အံ့ဖွယ်သရဲ
Vol. 52 Ch. 857
စုစည်းရုပ်သေးများက “အနှိုင်းမဲ့စစ်သည် အွန်လိုင်း”တွင် အရေးပါသော အလုပ်အကိုင်တစ်ခုဖြစ်ပြီး အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ [ စစ်ရုပ်သေး ] ထက် မနိမ့်ကျဘဲ အချို့ နေရာများ၌ပင် ပိုသာနေသည်။ ပို၍အရေးကြီးသည်မှာ မှင်စာ ကဲ့သို့သော တိုက်ခိုက်ရေး မဟုတ်သူများကလည်း သက်ဆိုင်ရည် စွမ်းရည်များကို တတ်ကျွမ်းနိုင်သရွေ့ စုစည်းရုပ်သေးကို အလွယ်တကူ ထိန်းချုပ်၍ ရနိုင်ခြင်းပင်။
ယခင် မှော်ရိုင်ဖယ်ကို အသာထား၊ ပုံရိပ်ယောင်ဂိမ်းထဲ၌ ပေါ်ထွက်လာခဲ့သော ထိုကဲ့သို့ အင်အားကြီး စစ်ယန္တရားက ကြယ်ကြွေတမန်အင်ပါယာ၏ တကယ့်လက်တွေ့ စစ်ရေးပြ အခမ်းအနားတွင် ပေါ်ထွက်လာမည်ဟု မည်သူမှ မထင်ထား ခဲ့ကြပေ။
အရိပ်နက်အင်ပါယာရှိ နန်းတော်ထဲ၌ လူတိုင်းက မျက်နှာပြင်ပေါ်မှ အလွန်ကြီးမားသော စုစည်း ရုပ်သေးများကို အံံ့အားသင့်မှု၊ လေးနက်မှု၊ ကြောက်ရွံ့မှု အစရှိသော အမူအရာ မျိုးစုံဖြင့် စိုက်ကြည့်နေကြသည်။
“မှော်ဂိမ်း။ သိပ်ကောင်းတဲ့ လှည့်ကွက်။ သိပ်ကောင်းတဲ့ အကြံပဲ။” ကတ်သရင်းက မျက်လုံးများကို မှိတ်လိုက်ပြီး ပင့်သက်ရှိုက်ကာ တစ်ယောက်တည်းသာ ကြားနိုင်သော အသံဖြင့် တီးတိုးပြောလိုက်၏။ “ဒါက ရှင့်ရဲ့ ဒုတိယ ထိုးနှက်ချက်လား။”
သွေးရောင်အင်ပါယာ တော်ဝင်နန်းတော်ထဲ၌ ရှီရာက “ကိုယ်တပ်ကိုယ်ပြန်နင်းခြင်း” နှင့် “ဟိတ်ဟန်ထုတ်နေခြင်း” ဖြစ်ကြောင်း ပြောနေကြသော အသံများ ပျောက်ကုန်၏။ ရိုင်ဇန်တစ်ယောက်တည်းသာ ပလ္လင်ပေါ်တွင် တည်တည် ငြိမ်ငြိမ် ထုိင်နေပြီး ဂရုမစိုက်သော မျက်လုံးထဲ၌ မီးတောက်နက်များ လက်ခနဲ ဖြစ်နေလေသည်။
မှော်ရိုင်ဖယ်များနှင့် စုစည်းရုပ်သေးများ ပေါ်ထွက် လာခြင်းက ပရိသတ်များကို ချက်ချင်းပင် စိတ်လှုပ်ရှား သွားစေခဲ့ပြီး အထူးသဖြင့် ဂိမ်းထဲမှ “ရုပ်သေးမောင်းနှင်သူ” များကို ဖြစ်၏။
ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည်မှာ အစီအစဉ် ကြေညာသူ၏ နောက်ထပ် မိတ်ဆက်ပေးခြင်းပင်။ စုစည်းရုပ်သေးများ၏ လုပ်ဆောင်ချက်များနှင့် လည်ပတ်မှု များက ဂိမ်းထဲမှ တိုက်ခိုက်ရေး ရုပ်သေးများနှင့် အတိအကျ အတူတူပင် ဖြစ်လေသည်။ ကျွမ်းကျင်သော မောင်းနှင်သူ တစ်ယောက်က စုစည်းရုပ်သေးကို ထိန်းချုပ်ပြီး နတ်ဆိုး ဧကရာဇ်အဆင့် သို့မဟုတ် နတ်ဆိုးအရှင်သခင် အဆင့်များကိုပင် ယှဉ်ပြိုင်နိုင်လေသည်။ မိမိ၏ ထိန်းချုပ်မှု စွမ်းရည်ကို ယုံကြည်ချက်ရှိသော မောင်းနှင်သူများက မည်သည့်အင်ပါယာ၊ မည်သည့်မျိုးနွယ်စု ဖြစ်စေကာမူ အသစ် တည်ဆောက်ထားသော မောင်းနှင်သူ ခန့်အပ်ရေးရုံး၌ လာရောက် စာရင်းပေးသွင်းနိုင်ငသည်။ အကဲဖြတ်မှုကို ကျော်ဖြတ်ပြီးသည်နှင့် သူတို့က ကြင်ရာတော်မင်းသား အက်ဂ်ယော၏ လက်အောက်မှ စုစည်းရုပ်သေးဗိုလ်ခြေကို တစ်ခါတည်း ဝင်ရောက်နိုင်ပြီး အထင်ကြီးလောက်စရာ ရုပ်သေးမောင်းနှင်သူတစ်ဦး ဖြစ်လာပေမည်။
ထိုသတင်းက အုတ်အော်သောင်းတင်း ဖြစ်သွားစေ၏။ ကြယ်ကြွေတမန်အင်ပါယာမှ မဟုတ်သော “ရုပ်သေး မောင်းနှင်သူများ”ပင် နှလုံးသားများ တဒိတ်ဒိတ် ခုန်သွားကြသည်။ ရက်ရောသော အပြုအစုများကို မပြောနှင့်၊ တကယ့်လက်တွေ့၌ သူတို့ အကြိုက်ဆုံး တိုက်ခိုက်ရေး ရုပ်သေးကို ထိန်းချုပ်နိုင်ရခြင်းက အိပ်မက်များ အမှန်တကယ် ဖြစ်လာခြင်းပင်။
အခြားအင်ပါယာမှ သူလျှိုများလည်း သေချာပေါက် ခိုးဝင်လာမည်ကို မျှော်လင့်ထားနိုင်သော်လည်း စုစည်း ရုပ်သေးများက စိတ်ကူးထားသလောက် မရိုးရှင်းပေ။ မောင်းနှင်သူ၏ ထိန်းချုပ်သော စွမ်းရည်က အင်အားကြီး သည့်တိုင် အဂ္ဂိရတ်အဖွဲ့အစည်း၏ အန္တိမ ထိန်းချုပ်သူ အမိန့်ကို မဆန့်ကျင်နိုင်ပေ။ ချန်လွေ့၏ စိတ်ဝိညာဉ် အမှတ်အသား အာရုံခံစွမ်းရည်က သူလျှိုများကို အလွယ်တကူ ဖယ်ရှားနိုင်လေသည်။
စုစည်းရုပ်သေးကြောင့် ဖြစ်လာသော အရူးအမူးများ မငြိမ်သက်သွားခင်မှာပင် နောက်ဘက်ရှိ မြေပြင်၌ ပြင်းထန်သော ဆောင့်နင်းသံများ ပေါ်ထွက်လာသည်။ အလွန်ကြီးမားသော အရာများ ပြေးလွှားနေကြဟန် တူသည်။
မှော်ရုပ်မြင်သံကြား အရှေ့မှ ကတ်သရင်း၏ မျက်လုံးများ ကျုံ့သွားခဲ့သည်။ နတ်ဆိုးဘုံကို အုတ်အော်သောင်းတင်း ဖြစ်စေခဲ့တဲ့ မှော်ရိုင်ဖယ်စစ်တပ်နဲ့ စုစည်းရုပ်သေး ပေါ်လာပြီးတော့ ဒီစစ်ရေးပြတာကို မပြီးသေးဘူး။
ထူးဆန်းသော ပုံစံရှိသည့် အဖွဲ့တစ်ဖွဲ့က လူအုပ်ကြီး အရှေ့တွင် ပေါ်ထွက်လာခဲ့သည်။ သူတို့က ထူးဆန်းသော နတ်ဆိုးသားရဲများ ဖြစ်ကြပြီး မြင်းထက်အနည်းငယ် သေးကာ သာမန်ငရဲခွေးနှင့် ဆင်တူ၏။ ထူးဆန်းသည်က ခန္ဓာကိုယ် တစ်ခုလုံးက သလင်းကျောက်ကဲ့သို့ ဖြစ်နေခြင်းပင်။ ချွန်ထက်သော လက်သည်းများကို ကြည့်ခြင်းအားဖြင့် ကြမ်းတမ်းသော အမဲလိုက်အမျိုးအစား ဖြစ်ဟန်တူသည်။ အရေအတွက်က ၅၀၀ခန့် ရှိပြီး ပြေးနေသော စည်းချက်က ဖရိုဖရဲ ဖြစ်နေဟန်တူသော်လည်း ထူးဆန်းသော စည်းချက် တစ်ခု ရှိလေသည်။ အမြန်နှုန်းက အတော်လေး မြန်လှသည်။ ရုတ်တရက် နတ်ဆိုသားရဲများက ညီညီညာညာ ရပ်တန့်ပြီး ငြိမ်သက်သွားကြ၏။
တစ်ချိန်တည်းမှာပင် ရှေ့မှ စုစည်းရုပ်သေးများက ရုတ်တရက် ကောင်းကင်ပေါ် တက်သွားကြပြီး မှော်ရိုင်ဖယ် စစ်တပ်ကလည်း တစ်ချိန်တည်းမှာပင် နောက်လှည့်ကာ နတ်ဆိုးသားရဲများကို ပစ်လိုက်သည်။ မီးပွင့်များ နေရာအနှံ့ ပေါ်ထွက်လာသေလည်။ မှော်ကျည်ဆန်၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း နတ်ဆိုးသားရဲများက အမှန်တကယ် ဘေးကင်းနေလေသည်။ သူတို့က ပြန်မတိုက်ခိုက်ဘဲ ငြိမ်ငြိမ်သက်သက် စောင့်ဆိုင်းနေကြ၏။
“သလင်းကျောက်သားရဲ၊ ရှေးအစောင့်အရှောက်တွေပါ။ သူတို့က အစွမ်းထက်တဲ့ တိုက်စစ်နဲ့ ခံစစ် ရှိပြီးတော့ အမြန်နှုန်းလည်း ရှိတယ်။ သူတို့ရဲ့ အထူးခန္ဓာအမျိုးအစားက မှော်ထိခိုက်မှုကို ကြီးကြီးမားမား လျှော့ချပေးနိုင်တာပါပဲ။ သူတို့၏ ပျမ်းမျှစွမ်းအား ခေါင်းဆောင်အဆင့် ဖြစ်ပြီးတော့ ဧကရီ အရှင်မနဲ့ ကြင်ရာတော်မင်းသာ လက်အောက်မှာ အပြည့်အဝ ရှိပါတယ်။”
မှော်ရုပ်မြင်သံကြား အရှေ့မှ အင်ပါယာနှစ်ခု၏ လက်ရွေးစင်များက ပင့်သက်ရှိုက်လိုက်ကြသည်။ အင်အားကြီးတဲ့ တိုက်စစ်နဲ့ ခံစစ် စွမ်းရည်တွေ။ အမြန်နှုန်းလည်း ကောင်းတယ်။ မှော်ထိခိုက်မှုကို ကြီးကြီးမားမား လျှော့ချပေးတယ်။
ဒီလိုမျိုး ဖော်ပြလို့မရတဲ့ အထူးနတ်ဆိုးသားရဲမျိုးက အားနည်းချက် လုံးဝ မရှိသလောက်ပဲ။ ဗိုလ်ချုပ် ငယ်ငယ်လေး တစ်ယောက်က ခုနက ပစ်ခတ်ခြင်းကို သတိထား မိလိုက်၏။ တကယ်လို့ သာမန်နတ်ဆိုးသားရဲတွေသာဆိုရင် အခု သောင်းကြမ်းနေလောက်ပြီ။ ဒီသလင်းကျောက်သားရဲတွေက အမိန့်ကို နာခံပြီးတော့ သေချာလေ့ကျင့်ထားတဲ့ စစ်တပ် တစ်ခုလိုပဲ နည်းနည်းမှ မလှုပ်နေကြဘူး။ ဒါက ကြောက်စရာ အကောင်းဆုံး အချက်ပဲ။
ခေါင်းဆောင်အဆင့်ရဲ့ စွမ်းအားအဆင့်က တတိယအဆင့် အစွမ်းထက်ပုဂ္ဂိုလ်နဲ့ ညီမျှတယ်။ တကယ်လို့ ဒီလိုမျိုး သလင်းကျောက်သားရဲတွေ ထပ်ရှိဦးမယ်ဆိုရင် စစ်မြေပြင်က မြေပြင်တပ်သားတွေအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်မှာပဲ။
ဒီတစ်ခေါက်က စစ်ရေးပြရုံပဲ ဖြစ်လို့ သလင်းကျောက် သားရဲ ၅၀၀လောက်ပဲ ပေါ်လာတာ။ ဒါဆိုရင်.... ကြယ်ကြွေတမန် အင်ပါယာက သလင်းကျောက်သားရဲတွေ ဘယ်လောက်တောင် ရှိနေတာလဲ။ ၅၀၀၀လား။ ဒါမှမဟုတ် ဒီထက် ပိုတာလား။ ဗိုလ်ချုပ်များက အချင်းချင်း ကြည့်လိုက်ကြပြီး အချင်းချင်း၏ မျက်လုံးထဲ၌ အကြောက် တရားကို မြင်လိုက်ရ၏။
“ဒါက ကြယ်ကြွေတမန် အင်ပါယာရဲ့ လျို့ဝှက်လက်နက် ဖြစ်လောက်တ်ယ်။ ဒါပေမဲ့ သူတို့က သလင်းကျောက် သားရဲတွေရဲ့ ဂုဏ်သတ္တိတွေကိုတောင် မဖုံးကွယ်ခဲ့ဘူး။” အရိပ်နက်အင်ပါယာမှ ပထမဗိုလ်ချုပ် ခရေဖို့ဒ်က ထိတ်လန့်စွာ ပြောလိုက်သည်။ “ဧကရီ ရှီရာ ဒါကို ဘယ်တော့မှ မျက်စိလျှမ်းသွားမှာ မဟုတ်ဘူး။ ဒါပေမဲ့...”
“ဒါပေမဲ့ သူတို့က တခြားသူတွေ သိမှာကို ဂရုစိုက်မှာ မဟုတ်ဘူးဆိုရင်ပေါ့။” ဖရန့်ဇ်၏ အမူအရာက ပို၍ပင် လေးနက်သွားခဲ့သည်။ “ကြယ်ကြွေတမန်အင်ပါယာက အင်ပါယာ(၂)ခုနဲ့ နတ်ဆိုးဘုံ တစ်ခုလုံးကို ဆန့်ကျင်ပြီးတော့ သရုပ်ပြ နေတာပဲ။”
ကတ်သရင်း၏ တည်ငြိမ်သော အကြည့်က အနည်းငယ် တုန်လှုပ်သွားခဲ့ပြီး တစ်ခုခုကို တွေးမိသွားခဲ့သည်။ “နတ်ဆိုးဘုံ တစ်ခုလုံးကို တကယ် တုန်လှုပ်စေနိုင်တဲ့ စွမ်းအား တစ်ခုလား။”
“အဲဒါ ဘာလဲ။ မပြီးသေးဘူးလား။”
လူအများ၏ အာရုံစိုက်မှုက လေထဲ၌ လွင့်ပျံနေသော လူပုံစံအရိပ်များထံ ရောက်ရှိသွားကြပြန်သည်။
သူတို့က မျက်နှာလွှားများ ဝတ်ထားပြီး ထူးဆန်းသော အလင်းရောင်များ ရစ်ဝဲနေသည့် သားရေချပ်ကာကို ခန္ဓာကိုယ် တလျှောက် ဝတ်ဆင်ထားသော ကျက်သရေရှိသည့် အမျိုးသမီးများ ဖြစ်ကြပေသည်။ သူတို့က စိတ်ကူးယဉ်ဆန်ပြီး လျို့ဝှက်ဆန်းကြယ်နေ၏။
“မီးအိမ်ဝိညာဉ် အင်ပါယာ အစောင့်၊ ထူးချွန်တဲ့ မှော်ပါရမီနဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေ ပိုင်ဆိုင်ကြတဲ့ ရှေးအစောင့်အရှောက်တွေပါ။ သူတို့ရဲ့ တာဝန် ဧကရီအရှင်မကို ကာကွယ်ဖို့ပါ။ လိုအပ်တယ်ဆိုရင် သူတို့က စစ်မြေပြင်မှာ ပေါ်ထွက်လာပြီးတော့ ရန်သူတွေအားလုံးကို တုန်လှုပ်စေနိုင်တဲ့ တည်ရှိမှုတစ်ခု ဖြစ်လာမှာပါ။”
ပျံသန်းခြင်းက အမြင့်လွှာ အစွမ်းထက်ပုဂ္ဂိုလ်များ၏ ထူးခြားချက် ဖြစ်ပေသည်။ ဒီမီးအိမ်ဝိညာဉ် အင်ပါယာ အစောင့် ၃၀၀က တကယ်ပဲ လေထဲမှာ ပျံသန်းနေတယ်။ ပြောရရင် အင်ပါယာအစောင့် ၃၀၀ကျော်က အနည်းဆုံး နတ်ဆိုးဧကရာဇ်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်တွေပေါ့။
သတင်းတွေအရ ရှီရာ ပတ်ပတ်လည်မှာ မီးအိမ်ဝိညာဉ် အင်ပါယာအစောင့်တွေ အနည်းဆုံး အယောက် ၅၀၀၀ ရှိကြတယ်။ စွမ်းအားက မဟာနတ်ဆိုးဘုရင် အဆင့်ပဲ ဆိုရင်တောင် ဒါက ထိတ်လန့်စရာ ကောင်းနေပြီ။
မီးအိမ်ဝိညာဉ်များက အသာလေး ဆင်းသက်လာပြီး သလင်းကျောက်သားရဲများနှင့်အတူ ရှေ့ဆက် သွားလိုက် ကြသည်။
“ဒါက နောက်ဆုံး စစ်သည်အဖွဲ့လား။” ယခုတွင် ဖရန့်ဇ်ပင် အနည်းငယ် မသေချာတော့ပေ။
ခဏအကြာ မြေပြင်က စတင်တုန်ခါလာခဲ့သည်။ တစ်ခုခု လေးလံသော အရာတစ်ခု ချဉ်းကပ်လာဟန်တူသည်။
သလင်းကျောက်သားရဲလား။ မဟုတ်ဘူး။ အဲဒါက သလင်းကျောက်သားရဲနဲ့ ဆင်တူတဲ့ ဧရာမ သားရဲပဲ။ ၁၀မီတာကျော် ရှည်ပြီးတော့ ၆မီတာလောက် မြင့်တယ်။ ခြေလက်တွေ အားကောင်းပြီးတော့ အမြီးရှည်တယ်။ အကောင်၁၀၀ခန့်က စည်းချက်ညီညီနှင့် သပ်ရပ်သော အခင်းအကျင်းနှင့်အတူ လျှောက်လာကြလေသည်။
ထိုကဲ့သို့ ဧရာမသားရဲကြီးများ ပေါ်ထွက်လာသောအခါ ဘေးနှစ်ဖက်မှ ပရိသတ်များက ကြောက်မက်ဖွယ်ရာ ဖိအား တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ရှေ့မှ ဝိုင်ဗန်နှင့် မန်တီကိုး ကဲ့သို့သော နတ်ဆိုးသားရဲများအားလုံးက ကြောက်ရွံ့မှု ပြသနေကြသည်။ ထိုကြောက်ရွံ့မှုကို ရုပ်မြင်သံကြားက အချိန်မီ ဖမ်းယူနိုင်ခဲ့သည်။ ထိုအရာက ဖော်ပြ၍မရအောင် အင်အားကြီးသော သတ္တဝါဆိုသည်မှာ သိသာထင်ရှားလှပေသည်။
စိတ်လှုပ်ရှားနေသော တင်ဆက်သူ၏ အသံ ထွက်ပေါ်လာ၏။ “ဒါကတော့ ဧရာမ သလင်းကျောက်သားရဲ၊ ရှေးအဖွဲ့အစည်း အစောင့်အရှောက် ဖြစ်ပြီးတော့ ဧကရီ ရှီရာနဲ့ ကြင်ရာတော် မင်းသား အက်ဂ်ယောရဲ့ သစ္စာရှိ လက်အောက်ခံပါ။ ဧရာမ သလင်းကျောက်သားရဲ တစ်ကောင်စီက နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအား ရှိကြပါတယ်။”
ထိုထုတ်လွှင့်မှုက အခြေအနေကို တကြွကြွတရွရွ ဖြစ်သွားစေပြန်သည်။ နတ်ဆိုးအရှင်သခင်အဆင့် ဧရာမ သားရဲ ၁၀၀ကျော်တောင်။ လူအများကလည်း ထိုစကားလုံးကို သတိထားလိုက်မိကြ၏။ လက်အောက်ခံ တဲ့!!
ကတ်သရင်းက ပင့်သက်ရှိုက်လိုက်ပြီး ခေါင်းခါလိုက်၏။ “နားထောင်ကြ!! ခြေသံတွေ စည်းချက်က နောက်မှ တစ်ခုခု ရှိနေသလိုပဲ!!”
ထိုကဲ့သို့ အထိတ်တလန့်ပြောဆိုမှုက လူတိုင်း၏ တင်းမာနေသော နာ့ဗ်ကြောများကို ပျက်သွားစေပြီး ခဏအကြာ အဖြေပေါ်လာတော့သည်။ ထိုအရာများက အလွန်ကြီးမားသော လူသားပုံစံ အကောင်များ ဖြစ်ကြပြီး ဧရာမ သလင်းကျောက်သားရဲများထက် ပိုမြင့်ကြသည်။ ၎င်းတို့က ၁၀မီတာခန့် မြင့်မားကြပြီး စုစည်းရုပ်သေးများနှင့် ဆင်တူပေသည်။ ဧရာမကောင်များက ချပ်ကာကြပ်ကြပ် ဝတ်ထားကြပြီး ပေါ်နေသော အသားအရေများက သတ္တုအရောင်များ လက်နေကြပြီး မျက်လုံးများက ရွှေရောင် ဖျော့ဖျော့ ဖြစ်နေကာ ခန္ဓာကိုယ်များက လျှပ်စီးများ လက်ခနဲ ဖြစ်နေပြိး မုန်တိုင်းအငွေ့အသက်များ ရစ်ဝဲနေလေသည်။
ထိုမြင်ကွင်းက အလျင်အမြန်ပင် ရုပ်ရှင်အတိုလေးဆီသို့ ရောက်ရှိသွားသည်။ ၎င်းက ဧရာမကောင်များနှင့် နဂါးနက် တစ်ကောင်၏ တိုက်ပွဲ ဖြစ်သည်။ မျက်စိကောင်းသူတိုင်းက ထိုအရာမှာ တကယ့်တိုက်ပွဲဖြစ်ပြီး ပြပွဲတစ်ခု မဟုတ်ကြောင်း သိကြပေသည်။ ဧရာမကောင်နှင့် နဂါးနက်တို့က အမှန်တကယ်ပင် ..... လက်ရည်ညီနေကြ၏။
(“အစ်မ...ဟိုမှာကြည်။ ကျွန်မ ရုပ်မြင်သံကြားပေါ်မှာ။” ခြံဝင်းထဲမှ ကလေးမလေး တစ်ယောက်က ဂုဏ်ယူစွာဖြင့် ရုပ်မြင်သံကြားကို လက်ညှိုးထိုးပြလိုက်သည်။ “ကျွန်မက ရုပ်ပြကြေးတောင် ရခဲ့တယ်။”)
“ဒါကတော့ ရှေးအဖွဲ့အစည်းရဲ့ အစွမ်းအထက်ဆုံး စစ်သည်တွေဖြစ်တဲ့ တိုင်တန်တွေ ဖြစ်ပြီးတော့ ဧကရီ ရှီရာနဲ့ ကြင်ရာတော်မင်းသား အက်ဂ်ယောတို့ရဲ့ သစ္စာရှိ လက်အာက်ခံတွေပါ။ သူတို့က ကြီးမားတဲ့ စွမ်းအားတွေ ရှိကြပြီးတော့ ဧရာမ နဂါးတွေကိုတောင် ယှဉ်နိုင်ပါတယ်။”
နဂါးတွေကိုတောင် ယှဉ်နိုင်တယ်တဲ့လား။ လူတိုင်းက ထိတ်လန့်သွားကြပြန်သည်။
ခဏအကြာ စစ်သည်အဖွဲ့အားလုံးက တော်ဝင် လဟာပြင်၌ စုစည်လိုက်ကြသည်။ ရှီရာ၏ ကျယ်လောင်ပြီး အင်အားကြီးမာသော အသံ ထွက်ပေါ်လာ၏။ “ကျွန်မတို့မှာ ရှိတဲ့စွမ်းအားက စစ်တိုက်ဖို့ လုယက်ဖို့ မဟုတ်ဘူး။ ခက်ခက်ခဲခဲ ရထားတဲ့ ငြိမ်းချမ်းရေးကို ကာကွယ်ဖို့ပဲ။ ကျွန်မတို့ အစကနေ တည်ဆောက်ထားတဲ့ အိမ်ကို ကာကွယ်ဖို့။ ကျွန်မတို့က စစ်မဖြစ်ချင်ဘူး။ ဒါပေမဲ့ ဘယ်စစ်ပွဲကိုမှလည်း မကြောက်ဘူး။”
အခြေအနေက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ တစ်စုံတစ်ယောက်က ဦးဆောင်လိုက်ရာ လူတိုင်းက သံပြိုင် အော်ဟစ်ကြတော့သည်။ “ဧကရီအရှင်မ သက်ရှည်ပါစေ။ ဧကရီအရှင်မ သက်ရှည်ပါစေ။”
သွေးရောင်အင်ပါယာနန်းတော်၌ ရိုင်ဇန်က ပလ္လင်ပေါ်မှ တဖြည်းဖြည်း ထလာခဲ့သည်။ သူ့မျက်လုံးထဲမှ လောင်ကျွမ်း နေသော အလင်းရောင်က အကောင်အထည် ပေါ်လုမတတ် ဖြစ်နေခဲ့သည်။
ထိုစစ်ရေးပြခြင်းက သွေးရောင်အင်ပါယာ၏ မူလက နတ်ဆိုးဘုံ၌ အစွမ်းအထက်ဆုံး၌ ကြုံးဝါးထားခဲ့သော ဂုဏ်ယူစရာကို ပြိုလဲသွားစေခဲ့ပြီး သူ ယခင်က ပြောခဲ့သော စစ်ပွဲ အနိုင်ရလာဒ် သီဝရီကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေ ခဲ့သည်။ ကြယ်ကြွေတမန် အင်ပါယာက စစ်မတိုက်ခဲ့လျှင် အပျက်သဘော သက်ရောက်မှုများက သွေးရောင် အင်ပါယာကို အပြင်းအထန် ထိခိုက်လာမည် ဖြစ်သည်။ အခြားတစ်ခုခုကို အသာထား၊ ယခုလက်ရှိ တည်ငြိမ်ရံုသာ ရှိနေသေးသော ကပ်ဘေးကပင် ဖော်ပြ၍မရသော အဟုန်ဖြင့် ပြိုကွဲသွားနိုင်ပြန်သည်။
ဧရာမသလင်းကျောက်သားရဲ ၁၀၀၊ တိုင်တန် ၁၀၀။ ဒါတောင် ကြယ်ကြွေတမန်အင်ပါယာရဲ့ မူလရှိတဲ့ နတ်ဆိုး အရှင်သခင်အဆင့်တွေနဲ့ စစ်ရေးပြပွဲမှာ မပေါ်လာခဲ့တဲ့ လျို့ဝှက် အင်အားတွေ မပါသေးဘူး။
အမြင့်လွှာ တိုက်ခိုက်ရေး စွမ်းအား တစ်ခုတည်းကို ကြည့်ရင်တောင် ကြယ်ကြွေတမန်အင်ပါယာက အင်ပါယာ နှစ်ခုကို အေးဆေး အနိုင်ရနေပြီ။
သာမန်တပ်သားတွေ၊ မသေမျိုးဗိုလ်ခြေ၊ ရှေးဗိုလ်ခြေ။ သွေးရောင်အင်ပါယာက အရိပ်နက်အင်ပါယာနှင့် ပူးပေါင်း လိုက်ရင်တောင် ငါတို့က အခု ကြယ်ကြွေတမန် အင်ပါယာရဲ့ ပြိုင်ဘက်တွေ မဟုတ်လောက်ဘူး။ တစ်ခုချင်းသာ ဆိုရင်တော့ ငါတို့ ရှုံးမှာ အသေအချာပဲ။
လွန်ခဲ့တဲ့ ၂နှစ်တုန်းက သွေးရောင်အင်ပါယာရဲ့ ဖျက်ဆီးခံရမှုကနေ ရှောင်တိမ်းဖို့အတွက် ကြယ်ကြွေတမန် အင်ပါယာက အရိပ်နက်အင်ပါယာနဲ့ ပူးပေါင်းခဲ့ရတယ်။ ၂နှစ် အတွင်းမှာ သူတို့ရဲ့အင်အားက ဒီလောက် ကြောက်စရာ ကောင်းတဲ့အဆင့်အထိကို တကယ် တိုးတက်သွားခဲ့တယ်။
“အရှင်မင်းကြီး။ အခြေအနေက အရေးပေါ် ဖြစ်နေပြီ။ ကျုပ်တို့တွေ ချက်ချင်း အရိပ်နက်အင်ပါယာဆီ သံတမန် စေလွှတ်ပြီးတော့ ကြယ်ကြွေတမန် အင်ပါယာကို တိုက်ခိုက်ဖို့အတွက် မဟာကတ်သင်းနဲ့ ပူးပေါင်းရမယ်။”
ရိုင်ဇန်က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ ထိုအချိန် ခန်းမအပြင်ဘက်မှ တစ်စုံတစ်ယောက်က သတင်း လာပို့၏။ အက်ဂ်ယောထံ သိုင်းပြိုင်ပွဲ ဖိတ်ကြားရန်အတွက် ကြယ်ကြွေတမန်အင်ပါယာသို့ စေလွှတ်ခဲ့သော သံတမန်က အက်ဂ်ယော ရေးထားသော ပြန်စာဖြင့် ပြန်ရောက်လာခဲ့၏။
ခဏကြာပြီးနောက် ရိုင်ဇန်က သံတမန် ယူလာခဲ့သော စာကို ဖွင့်ကြည့်လိုက်သည်။ အထဲတွင် စာတစ်လုံးသာ ရှိ၏။ “တိုက်ခိုက်မယ်...”
ရိုင်ဇန်က မျက်လုံးများ တောက်ပနေရင်း မျက်ခုံးကို ပင့်လိုက်၏။ ထိုစာလုံးက တောက်လောင်နေသော တိုက်ခိုက်ချင်စိတ်ဖြင့် သက်ရောက်ခံလိုက်ရဟန်တူပြီး ချက်ချင်းပင် လောင်ကျွမ်းကာ အမှုန့်ဖြစ်ပြီး ပျောက်ကွယ် သွားတော့သည်။ အထူးစွမ်းအားပါရှိသော “တိုက်ခိုက်မယ်” ဟူသည့် စကားလုံးကသာ လေထဲ၌ လွင့်ပျံနေခဲ့သည်။ ခဏအကြာ ၎င်းက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။