ဖြေဆေး မရှိ ၊ မျှော်လင့်ချက်နတ္ထိ
Vol. 116 Ch. 1515
ရှေးဟောင်းနတ်ဘုရားဘုရင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “သတ္တိရှိရင် လာလိုက်လေ”
သူ့မှာ ထိုသို့ ပြောလိုက်သော်လည်း ကောင်းကင်နတ်အရှင်ဟွေ့၏ မရှုမလှအခြေအနေကို မြင်လျှင် ကြောက်ရွံ့သွားမိသည်။ တစ်ယောက်တည်း မလှုပ်ရှားရဲတော့သဖြင့် ကောင်းကင်နတ်အရှင်ဟောင်၏ အနားသို့ မသိမသာ သွားကပ်နေလိုက်သည်။
တာအိုသစ်ပင်ပေါ်တွင် ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်နှာမှာ ရုပ်လုံးမပေါ်တော့သည့်တိုင်အောင် ပျက်စီးနေပြီး မျက်နှာအရိုးတစ်၀က်ကျော်မှာ အစိတ်စိတ်အမွှာမွှာ ကြေနေကြချေပြီ။
ကျိုးကြေနေသော အရိုးများအကြားရှိ ဒဏ်ရာများမှ ဖရိုဖရဲချီအမျှင်များ စီးကျနေသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ပြူးထွက်နေသော ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်လုံးများ၊ ကွဲကြေနေသည့် သူ့နှာခေါင်း၏ အတွင်းပိုင်းနှင့် ဦးနှောက်ကို ပင်လျှင် မြင်နေရ၏။
ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်က ကောင်းကင်နတ်အရှင်ဟွေ့၏ သွားအားလုံး အရည်ပျော်သွားသဖြင့် သုံး၊ ငါးချောင်းသာ ကျန်ရစ်ခဲ့သည်။ သူ၏လျှာကတော့ အကောင်းအတိုင်း ရှိနေသေးသည်။ သူ၏ စုတ်ပြတ်နေသည့် ပါးစပ်မှာ လျှာကို ဖုံးထားမပေးနိုင်သောသဖြင့် လျှာတစ်ဝက်က တွဲလောင်းကျနေသည်။
အတိတ်က ကောင်းကင်နတ်အရှင်ဟွေ့သည် ချောမောခံ့ညားပြီး မြင့်မြတ်တည်ကြည်သော ရုပ်ရည်သွင်ပြင်အား ပိုင်ဆိုင်ခဲ့၏။ အခြားသူများ သူ့ကို မြင်လျှင် လေးစားအားကျရသည့် ဖြောင့်မတ်သော အရှိန်အဝါလည်း ဝန်းရံနေခဲ့သူ ဖြစ်သည်။
ယခုတွင်တော့ မည်သူမှ စေ့စေ့မကြည့်ရဲသည်အထိ ရုပ်ဆိုးအကျည်းတန်သွားခဲ့လေပြီ။ သူ့မှာ အလွန်တရာ သနားစဖွယ်အခြေအနေသို့ ရောက်ရှိနေ၏။
သူ၏လက်တစ်ဖက်က ပြတ်နေသည်သာမက ကျန်လက်တစ်ဖက်မှာလည်း ဓားခုတ်ရာများနှင့် ပြည့်နေကာ အရိုးများသာ ကျန်ရစ်တော့သည်။
ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်အရှင်ဟွေ့၏ ဒဏ်ရာကို အသေးစိတ် စစ်ဆေးကြည့်ပြီးနောက် လက်မြှောက်၍ ကောင်းကင်နတ်အရှင်ဟွေ့၏ အရိုးလက်ကို ပခုံးမှ ခုတ်ချလိုက်၏။ သူက ခပ်ဩဩလေသံဖြင့် မေးသည်။ “ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းနဲ့ မင်းရဲ့လက်တွေကို ပြန်ဖန်ဆင်းနိုင်လား”
ကောင်းကင်နတ်အရှင်ဟွေ့မှာ တိတ်ဆိတ်ငြိမ်သက်နေလေသည်။
ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလျက် အေးအေးလူလူ ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုအတွက် မင်းလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကိုယ်ပွားတစ်ယောက် လွှတ်ထားပြီး ပြုပြင်ပြောင်းလဲမှုရလဒ်ကို တိတ်တဆိတ် သင်ယူခဲ့တယ်မလား… ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဖန်ဆင်းခြင်းကျင့်စဉ်တွေကို မသင်ယူရသေးတာတော့ မဟုတ်ဘူးမလား..”
ကောင်းကင်နတ်အရှင်ဟွေ့က အက်ကွဲနေသော လေသံဖြင့် ဖြေ၏။ “တကယ်ပဲ နောင်တော်ဟောင်ဆီက ဖုံးကွယ်ထားလို့ မရပါဘူး”
သူက ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်ရာ လက်ပြတ်နှစ်ဖက်စီမှ အသွေးအသားနှင့် အရိုးများ လူးလွန့်ပေါက်လာကြသည်။ မကြာမီ ကလေးတစ်ယောက်၏လက်ကဲ့သို့ ပိန်ပါးတိုတောင်းနေသော လက်နှစ်ဖက် ထွက်ပေါ်လာခဲ့ချေပြီ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် လက်ဆင့်ကမ်းခဲ့သည့် ကျင့်စဉ်တို့သည် ပြုပြင်ပြောင်းလဲမှု၏ အခြေခံအပေါ် မူတည်ထားကြခြင်းဖြစ်၏။ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာ မရှိလျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကျင့်စဉ်များအား ကျင့်ကြံရန် အလွန်တရာ ခက်ခဲသည်။
ကောင်းကင်နတ်အရှင်ဟွေ့ကား ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာကို မဖွင့်ရသေးပေ။ ကောင်းကင်နတ်မြစ်ကို ဖွင့်ခြင်းက သူ့အတွက် အင်မတန် အန္တရာယ်များ၏။ ထို့ကြောင့် သူ၏လူဝင်စားက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကျင့်စဉ်များအား ကျင့်ကြံခဲ့ပြီး ပင်မခန္ဓာကိုယ်ကတော့ သမားရိုးကျ ကောင်းကင်တံတား ကောင်းကင်ရတနာလမ်းစဉ်ကိုသာ ကျင့်ကြံခဲ့သည်။
သူ၏ကိုယ်ပိုင်သိမြင်နားလည်မှုအရ ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းကို တစ်ခါတည်းသာ အသက်သွင်းနိုင်သည်။ သို့သော် သူ အသက်သွင်းခဲ့သည့် ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းမှာ သူ၏မူလဝိညာဉ်နှင့် ရုပ်ခန္ဓာကို ပြီးပြည့်စုံစွာ ပြန်လည်ပေါက်ဖွားလာရန် မပြုလုပ်ပေးနိုင်သည်မှာ သိသာလှသည်။ ၎င်းက ချင်မူ့ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းကဲ့သို့ လျင်မြန်တိကျခြင်း မရှိပေ။
သူ၏တိုတောင်းလှသော လက်များ မူလအခြေအနေသို့ ပြန်လည်ရောက်ရန် စောင့်ဆိုင်းရပေလိမ့်မည်။ ရက်အနည်းငယ် ကြာနိုင်၏။
ကောင်းကင်နတ်အရှင်ဟောင်က ပြုံးသည်။ “သူ့ကောင်းကင်နတ်သိုင်းတွေကြောင့် ရခဲ့တဲ့ဒဏ်ရာတွေကို ဘယ်သူကမှ မကုသနိုင်ဘူးလို့ ကောင်းကင်နတ်အရှင်မူက ကြွားလုံးထုတ်ခဲ့တာ… ကြည့်ရသလောက်တော့ အပြောသက်သက်ပဲ ထင်ပါတယ်”
ကောင်းကင်နတ်အရှင်ဟွေ့၏ အသံက ပို၍အက်ကွဲလာသည်။ “ကျုပ်မျက်နှာက ဒဏ်ရာတွေကို ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းနဲ့ ကုလို့မရဘူး”
ကောင်းကင်နတ်အရှင်ဟောင်မှာ အနည်းငယ် အံ့အားသင့်သွားသည်။ သူ ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်နှာကို အသေအချာ စစ်ဆေးကြည့်လိုက်သည့်အခါ မည်သည့်အသွေးအသားမှ ထွက်ပေါ်မလာဘဲ ယခင်အတိုင်း ဖြစ်နေသေးကြောင်း တွေ့လိုက်ရ၏။
ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းက မျက်နှာတွင် လုံးဝ အသုံးမဝင်ပေ။
ကောင်းကင်နတ်အရှင်ဟောင်က တခဏတွေးတောပြီးနောက် နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်သည်။ “ရှေးဟောင်းနတ်ဘုရားဘုရင်၊ သူ့မျက်နှာက ဒဏ်ရာအကုန်လုံး ခုတ်ပစ်လိုက်”
ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်နတ်အရှင်ဟွေ့ ရှေ့သို့ လျှောက်သွားပြီး ပြုံးလျက် မေး၏။ “ကောင်းကင်နတ်အရှင်ဟွေ့၊ ခင်ဗျားရဲ့ မျက်နှာပေါ်က ဒဏ်ရာတွေမှာ နွားကျောင်းသားရဲ့ မှော်စွမ်းအင် အစအနတွေ ကျန်နေသေးတယ်… သူ့ရဲ့မှော်စွမ်းအင်ကို ချိုးဖျက်ဖို့ မလွယ်ကူတဲ့အတွက် သူ့ရဲ့မှော်စွမ်းအင်ရော၊ ခင်ဗျားရဲ့ ဒဏ်ရာတွေကိုပါ ဖြတ်တောက်ပစ်ရလိမ့်မယ်… ဒါပေမဲ့ ဒဏ်ရာက နက်လွန်းတယ်.. ခင်ဗျားရဲ့ မျက်လုံးနဲ့ လျှာကိုပါ ဖြတ်တောက်ပစ်ရမှာ … ဦးနှောက်တစ်ခြမ်းတောင် ပါလောက်မယ်ထင်တယ်… ကျုပ်ကို လုပ်စေချင်ရဲ့လား”
ကောင်းကင်နတ်အရှင်ဟွေ့က ထိုနေရာတွင် မလှုပ်မယှက် ရပ်နေသည်။ “လုပ်စရာရှိတာ လုပ်ပါ ရှေးဟောင်းနတ်ဘုရားဘုရင်”
ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်တာအိုရတနာအား ကောင်းကင်ဓားအသွင် ပြောင်းလဲသွားစေသည်။ သူက ၎င်းကို လွှဲရမ်းလိုက်ရင်း ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်နှာကို ခုတ်ချလိုက်၏။ ကောင်းကင်နတ်အရှင်ဟွေ့၏ လျှာ၊ မျက်လုံးများနှင့် ဦးနှောက်တစ်ခြမ်းမှာ ခုတ်ပိုင်းခံလိုက်ရတော့သည်။
ခေါင်းတစ်ခြမ်း အခုတ်ခံလိုက်ရခြင်းက ကြောက်စရာကောင်းသောအရာပင်။ သူ၏ကျန်ရှိသော ဦးနှောက်တစ်ဝက်သည် ဦးခေါင်းခွံထဲမှ ထွက်ကျလာနိုင်၏။ သို့သော် ကောင်းကင်နတ်အရှင်ဟွေ့ကား ထိုနေရာ၌သာ တည်ငြိမ်အေးဆေးစွာ ရပ်နေလေသည်။ တည်ငြိမ်အေးဆေးလွန်းနေသဖြင့် ရှေးဟောင်းနတ်ဘုရားဘုရင်ပင်လျှင် အတော်လေး လေးစားမိသွားသည်။
သို့သော် နောက်တခဏတွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အရာတစ်ခုဖြစ်ပေါ်လာ၏။ ကောင်းကင်နတ်အရှင်ဟွေ့မှာ ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းကို သုံးလိုက်သော်လည်း ပြန်ထွက်လာသည့် မျက်နှာတွင် မည်သည့်အရေပြားနှင့် အသွေးအသားမှ မရှိပေ။ ကျိုးနေသောအရိုးများ၊ လျှာနှင့် မျက်လုံးတို့ကို အတိုင်းသားမြင်နေရဆဲ ဖြစ်သည်။
ကောင်းကင်နတ်အရှင်ဟွေ့မှာ နောက်ဆုံးတော့ တည်ငြိမ်အေးဆေးမနေနိုင်တော့ပေ။ သူ၏လက်ကလေးနှစ်ဖက်မှာ တုန်ရီသွားပြီး ၎င်းတို့ကို ခက်ခက်ခဲခဲမြှောက်ကာ သူ၏မျက်နှာကို ထိကြည့်လိုက်သည်။ သို့သော် လက်များက တိုလွန်းနေသဖြင့် မထိနိုင်ပေ။
ထိုမျှသာမက သူ ထိကြည့်ပါက ပို၍ပင် စိတ်ဓာတ်ပြိုလဲသွားပေလိမ့်မည်။
ရှေးဟောင်းနတ်ဘုရားဘုရင်က နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ မျက်မှောင်ကြုတ်လိုက်သည်။
သဘောတရားအရ ဒဏ်ရာကို ဖြတ်တောက်ပြီးသည်နှင့် ချင်မူ့ကောင်းကင်နတ်သိုင်းပါ ဖြတ်တောက်ခံရလိမ့်မည် ဖြစ်သည်။ ချင်မူ့ကောင်းကင်နတ်သိုင်း မရှိတော့ပါက ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်နှာအသစ်သည် မူလအခြေအနေသို့ ပြန်လည်ကောင်းမွန်သွားကာ ဒဏ်ရာနှင့် တစ်ထေရာတည်းတူသော မျက်နှာ ပြန်ထွက်လာလိမ့်မည် မဟုတ်ပေ။
၎င်းကို မျက်နှာတစ်ခုဟုပင် ခေါ်ဆို၍ မရနိုင်ချေ။
ထူးဆန်းသည်က ကောင်းကင်နတ်အရှင်ဟွေ့ ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည့်အချိန်တွင် ထွက်ပေါ်လာခဲ့သော မျက်နှာမှာ ယခင်မျက်နှာ မဟုတ်ဘဲ ဒဏ်ရာရနေသည့် မျက်နှာသာ ဖြစ်နေ၏။
ကောင်းကင်နတ်အရှင်ဟွေ့က အက်ကွဲတုန်ရီနေသော အသံဖြင့် ပြောသည်။ “ရှေးဟောင်းနတ်ဘုရားဘုရင်၊ နောက်တစ်ခါ ခုတ်လိုက်ပါ”
ရှေးဟောင်းနတ်ဘုရားဘုရင်လည်း မျက်မှောင်ကြုတ်၍ ထပ်မံခုတ်ချလိုက်ပြန်သည်။ ရုပ်ဆိုးဆိုးမျက်နှာက မြေပေါ်ပြုတ်ကျသွား၏။ ကောင်းကင်နတ်အရှင်ဟွေ့က ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်ပြန်သည်။ နောက်ထပ်မျက်နှာတစ်ခု ထွက်ပေါ်လာပြီး ၎င်းက ယခုလေးတင် ဖြတ်လိုက်သည်မျက်နှာနှင့် တူကာ အင်မတန် ရုပ်ဆိုးနေသေး၏။
“နောက်တစ်ခေါက်” ကောင်းကင်နတ်အရှင်ဟွေ့မှာ စိတ်ဓာတ်ပြိုလဲတော့မည့်ဆဲဆဲ ဖြစ်နေ၍ သူ၏လေသံက မာကြောခက်ထန်နေသည်။
ရှေးဟောင်းနတ်ဘုရားဘုရင်က ခေါင်းခါလိုက်သည်။ “အသုံးမဝင်တော့ဘူး ကောင်းကင်နတ်အရှင်ဟွေ့… ကောင်းကင်နတ်အရှင်မူ၊ ခင်ဗျားကို ဒဏ်ရာရစေခဲ့တုန်းက ထူးဆန်းတဲ့ ကောင်းကင်နတ်သိုင်းတစ်မျိုးကို သုံးခဲ့တာဖြစ်ရမယ်… ခင်ဗျား အဲဒီကောင်းကင်နတ်သိုင်းကို အဖြေမရှာနိုင်ရင် ခင်ဗျားရဲ့ရုပ်ရည်ကို ပြန်ရနိုင်တော့မှာ မဟုတ်ဘူး… ကျုပ် ခင်ဗျားရဲ့မျက်နှာကို ဘယ်လောက်ပဲခုတ်ပစ်ပစ် အသုံးမဝင်တော့ဘူး”
ကောင်းကင်နတ်အရှင်ဟွေ့က ဒေါသတကြီး အော်ဟစ်လိုက်ရင်း သူ၏မှော်စွမ်းအင်ကို အသက်သွင်း၍ မျက်နှာဆီသို့ ပို့လွှတ်လိုက်သည်။ မီးတောက်များက သူ၏မျက်နှာတွင် ပြင်းထန်စွာ လောင်ကျွမ်းနေကြ၏။
သူက ချင်မူ့ကောင်းကင်နတ်သိုင်း အကြွင်းအကျန်များကို ရှာဖွေကာ ဖယ်ရှားပစ်ရန် ကြိုးစားနေသည်။
သူ ချင်မူ့ကောင်းကင်နတ်သိုင်းကို ဖယ်ရှားပစ်သရွေ့ ကုသနိုင်ပေလိမ့်မည်။
သို့သော် သူ၏မီးတာအိုသည် မည်မျှပင် အားကောင်းပြင်းထန်ပါစေ ချင်မူ့ကောင်းကင်နတ်သိုင်း၏ အစအနကို ရှာမတွေ့ချေ။ လုံးဝမရှိသည့်အလားပင်။
ကောင်းကင်နတ်အရှင်ဟွေ့မှာ ခံပြင်းနာကျင်စွာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏မီးတောက်များက မျက်နှာကို အဆက်မပြတ် တိုက်စားနေသော်လည်း အကြွင်းအကျန်ကောင်းကင်နတ်သိုင်း၏ တုံ့ပြန်မှုတစ်စုံတရာ မတွေ့ရပေ။
ရန်သူ သို့မဟုတ် တုံပြန်မှုမရှိလျှင် သူ၏ သိုင်းကွက်မှာ လုံးလုံးလျားလျား အသုံးမဝင်ပေ။
“ငါလည်း ဒီလိုဒဏ်ရာမျိုးကို မကုနိုင်ဘူး”
ကောင်းကင်နတ်အရှင်ဟောင်၏ အနောက်မှ အသံတစ်သံ ထွက်လာသည်။ “ဒါက ဓားတာအိုလည်း မဟုတ်သလို ထိုက်စုလမ်းစဉ်၊ ထိုက်ချူလမ်းစဉ်နဲ့ ထိုက်ရှီလမ်းစဉ်တို့လည်း မဟုတ်ဘူး… ဒါပေမဲ့ မဟာတာအိုသိုင်းကွက်မျိုးစုံ ပါဝင်နေတယ်… အဲ့ဒီထဲမှာ ဖန်ဆင်းခြင်းတာအိုနဲ့ ကောင်းကင်ယင်သားတော် သိမြင်နားလည်ထားတဲ့ ဘဝပြန်ဝင်စားခြင်းတာအိုလည်း ကိန်းအောင်းနေတယ်”
ကောင်းကင်နတ်အရှင်ဟွေ့မှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေပြီး မီးတာအိုကို အပြင်းအထန် အသက်သွင်းနေသည်။
ထိုက်စုက ဆက်ပြော၏။ “သူ့တာအိုဓား နင့်မျက်နှာကို တိုက်ခိုက်တုန်းက နင့်ခန္ဓာကိုယ်ကို ကျူးကျော်ဖို့ သူ့ရဲ့ မဟာတာအိုကောင်းကင်နတ်သိုင်းကို အသက်သွင်းခဲ့ပြီးသား ဖြစ်နိုင်တယ်”
ကောင်းကင်နတ်အရှင်ဟွေ့က သူ့ကိုယ်သူ တည်ငြိမ်စေလိုက်သည်။ သူ၏မျက်လုံးများက သွေးချင်းနီနေပြီး ကောင်းကင်နတ်အရှင်ဟောင်၏ အနောက်သို့ လှမ်းကြည့်နေ၏။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ပြောပြပေးပါ အရှင်မ… သူ့ကောင်းကင်နတ်သိုင်း ကျုပ်ခန္ဓာကိုယ်ထဲ ဘယ်လိုဝင်ရောက်လာသလဲ သိချင်တယ်”
“ကောင်းကင်နတ်သိုင်းတွေအနေနဲ့ ကောင်းကင်နတ်အရှင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်ဖို့ သိပ်ကိုခက်ခဲတယ်… ကောင်းကင်နတ်အရှင်ရဲ့ ခုခံမှုတွေကို ဖြတ်ကျော်ရတဲ့အတွက်ကြောင့်မလို့ပေါ့… ဒါပေမဲ့ ငါနဲ့ ထိုက်ချူလို ရှေးဟောင်းနတ်ဘုရားတွေအတွက်ကတော့ သိပ်မခက်ဘူး…”
ကောင်းကင်နတ်အရှင်ဟောင်၏ အနောက်တွင် အရိပ်တစ်ခု လှုပ်ရှားသွားပြီး ထိုက်စုအသံက ထိုနေရာမှ ထွက်ပေါ်လာသည်။ “ထိုက်ချူတာအိုကို အသိစိတ်အလျဉ်နဲ့ မွေးရာပါချီဆိုပြီး ခွဲခြားထားတယ်…. မဟာဧကရာဇ်က အသိစိတ်အလျဉ်ပဲ သိမြင်နားလည်ထားပေမယ့် တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းတယ်… သူ့အသိစိတ်အလျဉ် နင်တို့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာရင် မခုခံနိုင်ဘူးမလား”
ကောင်းကင်နတ်အရှင်ဟောင်နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်က ခေါင်းညိတ်လိုက်ကြသည်။
“ကောင်းကင်နတ်အရှင်မူက ထိုက်စုတာအို၊ ထိုက်ချုတာအို၊ ထိုက်ကျိတာအိုနဲ့ ထိုက်ရှီတာအိုတို့မှာ အတော်လေး ကျွမ်းကျင်တယ်… သူ နင့်မျက်နှာကို တိုက်ခိုက်ခဲ့တုန်းက မဟာတာအိုလေးခုထဲက တစ်ခုကို သုံးခဲ့တာဖြစ်မယ်”
“ဟုတ်တယ်မလား”
ကောင်းကင်နတ်အရှင်ဟွေ့က ခေါင်းညိတ်သည်။ “သူ့ ဓားသိုင်းကွက်က တော်တော်ထူးဆန်းတယ်… သူက ဓားကို ကိုင်ပြီး ဦးညွှတ်အရိုအသေ ပေးလိုက်တာ… အဲဒီအချိန် ဖရိုဖရဲချီတွေထဲကနေ ဓားတစ်ချောင်း ထွက်တာလာကို ခံစားလိုက်ရပေမယ့် မရှောင်နိုင်ခဲ့ဘူး… ဓား ကျုပ်မျက်နှာကို ထိုးစိုက်သွားခဲ့တုန်းက ဖရိုဖရဲချီတွေကိုပဲ မြင်ခဲ့ရတယ်…”
“အဲ့ဒါက ထိုက်ချူတာအိုကနေ ဆင့်ကဲပြောင်းလဲထားတဲ့ ကောင်းကင်နတ်သိုင်းတစ်ခုပဲ… ဒီကောင်းကင်နတ်သိုင်းက ဓားရောင်ဖြတ်သွားတဲ့အရာတိုင်းကို ဖရိုဖရဲချီအဖြစ် ပြောင်းလဲလိုက်တာ… နင့်မျက်နှာကို သူ တိုက်ခိုက်လိုက်တဲ့အချိန်မှာ ထိုက်ချူတာအိုက ခန္ဓာကိုယ်ထဲ ကျူးကျော်ဝင်ရောက်ပြီး နောက်ထပ်ကောင်းကင်နတ်သိုင်းတစ်ခုကို ထိုးသွင်းလိုက်ပြီးပြီ… နင့်မျက်နှာ ဘယ်နှကြိမ်တိုက်ခိုက်ခံခဲ့ရလဲ”
ကောင်းကင်နတ်အရှင်ဟွေ့၏ နှလုံးသားထဲတွင် မျှော်လင့်ချက်ရောင်ခြည် တောက်ပလာသည်။ သူက အလျင်အမြန် ဖြေလိုက်၏။ “သူ သုံးကြိမ် အရိုအသေပေးပြီးတဲ့အချိန်မှာပဲ နတ်အရှင်မချန်းက သူ့ကို ဆွဲခေါ်သွားတာ”
“အဲ့ဒါဆို သုံးကြိမ် တိုက်ခိုက်ခံရတဲ့ အဓိပ္ပာယ်ပေါ့”
ကောင်းကင်နတ်အရှင်ဟောင်၏ အနောက်ရှိ အရိပ်က လှုပ်ရှားသွားပြီး ကောင်းကင်နတ်အရှင်ဟွေ့အရှေ့သို့ ရောက်ရှိလာသည်။ ၎င်းက ကောင်းကင်နတ်အရှင်ဟွေ့၏ ခန္ဓာကိုယ်အား ခေါင်းအစအခြေအဆုံး ကြည့်ပြီးနောက် ခန္ဓာကိုယ်ထဲ ရုတ်တရက် ဝင်ရောက်သွား၏။ ထို့နောက် ကျောမှ ပြန်ထွက်လာကာ ကောင်းကင်နတ်အရှင်ဟောင်အနောက်တွင် ပြန်လည်မျောလွင့်နေသည်။
“ကောင်းကင်နတ်အရှင်မူက ပထမဦးဆုံးတိုက်ကွက် မွေးရာပါမူလချီသိုင်းကွက်နဲ့အတူ ထိုက်စုတာအိုနဲ့ ထိုက်ကျိတာအိုကို နင့်ခန္ဓာကိုယ်ထဲ ထိုးသွင်းခဲ့တယ်… နင့်ရဲ့ခန္ဓာကိုယ်ကို အသွင်သဏ္ဍာန် ရှိပေမယ့် ဒြပ်ထုမရှိတဲ့ အခြေအနေ ရောက်စေခဲ့ပြီးတော့ သူ ပြောင်းလဲလို့ လွယ်ကူအောင် လုပ်ခဲ့တယ်…. ပထမတိုက်ကွက်ပြီးတော့ နင် ဘာမှထူးဆန်းတာ မခံစားရခဲ့ပေမယ့် နင့်ရဲ့ခန္ဓာကိုယ်က အဆင့်သုံးဆင့်ကို ဖြတ်သန်းပြီးနေပြီ”
ကောင်းကင်နတ်အရှင်ဟောင်၏ အနောက်မှ ထွက်ပေါ်လာနေသော ထိုက်စုအသံသည် ကြားရသူတစ်ဦးချင်းစီအပေါ် မူတည်၍ ပြောင်းလဲနေ၏။ “ပထမအဆင့် ရုပ်ခန္ဓာမရှိ၊ ဒြပ်ထုမရှိတဲ့ ထိုက်ရှီအဆင့်ပဲ… ဒုတိယအဆင့်က ဒြပ်ထုရှိပေမယ့် ခန္ဓာမရှိတဲ့အဆင့် … တတိယအဆင့်က ဒြပ်ထုရော၊ ရုပ်ခန္ဓာပါ ရှိတဲ့ အဆင့်… နင့်ရဲ့ မဟာတာအိုနဲ့ သိုင်းအခြေခံမှာ ဘာပြောင်းလဲမှုမှ မရှိခဲ့တဲ့အတွက် နင် သတိမထားမိခဲ့တာ… သတိမထားမိရင် သူ့ရဲ့ ဒုတိယတိုက်ကွက်ကို ခုခံဖို့ ခက်တယ်”
ကောင်းကင်နတ်အရှင်ဟောင်နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်မှာ သူမ အဖြေထုတ်ပြနေသည့် ချင်မူ့သိုင်းကွက်ကို နားထောင်ရင်း ကြက်သီးမွှေးညှင်းများ ထနေကြသည်။
သူတို့၏ကျောရိုးတစ်လျှောက် အေးစိမ့်တက်လာပြီး ဦးခေါင်းအနောက်မှ ဦးနှောက်ထဲအထိ ဝင်ရောက်သွား၏။
“ဒုတိယတိုက်ကွက်က မွေးရာပါမူလချီ ဖြစ်နေတုန်းပဲ… ဒီတိုက်ကွက် နင့်ရဲ့မျက်နှာထဲ ဝင်ရောက်တဲ့အချိန်မှာ ဒုတိယအဆင့် စတင်တယ် … သူက ကောင်းကင်ယင်သားတော်ရဲ့ ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်းကို မူလချီနဲ့အတူ နင့်ရဲ့ခန္ဓာကိုယ်ထဲ ထိုးသွင်းခဲ့တယ်… ဘဝပြန်ဝင်စားခြင်းတာအို၊ ထိုက်စုတာအိုနဲ့ ပူးပေါင်းသွားတဲ့အခါမှာတော့ နင်ရဲ့ ရုပ်ခန္ဓာဖွဲ့စည်းပုံဟာ လုံးဝပြောင်းလဲသွားလိမ့်မယ်”
ထိုက်စု ဆက်ပြောလေလေ အားလုံးမှာ ပိုမိုကြောက်ရွံ့လာကြလေလေဖြစ်သည်။
“တစ်ချိန်တည်းမှာပဲ ဖန်ဆင်းခြင်းတာအိုကိုလည်း နင့်ခန္ဓာကိုယ်ထဲ ထည့်ခဲ့တယ်… အဲ့ဒါက သူ့ရဲ့ ဒုတိယမြောက် ကောင်းကင်နတ်သိုင်းပဲ”
“တတိယတိုက်ကွက်ကလည်း မွေးရာပါမူလချီ ဖြစ်နေတုန်းပဲ… အဲဒါက မျက်နှာကို တိုက်ခိုက်တယ်… ဒီတိုက်ကွက်က အလိုလိုကို အံ့သြစရာကောင်းနေပြီ… သူက မှော်စွမ်းအင်ကို နင့်ခန္ဓာကိုယ်ထဲ ထည့်ခဲ့တယ်… အဲဒါက တတိယအဆင့်ပဲ”
ထိုက်စု၏ စကားလုံးများတွင် လေးစားနေသည့် အရိပ်အယောင်များ ပါနေပြီး သူမက ချီးကျူးလိုက်သည်။ “သူ့ မှော်စွမ်းအင် နင့်ရဲ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့အချိန်မှာ ခန္ဓာကိုယ်က ဖန်ဆင်းခြင်းတာအိုနဲ့ ပေါင်းစည်းနေပြီ… တစ်ချိန်တည်းမှာပဲ ထိုက်ကျိတိုက်ကွက်ရဲ့ တတိယအဆင့်က ပေါ်လာပြီး နင့်ခန္ဓာကိုယ်ကို အတိတ်တုန်းကအတိုင်း ပြန်ဖြစ်စေခဲ့တယ်… ဒါပေမဲ့ အဲဒီအတိတ်က တကယ့်အတိတ် မဟုတ်ဘူး”
သူမစကားလုံးများထဲရှိ လေးစားမှုများက ပို၍မြင်သာလာပြီး သူမမှာ တအံ့တဩပင် ရေရွတ်မိလုနီးပါး ဖြစ်သွား၏။ သူမက ဆက်ပြောသည်။ “ဒီအတိတ်က နင်ရဲ့မျက်နှာ သူ့ကြောင့် သုံးကြိမ်တိတိ တိုက်ခိုက်ခံခဲ့ရပြီးတဲ့ အတိတ်ပဲ…နင့်မျက်နှာကို အခုပုံစံနဲ့ ထာဝရတည်ရှိနေအောင် လုပ်လိုက်တာ”
သူမက အော်ရယ်လိုက်သည်။ “ကောင်းကင်နတ်အရှင်ဟွေ့၊ ကောင်းကင်နတ်အရှင်မူရဲ့ သိုင်းအဆင့်က နင့်အောက် အများကြီးနိမ့်ကျနေတာကို ကျေးဇူးတင်လိုက် … နတ်အရှင်မချန်း သူ့ကို ဆွဲခေါ်သွားတာကိုလည်း ကျေးဇူးတင်သင့်တယ်… သူ့မှော်စွမ်းအင်က နင့်အောက် နိမ့်ကျတဲ့အတွက် အဲဒီသိုင်းကွက်သုံးကွက်က ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့မသွားခဲ့ဘဲ … နင့်ဦးခေါင်းရဲ့ တည်ဆောက်ပုံကိုပဲ ပြောင်းလဲနိုင်ခဲ့တာ… အဲ့ဒါတွေသာ ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားရင် နင် လက်နှစ်ဖက်တောင် ပြန်ပေါက်လာနိုင်မှာ မဟုတ်ဘူး”
ကောင်းကင်နတ်အရှင်ဟွေ့၏ ဒေါသမီးတောက်များက ကောင်းကင်အထိ ထိုးတက်သွားပြီး သူ့ဦးခေါင်းအပေါ်ရှိ ဖရိုဖရဲချီများကို လွင့်ပြယ်သွားစေသည်။
သူ အပြင်းအထန် ဒဏ်ရာရထားသည်အား ဤမိန်းမက ရယ်နေနိုင်သေးသည်။ သူ့အနေဖြင့် သည်းမခံနိုင်ပေ။
ရုတ်တရက် ကောင်းကင်နတ်အရှင်ဟောင်၏အသံက အချိန်ကိုက်ထွက်ပေါ်လာသည်။ သူက မှင်သေသေ ပြောသည်။ “ကံကောင်းလို့ ကောင်းကင်နတ်အရှင်မူရဲ့ သိုင်းအဆင့်က အားနည်းနေတဲ့အတွက် သူ အသက်အန္တရာယ် မရှိခဲ့တာ…. အဆိုးထဲက အကောင်းပေါ့လေ”
ကောင်းကင်နတ်အရှင်ဟွေ့မှာ ထိုအသံကို ကြားလျှင် ဒေါသများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး စိတ်ထိန်းချုပ်လိုက်၏။
ကောင်းကင်နတ်အရှင်ဟောင်က ဆက်ပြောသည်။ “ဒေါ်လေး၊ ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ ဒဏ်ရာတွေကို ကုပေးနိုင်လား”
“ငါ မလုပ်နိုင်ဘူး”
ထိုက်စုက ပြော၏။ “ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ ခန္ဓာကိုယ်ထဲ နက်နက်ရှိုင်းရှိုင်း ရောက်နေတဲ့ ကောင်းကင်နတ်သိုင်းကို ဖျက်ဆီးနိုင်စွမ်း မရှိသလို သူ့ခန္ဓာကိုယ်ထဲက ဘဝပြန်ဝင်စားခြင်းတာအိုနဲ့ ဖန်ဆင်းခြင်းတာအိုကိုလည်း မချိုးဖျက်နိုင်ဘူး…. ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ အထွတ်အထိပ်အဆင့်ကို ပြန်ရောက်သွားပြီး သူ့အသိစိတ်အလျဉ်နဲ့ ထိုက်ချူတာအိုကို ပေါင်းစည်းနိုင်တဲ့အချိန်မှပဲ ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ ဒဏ်ရာတွေကို ကုပေးနိုင်လိမ့်မယ်”
ကောင်းကင်နတ်အရှင်ဟောင်က မျက်ခုံးပင့်လိုက်သည်။
“အဲဒီအချိန်ကျရင် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူအနေနဲ့ ထိုက်ချူတာအို သုံးပြီး ကောင်းကင်နတ်အရှင်ဟွေ့ကို မွေးရာပါမူလချီအဖြစ် ပြောင်းလဲပေးရလိမ့်မယ်... ပြီးရင် ထိုက်ရှီက အဲဒီမွေးရာပါမူလချီကို ထိုက်ရှီအသွင်ဖြစ်တဲ့ ရုပ်ခန္ဓာမရှိ၊ ဒြပ်ထုမရှိတဲ့ အခြေအနေအဖြစ် ပြောင်းပေးမယ်... သူပြီးတော့မှ ငါက အဲဒီအခြေအနေကို ရုပ်ခန္ဓာရှိပြီး ဒြပ်ထုမရှိတဲ့ အခြေအနေ ပြန်ပြောင်းပေးရမှာ... ကောင်းကင်နတ်အရှင်မူ ဖန်တီးထားတဲ့ ဘဝပြန်ဝင်စားခြင်းတာအိုကို ဖျက်စီးပေးဖို့ ကောင်းကင်ယင်သားတော်ကိုလည်း လိုအပ်တယ်... ပြီးတော့ မှော်စွမ်းအင်ကို ချိုးဖျက်ပေးဖို့အတွက် ကောင်းကင်နတ်အရှင်လင်”
နတ်ဘုရားမထိုက်စုက ပြောသည်။ “ပြီးရင် သူ့ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ဖို့ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးကို လိုအပ်တယ်… ဆိုတော့…”
သူမက တည်ငြိမ်အေးဆေးစွာ ပြောသည်။ “မျှော်လင့်ချက် မရှိတော့ဘူး”
ကောင်းကင်နတ်အရှင်ဟွေ့မှာ နှလုံးသားအား ရေခဲရေဖြင့် လောင်းချခံလိုက်ရသကဲ့သို့ ချောက်နက်တစ်ခုထဲ ကျဆင်းသွားသကဲ့သို့ လစ်ဟာသွား၏။
ကောင်းကင်ယင်သားတော်နှင့် ထိုက်စုက အဆင်ပြေသော်လည်း အခြားသူများကတော့ သူ့ကို ကယ်တင်ပေးကြမည်မဟုတ်ပေ။
ကောင်းကင်နတ်အရှင်ဟောင်က မျက်မှောင်ကြုတ်လျက် မေးသည်။ “ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ ဒဏ်ရာတွေက သူ့ခွန်အားအပေါ် ထိခိုက်နိုင်လား”
“သက်ရောက်မှုတော့ ရှိနိုင်ပေမယ့် အများကြီး မဟုတ်ပါဘူး”
ကောင်းကင်နတ်အရှင်ဟောင်က စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်သည်။ “သူ့ခွန်အားကို သက်ရောက်မှု သိပ်မရှိတာ ကံကောင်းတာပဲ… ကောင်းကင်နတ်အရှင်ဟွေ့၊ ယောက်ျားတစ်ယောက်က ရည်မှန်းချက်ကြီးကြီး ရှိဖို့ပဲ လိုတာ… ရုပ်ရည်သွင်ပြင်က အရေးမပါဘူး…မျက်နှာဖုံး ဝတ်ထားလို့ရတာပဲလေ”
ကောင်းကင်နတ်အရှင်ဟွေ့က သဘောတူလိုက်သည်။
ကောင်းကင်နတ်အရှင်ဟောင်က ရှေးဟောင်းနတ်ဘုရားဘုရင်ကို ပြောသည်။ “တစ်ယောက်တည်း ကောင်းကင်နတ်အရှင်မူကို သွားမရှာနဲ့… နတ်အရှင်မချန်းက သူနဲ့ ရှိတယ်… မင်း သူတို့နဲ့ မယှဉ်နိုင်ဘူး”
ရှေးဟောင်းနတ်ဘုရားဘုရင်က ရယ်မောလိုက်လေသည်။ “သူ့ကို ကျုပ်က ဘာလို့ကြောက်ရမှာလဲ… ဒါပေမဲ့ ဒီကောင်းကင်နတ်သိုင်းက တော်တော်ကို ထူးဆန်းတယ်.. ကောင်းကင်နတ်အရှင်ကုန်းရော ဘယ်မှာလဲ”