← Chapters

ခြင်သားရဲများနှင့် ပြန်လည်တွေ့ဆုံခြင်း

Vol. 126 Ch. 1731

ခြင်သားရဲများနှင့် ပြန်လည်တွေ့ဆုံခြင်း

Vol. 126 Ch. 1731

လီချန်မေက သူမ၏အဖေအိပ်မက်ပြာနှင့်အတူ တဖြည်းဖြည်းချင်း ထွက်ခွာသွားလေ၏။ ငါးယောက်မြောက်ကိုယ်လုပ်တော်ကိုမူ တာအိုသခင်အိပ်မက်ပြာက ယူဆောင်သွားသည်။

သူတို့က အပြာရောင်ပိုးသားကလန်သို့ ပြန်ရောက်ပြီးနောက် သူတို့၏ကလန်တစ်ခုလုံးကို ဒီနေရာသို့ ခေါ်ဆောင်လာလိမ့်မည် ဖြစ်၏။ သူတို့သည် အတွင်းနယ်မြေ၌ ဧရိယာတစ်ခုကို ရွေးချယ်ကာ အပြာရောင်ပိုးသားကလန်၏ ဌာနေသစ် ဖြစ်လာစေလိမ့်မည်။

တာအိုသခင်အိပ်မက်ပြာက ဒီနေရာတွင် ရှိနေပါက သူသည် ဒဏ်ရာရထားသော်လည်း အုပ်စိုးသူ ကိုယ်တိုင် မလှုပ်ရှားပါက အန္တရာယ် ဖြစ်စေတော့မည် မဟုတ်ပေ။ အုပ်စိုးသူသည်ပင် တာအိုသခင်အိပ်မက်ပြာမှာ ခုချိန်၌ သူ့တာအိုနှလုံးသားသည် ချို့ယွင်းချက်ထပ်မံ မရှိတော့သည်ဖြစ်ရာ အိပ်မက်ပြာကို အတင်းအကြပ် တွန်းအား မပေးဝံ့တော့ပေ။

တာအိုသခင်အိပ်မက်ပြာက သူ ဆန္ဒရှိပါက ဆန်းကြယ်အတိဒုက္ခအဆင့်သို့ ဝင်ရောက်နိုင်သောကြောင့် ဖြစ်၏။ ဆန်းကြယ်အတိဒုက္ခအဆင့် စတင်သည်နှင့် အုပ်စိုးသူသည်ပင် နောက်ဆုတ်ရလိမ့်မည်။

လီချန်မေကလည်း သူမအဖေနှင့်အတူ ပြင်ပနယ်မြေသို့ ပျောက်ကွယ်သွား၏။ သူတို့နှစ်ယောက် ထွက်သွားသည့်နောက် အစီအရင်အပြင်ဘက်ရှိ အပြာရောင်အလင်းသည် တဖြည်းဖြည်း ပျောက်ကွယ်ကာ ကြယ်အဖွဲ့အစည်းသည် ထပ်မံ မှောင်မိုက်လာသည်။

လီချန်မေ ထွက်ခွာလာချိန်၌ သူမက အတော့်ကို ပျော်ရွှင်နေ၏။ သူမ၏အပြုံးမှာ အတိတ်တုန်းကလို ပြန်ဖြစ်လာသည်။ သူမက ဝမ်လင်းကို ကြင်နာစွာ ကြည့်တတ်၏။  ဒီအမျိုးသားမှာ သူမ ရွေးချယ်ထားသည့်သူ မဟုတ်လား။ ထိုအတွက် သူမက အတိတ်၌ဖြစ်စေ၊ အခုချိန်၌ ဖြစ်စေ နောင်တရလိမ့်မည် မဟုတ်ပေ။ သည်ရွေးချယ်မှုအတွက် သူမ သေရမည်ဆိုလျှင်ပင် နောင်တရလိမ့်မည် မဟုတ်ပေ။

ဤသည်မှာ လီချန်မေ၏စိတ်ဓာတ်ပင်။

သည်အခိုက်အတန့်၌ အစီအရင်ဘီးအတွင်းတွင် ဝမ်လင်းနှင့် မူပင်းမေတို့သာ ကျန်တော့သည်။ သူမက အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရ၏။ သူမ၏စိတ်မှာ ရှုပ်ထွေးနေသည်။

သူမနှင့်ဝမ်လင်းကြား၌ ပြောစရာစကား မရှိဘဲ ဖြစ်နေ၏။ အချိန်အတန်ကြာပြီးနောက် မူပင်းမေက ပါးစပ်ဟကာ တိတ်ဆိတ်မှုကို ဖြိုခွင်းရန် ဟန်ပြင်သည်။ သို့သော် ဝမ်လင်းက မျက်လုံးမှိတ် ကျင့်ကြံ၍ ကောင်းကင်ဘုံဆုတ်ဖြဲခြင်းမန္တာန်ကို ဆင်ခြင်နေသည်။

မူပင်းမေ၏ စကားလုံးများမှာ ပါးစပ်ထဲတွင်ပင် ပြန်ပျောက်ကွယ်သွားတော့သည်။ သူမ၏စိတ်နေစိတ်ထားမှာ လီချန်မေနှင့် မတူပေ။ သူမက ရှီဇီဖန်၊ အနီရောင်လိပ်ပြာတို့နှင့်လည်း ကွဲပြား၏။ သူမက မူပင်းမေသာ ဖြစ်ချေသည်။

သိပ်မကြာခင်တွင် ကျန်သည့်နှစ်ဝက်၏ နောက်ငါးလတာ ကုန်လွန်သွားပြီး တစ်လသာ ကျန်တော့၏။

သည်နေ့တွင် မူပင်းမေက ထရပ်၏။ သူမ၏မျက်လုံးထဲ၌ စိတ်ရှုပ်ဝေခွဲမရမှုတို့ ရှိမနေတော့ဘဲ ကြည်လင်နေသည်။ သူမက ဝမ်လင်းကို အချိန်အတန်ကြာ ကြည့်နေ၏။

“ဂရုစိုက်ပါ…”  ထိုစကားမှာ သူမ ပထမဆုံးအကြိမ် ပြောလိုက်ခြင်းပင်။ ထို့နောက် မူပင်းမေက လှည့်ထွက်ကာ တောက်ပသောလေဟာနယ်ထံ ဦးတည်လျှောက်လှမ်းသွားတော့၏။

သူမက တောက်ပသောလေဟာနယ်၏ သူတော်စင်မ ဖြစ်၏။ ထို့ကြောင့် သူမက တောက်ပသောလေဟာနယ်သို့ ပြန်ဖို့ လိုအပ်ပေသည်။

သူမက ဝမ်လင်းနှင့် ဆယ့်တစ်လတာ အတူရှိခဲ့သော်လည်း စကားတစ်ခွန်းသာ ဆိုခဲ့၏။

မူပင်းမေ၏ပုံရိပ်မှာ အထီးကျန်ဆန်လှ၏။ သူမက အားနည်းသလို ခံစားမိရသည်။ လူတိုင်းက သူမနှလုံးသားထဲရှိ နာကျင်ရမှုကို မြင်ရပေလိမ့်မည်။ သူမထံ၌ မည်သည့်အရာမျှ ရှိမနေပေ။ သူမက လီမူဝမ်ကို မနာလို ဖြစ်မိ၏။ လီချန်မေကိုလည်း မနာလို ဖြစ်မိပါ၏။

လီချန်မေထံ၌ သူမ၏အဖေ ရှိသေး၏။ လီမူဝမ်၌ ဝမ်လင်း ရှိ၏။ သို့သော် သူမထံ၌ မည်သူမျှ မရှိပေ။ သူမအိမ်လည်း မရှိတော့ပေ။ ဆရာလည်း မရှိတော့ပေ။ သူမနှင့် ရင်းနှီးသော၊ သူမ ကြီးပြင်းခဲ့စဉ် အတူရှိခဲ့သော သူတိုင်းမှာ သေဆုံးကုန်ပြီ ဖြစ်၏။ အကယ်၍ သူမထံ၌ တစ်ယောက်ယောက် ရှိခဲ့သည်ဆိုလျှင် ထိုသူမှာ ဝမ်လင်းသာ ဖြစ်လိမ့်မည်။ ၎င်းမှာ မပြောင်းလဲနိုင်သည့်အချက် ဖြစ်၏။ အကြောင်းမူကား သူမသည် ဝမ်ပိုင်၏အမေ ဖြစ်နေခြင်းကြောင့်ပင်။

“ငါ သေသွားခဲ့ရင်တောင် ဘယ်သူမျှ သိလိမ့်မှာ မဟုတ်ဘူး။ ဝမ်ပိုင်ကလည်း ငါ့ကို မုန်းတီးနေတယ်…”  မူပင်းမေက ဝေးသထက်ဝေးဝေးသို့ လျှောက်လှမ်းသွားရင်း သူမ၏အသွင်အပြင်သည် မှိုင်းနေလေ၏။

မူပင်းမေ ပျောက်ကွယ်သွားမှ ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူက သူမ ပျောက်ကွယ်သွားသော နေရာသို့ ကြည့်ကာ ငြိမ်သက်စွာ စဉ်းစားနေသည်။

ဝမ်လင်းသည် မူပင်းမေအပေါ် အမုန်းတရား မရှိတော့ချေ။ သို့သော် ချစ်ခြင်းတရားလည်း ရှိမနေခဲ့ပါ။

“တစ်လပဲ ကျန်တော့တယ်…”  ဝမ်လင်းက သူ့ရှေ့ရှိ ဟင်းလင်းပြင်ကို ကြည့်ကာ အလေးအနက် ဖြစ်လာ၏။ သူက ညာလက်ကို ပင့်မြှောက်၍ သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်သည်။

ထိုအခါ ဝမ်လင်းက တုန်ယင်သွားပြီး သူ၏ခန္ဓာကိုယ်တွင်းမှ တစီစီအသံများ ပဲ့တင်ထပ်၏။ ထိုသို့ ပဲ့တင်ထပ်နေရင်း ဝမ်လင်း၏ခန္ဓာကိုယ်က ဝေဝါးလာပြီး ပုံရိပ်ယောင်အဖြစ်သို့ ပြောင်း၏။

အသက်ရှုချိန်အနည်းငယ် ကြာပြီးနောက် သူ့ပုံရိပ်က ပုံပျက်ယွင်းလာကာ နောက်ထပ် ဝမ်လင်းတစ်ယောက် ပေါ်လာ၏။

ထိုအခါ ထပ်တူထပ်မျှတူသော ဝမ်လင်းနှစ်ယောက် ဖြစ်လာသည်။ သည်နေရာတွင် ထိုင်နေသူမှာ ဝမ်လင်း၏ မူလခန္ဓာကိုယ် ဖြစ်၏။ ရှေးလူ၏ အမွေအနှစ်ကို ဆက်ခံရရှိထားသော သူ၏မူလခန္ဓာကိုယ် ဖြစ်သည်။ ရပ်နေသည့်သူမှာ သူ၏ကျင့်ကြံသူခန္ဓာကိုယ် ဖြစ်သည်။

ဝမ်လင်း သူ့ကိုယ်ပွားနှင့် မူလခန္ဓာကိုယ်ကို ခွဲထုတ်၍ ကျင့်ကြံခဲ့သည်မှာ ကြာမြင့်ခဲ့လှပြီ ဖြစ်၏။ သို့သော် ခုချိန်၌ သူ့ကိုယ်ပွားမှာ ထပ်မံ ထွက်လာပေပြီ။

သူ၏မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်၏။ ခဏအကြာတွင် ကိုယ်ပွားမှာ ပျောက်ကွယ်သွားပြီး အတွင်းနယ်မြေသို့ ဝင်ရောက်သည်။ သူ့မူလခန္ဓာကိုယ်ကမူ မျက်လုံးမှိတ်၍ အစီအရင်အတွင်း၌ ထိုင်ကာ နောက်ဆုံးကျန်သည့်တစ်လကို စောင့်ကြပ်နေသည်။

ဝမ်လင်းသည် ကြယ်အဖွဲ့အစည်းကို ဖြတ်သန်းလျှောက်လာ၏။ သည်အခိုက်တွင် သူ့ထံ၌ အစွမ်းထက်ရုပ်ပိုင်းခန္ဓာကိုယ် မရှိလေတော့ပေ။ သို့သော် သူ၏ကျင့်ကြံမှုမှာ စိတ်ဝိညာဉ်လေဟာနယ်အဆင့်ထိ ရောက်နေပြီး ဖြစ်သည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အရာတစ်ခုပင်။

ခုချိန်၌ သူက ကျင့်ကြံသူစစ်စစ် ဖြစ်နေ၏။ သူက သူ့ခန္ဓာကိုယ်အားဖြင့် ရန်သူများကို သတ်နိုင်စွမ်း ရှိတော့မည် မဟုတ်ဘဲ သူ၏မန္တာန်များပေါ်တွင်သာ မှီခိုရပေလိမ့်မည်။

“ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကနေ ဗိုလ်ချုပ်လေးယောက် မထွက်လာခင် နောက်ဆုံးလမှာ ငါ လုပ်ဆောင်ရမယ့်အရာတစ်ချို့ ရှိနေဆဲပဲ။ ကောင်းကင်ဘုံနယ်မြေလေးခုကို ပြန်ဖွဲ့စည်းပြီး ကောင်းကင်ဘုံနယ်မြေသစ်တစ်ခု ငါ ဖန်တီးဖို့ လိုတယ်။ ခုချိန်ကစပြီး အတွင်းနယ်မြေက ကျင့်ကြံသူတွေဟာ ကောင်းကင်ဘုံနယ်မြေမှာ နေထိုင်ကြရလိမ့်မယ်။ အပူဇော်ခံမီးတောက်တွေကို သိပ်သည်းနိုင်စွမ်း ရှိလိမ့်မယ်…”

“ခုချိန်ကစပြီး မွေးဖွားလာတဲ့ ကျင့်ကြံသူအားလုံးဟာ ကောင်းကင်ဘုံသား ဖြစ်လာဖို့ ကျင့်ကြံနိုင်တယ်။ သူတို့ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်ပြီးရင် ကောင်းကင်ဘုံနယ်မြေကို ကျင့်ကြံဖို့ သွားရောက်နိုင်မယ်…”  ဝမ်လင်းသည် အတွင်းနယ်မြေကို ဖြတ်သန်းလာနေသည်။

ခေတ်များစွာ တလျှောက်၌ ချိပ်ပိတ်နယ်မြေအရှင်ဟောင်းတစ်ယောက်သာ ထိုသို့ လုပ်နိုင်ခဲ့၏။ သူက ကောင်းကင်ဘုံနယ်မြေလေးခုကို ဖန်တီးခဲ့ပြီး ထို့အတွက် အတွင်းနယ်မြေကျင့်ကြံသူများသည် အပူဇော်ခံမီးတောက်များကို စုဆောင်းလာနိုင်သည်။ သို့ပေမည့် သူ သေဆုံးသွားသည့်အခါ၌ ကောင်းကင်ဘုံနယ်မြေလေးခု ပျက်စီးသွားကာ အတွင်းနယ်မြေသည် အပူဇော်ခံမီးတောက်များကို ဆက်လက် မစုဆောင်းနိုင်တော့ပေ။

သို့ပေမည့် အခုကတော့ ကွဲပြားသွားလေပြီ။ ဝမ်လင်းက ချိပ်ပိတ်နယ်မြေအစီအရင်ကို ဖျက်စီးခဲ့ပြီး ဖြစ်၍ ရှေးဟောင်းကြယ်အဖွဲ့အစည်း၏အော်ရာသည် မြင့်တက်လာခဲ့သည်။ အတွင်းနယ်မြေ ပိုင်ဆိုင်သည့် အပူဇော်ခံမီးတောက် အကန့်အသတ်မှာလည်း ကွယ်ပျောက်သွားခဲ့ပြီး ဖြစ်သည်။ ခုချိန်မှာ ကောင်းကင်ဘုံနယ်မြေ ပြန်တည်ဆောက်ဖို့ အကောင်းဆုံးအချိန်အခါပင်။

ဝမ်လင်းရှေ့၌ တခြားသူများကလည်း ထိုသို့ လုပ်ချင်ခဲ့ကြ၏။ သို့သော် အခြေအနေနှင့် အချိန်အခါ မကျခဲ့ပေ။ သူတို့တက ချိပ်ပိတ်နယ်မြေအရှင်၏ ရတနာကိုလည်း မပိုင်ဆိုင်ခဲ့သလို ထိုစဉ်က ချိပ်ပိတ်နယ်မြေအစီအရင်သည် လုံလောက်အောင် အားမနည်းခဲ့သေးပေ။

ဝမ်လင်းက ရှေ့သို့ ခြေလှမ်းလိုက်၏။ သူ ပထမဆုံး သွားသည့်နေရာမှာ တိမ်ပင်လယ်ရှိ လေကောင်းကင်ဘုံနယ်မြေထံသို့ ဖြစ်၏။ လေကောင်းကင်ဘုံနယ်မြေသည် မပျက်မယွင်းဘဲ ပကတိအတိုင်း  အရှိဆုံး နယ်မြေ ဖြစ်ပြီး ခြင်သားရဲအများစုက သိမ်းပိုက်ထားသည်။ အတိတ်တုန်းက ဝမ်လင်း၏ကျင့်ကြံမှုက သည်နယ်မြေကို လှုပ်ခါစေဖို့ လုံလောက်အောင် မမြင့်မားခဲ့သေးပေ။ သို့သော် ခုချိန်တွင်မူ သူ လုပ်နိုင်ပေပြီ။

ထို့အပြင် သူ၏ ချိတ်ဆက်မှုကြောင့် ဝမ်လင်းသည် အတိတ်တုန်းက တိုက်ပွဲ၌ သူနှင့် ကွဲသွားသော ခြင်သားရဲများသည် ရှင်သန်နိုင်ခဲ့ကာ လေကောင်းကင်ဘုံနယ်မြေ၌ အထိုင်ချနေသည်ကို သိထား၏။

ခြေတစ်လှမ်းဖြင့် လှိုင်းဂယက်များထကာ ဝမ်လင်း ပျောက်ကွယ်သွား၏။ သူ ပြန်ပေါ်လာသည့်အခါ၌ သူက လေကောင်းကင်ဘုံနယ်မြေသို့ ဝင်ပေါက် တိမ်ပင်လယ်၏ အတွင်းနက်ပိုင်းသို့ ရောက်နေပြီ။

ထိုရင်းနှီးသော နေရာသို့ ပြန်ရောက်လာပြီးနောက် ဝမ်လင်းက အဟအတွင်းသို့ ဝင်ရောက်ကာ လေကောင်းကင်ဘုံနယ်မြေထံ တရကြမ်း ဦးတည်သည်။

သည်နေရာတွင် လေတိုးသံများသာ ကြားနေရ၏။  လေများက ကောင်းကင်ထက်တွင် ရွှေ့လျား တိုက်ခတ်နေပြီး မြေပြင်ထက်တွင် အမှုန့်အမွှားတို့မှာ လေကြောင့် တစ်လွှာချင်း လွင့်ခတ်နေသည်။

သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ပြီးနောက် ဝမ်လင်းက တွေဝေခြင်းမရှိ ရှေ့ဆက်လာပြီး သူ့ဆံပင်ဖြူများမှာ ကခုန်နေလေသည်။ လေများက သူ့ကို တားဆီးနိုင်စွမ်း မရှိပေ။ တားဆီးနိုင်စွမ်း မရှိရုံသာမက သူ၏ရှေ့တွင်ပင် လေပြင်းများသည် ပျက်စီးရသည်။

လေကောင်းကင်ဘုံနယ်မြေ အတွင်းနက်ပိုင်း၌ သည်နေရာရှိ နေရာတိုင်းထက် ပိုပြင်းထန်အားကောင်းသော လေပြင်းများ တိုက်ခတ်နေသည့် ကုန်းမြေတစ်ခု ရှိ၏။ ထိုနေရာတွင် ခြင်သားရဲအုပ်စုနှစ်ခု ရှိနေပြီး တစ်အုပ်နှင့်တစ်အုပ် သတ်ဖြတ်နေသည်။

သည်ခြင်သားရဲအုပ်စုနှစ်စုမှာ အုပ်စုတစ်စုစီတွင် အရေအတွက် သောင်းချီ လေ၏။ ၎င်းတို့ တိုက်ခိုက်နေကြစဉ် အပျက်အစီးများ တောင်လိုပုံသည်။ သို့ပေမည့် သေဆုံးသွားကြသော ခြင်သားရဲတိုင်းမှာ တခြားအုပ်စုမှ ဖြစ်၏။ နောက်ထပ်အုပ်စုတစ်ခုက သွေးဆာသည့်အမူအရာများ လှစ်ဟဖော်ကာ သူတို့၏ ခြင်နှုတ်သီးများဖြင့် တခြားခြင်သားရဲများကို ထိုးစွကြသည်။

ထိုအခိုက်၌ အသက်ခံနေရပြီး ဆိုးဆိုးဝါးဝါး ခံဘက်ဖြစ်နေသည့် ခြင်သားရဲများက နာကျင်စွာ အော်ဟစ်၍ အညံ့ခံကာ နောက်ဆုတ်သည်။ ကြမ်းကြုတ်သောခြင်သားရဲများက တရကြမ်း ထိုးထွက်ကာ ယင်းတို့ကို ဝန်းရံသည်။ ပေတစ်ထောင်ကျော် ရှည်လျားသည့် ရွှေရောင်ခြင်သားရဲတစ်ကောင်က  အကွာအဝေးတစ်ခုရှိ တောင်ထိပ်တစ်ခုထံမှ ပျံသန်းလာနေ၏။

ထိုခြင်သားရဲ ပေါ်လာသည်နှင့် ပြင်းထန်သောဖိအား ပျံ့လွင့်လာသည်။ ၎င်းက ကြမ်းကြတ်ဟန်ပေါ်ကာ ပေတစ်ရာကျော် ရှည်လျားသော ထက်ရှသည့်ပါးစပ်ရှိလေ၏။ ၎င်း ပေါ်လာသည်နှင့် ဘုရင်တစ်ပါး ရောက်လာသည့်နှယ်။

ထိုဧရာမခြင်သားရဲက နောက်ဆုတ်နေသော ခြင်သားရဲအုပ်စုထံ တရှိန်ထိုး တိုးဝင်၏။ ၎င်းက ဝုန်းဒိုင်းကြဲသောင်းကြမ်းကာ အလွန်အမင်း ကြမ်းလှသည်။ နာကျင်စွာအော်ဟစ်သံများ ပဲ့တင်ထပ်၏။ အသက်ရှုချိန်အနည်းငယ်အတွင်း ထောင်ချီခြင်သားရဲများ သေဆုံးကုန်သည်။

ထိုခြင်သားရဲ၏နောက်မှ ခြင်သားရဲအုပ်က တရှိန်ထိုး ထွက်လာကြစဉ် တဖက်ရှိ ခြင်သားရဲအုပ်စု သောင်းချီမှာ အချိန်တိုအတွင်း အားလုံး သေဆုံးကုန်၏။ မည်သည့်ခြင်သားရဲမျှ မလွတ်မြောက်နိုင်ခဲ့ပေ။

ဧရာမခြင်သားရဲက ၎င်း၏ကလန်ဝင်များ သွေးဖြင့် ပြည့်ဖုံးနေ၏။ ၎င်း၏အေးစက်စက်မျက်လုံးထဲတွင် ဝမ်းနည်းမှု ကွယ်ဝှက်နေသည်။ သည်နှစ်တစ်ရာအတွင်း ၎င်းသည် အမြဲတမ်း ဝမ်းနည်းနေခဲ့ရ၏။ အကြောင်းမှာ ၎င်းက ၎င်း၏သခင်ကို ရှာမတွေ့နိုင်သောကြောင့် ဖြစ်၏။ သတ်ဖြတ်ခြင်းဖြင့် ထိုခြင်သားရဲက ဝမ်းနည်းမှုကို ပုံချ၏။ ဧရာမခြင်သားရဲက စူးစူးရှရှ အော်မြည်လိုက်၏။ ဤအော်သံမှာ စွန့်ပစ်ခံလိုက်ရသည့် ကလေးငယ်တစ်ယောက်က ဗလုံးဗထွေးအော်ဟစ်သံပင်။

စူးစူးရှရှအော်သံ ထွက်ပေါ်လာစဉ် ပတ်ဝန်းကျင်ရှိ ခြင်သားရဲအုပ်မှာလည်း လိုက်ပါ အော်ဟစ်၏။ သူတို့၏စူးစူးရှရှ အော်သံများ အတူတူ ချိတ်ဆက်မိသည့်အခါ ကောင်းကင်သည်ပင် တစစီ ဖြစ်သွားနိုင်လောက်သည်။

ယင်းသို့ အော်ဟစ်နေစဉ် သည်ကုန်းမြေမှ ခြင်သားရဲအများစုသည် မြန်မြန်ဆန်ဆန် ပျံသန်းထွက်ပြေးကြ၏။ အချို့ခြင်သားရဲများဆို ခန္ဓာကိုယ်အလွန်ကြီးမား၏။ သို့သော် ယင်းတို့မှာလည်း ကြောက်လန့်တကြား ထွက်ပြေးနေသည်ပင်။

သူတို့၏မှတ်ဉာဏ်ထဲ၌ လွန်ခဲ့သောနှစ်တစ်ရာခန့်က အလွန်အမင်း ရူးသွပ်နေသော ခြင်သားရဲအုပ်စုတစ်ခု ဒီနေရာသို့ ရောက်လာခဲ့၏။ ထိုခြင်သားရဲအုပ်စုက ဆက်တိုက် သတ်ဖြတ်ကာ ပိုပို၍ သန်မာလာခဲ့ကြသည်။ ယင်းအုပ်စုက ကုန်းမြေသစ်တစ်ခုသို့ ရောက်သည့်အခါ ထိုသို့ တူညီစွာပင် သတ်ဖြတ်ကြသည်။ ထွက်မသွားပါက အဆိုပါကုန်းမြေရှိ ခြင်သားရဲတို့မှာ ရူးသွပ်နေသောခြင်သားရဲအုပ်၏ သတ်ဖြတ်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။

သို့သော် ထိုအခိုက်အတန့်၌ ဧရာမခြင်သားရဲက ရုတ်တရက် တုန်ယင်သွားပြီး ၎င်း၏အော်သံ ရပ်သွား၏။ ၎င်း၏မျက်လုံးထဲရှိ အေးစက်မှုသည် ပြိုပျက်စီးကာ လွန်ခဲ့သောနှစ်တစ်ရာက ကွယ်ပျော်သွားသော ဝေခွဲမရမှု ဖြစ်ပေါ်လာသည်။

ထိုဝေခွဲမရမှုက မကြာမီတွင် စိတ်လှုပ်ရှားမှုအဖြစ်သို့ ပြောင်းလဲသွား၏။ ဧရာမခြင်သားရဲက စိတ်လှုပ်ရှားပျော်ရွှင်စွာ ရွှေ့လျားလာသည်။ ၎င်းသည် နောက်ထပ် စူးစူးရှရှအော်ဟစ်ကာ အကွာအဝေးတစ်ခုထံသို့ အရူးအမူး အသည်းအသန် ပျံသန်းသွားတော့သည်။

နှစ်ပေါင်းတစ်ရာ ခွဲခွာပြီးနောက် ၎င်းက ရုတ်တရက် ၎င်း၏သခင်ဖြစ်သူအော်ရာကို ခံစားမိခဲ့ပေသည်။ ၎င်းသည် အရာအားလုံးကို မေ့သွားကာ ထိုအော်ရာကို ရှာဖွေဖို့ အသည်းအသန် ကြိုးစားတော့၏။

ဝမ်လင်းသည် လေကောင်းကင်ဘုံနယ်မြေရှိ လေထဲ၌ ရပ်နေ၏။ သူက လှည့်ကြည့်လိုက်ပြီး ပျော်ရွှင်ဟန်အပြုံးတစ်ခု သူ့ထံမှ လှစ်ဟပေါ်သည်။

***

All Chapters