ငါ လက်ခံသင့်ရဲ့လား
Vol. 125 Ch. 1730
အစီအရင်ဘီးအတွင်း၌ ထိုင်နေပြီး ဝမ်လင်းက အပြင်ဘက်သို့ ကြည့်နေသည်။ မြောင်ယင်နှင့် တခြားသူများက မထွက်သွားကြပေ။ သူတို့က သူတို့သုံးယောက်ပေါင်းတိုက်ခိုက်ခြင်းက အိပ်မက်ပြာကို ဆန့်ကျင်နိုင်လိမ့်မည်ဟု ယုံကြည်ထားကြ၏။
လီချန်မေက သူမ၏အဖေ ထိုသုံးယောက်နှင့် တိုက်ခိုက်တော့မည်ကို စောင့်ကြည့်နေရင်း စိတ်ပူပန်နေသည်။
အစီအရင်အပြင်ဘက်၌ ကြယ်အဖွဲ့အစည်းသည် တုန်ခါနေသည်။ အိပ်မက်ပြာက ထိုသုံးယောက်ကို တစ်ကိုယ်တည်း တိုက်ခိုက်နေလျက် တည်ငြိမ်စွာပင် ရှိနေသည်။ သူ တိုက်ခိုက်လိုက်တိုင်း အပြာရောင်အလင်းတန်းက အစွမ်းထက်မန္တာန်များအဖြစ် ပြောင်းသွားလေသည်။
ခဏတာ စောင့်ကြည့်ပြီးနောက် ဝမ်လင်းက မျက်လုံးမှိတ်လိုက်ပြီး သည်တိုက်ခိုက်မှုကို အာရုံထပ်မစိုက်တော့ပေ။
ဝမ်လင်းသည် ကျယ်လောင်စွာ တုန်ဟည်းသံများကို မကြားရအောင် ပိတ်ဆို့ထားပြီး ကျင့်ကြံခြင်းတွင်သာ အာရုံနစ်လိုက်သည်။ သူက သူ့ပတ်လည်တွင် မူလစိတ်ဝိညာဉ်အမျှင်တန်းတစ်ခုကို ချန်ထားပြီး တစ်ခုခု ဖြစ်လာခဲ့ပါက သူ သိပေလိမ့်မည်။
နှစ်နှစ်တာ ဒဏ်ရာ ကုသနေစဉ်အတွင်း ဝမ်လင်း၏ ဒဏ်ရာအများစုမှာ ပြန်ကောင်းမွန်လာခဲ့ပြီပင်။ သူက ကောင်းကင်ဘုံဆုတ်ဖြဲခြင်းမန္တာန်ကို နားလည်ဆင်ခြင်ရာ၌ အချိန်အများစုကို အသုံးပြုခဲ့သည်။
သူက ထိုမန္တာန်ကိုက ကျွမ်းကျင်အောင် လုပ်ရပေမည်။ ဝမ်လင်းကိုယ်တိုင် ဒီမန္တာန်၏အစွမ်းကို တွေ့ကြုံခဲ့ဖူးပြီး ဖြစ်ရာ ယင်းမန္တာန် မည်မျှအစွမ်းထက်သည်ကို သူ သိပေသည်။
ယဲ့မိုကလေး၏ သွေးစက်ရှစ်စက်နှင့် ပေါင်းစပ်ပြီးနောက် သူ့ရှေးဟောင်းစွမ်းအားမှာလည်း တိုးတက်လာလိမ့်မည် ဖြစ်သည်။ ခုလက်ရှိ အခြေအနေက ဝမ်လင်းကို သည်ပေါင်းစပ်မှု၌ အပြည့်အဝ အာရုံစိုက်ခွင့် မပေးသေးပေ။ ထို့ကြောင့် သူက ၎င်းပေါင်းစပ်မှုကို အချိန်ဆွဲထားရသည်။
ဖျတ်ခနဲအတွင်း သုံးရက်တာ ကုန်လွန်သွား၏။ ဝမ်လင်းက တစ်ခုခုကို သတိပြုမိဟန်ရကာ မျက်လုံးဖွင့်လာသည်။ အစီအရင်အပြင်ဘက်ရှိ ဟင်းလင်းပြင်မှာ တစစီ ဖြစ်နေ၏။ နေရာပတ်လည်တွင် တွင်းနက်များ ရှိလာသည်။ ယင်းတို့မှာ အိပ်မက်ပြာနှင့် ကျန်သုံးယောက် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာခြင်းပင်။
ကြယ်များကြား၌ သေနှင့်ပြီးသော မရေမတွက်နိုင်သည့် အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များ မြောလွင့်နေသည်။
တစ်ချက်နှစ်ချက် ကြည့်လိုက်ပြီးနောက် ဝမ်လင်းက ထိုတိုက်ပွဲမှာ မည်မျှ ပြင်းထန်ခဲ့သည်ကို ခံစားမိသည်။ သူက တခြားသုံးယောက်ကို မမြင်ရတော့ပေ။ သို့သော် အိပ်မက်ပြာကမူ အစီအရင်စက်ဝန်းအတွင်း ခြေလှမ်းဝင်လာပြီး သူ့ရှေ့ ရောက်လာသည်ကို မြင်သည်။
တာအိုသခင်အိပ်မက်ပြာက ပင်ပန်းသည့်ဟန် ပေါ်နေ၏။ သူ့အတွက်ပင် ထိုသုံးယောက်နှင့် တိုက်ခိုက်ရခြင်းမှာ မလွယ်သည့်ပုံ ရ၏။
“မြောင်ယင်ဟာ ဒဏ်ရာအပြင်းအထန် ရသွားပြီး နှစ်ပေါင်းတစ်ရာအတွင်း သူ့အထွတ်အထိပ်ကို ပြန်မရောက်နိုင်တော့ဘူး။ သူ့ကျင့်ကြံမှုအဆင့်ဟာ စိတ်ဝိညာဉ်လေဟာနယ်အဆင့်ကို လျော့ကျသွားပြီး နောက် မင်း သူနဲ့တွေ့ရင် မင်းအနေနဲ့ သူ့ကို သတ်နိုင်လောက်ပြီ…”
“ကောင်းကင်ကိုးခုရဲ့ ဒဏ်ရာတွေကတော့ မြောင်ယင်ထက် စာရင် နည်းနည်း လျော့ပါးတယ်။ ဒါပေမဲ့ သူ့အပူဇော်ခံမီးတောက်နယ်မြေကို ငါ ဖျက်စီးခဲ့ပြီး သူ့ စိတ်ကို ဒဏ်ရာ ရစေခဲ့ပြီး ဖြစ်တယ်။ အနာဂတ်မှာ သူလည်း မင်းရဲ့ ပြိုင်ဘက် မဟုတ်နိုင်တော့ဘူး…”
“တစ္ဆေအိုကြီးကတော့ အများဆုံး ဒဏ်ရာ ရသွားတဲ့သူပဲ။ သူဟာ လျှို့ဝှက်မန္တာန်တစ်ခု အသုံးပြုပြီး ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်။ သူ ဆယ်ရက်တောင် ခံနိုင်တော့မှာ မဟုတ်ဘူး…” ထိုသို့ ပြောပြီးနောက် အိပ်မက်ပြာက ထိုင်ချကာ ကျင့်ကြံရန် မျက်လုံး မှိတ်လိုက်၏။
လီချန်မေ၏အမူအရာမှာ ဝေခွဲမရ ရှုပ်ထွေးနေ၏။ သူမက သည်သုံးရက်တာ တိုက်ပွဲကို ကိုယ်တိုင်တွေ့မြင်ခဲ့ရသည်။ သူမအဖေ ရင်ဆိုင်တိုက်ခိုက်ရသည့် အန္တရာယ်များကိုလည်း စောင့်ကြည့် တွေ့မြင်ခဲ့ပေသည်။
ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။ အချိန်အတန်ကြာပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ငါ့ဘဝမှာ ဇနီးတစ်ယောက် ရှိထားခဲ့ပြီး ဖြစ်တယ်…”
တာအိုသခင်အိပ်မက်ပြာက မျက်လုံးဖွင့်လာပြီး ဝမ်လင်းကို စိုက်ကြည့်သည်။ သူ့အမူအရာက သုန်မှုန်လာ၏။
“ငါ မင်းကို ကူညီပေးခဲ့တာတောင် မင်းရဲ့ စိတ်ကို မပြောင်းလဲနိုင်ဘူးပဲ။ ဒီအဘိုးအိုက မင်းရဲ့ ဇနီးကို လက်လွှတ်စေချင်နေတာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့သမီးအတွက် ကတိတစ်ခုတော့ ပေးရမယ်…”
“ဒီကိစ္စဟာ မင်းအတွက် မခက်ခဲသင့်ဘူး။ ငါ့ သမီးကြောင့်သာ မဟုတ်ရင် မင်းဟာ စိတ်ဝိညာဉ်လေဟာနယ်အဆင့် ရောက်နေခဲ့ပြီး ရှေးအမွေအနှစ်ကို ဆက်ခံထားရင်တောင် မင်းဟာ ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့် ကျင့်ကြံသူတွေကို သတ်နိုင်ရင်တောင်၊ ငါ့မျက်လုံးထဲမှာ ဘာမှ မဟုတ်သေးဘူး…”
“မင်း လီကောင်းရဲ့ မြားကို ထုတ်ပြီး ဒီအဘိုးအိုကို သတ်နိုင်တယ်။ ဒါပေမဲ့ ငါ သေရမယ်ဆိုရင်တောင် ငါဟာ အပြာရောင်ပိုးသားကလန်ကို အတွင်းနယ်မြေထဲ ခေါ်ဆောင်လာမှာ မဟုတ်ဘူး…”
“ငါ အိပ်မက်ပြာဟာ ရှေးဟောင်းကြယ်အဖွဲ့အစည်းမှာ မွေးဖွားခဲ့တာ။ ငါဟာ ရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ သခင်ငါးပါးထဲက တစ်ယောက်။ ငါ့အနေနဲ့ မင်းလို ဂျူနီယာတစ်ယောက်ကို လိမ်လိမ့်မယ်လို့ မင်း ထင်နေတာလား။ ငါ မင်းကို လိမ်တော့ ရော မင်းရှိကာ ဘာများ ရမှာ မလို့လဲ။ ဒီအဘိုးအိုဟာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံခဲ့ပြီးပြီး။ ငါ အခုလောက်ထိ မနှိမ့်ချခဲ့ဘူး…”
“ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ဟာ မင်းလက်ထဲမှာ။ ငါသာ လောဘတက်ခဲ့ရင် ဒီပုတီးစေ့ကို ယူခဲ့တာ ကြာပြီ။ အတိတ်တုန်းက မင်း တတိယအဆင့်ကို မရောက်သေးခင် ဒီအဘိုးအိုသာ မင်းကို သတ်ချင်ခဲ့ရင် သတ်ခဲ့တာ ကြာလောက်ပြီ။ မင်းနဲ့ လီချန်မေကြားက ကိစ္စကြောင့်သာ မဟုတ်ရင် ငါ အခုထိ ဘာကြောင့်များ အချိန်ဆွဲနေရမှာလဲ…”
“မင်းနဲ့ အုပ်စိုးသူကြားက တိုက်ပွဲ၊ အတွင်းနယ်မြေနဲ့ အပြင်နယ်မြေကြားက တိုက်ပွဲ၊ ခုနစ်ရောင်စုံတာအိုသခင်နဲ့ တစ္ဆေုအိုကြီးကျန့်တို့ကြားက တိုက်ပွဲ၊ အဲ့ကိစ္စတွေမှာ ငါဟာ ငါ့အပြာရောင်ပိုးသားကလန်ကို စောင့်ကြပ်ပေးနေရုံပဲ။ ဘယ်သူကမှ ငါ့ကို ဒီတိုက်ပွဲထဲ အတင်းအကြပ် ပါဝင်စေဖို့ မလုပ်နိုင်ကြဘူး။ ငါသာ သူတို့နဲ့ ပူးပေါင်းခဲ့ရင် ငါ့ကို မျက်နှာသာတောင် ပေးလိမ့်အုံးမယ်…”
“ခုချိန်မှာ ငါ့သမီးအတွက် ကတိတစ်ခုရဖို့ မင်းအတွက် အရာအားလုံးကို ငါ စွန့်လွှတ်ခဲ့တယ်။ ဝမ်လင်း…ငါ့ကို အဲ့လောက် တွန်းအား မပေးနဲ့…” အိပ်မက်ပြာက ဝမ်လင်းကို စိုက်ကြည့်၏။ သူ့မျက်လုံးထဲတွင် ဒေါသ ဖြစ်ပေါ်လာသည်။
သူ လုပ်ခဲ့သမျှ၊ သူ ပြောခဲ့သမျှသည် သူ့သမီးအတွက်သာ ဖြစ်ပေသည်။
လီချန်မေသည် မျက်ရည်များ စီးကျနေသည်။ သူမက သူမအဖေ လုပ်ခဲ့သမျှသည် သူမအတွက် ဖြစ်မှန်းကို သိ၏။
ဝမ်လင်းသည် ဝေခွဲမရဟန်အကြည့် လှစ်ဟပေါ်၏။ သူက မတ်တပ်ရပ်ကာ တာအိုသခင်အိပ်မက်ပြာထံ လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်သည်။
“ဂျူနီယာက စီနီယာရဲ့ လုပ်ဆောင်ပေးခဲ့မှုအပေါ် သံသယ မရှိပါဘူး…”
“ထပ် မပြောနဲ့တော့…မင်း…” တာအိုသခင်အိပ်မက်ပြာက လီချန်မေ၏ မျက်ရည်များကို မြင်၏။ သူ့စိတ်နှလုံးမှာ ပျော့ပြောင်းသွားရသည်။ သူက ဝမ်လင်းကို စိုက်ကြည့်၍ သူ ပြောတော့မည့် စကားများကို ပြန်မြိုချလိုက်သည်။
“ဒီအဘိုးအို ခြေတစ်လှမ်း ပြန်ဆုတ်ပေးနိုင်တယ်။ ငါ မင်းရှိက ကတိတစ်ခု လိုချင်တယ်။ မင်းရဲ့ ဇနီးကို ပြန်ရှင်သန်နိုင်အောင် လုပ်နိုင်ရင် မင်းနဲ့ ငါ့သမီးဟာ မောင်နှမတွေ ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ မင်းဇနီးကို အဆုံးသပ်မှာ ပြန်ရှင်အောင် မလုပ်နိုင်ရင် မင်းဟာ ငါ့သမီးနဲ့ တာအိုလက်တွဲဖော် ဖြစ်လာရမယ်။ ဒါဟာ ငါ့ဘက်က သည်းခံနိုင်တာ အကုန်ပဲ။ ဝမ်လင်း…ဉာဏ်ရှိရှိ ရွေးချယ်ပါ…” တာအိုသခင်အိပ်မက်ပြာ၏ အမူအရာမှာ အေးစက်နေ၏။
ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားနေသည်။ သူက ထရပ်ကာ အကွာအဝေးတစ်ခုသို့ ကြည့်၏။ အချိန်အတန်ကြာပြီးနောက် ဝေခွဲမရရှုပ်ထွေးနေသော သူ့အကြည့်က လီချန်မေထံသို့ ကျရောက်လာသည်။ သူက သူမ၏မျက်ရည်ကို မြင်၏။ သူမက ခေါင်းငုံ့ကာ သူ့အကြည့်ကို ရှောင်လွှဲလိုက်သည်ကို မြင်သည်။
“မင်း…ထားလိုက်ပါတော့…ဒီအဘိုးအိုက မင်းကို အခုချက်ခြင်း ပြန်မဖြေစေချင်ဘူး။ မင်း ဒီကိစ္စကို စဉ်းစားပါ။ ပြီးရင် အပြာရောင်ပိုးသားကလန်မှာ ငါ့ကို လာရှာချေ…”
တာအိုသခင်အိပ်မက်ပြာက ထရပ်ကာ ဒီနေရာတွင် ဒဏ်ရာ မကုသရန် ဆုံးဖြတ်လိုက်၏။ သူက သူ့သမီး၏အကြည့်ထဲရှိ ဝမ်းနည်းမှုကို မြင်သည့်အခါ သူ့နှလုံးသားထဲ၌ နာကျင်ရလေသည်။ သူက ဒီနေရာသို့ အရာအားလုံး အလုပ်ဖြစ်မည်ဟူသော မျှော်လင့်ချက်ဖြင့် ရောက်လာခဲ့ပြီး ဝမ်လင်းကလည်း သဘောတူလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော် အခုတော့ ဒီလိုမျိုး အဆုံးသပ်ရလေပြီ။
“အဖေ…သမီးတို့ သွားကြရအောင်…”
“အဖေ…အရင်တုန်းက မေအာ့ နားမလည်ခဲ့ဘူး။ ဒါပေမဲ့ အခုတော့ နားလည်သွားခဲ့ပြီ။ သမီးတို့ အိမ်ပြန်ကြစို့။ သမီးတို့ အိမ်ပြန်ရောက်တာနဲ့ ဘယ်တော့မှ ပြန်မထွက်လာတော့ဘူး…” လီချန်မေသည် တာအိုသခင်အိပ်မက်ပြာ၏ လက်ကို ဖမ်းဆုပ်ကိုင်လိုက်၏။ သူမက သူမအဖေထံမှ နွေးထွေးမှုကို ခံစားမိရသည်။ သူမက ဝမ်လင်းကို ကြည့်၍ ပြုံးလိုက်သည်။
“ဝမ်လင်း…နင် ငါ့ကို ပေးခဲ့တဲ့ တောင်နဲ့မြစ်ပန်းချီကားကို ငါ့ရှိ ပြန်ပေးနိုင်မလား…”
ထိုပန်းချီကားကို လောက၌တစ်ယောက်နှင့်တစ်ယောက်မေ့ပစ်ခြင်းဟု အမည်တပ်ထားသည်။ အတိတ်တုန်းက သူမက ဝမ်လင်းကို ထိုပန်းချီကား ပြန်ပေးခဲ့ကာ မသိမ်းထားရန် ရွေးချယ်ခဲ့သည်။ သို့သော် ခုချိန်၌မူ သူမက ၎င်းကို ပြန်ယူချင်နေသည်။
ဝမ်လင်းသည် လီချန်မေကို နာကျင်စွာ ကြည့်နေမိ၏။ သူ့မျက်လုံးထဲတွင် ရုန်းကန်မှု ရှိနေသည်။ ဝမ်လင်းစိတ်မှာ တုန်ယင်နေရသည်။ သူ့ဇနီးမှာ မသေခင် သူနှင့် နှစ်အနည်းငယ်သာ အတူရှိခဲ့ရသည့် လီမူဝမ် ဖြစ်၏။ သို့သော် သူမ၏စိတ်ဝိညာဉ်ကမူ နှစ်ပေါင်းနှစ်ထောင်ကျော် သူနှင့်အတူ ရှိခဲ့ပေသည်။
သို့ပေမည့် လီချန်မေက မူပင်းမေ၊ ရှီဇီဖန်တို့နှင့် မတူပေ။ သူမက ဝမ်လင်းအတွက် အများကြီး စတေးခဲ့ရ၏။
ဆယ်နှစ်တာ သူမ၏သွေးစက်များကို သူ ရှင်သန်နိုင်ဖို့အတွက် သွန်းလောင်းပေးခဲ့သည်ကို ဝမ်လင်းက မည်သို့ မေ့ပစ်နိုင်ပါ့မည်နည်း။ သူ၏စွဲလမ်းမှု၊ အချစ်၊ တောက်ပသောမျက်လုံး၊အပြုံး။ သူ ဘယ်မေ့ဖျောက်နိုင်ပါ့မည်နည်း။ သူသည် ကျောက်တုံးနှလုံးသား ပိုင်ရှင် မဟုတ်ပေ။
“ငါ့ကို အဲ့ပန်းချီကား ပြန်ပေးပါ။ ကျေးဇူးပြုပြီး…” လီချန်မေက အောက်နှုတ်ခမ်းကို ကိုက်လိုက်၏။ သူမ၏မျက်နှာ ဖြူရောသွားသည်။ သို့သော် သူမက ဆက်၍ ပြုံးနေသည်။ သူမက ဝမ်လင်းရှေ့၌ မျက်ရည်များ တရစပ် ကျနေရသည်ကို မဖြစ်ချင်မိပေ။
“ပန်းချီကား ငါ့ကို ပြန်ပေးပါ။ ဝမ်လင်း…လီမူဝမ် နိုးထလာတဲ့အခါကျရင် သူမကို ငါ တွေ့ရအောင်လို့ ခေါ်လာပေးပါ…”
ဝမ်လင်းက လီချန်မေကို စိုက်ကြည့်၏။ သူ့ညာလက်မှာ တုန်ကာယင်ကာဖြင့် ဖြည်းဖြည်းချင်း မြှောက်လာသည်။ လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ သူ၏သိုလှောင်နေရာလွတ် ပေါ်လာပြီး စာလိပ်တစ်ခု ပျံသန်းထွက်လာသည်။
ထိုစာလိပ်တွင် လောက၌ တစ်ယောက်နှင့်တစ်ယောက်မေ့ပစ်ခြင်း ဟူသော တောင်နှင့်မြစ်ပန်းချီကား ပါဝင်သည်။ ဝမ်လင်းက ထိုပန်းချီကားကို ကိုင်ထား၏။ သို့သော် သူ့ထံ၌ သူမကို အရင်တုန်းက ပေးခဲ့သလိုမျိုး ခံစားမှု မရှိတော့ပေ။
သူက ထိုပန်းချီကားကို သူ့ရှေ့ရှိ အမျိုးသမီးထံ အတိတ်တုန်းကကဲ့သို့ တည်တည်ငြိမ်ငြိမ် မပေးနိုင်တော့ပေ။
တာအိုသခင်အိပ်မက်ပြာက ထိုအခြင်းအရာကို ကြည့်နေ၏။ သူ့မျက်လုံးထဲရှိ ဒေါသအစား ဝမ်းနည်းမှု အစားဝင်လာသည်။ သူက လီချန်မေကို ကြည့်၏။ သူက သူ့သမီး၏နှလုံးသားမှာ သေဆုံးသွားခဲ့ပြီကို သိလိုက်သည်။
သူမ၏နှလုံးသားမှာ သေဆုံးသွားခဲ့လေပြီ။
မူပင်းမေက ထိုအဖြစ်ကို စောင့်ကြည့်နေမိ၏။ သူမ၏စိတ်အခြေအနေမှာ ရှုပ်ထွေးလွန်းနေပြီး ဆက်၍ တောင့်ခံနိုင်စွမ်း မရှိတော့ပေ။ သို့ပေမည့် သူမသည် ဝမ်လင်းကို သူမဘက်ပါအောင် လုပ်နိုင်သည့် အရည်အသွေး ရှိမနေပေ။ သူမက ဝမ်ပိုင်၏ အမေဖြစ်နေလျှင်တောင်မှပေါ့။
သူမကလေး၏ အဖေဖြစ်သူနှင့် တခြားအမျိုးသမီးတစ်ယောက်တို့ နှုတ်ဆက်စကား ပြောနေသည်ကို ကြည့်နေရင်း မူပင်းမေ၏ စိတ်နှလုံးထဲ၌ တဆစ်ဆစ်နာကျင်ရလေသည်။
“ငါ့ကို ပန်းချီကား ပြန်ပေးပါ…” လီချန်မေက ပြုံး၍ ဝမ်လင်းထံ လျှောက်လာ၏။ သူမက ဝမ်လင်း၏မျက်နှာကို နက်နက်ရှိုင်းရှိုင်း ကြည့်၍ သူမ၏ကျောက်စိမ်းကဲ့သို့လက်ကို ပင့်မြှောက်ကာ သူမ၏ဝတ်ရုံနှင့်ဆံပင်တို့ကို သေသေသပ်သပ် ဖြစ်စေသည်။ သူမဖုံးကွယ်ထားသော မျက်ရည်များမှာလည်း ဆက်လက်၍ မဟန့်တားထားနိုင်တော့ဘဲ တသွင်သွင် စတင် စီးကျလာတော့၏။
သူမက ဝမ်လင်းကို ညင်သာစွာ ထွေးဖက်လိုက်၏။ သူမ၏မျက်ရည်များက သူ့ဝတ်စုံပေါ်သို့ ကျရောက်သွားပြီး သူ၏အဖြူရောင်ဝတ်ရုံမှာ မျက်ရည်ဖြင့် စိုစွတ်သည်။
“နင် ငါ့ကို သဘောမကျရင် တိမ်ပင်လယ်မှာ ဘာကြောင့် ငါ့ကို ကယ်တင်ပေးခဲ့တာလဲ။ နင့်ရဲ့ မှတ်ဉာဏ်ထဲမှ ရှိနေမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ငါ သေသွားခဲ့တာ ပိုမကောင်းဘူးလား။ ဝမ်လင်း…အား…ခံစားချက်တွေကို နင် နားမလည်ဘူး…”
လီချန်မေသည် ဝမ်လင်း၏နားထဲသို့ ခပ်တိုးတိုး ဆိုရင်း သူ့လက်မောင်းနှစ်ဖက်ထဲ ပြိုဆင်းကျသွားသည်။ သူမက ဝမ်လင်းလက်ထဲရှိ ပန်းချီကားကို ယူကာ လှည့်ထွက်ရန် ဟန်ပြင်သည်။
သို့ပေမည့် ပန်းချီကားကို ဆုပ်ကိုင်ထားသော သူမ၏လက်နှစ်ဖက်မှာ ရုတ်တရက် ရပ်တန့်သွားသည်။ အကြောင်းမှာ ဝမ်လင်းက ပန်းချီကားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ခြင်းကြောင့်ပင်။
ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ လီချန်မေ ဆွဲယူသည့်အခါ ပန်းချီကားကို သူက လက်မလွှတ်ပေးခဲ့ပေ။ သူမ၏မျက်နှာက ဝမ်လင်းကို ကြည့်နေရင်း ပိုပို၍ ဖြူရောလာ၏။
“ဒီပန်းချီကားဟာ ထပ်မလိုအပ်တော့ဘူး…” ဝမ်လင်းက လောက၌တစ်ယောက်နှင့်တစ်ယောက် မေ့ပစ်ခြင်း ပန်းချီကားကို ညှစ်ချေလိုက်ရာ အမှုန့်အမွှားအဖြစ် ပျက်စီးသွားတော့သည်။ ၎င်းသည် သူ့လက်ထဲ၊သူမ၏လက်ထဲ၌ ပျောက်ကွယ်သွားလေသည်။
ဝမ်လင်းသည် လီချန်မေကို ကြည့်၏။ သူက ညင်သာနူးညံ့စွာ ပြောလိုက်သည်။ “ခုချိန်ကစပြီး…နင်ဟာ ငါ့အမျိုးသမီးပဲ…” သူ့စကားများထဲတွင် ပြတ်သားမှုအပြည့်ပါသည်။
“ဝမ်အာဟာ ငါ့ဇနီး။ သူမ နိုးထလာတဲ့အချိန်ကျရင် ငါတို့တွေ အတူတူ လက်ထပ်ကြမယ်…”
လီချန်မေသည် မင်သက်သွား၏။ အချိန်အတန်ကြာပြီးနောက် မျက်ရည်များ ကျလာပြန်သည်။ သူမသည် ဝမ်လင်း၏လက်နှစ်ဖက်ကြားတွင် ခန္ဓာကိုယ်အပ်၍ စတင် ငိုမိတော့သည်။ ဝမ်လင်းက လီချန်မေကို ထွေးဖက်ထားသည်။ သူက ဆုံးဖြတ်ပြီးသည် ဖြစ်၍ နောင်တရတော့မည် မဟုတ်ပေ။ ဤသည်မှာ လီမူဝမ်အပြင် နှစ်ပေါင်းနှစ်ထောင်ကျော် ကြာပြီးနောက် သူ လက်သင့်ခံခဲ့သည့် ပထမဆုံးအမျိုးသမီး ဖြစ်လေ၏။ သူမ၏နာမည်မှာ လီချန်မေပင် ဖြစ်တော့သည်။
“အစ်ကို…ငါ့မှာ မေးခွန်းသုံးခွန်း ရှိတယ်။ နင် ဒီမေးခွန်းတွေကို ဖြေပေးဖို့ ကူညီပေးနိုင်မလား…”
“ငါ ထွက်သွားတဲ့အခါကျရင် နင် ငါ့ကို လိုက်ပို့ပေးနိုင်မလား…”
“တနေ့ ငါ သေသွားတဲ့အခါ နင် ငါ့ကို သတိတရ ဖြစ်နေအုံးမှာလား…”
“ဝမ်လင်း…ငါ ဆက်တောင့်မခံနိုင်တော့ဘူး။ ငါ့သွေးအားလုံး ခြောက်ခမ်းသွားပြီ။ နင် မကြာခင် နိုးထလာတော့မှာမလား။ ငါ ဒီပေးဆပ်မှုအတွက် နောင်တမရပါဘူး…”
“ဝမ်လင်း…ငါ့ကို စောင့်နေပါ။ ငါ ဆေးဝါးယူပြီး ပြန်လာခဲ့မယ်။ နင် ကျိန်းသေပေါက် သတိပြန်ရလာစေရမယ်…”
မှတ်ဉာဏ်များမှာ သင့်လက်ဝါးထဲရှိ ရေစက်ကဲ့သို့ပင်။ ရေသည် စီးဆင်းနေသော်လည်း လက်ဝါးကမူ ရေ၏အပူချိန်ကို အမှတ်ရနေတော့မည်ပင်။ ထို့နောက် လက်ဝါးက ရေကို ထပ်မံ ဖမ်းဆုပ်သည့်အခါ ရေသည်လည်း လက်ဝါး၏နွေးထွေးမှုကို အမှတ်ရပေလိမ့်မည်။
***