ပျောက်ကွယ်သွားသော အလှတရားများ
Vol. 116 Ch. 1520
“အဲဒီသစ်ပင်က ဘာကြီးလဲ… မဟာပျက်စီးခြင်းကပ်ဘေးကို တကယ်ပဲ ခုခံနိုင်တာလား’’
ကောင်းကင်နတ်အရှင်ကိုးပါး၏ အကြည့်များက လင်းခနဲ တောက်ပသွားကြပြီး လှေငယ်ပေါ်ရှိ ချင်မူ့ကို လှမ်းကြည့်နေကြသည်။ သူတို့၏ စိတ်ထဲတွင် ခန့်မှန်းချက်အသီးသီး ရှိလာကြ၏။
ဤကမ္ဘာပေါ်တွင် လောကသစ်ပင်တစ်ပင် ရှိနေမှန်း သူတို့ သိမထားကြပေ။ သူတို့ မမွေးဖွားခင် အချိန်များကတည်းက ထိုက်ယီသည် ၎င်းကို ခုတ်ကာ မီးရှို့ခဲ့သည် မဟုတ်ပါလော။ ရလဒ်အနေဖြင့် အနက်ရောင်တောင်တန်းကြီးကိုသာ ကျန်ရစ်ခဲ့စေသည်။
ကောင်းကင်နတ်အရှင်များမှာ ကျောက်စိမ်းမြို့တော်ထဲတွင် သုံးနှစ်ကြာသည့်တိုင်အောင် လေ့လာနေခဲ့သောကြောင့် လောကသစ်ပင်သည် အနက်ရောင်တောင်တန်းတွင် ပြန်လည်အသက်ဝင်လာခဲ့ပြီး ဖြစ်ကြောင်း မသိကြပေ။ ထိုသို့ ပြန်လည်ပေါက်လာသည့် လောကသစ်ပင်ကို ချင်မူက ခုတ်ပိုင်း၍ သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်ထဲတွင် စိုက်ပျိုးထားသည်ကိုလည်း မသိကြချေ။
ဤကမ္ဘာကြီး၌ လောကသစ်ပင်နှစ်ပင် ရှိနေပြီ ဖြစ်၏။ တစ်ပင်က အနက်ရောင်တောင်တန်းတွင် ကြီးထွားနေပြီး ကျန်တစ်ပင်ကတော့ ချင်မူ့ကောင်းကင်ရတနာထဲတွင် ကြီးထွားနေသည်။
သူတို့သည် ကျောက်စိမ်းမြို့တော်ထဲသို့ ဝင်ရောက်ခဲ့သည့်အချိန်တွင် အကျိုးအမြတ်များစွာ ရရှိခဲ့သော်လည်း လွတ်သွားခဲ့သည့် အရာများစွာလည်း ရှိသေး၏။
လှေငယ်ပေါ်တွင် ချင်မူနှင့် နတ်အရှင်မချန်းမှာ တစ်ယောက်ကို တစ်ယောက် သတိထားနေကြသည်။ သူတို့ထဲမှ တစ်ယောက်က လေးနက်ကျယ်ပြန့်သော သိုင်းအခြေခံကို ပိုင်ဆိုင်ထားပြီး ကျန်တစ်ယောက်ကတော့ ရတနာဓားကြောင့် ဓားလမ်းစဉ်တွင် သူမတူသော အောင်မြင်မှုများကို ပိုင်ဆိုင်ထားသည်။ ဤသို့ သေးသေးကျုံ့ကျုံ့ လှေလေးထဲတွင် တစ်ယောက်ကိုတစ်ယောက် သတ်ကြပါက နှစ်ယောက်လုံး အနိစ္စသဘောနှင့် ကိစ္စချောကုန်ကြမည်။
နတ်အရှင်မချန်းက ချင်မူ့ကို နဂါးမျက်စောင်းဖြင့် စိုက်ကြည့်ရင်း သူမ၏ အိုမင်းလာနေသော ရုပ်ခန္ဓာ၊ ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်နတ်ဘုံကို အသိစိတ်အလျဉ်ဖြင့် မြင်ယောင်ဖန်ဆင်းရင်း ကုသကြည့်နေသော်လည်း သိပ်အကျိုးမရှိလှပေ။
သူမ၏ အသိစိတ်အလျဉ်ပင်လျှင် ဖျက်ဆီးခံရလုနီးပါး ဖြစ်နေလေရာ မည်သို့ မြင်ယောင်ဖန်ဆင်းနိုင်မည်နည်း။
ချင်မူကတော့ ယခင်ကအတိုင်း သူ၏ ခန္ဓာကိုယ်နုပျိုမှုကို ထိန်းသိမ်းထားနိုင်သည်။ သူ၏မူလဝိညာဉ်က အားမနည်းသွားသည့်အပြင် မဟာတာအိုကလည်း ပျက်စီးပြိုလဲမည့် အရိပ်ယောင် မရှိပေ။
ထိုမျှသာမက အချိန်ကုန်ဆုံးနေသည်နှင့်အမျှ သူ၏ သိုင်းအခြေခံကလည်း မျက်စိဖြင့် မြင်ရနိုင်သော အမြန်နှုန်းဖြင့် တိုးတက်လာနေလေရာ နတ်အရှင်မချန်းမှာ ပို၍ စိုးရိမ်ပူပန်နေမိသည်။
ချင်မူသည် အမြှီးထောင်လျက် ကြွားဝါတတ်သော ဒေါင်းတစ်ကောင်ကဲ့သို့ သူ၏ ကောင်းကင်ရတနာနယ်ပယ်ထဲမှ လောကသစ်ပင်ကို မကြာခဏ ထုတ်ပြတတ်သည်။ လုပ်စရာ မရှိတိုင်း ၎င်းကို ထုတ်၍ ကြွားတတ်၏။
နတ်အရှင်မချန်းမှာ ခါးသီးမုန်းတီးစွာဖြင့် အံတင်းတင်းကြိတ်ထားရသော်လည်း ချင်မူ သူမအား မျှားခေါ်နေခြင်း ဖြစ်ကြောင်း ကောင်းကောင်းရိပ်မိထားသည်။ သူသည် လောကသစ်ပင်ကို သုံး၍ သူမ၏ခန္ဓာကိုယ် အားနည်းလာပြီး သူ့ကို အနိုင်မယူနိုင်တော့သည်အထိ လိုက်ဖမ်းစေရန် ဉာဏ်ဆင်နေခြင်းပင်။
သူမ အားနည်းသွားလျှင် ချင်မူက သူမကို သတ်ဖြတ်ပေလိမ့်မည်။
'သူက ငါ့တင် မဟုတ်ဘူး… တခြားကောင်းကင်နတ်အရှင်တွေကိုပါ မျှားခေါ်နေတာပဲ”
ချင်မူသည် ရည်မှန်းချက်ကြီးမားသူ ဖြစ်ကြောင်း နတ်အရှင်မချန်း ကောင်းကောင်းသိထား၏။ သူက လောကသစ်ပင်ကို သုံးပြီး မဟာပျက်စီးခြင်းကပ်ဘေးကြီးကို အခွင့်ကောင်းယူကာ ကောင်းကင်နတ်အရှင်များအား အိုမင်းအားနည်းလာစေလိုသည်။
သူတို့၏ အတိုက်အခိုက်စွမ်းရည်များ ချင်မူ့အောက် နိမ့်ကျသွားသည်နှင့် ချင်မူသည် သူတို့ဆယ်ယောက်လုံးကို တစ်ခါတည်း မရဏကမ္ဘာသို့ ကူးတို့ခအလကားဖြင့် ပို့ပေးလိမ့်မည်။
သာမန်အခြေအနေဆိုလျှင် ဖြစ်မလာနိုင်သော အကြံအစည်ကို အကောင်အထည် ဖော်လိုခြင်းပင်။
ကောင်းကင်နတ်အရှင်ဆယ်ပါးလုံးသည် ထက်မြက်သူများ ဖြစ်ကြသည့်အလျောက် ချင်မူ့အကြံဉာဏ်ကို သိမြင်နေကြသော်လည်း မည်သူကမှ နောက်မဆုတ်ပေ။ ကောင်းကင်နတ်အရှင်ဟောင်က နောက်မဆုတ်သလို ကောင်းကင်နတ်အရှင်ရှုသည်လည်း အလားတူပင်။
လောကသစ်ပင်၏ ဆွဲဆောင်မှုက ပြင်းထန်လွန်းသည်သာမက ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ ဆွဲဆောင်မှုကလည်း ပို၍ပင် ကောင်းမွန်သည်။ နတ်အရှင်မချန်းနှင့် ချင်မူ လမ်းပြပေးနေခြင်းက ဤရှေးဟောင်းကျောက်စိမ်းမြို့တော်၏ လျှို့ဝှက်ချက်များကို စူးစမ်းလေ့လာနိုင်မည့် တစ်ခုတည်းသောအခွင့်အရေးဟု ဆိုရမည်။
ဤအခွင့်အရေးကို အဆုံးရှုံးခံလိုက်ခြင်းက အနာဂတ်ကို လက်လွှတ်လိုက်ခြင်းနှင့် အတူတူသာ။
ချင်မူ သို့မဟုတ် နတ်အရှင်မချန်းသာ ကျောက်စိမ်းမြို့တော်၏ အနက်ရှိုင်းဆုံးအပိုင်းအထိ ရောက်ရှိသွားပြီး လျှို့ဝှက်ချက်များကို သိမြင်နားလည်သွားကြပါက အစစ်အမှန်ကောင်းကင်နတ်ဘုံအဆင့်အထိ ကျင့်ကြံသွားနိုင်ကြပေလိမ့်မည်။ ထိုအခါ ကောင်းကင်နတ်အရှင်များအနေဖြင့် ကစားပွဲအား ပြောင်းပြန်လှန်နိုင်မည့် အခွင့်အရေး မရှိတော့ပေ။
ထို့ကြောင့် သေဆုံးရလျှင်တောင်မှ ဤလမ်းကို ဆက်လျှောက်ရလိမ့်မည်။
သူတို့က ချင်မူ၏ လှေနောက်မှ ဖြည်းဖြည်းမှန်မှန် လိုက်ရင်း ဖရိုဖရဲမြစ် ခုနစ်စင်းမြောက်နှင့် ရှစ်စင်းမြောက်အထိ ဖြတ်သန်းလာကြသည်။ မြစ်ရေပြင်ပေါ်ရှိ အထူးအဆန်းအရာများက ပိုပို၍ လျော့နည်းလာပြီး ယခင်ကလောက် မသိပ်သည်းတော့ပေ။
ထိုစဉ် ချင်မူက ရုတ်တရက် သတိအနေအထား ဖြစ်သွားသည်။ သူသည် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အသက်သွင်းလိုက်ရင်း ချီစွမ်းအင်ကို ထိုက်ကျိချီစွမ်းအင်များအဖြစ် ပိုမိုပြောင်းလဲရန် ကြိုးစားနေ၏။ တစ်ချိန်တည်းမှာပင် မြစ်ရေပြင်အား သတိတကြီး စိုက်ကြည့်နေသည်။
နတ်အရှင်မချန်း၏ နှလုံးသားမှာ အေးခဲသွားပြီး သူမလည်း ဟိုဟိုသည်သည် လှမ်းကြည့်လိုက်၏။ ဤဖရိုဖရဲမြစ်ရေပြင်မှာ ကျယ်ပြန့်နေကာ ဖရိုဖရဲဖြစ်နေသည်။ သူမကြည့်လိုက်သည့် နေရာတိုင်းတွင် ဖရိုဖရဲချီတို့ လျှံထွက်နေရာ အတွင်းတွင် ရှိသည့်အရာများကို မြင်ရနိုင်ရန် ခက်ခဲနေသည်။
သို့သော် ချင်မူကတော့ ပို၍ သတိထားနေပုံပေါ်သည်။ သူက လှေငယ်ကို ဖြောင့်ဖြောင့်တန်းတန်း မလွင့်မျောစေတော့ဘဲ ဖရိုဖရဲချီများထဲရှိ တစ်စုံတစ်ခုကို ရှောင်တိမ်းနေသည့်အလား ကွေ့ကောက်သွားနေသည်။
နတ်အရှင်မချန်း၏ အမြင်အာရုံမှာ သူ့လောက် မစွမ်းသောကြောင့် သူမက ခပ်တိုးတိုး မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ဘာမြင်ရလို့လဲ”
ချင်မူက တိုးလျစွာ ပြန်ဖြေသည်။ “ဖရိုဖရဲချီတွေထဲမှာ တစ်ယောက်ယောက် ပုန်းနေတယ်”
နတ်အရှင်မချန်းမှာ ရင်ဒိန်းခနဲ ခုန်သွားပြီး မေးလိုက်ပြန်သည်။ “ဘယ်သူလဲ…”
“အသက်ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် … သူ့ကို ရှောင်သွားဖို့ ကြိုးစားနေပေမယ့် အမြဲတမ်း ရှေ့မှာ ရောက်နေတယ်”
ချင်မူ့ စကားဆုံးသည်နှင့် အေးစက်သော လေတစ်ဝှေ့က ဖရိုဖရဲမြစ်ရေပြင်ဆီမှ တိုက်ခတ်လာ၏။ လေက မြစ်ရေပြင်ပေါ်သို့ မြောက်တက်လာပြီး မြစ်ရေအား တပွက်ပွက် ဆူလာစေသည်။
နတ်အရှင်မချန်း၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားသည်။ “ကောင်းကင်နတ်အရှင်မူ..”
ချင်မူက အံတင်းတင်းကြိတ်၍ သူ့အရှေ့ရှိ ပုဂ္ဂိုလ်ကို ရှောင်တိမ်းမနေတော့ဘဲ လှေငယ်အား ရှေ့သို့သာ လှော်ခတ်သွားစေသည်။
လှေငယ်၏ အနောက်တွင် လေအေးက လျင်မြန်စွာ လိုက်ပါလာသည်။ ၎င်းဖြတ်သွားသည့် နေရာတိုင်းရှိ အရာများမှာ ပုံရိပ်ယောင်များ ဖြစ်သွားကြ၏။ မြစ်ရေပြင်ပေါ်တွင် မျောလွင့်နေကြသော ဖရိုဖရဲချီများပင်လျှင် ပုံရိပ်ယောင်များ ဖြစ်ကုန်ကြသည်။
ချင်မူက မည်သည့်စကားမှ မပြောဘဲ လှေငယ်ကို ရှေ့သို့သာ လှော်ခတ်နေစေသည်။ လှေငယ်၏ အနောက်ပိုင်းတွင် ရှိသည့် နတ်အရှင်မချန်းမှာ သူနှင့် သုံးကိုက်မျှသာ ကွာဝေးသော်လည်း သူမ၏ ဆံပင်များမှာ လေအေးကြောင့် ရှည်လျားပြန့်ကားလာချေပြီ။
ဆံနွယ်တစ်ပင်ချင်းစီတိုင်းက ရှည်လျားပြန့်ကားလာကြပြီး တစ်ချိန်တည်းမှာပင် အလွန်တရာ ပါးလွှာနေကြသည်။
ဤသည်ကား အန္တိမဟင်းလင်းပြင်ပင်။
“ကောင်းကင်နတ်အရှင်မူ... မြန်မြန်”
နတ်အရှင်မချန်း၏ နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာပြီး အလောတကြီး ပြောသည်။ “ငါတို့ မြန်မြန် မသွားနိုင်ရင် ပျောက်သွားလိမ့်မယ်ဟ”
ချင်မူက အံတင်းတင်းကြိတ်လိုက်ရင်း သူ၏ ကျင့်စဉ်စွမ်းအင်အားလုံး စုစည်းကာ ရှေ့သို့ လှော်ခတ်စေသည်။ ရုတ်တရက် လှေငယ်မှာ တစ်စုံတစ်ခုကို တိုက်မိသွားပုံရပြီး ရုတ်တရက်ဆိုသလိုပင် အရာအားလုံး တိတ်ဆိတ်သွားတော့သည်။ အောက်တွင် ဖရိုဖရဲမြစ် မရှိတော့သလို လေအေးကလည်း သူတို့ကို လိုက်ဖမ်းမနေတော့ပေ။ ပတ်ဝန်းကျင်ရှိ ဖရိုဖရဲချီများလည်း မရှိကြတော့။
လှေငယ်သည် အလွန်တရာ တိတ်ဆိတ်ငြိမ်သက်သည့် မိုးပြာရောင် ရေကန်ထက်၌ မျောလွင့်နေသည့်အလားပင်။ သို့သော် ရေမျက်နှာပြင်ပေါ်သို့ မဆင်းသက်ဘဲ ရေမျက်နှာပြင်အထက် ကောင်းကင်တွင်သာ တိတ်တဆိတ် လှော်ခတ်နေသယောင် ထင်ရသည်။
နတ်အရှင်မချန်းသည် ကြောင်အသွားပြီး အလောတကြီး အသက်လုရှူလိုက်သည်။ ဤနေရာမှာ ဖရိုဖရဲချီများ ပြည့်နှက်နေသော ကွင်းပြင်ပမာ၊ သန့်စင်သော နယ်မြေပမာ... မဟာပျက်စီးခြင်းကပ်ဘေးကြီးကြောင့် ညစ်ညမ်းမနေချေ။
ချင်မူက ပို၍ပင် စိုးရိမ်ပူပန်လာပြီး ရှေ့သို့ အရှိန်မြှင့်တင်လိုက်သည်။
ဤအခိုက်အတန့်တွင် နတ်အရှင်မချန်းသည် ရေကန်ပေါ်တွင် ဧရာမသစ်ပင်ကြီးတစ်ပင် ရှိနေသည်ကို မြင်လိုက်ရ၏။ သစ်ပင်၏ သစ်ကိုင်းများနှင့် သစ်ရွက်များမှာ စိမ်းစိုနေကြသည်။ သစ်ကိုင်းများအထက်၌ သစ်ရွက်များက ထူထပ်နက်နဲစွာ နေရာယူထားကြလေသည်။
ဤသည်က တာအိုသစ်ပင်တစ်ပင်ဖြစ်ပြီး တာအိုသစ်သီးတချို့ပင် သီးနေကြသည်။ ဧကရာဇ်တစ်ပါးနှင့်တူသော ပုဂ္ဂိုလ်တစ်ဦးက လက်တစ်ဖက်တွင် စာလိပ်တစ်လိပ် ကိုင်လျက် သစ်ပင်အောက်၌ ထိုင်နေ၏။ သူ၏အကြည့်က စာလိပ်အပေါ် အာရုံစိုက်ထားပြီး ကျန်လက်တစ်ဖက်ကတော့ ဗျပ်စောင်းကြိုးများကို တီးခတ်နေသည်။
သူ့လက်ထဲရှိ စာလိပ်မှာ ဗျပ်စောင်းဂီတစာလိပ်တစ်လိပ် ဖြစ်ပေလိမ့်မည်။ သူသည် တီးခတ်ရင်း စာလိပ်ကို ကြည့်နေရသဖြင့် သံစဉ်ကို တီးခတ်ရသည်မှာ အလွန်တရာ ခက်ပုံရ၏။
“မဟာပျက်စီးခြင်းကပ်ဘေးကြီးကို ကျော်လွှားနိုင်ခဲ့တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေ ဖရိုဖရဲချီထဲမှာ ရှိနေတယ်”
နတ်အရှင်မချန်းမှာ အဆက်မပြတ် မျက်ခုံး လှုပ်နေပြီး စိတ်ထဲမှ ခါးသီးစွာ အော်ဟစ်လိုက်မိ၏။ တာအိုသစ်ပင်အောက်ရှိ ဧကရာဇ်ကား အကဲခတ်ကြည့်ရုံဖြင့် စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်မှန်း သိရှိနိုင်သည်။ သူသည် တာအိုသစ်ပင်ကို အသုံးပြု၍ မဟာပျက်စီးခြင်းကပ်ဘေး မဝင်ရောက်နိုင်သော သန့်စင်သောနယ်မြေ ဖွဲ့တည်ကာ သူ့ကိုယ်သူ ကာကွယ်ခဲ့ခြင်းသာ ဖြစ်မည်။
စွမ်းအားကြီးမားလွန်းသောကြောင့် လေအေးပင်လျှင် မဝင်ရောက်လာနိုင်ချေ။
သို့သော်
အဘယ်ကြောင့် ကုန်းပေါ်မတက်ပါသနည်း။ မည်သည့်အရာကို စောင့်ဆိုင်းနေခြင်းနည်း။
ချင်မူက လှေငယ်ကို ထိန်းချုပ်ကာ ရှောင်တိမ်းနေခဲ့သည်။ ၎င်းက ဤဧကရာဇ်ကို ရှောင်တိမ်းနေခဲ့ခြင်းလော။
လှေငယ်က အလွန်လျင်မြန်သော အမြန်ဆုံးဖြင့် ရွေ့လျားရင်း တာအိုသစ်ပင်ဘေးမှ ဖြတ်သွားသည်။ ထိုစဉ်မှာပဲ သစ်ပင်အောက်ရှိ ဗျပ်စောင်းသံက တုံ့ခနဲ ရပ်တန့်သွား၏။ နတ်အရှင်ချန်းမ၏ နှလုံးသားမှာ ထိတ်ခနဲ တုန်သွားသည်။ သူမက သစ်ပင်အောက်ရှိ ဧကရာဇ်ဆီသို့ ချက်ချင်း ကြည့်လိုက်လေသည်။
ထိုအခိုက်အတန့်တွင် နတ်အရှင်မချန်း၏ ပခုံးပေါ်ရှိ တာအိုသစ်သီးထဲမှ အမျိုးသမီးက ပါးစပ်ဟ၍ သစ်ပင်အောက်ရှိ ဧကရာဇ်အား စကားအချို့ လှမ်းပြောသည်။
သစ်ပင်အောက်ရှိ ဧကရာဇ်၏ မျက်နှာအမူအရာတွင် အံ့ဩမှင်သက်မှုတို့ ဖြစ်ထွန်းလာသည်။ သူက နတ်အရှင်မချန်းနှင့် ချင်မူ့အား ပြုံးလျက် ခေါင်းညိတ်ပြသည်။ ထို့နောက် တာအိုသစ်သီးထဲရှိ အမျိုးသမီးအား စကားအချို့ ပြန်ပြောနေ၏။
သစ်သီးထဲရှိ အမျိုးသမီးက အနည်းငယ် ဦးညွှတ်အရိုအသေပေးလိုက်ရာ လှေငယ်မှာ ရှေ့သို့ ဆက်လက်လှော်ခတ်သွားလေသည်။
တာအိုသစ်ပင် လွှမ်းခြုံထားသောဧရိယာမှ လှေငယ် ထွက်လာခဲ့သည့်အချိန်တွင် နတ်အရှင်မချန်းမှာ ပါးစပ်အဟောင်းသားဖြင့် နားမလည်နိုင် ဖြစ်နေ၏။ သူမက တာအိုသစ်သီးထဲရှိ အမျိုးသမီးအား ချက်ချင်း မေးလိုက်သည်။
သစ်သီးထဲရှိ အမျိုးသမီးက မဖြေသဖြင့် နတ်အရှင်မချန်းမှာ မျက်မှောင်ကြုတ်သွားသည်။ ရုတ်တရက် ချင်မူက ထပြောသည်။ “သခင်လေး,လေး သူတို့က မီလော့နန်းတော်အရှင်သခင်ရဲ့ ဧည့်သည်တော်နှစ်ယောက်ပါ… သူတို့ကို တားစရာ မလိုပါဘူး… သူ အဲ့လိုပြောလိုက်တာပဲ”
နတ်အရှင်မချန်းမှာ ရင်တဒိန်းဒိန်း ခုန်သွားတော့သည်။
ချင်မူက ဆက်ပြောသည်။ “သခင်လေး, လေးက ကျွန်တော်တို့ ခြေထောက်အောက်က လှေကို ကြည့်ပြီးတော့ ဒီလှေပိုင်ရှင်က သူ့ကို အနိုင်ယူပြီး မဟာပျက်စီးခြင်းကပ်ဘေးထဲ ပို့ခဲ့တယ်လို့ ပြောတယ်… အဲဒါကြောင့် သူ့သိုင်းအခြေခံ အတော်လေးထိခိုက်သွားတယ်တဲ့… ကလဲ့စားချေချင်တယ် ဆိုပေမယ့် မီလော့နန်းတော်အရှင်သခင်ရဲ့ ဧည့်သည်နှစ်ယောက် ဆိုတဲ့အတွက် သွားခွင့်ပေးလိုက်မယ်တဲ့”
နတ်အရှင်မချန်းက စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်ကာ ပြုံးသည်။ “ကောင်းကင်နတ်အရှင်မူရဲ့ တာအိုဘာသာစကား အောင်မြင်မှုက အားမနည်းဘူးပဲ… တာအိုသိုင်းပညာရှင်တွေရဲ့ တာအိုဘာသာစကားကို နားလည်နိုင်တယ်”
တာအိုသစ်သီးထဲရှိ အမျိုးသမီးက ချင်မူ့ကို လှမ်းကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ “နားလည်နိုင်တာပေါ့.. ဘယ်လိုလုပ် နားမလည်ဘဲ နေမလဲ”
အတွင်းပိုင်း ဖရိုဖရဲမြစ်ရေပြင်များမှ ထွက်ပေါ်လာကြသော တာအိုသိုင်းပညာရှင်များမှာ ပိုပို၍ သန်မာလာကြသည်။ ထိုမျှသာမက သူတို့၏တာအိုသစ်ပင်များကို အကောင်းပကတိအတိုင်း ထိန်းသိမ်းထားကြပြီး တာအိုသစ်သီးများလည်း ပေါများကြသည်။ နတ်အရှင်မချန်းနှင့် ချင်မူ ရင်ဆိုင်ရသည့် အန္တရာယ်များက ပိုပို၍နည်းပါးလာသော်လည်း ပိုပို၍ကြီးထွားလာသည် ဆိုရမည်။
ကံကောင်းစွာဖြင့် လမ်းတစ်ဝက်တွင် တာအိုသစ်သီးထဲရှိ အမျိုးသမီးက နှောင့်ယှက်သူများ ဖယ်ကြရန် ထုတ်ပြောပေးသည်။
တာအိုသစ်သီးထဲရှိ အမျိုးသမီးနှင့် သူ့လမ်းကို ပိတ်နေကြသည့် သိုင်းပညာရှင်တို့၏ စကားများအရ ထိုသိုင်းပညာရှင်များမှာ အမှန်တကယ်ပင် ထိုက်ယီတောင်ဝှေးကြောင့် ရိုက်ထုတ်ခံခဲ့ရကြောင်း ချင်မူ သိခဲ့ရလေသည်။ ထို့ကြောင့် ဤတောင်ဝှေးကို နောက်တစ်ကြိမ် တွေ့ရချိန်တွင် ကလဲ့စားချေရန် ထွက်လာကြခြင်းပင်။
ကပ်ဘေးများစွာကို ရှင်သန်နိုင်ခဲ့ကြပြီး ကျင့်ကြံခြင်းများ အလွန်တရာအားကောင်းကြသည့် သိုင်းပညာရှင်များရှိသည်။ ထိုက်ယီ မြစ်ကိုဖြတ်သွားခဲ့သည့်အချိန်တုန်းက သူတို့အားလုံးသည် ထိုက်ယီကို လမ်းပိတ်တိုက်ခိုက်ခဲ့ကြသည်။
“ထိုက်ယီက တကယ် စွမ်းတာပဲ…”
နှစ်ယောက်သား သိပင် မသိလိုက်ဘဲ ဆယ့်သုံးစင်းမြောက် ဖရိုဖရဲမြစ်ထိ ရောက်လာကြချေပြီ။ လှေငယ်ပေါ်တွင် ချင်မူမှာ လူငယ်တစ်ယောက်နှင့် တူနေဆဲဖြစ်ပြီး သူ၏အသွင်အပြင်က မပြောင်းလဲသေးပေ။ အခြားတစ်ဖက်တွင် နတ်အရှင်မချန်းမှာတော့ ဆံပင်များဖြူနေပြီး အရေးကြောင်းများဖြင့် ရှုံ့တွနေသော အဘွားကြီးတစ်ယောက် ဖြစ်နေ၏။ သူမ၏ လက်များက အရိုးများသာကျန်တော့ပြီး နတ်ဘုရားသတ်ဖြတ်ဓားမနှစ်လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ သူမ၏အကြည့်က ချင်မူ့ကို စိုက်ကြည့်နေပြီး တစ်စက်ကလေးမှ စိတ်မလျှော့ရဲပေ။
သူတို့ တွေ့ကြုံလာရသည့် အန္တရာယ်များမှာ နည်းပါးသထက် နည်းပါးလာသည်။ သို့သော် နတ်အရှင်မချန်းအတွက် အန္တရာယ်သည် ဖရိုဖရဲမြစ်ထဲတွင် မဟုတ်ဘဲ လှေပေါ်တွင် ဖြစ်၏။
ချင်မူသည် အထွတ်အထိပ်အခြေအနေတွင် ရှိနေသေးသော်လည်း သူမကတော့ အိုမင်းအားနည်းလာပြီ မဟုတ်လော။ သူမ၏ မဟာတာအိုက ပြိုလဲပျက်စီးနေသောကြောင့် စွမ်းရည်များကလည်း အဆက်မပြတ် လျော့ကျလာနေသည်။
သူတို့နှစ်ယောက် ဖရိုဖရဲမြစ်များဆီသို့ ရောက်လာခဲ့ပြီး ဖြတ်သန်းခဲ့ကြသည်မှာ နှစ်နှစ်ကြာခဲ့ပြီဖြစ်သည်။ နှစ်နှစ်အချိန်သည် ကောင်းကင်နတ်အရှင်များအား ဤသို့အတိုင်းအတာအထိ အိုမင်းလာစေရန် လုံလောက်နေ၏။ မည်မျှပင် ကြောက်စရာကောင်းလှသနည်း။
စောစောကလေးတင် သူမမှာ သွားတစ်ချောင်း ကျွတ်သွားခဲ့သော်လည်း ထွေးမထုတ်ရဲသဖြင့် မြိုချခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် သူမ ပါးစပ်ဟလိုက်သည်နှင့် ပါးစပ်ထဲတွင် သွားများ သိပ်မကျန်တော့မှန်း ချင်မူ သတိထားမိပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် သူမ၏ အားနည်းမှုကို အာရုံခံမိသွားပြီး တိုက်ခိုက်ပေလိမ့်မည်။
ချင်မူနှင့် အတူသေဆုံးရန် ယုံကြည်ချက် မရှိသောကြောင့် သူမ မည်မျှအားနည်းနေသည်ကို ချင်မူ သိ၍မဖြစ်ပေ။
ချင်မူက သူမကို လျစ်လျူရှုထားပြီး လှေငယ်ကို အရှိန်လျှော့ကာ ဖရိုဖရဲမြစ်ဆီသို့ ကြည့်လိုက်သည်။
ဆယ့်သုံးစင်းမြောက် ဖရိုဖရဲမြစ်မှာ ဆယ့်လေးခုမြောက် စကြ၀ဠာ၏ ပျက်စီးခြင်း ဖြစ်သည်။
'ထိုက်ယီက ဒီကပ်ဘေးထဲ အပို့ခံခဲ့ရတာပဲ’
ချင်မူ့ နဖူးပေါ်ရှိ ဒေါင်လိုက်မျက်လုံးက ထိုက်ယီ၏ တည်နေရာကို ဖြည်းဖြည်းချင်း ရှာဖွေနေသည်။ ရှုကျွင်းနှင့် ဝေစွေ့ဖုန်း၏ ပြောစကားများအရ ထိုက်ယီသည် မီလော့နန်းတော်အရှင်သခင်နှင့် တိုက်ခိုက်ခဲ့ပြီး အနိုင်မယူနိုင်ခဲ့ချေ။ သူက သူတို့ကို ဤနေရာအထိ ခေါ်လာခဲ့ပြီးနောက် မီလော့နန်းတော်အရှင်သခင်၏ တိုက်ခိုက်ခြင်း ခံရကာ မြစ်ထဲ ပြုတ်ကျခဲ့သည်။
တစ်နည်းပြောရလျှင် ထိုက်ယီကား ဆယ့်လေးခုမြောက် စကြဝဠာပျက်စီးခြင်းထဲသို့ ရောက်သွားခြင်းပင်။
မြစ်ကမ်းစပ်မှ အခြားတစ်ဖက်အထိ ကြည့်လျှင် ထိုက်ယီ ဖရိုဖရဲမြစ်ထဲ ပြုတ်ကျပြီး ကပ်ဘေးအား ရှင်သန်ကျော်ဖြတ်နေသည်ကို မြင်ရကောင်း မြင်ရနိုင်လိမ့်မည်။
ချင်မူက နေရာလပ်မကျန်အောင် လွှမ်းခြုံကြည့်ရှုနေသည်။ ရလဒ်အနေဖြင့် လှေငယ်မှာ ပိုပို၍ နှေးလာသည်။
မရေမတွက်နိုင်သော သက်ရှိသတ္တဝါများမှာ ကပ်ဘေးကို ကျော်လွှားနိုင်ရန် ရုန်းကန်နေကြသော်လည်း မအောင်မြင်ကြပေ။ တစ်ယောက်ပြီးတစ်ယောက် သေဆုံးပျောက်ကွယ်သွားကြရသည်။
အင်အားကြီးမားသော သိုင်းပညာရှင်တချို့က ကပ်ဘေးထဲမှ လွတ်မြောက်လာပြီး ဖရိုဖရဲချီများအား ဖောက်ထွက်ကာ လောကသစ်ပင် သို့မဟုတ် ကျောက်စိမ်းမြို့တော်မှတစ်ဆင့် စကြ၀ဠာအသစ်သို့ ရောက်နိုင်အောင် ကြိုးစားနေသည်ကိုလည်း တွေ့မြင်နေရသည်။
သို့သော် အချိန်အတော်ကြာ ရှာဖွေပြီးသည့်တိုင် ထိုက်ယီ၏ အစအနကိုပင် မတွေ့ရချေ။
'ထိုက်ယီ နောက်ထပ်ပုံစံတစ်မျိုး ပြောင်းသွားတာများလား’
ချင်မူက မျက်မှောင်ကြုတ်လိုက်ရင်း စိတ်ထဲမှ တွေးနေ၏။ ‘ကမ်းတစ်ဖက်ကို အရင်သွားပြီး ထိုက်ယီမြစ်ထဲ ကျသွားတဲ့ မြင်ကွင်းကို ရှာတာကောင်းမယ် ထင်တယ်… သူ့ပင်မခန္ဓာကိုယ်ကို အရင်ရှာပြီး နောက်ထပ်ပုံစံ ပြောင်းထားလား ရှာရမယ်’
ဤအခိုက်အတန့်တွင် အလွန်တရာ အိုမင်းနေသော အသံတစ်သံ ထွက်ပေါ်လာသည်။ “နတ်အရှင်မချန်း၊ ခင်ဗျား ကောင်းကင်နတ်အရှင်မူနဲ့ ရွက်လွှင့်နေတုန်းလား”
ချင်မူက အကြည့်ရုတ်၍ အသံလာရာဆီသို့ ကြည့်လိုက်သည်။ မဟာပျက်စီးခြင်းကပ်ဘေးကြောင့် ပျက်စီးယိုယွင်းနေသော တာအိုသစ်ပင်တစ်ပင် စီးမြောလာသည်ကို တွေ့လိုက်ရ၏။ သစ်ပင်ပေါ်တွင် ကောင်းကင်နတ်အရှင်ငါးပါး ရပ်နေကြပြီး သူတို့၏ မူလရုပ်ရည်သွင်ပြင်များမှာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားကြချေပြီ။
စကားပြောလိုက်သူမှာ ရှေးဟောင်းနတ်ဘုရားဘုရင် ဖြစ်နိုင်၏။ သူ့မှာ တစ်ခေါင်းလုံး ဆံပင်ဖြူများဖြင့် ခါးကုန်းနေပြီး ကောင်းကင်နယ်စားမင်းထက်ပင် အိုမင်းနေလေသည်။ သူ ပြုံးလိုက်သည့်အချိန်တွင် သွားသုံးချောင်းကိုသာ မြင်ရ၏။ အပေါ်သွားဖုံးတွင် နှစ်ချောင်း၊ အောက်တွင် တစ်ချောင်းသာ။
ရှေးဟောင်းနတ်ဘုရားဘုရင်သည် သူ၏ကောင်းကင်တာအိုရတနာကို မှီလျက် နတ်အရှင်မချန်းအား ကြည့်ကာ ခပ်ဟဟ ရယ်လိုက်သည်။ “ခင်ဗျားက အိုနေပြီ… ကောင်းကင်နတ်အရှင်မူက အသစ်အဆန်းတွေကို ကြိုက်ပြီး အဟောင်းတွေကို မုန်းတီးတဲ့သူ….သူနဲ့အတူ ကြီးရင့်သွားနိုင်မယ် ထင်လို့လား… ဒီကောင်က အခွင့်အရေး ရတာနဲ့ ခင်ဗျားကို မြစ်ထဲ တွန်းချပြီး ခင်ဗျားထက် ငယ်တဲ့သူကို ခေါ်ထားလိမ့်မှာ”
နတ်အရှင်မချန်းက သူ့ကို တံတွေးထွေးလိုက်သော်လည်း သွားတစ်ချောင်းပါ ထွက်သွား၏။ သူမက တုန်ရီနေသောလေသံဖြင့် တုံ့ပြန်သည်။ “နင်တို့ အနောက်က လိုက်လာနေသရွေ့ ကောင်းကင်နတ်အရှင်မူက ငါ့ကို တိုက်ခိုက်မှာ မဟုတ်ဘူး… နင်တို့လို ဆန်ကုန်မြစ်လေးတွေကို တိုက်ခိုက်ဖို့ ငါ့ခွန်အားကို လိုတယ်လေ”
ကျန်အဘွားအိုမှာ ကောင်းကင်နတ်အရှင်ကုန်း ဖြစ်ပေလိမ့်မည်။ သူမက တဟားဟားရယ်လိုက်ပြီး သူမ၏ ကျန်ရှိသော သွားနှစ်ချောင်းကို ထွေးထုတ်လိုက်၏။ “မဟာဧကရာဇ်၊ နင်က ခေါင်းမာပြီး တစ်ကိုယ်ကောင်းဆန်နေတုန်းပဲ… ငါတို့လို ကောင်းကင်နတ်အရှင်ဟောင်နဲ့ ပူးပေါင်းမှ အသက်ရှင်နိုင်လိမ့်မယ်… ငါတို့ငါးယောက် ကောင်းကင်နတ်အရှင်မူကို သတ်ပြီး သူ့သစ်ပင်ကို ယူမယ်…ပြီးရင် ပြန်နုပျိုလာအောင် လုပ်မယ်”