← Chapters

တို့မောင်နှမ

Vol. 116 Ch. 1516 (1)

တို့မောင်နှမ

Vol. 116 Ch. 1516 (1)

ရှေးဟောင်းနတ်ဘုရားဘုရင် ထိုသို့မေးလိုက်သည့်အချိန်မှာပင် ကောင်းကင်နတ်အရှင်ကုန်း၏ အသိစိတ်အလျဉ်သည် အသံအဖြစ် ပျံ့လွင့်လာ၏။ “စိတ်မပူပါနဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်… ကျွန်မ သူတို့နှစ်ယောက်ကို တစ်ယောက်တည်း သွားမရှာပါဘူး… ကောင်းကင်နတ်အရှင်ရှုနဲ့ ကျွန်မ တွေ့နေပြီမလို့ အန္တရာယ်မရှိပါဘူး … ဒါ့အပြင် ကောင်းကင်နတ်အရှင်မူနဲ့ နတ်အရှင်မချန်းကို သွားရှာရင်တောင်မှ နတ်အရှင်မချန်းက ကျွန်မကို တိုက်ခိုက်မှာမဟုတ်ဘူး…. ကောင်းကင်နတ်အရှင်မူလည်း ကျွန်မကို ဘာမှမလုပ်နိုင်ဘူး”

ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားသည်။ ကောင်းကင်နတ်အရှင်ကုန်းကား သတိကြီးသော မိန်းမပင်။ သူမသာ ကောင်းကင်နတ်အရှင်ရှုနှင့် ပူးပေါင်းလိုက်ပါက ချင်မူနှင့် နတ်အရှင်မချန်းအနေဖြင့် သူမအား ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ချေ။

သူမ၏အသိစိတ်အလျဉ်က ကောင်းကင်နတ်အရှင်ဟောင်၏ ခြေထောက်အောက်ရှိ တာအိုသစ်ပင်နှင့် ဆက်နွယ်နေပြီး အားလုံး၏ လှုပ်ရှားမှုများကို စောင့်ကြည့်အကဲခတ်နေသည်။ တစ်ချိန်တည်းမှာပင် နတ်အရှင်မချန်းနှင့် ချင်မူ၏ တည်နေရာကိုလည်း ရှာဖွေနေသည်။

ဖရိုဖရဲချီများအကြား၌ ချင်မူနှင့် လှေငယ်မှာ လွင့်ထွက်သွားသော နတ်အရှင်မချန်းဆီသို့ ဆွဲယူခံနေရဆဲပင်။ တစ်ခဏကြာသော် နတ်အရှင်မချန်းမှာ လှေငယ်အပေါ် ပြန်ရောက်လာပြီး မျက်နှာအမူအရာမှာ အီးမှန်ထားသကဲ့သို့ မသာမယာ ဖြစ်နေသည်။

ချင်မူက သူမအား ခိုးကြောင်ခိုးဝှက် တစ်ချက်ကြည့်လိုက်ရာ နတ်အရှင်မချန်းသည် နှာခေါင်းရှုံ့လိုက်၏။

ဤသကောင့်သားသည် မပြောမဆိုဖြင့် လှေကို လှည့်ကာ သူမအား ကောင်းကင်နတ်အရှင်ဟွေ့၏ အပြင်းထန်ဆုံးတိုက်ကွက်အား ရင်ဆိုင်စေခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် နတ်အရှင်မချန်းမှာ ချင်မူ့အပေါ် မကျေမနပ် ဖြစ်မိလေသည်။

“အရှင်မင်းကြီး… ကျွန်တော်တို့ကြောင့် ကောင်းကင်နတ်အရှင်ဟွေ့တော့ ဒုက္ခိတဖြစ်သွားပြီ သိလား… ရှစ်ချီလော်လည်း ပက်ပက်စက်စက် အရိုက်ခံခဲ့လိုက်လို့ မျက်နှာတောင် မပြရဲတော့ဘူး ဟဲဟဲ”

ချင်မူ့ ဝမ်းသာပျော်ရွှင်စွာဖြင့် ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးနေသည်။ “ကျွန်တော်နဲ့ ခင်ဗျား ပူးပေါင်းရင် တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းမှန်း သိသွားပြီလား… ကျွန်တော်တို့ မောင်နှမနှစ်ယောက် ဥမကွဲသိုက်မပျက် ပဲတောင့်တစ်တောင့်ထဲက ပဲစေ့လေးတွေလို ပူးကပ်နေသရွေ့ တခြားဘယ်ကောင်းကင်နတ်အရှင်ကိုမဆို အသာလေး ရှင်းပစ်နိုင်တယ်”

နတ်အရှင်မချန်းသည် “မောင်နှမ”ဆိုသော စကားလုံးကြောင့် အောင့်သက်သက် ခံစားလိုက်ရသော်လည်း သူ့စကားကို အလေးအနက် သဘောတူမိ၏။

ချင်မူ့ကဲ့သို့ ကလိမ်ကကျစ် ခွေးသူတောင်းစားလေးနှင့် ပူးပေါင်းခြင်းက အမှန်တကယ်ပင် အမြတ်ထွက်သည်။ မြွေမြွေချင်း ခြေမြင်သကဲ့သို့ အကြိမ်ပေါင်းများစွာ လေ့ကျင့်ဖူးကြသည့်အလား အပေးအယူမျှတစွာ လှုပ်ရှားတိုက်ခိုက်နိုင်ကြသည်။ ရှစ်ချီလော်ဖြစ်စေ၊ ကောင်းကင်နတ်အရှင်ဟွေ့ဖြစ်စေ သူတို့နှစ်ယောက် ပေါင်းထားလျှင် ခုခံနိုင်စွမ်းမရှိကြပေ။

“ကျွန်တော် ဒီက မြူတွေကို ထွင်းဖောက်ပြီး ရှင်းရှင်းလင်းလင်း မြင်ရမှန်း အရှင်မင်းကြီး သိတယ်မလား… တခြားကောင်းကင်နတ်အရှင်တွေ ရှိနေပမယ့် ကျွန်တော်တို့ ပူးပေါင်းတာနဲ့ တစ်ယောက်ပြီးတစ်ယောက် ရှင်းလင်းပစ်လို့ရတယ်” ချင်မူက ကြိမ်းဝါးလိုက်သည်။

နတ်အရှင်မချန်းမှာ အတော်လေး စိတ်လှုပ်ရှားသွားသဖြင့် ပီတိဖြာနေပြီး ပြောသည်။ “ငါ့ဓားမနဲ့ နင့်ဓားနဲ့ ပူးပေါင်းလိုက်ရင် ငါတို့တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းသွားလိမ့်မယ်”

ချင်မူလည်း စိတ်အားတက်ကြွလာပြီး စပ်ဖြဲဖြဲ ပြုံးနေသည်။ “ကျွန်တော်တို့က အားမနည်းဘူးဗျ… ကျွန်တော်တို့ ပူးပေါင်းလိုက်ရင် ကောင်းကင်နတ်အရှင်ဆယ်ပါးကို ဒီဖရိုဖရဲမြစ်ထဲမှာ သတ်ပြီး ပြန်လာလို့မရအောင် လုပ်နိုင်တယ်…. အခုကစပြီး စကြ၀ဠာတစ်ခုလုံးကို ကျွန်တော်နဲ့ အရှင်မင်းကြီး ညီတူညီမျှ ခွဲဝေယူလို့ရပြီ”

နတ်အရှင်မချန်း၏ မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး သူမက စိတ်ထဲမှ တွေးနေသည်။ ‘စကြ၀ဠာကို ညီတူညီမျှ ခွဲယူမယ်တဲ့လား ... ခွေးသူတောင်းစားလေးက လီးလီးလားလား သိပ်ပြော … အိပ်မက်သာ မက်နေလိုက်… ကောင်းကင်နတ်အရှင်ဆယ်ပါးကို ရှင်းလင်းပြီး အနာဂတ်မှာ ပြဿနာဖြစ်မလာအောင် နင့်ကိုလည်း ရှင်းပစ်ရမယ်… နင့်ရဲ့ တိုးတက်နှုန်းက မြန်လွန်းတယ်’

ချင်မူက သူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ဖွင့်ကာ ပတ်ဝန်းကျင်အား အကဲခတ်လိုက်သည်။ သူက လှေငယ်ကို ရှေ့သို့ လှော်ခတ်စေရင်း ပြောလိုက်၏။ “ကျွန်တော် တစ်ယောက်တည်းဖြစ်နေတဲ့ ကောင်းကင်နတ်အရှင်နောက်တစ်ပါးကို တွေ့ပြန်ပြီ… အရှင်မင်းကြီး၊ ကျွန်တော်တို့ အစွမ်းပြရမယ့်အချိန်ပဲ”

သူတို့အရှေ့တွင် ဖရိုဖရဲမြူများ ဝေနေချေသည်။ နတ်အရှင်မချန်းက လှေအမြီးတွင် ရပ်လျက် အရှေ့သို့ မြင်ရရန် ကြိုးစားကြည့်နေသည်။ တခဏကြာသော် တာအိုသစ်ပင်တစ်ပင်က သူမအရှေ့တွင် ပေါ်လာလေသည်။

ထိုသစ်ပင်ပေါ်တွင် ကောင်းကင်နတ်အရှင်ရှောင်က လက်နောက်ပစ်လျက် ရပ်နေသည်။ ဆန်းပြားသော ဖရိုဖရဲချီလေတို့က သူ့အဝတ်များကို တဖျတ်ဖျတ် ဝေ့ဝိုက်တိုက်ခတ်ရင်း လွင့်မျောနေစေသည်။

ချင်မူမှာ ရင်ထဲ ဒိန်းခနဲ ခုန်သွားပြီး မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

ချင်မူက ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်ရှောင်၊ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် မဆုံတဲ့ ဘဝဆိုတာရော ရှိသေးရဲ့လား”

ကောင်းကင်နတ်အရှင်ရှောင်က သူတို့ဆီ လှမ်းကြည့်၍ မဲ့တဲ့တဲ့ ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူက သိပ်ကို ဘဝင်မြင့်နေတာပါလား…. မဟာဧကရာဇ်နဲ့ ပူးပေါင်းပြီး ကောင်းကင်နတ်အရှင်တစ်ယောက်နှစ်ယောက် နှိမ်နင်းနိုင်ခဲ့တာဆိုတော့ ယုံကြည်ချက် ရှိနေတာပေါ့လေ… ကြည့်ရတာ နစ်နာခဲ့တာ သိပ်မရှိဘူးထင်တယ်… ငါ့ကို နှင်ထုတ်ခဲ့တဲ့အတွက် မင်းနဲ့ ကောင်းကင်နတ်အရှင်ယွဲ့ကို ကျေးဇူးတင်ရဦးမှာပဲ …. မင်းတို့သာ နှင်မထုတ်ခဲ့ဘူးဆိုရင် ဒါ ဒီနေ့ရထားတာတွေကို ရနိုင်ခဲ့မှာ မဟုတ်ဘူး”

သူ၏စိတ်အခြေအနေသည် တည်ငြိမ်အေးဆေးနေပြီး ချင်မူနှင့် နတ်အရှင်မချန်းကို ရင်ဆိုင်နေရသည့်အချိန်တွင်ပင် ပျာယာခတ်နေခြင်း မရှိပေ။

ချင်မူက သူ၏ကပ်ဘေးဓားကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။ “အရှင်မင်းကြီးက ကံဆိုးမှုကို ကောင်းချီးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပဲ… ကျင့်ကြံခြင်းအခြေခံလည်း တိုးတက်လာခဲ့သေးတယ်… ဒါက ဝမ်းသာရမယ့်အရာပါ …. ဒါပေမဲ့ အရှင်မင်းကြီးက တော်တော်ကံဆိုးတာပဲနော်… ကျွန်တော်တို့နဲ့ ထပ်တွေ့ပြန်ပြီလေ… အရှင်မင်းကြီး၊ ခင်ဗျားရဲ့ မွေးစားဖေကြီး မဟာဧကရာဇ်က ဒီမှာ… မဟာဧကရာဇ်နဲ့ ကျွန်တော်က သွေးသောက်ညီအစ်ကိုတွေ… ဒီတော့ ဝါအရ ကျွန်တော့်ကို ဦးဦးကြီးလို့ ခေါ်ရမယ် ထင်တယ်နော်”

ကောင်းကင်နတ်အရှင်ရှောင်က တဟားဟား ရယ်မောလိုက်သည်။ “သွေးသောက်ညီအစ်ကိုဆိုမှ ငါတို့သုံးယောက်လည်း သွေးသောက်ညီအစ်ကိုတွေ ဖြစ်ခဲ့ဖူးတာပဲ… ကောင်းကင်နတ်အရှင်မူ၊ မင်း ငါ့ကို အခွင့်ကောင်းယူလို့ မရပါဘူးကွာ”

သူသည် သူတို့သုံးယောက် ဖန်ဆင်းရှင်လော့ရှောင်နှင့်အတူ နဂါးဟန်ခေတ်အစောပိုင်းတွင် သွေးသောက်ညီအစ်ကို ဖွဲ့ခဲ့သည့်အကြောင်း ပြန်ပြောနေခြင်း ဖြစ်၏။ ထိုအချိန်တုန်းက မဟာဧကရာဇ်က တဟုန်အဖြစ် လူဝင်စားခဲ့ပြီး အစ်ကိုကြီးအဖြစ် နေရာယူခဲ့သည်။ ကောင်းကင်နတ်ဧကရာဇ်၏ လူဝင်စား ကုရှောင်ကတော့ အစ်ကိုနှစ် ဖြစ်ခဲ့သည်။ လော့ရှောင်က အစ်ကိုသုံးဖြစ်ပြီး ချင်မူကတော့ အသက်အငယ်ဆုံး ဖြစ်သဖြင့် ညီအငယ်ဆုံးလေး လုပ်ခဲ့လေသည်။

ချင်မူကလည်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “အစ်ကိုသုံး လော့ရှောင် သေသွားခဲ့တာ နှစ်တစ်သန်းကြာခဲ့ပြီ … ဒါပေမဲ့ သူက ကျွန်တော်တို့ သူ့နောက် လိုက်လာပြီး အဖော်ပြုပေးဖို့ စောင့်နေတုန်းပဲဗျ … အရင်တစ်ခါ သူနဲ့ တွေ့ခဲ့ရတုန်းက သူ သိပ်ကို ဒေါသထွက်နေခဲ့တာ… ကျွန်တော်တို့က တစ်နေ့တည်း၊ တစ်လတည်း၊ တစ်နှစ်တည်းမှာ အတူတူ သေကြမယ် ဆိုတဲ့ ကတိကို မတည်ခဲ့ဘူးတဲ့လေ… နောက်ဆုံးမှာတော့ သူ သေဆုံးသွားပြီး ကျွန်တော်တို့ သူ့ကို သွားမတွေ့ခဲ့ကြဘူး… ကျွန်တော် ရောက်တုန်းကတော့ အစ်ကိုကြီးနဲ့ အစ်ကိုနှစ်ကို လွှတ်လိုက်မယ်လို့ ပြောခဲ့တယ် … အဲဒီကျမှ ဒေါသထွက်နေရာကနေ သူ ပျော်သွားခဲ့တာ… အဲဒီအချိန်ကစပြီး ကျွန်တော် စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခု ချထားခဲ့တယ်… အစ်ကိုကြီးတို့နှစ်ယောက်ကို အစ်ကိုသုံးဆီ ပို့ပေးရမယ် ဆိုတာပဲ”

နတ်အရှင်မချန်းက ဒေါသတကြီး လှမ်းအော်သည်။ “ငါတို့ သွေးသောက်ညီအစ်ကို ဖြစ်ခဲ့တဲ့အချိန်က အတည်ယူလို့ မရဘူး”

ကောင်းကင်နတ်အရှင်ရှောင်၏ အကြည့်က သူမအပေါ် ကျရောက်လာပြီး ပြောသည်။ “ညီငယ်လေးက အသုံးဝင်နေတုန်းပဲ…နောင်တော်ထိုက်ယီနဲ့ တွေ့ဖို့ သူ့ကို လိုအပ်တယ်… ဒါပေမဲ့ အစ်ကိုကြီးကတော့ အသုံးမဝင်တော့ဘူး ... ညီလေးသုံးနဲ့ တွေ့ဖို့ အစ်ကိုကြီးကို အရင်လွှတ်တာ ကောင်းလိမ့်မယ်”

နတ်အရှင်မချန်းက နတ်ဘုရားစီရင်ရာဓားမနှစ်လက်ကို အသက်သွင်းလိုက်သည်။ “နင်က ထိုက်ယီကို တွေ့ဖို့ ညီငယ်လေးရဲ့အသက်ကို ချမ်းသာပေးရမယ် ဆိုပေမယ့် ငါတို့ကတော့ နင့်အသက်ကို ချမ်းသာပေးစရာ မလိုဘူး… နင် စလှုပ်ရှားလိုက်တာနဲ့ ငါတို့လက်ထဲမှာ အသက်ထွက်သွားစေရမယ်”

သူတို့နှစ်ယောက်မှာ ချင်မူ့ကို “ညီ‌ငယ်လေး”ဟု ဆက်တိုက်ခေါ်နေကြသဖြင့် ချင်မူမှာ မအီမသာဖြစ်လာမိသည်။

အသံထွက်အရ “ညီငယ်လေး” နှင့် “မိစ္ဆာကောင်” ဟူသော ဆင်တူ၏။ မသိလျှင် နှစ်ယောက်သား သွယ်ဝိုက်သောနည်းဖြင့် သူကို ဆဲဆိုနေကြသလို ခံစားနေရသည်။

‌ကောင်းကင်နတ်အရှင်ရှောင်က ရယ်၏။ “အလောင်း မတွေ့သေးဘဲ ငိုမနေပါနဲ့ … ကျုပ် မက်မွန်တောအုပ်မှာ တိုက်ခိုက်ခဲ့တုန်းက ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ရုံနဲ့ မြေအောက်ဘုံအရှင်သခင်ကို ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့တယ်… အခုဆို ကျုပ်က ပိုပြီး သန်မာနေပြီး… ခင်ဗျားတို့နှစ်ယောက် ပူးပေါင်းတာ မပြောနဲ့… နောက်ထပ် ကောင်းကင်နတ်အရှင်သုံးပါးလောက် ရောက်လာရင်တောင် ကြောက်နေစရာမလိုဘူး”

သူ့စကားဆုံးသည်နှင့် နတ်အရှင်မချန်းက ချင်မူ့ထက် အရင် တိုက်ခိုက်လိုက်သည်။ နတ်ဘုရားစီရင်ရာဓားမနှစ်လက်က တာအိုသစ်ပင်အပေါ်ရှိ ကောင်းကင်နတ်အရှင်ရှောင်အား ဘယ်ညာနှစ်ဖက်လုံးမှ ခုတ်ချလိုက်သည်။ သူမက ခက်ထန်စွာ လှမ်းအော်၏။ “အငယ်ကောင်၊ ငါ သူ့ကို ကြည့်ရှင်းလိုက်မယ်… နင်က သူ့တာအိုသစ်ပင်ကို ခုတ်လိုက်”

ချင်မူ့ဓားရောင်တို့က တဖျတ်ဖျတ် ထွက်ပေါ်လာပြီး တာအိုသစ်ပင်ဆီ ဦးတည်ပြေးဝင်သွားကြသည်။

ကောင်းကင်နတ်အရှင်ရှောင်က တဟားဟား ရယ်မောလိုက်သည့်အခါ သူ့အနောက်တွင် ကောင်းကင်နန်းဆောင်များ တဝုန်းဝုန်း ထွက်ပေါ်လာ၏။ ၎င်းတို့က ကောင်းကင်နန်းဆောင် ၃၅ ဆောင်ဖြင့် ဖွဲ့တည်ထားသော မဟာကောင်းကင်နတ်ဘုံအဖြစ် ပေါင်းစည်းသွားကြသည်။ ထို့နောက် ပလ္လင်ခန်းမများ မဟာကောင်းကင်နတ်ဘုံတစ်ခုလုံးတွင် ပြန့်ကြဲလာပြီး သူ၏အရှိန်အဝါသည်လည်း မြင့်တက်လာတော့သည်။

All Chapters