သေရာပါ ဒဏ်ရာ
Vol. 116 Ch. 1514 (2)
ချင်မူ့ခြေထောက်များက လှေငယ်ပေါ်သို့ ဝုန်းခနဲ ဖိချလိုက်ရာ လှေငယ်မှာ အရှိန်အဟုန်ပြင်းစွာဖြင့် တာအိုမီးတောက်အလွှာများထဲ ဝင်ရောက်သွားတော့သည်။ နတ်အရှင်မချန်းက ဒေါသတကြီး လှမ်းအော်သည်။ “ကောင်းကင်နတ်အရှင်မူ၊ နင် ရူးနေပြီလား..”
မီးတောက်လှည်းဘီးအလွှာများမှာ ကောင်းကင်နတ်အရှင်ဟွေ့၏ တာအိုအဆင့် ကောင်းကင်နတ်သိုင်းများ ဖြစ်ကြသည်။ ၎င်းတို့ကို ဖြတ်သန်းသွားခြင်းက ကောင်းကင်နတ်အရှင်ဟွေ့ကို တိုက်ခိုက်နိုင်မည့် အတိုဆုံးလမ်း ဖြစ်သည့်တိုင် အန္တရာယ်အများဆုံးဆိုလည်း မမှားပေ။
ကောင်းကင်နတ်အရှင်ဟွေ့သည် တစ်လောကလုံးတွင် မီးတာအိုအရာ၌ အောင်မြင်မှုအများဆုံး ပုဂ္ဂိုလ် သာမက မှော်စွမ်းအင်အရာ၌ အားအကောင်းဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။
တောင်နတ်မင်း၏ သိုင်းအခြေခံနှင့် မဟာတာအိုတို့ကိုလည်း ဝါးမြိုစုပ်ယူထားခဲ့သောကြောင့် သူ၏ မှော်စွမ်းအင်မှာ နှိုင်းယှဉ်၍မရနိုင်သည်အထိ အားကောင်းသိပ်သည်း၏။ ထိုအပြင် နဂါးဟန်ခေတ်၏ ကောင်းကင်နတ်အရှင်ခုနစ်ပါးမှ တစ်ပါးဖြစ်သည့်အလျောက် သူ၏အခြေခံမှာလည်း မှန်းဆ၍ပင် မရနိုင်ပေ။
ချင်မူ သူ၏တာအိုအဆင့် ကောင်းကင်နတ်သိုင်းများကို ဖြတ်သွားရန်ကြိုးစားနေချိန်က သေကြောင်းကြံစည်နေခြင်းနှင့် မထူးချေ။
ဤသည်မှာ မဟာဧကရာဇ်နှင့် ချင်မူ့အကြားရှိ အကြီးမားဆုံး ခြားနားချက် ဖြစ်ကောင်းဖြစ်လာသည်။
ကမ္ဘာဦးခေတ်တွင် မဟာဧကရာဇ်သည် ပြိုင်ဘက်ကင်းသည့်တိုင်အောင် သူ၏အသက်ကို စွန့်စားသည်မှာ ရှားပါးလွန်းသည်။
အဘယ်ကြောင့်ဆိုသော် သူ၏အာဏာအဆင့်က မြင့်မားလွန်းပြီး ပြိုင်ဘက်အနည်းငယ်သာ ရှိသည့်အပြင် သူ၏အကျင့်စရိုက်ကြောင့်လည်း ပါသည်။
ကမ္ဘာဦးခေတ် ကုန်ဆုံးသွားသည့်အချိန်တွင် ဖန်ဆင်းရှင်များမှာ အင်အားကျဆင်းလာခဲ့သည်။ သွေးသံချေးဇုန်၌ ရှေးဟောင်းနတ်ဘုရားများနှင့် ဖန်ဆင်းရှင်များအကြား ဖြစ်ပွားခဲ့သည့် အသေအကြေတိုက်ပွဲတွင်ပင် မဟာဧကရာဇ်သည် သူ့အသက်ကို တစ်ချိန်လေးပင် မစွန့်စားခဲ့ပေ။ အခြေအနေမဟန်မှန်း မြင်လျှင် ထွက်ပြေးသွားခဲ့ပြီး ဖန်ဆင်းရှင်များနှင့် အခြားမျိုးနွယ်များကို သေဆုံးစေခဲ့သည်။
နဂါးဟန်ခေတ်တွင်လည်း အသက်ကို စွန့်စား၍ အသေအကြေ မတိုက်ခိုက်ခဲ့သောကြောင့် ကောင်းကင်နတ်အရှင်ယွင်၊ ယွဲ့နှင့် လင်တို့၏ သတ်ဖြတ်ခြင်း ခံရပြီး အန္တိမဟင်းလင်းပြင်၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်ကောင်းကင်ဘုံတွင် ချုပ်နှောင်ခံခဲ့ရသည်။ ထို့ကြောင့် သူ၏မူလဝိညာဉ်မှာလည်း ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းဖြင့် ချိပ်ပိတ်ခံခဲ့ရသည်။
သူကား အသက်ကို လောင်းကြေးထပ်၍ တစ်ကြိမ်တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးပေ။
သို့သော် ယခုတွင် နတ်အရှင်မချန်းမှာ ချင်မူနှင့် တစ်လှေတည်း စီးနေသောကြောင့် အသက်စွန့်ကာ မတိုက်ခိုက်ဘဲ မရတော့ပေ။
နတ်အရှင်မချန်းက နတ်ဘုရားစီရင်ရာဓားမနှစ်လက်ကို အသက်သွင်းကာ မီးတောက်လှည်းဘီးအလွှာများအား ခုတ်ချရင်း ကောင်းကင်နတ်အရှင်ဟွေ့၏ တာအိုအဆင့် ကောင်းကင်ဘုံ ၂၄ ဘုံကို နှစ်ခြမ်းကွဲသွားစေသည်။ မီးတောက်များက နတ်ဘုရားစီရင်ရာဓားမများအား ညှော်နံ့နံလာသည့်တိုင်အောင် ရဲရဲတောက် လောင်ကျွမ်းနေစေ၏။
ကောင်းကင်နတ်အရှင်ဟွေ့၏ မှော်စွမ်းအင်မှာ သိပ်သည်းလွန်း၍ မီးစွမ်းအားကို ကြောက်မက်ဖွယ်ကောင်းနေစေသည်။
၂၄ ခုမြောက် မီးတောက်လှည်းဘီး နှစ်ခြမ်းကွဲသွားသည့်အချိန်တွင် နတ်အရှင်မချန်း၏ လက်များမှာ တုန်ခါမှုများကြောင့် ထုံကျင်နေပြီး နတ်ဘုရားစီရင်ရာဓားမမှာလည်း အပူကြောင့် မည်းခြစ်နေတော့သည်။
“ကောင်းကင်နတ်အရှင်မူက အသက်ကို လောင်းကြေးထပ်ရတာ တော်တော်ကြိုက်တာပဲ…”
နတ်အရှင်မချန်း စိတ်ချလက်ချ သက်ပြင်းမချနိုင်ခင်မှာပင် တာအိုသံများက လေထဲတွင် ပဲ့တင်သွားသည်။ ကောင်းကင်နတ်အရှင်ဟွေ့က တာအိုသစ်ပင်ပေါ်တွင် ရပ်နေပြီး သူ၏ဦးခေါင်းအနောက်တွင် ကောင်းကင်နန်းဆောင်များ ထွက်ပေါ်လာ၏။ ကောင်းကင်နန်းဆောင်များထဲ၌ ပလ္လင်ခန်းမများ ထွန်းလင်းတောက်ပနေကြသည်။
နတ်အရှင်မချန်းမှာ သက်ပြင်းချလိုက်မိပြီး မနာလိုဖြစ်နေသည်။
သူတို့ကျောက်စိမ်းမြို့တော်သို့ ရောက်ရှိခဲ့သည်မှာ နှစ်နှစ်ကျော် ကြာခဲ့ချေပြီ။ ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ကျောက်စိမ်းမြို့တော်၏ ပလ္လင်ခန်းမတို့အား သိမြင်နားလည်ကာ သူတို့၏ မဟာကောင်းကင်နတ်ဘုံအဆင့်ကို တည်ငြိမ်စေနိုင်မည့် အခြားနည်းလမ်းများ ရှာဖွေနေခဲ့ကြ၏။
သို့သော် နတ်အရှင်မချန်းမှာတော့ အကျိုးအမြတ် များများစားစား မရရှိခဲ့ပေ။ ပြီးခဲ့သည့် နှစ်နှစ်အတွင်း ပလ္လင်ခန်းမ အဆောင်နှစ်ဆယ်နှင့် တစ်၀က်ကိုသာ သိမြင်နားလည်နိုင်ခဲ့သော်လည်း ကောင်းကင်နတ်အရှင်ဟွေ့က ၃၄ ဆောင်အား ထုတ်ဖော်ပြသထားလေသည်။
ကောင်းကင်နန်းဆောင်တစ်ခုတွင် ပလ္လင်ခန်းမတစ်ခု ရှိနေလေရာ သူ၏ကျင့်ကြံခြင်းအခြေခံအား အဆပေါင်းများစွာ တိုးတက်စေခဲ့၏။
ကောင်းကင်နတ်အရှင်ဟွေ့ကား ယခုတွင် အမြင့်ဆုံးသော မဟာကောင်းကင်နတ်ဘုံအဆင့်နှင့် အင်မတန် နီးကပ်နေလေပြီ။
သူ နောက်ထပ်ခြေတစ်လှမ်း တက်လိုက်လျှင် ကောင်းကင်နတ်ဧကရာဇ်ပင်လျှင် သူ့အောက် အနည်းငယ်နိမ့်ကျပေလိမ့်မည်။
‘ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ ပါရမီက မြင့်မားလွန်းတယ်… ဘာပဲဖြစ်ဖြစ် သူ ဒဏ်ရာ အပြင်းအထန် ရသွားအောင် လုပ်ရမယ်’
နတ်အရှင်မချန်း ထိုသို့တွေးလိုက်သည့်အချိန်တွင် ကောင်းကင်နတ်အရှင်ဟွေ့က တွန့်ဆုတ်မနေဘဲ စတင်လှုပ်ရှားလာသည်။ သူက မှော်စွမ်းအင်ကို အသုံးပြုလျက် ထိုက်ကျိစက်၀န်း လှည့်ပတ်နေခြင်းအား ရပ်တန့်သွားစေပြီး အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားစေသည်။
သူသည် စစချင်းတွင် အားကုန်မတိုက်ခိုက်ခဲ့ပေ။ ချင်မူ့ထိုက်ကျိတာအိုမှာ ပြီးပြည့်စုံသောအဆင့်သို့ မရောက်သေးကြောင်း တွေ့လိုက်ရသည့်အခါမှသာ စတင်တိုက်ခိုက်ကာ နဂါးအမှတ်အသားများကို အက်ကွဲသွားစေသည်။
ဤအချက်တစ်ချက်တည်းဖြင့် သူ၏ လိမ္မာပါးနပ်မှုနှင့် လေးစားအားကျဖွယ် သိမြင်နိုင်စွမ်းအား တွေ့နိုင်ပေ၏။
ထိုက်ကျိစက်၀န်းက ပြိုကွဲသွားစဉ် ကပ်ဘေးဓား ပျံသန်းလာသည်။ နောက်တစ်ခဏတွင် ချင်မူသည် လက်ထဲတွင် ကပ်ဘေးဓားကို ဆုပ်ကိုင်ထားလျက် တာအိုမီးတောက် ၂၄ လွှာကို ဖောက်ထွက်ကာ ဓားဖြင့် ထိုးစိုက်လိုက်၏။
ဓားက ထိုက်ကျိစက်၀န်းကို ဖျက်ဆီးလိုက်သော ကောင်းကင်နတ်အရှင်ဟွေ့၏ လက်ဖဝါးနှင့် ထိတွေ့သွားသည်။ ကောင်းကင်နတ်အရှင်ဟွေ့က သူ့တွင် ရှိသမျှခွန်အားအားလုံးကို လက်ဖဝါးထဲသို့ ထည့်လိုက်၍ မီးတာအို ထွက်ပေါ်လာသည်။ လက်ချောင်းငါးချောင်းကြားတွင် တာအိုမီးတောက်တို့က လှည်ဘီးအလား လှည့်ပတ်လောင်ကျွမ်းလာသည်။
သူ၏ လက်ဗွေရာများက ကမ္ဘာလောကများအလား ဖြစ်ပြီး လက္ခဏာများကတော့ ကမ္ဘာလောက၏ တောင်တန်းများ ဖြစ်သည်။
ဤသည်မှာ သူ၏ အပြင်းထန်ဆုံးတိုက်ကွက် ဖြစ်သည့်အလျောက် ထိုက်ကျိစက်၀န်းကို ဖောက်ထွက်လာပြီးသည့်တိုင် အလွန်အမင်း အားကောင်းနေသေးသည်။
သို့သော် ချင်မူ့ဓား သူ၏လက်ဖဝါး၌ ထိုးစိုက်လိုက်သည့်အခါတွင် သူ့ဓားသိုင်းကွက်များကလည်း အလွန့်အလွန် အသေးစိတ်လာသည်။ ကောင်းကင်နတ်အရှင်ဟွေ့၏ လက်ဖဝါးထဲတွင် ဓားရောင်တို့သည် သေးမျှင်လာပြီး တာအိုသံကြိုးများအား ဖြတ်တောက်၍ တာအိုအမှတ်သားများကို ဖျက်ဆီးကာ သင်္ကေတများအား လွင့်ပြယ်ပျောက်ကွယ်သွားစေသည်။ ချက်ချင်းဆိုသလို ကောင်းကင်နတ်အရှင်ဟွေ့၏ လက်ဖဝါးများမှာ အရိုးဖြူများ ဖြစ်သွားချေပြီ။
ကောင်းကင်နတ်အရှင်ဟွေ့မှာ အလန့်တကြားဖြင့် လက်ကို ချက်ချင်း ရုတ်လိုက်သည်။ ဓားရောင်တို့က သူ၏လက်ကောက်ဝတ်ကို ရစ်ပတ်သွား၏။
ရွှပ် ... ရွှပ်... ရွှပ်
ဓားရောင်က သူ၏လက်မောင်းတွင် လှည့်ပတ်ရင်း အပေါ်သို့ လျင်မြန်စွာ တက်လာသည်။ ၎င်း သူ၏ပခုံးသို့ ရောက်ရှိသည့်အချိန်တွင် လက်မောင်းတစ်ဖက်လုံး အသွေးအသားတစ်စက်မှ မကျန်တော့ပေ။
ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်က ကောင်းကင်နတ်အရှင်ဟွေ့၏ မဟာတာအိုမှာ ဖြတ်တောက်ခံလိုက်ရပြီးနောက် စွမ်းအင်အဖြစ် ပြောင်းလဲခံလိုက်ရသည့်အတွက် မတည်ရှိတော့ခြင်းပင်။
တာအိုကျင့်စဉ်စနစ်၏ ၃၀ ဘုံမြောက် ကောင်းကင်ဘုံ၊ ကပ်ဘေးဖျက်ဆီးခြင်း။
ကောင်းကင်နတ်အရှင်ဟွေ့မှာ အခြေအနေမဟန်မှန်း မြင်လျှင် သူ့မျက်လုံးထဲရှိ မီးတောက်များက နဂါးများအသွင် ပြောင်းလဲလျက် ပျံသန်းလာကြပြီး တိုက်ခိုက်လိုက်ကြသည်။
ချင်မူက ဓားဖြင့် မီးနဂါးကို ခုတ်ချလိုက်ပြီး နတ်အရှင်မချန်း၏ နတ်ဘုရားစီရင်ရာဓားမနှစ်လက်ကတော့ ကောင်းကင်နတ်အရှင်ဟွေ့၏ ကျန်လက်တစ်ဖက်အပေါ် ခုတ်လိုက်၏။ ဤလက်မှာလည်း တမုဟုတ်ချင်း ခြောက်သွေ့သွားပြီး လက်မောင်းထဲရှိ ချီနှင့်သွေးအားလုံးမှာ နတ်ဘုရားစီရင်ရာဓားမ၏ စုပ်ယူခြင်း ခံလိုက်ရတော့သည်။
ကောင်းကင်နတ်အရှင်ဟွေ့က စကားတစ်ခွန်းမှ မပြောပေ။ သူက အရိုးများသာ ကျန်တော့သည့် သူ၏ဘယ်လက်ကို မြှောက်လိုက်ပြီး ဓားတစ်လက်ပမာ အသုံးပြုလိုက်သည်။ သူ၏ ချီနှင့်သွေးတို့ ဆက်လက်စုပ်ယူမခံရစေရန် ညာလက်အား ဖြတ်ချလိုက်၏။
သူအနောက်တွင် မူလဝိညာဉ်က ကောင်းကင်နတ်ဘုံထဲမှ ခုန်ထွက်လာပြီး လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ မြစ်ရေပြင်ပေါ်ရှိ ဖရိုဖရဲချီများပင်လျှင် ပျက်စီး၍ မီးတောက်တာအိုအဖြစ် ပြောင်းလဲသွားတော့မည်အလား ရဲရဲနီလောင်ကျွမ်းသွားသည်။
ချင်မူက ခြေထောက်ဖြင့် လှေထိပ်ကို လှည့်လိုက်ရာ လှေအနောက်တွင် ရပ်နေသည့် နတ်အရှင်မချန်းမှာ ကောင်းကင်နတ်အရှင်ဟွေ့၏ တိုက်ကွက်ကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လိုက်ရတော့သည်။
နတ်အရှင်မချန်းက စိတ်ထဲမှ ဆဲဆိုလိုက်သော်လည်း သူမ၏ မှော်စွမ်းအင်ကို စုစည်းရန်မှတစ်ပါး ရွေးချယ်စရာ မရှိပေ။ ကောင်းကင်နန်းဆောင်က ကောင်းကင်နတ်ဘုံအဖြစ် ဖွဲ့တည်သွားကာ ကောင်းကင်နတ်အရှင်ဟွေ့၏ အားကောင်းလှသော လက်သီးချက်ကို ခုခံလိုက်သည်။
ဝုန်း….
နတ်အရှင်မချန်းမှာ လှေငယ်ဆီမှ လွင့်ထွက်သွားသော်လည်း သူမ၏အသိစိတ်အလျဉ်သည် မျက်ခုံးနှစ်ဖက်ကြားမှ ထွက်လာကာ ချင်မူ့ခန္ဓာကိုယ်တွင် ရစ်ပတ်သွားသော ကြိုးရှည်များအဖြစ် ပြောင်းလဲသွား၏။
ချင်မူက ကပ်ဘေးဓားရိုးကို ကိုင်လျက် ဦးညွှတ်အရိုအသေပေးလိုက်သည်။ ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်နှာမှာ ဖောင်းခနဲ ပေါက်ကွဲသွားပြီး သူ့မျက်နှာပေါ်ရှိ အသွေးအသားတို့က ဖရိုဖရဲချီများသဖွယ် အရပ်လေးမျက်နှာသို့ ဖြာဆင်းသွား၏။ သူ့ခန္ဓာကိုယ်မှာ တာအိုသစ်ပင်ပေါ်မှ မြောက်တတ်သွားတော့သည်။
ချင်မူမှာ အနောက်သို့ လွင့်ထွက်သွားသော နတ်အရှင်မချန်း၏ ဆွဲယူခြင်းခံရသဖြင့် လှေငယ်မှာလည်း အနောက်ဆုတ်သွားသည်။ ချင်မူက အံတင်းတင်းကြိတ်၍ အနောက်သို့ မြောပါနေသော လှေငယ်ပေါ်တွင် မားမားမတ်မတ် ရပ်နေ၏။ သူ ကပ်ဘေးဓားကို ပြောင်းပြန်ကိုင်ထားလျက် ကောင်းကင်နတ်အရှင်ဟွေ့အား လက်ယှက်အရိုအသေပေးလိုက်ပြန်သည်။
ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်နှာကြီးမှာ ထပ်မံပေါက်ကွဲသွားပြန်၏။ သူ၏ဦးခေါင်းခွံက ရှိနေသေးသော်လည်း မျက်နှာပေါ်တွင် အသွေးအသားတစ်စမှ မကျန်တော့ဘဲ အရိုးဖြူများသာ ရှိတော့ချေပြီ။
သူ၏ခန္ဓာကိုယ်ကြီးကား ဖရိုဖရဲမြူများထဲ လွင့်ထွက်၍ ပျောက်ကွယ်သွားပေတော့မည်။
ချင်မူက မွေးရာပါမူလချီ ဖရိုဖရဲတာအိုတိုက်ကွက်ဖြင့် နောက်တစ်ကြိမ် အရိုအသေပေးလိုက်ရာ ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်နှာမှာ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။ သူ၏ခန္ဓာကိုယ်က ဖရိုဖရဲမြစ်ထဲသို့ ကျလာသည်။ ထိုအခိုက်အတန့်၌ ဧရာမလက်ကြီးတစ်ဖက်က ဖရိုဖရဲမြူများကြားမှ ထွက်လာပြီး ကောင်းကင်နတ်အရှင်ဟွေ့၏ ခန္ဓာကိုယ်ကို လှမ်းဖမ်းလိုက်သည်။
ချင်မူက ဒေါင်လိုက်မျက်လုံးဖြင့် လက်ပိုင်ရှင်ဆီသို့ လှမ်းကြည့်လိုက်၏။ ကောင်းကင်နတ်အရှင်ဟောင်က တာအိုသစ်ပင်တစ်ပင်ပေါ်တွင် ရပ်လျက် သူ့ကို ကြည့်နေလေသည်။
“ကောင်းကင်နတ်အရှင်ဟွေ့ ကျုပ်ကြောင့် ရခဲ့တဲ့ဒဏ်ရာတွေက တစ်သက်လုံး ခံစားသွားရမယ့် သေရာပါ ဒဏ်ရာတွေပဲ… ထိုက်စုတောင် ကုမပေးနိုင်ဘူး”
ချွင်ခနဲ အသံနှင့်အတူ ချင်မူက ကပ်ဘေးဓားအား ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။ သူက ခန္ဓာကိုယ်ကို ဖြေလျော့လိုက်ပြီး လှေငယ်ကို သူ့ဆီ ပြန်ဆွဲလိုက်၏။ ကောင်းကင်နတ်အရှင်ဟောင်၏ အကြည့်အောက်တွင် သူကား ဖရိုဖရဲမြူများထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ရှေးဟောင်းနတ်ဘုရားဘုရင်က အလောတကြီး ရောက်လာပြီး ကောင်းကင်တာအိုရတနာဖြင့် မြူများကို ဖယ်ရှားလိုက်သော်လည်း ချင်မူ့အရိပ်အယောင်ကိုပင် မတွေ့ရပေ။ သူ့မှာ စိတ်ထဲတွင် အံ့သြနေမိသည်။
“ရှေးဟောင်းနတ်ဘုရားဘုရင်၊ နောက်အလှည့်က ခင်ဗျားပဲ” ချင်မူ့အသံက မည်သည့်နေရာကမှန်းမသိ ပျံ့လွင့်လာချေသည်။