အင်မောတယ်ကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်သွားသော ဓားထိပ်
Vol. 126 Ch. 1733
ဝမ်လင်းက သူ့နတ်ဘုရားအာရုံဖြင့် သည်ဆန်းကြယ်သောနေရာရှိ အရာအားလုံးကို တွေ့မြင်သည်။ သည်နေရာမှာ ကြီးမားလှခြင်း မရှိဘဲ ရှည်လျားကျဉ်းမြောင်းသောလမ်းတစ်ခုလို ဖြစ်နေ၏။
သည်လမ်း၏ဘေးနှစ်ဖက်မှာ မှုန်ဝါးလှ၏။ ဘေးနှစ်ဖက်တွင် အပျက်အစီးဧရိယာအချို့လည်း ရှိနေပြီး ဒီလမ်းက အချိန်မရွေး ပြိုကျနိုင်သည့်နှယ်။
သည်လမ်း၏အဆုံး၌ ဝမ်လင်း ရှိနေပြီး တခြားတစ်ဖက်၏ အဆုံးသပ်မှာ အတော်လေး နက်ရှိုင်း၏။ ဝမ်လင်း၏နတ်ဘုရားအာရုံက ၎င်းအဆုံးသပ်ကို မဖြန့်ကျက်နိုင်ပေ။ သူက ဧရာမကျောက်တံခါးတစ်ချပ်ကိုသာ ခပ်ရေးရေး မြင်ရသည်။
ထိုတံခါးပေါ်၌ စက္ကူစချပ်တစ်ခု ရှိနေ၏။ ထိုစက္ကူစပေါ်၌ မန္တာန်တစ်ခုကို ချိပ်ပိတ်ထားသည်။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ရှေ့သို့ လှမ်း၍ ပျောက်ကွယ်သွား၏။ သူ ပြန်ပေါ်လာသည့်အခါ ဒီလမ်း၏ အဆုံးသပ်၊ ကျောက်တံခါးနှင့် ပေတစ်ထောင်အကွာသို့ ရောက်လာသည်။
မည်သည်နတ်ဘုရားအာရုံကမျှ ဒီနေရာကို ကျော်၍ ဖြတ်သန်းနိုင်ခြင်း မရှိလေပေ။ ပြင်းထန်သောဖိအားတစ်ခုက ဝင်ရောက်မည့်လူတိုင်းကို ကာဆီးထား၏။ ဝမ်လင်းက ပေတစ်ထောင်အကွာတွင် ရပ်ကာ သူ့ရှေ့ရှိ ကျောက်တံခါးကို စိုက်ကြည့်၏။ သူ့မျက်လုံးက အလေးအနက် ဖြစ်လာသည်။
ထိုကျောက်တံခါးမှာ အလွန်ရှေးကျနေ၏။ ၎င်းပေါ်၌ ရှုပ်ထွေးသောစာသားအချို့လည်း ရှိသည်။ သူက ထိုစာသားများကို အရင်က လုံးဝ မမြင်တွေ့ခဲ့ဖူးပေ။ သို့သော် ယင်းတို့ထံမှ ပေးစွမ်းနေသော ရှေးကျသည့်အော်ရာကို ခံစားမိနိုင်၏။
ဂရုတစိုက် လေ့လာကြည့်ပြီးနောက် သူက ထိုကျောက်တံခါးမှာ သည်နေရာတွင် ပြည့်ပြည့်စုံစုံ တည်ရှိနေခြင်း မဟုတ်သည်ကို တွေ့မြင်၏။ ထိုအစား တစ်စုံတစ်ယောက်က ဒီလမ်းကြောင်းကို ထောက်ပံ့ကာ ထာဝရတည်ရှိနေစေဖို့ ဒီကျောက်တံခါးကို အတင်းအကြပ် ရှိထားစေခဲ့သည့်ပုံ ပေါ်သည်။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ပေတစ်ထောင်အကွာထဲသို့ ခြေလှမ်းလိုက်၏။ ထိုအခါ သူ၏အမူအရာသည် ပြောင်းလဲသွားသည်။ ပြင်းထန်သောဖိအား လှိုက်တက်လာကာ သူ့အတွက် ခြေချဖို့ ခက်ခဲစေ၏။
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာသည်။ ဒီနေရာမှာ ထူးခြားနေ၏။ ခုချိန်ထိပင် သူ မည်သို့ဆက်လုပ်ရမည့်အကြံ မရသေးပေ။ သို့သော် သူ့ညာခြေထောက်က ရုတ်တရက် ခြေချလိုက်ရာ ဒီလမ်းတစ်ခုလုံး တုန်ဟည်းသွားသည်။
ခြေတစ်လှမ်း ချနင်းပြီးနောက် ဝမ်လင်းက နောက်တစ်လှမ်း လှမ်း၏။ သူ့ ခြေလှမ်းတိုင်းက ပေဒါဇင်ချီကို ဖြတ်သန်းသွားသည်။ မျက်စိတစ်မှိတ်အတွင်း သူက ပေတစ်ထောင်အကွာအဝေး၏ အလယ်သို့ ရောက်လာခဲ့လေပြီ။
သည်နေရာတွင် သူ့ထံမှ တစီစီအသံများ ထွက်ပေါ်လာပြီး သူ ပျက်စီးရတော့မည့်အလား။ ဝမ်လင်းက ဒီနေရာကို သူ၏ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ဖြင့် ရောက်လာခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့် သူသည် ပိုဝေးဝေး လှမ်းလိုပါက ဖိအားကို မခံနိုင်ပေ။ သူက ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ထိုင်ချလိုက်၏။ ထို့နောက် သူ မျက်လုံးမှိတ်လိုက်ပြီး သူ၏မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်သည်။
ဝမ်လင်း၏ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားပြီး သူ့မျက်ခုံးနှစ်ခုကြား၌ ဝဲကတော့တစ်ခု ပေါ်လာ၏။ သူ့မူလစိတ်ဝိညာဉ်မှာ ခန္ဓာကိုယ်ကနေ ထွက်ခွာလာကာ သွေးအလင်းတစ်ချက် လင်းလက်၏။ သွေးအလင်းက သူ့သွေးဓား၏အလင်း ဖြစ်၏။
ဝမ်လင်းက သူ့သွေးဓားနှင့် မူလစိတ်ဝိညာဉ်ကို ပေါင်းစပ်လိုက်သည်။ သွေးဓား၏အကာအကွယ်ဖြင့် ဝမ်လင်း၏မူလစိတ်ဝိညာဉ်က ကျန်သည့်ပေငါးရာကို ဖြတ်သန်းကာ ကျောက်တံခါးထံ ဦးတည်သည်။ သွေးဓားနှင့်မူလစိတ်ဝိညာဉ်က ဖျတ်ခနဲအတွင်း ပေငါးရာအကွာကို ဖြတ်သန်းသွားလေ၏။
တွန်းကန်အားမှာ တုန်လှုပ်ဖွယ် ကောင်းလှ၏။ ယင်းဖိအားက သွေးဓားအပေါ် တရစပ်ကျဆင်းကာ ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကို တစစီ ဖြစ်စေလိုသည့်အလား။ နောက်ဆုံးကျန်သည့် ပေတစ်ရာ၌ တွန်းကန်အားက ကြောက်မက်ဖွယ်အဆင့်ထိ ရောက်ရှိသည်။
သွေးဓားသည် တုန်ယင်၏။ မူလစိတ်ဝိညာဉ်မှာ သွေးဓားအတွင်းမှ တွန်းထုတ်ခံရတော့မည့်အလား။ သူ၏မူလစိတ်ဝိညာဉ်က တောင့်ခံထားပြီး သွေးဓားသည် တည်ငြိမ်မှု ရစေရန် ဘေးတစ်ဖက်သို့ ခုတ်ပိုင်းလိုက်၏။
၎င်းက လမ်း၏ဘေးတစ်ဖက်သို့ ထိုးစိုက်လိုက်သော်လည်း သွေးဓားမှာ နောက်ပြန်ကန်လာရသည်သာ ဖြစ်၏။
ပေတစ်ရာအကွာမှာ ဝမ်လင်းအတွက် အတော်လေး နီးကပ်နေပြီ ဖြစ်၏။ သွေးဓားအထက်၌ သူ့မူလစိတ်ဝိညာဉ် ပေါ်လာပြီး ကျောက်တံခါးနှင့် ၎င်းပေါ်ရှိ စက္ကူစမန္တာန်ကို စိုက်ကြည့်သည်။
အနီးကပ် သေချာကြည့်လိုက်သည့်နောက် ဝမ်လင်းက တစ်စုံတစ်ယောက်သည် နောက်ပိုင်းမှ ဒီကျောက်တံခါးကို ဤနေရာသို့ လာထားခဲ့သည်ကို ပိုသေချာသွား၏။ ၎င်း၏ရည်ရွယ်ချက်မှာ သည်လမ်းကို ထောက်ပံ့ပေးနိုင်ဖို့ ဖြစ်သည်။
ကျောက်တံခါးပေါ်၌ စက္ကူမန္တာန်တစ်ခုလည်း ရှိနေ၏။ တွန်းကန်အားက စက္ကူမန္တာန်ထံမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။ ၎င်း၏လုပ်ဆောင်မှုမှာ အပြင်ဘက်မှ မည်သူကမျှ ဒီကနေ မထွက်နိုင်ရန်နှင့် ဒီအတွင်းမှ မည်သူကမျှ အပြင်ဘက်သို့ မထွက်နိုင်ရန် ဖြစ်သည်။
“ဒီတံခါးရဲ့ အပြင်ဘက်မှာ ဘယ်လိုနေရာမျိုး ရှိနေမလဲ…” ဝမ်လင်းက ခပ်မြန်မြန် တွေး၏။ သို့သော် သွေးဓားက နောက်ပြန်ဆုတ်နေရ၏။ ထို့အတွက်ကြောင့် ဝမ်လင်းသည် ပေတစ်ရာခန့် ထပ်ဆုတ်သွားရရာ တံခါးနှင့် ပေနှစ်ရာအကွာသို့ ရောက်ရှိသွားသည်။
သွေးဓားသည် လမ်း၏တစ်ဖက်မှ တွန်းထုတ်ခံနေရပြီး ပေငါးရာအကွာထိ ပြန်ရောက်လာ၏။ ဝမ်လင်း၏မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲ ပြန်ဝင်ရောက်သွားပြီး သူက မျက်လုံးဖွင့်လာသည်။
“ငါ့မူလခန္ဓာကိုယ်သာ ဒီမှာ ရှိနေရင် ပေငါးရာဟာ မခက်ခဲလောက်တော့ဘူး။ ငါဟာ အင်မောတယ်မန္တာန်ကို အသုံးပြုပြီး တံခါးရှိ လျှောက်လှမ်းနိုင်မှာ။ ဒါပေမဲ့ ငါသာ ခုချိန်မှ ငါ့မူလခန္ဓာကိုယ်နဲ့ ပြန်ပေါင်းစပ်ဖို့ လုပ်မယ်ဆိုရင် အချိန်အများကြီး အလကားဟသ ဖြစ်ကုန်လိမ့်မယ်…”
ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ရှိနေ၏။ သူ၏ကျင့်ကြံခြင်းဘဝအတွင်း သူသည် မည်သည့်အားကိုမျှ ဦးညွှတ်ခဲ့ဖူးခြင်း မရှိပေ။ သည်အခိုက်တွင် သူက အေးစက်စက်နှာခေါင်း ရှုံ့လိုက်၏။ သူ့မျက်လုံးဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ၏ဘယ်မျက်လုံးထဲရှိ မိုးကြိုးမှာ တဖျတ်ဖျတ် လင်းလက်ပြီး မိုးကြိုးအနှစ်သာရ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာ သူ့ညာမျက်လုံးထဲ၌ မီးမြင့်တက်လာကာ လောင်ကျွမ်းသောမီးတောက်တစ်ခု လှစ်ဟပေါ်သည်။
သူက နေရာတွင် ထိုင်ချကာ သူ့လက်နှစ်ဖက်ကို ပင့်မြှောက်လိုက်၏။ သူ့ဘယ်လက်မှာ ရှင်သန်ခြင်း၊ ညာလက်မှာ သေခြင်း ဖြစ်သည်။ သူ့လက်ဝါးကို ဖွင့်လှစ်ပါက ကံမ္မအကြောင်းရင်း၊ လက်ဝါးပြန်ဆုပ်ပါက ကံမ္မသက်ရောက်မှု ဖြစ်၏။ သူ့မျက်လုံးဖွင့်လိုက်၊မှိတ်လိုက်ပါက အမှန်နှင့်အမှားအနှစ်သာရမှာ သူ့ပတ်လည်တွင် မြင့်တက်လာသည်။
အဆုံးသပ်၌ သူ့ထံမှ တုန်လှုပ်ဖွယ်သတ်ဖြတ်ခြင်းအော်ရာတစ်ခု ပေါက်ကွဲထွက်လာသည်။ သူ၏ခြောက်ခုမြောက်အနှစ်သာရ သတ်ဖြတ်ခြင်းအနှစ်သာ တရှိန်ထိုး ထွက်ပေါ်သည်။
အနှစ်သာရခြောက်ခုသည် သူ့မျက်ခုံးနှစ်ခုကြား၌ သိပ်သည်း၏။ သူ့မျက်ခုံးနှစ်ခုကြားရှိ ဝဲကတော့သည် ထပ်မံ ပေါ်လာ၏။ ထို့နောက်တွင် သူ့မူလစိတ်ဝိညာဉ်သည် တရှိန်ထိုး ထိုးထွက်သည်။ သူ့မူလစိတ်ဝိညာဉ်မှာ အနှစ်သာရခြောက်ခုနှင့်အတူ သွေးဓားအတွင်းသို့ ပြန်ဝင်ရောက်သည်။ မိုးကြိုးက လင်းလက်၏။ မီးက လောင်ကျွမ်း၏။ ကျန်သည့်အနှစ်သာရသုံးခုက သွေးဓားကို ဝန်းရံ၍ သတ်ဖြတ်ခြင်းအနှစ်သာရက လမ်းကြောင်း ဖွင့်ဟသည်။ သည်အခိုက်တွင် သွေးဓားသည် ပေငါးရာအကွာရှိ ကျောက်တံခါးထံ တိုးဝင်လာလေပြီ။
၎င်းက ရှေ့တိုးလာစဉ် တွန်းကန်အားက ပိုပြင်းထန်လာသည်။ သို့သော် ၎င်းက ဝမ်လင်း၏ အင်ပြည့်အားပြည့် ကျင့်ကြံမှုကို ရပ်တန့်နိုင်ခြင်း မရှိပေ။ သူ၏မူလစိတ်ဝိညာဉ်မှာ မမြင်ရသောဓားတစ်လက်အလား။
ဖျတ်ခနဲအတွင်း သူသည် ပေတစ်ရာသို့ ရောက်လာ၏။သို့သော် သည်တစ်ကြိမ်၌ သူသည် ရပ်တန့်သွာခြင်းမရှိဘဲ ရှေ့ဆက်တိုးသည်။ သွေးဓားက ကျောက်တံခါးကို တိုက်ရိုက် ထိုးစိုက်သွား၏။
သွေးဓားသည် ကျောက်တံခါးကို သုံးလက်မခန့် နစ်ဝင်သွားသည်။
သွေးဓားသည် အပြင်းအထန် တုန်ခါနေရင်း ပြင်းထန်သောတွန်းကန်အား ထွက်ပေါ်၏။ တဝီဝီအသံတို့ မြည်ဟည်းနေသည်။ ၎င်းတွန်းကန်အားက ဝမ်လင်း၏အနှစ်သာရခြောက်ခုနှင့် ထိပ်တိုက်တွေ့ကာ သူ့မူလစိတ်ဝိညာဉ်ကို ဖျက်စီးပစ်ချင်နေသည်။
သွေးဓားက စက္ကူမန္တာန်ကို ထွင်းဖောက်ကာ ကျောက်တံခါးထံ သုံးလမခန့် နစ်ဝင်သွားသည့်အခါ ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် သည်လှိုဏ်ဂူလောမှ မပိုင်ဆိုင်သည့် အော်ရာကို ခံစားမိလိုက်သည်။ သို့သော် ထိုအော်ရာမှာ သူ့အတွက် အတော်လေး တရင်းတနှီး ရှိလှသည်။
ဤသည်မှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အော်ရာ ဖြစ်၏။
အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၊ နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သော လောကတစ်ခု။ ၎င်းမှာ အတွင်းနှင့်အပြင်နယ်မြေပေါင်းထက် အဆပေါင်းမရေနိုင်အောင် ကြီးမားသည်။ တတိယအဆင့် ကျင့်ကြံသူများသည်ပင် ဒီနယ်မြေကို ဖြတ်သန်းသွားလာဖို့ အချိန်တော်တော် ပေးရမည် ဖြစ်၏။
အင်မောတယ်ကောင်းကင်ဘုံနယ်မြေကို စကြဝဠာထဲရှိ အခမ်းနား၊အကြီးကျယ်ဆုံးနေရာဟု သိရှိကြသည်။
အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၏ အရှေ့ဘက်ပိုင်း၌ အဆုံးမရှိသော တောင်တန်းတစ်ခု ရှိနေသည်။ ၎င်းတောင်တန်းကို မြူများ ဖုံးနေပြီး ကောင်းကင်ဘုံစွမ်းအင် ပြည့်နှက်နေသည်။ ထိုဧရိယာတွင် ငှက်များ၊ ပန်းပင်များ ပြည့်နေလျက် ပျံသန်းနေသော ကြိုးကြာငှက်တို့က ကောင်းကင်ယံတွင် ကခုန်နေသည်။
ထိုတောင်တန်း၏ အရွယ်အစားမှာ တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်း၏ ဆယ်ရာခိုင်နှုန်းမျှ ရှိသည်။ တောင်တန်းက အဆုံးမဲ့သည့်ပုံ ပေါ်သည်။ သို့သော် ၎င်းမှာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေ တစ်ခုလုံးနှင့် ယှဉ်ပါက ဖုန်မှုန့်စမျှသာ။
ထိုတောင်တန်းအတွင်းရှိ တောင်တစ်လုံးသည် မိုးထိထိုးနေ၏။ ၎င်းသည် အဆုံးမရှိအောင် မြင့်မားသည်ပုံ ပေါ်သော်လည်း အဝေးမှ ကြည့်ပါက တောင်ငယ်တစ်လုံးနှင့်သာ တူသည်။
သည်တောင်ငယ်ပေါ်၌ နန်းတော်များ ရှိနေသည်။ သည်နေရာမှာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေရှိ ကလန်ခွဲတစ်ခု ဖြစ်၏။ ထိုကလန်ကို ကွေရီကလန်ဟု ခေါ်၏။ ထိုကလန်မှာ တာအိုခုနစ်ခုကလန်နှင့် နင်လားငါလားပင်။ ကလန်ကြီးတစ်ခုဟု သတ်မှတ်၍ မရပေ။
သည်အခိုက်အတန့်၌ ထိုကလန်ခွဲ၏ ပင်မခန်းမအတွင်း၌ ပေတစ်သောင်းမျှ ကြီးမားသော နာရီတစ်လုံး မြောလွင့်နေ၏။ ၎င်းကို အဝေးမှ ကြည့်ပါက အတော့်ကို ခမ်းနည်းထည်ဝါလှသည်။
သို့ပေမည့် ဒီအခိုက်တွင် ယင်းနာရီမှာ တုန်ယင်လာပြီး ၎င်းထံမှ ကလန်တစ်ခုလုံး ပျံ့နှံ့စေသည့် တဝီဝီအသံ ပဲ့တင်ထပ်သည်။ အလင်းတန်းများသည် ဘေးပတ်လည်ရှိ နန်းတော်များထံမှ ချက်ခြင်း ပျံသန်းလာကြ၏။
ထိုအလင်းတန်းများ ရောက်လာသည့်အခါ တုန်လှုပ်ဖွယ်သွေးအလင်းတစ်ခုက ယင်းနာရီထံမှ ထွက်ပေါ်သည်။ သွေးအလင်း ပေါ်လာသည်နှင့် ၎င်းက လင်းထင်းကာ အရောင်ဖြာသည်။
ထိုသွေးအလင်းထဲ၌ သွေးနီရောင်ဓားထိပ်တစ်ခု ပေါ်လာ၏။ ၎င်းက နာရီကို ဖြတ်၍ သုံးလက်မ ထိုးစိုက်သည်။ တုန်လှုပ်ဖွယ်သွေးအလင်းက ၎င်းထံမှ ထွက်ပေါ်လာနေသည်။
“ယဲ့မိုရဲ့ ဓား…” အလင်းတန်းများထဲမှ တစ်ခုက အခြားအလင်းများထက် ပိုမြန်ကာ ချက်ခြင်း နီးကပ်လာသည်။ ထိုအလင်းမှာ ထူးခြားသောဝတ်ရုံဖြင့် သက်လတ်ပိုင်းလူ ဖြစ်၏။ သူ၏မျက်လုံးက တောက်ပနေသည်။ သူ့ထံမှ ဆန်းကြယ်လေဟာနယ်အထွတ်အထိပ်အဆင့် ကျင့်ကြံခြင်း ပျံ့နှံ့လေ၏။
သူ၏ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံခြင်းထံမှ ဆန်းကြယ်ဒုက္ခစွမ်းအား အငွေ့အသက်ပါ ထွက်ပေါ်လို့နေသည်။ သည်လူမှာ ဆန်းကြယ်အတိဒုက္ခ ပမာဏတစ်ခုခုကို ဖြတ်ကျော်ပြီးသည်မှာ ထင်ရှားသည်။
သူ နီးကပ်လာရင်း ကျန်သည့်အလင်းတန်းများက ရောက်ရှိလာကာ လူရှစ်ယောက်အသွင် လှစ်ဟပေါ်သည်။ သူတို့အားလုံးက နာရီအောက်တွင် ရပ်ကာ ဓားထိပ်ကို စိုက်ကြည့်နေ၏။
သူတို့၏အကြည့်များအောက်၌ ဓားထိပ်သည် တဖြည်းဖြည်း ပြန်ဆုတ်ကာ သွေးအလင်းသည်လည်း နာရီထံမှ ပျောက်ကွယ်သွားပြီး အမှတ်အသားတစ်ခုသာ ချန်ခဲ့လေ၏။
လူတိုင်းက ထိုနာရီကို စိုက်ကြည့်လျက် ငြိမ်သက်စွာ စဉ်းစားနေ၏။ လူတိုင်းသည် ငြိမ်ငြိမ်သက်သက် ရှိနေသည်။
သူတို့ထဲမှ တစ်ယောက် ပြောလာ၏။ “စီနီယာအစ်ကို…ငါတို့ ဒီအရှေ့ပိုင်းဆေးနာရီကို ဖွင့်သင့်လား…”
“အခုတော့ မလိုသေးဘူး။ စီနီယာအစ်ကိုမာက လူအချို့ ခေါ်ပြီး ထွက်သွားတယ်။ သူ ပြောခဲ့တာက ဒီနာရီကို ဖွင့်လှစ်လို့ မရဘူးတဲ့။ သူ့ဟာသူပဲ ပြန်လာလိမ့်မယ်…”
“ယဲ့မိုရဲ့ သွေးဓား။ ကြည့်ရတာ တာအိုခုနစ်ခုကလန်က ယဲ့မိုကို အဲ့ကလန်ရဲ့ လှိုဏ်ဂူထဲ ဖြားယောင်းခဲ့တယ်ဆိုတဲ့ ကောလဟာလက မှန်တဲ့ပုံပဲ…”
“ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက သူ့တာအိုလက်တွဲဖော်ကို စွန့်ပစ်ပြီး တာအိုခုနစ်ခုကလန်ကို ချိပ်ပိတ်ပစ်ခဲ့တယ်။ သူ တန်ဖိုးရှိတဲ့ရတနာတစ်ခုကို ရခဲ့လိမ့်မယ်။ စီနီယာအစ်ကိုမာက ဒါကို အချိန်အကြာကြီး လေ့လာနေခဲ့ပြီး ဒီလှိုဏ်ဂူလမ်းကြောင်းကို ဖွင့်လှစ်ဖို့ ကွေ့ရီကလန်ရဲ့ ရတနာကိုပါ အသုံးပြုခဲ့တယ်။ စီနီယာအစ်ကိုမာရဲ့ ကျင့်ကြံမှုအဆင့်၊နည်းလမ်းတွေနဲ့ဆို ငါတို့ စိတ်ပူဖို့ မလိုအပ်ဘူး…”
ထိုထူးခြားသောလမ်းကြောင်းအတွင်း၌ သွေးဓားကို ကျောက်တံခါးထံမှ ပြန်ရုတ်သိမ်းလိုက်ပြီး ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် တုန်လှုပ်နေ၏။ တွန်းကန်အားက သည်ဓားကို ပေငါးရာထိ ပြန်ကန်လာစေသည်။ သူ့မူလစိတ်ဝိညာဉ်က သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီးနောက် သွေးဓားကို ဖမ်းဆုပ်ကာ ပေတစ်ထောင်ထိ နောက်ဆုတ်သည်။ ဝမ်လင်းက ကျောက်တံခါးကို အလေးအနက် ကြည့်၏။ သူ့နှလုံးခုန်နှုန်းမှာ ပိုမြန်လာသည်။
သူ၏ကျင့်ကြံမှုကို အပြည့်အဝ အသက်သွင်းထားပြီး သူက အလွန်သတိထားနေသည်။
သူက အာစေးမိသလို အာရုံခံစားမိကို ရနေ၏။ အချိန်အတန်ကြာပြီးနောက် သူက ကျောက်တံခါးထံ၌ မည်သည့်ပြောင်းလဲမှုမှ မရှိသည်ကို မြင်သည်။ ထိုမှသာ သူသည် သက်ပြင်းရှည်ကြီး ချနိုင်တော့၏။
“အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၊ ကျောက်တံခါးရဲ့ အပြင်ဘက်ဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေပဲ…” ဝမ်လင်းက ဘေးပတ်လည်ရှိ လမ်းကြောင်းကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲ၌ ဉာဏ်အလင်းတို့ ပေါ်လာသည်။
“ငါ နားလည်ပြီ…”
***