ကြယ်ကောင်းကင်အောက်
Vol. 52 Ch. 852
အက်ဂ်လက်စ်က အမှောင်လတွင် အကြာကြီး မနေခဲ့ဘဲ သိပ်မကြာခင် ထွက်သွားခဲ့သည်။ သူက ရင်ပြား လိုလီကို စိုးရိမ်၍ သို့မဟုတ် နဂါးကျွန်း၌ ရင်ပြားလိုလီက မည်သို့သော ကပ်ဘေးမျိုး ပြုလုပ်နေကြောင်းကို ပို၍ စိုးရိမ်၍ ဖြစ်နိုင်၏။
ဆာ-နဂါးဧကရာဇ် ထွက်မသွားခင် အောက်ပါအတိုင်း ပြောခဲ့လေသည်။
“မင်းတို့က အိုလီဖီးရက်စ်ကို ဂရုစိုက်ပေးနေတာ ဆိုတော့ ငါ စိတ်အေးလက်အေးနဲ့ ထွက်သွားလို့စပြီ။” အက်ဂ်လက်စ် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် ရုတ်တရက် တစ်ခုခုကို တွေးမိကာ ပြန်လှည့်လာသည်။ “အူးကလီးရက်စ် အရိုးတွေကော။”
“ဘာပြောတာလဲ။” ချန်လွေ့က ဘေးနားမှ ဇိုလာကို မေးလိုက်သည်။
“ဘာလဲ။” ဇိုလာက ချန်လွေ့ကို မေးလိုက်၏။
အက်ဂ်လက်စ်က မနှစ်မြို့စရာ ခံစားချက်တစ်ခု ရနေ၏။ “အရိုးလေ...”
“အိုး...” ချန်လွေ့ ခေါင်းညိတ်ပြလိုက်သည်။
“အိုး...” ဇိုလာလည်း ယောက်ျားဖြစ်သူအတိုင်း ခေါင်းညိတ်လိုက်၏။
အက်ဂ်လက်စ် - “ငါက အရိုးအကြောင်း မေးနေတာ....”
“ကောင်းကောင်းသွားပါ။ ဆာ-အက်ဂ်လက်စ်...” အစ်ဇဘယ်လာက လက်ကိုဝှေ့ယမ်းလိုက်၏။
“အဖေ။ တာ့တာနော်။” မစ်-နဂါးနက်ကလည်း အစ်မ ဖြစ်သူနှင့်ကို လက်ဝှေ့ယမ်းလိုက်လေသည်။
အက်ဂ်လက်စ် - “...”
ဆာ-နဂါးဧကရာဇ်က မြင်ကွင်းမှ ဒေါတသကြီး ထွက်သွား သည်ကို မြင်သည့်အခါ ချန်လွေ့က တိတ်တိတ်လေး သက်ပြင်းချလိုက်၏။
သူက အသေအချာပင် နဂါးဧကရာဇ်ကို အရူးလုပ် ခဲ့လေသည်။ နဂါးများ၏ မုန်းတီးခြင်းကို ခံထားရသော သစ္စာဖောက်၏ အရိုးများကို “ကိုယ်ရေးကိုယ်တာ အသုံးပြု” ရန်အတွက် သိမ်းထားခြင်း ဖြစ်လေသည်။
တိုင်းပြည်အဆင့် သေရွာပြန်နဂါးအရိုးခြောက်က ပစ္စည်းအချို့ ပြုလုပ်ရန်အတွက် အထူးကောင်းမွန်သော ကုန်ကြမ်းတစ်ခု ဖြစ်သော်လည်း ချန်လွေ့ မသုံးခဲ့ပေ။ ထိုအစား သူက အလောင်းအောက်လမ်းပညာရှင် ဂူရာဒန်အား သုတေသန ပြလုပ်ရန် ပေးခဲ့၏။
ယခင်က ကုန်ကြမ်း အကန့်အသတ်များကြောင့် ဂူရာဒန်က နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းတွင် တစ်နေခဲ့သည်။ အဆင့်တက်ရန် အဓိက ကုန်ကြမ်း(၂)ခုမှာ မာယာရှင်နှလုံးသားနှင့် နဂါးစွမ်းအား အမြုတေတို့ ဖြစ်ကြသည်။ နဂါးစွမ်းအားအမြုတေကို ရရှိခဲ့ပြီ ဖြစ်သော်လည်း မာယာရှင် နှလံုးသားကို မရနိုင်သေးပေ။
မာယာရှင်နှလုံးသားကို ရရှိရန်အတွက် မာယာရှင်က ကိုယ်တိုင်ပေးမှ ရပေမည်။ အသီနာနှင့် အခြား ချစ်ရသော ကောင်မလေးတစ်ယောက်သာဆိုလျှင် ပြဿနာ မဟုတ်ပေ။ ကံဆိုးစွာပင် မာယာရှင် မင်းသမီးလေးက ချန်လွေ့အပေါ် “နူးညံ့သော” အဆုံးမဲ့ အထင်သေးခြင်းနှင့် ရက်စက်သော မှတ်ချက်များသာ ရှိလေသည်။
မည်သို့ပင် ဆိုစေကာမူ မာယာရှင် မင်းသမီးလေးက ချန်လွေ့ ချစ်ရသော ကောင်မလေးတစ်ယောက်သာဆိုလျှင် မာယာရှင်နှလုံးသားကို ဆုံးရှုံးပါက အသက်ဓာတ်ကို ကြီးကြီးမားမား ထိခိုက်စေနိုင်သည့်အတွက် သူ သေချာပေါက် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဂူရာဒန်၏ စွမ်းအားကို မတိုးမြှင့် နိုင်တော့ပေ။ ထိုနည်းတူစွာပင် သူထိန်းချုပ်သော မသေမျိုးဗိုလ်ခြေလည်း အကန့်အသတ်တစ်ခုအထိ ရောက်ရှိခဲ့လေသည်။ ထိုအရာက တိုင်းပြည်အဆင့် သေရွာပြန်နဂါး အူးကလီးရက်စ်၏ အရိုးခြောက် မပေါ်လာခင်က ဖြစ်သေလည်။
တိုင်းပြည်အဆင့်က ဂူရာဒန်နှင့် အတော်လေး ဝေးလွန်း လှသည်။ ၎င်းက နတ်ဆိုးအရှင်သခင်အဆင့်နှင့် နတ်ဆိုး ဧကရာဇ်အကြားကွာခြားချက် မဟုတ်တော့သော်လည်း မသေမျိုးမှော်ပညာ၌ ဂူရာဒန်၏ အောင်မြင်မှုများက သေရွာပြန်ဘုရင် ဂလိုရီယိုစ်ပင် မယုံကြည်နိုင်လောက်သော အဆင့်တစ်ခုအထိ ရောက်ရှိနေလေပြီ။ ချန်လွေ့က ဂူရာဒန်၏ သုတေသန ရလာဒ်များကို အသုံးချပြီး အမုန်းတရား နယ်မြေ၌ ရှိနေခဲ့စဉ်က ဂလိုရီယိုစ်၏ အာရုံစိုက်မှုကို ရရှိရန် ပြုလုပ်နိုင်ခဲ့သည်။
သေရွာပြန်နဂါး ဖြစ်သည့်အလျောက် အူးကလီးရက်စ်၏ အကြီးမားဆုံး အားနည်းချက်က ဝိညာဉ်အမှတ်အသား၏ ဥပဒေ၏ နှောင့်ယှက်ခြင်း ခံရသည့်အတွက် သေရွာပြန်၏ အရေးပါဆုံးသော ဝိညာဉ်အမြုတေကို စုစည်းပြီး အသက်သေတ္တာထဲ မသိမ်းထားနိုင်ပေ။ ထို့ကြောင့်ပင် သူက ချန်လွေ့၏ လုံးဝ သုတ်သင်ခြင်းကို ခံလိုက်ရခြင်းပင်။ ထို့ကြောင့် အူးကလီးရက်စ်၏ အသက် အမြုတေက ထိုအရိုးခြောက်ပေါ်တွင်သာ စုစည်းနေလေသည်။ ဂူရာဒန်၏ အကြံက သူ၏ဝိညာဉ်ကို အူးကလီးရက်စ်၏ အသက်အမြုတေနှင့် ပေါင်းစပ်ပြီး သူ့ကိုယ်သူ သေရွာပြန်နဂါး သို့မဟုတ် ၎င်းနှင့်ဆင်တူသော အရာတစ်ခုအဖြစ် ပြောင်းလဲရန် ဖြစ်သည်။ နှစ်ဖက်အကြား စွမ်းအားခြားနားချက် ကြီးမားလွန်းသည့် အတွက်ကြောင့် အချိန်နှင့် ကုန်ကြမ်း အတော်များများ လိုအပ်ပေသည်။ ထို့ပြင် အန္တရာယ်လည်း ကြီးမားပေ၏။ ဂူရာဒန်၏ ဝိညာဉ်က ကြီးမားလှသော စွမ်းအားကို မသယ်ဆောင် နိုင်သည့်အတွက် ချေမှုန်းခံရနိုင်ချေများနိုင်သည်။
သူ အောင်မြင်သည့်တိုင် သေရွာပြန်နဂါး၏ မူလ စွမ်းအားက သိသိသာသာ လျော့ကျသွားပေမည်။ သို့သော် ဂူရာဒန်က လုံးဝ မတွန့်ပေ။ သူ၏ မူလစကားအရဆိုလျှင် အောင်မြင်မည်ဆိုပါက ထိုအရာသည် သူ့ဘဝ၌ အထူးချွန်ဆုံး လက်ရာတစ်ခု ဖြစ်လာမည်ဖြစ်ကာ ကျရှုံးခဲ့ပါက သူ၏ အကြီးမားဆုံး ကြိုးပမ်းမှု ဖြစ်လာပေလိမ့်မည်။
အိုလီဖီးရက်စ် (လာလာရီယာ) အတွက်ကြောင့် အက်ဂ်လက်စ်က ထိုကိစ္စကို မျက်ကွယ်ပြုထားကြောင်း ချန်လွေ့ သိသည်။ အူးကလီးရက်စ်ကိစ္စက အဆုံးသတ် သွားလေပြီ။ တစ်ချိန်တည်းမှာပင် တိုင်တန်များအတွက် အရေးပေါ် လိုအပ်နေသော မိုးကြိုးနိုက်ထရိတ် အများအပြားကိုလည်း ရရှိခဲ့လေပြီ။
ကြယ်ကြွေတမန် အင်ပါယာကဲ့သို့ အင်ပါယာကြီး တစ်ခုနှင့် ဆိုလျှင် တကိုယ်တော် စွမ်းအားက ယှဉ်နိုင်သော အရာ မဟုတ်ပေ။ မိုးကြိုးနိုက်ထရိတ်၏ သယ်ယူ ပို့ဆောင်ရေးနှင့် သန့်စင်မှုအပြင် အခြားကုန်ကြမ်းများ စုဆောင်းမှုက ပြဿနာ မဟုတ်ပေ။ သလင်းကျောက် ဇာမဏီက တိုင်တန်များ ပြုလုပ်ရန်အတွက် စမ်းသပ်ချက်များ ပြုလုပ်နိုင်တော့မည်မှာ သိပ်မကြာတော့ပေ။
“အနှိုင်းမဲ့စစ်သည် အွန်လိုင်း”အတွက် အဆင့်မြှင့်ခြင်း ကလည်း ပြင်ဆင်မှုများ ရှိလေသည်။ ယခုတစ်ခေါက် အသစ် နှစ်ခု ရှိလေသည်။ ပထမတစ်ခုမှာ “မျိုးနွယ်” ဖြစ်သည်။ “ပြန်ဝင်စားခြင်း”ဟူသော အယူအဆက ဂိမ်းထဲ၌ ပေါ်နေမည် ဖြစ်သည်။ တစ်စုံတစ်ယောက်က အဆင့်တစ်ခုအထိ ရောက်ပြီး သက်ဆိုင်ရာ ပစ္စည်းတစ်ခု ရမည်ဆိုလျှင် သက်ဆိုင်ရာ မျိုးနွယ်အဖြစ် ဝင်စားနိုင်လေသည်။ ပြန်ဝင်စားပြီးနောက် အဆင့်က (၁)ပြန်ဖြစ်သွားမည် ဖြစ်သော်လည်း အခြေခံ ဂုဏ်သတ္တိ အမျိုးမျိုးက တိုးမြင့် သွားပေလိမ့်မည်။ အဆင့်တစ်ခါတိုးတိုင်း ပြန်ဝင်စားသော ကစားသူက ပြန်ဝင်စားခြင်း မဟုတ်သူများထက် ပိုမြင့်သော ဂုဏ်သတ္တိများ ရရှိပေလိမ့်မည်။ ထို့အပြင် ပြန်ဝင်စားခြင်းက အမျိုးမျိုးသော မျိုးနွယ်ဝိသေသလက္ခဏာများကို ဖြစ်စေသည်။ ဥပမာပြောရလျှင် နွားတစ်စပိုင်းက ပို၍ အင်အားကြီးလိမ့်မည်။ အမှောင်နတ်သူငယ်က ပိုမြန်လိမ့်မည် စသဖြင့် ဖြစ်လေသည်။ ချန်လွေ့၏ ရေရှည် ပန်းတိုင်က တော်ဝင်မိသားစု အပါအဝင် မျိုးနွယ်တိုင်း၌ အထူး သွေးမျိုးဆက် ပါရမီများ ထပ်ထည့်ရန် ဖြစ်သည်။ သို့သော် ဂိမ်း၏ မျှခြေညီရန်နှင့် တိုးတက်မှုတို့အတွက် ထိုမြှင့်တင်ခြင်း အတိုင်းဆိုလျှင် သက်ဆိုင်ရာ သီးခြားအစွမ်းအား မရှိပေ။
ဒုတိယ တိုးမြှင့်မှုက ဂိမ်းတာဝန်အသေးစားများကို ထပ်တိုးပြီး မကောင်းဆိုးဝါး စီးနင်းခြင်းကဲ့သို့ အချိန် သတ်မှတ်ထားသော လှုပ်ရှားမှုများ၊ ကြေးစား တာဝန်များ ထပ်ထည့်ရန် ဖြစ်သည်။ ထိုအရာက လူတိုင်း၏ ပါဝင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်ကို တိုးတက်စေနိုင်ပြီး ခက်ခဲမှု မြင့်မားခြင်းကြောင်း ဂူသင်္ချိုင်းထဲ ဝင်ရောက်မှု နည်းပါးခြင်းကို တားဆီးပေးနိုင်ပေမည်။
ချန်လွေ့ကို စိတ်ချစေခဲ့သည်မှာ အဆင့်(၃) အဖွဲ့အစည်း၏ စွမ်းဆောင်ရည်နှင့် အဆင့်အတန်းတို့က အဆင့်(၂) အဂ္ဂိရတ် အဖွဲ့အစည်းထက် များစွာ ပိုမို၍ မြင့်မားနေခြင်းပင်။ ထိုတာဝန်များကို ပြင်ဆင်ပြီးနောက် သူတို့က အသေးစိတ် စီမံကိန်းများနှင့် အပြစ်အနာ ရှာရန်အတွက်ကို မှင်စာဆိုးများထံ လက်လွှဲနိုင်ပြီ ဖြစ်၏။
အမှောင်လမြို့ တော်ဝင်နန်းတော်၌ -
အသီနာက လက်ရမ်းကိုကိုင်ကာ နန်းတော်ခေါင်းမိုးတွင် ထိုင်နေ၏။ သူက ကြယ်ကောင်းကင်ကို မော့ကြည့်နေပြီး အေးမြသော ညနေခင်းလေအား သူ၏ အနီရောင် ဆံပင်တိုတိုကို ညင်ညင်သာသာ တိုက်ခတ်နေစေသည်။
“တစ်ယောက်တည်း ကြယ်ကြည့်နေတာလား။”
သူ့နားထဲသို့ ရင်းနှီးသော အသံတစ်သံ ရောက်ရှိ လာခဲ့သည်။ နောက်လှည့်ကြည့်လိုက်ရာ သူက ချန်လွေ့၏ ပြုံးနေသော မျက်နှာကို မြင်လိုက်ရ၏။
“ဇိုလာ ဘယ်လိုနေလဲ။”
“ဘာမှ မဖြစ်ပါဘူး။ သူ အဆင်ပြေလောက်ပါတယ်။” ချန်လွေ့က အသီနာ၏ လက်ကို ကိုင်လိုက်သည်။ မဟာနတ်ဆိုးက စစ်တိုက်ရသည်ကို သဘောကျသော မျိုးနွယ်စု ဖြစ်လေသည်။ ဓားကို အချိန်အကြာကြီး ကိုင်ထားရခြင်းကြောင့် သူ၏လက်များက ခီရာနှင့် အစ်ဇဘယ်လာတို့ကဲ့သို့ မနူးညံ့နေသော်လည်း အလွန်အမင်း နွေးထွေးနေ၏။ မိုးသစ်တောမည်း၌ ပထမဆုံး ကိုင်ရသော ခံစားချက်ကဲ့သို့ပင်။
လူသားလောကရှိ နဂါးတောင်ကြားမှ မဟာအကြီးအကဲ နတ်မိမယ်နဂါးနှင့် နတ်သူငယ်ဘုရင်အကြောင်း ဇိုလာကို သတင်းစကား ပြောပြီးနောက် မစ်-နတ်မိမယ်နဂါးက မမျှော်လင့်ထားစွာပင် တိတ်ဆိတ်နေခဲ့သည်။ သူက သက်တန့်တောင်ကြားတွင် ပိတ်နေခဲ့ပြီး နေရာလွတ် ဝင်ပေါက်ကိုပင် ပိတ်ထားခဲ့လေသည်။
ထို့ကြောင့် ချန်လွေ့သာ သက်တန့်တောင်ကြားသို့ ဝင်ရောက်နိုင်ပြီး ဇိုလာကို ချန်လွေ့သာ နှစ်သိမ့်နိုင်လေသည်။ ချန်လွေ့က သက်တန့်တောင်ကြား၌ အချိန်(၃)ရက် ကုန်ဆုံးခဲ့ပြီးနောက် မစ်-နတ်မိမယ်နဂါး၏ ဒေါသကို ပြေစေခဲ့သည်။
နှလုံးသားချင်း စကားပြောပြီးမှသာ ထိုစဉ်က ဇိုလာ၏ လက်ထပ်ပွဲက နဂါးဘုရင် ပါဂရစ်ဇ်၏ ဖိအားပေးမှလည်း ပါဝင်ကြောင်း ချန်လွေ့ သိခဲ့ရသည်။ ထိုအချိန်က ပါဂရစ်ဇ်မှာ ထီးနန်းတက်ခါစသာဖြစ်ပြီး အကြီးအကဲများကို မစုစည်း နိုင်ခဲ့ပေ။ ဇိုလာ၏မိခင် မဟာအကြီးအကဲ မာရီယာက အမြင့်မားဆုံး ဂုဏ်သြဇာကို ပိုင်ဆိုင်ထားပြီး ကြားနေ ဖြစ်သည်။ ထို့ပြင် ဒုတိယ အကြီးအကဲ ပီလင်က ပါဂရစ်ဇ်၏ ဦးလေး ဖြစ်၏။ သူက အကြီးအကဲများ အကြား၌ ပါဂရစ်ဇ်ကို အကြီးမားဆုံး ထောက်ပံ့ပေးသူလည်း ဖြစ်လေသည်။ ထို့ကြောင့် ထိုလက်ထပ်ပွဲကို ပါဂရစ်ဇ် ကြော်ငြာပေးရခြင်း၏ ရည်ရွယ်ချက်က ထီးနန်းအုပ်စိုမှုကို ပိုမို၍ တည်ငြိမ်စေရန် ဖြစ်လာသည်။
လက်ထပ်ပွဲမှ ဇိုလာ ထွက်ပြေးလာပြီးနောက် နတ်သူငယ် ဘုရင်က ပီလင်ကို ဆိုးဆိုးဝါးဝါး ရိုက်နှက်ခဲ့ပြီးနောက် မာရီယာကလည်း ပီလင်းကို လှည့်စားခဲ့သည်။ သူတို့က အမုန်းတရားများကို ပြေလျော့အောင် ပြုလုပ်နေသကဲ့သို့ ဖြစ်သော်လည်း ထိုအရာက နဂါးဧကရာဇ် ပါဂရစ်ဇ်အား အခွင့်အရေး ရစေခဲ့သည်။ သူက ရပ်တည်မှုကို ဖော်ပြခဲ့သည့် အတွက်ကြောင့် ထိုကိစ္စက နောက်ဆုံးတွင် ကိစ္စ အသေလးလေး အဖြစ် အဆုံးသတ်သွားခဲ့သည်။
အစပိုင်း၌ ဇိုလာက လက်မခံနိုင်၍ ထွက်ပြေးနေခဲ့ သော်လည်း အသက်အရွယ်နှင့် အတွေ့အကြုံ တိုးပွား လာသည်နှင့်အမျှ သူက ကလေးများ၏ စရိုက်များကို မိဘများထက် မည်သူမှ ပိုမသိကြကြောင်း သူ တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။ မာရီယာနှင့် စပန်တို့က ၎င်းကို တမင်ပြုလုပ်ခဲ့ခြင်း ဖြစ်လောက်ပြီး သူ့ကို အိမ်မှ တိတ်တိတ်လေး ထွက်သွားစေကာ နဂါးတောင်ကြားမှ အခြေအနေကို ဦးဆောင်ထိန်းချုပ်နေခြင်းကြခြင်း ဖြစ်နိုင်၏။
ထိုအကြောင်းကို သဘောပေါက်ပြီးနောက် စပန်နှင့် မာရီယာတို့၏ အလိုလိုက်ခံခဲ့ရသော မစ်-နတ်မိမယ်နဂါးက အနီးစပ်ဆုံး သူများ၏ အသုံးချခံလိုက်ရသလို ခံစားလိုက်ရ လေသည်။ သူက အလွန်ပင် ဒေါသထွက်သွားခဲ့ပြီး နတ်ဆိုးဘံုသို့ ရောက်ရှိသွားခဲ့ကာ ကိုယ်ပိုင် ကံကြမ္မာကို ဆုပ်ကိုင်နိုင်သည်အထိ အစွမ်းထက်လာရန် သစ္စာဆိုခဲ့၏။ ထိုမတိုင်ခင် သူက လူသားလောကသို့ ပြန်မည် မဟုတ်သလို မာရီယာနှင့် စပန်တို့နှင့်လည်း တွေ့ဆုံမည် မဟုတ်ပေ။
ချန်လွေ့က ဇိုလာနှင့် အတော်ကြာ စကားပြောခဲ့ပြီးနောက် ကိစ္စအချို့ကို ရှင်းပြခဲ့သည်။ မာရီယာနှင့် စပန်တို့၏ ကနဦး လုပ်ဆောင်ချက်များက နဂါးတောင်ကြားမှ အခြေအနေကို ထိန်းချုပ်ရန် အတွက်သာ မဟုတ်ပေ။ နောက်ထပ် အရေးပါသော ရည်ရွယ်ချက် တစ်ခုရှိပြီး ထိုအရာက ဇိုလာအား နဂါးတောင်ကြားမှ အထူးနည်းလမ်း တစ်မျိုးဖြင့် ထွက်သွားစေလိုခြင်း ဖြစ်သည်။ ထိုအရာကလည်း ဇိုလာကို ကယ်တင်ရန် ဖြစ်၏။
အာဏာနှင့် အတိုက်အခိုက်တို့က အမွှာကဲ့သို့ပင်။ ရက်စက်သော တိုက်ပွဲများက နေရာတိုင်း ရှိလေသည်။ ကျက်သရေရှိသော ပလ္လင်များက မည်သည့် မျိုးနွယ်၌ဖြစ်စေ မရေမတွက်နိုင်သော သွေးများနှင့် အရိုးခြောက်များဖြင့် တည်ဆောက်ထားတတ်ကြလေသည်။ အမှန်တကယ်၌ ထို့နောက် သိပ်မကြာခင်တွင် ပါဂရစ်ဇ်က အကြီးအကဲများကို အသစ်ပြန်ခန့်အပ်ခဲ့လေသည်။ မကျေနပ်သော အသံ အများအပြားကိုလည်း လုံးဝ ဖုံးကွယ်နိုင်ခဲ့သည်။ အပြန်အလှန် နားလည်မှုရှိသော မာရီယာ တစ်ယောက် တည်းသာ မဟာအကြီးအကဲနေရာ ယနေ့အထိ မြဲမြဲမြံမြံ တည်ရှိနေခဲ့လေသည်။ သို့သော်လည်း ထိုအရာများကို မမြင်နိုင်ပေ။ အကယ်၍ ချန်လွေ့က ထိုစုံတွဲကို မမြင်ဖူးလျှင် သူတို့အကြောင်းကို သိလိမ့်မည် မဟုတ်ပေ။
အသီနာက ချန်လွေ့ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ “ရှင် ပင်ပန်းနေမှာပဲ။”
“ဘာလို့ ဒီအသံက ခီရာနဲ့ တူနေတာလဲ။” ချန်လွေ့က ခါးသက်သက်နှင့် ခေါင်းခါလိုက်ပြီး အသီနာ၏ ခါးကို အသာလေး ပွေ့ဖက်လိုက်၏။ “ကိုယ် တောင်းပန်ပါတယ်။ အပင်ပန်းဆုံးက ကိုယ့်ရဲ့ အချစ်လေး မဒမ်-ဗိုလ်ချုပ်ဆိုတာ သိပါတယ်။”
အသီနာက နှုတ်ခမ်းကိုစူပြီး ပြုံးလိုက်သည်။ “ဒါဆိုလည်း ကျွန်မ ကြယ်တွေ ငေးကြည့်နေတာကို မနှောင့်ယှက်နဲ့။”
“ကြယ်ကြည့်တာက ဒီလိုမျိုး မဟုတ်ဘူးဆိုတာ မဒမ်-ဗိုလ်ချုပ်ကို အကြံပေးပါရစေ။”
ခဏအကြာ သူတို့က မြေပြင်ပေါ် လှဲလျာင်းပြီး အဆုံးမဲ့ ကြယ်ကောင်းကင်ကို ကြည့်နေလိုက်ကြသည်။
“အသီနာ။ ကိုယ်တို့ ရှီလန်တောင်မှာ ရှိတုန်းက အချိန်တွေကို မှတ်မိသေးလား။”
“အင်း....” အသီနာက တိုးတိုးလေး ပြန်ဖြေလိုက်ပြီး ချန်လွေ့၏ ရင်ခွင်ထဲ တိုးဝင်လိုက်၏။ ထိုအရာက သူ့ဘဝ၌ လုံးဝ မမေ့မည့် အရာတစ်ခု ဖြစ်ပေသည်။
သူတို့နှစ်ယောက်က စကားတစ်လုံးမှ မပြောဘဲ ကောင်းကင်ကိုသာ တိတ်တိတ်လေး စိုက်ကြည့်နေကြ၏။
“ချန်လွေ့....”
“အင်း...”
“ဘာမှ မဟုတ်တော့ပါဘူး။”
“တကယ်တော့ ကိုယ် သတိထားမိပါတယ်။ မင်းစိတ်ထဲမှာ တစ်ခုခု ရှိနေတယ်။” ချန်လွေ့ သက်ပြင်း ချလိုက်၏။ “ကိုယ်တို့ကြားမှာ အတားအဆီးတွေ မရှိသင့်ဘူးလို့ ထင်ထားခဲ့တာ။”
အသီနာက ခေါင်းငုံ့လိုက်သည်။ “ကျွန်မက ရှင်နဲ့ တဖြည်းဖြည်း ပိုဝေးသွားတယ်လို့ ခံစားရလို့ပါ။”
“ဘာလို့ ထင်ရတာလဲ။”
“ကျွန်မလည်း မသိဘူး။ စွမ်းအားကြောင့် ဖြစ်ရင် ဖြစ်မယ်။ ဒါမှမဟုတ် တခြားတစ်ခုခုပေါ့။” အသီနာက မျက်လုံးများကို မှိတ်လိုက်သည်။ “တစ်ခုခုကို ကိုယ်တိုင် အဖြေမရှာနိုင်သေးတာလည်း ဖြစ်ရင်ဖြစ်မယ်။”
“တောင်းပန်ပါတယ်။” ချန်လွေ့က ရုတ်တရက် အပြစ် မကင်းသလို ခံစားလိုက်ရလိုက်၏။
“လူသားလောကကို....ပြန်ဖို့ ရှင် တွေးမိဖူးလား။” အသီနာက ဖြည်းဖြည်းချင်း မျက်လုံးများကို မှိတ်လိုက်၏။ “လူသားလောကမှာ ရှင့်ရဲ့ အဆင့်အတန်းက အတော်လေး ထူးခြားတယ်ဆိုတာ ကျွန်မ မှတ်မိတယ်။ အဲဒီမှာ ရှင့်ရဲ့ အမျိုးအဆွေတွေ ရှိလောက်တယ်။ အရင်တုန်းက ဘာပဲဖြစ်ဖြစ်၊ ရှင့်ရဲ့ အခုလက်ရှိ စွမ်းရည်နဲ့ အစွမ်းအစနဲ့ ဆိုရင် ရှင်......”
သူ စကားပြော မပြီးသေးခင်မှာပင် ချန်လွေ့က သူ့ကို နှုတ်ခမ်းဖြင့် တားလိုက်၏။ အသီနာက အနည်းငယ် တုန်ခါသွား သော်လည်း အဆုံး၌ မရုန်းကန်ခဲ့ပေ။
အချိန်အတော်ကြာ နမ်းရှိုက်ပြီးနောက်တွင်တော့...
“ကိုယ်မင်းကို အခု ပြောပြသင့်ပြီ။ ကိုယ်က လူသား လောကရဲ့ သိဒ္ဓိအင်ပါယာနှစ်ခုက နဂါးလင်းလက်အင်ပါယာ တတိယမင်းသာ အာသာရိုလန် ဖြစ်လောက်တယ်။ ကိုယ်က ရွှေနယ်မြေကို အုပ်ချုပ်တဲ့သူပဲ။ ဘာလို့ ဖြစ်လောက်တယ်လို့ ပြောရတာလဲ ဆိုတော့ အာသာရဲ့ မှတ်ဉာဏ်က လုံးဝ မရှိတော့လို့ပဲ။” ချန်လွေ့က အသီနာ၏ မျက်နှာကို ပွတ်သပ်လိုက်၏။ “ကိုယ်က နတ်ဆိုးဘုံကို ဘယ်လိုပဲရောက်လာရောက်လာ၊ ဒီကိစ္စမှာ ဘယ်လိုမျိုး လျို့ဝှက် အကြံအစည်တွေပဲရှိရှိ၊ ဒါတွေအားလုံးက ကိုယ်နဲ့မဆိုင်ဘူး။ အခုက ချန်လွေ့ တစ်ယောက်ပဲ ရှိတယ်။ နတ်ဆိုးဘုံက ချန်လွေ့။ မင်း ကိုယ့်ကို ဒီခန္ဓာကိုယ်ထဲ ဝင်စားတဲ့ တခြားလောကက ဝိညာဉ်တစ်ခုလို့ တွေးလို့ရတယ်။”
နောက်ဆုံးစကားက သူအချစ်ရဆုံး အမျိုးသမီးကို အကြီးမားဆုံး လျို့ဝှက်ချက် ပြောပြလိုက်ခြင်းပင်။ အသီနာက ထိုစကားမှ “ဝင်စားခြင်း”၏ အဓိပ္ပာယ် အစစ်အမှန်ကို နားမလည်လောက်ပေ။
“ကိုယ်က အခု နတ်ဆိုးဘုံနဲ့ လူသားလောကကို အလွယ်တကူ ခရီးသွားနိုင်ပေမဲ့ “ပြန်”ဖို့ကိုတော့ တစ်ခါမှ မတွေးမိဖူးဘူး။ အကြောင်းရင်းက ရိုးရှင်းပါတယ်။ ကိုယ်ချစ်ရတဲ့သူတွေက နတ်ဆိုးဘုံမှာ ရှိနေလို့ပဲ။ မင်း သိပါတယ်။ ကိုယ် အရာရာ ပေးနိုင်တဲ့ တကယ့် မိသားစုပေါ့။”
“အင်း...” အသီနာက တုံ့ပြန်လိုက်ပြန်သည်။ သူ၏ မျက်လုံးများက အရည်လဲ့နေ၏။ “တစ်ခု မေးလို့ရမလား။”
“ရတာပေါ့။”
“ရှင့်ရဲ့ အကြံအစည်ကို ကျွန်မ သိတယ်။ ဒီအကြံအစည် အောင်မြင်မယ်ဆိုရင် အင်ပါယာ(၃)ခုက ရှင့်ရဲ့ ထိန်းချုပ်မှု အောက်ကို လုံးဝ ရောက်သွားလိမ့်မယ်။ ရှင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ နတ်ဆိုးဘုံရဲ့ အန္တိမ အုပ်ချုပ်သူလား။”
“မဟုတ်ဘူး။ ကိုယ်က အုပ်ချုပ်သူ လုပ်ရတာ ကောင်းတယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ပြီးတော့ ဖြစ်လည်း မဖြစ်ချင်ဘူး။” ချန်လွေ့က မျက်နှာလွှားနှစ်ထပ်နောက်မှ ကြည်လင်အေးချမ်းသော အနက်ရောင် မျက်လုံးများကို မြင်နေရသကဲ့သို့ပင် ကြယ်ကောင်းကင်ကို စိုက်ကြည့်နေခဲ့သည်။ “ကိုယ့်ရဲ့ အကြီးမားဆုံး ဆန္ဒက အချုပ်အနှောင်အားလုံးကို ဘေးဖယ်ထားပြီးတော့ ကိုယ်ချစ်ရတဲ့ အမျိုးသမီးတွေနဲ့အတူ ခရီးတွေလျှောက်သွားပြီး အေးအေးဆေးဆေး နေနိုင်ဖို့ပဲ။ ဒါပေမဲ့ အခုက မင်းတို့ရဲ့ ပုခုံးပေါ်က ဝန်ထုတ်ဝန်ပိုးတွေ အားလုံးကို လုံးဝ စွန့်ပစ်အောင် ကိုယ် မလုပ်နိုင်သေးဘူး။ ကိုယ်က ကိုယ့်ရဲ့ ကံကြမ္မာကိုတောင် မထိန်းချုပ်နိုင်သေးဘူး။ ကိုယ့်အရှေ့မှာ မရေမတွက်နိုင်တဲ့ ရန်သူတွေ၊ ကြောက်စရာ အတားအဆီးတွေ ရှိနေတယ်။ ကိုယ်က ရှေ့ဆက်သွားပြီး ကြိုးစားပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပိုသာအောင်လို့ လုပ်လို့ တတ်နိုင်တယ်။”
အရာအားလုံးကို အသာထား။ ဆာရီရယ်က ခုခံ၍မရသော တည်ရှိမှုတစ်ခု ဖြစ်ပေသည်။ အထူးသဖြင့် သူက “အက်ဂ်ယော”ဟူသော နာမည်ကို အသုံးပြုခဲ့ပြီး မိစ္ဆာလမှော်သင်္ကေတကြောင့် ချန်လွေ့က “လျို့ဝှက် ဆန်းကြယ်သော နေရာ”ကို သွားရန် သေချာပေါက် မရှောင်တိမ်း နိုင်တော့ပေ။ သူက မည်သည့် အန္တရာယ်များ ရင်ဆိုင်ရမည်ကို မည်သူမှ မသိနိုင်ကြပေ။
ထိုအတွေးများကို တစ်စုံတစ်ယောက်အား ပြောပြ သည်မှာ ယခုမှ ပထမဆုံးအကြိမ် ဖြစ်လေ၏။
“စိတ်မကောင်းပါဘူး။” အသီနာက ချန်လွေ့၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ “ရှင်ရဲ့ ပုခုံးပေါ်မှာ ကျွန်မ ထင်ထားတာထက် အများကြီး ပိုရှိနေတာပဲ။”
“တချို့ တိုက်ပွဲတွေက တစ်ယောက်တည်း ရင်ဆိုင်ရမှာ။ အထူးသဖြင့် ယောက်ျားတွေကပေါ့။” ချန်လွေ့က ရင်ဘတ်ထံ ပျံ့နှံ့လာသော အပူလှိုင်းနှင့် ထိုအထဲမှ ခံစားချက်များကို ခံစားမိလိုက်မိသည်။ “ကံကောင်းချင်တော့ ကိုယ်က တစ်ယောက်တည်း တိုက်ခိုက်နေပေမဲ့ တကိုယ်တည်း မဟုတ်ဘူး။ ကိုယ်က တကိုယ်တည်း မဟုတ်ဘူး။”
အသီနာက နှလုံးသားထဲ၌ နွေးထွေးသွား၏။ သူ၏ စိတ်ထဲမှ အချုပ်အနှောင်လေးများ အားလုံး အရည်ပျော်ကျ သွားခဲ့သည်။ ထိုအရာက ရှီလန်တောင် ရွက်စိမ်းတောအုပ်၌ သူ့ကို အသီနာ ပြောခဲ့သောအရာ ဖြစ်လေသည်။ သူက ၎င်းကို အမြဲတမ်း အမြဲတမ်း မှတ်ထားပြီး တချိန်လုံး သတိရနေသည်မှာ အသေအချာပင်။
“မနက်ဖြန်ကျရင် ကိုယ် ကြယ်မြို့ကို ဝင်ပြီးတော့ တံခါးပိတ် လေ့ကျင့်ရမယ်။ ဒီတစ်ခေါက်က အတော်လေး ကြာလိမ့်မယ်။ သုံးလေးလ ဒါမှမဟုတ် ပိုကြာနိုင်တယ်။” ချန်လွေ့က အသီနာ၏ မျက်လုံးထောင့်နားမှ မျက်ရည်စက် များကို အသာလေး သုတ်ပေးပြီး ညင်သာစွာ ပြုံးပြလိုက်၏။ “ကိုယ် စိုးရိမ်နေတာက ကိုယ့်ရဲ့ မဒမ်-ဗိုလ်ချုပ်လေးကို မတွေ့ရတာကြာခဲ့ရင် ပိုပြီးတော့ ဝေးကွာသွားမှာကိုပဲ...”
“ဒါပေါ့....” အသီနာက ညင်သာပြီး သဘောကောင်းသော အပြုံးမျိုး ပြသလိုက်ပြီး ယုံကြည်ချက်များ ပြန်လည်ရရှိနေဟန် တူသည်။ “ဒါပေမဲ့ ဒီဝေးကွာမှုကို လျှော့ချပေးနိုင်လောက်တဲ့ လှည့်ကွက်လေးအချို့ ရှိတယ်။ ဥပမာ...ကြယ်တွေ အကြောင်း ဇာတ်လမ်းတွေလိုမျိုးပေါ့။ အဲဒါက ကျွန်မ အရင်က မကြားရသေးတဲ့ တစ်ခု ဖြစ်ရမယ်။”
“သဘောအတိုင်းပါ။ ကိုယ့်ရဲ့ အချစ်ရတဲ့ မဒမ်-ဗိုလ်ချုပ်....”
နက်ရှိုင်းပြီးလှပသော ကြယ်ကောင်းကင်ကို ကြည့်ကာ ချန်လွေ့၏ နွေးထွေးသော ရင်ခွင်ထဲ၌ လှဲလျောင်းရင်း နားထဲ၌ ငြိမ်းချမ်းသော တီးတိုးပြောသံတစ်သံနှင့်အတူ အသီနာက ငြိမ်းအေးမှုကိုသာ ခံစားနေရရင်း တဖြည်းဖြည်း မျက်လုံးများ မှိတ်သွားတော့သည်။