်မက်မှာ အပြီးသပ်သွားလေပြီ။

ထိုအိပ်မက်အဆုံးသပ်သွားသည့်အခါ လောကမှာ ပျောက်ကွယ်သွား၏။ အစီအရင်ဘီး၏ အပြင်ဘက်၌ ဟင်းလင်းပြင်သည် ရှိနေဆဲပင်။ ဝမ်လင်းနှင့် ယဲ့မိုကလေးတို့၏ တိုက်ပွဲကို စောင့်ကြည့်နေသော ကျင့်ကြံသူသောင်းချီမှာလည်း မည်သို့ဖြစ်ပျက်သွားသည်ကို မသိလိုက်ပေ။

သူတို့၏အမြင်၌ ယဲ့မိုကလေးက နေရာတွင် ရပ်နေကာ ဆိုးဆိုးဝါးဝါး နာကျင်စွာ အော်ဟစ်နေသည်ကို တွေ့ရ၏။ ယဲ့မိုကလေး၏ ရှေ့တွင် မည်သည့်အရာမှ ရှိမနေလေပေ။

ဝမ်လင်းက ပေထောင်သောင်းချီအကွာ၌ မျက်လုံးမှိတ်လျက် ရပ်နေလေ၏။

အသက်ရှုချိန်ဆယ်ကြိမ်မပြည့်ခင်မှာ ဝမ်လင်းက မျက်လုံး ဖွင့်လာ၏။ သူ့မျက်လုံးထဲ၌ အားပျက်မှုနှင့် သတ်ဖြတ်လိုစိတ်တို့ ပြည့်နေ၏။ သူက ရှေ့သို့ ဥက္ကာပျံတစ်စင်းအလား လှမ်းလာသည်။ ဝမ်လင်းက ထိတ်လန့်နေသော ယဲ့မိုကလေးထံ တိုးဝင်လာစဉ် သွေးအလင်း လင်းလက်ကာ သူ့လက်ထဲ၌ သွေးဓား ပေါ်လာ၏။

ယဲ့မိုကလေးက မျက်လုံး ဖွင့်လာသည့်အခိုက်တွင် စိတ်ရှုပ်ထွေးဟန်အကြည့် ဖြစ်ပေါ်နေသည်။ ဝမ်လင်း၏ သွေးဓားက ဖျတ်ခနဲ ခုတ်ပိုင်းသွား၏။ ယဲ့မိုကလေး၏ ခန္ဓာကိုယ်မှာ ထက်ပိုင်းခြမ်း ခံလိုက်ရသည်။ သေဆုံးခါနီးအခိုက်တွင်ပင် သူ့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှု ရှိနေဆဲသာ။

သူ၏ခန္ဓာကိုယ် ထက်ပိုင်း ဖြစ်သွားသည့်အခါ ခန္ဓာနှစ်ခြမ်းက ခရမ်းရောင်သွေးရှစ်စက်အဖြစ်သို့ ပြောင်းလဲ၍ ဝမ်လင်းထံ ပျံသန်းလာကာ သူ့နှဖူးထဲသို့ ဝင်ရောက်သည်။

ဝမ်လင်းက အတော့်ကို ပင်ပန်းနေလေပြီ။ သွေးရှစ်စက်ကို ထုတ်ယူပြီးနောက် သူက ၎င်းတို့ကို ချက်ခြင်း မစုပ်ယူသေးပေ။ သို့သော် ခြေလှမ်း၍ အစီအရင်ဘီးထံ ဦးတည်သည်။

သူ အစီအရင်ထဲ ပြန်ရောက်လာသည့်အခါ၌ သူ့ဒဏ်ရာများကို ဆက်၍ မဖိနှိပ်ထားနိုင်တော့ဘဲ သွေးအန်ထွက်၏။ သူက ချက်ခြင်းပင် ရှီဇီဖန်၏နားတွင် ထိုင်ချကာ ဒဏ်ရာ ကုသလေ၏။

အစောပိုင်းတုန်းက တိုက်ပွဲမှာ အလွန်အန္တရာယ်များခဲ့၏။ လီကောင်း၏မြား အသုံးမပြုဘဲ ယဲ့မိုကလေးကို သတ်ဖြတ်ခြင်းမှာ ဝမ်လင်းအတွက် အလွန်ခက်ခဲလှ၏။ သူသည် အနိုင်ရခဲ့သော်လည်း ကောင်းကင်ဘုံဆုတ်ဖြဲခြင်းမန္တာန်ကြောင့် သူလည်း ဒဏ်ရာ ရခဲ့ပေ၏။

ထိုမန္တာန်မှာ ဝမ်လင်းကို ထိတ်လန့်မှု ဖြစ်စေခဲ့၏။ သူ့မျက်ခုံးနှစ်ခုကြား၌လည်း သွေးစီးကြောင်းတစ်ခု ရှိနေသည်။ ရှေးအိပ်မက်ထဲ၌ ဖြစ်ပျက်ခဲ့သော အရာအားလုံးမှာ အမှန်တကယ်ပင်။

ယဲ့မိုကလေး၏ ကောင်းကင်ဘုံဆုတ်ဖြဲခြင်းမန္တာန်ကြောင့် ဝမ်လင်းသည် အပိုင်းပိုင်းအစစ ဖြစ်ခါနီး ဖြစ်ခဲ့ရသည်။

သည်အခိုက်အတန့်၌ ပြင်ပနယ်မြေမှ ကျင့်ကြံသူထောင်သောင်းချီက သူ ဒဏ်ရာကုသနေသည်ကို မြင်သည်။ ခဏတာ ငြိမ်သက်ပြီးနောက် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အော်သံဟစ်သံများ ပဲ့တင်ထပ်သည်။

“သူ ဒဏ်ရာ ရသွားပြီ…”

“သူ ဒဏ်ရာ ကုသနေတာ။ သူ့ကို သတ်ဖို့ အကောင်းဆုံး အချိန်ပဲ…”

“သူ ဒဏ်ရာ ရနေတဲ့အချိန်မှာ အစီအရင်ဘီးရဲ့ လုပ်ဆောင်မှုကလည်း ကောင်းမွန်မှာ မဟုတ်တော့ဘူး။ ဒီအစီအရင်ကို ဖျက်စီးပြီး သူ့ကို သတ်…”

ကျင့်ကြံသူထောင်သောင်းချီသည် ဝမ်လင်း ဒဏ်ရာရသည်ကို သတိပြုမိသည့်အခါ သွေးများ ဆူပွက်လာ၏။ သူတို့အားလုံးက အစီအရင်အတွင်း၌ ရှိနေသော ဝမ်လင်းထံ တိုးဝင်လာကြသည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ကျင့်ကြံသူထောင်သောင်းချီသည် အရူးအမူး တိုက်ခိုက်လာကြစဉ် အစီအရင်သည် ထိုတိုက်ခိုက်မှုများကို တောင့်ခံရင်း တွန့်ခေါက်လာ၏။ ဝမ်လင်းဘေးရှိ ရှီဇီဖန်၏မျက်လုံးထဲ၌ စိုးရိမ်ပူပန်မှုတို့ ဖြစ်ပေါ်လာသည်။

အစီအရင်အပြင်ဘက်၌ ဒဏ်ရာရထားသော တတိယအဆင့်ကျင့်ကြံသူငါးယောက်က  အံတင်းတင်းကြိတ်ကာ သူတို့၏ဒဏ်ရာများကို လစ်လျူရှု၍ ပျံသန်းလာကြ၏။ သူတို့က အပူဇော်ခံမီးတောက်မန္တာန်များကို သုံး၍ အပြင်းအထန် တရစပ် တိုက်ခိုက်လာသည်။

ကျင့်ကြံသူထောင်သောင်းချီ ထိုးနှက်နေစဉ် အစီအရင်ဘီးသည် ခပ်ရေးရေး တုန်ခါလာ၏။ ဘီးကို တွန်းနေသော မရေမတွက်နိုင်သည့် ကျွန်စိတ်ဝိညာဉ်များသည် ထိုတိုက်ခိုက်မှုအားလုံးကို ခံရလေ၏။

သို့ပေမည့် ရှီဇီဖန်သာမက မူပင်းမေနှင့် ပန်းရောင်ဝတ်စုံအမျိုးသမီးတို့မှာလည်း စိတ်ပူနေကြစဉ် ဝမ်လင်းက မျက်လုံးဖွင့်လာသည်။ သူ့မျက်လုံးထံမှ အေးစက်မှုကို ပေးသည်။

“ငါ ဒဏ်ရာ ရထားပေမဲ့ မင်းတို့အားလုံးကို သတ်ပစ်ဖို့က မခက်ဘူး…” ဝမ်လင်းက သူ့ဒဏ်ရာများကို ဖိနှိပ်ထားလိုက်၏။ သူက ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ အစီအရင်ပေါ်သို့ ဖိချလိုက်သည်။

“ဘီး…ပေါ်ထွက်လှည့်လည်စေ…”  ဝမ်လင်းက သူ၏ကျင့်ကြံမှုကို အစီအရင်ပေါ်သို့ သွန်းလောင်းပေးကာ မာန်သွင်းအော်ဟစ်၏။ အစီအရင်သည် တုန်ဟည်းကာ အစီအရင်၏အပြင်ဘက်၌ ဧရာမဘီး ပေါ်လာသည်။

မရေမတွက်နိုင်သော စိတ်ဝိညာဉ်များက ထိုဘီးကို တွန်းပေး၍ လည်ပတ်အောင် လုပ်သည်။ ထိုဘီးက လောကကို လုပ်ဆောင်မှုကိုပါ ပြောင်းလဲနိုင်သည့်စွမ်းအား ရှိပေ၏။ ဘီးလည်ပတ်နေရင်း မရဏစွမ်းအား ပေါက်ကွဲထွက်လာသည်။

ဘီးသည် ဆက်လက် လည်ပတ်နေကာ ပြင်ပနယ်မြေမှ ကျင့်ကြံသူအားလုံး တုန်ယင်လျက် သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲထွက်ကုန်သည်။ သူတို့၏မူလစိတ်ဝိညာဉ်များသည် စုပ်ယူခြင်း ခံရကာ ဘီးကို တွန်းပေးရသည့် ကျေးကျွန်များ ဖြစ်လာသည်။

ပြင်ပနယ်မြေမှ ကျင့်ကြံသူထောင်သောင်းချီက ကြောက်လန့်တကြား နောက်ဆုတ်၏။ မျက်စိတစ်မှိတ်အတွင်း ဘီးသည် သုံးကြိမ်တိုင်တိုင် လှည့်ပတ်သည်။ ထိုသုံးကြိမ်ပြီးနောက် မရေမတွက်နိုင်သောလူများ သေဆုံးကုန်သည်။ သည်အခိုက်တွင် ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် သူတို့၏စဉ်းစားဉာဏ်များပါ ဆုံးရှုံးကုန်၏။ သူတို့က အမြန်ထွက်ပြေးကာ နောက်သို့ပင် လှည့်မကြည့်ဝံ့တော့ပေ။

ထိုအခိုက်၌ ဝမ်လင်းက ရုတ်တရက် ထရပ်ကာ သူ့လက်ကို ဝေ့ယမ်း၏။ ကောင်းကင်ဘုံသွေးစက် သူ့မျက်ခုံးနှစ်ခုကြား၌ ပေါ်လာ၏။ လီကောင်း၏လေးလည်း ပေါ်လာလေသည်။

ဝမ်လင်းက လေးကြိုးကို အပြည့်အဝ ဆွဲတင်လိုက်၏။ သူ ပင်ပန်းနေပြီ ဖြစ်သော်လည်း သူက အစီအရင်အပြင်ဘက်ရှိ လေဟာနယ်ကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်သည်။

“ခြေတစ်လှမ်းထပ်လှမ်းလာရင် ငါ မင်းကို ထပ်သတ်မယ်…”

ဝမ်လင်းက ထိုသို့ ပြောလိုက်သည့်အခါ အစီအရင်အပြင်ဘက်ရှိ ပေတစ်ထောင်အကွာတွင် လှိုင်းဂယက်များထကာ အုပ်စိုးသူ ပေါ်လာ၏။ သူက ဝမ်လင်းကို စိုက်ကြည့်သည်။ အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် သူ ပြန်ထွက်သွားသည်။

အုပ်စိုးသူ ထွက်သွားသည့်နောက် ဝမ်လင်းက လီကောင်း၏မြားကို သိမ်းဆည်းလိုက်၏။ သူ့ဒဏ်ရာများက ပိုဆိုးလာလေသည်။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျနေပြီး သူက ထိုင်ချလိုက်သည်။

ဤသို့ဖြင့် မျက်စိတစ်မှိတ်အတွင်း ကိုးလတာ ရှိလာခဲ့လေပြီ။

သည်ကိုးလအတွင်း မည်သည့်ပြင်ပနယ်မြေကျင့်ကြံသူမျှ ရောက်မလာခဲ့ပေ။ ရှီဇီဖန်က အရက်ကိုသာ ထပ်ခါထပ်ခါ အပူပေးနေ၏။ သို့သော် သူက ၎င်းအရက်ကို လုံးဝ ထပ်မသောက်တော့ပေ။ ထို့နောက်တွင် တစ်နှစ်ပြည့်သွားပြီးနောက် ရှီဇီဖန် စိတ်ရှပ်ထွေးဟန်အမူအရာ ဖြစ်နေသော ဝမ်လင်းကို ကြည့်ကာ ညင်သာစွာ သက်ပြင်းချပြီးနောက် ထွက်သွားလေတော့၏။

သူမ၏နောက်တွင် ဝမ်လင်းထံ ရောက်လာသူမှာ ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီး ဖြစ်လေ၏။

***

All Chapters