← Chapters

မမျှော်လင့်ထားဘဲ တွေ့ရှိမှု

Vol. 126 Ch. 1732

မမျှော်လင့်ထားဘဲ တွေ့ရှိမှု

Vol. 126 Ch. 1732

ဝမ်လင်း၏ဘယ်ဘက်ခြမ်းမှ လေပြင်းသည် တိုက်ခတ်သွားကာ အနက်ရောင်အစင်းကြောင်းတစ်ခု သူ့ထံ တရှိန်ထိုး တိုးဝင်လာနေ၏။ ထိုအနက်ရောင်အစင်းကြောင်းသည် ခြင်းသာရဲထောင်သောင်းချီကြောင့် ဖြစ်ပေါ်နေခြင်းပင်။ တုန်လှုပ်ဖွယ်မြင်ကွင်းတည်း။

ရှေ့ဆုံးမှာ ခြင်သားရဲမှာ ပေထောင်ချီကြီးမား၏။ ၎င်း၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှု ပြည့်နေသည်။ ၎င်းက ဝမ်လင်းကို တွေ့မြင်သည့်အခါ ၎င်း၏ခန္ဓာကိုယ်ကြီးသည် စတင် တုန်ယင်လာ၏။

စူးရှရှအော်ဟစ်ကာ ထိုခြင်သားရဲက ဝမ်လင်းထံ မြန်ဆန်စွာ ဦးတည်လာ၏။ ၎င်း၏လှုပ်ရှားမှုကြောင့် လေပြင်းများ ဖြစ်ပေါ်ကာ ဝမ်လင်း၏မျက်နှာပေါ်သို့ ဓားသွားများအလား ရိုက်ခတ်သည်။

အထူးသဖြင့် ၎င်းတိုးဝင်လာသည့် မြင်ကွင်းမှာ တွေ့မြင်ရသူတိုင်းအဖို့ တုန်လှုပ်သွားစေလောက်၏။

ထိုခြင်သားရဲက ဝမ်လင်း၏အစွမ်းထက်ခန္ဓာကိုယ်နှင့် အသားကျနေခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် ၎င်းက စိတ်လှုပ်ရှားခြင်းကြီးစွာ တရှိန်ထိုး တိုးဝင်လာခြင်းပင်။ ဝမ်လင်းသည် မချိပြုံး ပြုံးမိ၏။ သူက ဒီနေရာသို့ သူ့ကိုယ်ပွားဖြင့် ရောက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ထိုခြင်သားရဲ၏ ကြမ်းတမ်းသောပွေ့ဖက်မှုကို တောင့်မခံနိုင်ပေ။

ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်၍ ညင်သာစွာ ရှေ့သို့ ပုတ်လိုက်သည်။ လှိုင်းဂယက်တစ်ခုက တိုးဝင်လာသော ခြင်သားရဲကို ဝန်းရံသွား၏။ ထိုအခါ  ၎င်း၏အရှိန်မှာ လျော့ကျသွားသည်။

ထိုခြင်သားရဲက ဝမ်လင်းနား ရောက်လာသည့်အခါ စိတ်လှုပ်တရှား အော်ဟစ်သံ ပြုသည်။ ၎င်း၏ခြင်နှုတ်သီးဖြင့် ဝမ်လင်းကို စတင် ပွတ်သပ်၏။ ၎င်း၏ စိတ်လှုပ်တရှား ဖြစ်နေသော အကြည့်ထဲ၌ တွယ်ငြိမှု ကပ်ပါနေသည်။

ဝမ်လင်းမှာ ၎င်း၏သခင်ပင် ဖြစ်၏။ သို့သော် သူက ၎င်းအတွက် မိဘတစ်ယောက်နှင့် ပိုတူနေသည်။ ထိုအတွေးက ခြင်သားရဲ၏ စိတ်ဝိညာဉ်တွင်း၌ နက်နက်ရှိုင်းရှိုင်း ရှိနေကာ ဘယ်တော့မှ ပျောက်ကွယ်သွားတော့မည် မဟုတ်ပေ။

၎င်းက ဝမ်လင်းကို နှုတ်သီးဖြင့် ပွတ်သပ်နေရင်း တဝီဝီမြည်သံ ပြုနေသည်။ ၎င်းက ဝမ်လင်း ဘာကြောင့် အချိန်အကြာကြီး ထွက်သွားခဲ့ပြီးမှ ပြန်ရောက်လာကာ ၎င်းကို လာရှာရသနည်းဟု အထွန့်တက်နေသည့်အလား။

ဝမ်လင်းက ရယ်မောလိုက်သည်။ သူလည်း ပျော်နေမိ၏။ ဖျတ်ခနဲ သူက ခြင်သားရဲပေါ်သို့ ရပ်ကာ ရှေ့တည့်တည့်သို့ ကြည့်သည်။ သူက သူ့ပတ်လည်ရှိ ခြင်သားရဲထောင်သောင်းချီကို တွေ့မြင်သည်။ အချို့မှာ ဝမ်လင်းကို သိထားသည်မှာ ထင်ရှားသည်။ သို့သော နောက်ပိုင်းမှ ဒီခြင်သားရဲအုပ်စုထဲ ဝင်ရောက်လာသည့် ခြင်သားရဲများကမူ ဝမ်လင်းကို ပဟေဠိဖြစ်ဟန်ဖြင့် ကြည့်နေသည်။

ဝမ်လင်းသည် သူနှင့် အချိန်အကြာကြီး အတူရှိခဲ့သော ခြင်သားရဲဘုရင်နှင့် ပြန်တွေ့ဆုံရသည့်အတွက် ပျော်နေမိသည်။ သူက သူ့ဘဝတွင် အထီးကျန်မှုနှင့် အသားကျနေခဲ့ပြီး ဖြစ်ကာ သားရဲအချို့သာ သူနှင့်အတူ ရှိခဲ့လေသည်။ ထိုခြင်သားရဲဘုရင်မှာ သူနှင့်အတူ အရှည်ကြာဆုံး ရှိခဲ့သော သားရဲပင်။

ဝမ်လင်းက ထိုခြင်သားရဲဘုရင်၏ ဦးခေါင်းကို ပုတ်ကာ ပြုံး၍ ဆိုသည်။ “မင်းက အရင်ထက် အများကြီး အစွမ်းထက်လာတာပဲ…”

ခြင်သားရဲဘုရင်က မာန်သွင်းဟစ်အော်၏။ ၎င်း၏ဟိန်းသံက လွန်ခဲ့သောနှစ်တစ်ရာက ၎င်း၏အတွေ့အကြုံများကို ဝမ်လင်းထံ ပြောပြနေသည့်နှယ်။ သို့သော် ကံမကောင်းစွာဖြင့် ဝမ်လင်းသည် ၎င်းကို  နားမလည်နိုင်ပေ။ သို့ပေမည့် ဝမ်လင်းသည် ၎င်း ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့သူ ဖြစ်ရာ အနည်းငယ် စဉ်းစားပြီးနောက် တချို့အရာများကို ခန့်မှန်းလိုက်နိုင်သည်။

“ကောင်းပြီ…ငါ့ကို လေကောင်းကင်ဘုံနယ်မြေရဲ့ အတွင်းနက်ဆုံးအပိုင်းကို ခေါ်သွားပေး…”

ခြင်သားရဲဘုရင်၏ မျက်လုံးက တလက်လက် ဖြစ်သွား၏။ ၎င်းက မြန်ဆန်စွာ ရွှေ့လျားကာ ရှေ့သို့ ဦးတည်တော့သည်။ ခြင်သားရဲထောင်သောင်းချီက နောက်ကနေ အမြန်လိုက်လာကြသည်။ ခြင်သားရဲမုန်တိုင်းက ရှေ့သို့ ဦးတည်လေပြီ။

ခြင်သားရဲဘုရင်၏ အမြန်နှုန်းက အရင်ထက် များစွာ  ပိုမြန်လာ၏။ ဝမ်လင်းသည် ၎င်း၏ကျောပေါ်တွင် ရပ်နေရင်း သေသေချာချာ ကြည့်၏။ သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်း လှစ်ဟပေါ်သွားသည်။

ခြင်သားရဲဘုရင် အတိတ်တုန်းက အားမနည်းခဲ့သော်လည်း ခုချိန်တွင်မူ သန်မာလှပြီဟု ဆိုနိုင်လေပြီ။ ၎င်းသည် တတိယအဆင့် ကျင့်ကြံသူတစ်ယောက်၏အစွမ်းနှင့် အလွန်တရာ နီးကပ်နေလေပြီ။ ထိုပြောင်းလဲမှုက ဝမ်လင်းကို ကြီးစွာ အံ့အားတသင့် ဖြစ်စေသည်။

၎င်းသည် အသွင်ပြောင်းလဲကာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ ကြောက်မက်ဖွယ်စွမ်းအားကို ရဖို့ ခြေတစ်လှမ်းမျှသာ လိုတော့၏။ ဤသည်မှာ ဝမ်လင်း မျှော်လင့်နိုင်သည်ထက် ပိုနေ၏။

“ဒီကောင် ဘယ်လိုကံကောင်းမှုတွေများ ကြုံခဲ့ရတာလဲ…”

ဝမ်လင်း စဉ်းစားနေစဉ် ခြင်သားရဲဘုရင်က မရေမတွက်နိုင်သော အစိတ်အပိုင်းမြေများကို ဖြတ်သန်း ပျံသန်းလာသည်။ ၎င်းမှာ ဒီနေရာနှင့် အတော့်ကို တရင်းတနှီး ရှိနေ၏။ ၎င်းသားရဲက ဝမ်လင်းကို လေကောင်းကင်ဘုံနယ်မြေအတွင်းနက်ပိုင်းသို့ ခေါ်ဆောင်သွားနေသည်။

ဝမ်လင်းသည် အရင်က ဒီနေရာကို ရောက်ခဲ့ဖူး၏။ သူက ရှေ့ရှိ ထူထဲသောမြူများကို မြင်လိုက်ရသည်။ ယင်းမြူများအတွင်း၌ ဧရာမအက်ကြောင်းတစ်ခု ရှိ၏။ ထိုအက်ကြောင်းသည် မည်သည့်နေရာသို့ ဦးတည်သည်မှန်း မသိရဘဲ အေးစက်စက်အော်ရာကို ပေးစွမ်းသည်။

ထိုသိပ်သည်းသောမြူအောက်ဘက်၌ မရေမတွက်နိုင်သော ကုန်းမြေများ ရှိပြီး အတိတ်တုန်းကအတိုင်းပင်။ ထိုကုန်းမြေများထဲမှ တစ်ခုထံ၌ အရင်တုန်းက လူသားအသွင်ရုပ်တုတစ်ခု ရှိခဲ့သည်။

သို့ပေမည့် ခုချိန်တွင်မူ ထိုရုပ်တု၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရတော့ပေ။

ကုန်းမြေတစ်ခု၏ ထိပ်ပေါ်၌ ပေသောင်းချီကြီးမားသော ခြင်သားရဲတစ်ကောင်၏အလောင်း လဲကျနေ၏။ ၎င်း၏မျက်လုံးက ဖွင့်လျက် ရှိသည်။ သို့သော် ၎င်း၏မျက်လုံးထဲ၌ အလင်းဓာတ် မရှိတော့ဘဲ သေခြင်းတရားက ၎င်း၏ခန္ဓာကိုယ်တွင် ပြည့်နှက်နေသည်။

ဝမ်လင်းက ထိုခြင်သားရဲအလောင်းကို တွေ့မြင်သည့်အခါ သူ့မျက်လုံးမှာ ကျဉ်းမြောင်းသွားသည်။

ခြင်သားရဲဘုရင်က ဝမ်လင်းကို မြူအတွင်းသို့ ဦးဆောင်ခေါ်လာပြီး ထိုအလောင်းဘေးတွင် ဆင်းသက်လိုက်သည်။ ၎င်း၏နှုတ်သီးဖြင့် ထိုအလောင်းကို ထိုးစိုက်သည်။ ၎င်းက ရှိုက်သွင်းလိုက်ရင်း ၎င်း၏ခန္ဓာကိုယ်မှာ ရွှေရောင်တောက်လာသည်။

ခြင်သားရဲထောင်သောင်းချီက ဝမ်လင်းနှင့်ခြင်သားရဲဘုရင်တို့ကို ဝန်းရံထားပြီး မည်သည့်ခြင်သားရဲမျှ ရှေ့တိုးပြီး မစုပ်ယူဝံ့ကြပေ။

ဝမ်လင်းက ခုန်ဆင်းလိုက်ပြီး ခြင်သားရဲအလောင်းဘေးတွင် ရပ်လိုက်၏။ ထိုခြင်သားရဲက သေသွားသည်မှာ နှစ်များစွာ ကြာနေခဲ့လောက်ပြီ ဖြစ်၏။ သို့သော် ၎င်း၏ခန္ဓာကိုယ်မှာ မပုတ်သိုးသွားသေးပေ။ ထိုအစား ၎င်းသည် ခြောက်သွေ့လာသည်ဟု ထင်ရ၏။ သို့သော် ၎င်းခြင်သားရဲအလောင်းထံ၌ ခြင်သားရဲ၏အနှစ်သာရ ပါဝင်နေဆဲပင်။

၎င်းက သေဆုံးသွားပြီ ဖြစ်သော်လည်း ၎င်းထံမှ ပြင်းထန်သောဖိအားကို ပေးစွမ်းနေသည်။ ဝမ်လင်းသည် ထိုဖိအားကို ရှင်းလင်းစွာ ခံစားမိသည်။ ၎င်းမှ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်မှ ပေးစွမ်းသော ဖိအားနှင့် အလားသဏ္ဌာန်တူသည်။

၎င်းခြင်သားရဲအလောင်းကို သေသေချာချာ ကြည့်လိုက်ပြီးနောက် ဝမ်လင်းက ၎င်း၏လည်တိုင်ပေါ်ရှိ ၎င်းကို သေဆုံးသွားစေသော ဒဏ်ရာကို တွေ့မြင်လိုက်ရသည်။ ထိုဒဏ်ရာမှာ အပေါက်သုံးပေါက် ဖြစ်ကာ တစ်ခုစီသည် လက်တစ်ချောင်း အရွယ်အစား ရှိလေ၏။

လူတစ်ယောက်သည် သေချာမကြည့်ပါက ထိုဒဏ်ရာကို တွေ့မိဖို့ ခက်ခဲလှမည်။

ဝမ်လင်းက မျက်မှောင်ကြုတ်သွားကာ ထိုဒဏ်ရာဘေးနားသို့ ရောက်လာ၏။ သူက ၎င်းကို အချိန်အတန်ကြာ စိုက်ကြည့်နေ၏။ ထို့နောက် သူက ထိုဒဏ်ရာအပေါက်ငယ်သုံးခုထဲသို့ လက်သုံးချောင်း ထိုးစိုက်လိုက်သည်။

ယင်းဒဏ်ရာအပေါက် သုံးခုနှင့် လက်သုံးချောင်းမှာ ကွက်တိ ဖြစ်သွား၏။ သည့်အတွက် ယင်းဒဏ်ရာတို့မှာ လက်သုံးချောင်း၏ ထွင်းဖောက်ခံရခြင်းကြောင့် ရရှိခဲ့တာ သိသာသည်။

“ဘယ်လိုမန္တာန်မျိုးက လက်သုံးချောင်းတည်းနဲ့ ဒီသားရဲကို သတ်ပစ်နိုင်တာလဲ…” ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်လာ၏။ သူသည် အရင်တုန်းက ဒီသားရဲကို တွေ့မြင်ခဲ့ဖူး၏။ ထိုစဉ်က ယင်းဧရာမခြင်သားရဲသည် အဟကြားမှ ပျံသန်းထွက်ဖို့ ရုန်းကန်နေခဲ့ပေသည်။

၎င်း၏အရွယ်အစားမှာ ခုချိန်၌ အရင်ကနှင့် မတူတော့ပေ။ သို့သော် ၎င်း၏အော်ရာကမူ အလွန်တူပေ၏။

“လက်သုံးချောင်း…။ ဒီသားရဲအလောင်းပေါ်က လက်သုံးချောင်းရဲ့ အော်ရာကို ငါ သိသလို ခံစားမိတယ်။ ငါ ဒါကို အရင်က တစ်နေရာရာမှာ အာရုံခံမိခဲ့သလို ခံစားမိတယ်…”

ဝမ်လင်းဘေးရှိ ခြင်သားရဲဘုရင်က ၎င်း၏ခြင်နှုတ်သီးကို ခြင်သားရဲအလောင်းထံမှ ပြန်ရုတ်သိမ်းလိုက်၏။ ၎င်းက အတော်လေး ကျေနပ်နေသည့်ပုံပင်။ ၎င်းက ဝမ်လင်းကို ကြည့်လိုက်၏။ ထို့နောက် လေထဲသို့ ပျံတက်ကာ မြူများအတွင်းရှိ ဧရာမအက်ကြောင်းထံ ၎င်း၏နှုတ်သီးဖြင့် ညွှန်ပြသည်။

ဝမ်လင်းက ခေါင်းမော့ကာ မြူများအတွင်းရှိ အက်ကြောင်းကို ကြည့်လိုက်သည်။ သူ့မျက်လုံးက အရောင်တောက်လာ၏။ ခြင်သားရဲဘုရင် စူးရှရှ မြည်ဟည်းလိုက်ကာ ထိုအက်ကြောင်းထံ ပျံသန်းသွားသည်။ ဝမ်လင်းက ရှေ့သို့ ခြေလှမ်း၍ ခြင်သားရဲဘုရင်နောက်သို့ လိုက်လာသည်။ သူတို့နှစ်ယောက်သည် တစ်ချိန်တည်းလိုလို အက်ကြောင်း၏အစွန်းအနားသပ်သို့ ရောက်လာကြသည်။

၎င်းအက်ကြောင်းမှာ မြူများအတွင်း၌ ဖြစ်သော်လည်း အက်ကြောင်းထံမှအေးစက်မှုက ဝမ်လင်းကို သတိအနေထား ဖြစ်သွားစေသည်။ သူသည် ချက်ခြင်း မဝင်ရောက်သေးပေ။ အမှန်တော့ သူသည် သည်အက်ကြောင်းကို စူးစမ်းဖို့ လေကောင်းကင်ဘုံနယ်မြေသို့ လာခဲ့ခြင်း မဟုတ်ပေ။

သို့သော် ခုချိန်၌ သူက ဒီနေရာတွင် ရောက်နေပြီး လက်သုံးချောင်းမှ ရင်းနှီးသောအော်ရာနှင့်အတူ ခြင်သားရဲအလောင်းကို တွေ့မြင်နေရပြီး ဖြစ်၏။ ဝမ်လင်းက သည်အက်ကြောင်းအပေါ် သံသယ စဝင်လာသည်။

ဒီအက်ကြောင်းအတွင်း၌ မည်သည့်အရာ တည်ရှိနေသနည်း။

ဤသည်မှာ သည်အက်ကြောင်းအပေါ် ဝမ်လင်းအနေဖြင့် ပထမဆုံး စူးစမ်းကြည့်လိုခြင်း ဖြစ်၏။ သူက စူးစမ်းနေရင်း တစ်ခုခုမှားနေသည်ကို တွေ့ရှိလာသည်။ အက်ကြောင်းအစွန်းအနားသပ်မှာ ပုံပန်းအသွင်မညီမညာ ရှိ၏။ သို့သော် ယင်းတို့သည် ချိတ်ဆက်နေခဲ့သော အစိတ်အပိုင်းအချို့ ဖြစ်ကြောင်း ပြသသည့် အမှတ်အသားများ ရှိနေသည်။

စဉ်းစားနေရင်း ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ သူ့လက်ကြားထဲတွင် ကျောက်စိမ်းပြားတစ်ခု ပေါ်လာသည်။ သူက ၎င်းကို ညှစ်ချေလိုက်ရာ အက်သံတစ်ခု ကျောက်စိမ်းပြားထံမှ ထွက်ပေါ်သည်။ ထိုကျောက်စိမ်းပြားက ထက်ပိုင်းကွဲသွား၏။ ကျောက်စိမ်းပြား၏ အက်ရာတစ်လျှောက်တွင် ပုံစံမညီမညာအစွန်းအနားသပ်များ ရှိနေ၏။

ဝမ်လင်းက ထိုကျောက်စိမ်းပြားနှစ်ခုကို အတူတကွ ပြန်စုစည်းလိုက်သည့်အခါ ၎င်းသည် တဖန် ပြန်ပြီးပြည့်စုံသွားသည်။ ထို့နောက် ဝမ်လင်းက သူ၏ကျင့်ကြံမှုကို ထိုကျောက်စိမ်းပြားအတွင်းသို့ အချို့အဝက် ထည့်သွင်းလိုက်ရာ ကျောက်စိမ်းပြားသည် ဖောင်းဖောင်းကြွကြွ ဖြစ်လာ၏။ ထိုအခါ သူက သိသာသော အက်ရာများကို တွေ့မြင်နိုင်၏။

ကျောက်စိမ်းပြားကို စိုက်ကြည့်နေရင်း ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်လာ၏။ သူက ထိုကျောက်စိမ်းပြားကို ထပ်မံ ညှစ်ချေလိုက်၏။ ကျောက်စိမ်းပြားသည် ထက်ပိုင်းခြမ်းသွားပြန်သည်။ အချို့ ဖောင်းကြွသွားသော အစိတ်အပိုင်းများသည် ကွဲထွက်သွား၏။ သို့သော် အနားအစွန်းသပ် အစိတ်အပိုင်းသစ်များလည်း ဖြစ်ပေါ်သည်။

ကျောက်စိမ်းပြားကို ကိုင်ထားရင်း ဝမ်လင်းက သေသေချာချာ ကြည့်လိုက်၏။ ထို့နောက် သူက ဧရာမအက်ကြောင်း၏အစွန်းအနားသပ်ကို ထပ်၍ ကြည့်သည်။ သူ့မျက်လုံးသည် တဖြည်းဖြည်းချင်း တောက်ပလာ၏။

“ဒီအက်ကြောင်းနဲ့ ကျောက်စိမ်းပြားဟာ အတော်လေး ဆင်တူတယ်။ ဒီအက်ကြောင်းဟာ အတိတ်တုန်းက ဖွင့်ဟခံရပြီးတဲ့နောက် ပြန်ဖာထေးထားခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒါက ထပ်မံပြီး ပွင့်ဟ ခဲ့ပြန်တယ်။ ဒါ့ကြောင့် ဒီအနားအစွန်းသပ်တွေဟာ ခုလိုပုံစံမျိုး ဖြစ်နေတာ….”

“ဒုတိယအကြိမ် ဖွင့်ဟခံရတာဟာ လေကောင်းကင်ဘုံနယ်မြေ ပျက်စီးခဲ့တဲ့အချိန်အတွင်းမှာ ဖြစ်ရမယ်။ ဒါဟာ ခြင်သားရဲတွေအတွက် နိဗ္ဗာန်ဘုံတစ်ခုလို ဖြစ်လာစေခဲ့တာပဲ။ ဒီတော့ ပထမဆုံးအကြိမ် ဒီအက်ကြောင်းဟာ ဖွင့်လှစ်ခံခဲ့ရသေးတယ်…။ ဘယ်သူက ဒါကို ဖွင့်လှစ်ခဲ့တာလဲ…”

ဝမ်လင်း၏အတွေးကို စူးရှရှအသံက နှောက်ယှက်နေ၏။ ဝမ်လင်း၏ခြင်သားရဲက အက်ကြောင်းအပြင်ဘက်တွင် ဟိုဒီသွားလာနေ၏။ ၎င်းက အတွင်းသို့ ဝင်ချင်နေသည့်ပုံ ရသည်။ ၎င်းက ဝမ်လင်းကို တောင်းဆိုသည့်ဟန်အမူအရာဖြင့် လှည့်ကြည့်နေသည်။

“ထားလိုက်ပါတော့လေ…ငါတို့ အထဲသွားပြီး ကြည့်ကြတာပေါ့…”  ဝမ်လင်းက ခြင်သားရဲဘုရင်ကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။ ခြင်သားရဲဘုရင်က စူးစူးရှရှ အော်မြည်ကာ အက်ကြောင်းအတွင်းသို့ ဝင်ရောက်သွားလေ၏။ ၎င်း၏ လှုပ်ရှားမှုအရ ထိုသားရဲ အက်ကြောင်းအတွင်းသို့ ဝင်သည်မှာ ပထမဆုံးအကြိမ် မဟုတ်လောက်ပေ။

ဝမ်လင်းက ခြေလှမ်းလိုက်၏။ သို့သော် သူက အတော်လေး သတိထားနေသည်။ ထိုသတိတရားက သူနှင့်အတူတကွ ရှိခဲ့သည့် အရာ မဟုတ်လား။ သူ၏ကျင့်ကြံမှုအဆင့် တိုးတက်မြင့်မားလာလျှင်လည်း သတိတရားက လျော့နည်းသွားလိမ့်မည် မဟုတ်ပေ။ ကျင့်ကြံမှုအဆင့် ပိုမြင့်မားလာလေလေ သူက ဒီလောက၏ ထူးခြားဆန်းကြယ်မှုကို ပို၍ နားလည်လာလေပင်။

အက်ကြောင်းအတွင်းသို့ ဝင်ရောက်ပြီးနောက် အေးစက်စက်အော်ရာက သူ့ကို ခြုံလွှမ်းလာ၏။ ဝမ်လင်းက သူ့ကျင့်ကြံမှုအဆင့်ကို အသက်သွင်းလိုက်သည်။ သူက သူ့နတ်ဘုရားအာရုံကို မဖြန့်ကျက်ဘဲ ဒီဧရိယာကို မျက်လုံးဖြင့်သာ ဝေ့ဝိုက်ကြည့်ရှုသည်။

တစ်ချက် ဝေ့ကြည့်လိုက်ရုံဖြင့် သူသည် မင်သက်သွားပြီး သူ့မျက်လုံးသည် တောက်ပသွားလေ၏။

အက်ကြောင်းအတွင်း၌ တောက်ပနေသောဘဲဥပုံ ခြင်သားရဲများဥ များနှင့် ပြည့်နှက်နေသော လောကတစ်ခု ရှိနေ၏။ ယင်းခြင်သားရဲဥများမှာ မရေမတွက်နိုင်အောင် များပြားလှသည်။

ခြင်သားရဲဥများက သည်ဧရိယာတွင် ပြည့်နှက်နေပြီး နိုးထသက်ဝင်လာတော့မည့် ခြင်သားရဲများနှင့် ပြည့်လျှံနေသည်။ အကြည့်တစ်ချက်ဖြင့်ပင် ဒီနေရာတွင် သန်းချီရှိနေသည်ကို မြင်နိုင်၏။

ပို၍ ခပ်နက်နက်သွားလေလေ ဥများ ပိုများလာလေ၊ ပိုကြီးမားလာလေပင်။ အချို့ဥများဆို ပေထောင်ချီ ကြီးမား၏။ ၎င်းတို့အတွင်းရှိ ခြင်သားရဲများက ရွှေရောင်အလင်းကို ထုတ်လွှတ်နေသည်။ ယင်းတို့သည် လုံးဝပုံစံအသွင်ဖြစ်ပေါ်ကာ နိုးထလာဖို့ အဆင်သင့် ဖြစ်နေပြီဟု ထင်ရသည်။

ဝမ်လင်း၏ခြင်သားရဲ ဝင်ရောက်လာသည့်အခါ ၎င်းက ဝမ်းပမ်းတသာ စူးစူးရှရှ အော်မြည်၍ ဥအတန်းလိုက်ထံသို့ တရှိန်ထိုး ဦးတည်လာ၏။ ၎င်း၏ ပါးစပ်ကြီးက ဥတစ်လုံးပေါ်သို့ ထိုးစိုက်လိုက်ပြီး ၎င်းထံမှ အရာအားလုံးကို စုပ်ယူလိုက်သည်။

ဝမ်လင်းက ထိုအခြင်းအရာကို တွေ့သည့်အခါ သူက သူ၏ခြင်သားရဲ ဘာကြောင့် ခုလောက်ထိ ပြောင်းလဲသွားခဲ့သည်ကို နားလည်သွားတော့သည်။ ၎င်းများစွာအစွမ်းထက်လာခြင်းမှာ သည်နေရာကြောင့် ဖြစ်လေ၏။

“ဒါက ဘယ်နေရာလဲ…”  ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ငြိမ်သက်စွာ စဉ်းစားနေ၏။ သူက သူ့နတ်ဘုရားအာရုံကို ဖြည်းဖြည်းချင်း ဖြန့်ကျက်ကာ သည်ဧရိယာတစ်ခုလုံးကို ခြုံလွှမ်းသည်။

သူ့နတ်ဘုရားအာရုံ ပျံ့နှံ့သွားသည့်အခါ သူက ချက်ခြင်းပင် ဒီနေရာတစ်ခုလုံးကို တွေ့မြင်သည်။ သည်အခိုက်၌ ဝမ်လင်း၏မျက်လုံးထဲတွင် တုန်လှုပ်မှု ပြည့်နှက်သွားသည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိကာ အပေါ်သို့ ရုတ်တရက် မော့ကြည့်လိုက်မိ၏။

***

All Chapters