စစ်ဆေးခြင်းပွဲစဉ်
Vol. 52 Ch. 860
စောင့်မျှော်နေကြသော နတ်ဆိုးဘုံ သိုင်းပြိုင်ပွဲက စီစဉ် ထားသည့်အတိုင်းပင် သွေးရောင်အင်ပါယာရှိ သံလက်သီး နယ်မြေ၌ စတင်တော့သည်။
ယခုတစ်ခေါက် ယှဉ်ပြိုင်သူ အရေအတွက်က ထင်ထား သည်ထက် ကျော်လွန်နေသည့်အတွက်ကြောင့် တရားဝင် ပဏာမအဆင့် မတိုင်ခင် ပြိုင်ပွဲဝင်တဝက်ကျော်ကို ထုတ်ပယ်ရန် အတွက် စစ်ဆေးခြင်းပွဲစဉ်များကို ကျင်းပမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ပွဲစဉ်ရလာဒ်များက ပဏာမအဆင့် နောက်တစ်ကျော့အတွက် အုပ်စုဖွဲ့ခြင်းကို အဆုံးအဖြတ်ပေးပေမည်။
စစ်ဆေးခြင်းပွဲစဉ် နည်းလမ်းက အတော်လေး ထူးခြား၏။ ၎င်းက ရှေးစစ်မြေပြင်အနီးရှိ သတ္တိမြေ၌ ဖြစ်သည်။ ထိုနေရာက သွေးရောင်အင်ပါယာရှိ အထူး စမ်းသပ်ချက် ကွင်းပြင် ဖြစ်လေသည်။ ထိုနေရာ၌ စမ်းသပ်ချက် အမျိုးမျိုးကို ပြုလုပ်ခဲ့၏။ အပြင်းထန်ဆုံး၌ အတွင်းထဲရှိ ပုံရိပ်ယောင် ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ အားနည်းသူ သို့မဟုတ် စိတ်အားနည်းသော လေ့ကျင့်သူများက ထိုနေရာထဲ၌ ပိတ်မိနေကာ မထွက်နိုင် တော့ဘဲ သတိလစ်သွားကြလေသည်။ အဆိုးဆုံးမှာ သူတို့၏ ဝိညာဉ်များပင် ထိခိုက်နိုင်ခြင်း ဖြစ်လေသည်။
ယှဉ်ပြိုင်သူများက စာရင်းသွင်းပြီးနောက်တွင် နံပါတ်ပြား တစ်ခုကို ရရှိကြသည်။ မဲနှိုက်ခြင်းအပြင် ထိုနံပါတ်ပြားက လုပ်ဆောင်ချက် နှစ်ခု ရှိ၏။ ပထမတစ်ခုမှာ အချိန်မှတ်ရန် ဖြစ်သည်။ သတ္တိမြေမှ အချိန်တိုအတွင်း ထွက်နိုင်သူများက လက်ရွေးစင် အစွမ်းထက်ပုဂ္ဂိုလ်များနှင့် စောစောတွေ့ပြီး မထွက်ရစေရန်အတွက် ပဏာမအဆင့် နောက်အကျော့၌ အနှေးဆုံးသူများနှင့် အဖွဲ့ဖွဲ့ရမည်ဖြစ်သည်။ သတ်မှတ်အချိန် ချည်းကပ်လာပါက နံပါတ်ကြားက သတိပေးသံ တစ်ခု ထွက်ပေါ်လာပေမည်။
ဒုတိယ လုပ်ဆောင်ချက်က “စစ်မြေပြင်မှ ထွက်သွားခြင်း” ဖြစ်သည်။ တစ်နည်းပြောရလျှင် သတ္တိမြေထဲ၌ တောင့်မခံနိုင် တော့ပါက နံပါတ်ပြားကို ဖိခြေလိုက်လျှင် အလိုလို အပြင် ရောက်သွားမည် ဖြစ်သည်။ ဆိုလိုသည်က ပြိုင်ပွဲမှ နှုတ်ထွက်လိုက်ခြင်းပင်။
ချန်လွေ့၏ နံပါတ်ပြားက (၃) ဖြစ်ပြီး ရိုင်ဇန်က နံပါတ်(၁) ဖြစ်ကာ ကတ်သရင်းက နံပါတ်(၂) ဖြစ်သည်။ ရေဘဝဲဘုရင်က နံပါတ်(၄) ဖြစ်၏။ ထိုနံပါတ်(၄)ခုက သီးသန့်ထားထားခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူတို့က စစ်ဆေးခြင်း ကျော်နိုင်သော အခွင့်အရေးကို ခံစားနိုင်၏။
ကျန်ရှိသောသူများက ထိုကဲ့သို့ ဝန်ဆောင်မှုမျိုး မရရှိပေ။ သူတို့က စစ်ဆေးခြင်းအကျော့ကို ဝင်ပြိုင်ရသည်။ ဇိုလာ၏ နံပါတ်က ၉၇၇၇၊ အိုလီဖီးရက်စ်က ၉၇၇၈၊ ရိုမန်က ၉၇၇၉၊ ဒိုဒိုက ၉၇၈၀ ဖြစ်ပြီး ပါ့ဂ်လီအိုက ၉၇၈၁ ဖြစ်ကာ နံပါတ် ငါးခုဆက်တိုက် ဖြစ်လေသည်။
ဝန်ထမ်းအရေအတွက်ကြောင့် စစ်ဆေးခြင်း ပွဲစဉ်ကို အဖွဲ့များခွဲပြီး ဆက်တိုက် ကျင်းပသည်။ သတ်မှတ်ထားသည့် အချိန်က (၄)နာရီ ဖြစ်၏။ စောစော ထွက်လာသူ သို့မဟုတ် သတ်မှတ်ထားသောအချိန်သို့ ရောက်ရှိရန် ကျရှုံးသူများက အထုတ်ခံရပေမည်။
ပြိုင်ကွင်းထဲ၌ ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ထွက် လာခဲ့သည်။ အသစ်တည်ဆောက်ထားသော ထောင့် ၆နေရာရှိ ဧရာမ တိုင်လုံး ၆ခုက အလွန်ကြီးမားသော ခြောက်ထောင့်ကြယ်တစ်ခုကို ထိုးပြခဲ့ပြီး အလယ်တွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။ ထိုအရာက သတ္တိတောနက်၏ ထွက်ပေါက် ဖြစ်သည်။
ထိုအရာက သာမန် မျက်နှာပြင်ပြန့်ပြန် မဟုတ်တော့ဘဲ ဂလိုဂရမ် ပုံရိပ်နှင့် ဆင်တူသော သုံးဖက်မြင်ပုံရိပ်ဖြစ်သွား၏။ အလွန်ကြီးမားသော မှော်ရုပ်မြင်သံကြားက အဘက်ဘက်၌ ပြင်ဆင်ထားသည့်အတွက် ပြိုင်ပွဲကို ရှုထောင့်ပေါင်းစုံမှ သေသေချာချာ ကြည့်၍ ရနိုင်ပေသည်။
ထိုအရာက သေချာပေါက် ပျော်စရာ အံ့အားသင့်မှု တစ်ခု ဖြစ်လေသည်။ ထိုနေရာသို့ ရောက်လာကြသော ပရိသတ် များကသာ ထိုကဲ့သို့ ဝန်ဆောင်မှုမျိုးကို “ခံစားနိုင်”လေသည်။ မှော်ရုပ်မြင်သံကြား အရှေ့တွင် ကြည့်နေသူများက ထိုကဲ့သို့ ခံစားရမည် မဟုတ်ပေ။ တိုက်ပွဲက ပြင်းထန်လာသည်နှင့်အမျှ သူတို့က ရှေးစစ်မြေပြင်သို့သွားကာ သိုင်းပြိုင်ပွဲကို မကြည့်နိုင်သော်လည်း ပြိုင်ကွင်းအလယ်တွင် ယုတ္တိရှိသော သုံးဖက်မြင်ပုံရိပ်ကို သူတို့က ထိုနေရာ၌ ရှိနေသကဲ့သို့ပင် မြင်နေရလေသည်။ ထို့အပြင် ပုံရိပ်များက ပရိသတ်များကို လုံးဝ သေချာပေါက် မထိခိုက်စေနိုင်ပေ။ တစ်ခုတည်းသော အားနည်းချက်က အသံကို မထုတ်လွှင့်နိုင်ခြင်းပင်။
မှော်ရုပ်မြင်သံကြား၏ ကြော်ငြာအရ ထိုအရာက ကြယ်ကြွေတမန် အင်ပါယာ၏ “သုံးဖက်မြင်ပုံရိပ်” ဖြစ်သော နောက်ဆုံးပေါ် သုတေသန စီမံကိန်းဖြစ်ပြီး ပြင်ဆင်နေဆဲ အဆင့် ဖြစ်လေသည်။
သတ္တိတောအုပ် ထွက်ပေါက်တွင် တောင်တန်းများ၌ အလင်းတန်များ ထွက်လာနေပြီး ပုံရိပ်များကို တစ်ခုပြီးတစ်ခု ပြသနေ၏။ ဝန်ထမ်းတစ်ယောက်က ရှေ့ထွက်လာပြီး နံပါတ်ပြားများကို မှတ်တမ်းတင်လိုက်သည်။
မှော်ရုပ်မြင်သံကြား မျက်နှာပြင်ကြီးကလည်း ပထမ အဖွဲ့မှ အဆင့်သတ်မှတ်ချက်များနှင့် ရလာဒ်များကို အမြန်ဆုံး အရှိန်ဖြင့် တိုက်ရိုက် ထုတ်လွှင့်နေ၏။
(၁) နံပါတ် (၁၉၇) ဝက်စတာလီ - ၁၆ မိနစ်။
(၂) နံပါတ်(၉၇၆) ဆာရန်ဒီ - ၂၀ မိနစ်။
(၃) နံပါတ်(၁၀၇၅) စတေလာ - ၂၁ မိနစ်။
(၄) နံပါတ်(၁၃၀၅) ဒါရက်စ် - ၂၆ မိနစ်။
(၅) နံပါတ်(၂၈) ဂူစတက်ဗ် - ၂၈ မိနစ်။
......
စာရင်းထဲ၌ နာမည်ကျော် နတ်ဆိုးအများပြား ရှိနေပြီး သိပ်ပြီး နာမည်မကျော်သော သို့မဟုတ် သိုသိုသိပ်သိပ် နေနေကာ နတ်ဆိုးဘုံ၏ သိုင်းပြိုင်ပွဲ၌ အထင်ကြီးစရာ ပွဲထွက်ခွင့် ရရှိရန် ဆုံးဖြတ်ထားသော အစွမ်းထက် ပုဂ္ဂိုလ်များလည်း ရှိလေသည်။
၄နာရီ ကြာပြီးနောက် သတ္တိမြေထဲ၌ တစ်နေသော ပြိုင်ပွဲဝင်များ၏ နံပါတ်ပြားများက အလိုလို ကွဲကြေသွားပြီး စမှတ်သို့ ပြန်ပို့ခံလိုက်ရသည်။ ထိုအကျော့၏ ပထမအဖွဲ့၌ ပြိုင်ပွဲဝင်တဝက်က ထုတ်ပယ်ခံလိုက်ရ၏။
ဇိုလာ၊ ရိုမန်နှင့် အခြားသူများက တတိယ အဖွဲ့တွင် ရှိနေကြသည်။ စတင်ရန် ကြေညာလိုက်သောအခါ ရိုမန်က အရှိန်ကုန်ဖြင့် သတ္တိမြေထဲသို့ အမြန်ဝင်သွားခဲ့သည်။ သူက မိစ္ဆာမျက်လုံးဘုရင်နှင့် ပေါင်းစပ်ထားသော မိစ္ဆာမျက်လုံး စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်ပြီး လမ်းတလျှောက်မှ ပုံရိပ်ယောင်များ၏ အနှောင့်အယှက်ကို လျစ်လျူရှုနေခဲ့သည်။ [ လျှပ်တပြက် ] အရှိန်က ထိပ်ဆုံးအထိ ရောက်ရှိသွားခဲ့ပြီး လျှပ်စီးလက်သကဲသို့ပင် ရှေ့သို့ ဆက်သွားလိုက်ရင်း ထောင်ခြောက်အလွှာများကို ကျော်ဖြတ် နေလေသည်။ အချိန်တို အတွင်းမှာပင် သူက ထွက်ပေါက်သို့ ရောက်ရှိသွားခဲ့သည်။
“ဟား...ငါ ပထမဆုံးပဲ။”
မည်သူကိုမှ မတွေ့ရသောအခါ ရိုမန်က အားရပါးရ ရယ်လိုက်လေသည်။ သူက အထူးရနံ့မွှေး ပြောင်းဆန် ဝိုင်အရက်ကုိထုတ်ပြီး သောက်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူ့လက်က တင်းကြပ်သွားခဲ့သည်။ ပုလင်းက အဝေးမှ သစ်ပင်ကြီးဆီသို့ ပျံသန်းသွားလေသည်။ ပုံရိပ် တစ်ခုက သစ်ပင်ကြီးအောက်မှ ရုတ်တရက်ကြီး ထွက်လာ ခဲ့သည်။ ထိုအရာက ပါ့ဂ်လီအိုပင်။
“မင်းက ပထမ ဟုတ်လား။ မင်းရဲ့ ဘယ်မျက်လုံးက မိန်းမတွေကြောင့် ကန်းသွားတာပဲ ဖြစ်ရမယ်။ ဟမ်...” ဆရာသခင် အဆိပ်နဂါးက လက်ကို ခါပြီး အဆို့ကို ဖြုတ်လိုက်၏။ သူက အေးအေးဆေးဆေးပင် ဝိုင်တစ်ငုံ သောက်လိုက်သည်။ “အလကားရတဲ့ ဝိုင်က အရသာ အကောင်းဆုံးပဲ....”
သူက ဝိုင်ကို မမျိုချနိုင်ခင်မှာပင် ချက်ချင်း ထွေးထုတ် လိုက်၏။ ထွေးထုတ်လိုက်သော ဝိုင်က အမှန်တကယ်ပင် မီးတောက် အဖြစ်သို့ ပြောင်းလဲသွားပြီး မြေကြီးပေါ်တွင် အလွန်ကြီးမားသော တွင်းတစ်ခု ဖြစ်သွားစေသည်။
“ဇိုလာ...” ဆရာသခင် အဆိပ်နဂါးက ဒေါသတကြီး အော်ပြောလိုကု်၏။ “ငါ ခုနက သစ်တောထဲမှာ အဆိပ်ကို တမင်သုံးတာ။ မင်းကို မတားခဲ့ဘူးလေ။”
သူ စကားပြော မပြီးသေးခင်မှာပင် လက်ထဲမှ ပုလင်းက ရုတ်တရက် အေးခဲပြီး ရေခဲ ဖြစ်သွားတော့သည်။ အမျိုးသမီး တစ်ယောက်က “ဘာပြောတာ”ဟု ပြောရန်ပင် အဖက်မလုပ် ခဲ့ပေ။
(ငါ့ကို စပြီးတော့ ရန်စရဲတယ်ပေါ့။ ဟွန့်...)
မျက်နှာပြင်ကြီးပေါ်တွင် တတိယအဖွဲ့ ရလာဒ်က ပရိသတ်ကို အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။
(၁) နံပါတ်(၉၇၇၇) ဇိုလာ - ၃၇စက္ကန့်။
(၂) နံပါတ်(၉၇၈၁) ပါ့ဂ်လီအို - ၅၉ စက္ကန့်။
(၃) နံပါတ်(၉၇၇၉) ရိုမန် - ၁၀ မိနစ်။
(၄) နံပါတ်(၆၇၂၀) ဖာမာ - ၁၇ မိနစ်။
(၅) ...
နံပါတ်(၉၇၇၉) ရိုမန်ရဲ့ ၁၀မိနစ်က ပထမ (၃)ဖွဲ့မှာ အမြန်ဆုံး ဖြစ်ပေမဲ့ သူက အဆင့်(၃) ပဲ ရမယ်။ ပထမရတဲ့ နံပါတ်(၉၇၇၇) ဇိုလာ နဲ့ ဒုတိယရတဲ့ နံပါတ်(၉၇၈၁) ပါ့ဂ်လီအို တို့က (၁)မိနစ်တောင် မကျော်ဘူး။ သေချာ အာရုံစိုက် နေကြသော ပွဲကြည့်သူများက ဇိုလာ၊ ပါ့ဂ်လီအိုနှင့် ရိုမန်တို့၏ နံပါတ်များက အတော်လေး နီးကပ်နေကြသည်ကို သတိထား မိသွားကြပြီး မျက်နှာပြင်ကလည်း သူတို့အချင်းချင်း အတော်လေး ရင်းနှီးနေကြောင်းကို ပြသနေ၏။ သူတို့က မိတ်ဆွေဟောင်းတွေ ဖြစ်လောက်တယ်။
သတ္တိတောနက် စမ်းသပ်ချက်များက စွမ်းအား အလုံးစုံကို အပြည့်အဝ မပြသနိုင်သော်လည်း စိတ်ဝိညာဉ် စွမ်းအား မြင့်မားပြီး အရှိန်မြန်သူများက အတော်လေး အားသာချက် ရရှိပေသည်။ သို့သော်လည်း ထိုကဲ့သို့ မယုံနိုင်စရာ ရလာဒ်များက သာမန်အစွမ်းထက် ပုဂ္ဂိုလ်များထက် သာလွန်နေပြီ ဖြစ်လေသည်။ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ် ရိုင်ဇန်၊ ဒုတိယ အစွမ်းထက်ပုဂ္ဂိုလ် ကတ်သရင်းနှင့် လျို့ဝှက်ဆန်းကြယ်သော အက်ဂ်ယောတို့ အပြင် ထိုပြိုင်ပွဲက မမျှော်လင့်ထားလောက်အောင် စိတ်လှုပ်ရှားစရာကောင်းပြီး ပြင်းထန်လိမ့်မည်ကို ခန့်မှန်း၍ ရနိုင်ပေသည်။
တဖြည်းဖြည်းနှင့် အချိန်ကုန်ဆုံး သွားခဲ့သည်။ သတ်မှတ်ချိန် (၄)နာရီက ချည်းကပ်လာနေပြီ ဖြစ်သော်လည်း အိုလီဖီးရက်စ်နှင့် ဒိုဒိုတို့က ထွက်မလာကြသေးသည့်အတွက် ဇိုလာအပါအဝင် ဆွေမျိုးများနှင့် မိတ်ဆွေများက အံ့အားသင့် နေကြသည်။
သူတို့နှစ်ယောက်ထဲမှ တစ်ယောက်က S+ အဆင့် စွမ်းအားရှိပြီး အခြားတစ်ယောက်က တိုင်းပြည်အဆင့်သို့ အချိန်မရွေး ရောက်ရှိနိုင်သော S++ အဆင့် ရှိလေသည်။ သူတို့က အမှန်တကယ်ပင် ကြာမြင့်နေခဲ့သည်။ စိုးရိမ်နေသော အစ်ဇဘယ်လာက ချန်လွေ့အား သတ္တိမြေ ထွက်ပေါက်၌ သွားစောင့်နေရန် ဆွဲခေါ်နေလေသည်။
နောက်ဆုံး၌ နောက်ဆုံး အချိန်အကန့်အသတ် မရောက် ခင်မှာပင် မစ်-နဂါးနက်နှင့် ချွဲကျိကောင်တို့က ထွက်ပေါက်၌ ပေါ်ထွက်လာခဲ့သည်။ နဂါးနှင့် ချွဲကျိကောင်တို့ နှစ်ယောက်လုံး တူညီစွာဖြင့် စိတ်ပျက်သော အမူအရာ ရှိနေကြ၏။
“ရတနာတွေ အများကြီးပဲ။ ဒီချိုမြိန်တဲ့ အိပ်မက်က အဆုံးမသတ်သွားရင် ဘယ်လောက် ကောင်းလိုက်မလဲ။” မစ်-နဂါးနက်က အော်ပြောလိုက်သည်။ “ငါ နတ်ဆိုးဘုံမှာ အချမ်းသာဆုံး ဖြစ်တော့မလို့။”
ချွဲကျိကောင်ငကလည်း အပြင်းအထန် ခေါင်းညိတ် လိုက်သည်။ ခုနက ဆရာသခင် ချွဲကျိကောင်က ပွဲပေါက်တိုးသည့် ပုံရိပ်ယောင်ကို စွဲလမ်းနေခဲ့သည်။ နံပါတ်ပြားမှ သတိပေးသံကြောင့်သာ မဟုတ်လျှင် ဆရာသခင် အဆိပ်နဂါးက အမှန်တကယ်ပင် အထဲထဲ၌ နေနေချင်၏။
အိပ်မက်မှ နိုးလာသောအခါ သူက ခန့်ညားသော လူချမ်းသာ အဖြစ်မှ အရှုံးသမား အဖြစ်သို့ ပြောင်းလဲသွား ခဲ့လေသည်။ သူက မည်ကဲ့သို့ မငိုဘဲ နေနိုင်မည်နည်း။ သူတို့နှစ်ယောက်က သက်ပြင်းချရင်း ထွက်သွားလိုက် ကြသည်။ သူတို့က ဝမ်းနည်းဖွယ် အခိုက်အတန့်များကို ပြောနေသောအခါ အချင်းချင်း ဖက်ရင်း အတူတူ ငိုကြွေး နေကြတော့သည်။
“သူဌေး။ ကျွန်မရဲ့ စိတ်ဝိညာဉ် ကြီးကြီးမားမား ထိခိုက် သွားခဲ့တယ်။ ကျွန်မရဲ့ ဒဏ်ရာရနေတဲ့ နှလုံးသားကို သက်သာ စေဖို့အတွက် သလင်းကျောက်နက်ဒင်္ဂါး ၅၀လောက် ပေးလို့ ရမလား။”
ချွဲကျိကောင်ကလည်း အခွင့်အရေးကို အသုံးချပြီး အလောတကြီး အမူအရာဖြင့် နှာခေါင်းကို လက်ညှိုးထိုးပြလိုက်၏။
ချန်လွေ့ - “....”
ချန်လွေ့သာမက ဆွေမျိုးအားလုံးနှင့် သူငယ်ချင်းများက ထိုလူထူးဆန်း နှစ်ယာက်ကို ပြောစရာ မဲ့သွားကြသည်။
ပရိတ်သတ်ကို ပို၍ပင် ထိတ်လန့်သွားစေသည်မှာ ဇိုလာ၏ မှတ်တမ်းကို စတုတ္ထမြောက် အကျော့၌ ချိုးဖျက်သွားခြင်းပင်။
နံပါတ်(၁၀၅၀၁) လာလာရီယာက ၈ စက္ကန့်သာ ကြာခဲ့လေသည်။
“ငါက ယောက်ျားတစ်ယောက်ပဲ။”
နှုတ်ခမ်းမွှေးနှင့် ရင်ပြားလိုလီကို သွေးရောင်အင်ပါယာ ရုပ်မြင်သံကြားက မေးမြန်းသောအခါ သူက ထိုစကားသာ ပြောပြီး အမြန် ထွက်သွားခဲ့လေသည်။ ပရိသတ်အဖွဲ့ သုံးယောက်ထံမှ အော်သံများကိုလည်း နောက်ဘက်တွင် ကြားနေရလေသည်။ “ဆာ-လာလာရီယာက အရမ်း ချောတာပဲ။”
စစ်ဆေးခြင်း အကျော့များ ပြီးသွားပြီးနောက်တွင် နောက်အကျော့မှာ တကယ့်တိုက်ပွဲဖြစ်သော ပဏာမအဆင့် ဖြစ်လေသည်။
ပဏာမအဆင့် စည်းမျဉ်းများမှာ အလွန် ရိုးရှင်း၏။ အဖွဲ့တစ်ခုတွင် အယောက် ၂၀၀ ပါဝင်ပြီး နောက်ဆုံး ကျန်ရှိခဲ့သူက နောက်အကျော့သို့ ဝင်ရောက်ရပေမည်။
ပြိုင်ပွဲဝင်တစ်ယောက်က စစ်မြေပြင်မှ ထွက်သွားရန် နံပါတ်ပြားကို အသုံးပြုပြီး အရှုံးပေးနိုင်သော်လည်း နံပါတ်ပြားကို အသုံးပြုရန် အချိန်ယူရလေသည်။ အချို့ အစွမ်းထက် ပုဂ္ဂိုလ်များအတွက် ထိုအချိန်တိုလေးက သေစေနိုင်လေသည်။ ထိုကဲ့သို့ အသေအကြေ စည်းမျဉ်းကို စာရင်းသွင်းသော အချိန်က အတိအလင်း ကြေညာထားပြီး ဖြစ်ကာ ပြိုင်ပွဲဝင်အားလုံးကလည်း အသတ်ခံရမည့် အန္တရာယ်အတွက် ပြင်ဆင်ထားကြပြီး ဖြစ်လေသည်။
ပမာဏအဆင့်ကို စစ်ဆေးခြင်းအကျော့၏ စုစုပေါင်း ရလာဒ်အတိုင်း အုပ်စုဖွဲ့လေသည်။ ဥပမာ လာလာရီယာ၊ ဇိုလာ၊ ပါ့ဂ်လီအိုနှင့် အခြားသူများကို ဆန်ခါတင် ပြိုင်ပွဲဝင် များအဖြစ် သတ်မှတ်ထားသည့်အတွက် သူတို့ကို အချင်းချင်း အဖွဲ့ခွဲထားလေသည်။ ထိုသို့ဖြင့် လက်ရွေးစင်များ ခပ်စောစော တွေ့နိုင်ချေနှင့် ပြိုင်ပွဲ၏ စိတ်လှုပ်ရှားမှုအား လျော့ကျသွားစေနိုင်ခြင်းကို တားဆီးနိုင်ပေသည်။
စမ်းသပ်ခြင်းအကျော့ကို တစ်ခါတည်း ကျော်သွားရသော ရိုင်ဇန်၊ ကတ်သရင်း၊ ချန်လွေ့နှင့် ရေဘဝဲဘုရင် ရက်ပီပစ် တို့ကလည်း ဆန်ခါတင် ပြိုင်ပွဲဝင်များအဖြစ် သတ်မှတ်ခံရကာ ပမာဏအကျော့၌ ယှဉ်ပြိုင်ကြရလေသည်။
ပဏာမအဆင့်များကို ရှေးစစ်မြေပြင်ရှိ ပြိုင်ပွဲနေရာ အမျိုးမျိုး၌ တပြိုင်နက်တည်း ကျင်းပလေသည်။ မြင်ကွင်း ပေါ်တွင်ရှိသော မှော်ရုပ်မြင်သံကြားက ၎င်းကို သီးခြား မြင်နှာပြင်များဖြင့် ထုတ်လွှင့်ပြမည်ဖြစ်သည်။ ဗဟိုချက် နေရာအကျယ်ကြီး အတွက်ကိုမူ ထုတ်လွှင့်သူက ပုံရိပ်လွှင့်ပုံစံ သုံးဖက်မြင် တိုက်ရိုက် ထုတ်လွှင့်ရေးအတွက် စိတ်လှုပ်ရှား စရာ ပွဲစဉ်များကို ရွေးချယ်ပေမည်။
သွေးရောင်အင်ပါယာက ကျင်းပသူ ဖြစ်သည့်အတွက် ပထမဆုံး ပုံရိပ်လွှင့်မှုက ရိုင်ဇန် တည်ရှိသော အဖွဲ့(၁)ကိုပင် ဖြစ်လေသည်။
ပြိုင်ပွဲ စတင်သော်လည်း ပရိသတ်များက ပြိုင်ပွဲနယ်မြေ၌ ရိုင်ဇန် တစ်ယောက်တည်း ရပ်နေသည်ကိုသာ မြင်ခဲ့ရသည်။ အခြား ပြိုင်ဘက်များ အမှန်တကယ် မရှိနေကြပေ။ ထိုအဖွဲ့ထဲ၌ နာမည်ကြီး ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ် ရိုင်ဇန်အား ယှဉ်ပြိုင်ရဲသောသူ မရှိသည်မှာ အသေအချာပင်။
ရိုင်ဇန်က များများစားစား အားထုတ်စရာ မလိုဘဲ နောက်တစ်ဆင့် တက်သွားခဲ့လေသည်။
အဖွဲ့(၂)ရှိ အရိပ်နက်အင်ပါယာမှ ကတ်သရင်းကလည်း ရိုင်ဇန်နှင့် ဆင်တူပေသည်။ အယောက် ၂၀၀တွင် ပြိုင်ဘက် ၃ယောက်သာရှိပြိး ကတ်သရင်းလုပ်ခဲ့သည်ကို မမြင်ခင်မှာပင် သူတို့အားလုံး သတိလစ်သွားကြ၏။
ရိုင်ဇန်ပြီးနောက်တွင် ကတ်သရင်းက နောက်တစ်ဆင့် တက်သွားသော ဒုတိယမြောက် ပြိုင်ပွဲဝင် ဖြစ်လာခဲ့သည်။
သို့သော်လည်း ချန်လွေ့၏ အဖွဲ့တွင် လူ အတော်များများ ရှိနေလေသည်။ သူက အဂ္ဂိရတ်ဆရာသခင် ပြိုင်ပွဲတွင် အူးကလီးရက်စ်ကို သတ်ပစ်ခဲ့ပြီး ရိုင်ဇန်၏ ဖိတ်ကြားလွှာကို လက်ခံရရှိခဲ့သော်လည်း ရိုင်ဇန်၊ ကတ်သရင်းတို့နှင့်ယှဉ်လျှင် “အက်ဂ်ယော”အပေါ် လူအများ မှတ်မိသည်က အဂ္ဂိရတ် မဟာ့မဟာဆရာသခင် သို့မဟုတ် ကြင်ရာတော်မင်းသား ဟူသော သရုပ်ကိုပင်။
ထို့ကြောင့် လူအများက ထိုမဟာ့မဟာ ဆရာသခင်၏ စွမ်းအားကို ကံစမ်းပြီး စိန်ခေါ်ကြရန် စီစဉ်နေကြခြင်း ဖြစ်သည်။
ထိုကဲ့သို့ အုပ်စုလိုက် တိုက်ပွဲတွင် စွမ်းအား ခြားနာချက် သိပ်မကွာပါက နည်းဗျူဟာမှာ အတော်လေး အရေးပါ၏။ အစပိုင်း၌ အများကြီး အားစိုက်ထုတ်ခြင်းက သေချာပေါက် ပါးနပ်သော အကွက် မဟုတ်ပေ။ အများစုက အားနည်းသော ပြိုင်ဘက်များကို အရင်ဦးစွာ အနိုင်တိုက်ရန် ရွေးချယ် ပြီးနောက်တွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး နောက်ဆုံး အနိုင်ရရှိရန်ဖြစ်လာရန်အတွက် ကျန်ရှိသော အင်အားကြီး ပြိုင်ဘက်များကို အလဲထိုးရန် ကြိုးစားကြလေသည်။
ကံမကောင်းစွာပင် အကြွင်းမဲ့ စွမ်းအားအရှေ့၌ နည်းဗျူဟာ၊ ဉာဏ်ပညာတို့အားလံုးက အပေါ်ယံသာ ဖြစ်လေသည်။ ချန်လွေ့က ဝတ်ရုံကို အသာလေး ခါလိုက်ရာ အားလုံးက လေထဲ လွင့်ကုန်သည်။ ထို့နောက် တစ်ယောက်ပြီး တစ်ယောက် အပြင်းအထန် ပြုတ်ကျကုန်ပြီး သတိလစ် သွားတော့သည်။
အဖွဲ့(၃)မှ “အက်ဂ်ယော”က အလွယ်တကူ အဆင့်တက် သွားခဲ့၏။