← Chapters

ပိန်သွားတဲ့ လီချန်မေ

Vol. 125 Ch. 1728

ပိန်သွားတဲ့ လီချန်မေ

Vol. 125 Ch. 1728

ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီး ဝမ်လင်းဘေးနား ရောက်နေတာ ငါးလမြောက်တွင် သူက မျက်လုံးဖွင့်လာပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ ဝမ်လင်း၏မျက်လုံးတို့က တောက်ပနေလေ၏။

သို့သော် သူ့မျက်လုံးထဲ၌ ပင်ပန်းမှုအရိပ်အယောင်လည်း ရှိနေသည်။ ယဲ့မို၏ကလေး အသုံးပြုခဲ့သော ကောင်းကင်ဘုံဆုတ်ဖြဲခြင်းမန္တာန်ကြောင့် သူက ဒဏ်ရာ ရထားခဲ့၏။ ခုချိန် ထိုမန္တာန်အကြောင်း ပြန်တွေးမိသည့်အခါ သူက ၎င်း၏ ကြောက်မက်ဖွယ်ခွန်အားကို ခံစားမိပေသည်။

“နင် နိုးလာပြီလား…” ပန်းရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ အတော်လေး လှပါ၏။ သူမက ဝမ်လင်းဘေးတွင် ထိုင်၍ ဝမ်လင်းကို ကြည့်ကာ ပြုံးသည်။

“သူမ ထွက်သွားပြီလား…” ဝမ်လင်းက လှည့်ကြည့်လိုက်ရာ ရှီဇီဖန် ထွက်သွားပြီကို တွေ့လိုက်ရ၏။ အကွာအဝေးတစ်ခု၌ မူပင်းမေက မလှုပ်မယှက် ထိုင်နေ၏။

“နင် တစ်နှစ်ကျော်လောက် ဒဏ်ရာကုနေခဲ့တာ။ ညီမလေး ရှီဇီ ထွက်သွားနှင့်ပြီ…”

ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးက ညင်သာစွာ ပြောလိုက်သည်။

ထို့နောက် သူမက ပြုံး၍ ပြောလိုက်ပြန်၏။ “သူမ မထွက်သွားခင် သူမက ငါ့ရှိ သတင်းစကားတစ်ခု ပေးခဲ့တယ်။ သူမဟာ ချင်းလင်ဂြိုဟ်ကို သွားခဲ့တာ။ ဒါပေမဲ့ သူမက နင်ပြောခဲ့တဲ့ နင့်ရဲ့ တပည့်ရွှယ်ချင်းကို ရှာဖို့တော့ မဟုတ်ဘူးတဲ့…”

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် ခေါင်းညိတ်ပြလိုက်၏။

သည်အခိုက်၌ သူတို့ကြား၌ ဘာမှ ပြောစရာ မရှိသလို ထင်မှတ်ရသည်။ ဝမ်လင်း စဉ်းစားနေစဉ် ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးကလည်း ငြိမ်သက်စွာ ရှိနေ၏။ သည်ကြယ်အဖွဲ့အစည်းမှာ အလွန်တိတ်ဆိတ်ပေသည်။ ပြင်ပနယ်မြေမှ ကျင့်ကြံသူများ မလာရောက်သည့်အခါ လူတစ်ယောက်သည် အဝေးရှိ ကြယ်များက ရံဖန်ရံခါ တောက်ပသည်ကို မြင်နိုင်ပေမည်။

ထိုအားနည်းသောအလင်းက ဒီကြယ်ရောင်စုံကောင်းကင်၌ အလွန်လှပ၏။ ကြယ်အလင်းက ဒီအမျိုးသားနှင့်အမျိုးသမီးကို အဖော်ပြုပေးနေရာ သူတို့နှစ်ယောက်ကြားတွင် ရှင်းပြ၍ မရသော ခံစားချက် မြင့်တက်လာစေသည်။

အချိန်အတန်ကြာပြီးနောက် ထိုပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးက ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်ပြီး တိုးညင်းစွာ ဆိုလာ၏။ “ငါတို့ ခွဲခွာခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ။ နင် ငါ ဘယ်သူလဲဆိုတာကို သိရဲ့လား…”

ဝမ်လင်းက သူမကို မကြည့်ပေ။ သူက အတွင်းနယ်မြေကိုသာ ကြည့်၍ တည်တည်ငြိမ်ငြိမ် ဆို၏။ “အနီရောင်လိပ်ပြာ…”

“ဒီတော့ နင် သိပြီးသားကို….” ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးက မျက်လုံး မှိတ်ထားလိုက်၏။

“ကျိုးဝူထိုင်က ငါ့ကို အသိပေးခဲ့တယ်။ သူက ရွှမ်ယွဲ့နိုင်ငံထဲက အစီအရင်မှာ နင့်ရဲ့ ဆံချည်မျှင်စကို ရှာတွေ့ခဲ့တယ်။ ဒီအစီအရင်ကို အသုံးပြုပြီး နင်က ကပ်ဘေးကို ရှောင်နိုင်ခဲ့တဲ့ပုံပဲ…” ထိုအစီအရင်က ဝမ်လင်း၏မျက်လုံးထဲ၌ ပေါ်လာ၏။

သည်ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးမှာ အတိတ်တုန်းက အနီရောင်လိပ်ပြာ ဖြစ်လေ၏။

သို့သော် အတိတ်တုန်းက မာနကြီးလှသော ထိုအမျိုးသမီးမှာ ခုချိန်၌ အတော်လေး ပြောင်းလဲခဲ့လေပြီ။ သူ၏မာန်မာနက နက်ရှိုင်းစွာ ကွယ်ဝှက်နေ၏။ အပြင်ပိုင်းကြည့်ပါက လူတစ်ယောက်သည် သူမဟာ အတိတ်တုန်းက အနီရောင်လိပ်ပြာလောက် မတောက်ပတော့မသည်ကို မြင်နိုင်လိမ့်မည်။

“အတိတ်တုန်းက မိုးကောင်းကင်ဘုံနယ်မြေမှာ ဖြစ်ခဲ့တာကို နင် မှတ်မိသေးလား။ အဲ့အချိန်တုန်းက ငါတို့ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ခဲ့ကြတယ်…”

အနီရောင်လိပ်ပြာက ပြုံးနေ၏။ သူမက ဝမ်လင်းကို မိတ်ဆွေတစ်ယောက်ကဲ့သို့ ပြောနေရင်း အတိတ်က အကြောင်း ပြန်စဉ်းစားမိသည်။

“ငါ နင့်ကို မုန်းခဲ့တဲ့အချိန်ဟာ တိုတိုလေးပါ…ဝမ်လင်း။ နင်က မိုးကောင်းကင်ဘုံနယ်မြေမှာ ငါ့လက်တစ်ဖက်ကို ဖြတ်ခဲ့တယ်လေ…”

ဝမ်လင်းက ခါးသီးစွာ ပြုံးမိပြီး သူ့နှာခေါင်းကို အလိုလို ပွတ်မိ၏။ သူက စကားမဆိုပေ။

“နှစ်ပေါင်းနှစ်ထောင်လောက် ကြာပြီးတဲ့နောက် ငါတို့ ဒီလိုပုံစံမျိုး စကားပြောနေရလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားမိခဲ့ဘူး…”  အနီရောင်လိပ်ပြာက ဝမ်လင်း နှာခေါင်းပွတ်သည်ကို တွေ့မြင်သည့်အခါ သူမက ပြုံး၍ ပါးစပ်ကို လက်ဖြင့် အုပ်၏။ သူမက ပြုံးနေလျက် အလွန်လှနေတော့သည်။

“အဲ့အချိန်တုန်းက နင်က ငါ့ကို သတ်ချင်ခဲ့တာ။ ငါ နင့်ကိုတောင် ရန်မစခဲ့ရပါဘူး…”

ဝမ်လင်းက ပြုံး၍ ရယ်မောလိုက်၏။

“ညီမလေး ရှီဇီ ထွက်သွားပြီ။ သူမက နင့်အတွက် အရက် ချန်ထားပေးခဲ့တယ်…”

အနီရောင်လိပ်ပြာက ဝမ်လင်းကို ကြည့်၍ အရက်အိုးကို လှမ်းယူကာ သူ့ထံ ကမ်းပေးလိုက်၏။

ဝမ်လင်းက အရက်အိုးကို ယူကာ တစ်ငုံ သောက်လိုက်သည်။

“ဒါ့အပြင် ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ ငါတို့ တိုက်ခိုက်ခဲ့တုန်းက နင်ဟာ ငါ့စိတ်ဝိညာဉ်ကျာပွတ်ကို လုယူသွားခဲ့သေးတယ်…”  အနီရောင်လိပ်ပြာက ရယ်မောလိုက်၏။

“ခုတော့ ဒါတွေအားလုံးဟာ အတိတ်ဖြစ်ခဲ့ပြီ။ ဒါပေမဲ့ နင် မှတ်မိနေတုန်းပဲ…”

ဝမ်လင်းက မချိပြုံးပြုံးမိ၏။ သူက ဘာပြောရမှန်း မသိ ဖြစ်ရသည်။

“ငါ မှတ်မိတာပေါ့…။ ငါသာ ဒဏ်ရာအပြင်းအထန် မရထားခဲ့ရင် ကန်းဖန်ရဲ့ ထိန်းချုပ်တာ ခံခဲ့ရမှာ မဟုတ်ဘူး။ ဘာပဲပြောပြော ဟင်္သာပြဒါးဂူထဲမှာ ငါ့ကို လွတ်လပ်အောင် လုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်…”

အတိတ်အကြောင်း ပြန်ပြောင်းတွေးကာ အနီရောင်လိပ်ပြာသည် သက်ပြင်းချမိသည်။

“ငါတို့နှစ်ယောက်ကြားမှာ အမုန်းတရား နက်နက်ရှိုင်းရှိုင်း မရှိဘူး။ ခုတော့ ဒါတွေအားလုံးဟာ အတိတ်ဖြစ်ကျန်ခဲ့ပြီ။ နင် ရွှမ်ယွဲ့နိုင်ငံရှိသွားပြီး  အပြာရောင်နှင်းဆီးပန်းကို ရှာပေးဖို့ ငါ့ကို တောင်းဆိုခဲ့တယ်လေ။ ငါ အဲ့ပန်းကို ရှာတွေ့ခဲ့တယ်…”  အနီရောင်လိပ်ပြာသည် လီမူဝမ်နှင့်လျှိုမေတို့အပြင် ဝမ်လင်းအပေါ် နက်နက်ရှိုင်းရှိုင်း ထင်မြင်ချက် ဖြစ်စေသည့် အမျိုးသမီးတစ်ယောက် ဖြစ်၏။

သူမ၏ပုံရိပ်၊ ဂုဏ်ဝင့်မောက်မာသည့်အမျိုးသမီးတစ်ယောက်မှာ မေ့နိုင်ဖို့ ခက်ခဲ့သည့်အရာ တစ်ခု မဟုတ်လား။

သူမက နှစ်ပေါင်းတစ်ရာမျှဖြင့် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ ရောက်ခဲ့ပြီး ပါရမီပါသည့် အမျိုးသမီးတစ်ယောက်လည်း ဖြစ်၏။

“အဲ့အချိန်တုန်းက ငါ့အနေနဲ့ နင်ဟာ ဒီနေ့လို့ အဆင့်အတန်းထိ ရောက်လာလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ အရာအားလုံးဟာ အိပ်မက်လိုပဲလေ…”  အနီရောင်လိပ်ပြာက ခေါင်းယမ်းလိုက်၏။

အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးလာသည်။ မျက်စိတစ်မှိတ်အတွင်း သုံးရက်တာ ကုန်လွန်သွား၏။ ဝမ်လင်းသည် ဒဏ်ရာကုသမနေတော့ပေ။ သူက အနီရောင်လိပ်ပြာနှင့် ပတ်သတ်သည့် မှတ်ဉာဏ်များကို ပြန်စဉ်းစားမိနေသည်။ သူတို့က အားနည်းသောကျင့်ကြံသူတစ်ယောက်အဖြစ် ရှိခဲ့စဉ်က အဖြစ်သနစ်ကို ပြန်ခံစားမိနေ၏။

ထိုခံစားချက်က အလွန်နွေးထွေးပြီး သက်တောင့်သက်သာ ရှိလှသည်။

“နောက်ပိုင်းမှာ အလုံးစုံကောင်းကင်နဲ့ မဟာမိတ်ကြား တိုက်ပွဲ ဖြစ်တော့ ငါ နင့်ကို မြင်ခဲ့တယ်။ ဒါပေမဲ့ အဲ့အချိန်တုန်းက နင်က ငါ့ကို မမှတ်မိတော့ဘူး…”  အနီရောင်လိပ်ပြာက ဝမ်လင်းကို ကြည့်၏။

အနီရောင်လိပ်ပြာသည် ဝမ်လင်းအပေါ် လေးစားမှု ခံစားမိ၏။ သူမ၏ဘဝ၌ ကြိုက်နှစ်သက်ဖူးသည့်သူ တစ်ယောက်မျှ မရှိလေပေ။ အကယ်၍ ရှိခဲ့လျှင် ထိုသူမှာ ဝမ်လင်းသာ ဖြစ်လိမ့်မည်။ သို့သော် သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ထိုသို့သော ခံစားချက် မရှိကြဘဲ ရှင်းပြ၍ မရသော ပတ်သတ်မှုအချို့သာ ရှိလေသည်။ သူမက ထိုအရာအတွက် မရေမရာ ဖြစ်ရသည်။

ဖြစ်နိုင်သည်မှာ ဒီအဖြစ်က အရက်လိုပင်။ အချိန်ကြာလာသည်နှင့်အမျှ ရင်းနှီးသောခံစားမှုက တိုးပွားလာမည်။

သူတို့ကြား အပြန်အလှန် ပြောဆိုမှုက ရက်အနည်းငယ် ကြာပြီးနောက် ပြန်အထိုင်ကျသွား၏။ ဝမ်လင်းက ဒဏ်ရာ ကုသဖို့ စတင်ကျင့်ကြံသည်။ အနီရောင်လိပ်ကြာကလည်း နေရာတွင်ပင် ထိုင်နေလျက် ကြယ်များကို ကြည့်နေ၏။ သူမ၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှု၊ ဇဝေဇဝါဖြစ်မှု၊ တောက်ပမှုတို့ ရှိနေ၏။

တစ်လ၊ နှစ်လ…။ အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် ဒုတိယမြောက်နှစ်၏ ကိုးလမြောက်မှာ ကုန်လွန်သွားလေပြီ။

သည်နေ့တွင် အပြာရောင်အလင်းတစ်ခု အစီအရင်အပြင်ဘက်တွင် ပေါ်လာကာ တဖြည်းဖြည်းချင်း ဒီကြယ်အဖွဲ့အစည်း၌ ပြည့်နှက်လာ၏။ ထိုအပြာရောင်အလင်းက တခြားအလင်းအားလုံး အစားဝင်ကာ ကြယ်အဖွဲ့အစည်းတစ်ခုလုံး အပြာရောင်အလင်းနှင့် ပြည့်နှက်သည်။

ထိုအပြာရောင်အလင်းမှာ အစီအရင်ဘီးကို အရောင်စိုးလိုက်သည့်အလား။ ဝမ်းနည်းဖွယ်အလှတရားမျိုးကို ပေးစွမ်းလေ၏။

အပြာရောင်က လူအများကို မကြာဆိုသလို ဝမ်းနည်းမှုအာရုံကို ပေးစွမ်းတတ်ချေသည်။

ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူက အစီအရင်အပြင်ဘက်ရှိ အပြာရောင်အလင်းကို ကြည့်ကာ ငြိမ်သက်စွာ စဉ်းစားနေသည်။ သူက အပြာရောင်အလင်းထံမှ လူနှစ်ယောက် လှမ်းလျှောက်ထွက်လာသည်ကို မြင်သည်။

အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်၊ အဖေနှင့် သမီး ဖြစ်ကြ၏။ သူတို့မှာ တာအိုသခင်အိပ်မက်ပြာနှင့် လီချန်မေတို့ပင်။

တစ်နှစ်နှင့်ကိုးလ ကုန်လွန်ပြီးနောက် တာအိုသခင်အိပ်မက်ပြာက လာရောက်ဖို့ ရွေးချယ်ခဲ့ပေသည်။ သူနှင့် သူ့သမီးတို့က အစီအရင်အပြင်ဘက်တွင် ရပ်နေ၏။ ဝမ်လင်း၏အကြည့်က တာအိုသခင်အိပ်မက်ပြာကို ကျော်ကာ လီချန်မေထံသို့ ကျရောက်သွားသည်။

လီချန်မေမှာ အတော်လေး ပိန်သွားလေသည်။

သူမ၏အမူအရာမှာလည်း မရွှင်မလန်း ဖြစ်နေ၏။ သူမက အရင်တုန်းကလို လွှမ်းမိုးမှုမျိုး မရှိလေတော့ပေ။

သည်လောက၌ လီမူဝမ်အပြင် ဝမ်လင်း သတိတရ ဖြစ်မိသည့် အမျိုးသမီးမှာ ဝမ်ပိုင်ကြောင့် လျှိုမေ၊ ကံမ္မကြောင့် အနီရောင်လိပ်ပြာနှင့် လှပကာ မမေ့နိုင်ဖွယ်တွေ့ဆုံမှုကြောင့် လီချန်မေတို့သာ ရှိလေ၏။

သူတို့က မေးခွန်းသုံးခုကြောင့် တွေ့ဆုံခဲ့ကြသည်။ အတိတ်တုန်းက လီချန်မေ ပြောခဲ့သော စကားကို ဝမ်လင်း၏စိတ်နှလုံးထဲ၌ ထာဝရ စွဲထင်နေလိမ့်မည် ဖြစ်၏။

“ငါ မရှိတော့တဲ့ တနေ့ရောက်လာခဲ့ရင် နင့် ဘဝမှာ လီချန်မေဆိုတဲ့ အမျိုးသမီးတစ်ယောက် ရှိခဲ့တာကို နင် အမှတ်ရပေးနိုင်မလား…”

ဝမ်လင်းသည် သူ့ကိုယ်သူ လီချန်မေကို မေ့ပျောက်အောင် မလုပ်နိုင်ပေ။ သူမက သူ၏ရုပ်တုကို ဆယ်နှစ်လုံးလုံး သူမ၏သွေးဖြင့် အလှတရား အငြှိုးခံကာ သွန်းလောင်းပေးခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူ အသက်ရှင်ခဲ့ရခြင်း ဖြစ်၏။ သူမက သူ့အတွက် ဆေးဝါးရှာဖို့ပင် ထွက်သွားခဲ့သေးသည်။ ထို့နောက် တိမ်ပင်လယ်ရှိ အက်ကြောင်းထဲ၌ သူမက သေခြင်းတရားနှင့် အလွန်နီးကပ်ချိန်၊ မျက်လုံးမှိတ်တော့မည့်အချိန်တွင် သူမ၏ အကြည့်ထဲ၌ မည်သည့်နောင်တတရားမှ ရှိမနေခဲ့လေပေ။

သူမအတွက်လည်း ဝမ်လင်းက သူမ အသက်ရှင်နိုင်ဖို့ငှာ တာအိုသခင်အိပ်မက်ပြာကို ရှာဖို့ ပြင်ပနယ်မြေထိ သွားရောက်ခဲ့သည် မဟုတ်လား။ ထို့နောက် သူမ နိုးထလာချိန်၌ ဝမ်လင်းက အဆုံးမဲ့ဖိအားကို ရင်ဆိုင်၍ အပြာရောင်တောင်ထိပ်သို့ တက်ရောက်ခဲ့သည်။ သူက သူမ တကယ် နိုးထလာတာ ဟုတ်၏၊မဟုတ်၏ သိချင်၍ တစ်ချက်လောက် ကြည့်ခဲ့ချင်ရုံသာ။

သို့ရာတွင် ထိုစဉ်က နင် ဘယ်သူလဲ ဟူသော စကားက အရာအားလုံးကို ဓားသွားတစ်လက်ဖြင့် ဖြက်တောက်ပစ်ခဲ့သည့်အလား။

ထိုစကားက ဝမ်လင်းကို အတော်များများ သဘောပေါက်သွားစေခဲ့ပြီး ဖိအားကို ခုခံနေတာ လက်လျှော့ခဲ့ပေသည်။ သူက အပြာရောင်တောင်မှ တွန်းကန်အားက သူ့ကို အဝေးသို့ ဝေးသထက်ဝေးဝေး တွန်းပို့တာကို ခွင့်ပြုခဲ့ပေသည်။

ဝမ်လင်းက လီချန်မေကို ကြည့်နေ၏။ အချိန်အတန်ကြာပြီးနောက် သူက ပြောလိုက်သည်။ “နင် တော်တော် ပိန်သွားတယ်…”

လီချန်မေ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး သူမ၏မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာ၏။ သူမက သူမ၏မှတ်ဉာဏ်ထံမှ နိုးထလာခဲ့တာ ကြာပြီ ဖြစ်၏။ သူမသည် ဖြစ်ပျက်ခဲ့သမျှကို မှတ်မိနေခဲ့ပြီပင်။ ခုချိန်၌ ဝမ်လင်း၏ စကားကို ကြားသည့်အခါ သူမသည် ဆက်လက် တင်းမခံနိုင်တော့ဘဲ မျက်ရည်များ ကျဆင်းလာတော့သည်။

အနီရောင်လိပ်ပြာက ထိုအဖြစ်ကို ကြည့်ကာ ခဏတာ မင်သက်မိ၏။ သူမက သူတို့နှစ်ယောက်ကို ကြည့်၍ ငြိမ်သက်စွာ စဉ်းစားနေသည်။

တာအိုသခင်အိပ်မက်ပြာက သက်ပြင်းချ၍ အစီအရင်ထံသို့ သူမ၏သမီးကို ခေါ်ဆောင်လာသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့က အစီအရင်နှင့် ပေတစ်ရာအတွင်း ရောက်လာကြသည်။ အစီအရင်ဘီးက အသက်ဝင်တော့မည့် အရိပ်အယောင်ပြကာ တဝီဝီမြည်လာသည်။

ဝမ်လင်းက လီချန်မေထံမှ သူ့အကြည့်ကို တာအိုသခင်အိပ်မက်ပြာထံ ရွှေ့လိုက်၏။ သူ့မျက်လုံးတို့မှာ တောက်ပသွားသည်။ သို့သော် ထိုအလင်းက မကြာခင် လွင့်ပြယ်သွားသည်။

ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်၏။ အစီအရင်ဘီးက ရပ်တန့်သွားသည်။ ဘဲဥပုံအဟတစ်ခု ပွင့်ကာ တာအိုသခင်က ဝမ်လင်းထံ လာရောက်နိုင်မည့် လမ်းတစ်ခု ပေါ်သည်။

တာအိုသခင်အိပ်မက်ပြာက ချက်ခြင်းပင် လီချန်မေကို ခေါ်၍ အစီအရင်အတွင်းသို့ ဝင်လာ၏။ သူက ဝမ်လင်းရှေ့တွင် ပေါ်လာကာ ထိုင်ချလိုက်သည်။ သူက ဝမ်လင်း နောက်ရှိ အင်ပါယာမီးပြင်းဖိုကို ကြည့်၍ သူ့အကြည့်က ညင်သာနူးညံ့သွားသည်။

“ငါ မင်းအရက်ကြိုက်တာ သိပါတယ်။ ဒါဟာ ငါကိုယ်တိုင် လုပ်ထားတဲ့ အပြာရောင်ပိုးသားအရက်ပဲ။ မင်း ဒါကို သောက်ချင်လား…” တာအိုသခင်အိပ်မက်ပြာက သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ အပြာရောင်အရက်အိုးက ဝမ်လင်းထံ ပျံသန်းလာ၏။

ဝမ်လင်းက တာအိုသခင်ကို ကြည့်၏။ သူက ပြုံး၍ ထိုအရက်အိုးကို လက်ခံယူကာ ဘေးတွင် ချထားလိုက်သည်။

တာအိုသခင်အိပ်မက်ပြာက အရက်အိုးကို ကောက်ယူကာ တစ်ငုံသောက်လိုက်သည်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ငါ့တစ်ဘဝလုံးမှာ လူတစ်ယောက်နဲ့ ပတ်သတ်ပြီး မှားယွင်းဆုံးဖြတ်ခဲတယ်။ ဒါပေမဲ့ မင်းအပေါ်မှာတော့ အကြိမ်တိုင်းမှာ ငါ လျှော့တွက်ခဲ့မိတာကို ဝန်ခံပါတယ်။ ပုံရိပ်ယောင်အစီအရင်ထဲမှာ….ငါ လှုပ်ရှားခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခုက ငါကိုယ်တိုင်အတွက်ပဲ၊ ကျန်တဲ့တစ်ခုက ငါ့သမီးအတွက်ပဲ။ အဲ့အချိန်တုန်းက မင်းဟာ အရည်အချင်းရှိလှပေမယ့် အတွင်းနယ်မြေနဲ့ မင်းရဲ့ ပတ်သတ်မှုကို မဖြတ်တောက်နိုင်ရင် မင်းဟာ ငါ့သမက် ဖြစ်ဖို့ အရည်အချင်း မပြည့်မှီဘူးလို့ ငါ တွေးထားခဲ့တယ်…”

“မင်း ခုလက်ရှိ ကျင့်ကြံမှုအဆင့်ထိ ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ ငါ့ကို ငါးယောက်မြောက်ကိုယ်လုပ်တော် ပေးပြီး ငါ့ သမက်လုပ်ပါ။ ခုချိန်ကစပြီး ငါဟာ အပြာရောင်ကလန်ကို ရွှေ့လာပြီး အတွင်းနယ်မြေနဲ့ ပူးပေါင်းမယ်…”

“ငါ့ရဲ့ အိုမင်းတဲ့အရိုးတွေနဲ့ မင်းရဲ့ ရှေ့မှာ ရန်သူတွေကို ဖယ်ရှားပေးမယ်…”

တာအိုသခင်အိပ်မက်ပြာက အရက်ကို တစ်ကျိုက်မော့ချလိုက်၏။ ကိုးလတာ စဉ်းစားပြီးနောက် သူက ဆုံးဖြတ်ချက်ချပြီး အထက်ပါ စကားများကို ဆိုလာခဲ့တော့သည်။

လီချန်မေ၏ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူမအဖေဖြစ်သူကို ကြည့်မိလိုက်သည်။ သည်ကိုလာသည့် လမ်းတစ်လျှောက်တွင် သူမ၏အဖေက စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူမက သူမ၏အဖေဖြစ်သူမှာ ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ သခင်ငါးပါးထဲမှ တစ်ပါး ဖြစ်သည်ကို သိထား၏။ သူ၏အဆင့်အတန်းနှင့် ကျင့်ကြံမှုကြောင့် သူသည် သူမ၏အမေအတွက်ပင် သည်လိုစကားများကို ပြောလိမ့်မည် မဟုတ်ပေ။

တာအိုသခင်အိပ်မက်ပြာက တည်ငြိမ်စွာ ပြောလိုက်၏။ “ပြီးခဲ့တာတွေ ပြီးပလေ့စေတော့…ဝမ်လင်း…ငါ မင်းရဲ့ အဖြေကို ဒီနေရာမှာ စောင့်နေမယ်…”

***

All Chapters