တာအိုကိုဖော်ကြူးတဲ့ ကောင်းကင်ဘုံနဂါး
Vol. 126 Ch. 1736
ဝမ်လင်းသည် သူ ငယ်ရွယ်ခဲ့စဉ်က အစွမ်းထက်ကျင့်ကြံသူ ဟူသည် အဘယ်နည်းကို နားမလည်ခဲ့ပေ။ သူက သူ့အိမ်နီးနားချင်းကစားဖော်များက သူ့ထက် သန်မာကြသည်ကို သိခဲ့၏။ ထို့ကြောင့် ထိုကစားဖော်တို့က အစွမ်းထက်သူများဟု သူ တွေးခဲ့သည်။
ဝမ်လင်းသည် နှစ်ပေါင်းနှစ်ထောင်ကျော် ကျင့်ကြံပြီးနောက် လွန်ခဲ့သောနှစ်အနည်းငယ်ကမျှ တာဝန်ယူခြင်းဟူသည် အဘယ်နည်းကို နားလည်ခဲ့လေ၏။
ချိတ်ပိတ်နယ်မြေအရှင်သည် အစွမ်းထက်သူ တစ်ယောက်ဖြစ်ကာ တာဝန်လည်း ယူရပေမည်။ ဝမ်လင်းက သည်ဂုဏ်ပုဒ်ကို အချိန်ကြာကြာ မပိုင်ဆိုင်ခဲ့သေးပေ။ သို့သော် ယင်းဂုဏ်ပုဒ်က သူ့ကို ကျင့်ကြံသူများအတွက် အမှန်တကယ်ရင့်ကျင့်ခြင်းထံ တွန်းပို့ခဲ့၏။
သည်လိုရင့်ကျက်မှုမျိုးသည် စိတ်ပိုင်းဆိုင်ရာခံစားမှုတစ်ခု ဖြစ်၏။
တာဝန်ယူခြင်းကို နားလည်ပြီးမှသာ လူတစ်ယောက်သည် စစ်မှန်စွာ အစွမ်းထက်သူ ဖြစ်လာနိုင်မည်ပင်။
သူက အတွင်းနယ်မြေကို သုံးနှစ်တိတိ စောင့်ရှောက်ပေးခဲ့၏။ ကောင်းကင်ဘုံနယ်မြေသစ်ကို ဖန်တီးပေးခဲ့၏။ သူ့လက်ဖြင့် မရေမတွက်နိုင်သော လူများ သွေးစွန်းခဲ့ရပြီး ဖြစ်၏။ သို့သော် သူက နောက်ပြန်မလှည့်နိုင်၊ ရှေ့ဆက်ရမည်ပင်။ သူ သေရင်သေမည်။ သို့မဟုတ် သူ့ရှေ့ရှိ အရံအတား၊အခက်အခဲများကို ချိုးဖျက်နိုင်တာလည်း ဖြစ်ချင် ဖြစ်မည်။
သူသည် အနာဂတ်ဆီသို့ ဆက်လျှောက်ရမည်သာ။
သူ၏အဖြူရောင်ပုံရိပ်က ကြယ်များကြား လျှောက်လှမ်းနေ၏။
ဝမ်လင်း၏မူလခန္ဓာကိုယ်က တိမ်ပင်လယ်ရှိ အစီအရင်ဘီးထဲ၌ ထိုင်နေ၏။ သုံးနှစ်တာ၏ နောက်ဆုံးသုံးရက်၌ သူ မျက်လုံးဖွင့်လာသည်။
သူက လှည့်၍ အတွင်းနယ်မြေထံ ကြည့်လိုက်သည်။ သူ့အကြည့်ထဲ၌ သူ၏ကိုယ်ပွားက အတွင်းနယ်မြေထံမှ နီးသထက်နီးစွာ လျှောက်လှမ်းလာ၏။ သူ့ကိုယ်ပွား၏ ခြေလှမ်းများက မည်သည့်လှိုင်းဂယက်မှ ရှိမနေသလို တုန်ဟည်းမှုလည်း ဖြစ်မနေပါ။ သို့သော် ခြေလှမ်းတိုင်းက လေးလံလှ၏။
ဝမ်လင်း၏ကိုယ်ပွားက သူ၏မူလခန္ဓာကိုယ်နား ရောက်လာ၏။ သူက ခေါင်းလှည့်ကာ သူ၏မူလခန္ဓာကိုယ်ကဲ့သို့ အတွင်းနယ်မြေထံ ပြန်လှည့်ကြည့်သည်။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်း၏ကိုယ်ပွားက ရှေ့ပြန်လှည့်ကာ သူ့မူလခန္ဓာကိုယ်ထံ ခြေလှမ်း၏။ ညင်သာသောအလင်းတစ်ခု လင်းလက်ကာ သူ့ကိုယ်ပွားက မူလခန္ဓာကိုယ်နှင့် ပေါင်းစပ်သွား၏။ ဝမ်လင်း၏ အဖြူရောင်ဆံပင်များ လွင့်ဝဲနေရင်း တစီစီအသံများ ပဲ့တင်ထပ်သည်။ သူ မတ်တပ် ထရပ်၏။ ထို့နောက်တွင် သူက ပြင်ပနယ်မြေထံသို့ အေးစက်စက် ကြည့်လိုက်၏။
“ဒါ နောက်ဆုံးသုံးရက်။ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ ဗိုလ်ချုပ်လေးယောက် ပေါ်လာကြတော့မယ်။ ဒီလှိုဏ်ဂူရဲ့ နောက်ဆုံး လျှို့ဝှက်ချက်ဟာ လှစ်ဟပေါ်လာတော့မယ်။ ကံမကောင်းစွာနဲ့ အခုချိန်ထိ ငါဟာ တတိယအရာဆိုတာ ဘာကို ပြောမှန်း မသိရသေးတာပဲ…” ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။
“ဒါပေမဲ့လည်း ဘာပဲဖြစ်ဖြစ် ဒီနောက်ဆုံးတိုက်ပွဲဟာ အတော့်ကို စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်။ ခုနစ်ရောင်စုံတာအိုသခင်၊ တစ္ဆေုအိုကြီးကျန့်၊ ကောင်းကင်ဘုံအုပ်စိုးသူကို နိုးထစေချင်တဲ့ ဗိုလ်ချုပ်လေးယောက်၊ ပြီးတော့ လေကောင်းကင်ဘုံနယ်မြေရဲ့ လမ်းကြောင်းကနေ ဒီလှိုဏ်ဂူလောကထဲ ဝင်ရောက်လာခဲ့တဲ့ အင်မောတယ်ကောင်းကင်ဘုံနယ်မြေက လူတွေ…”
“ဒါတွေမတိုင်ခင်မှာ ငါဟာ ဒီနောက်ဆုံးတိုက်ပွဲအတွက် ပိုပြီးပရမ်းပတာ ဖြစ်အောင် စလုပ်ရမယ်…” ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာ၏။ သူက အစီအရင်ဘီးထံမှ ခြေလှမ်းထွက်ကာ ရှေးဟောင်းကြယ်အဖွဲ့အစည်းထံ ဦးတည်သည်။
“ငါ ပြင်ပနယ်မြေရဲ့ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကို ဖျက်စီးပစ်မယ်…” ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်လျက် သူသည် ရှေးဟောင်းကြယ်အဖွဲ့အစည်းထံ ဦးတည်ဝင်လာသည်။ သူက အလင်းတန်းအဖြစ်သို့ ပြောင်းကာ သူ၏ကျင့်ကြံမှုအပြည့်အဝကို ထုတ်လွှတ်လျက် ဝင်ရောက်လာခြင်းပင်။
သူသည် သူ့အော်ရာကို မဖုံးကွယ်ထားပေ။ သူသည် ရှေးဟောင်းကြယ်အဖွဲ့အစည်းထံ သူ ရောက်လာပြီဟု တိုက်ရိုက် ပြောပြထား၏။
ကြယ်များ တုန်ခါသည်။ ဝမ်လင်း၏နတ်ဘုရားအာရုံ ပြန့်နှံ့နေရင်း ကလန်အမျိုးမျိုး၏ အစွမ်းထက်ကျင့်ကြံသူများသည် တုန်လှုပ်ရသည်။ သူတို့ မည်သည့်အရာကို လုပ်နေသည် ဖြစ်စေ အားလုံးက ကောင်းကင်ထက်သို့ မော့ကြည့်ကုန်၏။
သူတို့သည် အတွင်းနယ်မြေထံမှ တုန်လှုပ်ဖွယ် သတ်ဖြတ်လိုစိတ် ထွက်ပေါ်လာသည်ကို ရှင်းလင်းစွာ ခံစားမိနေသည်။
ဝမ်လင်းသည် ပြင်ပနယ်မြေ၏ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေသည် မည်သည့်နေရာတွင် ရှိနေသည်ကို မသိပေ။ သူက မျက်ကန်းတစ္ဆေလိုမျိုးလည်း ၎င်းနယ်မြေကို လိုက်မရှာပေ။ ထိုအစား သူက ပြင်ပနယ်မြေ၏ အတွင်းနက်ပိုင်းထံ ဦးတည်လာ၏။ သူက ယင်းနေရာကို မသိပေ။ သိုသော် ကိစ္စမရှိပေ။ သုံးရက်အတွင်း အတွင်းနယ်မြေ၏ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ ပွင့်ဟလာသည်နှင့် ပြင်ပနယ်မြေ၏ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေမှာလည်း တစ်ချိန်တည်း ပွင့်ဟလာမည်ဖြစ်၍ သူသည် ၎င်းကို အာရုံခံမိလိမ့်မည်သာ။
ဝမ်လင်း၏ နတ်ဘုရားအာရုံ ရှေးဟောင်းကြယ်အဖွဲ့အစည်းအနှံ့ ပျံ့လာရင်း အုပ်စိုးသူက သူ၏နန်းတော်ထဲ၌ ရှိနေပြီး ရှေ့တည့်တည့်ရှိ ကြယ်အလင်းကို စိုက်ကြည့်နေသည်။ သူ၏ သွေ့ခြောက်သောလက်ဖြင့် လက်သီးတင်းတင်း ဆုပ်ထားသည်။ အချိန်အတန်ကြာသည့်အထိ သူက လက်ပြန်မဖြေလျှော့ပေ။
အချိန်အကြာကြီး ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် အဆုံးသပ်၌ သူက ဝမ်လင်းကို သတ်ဖို့ အတွေးကို ပြန်ပြင်ဆင်လိုက်၏။ သူက ဝမ်လင်း၏လေးကို အတော်လေး ကြောက်နေမိသည်။ ဝမ်လင်းက ထိုလေးကို နောက်ထပ်နှစ်ကြိမ် အသုံးမပြုရသေးခင် သူသည် မလှုပ်ရှားဝံ့ဘဲ ရှိနေ၏။
လွန်ခဲ့သောနှစ်နှစ်က သူက ဗရမ်းဗတာ တိုက်ပွဲ ဖြစ်နေစဉ်အတွင်း အလစ်တိုက်ခိုက်ချင်ခဲ့၏။ သို့သော် ဝမ်လင်းက သူ့ကို ထောက်လှမ်းမိခဲ့ပေသည်။ ထို့နောက် ဝမ်လင်းက သူ့နာမည်ကို ခေါ်ထုတ်သည့်အခါ မတက်သာဘဲ နောက်ပြန်ဆုတ်ခဲ့ရသည်။
“သူ ရှေးဟောင်းကြယ်အဖွဲ့အစည်းမှာ ပေါ်လာခဲ့ပြီ။ သူ ဘာကြောင့် လာခဲ့တာလဲ။ သူ ငါ့ကို ရန်စဖို့ ကြိုးစားပြီး သတ်ဖို့ လာဖြားယောင်းတာလား…” အုပ်စိုးသူ၏မျက်လုံးထဲတွင် သံသယတို့ ရှိနေ၏။ သူက ဝမ်လင်းဘာကြောင့် ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် မောက်မောက်မာမာ ပေါ်လာခဲ့သည်ကို နားမလည်နိုင် ဖြစ်နေသည်။
“ဒီအဘိုးအိုက မင်း အနားမလာရင် မင်း ဘာလုပ်နိုင်မလဲ မြင်ချင်မိသေးတယ်…” အုပ်စိုးသူသည် ကြိတ်၍ ခံစားနေရ၏။ သူ၏ကျင့်ကြံမှုအဆင့်မှာ မိုးထိမက မြင့်မားလှ၏။ လေးကို စိုးရိမ်နေခြင်းကြောင့်သာ မဟုတ်ပါက သူသည် ဝမ်လင်းကို ချက်ခြင်း သတ်ပစ်မည် ဖြစ်၏။
ရှေးဟောင်းကြယ်အဖွဲ့အစည်းအတွင်း၌ ခုနစ်ရောင်စုံကြယ်များကြောင့် ဖြစ်ပေါ်နေသော ဝဲကတော့တစ်ခု ရှိ၏။ ထိုနေရာမှာ ခုနစ်ရောင်စုံတာအိုသခင် ရှိနေသောနေရာပင်။ သူက အကွာအဝေးတစ်ခုထံ မထူးခြားနားဟန်ဖြင့် ကြည့်ကာ ခပ်ရေးရေး ပြုံးသည်။
“လီကောင်းရဲ့ လေးနဲ့မြားက သူ့လက်ထဲမှာ။ ငါက အုပ်စိုးသူကို ဒီလေး သွားပေးဖို့ ပြောခဲ့ပေမယ့်လည်း အခုတော့ ဒါဟာ သူ့ရဲ့ ကိုယ်ပိုင်ကံကောင်းမှု ဖြစ်ခဲ့ပြီ။ သူ အခု ဒီနေရာကို ထပ်လာခဲ့ပြန်ပြီ။ သူ ဘာလုပ်မလို့လဲ။ သူဟာ တစ္ဆေအိုကြီးကျန့်နဲ့ အတော်တူတယ်။ သူဟာ တတိယသူ မဟုတ်ရင်တောင် ဒီလှိုဏ်ဂူလောကထဲမှာ ဆန်းကြယ်ထူးခြားတဲ့ တည်ရှိမှုတစ်ခုပဲ…”
“သူ့လိုကျင့်ကြံသူတစ်ယောက်၊ သူဟာ တတိယသူ မဟုတ်ခဲ့ရင် သတ်ပစ်ရမှာ စိတ်မကောင်းစရာပဲ…။ ဒါပေမဲ့ သူ့မှာ ပြစ်ချက်တစ်ခု ရှိနေတယ်။ အဆုံးသပ်မှာ သူ မသေခဲ့ရင် သူဟာ ငါ့အတွက် အသုံးဝင်လာနိုင်တယ်…” ခုနစ်ရောင်စုံတာအိုသခင်က သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။
“သွေးအစီအရင်ဟာ ပြီးပြည့်စုံသွားပြီ။ ဒါ့ကြောင့် သိပ်မကြာခင် ထပ်ခါထပ်ခါ ပြန်လည်မွေးဖွားနေခဲ့တဲ့ တတိယမြောက်သူဟာ ဘယ်နေရာမှာ ရှိနေလဲ ငါ သိရတော့မှာ။ ငါ သူ့ကို ရှာနေခဲ့တာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ဖြစ်နေပြီ။ ထပ်ခါထပ်ခါ ပြန်လည်မွေးဖွားပြီးတဲ့နောက် ခုလက်ရှိ သူ ဘယ်မှာရှိနေလဲ ငါ သိချင်မိတယ်…”
ရှေးဟောင်းကြယ်အဖွဲ့အစည်း၌ ကျင့်ကြံခြင်းဂြိုဟ်တစ်ခုပေါ်တွင် အဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ယောက် ထိုင်နေ၏။ သူမက အလွန်လှ၏။ သို့သော် အေးစက်စက်အော်ရာက သူမကို ရေခဲတောင်တစ်ခုကဲ့သို့ ထင်မှတ်စေသည်။ သူမက မျက်လုံးမှိတ်ထားလျက် ရှိ၏။ သို့သော် ဒီအခိုက်တွင် သူမက ရုတ်တရက် မျက်လုံးဖွင့်လာသည်။
“သူပဲကိုး…” ထိုအမျိုးသမီးသည် ကောင်းကင်ဘုံအုပ်စိုးသူ၏ ကိုယ်လုပ်တော်ရှစ်ယောက်တွင် တတိယမြောက်သူ ဖြစ်၏။
သူမသည် အတွင်းနယ်မြေကို တိုက်ခိုက်သည့်စစ်ပွဲတွင် မပါဝင်ခဲ့ပေ။ ထိုအစား သူမက ရှေးသင်္ချိုင်းထဲကနေ ထွက်လာပြီးနောက် ဒီနေရာတွင်သာ နေနေပြီး တစ်စုံတစ်ခုကို တိတ်တဆိတ် စောင့်ဆိုင်းနေသည်။
“သူ ဒီမှာ ပေါ်လာတာ ဘာလုပ်မလို့လဲ…”
ရှေးဟောင်းကြယ်အဖွဲ့အစည်း၌ ကြီးမားသည့် အက်ကြောင်းတစ်ခုလည်း ရှိနေ၏။ သည်အက်ကြောင်းအတွင်း၌ ငှက်များ၊ပန်းများ ပြည့်နေကာ ခုနစ်ရောင်မြောက်ကိုယ်လုပ်တော်က ထိုင်နေသည်။
သည်အခိုက်တွင် ခုနစ်ယောက်မြောက် ကိုယ်လုပ်တော်က မျက်လုံးဖွင့်လာပြီး ထူးဆန်းသောအလင်း လှစ်ဟပေါ်သည်။
“သူ ဘာလုပ်မလို့လဲ…”
ဝမ်လင်း၏ လုပ်ဆောင်မှုကို သည်လူများကသာ ခန့်မှန်းနေသည် မဟုတ်ပေ။ အရှင်မြောင်ယင်၊ မိစ္ဆာသခင်ကောင်းကင်ကိုးခုနှင့် တခြားသူအားလုံးပါ ဒဏ်ရာကုစားနေရာကနေ နိုးထလာကြ၏။ သူတို့က ကြယ်များထံ သုန်မှုန်သည့်ဟန်ဖြင့် ကြည့်နေသည်။
ဝမ်လင်း ရောက်ရှိလာမှုက သူတို့အပေါ် ဖိအားများ ဖြစ်စေ၏။ အကြောင်းမှာ ဝမ်လင်းလက်ထဲရှိ လေးကြောင့်ပင်။
တတိယအဆင့်ကျင့်ကြံသူ အားလုံးနီးပါးက အကွာအဝေးတစ်ခုရှိ ဝမ်လင်း၏အော်ရာကို စောင့်ကြည့်နေကြ၏။ သူတို့က ဝမ်လင်း ဘာလုပ်မည်ကို မသိ ဖြစ်နေသည်။ ထို့ကြောင့် သူတို့အားလုံး အလေးအနက် ဖြစ်နေကြ၏။
ထိုတတိယအဆင့် ကျင့်ကြံသူများ၏ နတ်ဘုရားအာရုံများ ဝမ်လင်းပေါ်သို့ ကျရောက်လာသည့်အခါ သူက ပျံသန်းနေရာကနေ ရပ်တန့်သည်။ သည်အခိုက်တွင် သူသည် ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ ဗဟိုချက်နားသို့ ရောက်နေပြီ ဖြစ်၏။ သူ သွားရန် လိုအပ်သည့် မည်သည့်နေရာကိုမဆို သူသည် ချက်ခြင်းလိုလို ရောက်ရှိနိုင်သည်။
သူ ရပ်တန့်ပြီးနောက် ထိုင်ချကာ မျက်လုံးမှိတ်လိုက်၏။ သူက စောင့်ဆိုင်းနေရင်း ငြိမ်သက်စွာ စတင် ကျင့်ကြံသည်။
သူ၏အပြုအမူက သူ့အား စောင့်ကြည့်နေသော တတိယအဆင့် ကျင့်ကြံသူအားလုံးကို တုန်လှုပ်သွားစေသည်။
တဖြည်းဖြည်း အချိန် ကုန်လာသည်။ မျက်စိတစ်မှိတ်အတွင်း တတိယမြောက်နှစ်၊ နောက်ဆုံးသုံးရက် ပြည့်ဖို့ ဆယ့်နှစ်နာရီသာ ကျန်တော့သည်။ သည်ဆယ့်နှစ်နာရှိ ကျော်လွန်သည်နှင့် တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဒီလှိုဏ်ဂူလောကတွင် ဖြစ်ပွားလာလိမ့်မည်ပင်။
သို့သော် သည်အခိုက်၌ ဝမ်လင်းကလွဲ၍ မည်သူကမျှ နောက်ဘာဖြစ်လာမည်ကို မသိရှိကြပေ။ ခုနစ်ရောင်စုံတာအိုသခင်နှင့် တစ္ဆေအိုကြီးကျန့်တို့ပင် လာမည့်ကိစ္စရပ်ကို ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပါ။
တစ်ခုခုဖြစ်လာတော့မည်ဟုသာ ခံစားမိနိုင်သော တခြားတစ်ယောက်တော့ ရှိနိုင်၏။ ထိုသူမှာ ဝမ်လင်းပင် မထောက်လှမ်းမိသော ဆင့်ခေါ်ခြင်းမြစ်၏ ကျောက်တုံးအပိုင်းအစထဲ၌ ထိုင်နေသော ရှေ့ဖြစ်ဟောသူသာ ဖြစ်ပေလိမ့်မည်။
ရှေ့ဖြစ်ဟောသူ၏မျက်လုံးထံမှ ထူးဆန်းသောအလင်း လှစ်ဟပေါ်နေ၏။ သူက ခေါင်းငုံ့လျက် ရှိပြီး သူ့လက်နှစ်ဖက်က သူ့ရှေ့တွင် အဆက်မပြတ် ပြောင်းလဲနေသည်။ သူက ရှေ့ဖြစ်ကြည့်နေရင်း သူ့မျက်လုံးများသည် တောက်ပသထက် တောက်ပလာသည်။
ဝမ်လင်းသည် သူ၏အော်ရာကို အထွတ်အထိပ်၌ ရှိနေစေပြီး မလှုပ်မယှက် ရှိသည်။ သူက ကောင်းကင်ဘုံသွေးမျိုးဆက်ကိုပါ အပြည့်အဝ အသက်သွင်းထားသေးသည်။
ဆယ့်တစ်နာရီ၊ ဆယ်နာရီ။ ကိုးနာရီ။ သည်လိုနှင့် သုံးနှစ်တာကာလအပိုင်းအခြားမှာ အဆုံးသပ်လာတော့မည်။ လေးနာရီမျှသာ ကျန်တော့သည့်အခါ ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာ၏။
သူ ထိုသို့ ပြုလုပ်သည့်အခါ သူ့အား လေ့လာစောင့်ကြည့်နေသော လူများက တုန်လှုပ်ကာ သံသယထင်မြင်ချက်များ ပြည့်လာသည်။
ဝမ်လင်းက သူ့ညာဘက်သို့ လှည့်၏။ သူ၏အမူအရာမှာ တဖြည်းဖြည်း ထူးခြားဟန် ပေါက်သည်။
ဝမ်လင်း၏ညာဘက်ခြမ်း၊ အဝေးရှိ ကြယ်များ၌ ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ ကျင့်ကြံသူရာချီအုပ်စုတစ်စုသည် ပျံသန်းနေ၏။ သူတို့၏ဆံပင်များသည် ရှုပ်ပွနေသည်။ သူတို့သည် ရွှေ့လျားနေရင်း တစ်ပြိုင်နက်တည်း ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
“ကောင်းကင်ဘုံနဂါးဟာ တာအိုကို လှစ်ဟတယ်။ ငါ့စကားတွေကို ယုံကြည်ပါ။ လောက ပျက်စီးမယ့် ကပ်ဘေးကို ရှောင်ဖယ်နိုင်မယ်။ ငါ့ကို မယုံကြည်ရင် အားလုံး အမြစ်ဖြုတ်ခံရမယ်။ ကောင်းကင်ဘုံနဂါးဟာ ခွန်အားကြီးတယ်…”
ထိုစကားများ ပျံ့နှံ့လာရင်း ပထမကျင့်ကြံသူအုပ်စုအောက်၌ ပိုမိုများပြားသော ကျင့်ကြံသူထောင်ချီသည် ထွက်ပေါ်လာသည်။ သူတို့အားလုံးကလည်း တစ်ပြိုင်နက်တည်း အော်ဟစ်သံ ပြုကြသည်။