← Chapters

ကြီးမြတ်သော ကျေးဇူးတော်ရှင်

Vol. 116 Ch. 1517

ကြီးမြတ်သော ကျေးဇူးတော်ရှင်

Vol. 116 Ch. 1517

ချင်မူက နှမြောတသ ဖြစ်သွားသကဲ့သို့ အောင့်သက်သက် သက်ပြင်းချလိုက်သည်။ နတ်ဧကရာဇ်လန်ရွှမ်၏ စွမ်းရည်များက အတိုင်းထက်အလွန် မြင့်မားသော်လည်း ကမ္ဘာဦးအစ တာအိုသစ်သီးကို ရပြီးနောက်မှသာ တရှိန်ထိုး မြင့်တက်သွားခဲ့ခြင်း ဖြစ်ပေသည်။

တာအိုသစ်သီးက အလွန်တရာ ထူးဆန်းသည်။ နတ်ဧကရာဇ်လန်ရွှမ်၏ တာအိုအဆင့်ကို လျင်မြန်စွာ မြင့်တက်သွားစေခဲ့သော်လည်း တာအိုနှလုံးသား၌ တိုးတက်မှုမှာမူ မြင့်တက်မလာဘဲ ဆုတ်ယုတ်သွားခဲ့သည်။ ထို့ကြောင့် သူနှင့် နတ်အရှင်မချန်းသာ ပူးပေါင်းထားလျှင် နတ်ဧကရာဇ်လန်ရွှမ်ကို သေချာပေါက် လုပ်ကြံနိုင်မည်ဟု ချင်မူ ခံစားမိ၏။

လန်ရွှမ်၏ တာအိုနှလုံးသားကို ပစ်မှတ်ထားသရွေ့ နတ်ဧကရာဇ်လန်ရွှမ် သေချာပေါက် ရှုံးနိမ့်လိမ့်မည်။

သို့သော် နတ်အရှင်မချန်းမှာ ခဲမှန်ထားသော စာသူငယ်သဖွယ် ထိတ်လန့်နေချေပြီ။ ကောင်းကင်နတ်အရှင်ရှောင်ကြောင့် သူမမှာ လိပ်ပြာလွင့်သွားသကဲ့သို့ ဆက်လက်တိုက်ခိုက်လိုစိတ် မရှိတော့ပေ။ ချင်မူလည်း မည်သို့မျှ မတတ်နိုင်ပေ။

တစ်ယောက်က လှေဦးတွင် ထိုင်နေပြီး နောက်တစ်ယောက်ကတော့ လှေအမြီးတွင် ထိုင်နေသည်။

နတ်အရှင်မချန်သည် မကြာခဏ မည်သည့်နေရာသို့ သွားသင့်ကြောင်း ညွှန်ပြတတ်၏။ နောက်ဆုံးတွင်တော့ ဖရိုဖရဲမြူများထဲမှ ထွက်လာနိုင်ခဲ့သည်။

ချင်မူမှာ လှေထဲတွင် ထိုင်ရင်း အတော်လေး နောင်တရနေမိသည်။ ဤဖရိုဖရဲမြူများမှာ ကောင်းကင်နတ်အရှင်ဆယ်ပါးအား တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်နိုင်မည့် အကောင်းဆုံးအခွင့်အရေးတစ်ခုပင်။ သို့သော် နတ်အရှင်မချန်းမှာ ခိုင်ဧကရာဇ် မဟုတ်ပေ။ ခိုင်ဧကရာဇ်သာဆိုလျှင် ကောင်းကင်နတ်အရှင်ဆယ်ပါး အပြင်းအထန် ဒဏ်ရာရသွားကြပေလိမ့်မည်။

ချင်မူသည်လည်း မြူများကို ဖြတ်သန်းခဲ့ရင်း အကျိုးအမြတ်များစွာ ရခဲ့သည်။ သူ့အနေဖြင့် ဤနေရာတွင် အချိန်ဆွဲ၍ ကောင်းကင်နတ်အရှင်ဆယ်ပါးကို အလစ်တိုက်ခိုက်ခဲ့သည်မှလွဲပြီး တခြားဘာမှလုပ်ခဲ့ပုံမပေါ်သော်လည်း သူ့ကောင်းကင်ရတနာနယ်ပယ်ထဲရှိ လောကသစ်ပင်မှာ ဤအချိန်တိုအတွင်း အတော်လေး ကြီးထွားလာခဲ့သည်။

လောကသစ်ပင်ကား ဖရိုဖရဲမြစ်ထဲရှိ ဖရိုဖရဲချီများကို စုပ်ယူနေခဲ့သည်မဟုတ်ပါလော။ ၎င်းက ယခင်စကြ၀ဠာ၏ ပျက်စီးခြင်းမှ စွမ်းအင်များကို စုပ်ယူရင်း ကြီးထွားလာသဖြင့် ချင်မူမှာ ပျော်ရွှင်နေတော့သည်။

သို့သော် စုပ်ယူနှုန်းမှာ နှေးကွေးလွန်းသည့်အပြင် ကြီးထွားနှုန်းမှာလည်း ထိုမျှမမြန်ပေ။ ထူးဆန်းသည်က လောကသစ်ပင်သည် ဖရိုဖရဲမြစ်တစ်မြစ်၏ ဖရိုဖရဲချီများကို စုပ်ယူပြီး၍ နောက်ထပ်တစ်မြစ်သို့ ရောက်လျှင်လည်း ဆက်လက်စုပ်ယူနေတတ်၏။

၎င်းနောက်ကွယ်မှ အကြောင်းအရင်းကို ချင်မူမှာ အဖြေမရှာနိုင်သောကြောင့် ဆက်မတွေးတော့ပေ။

“ကောင်းကင်နတ်အရှင်မူက ကျောက်စိမ်းမြို့တော်အဆင့်အထိ မရောက်သေးဘူးလား” နတ်အရှင်မချန်းက ရုတ်တရက် မေးသည်။

ချင်မူက ခေါင်းညိတ်ကာ သက်ပြင်းချလိုက်၏။ “ကျွန်တော်ရဲ့ ပါရမီက ကုန်ပြီထင်ပါတယ်ဗျာ… ဒီတစ်သက် ကျောက်စိမ်းမြို့တော်အဆင့်ကို ရောက်နိုင်မယ် မထင်တော့ပါဘူး”

သူ၏မျက်နှာအမူအရာက သုန်မှုန်စွာဖြင့် သက်ပြင်းချလိုက်ပြန်သည်။ “ခင်ဗျားတို့ ကောင်းကင်နန်းဆောင်‌တွေ တည်ဆောက်နေတာကို မနာလိုအားကျမိပေမယ့် ကျွန်တော်လုပ်နိုင်တာမှ မရှိတော့တာ”

နတ်အရှင်မချန်းက နှာခေါင်းရှုံ့သည်။ “ကျောက်စိမ်းမြို့တော်အဆင့်ကို မရောက်သေးတာတောင် နင့်ရဲ့စွမ်းဆောင်ရည်တွေက အတော်လေး မြင့်မားနေပြီ … ကျောက်စိမ်းမြို့တော်အဆင့် ရောက်ရင် ဘယ်လောက်တောင် ပိုကောင်းလာလိမ့်မလဲ…. ကောင်းကင်နတ်အရှင်မူ၊ ပွင့်ပွင့်လင်းလင်းပဲ ပြောရအောင်…. နင့်သိုင်းအဆင့် ကျောက်စိမ်းမြို့တော်အဆင့်ကို ရောက်တာနဲ့ ကျောက်စိမ်းမြို့တော်အဆင့်မပြောနဲ့၊ နတ်ကောင်းကင်ခန်းမအဆင့်နဲ့ ဧကရာဇ်ပလ္လင်အဆင့်တွေတောင် နင့်ကို ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူး…. ဘာလို့ ကျောက်စိမ်းမြို့တော်အဆင့်အထိ မကျင့်ကြံသေးတာလဲ”

ချင်မူ့အမူအရာက လေးနက်တည်ကြည်လာပြီး သူက အလေးအနက် ပြောသည်။ “ဘာလို့လဲဆိုတော့ ကျောက်စိမ်းမြို့တော်အဆင့်၊ နတ်ကောင်းကင်ခန်းမအဆင့်နဲ့ ဧကရာဇ်ပလ္လင်အဆင့်တွေအကုန်လုံးက ထောင်ချောက်တွေလေ”

နတ်အရှင်မချန်း၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူမက ဩရှရှအသံဖြင့် မေးလိုက်၏။ “ဘာလို့ အဲဒီလို ပြောရတာလဲ’’

“ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်က အဆင့်တွေအကုန်လုံး ဘိုးဘေးနန်းတော်မှာ မဟာတာအိုနဲ့ ဖွဲ့တည်ထားတဲ့ ရတနာအဖြစ် ရှိကြတယ် ... နတ်ဘုရားစီရင်ရာစင်မြင့်ရောပေါ့…. ဒါပေမဲ့ ကျောက်စိမ်းမြို့တော်အဆင့်က မဟာတာအို ဖွဲ့တည်ထားတာ မဟုတ်ဘူး… မီလော့နန်းတော်အရှင်သခင် ဖန်တီးထားတာပဲ”

ချင်မူက တည်ငြိမ်အေးဆေးစွာ ရှင်းပြသည်။ “မီလော့နန်းတော်အရှင်သခင်ရဲ့ စွမ်းအားက မှန်းဆကြည့်လို့တောင်မရဘူး….သူက ကျောက်စိမ်းမြို့တော်ကို ဖန်တီးခဲ့ပြီး မဟာဧကရာဇ်ဖြစ်တဲ့ ခင်ဗျားကတော့ ကျောက်စိမ်းမြို့တော်ကို မြင်ယောင်ဖန်ဆင်းပြီး ကောင်းကင်နတ်ဘုံရဲ့ ကျောက်စိမ်းမြို့တော် ဖြစ်လာအောင် တုပခဲ့တယ်… ကောင်းကင်နတ်ဘုံရဲ့ ကျောက်စိမ်းမြို့တော်အဆင့်ကို ကျင့်ကြံကြတဲ့ မျိုးဆက်သစ်တွေအကုန်လုံး ထောင်ချောက်ထဲ ရောက်ကုန်ကြတာပေါ့”

သူက သူ၏အတွေးများကို ပြန်လည်ရှင်းပြသည်။ “မီလော့နန်းတော်အရှင်သခင်ရဲ့ ရည်ရွယ်ချက်က တစ်လောကလုံးမှာ ရှိတဲ့ နတ်ဘုရားတွေရဲ့ စွမ်းအားနဲ့ သူတို့ ကျင့်ကြံထားတဲ့ ကျောက်စိမ်းမြို့တော်ရဲ့စွမ်း အားကို ငှားယူပြီး ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို အားဖြည့်ဖို့ ဖြစ်နိုင်တယ်….ဒီကျောက်စိမ်းမြို့တော် သူ့ကို မဟာပျက်စီးခြင်းကပ်ဘေးကြီးကနေ ဆွဲထုတ်ပြီး ပစ္စုပ္ပန်ခေတ်ကို ပို့ပေးနိုင်တဲ့အထိပေါ့”

သူက အေးစက်စွာ ဆက်ပြော၏။ “ကျောက်စိမ်းမြို့တော်အဆင့်ကို ကျင့်ကြံကြတဲ့သူအားလုံးက မီလော့နန်းတော်အရှင်သခင် ဒီလောကကို မြန်မြန်ရောက်လာနိုင်အောင် ကူညီပေးနေကြတာပဲ… မဟာဧကရာဇ် ခင်ဗျားက အစကနေ အဆုံးအထိ မီလော့နန်းတော်အရှင်သခင်ရဲ့ နယ်ရုပ်တစ်ခု ဖြစ်နေခဲ့တာ… သူက ခင်ဗျားကို သုံးပြီး ကျောက်စိမ်းမြို့တော်ကို ဖြန့်ကျက်ခဲ့တဲ့အပြင် အခုဆို ကောင်းကင်နတ်အရှင်ဆယ်ပါးကိုပါ အသုံးချနေပြီ”

နတ်အရှင်မချန်းမှာ မျက်နှာအကြီးအကျယ် ပျက်သွားတော့သည်။

ချင်မူက ဆက်ပြော၏။ “ကောင်းကင်နတ်အရှင်ဆယ်ပါး ကျောက်စိမ်းမြို့တော်ကို ကျင့်ကြံပြီး မဟာကောင်းကင်နတ်ဘုံအဆင့်အထိ ကျင့်ကြံနိုင်ကြပြီး တာအိုဖြစ်လာခဲ့ရင် ဒီကျောက်စိမ်းမြို့တော်က နောက်တကြိမ် ဖွဲ့တည်လာလိမ့်မယ်…. အဲဒါကျ သူ အတိတ်စကြ၀ဠာကနေ လွတ်မြောက်နိုင်သွားပြီ ….ဒါက ကျောက်စိမ်းမြို့တော်ထောင်ချောက် ….ကျွန်တော်တို့ စကြ၀ဠာက အင်အားကြီးသိုင်းပညာရှင်တွေအားလုံးကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ ထောင်ချောက်ပဲ”

နတ်အရှင်မချန်း၏ နဖူးမှ ချွေးသီးချွေးပေါက်များက လှေငယ်၏ ကြမ်းပြင်ပေါ်အထိ ကျသွား၏။

သူမ၏ခန္ဓာကိုယ်မှာ အေးစက်တောင့်တင်းနေပြီး သူမပခုံးပေါ်ရှိ တာအိုသစ်သီးဆီသို့ ခက်ခက်ခဲခဲ လှည့်ကြည့်လိုက်မိသည်။

တာအိုသစ်သီးထဲရှိ အဝတ်ဗလာဖြင့်အမျိုးသမီးက မာန်မဲသည်။ “ကျောက်စိမ်းမြို့တော်ထောင်ချောက်တဲ့လား…. နင် အတွေးလွန်နေပြီ…. မီလော့နန်းတော်အရှင်သခင်က ဘယ်လောက်တောင် စွမ်းအားကြီးလိုက်သလဲ… ဘယ်လောက်တောင် စိတ်သဘောထားကောင်းလိုက်သလဲ… နင်တို့လို ပုရွက်ဆိတ်‌သာသာ သူတွေအတွက် ဘာလို့ ထောင်ချောက်ဆင်ရမှာလဲ… မီလော့နန်းတော်အရှင်သခင်ရဲ့ ရည်ရွယ်ချက်က နင်တို့ကို ကယ်တင်ပေးဖို့ပဲ… နင်တို့ လျစ်လျူရှု၊ မသိချင်ယောင်ဆောင်နေတဲ့ အခြေအနေတွေကနေ ဆွဲထုတ်ပြီး ဉာဏ်ရည်တိုးတက်လာပြီးတော့ မဟာတာအိုကို သိမြင်နားလည်လာအောင် လုပ်ပေးနေတာ… ငေးကြောင်ပြီး နေထိုင်နေရတဲ့ ဘဝကနေ လွတ်မြောက်အောင် လုပ်ပေးနေတာ”

ချင်မူက တာအိုသစ်သီးထဲရှိ အမျိုးသမီးအား စိုက်ကြည့်လိုက်ပြီး လှောင်ပြုံးပြုံးလိုက်သည်။ “မီလော့နန်းတော်အရှင်သခင်က သိပ်ကို စိတ်သဘောထားကောင်းတာတဲ့လား.. စကြ၀ဠာ ၁၆ ခုရဲ့ ကျေးဇူးရှင်ကြီးများလားဗျာ”

“ကျေးဇူးရှင်တစ်ယောက်ထက်တောင် ပိုသေးတယ်”

တာအိုသစ်သီးထဲရှိ အမျိုးသမီးက မီလော့နန်းတော်အရှင်သခင်အပေါ် ထားရှိသည့် သူမ၏ လေးစားအားကျမှုကို ထုတ်ပြောသည်။ “သူနဲ့ ကျောက်စိမ်းမြို့တော်ကြောင့်သာ မဟုတ်ရင် နင်တို့တွေက ကမ္ဘာဦးကျောက်တုံးတွေ သုံးပြီး အသိစိတ်အလျဉ် နိုးထရုံနိုးထတတ်တဲ့ ငတုံးငအတွေ ဖြစ်နေဦးမှာ…. ဒီလောက်တိုးတက်တဲ့ လူနေမှုအဆင့်အတန်းကို ရရှိနိုင်ခဲ့မှာ မဟုတ်ဘူး”

နတ်အရှင်မချန်း၏ မျက်နှာမှာ မည်းမှောင်လာသည်။ သူမသည် “ငတုံးငအ” ဟူသော စကားလုံးကို အတော်လေး မကျေမနပ်ဖြစ်နေ၏။

“မီလော့နန်းတော်အရှင်သခင်ရဲ့ ကျောက်စိမ်းမြို့တော်ကြောင့် နင်တို့ရဲ့ လူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်လာနိုင်ခဲ့တာ”

တာအိုသစ်သီးထဲရှိ အမျိုးသမီးက ဆက်ပြောသည်။ “သူ ကျောက်စိမ်းမြို့တော်ကို တည်ဆောက်ခဲ့ရတဲ့ အကြောင်းအရင်းက နင်တို့ကို အုပ်ချုပ်ဖို့ မဟုတ်ဘူး…ကယ်တင်ပေးဖို့ပဲ… နင်တို့ စကြ၀ဠာဖျက်ဆီးခံရတဲ့အချိန်မှာ ကယ်တင်ပေးနိုင်ဖို့ မျှော်လင့်ခဲ့တာ… ကျောက်စိမ်းမြို့တော်က ထောင်ချောက်လို့ နင် ထင်နေပေမယ့် သူ့ကိုယ်ပိုင်မဟာတာအိုနဲ့ သိုင်းပညာရှင်ထောင်ပေါင်းများစွာရဲ့ တာအိုကို သုံးပြီး ဆောက်ခဲ့ပေးရတာကိုတော့ နင် မသိဘူးမလား... အဟက်… ထောင်ချောက်တဲ့လား”

သူမက အေးစက်စက် ရယ်လိုက်သည်။ “ဒီမြို့မှာ သူ့ရဲ့ မဟာတာအိုအသိအမြင်တွေနဲ့ သိုင်းပညာရှင် ထောင်ပေါင်းများစွာရဲ့ တာအိုအသိအမြင်တွေ ကိန်းအောင်းနေတယ်… ကျောက်စိမ်းမြို့တော်အဆင့်အထိ ကျင့်ကြံပြီး မြို့ထဲမှာ ကိန်းအောင်းနေတဲ့ မဟာတာအိုဆန်းကြယ်မှုတွေကို သိမြင်နားလည်နိုင်မယ်ဆိုရင် တာအိုရပြီး ကပ်ဘေးမှာ ရှင်ကျန်နိုင်ခဲ့လိမ့်မယ်”

သူမ၏မျက်လုံးထဲတွင် ယုံကြည်ကိုးကွယ်ထားသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ “ဒီမြို့က နင်တို့ကြောင့် ပိုပိုပြီးတော့ ခိုင်ခံ့တည်မြဲလာမှာ…ကပ်ဘေးတစ်ခုပြီးတစ်ခုကို ကျော်လွှားနိုင်အောင် လုပ်ပေးလိမ့်မယ်… ကျောက်စိမ်းမြို့တော်က တကယ်ပဲ ထောင်ချောက်တစ်ခုသာ ဆိုရင် ဘာလို့ သူ့မဟာတာအိုကို ဖြန့်ကျက်ထားမှာလဲ…. ဘာလို့ တာအိုပညာရှင်ထောင်ပေါင်းများစွာရဲ့ မဟာတာအိုနဲ့ ဒီမြို့ကို တည်ဆောက်ခဲ့မှာလဲ”

ချင်မူနှင့် နတ်အရှင်မချန်းမှာ ကြောင်အနေကြပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ကြပေ။

အထူးသဖြင့် ချင်မူပင်။ သူသည် ကျောက်စိမ်းမြို့တော်ထောင်ချောက်ကို သိထားခဲ့သည်မှာ ကြာခဲ့ပြီး မီလော့နန်းတော်အရှင်သခင် ထားခဲ့သည့် ထောင်ချောက် ဖြစ်မှန်းကိုလည်း သူ၏နှလုံးသားထဲမှ အသေအချာ သိ၏။ သူတို့ ဤစကြဝဠာသို့ မြန်မြန် ရောက်လာနိုင်ကြရန် ဤခေတ်မှ ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် နတ်ဘုရားများစွာကို သတ်ဖြတ်နေကြခြင်းသာ ဖြစ်သည်။

ဤသို့ ကြိုတင်မှန်းဆထားသော အတွေးကြောင့် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို ကြည့်လျှင် သံသယများစွာ ထားခဲ့မိသည်။

တာအိုသစ်သီးပဲရှိ အမျိုးသမီး၏ စကားကို ကြားပြီးနောက် ရှုထောင့်တစ်ခုမှ ထပ်မြင်မိသွားသည်။ ၎င်းက ကျောက်စိမ်းမြို့တော်ထောင်ချောက်ဟု ထင်မိနေသည့် အတွေးအား ပြန်သုံးသပ်မိစေသည်။

မီလော့နန်းတော်အရှင်သခင်သာ အမှန်တကယ် ကျောက်စိမ်းမြို့တော်တွင် ထောင်ချောက်ဆင်ခဲ့လိုပါက အဘယ်ကြောင့် သူ၏မဟာတာအိုကို ကျောက်စိမ်းမြို့တော်တွင် တံဆိပ်ခတ်နှိပ်ခဲ့မည်နည်း။ ထောင်သောင်းများစွာသော တာအိုသိုင်းပညာရှင်တို့၏ စွမ်းအားများကို စုစည်းကာ အပင်ပန်းခံ၍ ဤနတ်ဘုရားမြို့ကို အဘယ်ကြောင့် တည်ဆောက်ခဲ့မည်နည်း။

ကျောက်စိမ်းမြို့တော်ထောင်ချောက်ဆိုသည်မှာ အမှန်တကယ်ပင် တည်ရှိပါရဲ့လော။

သို့မဟုတ် မီလော့နန်းတော်အရှင်သခင်သည် ဟိုးအရင်ကတည်းက စိတ်ကောင်းစေတနာထား၍ လူများကို ကယ်တင်လိုခဲ့ခြင်းလော။

“ဒါပေမဲ့ ကမ္ဘာဦးတာအိုပညာရှင်တစ်ယောက် ကျွန်တော်တို့ စကြ၀ဠာထဲ ဝင်ရောက်လာရင် ကျွန်တော်တို့စကြ၀ဠာက အိုမင်းပျက်စီးသွားလိမ့်မယ်… ဒီစကြ၀ဠာရဲ့ ကပ်ဘေးက ပိုပြီး မြန်မြန် ဖြစ်လာလိမ့်မှာ”

ချင်မူက မေးခွန်းထုတ်လိုက်သည်။ “ခင်ဗျား ဒါကိုရော ဘယ်လိုရှင်းပြမှာလဲ”

တာအိုသစ်သီးထဲရှိ အမျိုးသမီးက ခေါင်းခါသည်။ “အဲဒါက ဘာလို့လဲဆိုရင် တခြားတာအိုပညာရှင်တွေက မသေချင်ဘဲ စွမ်းအားကိုသာ လောဘတက်နေကြတာမလို့လေ… ဒါက မီလော့နားတော်အရှင်သခင်နဲ့ ဘာဆိုင်လို့လဲ… မီလော့နန်းတော်အရှင်သခင်က ဟိုးအစကနေ အခုအထိ နင်တို့စကြဝဠာထဲ ဝင်ရောက်ဖို့ မကြိုးစားခဲ့ဘူး… သူ လုပ်ချင်တာဆိုလို့ ဒီမြို့ကို တည်ဆောက်ဖို့ပဲ ရှိတယ်… တခြားသူတွေရဲ့ လုပ်ရပ်တွေက သူနဲ့ ဘာမှမဆိုင်ဘူး”

သူမ၏ မီလော့နန်းတော်အရှင်သခင်အပေါ် ထားရှိသော လေးစားအားကျမှုမှာ အထွတ်အထိပ်အထိ ရောက်ရှိနေပြီဖြစ်ပြီး စကားလုံးတစ်ခုစီတိုင်းတွင် လေးစားသော အရိပ်အယောင်များ ပါရှိနေသည်။ ချင်မူ့အား မီလော့နန်းတော်အရှင်သခင်အပေါ် သံသယဝင်ခွင့်ပင် မပေးပေ။

“ဘယ်သူ့ကိုမဆို သံသယဝင်လို့ရတယ်…သူ့ကိုတော့ မရဘူး… သူ့ကို သံသယဝင်တာက စော်ကားတာနဲ့ အတူတူပဲ”

တာအိုသစ်သီးထဲရှိ အမျိုးသမီးက ပြတ်သားစွာ ပြော၏။ “နင်တို့အားလုံး ကျောက်စိမ်းမြို့တော်ထဲက လျှို့ဝှက်ချက်တွေအားလုံးကို သိမြင်နားလည်နိုင်ရင် မီလော့နန်းတော်အရှင်သခင်ရဲ့ ကြီးမြတ်မှုနဲ့ ကြိုးစားမှုတွေကို သဘောပေါက်လာကြလိမ့်မယ်… နင်က ငါတို့ တမင်တကာ ထားခဲ့တဲ့ ထောင်ချောက်တစ်ခုလို့ ထင်နေပေမယ့် ငါတို့ကျင့်ကြံတာကလည်း ကျောက်စိမ်းမြို့တော်မှန်း နင်တို့ မသိဘူး…”

ချင်မူမှာ တိတ်ဆိတ်ငြိမ်သက်သွားသည်။

အချိန်အတော်ကြာပြီးနောက် သူက ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည်။ “ခင်ဗျားရဲ့ စကားတွေကို ဘယ်လိုပဲ ပျားသကာတွေ အုပ်ထားပါစေ ကျွန်တော့်မှာ သံယယတွေ ရှိနေသေးတယ်…. ဘာလို့လဲဆိုတော့ ကျွန်တော် အလေးစားရဆုံး တာအိုမိတ်ဆွေတစ်ယောက်က မီလော့နန်းတော်အရှင်သခင်ကြောင့် ဖရိုဖရဲမြစ်ထဲ အစအနတောင် မရှိဘဲ ပြုတ်ကျသွားခဲ့ရတယ်…. ခင်ဗျားတို့ တာအိုသိုင်းပညာရှင်တွေတောင် ထောင်ချောက်ထဲ ရောက်မှန်းမသိ၊ ရောက်နေတာလို့တောင် ကျုပ် သံသယရှိတယ်..”

တာအိုသစ်သီးထဲရှိ အမျိုးသမီးက နှာခေါင်းရှုံ့လိုက်သည်။ “နွေပိုးကောင်တွေက ရေခဲအကြောင်း ပြောနေတာတဲ့” သူမက ထိုသို့ပြောပြီးနောက် သူ့ကို လျစ်လျူရှုထားတော့သည်။

ချင်မူက‌ ရေရွတ်လိုက်သည်။ “ကျွန်တော် အမြဲ သူ့ကို သံသ၀င်နေခဲ့တာ… သူ့ကို သံသယ၀င်နေမှဖြစ်မယ်..”

ထိုအခိုက်အတန့်တွင် ကြောက်မက်တုန်လှုပ်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ နတ်အရှင်မချန်း နောက်လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်အရှင်ရှောင်၊ နတ်ဧကရာဇ်လန်ရွှမ်နှင့် ကျန်သူများသည် ဖရိုဖရဲမြူများထဲမှ ထွက်လာ၍ သူတို့နောက်မှ လိုက်ဖမ်းနေကြောင်း တွေ့လိုက်ကြရသည်။

ထို့နောက် တာအိုသစ်ပင်တစ်ပင်က ဖရိုဖရဲမြစ်ထဲမှ ပျံတက်လာ၏။ ကောင်းကင်နတ်အရှင်ဟောင်၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကျန်သူတို့က ၎င်းသစ်ပင်ပေါ်တွင် ရပ်နေကြသည်။

“ကောင်းကင်နတ်အရှင်မူ၊ နင် မီလော့နန်းတော်အရှင်သခင်ကို သံသယ၀င်နေတာဆိုတော့ နင် သူ့ကို မီလော့နန်းတော်မှာ သွားတွေ့ပါလား”

နတ်အရှင်မချန်းက အလျင်အမြန် ပြော၏။ “ကျောက်စိမ်းမြို့တော်မှ ထောင်ချောက်ရှိ၊ မရှိ သူ့ကို တွေ့တာနဲ့ သိရမှာပဲ..”

ချင်မူမှာ စိတ်တက်ကြွလာပြီး လှေငယ်အား အရှိန်မြှင့်တင်လိုက်သည်။ သူက တည်ကြည်လေးနက်စွာ ရေရွတ်လိုက်၏။ “အဲ့ဒါဆို သူ့ကို သွားတွေ့ကြတာပေါ့”

နတ်အရှင်မချန်းသည် သူမကို ဒုက္ခအပေးဆုံး ရန်သူအဖြစ် ချင်မူ့အား သတ်မှတ်ထားသော်လည်း ဤအခိုက်အတန့်တွင် သူ၏သူရဲကောင်းဆန်မှုအပေါ် မချီးကျူးမိဘဲ မနေနိုင်ချေ။ ‘ဒီကောင်က သန္ဓေယုတ်တဲ့ လူယုတ်မာဆိုပေမယ့် သူရဲကောင်းစိတ်ဓာတ်ကတော့ ပြိုင်ဘက်ကင်းပဲ”

ချင်မူက ‌လှေငယ်ကို အရှိန်မြှင့်တင်လိုက်ပြီး အခြားကောင်းကင်နတ်အရှင်များအား အနောက်တွင်ကျန်ရစ်ခဲ့စေသည်။ ကောင်းကင်နတ်အရှင်ရှောင်မှာ ၎င်းကိုမြင်လျှင် ရှစ်ချီလော်၊ နတ်အရှင်မယန်နှင့် နတ်ဧကရာဇ်လန်ရွှမ်တို့က သူ့ခြေထောက်အောက်ရှိ တာအိုသစ်ပင်ပေါ်သို့ တက်စေလိုက်၏။ ကောင်းကင်နတ်အရှင်များအားလုံးက သူတို့၏ မှော်စွမ်းအင်များကို အသက်သွင်းကာ လိုက်ဖမ်းကြတော့သည်။

အခြားတစ်ဖက်တွင် ကောင်းကင်နတ်အရှင်ဟောင်သည်လည်း ကောင်းကင်နတ်အရှင်ကုန်းနှင့် ကောင်းကင်နတ်အရှင်ရှုတို့ကို လူစုစေလိုက်၏။ ကောင်းကင်နတ်အရှင်ငါးပါးက တာအိုသစ်ပင်တစ်ပင်တည်းပေါ်တွင် ရပ်လိုက်ကြသဖြင့် သူတို့၏အမြန်ဆုံးက သိသိသာသာ တိုးတက်သွားသည်။

ချင်မူမှာ အချိန်အတော်ကြာ ကြိုးစားခဲ့သော်လည်း ထိုကောင်းကင်နတ်အရှင်များကို မသတ်ဖြတ်နိုင်ချေ။ ထို့ကြောင့် သူတို့ကို သတ်ရန် မကြိုးစားတော့ဘဲ လှေငယ်ကိုသာ အစွမ်းကုန် အားဖြည့်၍ အရှိန်မြှင့်တင်စေလိုက်သည်။

အချိန်တစ်ခုကြာပြီးနောက် ကုန်းမြေတစ်ခုကို မြင်လာရ၏။ ချင်မူနှင့် နတ်အရှင်မချန်းက ပျံတက်၍ မြေပြင်ပေါ် ဆင်းသက်လိုက်သည်။ လှေငယ်က တောင်ဝှေးအဖြစ် ပြောင်းလဲသွားပြီး ချင်မူ့လက်ထဲ ရောက်လာသည်။

သူတို့နှစ်ယောက်က တတိယမြောက် ဖရိုဖရဲမြစ်ဆီသို့ ပြေးသွားကြသည်။ ချင်မူ့မျက်လုံးများက တဖြတ်ဖြတ် တောက်ပသွားပြီး စိတ်ထဲမှ တွေးလိုက်မိသည်။ ‘ဘိုးဘေးနန်းတော်ကြီးတစ်ခုလုံးက ဧရာမယဇ်ပလ္လင်ကြီးတစ်ခုပဲ…. ဘိုးဘေးနန်းတော်ထဲက သက်ရှိတွေရဲ့ အသွေးနဲ့ အသားကို တာအိုသိုင်းပညာရှင်တွေ ရောက်လာနိုင်ဖို့ လဲလှယ်နေတာ… ဒီလိုကိစ္စကြီးတစ်ခုရဲ့ ရည်ရွယ်ချက်ကို မီလော့နန်းတော်အရှင်သခင် ဘယ်လိုရှင်းပြမလဲ သိချင်မိတယ်’

All Chapters