ကောင်းကင်ဘုံသားများကို ဖိဆန်မည့် ခရီး
Vol. 126 Ch. 1735
တဝီဝီအသံများ ကြယ်များကြား၌ ပဲ့တင်ထပ်နေ၏။ သည်အသံက ပိုပို၍ ပြင်းထန်လာသည်။ ဝမ်လင်း၏ထိန်းချုပ်မှုအောက်၌ ကြီးမားသည့် လေကောင်းကင်ဘုံနယ်မြေသည် ရွှေ့လျားလာနေသည်။
ဆင့်ခေါ်ခြင်းမြစ်ကို ပြန်သိမ်းယူပြီးနောက် အလုံးစုံကောင်းကင်၌ ရောက်နေသော ဆင့်ခေါ်ခြင်းမြစ်မှ ကျင့်ကြံသူများသည် နောက်ဆုံးသုံးနှစ်အတွင်း သူတို့၏ နေရပ်သို့ ပြန်လာခဲ့ကြ၏။ သူတို့က ဒီနေရာနှင့် ရင်းနှီးသဖြင့် ဒီနေရာတွင် ဒဏ်ရာများကို ပိုမိုကောင်းမွန်စွာ ကုစားနိုင်လိမ့်မည်။
ဆင့်ခေါ်ခြင်းမြစ်၏ လျှပ်စီးကောင်းကင်ဘုံနယ်မြေသည် ကျန်နယ်မြေသုံးခုနှင့် မတူပေ။ ၎င်းမှာ လုံးဝ ပွင့်ဟနေခြင်း ဖြစ်သည်။ လူတစ်ယောက်သည် ဆင့်ခေါ်ခြင်းမြစ်ကြယ်အဖွဲ့အစည်း၏ မြောက်ဘက်ပိုင်းသို့ ဝင်ရောက်လာသည်နှင့် တောက်ပသော ငွေရောင်မြစ်တစ်စင်းကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
ထိုငွေရောင်မြစ်မှာ လျှပ်စီးကောင်းကင်ဘုံနယ်မြေပင်။
ဝမ်လင်းသည် ဆင့်ခေါ်ခြင်းမြစ်သို့ အကြိမ်အတော်အတန် ရောက်ခဲ့ဖူး၏။ သို့သော် အကြိမ်တိုင်းမှာ အလျင်စလို ဖြစ်ခဲ့သည်။ သူက သည်ငွေရောင်မြစ်ကို မြင်ဖူးပြီး လျှပ်စီးကောင်းကင်ဘုံနယ်မြေမှန်းလည်း သိသည်။ သို့သော် သူသည် လုံးဝ မဝင်ရောက်ခဲ့ဖူးပေ။
လေကောင်းကင်ဘုံနယ်မြေသည် တရကြမ်း ရွှေ့လျားလာပြီး ၎င်း ဆင့်ခေါ်ခြင်းမြစ်၌ ပေါ်လာသည့်အခါ လှိုင်းဂယက်တစ်ခုသည် ပြင်းထန်သောဖိအားနှင့်အတူ ပျံ့လွင့်သည်။
လေကောင်းကင်ဘုံနယ်မြေကုန်းမြေသည် ဖြည်းဖြည်းချင်း မြောက်ပိုင်းငွေရောင်မြစ်၏ ရှေ့တွင် ရပ်တန့်သွားသည်။ ဝမ်လင်းက ထရပ်ကာ လျှပ်စီးကောင်းကင်ဘုံနယ်မြေကို ကြည့်၏။ သူက ရှေ့သို့ ခြေလှမ်းကာ ထိုနယ်မြေထဲ ဝင်ရောက်လိုက်သည်။
ငွေရောင်မြစ်၌ မရေမတွက်နိုင်သော အစိတ်အပိုင်းငယ်များ ပါဝင်၏။ ယင်းတို့ထံမှ လျှပ်စီးများ ထွက်ပေါ်နေကာ သည်ထာဝရငွေရောင်မြစ်ကို ဖြစ်ပေါ်နေစေခြင်းပင်။
ဝမ်လင်းက လက်ဝေ့ယမ်းလိုက်ရာ သည်ငွေရောင်မြစ်တစ်ခုလုံး လှုပ်ခါသွားသည်။ ငွေရောင်မြစ်က လေကောင်းကင်ဘုံနယ်မြေထံ ပျံသန်းလာကာ ၎င်းပတ်လည်၌ ဖြည်းဖြည်းချင်း လည်ပတ်သည်။
၎င်းသည် လည်ပတ်နေရင်း လေကောင်းကင်ဘုံနယ်မြေကို ငွေရောင်မြစ်က ဝန်းရံခြုံလွှမ်းသည်။ အဝေးမှ ကြည့်ပါက သည်ကုန်းမြေသည် အတော့်ကို လှပပေသည်။
“လျှပ်စီးကောင်းကင်ဘုံနယ်မြေရဲ့ အပျက်အစီးက ပြန်ပြုပြင်လို့ မရနိုင်တော့ဘူး။ ဒါဟာ အနာဂတ်ကောင်းကင်ဘုံနယ်မြေအတွက် အစောင့်အကြပ်မြစ်တစ်စင်းအဖြစ်ပဲ တည်ရှိနိုင်တော့မှာ…” ဝမ်လင်းသည် သက်ပြင်းချ၍ လေကောင်းကင်ဘုံနယ်မြေနှင့် ငွေရောင်မြစ်တို့ကို ထိန်းချုပ်ကာ ထွက်ခွာလာသည်။
သူ တတိယမြောက်သွားမည့်နေရာမှာ အလုံးစုံကောင်းကင်ရှိ မိုးကြိုးကောင်းကင်ဘုံနယ်မြေ ဖြစ်သည်။
ဝမ်လင်းသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေနှင့် အတော်လေး ရင်းနှီး၏။ ထိုနယ်မြေရှိ နေရာတော်တော်များများကို သူ ရောက်ခဲ့ဖူးသည်။ သိပ်မကြာခင်တွင် ငွေရောင်လျှပ်စီးမြစ် ဝန်းရံထားသော ဧရာမလေကောင်းကင်ဘုံနယ်မြေက အလုံးစုံကောင်းကင်တွင် ပေါ်လာသည်။
ထိုအခါ လှိုင်းဂယက်များကြောင့် အလုံးစုံကောင်းကင်၌ ဒဏ်ရာကုစားနေသော ကျင့်ကြံသူများသည် လေကောင်းကင်ဘုံနယ်မြေကို ချက်ခြင်း သတိပြုမိကြသည်။ သူတို့အားလုံး တုန်ယင်ကာ နတ်ဘုရားအာရုံများ ဖြန့်ကျက်လိုက်ကြ၏။ သူတို့တွေ့မြင်လိုက်ရသည့်အရာက သူတို့ကို တုန်လှုပ်သွားစေသည်။
မိုးကြိုးကောင်းကင်ဘုံနယ်မြေ ဝင်ပေါက်၌ ဂိတ်တံခါးမိုးကြိုးတန်း ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ သည်ရင်းနှီးသောနေရာသို့ ပြန်ရောက်လာသည့်အခါ ဝမ်လင်းက တုန့်နှေးမနေဘဲ ခြေချလိုက်၏။
မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ပျက်စီးမှုမှာ များပြားခဲ့လှ၏။ ကုန်းမြေတော်တော်များများမှာ အရှင်မီးတောက်၏ ယူဆောင်ခြင်း ခံခဲ့ရပြီး ဖြစ်သည်။
မိုးကြိုးကောင်းကင်ဘုံနယ်မြေတစ်ခုလုံးသည် အပျက်အစီးပုံ ဖြစ်နေပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ သည်နေရာမှာ အလွန်ပင် မတည်မငြိမ် ဖြစ်လှ၏။
သူ့ရှေ့ရှိ အရာအားလုံးကို ကြည့်ကာ ဝမ်လင်းက သက်ပြင်းချမိသည်။
“ဒီနေရာဟာ ဆက်ပြီး အသုံးမဝင်တော့ဘူး…” အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ခေါင်းယမ်းကာ သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းပြီး လှည့်ထွက်လာတော့သည်။
မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အတွင်းနက်ပိုင်း၌ တစ္ဆေအိုကြီးကျန့် ရှိနေ၏။ သူ့မျက်လုံးထံမှ ဆန်းကြယ်သောအလင်း လှစ်ဟပေါ်နေသည်။ ဝမ်လင်းက သူ့တည်ရှိမှုကို မသိသော်လည်း သူကမူ ဝမ်လင်းကို မြင်နိုင်သည်။
“ကောင်းကင်ဘုံနယ်မြေလေးခုကို စုစည်းတာ။ သူ ဘယ်လောက်များများ သိထားတာလဲ။ သူဟာ တတိယသူများ ဖြစ်နေနိုင်မလား…” တစ္ဆေအိုကြီးကျန့်က စဉ်းစားနေ၏။ သို့သော် သူက ဝမ်လင်း ထွက်ခွာသွားသည်ကို မတားပေ။
ဝမ်လင်း မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ထွက်ခွာလာသည့်အခိုက်၌ သူ့မျက်လုံးမှာ မဆိုသလောက် တောက်ပသွားခဲ့၏။ သူ့နတ်ဘုရားအာရုံဖြင့် ပထမဆုံးအကြိမ် ဖြန့်ကျက်ချိန်၌ သူက တစ္ဆေုအိုကြီးကျန့်ကို သတိမပြုမိခဲ့ပေ။ သို့သော် သူ၏ခန္ဓာကိုယ်တွင်းရှိ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က ရုတ်တရက် လှုပ်ရှားကာ ထူးဆန်းသောအားတစ်ခုကို ထုတ်လွှတ်၏။ ထိုစွမ်းအားကြောင့် ဝမ်လင်းသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေအတွင်းနက်ပိုင်းကနေ သူ့ကို ကြည့်နေသော တစ္ဆေအိုကြီးကျန့်ကို သတိပြုမိလိုက်သည်။
ဝမ်လင်းသည် မဆင်မခြင် မလုပ်ဆောင်ပေ။ သူက မည်သည့်မှမဖြစ်သည့်ပုံစံဖြင့် ပြန်ထွက်ခွာလာသည်။
“ဒီတော့ သူက ဒီနေရာမှာ ပုန်းနေဆဲပဲပေါ့…” မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ထွက်လာပြီးသည့်နောက် ဝမ်လင်းက အမြန်ဆုံးနှုန်းဖြင့် နောက်ဆုံးကျန်သည့် တောက်ပသောလေဟာနယ်၏ မိုးကောင်းကင်ဘုံနယ်မြေထံ ဦးတည်လာသည်။
ရက်အတော်အတန်ကြာပြီးနောက် ဝမ်လင်းသည် ကောင်းကင်ဘုံနယ်မြေလေးခု၏ ထိစပ်နေသောနေရာတွင် ရပ်နေသည်။ လဝမပြည့်ခင်မှာ ဝမ်လင်းသည် ကောင်းကင်ဘုံနယ်မြေလေးခုထံ သွားရောက်ခဲ့ပြီး ကောင်းကင်ဘုံနယ်မြေသစ်တစ်ခု ဖွဲ့စည်းဖို့ လုံလောက်သောရင်းမြစ်များကို စုဆောင်းခဲ့ပြီး ဖြစ်သည်။
အတွင်းနယ်မြေ၏ ဟင်းလင်းပြင်ကို ကြည့်နေရင်း ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ တအောင့်အကြာတွင် သူက ရုတ်တရက် မျက်လုံးပြန်ဖွင့်ကာ သူ့အောက်ရှိ ဟင်းလင်းပြင်ထံ လက်ညွှန်လိုက်သည်။
“လေကောင်းကင်ဘုံနယ်မြေဟာ ကောင်းကင်ဘုံနယ်မြေအသစ်ရဲ့ ရင်းမြစ်အဖြစ် လုပ်ဆောင်လိမ့်မယ်…”
သူ ထိုသို့ ပြောလိုက်သည့်နောက် လေကောင်းကင်ဘုံနယ်မြေသည် ဝမ်လင်းနောက်ကနေ သူ လက်ညွှန်လိုက်သောနေရာထံသို့ ပျံသန်းလာသည်။ ၎င်းသည် ရွှေ့လျားလာကာ ပြင်းထန်သောဖိအားကို ထုတ်လွှတ်၍ ဒီဧရိယာတွင် ကောင်းကင်ဘုံစွမ်းအင် ပြည့်နှက်လာသည်။
၎င်းကုန်းမြေသည် ကြယ်အဖွဲ့အစည်းလေးခုကြား ဆုံမှတ်နေရာတွင် တည်ရှိလေ၏။ ကြယ်အဖွဲ့အစည်းဖြင့် ပိုင်းခြားပါက ၎င်းကုန်းမြေသည် ကြယ်အဖွဲ့အစည်းတစ်ခုချင်းစီ၏ နှစ်ဆယ်ရာခိုင်နှုန်းကျော် နေရာယူထားလေ၏။
“ကောင်းကင်ဘုံနယ်မြေသစ်ဟာ မကြီးမားဘူး။ ဒါပေမဲ့ မိုးကောင်းကင်ဘုံနယ်မြေရဲ့ အမှုန့်အမွှားတွေဟာ ဒီနယ်မြေကို ချဲ့ကားအောင် အကူအညီ ဖြစ်စေလိမ့်မယ်…”
ဝမ်လင်းက လက်ဝေ့ယမ်းလိုက်၏။ သူ မိုးကောင်းကင်ဘုံနယ်မြေ၌ စုဆောင်းလာခဲ့သော အမှုန့်အမွှားများသည် ပျံသန်းထွက်လာသည်။
ယင်းအမှုန့်အမွှားများ ပေါ်လာသည်နှင့် ၎င်းတို့မှာ ကောင်းကင်ဘုံနယ်မြေသစ်နှင့် ပေါင်းစပ်သည်။ တလွှာချင်း ကျဆင်းနေရင်း ကောင်းကင်ဘုံနယ်မြေသစ်ပေါ်၌ ထူထဲသော ဖုန်မှုန့်လွှာတစ်ခု ဖြစ်လာစေသည်။
ထိုအခိုက်အတန့်၌ ဝမ်လင်းက ညာလက်ကို ပင့်မြှောက်ကာ သူ့လက်ငါးချောင်းကို ကောင်းကင်ထက်သို့ ညွှန်လိုက်၏။ ထို့နောက် သူ၏မျက်လုံးမှာ တလက်လက် ဖြစ်လာပြီး ကောင်းကင်ထက်တွင် ဧရာမလက်ဝါးရာ ပေါ်လာသည်။
ထိုလက်ဝါးရာသည် စစ်စိတ်ဝိညာဉ်လက်ဝါး ဖြစ်၏။
ထိုလက်ဝါးရာ ပေါ်လာသည်နှင့် ၎င်းက ဝမ်လင်း ထိန်းချုပ်ထားသော ကုန်းမြေထံ ရိုက်ချလာသည်။ ယင်းလက်ဝါးသည် အစွမ်းထက်၏။ သို့သော် အဖျက်အစီးအား မပါဝင်လေပေ။ ထိုအစား လက်ဝါး၏ ဖိအားက ဖုန်မှုန့်များကို သိပ်သည်းစေဖို့ အသုံးပြုခြင်းတည်း။ ဖုန်မှုန့်သည့် သိပ်သည်းလာကာ ကုန်းမြေမှာ စတင်ချဲ့ကားလာသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ကုန်းမြေသည် ပမာဏများစွာ ချဲ့ကားလာ၏။
“လျှပ်စီးကောင်းကင်ဘုံနယ်မြေရဲ့ ငွေရောင်မြစ်ဟာ ကောင်းကင်ဘုံနယ်မြေသစ်ကို ကာကွယ်လိမ့်မဘ်။ ဒီမြစ်ဟာ ကောင်းကင်ဘုံသားတွေနဲ့ သေမျိုးတွေကို ပိုင်းခြင်းစေမယ်။ ဒါ့ကြောင့် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်အောက် ဘယ်ကျင့်ကြံသူကမျှ ဒီမြစ်ကို ဖြတ်ပြီး ဝင်ရောက်နိုင်မှာ မဟုတ်ဘူး။ ဒါဟာ ဥပဒေသပဲ…” ဝမ်လင်းသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ ငွေရောင်မြစ် ပျံသန်းထွက်လာသည်။ ၎င်းက ကုန်းမြေသစ်တစ်ခုလုံးကို ဝန်းရံကာ တောက်ပသောငွေရောင်အလင်းကို ပေးစွမ်းလေသည်။
ထိုအလင်းအောက်၌ ကောင်းကင်ဘုံနယ်မြေသစ်သည် ၎င်း၏ကိုယ်ပိုင်နယ်မြေ ဖြစ်လာတော့သည်။
“အစီအရင်ဘီး…ကောင်းကင်ဘုံနယ်မြေသစ်ကို ဒီအစီအရင်ရဲ့ အမြုတေ ဖြစ်စေ။ ရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ အော်ရာလည်း ဒီနေရာမှာ ပေါင်းစပ်စေ…”
ဝမ်လင်းသည် သူ့လျှာထိပ်ကို ကိုက်ကာ အနှစ်သာရသွေးကို ထွေးထုတ်လိုက်သည်။ ၎င်းသည် ကောင်းကင်ဘုံနယ်မြေသစ်နှင့် ငွေရောင်မြစ်ပေါ်သို့ ပက်ဖြန်းသွားသည်။
သူ့ သွေးစက် ကျဆင်းသွားသည့်အခါ အတွင်းနယ်မြေကို ဝန်းရံထားသော အစီအရင်ဘီးသည် ရုတ်တရက် အသက်ဝင်လာသည်။ ဧရာမအစီအရင်ဘီးသည် ကောင်းကင်ဘုံနယ်မြေသစ်တွင် ပေါ်လာ၏။
“ဒီနယ်မြေကိုတော့ ဖွဲ့စည်းပြီးသွားပြီ။ ဒါပေမဲ့ ဒါဟာ မည်ကာမတ္တပဲ ရှိသေးတယ်။ အနာဂတ်မှာတော့ ဒီနယ်မြေ ဘယ်လိုပုံစံ ပြောင်းလဲသွားမလဲဆိုတာ ငါ စိတ်ပူစရာမလိုတော့ဘူး။ ခု နောက်ဆုံးလုပ်ရမယ့်အရာက ကြယ်အဖွဲ့အစည်းလေးခုလုံးက ဂြိုဟ်စိတ်ဝိညာဉ်တွေကို ဒီကောင်းကင်ဘုံနယ်မြေသစ်နဲ့ ချိတ်ဆက်ဖို့ပဲ။ ပြီးရင် သေမျိုးတွေဟာ စိတ်ဝိညာဉ်ပုံစုံဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်တာနဲ့ သူတို့ဟာ ကောင်းကင်ဘုံနယ်မြေကို ဝင်ရောက်နိုင်မယ့် ကျင့်ကြံသူတွေ ဖြစ်လာရမယ်…”
ဝမ်လင်းသည် သည်ကောင်းကင်ဘုံနယ်မြေပေါ်တွင် မြောလွင့်နေသော အစီအရင်ဘီးပေါ်၌ ထိုင်နေ၏။
တစ်ချိန်တည်းမှာ ပြီးခဲ့သောလဝက်က ဝမ်လင်း၏ လုပ်ဆောင်မှုများကြောင့် အတွင်းနယ်မြေရှိ ကျင့်ကြံသူများသည် မည်သို့ဖြစ်ပျက်နေသည်ကို သိရှိနေသည်။ ဝ၎င်း်လင်းက သတင်းစကားတစ်ခု ပို့လွှတ်ခဲ့၏။ ချင်းလင်နှင့် တခြားသူများ၏ အမိန့်အောက်၌ ကျန်သည့် ကျင့်ကြံသူများသည် ကြယ်အဖွဲ့အစည်းအနှံ့သို့ ဖြန့်ကျက်ခဲ့ကြ၏။ သူတို့သည် သက်ရှိများ ဖြစ်ပေါ်နိုင်သော ကုန်းမြေတိုင်း၊ဂြိုဟ်တိုင်းသို့ သွားရောက်ခဲ့သည်။
ကောင်းကင်ဘုံနယ်မြေသစ်တစ်ခု ဖွဲ့စည်းခြင်းသည် ဝမ်လင်း တစ်ကိုယ်တည်း လုပ်နိုင်သည့်အရာ မဟုတ်ပေ။ သူလုပ်နိုင်သည့် အရာမှာ ကုန်းမြေတစ်ခုကို ဖန်တီးနေခြင်းသာ။ တကယ်တော့ အရှင်ဟုန်ရှန်နှင့် တခြားသူများသည်လည်း ထိုသို့ လုပ်နိုင်ပေ၏။ သို့သော် သူတို့သည် စစ်ပွဲပြီးနောက် ဒဏ်ရာ ကုသနေရ၏။ ထို့အပြင် သူတို့သည် သည်နေရာတစ်ခုလုံးမှာ လှိုဏ်ဂူတစ်ခုမျှသာ ဖြစ်သည့် လျှို့ဝှက်ချက်ကို မသိရှိထားကြပေ။ ထို့ကြောင့် သူတို့က ဝေးဝေးသို့ ပိုမြင်နိုင်စွမ်း မရှိကြပေ။
ဝမ်လင်းတစ်ယောက်သည်သာ အရာအားလုံးကို သိထား၏။ သူက တာဝန်ယူခြင်း၏ အဓိပ္ပာယ်ကို နားလည်ပေသည်။ သူ လုပ်ရမည့်၊ လုပ်ဖို့ လိုသည့်အရာအချို့ ရှိပေသည်။ ဝမ်လင်းက ပြင်ပနယ်မြေနှင့် စစ်ပွဲသည် အဆုံးသပ်သို့ ရောက်လာတော့မည်ကို သိသည်။ သို့သော် အတွင်းနယ်မြေမှာ ပိုကြီးမားသည် စမ်းသပ်မှုကို ရင်ဆိုင်ရတော့မည် ဖြစ်၏။
သူက ထိုစမ်းသပ်မှုကို ဖြတ်ကျော်ကာ လှိုဏ်ဂူလောကထံမှ လူများကို ဦးဆောင်ခေါ်နိုင်တာလည်း ဖြစ်ချင် ဖြစ်မည်။ သို့မဟုတ် သူကျရှုံး၍ လှိုဏ်ဂူလောကရှိ လူတိုင်း သေဆုံးသွားတာလည်း ဖြစ်နိုင်သည်။ သို့ဆိုလျှင် သက်ရှိအားလုံး ဖျက်စီးခံရပြီး ကောင်းကင်ဘုံတာအိုသစ်အောက်၌ နှစ်ပေါင်းသိန်းချီ ကြာပြီးနောက် သက်ရှိဖြစ်တည်မှုအသစ်များသည် သံသရာစက်ဝန်းတစ်ခုကဲ့သို့ ပေါ်လာပေလိမ့်မည်။
ဖြစ်နိုင်သည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာပြီး တနေ့၌ ဝမ်လင်းဟူသော အမည်ဖြင့် မည်သူမဆို မွေးဖွားလာတာလည်း ရှိနိုင်သည်။
နောက်ဆုံးလဝက်၌ အတွင်းနယ်မြေရှိ လက်ကျန် ကျင့်ကြံသူထောင်သောင်းချီသည် ကြယ်အဖွဲ့အစည်းလေးခုတွင် ပေါ်လာကြသည်။ သူတို့က ဂြိုဟ်စိတ်ဝိညာဉ်တစ်ခုစီကို ယူဆောင်ပြီးနောက် နောက်ဂြိုဟ်တစ်ခုထံ သွားလာကြသည်။
နောက်ဆုံးလ၏ နောက်ဆုံးသုံးရက်အတွင်း ကျင့်ကြံသူထောင်သောင်းချီသည် တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြသည်။ သူတို့ ယူဆောင်လာသော ဂြိုဟ်စိတ်ဝိညာဉ်များကို ကောင်းကင်ဘုံနယ်မြေသစ်နှင့် ပေါင်းစပ်သည်။
သည်အခါ ကောင်းကင်ဘုံနယ်မြေသစ်သည် ကြယ်အဖွဲ့အစည်းလေးခုလုံး၏ အသက်ဓာတ်ကို ဆုပ်ကိုင်ထားသော ဂြိုဟ်စိတ်ဝိညာဉ်များ ပါဝင်လာတော့သည်။ ခုချိန်၌ စိတ်ဝိညာဉ်ပုံစုံဖြစ်ပေါ်ခြင်းအဆင့်သို့ ရောက်ရှိပြီးသော ကျင့်ကြံသူတိုင်းသည် ကောင်းကင်ဘုံနယ်မြေသစ်သို့ ဦးတည်လာကြသည်။
ထိုအရာများကို ပြုလုပ်ပြီးနောက် ဝမ်လင်း၏ ခွဲထွက်ထားသော မူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထံ ပြန်ရောက်လာသည်။ သူက မျက်လုံးဖွင့်လာပြီး သူ့ကို ကြည့်နေသော အတွင်းနယ်မြေ၏ ကျင့်ကြံသူထောင်သောင်းချီထံ လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်သည်။
“ငါ ခရီးတစ်ခု သွားရတော့မယ်။ ငါ ရှင်သန်နိုင်မလား၊ မရှင်သန်နိုင်မလား ငါလည်း မသိဘူး။ ငါဟာ ချိပ်ပိတ်နယ်မြေအရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကို မခံယူတော့ဘူး။ ငါ နောက်ဆုံး လုပ်ပေးခဲ့တာဟာ ကောင်းကင်ဘုံနယ်မြေသစ်ကို ဖန်တီးပြီး သုံးနှစ်တာ စောင့်ကြပ်ပေးခဲ့တာပဲ။ အခုတော့ ငါ သွားတော့မယ်။ ကောင်းကင်ဘုံသားတွေကို ဖိဆန်ဆန့်ကျင်ဖို့ ငါ သွားတော့မယ်…”
“ငါသာ အောင်မြင်ခဲ့ရင် အဲ့ကောင်းကင်ဘုံသားတွေဟာ ပျက်စီးရလိမ့်မယ်။ ငါ ကျရှုံးခဲ့ရင်တော့ ငါသေရလိမ့်မယ်။ စစ်ထူ…ငါ သေသွားခဲ့ရင် ငါ သင့်ကို ပြောခဲ့တဲ့ အရာတွေကို လူတိုင်းကို ပြောပြပေးဖို့ မျှော်လင့်ပါတယ်။ ငါ သင့်ကို ပြောပြခဲ့တဲ့ အကြောင်းအရာတွေကို ကျောက်စိမ်းပြားထဲမှာ မှတ်တမ်းတင်ပြီး ဂြိုဟ်တိုင်း၊ ရတနာတိုင်းမှာ ထားလိုက်ပါ။ ဒီကောင်းကင်ဘုံနယ်မြေသစ်မှာလည်း အဲ့မှတ်တမ်းတင် ကျောက်စိမ်းပြားကို ထားလိုက်ပါ။ သက်ရှိအားလုံး ဖျက်စီးခံရရင်တောင့် ဒီမှတ်တမ်းဟာ ကောင်းကင်ဘုံကတောင် မဖျက်စီးနိုင်တဲ့ အရာ ဖြစ်လာလိမ့်မယ်။ အနာဂတ်မျိုးဆက်တွေအတွက် အမှန်တရားကို သိဖို့ အခွင့်အရေးတစ်ခု ပေးလိုက်ပါ…”
ဝမ်လင်းသည် အပေါ်သို့ မော့ကြည့်၍ အဝေးသို့ ပျံသန်းသွားတော့သည်။ သူ၏နောက်ကျောမှာ အကြွင်းမဲ့အထီးကျန်ခြင်းတို့နှင့် ပြည့်နေသည်။
သူ၏နောက်တွင် ချင်းလင်း၊ အရှင်ဟုန်ရှန်၊ စစ်ထူနန်နှင့် တခြားသူများအပါအဝင် ကျင့်ကြံသူထောင်သောင်းချီ ရှိိနေကြ၏။ သူတို့က ဝမ်လင်းထံ လေးစားသမှုနှင့် လက်နှစ်ဆက် ဆုပ်လိုက်ကြသည်။
***