အနီရောင်လေး
Vol. 126 Ch. 1738
နောက်ဆုတ်နေရင်း မီးနဂါးက ဟိန်းအော်သံ ပေးကာ ၎င်း၏စွမ်းအား အပြည့်အဝကို အသုံးပြုလိုက်သည်။ မီးများ ၎င်း၏ခန္ဓာကိုယ်တွင် ဖုံးလွှမ်းလာ၏။၎င်းက မြန်ဆန်စွာ နောက်ဆုတ်လေသည်။
ထိုနဂါးက ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ မီးအနှစ်သာရကိုပါ ရှင်းလင်းစွာ ခံစားမိနေသည်။
၎င်းထံ၌လည်း မီးအနှစ်သာရ ပိုင်ဆိုင်ထား၏။ သို့သော် ဝမ်လင်း၏မီးအနှစ်သာရနှင့် ယှဉ်ပါက ၎င်း၏အနှစ်သာရသည် အလွန်အားနည်းသည်မှာ ထင်ရှားသည်။ ထို့အတွက်ကြောင့် ထိုမီးနဂါးသည် ဝမ်လင်းကို တိုက်ခိုက်ဖို့ သတ္တိမရှိတော့ပေ။
ကြောက်ရွှံနေရင်း ထိုမီးနဂါးက မြန်ဆန်စွာ နောက်ဆုတ်နေ၏။ ဝမ်လင်းက ၎င်းနဂါးကို တည်ငြိမ်စွာ ကြည့်သည်။ သူ့ညာလက်ကို ညှစ်ချေလိုက်ရာ မီးတောက်သည် ကြေမွသွားသည်။
ဝမ်လင်း၏လက်ဝါးထံမှ အပူလှိုင်းတစ်ခုသည် နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။ ဝမ်လင်းက ၎င်းနောက်သို့ မလိုက်ပေ။ သို့သော် ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေလိုက်သည်။
ထိုချိပ်ဟန်က ဒုတိယမျိုးဆက်ဟင်္သာငှက်အဘိုးအို သူ့ကို ပေးခဲ့သော ထိုမီးနဂါးကို ထိန်းချုပ်သည့်အရာ ဖြစ်၏။
ထိုချိပ်ဟန် ပေါ်လာသည့်နောက် မီးနဂါးက နာနာကျင်ကျင် အော်ဟစ်လိုက်ရ၏။ ၎င်း၏မျက်ခုံးနှစ်ခုကြား၌ အလားတူ ချိပ်ဟန်တစ်ခု ပေါ်လာ၏။
ထိုချိပ်တံဆိပ်က ၎င်း၏ခေါင်းခေါင်း၌ နက်နက်ရှိုင်းရှိုင်း ခပ်နှိပ်ထားလျက် ၎င်းစိတ်ဝိညာဉ်၊ အရိုးများထဲထိ ရေးထွင်းနေ၏။
“မင်းတို့ ဘယ်ဟင်္သာငှက်ကမှ လူကောင်း မဟုတ်ကြဘူး။ ဒါက တကယ်ပဲ နာကျင်ရတယ်။ မင်း ပြောတော့ ငါ့ကို လွှတ်ပေးမယ်ဆို။ ဒါပေမဲ့ အခုထိ ဒီချိပ်တံဆိပ်က ငါ့အပေါ်မှာ ရှိနေတုန်းပဲ…” မီးနဂါးပတ်လည်ရှိ မီးများ ပျက်စီးသွား၏။ ၎င်း၏ခန္ဓာကိုယ် လှစ်ဟပေါ်လာသည်။ ဖျတ်ခနဲအတွင်း ၎င်း၏ခန္ဓာကိုယ်က ပေတစ်သိန်းကျော်ထိ ချဲ့ကားလာ၏။
၎င်း၏ကြီးမားသောခန္ဓာကိုယ်က ပြင်းထန်သောဖိအားကို ပေးစွမ်းသည်။
သို့သော် ထိုအခိုက်အတန့်၌ ထိုဖိအားက ဝမ်လင်းအပေါ် တစ်စက်လေးမျှ မသက်ရောက်ပေ။ မီးနဂါး၏ ခန္ဓာကိုယ်က တွန့်လိမ်နေ၏။ ၎င်း၏မျက်ခုံးနှစ်ခုကြားမှ နာကျင်မှုက ထိုနဂါးကို မျက်ရည်ဖြိိုင်ဖြိုင် ကျစေသည်။
“နာလိုက်တာ။ ငါ မပြေးတော့ပါဘူး။ ငါ အညံ့ခံပါတယ်။ အညံ့ခံတယ်။ မင်း ဆန္ဒရှိသလို လုပ်ပါ။ ငါ ထပ်မပြေးတော့ပါဘူး…”
ဝမ်လင်းက သူ့ညာလက်ရှိ ချိပ်ဟန်ကို ပယ်ဖျက်လိုက်၏။ မျက်စိတစ်မှိတ်အတွင်း သူက ထိုမီးနဂါး၏ ဦးခေါင်းထိပ်ပေါ်တွင် ရပ်သည်။ ထိုနဂါးက ရုန်းကန်လို၏။ သို့သော် ၎င်းက ခုလေးတင် ခံစားခဲ့ရသော ပြင်းထန်သည့်နာကျင်မှုကို အမှတ်ရကာ ကြောက်ရွှံ့မှုက တဆက်ဆက် တုန်ရီသည်။
ဝမ်လင်းက ထိုနဂါး၏ ဦးခေါင်းပေါ်တွင် ထိုင်ချလိုက်၏။ ၎င်းဦးခေါင်းမှ အပူလှိုင်းများ ထွက်ပေါ်နေကာ သူ့ကို ဝန်းရံသည်။ သူက ရှေ့တည့်တည့်သို့ ကြည့်လိုက်၏။ သူ၏အမြင်သည်ပင် သည်အပူလှိုင်းများကြောင့် ကမောက်ကမ ဖြစ်ရသည်။
ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ တတိယအဆင့်ကျင့်ကြံသူများ၏ နတ်ဘုရားအာရုံများသည် ဒီဧရိယာတွင် ရှိနေဆဲပင်။ သူတို့က ဝမ်လင်း ထိုမီးနဂါးကို ဖမ်းလိုက်သည်ကို စောင့်ကြည့်နေသည်။ သို့သော် သူတို့က အံအားသင့်မိခြင်း မရှိပေ။ ယင်းမီးနဂါးက သန်မာကာ နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ညီမျှသော်လည်း သူတို့အဖို့တော့ ၎င်းမှာ အားနည်းလွန်းသေးသည်။
ဝမ်လင်းက သည်လောကမှာ လှိုဏ်ဂူတစ်ခုသာ ဖြစ်ကြောင်း မသိခဲ့လျှင်ပင် သူက ထိုနဂါးကို ဖမ်းမည်သာ ဖြစ်၏။ သို့သော် သူက ခုလောက်ထိ အလျင်စလို လုပ်လိမ့်မည် မဟုတ်ပေ။
ယင်းနဂါးက ဝမ်လင်း အရင်က မြင်ဖူးခဲ့သော သားရဲများနှင့် မတူပေ။ ၎င်းက စကားပြောနိုင်ရုံသာမက ဉာဏ်ရည်လည်း ရှိလှ၏။ မြေနိမ့်သားရဲသည်ပင် ထိုအချက်၌ ၎င်းကို မယှဉ်နိုင်ပေ။
ထိုနဂါးက ၎င်းကိုယ်၎င်း ကောင်းကင်ဘုံနဂါးဟု ခေါ်ရုံသာမက ကောင်းကင်ဘုံနဂါးကလန်ကိုပါ ဖန်တီးခဲ့သေး၏။ ၎င်းထံ၌ အစေခံ ကျင့်ကြံသူများကိုလည်း ထားရှိသေးသည်။ ဤအချက်တို့က ယင်းနဂါးမှာ သာမန်ထက် ထူးကဲသည်ကို ပြသနေသည်။
ပို၍အရေးကြီးသည်မှာ ထိုနဂါး၏ခန္ဓာကိုယ်၌ ကောင်းကင်ဘုံသွေးမျိုးဆက် အရိပ်အယောင် ပါဝင်နေခြင်းပင်။ ယင်းက အားနည်းကာ သတိပြုမိရန် ခက်ခဲလွန်း၏။ သို့ပေမည့် ဝမ်လင်းက အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ်သွေးစက်ကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ သူ့အနေဖြင့် ထိုသွေးမျိုးဆက်ကို မြင်နိုင်စွမ်း ရှိပေသည်။
ဝမ်လင်းသည် ဧရာမနဂါး၏ ဦးခေါင်းထက်၌ ရပ်နေ၏။ သူက သူ့အောက်ရှိ နဂါးကို ကြည့်ကာ သူ၏မျက်လုံးများ အရောင်တောက်လာသည်။
သုံးနှစ်တာအချိန်အပိုင်းအခြား ပြည့်ဖို့ သုံးနာရီသာ ကျန်တော့၏။ သည်သုံးနာရီက ဝမ်လင်းအဖို့ ထိုနဂါးနှင့် ပတ်သတ်၍ အချက်အလက်များရဖို့ လုံလောက်ပေသည်။
“အင်မောတယ်ကောင်းကင်ဘုံနယ်မြေဟာ မင်းရဲ့ မွေးရပ်မြေမလား…” ဝမ်လင်းက ထိုနဂါးထံ ရုတ်တရက်ကြီး နတ်ဘုရားအာရုံဖြင့် လှမ်းဆိုသည်။
မီးနဂါးသည် မင်သက်သွားသည်။ ၎င်း၏ ကြီးမားသော မျက်လုံးများကို ပေကလပ်ပေကလပ် လုပ်ကာ ခေါင်းယမ်းခါသည်။
ဝမ်လင်းက ထိုနဂါးကို အေးစက်စက် စိုက်ကြည့်၍ သူ့လက်ဝါးထံမှ စိတ်ဝိညာဉ်ရှာဖွေခြင်း မန္တာန်၏ အော်ရာ ထွက်ပေါ်လာသည်။ သူက ထိုမီးနဂါးကို ကြည့်ကာ သတင်းစကားတစ်ခု ဖြည်းဖြည်းချင်း ပို့လွှတ်သည်။
“မင်းရဲ့ ဉာဏ်ရည်နဲ့ဆို ငါ့လက်ထဲက မန္တာန်ရဲ့ သက်ရောက်မှုကို သိတယ်မလား။ ငါ မင်းကို ထပ်မေးမယ်။ မင်းဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေက လာခဲ့တာ မလား…”
ထိုနဂါး၏ မျက်လုံးထဲတွင် ကြောက်လန့်မှု ပေါ်လာ၏။ သို့သော် အချို့အကြောင်းပြချက်များကြောင့် သူက အကွာအဝေးတစ်ခုရှိ ကောင်းကင်ဘုံနဂါးကလန်ဝင် ကျင့်ကြံသူများထံ လှမ်းကြည့်သည်။ ၎င်းက အံတင်းတင်းကြိတ်ကာ ခေါင်းခါလိုက်ပြန်သည်။
ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။ သူက ချက်ခြင်း စိတ်ဝိညာဉ်ရှာဖွေခြင်း မန္တာန်ကို အသုံးမပြုပေ။ ဤနေရာမှာ ရှေးဟောင်းကြယ်အဖွဲ့အစည်း ဖြစ်သလို အစွမ်းထက်နတ်ဘုရားအာရုံများကလည်း ရှိနေသည်။ သူသာ စိတ်ဝိညာဉ်ရှာဖွေမှုကို အသုံးပြုလိုက်ပါက ထိုသူတို့ကို တိုက်ခိုက်ဖို့ အခွင့်အရေးပေးသလို ဖြစ်သွားနိုင်သည်။
ထို့အတွက် ရလဒ်မှာ လာမည့်သုံးနာရီနောက် သူ့အစီအစဉ်အပေါ် သက်ရောက်မှု ရှိသွားနိုင်သည်။
ဝမ်လင်း၏အကြည့်က ပိုအေးစက်လာသည်။ ဝမ်လင်းသည် စိတ်ဝိညာဉ်ရှာဖွေခြင်း မန္တာန်ကို ပြန့်ကြဲစေလိုက်ပြီး ထိုနဂါးကို သူ့သိုလှောင်နေရာလွတ်အတွင်းသို့ ထည့်မည့်ဟန် ပြင်သည်။ သူက အရင်ဆုံး ရှေးဟောင်းကောင်းကင်ဘုံနယ်မြေနှင့် ရင်ဆိုင်ပြီးမှ ထိုနဂါးထံမှ တချို့အဖြေများကို ရယူတော့မည် ဖြစ်သည်။
သို့ရာတွင် သူက စိတ်ဝိညာဉ်ရှာဖွေခြင်းမန္တာန်ကို ပြန့်ကြဲစေခါနီး၌ မီးနဂါး၏ တောင်းပန်သံက သူ့စိတ်ထဲ ဝင်ရောက်လာသည်။
“သင် ငါ့ကို မျက်နှာသာအချို့ ပေးနိုင်မလား။ ငါ့ကလန်တပည့်တွေဟာ ငါ့ကို ကြည့်နေတာကို သင် မြင်တယ်မလား။ ငါ့ကို မျက်နှာသာအချို့ ပေးပြီး ငါနဲ့ ပူးပေါင်းပေးမယ်ဆို ငါလည်း သင်နဲ့ ပူးပေါင်းပေးမယ်။ ပြီးရင် အရာအားလုံး သင့်ကို ပြောပြမယ်။ အဆင်ပြေတယ်မလား…”
ဝမ်လင်းက မင်သက်သွား၏။ သူ့အသွင်မှာ ထူးဆန်းသွားသည်။ သူက သူ၏အောက်ရှိ မီးနဂါးကို ကြည့်သည်။ အချိန်အတန်ကြာပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။
ထိုမီးနဂါးက ဝမ်လင်း၏သဘောတူသည်ကို တွေ့မြင်သည်နှင့် ၎င်းမှာ အလွန်ပျော်ရွှင်သွားသည်။ ၎င်းက ၎င်း၏ခန္ဓာကိုယ်ကို ဆန့်ထွက်ကာ ဝမ်လင်း၏အောက်မှ ပျံသန်းထွက်လာသည်။
၎င်း၏မျက်လုံးက တောက်ပလာပြီး အလွန်ခမ်းနားသည့်ပုံ ပေါက်၏။ ၎င်း၏ကြီးမားလှသော နဂါးလက်သည်းဖြင့် ဝမ်လင်းထံ ညွှန်ကာ အင်ပြည့်အားပြည့်အသံ ထွက်ပေါ်လာသည်။
“မင်းက ငါ့ရဲ့ ကောင်းကင်ဘုံနဂါးကလန်ကို ဝင်ချင်တယ်လို့ ပြောခဲ့တယ်။ ဒီနဂါးက မင်းရဲ့ အစောပိုင်းတုန်းက ငါ့အပေါ်ရန်စမှုကို ဗွေမယူတော့ဘူး။ မင်းကို ငါ့ကောင်းကင်ဘုံနဂါးကလန်ကို ဝင်ရောက်ဖို့ ခွင့်ပြုပေးလိုက်မယ်...အာ…”
မီးနဂါး၏အသံ ထွက်ပေါ်လာရင်း ၎င်းနဂါးက ဝမ်လင်း၏အမူအရာကို အကဲခတ်နေ၏။ ထိုနဂါးက ဝမ်လင်း မျက်မှောင် စကြုံ့လာသည်ကို တွေ့သည့်အခါ တုန်ယင်သွားပြီး ခပ်သွက်သွက် ပြောလာ၏။
“အာ…မင်းလို အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက်က ငါ့ကောင်းကင်ဘုံနဂါကလန်ကို ဝင်ရောက်တာဟာ ငါ့အတွက် ကံကောင်းမှုပဲ။ ဟီးဟီး…မင်းဟာ ဒုကလန်ခေါင်းဆောင် ဖြစ်နိုင်တယ်…”
ထိုသို့ ပြောလိုက်သည့်နောက် ကြောက်လန့်နေသော ကျင့်ကြံသူများမှာ မင်သက်မိကုန်သည်။
ထိုကျင့်ကြံသူများ ဘာမျှ မတုန့်ပြန်နိုင်ခင်မှာပင် မီးနဂါးက ရုတ်တရက် လှည့်၍ ဟိန်းဟောက်လိုက်၏။
“ကောင်းပြီ…မင်းတို့အားလုံး ပြန်ကြတော့။ ဒီကောင်းကင်ဘုံနဂါးက ဒုကလန်ခေါင်းဆောင်သစ်ကို ညွှန်ကြားချက် အချို့ ပေးရမှာ ဖြစ်တဲ့အတွက် အလုပ်ရှုပ်တော့မှာ။ ငါ နောက်မှ ပြန်လာခဲ့မယ်။ ဒါ့ကြောင့် မင်းတို့ ငါ့ကို ကလန်မှာ စောင့်နေကြ…”
ထိုကျင့်ကြံသူများသည် သံသယ ဝင်နေဆဲ ဖြစ်သော်လည်း သူတို့က ထိုအရာကို မထုတ်ဖော်ဝံ့ပေ။ သူတို့အားလုံးက မီးနဂါးကို ကြောက်လန့်သည့်အမူအရာ ထုတ်ဖော်ပြီးနောက် တရိုတသေ ထွက်ခွာသွားတော့သည်။
ထိုကျင့်ကြံသူများ ထွက်ခွာသွားပြီးနောက် မီးနဂါး၏ ထည်ဝါသောအော်ရာမှာ ပျောက်ကွယ်သွား၏။ ၎င်းက အလန့်တကြား ဖြစ်ဟန် အမူအရာ လှစ်ဟပေါ်ကာ စကားပြောရန် ဟန်ပြင်လိုက်စဉ် ဝမ်လင်းက ၎င်း၏ဦးခေါင်းပေါ်သို့ ပြန်ရောက်လာသည်။ ဝမ်လင်းက လက်ဝေ့ယမ်းလျက် ထိုနဂါးကို သူ အရင်က ထိုင်နေခဲ့သောနေရာထံ ခေါ်ဆောင်လာသည်။
“သခင်…ဒီနဂါးလေးက အင်မောတယ်ကောင်းကင်ဘုံနယ်မြေက လာခဲ့တာ အမှန်ပါပဲ။ သင့်ရှိမှာ မေးစရာတစ်ခုခုရှိခဲ့ရင် ကျေးဇူးပြုပြီး မေးပါ။ ဒီနဂါးလေးက အရာအားလုံး သင့်ကို ပြောပြမယ်လို့ ကတိပေးပါတယ်…” ထိုနဂါးက ခပ်မြန်မြန်ပင် နတ်ဘုရားအာရုံဖြင့် ဝမ်လင်းထံ သတင်းစကားပို့သည်။
“မင်း အင်မောတယ်ကောင်းကင်ဘုံနယ်မြေကနေ ဒီကို ဘယ်လိုမျိုး ဝင်ရောက်လာခဲ့တာလဲ…” ဝမ်လင်းက ထိုနဂါးပေါ်တွင် ထိုင်ချလိုက်၏။
“ငါဟာ အရင်သခင်ဟောင်းနဲ့ အဲ့မကောင်းတဲ့ရောင်းရင်းတစ်ယောက်နောက်ကို လိုက်လာခဲ့တာ။ အဲ့ရောင်းရင်းဟာ သခင်ဟောင်းက ငါ့ကို ပိုသဘောကျတာ သိတဲ့အတွက် သူက ဒါကို စိတ်ထဲကနေ ကြိတ်ပြီး လက်မခံနိုင်ဘူးလေ။ ဒါ့ကြောင့် သူက တာအိုခုနစ်ခုကလန်မှာ ရတနာတစ်ခု ရှိတယ်လို့ သခင့်ကို ပြောခဲ့ပြီး ဒီနေရာကို လာဖို့ ငါ့သခင်ဟောင်းကို ဖြားယောင်းခဲ့တာ…”
“ငါက ငါ့သခင်ဟောင်းကို သစ္စာရှိတယ်လေ။ ဒါ့ကြောင့် သူနဲ့ ပတ်သတ်ပြီး ငါ စိတ်ပူတာ သဘာဝပဲ။ ဒါ့ကြောင့် ငါပါ သူနဲ့အတူ လိုက်လာခဲ့တာပါ…” ထိုမီးနဂါးက သိက္ခာရှိဟန်အပြည့်ဖြင့် ပြောနေသလို ထင်မှတ်ရလေ၏။ ၎င်းက နတ်ဘုရားအာရုံသတင်းစကားများကို ပို့လွှတ်နေရင်း အကွာအဝေးတစ်ခုသို့ လှမ်းကြည့်သည်။ ၎င်းက ထိတ်လန့်နေသည့်အလား။
ထိုစကားကို ကြားသည့်နောက် ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူက မီးနဂါးကို အချိန်အတန်ကြာ စိုက်ကြည့်နေသည်။ ထိုအခါ မီးနဂါး၏ အမွှေးအမျှင်များ ထောင်မတ်ကုန်ကာ ၎င်းက နတ်ဘုရားအာရုံဖြင့် သတင်းစကားထပ်ပို့သည်။
“ငါ အမှန်ပြောခဲ့တာပါ။ အား..နည်းနည်းတော့ အလိမ်အညာ ပါခဲ့တယ်။ ငါဟာ ငါ့အရင်သခင်ဟောင်းကို သစ္စာရှိလို့ လာခဲ့တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့သခင်ဟောင်းက ငါ့ကို စီးနင်းပြီး ဒီကို ရောက်လာခဲ့တာပါ…” ထိုမီးနဂါးက ဂရုတစိုက် ပြောလိုက်၏။
“မင်း နာမည် ဘယ်လို ခေါ်လဲ…” ဝမ်လင်း၏စိတ်သည် တုန်ယင်သွား၏။ သူက အကြမ်းဖျဉ်း ခန့်မှန်းမိသွားသည်။
“သခင်ကတော့ ငါ့ကို အနီရောင်လေးလို့ ခေါ်ပါတယ်။ ငါ့နာမည်ဟာ အနီရောင်လေးပါ…” ထိုနဂါးက ၎င်း၏ကြီးမားသည့်ခေါင်းကို လှုပ်ရှားကာ ပြန်ဖြေသည်။
အနီရောင်လေး။ ဝမ်လင်း၏မျက်လုံးမှာ ရုတ်တရက် အရောင်တောက်သွားသည်။ သူက မီးနဂါးကို စိုက်ကြည့်၏။ သူ့စိတ်မှာ တုန်ဟည်းမိသွားသည်။ အရူး၏စကားများက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လာတော့သည်။
“အနီရောင်လေး…အနီရောင်လေး…မင်း ဘယ်ရောက်နေလဲ…”
“ဟက်…ဒီဘုရင်ရဲ့အရာအားလုံးဟာ အနီရောင်လေးရှိမှာ။ ဒီအတွက် အနီရောင်လေးကို သွားရှာတော့…”
“အနီရောင်လေး…ငါ့အစ်ကိုကြီးကို မြန်မြန်သွားရှာ။ ငါ အနိုင်ကျင့်ခံနေရတယ်လို့ သူ့ကို ပြောလိုက်…”
ဝမ်လင်း၏အကြည့်အောက်၌ ထိုမီးနဂါးသည် ဦးခေါင်းမွှေးထောင်မတ်သွားရုံသာမဟုတ် ၎င်း၏နှလုံးမှာလည်း ခုန်ပေါက်သွားသည်။ ၎င်းက ဝမ်လင်းကို စော်ကားမိသွားသလားကို မသိဖြစ်ကာ ကြောက်ကြောက်လန့်လန့်ဖြင့် ထပ်မံ သတင်းစကားပို့ဟန် ပြင်သည်။
“လျန်တောက်ဖေဟာ မင်းရဲ့ သခင်လား…” ဝမ်လင်းသည် ဖြည်းဖြည်းချင်း ထိုစကားကို ပို့လွှတ်သည်။
လျန်တောက်ဖေ ဟူသော နာမည်ကို ကြားလိုက်ရသည့်နောက် နဂါးသည် တဒင်္ဂမင်သက်သွားသည်။
“အား…မင်းက ငါ့သခင်ကို သိတာလား။ လျန်တောက်ဖေဟာ ငါ့သခင်ဟောင်းရဲ့ နာမည်ပဲ။ ကံကောင်းတာက သူ သေသွားခဲ့ပြီ…”
“ရပြီ…” ဝမ်လင်း၏စိတ်မှာ ဆက်တိုက် တုန်ယင်နေ၏။ သူက မေးခွန်းထပ်မမေးတော့ဘဲ ထိုနဂါးကို သူ့သိုလှောင်နေရာလွတ်ထဲ ထည့်လိုက်၏။
အချိန်မှာ ပြည့်လုတော့မည် ဖြစ်သည်။ ထို့ကြောင့် သူက သူ့စိတ်ကိုယ်သူ တည်ငြိမ်အောင် လုပ်ရမည် ဖြစ်သည်။ သို့မှသာ သူ့ကျင့်ကြံမှုအပြည့်အဝကို အသုံးပြုနိုင်မည် ဖြစ်၏။ သူ တည်ငြိမ်နေဖို့ လိုသည်။
မီးနဂါးထံမှ သတင်းအချက်အလက်များသာ ထပ်ရပါက ဝမ်လင်းအဖို့ တည်ငြိမ်စွာနေရန် အတော်ခက်ခဲပေလိမ့်မည်။ သည်အခိုက်၌ ဝမ်လင်းက မျက်လုံးမှိတ်၍ သူ့စိတ်ထဲရှိ လှိုင်းထန်နေမှုကို တည်ငြိမ်အောင် လုပ်သည်။
အချိန် ကုန်လာ၏။ ဝမ်လင်းကို သူတို့၏နတ်ဘုရားအာရုံဖြင့် စောင့်ကြည့်နေသော ကျင့်ကြံသူများက ဆက်လက်၍ ထင်မြင်ချက်စဉ်းစားနေရင်း နောက်ဆုံးကျန်သည့်သုံးနာရီမှာ ဖြည်းဖြည်းချင်း ကုန်လွန်လာသည်။
ထိုသုံးနာရီ ကုန်လွန်သွားသည်နှင့် ရုတ်တရက် ဝမ်လင်းက မျက်လုံးဖွင့်လာသည်။