မင်္ဂလာညချမ်းပါ၊ အိမ်မက်လှလှမက်ပါစေ။
Vol. 7 Ch. 122
“ကျွန်မ မီးဖိုချောင်ဝင်ရတာ သဘောကျတယ်။ ကျွန်မ ဟင်းချက်ရတာကို နှစ်သက်တယ်” ကျီကျောက်သည် ကြိမ်ကုလားထိုင်ပေါ်မှာ ထိုင်နေရင်း သူမ၏ လက်ကလေးဖြင့် မေးစေ့ကို ထောက်ထားကာ ကြယ်ရောင်စုံ ကောင်းကင်ကို မော့ကြည့်ပြီး တခစ်ခစ် ရယ်မောလိုက်သည်။ “ကျွန်မရဲ့ ကောင်းမွန်တဲ့ ဟင်းချက်လက်ရာတွေနဲ့ အရသာရှိတဲ့ ဟင်းလျာတွေ မရေမတွက်နိုင်လောက်အောင် ဖန်တီးမယ်။ ပြီးတော့ ကျွန်မ ပိုက်ဆံများများရှာပြီး ခြံဆောက်မယ်၊ ဆိုင်ဝယ်မယ်။ ကျွန်မ ပိုက်ဆံအများကြီးရှာချင်တယ်။”
“ကျွန်မရဲ့ အိမ်မက်က ရိုးရှင်းပါတယ်” ကျီကျောက်က သူမ၏ နှုတ်ခမ်းလေးကို အသာကိုက်ပြီး သူမ ဘေးနားက ပုဂ္ဂိုလ်ကို မသိစိတ်က တစ်ချက် လှမ်းကြည့်လိုက်သည်၊ “ကျွန်မက မိုက်မဲတယ်လို့ ရှင်ထင်လား။”
“မထင်ပါဘူး” ရှန်းယောင်က ပြတ်ပြတ်သားသား ပြန်ဖြေသည်၊ “အစားအသောက်က လူတွေအတွက် အရေးကြီးဆုံးပဲ။ ဒါ့အပြင် မင်းရဲ့ ဟင်းချက်လက်ရာက တကယ်ကောင်းတယ်။”
“ကျွန်မ ငယ်ငယ်လေးတုန်းက အဖိုးပြောခဲ့ဖူးတာကို မှတ်မိနေသေးတယ်။ လူတစ်ယောက်က လက်တွေ့ကျကျ လုံ့လဝီရိယထားပြီးတော့ အလုပ်ကြိုးစားနေသရွေ့ သူ့စိတ်ကူးတွေက ဘယ်လောက်ပဲ မဖြစ်နိုင်ပါစေ သူတို့တွေကို လေးစားရမယ်လို့ ပြောခဲ့ဖူးတယ်။”
တချို့က ပိုချမ်းသာချင်ကြတယ်၊ တချို့က ပိုပြီး ဗဟုသုတ ပြည့်စုံချင်ကြတယ်၊ တချို့က ပိုလှချင်ကြတယ်၊ တချို့ကတော့ ဇိမ်ကျကျ နေထိုင်ချင်ကြတယ်။
အဆုံးတွင် မည်သူမည်ဝါပဲဖြစ်ပါစေ သူတို့၏ စိတ်ကူးများကို အကောင်အထည်ဖော်ပြီး သူတို့၏ အိမ်မက်များကို တရားနည်းလမ်းတကျ အကောင်အထည်ဖော်ဆောင်ဖို့ ပြင်းထန်စွာ တိုက်ပွဲဝင်လိုသရွေ့ သူတို့က လေးစားထိုက်ပေသည်။
“အဘိုးရဲ့ စကားတွေက အဓိပ္ပါယ်ရှိတယ်” ရှန်းယောင်က အဲဒီစကားတွေကို သဘောတူခဲ့သည်။
“ကျွန်မအဘိုး အသက်ရှင်တုန်းက သူက ကျွန်မကို အရမ်းကြင်နာပြီး ဘယ်တော့မှ ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံခဲ့ဘူး” ကျီကျောက်သည် အလှမ်းကွာဝေးသော ကြယ်ရောင်စုံကောင်းကင်ဆီသို့ အတိတ်ကို တမ်းတလွမ်းဆွတ်သည့် အကြည့်များဖြင့် လှမ်းမျှော်ကြည့်လိုက်သည်။
“လူတွေ သေပြီးသွားရင် ကောင်းကင်ပေါ်မှာ ကြယ်လေးတွေ ဖြစ်သွားလိမ့်မယ်လို့ပြောကြတယ်” ကျီကျောက်က ရုတ်တရက် လက်မြှောက်ပြီး သိပ်မဝေးလှသော နေရာက တောက်ပသော ကြယ်ပွင့်လေးကို လက်ညှိုးညွှန်ပြကာ တိုးတိုးလေး ပြောလိုက်သည်၊ “ရှန်းယောင် အဲဒီကြယ်လေးက အဘိုးလို့ ရှင် ထင်လား။”
“အင်း” ရှန်းယောင်က အသာလေး ခေါင်းညိတ်ပြသည်၊ “သူက အဖိုးဖြစ်နိုင်တယ်။ သူက အာ့ထောင်ကို ကောင်းကင်ပေါ်ကနေ စောင့်ကြည့်ပေးနေလိမ့်မယ်။”
ကျီကျောက်က ပြုံးပြီး ငိုက်မျဉ်းလာခဲ့သည်။
တနေ့လုံး အလုပ်ရှုပ်နေပြီးနောက် သူမ တကယ်ပဲ ပင်ပန်းနေပါပြီ။
မသိလိုက်ဘဲ ကျီကျောက်သည် ရှန်းယောင်၏ ပခုံးပေါ် ခေါင်းမှီလိုက်သည်။
“မင်္ဂလာညချမ်းပါ၊ အိမ်မက်လှလှမက်ပါစေ” ရှန်းယောင်က သူ့လက်မောင်းကို ဂရုတစိုက် ဆွဲထုတ်လိုက်ပြီး သူမအား ပွေ့ချီကာ အိမ်ထဲ ခေါ်သွားပေးခဲ့သည်။
နောက်တစ်နေ့ မနက်ခင်း။
အိပ်ပျော်နေဆဲဖြစ်သော ကျီကျောက်သည် ဆူညံသံကြောင့် နိုးလာခဲ့ပြီး သူမ၏ ငိုက်မျဉ်းနေသော မျက်လုံးများကို ပွတ်သပ်ကာ စောင်ခေါက်ပြီး အခန်းအပြင်သို့ ထွက်လာခဲ့သည်။
ဘန်း… ဘန်း… ဘန်း…
အိမ်ခြံဝင်းတံခါးကို ကျယ်လောင်စွာ ထုနှက်သံကို ကြားလိုက်ရသည်။
အမြဲတမ်းလိုလို သဘောကောင်းလေ့ရှိတဲ့ ကျောက်လန်ဟွာသည်လည်း အရမ်းဒေါသထွက်နေခဲ့သည်၊ “နင် မနက်အစောကြီး ဘာလုပ်နေတာလဲ။”
“ကျီအာ့ထောင်၊ အရှက်မရှိတဲ့ ခွေးမ၊ အခုချက်ချင်း အပြင်ထွက်ခဲ့စမ်း။”
ရှန်းမိသားစု၏ အိမ်တံခါးအပြင်ဘက်တွင် ကြမ်းတမ်းသော မျက်နှာထားရှိတဲ့ သန်သန်မာမာ အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေလေ၏။
“ရှင် ဘယ်သူလဲ” ကျောက်လန်ဟွာက အိမ်တံခါးကိုဖွင့်ပြီး စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်သည်။
“ထွက်သွားစမ်း” ဖက်တီးအမျိုးသမီးက ကျောက်လန်ဟွာက ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်ပြီး ခြေပစ်လက်ပစ် လဲကျသွားစေခဲ့သည်။
ဒီမြင်ကွင်းကို အပြင်ထွက်လာတဲ့ ဒုတိယမရီးရှန်းတစ်ယောက် မြင်ပြီး အရမ်းဒေါသထွက်သွားခဲ့သည်။
“ဒီအရူးမက ဘယ်ကလာတာလဲ။ နင်က ငါ့အမေကို ဘယ်လိုတောင် ထွန်းထုတ်ရဲတာလဲ” ဒုတိယမရီးရှန်းက ဒေါသထွက်သွားခဲ့သည်။ သူမက ဖက်တီးမဆီ ပြေးသွားပြီး စကားတစ်ခွန်းမှ မပြောဘဲ သူမ ဆံပင်ကို ဆွဲကိုင်လိုက်သည်။
အပြင်ဖက်ကို ပြေးထွက်လာသည့် ကျီကျောက်သည် ဒီလို ဖရိုဖရဲမြင်ကွင်းကို မြင်လိုက်ရတော့ ကြက်သေ သေသွားခဲ့သည်။
အဲဒီဖက်တီးမက ကျောက်လန်ဟွာနှင့် ဒုတိယမရီးရှန်းတို့ကို တစ်ဦးတည်း အနိုင်ကျင့်နေတာကို တွေ့လိုက်ရသည်။
“ရှင် ဘယ်သူလဲ” ကျီကျောက်က ရှေ့ပြေးလာပြီး ဖက်တီးမကို အတင်းဆွဲထုတ်လိုက်သည်။ “ဒါက ပိုင်နက်ကျူးကျော်တာပဲဆိုတာကို ရှင်သိလား။”
“ထွီ… ကျီအာ့ထောင်၊ မိန်းမပျက်။ နင် နောက်ဆုံးတော့ အပြင်ကို ထွက်လာဖို့ ဆန္ဒရှိပြီပေါ့လေ” ဖက်တီးမက ကျီကျောက်ဆီသို့ တိုက်ရိုက်ပြေးလာခဲ့ပြီး ဘာမပြော ညာမပြော ပါးရိုက်လိုက်သည်။