လူအိုကြီးများကို ဆော်ခြင်း
Vol. 116 Ch. 1521
ကောင်းကင်နတ်အရှင်ဟောင်မှာလည်း ယခုတွင် အင်မတန် အိုမင်းချည့်နဲ့ချေပြီ။ သို့သော် သူသည် အားအင်ပြည့်နေဆဲ ဖြစ်သည့်အပြင် သူ့ပါးစပ်ထဲတွင် ရှိနေသည့် သွားများက တခြားကောင်းကင်နတ်အရှင်များထက် ပိုများ၏။
ကောင်းကင်နတ်အရှင်ရှုမှာလည်း အဘွားအိုတစ်ဦး ဖြစ်လာခဲ့သည်။ သူမဦးခေါင်းပေါ်ရှိ ဦးချိုနှစ်ခုမှာ ခြောက်သွေ့ရှုံ့တွနေပြီး မီးဓာတ်တို့ လှိုင်လှိုင်ဖြိုးဖြိုး စီးဆင်းမနေတော့ပေ။
ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်နှာကိုတော့ မျက်နှာဖုံးတစ်ခုက ဖုံးအုပ်ထားသဖြင့် မည်မျှအိုမင်းနေကြောင်း မပြောနိုင်ပေ။ သို့သော် လည်ပင်းနှင့် လက်ဖဝါးများရှိ အရေပြားကို ကြည့်ခြင်းဖြင့် အတော်လေး အိုမင်းအားနည်းနေကြောင်း ကောက်ချက်ချနိုင်သည်။
“နတ်အရှင်မချန်း၊ ခင်ဗျား လမ်းဆုံးနေပြီ”
ကောင်းကင်နတ်အရှင်ဟွေ့၏ အသံသည် ဇရာကြောင့် အားနည်းနေသော်လည်း တည်ကြည်ခမ်းနား၍ လေးစားဖွယ်ကောင်းသော ဓာတ်ခံ ရှိနေဆဲပင်။ “ချင်မူ့နောက်ကို ဆက်လိုက်နေမယ်ဆိုရင် အဆုံးသတ်လှမှာ မဟုတ်ဘူး…. ခင်ဗျားတို့ လှေတစ်စီးတည်း စီးလာခဲ့တာ ကြာခဲ့ပြီ… ချင်မူက သူ့နုပျိုမှုကို ထိန်းသိမ်းထားနိုင်တုန်းပဲ…. ခင်ဗျားကိုရော မဟာပျက်စီးခြင်းကပ်ဘေးကနေ ခုခံပေးခဲ့လား… လုံးဝပဲ”
ကောင်းကင်နတ်အရှင်ရှုက ဆက်ပြောသည်။ “သူက ရှင်အားနည်းလာတာ စောင့်ပြီး သတ်ဖို့ ကြိုးစားနေတာ… ကျွန်မတို့ကတော့ မတူဘူး… ရှင့်ကို လမ်းပြပေးစေရုံသက်သက်ပဲ သတ်မှာ မဟုတ်ဘူး…. ဆန့်ကျင်ဘက်အနေနဲ့ ကောင်းကင်နတ်အရှင်မူက ရှင့်ကို အသက်ရှင်ခွင့်ပေးမယ် ထင်လို့လား”
နတ်အရှင်မချန်း၏ အကြည့်က ကောင်းကင်နတ်အရှင်ဟောင်အပေါ် ကျရောက်သွားသည်။ ကောင်းကင်နတ်အရှင်ဟောင်သည် အိုမင်းရင့်ရော်နေသော်လည်း သူ၏အသံကတော့ ကြည်လင်ပြတ်သားနေ၏။ သူ၏အသားအရည်ကလည်း အခြားသူများထက် ပို၍ကောင်းမွန်သေးသည်။ သူ၏သိုင်းအဆင့်က သူတို့အထဲတွင် အမြင့်မားဆုံးဖြစ်ကြောင်း သိသာပေသည်။
“နတ်အရှင်မချန်း၊ ကျုပ်တို့က ကောင်းကင်နတ်အရှင်ဆယ်ပါးလေ”
ကောင်းကင်နတ်အရှင်ဟောင်က မဲ့သလို ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်ဆယ်ပါးက စိတ်ဝင်စားမှုတွေ တူသလို ရင်ဘတ်ချင်းလည်း နီးကပ်ကြတယ်…. နှစ်တစ်သန်းအတွင်း ဉာဏ်ကြီးရှင်တွေဟာ ကောင်းကင်ပေါ်က ကြယ်တွေလို တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာခဲ့ကြတယ်… ဒါပေမဲ့ ကျုပ်တို့ဆယ်ယောက်ပဲ တူညီတဲ့ ရည်ရွယ်ချက်တွေနဲ့ အခုချိန်အထိ မဟာမိတ် ဖွဲ့ပြီး ကျွန်းကိုင်းမီ ကိုင်းကျွန်းမီ ခဲ့ကြတာ… ခင်ဗျား ဆုံးဖြတ်ချက်ချ နိုင်သင့်ပြီ”
နတ်အရှင်မချန်းမှာ တွေဝေသွားသည်။
လှေထိပ်ဖျားရှိ ချင်မူက အေးဆေးစွာ သတိပေးသည်။ “မဟာဧကရာဇ်၊ ခင်ဗျားရဲ့ သရုပ်မှန်ကို မေ့မသွားနဲ့နော်… အခု ကောင်းကင်နတ်အရှင်ဆယ်ပါးက နှစ်ဖွဲ့ ကွဲနေပြီ… ဘယ်တစ်ဖွဲ့က ခင်ဗျားကို လက်ခံပေးမှာလဲ… ကမ္ဘာဦးခေတ်ကို နှစ်ကုဋေနဲ့ ချီအောင် အုပ်ချုပ်ခဲ့ပြီး အရာအားလုံးအပေါ် ဖိနှိပ်ထားခဲ့တဲ့ မဟာဧကရာဇ်ဖြစ်တဲ့ ခင်ဗျားက ကောင်းကင်နတ်အရှင်ဟောင် ဒါမှမဟုတ် ထိုက်ချူရဲ့ လက်အောက်ငယ်သား လုပ်တော့မလို့လား”
နတ်အရှင်မချန်း၏ အရေးကြောင်းများ ပြည့်နေသော မျက်နှာမှာ သုန်မှုန်သွားပြီး ဒွိဟဖြစ်နေသည်။
ချင်မူက ဆက်ပြော၏။ “ဒါ့အပြင် ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကျန်တဲ့သူတွေက သူတို့ကိုယ် သူတို့တောင် မကာကွယ်နိုင်ကြဘူး… အိုလွန်းနေပြီမလို့ မဟာတာအို ပြိုလဲပြီး တာအိုအသွင်တွေလည်း ပျက်စီးကုန်ကြပြီ… သနားစရာ အိုနာရှိုက်ကုန်းအဖွဲ့လေ …. ဒီလိုအဘိုးကြီးတွေ အဘွားကြီးတွေက ကျုပ်နဲ့ ဘယ်လိုယှဥ်နိုင်မှာလဲ”
သူ၏အကြည့်က နတ်အရှင်မချန်းကို ကျော်လျက် ကောင်းကင်နတ်အရှင်ကုန်း၊ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ကောင်းကင်နတ်အရှင်ရှုတို့အပေါ် ကျရောက်သွားပြီး မှင်သေသေ ဆက်ပြောသည်။ “ခင်ဗျားတို့ ကောင်းကင်နတ်အရှင်ဟောင်ကို ထောက်ခံပေးနေတာက နတ်ဘုရားမထိုက်စု သူ့ကို ပံ့ပိုးပေးနေလို့ပဲ… ခင်ဗျားတို့က တစ်ယောက်ကို တစ်ယောက် အသုံးချနေကြတာ… ဒါပေမယ့် အခုတော့ နတ်ဘုရားမထိုက်စုလည်း အိုနေပြီ… ခင်ဗျားတို့ကို ကာကွယ်ပေးဖို့ မပြောနဲ့ သူ့ကိုယ်သူတောင် မကာကွယ်နိုင်တော့ဘူး …. ကျုပ်သာ ခင်ဗျားတို့ဆိုရင်…”
သူက ခပ်ဟဟ ရယ်လိုက်ရင်း တည်ငြိမ်အေးဆေးစွာ ပြောသည်။ “ခင်ဗျားတို့ ချက်ချင်း လှုပ်ရှားပြီး ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ထိုက်စုကို သတ်လိုက်မှာပဲ.... ဒါဆို ခင်ဗျားတို့ရဲ့ နုပျိုမှုနဲ့ အသက်စွမ်းအင်ကို ကျုပ် ပြန်ကုသပေးမယ်”
တာအိုသစ်ပင်ပေါ်ရှိ ကောင်းကင်နတ်အရှင်ဟောင်၏ နှလုံးသားမှာ ရေခဲရိုက်ခံလိုက်ရသကဲ့သို့ အေးခဲသွားသည်။ ကောင်းကင်နတ်အရှင်ဟွေ့က နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်ပြီး ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ကုန်းနှင့် ကျန်သူများဆီမှ ခပ်ခွာခွာ နေလိုက်သည်။
ချင်မူက ဆက်ပြော၏။ “အခု ခင်ဗျားတို့ အားလုံးအတွက် လွတ်လမ်း မရှိတော့ဘူး… ပြန်လှည့်ရင် အဆုံးထိ မရောက်နိုင်ဘဲ ဖရိုဖရဲမြစ်ပေါ်မှာ သေဆုံးကြရလိမ့်မယ်… အခု ခင်ဗျားတို့အတွက် လမ်းတစ်လမ်းပဲ ရှိတယ်… ကျုပ်ဆီမှာ အညံ့ခံဖို့ပဲ… ကျုပ်ဆီမှာ အညံခံမှ ခင်ဗျားတို့ အသက်ရှင်နိုင်လိမ့်မယ်… အညံ့ခံဖို့ကလည်း အချက်တစ်ချက်နဲ့တင် ရပါတယ်”
သူက ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ဟောင်ဆီသို့ လှမ်းကြည့်လိုက်သည်။
ရှေးဟောင်းနတ်ဘုရားဘုရင်က မျက်မှောင်အနည်းငယ်ကြုတ်၍ ကောင်းကင်နတ်အရှင်ကုန်းနှင့် ကောင်းကင်နတ်အရှင်ရှုအား ကြည့်လိုက်သည်။
သူတို့မှာ ချင်မူ့စကားဖြင့် ဆွဲဆောင်ခံနေရချေပြီ။
ရုတ်တရက် ထိုက်စု၏အသံ ထွက်လာသည်။ သူမက ပြုံးလျက် ပြောသည်။ “ငါက နှလုံးသားတွေကို လှည့်စားနိုင်တယ်လို့ အားလုံး ပြောကြတယ်… အခု ကြည့်ရတာ ကောင်းကင်နတ်အရှင်မူကလည်း နှလုံးသားကို လှည့်စားတဲ့နေရာမှာ ဆရာတစ်ဆူပါပဲလား… ကောင်းကင်နတ်အရှင်မူ၊ ကြံစည်နေတာတွေ လက်လျှော့လိုက်တော့… သူတို့ ကောင်းကင်နတ်အရှင်ဟောင်ကို သစ္စာဖောက်လို့ မရဘူး… ကောင်းကင်နတ်အရှင်ဟွေ့ပဲဖြစ်ဖြစ်၊ ကောင်းကင်နတ်အရှင်ကုန်း ဒါမှမဟုတ် ရှေးဟောင်းနတ်ဘုရားဘုရင်… ဘယ်သူပဲဖြစ်ဖြစ် သူတို့အားလုံးက ငါ့ဆီကနေ ဆုတစ်ခု တောင်းထားကြတယ်… သူတို့ဒဏ်ရာတွေကို ကုပေးခဲ့တဲ့သူက ငါပဲ… ငါ့ကိုသစ္စာဖောက်ရင် ငါ့အတွေးတစ်ချက်နဲ့တင် သူတို့ရဲ့ဒဏ်ရာတွေ ပေါက်ကွဲပြီး သေကြရလိမ့်မယ်”
သူမ၏ စကားများသည် ချင်မူ့ကို ဦးတည်ပြောဆိုနေခြင်းဖြစ်သော်လည်း အခြားကောင်းကင်နတ်အရှင်များအား မလှုပ်ရှားရန် သတိပေးနေခြင်းလည်း ဖြစ်၏။
ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။။ “နတ်အရှင်မချန်း ခင်ဗျားလက်ထဲ ရောက်သွားရင်ရော သူလည်း သူတို့လို ဖြစ်မှာပဲမလား”
“ကောင်းကင်နတ်အရှင်မူ ပြောတာမှန်တယ်”
ကောင်းကင်နတ်အရှင်ရှောင်၏ အသံက ကြည်လင်ပြတ်သားစွာ ပျံ့လွင့်လာသည်။ အားလုံး အသံလာရာသို့ ကြည့်လိုက်ရာ ခြောက်သွေ့နေသော တာအိုသစ်ပင်နှင့်အတူ မျောလာကြသော အဘိုးအဘွားတချို့ကို တွေ့လိုက်ကြရသည်။
နတ်အရှင်မယန်မှာ ခါးကုန်းကုန်း ခပ်ပုပု အဘွားအိုတစ်ဦး ဖြစ်နေပြီး တုန်ရီနေသောလက်များဖြင့် သစ်ပင်ကို ဖက်တွယ်ထားရ၏။ ရှစ်ချီလော်ကတော့ မုတ်ဆိတ်ဖြူများ ပြည့်နှက်နေပြီး ကတုံးအဘိုးကြီး ဖြစ်နေချေပြီ။ သူ၏မျက်လုံးများက ချိုင့်ဝင်နေပြီး လက်တွင်မူ ပျက်စီးယိုယွင်းနေသော ရတနာသေတ္တာတစ်လုံး ပိုက်ထားသည်။
နတ်ဧကရာဇ်လန်ရွှမ်နှင့် ကောင်းကင်နတ်အရှင်ရှောင်မှာလည်း အလွန်တရာ အိုမင်းနေကြချေပြီ။ ကောင်းကင်နတ်အရှင်ရှောင်သည် အိုမင်းရင့်ရော်နေသော်လည်း ကောင်းကင်နတ်ဧကရာဇ်တစ်ပါး၏ ဟန်ပန်ကို ထိန်းထားနိုင်ဆဲပင်။ တခြားတစ်ဖက်တွင် နတ်ဧကရာဇ်လန်ရွှမ်ကတော့ ကောင်းကင်နတ်အရှင်ကုန်းနှင့် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ရည်ကို အမွေလက်ခံရရှိထားသူ ဖြစ်သည့်အလျောက် အိုမင်းနေသော်လည်း ခံ့ညားတင့်တယ်နေသေး၏။
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးကတော့ ပို၍ပင် အိုနေကြသည်။ သူတို့က သစ်ပင်ပေါ်မှ ပြုတ်ကျမသွားအောင် သူတို့၏မြွေအမြှီးများဖြင့် သစ်ပင်အား ရစ်ပတ်ထားကြသည်။
ရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများမှာ ခြောက်သွေ့ကွာကျနေကြချေပြီ။ သူတို့ အကြေးခွံများမှာ အစက်အပြောက်များဖြင့် ပြည့်နှက်နေပြီး ယခင်ကလောက် ခမ်းနားတင့်တယ်ခြင်း မရှိတော့ပေ။
ချင်မူက ကောင်းကင်နတ်အရှင်များနှင့် ရှေးဟောင်းနတ်ဘုရားတို့၏ မျက်နှာများကို လိုက်ကြည့်ရင်း ပြုံးလိုက်သည်။ ထို့နောက် သူက သူတို့ကို လက်ညှိုးထိုး၍ အားရပါးရ အော်ရယ်နေ၏။ ရယ်ရလွန်းသဖြင့် ခေါင်းပင် မဖော်နိုင်ချေ။
အားလုံးမှာ မျက်နှာများ မည်းမှောင်သွားကြပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်နေကြသည်။ အချိန်အတော်ကြာပြီးနောက် ကောင်းကင်နတ်အရှင်ရှောင်က သူ မရယ်နိုင်တော့သည်အထိ စောင့်ကာ မေး၏။ “ဘာကို ရယ်နေတာလဲ ကောင်းကင်နတ်အရှင်မူ”
“ကောင်းကင်နတ်အရှင်ဆယ်ပါးကို ရယ်နေတာလေဗျာ”
ချင်မူက မတ်မတ်ရပ်၍ ရယ်ရလွန်းသဖြင့် ကျလာသော မျက်ရည်များကို သုတ်လိုက်သည်။ သူက အသက်ရှူပြီးနောက် ပြုံးကာ ပြော၏။ “ခင်ဗျားတို့အားလုံးက မိသားစုတွေ ဖြစ်နေလို့ ရယ်တာပါ… ကောင်းကင်နတ်အရှင်ရှောင်က ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူလေ… သူ့ရဲ့ တိတ်တိတ်ပုန်းကလေးတွေ ဒီနေရာမှာ ရောက်နေတဲ့အပြင် သူ့ရဲ့ မိန်းမနှစ်ယောက်ပါ ရောက်နေသေးတယ်”
ရှစ်ချီလော်က မျက်လုံးဝှေ့လိုက်ပြီး ဒေါသတကြီး အော်သည်။ “ကောင်းကင်နတ်အရှင်မူ၊ အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့… သူက ငါ့ခဲအို… ငါက သူ့ရဲ့ နောက်မယား မဟုတ်ဘူး… ခယ်မပဲ… ခဲအိုက ခယ်မကို သဘောကျရုံသက်သက် ရှိတာ”
နတ်အရှင်မယန်က နှာတစ်ချက် မှုတ်ကာ တိတ်ဆိတ်နေ၏။
ချင်မူက လှေဦးကို ကိုင်ထားရင်း ပြုံးရွှင်စွာဖြင့် ဆက်ပြောသည်။ “ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးကလည်း ထိုက်ချူလို ဥက မွေးလာတဲ့ ရှေးဟောင်းနတ်ဘုရားဆိုတော့ ညီအစ်ကိုမောင်နှမတွေလို့ သတ်မှတ်လို့ရတယ်… ဒီဘက်မှာဆိုရင် ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူရဲ့ တိတ်တိတ်ပုန်းသားပဲ…. သူက ကိုယ်ပိုင်ဂိုဏ်း တည်ထောင်ပြီးတော့ ကောင်းကင်နတ်အရှင်လေးပါးကို စုစည်းခဲ့တယ်… ကောင်းကင်နတ်အရှင်လေးပါးထဲမှာ ကောင်းကင်နတ်ဧကရာဇ်ရဲ့ ချစ်သူ ဖြစ်ပြီး နတ်ဧကရာဇ်လန်ရွှမ်ရဲ့ အမေဖြစ်တဲ့ ကောင်းကင်နတ်အရှင်ကုန်း ပါတယ်လေ ဟားဟားဟား”
သူက ထပ်မံ ရယ်လိုက်ပြီး မတ်မတ်ပင် မရပ်နိုင်တော့ဘဲ လဲကျသွားသည်။ “ထိုက်စုကလည်း ထိုက်ချူရဲ့ ညီမပဲ….. ဖအေကို ပြန်သတ်တဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်၊ မကောင်းမှုကို မုန်းတီးတဲ့ ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ဖအေကို ပြန်သတ်ဖို့ ကြိုးစားတဲ့ ကောင်းကင်နတ်အရှင်ရှုက လွဲရင် ကောင်းကင်နတ်အရှင်ဆယ်ပါးဖြစ်တဲ့ ခင်ဗျားတို့အားလုံးက မိသားစုဝင်တွေပဲဟာ… နဂါးဟန်ခေတ်ကနေ အခုချိန်အထိ အာဏာက ခင်ဗျားတို့မိသားစု ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတာလေ”
အားလုံး၏ မျက်နှာအမူအရာများမှာ သုန်မှုန်နေကြသည်။
“ငါက ထိုက်ချူရဲ့ မွေးစားအဖေ ဖြစ်နေတုန်းပဲ” နတ်အရှင်မချန်းက မှင်သေသေ ဝင်ပြောသည်။ “ငါ့လက်ထဲကနေ အာဏာ လုယူခံလိုက်ရတာ”
“ဒါဆိုရင် ကမ္ဘာဦးခေတ်ကနေ အခုအချိန်အထိ အာဏာက ခင်ဗျားတို့မိသားစုလက်ထဲမှာ ရှိနေခဲ့တာပဲ”
ချင်မူက မတ်မတ် ပြန်ရပ်လိုက်သည့်အခါ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားပြီး တည်ငြိမ်အေးဆေးစွာ ပြောသည်။ “ကျုပ်အမြင်မှာတော့ အဲဒီလိုနေ့ရက်တွေက အဆုံးသတ်သင့်ပြီ”
သူက ကပ်ဘေးဓားကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။ သူ၏ အမူအရာသည် စောစောက ခွက်ထိုး ခွက်လန်ရယ်နေရာမှ ရုတ်တရက်ဆိုသလို တည်ကြည်လေးနက်သော အမူအရာအဖြစ်သို့ ပြောင်းလဲသွား၏။ “အားလုံးပဲ.. ကောင်းကင်နတ်ဧကရာဇ်ရဲ့ မိသားစု ဒီစကြ၀ဠာကို အုပ်စိုးနေတဲ့ နေ့ရက်တွေ ကုန်ဆုံးသင့်ပြီ… ခင်ဗျားတို့အားလုံး အိုမင်းနေကြပြီ”
သူက ကောင်းကင်နတ်အရှင်များကို တစ်ယောက်ချင်းစီ ကြည့်လိုက်သည်။ “ခင်ဗျားတို့က အိုနေပြီး အကျင့်ပျက်ခြစားနေကြတာ… မဟာပျက်စီးခြင်းကပ်ဘေးကြီးရဲ့ တိုက်ခိုက်မှုကြောင့်တင် အိုမင်းလာကြတာမဟုတ်ဘူး… အာဏာမက်ပြီး အိုမင်းအကျင့်ပျက်လာကြတာပဲ”
သူက ဓားကို တစ်ချက်ခါလိုက်ပြီး ဓားသွားကို စိုက်ကြည့်လိုက်သည်။ “ကျုပ်ကတော့ ငယ်ရွယ်နေတုန်းပဲ… ခင်ဗျားတို့ ကျုပ်ကို မယှဉ်နိုင်တော့ဘူး”
“စော်ကားလိုက်တာ”
တာအိုသစ်ပင်နှစ်ပင်က ရုတ်တရက် လှုပ်ရှားသွားပြီး လှေငယ်ဆီသို့ ပြေးဝင်သွားကြသည်။
ကောင်းကင်နတ်အရှင်ကိုးပါးသည် အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းသော စွမ်းဆောင်ရည်များကို ပိုင်ဆိုင်ထားကြ၏။ လမ်းတလျှောက် မဟာပျက်စီးခြင်းကပ်ဘေးကြီး၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး အိုမင်းလာသည့်တိုင် အဆုံးအစမဲ့သော အတိုက်အခိုက်စွမ်းရည်များကို ပိုင်ဆိုင်ထားကြသေးသည်။
ချင်မူ့အကြည့်က အင်မတန် တည်ငြိမ်အေးဆေးနေသည်။ သူ့ခြေထောက်အောက်ရှိ လှေငယ်က ချက်ချင်း အရှိန်မြှင့်တင်သွားပြီး တာအိုသစ်ပင်များအပေါ်ရှိ ကောင်းကင်နတ်အရှင်များကို ထိပ်တိုက်မတွေ့ဘဲ ထွက်ခွာသွားသည်။
ဖရိုဖရဲမြစ်ရေပြင်မှာ တိုက်ခိုက်ရမည့်နေရာ မဟုတ်ပေ။
ဤနေရာတွင် တိုက်ခိုက်ရန် အလွန်အန္တရာယ်များသည်။ တစ်ချက်လေး အမှတ်တမဲ့ ဖြစ်သွားလျှင် သူတို့အားလုံး မြစ်ထဲပြုတ်ကျ၍ ကပ်ဘေးကြီး၏ တိုက်စားခြင်း ခံရလိမ့်မည်။
ချင်မူအနေဖြင့် ကောင်းကင်နတ်အရှင်များကို တိုက်ခိုက်နိုင်သည့် ယုံကြည်ချက် ရှိသော်လည်း မီးထဲသော ဝင်တိုးသော ပိုးဖလံပမာ အန္တရာယ်များသောအခြေအနေသို့ တိုးဝင်မည်မဟုတ်။
ဖရိုဖရဲမြစ်ပေါ်တွင် လှေငယ်တစ်စင်းနှင့် တာအိုသစ်ပင်နှစ်ပင်က လှိုင်းလုံးများကို ဖြတ်လျက် ဖရိုဖရဲချီများအား အရှိန်အဟုန်ပြင်းစွာ ဖြတ်သန်းလာနေကြသည်။
လှေအမြီးတွင် နတ်အရှင်မချန်းက နတ်ဘုရားစီရင်ရာဓားမနှစ်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်င်ထား၏။ သူမ အံတင်းတင်းကြိတ်လိုက်ရာ နောက်သွားတစ်ချောင်း ကျွတ်သွားပြန်သည်။ သူမမှာ မြိုချလိုက်ပြီး စိတ်ထဲမှ တွေးနေ၏။ ‘ငါ ဒီတိုက်ပွဲမှာ ဘာလုပ်သလဲ… ချင်မူနဲ့ သေတဲ့အထိ တိုက်ခိုက်ပြီး သူ့သစ်ပင်ကို ယူသင့်လား… ဒါမှမဟုတ် သူနဲ့ ပူးပေါင်းပြီး ကောင်းကင်နတ်အရှင်ကိုးပါးကို တိုက်ခိုက်ရမလား’
သူမသည် မဆုံးဖြတ်နိုင်ပေ။ ကောင်းကင်နတ်အရှင်ဟောင်နှင့် ပူးပေါင်းပါက ကောင်းကင်နတ်အရှင်ကုန်းက လက်ခံလိမ့်မည်မဟုတ်။ ထိုမျှသာမက ကောင်းကင်နတ်အရှင်ဟောင်သည် သူမအား သူ့လက်အောက်တွင် အညံ့ခံစေလိမ့်မည်။ မဟာဧကရာဇ်ဖြစ်သည့် သူမကား အခြားသူတစ်ဦး၏ လက်အောက်ငယ်သား လုပ်လိမ့်မည်မဟုတ်ပေ။
ကောင်းကင်နတ်အရှင်ရှောင်ကိုလည်း အားကိုး၍မရချေ။ ကောင်းကင်နတ်အရှင်ရှောင်သည် သူမကို သည်းမခံမည့် ထိပ်ဆုံးလူပင်။
ချင်မူ့အကြောင်းလည်း ကောင်းကောင်းနားလည်၏။ သူ့အတွက် တဖြည်းဖြည်း အသုံးမဝင်တော့သည်နှင့် ကမ်းပေါ် ရောက်လျှင် ချင်မူသည် သူမကို အရင်ဆုံး သတ်ဖြတ်နိုင်ပေသည်။
ကောင်းကင်နတ်အရှင်လင်နှင့် ကောင်းကင်နတ်အရှင်ယွင်ကို ကယ်ချင်ပါက သူမကို သတ်ဖြတ်ရပေလိမ့်မည်။
သူမ တုံ့ဆိုင်းနေသည့်အချိန်မှာပင် လှေငယ်က ရပ်တန့်သွားကာ မြစ်တစ်ဖက်ကမ်းသို့ ရောက်လာသည်။ ၎င်းက ကုန်းပေါ် အမြန်တက်၍ နတ်အရှင်မချန်းကို မြှောက်တက်သွားစေသည်။ ထို့နောက် လှေသည် တောင်ဝှေးအဖြစ် ပြောင်းလဲသွားပြီး ချင်မူ့ကျောပေါ် ကပ်သွား၏။
နတ်အရှင်မချန်း၏ မျက်နှာမှာ သုန်မှုန်လျက် မသေမချာ ဖြစ်နေဆဲပင်။ သူမက ကမ်းဆီ ဦးတည်လာနေသော တာအိုသစ်ပင်နှစ်ပင်နှင့် ၎င်းတို့အပေါ်ရှိ ကောင်းကင်နတ်အရှင်များကို ကြည့်နေသည်။ ရုတ်တရက် နတ်ဘုရားစီရင်ရာဓားမနှစ်လက်က အသက်ဝင်လာပြီး အနီးဆုံးရှိ ကောင်းကင်နတ်အရှင်ရှောင်ကို ခုတ်ချလိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ ငါ ကောင်းကင်နတ်အရှင်ရှောင်ကို ထိန်းထားပေးမယ်… နင် ကျန်တဲ့သူတွေကို ရှင်းလိုက်” သူမက ခပ်ပြတ်ပြတ် အော်ဟစ်လိုက်သည်။
သူမက စကားဆုံးသည်နှင့် လက်မောင်းတွင် ခွန်အားစုစည်းလိုက်သည်။ ကောင်းကင်နတ်အရှင်ရှောင်ထံ ဦးတည်နေသော နတ်ဘုရားစီရင်ရာဓားမနှစ်လက်က ပြန်လည်ပြေးဝင်လာပြီး ချင်မူ့ဦးခေါင်းအား ခုတ်ချလိုက်သည်။
သို့သော် ချင်မူသည် သူမ သူ့အား အရင်တိုက်ခိုက်လိမ့်မည်ကို ခန့်မှန်းပြီးထားပုံပင်။ ဓားရောင်နှစ်ရောင်က ဖျတ်ခနဲ လက်သွားပြီး တချွင်ချွင် အသံများ ထွက်ပေါ်လာ၏။ နတ်ဘုရားစီရင်ရာဓားမနှစ်လက်မှာ ဓားရောင်တို့၏ ခုတ်ပိုင်းခြင်း ခံလိုက်ရသည်။
နတ်အရှင်မချန်းမှာ အံ့အားသင့်သွားသည်။ နတ်ဘုရားစီရင်ရာဓားမနှစ်လက်မှာလည်း မဟာပျက်စီးခြင်းကပ်ဘေးကြီး၏ တိုက်ခိုက်ခြင်း ခံခဲ့ရသောကြောင့် ယခင်ကလောက် မမာကြောတော့ပေ။
သူမလက်ထဲရှိ ဓားမကျိုးနှစ်လက်မှာ နဂါးများကဲ့သို့ ကောက်ကွေးသွားပြီး ပြန်ဆက်သွားတော့မည်အချိန်တွင် ချင်မူက သူမထံ ခုန်၀င်လာချေပြီ။ သူ့လက်ထဲရှိ ဓားရောင်တို့က သူ လှုပ်ရှားလိုက်သည်နှင့် ပြိုးပြိုးပြက်ပြက် လက်သွားကြပြီး ကပ်ဘေးဖျက်ဓားက သက်တံ့ရောင်ပမာ ပေါ်ထွက်လာ၏။
နတ်အရှင်မချန်းက အော်ဟစ်လိုက်ရာ သူမအနောက်တွင် ပျက်စီးယိုယွင်းနေသော ကောင်းကင်နန်းဆောင်များ ပေါ်လာကာ ကောင်းကင်နတ်ဘုံတစ်ခု ဖွဲ့တည်လိုက်သည်။ အားကောင်းသော အသိစိတ်အလျဉ်က ပေါက်ကွဲထွက်လာပြီး ချင်မူ့ကို တိုက်ခိုက်၏။ တစ်ချိန်တည်းမှာပင် သူမလက်ထဲရှိ နတ်ဘုရားစီရင်ရာဓားမနှစ်လက်က ပြန်ဆက်သွားပြီး ကြာပွတ်တစ်လက်ကဲ့သို့ ချင်မူ့ထံ ဦးတည်ရိုက်ချလိုက်သည်။
ချွင်… ချွင်… ချွင်
နှိုင်းယှဉ်မရနိုင်အောင် ပြင်းထန်သော ဓားသံများ ထွက်ပေါ်လာ၏။ နတ်ဘုရားစီရင်ရာဓားမနှစ်လက်မှာ ဓားရောင်ထဲတွင် တစ်လက်မချင်း ခုတ်ပိုင်းခံနေရသည်။ သက်တံ့ရောင်ကဲ့သို့ ဓားရောင်က နတ်အရှင်ချန်း၏ အသိစိတ်အလျဉ်ကို ဖောက်ထွက်သွားပြီး ထွန်းလင်းတောက်ပနေသော ဓားရောင်အောက်တွင် နတ်အရှင်မချန်း၏ ကောင်းကင်နတ်ဘုံထဲရှိ ကောင်းကင်နန်းဆောင်များမှာ ပြားကပ်သွားကြသည်။
ဓားရောင်က ကောင်းကင်နတ်ဘုံတစ်ဖက်မှ ဝင်၍ ကျန်တစ်ဖက်မှ ပြန်ထွက်သွား၏။ ၎င်းဖြတ်သွားသည့် နေရာတိုင်းရှိ အရာအားလုံး ဖျက်ဆီးခံလိုက်ရသည်။
ရွှပ်….
သက်တံ့ရောင်ဓားရောင်က ကောင်းကင်နတ်ဘုံတစ်ဖက်မှ ဖောက်ထွက်ကာ ကောင်းကင်နတ်အရှင်ရှောင်ထံ ဦးတည်ပြေးဝင်သွား၏။ ကောင်းကင်နတ်အရှင်ရှောင်က အေးစက်စက် နှာမှုတ်လိုက်ရာ နတ်ဧကရာဇ်လန်ရွှမ်က ချက်ချင်း ရှေ့တက်လာသည်။ သူ၏နတ်ဘုရားလက်ချောင်းက ချင်မူ့ဓားရောင်ကို တိုက်ခိုက်လိုက်၏။
သူ၏အမြင်အာရုံတွင် နတ်ဘုရားလက်ချောင်း ဓားရောင်ဖြင့် အပိုင်းပိုင်း ခုတ်ထစ်ခံနေရသည်ကို တွေ့မြင်နေရလေသည်။ လက်ညှိုး၏ ပထမလက်ဆစ်မှာ နှစ်ခြမ်းကွဲ သွားပြီး ဘေးတစ်ဖက်တစ်ချက်သို့ လွင့်ထွက်သွား၏။ ထို့နောက် ဒုတိယလက်ဆစ်၊ တတိယလက်ဆစ်။
တစ်ချိန်တည်းမှာပင် ချင်မူသည် နတ်အရှင်မချန်း၏ ရှေ့မှောက်သို့ ရောက်လာပြီး ကပ်ဘေးဓားကို မြှောက်လိုက်သည်။ ဓားရိုးက ရှေ့သို့ ငိုက်၍ နတ်အရှင်မချန်း၏ အိုမင်းနေသော မျက်နှာကြီးကို ရိုက်ချလိုက်၏။
နတ်အရှင်မချန်း၏ မျက်နှာမှာ ရှံ့တွပုံပျက်သွားပြီး သူမပါးစပ်ထဲရှိ သွားများ တစ်ချောင်းပြီးတစ်ချောင်း ကျွတ်ထွက်ကုန်ကြသည်။ သူမ၏ခန္ဓာကိုယ်က ချာချာလည်ကာ ဖရိုဖရဲမြစ်ထဲ ပြုတ်ကျပေတော့မည်။
သူမ ဖရိုဖရဲမြစ်ထဲ ပြုတ်ကျတော့မည်အချိန်တွင် လက်ဖဝါးကို လှန်လိုက်ရာ အောက်တွင် သစ်မြစ်များ ထွက်လာ၏။ နတ်အရှင်မချန်းက သစ်မြစ်များပေါ်တွင် ရပ်လျက် တခစ်ခစ် ရယ်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါ့ကို လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… ကျန်တဲ့ မြစ်သုံးစင်းဆီ ငါ့ဘာသာ သွားလိုက်တော့မယ်”
သူမ၏ပါးစပ်ထဲတွင် သွားတစ်ချောင်းမှ မရှိတော့သဖြင့် လေများက တရွှီးရွှီး ထွက်နေသည်။ ပီပီသသပင် စကားမပြောနိုင်ပေ။
ချင်မူက ဓားသိမ်းကာ မှင်သေသေ သတိပေးလိုက်သည်။ “မဟာဧကရာဇ်၊ ခင်ဗျား သွားနေတာ ဆန့်ကျင်ဘက်ကြီး”
နတ်အရှင်မချန်းမှာ အံ့သြတုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်မိသည်။ သူမမှာ ကမ်းစပ်နှင့် တာအိုသစ်ပင်နှစ်ပင်အကြားတွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။ ကောင်းကင်နတ်အရှင်ကိုးပါးနှင့် ရှေးဟောင်းနတ်ဘုရားသုံးပါးက တာအိုသစ်ပင်ပေါ်မှ ဆင်းသက်လာကြပြီး မြေပေါ် ခြေချလိုက်ကြချေပြီ။
နတ်အရှင်မချန်းမှာ ဒေါသများဖြင့် ကမ်းပေါ်ပြန်တက်လာရသည်။ “ငါ လမ်းမှားတာ မဟုတ်ဘူး… နင့်တိုက်ကွက်က ဆန့်ကျင်ဘက်ကို ပို့လိုက်တာ…. ဒီခွေးကောင်လေးက ငါ့ကို ရန်သူ ဖြစ်အောင် လုပ်နေတာပဲ”
“အားလုံးပဲ ကျွန်တော့်ကို ငယ်ငယ်ကတည်းက ဒုက္ခိတဘိုးဘွားကျေးရွာရဲ့ အဘိုးအဘွားတွေက ကျွေးမွေးပြုစုပျိုးထောင်ပေးခဲ့ကြတာပါ… သူတို့က သိပ်ကို စည်းကမ်းတင်းကြပ်ခဲ့ကြတယ်…. အဘိုးအဘွားကိုးယောက်က ကြီးသူကို ရိုသေပြီး ငယ်သူကို သနားရမယ်လို့ သင်ကြားပေးခဲ့ပါတယ်”
ချင်မူ့ညာလက်ကောက်ဝတ်က အနည်းငယ် လှုပ်ရှားသွားပြီး ဓားပန်းပွင့်ကို ဖော်ဆောင်လိုက်သည်။ သူက ကပ်ဘေးဓားကို ကျောနောက်တွင် ထားလျက် ဘယ်လက်ကို မြှောက်ကာ ပြုံးလိုက်၏။ “ဒါပေမဲ့ ဒီနေ့မှာတော့ အိုကြီးအိုမတွေကို ရိုက်နှက်ဖို့က လွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး… ကောင်းကင်နတ်အရှင်ဆယ်ပါး၊ ရှေးဟောင်းနတ်ဘုရားသုံးပါး…. ရှေ့တက်လာခဲ့ကြပါ”
သူက ခြေကို ပြင်းစွာ ဆောင့်ချလိုက်သည်။ မိုးခြိမ်းသံတမျှ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာ၏။ သူ၏ကောင်းကင်ရတနာနယ်ပယ်က ပြန့်ကားလာပြီး ကောင်းကင်နတ်အရှင်များနှင့် ရှေးဟောင်းနတ်ဘုရားများကို အထဲသို့ ဆွဲသွင်းလိုက်တော့သည်။