ဖရိုဖရဲမြစ်ပြင်ထက်က နောက်ကျိနေသော ရေ
Vol. 116 Ch. 1512
ဒုတိယမြောက် ဖရိုဖရဲမြစ်တွင် အားလုံး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြတ်သန်းကြသည်။ ကောင်းကင်နတ်အရှင်များက တာအိုသစ်ပင်များ ရထားသည့်အလျောက် ၎င်းတို့ဖြင့် ဖရိုဖရဲမြစ်ကို ကူးကြ၏။ သို့သော် နတ်အရှင်မချန်းတွင်တော့ တာအိုသစ်ပင် မရှိချေ။ ကံကောင်းစွာဖြင့် ချင်မူက စေတနာထား၍ နတ်အရှင်မချန်းကို ဖိတ်ခေါ်ခဲ့ပြီး နှစ်ယောက်သား လှေငယ်ပေါ်တွင် ရပ်နေကြသည်။ နှစ်ယောက်စလုံး ရပ်နေသော်လည်း လှေငယ်မှာ ပြည့်ကြပ်နေပုံမပေါ်ချေ။
ဤဖရိုဖရဲမြစ်တွင်လည်း ထူးဆန်းသောဖြစ်ရပ်များစွာ ဖြစ်ပွားနေသည်။ ချင်မူက နတ်အရှင်မချန်းကို မြစ်ထဲမှ ထွက်လာကြသည့် တာအိုရရှိပြီးသော အရိုးစုများအား ဖျက်ဆီးစေ၏။ သူကတော့ အေးဆေးအနားယူနေသည်။
သူက အနားယူနေရင်း ပတ်ဝန်းကျင်သို့ အကဲခတ်ကြည့်ရာ ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ရှောင်တို့သည်လည်း မလှုပ်ရှားကြကြောင်း သတိထားမိလိုက်သည်။ တခြားကောင်းကင်နတ်အရှင်များက ထိုအရိုးစုများကို ခုခံကာကွယ်နေကြလေသည်။
ထိုကောင်းကင်နတ်အရှင်များသည် ချင်မူ့အောက်ရှိ လှေငယ်ကို မျက်စိတစ်ဆုံး လိုက်ကြည့်နေကြ၏။ ဤလှေမှာ ထိုက်ယီတောင်ဝှေးမှ ဖွဲ့တည်ထားခြင်း မဟုတ်ပါလော။ ကောင်းကင်နတ်အရှင်ရှောင်၊ ရှေးဟောင်းနတ်ဘုရားထိုက်ကျိနှင့် ထိုက်စုတို့အားလုံးမှာ တောင်ဝှေးပိုင်ရှင်ကို လေးစားသောကြောင့် သိလိုစိတ်ပြင်းပြနေကြသည်။
ချင်မူမှာ မျက်ခုံးလှုပ်နေတော့သည်။ ‘ထိုက်ယီက စတုတ္ထမြောက် ကမ္ဘာဦးစကြဝဠာဆီ ရောက်နေပြီ… အနက်ရောင်တောင်တန်းမှာ ကာကွယ်မယ့်သူ မရှိဘူး… အဲဒ့ါကို သူတို့ လုံးဝသိသွားလို့ မဖြစ်ဘူး… မဟုတ်ရင် ငါ ဒုက္ခအကြီးအကျယ် ရောက်လိမ့်မယ်… အင်း ငါ့ကို အင်အားကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ထောက်ပံ့ပေးထားတယ်လို့ သူတို့ ထင်နေတာ ပိုကောင်းတယ်…’
‘ကောင်းကင်နတ်အရှင်မူ၊ နင့်ရဲ့ ဓားက တာအိုသိုင်းပညာရှင်တစ်ယောက်ရဲ့ ဓားမလား’
နတ်အရှင်မချန်းက တာအိုရရှိပြီးသော အရိုးစုတစ်စုကို မြစ်ထဲသို့ ရိုက်ချရင်း ရုတ်တရက် မေးလိုက်၏။ “ကြည့်ရတာ နင်လည်း ကျောက်စိမ်းမြို့တော်မှာ အကျိုးအမြတ်အတော်များများ ရခဲ့တဲ့ပုံပဲ… နင် ကံကောင်းတယ်… ကောင်းကင်နတ်အရှင်တစ်ပါးကအနေနဲ့ တာအိုသိုင်းပညာရှင်တစ်ယောက်ရဲ့ လက်နက်ကို ရခဲ့တာ… ငါတို့လည်း အတွေ့အကြုံရအောင် ထုတ်ပြကြည့်လိုက်ပါလား….”
ချင်မူ့အကြည့်က နတ်အရှင်မချန်းအပေါ် ကျရောက်နေပြီး သူမကတော့ ကပ်ဘေးဓားကို စိုက်ကြည့်နေသည်။
ချင်မူက သဘောပေါက်သွားသဖြင့် ဓားရိုးကို တိတ်တဆိတ် ကာထားလိုက်ရင်း တဟားဟား ရယ်လိုက်သည်။ “တာအိုသိုင်းပညာရှင်တစ်ယောက်ရဲ့ တာအိုလက်နက်တဲ့လား… ဒီဓားကို ကျွန်တော်ကိုယ်တိုင် သွန်းလုပ်ထားတာပါဗျာ… ရိုးရိုးရှင်းရှင်းပစ္စည်းလေးပါပဲ…ထုတ်ပြရမှာတောင် ရှက်မိပါတယ်”
ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ရှောင်နှင့် ကျန်သူများ၏အကြည့်က ချင်မူ့လက်ထဲရှိ ကပ်ဘေးဓားပေါ် ကျရောက်လာသည်။ သူတို့၏အကြည့်များက ဝင်းခနဲ တောက်ပသွားချေပြီ။
အပြင်မှကြည့်လျှင် ဤဓားသည် မည်သို့မျှ ထူးခြားမနေသော်လည်း ဓားအိမ်ကြောင့် အာရုံစိုက်စရာ ဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် ဓားအိမ်ကို အခြားနတ်ဓားများ၏ ဓားအိမ်များကဲ့သို့ ကောင်းပေ့ညွန့်ပေ့ ပစ္စည်းများဖြင့် ပြုလုပ်မထားဘဲ သာမန်သစ်သားဖြင့်သာ ပြုလုပ်ထား၍ပင်။
သစ်သားကို ဓားအိမ်အဖြစ် အသုံးပြုခြင်းက တစ်ခုခု ဖုံးကွယ်ထားခြင်း ဖြစ်တန်ရာသည်။
နတ်အရှင်မချန်းက နှာခေါင်းရှုံ့လိုက်၏။ “နင့်မှာ တစ်ဖက်ကမ်းအထိ ပို့ပေးနိုင်တဲ့ လှေ ရှိရင်တောင် မြစ်ထဲက အဆန်းတကြယ်အရာတွေကို ရင်ဆိုင်ဖို့ ခွန်အားမရှိဘူး…. ဒီတာအိုသိုင်းပညာရှင်ရဲ့ လက်နက်သာ မရှိရင် နင် သေသွားတာ ကြာပြီ… ကောင်းကင်နတ်အရှင်မူက ကောင်းကင်မဟာမိတ်ရဲ့ ခေါင်းဆောင် ဖြစ်သင့်ပါပေတယ်… ငါတို့တွေ ဝာာအိုလက်နက်တစ်ခုတောင် မတွေ့ရသေးပေမယ့် နင်ကတော့ တစ်ခုရထားပြီးပြီ”
“ကျွန်တော်ံ့ဓားက တာအိုလက်နက် မဟုတ်ပါဘူး”
ချင်မူက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “ကျွန်တော်လိမ်ပြောခဲ့ရင် ကောင်းကင်က မိုးကြိုးငါးကြိမ် ပစ်ချပါစေဗျာ” ထိုသို့ကျိန်လိုက်သော်လည်း မျက်ခုံးထောင့်စွန်းများ တွန့်လာပြီး ကောင်းကင်သို့ တစ်ချက်မော့ကြည့်လိုက်၏။
နတ်အရှင်မချန်းက မည်သည်မှ ဆက်မပြောတော့ပေ။
နတ်ဧကရာဇ်လန်ရွှမ်က သက်ပြင်းချသည်။ “ကောင်းကင်နတ်အရှင်မူက တာအိုလက်နက် ရတဲ့အထိ တော်တော်ကံကောင်းတာပဲ… အားကျမိပါတယ်”
“သစ်သားဓားအိမ်ကိုတောင် သုံးပြီး ဖုံးကွယ်ထားဖို့ အတော်လေး ကြိုးစားနေရှာတာ”
ရှစ်ချီလော်က ပြုံးလျက်ပင်။ “ပိုတောင် ဆိုးသွားသေးတယ်နော် … ငါတို့လုမှာ စိုးရိမ်နေတာလား”
ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်သော်လည်း သူ၏မျက်နှာအမူအရာမှာ သုန်မှုန်နေသည်။ သို့သော် စိတ်ထဲ၌ ပျော်ရွှင်နေ၏။ ‘မဟာဧကရာဇ်က တကယ် သစ္စာရှိတာပဲ… ငါ့လက်ထဲမှာ ရှုံးနိမ့်သွားခဲ့တာတောင် တခြားကောင်းကင်နတ်အရှင်တွေကို အကောက်ကြံနိုင်ဖို့ ကူညီနေသေးတယ်… ဒီမျက်နှာထောက်ထားပြီး သူ မနာမကျင်ဘဲ မြန်မြန်သေအောင် လုပ်ပေးမှပါပဲလေ’
လှေငယ်သည် ကောင်းကင်နတ်အရှင်ဟောင်၏ ခြေထောက်အောက်ရှိ တာအိုသစ်ပင်အနားသို့ ချဉ်းကပ်သွားသည်။ တာအိုသစ်ပင်အောက်ရှိ ဖရိုဖရဲမြစ်ထဲတွင် အရိုးစုတစ်စုက ပေါ်ထွက်လာပြီး တာအိုသစ်ပင်ကို ဖမ်း၍ မြစ်ထဲသို့ ဆွဲချရန် ကြိုးစားနေသည်။
ရုတ်တရက် မီးအလင်းတန်းတစ်တန်းက မြစ်ထဲသို့ ပြေးဝင်သွားသည်။ ကောင်းကင်နတ်အရှင်ဟောင် အရိုးစုအား ဖယ်ရှားနိုင်အောင် ကောင်းကင်နတ်အရှင်ဟွေ့မှ ကူညီလိုက်ခြင်းပင်။
ချင်မူက ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်ဟွေ့က စိတ်သဘောထားကောင်းတဲ့သူပဲဗျာ”
ကောင်းကင်နတ်အရှင်ဟွေ့က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး မည်သည့်စကားမှ မပြောပေ။ သူ ပြန်အဖက်လုပ်ပါက ချင်မူသည် သူ့အား မရပ်မနား အရှက်ခွဲပေလိမ့်မည်။
ချင်မူက ပြုံးနေသည်။ “နောင်တော်ဟောင်ရဲ့ တာအိုမေးခွန်း ကောင်းကင်နတ်သိုင်းက ပြီးပြည့်စုံတဲ့ အခြေအနေအထိ ရောက်နေပြီနော် ... နောင်တော်ရဲ့ တာအိုကျင့်စဉ်စနစ်ရဲ့ အဆင့်က ကျွန်တော့်အောက် အားနည်းမနေဘူး”
ကောင်းကင်နတ်အရှင်ဟောင်၏ အကြည့်က သူ၏မျက်နှာပေါ်သို့ ကျရောက်လာပြီး သူက တာအိုနှလုံးသားထဲရှိ လှိုင်းဂယက်များကို ဖိနှိပ်ကာ ပြောသည်။ “မဟာမိတ်ခေါင်းဆောင်က ဘာကိုပြောချင်တာလဲ”
ချင်မူက ထိုက်စုနတ်ဘုရားမကိုလည်း ပြုံးပြလိုက်၏။ “နတ်ဘုရားမ၊ တာအိုနောင်တော်ဟောင်ရဲ့ အနောက်မှာ တစ်ယောက်ယောက် ရှိနေတယ်လို့ မခံစားရဘူးလား”
ထိုက်စုနတ်ဘုရားမမှာ အနည်းငယ် ငေးကြောင်သွားပြီး သူ၏အကြည့်မှတစ်ဆင့် အတွေးများကို အာရုံခံရန် ကြိုးစားလိုက်သည်။ သို့သော် ချင်မူ့အတွေးများမှာ ရှုပ်ထွေးလွန်းသဖြင့် မည်သည်က အစစ်အမှန်ဖြစ်မှန်း ခန့်မှန်း၍မရချေ။
“နောင်တော်က တာအိုအဆင့် ကောင်းကင်ဘုံ ဘယ်လောက်အထိ ကျင့်ကြံပြီးပြီလဲ”
ချင်မူက စကားလမ်းကြောင်း လွှဲလိုက်သည်။ “နတ်ဘုရားစီရင်ရာစင်မြင့်က ဘယ်ကောင်းကင်ဘုံလို့ ထင်လဲဗျ…. သုံးဆယ်လား… မဟာဧကရာဇ်က ခင်ဗျားရဲ့ မူလဝိညာဉ်ကို သူ့ရဲ့ မှော်စွမ်းအင်နဲ့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲမှာ ချုပ်နှောင်ထားခဲ့တာတောင် ခင်ဗျား လွတ်မြောက်သွားပြီမလား… ကျွန်တော် ထင်ထားတာထက် နှစ်နှစ်ဆယ်လောက် စောနေသေးတာပဲ…. ဉာဏ်ကြီးရှင်လို့ ခေါ်ရင်တောင် ချဲ့ကားရာကျမှာ မဟုတ်ဘူးဗျာ”
နတ်ဘုရားမထိုက်စုမှာ တုန်လှုပ်ချောက်ခြားလာကာ ချင်မူ့စကားလုံးများ၏ နောက်ကွယ်ရှိ အဓိပ္ပာယ်ကို အဖြေရှာနေတော့သည်။
ကောင်းကင်နတ်အရှင်ဟောင်၏ ပြန်လည်သက်သာလာနှုန်းမှာ သူမထင်ထားသည်ထက် အမှန်တကယ်ပင် လျင်မြန်ခဲ့သည်။ ကောင်းကင်နတ်အရှင်ဟောင်၏ မူလဝိညာဉ် မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံမှ လွတ်မြောက်လာခဲ့သော အမြန်နှုန်းမှာလည်း သူမမျှော်မှန်းထားသည်ထက် သာလွန်ခဲ့၏။
သူမသည် သူမ၏စွမ်းအားကြောင့် ကောင်းကင်နတ်အရှင်ဟောင်၏ ဒဏ်ရာများအနေဖြင့် နှစ်ငါးဆယ်အတွင်း သက်သာလာလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို ဖောက်ထွက်၍ သူ၏မူလဝိညာဉ်ကိုလည်း ပြန်လည်ယူနိုင်ပေလိမ့်မည်။
သို့သော် ကောင်းကင်နတ်အရှင်ဟောင်၏ ကောင်းကင်နန်းဆောင်မှာ ပျက်စီးနေဆဲဖြစ်၍ သူမ၏ ဆုတောင်းပြည့်စွမ်းအင်ဖြင့် ကူညီတည်ဆောက်ပေးရမည့် ကောင်းကင်နန်းဆောင်များစွာ ရှိနေသေးသည်။ သို့သော် သူ၏မူလဝိညာဉ်ကမူ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံမှ လွတ်မြောက်ခဲ့ချေပြီ။
ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်က ကောင်းကင်နတ်အရှင်ဟောင်၏ သိုင်းအဆင့်သည် သူ ဒဏ်ရာမရခင်တုန်းကထက် အားနည်းမနေပေ။ အမှန်ပြောရလျှင် ပို၍ပင် မြင့်မားနေသေးသည်။
ဤသို့စွမ်းအားမျိုးက သူ၏တာအိုကျင့်စဉ်စနစ် တိုးတက်မှုမှ ရရှိခြင်း ဖြစ်သည်။
ချင်မူ့သတိပေးချက်ကြောင့် ထိုက်စုမှာ ကောင်းကင်နတ်အရှင်ဟောင်အပေါ် အထင်သေးခဲ့မိကြောင်း သဘောပေါက်သွားတော့သည်။
'ဒါဆို ကောင်းကင်နတ်အရှင်မူ ပြောတဲ့ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ နောက်ကွယ်က ပုဂ္ဂိုလ်ဆိုတာ တကယ်ရှိတာ များလား’
နတ်ဘုရားမထိုက်စုသည် ကောင်းကင်နတ်အရှင်ဟောင်၏ တာအိုမေးခွန်းကောင်းကင်နတ်သိုင်းအကြောင်း ပြန်တွေးကြည့်လိုက်သည်။ တာအိုဘာသာစကားကို အသုံးပြု၍ တာအိုနှလုံးသားကို မေးခွန်းထုတ်ခြင်းသည် တာအိုဘာသာစကားအရာ၌ အင်မတန်ထူးချွန်သော အောင်မြင်မှုများ ရှိနေရန် လိုအပ်၏။ ဤကောင်းကင်နတ်သိုင်းကား ကောင်းကင်နတ်အရှင်ဟောင် ကိုယ်တိုင်သိမြင်နားလည်ခြင်းမှ ဖန်တီးထားခဲ့ခြင်းလော… သို့မဟုတ် တစ်စုံတစ်ယောက်က လွှဲပြောင်းပေးခဲ့ခြင်းလော။
သို့သော် ထိုက်စုမှာ ကောင်းကင်နတ်အရှင်ဟောင်အနောက်တွင် အမြဲတမ်း ရှိနေခဲ့သော်လည်း မည်သည့်တာအိုသိုင်းပညာရှင်မှ သူနှင့် အဆက်အသွယ်ပြုလုပ်နေသည်အား မတွေ့ခဲ့ရပေ။ သိသိသာသာပင် ပထမတစ်ခုက ပို၍ဖြစ်နိုင်ချေရှိသည်။
‘ဒါဆိုရင် သူ့ရဲ့ တာအိုဘာသာစကားအတွက် ဖြစ်နိုင်တာ တစ်ခုပဲ ရှိတယ်”
ထိုက်စုမှာ ကြက်သီးမွှေးညှင်းများ ထသွားတော့သည်။ ‘ငါ့ဆီက သိမြင်နားလည်ခဲ့တာပဲ… ဒီလောက် ထူးကဲတဲ့ ပါရမီနဲ့ သိမြင်နားလည်နိုင်စွမ်း ရှိတဲ့သူကို ငါ ထိန်းချုပ်နိုင်ပါ့မလား’
ချင်မူသည် သူမကို ကြည့်နေရင်း ရုတ်တရက် ပြုံးလိုက်၏။ ထိုက်စုအနေဖြင့် သူ့အကြည့်မှ သူ၏အတွေးများကို အာရုံခံ၍ရသော်လည်း ချင်မူကလည်း ထိုက်စုလမ်းစဉ်တွင် ကျွမ်းကျင်ထားသူတစ်ယောက် ဖြစ်သည့်အတွက် သူမ၏ အတွေးများကို အာရုံခံနိုင်ပေသည်။
ယခုတွင် ထိုက်စု သံသယဝင်သွားပြီ ဖြစ်သဖြင့် သူ၏ရည်ရွယ်ချက် အောင်မြင်သွား၏။
ထိုက်စု၏ တုံ့ပြန်မှုကို ကြည့်ခြင်းဖြင့်လည်း အတော်များများ ရိပ်မိနိုင်သည်။ ‘ကြည့်ရတာ ကောင်းကင်နတ်အရှင်ဟောင်နောက်မှာ ဘယ်ကမ္ဘာဦးတာအိုသိုင်းပညာရှင်မှ ရှိမနေဘူးလို့ ထိုက်စုက ယုံကြည်နေတဲ့ပုံပဲ… ဆိုတော့ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ တာအိုဘာသာစကား ကောင်းကင်နတ်သိုင်းတွေနဲ့ တာအိုကျင့်စဉ်စနစ် အောင်မြင်မှုတွေအားလုံးက သူ ဒဏ်ရာရနေတုန်း သူကိုယ်တိုင် သိမြင်နားလည်ထားခဲ့တာ… မျိုးဆက်သစ်တွေအပေါ် လွှမ်းမိုးထားနိုင်တဲ့ ကျင့်စဉ်စနစ်အမျိုးမျိုးကို ဖန်တီးခဲ့ကြတဲ့ နဂါးဟန်ခေတ်အစောပိုင်းက ကောင်းကင်နတ်အရှင်တွေကို လျှော့တွက်ထားလို့မရဘူးပဲ’
ကောင်းကင်နတ်အရှင်ဟောင်သည် ချင်မူ့ကို အေးစက်စွာ စိုက်ကြည့်နေ၏။ ချင်မူ့ခြေထောက်အောက်ရှိ လှေငယ်က ရုတ်တရက် အရှိန်မြှင့်တင်ကာ သူ့အရှေ့မှ ထွက်ခွာသွားတော့သည်။
“ထိုက်စု၊ ခင်ဗျား ထိန်းချုပ်လို့မရနိုင်တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်”
ချင်မူ့အသံက အရှေ့မှ ပျံ့လွင့်လာသည်။ “နဂါးဟန်ခေတ်အစောပိုင်းတုန်းက ကောင်းကင်နတ်အရှင်ချင်ဟာ ကောင်းကင်နတ်အရှင်ဟောင်နဲ့ တွေ့ခဲ့ပြီး အချိန်အတော်ကြာ စောင့်ကြည့်ခဲ့တယ်… သူက ပြောခဲ့ဖူးတယ်… ငါ လောကကြီးအတွက် ဒီပုဂ္ဂိုလ်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ပြီး ဘယ်သူက အနိုင်ရမလဲဆိုတာ ဆုံးဖြတ်မယ် တဲ့… ခင်ဗျား ခိုင်ဧကရာဇ်ကို ထိန်းချုပ်နိုင်မယ်ထင်လား… ခိုင်ဧကရာဇ်ကို မထိန်းချုပ်နိုင်ရင် သူနဲ့ တန်းတူ ရှိတဲ့ ကောင်းကင်နတ်အရှင်ဟောင်အပေါ် ဘယ်လိုထိန်းချုပ်နိုင်မှာလဲ… ခင်ဗျားက ရိုးအလွန်းတယ်”
ကောင်းကင်နတ်အရှင်ဟောင်၏ အနောက်ရှိ ထိုက်စု၏ ချီတို့မှာ ဖရိုဖရဲ ဖြစ်နေသည်။ တစ်ခဏကြာသည့်အခါမှ ပြန်လည်တည်ငြိမ်သွား၏။
ကောင်းကင်နတ်အရှင်ဟောင်က အေးဆေးတည်ငြိမ်စွာ မေးသည်။ “သူ့ပြောစကားတွေကို ယုံနေတာလား ဒေါ်လေး… မေ့သွားပြီလား… ကျွန်တော် အခု ပိုင်ဆိုင်ထားသမျှ အရာအားလုံးကို ဒေါ်လေး ပေးထားတာ… ဒေါ်လေးသာ မရှိရင် ကျွန်တော့်ရဲ့ ကောင်းကင်နန်းဆောင်တွေ ပြိုလဲပြီး တာအိုဒဏ်ရာတွေ ပြန်ပေါ်လာလိမ့်မယ်… ကျွန်တော့်ရဲ့ ရာထူးကို ဆုံးရှုံးရမယ့်အပြင် အသက်ပါ သေရမှာ… သူ့စကားတွေကြောင့် ဒေါ်လေးအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ သစ္စာတရားကို သံသယဝင်နေပြီလား”
”ဟောင်အာ၊ ငါ့ကို လှည့်ကြည့်စမ်း” ထိုက်စုက ပြော၏။
ကောင်းကင်နတ်အရှင်ဟောင်က ထိုက်စုဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ သူ၏မျက်နှာအမူအရာမှာ တပ်မက်နေသည့် အသွင်အပြင် ရှိနေသည်။
သူသည် သခင်မယွမ်မုကို မြင်နေရခြင်းဖြစ်ကြောင်း ချက်ချင်း အာရုံခံလိုက်မိသည်နှင့် ထိုက်စုမှာ အနည်းငယ်စိတ်အေးသွား၏။
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ရှောင်၏ တာအိုသစ်ပင်က သူတို့ဘေးမှ ဖြတ်သွားသည်။ ကောင်းကင်နတ်အရှင်ရှောင်က ဝာာအိုသစ်ပင်ပေါ်တွင် ရပ်လျက် အေးအေးလူလူ လှမ်းပြောလေသည်။ “ငါ့သားရဲ့ နည်းလမ်းတွေက တကယ်ကို အထွတ်အထိပ်ပါပဲလား…. ဖအေကို သတ်ခဲ့တဲ့အပြင် ဒေါ်လေးကိုပါ အရူးလုပ်နေသေးတယ်… ညီမလေးစုရေ… ကိုယ့်ကိုယ်ကို ဂရုစိုက်ဦး....”
ချင်မူနှင့် ကောင်းကင်နတ်အရှင်ရှောင်ကို လှမ်းကြည့်နေသော ကောင်းကင်နတ်အရှင်ဟောင်၏ မျက်ဝန်းများထဲတွင် အသက်အဖြတ်စိတ်ဆန္ဒများ တဟုန်းဟုန်း တောက်လောင်နေကြသည်။
ကောင်းကင်နတ်အရှင်ရှောင်က ဂရုမစိုက်ဘဲ ချင်မူ့လှေငယ်နောက်သို့ လိုက်သွား၏။
ချင်မူက ကောင်းကင်နတ်အရှင်ရှောင်အား တစ်ချက် လှည့်ကြည့်၍ ပြုံးပြလိုက်သည်။
ကောင်းကင်နတ်အရှင်ရှောင်သည် ထိုအပြုံးကို မြင်လျှင် ချင်မူ့ကြောင့် သူ၏လူဝင်စားများ အသတ်ခံခဲ့ရခြင်းနှင့် ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ရုံနှင့် အခြားသူများကြောင့် ဟင်းလင်းပြင်ထဲသို့ နှင်ထုတ်ခံခဲ့ရခြင်းတို့အား သတိရသွားမိ၏။ သူ၏နှလုံးသားထဲတွင် အမျက်ဒေါသမီးတို့ တောက်လောင်လာသော်လည်း သူက ဖိနှိပ်ထားသည်။
“ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဥခွံအပိုင်းအစနှစ်ခုလုံး ကောင်းကင်နတ်အရှင်မူရဲ့ လက်ထဲမှာမလား…”
ကောင်းကင်နတ်အရှင်ရှောင်က မေးလိုက်သည်။ “ကောင်းကင်နတ်ဘုံရဲ့ ရတနာတိုက်ထဲ နှစ်ကြိမ်တိတိ ဝင်ခိုးသွားတဲ့သူကလည်း ကောင်းကင်နတ်အရှင်မူပဲမလား…. ဒီတစ်ကြိမ်တော့ ကောင်းကင်နတ်ဘုံကနေ ကျောက်ယန်ခန်းမကို ခိုးလာပြီး တာအိုသစ်ပင်၊ တာအိုသစ်သီးတွေနဲ့ ကျောက်ယန်ခန်းမ ချိပ်တံဆိပ်ကို ချိုးဖျက်ခဲ့တယ်… ပြီးတော့ ကောင်းကင်နတ်အရှင်ယွီရဲ့ ဝိညာဉ်ကို ကယ်တင်ခဲ့တာမလား… ကျောက်ယန်ခန်းမကို သုံးပြီး ဒီနေရာက အန္တရာယ်တွေအားလုံးကို ရှင်းလင်းပစ်ဖို့ ငါတို့ကို မျှားခေါ်ခဲ့သေးတယ်လေ”
ချင်မူက ကြောက်လန့်တုန်လှုပ်စွာဖြင့် မေးလိုက်သည်။ “ဘာလို့ အဲဒီလိုပြောရတာပါလဲ အရှင်မင်းကြီးခင်ဗျာ”
ကောင်းကင်နတ်အရှင်ရှောင်သည် နှာခေါင်းရှုံ့၍ ဆက်မေး၏။ “မင်း ကောင်းကင်နတ်အရှင်လင်ရဲ့ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းထဲမှာ ပိတ်မိနေတဲ့ မဟာဧကရာဇ်နဲ့ ရင်ဆိုင်ဖို့ ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဥခွံကို ခိုးသွားတာမလား”
နတ်အရှင်မချန်း၏ နှလုံးသားမှာ တင်းကြပ်လာပြီး ချင်မူ့နောက်ကျောသို့ စိုက်ကြည့်နေသည်။
ကောင်းကင်နတ်အရှင်ရှောင်သည် ဤကိစ္စကို သူမပင် မရှိသည့်အလား ပွင့်ပွင့်လင်းလင်း ထုတ်ပြောနေ၏။ သို့သော် သူ၏စကားများက ဥခွံနှစ်ခုသည် ချင်မူ့လက်ထဲသို့ ရောက်နေပြီး ချင်မူ့ရည်ရွယ်ချက်က သိသာသည်ကို သတိပေးနေသည်။
ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ဟုတ်တယ်… ကျွန်တော် ထိုက်ချူဥခွံတွေကို ခိုးသွားတာက ထိုက်ချူခန္ဓာကိုယ်ကို ဥခွံထဲ ပြန်ထည့်ပြီး ကောင်းကင်နတ်အရှင်လင်ကို ကယ်ဖို့ပဲ…. ထိုက်ချူခန္ဓာကိုယ်ထဲက ဝိညာဉ်တွေကတော့ ကျွန်တော်နဲ့ မဆိုင်ဘူးလေဗျာ… ဘယ်သူပဲဖြစ်ဖြစ်ပေါ့…”
သူက နတ်အရှင်မချန်းကို ကြည့်လိုက်ပြီး သူ၏စကားလုံးများတွင် အသက်အဖြတ်စိတ်ဆန္ဒများနှင့် သတိပေးချက်များ ပါဝင်နေသည်။ “ကျွန်တော် ကောင်းကင်နတ်အရှင်လင်ကို ကယ်မှာ တားတဲ့သူဘယ်သူမဆိုကိုလည်း ထိုက်ချူဥထဲမှာ ချိတ်ပိတ်ထားဖို့ ဝန်လေးနေမှာ မဟုတ်ဘူး…. အဲဒီပုဂ္ဂိုလ်မှာသာ စဉ်းစားဆင်ခြင်နိုင်စွမ်းရှိရင် ကျွန်တော် ကောင်းကင်နတ်အရှင်လင်ကို ကယ်တင်တဲ့အချိန်မှာ သူ့ဘာသာသူ ထွက်သွားလိမ့်မယ်... ကျွန်တော့်ကို ခုခံလိမ့်မှာမဟုတ်ဘူး”
ထိုသို့ပြောနေသည့်တိုင် ချင်မူ့ ရင်ထဲတွင် တဒိန်းဒိန်း ခုန်နေသည်။
ထိုက်ချူဥခွံများမှာ မရှိတော့ပေ။ သူ လောကသစ်ပင်အား ကယ်တင်ခဲ့စဉ်က လောကသစ်ပင်သည် ထိုဥခွံနှစ်ခုကို ကြိတ်ချေကာ စွမ်းအင်အဖြစ် ဝါးမြိုခဲ့သည် မဟုတ်ပါလော။
‘ကြည့်ရတာ မဟာဧကရာဇ်ကို ခြောက်ဖို့ ဥခွံအတုနှစ်ခု လုပ်ရတော့မယ့်ပုံပဲ’
သူက စိတ်ထဲမှ အကြံထုတ်နေသည်။ ‘’မဟာဧကရာဇ်ရဲ့ မူလဝိညာဉ်ကို ငါ ခြောက်လှန့်နိုင်ရင် ငါနဲ့ ထိပ်တိုက်ရင်ဆိုင်လောက်မှာမဟုတ်ဘူး… မဟုတ်ရင်တော့ ကောင်းကင်နတ်အရှင်လင်ကို ကယ်ဖို့ အသေအကြေ တိုက်ခိုက်ရလိမ့်မယ်’
မဟာဧကရာဇ်၏ မူလဝိညာဉ်နှင့် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ ရုပ်ခန္ဓာတို့မှာ ဖြေရှင်း၍မရနိုင်သော အခြေအနေတစ်ခုဖြစ်သည်။
မဟာဧကရာဇ်၏မူလဝိညာဉ်ကို တိုက်ခိုက်စရာမလိုဘဲ ခြောက်လှန့်၍ အနိုင်ယူနိုင်ပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။
သို့သော် အရေးအကြီးဆုံးက နတ်အရှင်မချန်း မဟုတ်ဘဲ ကောင်းကင်နတ်အရှင်ရှောင်ပင်။ ကောင်းကင်နတ်အရှင်ရှောင်သည် ထိုက်ချူရုပ်ခန္ဓာကို မည်သို့ဖြစ်စေ သေချာပေါက် ပြန်ယူပေလိမ့်မည်။
နတ်အရှင်မချန်းက မည်သည့်စကားမှ မပြောသလို ကောင်းကင်နတ်အရှင်ရှောင်ကလည်း တိတ်ဆိတ်နေ၏။
ချင်မူမှာ ထိုပုဂ္ဂိုလ်များ၏ အတွေးတို့ကို သိချင်လွန်း၍ မယိုးမယွ ဖြစ်နေတော့သည်။
မြစ်ပေါ်ရှိ ကောင်းကင်နတ်အရှင်ဆယ့်တစ်ပါးတွင် ကိုယ်ပိုင်အစီအစဉ်များ ရှိကြသည်။
ဤအခိုက်အတန့်တွင် သိပ်သည်းနက်နဲသော ဖရိုဖရဲချီများ ထွက်ပေါ်လာကြပြီး သူတို့အားလုံးကို ဖုံးလွှမ်းသွားလေသည်။ မည်သူမှ တစ်ယောက်ကိုတစ်ယောက် မမြင်ကြရတော့ပေ။
“အားးးးး” ချင်မူက စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် အလွန်လေးလံသော အရာဝတ္ထုတစ်ခု ရေထဲ ဗွမ်းခနဲ ပြုတ်ကျသွားသည့်အသံကို ကြားလိုက်ရသည်။
ကောင်းကင်နတ်အရှင်များ အံ့အားသင့်သွားကြ၏။ “ကောင်းကင်နတ်အရှင်မူ နတ်အရှင်မချန်း သတ်တာများ ခံလိုက်ရတာလား… မြစ်ထဲ ကျသွားတာလား”
လှေငယ်ပေါ်တွင် နတ်အရှင်မချန်းသည် ချင်မူ နတ်ရွှေလုံးတစ်လုံးအား ရေထဲပစ်ချနေသည်ကို အေးစက်စွာ စိုက်ကြည့်ရင်း နှာခေါင်းရှုံ့လိုက်သည်။ “ကောင်းကင်နတ်အရှင်မူက တကယ်ကို ကလိမ်ကကျစ်ကောင်ပဲ…. ဒါပေမဲ့ နင့်အော်သံက ပိုလွန်းအားကြီးတယ်….ငါသာ နင့်ကို သတ်ချင်ရင် အမြန်သတ်လိုက်မှာ… မသေခင် အော်ချိန်တောင် ရလိုက်မှာမဟုတ်ဘူး”
ချင်မူက သူမကို တစ်ချက်ကြည့်ကာ ပြုံးလာ၏။ “ဖရိုဖရဲချီတွေက အချိန်ကိုက်ပေါ်လာတာပဲနော်… သူတို့က ကျွန်တော်တို့ကို ဓားစာခံအဖြစ် ဖမ်းထားတာ … လမ်းတလျှောက်လုံး အသက်ရှင်နိုင်ရင်တောင် ပန်းတိုင်ရောက်တာနဲ့ သတ်ပစ်မှာပဲ…. ဒီအခွင့်အရေးကို အသုံးချပြီး သေချင်ယောင်ဆောင်ပြီး ထွက်ပြေးတာအကောင်းဆုံး မဟုတ်လား”
“အဟက်…” နတ်အရှင်မချန်းက နှာခေါင်းရှုံ့ပြီး တည်ငြိမ်အေးဆေးစွာ ပြောသည်။ “သေချင်ယောင်ဆောင်ရင်တောင် ကောင်းကင်နတ်အရှင်ကုန်းရဲ့ အသိစိတ်အလျဉ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး… သူက င့ါဇနီးလေ… သူ့ရဲ့ အသိစိတ်အလျဉ်က သိပ်အားကောင်းတာ…”
“သူက ထိုက်ချူရဲ့ မိန်းမပါဗျာ…”
ချင်မူက သူမကို ဂရုဏာသက်နေသကဲ့သို့ သတိပေးလိုက်သည်။ “အခုဆို ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အောက်ဆွဲတောင် ဖြစ်နေပြီ”
နတ်အရှင်မချန်းမှာ အံကြိတ်၍ သည်းခံထားရသည့်အတွက် သွားများပင် တဂျီးဂျီး မြည်နေ၏။ သူမမှာ ချင်မူ့ကို အပိုင်းပိုင်း ခုတ်ထစ်ချင်နေတော့သည်။