← Chapters

အပြင်လူများ

Vol. 126 Ch. 1734

အပြင်လူများ

Vol. 126 Ch. 1734

“မူလတုန်းကတော့ ဒီတံခါးချပ်ဟာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ လှိုဏ်ဂူ တံခါးလို့ ငါ ထင်ခဲ့တာ။ ဒါပေမဲ့ ခုတော့ အဲ့တံခါး မဟုတ်နေတာ သိသာပြီ။ ဒါပေမဲ့ ဒီလမ်းကြောင်းကို တစ်စုံတစ်ယောက်က ဖွင့်လှစ်ခဲ့တာပဲ…”  ဝမ်လင်းသည် တံခါးကို စိုက်ကြည့်ကာ သုန်မှုန်စွာ နောက်ဆုတ်သည်။

သူ ရွှေ့လျားလာစဉ် ခြင်သားရဲဥတန်းက အလင်းများ တလက်လက် ပေးစွမ်းနေရာ သည်နေရာကို အံ့ချီးဖွယ်တစ်ခုအလား ထင်မှတ်စေလေသည်။

”ဒီလမ်းကြောင်းဟာ မတည်ရှိသင့်ဘူး။ တစ်စုံတစ်ယောက်က ဒီလမ်းကနေတစ်ဆင့် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ လှိုဏ်ဂူထဲ တိုက်ရိုက် ဖွင့်လှစ် ဝင်လာခဲ့တာ။ ဒါကို ဘယ်သူက ဖွင့်လှစ်ခဲ့တာလဲ…”   ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူ့ဦးနှောက်ကို စတင် အလုပ်ပေးလေသည်။ သူက သဲလွန်စအရိပ်အမြွက်များကို ခပ်မြန်မြန် စဉ်းစားကြည့်နေ၏။

ထိုသဲလွန်စများမှတစ်ဆင့် ဝမ်လင်းသည် အတိတ်တုန်းက မည်သို့ဖြစ်ပျက်ခဲ့ပုံကို စတင် ကောက်ချက်ချကြည့်နေသည်။

“ဘယ်သူလဲ…။ အရူးလား…ဒါမှမဟုတ် တစ်ယောက်ယောက်ပဲလား…”  ဝမ်လင်းသည် နောက်ဆုတ်နေရင်း ခြင်သားရဲ ဥများကို စုပ်ယူနေသော နေရာထိ ပြန်ရောက်လာသည်။ ခြင်သားရဲက ဝမ်လင်း ဘာတွေးနေသည်ကို မသိပေ။ ၎င်းက ပျော်ပျော်ရွှင်ရွှင် စုပ်ယူနေဆဲပင်။ ၎င်း၏ခန္ဓာကိုယ်က စုပ်ယူသမျှကို ခြေဖျက်နေရင်း အရောင်တောက်နေ၏။

ဝမ်လင်း အက်ကြောင်းအစွန်းနားသို့ ရောက်လာပြီး ထွက်ခွာခါနီး၌ သူက ရုတ်တရက် ရပ်ကာ အပေါ်သို့ မော့ကြည့်လိုက်၏။ သူ့စိတ်ထဲ၌ ဖျတ်ခနဲ လင်းလက်သွားကာ သူသည် တစ်စုံတစ်ခုကို အမှတ်ရသွားသည်။

“ပြန့်ကြဲမိုးကြိုးကလန်…ဟိုးလွန်ခဲ့တဲ့အချိန်တုန်းက ဆန်းကြယ်တဲ့ကျင့်ကြံသူအုပ်စုတစ်စု ပေါ်လာခဲ့တယ်လို့ ငါ သိထားခဲ့တယ်။ သူတို့ဟာ ထူးခြားတဲ့ဝတ်ရုံတွေ ဝတ်ဆင်ပြီး ခန့်မှန်းလို့ မရတဲ့ မန္တာန်တွေ၊ ရတနာတွေ ပိုင်ဆိုင်ခဲ့ကြတယ်။ ငါ ထာဝရမိုးကြိုးကို စုပ်ယူခဲ့တဲ့အချိန်တုန်းက ငါဟာ ၎င်းရဲ့မှတ်ဉာဏ်ကို တွေ့မြင်ခဲ့ပြီး အဲ့ကျင့်ကြံသူအုပ်စုရဲ့ ပုံရိပ်တွေကိုပါ ဝိုးတဝါး တွေ့မြင်ခဲ့ဖူးတယ်…”

“ဒါ့အပြင် စိတ်ဝိညာဉ်ကျာပွတ်လည်း ရှိသေးတယ်။ အဲ့ကျာပွတ်ဟာ သူတို့အပိုင်တဲ့။ ငါ နန်ဒူကို ရှာဖို့ ဒြပ်စင်ငါးခုဂြိုဟ်ရှိ သွားရမယ်လို့လည်း စဉ်းစားခဲ့ဖူးတယ်။ အဲ့အုပ်စုရဲ့ ခေါင်းဆောင်ဟာ နန်ဒူဖြစ်ပုံရတယ်…”

(ဘာသာပြန်သူမှတ်ချက်… နန်ဒူသည် ဟင်္သာပြဒါးဂြိုဟ်ပေါ်၌ ဝမ်လင်းက ထိုသူ မံမီဖြစ်ခဲ့စဉ် သူ့သိုလှောင်အိတ်ကို ယူခဲ့ဖူးသည်။ နောက်ပိုင်းတွင် နန်ဒူက ဝမ်လင်းထံကနေ သူ့သိုလှောင်အိတ်ကို ပြန်ယူရန် ရောက်လာခဲ့၏။ သူက ဂြိုဟ်သလင်းကျောက်သည် ဂျီနယ်ပယ်၏အကန့်အသတ်ကို ချိုးဖျက်ဖို့ အကူအညီ ဖြစ်စေနိုင်သည်ဟု ပြောခဲ့သောသူလည်း ဖြစ်သည်။ )

“ပြန့်ကြဲမိုးကြိုးကလန်က သတင်းအချက်အလက်အရ ဒီဆန်းကြယ်တဲ့ ကျင့်ကြံသူတွေဟာ ရှေးဟောင်းကြယ်အဖွဲ့အစည်းအပြင်ဘက်ကနေ ရောက်လာခဲ့တာလို့ ဆိုတယ်။ ဒါပေမဲ့ အပြင်ဘက်ဆိုတာ မရှိဘူး။ ဒါ့ကြောင့် သူတို့ဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေကလည်း ရောက်လာတဲ့ ကျင့်ကြံသူတွေဆိုတာ ရှင်းနေပြီ…”  ဝမ်လင်း၏မျက်လုံးသည် တောက်ပနေ၏။ သူသည် ဆက်လက်၍ ကောက်ချက်ချ စဉ်းစားနေရင်း သူ့စိတ်မှာ ပိုရှင်းလာသည်။

ဝမ်လင်းသည် တံခါးချပ်အပြင်ဘက်ရှိ ကွေ့ရီကလန်မှ လူများ၏ စကားကို မကြားပေ။ သို့သော် သူ ဆက်လက်၍ စဉ်းစားနေရင်း အမှန်တရားကို တဖြည်းဖြည်း စတင် ဖမ်းဆုပ်မိလာသည်။ သူ့စိတ်ထဲ၌ ရဲတင်းသောထင်မြင်ချက်တစ်ခု ပေါ်လာသည်။

“တာအိုခုနစ်ခုကလန်ရဲ့ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက ကောင်းကင်ဘုံတာအိုကို အနိုင်ရခဲ့ပြီး သူ့တာအိုလက်တွဲဖော်ကို စွန့်ပစ်ခဲ့တယ်။ သူက တာအိုခုနစ်ခုကလန်ကို ချိပ်ပိတ်ပစ်ခဲ့ပြီး သူ့ရဲ့ လှိုဏ်ဂူထဲမှာ ကောင်းကင်ဘုံတာအိုကို ဆင်ခြင်လေ့လာခဲ့တယ်…”

“ဒါပေမဲ့…သူ့အပြုအမူတွေဟာ တခြားသူတွေကိုပါ သံသယဝင်စေခဲ့တာ ဖြစ်ရမယ်။ ဒါ့ကြောင့် တနေ့နေ့မှာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေပေါ်က အံ့မခန်းပါရမီရှိတဲ့ တစ်စုံတစ်ယောက်ဟာ အထူးနည်းလမ်းတစ်ခု အသုံးပြုပြီး ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ လှိုဏ်ဂူကို တိုက်ရိုက်ဝင်ရောက်နိုင်မယ့် လမ်းတစ်ခုကို ဖွင့်လှစ်ခဲ့တာပဲ…”

“သူတို့ဟာ ဒီလမ်းကြောင်းကနေ ရောက်လာခဲ့တာပဲ…”

“ဒီလူတွေဟာ ပြန့်ကြဲမိုးကြိုးကလန်မှာ တွေ့ခဲ့တဲ့ ဆန်းကြယ်တဲ့ကျင့်ကြံသူတွေ ဖြစ်ရမယ်။ သူတို့ဟာ ပြင်ပနယ်မြေမှာ အရင်ဆုံး ပေါ်လာခဲ့တာ မဟုတ်ဘူး။ လေကောင်းကင်ဘုံနယ်မြေမှာ ပေါ်လာခဲ့တာ။ ဒါပေမဲ့ လေကောင်းကင်ဘုံနယ်မြေရဲ့ ဘယ်သူကမျှ သူတို့ရဲ့ တည်ရှိမှုကို သတိမပြုမိကြဘူး…”

“သူတို့ဟာ ဒီလမ်းကြောင်းကို ချိပ်ပိတ်ခဲ့ပြီး လေကောင်းကင်ဘုံနယ်မြေကနေ ထွက်ခဲ့ကြတာ။ ဖြစ်နိုင်တာက သူတို့ဟာ အတွင်းနယ်မြေမှာလည်း ရှာဖွေခဲ့လောက်တယ်။ ဒါပေမဲ့ အဆုံးသပ်မှာ သူတို့က ချိပ်ပိတ်နယ်မြေအစီအရင်ကနေ ထွက်ခွာလာခဲ့ကြပြီး ပြင်ပနယ်မြေရှိ သွားခဲ့ကြတာ နေမယ်…”

“ပြီးတော့…နှစ်ပေါင်းမြောက်များစွာကြာ သူတို့ ပျောက်နေခဲ့ကြတယ်…” အချိန်အတန်ကြာပြီးနောက် အတွင်းနယ်မြေရဲ့ ကောင်းကင်ဘုံနယ်မြေလေးခုဟာလည်း ပျက်စီးသွားခဲ့တယ်။ ဒီချိပ်ပိတ်ထားတဲ့ လမ်းကြောင်းဟာလည်း ပျက်စီးမှုဒဏ်ကို ခံခဲ့ရလိမ့်မယ်။ ဒါမှမဟုတ် ဒီလမ်းကြောင်းဟာ အမြဲတမ်း မတည်မငြိမ် ဖြစ်နေတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် တနေရာရာကိုရောက်ဖို့ လမ်းကြောင်း ထပ်ဖွင့်လှစ်ခဲ့တာလည်း ဖြစ်နိုင်တယ်။ ဖြစ်နိုင်ချေတွေကတော့ အများကြီးပဲ။ ဒါပေမဲ့ အဆုံးသပ်ရလဒ်မှာတော့ ဘယ်နေရာကမှန်းမသိရတဲ့ ခြင်သားရဲအုပ်စုကို စွဲဆောင်စေပြီး ဒီနေရာကို ရောက်လာစေခဲ့တာ ဖြစ်ရမယ်…”

“ဒီခြင်သားရဲတွေဟာ ဒီလမ်းကြောင်းထဲမှ မျိုးပွားခဲ့ကြပြီး ချိပ်ပိတ်မှုကို ဖွင့်ဟတာပဲ။ သူတို့ဟာ ပျက်စီးသွားခဲ့တဲ့ လေကောင်းကင်ဘုံနယ်မြေရှိ တရကြမ်း တိုးဝင်လာပြီး အဲ့နေရာကို သိမ်းပိုက်ခဲ့ကြတာပဲ…”

ဝမ်လင်း၏စိတ်ထဲ၌ ထင်မြင်ချက်ပုံရိပ်အမျိုးမျိုး ပေါ်နေ၏။ သူက စိတ်ကူး၍ ကြည့်နေခြင်းပင်။ သူက သည်လမ်း၏အဆုံးသပ်ကို ကြည့်ကာ စဉ်းစားနေသည်။

“အခုတော့ ဒီအဟကို ဖွင့်လှစ်ခဲ့တာ ဒုတိယကြိမ်ပဲ…”

“ဒါပေမဲ့ ဒီလူတွေဟာ လှိုဏ်ဂူလောကထဲမှာ ရှိနေတုန်းဆိုတာ သိသာတယ်။ သူတို့ဟာ မထွက်ခွာသွားသေးဘူး။ မဟုတ်ရင် ဒီကျောက်တံခါးနဲ့ လမ်းကြောင်းဟာ တည်ရှိတော့မှာ မဟုတ်ဘူး။ သူတို့ဟာ ဒါကို လုံးဝ ချိပ်ပိတ်ပစ်ပြီး အနာဂတ်မှာ သူတို့ကို မထောက်လှမ်းနိုင်အောင်လို့ သဲလွန်စမချန်ဘဲ ထွက်သွားနေလောက်ပြီ…”

“သူတို့ ထွက်မသွားကြသေးဘူးဆိုမှတော့ သူတို့က ဘယ်နေရာမှာလဲ။ ဒြပ်စင်ငါးခုဂြိုဟ်။ သူတို့က ခုထိ သူတို့လိုချင်တဲ့အရာကို ရှာမတွေ့ကြသေးဘူး။ ဖြစ်နိုင်တာက သူတို့လိုချင်တဲ့ဟာက ခုနစ်ရောင်စုံတာအိုသခင်နဲ့ တစ္ဆေုအိုကြီးကျန့်တို့ လိုချင်တဲ့အရာနဲ့ အတူတူ ဖြစ်လောက်တယ်။ အဲ့လူတွေမှာ အကြံတစ်ခုတော့ ရှိနေမှာ သေချာတယ်…”

ဝမ်လင်းသည် ဆက်ရွှေ့လျားလာပြီး သူ့ညာလက်ကို ခြင်သားရဲထံ လှမ်းလိုက်၏။ သူက ခြင်သားရဲကို ခေါ်ကာ ဒီအက်ကြောင်းထဲကနေ  ထွက်သွားတော့မည် ဖြစ်သည်။

သို့ပေမည့် ခြင်သားရဲများက ဥများကို ကြည့်နေကြပြီး အင်တင်တင် ဖြစ်နေ၏။

ဝမ်လင်းက လှည့်၍ ခြင်သားရဲဥသန်းချီကို ကြည့်လိုက်သည်။ သူ့မျက်လုံးက တောက်ပသွား၏။ သူက ညာလက်ကို ဝေ့ယမ်းလိုက်သည်။ လေပြင်းတစ်ခု သည်လမ်းကြောင်းကို ဖြတ်၍ တိုက်ခတ်ကာ ဒီဥများကို ပျောက်သွားစေသည်။ ထိုခြင်သားရဲဥများကို ဝမ်လင်းက သူ့သိုလှောင်နေရာလွတ်အတွင်းသို့ ထည့်သွင်းထားလိုက်ခြင်းပင်။

ခြင်သားရဲဘုရင် မြူးထူးစွာ အော်မြည်သံ ပြု၍ ထွက်ခွာဖို့ အင်တင်တင် ဆက်မဖြစ်တော့ပေ။ ၎င်းက ဝမ်လင်းနောက်ကနေ အက်ကြောင်းထံမှ ထွက်ခွာလာသည်။ လေကောင်းကင်ဘုံနယ်မြေ၏ အပြင်ဘက်၌ လေပြင်းများ တိုက်ခတ်ကာ အက်ကြောင်းအဟကို မြူများက ဖုံးနေလေ၏။

ဝမ်လင်းက ထိုအဟဘေးတွင် ရပ်ကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေ၏။ ထို့နောက် သူ့လက်နှစ်ဖက်ကို အတူတူ ပူးကပ်လိုက်ရာ အက်ကြောင်းအနားစွန်းများ တုန်ခါလာသည်။ သိပ်မကြာခင်တွင် အက်ကြောင်း၏အစွန်းနှစ်ဖက်သည် နီးကပ်ကာ အတူတူ ပေါင်းသွားသည်။

အက်ကြောင်းကို ချိပ်ပိတ်ပြီးနောက် ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေပြီး ၎င်းကို ဝေဝါးသွားစေ၏။ များပြားလွန်းသော အတားအဆီးများလည်း ပေါ်လာကာ ထိုအက်ကြောင်းအဟပေါ်သို့ ကျရောက်သည်။ မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်သော ချိပ်ပိတ်မှုများ အက်ကြောင်းကို လုံးဝ ထွေးခြုံသွားတော့သည်။

ထိုအရာများကို ပြုလုပ်ပြီးနောက် ဝမ်လင်းက အနည်းငယ် စဉ်းစားနေ၏။ သို့သော် သူက စိတ်ပူပန်နေဆဲပင်။ သူက ညာလက်ကို လေဟာနယ်ထံ ပင့်မြှောက်လိုက်ရာ လောကသည် တုန်ယင်သွားသည်။ ရုတ်တရက် သူ ရှေးသင်္ချိုင်းတွင်းမှ ရခဲ့သော ရှေးဟောင်းသစ်ရွက်များကို ကြီးထွားလာအောင် စိုက်ပျိုးရာ၌ အသုံးပြုသော ဧရာမဦးခေါင်းတစ်လုံး ပေါ်လာ၏။

၎င်းပေါ်၌ အပင်အများစုမှာ သေဆုံးနေကြဆဲပင်။ သို့သော် ရှေးဟောင်းသစ်ရွက်တော်တော်များများကတော့ ကြီးထွားလာကြပြီ ဖြစ်သည်။ လွန်ခဲ့သောသုံးနှစ်က ဝမ်လင်း ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရှိ ရှေးကလန်ဝင်များ၏ ရုပ်တုများကို စုပ်ယူခဲ့ချိန်က သူသည် ထိုဧရာမဦးခေါင်းထံ ရှေးစွမ်းအားများကို ဖြည်းဖြည်းချင်း ပို့လွှတ်ပေးခဲ့သည်။ သည့်အတွက်ကြောင့် ဒီရှေးဟောင်းသစ်ရွက်များသည် ကြီးထွားနေခြင်းပင်။

လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ ရှေးဟောင်းသစ်ရွက် ဒါဇင်ချီသည် သစ်ပင်များထံမှ ပျံသန်းထွက်ကာ ဝမ်လင်းလက်ထဲသို့ ပျံဝဲလာ၏။ သူက လက်ဝေ့ယမ်းလိုက်ရာ ထိုသစ်ရွက်များသည် ချိပ်ပိတ်ထားသော အက်ကြောင်းအဟပေါ်သို့ ကျရောက်ပြီး ၎င်းကို ထပ်မံ၍ ချိပ်ပိတ်သည်။

ထိုအရာတို့ကို ပြုလုပ်ပြီးနောက် ဝမ်လင်းက ကျန်သည့် ရှေးဟောင်းသစ်ရွက်များကို သူ့သိုလှောင်နေရာလွတ်အတွင်းသို့ ထည့်သိမ်းလိုက်သည်။ ထို့နောက် သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ခြင်သားရဲဘုရင်နှင့်အတူ မြူထဲမှ ထွက်ခွာလာ၏။

ထိုအက်ကြောင်းကို ချိပ်ပိတ်နေရင်း ၎င်းမှာ သဲလွန်စမရှိ ကွယ်ပျောက်၏။ ၎င်းပတ်လည်ရှိ မြူများသည်ပင် ပါးလှပ်ကာ လုံးဝ ကွယ်ပျောက်သွားသည်။

နေရာတွင် မြောလွင့်နေလျက် ဝမ်လင်းက ခေါင်းငုံ့ကာ သူ၏အောက်ရှိ လေကောင်းကင်ဘုံနယ်မြေကို ကြည့်လိုက်သည်။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး လေကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းပစ်သည်။ လေကောင်းကင်ဘုံနယ်မြေတစ်ခုလုံးသည် သူ့စိတ်ထဲတွင် ပေါ်လာသည်။

လေကောင်းကင်ဘုံနယ်မြေ၏ အပျက်အစီးမှာ နဂိုအတိုင်း ပြန်မဖြစ်နိုင်သည် မဟုတ်ပေ။ ခြင်သားရဲများကြောင့် ထိုပျက်စီးမှုမှာ လုံးလုံးလျာလျာ ဖြစ်မသွားခဲ့ခြင်းပင်။ သည်လေကောင်းကင်ဘုံနေရာမှာ မိုးကောင်းကင်ဘုံနယ်မြေနှင့် မိုးကြိုးကောင်းကင်ဘုံနယ်မြေတို့ထက် များစွာ ပိုကောင်းမွန်သေးသည်။

လျှပ်စီးကောင်းကင်ဘုံနယ်မြေကိုမူ ဝမ်လင်းက လုံးဝ မရောက်ခဲ့ဖူးပေ။ ထို့ကြောင့် ယင်းနေရာရှိ အပြောင်းအလဲများကို သူ မသိပေ။

“ဒီတော့ လေကောင်းကင်ဘုံနယ်မြေကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုလိုက်မယ်။ လျှပ်စီးကောင်းကင်ဘုံနယ်မြေက မပျက်မယွင်းဘဲ ရှိနေသေးတယ်ဆိုရင်လည်း အဲ့နယ်မြေကိုပါ ပေါင်းစည်းလိုက်မယ်…” ဝမ်လင်းသည် အသက်ဝဝရှုသွင်းကာ သူ့လက်နှစ်ဖက်ကို ပင့်မြှောက်လိုက်၏။ သူ၏စိတ်ဝိညာဉ်လေဟာနယ်ကျင့်ကြံခြင်းက သူ့နတ်ဘုရားအာရုံအတွင်းသို့ တဟုန်ထိုး ဝင်ရောက်ပြီး လေကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို ထွေးခြုံသွားသည်။

လေကောင်းကင်ဘုံနယ်မြေ၏ အစိတ်အပိုင်းများသည် မမြင်ရသောအားတစ်ခုက ဗဟိုချက်ထံ တွန်းထုတ်သည့်အလား အဘက်ဘက်မှ စုစည်းလာ၏။

လေကောင်းကင်ဘုံနယ်မြေသည် တုန်ဟည်းနေစဉ် အဆုံးမဲ့လေပြင်းများ စတင် ပျက်စီးသည်။ သည်နေရာတွင် နေထိုင်ရှင်သန်ခဲ့တာ ကြာမြင့်လှပြီ ဖြစ်သော ခြင်သားရဲများသည် လေထဲသို့ ပျံတက်လာကြ၏။ သူတို့အားလုံးသည် ဘေးပတ်လည်သို့ ကြောင်ရီရီ ကြည့်ကာ အလန့်တကြား ဖြစ်နေသည်။

“စုစည်းစေ…” ဝမ်လင်းက မာန်သွင်းအော်ဟစ်စဉ် သူ့ဆံပင်ဖြူများက လေထဲ၌ လွင့်ဝဲ၏။ သူ့လက်နှစ်ဖက်ကို ပင့်မြှောက်၍ ရုတ်တရက် လက်ချင်းရိုက်လိုက်သည်။ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ဖြင့် သူက မရေမတွက်နိုင်သော လေကောင်းကင်ဘုံနယ်မြေအစိတ်အပိုင်းများကို ထပ်မံ စုစည်းအောင် လုပ်နိုင်စွမ်း ရှိပေသည်။

စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့်က တတိယအဆင့်ကျင့်ကြံသူများကြား၌ပင် အားကောင်းလှသည့်အဆင့် ဖြစ်၏။ အတွင်းနှင့်အပြင်နယ်မြေနှစ်ခုစလုံးတွင်ပင် ထိုအဆင့်ကျင့်ကြံသူများမှာ နည်းပါးပေသည်။

မြေပြင်ထုသည် ဖြည်းဖြည်းချင်း ရွှေ့လျားလာရင်း ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်နေသည်။ အထက်စီးမှ ကြည့်ပါက လေကောင်းကင်ဘုံနယ်မြေသည် အက်ကွဲသွားသောကြေးမုံ၏ အစိတ်အပိုင်းများက တစ်ခုထံတစ်ခု ဖြည်းဖြည်းချင်း ရွှေ့လျားကာ နောက်ဆုံး၌ အတူတူ ပြန်ပေါင်းစည်းမည့်ကဲ့သို့ မြင်ရလိမ့်မည်။

ယင်းတို့စုဝေးသွားသည့်အခိုက်၌ ပြည့်ပြည့်စုံစုံ ကုန်းမြေတစ်ခု ရုတ်တရက် ပေါ်လာသည်။

ကောင်းကင်ထက်ရှိ လေပြင်းများမှာ ရုတ်တရက် ပျက်စီးသွားပြီး သဲလွန်စပင် မကျန်တော့ပေ။ ကောင်းကင်ထက်ရှိ မရေမတွက်နိုင်သော ခြင်သားရဲများမှာ တုန်ယင်နေကြ၏။ ထိုခြင်သားရဲများက ဝမ်လင်းနှင့် သူ့ထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်စွမ်းအားကို ထောက်လှမ်းမိကြသည်။

လွန်ခဲ့သောနှစ်တစ်ရာက ခြင်သားရဲအများစုကို ဝမ်လင်း၏ခြင်သားရဲဘုရင်က သတ်ဖြတ်ပစ်ခဲ့ပြီး ဖြစ်၏။ အစွမ်းထက်ခြင်သားရဲအားလုံးမှာ လွန်ခဲ့သောနှစ်အချို့က အချို့အကြောင်းရင်းများကြောင့် သေဆုံးခဲ့ရပြီး ဖြစ်၏။ လုံလောက်အောင် မသန်မာသည့်အတွက် ကျန်သည့် ခြင်သားရဲများမှာ ဘာပြဿနာမှ မဖြစ်စေနိုင်တော့ပေ။

လေကောင်းကင်ဘုံနယ်မြေကို ပြန်ဖွဲ့စည်းပြီးနောက် ဝမ်လင်းက ထိုကုန်းမြေပေါ်တွင် ခြေချ၍ ထိုင်လိုက်သည်။ သူက မျက်လုံးမှိတ်၏။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်သည်။ သူက သည်ကုန်းမြေနှင့် ပေါင်းစပ်ကာ ၎င်းကို ထိန်းချုပ်၍ ရှေ့သို့ ပျံသန်းစေသည်။

ကျယ်ကျယ်လောင်လောင် တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ဝမ်လင်းက လေကောင်းကင်ဘုံနယ်မြေကို ထိန်းချုပ်၍ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းထံ ယူဆောင်လာနေသည်။

ထိုကုန်းမြေက မြောလွင့်နေရင်း အံ့မခန်းများပြားသည့် ကောင်းကင်ဘုံစွမ်းအင်ကို ထုတ်လွှတ်၏။ ထိုကောင်းကင်ဘုံစွမ်းအင်သည် အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှ စွမ်းအင်နှင့် ကွဲပြားသည်။ ၎င်းမှာ အပူဇော်ခံမီးတောက်ကြောင့် ပြောင်းလဲခြင်း ခံထားရပြီး ဒီလှိုဏ်ဂူလောက ပိုင်ဆိုင်သည့် ကောင်းကင်ဘုံစွမ်းအင်သာ ဖြစ်သည်။

ဟိုးအတိတ်တစ်ချိန်တုန်းက ကောင်းကင်ဘုံနယ်မြေအရှင်က  အပူဇော်ခံမီးတောက်များကို စုပ်ယူဖို့ ကောင်းကင်ဘုံနယ်မြေလေးခုကို ဖန်တီးခဲ့၏။ ထို့အတွက် ကောင်းကင်ဘုံနယ်မြေလေးခု၏ ကုန်းမြေများသည် သာမန်နှင့် မတူပေ။

ခြင်သားရဲများသည် လေကောင်းကင်ဘုံနယ်မြေကုန်းမြေပေါ်တွင် ရှိနေပြီး ဝမ်လင်း၏ဖိနှိပ်ခြင်း ခံထားရသည်။ ထို့ကြောင့် သူတို့သည် မပျံသန်းနိုင်ကြဘဲ ကုန်းမြေနှင့်အတူ တုန်တုန်ယင်ယင် ရွှေ့လျားလိုက်ပါလာရသည်။

ကြယ်များ တုန်ဟည်းနေ၏။ ဝမ်လင်းက ကုန်းမြေပေါ်တွင် ထိုင်ချလိုက်သည်။ သူက မျက်လုံးမှိတ်ထားသော်လည်း သူ့နတ်ဘုရားအာရုံက ကုန်းမြေကို ထိန်းချုပ်၍ ဆင့်ခေါ်ခြင်းမြစ်ထံ ဆက်လက် ပျံသန်းသည်။ သူက လျှပ်စီးကောင်းကင်ဘုံနယ်မြေထံသို့ သွားရောက်မည် ဖြစ်သည်။

လျှပ်စီးကောင်းကင်ဘုံနယ်မြေမှာ ဝမ်လင်း မရောက်ရှိဖူးသော  ကောင်းကင်ဘုံနယ်မြေတစ်ခု ရှိ၏။ ထိုနေရာသည် တောက်ပသောအလင်းတို့ကို ပေးစွမ်းလျက် လှပစွာအလင်းပြန်ခြင်းကို ဖန်တီးထားသည်။

***

All Chapters