အရှက်မရှိ ၊ သရက်နှစ်စေ့
Vol. 116 Ch. 1519
စတုတ္ထဖရိုဖရဲမြစ်တွင်တော့ နတ်အရှင်မချန်းမှာ ပင်ပန်းလွန်းသဖြင့် အသက်ပင် ကောင်းကောင်းမရှုနိုင်တော့ပေ။ သူမမှာ ဖရိုဖရဲမြစ်၏ ဆန်းကြယ်မှုများကို မခုခံနိုင်တော့ဘဲ လှေငယ်ပေါ်တွင် လှဲနေတော့သည်။ သူမ၏ကံတရားကို လက်ခံလိုက်သည့်အလားပင်။
ချင်မူက ကပ်ဘေးဓားကို ထုတ်ကာ လွှဲရမ်းလိုက်သည်။ တစ်ခဏကြာသော် မြစ်ထဲရှိ ခြောက်ကပ်နေသော အရိုးစုတစ်စုမှာ သူ့ကြောင် ကြေမွသွား၏။
ခရီးလမ်းသည် ချက်ချင်းဆိုသလို တည်ငြိမ်းအေးဆေးသွားပြီး ထူးဆန်းသော မည်သည့်မတော်တဆဖြစ်ရပ်မှ မရှိတော့ပေ။
နတ်အရှင်မချန်းက ငေါက်ခနဲ ထထိုင်ကာ မျက်ထောင့်နီကြီးဖြင့် သူ့အား စိုက်ကြည့်လိုက်သည်။ သူမက ဒေါသထွက်လွန်းသောကြောင့် အော်ရယ်လိုက်၏။ “ဖရိုဖရဲမြစ်ထဲက အထူးဆန်းတွေကို နင် ဖိနှိပ်နိုင်ရဲ့သားနဲ့ ဘာလို့ ငါ့ကို လှုပ်ရှားခိုင်းပြီး ငါ့မှော်စွမ်းအင် ကုန်အောင် လုပ်ရတာလဲ”
ချင်မူကား ထိုက်ကျိတာအို သိမြင်နားလည်နေဆဲဖြစ်ပြီး ထိုက်ကျိချီစွမ်းအင်ကို ကျင့်ကြံနေဆဲ ဖြစ်သည်။ သူက သူမကို မော့ကြည့်လိုက်ရင်း တည်ကြည်လေးနက်စွာ တုံ့ပြန်သည်။ “ကျွန်တော်က လှေပေးထားတယ်လေ… ခင်ဗျားက ခွန်အားထုတ်ပေါ့… မျှတပါတယ်… ဒါ့အပြင် ကျွန်တော်က ခင်ဗျားကောင်းဖို့ လုပ်နေတာ… ဖရိုဖရဲမြစ်ထဲက မကောင်းဆိုးဝါးတွေက အရင်စကြ၀ဠာရဲ့ တာအိုသိုင်းပညာရှင်တွေပဲ…. သူတို့နဲ့ တိုက်ခိုက်တာက ခင်ဗျားနဲ့ ကျွန်တော့်အတွက် ရှားပါးတဲ့ကောင်းချီး ဖြစ်တယ်… ဝာာအိုသိုင်းပညာရှင်တွေက ခင်ဗျားကို သိုင်းကွက်တွေ သင်ပေးနေတာ… ဒီလိုအခွင့်အရေးမျိုး ဘယ်မှာရမှာလဲ…. မဟာဧကရာဇ် ခင်ဗျားမှာ စိတ်ဓာတ်ခိုင်မာတဲံ သိုင်းပညာရှင်တစ်ယောက်ရဲ့ နှလုံးသား မရှိတော့ဘူး”
နတ်အရှင်မချန်းမှာ သူနှင့် စကားရည်မလုနိုင်ပေ။ ဖရိုဖရဲမြစ်ထဲရှိ မကောင်းဆိုးဝါးများမှာ ထွက်ပြေးမလာနိုင်ကြသည့် တာအိုသိုင်းပညာရှင်များ ဖြစ်ကြသည်။ သူတို့သည် မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲတွင် ပိတ်မိနေကြကာ မြစ်ထဲသို့ ဆွဲခေါ်နေကြ၏။
ထိုတာအိုသိုင်းပညာရှင်များအား တိုက်ခိုက်နိုင်ခြင်းက ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သော်လည်း ဤအခွင့်အရေးက အသက်ပင် ဆုံးရှုံးနိုင်ခြေ ရှိသည် မဟုတ်ပါလော။
ထိုမျှသာမက ထိုတာအိုသိုင်းပညာရှင်များအား မည်မျှပင်ကြိုးစားပါစေ သတ်ဖြတ်၍မရချေ။ မဟာပျက်စီးခြင်းကပ်ဘေးထဲသို့သာ ပြန်လည်တွန်းထုတ်နိုင်ပေသည်။
သူမသည် ချင်မူ့လို ကပ်ဘေးဓားသိုင်းကွက်တို့ဖြင့် တစ်ဖက်ရန်သူ၏ အရိုးများကို ချိုးကာ သိုင်းအခြေခံကို ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။ အန္တရာယ်များကို မကြာမကြာ ရင်ဆိုင်ရပါက ကျရှုံးမည်မှာ အနှေးနှင့် အမြန်သာ။
နောက်ထပ်တစ်လကြာပြီးနောက် လှေငယ်ကား စတုတ္ထဖရိုဖရဲမြစ်အား ဖြတ်ကျော်လာခဲ့ချေပြီ။ ချင်မူ့လောကသစ်ပင်က ဖရိုဖရဲမြစ်ထဲမှ ချီပမာဏတစ်ခုကို စုပ်ယူပြီး ရပ်တန့်သွားသည်။
ဖရိုဖရဲမြစ်ကို ဖြတ်သန်းပြီးသည့်အခါ၌ သူ၏သိုင်းအခြေခံ ထပ်မံတိုးတက်လာသည်ကို ချင်မူ ခံစားလိုက်ရသည်။ ‘ငါ ဖရိုဖရဲမြစ်ကို ဖြတ်ရင် ဘာလို့ လောကသစ်ပင်က ကြီးလာတာလဲ…. လောကသစ်ပင်က မဟာပျက်စီးခြင်းကပ်ဘေးကို အာဟာရအဖြစ် သုံး၊ ကပ်ဘေးရဲ့စွမ်းအင်ကို စုပ်ယူပြီး ကြီးထွားနေတာလား”
သူ့မှာ ပို၍ပင် သိချင်စိတ်ပြင်းပြလာတော့သည်။ ဖရိုဖရဲမြစ် ၁၆ စင်းလုံးကို ဖြတ်ပြီးပါက သူ၏သိုင်းအဆင့်သည် မည်မျှတိုးတက်လာလိမ့်မည်နည်း။
ကောင်းကင်နတ်အရှင်များကို မှီနိုင်မည်လော။
“မဖြစ်နိုင်လောက်ပါဘူး”
သူက အသေအချာ တွေးတောနေသည်။ လက်ရှိ ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ပလ္လင်ခန်းမတို့အား စတင်ဖြည့်စွက်ကာ ကျင့်ကြံနေကြပြီ ဖြစ်၏။ သူတို့သည် ပလ္လင်ခန်းမများအား သုံး၍ သိုင်းအခြေခံကို လေးနက်စေကာ ကောင်းကင်နတ်ဘုံအဆင့်အား ခိုင်မာလာစေလိမ့်မည်။ သူတို့၏ တိုးတက်နှုန်းကလည်း အလွန်တရာ မြန်ဆန်ပေသည်။
“ဒါပေမဲ့ ငါ ကပ်ဘေးထဲ ကိုယ်တိုင်ဝင်သွားရင် လောကသစ်ပင်က အာဟာရတွေ ပိုပြီးများများ စုပ်ယူနိုင်မှာမလား”
အလွန်တရာ ရဲတင်းသော အကြံတစ်ခုက သူ၏နှလုံးသားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းက ရဲတင်းလွန်းသဖြင့် သူကိုယ်တိုင်ပင်လျှင် အနည်းငယ် ထိတ်လန့်သွားမိ၏။ “မြစ်ရေပြင်ပေါ်မှာ လျှောက်နေမယ့်အစား ဖရိုဖရဲမြစ်ထဲကနေ ဖြတ်သွားရင် ငါ့ရဲ့လောကသစ်ပင်က ဧရာမသစ်ပင်ကြီးအဖြစ် ကြီးထွားလာလောက်လား… သိုင်းအဆင့်ကရော ဘယ်လောက်တောင် တိုးတက်လာလောက်မလဲ”
ထိုသို့တွေးမိသော်လည်း လက်တွေ့ အကောင်အထည် မဖော်ရဲချေ။
ဖရိုဖရဲမြစ်ထဲ ဝင်ရောက်၍ မဟာပျက်စီးခြင်းကပ်ဘေးအား တောင့်ခံနိုင်သည့်ခွန်အား သူ့တွင် မရှိပေ။ ရုပ်ခန္ဓာဖြစ်စေ၊ မူလဝိညာဉ်ဖြစ်စေ၊ မဟာတာအိုဖြစ် အချိန်ကြာကြာ တောင့်ခံထားနိုင်လိမ့်မည်မဟုတ်။
ငါးစင်းမြောက် ဖရိုဖရဲမြစ်တွင် နတ်အရှင်မချန်းက ချင်မူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက် သူမက ကောက်ကာငင်ကာ ထမေးသည်။ “ကောင်းကင်နတ်အရှင်မူ၊ နင် ဘာလို့ အသက်ကြီးမလာတာလဲ”
ချင်မူမှာ သူမ၏ ကောက်ကာငင်ကာ အမေးကြောင့် လန့်သွားပြီး နားလည်သိမြင်နေရာမှ နိုးထလာသည်။ သူက တအံ့တဩ မေးလိုက်လေသည်။ “အရှင်မက ဘာလို့မေးတာလဲ”
“ဘာလို့ အသက်ကြီးမလာရတာလဲ”
နတ်အရှင်မချန်းက သူ့ကို စိုက်ကြည့်နေပြီး အနည်းငယ် ဩရှရှဖြစ်နေသော အသံဖြင့် မေးသည်။ “ငါ ဒီရက်တွေအတွင်း နင့်ကို အကဲခတ်နေခဲ့တာ…. ငါ့ခန္ဓာကိုယ်က သက်လတ်ပိုင်းအခြေအနေကို ရောက်နေပြီ… ဒါပေမဲ့ နင့်ရဲ့ရုပ်ရည်သွင်ပြင်က မြစ်ကို မဖြတ်ခင်တုန်းကအတိုင်းပဲ နည်းနည်းလေးမှပြောင်းလဲမသွားဘူး…. ငါတောင်မှ အိုဘေးကနေ မရှောင်နိုင်တာ နင်က ဘယ်လိုလုပ် နုပျိုနေရသေးတာလဲ”
ချင်မူမှာ ရင်ဒိန်းခနဲ ခုန်သွားပြီး နတ်အရှင်မချန်းဆီသို့ ကြည့်လိုက်သည်။ ထိုအချိန်မှသာ သူမ အမှန်တကယ် အိုမင်းလာကြောင်း သတိထားမိသွား၏။
သူတို့ မြစ်ကို ဖြတ်လာခဲ့သည်မှာ နှစ်တစ်ဝက်ကြာခဲ့ပြီ ဖြစ်သည့်အလျောက် နတ်အရှင်မချန်း၏ ပုံပန်းသွင်ပြင်သည် ယခင်ကနှင့် မတူတော့ပေ။ သူမ၏ နုပျိုမှုက တိမ်ကောသွားကာ ရုပ်ခန္ဓာသည် သက်လတ်ပိုင်းအခြေအနေသို့ ရောက်လာခဲ့သည်။
ချင်မူက ထရပ်၍ လှေနောက်ရှိ ဖရိုဖရဲချီထဲသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ကောင်းကင်နတ်အရှင်ဟောင်၊ နတ်ဧကရာဇ်လန်ရွှမ်၊ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် အခြားကောင်းကင်နတ်အရှင်များမှာလည်း အိုမင်းလာနေကြချေပြီ။
ဖရိုဖရဲမြစ်ငါးစင်းကို ဆက်တိုက် ဖြတ်သန်းလာခဲ့ကြခြင်းက သူတို့၏ရုပ်ခန္ဓာများနှင့် မူလဝိညာဉ်များကို ဆက်တိုက် အသက်ကြီးလာစေခဲ့သည်။
ယခင်က ထိုကောင်းကင်နတ်အရှင်များ၏ ရုပ်ခန္ဓာများနှင့် မူလဝိညာဉ်များမှာ အနုပျိုဆုံး၊ အသန်မာဆုံး အခြေအနေတွင် အမြဲရှိနေခဲ့သော်လည်း ယခုတွင်တော့ အိုမင်းလာခဲ့လေပြီ။
ဤသည်က မဟာပျက်စီးခြင်းကပ်ဘေးကြီး၏ သက်ရောက်မှုပင်။
ကျောက်စိမ်းမြို့တော်ကိုယ်တိုင်ပင်လျှင် စကြ၀ဠာ၏ သံသရာစက်၀န်းဆယ့်ခြောက်ခုပေါ်တွင် တည်ရှိနေသည်။ ၎င်းတွင် ယခင်စကြ၀ဠာ ၁၆ ခုမှ ပျက်စီးခြင်းတို့၏ သက်ရောက်မှုများ ပြည့်နှက်နေ၏။ သူတို့ မြို့ထဲ ဝင်ရောက်လိုက်သည့်အချိန်မှစ၍ သူတို့၏အဆုံးမရှိသော သက်တမ်းဆိုသည်မှာလည်း ရပ်တန့်သွားခဲ့သည်။
သို့သော် ကောင်းကင်နတ်အရှင်များမှာ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များဖြစ်ကြသဖြင့် မြို့ထဲတွင် တစ်နှစ်၊ နှစ်နှစ် နေခဲ့ပြီးနောက် သိပ်အိုမင်းလာခဲ့ဟန်မတူပေ။ သို့သော် ဖရိုဖရဲမြစ်ထဲ ဝင်ရောက်လာကြသည့်အချိန်တွင်တော့ လျင်မြန်စွာ အိုမင်းလာခဲ့ကြသည်။
“ငါ့ခန္ဓာကိုယ်ထဲမှာ ဖွဲ့တည်ထားတဲ့ မဟာတာအို အိုမင်းလာတာကိုတောင် ခံစားနေရတယ်”
နတ်အရှင်မချန်းက သူ့အား စိုက်ကြည့်နေသည်။ သူမအနောက်ရှိ နတ်ဘုရားအရှိန်အဝါထဲတွင် ကောင်းကင်နန်းဆောင်များက တစ်ခုပြီးတစ်ခု ပေါ်လာကြ၏။ ၎င်းတို့က အတူတကွ ချိတ်ဆက်ရင်း ကောင်းကင်နတ်ဘုံတစ်ခုကို ဖော်ဆောင်လိုက်ကြသည်။ “ငါ့ကောင်းကင်နန်းဆောင်ကို ကြည့်လိုက်… ဘာမြင်ရလဲ”
ချင်မူလည်း သူမအနောက်သို့ လှမ်းကြည့်လိုက်သည့်အခါ ယခင်က ခမ်းနားတင့်တယ်၍ နတ်အလင်းတန်းများ ထွန်းလင်းတောက်ပနေခဲ့သော ကောင်းကင်နန်းဆောင်တို့အား တွေ့မြင်လိုက်ရသည်။ သို့သော် ယခုတွင်တော့ ကောင်းကင်နန်းဆောင်များကို ဖုံးအုပ်ထားသည့် နတ်အလင်းတန်းတို့မှာ မှေးမှိန်နေကြချေပြီ။ တာအိုသံများကလည်း အက်ကွဲမှိုင်းထိုင်းနေသည်။
ထိုမျှသာမက ကောင်းကင်နန်းဆောင်များအတွင်းရှိ အဆောက်အဦးများမှာလည်း သံချေးများ၊ ဖုန်များဖြင့် ပြည့်နှက်နေပြီး နဂါးသွဲ့ရေကန်မှာလည်း နောက်ကျိနေသည်။ ကောင်းကင်မုခ်၀များပင်လျှင် အချိန်၏ တိုက်စားမှုကို မလွန်ဆန်နိုင်ကြပေ။ တချို့သော အဆောက်အဦးများဆိုလျှင် ပြိုလဲကုန်ကြပြီဖြစ်သည်။
“ဒါက မဟာတာအို အိုမင်းလာတဲ့ အကျိုးဆက်တွေပဲ… နင့်မှာတော့ ရှိမနေဘူး”
နတ်အရှင်မချန်းက ချင်မူ့မျက်လုံးအား စေ့စေ့စိုက်ကြည့်နေသည်။ “ငါ့ရဲ့ကြွက်သားတွေ၊ သွေးတွေ၊ အရိုးတွေ၊ အရေပြားနဲ့ ဆံပင်တွေတောင် အိုမင်းလာတာ ခံစားနေရတယ်… ငါ့ရဲ့ခန္ဓာကိုယ်ထဲက ချီစွမ်းအင်တောင် အချိန်နဲ့အမျှ အိုမင်းလာနေတာ…. ငါ့ရဲ့ခန္ဓာကိုယ်ထဲက နယ်ပယ်လည်း တဖြည်းဖြည်း ပြိုပျက်လာတာ ခံစားနေရတယ် … တာအိုသံကြိုးတွေ ပြတ်နေတဲ့အသံတွေ ကြားနေရတယ်… တာအိုသင်္ကေတတွေ ပျက်စီးသွားလို့ လှိုင်းထသံတွေကိုလည်း ကြားနေရတယ်… ငါ့အသိစိတ်အလျဉ်ကလည်း တဖြည်းဖြည်း လွင့်ပျယ်လာနေပြီ… ဒါပေမဲ့ နင်ကတော့ အဲဒီလို မဟုတ်ဘူး… အခုထိ နုပျိုနေတုန်း ဖြစ်ပြီး လုံးဝလည်း မပြောင်းလဲသေးဘူး… ဘာလို့လဲ”
ချင်မူက သူ့မျက်နှာကို ထိကြည့်လိုက်ရင်း မှန်းမှန်းဆဆ ပြောသည်။ “ကျွန်တော့်ကိုယ်ကျွန်တော် သေချာဂရုစိုက်ထားလို့ နေမှာပေါ့…”
“စောက်ရေးမပါတာ..”
နတ်အရှင်မချန်းမှာ ဒေါသထွက်သွားပြီး နတ်ဘုရားသတ်ဖြတ်ဓားမနှစ်လက်ကို အသက်သွင်းလိုက်သည်။ သွေးနဂါးနှစ်ကောင်က ချင်မူ့ကို လှည့်ပတ်နေရင်း အချိန်မရွေး ခုတ်ချရန် အဆင်သင့်ဖြစ်နေကြ၏။
“စောက်ပိုတွေ… ကောင်းကင်နတ်အရှင်မူ၊ နင့်မှာ မဟာပျက်စီးခြင်းကပ်ဘေးကြီးကို ရှောင်တိမ်းလို့ရတဲ့ ရတနာတစ်ပါး ရှိရမယ်”
နတ်အရှင်မချန်း၏ အသတ်အဖြတ်အရှိန်အဝါများ ဖြာထွက်လာပြီး သူမက ရက်စက်ယုတ်မာသော လေသံဖြင့် ပြောသည်။ “ငါ့ရဲ့ နတ်ဘုရားသတ်ဖြတ်ဓားမနှစ်လက်တောင် ဒီမြစ်တွေထဲမှာ အရှိန်အဝါ ဆုံးရှုံးနေရပြီ… နင့်ရဲ့ သိုင်းအခြေခံတစ်ခုတည်းနဲ့ ဒီကျူးကျော်မှုကို တောင့်ခံထားနိုင်တာလို့ ငါ မယုံဘူး… နင့်ရတနာကို ပေးစမ်း”
ချင်မူက ဓားကို ဖြည်းဖြည်းချင်း ဆွဲထုတ်ရင်း မှင်သေသေ တုံ့ပြန်သည်။ “မဟာဧကရာဇ် ခင်ဗျားက မိန်းမတစ်ယောက်လည်း မဟုတ်ဘဲ ဘာလို့ ရုပ်ရည်သွင်ပြင်ကို ဒီလောက် ဂရုစိုက်နေရတာလဲ… ကျွန်တော်က အစွမ်းရှိလို့ သေခြင်းကို ရှောင်နိုင်တာ… ခင်ဗျားကတော့ အသုံးမကျလို့ မရှောင်နိုင်တာလေ”
နတ်အရှင်မချန်းက ကြိမ်းမောင်းဆဲဆိုတော့သည်။ “ကောင်းကင်နတ်အရှင်မူ၊ နင့်အကြံကို မသိဘူးလို့ ထင်မနေနဲ့… နင်က နုပျိုနေပြီး ငါကတော့အိုမင်းလာနေတာ… ဒီအတိုင်း ဆက်သွားနေရင် နင့်ရဲ့ သိုင်းအခြေခံက ငါ့ကို အနှေးနဲ့အမြန် ကျော်တက်သွားလိမ့်မယ်…. အဲဒီအချိန်ကျရင် နင် ငါ့ကို တိုက်ခိုက်လာမှာပဲ”
ချင်မူက နှာခေါင်းရှုံ့၏။ “ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးမနေပါနဲ့…. ကျွန်တော်တို့က တစ်လှေတည်းစီးနေတာ…. ခင်ဗျားကသာ ကျုပ် အိုမင်းပြီး သက်တမ်းကုန်ဆုံးသွားမှာကို စောင့်နေတာမလား… ကျွန်တော့်သိုင်းအဆင့်က ခင်ဗျားအောက် နိမ့်ကျတဲ့အတွက် ခင်ဗျားထက် ပိုပြီးမြန်မြန် အိုမင်းလာမှာပဲ… အခု ကျုပ်က အိုမလာနေဘူးဆိုတာ တွေ့တော့ သတ်ချင်စိတ် ပေါက်ရောမလား”
နတ်အရှင်မချန်းက ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်ရာ နတ်ဘုရားသတ်ဖြတ်ဓားမနှစ်လက်သည် လေထဲတွင် ကခုန်ကာ သူမပတ်ဝန်းကျင်ရှိ ဖရိုဖရဲချီများကို လှုပ်ရှားသွားစေသည်။ “မဟာပျက်စီးခြင်းကပ်ဘေးကြီးရဲ့ ကျူးကျော်မှုကို တောင့်ခံနိုင်တဲ့ ရတနာကို ထုတ်လိုက်စမ်း… အဲ့ဒါမှ ငါလည်း နင့်လို နုပျိုနေနိုင်မှာ… နင့်အတွက် အခက်တွေ့အောင် ဘာမှမလုပ်ဘူး.. ဆက်ပြီး ပူးပေါင်းသွားမယ်… မဟုတ်ရင်တော့ ဒီလှေက နင့်သင်္ချိုင်း ဖြစ်သွားလိမ့်မယ်”
“ထုတ်မပေးနိုင်ဘူး”
ချင်မူက ကျယ်လောင်စွာ ရယ်မောရင်း ကပ်ဘေးဓားကို ပို၍တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ “မဟာဧကရာဇ် ခင်ဗျား အိုမင်းပြီး ကျုပ်နဲ့ မယှဉ်နိုင်တော့မှာ စိုးရိမ်နေတာမလား”
နတ်အရှင်မချန်းမှာ သည်းမခံနိုင်တော့ဘဲ တိုက်ခိုက်တော့သည်။
အဝေးရှိ တာအိုသစ်ပင်တစ်ပင်ပေါ်တွင် ကောင်းကင်နတ်အရှင်ရှောင်နှင့် ကျန်သူများက လှေငယ်နောက်မှ အေးဆေးစွာ လိုက်နေကြသည်။ ဤအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟောင်သည် သက်လတ်ပိုင်းအရွယ် ဖြစ်နေကော မုတ်ဆိတ်မွှေးများပင် ပေါက်နေ၏။ သူက မုတ်ဆိတ်ကိုပွတ်၍ ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူနဲ့ နတ်အရှင်မချန်းရဲ့ လှေက ဒီလိုမြုပ်သွားပြီပေါ့လေ”
ကောင်းကင်နတ်အရှင်ဟွေ့၏ ခပ်ဩဩအသံ ထွက်ပေါ်လာသည့်အခါ သူသည် ပို၍အိုမင်းနေသည်မှာ သိသာ၏။ သို့သော် မျက်နှာဖုံးတပ်ထားသဖြင့် မည်မျှအိုမင်းနေပြီလဲ ပြောရခက်သည်။ “နောင်တော်ဟောင်ရဲ့ အမျှော်အမြင်ကတော့ ပြိုင်ဘက်ကင်းပါပဲ… အဲဒီလို လူယုတ်မာတွေကြားက မိတ်ဆွေဆက်ဆံရေးဆိုတာ ကြာကြာမတည်မြဲမှန်း ကြိုသိနေတယ်”
ရှေးဟောင်းနတ်ဘုရားဘုရင်၏ မျက်လုံးများက တဖျတ်ဖျတ် တောက်ပသွား၏။ “ကျုပ်တို့အတွက် အခွင့်အရေးပဲ”
အခြားတစ်ဖက်တွင် ကောင်းကင်နတ်အရှင်ရှောင်တို့ကလည်း ချင်မူနှင့် နတ်အရှင်မချန်းတို့ လှေငယ်ပေါ်တွင် တိုက်ခိုက်နေကြသည်ကို ကြည့်နေသည်။ သူတို့၏အကြည့်များက တဖျတ်ဖျတ် လင်းလက်နေကြသည်။
သူ့ဘေးရှိ နတ်အရှင်မယန်မှာလည်း အသက်ကြီးရင့်လာခဲ့သည်။ ရှစ်ချီလော်နှင့် နတ်ဧကရာဇ်လန်ရွှမ်တို့မှာလည်း သက်လတ်ပိုင်းအရွယ်သို့ ရောက်နေကြ၏။ သူတို့မှာလည်း နတ်အရှင်မချန်းနည်းတူ အချိန်၏တိုက်စားခြင်းအား ခံစားနေကြရသည်။
“ဘာလို့ ကောင်းကင်နတ်အရှင်မူက အသက်ကြီးမလာတာလဲ” ကောင်းကင်နတ်အရှင်ရှောင်၏ အကြည့်က ထူးဆန်းနေသည်။
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာလည်း အနည်းငယ် အသက်ကြီးလာကြသဖြင့် မျက်မှောင်ကြုတ်နေကြသည်။ ဤသို့ အသက်အရွယ် ကြီးရင့်လာမှုကို ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းဖြင့် တားဆီး၍မရနိုင်ပေ။ ဤသို့အိုမင်းလာမှုမှာ မဟာတာအို အိုမင်းလာခြင်းဖြစ်သည့်အတွက် ရှေးဟောင်းနတ်ဘုရားများဖြစ်သော သူတို့ပင်လျှင် မရှောင်တိမ်းနိုင်ကြ။
လှေငယ်ပေါ်တွင် နတ်အရှင်မချန်းနှင့် ချင်မူကား ထိပ်တိုက်ရင်ဆိုင်နေကြသည်။ သူတို့က စတင်တိုက်ခိုက်သည်နှင့် အသက်နှုတ်တိုက်ကွက်များကို ချက်ချင်း ထုတ်ဖော်နေကြသည်။
ချင်မူ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်ကို တစ်ခါတည်း ဖြန့်ကျက်ရင်း သူဓားလမ်းစဉ်၏ ၃၀ ဘုံမြောက် ကောင်းကင်ဘုံကို ထုတ်ဖော်လိုက်သည်။
တစ်ချိန်တည်းမှာပင် နတ်အရှင်မချန်းက သူ၏နယ်ပယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာပြီး နတ်ဘုရားသတ်ဖြတ်ဓားမနှစ်လက်က အရာအားလုံးကို ဖျက်ဆီးနိုင်သော နဂါးနှစ်ကောင်အဖြစ် ပြောင်းလဲသွား၏။
သူတို့နှစ်ယောက်ကြားတွင် တစ်လက်မကြား အကွာအဝေးသာ ရှိသောကြောင့် စတင်တိုက်ခိုက်သည်နှင့် ချက်ချင်း ထိတွေ့သွားကြသည်။
ချင်မူသည် နတ်ဘုရားသတ်ဖြတ်ဓားမဖြင့် ခုတ်ပိုင်းခံလိုက်ရ၍ သူ၏ချီနှင့်သွေးတို့မှာ အလျင်အမြန် စုပ်ယူခံနေရသည်။
ချင်မူက နတ်အရှင်မချန်း၏ မျက်ခုံးနှစ်ဖက်ကြားသို့ ဓားဖြင့် ထိုးစိုက်လိုက်ပြီး ဓားရောင်က သူမလမ်းစဉ်ရှိ အရာအားလုံးကို ပျက်စီးသွားစေသည်။
ရုတ်တရက် သူတို့နှစ်ယောက်မှာ အကြည့်ချင်းဆုံသွားကြပြီး ပြိုင်တူရပ်တန့်လိုက်ကြ၏။ ချင်မူက သူ့ဓားကို ကိုင်ထားပြီး နတ်အရှင်မချန်းကလည်း ဓားမ,ကိုင်ကာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
“ဒါက လိုအပ်လို့လား”
နတ်အရှင်မချန်းက သက်ပြင်းချလိုက်၏။ “ငါတို့က အဖေမတူ မအေကွဲ သွေးသောက်ညီအစ်ကိုတွေပဲလေ… ဒါတွေ လိုအပ်လို့လားဟာ”
ချင်မူကမူ မျက်လုံးများက နီရဲလာပြီး တရှုံ့ရှုံ့ငိုကာ ပြောသည်။ “အစ်ကိုကြီး ပြောတာမှန်ပါတယ်ဗျာ…. ညီလေး ရိုင်းစိုင်းမိပါတယ်… အစ်ကိုကြီး ထိခိုက်မသွားဘူးမလားဟင်”
“ရပါတယ် ရပါတယ်… ညီလေးက ဓားကို အချိန်မီ ပြန်ရုတ်လိုက်လို့ အစ်ကိုကြီး ဘာမှမဖြစ်ပါဘူး”
နတ်အရှင်မချန်းက သူမမျက်လုံးထောင့်ရှိ မျက်ရည်ကြည်များကို သုတ်ရင်း စိတ်ရင်းထဲမှအလား ပြောနေသည်။ “ညီအစ်ကိုမောင်နှမတွေ၊ သားအဖတွေဆိုတာ တိုက်ပွဲမှာ ရင်ဘောင်တန်း တိုက်ခိုက်ကြတဲ့သူတွေတဲ့ … ငါတို့က အဖေမတူ မအေကွဲ သွေးသောက်ညီအစ်ကိုတွေ ဖြစ်နေပြီး အပြင်လူတွေအရှေ့မှာ တစ်ယောက်ကိုတစ်ယောက် သတ်နေကြတယ်တဲ့…. ရှက်ဖို့ မကောင်းဘူးလား….ဒီကိစ္စက အစ်ကိုကြီး မှားတာပါ… အစ်ကိုကြီး ညီလေးကို တောင်းပန်ပါ့မယ်”
“ညီလေး မှားတာပါဗျာ” ချင်မူက မျက်ရည်များကို သုတ်လိုက်သည်။
နတ်အရှင်မချန်းက သက်ပြင်းချ၍ ပြော၏။ “အပြင်လူတွေ ငါတို့ကို လှောင်ရယ်နေလို့ မဖြစ်ဘူး… စိတ်အေးအေးထားကြစို့ ညီလေး… စိတ်အေးအေးထားကြတာပေါ့နော်”
ချင်မူက သဘောတူပြီး နှစ်ယောက်သား ပြန်ထိုင်လိုက်ကြသည်။ တစ်ယောက်က လှေအဖျားတွင် ထိုင်နေပြီး ကျန်တစ်ယောက်ကတော့ လှေအရင်းတွင် ထိုင်နေ၏။
နတ်အရှင်မချန်းက မျက်လုံးထောင့်များ တဖျတ်ဖျတ် တွန့်နေသည်။ ‘လှေက သေးလွန်းတယ်… အသက်သွင်းလို့မရဘူး…’
‘လှေက သေးလွန်အားကြီးတယ်’
ချင်မူ့ မျက်ဝန်းထောင့်စွန်းလည်း တဆတ်ဆတ် လှုပ်နေ၏။ “ငါ သူ့ကို သတ်ရင် သူကလည်း ငါ့ကို ပြန်သတ်မှာပဲ… သူ နည်းနည်း အသက်ထပ်ကြီးလာတာ စောင့်မှ ဖြစ်မယ်… ဒ့ါအပြင် သူ့သိုင်းအခြေခံက အားနည်းလာနေပေမယ့် ငါ့သိုင်းအခြေခံကတော့ အားကောင်းလာနေတာ… ဆိုတော့ ငါ့အတွက် အခွင့်အရေး ပိုများတယ်”
နတ်အရှင်မချန်း၏ မျက်ဝန်းများထဲတွင် အလင်းရောင်တစ်ခု ဖျတ်ခနဲ လက်သွားပြီး သူမက ချင်မူ့တိုက်ကွက်ကို စဉ်းစားရင်း တွေးနေသည်။ ‘သူ မဟာပျက်စီးခြင်းကပ်ဘေးကို ရှောင်တိမ်းနိုင်တာ သူ့နယ်ပယ်ထဲက သစ်ပင်ကြောင့် ဖြစ်နိုင်တယ်… အကြောင်းပြချက်ကို သိပြီဆိုတော့ အခွင့်အရေးရတာနဲ့ သူ့ကို သတ်ပြီး အဲဒီသစ်ပင်ကို ယူရမယ်’
“ဒီနှစ်ယောက်က တော်တော် အရှက်မရှိတာပဲ”
တာအိုသစ်ပင်ပေါ်တွင် ကောင်းကင်နတ်အရှင်ဟောင်က သူနှင့်အတူ ပါလာသော ကောင်းကင်နတ်အရှင်လေးပါးကို ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ အသက်ကြီးမလာတာ သူ့နယ်ပယ်ထဲက ထူးဆန်းတဲ့ သစ်ပင်ကြောင့် ဖြစ်နိုင်တယ်… အားလုံးရော ဘယ်လိုထင်ကြလဲ”