မမျှော်လင့်ထားသော သွေးထွက်သံယိုမဲ့ အဆုံးသတ်တိုက်ကွက်
Vol. 52 Ch. 855
အရိပ်နက်အင်ပါယာ နန်းတော်၊ အဓိကခန်းမ အရှေ့၌ -
“လီလစ်ဇ်။ ငါ ဧကရီအရှင်မကို တွေ့ချင်တယ်။”
“မင်းသား ဗီဂယ်လ်ဆာ။ အရှင်မက အခု ဦးရီးတော် ဖရန့်ဇ်နဲ့ အရေးကြီးကိစ္စတစ်ခုကို ဆွေးနွေးနေပါတယ်။ ဘယ်သူမှ နှောင့်ယှက်လို့ မရပါဘူး။”
“ဧကရီအရှင်မကို ပြောဖို့ ငါ့မှာ အရေးကြီးကိစ္စ ရှိတယ်။ နှောင့်နှေးသွားရင် မင်း တာဝန်ယူနိုင်လား။”
“တောင်းပန်ပါတယ်။ မင်းသား ဗီဂယ်လ်ဆာ။ လီလစ်ဇ်ရဲ့ တာဝန်က....”
“ဖြန်း....” ပါးရိုက်သံတစ်သံ ထွက်ပေါ်လာ၏။
“ဟမ့်။ အစေခံလေးတစ်ယောက်က ဧကရီ အရှင်မကို အရေးကြီးကိစ္စ သတင်းပို့မယ့် ငါ့ကို တားရဲတယ်လား။”
မျက်နှာပေါ်တွင် လက်ဝါးရာ ရှိနေသော လီလစ်ဇ်က ကြောက်မနေပေ။ သူက လက်ကို ဝှေ့ရမ်းလိုက်ပြီး အင်ပါယာ အစောင့်များကို စေလွှတ်ကာ လှုပ်ရှားရန် ပြင်လိုက်၏။ ဗီဂယ်လ်ဆာ၏နောက်မှ လူက ရှေ့တက်လာလိုက်သည်။ မည်သည့် လှုပ်ရှားမှုမှ မရှိခင်မှာပင် လီလစ်ဇ်က မိမိကို အသေမှတ်ထားသော ကြောက်မက်ဖွယ်ရာ အဟုန်ကို ခံစားလိုက်မိပြီး မလှုပ်ရှားနိုင်တော့ပေ။
“လီလစ်ဇ်....” အဓိကခန်းမထဲမှ ကတ်သရင်း၏အသံ ထွက်ပေါ်လာသည်။ ဖိနှိပ်သော အဟုန်က ချက်ချင်း ပျောက်ကွယ်သွားကြောင်း လီလစ်ဇ် ခံစားလိုက်ရ၏။ “သူတို့ကို ခေါ်လာခဲ့။”
“အမိန့်အတိုင်းပါ။ အရှင်မ။”
လီလစ်ဇ်က ဗီဂယ်လ်ဆာနှင့် သူ၏ လက်အောက်ခံနှင့် အတူ အဓိက ခန်းမသို့ ဝင်ရောက်လာခဲ့သည်။ အဓိက ခန်းမထဲ၌ ကတ်သရင်းက ပလ္လင်ပေါ် ထိုင်နေပြီး သူ့ဘေးတွင် ဦးရီးတော် ဖရန့်ဇ် ရှိနေသည်။ ကတ်သရင်း၏ “တံခါးပိတ် လေ့ကျင့်နေစဉ်”အတွင်း ဧကရီ၏ ဦးရီးတော်နှင့် တော်ဝင် မိသားစု၏ ဝါအကြီးဆုံး မင်းသားဖြစ်သူ ဖရန့်ဇ်က ဧကရီ ကိုယ်စား ရီဂျန့်အဖြစ် ဆောင်ရွက်ခဲ့လေသည်။ ထို့နောက် ကတ်သရင်း လေ့ကျင့်ရေး ပြီးဆုံးသွားသောအခါ ဖရန့်ဇ်က ချက်ချင်း နှုတ်ထွက်ပြီး အာဏာကို ပြန်ပေးလိုက်၏။
မင်းသား ဗီဂယ်လ်ဆာက အသက်(၃၀)အရွယ် ဖြစ်ပြီး ဥပဓိရုပ်ကောင်းပြီး အတော်လေး ခန့်ညားပေသည်။ ပလ္လင်ပေါ်မှ မျက်နှာလွှား ဝတ်ထားသော နတ်ဆိုးဘုံ၏ ထိပ်တန်း မိန်းမလှကို ကြည့်နေရင်း ဗီဂယ်လ်ဆာ၏ မျက်လုံးထဲ၌ လောဘကြီးသော အမူအရာတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ သူက အဝေးမှ ဦးညွှတ်ပြီး ပြောလိုက်သည်။ “အရှင်မ။ အရှင် ဖရန့်ဇ်။ အရှင်မကို နောက်ဆုံးရ လျို့ဝှက် သတင်းတစ်ခု ပြောစရာ ရှိတဲ့အတွက် ကျုပ်ရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ။”
ကတ်သရင်းက ထံုးစံအတိုင်း သူ့ကို မထိုင်ခိုင်းဘဲ ပုံမှန်ပင် ပြောလိုက်သည်။ “ပြောပါ။ ဗီဂယ်လ်ဆာ။”
“လွန်ခဲ့တဲ့ (၃)ရက်တုန်းက နောက်ဆုံးရ သတင်းတစ်ခု ရထားပါတယ်။ ကြယ်ကြွေတမန် အင်ပါယာ.....”
ကတ်သရင်းက အသံတိုးတိုးဖြင့် သူ့ကို ကြားဖြတ် ပြောလိုက်သည်။ “နောက်(၃)ရက်နေရင် စစ်ရေးပြ အခမ်းအနား ကျင်းပပြီးတော့ မှော်ရုပ်မြင်သံကြားကတဆင့် နတ်ဆိုးဘုံတစ်ခုလုံးကို ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတယ် ဆိုတာလား။ မနေ့က ကျွန်မရခဲ့တဲ့ သတင်းက ရှင်ပြောတဲ့ ထိပ်တန်းလျို့ဝှက်သတင်းလား။”
ဗီဂယ်လ်ဆာက ကိုးရိုးကားရား အမူအရာ ပြသလိုက်၏။ “အရှင်မမှာ အစီအစဉ် ရှိနေတာပဲ။ ကျုပ်က အလကား သက်သက် စိုးရိမ်မိခဲ့တာ ထင်တယ်။ ဒါပေမဲ့ နောက်ထပ် တစ်ခု ရှိပါသေးတယ်။ နောက်တစ်လနေရင် မဟာရိုင်ဇန်ရဲ့ သိုင်းပြိုင်ပွဲကို ကျင်းပလိမ့်မယ်။ အဲဒီအချိန် အရှင်မ ဝင်ပြိုင်မှာ ဟုတ်တယ်မလား။”
ကတ်သရင်းက အသာလေး ခေါင်းညိတ်လိုက်သည်။ “ရိုင်ဇန်ကိုယ်တိုင် ရေးထားတဲ့ ဖိတ်စာကို ရထားတယ်။”
ဗီဂယ်လ်ဆာက ချက်ချင်း ပြောလိုက်သည်။ “သိုင်းပြိုင်ပွဲက အသေးအဖွဲ့ကိစ္စ မဟုတ်ပါဘူး။ ရိုင်ဇန် ကိုယ်တိုင် ဝင်ပြိုင်လိမ့်မယ်။ ဒါက အတော်လေး အန္တရာယ် များပြီးတော့ အသက်အန္တရာယ် ထိခိုက်စေနိုင်တယ်။ အရှင်မ သေသေချာချာ စဉ်းစားရပါမယ်။”
“ဘာကို သေသေချာချာ စဉ်းစားဖို့ လိုတယ်လို့ ထင်တာလဲ။ ဥပမာ....အိမ်ရှေ့မင်းသားအတွက် အလောင်းအလျာလား။” ကတ်သရင်းက မျက်နှာလွှား နောက်ကွယ်မှ ရွံရှာသော အပြုံးမျိုး ပြသလိုက်၏။
“အရှင်မက ပညာရှိပါပေတယ်။” ဗီဂယ်လ်ဆာက လေးလေးနက်နက် ပြောလိုက်၏။ “ဒီကိစ္စကို ဆွေးနွေးဖို့က အာခံသလို ဖြစ်နေပေမဲ့ အုပ်ချုပ်သူ တစ်ယောက်အနေနဲ့ စဉ်းစားရမယ့် အချက်တစ်ခုပါပဲ။”
“ရှင်ပြောတာ မှန်ပါတယ်။” ကတ်သရင်းက ရုတ်တရက် လေသံ ပြောင်းလိုက်၏။ “ရှင်က ကျွန်မရဲ့ အမိန့်ကို ချိုးဖောက်ပြီးတော့ အဓိကခန်းမထဲ ဝင်လာတာက ဒီလိုမျိုး “သတိပေးချက်” ပေးမလို့လား။”
ဗီဂယ်လ်ဆာ၏ အမူအရာ အေးခဲသွားခဲ့သည်။ သူက ဦးညွှတ်ပြီး ပြောလိုက်၏။ “ကျုပ်က အင်ပါယာအတွက် စိတ်ကို မြှုပ်နှံထားတာပါ။ ကျုပ်ရဲ့ ရိုင်းပျမှုအတွက် အရှင်မ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ကျုပ် အခုပဲ ထွက်သွား ပါတော့မယ်။”
“ခဏနေဦး။” ကတ်သရင်း၏အသံက အနည်းငယ် ပို၍ တင်းမာနေခဲ့သည်။ “ခုနက လီလစ်ဇ်ကို ဘယ်သူ ပါးရိုက် ခဲ့တာလဲ။”
ဗီဂယ်လ်ဆာက ထိတ်လန့်သွား၏။ “အရှင်မ။ အဲဒါက အထင်လွဲတာပါ....”
“ရိုဂျက်ဖ်။ အရင်က တူစီတန်လို့ ခေါ်တယ်။ နတ်ဆိုး အရှင်သခင်အဆင့် အလတ်ပိုင်း။ မန်မွန်မိသားစု။ ရုပ်ဖျက်တာနဲ့ အသွင်ပြောင်းပညာရပ်မှာ တော်တယ်။ ဗီဂယ်လ်ဆာနားမှာ နှစ်ပေါင်းများစွာ လူယုံအနေနဲ့ ပုန်းကွယ်နေခဲ့တယ်။”
ကတ်သရင်း၏ ဂရုမစိုက်သော အသံက ဗီဂယ်လ်ဆာ အနောက်မှလူကို တုန်လှုပ်သွားစေခဲ့ပြီး သူ၏ ပထမဆုံး တုံ့ပြန်မှုက ဗီဂယ်လ်ဆာပေါ် ခုန်အုပ်ရန်ပင်။ ဗီဂယ်လ်ဆာက သတိလက်လွတ် ဖြစ်သွားပြီး လူယုံ ရိုဂျက်ဖ်၏ လက်ပင်း ညှစ်ဖမ်းခြင်းကို ခံလိုက်ရ၏။
“မဟာကတ်သရင်း ဆိုတဲ့အတိုင်းပဲ။ ကျုပ်ရဲ့ သရုပ်ကို ဟိုးအရင်ကတည်းက သိထားခဲ့တာကိုး။” ရိုဂျက်ဖ်က အနက်ရောင် အငွေ့များ ထုတ်လွှတ်လိုက်၏။ “အရှင်မရဲ့ အမြင်နဲ့ဆိုရင် ကျုပ်ရဲ့ အမှောင်ဒြပ်စင်စွမ်းအားက အရှင်မင်းသား ဗီဂယ်လ်ဆာရဲ့ ဝိညာဉ်ကို တိုက်စားနေတာ ဖြစ်လောက်မှာပါ။ ကျုပ်က သူ့ဝိညာဉ်ကို အတွေးတစ်ချက်နဲ့ ခြေမွလို့ ရတယ်။ ကျုပ်က အခု ဒီကနေ ဘေးကင်းကင်းနဲ့ လွတ်မြောက်သွားချင်ရုံပါ။ အရှင်မ။ ကျုပ်ကို အသက်ရှင်ခွင့် ပေးပါ။ မဟုတ်လို့ကတော့ ဒီအရှင်မင်းသားက ကျုပ်နဲ့အတူ သေရပါလိမ့်မယ်။”
“အုပ်ချုပ်သူ တစ်ယောက်ကို ခြိမ်းခြောက်ဖို့ ကြိုးစားတာလား.....။ ရှင်က အရည်အချင်း မပြည့်မှီဘူး။” ကတ်သရင်းက အသာလေး ခေါင်းခါလိုက်ပြီးနောက် မျက်လုံးထဲ၌ အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ ရိုဂျက်ဖ် တုန်လှုပ်သွားခဲ့ပြီး ဗီဂယ်လ်ဆာ၏ လည်ပင်းကို ကိုင်ထားသော လက်မှစ၍ ခန္ဓာကိုယ်တစ်ခုလုံးက ပြာဖြစ်ကာ ပျောက်ကွယ်သွားတော့သည်။
သေခြင်းမှ လွတ်မြောက်လာခဲ့သော ဗီဂယ်လ်ဆာက နောက်သို့ တုန်လှုပ်စွာဖြင့် ခြေလှမ်းအနည်းငယ် လျှောက်သွားပြီး မတည်မငြိမ်နှင့် လဲကျသွားတော့သည်။ ခုနက တည်ငြိမ်သော အမူအကျင့်တို့ လုံးဝ ပျောက်ကွယ် သွားလေပြီ။
ကတ်သရင်းက ဗီဂယ်လ်ဆာအား ရွံရှာသော အကြည့်မျိုး ပြသလိုက်သည်။ “အခု ရှင် ထွက်သွားလို့ရပြီ။ နောက်တစ်ခါ အဓိကခန်းမထဲကို ဖောက်ဝင်လာရဲရင် အကျိုးဆက်ကို ရှင်သိပါတယ်။ အပြင်ထွက်တဲ့အခါ လီလစ်ဇ်ကို တောင်းပန်လိုက်။ အဲဒါဆို ဒီကိစ္စကို ကျွန်မ မေ့လိုက်မယ်။”
“အမိန့်အတိုင်းပါ။ အရှင်မ။” ဗီဂယ်လ်ဆာက ချွေးများ ပြန်ရင်း ထွက်သွားလိုက်၏။
ဗီဂယ်လ်ဆာ ထွက်သွားသည်ကို ကြည့်ရင်း တိတ်ဆိတ် နေခဲ့သော ဖရန့်ဇ်က ပြောလိုက်သည်။ “အရှင်မရဲ့ စွမ်းအားက တဖြည်းဖြည်း အားကောင်းလာတယ်။ ကြည့်ရတာ ဒီတစ်ခေါက် တံခါးပိတ်လေ့ကျင့်တာက အတော်လေး အကျိုးရှိခဲ့တဲ့ပုံပဲ။ ဒါပေမဲ့ ကျုပ်ရဲ့ အိုမင်းတဲ့ မျက်လုံးတွေက မမှားဘူးဆိုရင် ရိုဂျက်ဖ်ရဲ့ စွမ်းအားက ဗီဂယ်လ်ဆာရဲ့ ခန္ဓာကိုယ်ထဲမှာ တိုက်စားနေပြီ။ သူက ကုသမှု မခံယူဘူးဆိုရင် မသေရင်တောင် အချိန်အကြာကြီး သတိလစ် နေမှာပဲ။ အရှင်မ မင်းသမီး ဖြစ်နေတုန်းက အရှင်မရဲ့ အလှအပကို ဗီဂယ်လ်ဆာ တပ်မက်ခဲ့ဖူးတယ်။ သူက ဒီနှစ်တွေမှာ ဘာတိုးတက်မှုမှလုပ်ဖို့ မစဉ်းစားဘဲနဲ့ လှည့်ကွက်တွေသုံးဖို့ပဲ သိခဲ့တယ်။ ဒီတစ်ခေါက် သူက စိတ်ကူးယဉ်ပြီးတော့ အိမ်ရှေ့မင်းသား ဖြစ်ချင်နေတယ်။ ဒီမျှော်လင့်စရာ မရှိတဲ့သူက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။”
“ဦးရီးတော်က အမြဲတမ်း အမြင်စူးရှတာပါပဲ။” ကတ်သရင်းက အသာလေး ပြုံးလိုက်သည်။ သူက ခုနက တမင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဗီဂယ်လ်ဆာ၏ သူ၏ အလှအပနှင့် နောက်ကွယ်မှ ပလ္လင်ကို တပ်မက်နေခဲ့သည်။ သူ့တွင် အစွမ်းအစရှိလျှင် အဆင်ပြေသော်လည်း သူက အရှုံးသမားတစ်ယောက် ဖြစ်နေ၏။ သူ၏ စွမ်းရည်က သူ၏ ထကြွမှုနှင့် မကိုက်ညီပေ။ မင်းသား၏ ဂုဏ်ပုဒ်က အနည်းငယ် ထူးခြားပြီး ယခုကလည်း အရေးကြီးသော အခိုက်အတန့် ဖြစ်နေသည်ဖြစ်ရာ ကတ်သရင်းက လိုရမည်ရ ထိုကဲ့သို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး အင်ပါယာကို ထိခိုက် စေနိုင်သော မင်းသားကို ဖယ်ရှားရန်အတွက် ရန်သူ၏လက်ကို အသုံးပြုလိုက်ရလေသည်။
ဖရန့်ဇ်က သက်ပြင်းချလိုက်၏။ “ကျုပ်ဘဝမှာ လူ တစ်ယောက် အကြောင်း အထင်မှားခဲ့ပြီးတော့ သမီးလေးရဲ့ တစ်ဘဝလုံးကိုပါ ပျက်စီးစေလုနီးပါး ဖြစ်ခဲ့တယ်။ အရှင်မရဲ့ အကြံဉာဏ်ကို အစကတည်းက မလိုက်နာမိခဲ့တဲ့အတွက် နောင်တ ရမိပါတယ်။”
ကတ်သရင်းက မည်သူ့ကို ပြောနေကြောင်း သိသည့် အတွက် နှစ်သိမ့်ပေးလိုက်၏။ “မေ့လိုက်ပါ။ ဦးရီးတော်။ အတိတ်က ပြီးသွားပါပြီ။ အခု မယ်ဒီလူက သူ သဘောကျတဲ့ ယောက်ျားတစ်ယောက်ကို ရှာတွေ့သွားပြီလို့ ကြားတယ်။”
ဖရန့်ဇ်က ရှုံ့ရှန့်လျက် ပြုံးလိုက်သည်။ “ထားလိုက်ပါ။ အဲဒီ မျိုးမစစ်ကောင်က...ဟူး..။ ဘယ်လိုပဲဖြစ်ဖြစ်။ အခု မယ်ဒီလူက အဆင်ပြေသွားပြီ။ ဒီအကြောင်း မပြောကြ ရအောင်။ ခုနက ဆွေးနွေးတာ ပြန်ဆက်ကြတာပေါ့။”
ကတ်သရင်းက ခေါင်းညိတ်လိုက်သည်။ “ပြောရမယ် ဆိုရင် စစ်ရေးပြတာက လျို့ဝှက်လုပ်ရတာ။ အောင်ပွဲခံတာ ဆိုရင်တောင် တရားဝင် စစ်ရေးပြရုံပဲ။ အခု အင်ပါယာ (၃)ခုရဲ့ စစ်ဆိုင်းစာချုပ်က သက်တမ်း ကုန်တော့မယ်။ ပြီးတော့ ကြယ်ကြွေတမန် အင်ပါယာက ဒီတစ်ခေါက် စစ်ရေးပြတာကို မှော်ရုပ်မြင်သံကြားကနေ ထုတ်လွှင့်မယ်လို့ ရုတ်တရက် ကြေညာခြဲ့တယ်။ ဘာရည်ရွယ်ချက်နဲ့လဲ ဆိုတာတော့ မသိဘူး။ ရှီရာမှာ ကျွန်မနဲ့ ရိုင်ဇန်ကို ဟန့်တားနိုင်မယ့် စွမ်းအား မရှိဘူးဆိုရင် ဒီစစ်ရေးပြတာက ကိုယ့်တပ်ကိုယ် ပြန်နင်းသလို ဖြစ်နေမှာပဲ။ အကြောင်းတချို့ကြောင့် ကျွန်မ နည်းနည်းလေး မသက်မသာ ခံစားနေရတယ်။ တစ်ခုခု ကြီးကြီးမားမား ဖြစ်တော့မလိုပဲ။”
ဖရန့်ဇ်က မျက်မှောင်ကြုတ်လိုက်၏။ “ဒါက မုန်တိုင်း မလာခင် လေငြိမ်နေတာလို့လည်း ပြောလို့ရတယ်။ အရှင်မ ဖြစ်ဖြစ်၊ ရိုင်ဇန်ဖြစ်ဖြစ်၊ ရှီရာဖြစ်ဖြစ် လှုပ်ရှားဖို့ အခွင့်အရေးကောင်း မဟုတ်ဘူး။ ဗီဂယ်လ်ဆာ အတွက်တော့ ဒါက လှည့်ကွက်လေး တစ်ခုပါပဲ။”
“ဟုတ်တယ်။” ကတ်သရင်းက အကြောင်းရင်းကို အဖြေမရှာနိုင်ခဲ့ပေ။ “ကျွန်မ အတွေးလွန်နေတာပဲ ဖြစ်မှာပါ။”
ထိုအချိန် လီလစ်ဇ်က အပြေးအလွှား ရောက်ရှိလာ၏။ “အရှင်မ။ ဘဏ္ဍာရေးဝန်ကြီး အီရာက အရေးကြီးကိစ္စ ရှိတယ်လို့ ပြောပါတယ်။”
“သူ့ကို ပေးဝင်လိုက်။” ကတ်သရင်းက အနည်းငယ် အံ့သြသွားခဲ့သည်။ ဘဏ္ဍာရေးဝန်ကြီး အီရာက “အရေးကြီး ကိစ္စ”ဟု ပြောသောအရာက သေချာပေါက် သာမန်ကိစ္စ မဟုတ်နိုင်ပေ။ ထို့ကြောင့် လီလစ်ဇ်က အမြန် သတင်းပို့ လိုက်ခြင်း ဖြစ်ပေသည်။
ခဏအကြာတွင် ဘဏ္ဍာရေးဝန်ကြီး အီရာက အဓိက ခန်းမထဲသို့ လမ်းလျှောက်လာခဲ့သည်။ ထိုသူ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးနှင့် သက်လက်ပိုင်းလူကြီးတစ်ယောက်ဖြစ်ပြီး စိတ်ပုပ်သော မျက်နှာထား ရှိသော်လည်း သူ၏ အမူအရာက ယခုတွင် အနည်းငယ် စိုးရိမ်နေလေသည်။ “အရှင်မ။ သတင်းဆိုး ရှိပါတယ်။ ဘဏ်မှာ ပြဿနာတစ်ခု တက်နေပြီ။”
“ဘဏ်မှာ ဟုတ်လား။” ကတ်သရင်းက သိမ့်သိမ့်တုန် သွားခဲ့သည်။ ဖရန့်ဇ်က ကြယ်ကြွေတမန် အင်ပါယာအတိုင်း အင်ပါယာဘဏ် တည်ဆောက်ရန် အမိန့်ပေးပြီးနောက် ကတ်သရင်းက “တံခါးပိတ်လေ့ကျင့်”နေခဲ့သည်။ သူ ထွက်လာသောအခါ၌ ဘဏ်များက နယ်မြေအနှံ့ ပျံ့နှံ့နေပြီ ဖြစ်သည်။ အင်ပါယာ(၃)ခုက အင်ပါယာဘဏ်များ တည်ဆောက်နေကြရာ ၎င်းတို့က ယူဆောင်လာပေးသော ဝင်ငွေကလည်း အတော်လေး များလှပြီး ကတ်သရင်းက ဖရန့်ဇ်၏ ဆုံးဖြတ်ချက်ကို မငြင်းခဲ့ပေ။ ဘဏ်တိုးတက်မှုက အတော်လေး ကျော်ကြားလှသည့်အတွက် လူတိုင်းနီးပါး၌ မှော်ကတ်ပြား ရှိကြလေသည်။
“ဒီလိုပါ။ အစကတော့ အကြောင်းရင်း အမျိုးမျိုးကြောင့် ဘဏ် ငွေပေါ်လွယ်မှုက ကျုံ့လာခဲ့တယ်။ မကြာသေးခင်က အင်ပါယာ(၃)ခု ထောင့်နေရာတွေထဲမှာ စစ်ဆိုင်းကာလ ပြီးဆုံးသွားလို့ အင်ပါယာ(၃)ခုက စစ်ပြန်တိုက် ကြတော့မယ်လို့ ကောလာဟလတွေ ထွက်နေတယ်။ အဲဒါကြောင့် ငွေကြေးက တန်ဖိုးလျော့ကျလာပြီးတော့ သလင်းကျောက်ဖြူဒင်္ဂါးတစ်ပြားနဲ့ ဝယ်လို့ရတဲ့ စားစရာကို သလင်းကျောက်နက်ဒင်္ဂါး တစ်ပြားနဲ့မှ ဝယ်လို့ရတော့မယ်လို့ ပြောနေကြတယ်။ ဒီကောလာဟလက နေရာအသီးသီးရဲ့ အားထုတ်မှုတွေကြောင့် တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့ပေမဲ့ ဘာလို့မှန်းမသိ၊ ဒီရက်ပိုင်း ရုတ်တရက်ကြီး ပျံ့နှံ့သွားပြီးတော့ လူတွေအများကြီးက ပိုက်ဆံတွေ ပြန်ထုတ်နေကြတယ်။ ဒီမနက်ကတည်းက မြို့တော် ဘဏ် ဝင်ပေါက်တွေမှာ ပိုက်ဆံထုတ်ဖို့ စောင့်နေကြတဲ့သူတွေ အများကြီး တန်းစီနေကြတယ်။ ဒီအတိုင်းသာ ဆက်ဖြစ်မယ် ဆိုရင်တော့ ဘဏ်ထဲမှာ သိမ်းထားတဲ့ မှော်သလင်းကျောက် ဒင်္ဂါးတွေ သိပ်မကြာခင် ကုန်သွားတော့မှာ။ ပိုက်ဆံ မရှိတော့တာနဲ့.....”
ထိုသို့ ဖြစ်သွားသည်နှင့် အင်ပါယာ၏ ယုံကြည် စိတ်ချရမှုက ကြီးကြီးမားမား ထိခိုက်သွားနိုင်သည်သာမက ကြောက်မက်ဖွယ်ရာ အကျိုးဆက်များလည်း ဖြစ်နိုင်၏။ ကတ်သရင်းက ချက်ချင်းပင် ထိုကိစ္စ၏ လေးနက်မှုကို သဘောပေါက်သွားခဲ့ပြီး မျက်နှာက အလွန်အမင်း လေးနက် သွားတော့သည်။ “နိုင်ငံဘဏ္ဍာတိုက်ထဲမှာရှိတဲ့ အရေးပေါ် ငွေတွေက ဘယ်လောက် ကြာကြာ တောင့်ခံနိုင်ဦးမှာလဲ။”
“တခြားနယ်မြေတွေကို ခဏထားလိုက်ဦးမယ်။ မြို့တော် ဘဏ်တစ်ခုပဲ ဆိုရင်တော့ အလွန်ဆုံး (၃)ရက်ပဲ။” ဘဏ္ဍာရေး ဝန်ကြီး အီရာက ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “ဒီလိုမျိုး ငွေကြေးတွေ အရူးအမူး ပြန်ထုတ်ကြတာ ဆက်ဖြစ်မယ် ဆိုရင်တော့....”
“ဘာလို့ ကွာဟချက်က ဒီလောက် ကြီးရတာလဲ။” ကတ်သရင်းက ထိတ်လန့်သွားခဲ့ပြီး ဖရန့်ဇ်ကလည်း စိုးရိမ်သော အမူအရာတစ်ခု ပြသလိုက်သည်။ ထိုအရာက ရုတ်တရက် သေစေနိုင်သော ထိုးနှက်ချက် တစ်ခုပင်။
“ဒီကောလဟလ မစခင်က ရေရှည် သဘောတူညီမှုတွေ ရှိခဲ့တဲ့ ချေးငွေတွေ အများကြီး ရှိခဲ့တယ်။ သိပ်မကြာခင်က စုံစမ်းမှုတွေ အရဆိုရင် အဲဒါတွေက နယ်မြေက ဘဏ်တွေ အသီးသီးကနေပဲ။ တစ်ယောက်ယောက်က....ဒါကို တမင် ထိန်းချုပ်နေတာလို့ သံသယ ရှိတယ်။”
“တစ်ယောက်ယောက် ပြောတဲ့အတိုင်းဆိုရင် ဒါက ကုလားအုတ်ကို ခါးကျိုးသွားစေတဲ့ ကောက်ရိုးတစ်မျှင်ပဲ။” “တစ်ယောက်ယောက်”ကို သတိရသွားသကဲ့သို့ပင် ကတ်သရင်း၏ မျက်လုံးများ အနည်းငယ် တုန်လှုပ်သွား၏။ “ဘဏ္ဍာရေးဝန်ကြီး အီရာ။ နှစ်ခု လုပ်စရာ ရှိမယ်။ ပထမ တစ်ခုက ဒီကပ်ဘေးကို ကိုင်တွယ်ဖို့အတွက် ရနိုင်သမျှ ငွေကြေးတွေကို ချက်ချင်း ပြောင်းရွှေ့ထားလိုက်။ ဒုတိယ ကတော့ အဲဒီ ရေရှည် ချေးငွေအကောင့် ကိုင်ထားတဲ့ သူတွေနဲ့ အဲဒီငွေကြေးတွေ ဘယ်ရောက်သွားလဲ ဆိုတဲ့ အသေးစိတ်တွေကို စုံစမ်းထား။ ဘယ်လိုနည်လမ်းမျိုးကိုပဲ သုံးရပါစေ၊ ဒီကပ်ဘေးကို ကျွန်မတို့ ကျော်လွှားရမယ်။”
“အမိန့်အတိုင်းပါ။”
“လီလစ်ဇ်။ အရေးပေါ် အစည်းအဝေးအတွက် အဓိက ခန်းမဆီ ဝန်ကြီးတွေကို ချက်ချင်း ဆင့်ခေါ်လိုက်။”
လီလစ်ဇ် နှင့် ဘဏ္ဍာရေးဝန်ကြီး အီရာတို့ ထွက်သွားပြီးနောက် ကတ်သရင်းက ပင့်သက်ရှိုက်ပြီး တဖြည်းဖြည်း ပြန်လည်၍ တည်ငြိမ်သွားခဲ့သည်။ “ဦးရီးတော်။ ဒီတစ်ခေါက် ကျွန်မတို့အားလုံး အထင်လွဲခဲ့ ကြတဲ့ပုံပဲ။ မထင်ထားဆုံး အခြေအနေမှာ ပြိုင်ဘက်က တကယ် လှုပ်ရှားခဲ့ပြီးတော့ ဒီအကွက်က ကျွန်မတို့ မထင်ထားတဲ့ အရှိုက်တည့်တည့်ကို ထိသွားခဲ့တယ်။”
ဖရန့်ဇ်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ “တကယ် မထင်ထားတာပဲ။ ဒီလိုမျိုး တစ်ခါမှ မကြားဖူးတဲ့ နည်းလမ်းက ကာကွယ်ဖို့ လုံးဝ မဖြစ်နိုင်သလောက်ပဲ။”
“ကျွန်မထင်တာ မှန်မယ်ဆိုရင် ရိုင်ဇန်ကလည်း အခု ကျွန်မတို့လိုမျိုး ပြဿနာ တက်နေလောက်တယ်။” ကတ်သရင်းက ပလ္လင်လက်တင်ကို တင်းတင်း ဆုပ်ကိုင် လိုက်၏။ “သွေးထွက်သံယို မရှိဘဲနဲ့ သေစေနိုင်တဲ့ တိုက်ခိုက်မှု တစ်ခုပဲ။ သဘောပေါက်ပြီ။ လက်စသတ်တော့ အင်ပါယာ(၃)ခုက စစ်ဆိုင်းစာချုပ် ချုပ်ပြီးတော့ သူက ဒီတိုက်ခိုက်မှုကို စီစဉ်ထားပြီးသား ဖြစ်နေတာကိုး...အဲဒီ ကောင်စုတ်တော့....”