← Chapters

ခွေးပြေးဝက်ပြေး

Vol. 116 Ch. 1516 (2)

ခွေးပြေးဝက်ပြေး

Vol. 116 Ch. 1516 (2)

ချင်မူနှင့် နတ်အရှင်မချန်းမှာ ဤမြင်ကွင်းကို မြင်လျှင် အံ့အားသင့်သွားကြသည်။ ကောင်းကင်နတ်အရှင်ရှောင်၏ ကောင်းကင်နတ်ဘုံတွင် သူတို့မြင်နေရသည့် ကောင်းကင်နန်းဆောင်အရေအတွက်မှာ ကောင်းကင်နတ်အရှင်ဟွေ့ထက် ဆယ်ဆ ပိုများနေသည်။

ပလ္လင်ခန်းမ ၄၈ ခု နေရာယူပြီးသည့်အခါ နောက်ထပ်ကောင်းကင်နန်းဆောင်တစ်ဆောင်က ပျံတက်လာ၍ မဟာကောင်းကင်နတ်ဘုံထဲတွင် ကိန်းအောင်းသွားသည်။

ချင်မူနှင့် နတ်အရှင်မချန်းမှာ ကြက်သီးမွေးညှင်းများ ထသွားကြပြီး ပြိုင်တူ အော်ဟစ်လိုက်မိ၏။ “မဟာကောင်းကင်နတ်ဘုံ”

ကောင်းကင်နတ်အရှင်ရှောင်၏ အရှိန်အဝါသည် ပေါက်ကွဲမြင့်တက်လာပြီး သူက လက်ဖျောက်နှစ်ချက် တီးလိုက်သည်။ သွေးရန်သူမိစ္ဆာနဂါးနှစ်ကောင်က စူးရှနာကျင်စွာ အော်ဟစ်လိုက်ရပြီး နောက်သို့ လွင့်ထွက်ကာ သူ့အနားမကပ်နိုင် ဖြစ်နေ၏။

ချင်မူ့ကပ်ဘေးဓား သစ်ပင်အောက်ခြေသို့ ပျံသန်းသွားသည့်အခါ ကောင်းကင်နတ်အရှင်ရှောင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ သူက လက်ဖဝါးမြှောက်ပြီး ဖြည်းဖြည်းချင်း ဖိချလိုက်ရာ ချင်မူမှာ မှော်စွမ်းအင် အထိန်းအကွပ်မဲ့သွားသဖြင့် ကပ်ဘေးဓားသည်လည်း ဖရိုဖရဲမြစ်ထဲသို့ ပြုတ်ကျသွားကြောင်း တွေ့လိုက်ရသည်။

ကောင်းကင်နတ်အရှင်ရှောင်က တာအိုသစ်ပင်အပေါ်တွင် ရပ်လျက်သာ ရှိနေပြီး တာအိုသစ်ပင်ကမူ ဖရိုဖရဲမြစ်ပြင်အထက်သို့ မြောက်တက်ကာ လှေငယ်လေးအပေါ်တွင် ပျံ၀ဲနေသည်။

ချင်မူမှာ မျက်နှာအကြီးအကျယ် ပျက်သွားသည်။ ဓားရောင်က ကောင်းကင်သို့ ထိုးတက်သွားပြီး နွေဦးတွင် ပွင့်လန်းလာသော ပန်းပွင့်များအလား ဖြာထွက်လာ၏။ ဓားရောင်က နှစ်ခြမ်မှ ‌လေးခြမ်း၊ လေးခြမ်းမှ ရှစ်ခြမ်းအထိ ကွဲသွားသည်။ ၎င်း ကောင်းကင်နတ်အရှင်ရှောင်နှင့် ထိတွေ့သည့်အချိန်တွင် ကောင်းကင်ကို လွှမ်းခြုံသွားသော ဓားရောင်ဖြစ်လာတော့သည်။

အခြားတစ်ဖက်တွင် နတ်အရှင်မချန်းက နတ်ဘုရားစီရင်ရာဓားမနှစ်လက်ကို ထိန်းချုပ်ရင်း ကောင်းကင်နတ်အရှင်ရှောင်၏ နောက်ကျောဆီသို့ ခုတ်ချလိုက်သည်။

သူတို့နှစ်ယောက်လုံးသည် ကောင်းကင်နတ်အရှင်တစ်ပါး၏ အတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားကြ၏။ သူတို့ အားကုန်တိုက်ခိုက်သည့်အချိန်တွင် ထွက်ပေါ်လာသည့် စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းသည်။ ကောင်းကင်နတ်အရှင်ဟွေ့ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးကို ရင်ဆိုင်ရသည့်အချိန်၌ပင် အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။

ကောင်းကင်နတ်အရှင်ရှောင်က ကျယ်လောင်စွာ ရယ်မောနေဆဲပင်။ ထိုစဉ် သူ၏ ခြေထောက်အောက်ရှိ တာအိုသစ်ပင်က ရုတ်တရက် အသက်ဝင်လာသည်။ တာအိုသစ်ပင်တွင် သစ်ကိုင်းထောင်ပေါင်းများစွာ ‌ဝေဆာနေပြီး ၎င်းတို့က ချင်မူ့‌ဓားရောင်များကို ခုခံလိုက်သည်။ ထို့နောက် သူ၏ လက်ချောင်းနှစ်ချောင်းက နတ်ဘုရားစီရင်ရာဓားမနှစ်လက်အား ထိတွေ့လိုက်၏။ တစ်လောကလုံး၌ ကြမ်းလှပါသည်ဆိုသော နတ်ဘုရားစီရင်ရာဓားမနှစ်လက်ကား သူ၏လက်ချောင်းများကို ဖြတ်မပစ်နိုင်ချေ။ ထိုအစား သူ၏လက်နှစ်ချောင်းကြားတွင် ကွယ်ဝှက်ထားသည့် ထိုက်ချူတာအိုကြောင့် ၎င်းတို့၏စွမ်းအားအကုန် စိမ့်ထွက်ကုန်ပြီး ဖယ်ရှားခံလိုက်ရသည်။

တာအိုသစ်ပင်က လှေငယ်အပေါ် ဖိချလိုက်၍ ချင်မူနှင့် နတ်အရှင်မချန်းတို့နှစ်ယောက်လုံး သွေးအန်လိုက်ရလေသည်။

ပြီးပြည့်စုံသော မဟာကောင်းကင်နတ်ဘုံ၏ စွမ်းအားမှာ အင်မတန် ကြောက်မက်ဖွယ်ကောင်းပေသည်။ သူတို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်သည့်တိုင် လိုက်မမှီနိုင်ချေ။

ချင်မူက အံတင်းတင်းကြိတ်ရင်း ကမ္ဘာဦးတန်ခိုးရှင်၏ ကြာပွတ်ကို ထုတ်ကာ ကောင်းကင်နတ်အရှင်ရှောင်၏ ဦးခေါင်းဆီသို့ ရွှမ်းခနဲ ရိုက်ချလိုက်သည်။

ကောင်းကင်နတ်အရှင်ရှောင်သည် လက်ဆန့်၍ လှမ်းဖမ်းလိုက်သော်လည်း မဖမ်းမိလိုက်ချေ။ သူ့မှာ ကြာပွတ်ဖြင့် အရိုက်ခံလိုက်ရပြီးနောက် တခဏအသိစိတ်လွတ်သွားသည်။

သူ နိုးထလာသည့်အချိန်တွင် ချင်မူနှင့် နတ်အရှင်မချန်းကား လှေငယ်အား ကရောသောပါး မောင်းနှင်လျက် ဖရိုဖရဲမြူများထဲ ဝင်ရောက်ပျောက်ကွယ်သွားချေပြီ။

“မင်းတို့ လွတ်နိုင်မှာတဲ့လား”

ကောင်းကင်နတ်အရှင်ရှောင်၏ အသိစိတ်အလျဉ်က ပေါက်ကွဲထွက်သွားပြီး သူတို့နှစ်ယောက်လုံးကို တိုက်ခိုက်လိုက်သည်။ ချင်မူနှင့် နတ်အရှင်မချန်းတို့ကလည်း ကိုယ်ပိုင်အသိစိတ်အလျဉ်များကို အသက်သွင်းရင်း ခုခံလိုက်သော်လည်း ကောင်းကင်နတ်အရှင်ရှောင်မှာ တခဏအတွင်း ရောက်ချလာ၏။ သူက ပြုံးလျက် ပြောလိုက်သည်။ “ထိုက်ချူတာအိုအစစ်အမှန်က အသိစိတ်အလျဉ်နဲ့ မွေးရာပါချီ ‌ပေါင်းစည်းမှုပဲ … ငါက ထိုက်ချူတာအိုရဲ့ အရှင်သခင် ဖြစ်လာဖို့ မွေးဖွားလာခဲ့တာ … ကိုယ်တိုင်ကြည့်လိုက်ကြ”

သူက လက်ဖဝါးဖြင့် ရိုက်ချလိုက်ရာ တာအိုတစ်သောင်း၏အသံက ပဲ့တင်ထပ်သွားသည်။ ချင်မူနှင့် နတ်အရှင်မချန်းက ကပ်ဘေးဓားနှင့် နတ်ဘုရားစီရင်ရာဓားမတို့ကို အသီးသီးထုတ်ကာ ခုခံလိုက်ကြသည်။

ဝုန်း….

ဖရိုဖရဲမြစ်မှာ ပြင်းထန်စွာ မြည်ဟီးသွားပြီး ချင်မူနှင့် နတ်အရှင်ချန်းတို့၏ မျက်လုံး၊ နား၊ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စီးကျလာကြသည်။ လှေငယ်မှာ ပြင်းထန်လှသော တုန်ခါမှုများကြောင့် သွက်သွက်ခါလျက် ဖရိုဖရဲမြစ်ထဲ နစ်မြုပ်လုမတတ် ဖြစ်သွားသည်။

‘သူ့ကောင်းကင်နတ်ဘုံက ပြီးပြည့်စုံတဲ့ အဆင့်ကို မရောက်သေးဘူး… ပလ္လင်ခန်းမ ၇၂ ခုက မပြီးပြည့်စုံသေးဘူး’

ချင်မူက အသက်တစ်ရှိုက် ရှူသွင်းလိုက်ရင်း ရှိသမျှ ခွန်အားအလုံးစုံဖြင့် ကပ်ဘေးဓားကို အသက်သွင်းကာ ကောင်းကင်နတ်အရှင်ရှောင်၏ နောက်ထပ်တိုက်ကွက်ကို ခုခံလိုက်သည်။ သူက အော်ဟစ်သတိပေးလိုက်သည်။ “သူ ဒီအဆင့်မှာ အကြာကြီး နေလို့မရဘူး”

နတ်အရှင်မချန်းကလည်း အစွမ်းကုန် တိုက်ခိုက်နေပြီး သူတို့၏အရိုးများမှာ ကောင်းကင်နတ်အရှင်ရှောင်၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းကင်နတ်သိုင်းကြောင့် ကျိုးကြေကုန်ကြသည်။ သူတို့၏အရေပြားမှာ ပေါက်ထွက်ကုန်ပြီး ခန္ဓာကိုယ်များမှာလည်း စုတ်ပြဲကာ သနားစရာအခြေအနေသို့ ရောက်နေကြသည်။

သူတို့တွင် ထွက်ပြေးရန် အခွင့်အရေးပင် မရှိချေ။

နောက်ဆုံးတွင် ကောင်းကင်နတ်အရှင်ရှောင်၏ သိုင်းအဆင့်က ဆံချည်တစ်မျှင်စာမျှ လျော့ကျသွားချေပြီ။

“တန်ပြန်တိုက်မယ်” ချင်မူက အားရဝမ်းသာ အော်ဟစ်လိုက်သည်။

“ချီးကို တန်ပြန်တိုက်ရမှာလားဟဲ့”

နတ်အရှင်မချန်းမှာ ဒေါသူပုန်ထနေပြီး နတ်ဘုရားစီရင်ရာဓားမနှစ်ဖက်အား ချင်မူ့လည်ပင်းတစ်ဖက်တစ်ချက်တွင် တင်ထားလိုက်သည်။ ချင်မူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အသက်သွင်းကာ လှေငယ်အား အဝေးသို့ လှော်ခတ်သွားစေသည်။

ကောင်းကင်နတ်အရှင်ရှောင်က တာအိုသစ်ပင်ကို စီးနင်းရင်း သူတို့အနောက်မှ လိုက်ဖမ်းနေသည်။ သို့သော် လှေငယ်၏ အမြန်နှုန်းမှာ မြန်ဆန်လွန်းသဖြင့် သူ့မှာ နောက်ကျကျန်ခဲ့သည်။

“ပလ္လင်ခန်းမ ၇၂ ခု မပြည့်ရင် မဟာကောင်းကင်နတ်ဘုံအဆင့်မှာ ငါ ကြာကြာမနေနိုင်သေးဘူးပဲ” ကောင်းကင်နတ်အရှင်ရှောင်က သက်ပြင်းချလိုက်ပြီး သူ၏အသိစိတ်အလျဉ်ဖြင့် ချင်မူ့နှစ်ယောက်အား အာရုံစိုက်ထားကာ ဖြည်းဖြည်းချင်း လိုက်ဖမ်းနေသည်။

လှေငယ်ပေါ်တွင် ချင်မူက ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းကို အသက်သွင်း၍ သူ၏ရုပ်ခန္ဓာကို ပြန်လည်ကုသလိုက်သည်။ နတ်အရှင်မချန်းကလည်း ဓားမနှစ်လက်ကို သိမ်းပြီးနောက် မည်သည့်ဒဏ်ရာမှ မကျန်စေရန် သူမ၏ခန္ဓာကိုယ်ကို မြင်ယောင်ဖန်ဆင်းလိုက်၏။

“ကျွန်တော် နတ်ဧကရာဇ်လန်ရွှမ်ကို မြင်နေရတယ်”

ချင်မူ၏ မျက်လုံးများက တောက်ပလာပြီး သူ၏ ဒေါင်လိုက်မျက်လုံးဖြင့် အဝေးသို့ လှမ်းကြည့်နေ၏။ “နတ်ဧကရာဇ်လန်ရွှမ်က သေချာပေါက် အားနည်းတယ်…. ကျွန်တော်တို့ စိတ်တိုင်းကျ အနိုင်ကျင့်လို့ရမှာပဲ… သွားသတ်ကြစို့”

နတ်အရှင်မချန်းမှာ ဒေါသမထိန်းနိုင်တော့ပေ။ သူမက ဓားမနှစ်လက်ကို ကိုင်၍ ချင်မူ့ကို ရွယ်ရင်း ဆဲတော့သည်။ “တော်လောက်ပြီ ကောင်းကင်နတ်အရှင်မူ… ပထမတော့ ငါ့ကိုလှည့်စားဖို့ ကလိမ်ကကျစ်အကြံဉာဏ်တွေ ထုတ်နေတာလို့ ထင်ခဲ့ပေမယ့် နင့်ကိုယ်နင်ပါ လှည့်စားလိမ့်မယ် မထင်ထားခဲ့ဘူး… ငါတို့နှစ်ယောက်က တစ်လှေတည်း စီးနေတာဟဲ့ … နင် ပြဿနာကို မီးထွန်းရှာနေရင် ဒီလှေက အချိန်မရွေး နစ်သွားလိမ့်မယ်….ဆက်ပြီး ပြဿနာရှာရင်တော့ ငါ နင့်ကို သေတဲ့အထိ အပိုင်းပိုင်း ခုတ်ပစ်မှာနော်”

ချင်မူက ဓားမကို အသာအယာ ဖယ်ပြီး ပြုံးလိုက်သည်။ “နတ်ဧကရာဇ်လန်ရွှမ်က ကောင်းကင်နတ်အရှင်ရှောင်လောက် အစွမ်းမထက်တာ အသေအချာကြီးပါဗျ … သူက တည့်တိုးသမားဆိုတော့ အသာလေး လှည့်စားလို့ ရတယ်လေ”

နတ်အရှင်မချန်း၏ လက်ထဲရှိ ဓားမက တုတ်တုတ်မှ မလှုပ်ပေ။

All Chapters