မြွေတစ်ကောင်
Vol. 126 Ch. 1737
သည်ကျင့်ကြံသူအုပ်စုနှစ်ခုကြား၌ ဧရာမ စိတ်ဝိညာဉ်ကျောက်တုံး စင်္ကြန်တစ်ခု ရှိသည်။ ထိုကျောက်တုံးစင်္ကြန်က အစွမ်းထက်အော်ရာကို ပေးစွမ်းနေသည်။ ၎င်းမှာ ပေတစ်သောင်းမျှ ကျယ်ပြန့်ကာ တောင်ငယ်တစ်လုံးနှင့်ပင် တူ၏။ ထိုအရွယ်မျှ ရှိသော စိတ်ဝိညာဉ်ကျောက်တုံးမျိုးသည် ရှားပါးလှသည်။
ဝမ်လင်းသည် အချိန်အတန်ကြာ ကျင့်ကြံခဲ့ပြီး ဖြစ်၏။ သူက ထိုမျှ ကြီးမားသော စိတ်ဝိညာဉ်ကျောက်တုံးများကို သိပ်မမြင်ဖူးခဲ့ပေ။ ခုချိန်၌ စိတ်ဝိညာဉ်ကျောက်တုံးများသည် သူ့အတွက် အသုံးမဝင်တော့သော်လည်း ၎င်းကို တွေ့မြင်ရသည့်နောက် သူ၏အမူအရာမှာ ပို၍ပင် ထူးဆန်းလာသည်။
စိတ်ဝိညာဉ်ကျောက်တုံးပေါ်တွင် အနီရောင်နဂါးတစ်ကောင် ခွေနေ၏။ သည်နဂါးမှာ ကြီးမားလှခြင်း မရှိပေ။ ကျင့်ကြံသူထောင်ချီက ၎င်းကို သယ်ဆောင်ပေးနေစဉ် ၎င်းသည် ပျင်းရိပျင်းတွဲ လှဲလျောင်းနေသည်။ ရံဖန်ရံခါ စိတ်ဝိညာဉ်ကျောက်တုံးမှ အပိုင်းအစတစ်ခုသည် ကျိုးပျက်ကာ ၎င်း၏ ပါးစပ်အတွင်းသို့ ပစ်သွင်းခြင်း ခံရ၏။ ၎င်းသည် ထိုကျောက်တုံးစကို ဝါးမြိုပြီးနောက် သက်တောင့်သက်သာ ဖြစ်နေသည်။
“ကောင်းကင်ဘုံနဂါးဟာ ခွန်အားကြီးတယ်။ ကောင်းကင်ဘုံနဂါးဟာ တာအိုကို ဖော်ကျူးတယ်…” ကျင့်ကြံသူများထံမှ အော်သံဟစ်သံများသည် ထိုနဂါးကို ပို၍ ကျေနပ်နေဟန် ပေါက်စေသည်။
“ဟက်…ငါသာ နှစ်ပေါင်းများစွာ ဒီသောက်နေရာမှာ ပိတ်လှောင်ထားတာ မခံရရင် ဒီနဂါးအိုဟာ အပြင်ဘက်မှာထက် ဒီလှိုဏ်ဂူလောကမှာ ပိုကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်နေရပြီ။ သောက် ဟင်္သာငှက်အို၊ သောက်ကောင်းကင်ဘုံအုပ်စိုးသူ၊ သောက် အုပ်စိုးသူ…။ ကံကောင်းစွာနဲ့ ငါ လွတ်လာလို့ပေါ့။ ခုတော့ ငါနေရာတဲ့ဘဝ ငါရပြီ။ ဘယ်လောက် ကောင်းမွန်လိုက်တဲ့ ဘဝဲ…။ ငါ ငါ့မွေးရပ်မြေအကြောင်း မတွေးမိဘဲ မနေနိုင်အောင်ပဲ။ ဒီအကြောင်းကို သီချင်းလုပ်ပြီး ခပ်ကျယ်ကျယ် ဆိုအုံးမှ…”
ထိုအနီရောင်နဂါးသည် အလွန်ဂုဏ်ယူနေဟန် ပေါက်နေ၏။ ၎င်း၏ လက်သည်းများဖြင့် စိတ်ဝိညာဉ်ကျောက်တုံးအပိုင်းကို ချိုးဖျက်ကာ ပါးစပ်ထဲ ပစ်ထည့်လိုက်ပြန်သည်။
“နှင်းပျံတောင်အောက်က နဂါးမလေးနှစ်ကောင်။ နင်တို့အပေါ် ငါ့အတွေးကို သိကြရဲ့လား။ နင်တို့ရဲ့ ရှည်လျားတဲ့ နဂါးအမွှေးတွေ၊ အံ့အားသင့်ဖွယ် ခန္ဓာကိုယ်၊ စွဲဆောင်မှု ရှိတဲ့ မျက်လုံးတွေ…” အနီရောင်နဂါးသည် အနည်းငယ် ပျော်ရွှင်လာဟန်ရကာ အူမြူးသံ ထုတ်ဖော်သည်။
တစ်ချိန်တည်းမှာ ၎င်း၏ကြီးမားသည့်အမြှီးဖြင့် စိတ်ဝိညာဉ်ကျောက်တုံးကို စည်းချက်ကျကျ ရိုက်နေသည်။ ဘေးပတ်လည်ရှိ ကျင့်ကြံသူထောင်ချီသည် ထိုနဂါးကို အကူအညီမဲ့စွာ ကြည့်နေရ၏။ သူတို့အတွက် ထိုနဂါး၏အသံက ဗလုံးဗထွေးနိုင်လှကာ စိတ်ပျက်ဖွယ် ကောင်းနေ၏။ မည်သို့ပင်ဖြစ်စေ သူတို့သည် ကြောက်လန့်တကြားဖြင့် ကျယ်ကျယ်လောင်လောင်သာ အော်နေရချေသည်။
“ကောင်းကင်ဘုံနဂါးဟာ တာအိုကို ဖော်ကြူးတယ်။ ကောင်းကင်ဘုံနဂါးဟာ ခွန်အားကြီးတယ်…”
ထိုအနီရောင်နဂါးသည် ပြိုလဲကုန်းမြေရှိ ဒုတိယမျိုးဆက် ဟင်္သာငှက်အဘိုးအို၏ သွေးများ ပန်းထွက်စေခြင်းကို ခံရသည့် မီးနဂါး ဖြစ်၏။ ဒုတိယမြောက်ဟင်္သာငှက်က ဝမ်လင်းထံ ထိုနဂါးကို ပေးအပ်ခဲ့၏။ သို့သော် ၎င်းက လွတ်မြောက်ခဲ့ပေသည်။ ထိုစဉ်က ရှေးသင်္ချိုင်း ထွက်ပေါ်လာသည့်အတွက်ကြောင့် ဝမ်လင်းက ၎င်းနဂါးနှင့် ပတ်သတ်၍ ဂရုမစိုက်နိုင်ခဲ့ပေ။
ခုချိန်တွင် နှစ်ပေါင်းရာချီ ကုန်လွန်ခဲ့ပြီ ဖြစ်၏။ ဝမ်လင်းက သည်ကိစ္စကို မေ့တော့မည့်အခါတွင် ထိုသနားစရာကောင်းလှသော နဂါးက သူ့နတ်ဘုရားအာရုံတွင် ပေါ်လာခဲ့လေပြီ။
ထိုအခိုက်တွင် တတိယအဆင့် ကျင့်ကြံသူများ၏ နတ်ဘုရားအာရုံအားလုံးက ဝမ်လင်း၏အကြည့်နောက်သို့ လိုက်ပါ ရွှေ့လျားသည်။
မီးနဂါးသည် စိတ်ဝိညာဉ်ကျောက်တုံးကို စမြုံပြန်နေရင်း သီချင်း ကျယ်လောင်စွာ ဆိုနေသည်။ သို့ပေမည့် ထိုအခိုက်တွင် ထိုနဂါးသည် တုန်ယင်သွား၏။ စမြုံပြန်ခြင်းနှင့် သီချင်းဆိုသံမှာ ရုတ်တရက် ရပ်တန့်သွားသည်။
၎င်း၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့ ပြည့်နှက်လာသည်။ သို့သော် သိပ်မကြာခင် ကြောက်ရွှံ့မှုအစားထိုးကာ ၎င်း၏ခန္ဓာကိုယ်သည် တုန်ယင်လေ၏။
“သေစမ်း…ဘာကြောင့် ဒီနေရာမှာ နတ်ဘုရားအာရုံတွေ ဒီလောက် များနေရတာလဲ။ သူတို့အားလုံးဟာ ပျင်းနေကြလို့များ သူတို့ရဲ့ နတ်ဘုရားအာရုံတွေကို ဒီနေရာမှာ လာစုဝေးစေတာလား…”
ခဏတာ မင်သက်သွားပြီးနောက် သည်ကြောင်ရီရီနဂါးသည် အလန့်တကြား ထအော်သည်။
“ပြန်ဆုတ်ကြ…ပြန်ဆုတ်ကြ…မြန်မြန် ပြန်ဆုတ်ကြ…” ထိုသို့အော်ဟစ်နေရင်း ထိုကြောင်ရီရီနဂါးသည် တုန်ယင်နေ၏။
၎င်းနဂါး၏ နှလုံးသားမှာ မြန်ဆန်စွာ ခုန်ပေါက်သွား၏။ အနီရောင်နဂါးသည် စိတ်ဝိညာဉ်ကျောက်တုံးထံမှ ပျံသန်းကာ ထွက်ပြေးရန် ဟန်ပြင်သည်။ သို့ပေမည့် ၎င်းက ထိတ်လန့်တကြား ဖြစ်ကာ စိတ်ရှုပ်ထွေးနေသော ၎င်း၏တပည့်များကို ကြည့်ကာ ကြောက်ရွှံ့မှုကို မနည်း ပြန်ဖိနှိပ်ထားလိုက်၏။ ထိုနဂါးသည် စိတ်ဝိညာည်ကျောက်တုံးပေါ်သို့ ဂရုတစိုက် ခြေချကာ ချောင်းခြောက်အနည်းငယ် ဟန့်လိုက်၏။
“ဒီကောင်းကင်ဘုံနဂါးဟာ ဆေးလုံးတေွ သန့်စင်ဖို့ ရှိနေတာ ခုမှ သတိရမိတော့တယ်။ ငါတို့ ထပ်ပြီး မကစားတော့ဘူး။ အဲ့ဆေးလုံးတွေ သန့်စင်ဖို့ ငါ့ကို သယ်ဆောင်သွားကြတော့…”
ထိုအရာကို ကြားသည့်နောက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူမျးသည် မရေမရာ ဖြစ်ကုန်သော်လည်း သူတို့က နဂါး၏အမိန့်ကို နားထောင်ကြသည်။ သူတို့သည် ဧရာမစိတ်ဝိညာဉ်ကျောက်တုံးကို သယ်၍ ဖြည်းဖြည်းချင်း ပြန်ဆုတ်ခွာသည်။
သို့ပေမည့် ထိုစိတ်ဝိညာဉ်ကျောက်တုံးမှာ ကြီးမားလွန်း၏။ ထို့ကြောင့် ၎င်း၏အမြန်နှုန်းသည် နှေးနေသည်။ အနီရောင်နဂါးက တော့်တော့်ကို စိတ်ပူပန်နေ၏။ ၎င်းသည် ထိုနတ်ဘုရားအာရုံများထံ၌ လောဘတက်နေသည့် အရိပ်အယောင်ကို ခံစားမိသည်။ ထိုနတ်ဘုရားအာရုံများက ၎င်းပေါ်သို့ ထပ်ကြပ်မကွာ ဖြစ်နေ၏။
“သေစမ်း…မင်းတို့အားလုံး…မြန်မြန်လုပ်ကြ။ မင်းတို့ နှေးနေမယ်ဆိုရင် ဒီနဂါးက မင်းတို့အားလုံးကို ဝါးမြိုပစ်မယ်…” ထိုသို့ပြောပြီးနောက် ၎င်းသည် စိတ်ပူပန်နေသည့်ကြားက တစ်ခုထပ်တိုးလာ၏။
“ငါပိုင်ဆိုင်တဲ့ ဆေးလုံးအိုးဟာ အလွန်ပဲ အဖိုးတန်တယ်…”
ထိုနဂါးသည် စိတ်တင်းကြပ်နေမိပြီး နှလုံးခုန်သံ မြန်နေသည်။ ၎င်းက ရုတ်တရက် အလျင်စလို မလှုပ်ရှားဝံ့ဘဲ ဖြစ်နေသည်။ ၎င်းသာ ရုတ်တရက် ပျံသန်း ထွက်ပြေးပါက အာရုံပိုစိုက်ခံရမည်ကို စိုးသောကြောင့်ပင်။ စိတ်မရှည်၍မဖြစ်၊ ၎င်းက တည်ငြိမ်ရမည်။
“ကောင်းကင်ဘုံနဂါး။ မင်းဟာ ကောင်းကင်ဘုံနဂါးပဲ။ မင်း တည်တည်ငြိမ်ငြိမ် ရှိရမယ်။ ဒါဟာ ကိစ္စကြီး မဟုတ်ဘူး…” ထိုကြောင်ရီရီနဂါးက သူ့ကိုယ်သူ အားပေးကာ ဘာမှမဖြစ်သကဲ့သို့ ပြုမူသည်။ သို့ပေမည့် ၎င်းမှာ ဟန်ဆောင်သည့်အရည်အချင်း ဆိုးဝါးနေ၏။ ၎င်းက ဟန်ဆောင်ဖို့ ကြိုးစားနေပုံက မျက်နှာပေါ်တွင် ပေါ်နေသည်။
ထိုနဂါးကို သယ်ဆောင်လာသော ကျင့်ကြံသူများက ပေတစ်သိန်းကျော် နောက်ဆုတ်လာပြီးနောက် နတ်ဘုရားအာရုံများ ကျန်ခဲ့သဖြင့် အနှီနဂါးသည် အတော်လေး ပျော်ရွှင်မိတော့၏။
နတ်ဘုရားအာရုံများ၏ ပိုင်ရှင်များအတွက် သည်နဂါးကို တွေ့ရှိမှုသည် မတော်တဆသာ ဖြစ်သည့်ပုံပင်။ သူတို့က နဂါးပေါ်၌ စိတ်ဝင်စားမှု မရှိဘဲ သူတို့၏နတ်ဘုရားအာရုံများကို ပြန်ရုတ်သိမ်းလိုက်ကြ၏။ ထိုအဖြစ်က နဂါးကို ကြီးစွာ အံ့အားတသင့် ဖြစ်သွားစေသည်။
၎င်းနဂါးက ပါးစပ်ကြီးဟ၍ စိတ်ကို ပြင်ဆင်သည်။ အိမ်ပြန်ရောက်ပြီးနောက် ၎င်းသည် ဆယ်နှစ်တာထိ မထွက်ခွာတော့ရန် ခုလိုမျိုး လှည့်ပတ်မသွားတော့ရန် ဆုံးဖြတ်လိုက်သည်။ သည်လိုလှည့်ပတ်သွားရခြင်းက သိသာစွာ ကြောက်မက်ဖွယ်ကောင်းနေသည် မဟုတ်လား။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် တုန်လှုပ်နေပြီး မည်သို့ဖြစ်ပျက်သည်ကို မသိဘဲ ရှိသည်။ မည်သူက စလိုက်သည်မသိရဘဲ သူတို့က နဂါး ကျေနပ်သွားအောင် ရုတ်တရက် ကျယ်လောင်စွာ စတင် အော်ဟစ်လိုက်ကြသည်။
“ကောင်းကင်ဘုံနဂါးဟာ တာအိုကို ဖော်ကြူးတယ်။ ငါ့စကားတွေကို ယုံရင် ကပ်ဘေးကို ရှောင်လွှဲနိုင်လိမ့်မယ်…”
“ကောင်းကင်ဘုံနဂါးဟာ တာအိုကို ဖော်ကြူးတယ်။ ခွန်အား ကြီးမားတယ်…”
ထိုသို့ သံပြိုင်ဟစ်သံများ စတင်သည်နှင့် အစွမ်းထက်နတ်ဘုရားအာရုံတစ်ခုက သူတို့နောက်မှ ထွက်ပေါ်လာ၏။ ထိုနတ်ဘုရားအာရုံသည် ပြင်းထန်သောဖိအား ပါဝင်ကာ မီးနဂါးကို ထိတ်လန့်တကြား ဖြစ်သွားစေသည်။
“ခွန်အားကြီးတာ…ဘာခွန်အား ကြီးတာလဲ။ မင်းတို့အားလုံး…ပါးစပ်ပိတ်ထားစမ်း…”
နဂါးက အော်ဟစ်လိုက်၏။ ၎င်းသည် ကပ်ဘေးတစ်ခုကို ရှောင်နိုင်ပြီဟု ထင်ထားခဲ့မိ၏။ သို့သော် မထင်မှတ်စွာဖြင့် ထိုလူများ၏ အော်သံက နတ်ဘုရားအာရုံတစ်ခုကို စွဲဆောင်မိလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။
အော်ဟစ်လိုက်ပြီးနောက် မီးနဂါးက မြန်ဆန်စွာ လှည့်လိုက်၏။ ၎င်းက ဦးညွှန်ဟန် ပြု၏။ ထိုနဂါးသည် ငိုတော့မည့်အလား အမူအရာ ဖြစ်နေသည်။
“ဟီး…ငါ သင့်ကို နှောက်ယှက်မိပါတယ်။ ငါ သင့်ကို နှောက်ယှက်မိပါတယ်။ ငါ ထွက်သွားတော့မယ်။ ဒီနဂါးလေးက သူတို့ ပြောနေတဲ့ ခွန်အားကြီးတာကိုလည်း မသိပါဘူး။ ဒီနဂါးလေးဟာ ဘာခွန်အားမှလည်း မကြီးသလို ကောင်းကင်ဘုံနဂါးလည်း မဟုတ်ပါဘူး။ ငါဟာ မြွေတစ်ကောင်ပါ။ မှန်ပါတယ်။ ငါဟာ မြွေတစ်ကောင်ပါပဲ…။ ငါ့ခန္ဓာကိုယ်က ကြီးနေတဲ့အတွက်ကြောင့်သာ နဂါးလို့ ထင်ရတာပါ။ ဟီး…ဟီး…”
မီးနဂါးသည် တုန်ရီနေ၏။ ၎င်းထံမှ အလန့်တကြားစကားသံများ ထွက်လာသည်။
“ဟီး...ဟီး…။ ငါ့အနေနဲ့ သင်တို့ စီနီယာရောင်းရင်းကျင့်ကြံသူတွေကို မနှောက်ယှက်ချင်ပါဘူး။ သင်တို့အားလုံး အလုပ်ရှုပ်နေကြတာမလား။ ဒါ့ကြောင့် ငါ့အပေါ် အာရုံစိုက်ဖို့ မလိုပါဘူး။ ငါ့ ဘာသာပဲ ထွက်သွားပါတော့မယ်။ ငါ့ကို လိုက်ပါ မပို့ဆောင်ပါနဲ့တော့…” မီးနဂါးသည် တုန်ယင်နေ၏။ ၎င်းက ဧရာမစိတ်ဝိညာဉ်ကျောက်တုံးကိုပါ စွန့်ပစ်၍ စိုးရိမ်တကြီး ထွက်ပြေးတော့သည်။
သို့သော် မီးနဂါးသည် မြန်ဆန်စွာ နောက်ဆုတ်သွားရင်း ရုတ်တရက် ၎င်းက ရပ်တန့်သွားသည်။ သည်တစ်ကြိမ်၌ ၎င်း၏ရှေ့တွင် အဖြူရောင်ပုံရိပ်တစ်ခု ပေါ်လာတော့သည်။ ထိုအခါ အနှီနဂါးမှာ အမှန်ပင် ငိုတော့မတတ် ဖြစ်သွားလေ၏။ ဝမ်လင်းက ခြေလှမ်းထွက်လာပြီး ထိုနဂါးထံ အပြုံးမမည်သောအပြုံးဖြင့် ကြည့်သည်။
“မင်းပဲကို…” မီးနဂါးက ဝမ်လင်းကို မြင်ကာ မင်သက်သွား၏။ ထို့ကြောင့်လည်း ဒုတိယမျိုးဆက်ဟင်္သာငှက်က ဒီနဂါးကို ကြောင်ရီရီနဂါးဟု ခေါ်ခြင်းပင်။ ထိုနဂါးက ဝမ်လင်းကို တွေ့မြင်သည့်အခါ ဝမ်လင်း၏အားနည်းမှုကို သတိရမိသွား၏။ ၎င်းက သူ့ကို တုန်လှုပ်စေခဲ့သော နတ်ဘုရားအာရုံကိုပါ လုံးဝ မေ့သွားသည်။
“သေစမ်း…မင်းကများ ဒီနဂါးကို တားဆီးရဲတယ်လား။ မင်း အရင်တုန်းက ငါ့သွေးကို သောက်ခဲ့တယ်။ ဒီနေ့ ဒီနဂါးက မင်းကို ပြန်ပေးဆပ်စေချင်တယ်…” ထိုနဂါးက ဝမ်လင်းကို ဖျတ်ခနဲ ကြည့်ကာ ပါးစပ် ဟလိုက်သည်။ ဧရာမမီးလုံးသည် ထိုးထွက်ကာ ဝမ်လင်းအပါအဝင် ၎င်းရှေ့ရှိ အရာအားလုံးကို ဝါးမြိုသည်။
သို့ပေမည့် နောက်တစ်စက္ကန့်အတွင်း ဧရာမမီးလုံးသည် ရုတ်တရက် နေရာအနှံ့သို့ ပြန့်ကြဲသွားသည်။ မီးပွားများ ပြန့်ကြဲသွားရာ ဒီကြယ်အဖွဲ့အစည်းတစ်ခုလုံး လင်းထင်းသွား၏။
ထိုမီးလုံး ရပ်တန့်သွားသည့်အခါ၌ နဂါးက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ ၎င်း၏ခန္ဓာကိုယ်မှာ ရုတ်တရက် နောက်လွင့်ထွက်သွားပြီး ၎င်း၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှု ဖြစ်ပေါ်လာသည်။
ဝမ်လင်းသည် ထိုမီးများထံမှ လှမ်းထွက်လာချိန်၌ ပျက်စီးသွားသော မီးအားလုံးမှာ ရပ်တန့်သွားပြီး ဝမ်လင်းထံ စုဝေးလာကာ သူ့ဘယ်လက်တွင် လောင်ကျွမ်းနေသော မီးတောက်တစ်ခု ဖြစ်ပေါ်သည်။
“မီးနဂါး…” ဝမ်လင်းသည် ထိုမီးနဂါးကို ကြည့်ကာ ပြုံးလိုက်၏။
“ငါ…ငါက တကယ်ပဲ မြေတစ်ကောင်ပါ…” မီးနဂါးသည် တုန်ယင်နေ၏။ ၎င်းသည် ကြောင်တောင်တောင် ဆက်ဖြစ်မနေတော့ပေ။ ၎င်းက ဝမ်လင်းထံမှ ပေးစွမ်းနေသော ကြောက်မက်ဖွယ်အော်ရာအကြောင်း တွေးမိနေ၏။